Saturday, June 30, 2007

အောက်မေ့ဖွယ်သူ

ချစ်ခင်လှစွာသော သူငယ်ချင်းတယောက်အကြောင်း...
သူရှိနေသေးရင် ဇူလိုင်လ(၁) ရက်နေ့ဆိုတာ
သူ့ရဲ့ အသက် ၄၅ နှစ်မြောက်မွေးနေ့………..။
အမှတ်တရ အစီအစဉ်အဖြစ် တကိုယ်တော် စီးရီးခွေပဲထုတ်မလား၊
တကိုယ်တော် စတိတ်ရှိုးပဲ တင်ဆက်ဖြစ်မလား၊
ဘယ်သူမှ မစဉ်းစားဖြစ်တဲ့ ဘယ်လိုအစီအစဉ်အသစ်တွေနဲ့ မွေးနေ့ပွဲကို ကျင်းပနေမလဲ စိတ်ကူး…ရင်း..နဲ့ ……….
သူ့ကိုသတိတရ ရေးဖြစ်ခဲ့တဲ့ရုပ်ပုံလွှာအဖွဲ့လေးတခုကို အမှတ်တရ တင်လိုက်ပါတယ်…….။
ဒီနှစ် သြဂုတ်လ (၁၄ )ရက်နေ့ဆိုရင် လူ့လောကကြီးကို သူစွန့်ခွာသွားခဲ့တာ (၃) နှစ်ပြည့်မြောက်ခဲ့ပြီလေ………..။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်


သူလိုလူတွေထဲက တယောက်




“တရုပ်မရေ ၊ ပိုက်ဆံနဲ့ ဂုဏ်သိက္ခာကိုတော့ တပြိုင်နက်ထဲ ယူဖို့ စိတ်မကူးနဲ့။ ဘယ်တော့မှ မရဘူး။ နင်က ဂုဏ်သိက္ခာအတွက်နေ၊ ပိုက်ဆံလိုရင် ငါ့ဆီ အချိန်မရွေးလာခဲ့ သိလား၊”
ကျမကို အဲဒီစကားပြောသွားခဲ့တာကတော့ သူ့ကိုယ်သူ စစ်အာဏာရှင်လက်အောက် ပြန်သွားခဲ့တဲ့ အတွက် အမြဲပဲ သိက္ခာကျတယ်လို့ ခံယူထားတဲ့ အဆိုတော် ထူးအိမ်သင် ပါပဲ။ သူဘာ့ကြောင့် ပြန်လာခဲ့သလဲလို့ ကျမက ဘယ်တော့မှ မမေးခဲ့သလို သူကလည်း ဘယ်တော့မှ စကားစ မခံခဲ့ပါဘူး။

ကျမတို့တွေ စခင်ခဲ့တဲ့ အချိန် ၁၉၈၁ ခုနှစ်လောက်တုန်းကဆို ဆယ်တန်းအောင်ပြီးခါစ အသက် ၁၆ နှစ်အရွယ် ၊ နိုင်ငံရေးဆိုတာ ဘာမှန်းတောင်မသိတဲ့ အရွယ်ပါ။ အဲဒီအချိန်ကတည်းက ကျမတို့ထက် အသက် ၃ နှစ်ပဲ ပိုကြီးတဲ့ ၊ ကျမတို့က ကိုသျှပ်လို့ ခေါ်တဲ့ ကဗျာဆရာ သျှပ်မှုးကျော် ၊ ဒေသကောလိပ် ကျောင်းသား ကျော်မြင့်လွင် ဆိုတဲ့ လူငယ်လေးက ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ အကြောင်းကို ရေရေလည်လည် ရှင်းပြတတ်နေပြီ။ အနုပဋိလောမ ရုပ်ဝါဒဆိုတဲ့ စာအုပ်ကို ကျမတို့ဖတ်ဖို့ ပေးတတ်နေပြီ။ အနုပဋိလောမ ရုပ်ဝါဒကို ဖတ်ပြီး ကျမက ဘာမှနားမလည်ဘူး ပြောတော့ ရယ်နေတယ်။ တခေါက်နဲ့ နားမလည် နောက်တခေါက် ထပ်ဖတ်ပေါ့ ဆိုတော့ ကျမက တော်ပြီ ပျင်းတယ်လို့ ပြောခဲ့ဖူးတာ မှတ်မှတ်ရရပါပဲ။ ကျမတို့ တွေက သူ့ဆီကနေပြီး တခါမှ မကြားဘူးခဲ့တဲ့ နိုင်ဝင်းဆွေရဲ့ မဟူရာမေတ္တာ အကြောင်း၊ ခင်လေးမြင့်ရဲ့ မင်းသားလေး အကြောင်း၊ သိန်းဖေမြင့်ရဲ့ အရှေ့ကနေ၀န်း ထွက်သည့် ပမာ အကြောင်းတွေကို သိလာခဲ့ကြရပါတယ်။ ဖတ်ချင်တယ်ဆိုရင် မရရ အောင် ရှာပေးတတ်ပါသေးတယ်။

ကျမဆိုရင် တခါမှ မကြားဖူး မဖတ်ဖူးတဲ့ စာတွေကို မက်မက်စက်စက် ဖတ်တတ်လာခဲ့ပြီး သူနဲ့စခင်တဲ့ ပထမဆုံးနှစ်မှာ ကျောင်းစာမှ ကျောင်းစာ ဆိုတဲ့ စိတ်ဓါတ်ပျောက်သွားလိုက်တာ ပထမနှစ်ကျခဲ့ရတဲ့ အထိပါပဲ။ အဲဒီနှစ်ကလည်း ဒေသကောလိပ် နောက်ဆုံးနှစ်ဆိုတော့ ကျတဲ့သူတွေ ရိုးရိုးမေဂျာပဲ ရပါတော့တယ်။ ဆယ်တန်းထိ အမြဲတမ်းတော်ပြီး အမှတ်အမြဲကောင်းခဲ့တဲ့ ကျမဘ၀လည်း ကျရှုံးခြင်း ဆိုတာကို ခံစားနားလည်သွားပါတော့တယ်။ ကိုသျှပ်စာအုပ်တွေ ဖတ်နေရတာနဲ့ စာကျက်ဖို့တောင် မေ့သွားတယ်ပြောတော့ ရယ်နေပြန်တယ်။ ပြီးတော့မှ ပညာရေးစနစ် မတည်ငြိမ်တဲ့ အခါ ကြိုးစားရတာလည်း အရာမထင်ပါဘူးဟာ။ ပုံမှန်ဆိုရင် တနှစ်ကျလည်း နောက်တနှစ် ဒီအတန်းပြန်ဖြေလိုက် ပြီးရမှာ။ အခု စာတော်တဲ့ နင့်အတွက် အခွင့်အရေး အားလုံးဆုံးရှုံးသွားတာပေါ့ ။ဒါပေမဲ့ စာမေးပွဲသာ မအောင်တာပါ ။နင် စာတွေ အများကြီးတတ်သွားပြီဆိုတာ ငါယုံတယ် သိလား၊ တဲ့။ အဲဒီနှစ်က သူလည်းစာမေးပွဲ ကျတာပါပဲ။

စာတွေအရမ်းဖတ်ပေမဲ့ ကိုသျှပ်ခေါ်ကိုဘဲဥဟာ စည်းကမ်းတော့ လုံးဝမရှိပါဘူး။အ၀တ်အစားကို တပတ်လုံးမလျော်ပဲ ၊ မလဲပဲ ၀တ်တတ်သလို တညလုံး မအိပ်ပဲ နေချင်ရင်နေတတ်သူ။ တနေ့လုံး ထမင်းမစားပဲ လက်ဖက်ရည် သောက်နေတတ်သူ၊ ရေချိုးဖို့ မေ့နေတတ်သူ၊ စိတ်ထဲရှိသလို နေချင်သလို နေတတ်သူ၊ သူများတွေးသလို မတွေးပဲ ကျမတို့ မစဉ်းစားတတ်တဲ့၊ မစဉ်းစားမိတဲ့ အမြင်ဖက်က တွေးခေါ်တတ်သူ၊ တခါတလေမှာ တကိုယ်ကောင်းဆန်စွာ တွေးတတ်သူ ထိုသူသည် ထူးအိမ်သင်လောင်းလျာပဲ ဖြစ်ပါသည်။ ( ကိုဘဲဥဆိုတာ ပြည်တော်သာတိုက်ခန်း တွေက ငယ်သူငယ်ချင်းတွေ ခေါ်တဲ့ နာမည်ပါ။)

သူတို့အုပ်စုဟာ အဲဒီအချိန် ကတည်းက တော်လှန်သော အတွေးအခေါ်ဆိုပြီး အင်္ကျီအစုတ်၊ ဘောင်းဘီအစုတ်၊ ပုဆိုးအစုတ်တွေပဲ ၀တ်ပါတယ်။ သူများ တက္ကသိုလ်ကျောင်းသားတွေ သစ်လွင်တောက်ပနေချိန်မှာ အရွဲ့တိုက် ၀တ်ကြတာပါ။ အဲဒီအချိန်မှာ အရက်လည်းကြိုက်နှစ်သက်စွာ သောက်နေပါပြီ။ အမြည်းအဖြစ် ပဲကြီးလှော်ကို ကျမတို့ မိန်းကလေးအုပ်စုတွေကို ခွာခိုင်းတတ်ပါတယ်။ အရက်သောက်တာ မကြိုက်ကြပေမဲ့ သူက ကိုယ့်ထက်တတ်ပြီး မကောင်းမှန်းသိပေမဲ့ သောက်နေတော့လည်း မပြောကြတော့ပါဘူး။ နောင် ၁၉၉၅ လောက်က လေထန်ကုန်းမှာ တွေ့တော့တောင်မှ သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပြီး တဲ့အခါ လက်ထဲက ပုလင်းကိုမြှောက်ပြပြီိး ငါလိမ္မော်ရည်ပဲသောက်တော့တယ် သိလားတဲ့။ ကျမကလည်း အရက်နဲ့ ရောထားတာ မဟုတ်လားဆိုတော့ သူ့သူငယ်ချင်း အဆိုတော်တွေ၊ သီချင်းရေးဆရာတွေကို တွေ့လား ။ တရုပ်မကို တော့ ညာလို့မရဘူးကွ တဲ့။

မျက်မှန်ထူထူ၊ ပုဆိုးအနက် ၊ လွယ်အိတ်ကြီးကြီးနဲ့ အေးတိအေးစက် လမ်းလျှောက်နေတတ်ပေမဲ့ ဂီတကိုလည်း တော်တော် နားလည်ပြီး လေ့လာအား သိပ်ကောင်းတယ် ဆိုတာလည်း တဖြည်းဖြည်း သိလာရပါတယ်။ သီချင်းသိပ်ကြိုက်တဲ့ ကျမကို အသံမကောင်းပေမဲ့ သီချင်းဆိုတတ်အောင် သင်ပေးခဲ့ပါသေးတယ်။ သီိချင်းဆိုတဲ့အခါ ပါးစပ်နဲ့ မဆိုပဲ စာသားကို ခံစားပြီး ရင်ဘတ်နဲ့ဆိုတတ်မှ နားထောင်တဲ့သူတွေ ရင်ထဲရောက်မှာလို့ ပြောပြသွားပါတယ်။ သီချင်းဆိုမဲ့သူဟာ သီချင်းတိုက်ဖို့ မပျင်းရတဲ့ အကြောင်းနဲ့ ဘယ်လောက် အဆိုကောင်းကောင်း အတီိးသမားပညာပြရင် ခံရမှာပဲတဲ့။ သူက အဆိုတော်သာ ဖြစ်သွားတာ။ အဆိုတော်လုပ်ဖို့ စိတ်ကူးမရှိတဲ့သူပါ။ အဲဒီအချိန်တွေတုန်းက ကျောင်းပွဲတွေမှာ ဘေ့စ် ဂစ်တာကို ပိုင်ပိုင်နိုင်နိုင်တီးပြီး သီချင်းတိုင်းကို ဟာမိုနီ လိုက်ပေးတတ်ပါတယ်။ ကျမကို ဟာမိုနီလိုက်တတ်အောင် သင်ပေးခဲ့ဖူးပေမဲ့ အသံကို မနိုင်နင်းတဲ့အတွက် မတတ်မြောက်ခဲ့ပါဘူး။ သူပေးတဲ့ ဒို ရေ မီ ဖာ အသံလေ့ကျင့်ခန်းကို ကျမ မလိုက်နိုင်ပါဘူး။ သီချင်းဆိုရင် ဘယ်နေရာမှာ အသက်ခိုးရှုရမယ်က အစ သူသင်ပေးခဲ့ဖုးပါတယ်။ ဘယ်ပညာကို မဆို နက်နက်ရှိုင်းရှိုင်း လေ့လာနိုင်ရမယ်လို့လည်း ပြောပြခဲ့ပါတယ်။ သူကိုယ်တိုင်လည်းပဲ ဂီတကို ဆရာတဆူဖြစ်အောင် လေ့လာနေခဲ့ပါတယ်ဆိုတာ ကျမတို့ အဲဒီအချိန်တုန်းက မသိခဲ့သလို တန်ဖိုးလည်း မထားတတ်ခဲ့ပါဘူး။

ရေဒီယို တလုံးနဲ့ တကမ္ဘာလုံးက ဂီတသံတွေကို ဖမ်းယူနားထောင်ပြီး သီချင်းတွေလည်း စပ်နေခဲ့ပါပြှီ။ သူ့ရဲ့ ပထမဦးဆုံးခွေထဲက ဝေးသွားတဲ့အခါ ဆိုတဲ့သီချင်းဟာ ကျမတို့ ပုသိမ်ကောလိပ်က ကျောင်းပိတ်ခါနီး နှုတ်ဆက်ပွဲတွေမှာ ကြားဖူးပြီး ကျောင်းသား ကျောင်းသူတွေ ရပြီးသားသီချင်းတွေပါ။ အဲဒီလိုပဲ အခါလွန်မိုး ၊ ခွင့်မပြု တို့ကို ကျောင်းပွဲတွေမှာ ဆိုခဲ့ပြီးဖြစ်ပါတယ်။
သူ့ပထမဆုံးအခွေ မထွက်ခင် မော်လမြိုင်ကို မိဘတွေနောက်လိုက်ပြီိး ပြောင်းသွားခဲ့တယ်။ တကယ်တော့ မိဘတွေ ပြောင်းသွားတာ ကြာပါပြီ။ သူက သူငယ်ချင်းတွေအိမ်မှာ ၊ အဆောင်တွေမှာ လှည့်ပတ်အိပ်ပြီိး ပုသိမ်မှာနေကျန်ခဲ့တာပါ။ အခု သီချင်းရေးဆရာ ဖြစ်နေတဲ့ ကိုမြင့်မိုးအောင်၊ သိမ်းတင်သားဆိုပြီး ဆောင်းပါးတွေရေးနေတဲ့ ကြွက်နီ ခေါ် အောင်ကျော်ဦး တို့အိမ်ဟာ သူစတည်းချနေကျ အိမ်တွေပါ။ အဲဒီအိမ်တွေဟာ သူ့သည်းညည်းကိုလည်း တော်တော်ခံကြရပါတယ်။ သူသေသွားချိန်ထိ အတွဲမပျက်ကြပါဘူး။ ပုသိမ်ရောက်တိုင်းလည်း အဲဒီအိမ်တွေမှာ ငါးပိ တို့စရာအစုံ လုပ်ခိုင်းပြီး ထမင်းစားနေကြပါ။ သူဟာ ငါးပိနဲ့ထမင်းစားရတာ နှစ်သက်သလို မနက်စောစော ကောက်ညှင်းပေါင်းနဲ့ အကြော်စုံစားတာကိုလည်း ကြိုက်နှစ်သက်ပါတယ် ။ ထန်းရည်ကိုလည်း မြန်မာဘီယာလို့ခေါ်ပြီး သူငယ်ချင်းတွေနဲ့ပုသိမ်က မြက်တိုဖက်မှာ သတိတရ သွားသောက် တတ်ပါတယ်။

သူ့အင်တာဗျူးတခုမှာ ဖြေသွားခဲ့ဖူးပါတယ်။ ပုသိမ်မြို့ကို သူအနှစ်သက်ဆုံး မြီု့ဖြစ်တဲ့အကြောင်းနဲ့ ပုသိမ်မြို့သူ မြို့သားတွေဟာ အေးချမ်းတဲ့ အကြောင်း၊ မြို့လေးကလည်း အေးချမ်းတဲ့ အကြောင်း တွေပေါ့။ ပုသိမ်ရောက်တိုင်းလည်း သူငယ်ချင်းတွေ အားလုံးနဲ့ တွေ့ဖြစ်အောင် အချိန်ယူတွေ့ပါတယ်။ ကျမဆိုင်ကိုလည်း အခေါက်တိုင်းနီးပါး ရောက်ခဲ့ပါတယ်။ ကျမထောင်ကလွတ်ခါစက နှင်းဆီလှိုင်းတေးထုတ်လုပ်ရေးက ကိုဇော်သစ်၊ အဆိုတော်ရဲသွင် ၊ နောက်ကျမ မမှတ်မိတဲ့သူတွေ အများကြီးနဲ့ ဆိုင်ကို ရောက်လာ ပါသေးတယ်။ ထောင်ထဲက နေရထိုင်ရပုံတွေ ၊ ထောက်လှမ်းရေးက အတွေ့အကြုံတွေရယ်ကို စိတ်ဝင်တစား အကြာကြီးမေးခဲ့ပါတယ်။ ကျမလိုပဲ ကိုဇော်သစ်လည်း ထောင်ကျဖူးကြောင်းနဲ့ မျက်နှာကျက်တွေဆို မမြင်ချင် မကြည့်ချင်တော့ဖူးလို့ ပြောပြသွားပါတယ်။ မျက်နှာကျက်ကြောက်တဲ့ရောဂါပေါ့ လို့လည်း အမည်ပေးသွားခဲ့ကြပါတယ်။

ရဲသွင်သီချင်းတွေ ရုပ်မြင်သံကြားမှာ ရိုက်ဖို့သွားတော့ ကိုသျှပ်လည်း လိုက်သွားခဲ့ပါတယ်။ အဲဒီမှာ အဆိုတော် စိမ်းမို့မို့နဲ့ တွေ့ပြီး ကိုငှက် သီချင်းလာသွင်းတာလားလို့ နှုတ်ဆက်တော့ မဟုတ်ဘူး။ ငါက ဒီမိုကရေစီရမှပဲ လာဆိုတော့မယ်လို့ ပြောခဲ့လိုက်တယ်။ စိမ်းမို့မို့ရဲ့အဖေက အဲဒီတုန်းက မြန်မာ့ရုပ်မြင်သံကြားက ညွှန်ကြားရေးမှုးပါ။ အဲဒီစကားကလည်း ကျမကို ကြွက်နီနဲ့နှစ်ယောက်သား လာပြောပြကြတာလေ။

မေဆွိရဲ့ ဂျပ်ဆင်ထိပ်က လရိပ်ပြာ ဆိုတဲ့ သီချင်းထဲက ကောင်လေးက တောခိုသွားတာ သိလားတဲ့။ တော်လှန်ရေးလုပ်ဖို့ ထွက်သွားတဲ့ ကျောင်းသားတွေ ကျောင်းဖွင့်တော့ ပြန်မလာနိုင်တော့ဖူးလေ။ အဲဒါကို သူ့ကောင်မလေးက လွမ်းတဲ့ သီချင်းပေါ့တဲ့ ။ ကျမတော့ အဲဒီသီိချင်းကို နားထောင်တိုင်း သူပြောပြတာတွေကို အမြဲပဲ ပြန်ကြားယောင်နေခဲ့ပါတယ်။ နောက်ပြီး ရာဇ၀င်ထဲက သတို့သမီး သီချင်းလည်း ဒီအတိုင်းပဲ။ ဧရာဝတီမြစ်ကို ရေးထားတာပဲ။ ဒါပေမဲ့ သေသေချာချာ နားထောင်ကြည့်ပါ ။ အဓိပ္ပါယ် ထပ်ထွက်ပါသေးတယ်။

သူ့သူငယ်ချင်း ကိုမြင့်မိုးအောင်ရဲ့ အနုပညာကို သူသိပ်ယုံကြည်တယ်။ စကားလုံးမရှိတဲ့ ကောင်းကင် တခွေလုံးကို ကိုမြင့်မိုးကို ရေးခိုင်းပြီး သူဆိုပြလိုက်တာလေ။ မြင့်မိုးအောင်ဆိုတဲ့ သီချင်းရေးဆရာတယောက် အောင်မြင်ခဲ့တာပါပဲ။ ကျမဆိုရင် အဲဒီထဲက စာသားတွေကို ကိုမြင့်မိုး ဘယ်လိုတွေးပြီး ရေးပါလိမ့်လို့ ခဏခဏ စဉ်းစားမိတယ်။ ကိုမြင့်မိုးနဲ့ ကျမတို့ဆိုတာ ဈေးထဲမှာ ဆိုင်ထွက်ကြပြီး သူ့မိန်းမက ကျမနဲ့ တွဲဖော်တွဲဖက်။ နေ့တိုင်းတွေ့နေကြပြီး သီချင်းအကြမ်းကို အကြိမ်ကြိမ်နားထောင်ပြီးသား။ ဒါပေမဲ့ ကိုသျှပ်ဆိုလိုက်တဲ့ အခါမှာ စကားလုံးတွေက ကြွတက်လာပြီး သီချင်းက အရမ်းကောင်းသွားတယ်။ အဆိုပညာဆိုတာ ဒါပါလား လို့လည်း နားလည်သွားရတယ်။ ကိုမြင့်မိုးရဲ့ စကားလုံးတွေကို သူ ပြောခဲ့သလို ရင်နဲ့ဆိုသွားခဲ့တာ ဖြစ်မှာပါ။ သူဟာ အဆိုတော်တွေထဲမှာ တွံတေးသိန်းတန်ကို သိပ်ကြိုက်ပါတယ်။ အတီးသမားတွေထဲမှာ စောဘွဲ့မှူးကို တော်တော် ချီးကျူးပြီး လေးစားနှစ်သက်တာကို တွေ့ရပါတယ်။ ကျမတို့ ဒုတိယနှစ်လောက်က ထင်ပါတယ်။ ပရင့်စ်ဘသော် ရဲ့ အရပ်မြင့်မြင့် အချစ်ဆုံး ဆိုတဲ့ သီချင်းခွေ ထွက်တော့ သူတို့အတီးသမားတွေ အုပ်စုလိုက် အဲဒီအခွေကို နားထောင်ပြီး ကက်ဆက်ကို ခုံပေါ်တင်၊ နောက် ထိုင်ကန်တော့ နေကြပါတယ်။ ကြွက်နီတို့အိမ်မှာလို့ မှတ်မိပါတယ်။ စောဘွဲ့မှူးတီးတာတွေကို အရမ်းသဘောကျပြီး လေးစားနေကြပုံ တွေပါ။ အခုထိ ကျမမျက်စေ့ထဲမှာ မြင်နေဆဲပါပဲ။

ကမ္ဘာမြေ စိမ်လန်းပါစေ။ ပန်းပွင့်တွေ ဆုတောင်းနေ.............
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။ ကျေးငှက်တို့ တေးဆိုနေ...........

ကျမတို့ ဘီဘီစီ ဖွင့်ရင် ကြားနေကျ သီချင်းလေးပါ။ အဲဒီသီချင်း ရေးခဲ့သူဟာ ထူးအိမ်သင်ပါပဲ။
ကျမရဲ့ ကျောင်းသားဘ၀ အမှတ်တရ စာအုပ်လေးထဲမှာ သူရေးပေးခဲ့တယ်။
ယုံကြည်ချက်ထဲက အတ္တကို တည်ဆောက်ပါတဲ့။

( ဘ၀မှာ လုပ်ချင်တာတွေ အကုန်လုပ်ခွင့် ရမသွားတဲ့ ကိုသျှပ်သို့ )

Wednesday, June 27, 2007

ဖတ်ပေးစေချင်လို့ ...


သူများဘလော့တွေလျှောက်လည်ရင်း ကိုဖိုးဇေက ကယန်းအကြောင်းတင်ထားတော့ ရေးဖြစ်ပြီး ဘယ်မှမပို့ဖြစ်တဲ့ စာလေးတပုဒ်ကို သတိရမိတယ်။ ၂၀၀၅ ခုနှစ်က တမ်းတမ်းတတ ရေးဖြစ်ခဲ့တဲ့ စာတိုလေးတပုဒ်ပါ။ ဘယ်တော့ပြန်ရောက်မယ်မသိတဲ့၊ ရောက်ခဲ့ရတယ်နေခဲ့ရတယ် ဆိုတာလဲ ပြန်ပြောရရင် အံ့သြစရာဖြစ်ရတဲ့ နေရာလေးတွေပေါ့၊ ဘလော့စာဖတ်သူတွေကို အတွေ့အကြုံလေးဝေမျှပေးတယ်လို့ သဘောထားပြီး ဖတ်ပေးစေချင်ပါတယ်၊ အဲဒီလိုရွာလေးတွေ၊ အဲဒီက လူတွေလို လူတွေအများကြီး ကျမတို့တိုင်းပြည်ထဲမှာ ရှိသေးတယ်ဆိုတာ အခုအင်တာနက်လောကထဲက စာဖတ်သူတွေကို သိစေချင်တဲ့ စိတ်ကလေးတခုပဲရှိပါတယ်၊ ကျန်တာတွေ ဘာမှမလိုပါဘူးနော်၊
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်


မြူခိုးမှိုင်းဝေ လွမ်းစရာ့မြေ

ဘယ်နေရာကြည့်ကြည့် ကြည့်လိုက်တိုင်း တောင်တန်းတွေနဲ့ ၊ ကိုယ်နေတဲ့နေရာကလည်း တောင်လေးတခုပေါ်မှာ ၊ မြူခိုးတွေက မှိုင်းဝေလို့၊ တောင်ရွာမီိးရှို့တဲ့ မီးခိုးငွေ့တလူလူနဲ့၊ အေးမြမြခံစားမှုနဲ့၊ သာယာတဲ့ တောတောင် ပန်းချီကားတခုထဲ ကိုယ်ပါ ရောက်နေသလိုပဲ။ အနီးဆုံး ရွာကိုတောင် လမ်းလျောက်သွားရင် တနာရီလောက်သွားရမယ်။ ရွာလို့သာ ပြောရတာပါ။ အိမ်ခြေက ဆယ်အိမ်လောက်ပဲ။ ကယားပြည်နယ် ၊ ကရင်ပြည်နယ် နယ်စပ်တွေနဲ့ ထိတွေ့ဆက်စပ်နေပေမဲ့ နေတဲ့ ရွာသားအများစုက ပဒေါင်လို့ခေါ်တဲ့ လည်ပင်းမှာ ကြေးကွင်းစွပ်တဲ့ လူမျိုးတွေပေါ့။

သူတို့ လူမျိုးတွေကို ပဒေါင်လို့ခေါ်မယ်ဆိုရင် မကြိုက်ဘူး။ ပဒေါင်ဆိုတာ ကြေးကွင်းစွပ်တွေလို့ အဓိပ္ပါယ်ရပြီိး နှိမ့်ချခေါ်တဲ့ အခေါ်အဝေါ်သာဖြစ်တယ်လို့ သူတို့က ခံယူထားကြတယ်။ သူတို့လူမျိုးတွေဟာ ကယန်းလူမျိုးများသာ ဖြစ်တယ်။ဒါကြောင့် ကယန်း အမျိုးသား အမျိုးသမီိးလို့ ခေါ်မှသာကြိုက်ကြ တယ်။ ကယားပြည်နယ် အတွင်းပိုင်း မြေပြန့်ဒေသနဲ့ တကယ် သွားမယ်ဆိုရင် တနေ့ခရီးပဲရှိတဲ့ အဲဒီရွာလေးတွေကို တခေါက်လောက် ရောက်ဖူးမယ်ဆိုရင် တသက်ဘယ်တော့မှ မမေ့နိုင်စရာ အတွေ့အကြုံတွေ အများကြီးတွေ့ရပါလိမ့်မယ်။

သူတို့တွေမှာ ကိုယ်ပိုင်ယဉ်ကျေးမှု ၊ ကိုယ်ပိုင် အမျိုးသား သီချင်း၊ ကိုယ်ပိုင်စာတွေရှိကြ တယ်။ သူတို့လူမျိုးတွေနဲ့ အနီးကပ်နေခွင့်ရတဲ့ အခိုက်မှာတော့ သူတို့တွေရဲ့ လူနေမှုဘ၀အခက်အခဲ တွေကိုကိုယ်ချင်းစာခွင့် ရခဲ့ပါတယ်။ သူတို့ရဲ့လူနေမှုဘ၀တွေ ဘာကြောင့် နိမ့်ကျနေရသလဲ ဆိုတာတွေကိုလည်း ဓမ္မဓိဌာန်ကျကျ ရှုမြင်တတ်လာခဲ့တယ်။

ထမင်းအသက် ခုနှစ်ရက် ၊ ရေအသက် တမနက် ဆိုပြီး ရေအရေးကြီးပုံကို စာချိုးထားပေမဲ့ သူတို့တွေကတော့ ရေနဲ့ဝေးလေ ကောင်းလေဆိုပြီး ရေနဲ့ဝေးဝေး သွားနေကြတယ်။ ရေနဲ့နီိးနီိးနေရင် သူတို့တွေရဲ့ အသက်ကို စိတ်မချရဘူး ၊ အန္တရာယ်များတယ် ဆိုတာ အတွေ့အကြုံတွေ ကနေပြီး သင်ပေးသွားတာလို့ ပြောပြကြတယ်။ ရေနဲ့နီးနီးနေရင် ဘာဖြစ်တတ်လို့လဲလို့ နားမလည်နိုင်စွာ နဲ့ မေးခွန်းထုတ်မိတော့ ရန်သူ့တပ်တွေ ရောက်လာနိုင်တာပေါ့တဲ့။ သူတို့ပြောတဲ့ ရန်သူ့တပ်ဆိုတာက မဆလ၊ န၀တ၊ နအဖ ပိုင်ဆိုင်ထားတဲ့ စစ်တပ်ကို ရည်ညွှန်းတာပါ။ သူတို့လူမျိုးစု တော်လှန်ရေးသမား တွေနဲ့ စစ်တပ်တွေဟာရေရှာရင်းနဲ့ တွေ့ပြီးတိုက်ကြရတာတွေ အများကြီိးပါ။ အဲဒီလို တိုက်ပွဲတွေ ဖြစ်ခဲ့ရင် မြေစာပင် မဖြစ်ရအောင် ရေနဲ့ဝေးဝေးနေရကြောင်း ရှင်းပြတယ်။ ရေနဲ့နီးတဲ့ နေရာမှာ ရွာတည်မိတော့ စစ်တပ်တွေရောက်လာရင် ရွာထဲက ရှိသမျ တရိစ္ဆာန်အကုန် ယူတဲ့အပြင် ရွာသူချောချောလေးတွေ ရှိရင်လည်း ကြောက်စရာ မုဒိမ်းမှုတွေကို ရင်ဆိုင်ကြရပြန်ပါတယ်။ ပြီးရင် သူပုန်ရွာ ၊ သူပုန့်လုတွေဆိုပြီး ရွာလုံးကျတ် မီးတင်ရှို့တာ ခံရပြန်ရော။ လူမဆန်တဲ့ လူတွေကို ကြုံတွေ့ခဲ့ရတဲ့အကြိမ်များလာတော့ နေရာသစ်တွေရှာပြီး ရွာပြောင်းကြရပြန်တယ်။

အဲဒီနောက် တော့ ရေနဲ့ဝေးနိုင်သလောက် ဝေးပါစေ၊ တောင်တက်ရချင်သလောက် တက်ရပါစေ၊၊ လုံခြုံတဲ့ နေရာ၊ ရန်သူ့တပ်တွေ မရောက်နိုင်တဲ့ ၊ မတက်နိုင်တဲ့ တောင်ပေါ်တွေမှာပဲ ရွာတည်လိုက် ကြတော့တယ်။
ရေရှိတဲ့ တောင်အောက်ကို ဆင်းပြီး သွားရင်အသွားအပြန် အနီးဆုံးတောင် တနာရီကြာ တာပါပဲ၊ ၀ါးကျည်တောက်ကို နဖူးမှာသိုင်းရင်း ခပ်လာတဲ့ ရေဟာ ထမင်းဟင်းချက်ဖို့နဲ့ သောက် ဖို့ပါပဲ။ ပန်းကန်ဆေးဖို့ ၊ ရေချိုး ၊ အ၀တ်လျော်ဖို့ မပါပါဘူး ။အေးတဲ့ ဒေသလည်း ဖြစ်လေတော့ ရေချိုးဖို့ဆိုတာ အတော်စဉ်းစားရတဲ့ ကိစ္စပါ။ အနွေးထည် အထူကြီိးတွေ ၀တ်ထားကြပြီး ရေချိုးတာ တောင်သိပ်မတွေ့ခဲ့မိဘူး။

ထမင်းစားတဲ့အခါ ရိုးရာဒေါင်းလန်းလို့ခေါ်တဲ့ ၀ါးနဲ့ရက်ထားတဲ့ ပန်းကန်တွေနဲ့ စားတယ်။ စားပြီးရင် ဒေါင်းလန်းကို ခေါက်ပြီး ထောင်ထားလိုက်တာပါပဲ။ မနက်စောစော ထတတ်ကြပြီး ထမင်းချက်၊ ပြီးရင် ပဲပုတ်မီးကင်ကို ငရုတ်သီးစိမ်းနဲ့ ထောင်းထားတဲ့ ပဲပုတ်ထောင်းနဲ့ ထမင်းစား၊ ကျန်တဲ့ ထမင်းနဲ့ ပဲပုတ်ကို ပလိုင်းထဲ ထည့်ပြီး တောင်ယာကို သွားကြတယ်။တခါတလေကျတော့လည်း ဆန်ကိုပဲ ထည့်သွားနိုင်ပါတယ်။ တောင်ယာနဲ့ နေတဲ့ရွာနဲ့က လမ်းလျောက်သွားရင် နီးရင် တနာရီလောက်၊ ဝေးရင် နှစ်နာရီလောက် သွားရတယ်။ ပလိုင်းထဲမှာ ဒါးတလက် ကတော့ အမြဲပဲ ပါရှိရမဲ့ အဆောင်တခုပါပဲ ။မနက်မိုးမလင်းခင် တောင်ယာသွားပြီး တောင်ယာမှာပဲ တနေ့လုံးအချိန်ကုန်ကြရတဲ့ သူတို့ဘ၀ဟာ ဘာမျော်လင့်ချက်တွေနဲ့ ဘ၀ရပ်တည်နေသလဲ၊ အသက်ရှင်ရပ်တည်နေသလဲလို့ စဉ်းစားမိလာတဲ့အခါ သူတို့ဘ၀ကို စိတ်ဝင်စားခဲ့မိတော့တယ်။

မနက်ပိုင်းလမ်းလျောက်သွားတဲ့ နှစ်နာရီခရီးမှာကိုပဲ သူတို့ရဲ့ ဘ၀ခရီိးကို သိနားလည်နိုင် သွားတယ်။ကိုယ်နေတဲ့ တောင်ကဆင်း နောင်တတောင်ကိုတက် နောက်ပြန်ဆင်းနဲ့ နေ့စဉ်ဒီခရီးကို သွားနေရလို့ သူတို့တွေ အသားကျနေပေမဲ့ လမ်းသိပ်မလျောက်ဖူးတဲ့ ကျမအနေနဲ့တော့တော်တော် ထိတဲ့ ခရီးပါပဲ။ ဒါကြောင့် သူတို့ တောင်ပေါ်သားတွေထဲမှာ ၀တဲ့သူ ရှာမတွေ့တာလို့လမ်းလျောက် ရင်း တွေးခဲ့မိပါသေးတယ်။ သူတို့ရဲ့တောင်ယာတွေကို မြင်နေရပြီး အဲဒီနေရာ ရောက်အောင်လို့ တောင်ဆင်းတောင်တက်လုပ်နေရတာကို ကြည့်ပြီး ရွာနားမှာပဲ တောင်ယာလုပ်လိုက်ရင် ပြီးရောလို့ ဆရာတတ်ခဲ့မိပါသေးတယ်။

ကယန်းရွာသားတွေက တောင်ယာတွေက လှည့်ပြီးတော့ လုပ်တာတဲ့၊၊ တနေရာကို အများဆုံးလုပ်ရင် (၃) နှစ်ပဲ ၊၊ မြေသြဇာ ကုန်သွားရင် ဘာမှ မသီးတော့ဘူးတဲ့။ အဲဒီလို မဖြစ်အောင် နေရာတွေ ရွှေ့ပြီး တောင်ယာလုပ်တာပါ တဲ့။ ဒါဆိုရင်လည်း တောင်ယာမှာပဲ နေရောပေါ့ဆိုတော့ တနင်္ဂနွေဆို ဘူရားရှစ်ခိုးကျောင်း သွားရအုံးမှာလေတဲ့။ တောင်ယာမှာနေတော့လည်း စနေဆို ပြန်ကြရတာပဲ မထူးပါဘူးတဲ့။

သူတို့ရဲ့ စိုက်ပျိုးရေးက ဓါတ်မြေသြဇာ လုံးဝမသုံးကြပါဘူး။တနှစ်စိုက်ပြီးသွားလို့ နောက်တနှစ်ထပ်စိုက်မယ်၊ ဒါမှမဟုတ် တောင်ယာအသစ် လုပ်တော့မယ်ဆိုရင် အပင်ကြီးတွေကို ခုတ်ထွင်ရှင်းလင်း ထင်းအဖြစ်သယ်ပြီိး ကျန်တာတွေကို မီးရှို့လိုက်တာပါ။ တောင်ယာမီးရှို့ချိန်နဲ့ ကြုံခဲ့ရင်တော့ သဘာဝတရားကြီိးမှာ အလှတရားတွေ အများကြီးရှိနေပါသေးလားဆိုတာ တွေးမိမှာ မလွဲမသွေပါပဲ ၊၊ မြို့ပြမှာ မရနိုင်တဲ့ သဘာဝအလှတွေကြည့်ရင်း ၊ မီိးခိုးနံ့သင်းနေတဲ့ လေတွေကို ရှုရင်း မြို့ပြနဲ့ကွာခြားလွန်းတဲ့ လှုနေမှုဘ၀တွေကို ဘယ်လို အုပ်ချုပ်သူတွေက မြှင့်တင်ပေးသွားနိုင်မလဲ၊ ဘယ်လို နိုင်ငံရေးသမားတွေက ကြိုးစားပေးသွားနိုင်မလဲ တွေးမိနေပါတယ်။ သူတို့တွေကတော့ အသားကျနေတဲ့ ဘ၀တွေမှာ နေရင်း သွားရင်းလာရင်း တောင်တက်ရင်းနဲ့ လမ်းဘေးက တွေ့ရတဲ့ အပင်တွေကိုလည်း စားရတာ၊ မစားရတာ ခွဲခြားပြပြီိး ခူးသွားလိုက်ပါသေးတယ်။

တောင်တက်ရင်းမောနေတဲ့ ကျမကို ဆီမစားဘို့ သူတို့က တရားချနေပါတယ်၊၊ ကျမချက်ကျေးတဲ့ ဆီပြန်ဟင်းတွေကို သူတို့မစားတတ်ကြပါဘူး။ ဆီစားရင် အမောမခံနိုင်ဘူးလို့ ပြောပြပါတယ်။ သူတို့တွေက ဆီပုလင်းလေး တပြား( ဘီယာပုလင်းပြားလေး) ကို နှစ်ပတ်လည်အောင်စားရပါတယ်။ ဘာအသားပဲလာလာ ပြုတ်ပြီးစားတာပါ၊၊ အင်္သးအရွက်တွေကိုလည်း ကြော်စားတာ တခါမှ မတွေ့ခဲ့ပါဘူး။ အကုန်လုံး အပြုတ်တွေနဲ့ အထောင်းပဲစားပါတယ်။ ခေတ်သစ်ပစ္စည်းထဲက အချိုမှုန့်ကိုတော့ သုံးတတ်နေပါပြီ။ ကျမက အချိုမှုန့် မစားဘူးဆိုတော့ သူတို့တွေက အံ့သြနေပြန်ပါတယ်။ အချိုမှုန့်ရဲ့ဆိုးကျိုးတွေကို ရှင်းပြတော့ သူတို့ဘာမှပြန်မပြောပေမဲ့ အသားကို တောကောင်ရမှ စားကြတာများတဲ့ သူတို့တွေက အချိုမှုန့်ပါတဲ့ ဟင်းရဲ့ အရသာကို ကြိုက်နေကြပုံ ရပါတယ်။

သူတို့အားလုံးဟာ စပါးစိုက်တာ နည်းပါတယ်၊၊ အဓိက စိုက်ပျိုးကြတာကတော့ ပေါ်ပီပန်းလို့ သူတို့ခေါ်ကြတဲ့ ဘိန်းကိုပဲ စိုက်ကြပါတယ်။ ပင်ပင်ပန်းပန်း တောင်ယာခုတ်ပြီး စပါးစိုက်လို့ရတဲ့ အကျိုးအမြတ်နဲ့ ပေါ်ပီပန်းစိုက်လို့ရတဲ့ အကျိုးအမြတ်က ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ပါဘူး။ သူတို့ကို ဘိန်းမစိုက်ပဲ အစားထိုးသီးနှံစိုက်ဖို့ စည်းရုံးမယ်ဆိုရင် သူတို့ရဲ့ နေထိုင်ဖို့စားရိတ်တွေကို တာဝန်ယူနိုင်ဘို့တော့ လိုမယ်ထင်ပါတယ်။ သူတို့ဘ၀ကို ဘာမှတာဝန်မယူပဲ ဘိန်းမစိုက်ရဘူးဆိုရင် သူတို့ ဘာနဲ့သွားစားကြမှာလည်း ဆိုတာ စဉ်းစားပေးရမယ် ဖြစ်ပါတယ်။ နအဖ ဟာ အာဏာနဲ့ ဘိန်းကို မစိုက်ခိုင်းရင် ထိုက်သင့်တဲ့ ထောက်ပံ့မှုတွေ လိုအပ်တဲ့ အကြောင်းသိကိုသိရပါမယ်။

သွားရေစာမုန့်ဆိုတာ တခါမှ စားတာမတွေ့ရပါဘူး၊၊ မနက်ထမင်း၊ နေ့လည်ထမင်း၊ ညထမင်း ပါပဲ။ ဆီချက်ခေါက်ဆွဲ ၊ ကော်ရည် ကြားတောင်မကြားဖူးဘူး။ ဂျေဒိုးနတ်တို့ ဘာတာကိတ် တို့ကတော့ မုန့်နာမည်မှန်းတောင် မသိတာပါ။ ဈေးနေ့တွေမှာ ရောင်းတဲ့ စမူဆာကိုတော့ သူတို့သိကြတယ်။ သူတို့ရဲ့ ရိုးရာသွားရေစာကတော့ ခေါင်ရည်ပဲ။ ပြောင်းခေါက်နဲ့လုပ်တဲ့ခေါင်၊ ဆန်နဲ့လုပ်တဲ့ခေါင်၊ ကောက်ညှင်းနဲ့လုပ်တဲ့ခေါင် ဆိုပြီး ရှိတဲ့ အထဲမှာ ကောက်ညှင်းနဲ့လုပ်တဲ့ ခေါင်က အချိုဆုံးနဲ့ အကောင်းဆုံးပဲ။ အသက်အရွယ် ကြီိးရင့်လာကြရင် ၊ထမင်းသိပ်မစားနိုင်ရင် ခေါင်ရည်ကိုပဲ စုပ်နေပါတယ်။ သူတို့တွေက အိုးသေးသေးလေးနဲ့ခေါင်ဖောက်ထားပြီး သောက်မယ်ဆိုတော့မှ ရေနွေးဖြည့် ၀ါးတံလေးနဲ့စုပ်သောက်ကြတယ်။ ခေါင်ထဲမှာ လူတွေလိုအပ်တဲ့ ကစီဓါတ်ပါတဲ့အတွက် ထမင်မစားပဲ ခေါင်သောက်နေလို့ ရတယ်လို့ ကျမတွေးထင်မိတယ်။ ကျမမြင်ခဲ့ရတဲ့ သက်ကြီိးရွယ်အို ကယန်းအမျိုးသားကြီိးကတော့ ထမင်းမစားနိုင်တော့ပဲ ခေါင်သောက်နေတာပါ၊၊ ပြောင်းခေါက်ခေါင်က နည်းနည်းချဉ်တဲ့ အရသာရှိပြီး ကောက်ညှင်းခေါင်ကတော့ ချိုမြမြလေး ဖြစ်တယ်။

တခါတလေ ဘာဟင်းမှ မရှိတဲ့၊ မရတဲ့အခါတွေမှာ ထမင်းပူပူနဲ့ထမင်းကြမ်းအေးကို ထမင်းကြီးနဲ့ ထမင်းလေးစား တယ်ဆိုပြီိး အပူတလုပ် ၊ အအေးတလုပ်နဲ့ စားတတ်တယ်။ တာလပေါ ဆိုပြီး ဆန်ပြုတ်ထဲဟင်းရွက်မျိုးစုံတွေ ထည့်ချက်ပြီး ထမင်းလေးအဖြစ် ထမင်းနဲ့ ထမင်းကြီး ထမင်းလေး လုပ်စားတယ်။

ခွေးတွေကိုလည်း အင်မတန်ချစ်တဲ့လူမျိုးပါ၊ အိမ်တိုင်းနီးပါးခွေး၊၀က် မွေးတတ်ကြတယ်။ ခွေးတွေနဲ့ အတူတူအိပ်တာပဲ၊ ထမင်းကိုလည်း ခွေးက သူတို့ပန်းကန်ထဲ ခေါင်းတိုးစားချင် စားနေတတ်တယ်၊

သူတို့တွေရဲ့ ဘ၀တွေကို အစိုးရ အဆက်ဆက်က ဘာမျှ မထောက်ပံ့ မမြှင့်တင်ခဲ့ကြဘူး။ ပညာရေး၊ ကျန်းမာရေး အသိပညာပေးမှု၊ ထောက်ပံ့ကူညီမှုဘာမှ မရကြရှာဘူး၊၊ ရွာတွေ အတော်များများမှာ ကလေးတွေ စာမသင်ဖူးဘူး။ စာသင်ကျောင်းမရှ၊ှိ ကျောင်းရှိတဲ့နေရာဆိုလဲ ဆရာမရှိ၊ ဒီလောက်ခေါင်တဲ့နေရာဆိုတော့လဲ တော်ယုံလူက ဘယ်လာချင်ပါ့မလဲလေ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးပြီးမှ တောခိုသွားတဲ့ ကျောင်းသားတွေရဲ့တပ်တွေ အဲဒီဒေသဖက်တွေ ရောက်တော့မှ စာသင်ပေးတာကို ရခဲ့တယ်လို့ ပြောပြကြတယ်။ စာသင်ပေးတဲ့ ကျောင်းသားရဲဘော်တွေကို ခင်ပြီး လေးစားကြပြီိးတော့ တော်လှန်ရေးထဲလိုက်သွားတဲ့ ရွာသားတွေ ၊ ရွာသူတွေတောင် ရှိခဲ့တယ် လို့လည်း ပြောတယ်။

ကျန်းမာရေးနဲ့ပတ်သတ်လို့လည်း ဘာဆေးခန်းမှ မရှိပါဘူး၊ ဆေးရုံတက်ဖို့ဆိုလည်း အင်မတန်ကြောက်တတ်တယ်၊ ဆေးရုံကမြို့ပေါ်မှာဆိုတော့ သူတို့မသွားရဲသလို၊ ငွေလည်း မရှိကြဘူးမဟုတ်လား၊ နေမကောင်းဖြစ်ခဲသလို ဖြစ်ရင်လဲ သေတာများတာပဲ၊ ဒီလိုနဲ့ ကလေးအသေအပျောက်၊ မိခင်အသေအပျောက်ကလည်း အရမ်းများတော့တယ်၊

ရိုးသားလွန်းလို့ ရယ်ရတဲ့ ရယ်စရာလေးတခုလည်းပြောပြချင်သေးတယ်၊ ကျမတို့နေတဲ့အိမ်မှာ ကြွက်တွေအရမ်းလာလို့ ဟင်းခွက်တွေ စားစရာတွေထည့်ထားဘို့ ကြောင်အိမ်ကို သစ်သားအတို အစတွေနဲ့ရိုက်ပြီး တံခါးမှာ တပ်ဖို့ သံစကာ ပါးပါးလေးတွေ ၀ယ်လာတော့ ဘာလုပ်ဖို့လဲညီမ လို့မေး ကြတယ်၊ ကျမကလည်း ကြောင်အိမ်မှာ တပ်ဖို့လေ ဆိုတော့ ကြောင်မွေးမလို့လားတဲ့၊၊ ကျမဆို ဘာပြန်ပြော ရမှန်းတောင် မသိအောင်ဖြစ်သွားခဲ့ရတယ်။(ဘီဒို၊ ကြောင်အိမ်ဆိုတာ သူတို့တွေက မြင်မှမမြင်ဘူးပဲ)

ကျမကတော့ ရိုးသားတဲ့လို့တောင် မပြောချင်တော့ပါဘူး၊ တကယ့်ကို ဘာမှ မသိကြရတဲ့ ဘ၀တွေလို့ပဲ ပြောပြချင်တယ်၊ သူတို့ဘ၀မှာရုပ်ရှင်ဆိုတာမသိ၊ စတိတ်ရှိုးဆိုတာမသိ၊ ကာရာအိုကေ မသိ၊ ဘာဖြေဖျော်မှုမှ မရှိတဲ့ နေရာလို့ ပြောရင်ရတယ်၊ သူတို့ဘ၀ရဲ့ အပျော်ရဆုံးနေ့တွေ၊ အချိန်တွေဆိုတာ ဘုရားကျောင်းသွားဖြစ်တဲ့ တခါတရံတနင်္ဂနွေနေ့ တွေပါ၊ အပတ်တိုင်းလည်း ဝေးတော့ မရောက်ကြရှာဘူးလေ၊

တကယ်လို့ ကျမတို့နိုင်ငံကို ကျမတို့လက်တွေ၊ အသိဥာဏ်တွေနဲ့ ပြန်လည်တည်ထောင်ခွင့် ရခဲ့ရင် အဲဒီလို နေရာမျိုးတွေကို သွားပြီး တိုးတက်အောင်ပြုလုပ်ပေးဖြစ်အောင် လုပ်ပေးဖို့ အဓိဌာန်ပြု
ထားပါတယ်။၊တကယ့်ကို ကျမတို့နိုင်ငံထဲမှာ ကျမတို့နဲ့တနိုင်ငံသားတည်းသားတွေဟာ ဒီလိုဘ၀တွေ ရှိတယ်ဆိုတာခုလို သိလိုက်ပြီဆိုပါစို့၊ ဘာလုပ်မယ်စိတ်ကူးပါသလဲ အဆွေတော်၊

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, June 24, 2007

င၀န်မြစ် ၊ မိတ်ဆွေစစ် နှင့် အကြင်နာတရား

..
ကျမကို မိုးအကြောင်းရေးဖို့ ချစ်သူငယ်ချင်း မေငြိမ်းက Tag ထားပါတယ်၊
တကယ်တော့ မိုးရာသီဆိုရင် ကျမကမုန်းပါတယ်၊ ဘာကြောင့်ဆိုတော့ ကျမမွေးရာဇာတိ မြစ်ဝကျွန်းပေါ်ဆိုတာက မိုးရွာရင် တပတ် ဆယ်ရက်ကြာတတ်တယ်။ အပေါ်က ရေတွေဆင်းလာသမျှ ကျမတို့ဆီကိုဖြတ်ပြီး ပင်လယ်ထဲကို သွားတာဆိုတော့ ရေကြီးတာလည်း နှစ်တိုင်းနီးပါးခံစားကြရတယ်၊ လယ်သမားတွေ မိုးမျှော်တယ်ဆိုပေမဲ့ မိုးအရမ်းများတဲ့နှစ်တွေမှာ လယ်တွေရေနစ်လို့ ရင်ဆို့ရတဲ့အဖြစ်တွေလည်း ရှိခဲ့တယ်လေ။ အောက်ပြည်အောက်ရွာက မိုးရွာတယ်ဆိုတာ အရမ်းအရမ်းပါပဲရှင်လို့ ပြောရလောက်အောင် ရွာတတ်တာပါ၊ အဲဒီအချိန်ဆိုရင်ဆိုက္ကားသမားလည်း စီးသူမရှိ၊ မုန့်ဟင်းခါးဆိုင်လို ၊ လမ်းဘေးကရာသီစာရောင်းတဲ့ မုန့်ဆိုင်လေးတွေ ဈေးမရောင်းရ ၊ ငါးပုဇွန်တွေလဲရှားပါး၊ ရေကြီးလို့ ကားလမ်း ၊ ရထားလမ်းတွေကလည်းပျက်၊ဒီလမ်းတွေကပဲဝင်ရတဲ့ အခြာ့းကုန်စည်တွေ ကလည်း မ၀င်ဆိုတော့ အခြေခံလူတန်းစားတွေ သိပ်ဒုက္ခရောက်ရတဲ့ ရာသီပါ၊ ဒီကြားထဲ အိမ်အမိုးကောင်းရင်တော်ပါရဲ့။ အမိုးမဖာရသေးချိန်၊ ဓနိအသစ်မလဲနိုင်သေးချိန်ဆိုရင်လဲ မိုးယိုတဲ့အပေါက်တွေကို ဇလုံတွေ ပန်းကန်ပြားတွေနဲ့ ခံထားရင်း ရေကျသံကို နားဆင်ရင်းလူအိပ်စရာမရှိတော့တာလဲ ကြုံရ ။ နယ်က တနေ့လုပ်မှ တနေ့စားရတဲ့အခြေခံလူတန်းစာတွေ ဘ၀မှာ ကလေးကျောင်းတက်ဖို့ ပိုက်ဆံစု ကျောင်းအပ်ပြီးချိန်နဲ့ မိုးရာသီက အကိုက်ပဲဆိုတော့ ကြုံလေရ ဒီဘ၀ ဒီဒုက္ခလို့ ရွတ်ဆိုယုံကလွဲလို့ ဘာတတ်နိုင်မှာလဲ။ မြန်မာလူမျိုးတို့ထုံးစံ ကံကိုသာ အပြစ်ပုံချပြီး သည်းခံနေလိုက်တော့တာလဲ ဒီမိုးရာသီပဲ။ တနှစ်လုံးမှာ ရွာတာ ၃ လမရှိပါဘူး ၊ တောင့်ထားကွ လို့ ကိုယ့်ကိုယ်ကို အားပေးရင်း အိမ်နီးချင်းကို အားပေးရင်း ရုန်းကန်လာတာလဲ ဒီမိုးရာသီပါပဲ၊
ကျမတို့မြို့လေးမှာ ၂၀၀၄ ခုနှစ်က အကြီးအကျယ်ရေကြီးတာကြုံခဲ့ရပါတယ်၊ အဲဒီအကြောင်းကို ကျမက စာလေးတပုဒ်ဖန်တီးထားပါတယ်၊ ခေတ်ပြိုင်အွန်လိုင်းစာမျက်နှာရဲ့ ရသစာစုမှာ ဖော်ပြပြီးသားလေးပါ၊ ဒါလေးကိုတင်ပေးလိုက်ပါတယ်၊ကျမရေးထားတာ စိတ်မျက်စေ့နဲ့ မြင်နိုင် ခံစားနိုင်မယ်လို့ မျှော်လင့်မိပါတယ်၊
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်


င၀န်မြစ် ၊ မိတ်ဆွေစစ်နှင့် အကြင်နာတရား




၂၀၀၄ ခုနှစ် ဇူလိုင်လ တလလုံး ပုသိမ်မြို့တွင် ရေကြီးသည်။ ကြီးလိုက်သမှ ပုသိမ်သူ အသက် ရ၀ ကျော် ဖွားလေးစောက ‘ငါ့တသက်လုံး ဒီအိမ်မှာမွေး ဒီအိမ်မှာ ကြီးလာတာ အိမ်ရှေ့ရေရောက်တာတောင် မမြင်ဖူးဘူး။ ခုမှ အိမ်ထဲထိ ရေရောက်ရတယ်လို့ ၊ အဲဒါ မင်းအစိုးရက မင်းကျင့်တရားနဲ့ မညီလို့ သဘာဝတရားကြီးကပါ ဖေါက်ပြန်ကုန်တာ၊ ကြုံဖူးပေါင်တော်’တဲ့။

ရေကြီးခါစက ကမ်းနားလမ်း တောက်လျောက် အပျော်လှေစီးသူတွေ၊ ဘောကွင်းနဲ့ ရေကူးသင်သူတွေ၊ ရေကစားနေသူတွေ နှင့် စည်ကားလှသည်။ စာတိုက်ကုန်းပေါ်မှကမ်းနားလမ်းကို အဆင်း လမ်းတကြောလုံး မုန့်သည်တွေ၊ ရေကစားတာတွေ လာကြည့်သူတွေနှင့် ပွဲတော်တခုလို ၊ အချိန်တန်ရင် သုံး လေးရက်လောက်ဆိုရင် ကျသွားမှာပဲလို့ ပေါ့ပေါ့ပဲ တွေးရင်းပျော်နေခဲ့ကြသည်။

သည်းသည်းမည်းမည်း ရွာတဲ့မိုးက အားဖြည့်လိုက်တော့ ရေတွေတက်လာပြီ။ အနိမ့်ပိုင်း ရပ်ကွက်တွေ အားလုံးမြုပ်သွားပြီ။ မြို့လယ်က အနိမ့်ပိုင်းလမ်းတွေလည်း ရေမြုပ်ပြီ။ ကျောင်းအများစု ပိတ်လိုက်ရပြီ။ တချို့ကျောင်းတွေ ရေလွတ်ပေမဲ့ ကျောင်းသားအများစုက အိမ်တွေရေမြုပ်နေပြီိး ရေတွေကို ကျော်ဖြတ်ပြီးမှ ကျောင်းကိုရောက်ရမည်မို့ မတက်ဖြစ်တော့။
အမြင့်ပိုင်းက ဘုရားတွေ၊ ဇရပ်တွေ၊ ကျောင်းတွေ အားလုံး ရေဘေး ဒုက္ခသည်စခန်းဖြစ်သွားသည်။

လပြည့်နေ့။ ‘ဒီနေ့ ရေက အမြင့်ဆုံး ဖြစ်မှာပါ၊ ’

လပြည့်ကျော် တရက်နေ့။ ‘မနေ့ကထက် ပိုတက်လာတယ်။ အောက်ထပ်က ပစ္စည်းတွေ ရွှေ့၊ ညရေက ပိုတက်နိုင်တယ်။’ ရေမရောက်နိုင်ဘူးလို့ ထင်ထားတဲ့အိမ်တွေ ရေ၀င်ကုန်ပြီ။ တမြို့လုံး ရေကိုမမြင်ချင်တော့။
လ၀က်ရှိသွားပြီ။ ရေက မကျပဲတန့်နေသည်။ ပုသိမ်မြို့ သုံးပုံ နှစ်ပုံ ရေနစ်နေပြီ။ အလုပ်အကိုင်တွေ ရပ်ပြီး စားဝတ်နေရေး အခက်အခဲကြောင့် ခိုးမှု၊လုယက်မှု တွေ များလာပြီ။ အိမ်သာတွေ ရေနစ်နေပြီး သောက်ရေအခက်အခဲ ဖြစ်သည်။ စနစ်တကျ ကယ်ဆယ်ရေးအဖွဲ့ မရှိ။ ဆေးရုံပေါ်တွင် ၀မ်းရောဂါလူနာတွေ ပြည့်နှက်နေသည်။ အချို့ ရောဂါပျောက်ပေမဲ့ မဆင်း။ အိမ်က ရေမြုပ်နေတော့ ဆေးရုံမှာပဲ ဆက်နေချင်သည်။ တယောက်ဆေးရုံတက်လျင် တမိသားစုလုံး ဆေးရုံရောက်လာကြသည်။

အဲဒီရက်တွေမှာ ပုသိမ်မြို့သူ မြို့သားတွေ စည်းလုံးညီညွတ်ခဲ့ကြသည်။ မရှိသူက ရှိသူကို ဝေမျပေးနိုင်ခဲ့ ကြသည်။ အစိုးရ၏ ထောက်ပံ့ကြေး ၊ အန်ဂျီအို အဖွဲ့များ၏ ထောက်ပံ့ကြေး တစုံတရာကို လုံးဝ မရရှိခဲ့ကြပဲ ကြံ့ကြံ့ခံခဲ့ကြသည်။
ခင်မင်သူ ၊ စိတ်ဝင်စားသူများ အတူ စုစည်းပြီိး ဆန်ဝေကြသည်။ ဆန်အိတ်လိုက် ရပ်ကွက်ရုံးကို ပို့ခိုင်းသည်။ ရပ်ကွက်လူကြီးက လူစာရင်းပြပြီး ဝေချင်သည်။ အလှူရှင်တွေက လူကိုယ်တိုင် ကိုယ်ထိလက်ရောက် လှူချင်သည်။ှ အလွဲသုံးစားမှုကို ကာကွယ်ချင်သည့် စေတနာရှင်တွေနှင့် ဒုက္ခရောက်နေသည့် သူတွေရဲ့ ရပိုင်ခွင့်ကို ဖြတ်စားချင်သည့် ရ၀တ လူကြီးတွေ စကားများကြသည်။ ကိုယ့်ရပ်ကွက်သားတွေကို မငဲ့ကွက်ပဲ မတရားရယူထားသည့် မဖြစ်စလောက် အာဏာနှင့် ရိုင်းစိုင်းပြသည့် ရ၀တ လူကြီးတွေကို ဆန့်ကျင်ပြီး လမ်းမပေါ်တွင် ဆန်လှူပွဲတွေ လုပ်ကြသည်။ အချင်းချင်း ကိုယ်ချင်းစာကြပါ။ တယောက်ချင်း တခါသာ လာယူကြပါ ပြောတော့ စေတနာကို အသိအမှတ်ပြုသည့် စည်းကမ်းသေ၀ပ်တဲ့ ဆန်လှူပွဲတွေ ဖြစ်သွားသည်။

ရပ်ကွက်တွေ တခုပြိးတခု လှူခဲ့ကြသည်။၊ တချို့ ရ၀တ ရုံးကို စကားမများချင်လို့ ပေးခဲ့ရသူတွေနဲ့ တွေ့တော့ စိတ်ပျက်စကား ပြောကြသည်။ အဲဒီ ရ၀တ လူကြီးမိန်းမ ဆန်အိတ်လိုက် ရောင်းစားပြီး ရွှေဆိုင်တန်းမှာ လက်စွပ်လာဝယ်သွားတယ်ဆိုတဲ့ သတင်းမျိုးကို ဥပက္ခာပြုပြီး နောက်တမျိုး လှူဖို့စဉ်းစားကြပြန်သည်။

ဒီတခါ ဆန်မဝေပဲ ချက်ပြီး ထမင်းနဲ့ ဟင်းဝေဖို့ ကြိုးစားပြန်သည်။ ရေကြီးပေမဲ့ ကိုယ့်အိမ်ကို မစွန့်ခွာပဲ အိမ်ထဲမှာ စင်ထိုးနေသူတွေ၊ ဘယ်လိုမှ မမျော်လင့်နိုင်စွာ။ တစ်အိမ် နှစ်အိမ် မဟုတ်။ ဆယ်အိမ် ဆယ့်ငါးအိမ်မဟုတ်။ အများကြီး မှ အများကြီး။ တရပ်ကွက်လုံးနီးပါး။ ဆန်သွားဝေခဲ့သည့် ရပ်ကွက်တွေထက်ဆိုးသည်။ လုံးဝ ရေမကျပဲ ၊ မြေကြီးကို မမြင်ရပဲ ၊ ဘယ်သွားသွား လှေနဲ့မှ သွားရတဲ့နေရာတွေ။ အိမ်ခေါင်မိုးနား ကပ်နေတဲ့ နေရာထိ ၀ါးလုံးတွေနဲ့ စင်ထိုးနေကြတာ။ မတ်တပ်ရပ် မရတဲ့နေရာမှာ လှဲလိုက် ထိုင်လိုက် ၊ ကြွပ်ကြွပ်အိပ်နဲ့ ၀မ်းသွားပြီး အဲဒီရေထဲပဲ လွှင့်ပစ်လိုက်တာ ၊ ထမင်းဝေတဲ့ လှေက ကမ်းပေးလိုက်တဲ့ ထမင်းထုပ်ကို ချက်ချင်း အငမ်းမရ ဖေါက်စားတာတွေ မြင်ရတဲ့အခါ တညလုံးမအိပ်ပဲ ထမင်းချက်တဲ့သူတွေ၊ ပဲငါးပိ နဲ့ ခရမ်းချဉ်သီး ချက်တဲ့သူတွေ၊ ထမင်းတွေ၊ ဟင်းတွေ ထုပ်ပိုးပြင်ဆင်တဲ့ လူငယ်အဖွဲ့တွေ ၀မ်းသာဝမ်းနည်း ဖြစ်သွားခဲ့ရသည်။ ထပ်ခါထပ်ခါလှူဖို့ ငွေစုကြပြန်သည်။ အလှူရှင် လူငယ်အများစုက ဆင်းရဲခြင်းကို ဒီလောက်ထင်မထား၊ မကြုံဖူးခဲ့သူတွေ။
မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတဲ့အခါ အံ့သြတွေဝေ သွားကြသည်။ ဘာ့ကြောင့် ဒီလူတွေ ဒီလောက် ဆင်းရဲကြတာလဲ။ ဒီလောက် ပြည်သူတွေ အတိဒုက္ခ ရောက်နေတာကို နိုင်ငံတော်အာဏာရှင်တွေက ဘာ့ကြောင့် ကူညီထောက်ပံ့မှု မရှိတာလဲ။ ဖြစ်ရပ်မှန်တွေကို ကမ္ဘာကသိအောင် ဘာ့ကြောင့် မထုတ်ပြန်တာလဲ။ မေးခွန်းတွေ အများကြီး ထွက်လာသည်။ လက်တွေ့အရတော့ မြန်မာ့ဓလေ့ထုံးစံအတိုင်း မရှိသူကို ရှိသူက ၊ များများဒုက္ခရောက် နေသူကို နည်းနည်းဒုက္ခရောက်နေသူက ကူညီစောင့်ရှောက်ဖို့ မည်သည့်အမိန့်အာဏာမှ မလိုပဲ ကိုယ်ပိုင်အသိစိတ် ဖြင့် တာဝန်ယူခဲ့ကြသည်။

ထမင်းထုပ်ဝေရတဲ့ ရပ်ကွက်တွေကလည်း များလာသည်။ တချို့ရပ်ကွက်တွေမှာ ရေက ခါးလောက်ပဲရှိတော့ ထမင်းထုပ်တောင်းကို ထမ်းပြီး လိုက်ဝေသည်။ ဒါပေမဲ့ လမ်းကမကျမ်းကျင်သဖြင့် ဘေးက ရေမြောင်းဖေါက်ထားတဲ့ အထဲ ခြေချော်ကျသွားတော့ လူရော ထမင်းတောင်းပါ မြုပ်သွားရတော့သည်။ ဒီိတော့ လှေငှားပြီး လိုက်ဝေကြသည်။ ရေနဲနဲတိမ်လျင် ရှေမှလမ်းသိသော ရပ်ကွက်ထဲသူ၊ ရပ်ကွက်သား တွေက လှေကို ဆွဲသွားရသည်။ ဘုန်းကြီိးကျောင်း တွေကို ဆွမ်းစားအမှီ လိုက်ပို့သည်။ စာသင်သားများတဲ့ ကျောင်းတိုက်တွေက ကုန်းပိုင်းတွင်သာရှိ၍ တော်သေး သည်။ ရေကြီးတဲ့ အပိုင်းသို့ ဆွမ်းခံကြွနေကျ ကိုယ်တော်တွေကို ရေမရှိသော အပိုင်းမှ အိမ်များက ဆွမ်းခံကြွရန် ဆွမ်းဖိတ်ကြသည်။ ပုသိမ်တမြို့လုံးနီးပါး ထန်းကုန်းလေးရပ်ကွက်၊ ငြိမ်းချမ်းရပ်ကွက်၊ ရွှေဝါထွန်းရပ်ကွက်၊ရာမည ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ င၀န်ကျန်းသာရပ်ကွက်၊ လယ်တီရပ်ကွက် ----ရပ်ကွက်ပေါင်းများစွာ ရေမြုပ်နေပြီိး၊ ကုန်းပိုင်းလမ်းမကြီး တချို့သာ ရေမမြုပ်ပဲ ကျန်နေတော့သည်။

မိုးကဆက်တိုက်ရွာနေသည်။
ဧရာဝတီမြစ်ရေတက်သည်။
င၀န်မြစ်ရေတက်သည်။ ဧရာဝတီတိုင်းတွင် ပုသိမ်သည် အနိမ့်ပိုင်းကျသဖြင့် အမြုပ်ဆုံး ဖြစ်သွားသည်။
ရေကြည်ဦးရပ်ကွက်မှ ၁၃ နှစ်သား ၇ တန်းကျောင်းသားလေး ရေတောထဲမှာ အမေက အကြွေးတောင်းခိုင်းတာ ပြန်ရောက်မလာတော့။ သွားနေကျလမ်းပေမဲ့ ရေက ရင်ခေါင်းလောက်မှာ အမြဲရှိနေသည်။ လမ်းဘေးရေမြောင်းထဲ ခြေချော်ကျသွားလျင် ရေမကူးတတ်က သေဖို့လမ်းပဲရှိသည်။ ရေကြီးတာနဲ့ တိုက်ရိုက် မပါတ်သက်သော်လည်း သွယ်ဝိုက်ပါတ်သက်ပြီး သေခဲ့ရတာတွေရှိသည်။ ရေကြီးနေစဉ် လှေငှားရတာ ရိုးရိုးအချိန် ကားထွက်ငှားရတာနှင့် မတူ။ လှေရှိတဲ့နေရာသို့ ရေထဲမှ လမ်းလျောက် သွားခေါ်ရတာသည် လမ်းမပေါ်မှာ လမ်းလျောက်ရတာနှင့် အချိန်ကွာခြားမှု အများကြီးရှိသည်။ လှေက သူများငှားသွားလျင် ပြန်လာအောင် စောင့်ပေဦး။ ဒီလိုနှင့် လူမသိ သူမသိ သေခဲ့ရသည့် သက်ကြီးရွယ်အိုတွေ ရှိခဲ့တယ်ဆိုတာ ကြုံဘူးမှ သိခဲ့ရသည်။

ဝန်ထမ်းတွေချည်း နေခွင့်ရသည့် ပြည်တော်သာ ရပ်ကွက်သည် ရေကြီးခြင်းနှင့် ဘယ်တုန်းကမှ မကြုံဘူးခဲ့။ တထပ်တိုက်တွေ၊ နှစ်ထပ်တိုက် က အောက်ထပ်တွေထဲ ရေ၀င်နေတာ ဒူးခေါင်းမြုပ်သည်။ မျော့မမြင်ဘူးသည့် မြို့သားတွေ မျော့ဆိုသည့် သွေးစုပ်သတ္တ၀ါအကြောင်း ကောင်းကောင်းကြီး သိသွားခဲ့သည်။ ၀န်ထမ်းချင်းတူပေမဲ့ နေရာ ဌာနအလိုက် ၀င်ငွေတွေက မတူတော့ ရေကြီးတာကို ခံနိုင်ပုံချင်း မတူကြတော့။ ကျောင်းက တလကျော်ကျော် ပိတ်လိုက်ရတော့ ကျူရှင်မပြရသည့် ဆရာ ၊ဆရာမတွေ၊ သင်္ဘောတွေ မထွက်တော့ ကိုယ့်အခန်းလေး ရောင်းစားရတဲ့ ၀န်ထမ်းတွေ ၀န်ထမ်းလစာလေးနဲ့ ဘယ်လိုမှ စားမလောက်။ ကားလမ်း ရေလွှမ်းနေလို့ ဘယ်မြို့ကိုမှ ယာဉ်လိုင်းမထွက်တော့ လက်မှတ်ရောင်းတဲ့စာရေးတွေ၊ ကားဒရိုင်ဘာတွေ၊ အဲဒီကားတွေ သင်္ဘောတွေ ၊ ကျောင်းတွေကို မှီခို ပြီးဈေးရောင်းစားနေရတဲ့ ဈေးသည်လေးတွေ အလွှာအသီးသီးမှာ ဒုက္ခတွေကိုယ်စီနှင့်။
ဟင်္သာတရေကာတာ ကျိုးမှာစိုးလို့ ဖေါက်ပစ်ရတယ်ဆိုတဲ့ ပါးစပ်သတင်းမျိုးက အမှန်ဖြစ်ခဲ့ပြီး ရေဒီယို၊ တီဗွီ သတင်းတွေက ဘယ်မြို့မှာ စိုးရိမ်ရေမှတ်က ဘယ်လောက်၊ စိုးရိမ်ရေမှတ် ကို ဘယ်လောက်ကျော်သွားပြီ သတင်း အပေါ်ယံတွေသာ ကြားနေရသည်။ လူဘယ်နှစ်ယောက်သေပြီိး လယ်ဘယ်နှစ်ဧက ရေနစ်မြုပ်ခဲ့ပြီ။ ရေတိုးသည့် အရှိန်နှင့် တံတားဘယ်နှစ်ခုကျိုးခဲ့ပြီ၊ ငါးမွေးမြူရေးကန်တွေ ဘယ်လောက် ပေါက်ထွက်သွားပြီ ဆိုတာတွေကို ဖုံးကွယ်ထိမ်ချန် ထားခဲ့သည်။

ပုသိမ်ရောက်ခါနီး ကန်ကြီးထောင့်မြို့အလွန်က တံတားတခုကျိုးခဲ့သည်။ အဲဒီတံတားကို ကျိုးစေသည့် ချောင်းကလေးက ရေမကြီးသည့် သာမာန်အချိန်တုန်းက မြောင်းသာသာပဲ ရှိသည်။ ရေကြီးသည့် အခါ မြစ်ပြင်ကျယ်ကြီး ဖြစ်နေပြီး ရေစီးသံက အဝေးကပင် ကြားလောက်အောင် ကျယ်လောင် ပြင်းထန်ကာ ဘိလပ်မြေနည်းနည်း သံချောင်းနည်းနည်းဖြင့် ဖြစ်ရုံဆောက်ထားသည့် တံတားက ကျိုးခဲ့သည်။ ပုသိမ်ရန်ကုန် ကားလမ်း လည်း ထိုတံတားပြင်ပြီိးချိန်ထိ ပိတ်ထားလိုက်ရသည်။ ရထားလမ်းတွေ ရေကျော်သဖြင့် ဇလီဖားတုံးတွေ နေရာရွေ့ကုန်ကာ တချို့နေရာတွင် မြေကြီးကို ရေတိုက်စားပြီး ရထားသံလမ်းနှင့် အောက်ခံမြေကြီး တစ်ထွာ ကျော်လောက် ဟသွားသည်။ ရထားလမ်းသည် ကားလမ်းထက် စောစွာ ပိတ်လိုက်ရသည်။ အကျိုးဆက်အရ ရထား၊ ကားတို့နှင့် ၀င်သော ဟင်းသီးဟင်းရွက် တွေ လုံးဝမ၀င်တော့။

တမြို့လုံး ခင်ရာမင်ရာများ နှင့် စုစည်းထားသည့် စေတနာရှင်အဖွဲ့များ ဆယ်ဂဏန်းနီးပါး ရှိခဲ့သည်။ အချို့အဖွဲ့များက ကျောင်းသူ ကျောင်းသားလေးများ ဖြစ်သလို ၊ အချို့အဖွဲ့များက လုပ်ငန်းရှင်တွေ ဖြစ်ကြသည်။ အချို့က ငွေကြေးပမာဏ တော်တော်များ၍ အချို့က နည်းပါးကြသော်လည်း စေတနာတွေကတော့ ထပ်တူညီ ကြသည်။ ကိုယ်လှူခဲ့သည့် ရပ်ကွက်အကြောင်း အဖွဲ့ အချင်းချင်း ပြန်ပြောကြကာ တချို့နေရာတွေကို အဖွဲ့ချင်းပေါင်းကာ ထပ်လှူကြပြန်သည်။ ပုသိမ်တွင် ငွေအင်အားမတောင့်တင်းသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည်ပင် ရေဘေးသင့် ပြည်သူတွေကို ဆန်လှူခဲ့သေးသည်။

ဒီလို အလှူသတင်းတွေကြားတော့ နအဖရဲ့ ကြံ့ ဖွတ်အသင်းကြီးကလည်း ခေတ်နောက်မကျန်ရအောင် ပြင်ဆင်တော့သည်။ ရေမကြီးတဲ့ ရပ်ကွက်တွေ၊ ဈေးတွေမှာ အလှူခံထွက်သည်။ နာမည်ကြီး ဆန်စက်ပိုင်ရှင်၊ သင်္ဘောပိုင်ရှင်တွေ ဆန် ၅ အိတ်စီ၊ ရွှေဆိုင်၊ စတိုးဆိုင် ပိုင်ရှင်တွေ ဆန် ၁ အိတ် ၊ငွေ (၅၀၀၀)ကျပ်၊ ရိုးရိုး ဈေးဆိုင်တွေ တဆိုင် (၅၀၀)ကျပ် ဖြင့် ခွဲတမ်းချကာ ( ပါးစပ်မှ စေတနာရှိသလို ထည့်ပါဟု ပြောကာ )ကောက်ခံလေတော့သည်။ ထို အဖြူအစိမ်းဝတ် ကြံ့ ဖွတ်အဖွဲ့ကြီး လာတာ မြင်လျင် အချင်းချင်း အချက်ပြပြီိး ဆိုင်ပိတ်ပြေးကြသည်။ ဆိုင်ပိတ်ဖို့မမှီလျင်( ၅၀)ကျပ်လောက် ထည့်သည်။ ထိုအခါ စေတနာရှိ သလောက် ထည့်ပါဟု ပြောသည့် အလှူခံများသည် ၅၀ ထဲ ၊ ဘာလုပ်ရမှာလည်းဟု ရိုင်းစိုင်းစွာ ပြောကာ ၅၀ ကျပ်တန်ကို ပြန်ပေးသွားသည်။ ပုသိမ်မြို့သူမြို့သားများသည် နောက်နှစ်ရက်အကြာ တီဗွီသတင်းထဲတွင် ပုသိမ်မြို့တွင် ရေကြီးသဖြင့် ဒုက္ခရောက်နေသော ရေဘေးဒုက္ခသည် ပြည်သူများအား ဧရာဝတီတိုင်း ကြံ့ဖွတ်အသင်းကြီးမှ ဆန်အိတ်များ လှူဒါန်းပွဲကြီး အကြောင်း ခမ်းနားထည်ဝါစွာ မြင်တွေ့လိုက်ရလေတော့သည်။

(ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ပုသိမ် ရေကြီးခြင်း တစ်နှစ်ပြည့်နှင့် ထမင်းလှူပွဲ အမှတ်တရ )

ခံစားစေချင်လို့ 

ကိုနစ်နေမန်းရဲ့ ဇူလိုင် ဆဲဗင်းအမှတ်တရ လေးကိုဖတ်မိပြီး
ဒီသီချင်းလေးကို သတိရသွားပါတယ်၊
ဖတ်ပြီး ခံစားစေချင်လို့ပါ၊
အခုတင်ပေးမယ့် သီချင်းလေးကို ရေးသားသူက
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုခွန်ဆိုင်းဖြစ်ပါတယ်။
သူက ၁၉၇၄(ဦးသန့်အရေးအခင်း) ကျောင်းသားခေါင်းဆောင်တဦးဖြစ်သလို
မဆလလက်ထက်မှာ ထောင် ၁ ကြိမ်ကျခဲ့ပါတယ်၊
၁၉၈၈နောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေနဲ့
နအဖအကျဉ်းထောင်မှာ နှစ်ကြိမ်ထောင်ကျခဲ့သူပါ။
ဒုတိယအကြိမ် ထောင်ကျတာက ကျောင်းသားသမိုင်းစာအုပ်ပြုစုသူ ကိုအောင်ထွန်း
(ယခု အကျဉ်းထောင်ကျခံဆဲ) ကို ကူညီအားပေးမှုနဲ့ပါ။
သူက ကျောင်းသားသမဂ္ဂ ကို အမေနဲ့ တင်စားပြီးဖွဲ့ဆိုထားတဲ့သီချင်းဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေရဲ့ အကြားမှာတော့ အင်မတန်ခေတ်စားတဲ့ သီချင်းလေးပါ။ အခုစာသားတင်ပေးပါ့မယ်။
သီချင်းတင်ဖို့ ကတော့ ကြိုးစားနေပါတယ်၊

သမဂ္ဂအမေ

နယ်ချဲ့ဆန့်ကျင်ရေးအစ စတင်သန္ဓေတည်ခဲ့ရာ နန်းတက္ကသိုလ်ရင်ခွင်ဦးမှာ ကိန်းဝပ်ခဲ့သူအမေ
သူ့ကျွန်မခံလိုဘူးဟေ့ ဆန့်ကျင်တော်လှန်ကြစေ
ပုန်ကန်တာ သားတို့တရားလို့ အမေ ဟိုစဉ်မှာ လမ်းပြခဲ့တဲ့အမေ။

နယ်ချဲ့ဆန့်ကျင်ရေးအစ စတင်သန္ဓေတည်ခဲ့ရာ နန်းတက္ကသိုလ်ရင်ခွင်ဦးမှာ ကိန်းဝပ်ခဲ့သူအမေ
သူ့ကျွန်မခံလိုဘူးဟေ့ ဆန့်ကျင်တော်လှန်ကြစေ
ဟိုစဉ်မှာ သားကောင်းသမီးကောင်းတွေ
ဂုဏ်ယူစရာမွေးထုတ်ခဲ့တဲ့အမေ။

ဒေါင်းမိခင်ဂုဏ်ဒြပ်ကျေးဇူးကြီးမားလှပုံတွေ
သားတို့တတွေရင်မှာအောက်မေ့ ဦးညွှတ်မိတယ်လေ
သမီးတို့တတွေရင်မှာ အောက်မေ့ ဦးညွှတ်မိတယ်လေ
အများအကျိုးဆောင်ဘို့လေ တိုင်းကျိုးဆောင်ဘို့လေ
တိုင်းအကျိုးဆောင်ဘို့လေ အများကျိုးဆောင်ဘို့လေ
အရာရာမှာ စွန့်လွှတ်ဝံ့ကြစေ မြန်ဌာနေမလွတ်မြောက်သရွေ့တော့လေ။

CHO:( အောင်ဆန်းတို့အမေ ဗဟိန်းတို့အမေ အောင်ကျော်တို့အမေ
ချွန်မြကြစေ တွန်ကကြစေ ဇာနည်အိုးဝေ)၂
(မြန်ဌာနေမလွတ်လပ်သရွေ့တော့ လွတ်လပ်ဖို့ကို တပ်လှန့်လို့နေ
မြန်ဌာနေလွတ်လပ်တဲ့အခါ အမျိုးသားရေးတွေ ကြိုးစားခဲ့ပေ) ၂
အမေ အမေ အစဉ်အလာတွေကြီးမားခဲ့တဲ့အမေ။

သမိုင်းတခေတ်မှာလေ
အသည်းနင့်စရာအဖြစ်ဆိုး တို့ကြုံပြီဟေ
အာဏာလွှမ်းမိုးလက်နက်အားကိုးလေ
ပုလ္လင်ခြေဆီမှာလေ သမဂ္ဂအမေ လဲကျကြေမွ
ဇူလိုင်မြေ သွေးစွန်းခဲ့ရပေ
အမေ ကျဆုံးသူများဝိဥာဉ်တွေ အမေ့အားအစဉ် စောင့်ရှောက်ကာနေ
ကမ္ဘာတည်အောင်လေ ရာဇ၀င်မှာသေနိုင်ရိုးလားအမေ။

(သမိုင်းသစ်လာ ရှစ်ဂဏန်းအခြေ
အရိုင်းတခေတ်ဟာ ညစ်နွမ်းနေ) ၂
(ဘယ်လိုဖြိုဖျောက်လဲလေ သမဂ္ဂမြေ မပျောက်ပျက်ခဲ့ပေ
ဒီမိုရွှေ အုတ်ချပ်အသစ်တွေ အစားထိုးလို့ဖြင့် ကျေးဇူးတရားတွေ) ၂
အမေအမေ ကျေပွန်အောင် သားတို့ဆပ်ပါရစေ။
အမေ အမေ ကျေပွန်အောင် သမီးတို့ဆပ်ပါရစေ။

CHO: (အောင်ဆန်းတို့အမေ ဗဟိန်းတို့အမေ အောင်ကျော်တို့အမေ
ချွန်မြကြစေ တွန်ကကြစေ ဇာနည်အိုးဝေ) ၂
မြေသီလာ နန်းတက္ကနေ ခေါင်းလောင်းထိုးချေ ဒေါင်းလည်းအိုးဝေ
ကြိုနေမယ် သမဂ္ဂအမေ ရင့်ကျက်လဲလေ အပြုံးနုသစ်ဝေ
အမေ အမေ အမေဟာ ဘယ်တော့မှ မသေ။

Wednesday, June 20, 2007

My Life!

မိမိကိုယ်ကိုဆန်းစစ်ခြင်း

ဇွန် ၂၁ က ကျမရဲ့ မွေးနေ့ပေါ့။

ကျမတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရာသီခွင်တူလို့ ကျမက ကြံဖန်ဂုဏ်ယူနေတတ်သူပါ၊
အဲဒါကလွဲလို့ ဘာမှတော့ တူတာရှိသေးဘူးလေ။
မြန်မာပြည်အတွက် တတ်နိုင်သလောက်လုပ်ပေးချင်တာချင်းတော့ တူအောင်လိုက်တုနေတာပေါ့၊
ကျမကတော့ နှမ်းစေ့လောက် အသုံးဝင်ရင်တောင် ကျေနပ်မိမှာပါ။
ကျမလို နှမ်းစေ့လေးတွေများလာရင် ဆီဖြစ်ပြီမဟုတ်လား။
ကျမတို့သူငယ်ချင်းတစုက တနင်္လာသမီးတွေချည်းဖြစ်နေတာလည်း ထူးဆန်းနေတာပါပဲ။
ကျမသူငယ်ချင်း စာရေးဆရာမ(ခုတော့ ဘလော့ဂါမေငြိမ်း)က
နင်နဲ့ မွေးနေ့တူတာ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘနာဇီရာဘူတိုတဲ့။
သူကအဲလိုပဲ ကြီးကြီးတွေနဲ့ တူအောင်ရှာကြံပြောတတ်တယ်၊
ကျမကို အားပေးတာပေါ့လေ။
သူတောင် ၀န်ကြီးချူပ်ဖြစ်သေးတာပဲတဲ့။(ကွန်မန့်မှာ သူမှားတာ ၀န်ခံထားပြန်တယ်)
နင်လဲ ကြိုးစားရင် ကြယ် တစ်ပွင့်တော့ဖြစ်မှာပေါ့တဲ့၊
( ကျမတို့နှစ်ယောက် ကြယ်နှစ်ပွင့် စာတည်းဖြတ်ရေးလုပ်ငန်းဆိုပြီး ကြော်ငြာထိုးသေးတယ်။
ဒါပေမဲ့ အပ်တဲ့သူလည်း ဘယ်သူမှမရှိ။ စာအုပ်တွေမှာလည်း ကျမတို့ မတည်းဖြတ်ရတော့
စာလုံးပေါင်းတွေမှား၊ ၀ါကျကမမှန်၊ သဒ္ဒါအထားအသိုတွေလည်းလွဲ(မသဒ္ဒါကို ပြောခြင်းမဟုတ်) ပြောချင်တာဘာမှန်းမသိနဲ့ တော်တော်အခြေအနေဆိုးကုန်တာပေါ့။
စိတ်လျှော့လိုက်ပြီး ကိုယ့်ဖာသာကိုယ်ပဲစာတွေမှန်အောင်ရေးနေတော့တယ်၊)

ကျမမွေးနေ့မှာ နန်းကြီးသုပ် လုပ်စားမယ်။ လာလည်တဲ့ ဘလော့ဘော်ဘော်တွေတော့ ကျွေးမယ်။ အိမ်ကိုလူကိုယ်တိုင်လာလည်တဲ့သူတွေကိုတော့ မသိချင်ယောင် ဆောင်လိုက်မယ်လို့ တွေးထားတယ်။
ပျော်ပျော်နေ သေခဲဆိုလို့ ပျော်ပျော်နေကြည့်ပေမဲ့
လက်တွေ့ဘ၀က ကြမ်းတမ်းတော့ ထင်သလောက်မပျော်ပဲ ရယ်ရင်းမောနေရတော့တယ်။

ဗမာပြည်ကိုလည်း ပြန်ချင်လှပြီ။
ပြည်သူ့အချစ်တော်တွေကလည်း ကျမတို့အိမ်ပြန်ရင် တိုက်ခန်းတွေ ပေးမယ်။
တသက်လုံးနေဖို့ ရေမီးအစုံ။ ထမင်းဟင်းပါအပြည့်နဲ့၊ မနက်တခါ ညနေတခါပဲ တန်းစီပါဆိုတော့
အလုပ်မလုပ်ရရင် မနေနိုင်တဲ့ ဗီဇကြောင့် မပြန်ဖြစ်ပြန်ဘူး၊
ဒီလိုနဲ့ ပြည်တော်မပြန်ဖြစ်တာ ကြာလှပေါ့။

နီးရာဆွေမျိုးလုပ်နေရင်းကပဲ ဆွေမျိုးတွေက နည်းနည်းလာ။
အော် တတိယနိုင်ငံကျတော့လည်း မနားမနေ အလုပ်လုပ်မှ။
ကိုယ်လုပ်မှ ကိုယ်စားရတာ။ တယောက်နဲ့တယောက်လည်း ပြန်မကြည့်နိုင်လို့ ဆိုပြန်တော့--
အဲလောက်လဲ အပင်ပန်းမခံချင်တာနဲ့ ဒုတိယနိုင်ငံမှာပဲ ခြေစုံရပ်။

ကဲ---

၄၂ နှစ်တာ ကိုယ့်သက်တမ်းတလျှောက်

ချစ်ခင်လေးစားယုံကြည်တဲ့လက်တွဲဖော်ရယ်။

ချစ်ခင်မြတ်နိုးရတဲ့ သားတယောက်ရယ်နဲ့

ဘ၀ကိုပုံလို့ ကံကြမ္မာနဲ့ စီးချင်းထိုးဆဲပါ။

ချစ်ခင်စွာဖြင့်

ခင်မင်းဇော်

Tuesday, June 19, 2007

poem

သူမတို့မှတ်တမ်း

(၁)
ထောင်ဆိုတာပန်းပဲဖိုတဲ့
သံမှန်ရင်တော့ ဓါးကောင်းတလက်ဖြစ်လာမယ်။
အဲဒီလိုကြုံးဝါး
မတွန့်စတမ်းရှေ့ဆက်
အများအတွက်ပေးဆပ်မယ်။
သူမ
ထောင်ကိုလည်း မကြောက်တရားနဲ့ ၀င်ရဲတယ်။
ထောင်အပြင်တန်းမရှိပေမဲ့
ထောင်တွင်းတိုက်ပွဲ ဆင်နွဲ
တိုက်ထဲမှာလည်းနေခဲ့တယ်။

(၂)
အဖေက အင်းစိန်
မောင်အကြီးက မန္တလေး
မောင်ငယ်လေးက ပုသိမ်
တနယ်ရပ်ခြားအပျော်သွားကြတာတော့ မဟုတ်ဘူး။
(၇)နှစ်မှ နှစ်(၂၀) ကျော်ထိ အမှည့်ခြွေခြွေဖို့
ထောင်ထဲမှာ နေရမတဲ့
တရားမဲ့အမိန့် ချမှတ်ပြီးတဲ့နောက်မှာ။
ထောင်တထောင်ချင်း အလှည့်ကျ သွားနိုင်ဖို့
သမီးငယ်ကြိုးစား လူလုံးမလှပေမဲ့
ထောင်ဝင်စာ ရိက္ခာထုပ် လှလှပပထုတ်နိုင်အောင်
အားထုတ်တတ်ပါတယ်အဖေ။

(၃)
ယောက်ျားက အင်းစိန်
သားကြီးက ကလေး
သားမက်က မြင်းခြံ
အလျဉ်မီအောင်လှည့်ပတ်
အမေ့အိပ်ကပ်လည်း ပြားချပ်နေခဲ့ပြီ။

(၄)
လာစမ်းဟဲ့ လောကဓံ
အားမာန်နဲ့တင်း
စစ်ဖိနပ်အောက်
ဘယ်တော့မှ ဒူးမထောက်နဲ့
(အပြင်မှာ) တို့အားလုံးအဆင်ပြေတယ်။
ကျူရှင်ပြ၊ ဈေးရောင်း၊ စက်ချုပ်
နည်းမျိုးစုံအောင်ရုန်း
ပါရမီဖြည့်ဖက်တွေ
ပါရမီဖြည့်ခဲ့တယ်။

(၅)
အဖေနဲ့သား
မောင်နဲ့ ယောက်ျား
သမီးနဲ့မြေး
သူတို့တွေကြံ့ကြံ့ခံနိုင်ဖို့
သတင်းလိုချင်လား၊ ဟင်းလိုချင်လား
လိုချင်တာရမယ်တဲ့၊
နောက်ကွယ်က ပြေးလွှားလှုပ်ရှား
သူမ သူမတွေကြောင့်
ကျမတို့ နိုင်ငံရဲ့
သူရဲကောင်းမှတ်တမ်းမှာ
အမှတ်စဉ်တွေ တိုးခဲ့တယ်။

(၆)
အသိအမှတ်ပြုခြင်း မပြုခြင်းတွေနဲ့မဆိုင်
သူမတို့ကတော့
ကန့်လန့်ကာနောက်ကွယ်က
သူမတို့နိုင်တဲ့ဝန်
သူမတို့ ထမ်းနေခဲ့ကြတယ်။

(ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင်ကျရောက်သော မြန်မာနိုင်ငံအမျိုးသမီးများနေ့တွင် ခံစားရေးဖွဲ့ပါသည်။)

(ခေတ်ပြိုင် အွန်လိုင်းမဂ္ဂဇင်းတွင်ဖော်ပြပြီး)

Sunday, June 17, 2007

ကျမတို့မျိုးဆက် ဘာလုပ်ပေးရမလဲ

မြန်မာပြည်ရဲ့နိုင်ငံရေးဟာ အချိုးအကွေ့တခုကို ရောက်တော့မယ်လို့ မကြာခဏ သတင်းတွေထဲမှာ နားထောင်ရပါတယ်၊ ဒီလိုနဲ့ပဲ ၁၉ နှစ်ပြည့်တော့မှာပါ။ ရွေးကောက်ပွဲ အနိုင်ရခဲ့တာလည်း ၁၇ နှစ်ရှိခဲ့ပါပြီ။ ပြည်တွင်းမှာတော့တကယ်ဇွဲရှိတဲ့သူတွေ၊ ခိုင်မာတဲ့ ယုံကြည်ချက်ရှိသူတွေသာ စစ်အုပ်စုနဲ့ ဆန့်ကျင်ဖက် လမ်းမှာ ရပ်တည်နေနိုင်တော့တဲ့ အချိန်လည်းဖြစ်ပါတယ်။

မေလ ၂၄ ရက်နေ့ က သတင်းတွေမှာ အမေရိကန်သမ္မတကတော် လော်ရာဘုရှ်နဲ့ အထက်လွှတ်တော် အမျိုးသမီးအမတ်တွေက မြန်မာနိုင်ငံမှ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဘို့  မြန်မာစစ်အစိုးရကို တောင်းဆိုတဲ့အကြောင်း နားထောင်လိုက်ရပါတယ်။့ အဲဒီအဖွဲ့ ကပဲ မြန်မာ့အရေး ကုလ သမဂ္ဂလုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်တရပ် ချမှတ်ပေးဖိှု့ တောင်းဆိုကြောင်း ကုလသမဂ္ဂ အတွင်း ရေးမှူးထံ စာရေးလက်မှတ်ထိုးတောင်းဆိုလိုက်တဲ့သတင်းကိုလည်း တဆက်တည်း ကြားသိလိုက် ရပါတယ်၊

ဒီသတင်းတွေနဲတချိန်တည်းမှာပဲ ထိုင်းမြန်မာနယ်စပ်မှာလည့်းမေ၂၇ ရက်မှာ ကျရောက်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (၁၇) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စကားဝိုင်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီရဲ့စကား ၀ိုင်းတွေကို ရွှေ့ ပြောင်းမြန်မာ အလုပ်သမားတွေကြားမှာ ကျင်းပပြုလုပ်နေတဲ့အချိန်လဲ ဖြစ်နေပါတယ်၊တချို့ စကားဝိုင်းတွေ ကို ကျမတက်ရောက် နားထောင်ဖြစ်ခဲ့ပါတယ်။

အလုပ်သမားအများစုက အသက် ၃၅ နှစ်အောက်ဖြစ်နေကြလေတော့ မဲထည့်ခဲ့ဖူးသူ အင်မတန်နည်း ပါတယ်၊ အဲဒီအခါ စကားဝိုင်းတွေမှာ မဲထည့်ရဖို့ အတွက်ဘယ်လို အဖြစ်အပျက်တွေကစခဲ့တယ်ဆိုတာကနေ စတင်ရှင်းပြတာကို ကြားရပါတယ်။

အဲဒီကတဆင့် ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အကျိုးဆက်အဖြစ် ရွေးကောက်ပွဲကို ရရှိခဲ့တဲ့ အကြောင်းပြောပြီးတဲ့နောက်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အနေနဲ့ မဲအောင်နိုင်ခဲ့တဲ့ အဖြစ်အပျက် တွေကို ဆက်လက်ရှင်းပြကြပါတယ်၊

သူတို့ တွေနဲ့ စကားဝိုင်းအတွင်းနားထောင်နေရင်း ကျမစိတ်က ဒီအကြောင်းတွေနဲ့  အတူ ကျမတို့ နိုင်ငံရဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို မိတ်ဆက်ပေးလိုစိတ် ဖြစ်ပေါ်နေ မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆိုတာနဲ့ မြန်မာနိုင်ငံအတွင်းမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူလို့ ကမ္ဘာက အသိအမှတ်ပြုထားပြီးသားဖြစ်ပါတယ်၊ သူမခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ဟာ ၁၉၉၀ ခှုနှစ် မှာကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာ ၈၂ ရာခိုင်နှုန်းကျော်နဲ့ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်ဆိုတဲ့ အချက်တွေနဲ့ အခုလို အောင်ပွဲခံခဲ့ တာနဲ့ ပတ်သတ်ပြီးတော့ မြန်မာနိုင်ငံက ပြည်သူလူထုတွေ ဟာ နိုင်ငံရေးအရအင်မတန်ရင့်ကျက်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ (၁၂) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာပြည်သူလူထုနဲ့ တကွ ဒီချူပ်အဖွဲ့ ဝင်တွေကို ပြောကြားခဲ့သလို ၁၉၉၈ ခုနှစ်မေလ ၂၈ ရက်နေ့ ကပြောကြားခဲ့တဲ့ အနိုင်ရပါတီ အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ လည်း " ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ပေးတာဟာ ပြည်သူတရပ်လုံးကို လိမ်လည်လှည့်ဖျား စော်ကားရာရောက်တယ်။

အာဏာပိုင်တွေဟာ မိမိတို့ သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျုရှုလိုက်၊ လိုချင်တဲ့ ရလဒ်ဖြစ်လာနိုးနိုး ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်နဲ့  လုပ်နေမယ်ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်ကို ကစားရာရောက်ပါလိမ့်မယ် ၊ တိုင်းပြည်ရဲ့  အနာဂတ်ဆိုတာ ကစားရမယ့် အရာမဟုတ်ပါဘူး။ တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့် အရာသာဖြစ်ပါတယ်၊ ဒါ့ကြောင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုအကောင်အထည်မဖော်ပဲ နောက်ရွေးကောက်ပွဲ အသစ် ကျင်းပရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်က လုံးဝလက်ခံမှာ မဟုတ်ဘူးလို့  ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။" လို့ ပြောကြားသွားပါတယ်၊

ကျမစိတ်ကူးတွေထဲက ရွှေ့ ပြောင်းအလုပ်သမားတွေကို ပြောပြချင်နေတဲ့ စကားလေး တွေပါ၊ ပြည်သူတွေထဲက သာမန်ပြည်သူတယောက်အဖြစ်ဆွေးနွေးလိုတဲ့ အကြောင်းအရာ လေးတွေကိုစာတပုဒ်အဖြစ် တင်ပြလိုက်တာပဲ ဖြစ်ပါတယ်၊

ဒီမေ ၂၇ အကြိုစကားဝိုင်းလေးတွေမှာ ရွေးကောက်ပွဲ ရလဒ်ကိုဆုပ်ကိုင်ထားရတဲ့ အကြောင်းတွေနဲ့ တဆက် တည်း ဟောပြောနေတဲ့စကားတွေက ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြီးတော့မှာမို့  လူထုဆန္ဒခံယူပွဲမှာ ကန့် ကွက်မဲ ထည့်ရန်ဖြစ်နေလို့ ပါပဲ၊ကျမတယောက်တည်း စဉ်းစားမိသလောက်ပြောရရင် ဗိုလ်ချူပ်သန်းရွှေအနေနဲ့  အခြေခံဥပဒေကိုအဆုံးသတ်၊ လူထုဆန္ဒခံယူ ၊ ရွေးကောက်ပွဲ အသစ်လုပ် ဒါတွေလုပ်ရင် ကိုယ့်ကိုယ်ကို သေတွင်းပို့ တာနဲ့  တူနေပါ့မယ်၊ သူအသက်ရှင်သ၍ အာဏာကိုင်ထားမှ ဖြစ်မှာမို့  အာဏာလက်လွှတ်ရမယ့် အဖြစ်ကိုမလုပ်ပါဘူး၊ ဒါဆို ဒီလိုလုပ်မယ်ဆိုတာတွေက ဘယ်လိုထွက်လဲလို့ မေးရင် နိုင်ငံတကာကို မျက်စိလည် အောင်လို့ ပါလို့ ကျမက ဖြေချင်ပါတယ်၊

နောက်တချက်က တကယ်ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ကြံ့ဖွတ်ကို ပါတီပြောင်းဖို့ က ထင်သလောက် မလွယ်ပါဘူး၊ နိုင်ငံရေးပါတီဖြစ်လာပြီမို့  ၀န်ထမ်းတွေ။ ကျောင်းသားတွေ ထွက်ပေးရပါမယ်၊ နိုင်ငံတော်ပိုင် ငွေတွေနဲ့  ၀ယ်ယူထားတဲ့ အဆောက်အဦးတွေ။ ကားတွေ။ နိုင်ငံတော်ပိုင်ငွေ ပြည်သူတွေပိုင်တဲ့ ငွေတွေနဲ့ တည်ထောင်ထားတဲ့ သင်တန်းတွေ၊ အားလုံးကို လွှဲအပ်စာရင်းလုပ်ရဦးမှာပါ၊ ၂၄ သန်းရှိပါတယ်ဆိုတဲ့ အဖွဲ့ ဝင်တွေထဲက ဘယ်နှစ်ယောက်ကျန်ပါလေဦးမလဲ။

ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပရင် အခုထဲက မဲဆွယ်စည်းရုံးရမယ့် ပြည်သူတွေကို ကူညီနေတဲ့ နာရေးကူညီမှုအသင်းလို ။ အခမဲ့ဆေးခန်းတွေလို လူမှုရေးအသင်းအဖွဲ့  တွေကိုလည်း ဖျက်ပစ်စရာ အကြောင်းမရှိပါဘူး၊ အခုလိုဖျက်ပစ်တာဟာ သူတို့ ကို ပြည်သူတွေက နာကျည်းမယ်ဆိုတာ သူတို့ သိပါတယ်၊ ရွေးကောက်ပွဲကိုပြင်ဆင်နေသူတို့  အနေနဲ့ သူတို့ အနှုတ်လက္ခဏာဖြစ်မယ့်အလုပ်မျိုးကို လုပ်မယ်မထင်ပါဘူး၊

ဒါ့ကြောင့် အခြေခံဥပဒေပြီးတော့မယ် ဆိုတာကအစ ကျမကမယုံပါဘူး။ ပြီးချင်ရင် ပြီးလို့ ရတာ ကြာနေပါပြီ၊ မပြီးချင်လို့ တမင်အချိန်ဆွဲပြီး နိုင်ငံတကာကို လေသံကောင်း ဟစ်ပြနေတာပါ၊

ဒါဆိုရင် ကျမတို့ ဖက်က ဘာကြောင့်သူ့ ရဲ့ ထွင်လုံးတွေထဲမှာ နစ်မြုပ်ခံနေရပါသလဲ၊

ကျမမေးလိုတဲ့ မေးခွန်းလေးပါပဲ။ ဘာ့ကြောင့်ကျမတို့ တွေက စစ်အုပ်စုရဲ့ ဆိုက်ဝါးတွေထဲမှာ ပိတ်မိနေတာလဲ၊ သူတို့ ခင်းတဲ့ လမ်းကိုပဲ ကျမတို့ က ဘာလို့ လျှောက်နေရတာလဲ။ ကိုယ့်ဖာသာကိုယ် လျှောက်ရမယ့်လမ်းကို ဘာ့ကြောင့် မရွေးချယ်ကြပါသလဲ၊

ပြည်သူလူထုကြီးကိုမနစ်နာစေချင်လို့ ၊ သွေးထွက်သံယိုမှုတွေကိုမကြုံစေချင်လို့ ဆိုတဲ့ စကားတွေနဲ့ ကျမတို့ မျိုးဆက်တွေကို ညံ့ဖျင်းတဲ့ ဆင်းရဲတဲ့ တိုင်းပြည်တွင်းက မထူးချွန်တဲ့ မထက်မြက်တဲ့ လူငယ်တွေအဖြစ် သမိုင်းရေးသွားစေမှာလား၊ သွေးထွက်သံယိုဆိုတာ ကျမတို့ပြည်သူက ရွေးချယ်တာမဟုတ်ပါဘူး၊ ကျမတို့ ပြည်သူတွေက လက်နက်ဆိုလို့ အပ်တိုတချောင်းတောင်မပိုင်ဆိုင်ပါဘူး၊ ဒီလို လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ ပြည်သူတွေကို အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ပြီး သွေးချောင်းစီး စေခဲ့တာက လက်နက်ကိုင် အုပ်စိုးသူတစုပါ၊

ရွေးကောက်ပွဲ ၁၇ နှစ်မြောက်နှစ်ပတ်လည်နေ့ ။

အဲဒီမေးခွန်းတွေရဲ့ အဖြေကို ကျမရခဲ့ပါပြီ။ ကျမတို့ သွားရမယ့်လမ်းကို ရှင်းရှင်းလေး မြင်နေရပါပြီ။ မှတ်မှတ်ရရ ၂၀၀၇ ခုနှစ် မေလ ၂၇ ရက်နေ့ က ရွှေတိဂုံဘုရားမတက်ရလို့ အဖွဲ့ ချူပ်ရုံးရှေ့  မှာ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် က ရှင်းရှင်းလင်းပြသခဲ့ပြီ ဖြစ်ပါတယ်၊ ကျမတို့ ပြည်သူတွေရဲ့ အချုပ်အချာအာဏာ တွေကို မတရားရယူ အုပ်ချုပ်နေတဲ့ စစ်အုပ်စုကြိုက်ကြိုက် မကြိုက်ကြိုက် ကျမတို့ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးရဲ့ ထုံးနှလုံးမူပြီး အရေးတော်ပုံကြီးကို သတ္တိရှိရှိနဲ့  ဆက်လက်ဆင်နွဲသွားမယ်လို ကိုမင်းကိုနိုင်တို့ နဲ့ ထပ်တူ ပြည်သူလူထုကြီးက သစ္စာပြု လိုက်ပါတယ်၊ ကျမတို့ ပြည်သူက ပြည်သူ့ လမ်းကိုရှေ့  ဆက်လျှောက်ရမှာဖြစ်ပြီး စစ်အုပ်စု အာဏာရှင်ကလည်း သူ့ လမ်းကို သူရွေးချယ်ရမှာ ဖြစ်ပါတယ်၊

ဒီပဲယင်းလုပ်ကြံမှုတရားခံတွေကို စစ်အုပ်စုက မဖော်ထုတ်ပေးဘဲ လုပ်ကြံခံရသူတွေကို ဖမ်းဆီး ထောင်ချထားခဲ့တာလည်း တကမ္ဘာလုံးအသိပဲမဟုတ်လား၊ ကျမတို့ ပြည်သူ တွေက ကျမတို့ ခေါင်းဆောင် လွတ်မြောက်ရေးအတွက် တောင်းဆိုတိုက်ပွဲ ၀င်ကြရမှာလည်း အမှန်လမ်းပါပဲ၊ ဒါကိုလည်း စစ်အုပ်စုရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ စွမ်းအားရှင် ။ ကြံ့ ဖွတ်အဖွဲ့  ၀င်တွေက ဆုတောင်းပွဲတွေမှန်သမျှကို နှောက်ယှက် ဖျက်ဆီး ဖမ်းဆီးနေတဲ့ အပြင် အခု ပြည်သူ့ အရေခြုံပြီး ပြည်သူတွေပါလို့ ပြောကာလိုက်လံနှောက်ယှက် နေပြီဖြစ်တယ်၊

စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို မလိုမုန်းထားကာ ပုဂိုလ်ရေး တိုက်ခိုက်တဲ့ စကားတွေနဲ့ စစ်တပ်အတွင်းနဲ့  ကြံ့ ဖွတ်အဖွဲ့ အစည်းကို စည်းရုံးထားတာကိုတွေ့နေရတယ်၊

ကျမတို့ အနေနဲ့ ဒီအခြေအနေကို ချေဖျက်ပစ်ဖို့  စစ်အုပ်စုသိမ်းသွင်းထားသူတွေ တကယ်မုန်းတီးရမယ့် အရာတွေကို ထောက်ပြပေးသင့်တယ်လို့ ထင်ပါတယ်၊

တကယ်မုန်းတီးရမယ့်သူက ဘယ်သူတွေပါလဲ။ ကျမတယောက်ထဲအမြင်ကတော့

အခုတိုင်းပြည်ထဲက သယံဇာတ သစ်နဲ့ တကွ သဘာဝဓါတ်ငွေ့ တွေကို ဘယ်သူတွေက ဈေးပေါပေါနဲ့ ရရှိနေသလဲ။ အနီးကပ်ဆုံး မိတ်ဆွေယောင်ဆောင်ထားတဲ့ ရန်သူအစစ်ကို လက်ညှိုးထိုးပြရပါလိမ့်မယ်၊ တကယ်တော့ ကျမတို ဒုတိယရန်သူအစစ်ဟာ တရုပ်ပြည်ရဲ့အစိုးရပါ၊ သူက သူတို့ တိုင်းပြည်ကောင်းစားဖို့  ကျမတို့ မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေ တောင်းဆိုမှုတွေ အားလုံးကို မျက်ကွယ်ပြုထားတာကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်၊ ဘာဖြစ်လို့တရုပ်တွေကို ဒုတိယရန်သူနံပါတ်တပ်ရတာလည်းဆိုတော့ ပထမရန်သူက တိုင်းပြည် ရဲ့သယံဇာတပစ္စည်း တွေကို မိမိပိုင်အလားသုံးစွဲပြီး သူတို့အာဏာတည်မြဲရေး အတွက်၊ သူတို့ လက်နက်တွေ ၀ယ်ယူရရှိရေးအတွက် လာဘ်ထိုးနေတဲ့ တကယ်မျိုးချစ်စိတ် မရှိတဲ့စစ်အုပ်စု ဖြစ်နေလို့ပါပဲ။

ရွှေ့ပြောင်းအလုပ်သမားတွေဆိုတာလည်း ပြည်သူတွေထဲက ပြည်သူတွေပါပဲ။ သူတို့  တွေအနေနဲ့ စကားဝိုင်း တွေကို တက်ရောက်နားထောင်ရဲတဲ့အပြင် မေးခွန်းတွေ ကိုလည်း တက်တက်ကြွကြွမေးမြန်းလာကြပါတယ်၊ တချို့မေးခွန်းတွေက သိပ်စိတ်ဝင်စားစရာ ကောင်းတာကိုလည်းတွေ့မြင်ရပါတယ်၊

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင်ရော သုံးပွင့်ဆိုင်ဆွေးနွေးရေးက တကယ်ဖြစ်လာမှာလားတဲ့၊

ကျမကတော့ တွေ့ဆုံဆွေးနွေးရေးလုပ်တာနဲ့ သူ့အာဏာလက်လွှတ်ရမှာမို့ ဘယ်တော့မှ မလုပ်ဘူးလို့ ပြောချင်ပါတယ်၊ ဒါဆိုရင်ဘယ်အချိန်မှာ လုပ်မှာလည်းဆိုရင်တော့ မဖြစ်မနေ ပြည်သူလူထုကြီးက တွန်းအားပေးနိုင်တဲ့အချိန်၊ နအဖစစ်အုပ်စုအနေနဲ့ဘယ်လိုမှ ထွက်ပေါက်မရှိအောင် ချောင်ပိတ်မိနေတဲ့ အချိန်မှာတော့ သူတို့ဆွေးနွေးပါလိမ့်မယ်၊

အဲဒီအချိန်ရောက်ဖို့ ကျမတို့အားလုံးရဲ့ပုခုံးပေါ်မှာ တာဝန်တွေရှိပါတယ်၊ လူတဦးချင်းကစပြီး ကိုယ်တတ်နိုင်သလောက်လုပ်ရပါ့မယ်။ ကိုယ်တိုင်မလုပ်နိုင်ရင် လုပ်နိုင်တဲ့သူကို အားပေးခြင်း၊ ထောက်ပံ့ခြင်း၊ ကူညီခြင်း တွေလုပ်ရမယ်၊ ဒါ့အပြင် စစ်အုပ်စုကို တော်လှန်နေတဲ့ ဘယ်လမ်းစဉ်ကိုမဆို အားပေးရလိမ့်မယ်၊ ဒီအချက်က ဘုံရန်သူအဖြစ်သတ်မှတ်နိုင်မှုကို ပြတာပဲဖြစ်ပါတယ်၊

နောက်တယောက်ကတော့ ဒီရက်ပိုင်းအတွင်းမှာပဲ အဝေးရောက်မြန်မာတဦးက အမွေဆိုတဲ့ခေါင်းစဉ်နဲ့ ခေတ်ပြိုင်ကလောင်သစ်ကဏ္ဍမှာရေးလာတဲ့ ဆောင်းပါးလေးတပုဒ်ကို ဖတ်မိပါတယ်၊ ဆောင်းပါးထဲမှာ သူအရမ်းကြိုက်တဲ့စာသားလေးအတိုင်း ဖြစ်နေပြီလားတဲ့။ စာသားလေးကတော့ တို့ခေတ်တုန်းကလူငယ်တွေက တိုင်းပြည်အတွက် ဘာလုပ်ပေးရမလဲ ဆိုတာပဲ စဉ်းစားကြတယ်တဲ့။ အခုခေတ်လူငယ်တွေကတော့ တိုင်းပြည်က ကိုယ့်ကို ဘာပြန်လုပ်ပေးမလဲပဲ စဉ်းစားကြတယ်တဲ့။

ကျမကတော့ ဖြစ်နေပြီလားလို့  မမေးပဲ မဖြစ်အောင်ကိုယ်တိုင်က ကြိုးစားရမယ်လို့ မြင်မိပါတယ်။ ဆရာမဂျူးက ပင်လယ်နှင့်တူသော မိန်းမမျာ့း ဝတ္ထုမှာ အဲဒီစာသားကို ထည့်ရေးသွားပါတယ်၊ အဲဒီဝတ္ထုကို သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး တခါက ဧရာဝတီညများ ဆိုတဲ့ ရုပ်ရှင်ကားမှာလည်း ဇာတ်ကောင် ဟင်္သာ အဖြစ်သရုပ်ဆောင်တဲ့ လွင်မိုးကို ပြောစေခဲ့ပါသေးတယ်။

တကယ်တော့ ကျမတို့တိုင်းပြည်မှာ လိုနေတာကဘာလုပ်ပေးမလဲဆိုတဲ့ မျိုးဆက် မဟုတ်ပါဘူး။ ဘာလုပ်ပေးရမလဲဆိုတဲ့ လူငယ်မျိုးဆက်သစ်တွေကိုပါ၊ ကိုယ်တိုင်က ဘာလုပ်ပေးမလဲလို့မေးရမယ့် အစိုးရကောင်းလက်ထက်မှာမဟုတ်သလို အမွေကောင်း မရနိုင်တော့တဲ့အချိန်အခါမှာ လူဖြစ်နေရတာမို့ ကျမတို့နောက်မျိုးဆက်တွေ အမွေကောင်းရဖို့ကျမတို့က အနစ်နာခံ စွန့်လွှတ်လုပ်ပေးရမှာက သမိုင်းပေး တာဝန်။ လက်ဆင့်ကမ်းရမယ့်တာဝန်အမွေပါပဲ။

ကိုမင်းကိုနိုင်နဲ့တကွ ကျောင်းသားလူငယ်တွေ၊ ပြည်သူတွေက ဘာတခုမှ အမွေကောင်း မကျန်နိုင် တော့တဲ့တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင်လုပ်ဖို့ မေလ ၂၇ ရက်နေ့က သစ္စာပြု လိုက်ကြပြီလေ။

ကျမတို့မျိုးဆက်တွေအားလုံးဟာ လွတ်လပ်ရေးအရယူပေးခဲ့တဲ့၊ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့ မျိုးဆက် ခေါင်းဆောင်တွေနဲ့ ၊ အခုလက်ရှိစစ်အာဏာရှင်စစ်အုပ်စုကို ရင်ဆိုင်နေတဲ့ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ငါတို့တိုင်းပြည်အတွက် ငါတို့ဘာလုပ်ပေးရင် ကောင်းမလဲဆိုတဲ့ စိတ်ဓါတ်မျိုးမွေးမြူနိုင်အောင် ကြိုးစားကြရ ပါလိမ့်မယ်၊

ဒါ့အပြင် ကိုယ့်တိုင်းပြည်အကျိုးကို လော်ရာဘုရှ်တို့ လိုချင်တာထက် ကျမတို့ပြည်သူ က ပိုလိုချင်တယ်ဆိုတာ အမှန်တရားပါ၊ နိုင်ငံခြားက လုပ်ပေးသည်ဖြစ်စေ၊ မလုပ်ပေးသည် ဖြစ်စေ၊ ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ။ ကိုယ့်တိုင်းပြည်အတွက် ကိုယ်တိုင် အနစ်နာခံလုပ်ရမှာပဲ ဖြစ်ပါတယ်၊

"လမ်းတွေပေါ်မှာ အသက်ပါပေးခဲ့ပြီးပြီ။ကျနော်တို့ကို ဘယ်ခြိမ်းခြောက်မှုမျိုးကိုပဲ ကြောက်မယ့်သူလား။(မကြောက်ဘူး၊မကြောက်ဘူး) အဲဒါကို သက်ဆိုင်ရာအာဏာပိုင်တွေ သဘောပေါက်ပါ။ ပြည်သူလူထုအရေခြုံထားတဲ့လူလိမ်လူညာတွေနားလည်ပါ၊ကမ္ဘာ့နိုင်ငံက ကမ္ဘာ့ပြည်သူတွေအားလုံးအသိအမှတ်ပြုဖို့ ကျနော်တို့ သတ္တိရှိတယ်ဆိုတာကို ပြမယ် မဟုတ်လား၊(ပြမယ်။ပြမယ်)

ကိုမင်းကိုနိုင်နဲ့တကွ ပြည်သူလူထုတွေကတော့ မေ ၂၇ ရက်နေ့က ပြည်သူ့အရေခြုံတချို့တွေရဲ့ ရန်စမှု ၊ အကြမ်းဖက်တိုက်ခိုက်ရန်ကြိုးစားမှုတွေကို ငြိမ်းချမ်းစွာ ကျော်ဖြတ်ပြခဲ့ပြီဖြစ်ပါတယ်၊ ဒီမိုကရေစီနဲ့ မြန်မာပြည် သူလူထုက ဘယ်လိုထိုက်တန်ပါတယ် ဆိုတာကို လက်တွေ့ပြသခဲ့ပြီ ဖြစ်ပါတယ်။ မတရားတဲ့ အမိန့် အာဏာတွေကို ဘယ်လိုဖီဆန်ရမယ်ဆိုတာ ပြည်သူတွေကို သင်ခန်းစာ ပေးခဲ့ပြီမို့ ကျမတို့ကလည်း တိုင်းပြည် တိုးတက်ပြောင်းလဲစေဖို့ ကျမတို့တတ်နိုင်တဲ့ဝန်ကိုထမ်းပေးဖို့ အခုကစလို့ ကြိုးစားလုပ်ဆောင်ကြပါစို့။ ကျမတို့မျိုးဆက်အနေနဲ့ တိုင်းပြည်အတွက် ဘာလုပ်ပေးရမလဲဆိုတဲ့ မျိုးဆက်အဖြစ် သမိုင်းရေးလိုက်ကြပါစို့ လို့ဖိတ်ခေါ်ပါရစေ။

ခင်မင်းဇော်


ဒီနေ့  ခံစားချက်

ဘလော့ဂ်တွေလိုက်ဖတ်ရင်းနဲ့ ကိုယ်ပိုင်ဘလော့ဂ်တခုကို ဖန်တီးကြည့်ချင်စိတ် ဖြစ်ပေါ်လာမိတယ်။ ကိုယ်တယောက်တည်း ခံစားမိသမျှကို ကျန်တဲ့သူတွေကိုပါ ဝေမျှပေးနိုင်တာကိုတွေ့ရသလို ကိုယ်ယုံကြည်ရာကို ဘယ်သူ့မျက်နှာမှ မထောက်ပဲ လွတ်လွတ်လပ်လပ်ရေးနိုင်တာကိုလည်း တွေ့ရတယ်။ ကိုယ်ကြိုက်ပေမဲ့ အယ်ဒီတာကပယ်နိုင်တာမို့ ဘယ်ကိုမှမပို့ဖြစ်တဲ့ စာတွေ၊ ပို့ပေမဲ့ ပယ်လိုက်လို့ ဘယ်သူမှ မဖတ်ရသေးတဲ့စာတွေကို ကိုယ်ပိုင်တဲ့စာမျက်နှာမှာ တင်ထားနိုင်တဲ့ အခွင့်အရေးလည်း ရတယ်မဟုတ်လား။ စာတွေ ပိုရေးဖို့အတွက် တွန်းအားတခုလည်းဖြစ်နိုင်သေးတယ်လေ၊ ဘာလို့လဲဆိုတော့ အသစ်တင်တာသိပ်ဝေးလွန်းတဲ့ စာမျက်နှာကိုလူတွေက စိတ်မ၀င်စားဘူးဆိုတော့ ကိုယ့်ဘလော့ဂ်က စာတွေကောင်းကောင်းတင်နိုင်မှ လူတွေလည်လည်လာကြမယ်လေ။ ကိုယ့်ပြည်အရေးကို ကိုယ့်လိုပဲစိတ်ပါဝင်စားတဲ့သူ၊ တစုံတရာ ပြောင်းလဲနိုင်ဖို့ အားကြိုးမာန်တက်ကြိုးစားနေသူတွေ၊ ကိုယ်လုပ်နိုင်တဲ့နေရာ ၊ ကိုယ်နိုင်နင်းတဲ့ တထောင့်တနေရာကနေ တတ်နိုင်သလောက်ပံ့ပိုးနေသူတွေကို ဘလော့ဂ်စာမျက်နှာမှာ တွေ့လိုက်ရတော့ အားတက်ဝမ်းသာမိပါတယ်၊ ဒီလိုအင်အားတွေနဲ့ပဲ ပြည်တွင်းလှုပ်ရှားမှုတွေကို အားဖြည့်ပေးကြရအောင်နော်။ ကျမရဲ့ စာတွေကို ဖတ်ရှုခံစားရင်းနဲ့ ကျမစိတ်ကို နားလည်လာလိမ့်မယ်လို့ယုံကြည်ပါတယ်။
ခင်မင်စွာဖြင့်
ခင်မင်းဇော်

Saturday, June 16, 2007


သောင်ရင်းမြစ်ရဲ့ တစ်ဘက်ကမ်းမှာ

(ခင်မင်းဇော်)

“အဲဒါသောင်ရင်းမြစ်လေ”
ကျမတို့နဲ့ အတူပါလာတဲ့ ကိုသင်းနိုင်က လှမ်းပြောသည်။ နွေရာသီ ဆိုတော့ ရေကတိမ်တိမ်လေးပါပဲ၊၊ ရေ၏ကြည်လင် နေမှုကတော့ ရွှေစက်တော်ကို သတိရသွားစေသည်။
“သူစီးနေတာကိုကြည့်လိုက်ပါဦး၊ တောင်ဖက်ကနေ မြောက်ဖက်ကို တွေ့လား၊ တို့သိထားတဲ့ မြစ်တို့သည် မြောက်မှ တောင်သို့ စီးဆင်းသည် ဆိုတာကို သူက ဆန့်ကျင်ပြထားတာ”
ကျမရဲ့ ခင်ပွန်းသည်က သူချစ်တဲ့ သောင်ရင်းရဲ့ ထူးခြားချက်ကို ဖွဲ့နွဲ့ပြနေပြန်သည်။ တော်လှန်သော မြစ်တစင်းက အခြားသောမြစ်တို့နှင့် မတူ ကွဲပြားဆန့်ကျင်နေပုံ၊ ကျမကတော့ စကားပြောဖို့ မေ့သွားခဲ့ပြီ။ ထိုင်းဘက်ကမ်းက မြင်နေရတဲ့ ကျမတို့ ဗမာပြည်ကြီးကို ချစ်ခင်မြတ်နိုးစွာ၊ တပ်မက်တွယ်တာစွာ ငေးမောလို့သာ နေလိုက်ချင် တော့သည်။
“နေပူတယ်ဟေ့၊၊ ကူးကြစို့ ၊”
သောင်ပြင်ပေါ်ကနေ စက်တပ်လှေလေးပေါ်ကို လှမ်းအတက် လှေဘေးမှာ ဘွားကနဲပေါ်လာတာက ဆေးမှုးလေး တင်မောင်ဦး၊
“ဟဲ့၊ ဘယ်လိုရောက်လာတာလဲ။ ခုနက ဒီဘက်မှာ မတွေ့ပါလား၊၊”
“ဟုတ်တယ်လေ၊ အခုမှ ရေကူးလာတာ ရေက တိမ်တိမ်လေးအမရဲ့ ၊ ခါးတောင်မရောက်ဘူး၊၊”
ကျမယူလာတဲ့ ပစ္စည်းတွေကို ကူသယ်ပေးဖို့ ရောက်လာတာဖြစ်မည်။ ကျမကလည်း ဗွီဒီယိုကင်မရာတွေရော၊ ဓါတ်ပုံကင်မရာတွေရော တစ်ယောက်တည်းနဲ့ ရှုပ်ယှက်ခပ်နေသည်။ လှေကလေးကို ထိုးဝါးနှင့်ပဲ ထိုးသွားတော့သည်။ တဘက်ကမ်းဆိုက်တော့ လှေကားထစ်တွေက ဆီးကြိုလို့ ၊ အဲဒီလှေကားထစ်တွေ အဆုံးမှာ စောင့်ကြိုနေတာက ကျမတို့ရဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တွေ၊ မောမောနဲ့တက်လာတဲ့ ကျမကို သူတို့က ပြုံးပြနှုတ်ဆက်လို့၊ ကျမကတော့ စကား မပြောနိုင်အောင် မောနေဆဲ။ ကျမကို ကျမခင်ပွန်းက ကြည့်ပြီး ရယ်နေတော့သည်။ ဘာမှ မမြင့်တဲ့ ကုန်းကလေးတက်တာတောင် မောနေပြီလို့ သူ့ရယ်သံတွေက လှောင်ပြောင်ပြောပြနေသလို၊၊
“ခဏလေးနားပါဦး အမရဲ့ ၊၊ တောင်တက်နေကျမဟုတ်တော့ ဒီလောက်တော့ ရှိမှာပေါ့၊ ရေနွေးသောက်ပြီး အမောဖြေ ၊ပြီးမှ ဆက်တက်ပေါ့”
ကမာပုလဲ (ကျောင်းသားတပ်မတော်)လို့ ကဗျာရေးတဲ့ ကိုပေါက်က ကျမကို သူ့တဲဆီလာဖို့ ဖိတ်ခေါ်သည်။ ရေငတ်တုန်း ရေတွင်းထဲကျသလို ကျမလည်း မောမောနှင့် တဲပေါ်တက်ထိုင်ဖြစ်သည်။ ရေနွေးသောက်ရင်း ကိုပေါက်ကို မပျင်းဘူးလားလို့ကျမက မေးမိသေးသည်။
“ဘာပျင်းစရာ ရှိမလဲ၊၊ စာအုပ်တွေရယ်၊ ရေဒီယို တလုံးရယ်ရှိနေပြီလေ။ ပြီးတော့ ဒီရဲဘော်တွေ ရှိနေသ၍ မပျင်းဘူးဆိုတာ အမလည်း လက်တွေ့သိလာလိမ့်မယ်။”
“ကဲ အမိ အမောပြေရင် ဆက်တက်ကြမယ်။ နောက်ကုန်းလေးတခုကိုပေါ့။ အသင့်ပြင်”
ကျမကို ပုံစံပေးနေပြီလေ၊၊ ခုနက တင်မောင်ဦး ဟိုဘက်လမ်းကတက်မလား၊ ဒီဘက်လမ်းကတက်မလားလို့ ကျမခင်ပွန်းကို မေးနေသံ ကြားရပြီး အခုတော့ ကုန်းတက်ခိုင်းနေပါလား၊ ကျမစိတ်ထဲက ပြောမိနေသည်။ ဒီလောက်နဲ့တော့ ကျမကလည်း မညည်းချင်ပါဘူး ၊ ကျမရဲ့ ဇွဲကိုလည်း ပြခွင့်ရဦးမှပေါ့၊၊ ကင်မရာ အိတ်ကို ကောက်လွယ်တော့ ကျောပိုးအိတ်ကို ရဲဘော်လေးတွေက သယ်ပြီး ထွက်နှင့်ပြီ။
ဒီတခါ ကုန်းတက်ကတော့ တော်တော်မတ်ပြီး တော်တော်လေးကို ဝေးသည်။ ကျမက ခပ်ဖြည်းဖြည်း မလျောက်တတ်သူဆိုတော့ ပိုမောသည်။ ဒါပေမယ့် ကျမရောက်အောင်တက်နိုင်ခဲ့သည်။ အဲဒါက တို့ရဲဘော်တွေ အင်ဖက်ထိုးတဲ့နေရာ၊ ဒီနေရာပေါ့ ၊ မနှစ်က ဒီမိုကရေစီ တိုက်ဖော်တိုက်ဖက်များ တွေ့ဆုံပွဲ လုပ်ခဲ့တဲ့နေရာ၊ ဒါက စိမ့်တွင်းကို ရေတွင်းလုပ်ထားတဲ့နေရာ၊ အဲဒီတဲလေးက ရေလောင်းအိမ်သာလေ၊ ကျမကို လက်ညှိုးတထိုးထိုးနှင့် ပြနေသော မောင့်ရဲ့ လေသံက သူတို့စခန်းကုန်းလေးကို ချစ်ခင်ခြင်းများနှင့် ပျော်ဝင်နေသည်။ ကျမကတော့ ၀ါးရုံတောထဲမှာ ၊ ၀ါးရွက်ကြွေတွေ၊ အင်ဖက်ကြွေတွေထဲမှာ လျောက်လှမ်းရတာ အိပ်မက်တခုလိုပါပဲ၊၊ ကျမချစ်သူမောင်နှင့် ဘာအဆက်အသွယ်မှ မရပဲ ပြည်တွင်းမှာ နေခဲ့စဉ် ကျမရဲ့ အိပ်မက်တွေထဲက တောလမ်းလေး တွေကလည်း အခုလို ၀ါးရုံပင်တွေ အင်ပင်တွေနှင့်၊ သစ်ရွက်ကြွေတွေပေါ် နင်းလျောက်နေတဲ့ ခြေသံတွေက နားထဲမှာ ဂီတသံလိုလို၊ စစ်ချီတေးသံလိုလို ၊ မထင်မှတ်ပဲ ခင်ပွန်းသည်ကို ဖျတ်ကနဲ လှမ်းကြည့်မိတော့ ကျမကို ကြည့်နေတဲ့ အကြည့်တွေနှင့် တန်းတိုး တော့သည်။
“နွယ် ၊ မောနေပြီလား။ ကိုယ် ဒီတောင်ကုန်းလေးပေါ်မှာ စခန်းသစ်စဆောက်ချိန်၊ နွယ့် ကိုသိပ်သတိရတာပဲ၊၊ စခန်းဟောင်း မှာ ကိုယ်တို့ ခံတိုက်နိုင်ခဲ့တယ်။ ရန်သူတွေ အကျအဆုံးအများကြီး ရင်းရတယ်။ ဒါပေမဲ့ ကိုယ်တို့ ဆုတ်ပေးလိုက်ရတယ်။ ကျည်ကုန်သွားလို့လေ၊၊ စခန်းသစ်ကို စဆောက်တဲ့ အချိန် အခုနွယ်တွေ့ရတဲ့ ရဲဘော်တွေ အကုန်လုံး မနားမနေ အလုပ်လုပ်ရတာ ၊၊ ဒီရဲဘော်တွေကြောင့် ကိုယ့်စိတ်ဓါတ် အင်အားတွေ ဘယ်တော့မှ ဆုတ်ယုတ်မသွားခဲ့တာပေါ့။ အခု နွယ်လိုက်လာတော့ သူတို့တွေ ပျော်နေကြတယ်။ နွယ့်ကို သူတို့က ဓါတ်ပုံထဲမှာရော၊ ကိုယ်ပြောပြတာတွေနဲ့ရော ရင်းနှီးနေပြီးသား၊ အခုနွယ်လျောက်နေတဲ့ ခြေထောက်အောက်မှာ တော်လှန်ရေးအတွက် လူမသိသူမသိ အသက်ပေးသွားတဲ့ ရဲဘော်တွေရှိနေတယ် သိလား၊ သူတို့တွေအတွက် ကိုယ်တို့ တော်လှန်ရေး ဆက်လုပ်ရဦးမယ်၊၊ စစ်သွေးကြွတဲ့ စိတ်တွေ၊ အတွေးအခေါ်တွေနဲ့ မဟုတ်ဘူးနွယ်။ လူတိုင်းမလုပ်နိုင်တဲ့ စွန့်လွှတ်မှုမျိုးနဲ့ ကိုယ်တို့လုပ်ကြမှာ ၊ ကိုယ့်ကို ပါရမီဖြည့်မဲ့ နွယ့်ကိုတခါတလေ အားနာမိတယ်။ ကိုယ်ဖြည့်ဆည်းနိုင်မှုတွေ သိပ်မရှိဘူးနော်၊ ခုကတည်းက ကိုယ်တောင်းပန်ထားမယ်၊၊ ကိုယ့်ဆီက သိပ်ပြီး မမျှော်လင့်နဲ့နော်။ ”
ခပ်ဖြည်းဖြည်းပြောနေတဲ့ စကားသံက ကျမစိတ်တွေကို သိမ်မွေ့သွားစေသည်။
“ဟာ၊ မောင်ကလည်း၊ နွယ့်စိတ်ကို သိသားနဲ့ ၊ လာပြီးတောင်းပန်နေစရာလား။ ဘယ်လိုဖြစ်ဖြစ် နေတတ်ပါတယ်လို့ ပြောထားပြီးသားလေ။ နွယ်က မောင်လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့၊ မောင့်တော်လှန်ရေးခရီးကို တတ်နိုင်သလောက် ပံ့ပိုးပေးနိုင်ဖို့ မောင့်နောက်ကို လိုက်လာတာလေ ။ မောင့်ရဲဘော်တွေကို မောင့်လိုပဲ ဖြည့်ဆည်းနိုင်သလောက် ဖြည့်ဆည်းပေးဖို့လဲ ဆုံးဖြတ်ထား ပြီးသား။ မောင့်ကို သူတို့ဆီက ခွဲထုတ်သွားမှာ မဟုတ်ဘူး။ သူတို့ နောက်ထပ် အမတစ်ယောက် ထပ်ရမှာ၊ အဲလိုပဲ ဖြစ်မှာလေ မောင်ရဲ့၊ မောင်က စပြီး အတွေးခေါင်နေပြန်ပြီ၊ အဲဒါ အထင်သေးတာလား”
ခပ်နွဲ့နွဲ့ ကျမစကားဆုံးတော့ မျက်စောင်းက ပါသွားပြီ။ မောင်က တဟားဟား အော်ရယ်ရင်း ကျမလက်ကိုဆွဲကာ လက်ညှိုးထိုးရင်း စကားဆက်တော့သည်။

“အထင်မသေးပါဘူး အမတော်ရယ် ၊ အခု မြင်နေရတာ ကိုယ်တို့စားဖိုဆောင်လေ၊ ရောက်တော့မယ်၊ လာမြန်မြန်လျောက်၊ ပြီးတော့ ကိုယ့် ရဲဘော်တွေ ရှေ့မှာတော့ မောင်လို့ မခေါ်နဲ့နော်။ သိလား။”
“သိတယ်၊ သိတယ်။ အရင်တုန်းက ဒီလိုခေါ်ဖို့ သူပဲသင်ပေးထားပြီးတော့ အခုသူ့ရဲဘော်တွေနဲ့မှ ရှက်နေပြန်ပြီ။ နွယ်ကလည်း နှစ်ယောက်တည်းမို့ ခေါ်တာပါ။ သူများတွေရှေ့ မခေါ်သေးဘူး၊”

စားဖိုဆောင်လို့ခေါ်တဲ့ တဲလေးနောက်ဖက်ကို ကျမတို့ရောက်သွားတော့ မဆလာနံ့က သင်းနေသည်။ ထမင်းချက်နေတဲ့ ရဲဘော်က ကျမတို့ကို ပြုံးပြီး သူ့လက်ရာအကြောင်း ပြောပြတော့သည်။
“အမတို့ လာမယ်ဆိုလို့ ကြက်တစ်ကောင်ကို ဘူးသီးနဲ့ ရောချက်နေတာ။ ကျနော်ကကြက်ကို သတ်လည်း မသတ်ရဲ။ ကိုင်လည်း မကိုင်တတ် ဖြစ်နေတာနဲ့ ကြာနေတာ။ နို့မို့အမတို့ ဘူးသီးပဲစားရတော့မှာ ၊ ညီညီက ကိုင်ပေးသွားလို့ တော်သေးတယ်။”
“အယ်၊ သေနတ်ကိုင်ပြီး ကြက်မသတ်ရဲဘူးလား”
“အမကလည်း ၊ သေနတ်က ရန်သူကို တိုက်ဖို့လေ၊ ကြက်က ကိုယ့်ရန်သူမှ မဟုတ်တာ”
“အမ သူလျောက်ပြောနေတာ၊ သူ ကြက်မသတ်ရဲတာ အမှန်ပဲ။ အဲလိုပဲ သူရဲကြောက်တတ်တဲ့ ရဲဘော်လည်း ရှိသေးတယ်။ ကျနော်တို့ ဖြည်းဖြည်းပြောပြမယ်နော်။”
တယောက်နဲ့ တယောက်စနောက်ပြီး ရယ်နေကြတဲ့ ရဲဘော်တွေကြားမှာ ကျမက ချက်ချင်း နေသားကျသွားခဲ့ရပြီ။ တကယ်တော့ ကျမတို့အားလုံးဟာ ပန်းတိုင်တခုတည်းကို လျှောက်နေကြတဲ့ ယုံကြည်ချက်တူသူတွေ မဟုတ်လား။ တသားတည်း ဖြစ်သွားဖို့ လွယ်ကူချောမွေ့ခဲ့ပါသည်။
ကျမတို့ အိပ်ဖို့ စားဖိုဆောင်နှင့် မျက်နှာချင်းဆိုင်၊ အနီးဆုံးတဲကလေးကို နေရာပေးသည်။ စားဖိုဆောင်နှင့် တဲကလေးကြား တွင် ၀ါးနှင့်လုပ်ထားသော စားပွဲခုံကလေး၊ အဲဒီဝါးစားပွဲခုံကလေးကို သစ်တုံးထိုင်ခုံလေးတွေက ပတ်လည် နေရာယူထားသည်။ ကျမတို့အားလုံး ညစာကို စားဖိုဆောင်ထဲက သစ်သားနှင့်ရိုက်ထားသည့် စားပွဲခုံရှည်ကြီးမှာ ၀ိုင်းဖွဲ့စားကြသည်။ သုံးယောက်ကို ဟင်းတခွက်နှုန်း ခွဲတမ်းချထားပေးသည်။ ကျမမြို့က၀ယ်လာတဲ့ စားစရာတွေကိုတော့ ရိက္ခာကိုင်တဲ့ ရဲဘော်မောင်ချစ်ကို အပ်လိုက်ပြီးသားဖြစ်သည်။
ညနေ နေစောင်းချိန်အလှကတော့ စာဖွဲ့လို့မမီနိုင်အောင် လှနေသည်။ ရဲဘော်တွေ ရေချိုးတဲ့ ရေချိုးဆိပ်ကို သွားတော့ တောင်စောင်းကို ပတ်ပြီးသွားရသည်။ တောင်အဆင်းလမ်းကို ကျမက မလျှောက်တတ်တော့ ချွေးတွေရွှဲပြီး မျက်နှာကနီနေပြီ။ ရေတခါချိုးဖို့ သွားရတာမလွယ်ပေမဲ့ တောင်စောင်းနဲ့ကပ်လျက် ရေချိုးဆိပ်ကလေးကတော့ သာယာလွန်းလှသည်။ မိုးမခပင်ကို အခုမှမြင်ဖူးတဲ့ ကျမကတော့ အဆိုတော် ကိုမွန်းအောင် သီချင်းကို တမ်းတမ်းတတ ဆိုပစ်လိုက်မိသည်။

ညနေ နေရောင်အောက်ကတောက်ပနေတဲ့ ရေအရောင်ရယ်။ မိုးမခပင်က အရွက်ရှည်ရှည်လေးတွေရယ်က သဘာဝရှုခင်း စစ်စစ်ဖြစ်သည်။ ရဲဘော်တွေ ရေကူးတော့ ဟိုဘက်ကမ်းက သောင်ပြင်ထိကူးသွားကြပြီး ကျယ်ပြန့်ပြန့်သောင်ပေါ်မှာ အရွက်တွေ လိုက်ခူးသည်။ တို့စရာလုပ်ဖို့လေ အမရဲ့လို့ပြောလည်းပြော၊ ခူးလည်းခူးလာကြသည်။ စက်လှေဖြတ်မောင်းသွားတော့ လက်ပြ နှုတ်ဆက်ကြတာ ကလေးလေးတွေကဲ့သို့ပင်။
“အမမပြန်ခင် သောင်ရင်းမြစ်ထဲကငါးကို များကျွေးဦးမယ်။ ကျနော်တို့ ညဘက်ထွက်ပြီး ကွန်ပစ်မှာ၊ စားဖြစ်အောင် စားသွားဦးနော်”

ရေချိုးပြီး ပြန်တက်လာတော့ အသွားတုန်းကလိုမဟုတ်ပဲ လွယ်လွယ်ကူကူပဲ ဖြစ်နေသည်။ “အော်၊ ဒါကြောင့် တောင်အတက်ထက် အဆင်းကခက်တယ်လို့ ပြောကြတာကိုး”လို့ပြောတော့ မောင်က ရယ်မောနေသည်။ အသွားတုန်းက ပြန်လို့မရရင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ မေးခွန်းကို မဖြေခဲ့ပဲ ဖြစ်သွားမှာပါဆိုတဲ့ အကြည့်နဲ့ကြည့်ခဲ့တာကို ပြန်သတိရမိပြီး ကျမက စိတ်ကောက်ချင်လာပြီ။ ရေချိုးပြီး ပြန်တက်လာတဲ့ ကျမတို့တွေကို ထမင်းစားဖို့ စောင့်နေကြသည်။

“ဘယ်လိုလဲ အမရဲ့။သွားနိုင်ရဲ့လား။ နောက်နေ့ မသွားနိုင်ရင် စိမ့်တွင်းမှာပဲ ရေချိုးပါ။ အမကိုခွင့်ပြုပါတယ်။” ကျောင်းဆရာရဲ့ စကားကို ကျမက ခေါင်းခါပြလိုက်သည်။ “ရေချိုးသွားရတာ ခက်ပေမဲ့ ရဲဘော်တွေ နေ့တိုင်းဒီလိုပဲ သွားနေတာပဲ။ အမလည်းသွားနိုင်ပါတယ်။ ဒါပေမယ့် ဟောဟဲ၊ ဟောဟဲ” ကျမက ခပ်နောက်နောက်ပြန်ပြောတော့ အားလုံးဝိုင်းရယ်ကြသည်။ ကြက်သားနဲ့ဘူးသီးဆိုတော့ ထမင်းဝိုင်းက စည်ကားလှသည်။ ထမင်းစားပြီး လ္ဘက်သုတ်စားကြမလား မေးတော့
“လဘက်ကိုနေ့လည်ကျမှ ထမင်းနဲ့စားလေအမရဲ့၊ အခု ကော်ဖီမစ် တယောက်နှစ်ထုပ်ဝေမယ်။ ညတထုပ်၊ မနက်တထုပ်ပေါ့။ ရဲဘော်တွေ ကော်ဖီမသောက်ရတာကြာပြီ။ အမကလည်း အများကြီးဝယ်လာတော့ အတော်ပါပဲ။”
သူတို့အစီအစဉ်က ကောင်းနေတော့ ကျမသဘောအကျကြီး ကျနေရတော့သည်။ ကော်ဖီမသောက်တဲ့ သူအတွက် ပြောင်းကွေကာဝေပေးသည်။ ဒီတော့မှ ကော်ဖီမစ်တွေ ကျမ၀ယ်စဉ် ပြောင်းမစ် တထုတ် ထည့်ဝယ်နော်လို့ ပြောတဲ့ ခင်ပွန်းသည်စကားကို နားလည်ရတော့သည်။

ဝါးစားပွဲခုံလေးမှာ ထိုင်ရင်း ကျမတို့ရေဒီယိုနားထောင်ကြသည်။နိုင်ငံရေးအကျဉ်းသားဟောင်း သက်နိုင်ဦး အရိုက်ခံရပြီး သေဆုံးသွားတဲ့ သတင်းက ဆက်တိုက် လွှင့်နေချိန်။ ရဲဘော်တွေက တက်တခေါက်ခေါက်၊ “နအဖက ရန်ငါစည်း ပြတ်တယ်အမရဲ့၊ ကျနော်တို့ကလည်း ပြတ်ရမယ်။ ကြံ့ဖွတ်တို့ ၊ စည်ပင်ရဲတို့ဆိုတာ အိမ်ကြက်ချင်း အတိုက်ခံနေရတာ၊ ”
တပ်ခွဲမှူး ကျောင်းဆရာရဲ့စကားကို အားလုံးက ခေါင်းညိတ်လက်ခံကြသည်။ ပြီးတော့ အစီအစဉ်တွေ၊ သတင်းဌာနတွေ တခုပြီး တခုနားထောင်ကြ ဆွေးနွေးကြနှင့် စကားဝိုင်းက စည်ကားနေသည်။ ဒီတပ်ရင်းမှာ ရေဒီယိုတွေများလှချည်လားလို့ ကျမကမေးတော့ လှူတဲ့သူတွေရှိလို့ မဲဖောက်ထားတာ သိပ်မကြာသေးဘူး။ အရင်က ရေဒီယိုတောင် တလုံးပဲရှိတာ ဟု ဖြေကြသည်။

ကျမကလည်း ရောက်စဆိုတော့ သူတို့တွေနှင့်စကားပြောကောင်းဆဲ၊ အစွန်ဆုံးတဲက ရဲဘော်တစ်ယောက် ပြေးလာသည်။
“တပ်ရင်းမှူး၊ ဟိုဘက်တပ်က သတင်းပို့တယ်။ လူတွေအများကြီးဒီဘက်လာသံကြားတယ်တဲ့၊၊ ”
ခုနက စကားကောင်းနေတဲ့ ရဲဘော်တွေ အားလုံးသေနတ်ပြေးဆွဲ ၊ ကျည်ဘောက်ထည့်သံတွေ၊ မီးမှုတ်တဲ့သူတွေနှင့် ကျမမျက်စေ့ရှေ့ကနေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသည်။
လရောင်အောက်မှာ သူတို့တွေ တစ်ယောက်မှ မတွေ့ရတော့။ ကျမလက်ထဲကို လက်နှိပ်ဓါတ်မီးအသေးလေး တခုကို တယောက်က လာထည့်ပေးသွားသည်။ အမှောင်ထဲမှာ ကျမတို့တဲကို စမ်းသွားခဲ့ပြီး ကင်မရာအိတ်ကို လွယ်လိုက်သည်။ တိတ်ဆိတ်ငြိမ်သက်သွားတာ ၁၅ မိနစ်လောက်ရှိမည်။ အဝေးက အုန်းမောင်းခေါက်သံ ကြားရသည်။ ကျမရပ်နေရာနားကို ကျမရဲ့မောင်က ရောက်လာသည်။ ၀ါးစားပွဲခုံလေးနေရာကို ကျမတို့ ပြန်သွားထိုင်ပြီး သိပ်မကြာခင် ရဲဘော်တစ်ယောက် သတင်းလာပို့သည်။
“တပ်ရင်းမှုး၊ ရွာသားတွေ ဖြတ်သွားတာ ဖြစ်မယ်။ အခုထိ ဘာမှ မတွေ့ရတော့ဘူး။ ခုနက မီးရောင် သုံးလေးခုနဲ့ လူသံကြား လိုက်လို့ ဒီဘက်ကို လာသတင်းပို့တာလို့ ပြောတယ်။ ကျနော်စက်နဲ့ အောက်ကိုလည်း မေးပြီးပြီ၊ ဘာမှ မရှိဘူးတဲ့။”

“ဒါပေမဲ့ ဒီည ကင်းသေသေချာချာ ချလိုက်နော်၊မီးမထွန်းနဲ့၊ ကျည်မထိုးနဲ့၊သတိတော့ရှိ”
အခြေအနေ အေးဆေးသွားတာ သေချာတော့မှ ကျမတို့တယောက်မျက်နှာ တယောက်ကြည့်ကာ ရယ်မိကြသည်။
“နွယ်ရောက်တုန်း မှတ်မှတ်ရရ ဖြစ်သွားတာပေါ့။ နွယ် မကြောက်တတ်တာကိုသိပေမယ့် နောက်ဆံတော့ တင်းတယ်ကွ။ အမယ် သူ့ဗွီဒီယို ကင်မရာအိတ်ကိုတော့ ပြေးဆွဲဖြစ်အောင် ဆွဲသေးတယ်။”
“ဒါမှ တိုက်ပွဲဖြစ်ခဲ့ရင် နွယ်တယောက်ထဲရတဲ့ အခွေဖြစ်သွားမှာပေါ့။ အဲဒါဆို ဒေါ်လာနဲ့ ရောင်းစားမှာ”
“ဟာအမက ကျနော်တို့ကို မစိုးရိမ်ဘူးလား။ ”
အနားကိုရောက်လာတဲ့ ရဲဘော်ကိုစိန်ရိုးက ၀င်မေးသည်။ ကျမက သူတို့ရဲ့ လျင်မြန်မှု၊ သတိရှိမှုတွေကို သဘောကျပြီး ပျော်လို့နောက်နေတာဟု ပြောပြတော့ သူပြန်ပြောတဲ့စကားတွေက ကျမကို အမြဲအမှတ်ရစေသည်။
“ကျနော်တို့က စစ်ကိုပျော်လို့တိုက်နေတာ မဟုတ်ပါဘူးအမရယ်။ ကျနော်တို့လည်း တိုက်ပွဲဖြစ်ရင် သေမှာကြောက်တာပါပဲ။ ဒါပေမဲ့ တိုက်ရင်းမသေလည်း အပြင်မှာ တနေ့သေနေ့စေ့ရင် သေရမှာပဲလေ၊၊ ကိုယ်တယောက်တည်း စွန့်လွှတ်နေရတာမဟုတ်ဘူး။ ကိုယ့်လိုပဲ ရဲဘော်တွေအများကြီးစွန့်လွှတ် ဖြတ်သန်းနေတာမြင်နေရတော့ ကျနော်တို့ရပ်တည်နိုင်ခဲ့တယ်။ ကိုယ့်မျက်စေ့ရှေ့မှာတင် ကျဆုံးသွားတဲ့ ရဲဘော်တွေ၊ ခြေတွေ လက်တွေ ပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေအတွက် ကျနော်တို့ ဆက်ပြီး တော်လှန်ရေးလုပ်ရဦးမှာပါ။ မင်းတို့တောထဲမှာ ဘာလုပ်မှာလဲလို့ တချို့တွေက ပြောကြတယ်။ တဦးချင်းလွတ်လပ်မှု၊ ကောင်းစားမှုကို ကျနော် မလိုချင်ဘူး။ ငါတို့ တိုင်းပြည်ကို ငါတို့ဖန်တီးမယ်ဆိုပြီး ကျနော် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့တာပါ။ ”

ခပ်ဖြည်းဖြည်းပြောတဲ့ သူ့စကားသံက သူ့ရင်ထဲကလာတယ်ဆိုတာ ကျမလက်ခံမိလိုက်သည်။ ကျမဘာမှပြန်မပြော နိုင်ခဲ့တော့ပါ။ ကျမကတော့ အချို့သောသူတွေ ပုတ်ခတ်နှိမ်ချပြောဆိုရေးသားမှုတွေကို ဒီကရဲဘော်တွေ ဘယ်လိုခံစားမလဲ။ သူတို့ရွေးချယ်တဲ့ တော်လှန်ရေးလမ်းကြောင်းအပေါ် သူတို့ ဘယ်အတိုင်းအတာထိ ယုံကြည်ချက်ရှိသလဲ ဆိုတာတွေ သိချင်စိတ် ပွားများ လာတော့သည်။

“အခုညဥ့်နက်နေပြီ။ နောက်နေ့တွေ ကျန်သေးတယ်၊၊ ပြောဖို့ချန်ထားကြဦး။”ခင်ပွန်းသည်ရဲ့ စကားသံကို နာခံပြီး အိပ်ရာထဲ ၀င်ခဲ့ပေမယ့် အဲဒီညက ကျမကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပါ။ သူတို့တွေက ကင်းစောင့်လို့၊ ကျမက အိပ်လို့ဆိုတော့ မတရားသလိုလို။ သူတို့တွေ တောထဲမှာနေတုန်း ၊ ကျမက မြို့ပေါ်မှာနေတာ မတရားသလိုလို။ ကိုစိန်ရိုးစကားသံက ကျမနားမှာ အခုပဲပြောနေသလိုလို၊ တဦးချင်းလွတ်လပ်မှု၊ တယောက်ချင်း ကောင်းစားမှုတဲ့၊ မနက်ကျရင်တော့ ရဲဘော်တွေနဲ့ စကားပြောဖြစ်အောင် ပြောမယ်လို့ စိတ်ကူးရင်း ၊ ဘယ်လူးညာလှိမ့်နှင့် မိုးလင်းခဲ့သည်။

မနက်ခြောက်နာရီကျော်ကျော်မှာ စားဖိုဆောင်ကို အိပ်ရာထဲမှ လှမ်းကြည့်လိုက်တော့ ရဲဘော်တွေ
ကော်ဖီသောက်သူက သောက်၊ ထမင်းချက်သူကချက်၊ ရေထမ်းသူကထမ်းနှင့် အသက်ဝင်နေတဲ့ စခန်းကုန်းလေးဖြစ်နေသည်။ ဗွီဒီယိုကင်မရာကို ပြင်ဆင်ရင်း သူတို့ဆီကို သွားတော့...
“အမရေ ၊ မင်းသားဖြစ်ကိန်းရှိတယ်လို့ ဗေဒင်ဟောထားတာ မှန်နေပြီ။ ကျနော် ၀ါးရုံတောထဲမှာ နေ့တိုင်းကျင့်ထားတာ။ အသေအချာ ပါအောင်ရိုက်နော်။” ရေနွေးထည့်ရင်း ရယ်ရယ်မောမော ပြောနေတဲ့ ရဲဘော်ကိုလှမ်းကြည့်လိုက်တော့ တကယ့်ကို ဗွီဒီယိုမင်းသား နေထက်လင်းရုပ်ဖြစ်နေသည်။
“နေထက်လင်း၊ တော်လှန်ရေးကား လာရိုက်နေတာလို့ ထင်နေတာ နေထက်လင်း မဟုတ်ဘူးလား။ ”
ကျမက ခပ်နောက်နောက်ပြန်ပြောလိုက်တော့ ရဲဘော်တွေ တ၀ါးဝါးဖြစ်ကုန်သည်။ မနက်နေမပူခင် မိုးတွင်းအတွက် ထင်းပင်တွေလှဲတာ၊ လွှဆွဲပြီး ဖြတ်နေတာ၊ ထင်းပေါက်နေတာ အားလုံးကို အမိန့်ပေးစေခိုင်းတာမဟုတ်ဘဲ ကိုယ့်အသိစိတ်နှင့်ကိုယ် လုပ်ဆောင်နေကြတာ မြင်ရတော့ ခံယူချက်တွေ၊ယုံကြည်ချက်တွေ တူညီနေမှသာ ဒီလိုနေလို့ဖြစ်မည်။ နို့မို့ဆို အလုပ်ကိုတွက်ကပ်၊ အစားကိုတွက်ကပ်နှင့် စည်းလုံးမှု မရှိဖြစ်လိမ့်မည်ဟု ယူဆမိသည်။

မနက်စာကို နေ့စဉ် ပဲဟင်းစားကြရပြီး ဒုက္ခသည်ပဲလို့ခေါ်ကြသည့် ပဲဝါလေးကို တနေ့သုံးဗူးနှုန်းချက်သည်။ လူများလျင်ရေများများ၊ လူနည်းလျှင်ရေလျော့ထည့်၊ ချက်သည့် ရဲဘော်ကွာခြားသွားသလို အရသာ ကွာခြားကြောင်း ကျမနေခဲ့သည့် တပတ်အတွင်း လက်ရာတွေက သက်သေခံနေသည်။ မနက်စာစားပြီး ခဏနားနေချိန်တွင် ကျမတို့ စကားဝိုင်းစဖြစ်သည်။
“သူ့အမြင်ကိုယ့်အမြင် ပြောကြတာပေါ့၊ အမရောက်တုန်း ရောက်ခိုက် ရင်ဖွင့်စရာတွေ ရှိရင်လည်း ရင်ဖွင့်နိုင်တယ်နော်၊၊”
“အမသိချင်တာလေးတွေရှိတယ်လို့ မနေ့ကပြောထားတယ်။ အဲဒီမေးခွန်းနဲ့ စကားဝိုင်းကို တည်လိုက်ပါလားအမ”
ကျမကို သူတို့က မေးခွန်းထုတ်ခိုင်းနေခဲ့ပြီ။ ကျမ ဒီစခန်းကုန်းကို မေးခွန်းတွေနဲ့ တက်လာတာလို့ မနေ့ကညစာစားနေစဉ် ခင်ပွန်းသည်ကသူ့ရဲဘော်တွေကို ချွန်တွန်းလုပ်ပြီး သတင်းပို့ခဲ့ပြီဖြစ်သည်။ ကျမကလည်း ဖြေဖို့စောင့်နေသူတွေအတွက်မေးပေးရဦး တော့မည်ပေါ့။

“အမသိချင်တာ အခုဒီတပ်ရင်းကကျောင်းသားတပ်မတော်ကို နောက်ဆုံးရောက်တဲ့သူကိုသိချင်တယ်။ သူ့ကိုမေးချင်တယ်။”
“အဲဒါဆို ကျနော်ပဲအမ။ အမမေးခွန်းတွေကို ဖြေဖို့ အသင့်ပဲ။”
ကျမကိုဖြေတဲ့ရဲဘော်က အသားခပ်ညိုညို၊ပိန်ပိန်သေးသေး၊မျက်မှန်တပ်ဆင်ထားသူ။ ရဲဘော်မာန်ဇူးဖြစ်ပြီး ရူပဗေဒအဓိကနှင့် ဘွဲ့ရကာ လူမှုစီးပွားဒီပလိုမာကို ထပ်မံရရှိထားသူ အသက် ၂၉ နှစ်အရွယ် ရန်ကုန်သားဖြစ်သည်။
”ဒါဆိုရင်ကျနော်လည်း ဖြေမယ်အမ။ ကျနော်နဲ့ သူနဲ့ တရက်တည်းရောက်ခဲ့တာ”
တက်တက်ကြွကြွနှင့် နောက်ထပ်ဖြေမယ့်တစ်ယောက်အဖြစ် ပြောလာသူက ငှက်ဖျားဖြစ်လို့ အိပ်နေရာကကျမတို့ စကားဝိုင်းကို နားထောင်နေသူရဲဘော်သားကြီးဖြစ်သည်။ သူကထောင်ထောင်မောင်းမောင်း၊အသားညိုညို ပွင့်လင်းရိုးသားသော မျက်နှာမျိုးနှင့် ရန်ကုန်သားတစ်ယောက်ပဲဖြစ်နေပြန်သည်။ မေမြို့တပ်မတော်နည်းပညာတက္ကသိုလ်မှာ ၃ နှစ်တက်ခဲ့ပြီး ဗွဤ၍ ဒီပလိုမာရရှိခဲ့သူ၊ အဝေးသင်တက္ကသိုလ်နောက်ဆုံးနှစ် ဖြေဆိုပြီးမှ တောခိုလာသူ။
သူတို့နှစ်ယောက်ဆိုတော့ ကျမမေးခွန်းက ပိုလို့အသက်ဝင်မည်ထင်ပါသည်။
“မင်းတို့နှစ်ယောက်က ဘာ့ကြောင့် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့တာလဲ။ အခုလူများစုက လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်နေကြတယ်။ ကမ္ဘာမှာလည်း လက်နက်ကိုင်လမ်းစဉ်ကို ခေတ်မစားတော့ဘူး။ အကြမ်းဖက်ခြင်း ဆိုပြီးတော့ အချို့သောလူတွေက ဝေဖန်ပြစ်တင်နေကြတဲ့ အချိန်မှာ မင်းတို့လို လူလတ်တန်းစား၊ ခေတ်ပညာတတ်တွေက ဘာကြောင့်ဒီ ကြမ်းတမ်းတဲ့ ခရီးလမ်းကိုမှ ရွေးချယ်သလဲ၊ အဲဒါကို အမသိခွင့်ရရင် သိချင်တယ်။”
ကျမမေးခွန်းက သူတို့ထင်မှတ်မထားတဲ့ မေးခွန်းမျိုး ဖြစ်နေပုံရသည်။ ကျန်တဲ့ရဲဘော်တွေပါ လှုပ်လှုပ်ရွရွဖြစ်ကုန်သည်။
“နအဖလို စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ အချုပ်အချာအာဏာကို ခြိမ်းခြောက်နိုင်မှသာ ပြန်လည်ရင်ကြားစေ့ရေးတို့၊ တွေ့ဆုံဆွေးနွေးရေးတို့ကိုတောင်းဆိုနိုင်မယ်။ သူတို့ကို ခြိမ်းခြောက်နိုင်ပြီဆိုရင် သူတို့ကိုယ်တိုင်ကတောင်းဆိုလာမှာပဲ အမရဲ့၊ဒါကို လက်နက်ကိုင်တော်လှန်ရေးက တထောင့်တနေရာကနေပံ့ပိုးနိုင်မယ်လို့ ကျနော်ယုံကြည်တယ်။ ပါတီနိုင်ငံရေးကိုမကန့်ကွတ်၊ မရှုတ်ချပါဘူး။ ကျနော်တယောက်တည်းယုံကြည်ချက်ကတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ အောင်ပွဲခံရန် စိတ်ကူးခဲ့ပါတယ်။ လက်နက်အားကိုးနေသူတွေကို ခြိမ်းခြောက်နိုင်မှသာ ကျနော်တို့ပန်းတိုင်ရောက်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လက်နက်ကိုင် တော်လှန်ရေးလမ်းကို ကျနော်ရွေးချယ်ခဲ့တာပါ။ နအဖကို ရွှေပြည်အေး တရားဟောလို့ ရမှာမဟုတ်ပါဘူး။”
ရဲဘော်သားကြီး အဲဒီလိုပြောပြနေချိန်မှာ သူ့မျက်လုံးတွေက ခိုင်မာမှုတွေနှင့် တောက်ပနေသည်။ ရဲဘော်မာန်ဇူးကလည်း ဆက်ပြောပြန်သည်။
“နိုင်ငံရေးကျင့်ဝတ်အရ ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုခဲ့ရင် ကျနော်ဒီကိုရောက်လာမှာ မဟုတ်ပါဘူး။ ဘောပင်ကိုင်တဲ့ လက်အနေနဲ့ လက်နက်ကိုင်မတိုက်ချင်ပေမယ့် အာဏာရှင်တွေဆီက အလွယ်တကူမရနိုင်ဘူးဆိုတာ သမိုင်းတွေမှာ ရှိခဲ့ပါတယ်။ ကျောင်းသားတပ်မတော်ဆိုတာ ဗကသကနေပေါက်ဖွားလာတာပါ။ ဗမာပြည်မှာရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေ အားလုံးဟာ အေဘီနဲ့ ရှောင်ခွာလို့ မရပါဘူး။ တချိန်မှာ တာဝန်ကျလာမယ်ဆိုရင် မလွဲမသွေ ထမ်းဆောင်ရမယ့် တာဝန်ပါပဲ။ ဒီတာဝန်တွေကို ထမ်းဆောင်ဖို့ ကျနော်ဒီကိုရောက်နေတာပါ။ ပါးစပ်နဲ့တောင်းလို့မရနိုင်တော့ဘူးလို့ ကျနော်ယုံကြည်တယ်။ ဖြတ်သန်းမှုတွေရှိရမှာပါ။ ပါးစပ်နဲ့၊ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ တောင်းလို့ရခဲ့တဲ့ နိုင်ငံတွေဟာ အတိတ်မှာ လက်နက်ကိုင်ဖြတ်သန်းမှုတွေ ရှိခဲ့ပါတယ်။ ခုနက သားကြီးပြောသလိုပါပဲ။ ခြိမ်းခြောက်နိုင်ဖို့ ကျနော်တို့ကြိုးစားရမှာပါ။ ကျနော်အိမ်က ထွက်လာကတည်းက အေဘီအပေါ်ပိုင်းဖြတ်ပြီး ၀င်လာခဲ့တာ၊ဒီမိုကရေစီ ရရှိပြီးခဲ့ရင်လည်း အေဘီဟာ အသွင်ပြောင်းပြီး ဆက်ရှိနေဦးမယ်လို့ ကျနော်ပြောချင် ပါတယ်။ ”
သူတို့နှစ်ဦး၏စကားကို နားထောင်နေကြသည့် ရဲဘော်တွေအားလုံး၏မျက်လုံးတွေက ကျမဆီသို့ရွေ့လာသည်။ သူတို့လည်း သူတို့ခံစားချက်တွေ၊ ယုံကြည်ချက်တွေကို ပြောပြပါရစေလို့ တောင်းဆိုနေကြတဲ့ တက်ကြွသောမျက်ဝန်းတွေ။ သူတို့တွေကို ကြည့်နေရင်းက အခမ်းအနားတခုမှာ ကရင်အစည်အမျိုးသား အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှုး ဖဒိုမန်းရှာ ပြောခဲ့သည့် စကားသံတွေကို ကျမက ပြန်ကြားယောင်လာမိသည်။
“စစ်ဆိုတာ တရားတဲ့စစ်နဲ့ မတရားတဲ့စစ်ရှိတယ်။ ကိုယ့်လွတ်လပ်ခွင့်အတွက် ခုခံတော်လှန်တဲ့စစ်ကတော့ တရားတဲ့စစ်ပါပဲ ။ ကမ္ဘာမှာ စစ်ပွဲတွေကို စစ်ပွဲတွေနဲ့သာ အဆုံးသတ်နိုင်ခဲ့တယ်။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် အဆုံးသတ်ကတော့ အတူတူပါပဲ။”

ကျမတို့မျိုးဆက်တွေကို ဒိုင်ယာလော့ မျိုးဆက်လို့တချို့တွေက ခေါ်ချင်ကြသည်။ ဒါပေမယ့် ဘ၀တွေ၊ဖြတ်သန်းမှုတွေ မတူခဲ့ကြလို့ ခံယူချက်တွေ၊ ယုံကြည်ချက်တွေ မတူတာလို့ ကျမက စဉ်းစားမိဖူးသည်။ ကျမစဉ်းစားချက်တွေကို ဒီရဲဘော်တွေက သက်သေပြနေပြီ။ ဒိုင်ယာလော့မျိုးဆက်နှင့် တခေတ်တည်း၊ ခေတ်ပညာတတ်မျိုးဆက်တွေက ဒီလိုမျိုးတွေးခေါ်စဉ်းစားပါသည် ဆိုတာကို ကျမကအသိအမှတ်ပြု မှတ်တမ်းတင် ထားချင်သည်။
ဆရာဗန်းမော်တင်အောင်ပြောခဲ့ဖူးသလို လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ သူဖြတ်သန်းခဲ့တဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို ဘယ်လောက်ထမ်းဆောင်ခဲ့သလဲ ဆိုတာနဲ့ တိုင်းတာရမယ်တဲ့။

တော်လှန်ရေးကို လုပ်စားနေသူတွေ တွေ့နေရသလို တော်လှန်ရေးကို အလုပ်အကျွေးပြုနေသူတွေလည်း ရှိတယ်ဆိုတာ သမိုင်းက မှတ်တမ်းတင်ပြောပြပါလိမ့်မည်။ အချိန်ကိုတော့ စောင့်ရပါမည်။ အချိန်သည်သာ အကောင်းဆုံးတရားသူကြီးမဟုတ်ပါလား။ ။

သောင်ရင်းမြစ်ရဲ့ တစ်ဘက်ကမ်းမှာ - နှစ်

စခန်းကုန်းလေးရဲ့ မနက်ခင်းကို မှတ်တမ်းတင်ဗွီဒီယိုရိုက်ဖို့ ကျမစောစောထဖြစ်သည်။ မြူတွေက ဝေဆိုင်းနေသည်။ အလင်းရောင်ရှိနေပေမဲ့ နေကိုတော့ မမြင်ရသေးပေ။ နွေရာသီပေမယ့် မြူးခိုးတွေဝေနေပြီး အေးနေတာမို့ အနွေးထည်ပါမသွားတဲ့ ကျမက မျက်နှာသုတ်ပါဝါကို ပတ်ထားရသည်။ စခန်းပတ်လည်ကို ကျမနဲ့မောင်ကလမ်းလျောက်ဖို့ ဆုံးဖြတ်ပြီး ကင်မရာတွေ ၊ ဒေါက်တွေကို လွယ်ကာထွက်ဖြစ်တော့ ရဲဘော်နိုင်နိုင်က သူလည်းလိုက်ခဲ့မည်ဆိုကာ သုံးယောက်သား လမ်းလျောက်ဖြစ်ကြသည်။
စခန်းပတ်လည်ကို ၀ါးစည်းရိုးကာထားသည်။ ၀ါးချွန်တွေကို အပြင်ဘက်ထုတ်ပြီး စည်းရိုးကာထားတာ အင်မတန်လှတဲ့ ပန်းချီကားကြည့်ရသလို၊ ကျမဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ဖြစ်တော့သည်။ ဒါတွေ ဒီရဲဘော်တွေပဲ လုပ်တာလားဆိုတော့ မောင်က အလွန်ဂုဏ်ယူသော အပြုံးနှင့် ခေါင်းညိတ်ပြသည်။

“ကြည့်စမ်းပါဦး ၊ ဒီလောက်အရှည်ကြီးကို ဒီစည်းရိုးကာတာဆိုတော့ ရဲဘော်တွေ တော်လိုက်တာကွာ။ အပြင်ထွက် ကြည့်ချင်တယ်နော်” ပြောလည်းပြော တံခါးပေါက်ကနေ ခြေလှမ်းပြင်တဲ့ ကျမကို မောင်က အမြန်ဆွဲထားသည်။
“အမိ၊ အပြင်မှာ မိုင်းတွေခင်းထားတာ၊ အသွားမတော် တလှမ်းဖြစ်သွားမယ်နော်။ နွယ့်ကို ပြောပြထားဖူးတယ်လေ။ ဘာလို့ ခြေမြန်လက်မြန်ဖြစ်သွားရတာလဲ။ ဒီမှာ သွားမယ်လာမယ်ဆိုရင် အရမ်းအရမ်း မလုပ်ပါနဲ့ကွာ။ အသက်နဲ့ရင်းသွားရမယ်”
စိုးရိမ်တဲ့မျက်နှာနဲ့ ပြောသည့်မောင့်စကားကို နားထောင်ရင်း စစ်ရဲ့အနိဌာရုံတွေက တိုးဝင်လာသည်။
“စစ်ပွဲတပွဲဖြစ်ရင်တော့ ရင်းရတာပဲလေ။ သူမသေ ကိုယ်သေမှာဆိုတော့ ။ ဒီလိုပဲ အနှစ်ငါးဆယ်ရှိပြီ။ တိုက်လာခဲ့ကြရတာ။
မိုင်းတွေကတော့ ကိုယ်မဆင်လည်း သူဆင်တာပဲ။ ကိုယ့်မြေကိုယ့်ပိုင်နက်ထဲကို အလွယ်တကူမ၀င်နိုင်အောင် လုပ်ရတာပဲ။”

ဆုံခဲ့ဖူးသည့်ကရင်စစ်သည်တော်ကြီးရဲ့ စကားကို အခုမှ သဘောပေါက်တော့သည်။ ကိုယ့်အမှားနှင့်ကိုယ် ဖြစ်နေတာမို့ တိတ်တိတ်ဆိတ်ဆိတ်နှင့် အပေါ်စီးကမြင်နေရတဲ့ သောင်ရင်းမြစ် ကွေ့ကွေ့ကောက်ကောက်ကလေးကို မြူနှင်းတွေကြားမှာ မှတ်တမ်းတင်ရင်း စခန်းတပတ်ပတ်ဖြစ်ခဲ့သည်။
မနေ့ကကျမ၀ယ်လာသော ကောက်ညှင်းတွေကို ဆီထမင်းထိုးထားပြီး မနက်ခင်းစာ စားဖို့ အသင့်ဖြစ်နေကြပြီ။ ရဲဘော်တွေက ကျမမိုင်းကွင်းကို သွားမိတော့မလို့ဆိုတော့ “မလုပ်ပါနဲ့အမရယ်။ ဒီစခန်းကုန်းမှာ တယောက်တည်း ဘယ်ကိုမှ သွားဖို့မစဉ်းစားပါနဲ့။ ကျနော်တို့ ဘက်ကထောင်တဲ့မိုင်းကို ရွာသားတွေနင်းမိတာရှားတယ်။ သူတို့ထောင်တဲ့ မိုင်းတွေကိုနင်းမိကြတာများတယ်။ သူတို့က လူထုကို အသိမပေးဘူးလေ။ ကျနော်တို့က ဘယ်ကိုမသွားပါနဲ့ဆိုတာ ပြောပြထားပြီးသားလေ။”
ဆီထမင်းနှင့် ကော်ဖီမစ်သောက်ရင်း ကျမက သူတို့တဲလေးတွေကို ဘာဖြစ်လို့အိမ်လိုမဆောက်တာလဲလို့ မေးဖြစ်သည်။

ရဲဘော်ကျော်ကြီးက “အမရေ၊ ပြေးလို့ခုန်ချလို့ မြန်အောင်အခုလို ခုတင်ကို အမိုးမိုးထားရခြင်း ဖြစ်ပါတယ်ခင်ဗျာ”လို့ ခပ်သောသောအဖြေပေးတော့ မောင်က “တော်တော်ကပ်သီးကပ်ဖဲ့ မေးတတ်တယ်။ အဲဒီမေးခွန်းကို ဒီတခါပဲ ကြားဖူးသေးတယ်”
“နွယ်ကလည်းသိချင်တဲ့အတိုင်းမေးတာပဲလေ၊ သူများတွေက သိချင်ပေမယ့် အားနာလို့မမေးတာ ဖြစ်မယ်”
ကျမတို့နှစ်ယောက် စကားအခြေအတင် ဖြစ်လာတော့ ရဲဘော်တွေက အနိုင်လုရင်း ရန်ဖြစ်မှာ စိုးရိမ်ပုံရသည်။ မနေ့က စကားဝိုင်းကို ဆက်ပြောဖို့ တောင်းဆိုတော့သည်။ ရင်ဖွင့်ချင်တဲ့ ရဲဘော်တွေ ၊ စကားဝိုင်းကို နားထောင်ချင်တဲ့ ရဲဘော်တွေနှင့် ကျမတို့ဝိုင်းကလေးက စည်ကားလှသည်။

“ကျနော်တို့ကို သေနတ်တွေကိုင်ထားတယ်။ အကြမ်းဖက်သမားတွေလို့ တံဆိပ်ကပ်ပြီး အကြမ်းဖက်ခြင်းနှင့် လက်နက်ကိုင်တော်လှန်ရေးကို တချို့လူတွေက နားမလည်ဘူး၊ မခွဲခြားတတ်ဘူးအမရဲ့၊ အဲလိုလူတွေနဲ့တော့ စကားမပြောချင်ဘူး။ သူတို့တွေက စစ်အာဏာရူးတွေလက်ထဲက လူထုအာဏာကို လက်ဖြန့်ပြီး အသနားခံတောင်းရုံနဲ့ ရမယ်ထင်နေကြတယ်။ မကဒတရဲ့ လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တော်လှန်ရေး ပေါင်းစပ်တိုက်ပွဲဝင်ကြ ဆိုတဲ့ ဆောင်ပုဒ်ကို သူတို့မျက်ကွယ်ပြုထားကြတာလေ။ ကျနော်တို့ရော သူတို့ရော တိုက်ပွဲဝင်နေရတုန်းပဲဆိုတာ မေ့နေကြပုံပဲ။”ခံစားချက်တွေနဲ့ပွင့်အာထွက်လာတဲ့ ရဲဘော်ဇော်ဇော်အောင်ရဲ့ စကားကို နားထောင်ရင်း သူ့ကိုစူးစိုက်ကြည့်မိသည်။ တောင့်တင်းသန်မာတဲ့ သူ့ခန္ဓာကိုယ်မှာ ခိုင်မာတဲ့ မေးရိုးကားကားက သူ့ရဲ့စိတ်ဓါတ်အင်အားကို ဖော်ပြနေသည်။

ကျမကမေးခွန်းတွေမေးဖို့ထက် သူတို့ပြောပြချင်တာတွေကို နားထောင်ပေးဖို့ ပိုင်းဖြတ်လိုက်တော့သည်။ သူတို့ရဲ့ စွန့်လွှတ်နိုင်မှုတွေ ၊တောတောင်ထဲမှာ မြှုပ်နှံနိုင်မှုတွေဖြစ်စေဖို့ ဘယ်လိုခိုင်မာတဲ့ ယုံကြည်ချက်တွေ ၊ ဆုံးဖြတ်ချက်တွေက တွန်းအား ပေးခဲ့တာလည်းဆိုတာ သိချင်သေးသည်။ ဒီ့နောက်မှာတော့ သူတို့ပြောပြတဲ့ စကားသံတွေမှာ ကျမကနစ်မြောသွားတော့သည်။

ဆရာတော်လို့ အများက ချစ်စနိုးခေါ်တဲ့ ရဲဘော်က စကားသိပ်ပြောတာမတွေ့ရဘဲ သူများပြောတာကို နားထောင်ပြီး ရယ်နေတတ်သူဖြစ်သည်။ အခုတော့ သူကစပြီးပြောမယ်လို့ အဆိုတင်သွင်းလာသည်။ အသားဖြူဖြူ၊ ဗလကောင်းကောင်းနှင့် သူက စကားကိုခပ်ဖြည်းဖြည်း ပြောတတ်သည်။

“ကျနော်တို့ သူငယ်ချင်းနှစ်ယောက် တိုင်ပင်ပြီး ထွက်လာခဲ့ကြတာ။ ၂၀၀၁ခုနှစ်ကပေါ့။ အဖွဲ့အစည်းတွေ အများကြီးထဲက ကျောင်းသားတပ်မတော်ကိုပဲ ၀င်ကြမယ်လို့ ယုံယုံကြည်ကြည်ပဲ ရွေးချယ်ပြီး ထွက်လာခဲ့ကြတာ။ ခုချိန်ထိ ကျနော်တို့ နှစ်ယောက်စလုံး ဒီတပ်ရင်းတစ်ရင်းထဲမှာပဲ တာဝန်ကိုယ်စီ ထမ်းဆောင်နေဆဲပါ။ ကျနော်တို့က ပေါ်တာဆွဲတာတွေ ကိုယ်တွေ့ကြုံခဲ့ရတယ်။ စစ်အစိုးရရဲ့ဒဏ်ကို ခံစားဖူးတော့ ခုလိုတော်လှန်ရေးသမားဖြစ်နေတဲ့အတွက် ဂုဏ်ယူတယ်။ ပြည်သူတွေခံစားနေရတာမြင်ပြီး လက်နက်ကိုင်မှ ရမယ်။ ရေရှည်တိုက်ပွဲဝင်ရမယ်လို့ ခံစားနားလည်ပြီး ဒီလောက်ဆင်းရဲမှုတွေထဲမှာ ရပ်တည်နိုင်ခဲ့ရတယ်။”
အသက်(၃၂) နှစ်ရှိပြီဖြစ်တဲ့ ရဲဘော်ရန်နိုင်စိုးခေါ်ဆရာတော် ပြောပြသော သူ့သူငယ်ချင်းဆိုတာ ပြည်တွင်းမှ အင်ဂျင်နီယာတစ်ဦး၏ သားဖြစ်ပြီး ဒီဘက်မှာရဲသွေးဆိုတဲ့ ကလောင်အမည်နဲ့ စာရေးနေသည်။

အသက် (၂၅)နှစ်ပဲရှိသေးတဲ့ ရဲဘော်အောင်အောင်ကတော့ တော်လှန်ရေးကိုခံစားမှုနှင့် စတင်လုပ်ခဲ့ပြီး နောက်တဆင့်တက်တော့မှ နားလည်မှု၊ယုံကြည်မှုတွေနှင့် ပိုပြီးခိုင်မာလာပုံကို ရှင်းပြသွားပုံက “ပြည်တွင်းမှာ ၈၈ ဖြစ်တော့ ကျနော်တို့ငယ်သေးတယ်။ ကျောင်းသားတွေ တောခိုတာကို သိခဲ့တယ်။ ၉၆ မှာ ကျနော် မဲဆောက်ကို စရောက်တယ်။ အလုပ်လာလုပ်တာလေ။ ဒီဖက်မှာ ဗမာပြည်သားအချင်းချင်း လူလည်ကျတာတွေ၊ အလုပ်ရှင်က ဖိနှိပ်တာတွေ တွေ့လာပြီး ဒီလိုဘာဖြစ်လို့ဖြစ်တာလဲ။ ဗမာပြည်သားတွေ ဘာ့ကြောင့်ဒီလိုထွက်ပြီး အလုပ်လုပ်ရတာလဲ စဉ်းစားခဲ့မိတယ်။ ဗမာပြည်သားတွေ ဒုက္ခရောက်နေချိန် ဆန်တွေဝေတာတွေ့တယ်။ ဒီမှာ ကျနော်တခုခုလုပ်နိုင်ဖို့ကြိုးစားခဲ့တယ်။ လူငယ်လဲဖြစ်၊ အိမ်ထောင်လဲ မရှိတော့ တတ်နိုင်သလောက် ကျနော်လည်း ၀င်လုပ်နိုင်ဖို့ တော်လှန်ရေးထဲ ၀င်ခဲ့တယ်။ အေဘီထဲရောက်မှ သင်တန်းတွေ၊ဆွေးနွေးပွဲတွေ တက်ရင်းနဲ့ ပိုပြီးနားလည်ခဲ့တယ်။ အများရဲဘော်တွေ နေနိုင်သလို ကျနော်လည်း နေနိုင်ခဲ့တယ်။ အူအတက်ခွဲပြီးခါစ ဆေးမှုးနဲ့ အကူအဖြစ်တွဲပြီး ရှေ့တန်းလိုက်ခဲ့တယ်။ အခက်အခဲမရှိတဲ့ အလုပ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ အခက်အခဲရယ်လို့ ကျနော်မမြင်ပါဘူး။ ကျနော်ယုံကြည်လို့ ရွေးချယ်ထားတဲ့လမ်းပါ။ အနာဂါတ်တွေ ကျနော်တို့ဆီမှာရှိတယ်။ ကျနော်တို့ တစ်နေ့အောင်ပွဲရမယ်လို့ ယုံကြည်လို့ ဒီထဲမှာ ရှိနေတာပါ။ ဒီမိုကရေစီ ရခဲ့ရင်လည်း ကျနော်တို့က ပြည်သူနဲ့ တသားတည်းရှိနေမှာပါ။ အာဏာနေရာဝင်လုမယ့် သူတွေ မဟုတ်ပါဘူး။”သူအာဏာလိုချင်လို့ လုပ်တာမဟုတ်ပါဘူးလို့ သူကခိုင်ခိုင်မာမာ ပြောပြသွားသည်။

နောက်တယောက်ဖြစ်တဲ့ ရဲဘော်စတုန်းကတော့ တော်တော်လေးပေါက်ကွဲစွာရင်ဖွင့်သွားသည်။ သူက စကားပြောလည်း ကောင်းသူတစ်ယောက်ဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးကို ၁၂ နှစ်သားမှာ တွေ့ထိခဲ့ရသူ။ ကိုယ့်ဘ၀ကို ကိုယ်ကျောင်းမယ်ဆိုပြီး မဲဆောက်ကို ရောက်လာတော့မှ ပြည်တွင်းကထွက်လာသူ အများကြီးပါလား။ မိဝေးဖဝေး သားတကွဲ မယားတကွဲတွေနဲ့ ဒီဖက်မှာလည်း ဒုက္ခရောက်နေတာပါလားလို့ သိခဲ့ရသူ။ ဒီတော့ မဲဆောက်က နိုင်ငံရေးအခမ်းအနားတွေကို သူလိုက်တက်သည်။ တော်လှန်ရေးကို သူစိတ်ဝင်စားခဲ့ပြီ။ နိုင်ငံ့အရေးဆိုတာကို နားလည်ခဲ့ပြီ။
“အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မှ ရမယ်ဆိုတာပိုခိုင်မာလာတယ်။ တစ်ဦးနှင့်တစ်ဦး ပစ်ခတ်နေတာကို ပျော်လို့မဟုတ်ဘူး။ နိုင်ငံလွတ်လပ်ဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ ဒီတာဝန်သိစိတ်နဲ့ ကျနော်တို့ လက်နက်ကိုင်တယ်။ လက်နက်ကိုင်တော်လှန်ရေး ခေတ်စားမှရယ်မဟုတ်ဘူး။ကျနော်တို့တာဝန်လို့ယူဆလို့ တာဝန်ယူတာ။တော်လှန်ရေးကြီးက ၀င်လာသူ တွေကိုရော ထွက်သွားသူတွေကိုပါ ဘာမှမပြောပါဘူး။ လူတွေကသာ လက်နက်ကိုင်တော်လှန်ရေးမှာ တချိန်ကရှိခဲ့ပြီး ထွက်သွားတဲ့အခါ အပြစ်အဆိုး ပြောတာမကောင်းဘူး။ ကျနော်တို့ကို ဘယ်သူမှ မစည်းရုံးဘူး။ ကိုယ့်ယုံကြည်ချက် ကိုယ့်တာဝန်ယူချင်စိတ်နဲ့ကိုယ် လုပ်ခဲ့တာဖြစ်တယ်။ တော်လှန်ချင်စိတ်မရှိတဲ့သူတွေ၊ ရေပေါ်ဆီလူတန်းစားက တော်လှန်ရေးကို ဖျက်လိုဖျက်ဆီး ပြောဆိုနေတာ တွေ့ရတယ်၊၊ လက်နက်ကိုင်နေတဲ့ကောင်တွေ ဥာဏ်မရှိတဲ့သူတွေတဲ့ ။ ပြောနေကြတာ။ စကားဝိုင်းမှရမယ်တဲ့ ပြောနေကြတာ။ လူထုကပါးစပ်နဲ့ အော်တာကို ဘာလို့သေနတ်နဲ့ပစ်ခဲ့သလဲ။ တွေ့ဆုံဆွေးနွေးရေးကို လုပ်ချင်ရင် ပြည်တွင်းမှာ ပြန်လုပ်ကြပါ။ အဝေးက အော်မနေပါနဲ့။
ကျနော်တို့တော်လှန်ရေး အောင်ကိုအောင်ရမယ်။ ကျနော်တို့တောထဲမှာနေတာ အဓိပ္ပါယ်ရှိပါတယ်။ တော်လှန်စိတ်ရှိဖို့ပဲ လိုပါတယ်။ကျနော်တို့မှာ လောဘ၊ဒေါသ၊ မောဟမရှိဘူး။ တော်လှန်ရေးကို တပ်မက်မှုနဲ့ လုပ်တာမဟုတ်ဘူး။ အသုံးကျတဲ့ တစ်ထောင့်တစ်နေရာက လုပ်နေတာပါ။ ကျနော်တို့လူမျိုးတွေ တစ်ယောက်ကို တစ်ယောက်ချစ်ကြပါ။ သူများနိုင်ငံတွေ ပျော်နေတာ၊ လွတ်လပ်နေတာ ဘာကြောင့်လဲ၊ စဉ်းစားကြပါ။ ရန်သူက သူအာဏာတည်မြဲဖို့လုပ်နေတာပဲ။ အဲလိုလူမျိုးကိုတောင်းဆိုလို့ ဘာရမှာလဲ။ ဘယ်တုန်းကရဖူးလဲ။ တိုက်ကိုတိုက်ရမှာပဲ။ ညီအစ်ကိုမောင်နှမတောင် ပြတ်နိုင်ကြတာပဲ၊ ရန်သူကိုပြတ်နိုင်ရမယ်။ ပြတ်နိုင်အောင် အားထုတ်ရမယ်။ ”
အားမာန်ပါပါပြောပြနေတဲ့သူ့ပုံစံက ပြတ်သားရဲရင့်မှုအပြည့်နှင့် နားထောင်နေသူတွေကို ခံစားမှုကူးစက်စေသည်။ ကျမကတော့ ကျမစိတ်နှင့် တထပ်တည်းသူတွေကို တွေ့နေရပြီဖြစ်သည်။ ကျမက စကားဝိုင်းကို စဖွင့်သူသာ ဖြစ်ခဲ့ပြီး စကားဝိုင်းကို သူတို့တွေက ဦးဆောင်သွားခဲ့သည်။

သူတို့ပြောပြနေတာတွေ နားထောင်ရင်းနှင့် ကျမဖတ်ခဲ့ဘူးတဲ့ ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော အထ္ထုပတ္တိ စာအုပ်ထဲက စစ်၏ သဘောကို ပြန်ပြီးသတိရနေမိသည်။ ထို့နောက်တွင် ကျမရဲ့မှတ်စုစာအုပ်ကို ထုတ်ပြီး သူတို့ကိုပေးဖတ်လိုက်သည်။

“စစ်”ဆိုသည်မှာ လူတန်းစားတိုက်ပွဲ၏ အဆင့်အမြင့်ဆုံးတိုက်ပွဲပင်ဖြစ်သည်။
ကမ္ဘာ့သမိုင်းဆိုသည်မှာလည်း အခြေခံအားဖြင့် လူတန်းစားတိုက်ပွဲ၏ သမိုင်းသာဖြစ်ပေသည်။
ထို့ကြောင့် လူတန်းစားတိုက်ပွဲ၏ အမြင့်ဆုံးသဏာန်ဖြစ်သော စစ်ဆိုသည်မှာလည်း ကမ္ဘာ့သမိုင်းတွင် ပါဝင်တွန်းဆော်နေပေသည်။
စစ်ဆိုသည်မှာ အနိဌာရုံဖြစ်၍ ကျနော်တို့က စစ်အားလုံးကို မုန်းတီးဆန့်ကျင်ရန် မသင့်ပေ။
ကျနော်တို့သည် မတရားသောစစ်ကို မုန်းတီးဆန့်ကျင်ရမည် ဖြစ်သော်လည်း တရားသောစစ်ကိုမူ ထောက်ခံအားပေး ရပေမည်။ သို့မှသာ ကမ္ဘာကြီး တိုးတက်လာမည်ဖြစ်ပါသည်။”

“ဟုတ်တယ်လေအမရဲ့၊ ကျနော်တို့လည်း အခုချိန်ထိ ဖိနှိပ်သူအာဏာရှင်တွေနဲ့ အဖိနှိပ်ခံပြည်သူတွေရဲ့ လူတန်းစားတိုက်ပွဲကို ဆင်နွဲနေရတုန်းပဲ။”ရဲဘော်မင်းမင်းက ဖတ်ပြီးပြီးချင်းမှတ်ချက်ချလိုက်သည်။
အသက်(၂၅)နှစ်ရှိပြီး ဒီစခန်းကုန်းမှာ စားဖိုရိက္ခာမှုးတာဝန်ယူထားသူ ရဲဘော်မောင်ချစ်ကလည်း သူ့မျက်နှာ အေးအေးလေးနှင့် လိုက်ဖက်စွာ ဖြူစင်လှသည့် သူ့စိတ်ဓါတ်၊ တော်လှန်ရေးအပေါ်ထားရှိတဲ့ သူ့သဘောထားတွေကို ပြောပြခဲ့သည်။
“ဖိနှိပ်သူရှိလို့ တော်လှန်သူရှိနေတာပါ။ အတွေ့အကြုံမရှိခင်က စစ်တိုက်တဲ့အခါ ကြောက်စိတ်ဝင်ခဲ့ဖူးပါတယ်။ အဲဒါကို တွန်းလှန်ကျော်ဖြတ်နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ အတွေ့အကြုံရှိတော့ရိုးသွားပါတယ်။ ဒီလိုအခြေအနေတွေမှာ သာမာန်လူတွေ နေချင်မှ နေသွားနိုင်မယ်။ ဒါပေမဲ့ ဒီရဲဘော်တွေနဲ့ တသားတည်း ဖြစ်သွားပြီဆိုရင်တော့ အခက်အခဲမရှိတော့ပါဘူး။ ဒီအစိုးရက အဆက်ဆက်ဖိနှိပ် လာခဲ့တာမို့ ပါးစပ်နဲ့တောင်းလို့ မရတော့ဘူးထင်ပါတယ်။ ဒီအစိုးရကို တော်လှန်တာချင်းအတူတူ လက်နက်ကိုင်တော်လှန်ရေးကို ခေတ်မစားတော့ဘူးဆိုပြီး နှိမ့်ချဆက်ဆံဖို့မသင့်ပါဘူး။ တောင်းဆိုလို့ ရမယ်ဆိုရင် ကျနော်တို့လဲ လက်နက်မကိုင်ချင်ပါဘူး။ လူတိုင်း အေးအေးဆေးဆေးနေချင်သူ၊ ကောင်းကောင်းစား ကောင်းကောင်းနေချင်သူတွေချည်းပါ။ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ကိုယ့်ခံယူချက် အပေါ် မူတည်ပါတယ်။ သူများပြောတိုင်း နားယောင်နေမယ်ဆိုရင် ကိုယ့်တော်လှန်ရေးက ရေစုန်မျောသွားပါ့မယ်။ ကိုယ့်အသက် ရှင်နေသ၍ တော်လှန်ရေး မအောင်မချင်း ဆက်လုပ်သွားမှာပါ။ ဒီမိုကရေစီရလို့ အေးအေးချမ်းချမ်းနေပြီး ကိုယ့်ဖာသာ ရှာဖွေစားသောက်ရမယ်ဆိုလည်း ဒီလိုပဲနေမှာပါ။ လိုအပ်လို့ တာဝန်ထမ်းဆောင်ရမယ်ဦးမယ် ဆိုလည်း အသင့်ပါပဲ။”

ရဲဘော်တွေရဲ့စကားသံကြားမှာ ကျမကလွင့်မျောစွာ ငြိမ်ဆိတ်သွားတော့သည်။ ပြည်သူဆိုတဲ့ ကျမတို့အတွက် သူတို့က လူမသိသူမသိပေးဆပ်ဖို့အသင့် ဖြစ်နေတာကို အံ့သြတုန်လှုပ်မိသည်။ တိုက်ပွဲတွေမရှိတဲ့ အခုလိုအချိန်မျိုးတွေမှာ အတွေးအခေါ်မရင့်ကျက်ခဲ့လျင်၊ ယုံကြည်ချက်တွေမခိုင်မာခဲ့လျင် တော်လှန်ရေးထဲက လွင့်စင်ထွက်သွားနိုင်သည်မဟုတ်ပါလား။ ကိုယ့်ကိုယ်ကို တော်လှန်ရေးသမား ခေါင်းဆောင်တွေလို့ ခံယူထားသူတွေတောင် တော်လှန်ရေးလမ်းပေါ်က အဝေးကို ရောက်သွားခဲ့ကြသေးတာပဲ။ အတွေးအခေါ်တွေ ပြောင်းလဲသွားကြသေးတာပဲ။ ဒါတွေက ဘာ့ကြောင့်လဲဆိုတဲ့ ကျမခဏခဏတွေးမိတဲ့ အတွေးကို အခုတော့ အဖြေရှာရသွားခဲ့လေပြီ။


ကျမတို့အိပ်တဲ့ တဲကလေးဆီသို့ လမ်းလျှောက်ပြန်လာတော့ မောင်က သီချင်းလေး တပုဒ်ကို ဆိုညည်းနေသည်။
ကြင်နာသူကိုယ့်အနား ရှိနေခိုက်ဟာ ဘ၀ရဲ့ အသာယာဆုံးအခါ
ဒီအချိန်မှာ ကိုယ်ကြည့်ရင်းနဲ့ သူ့ကိုသနားလာမိတယ်။
မကျင်လည်ခဲ့ဘူးတဲ့ သူစိမ်းနယ်ထဲမှာ စိတ်အားငယ်လှရော့မယ်။
---------
--------------
---------
ဒီကစပြီးရှေ့ကိုဆိုသူ့ရဲ့လိုအင်ရှိရာတွေ
သိအောင်ကြိုးစားပြီးလေ ကိုယ်ဖြည့်စွမ်းမယ်။

ခါတိုင်းဆိုရင် ကျမက မောင်ဒီသီချင်းကိုဆိုလို့ ဒီနေရာကိုရောက်တိုင်း ဘာတွေ့ဖြည့်ဆည်းပေးမှာလဲလို့ နောက်နေကျဖြစ်တော့ ဂစ်တာတီးနေရင်း မောင်က အနားရောက်လာတဲ့ ကျမကို မော့ကြည့်သည်။ ကျမဆီက ဘာသံမှထွက်မလာတဲ့အပြင် ခပ်ငြိမ်ငြိမ်ကျမမျက်နှာထားကြောင့် တခုခုဖြစ်လာသလားလို့ မောင်တွေးမိပြီး သီချင်းဆိုတာကို ရပ်ပစ်လိုက်သည်။

“ဆက်ဆိုလေမောင်ရဲ့။ နွယ်က ဘာတွေဖြည့်ဆည်းပေးမှာလည်းလို့ ဘယ်တော့မှ မမေးတော့ဘူးမောင်။ မောင့်ရဲဘော်တွေနဲ့ တွေ့ပြီးတဲ့နောက်မှာတော့ မောင့်ရဲ့တော်လှန်ရေးအပေါ်ထားတဲ့ သဘောထားကို ပိုပြီးလေးစားသွားတယ် မရယ်နဲ့လေမောင်ကလည်း။ နွယ်တကယ်ပြောနေတာ။ မောင်နဲ့အတူ သေတပန်သက်တဆုံး နွယ်က ပါရမီဖြည့်ဖက်ပဲလုပ်မှာ။ မောင့်ကိုသာ နွယ်က အမြဲဖြည့်ဆည်းပေးမယ့် သူလုပ်မှာသိလား။ ”
ကျမစကားအဆုံးမှာ မောင်က ခပ်ပြုံးပြုံးနဲ့ “ဘာတွေ ဖြစ်လာသလဲနွယ်ရဲ့။ ပြောပြပါဦး။ ရဲဘော်တွေက ဘာတွေ စည်းရုံးလိုက်သလဲ။”
“သူတို့က သူတို့စိတ်ထဲရှိတာတွေကို ရှင်းရှင်းလေးပြောပြတာလေမောင်။ အဲဒါတွေကို နွယိအရမ်းခံစားရတယ်။ နွယ်တွေ့နေကျသူတွေနဲ့ မတူဘူးသိလား။ နွယ်နိုင်ငံရေးမလုပ်ခဲ့ပေမယ့် ပြည်သူတွေ ခံစားရတာတွေသိတယ်။ ဘယ်သူမှန်တယ်မှားတယ် သိတယ်။ ဒါကြောင့်မှန်တဲ့ ဘက်ကနေခဲ့တာပေါ့။ ”
နွယ်က ဘာတွေကို ခွဲခြားသိသွားတာလဲသိလားမောင်။ တော်လှန်ရေးကို လုပ်စားနေသူတွေနဲ့ တော်လှန်ရေးအတွက် လုပ်ပေးနေသူတွေကို ခွဲခြားမိသွားတာ။ နွယ်အခု အလုပ်တခု မရရအောင် ရှာရဦးမယ်။ ၀င်ငွေကောင်းကောင်းပေါ့။ ဒါမှ မောင့်ရဲဘော်တွေအတွက် နွယ်အများကြီး လုပ်ပေးနိုင်မှာ။ နွယ်လောဘမကြီးပါဘူး။ ဒါပေမဲ့ နွယ်လက်လှမ်းမီသလောက်ကိုတော့ အကောင်းဆုံးတွေပေးချင်တယ်။
ကျမစကားအဆုံးမှာ မောင့်မျက်နှာက တည်သွားသည်၊

“လက်နက်ကိုင်တော်လှန်ရေးဟာ နိုင်ငံရေးပါတီမဟုတ်ဘူးလေနွယ်ရဲ့။ပြီးတော့ လူမှုရေးအသင်းမဟုတ်ဘူး။ အောင်ပွဲနဲ့ သေခြင်းတရားပဲရှိတယ် ။အဲဒီအတွက်မောင်တို့ ပိုင်းဖြတ်ထားပြီးသား။ ကြုံလာတဲ့ဒုက္ခတွေကို ကြံ့ကြံ့ခံပြီးရင်ဆိုင်ရမှာပဲ။ လမ်းခုလတ်မှာ ရပ်နေလို့မရဘူး။နောက်ပြီး ထွက်သွားလို့မရဘူး။ အဲလို ထွက်သွားခဲ့သူတွေဟာ သူရဲဘောကြောင်သူတွေပဲ။ကျဆုံးခဲ့သူတွေ။ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့သူတွေ၊ ထောင်ထဲမှာ ရှိနေသူတွေကို သစ္စာဖောက်လို့မရဘူး။ မောင်ယုံကြည်တာကတော့ လက်နက်ကိုင် တော်လှန်ရေး ဆိုတာ အချောင်သမားတွေ နားခိုရာမဟုတ်ဘူး။ တကယ်အလုပ်လုပ်တဲ့ သူတွေအတွက်ပဲ ဖြစ်တယ်။ နွယ်က မောင့်ကိုနားလည်ပြီး ဖြည့်ဆည်းပေးမယ်ဆိုတော့ ပိုအားရှိသွားတာပေါ့ကွ။ မောင်တို့လိုအပ်နေတာတွေက စိတ်ဓါတ်အင်အားတွေလေ။ အဲဒါက တည်ဆောက်ယူရတာနွယ်ရဲ့။ လွယ်လွယ်နဲ့ရတဲ့အရာမဟုတ်ဘူး။ ဇွဲ၊ လုံ့လနဲ့အတူ ယုံကြည်ချက်တွေ ခိုင်မာပြတ်သားဖို့ လိုတယ်။ တော်လှန်ရေးတခု လုပ်တယ်ဆိုတာ ပေါ့ပေါ့ပါးပါးတော့ ဘယ်ဖြစ်လိမ့်မလဲနွယ်။ နွယ်လဲ စိတ်ဓါတ်ခိုင်မာပြတ်သားနိုင်ရမယ်။ စိတ်ရှည်ရမယ်။ အဲဒီလိုပဲ အချိန်တွေနဲ့အတူ ပျိုရွယ်မှုတွေ အိပ်မက်တွေကို ပေးဆပ်ပြီး ယုံကြည်ချက်တွေကို တည်ဆောက်ရမယ်၊ အဲဒါမှ နွယ်အစစ်အမှန်ဖြစ်မှာနော်၊”

တိုးညှင်းပေမယ့် ခိုင်မာပြတ်သားတဲ့ မောင့်စကားသံမှာ ကျမကပျော်ဝင်လို့ ။ သောင်းရင်းမြစ်ထဲကို နေလုံးကြီးကလည်း ဆင်းလို့ရေသောက်နေလေရဲ့။ ဒီအချိန်မှာပဲ မိုးမခပင်တွေဆီက သီချင်းသံ သဲ့သဲ့ကြားရပါပကော။
မိုးမခပင်တွေ တို့သက်သေတည်။
စိမ်းရင့်သော အေးမြကန်သာရေ၊
ရိုးမတောင်ခြေ နေရောင်မခတဲ့ နယ်မြေ ငြိမ်းချမ်းစေ။ ။

(ခေတ်ပြိုင်အွန်လိုင်းစာမျက်နှာတွင်ဖော်ပြပြီး)