Friday, August 31, 2007

အကြိုက်ဆုံးပို့စ်(၅) ပုဒ်

မောင်ရန်နဲ့ လင်းလက်တို့က Tag လိုက်ပြန်တယ်၊ ကိုယ်တင်ထားတဲ့ ပို့စ်တွေထဲက အကြိုက်ဆုံး ၅ ခုရွေးပေးရမယ်တဲ့၊ ကိုယ်ရေးချင်လို့ ရေးတင်တယ် ဆိုကတည်းက ကြိုက်လို့ပေါ့နော်၊ အဲဒါကို ရွေးခိုင်းတာကတော့ ဘယ်သားသမီးကို အချစ်ဆုံးလဲ မေးသလိုဖြစ်နေပြီ၊ ခက်ပါလေ့၊ ပြီးတော့ ကျမဘလော့မှာကလည်း ကောမန့်များတဲ့ ပို့စ် တခုမှ မရှိ ဟိဟိ။ ကိုယ်တိုင်ကတော့ အကုန်လုံး ကြိုက်၊ ရေးပြီးသား မတင်ရသေး တာတွေလဲ ကြိုက်မှကြိုက်၊အင်း ဒါမဲ့ပေါ့လေ….ပေါ့လေ….

အရွေးခက်ခက်ထဲက လက်တွဲဖော်ကို ရွေးထားလိုက်ရသလို ရွေးလိုက်ရပေပြီပေါ့၊

ကိုင်းလာလေ့…….

၁။ ချစ်သူ့ဒိုင်ယာရီ

ဒီဝတ္ထုတိုလေးကတော့ အဖြစ်အပျက် အစစ်အမှန် ၂ ခုကို ရောယှက်ထားတဲ့ ကိုယ်ပိုင်တဲ့ ကိုယ်ပိုင်အချစ်ကလေးတွေ အကြောင်းပေါ့၊ မဖတ်ရသေးသူတွေ ဖတ်ပေးစေချင်ပါတယ်၊

၂။အကယ်စင်စစ်များနဲ့အချစ်

ကဗျာက ရေးခဲတဲ့ ဘာသာစကားတခုပါ။ အဲဒီကဗျာရေးချိန်က ချစ်သူ့ဒိုင်ယာရီထဲကလို လက်တွဲဖော် နောက်ကို လိုက်လာရင်း အဆင်မပြေမှုတွေ အများကြီးကို မျှော်လင့်ထားတာ ထက် ပိုလို့ ကြုံလာတဲ့ အချိန်က ကိုယ့်ကိုယ်ကို အားပေးရင်း ရေးခဲ့တဲ့ ကဗျာလေးမို့ တန်ဖိုးထားမိတာပါ၊

အထက်ပါ ၂ ပုဒ်ကတော့ ကြိုက်လွန်းလို့ ဘလော့စလုပ်ကတည်းက ဒီနှစ်ပုဒ်ကို ပထမ ဦးစားပေး တင်ထားလိုက်တာပါ၊

၃။ သူမတို့မှတ်တမ်း

အဲ…ဒီတပုဒ်လည်း ကဗျာကိုပဲ ရွေးပါတယ်၊ဇာတ်ခုံတခုနောက်ကွယ်က ပါရမီဖြည့်ဖက်တွေကို အလေးအမြတ်ပြုဖို့ မေ့လျော့နေကြတဲ့ တချို့သော သူတွေကို တွေ့ရတိုင်း ခံစားရတဲ့အတွက် ဒီကဗျာလေးကို ရေးမိတာပါ၊ တကယ်အမှန်တကယ် ရှိနေတဲ့ သူမတွေအတွက် မှတ်တမ်းတခု အဖြစ် ထင်ကျန်ရစ်စေချင်လို့ပါ။

၎။ တိမ်ရောင်စုံချိန်

အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တဲ့ ၁၉ နှစ်တာ အတွင်းက မိသားစုလေးတခုကို ကိုယ်စားပြု ရေးဖွဲ့ထားပေမဲ့ တကယ့်အပြင်မှာ မိသားစုများစွာဟာ ဒီ့ထက်မကတဲ့ ဒုက္ခတွေကို ရင်ဆိုင်နေရဆဲ ဆိုတာ… ကျမက မမေ့စေချင်လို့ ရေးဖွဲ့ လိုက်ပါတယ်၊( ဒီရသစာစုကို ကျမရေးစဉ်က မျက်ရည်တွေနဲ့ ရေးခဲ့ရတာပါ။)

၅။ သမီးဖတ်ဖို့စာ

ကျမသားလေး ၂လခွဲကို ခွဲခွာလို့ ထောက်လှမ်းရေး ဖမ်းဆီးခံရချိန် ကိုယ်တွေ့အဖြစ်လေးကို သတိရ…….၊

နီလာသိန်း ဆိုတာ ကျမနဲ့ အင်မတန်ခင်တဲ့ သူငယ်ချင်းအဖြစ် ၉၅၊၉၆ အတူလှုပ်ရှားခဲ့ပုံတွေကို သတိရ……

သူနဲ့ သူ့သမီးလေးပုံတွေပါတဲ့ ဗွီဒီယိုဖိုင်ကို ပြန်ကြည့်ရင်း…..
ကိုယ်စား ခံစားလို့ ရေးဖွဲ့လိုက်တာပါ၊

အချိန်အခါအရ နှစ်သက်သူများတဲ့ ရသစာစုလေးလဲ ဖြစ်တာမို့ ဒီစာရင်းထဲ ထည့်လိုက်တာပါ၊

တကယ်တော့ ကျမစာတိုင်းကို ရင်ထဲက ခံစားရမှ ရေးခဲ့တာမို့ တမျိုးစီမှာ နောက်ကြောင်း ရာဇ၀င်၊ အဲဒီအချိန်က ခံစားချက်၊ မျှဝေပေးချင်တာတွေ ရှိတဲ့အပြင် ဒီစနစ်ကြီးရဲ့ မှားယွင်းမှုတွေနောက်ကနေ ရင်းနှီးပေးဆပ်လိုက်ရတဲ့ အညတရဘ၀ အဖြစ်သနစ်တွေကို စာဖတ်သူများ ရချင်တာပါပဲ၊

ကျန်တဲ့ ပို့စ်တွေဖြစ်တဲ့ သောင်ရင်းမြစ်ရဲ့ တဖက်ကမ်းမှာ၊ မဟူရာညထဲက လိုမျိုး ရသစာစုတွေ ကိုလည်း သံယောဇဉ် မပြတ်သလို မတင်ရသေးတဲ့ ပို့စ်တွေမှာလည်း အကြိုက်ဆုံးတွေ ရှိသေးတယ် လို့ ကြိုတင်ကြော်ငြာ ထားလိုက်ပါတယ်။
(မသိမသာနဲ့ ၇ ခုပြောထားလိုက်မိပြီ)

ကိုယ်ကနေ ဘယ်သူ့ကို ပြန်တက်ရမယ် စဉ်းစားတဲ့အခါ တော်တော်များများက ရေးပြီးနေပြီ၊ မရေးရသေးသူများထဲက ကိုမောင်ရင်၊ ကိုထိုက်၊ ကိုဖိုးဇေ၊ မသဒ္ဒါ နောက်ဆုံး ဘလော့မှာပို့စ်အသစ် အမြဲတင်နေပေမဲ့ အခုတလော ရေခြားမြေခြား ခရီးသွားက ဒီနေ့ပြန်ရောက်မဲ့ ဘာဖြစ်လဲ ဆိုတဲ့ စိုးဝှက်တို့ကို ဆက်လက် တက်လိုက်ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Wednesday, August 29, 2007

သူဘယ်သူလဲ?



ကျေးဇူးပြုပြီး လက်ဆင့်ကမ်း ရှာဖွေ သတင်းပေးကြပါ။
ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြသူများကို အခုလို ချုပ်နှောင်ဖမ်းဆီးသတဲ့။

Monday, August 27, 2007

သမီးဖတ်ဖို့စာ

သမီးလေးရေ…………

မေမေ့နို့တွေ တင်းလို့ …..

ဒီအချိန်ဆို သမီးလေး နို့ဆာနေလောက်ပြီ….

သမီးရေ… စကားပြောတတ်မယ် ဆိုရင် မေမေ့ဘာကြောင့်သမီးလေးနဲ့ဝေးရာကို ပြေးပုန်းနေရတယ် ဆိုတာ မေးလာမယ်ထင်ပါရဲ့…

တကယ်တော့ သမီးလေးရေ ၄ လကျော်ကျော်သာ ရှိသေးတဲ့ ကိုယ့်ရင်သွေးလေးကို

မေမေ ဘယ်ခွဲရက်မှာလဲကွယ်… သမီးကို ၄ လခွဲ ပြည့်တာနဲ့ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပေးရဦးမယ် ဆိုတာလဲ မေမေ သတိရနေမိတယ်…

သမီးမှာ မေမေ့ကိုယ်စား စောင့်ရှောက်ပေးနေမယ့် အဖိုးအဖွားတွေ ဦးကြီး ဒေါ်လေးတွေ ရှိနေပေမယ့်လို့ သမီးလေးကို မေမေ့နို့ချို ကိုယ်တိုင်ချီပွေ့လို့ လာရောက် တိုက်ချင်ပါသေးတယ်…

သမီးလေးရေ…

မေမေ့ကို အပြစ်တင်နေလေမလား….

သမီးကြီးလာတဲ့ တနေ့မှာ သမီးရဲ့ ဖေဖေနဲ့ မေမေက ဘာ့ကြောင့်သမီးလေးကို တယောက်တည်း ခွဲထားရစ်ခဲ့ရတယ် ဆိုတာကို နားလည်အောင် ရှင်းပြပေးပါ့မယ်… သမီးလေးရယ်…

ခုတော့ သမီးအတွက် ပြည့်စုံခြင်း၊ လုံခြုံခြင်းတွေ ပူပန်စရာမလိုတဲ့ အသိုင်းအ၀ိုင်းမှာမို့ မေမေနဲ့ သမီးဖေဖေက နောက်ဆံမတင်းပဲ ထားရက်ခဲ့ရတာပါကွယ်…

တကယ်တော့သမီးလေးရေ…

ဖေဖေနဲ့ မေမေတို့ မွေးဖွားကြီးပြင်းခဲ့ရာ..

မေမေတို့ ချစ်ခင်မြတ်နိုးလှတဲ့ ကိုယ့်တိုင်းပြည်ကြီးမှာ မေမေတို့လို သမီးတို့လို ပြည့်စုံမှုမရှိတဲ့ ဆင်းရဲမွဲတေနေတဲ့၊ နွေးထွေးလုံခြုံမှုမရှိတဲ့ ပြည်သူပြည်သား ညီအကို မောင်နှမတွေ အများကြီးရှိနေသေးတယ် ဆိုတာကို ဖေဖေနဲ့ မေမေတို့ သိရှိပြီးတဲ့ နောက်မှာတော့ …

မေမေတို့ ဘ၀တွေအတွက် သာမက အဲဒီအဖိနှိပ်ခံ၊ အခြေခံလူတန်းစား……တွေ

မနက်စာပြီးရင် ညနေစာကို ပူပင်နေရတဲ့ မေမေတို့ ချစ်တဲ့မိခင်နိုင်ငံကြီးထဲက ချစ်လှစွာသော ညီအကို မောင်နှမ တမြေထဲနေ တရေထဲသောက်တွေ……..အတွက် ကိုယ်တတ်နိုင်သလောက် လုပ်ပေးရဦးမယ်လို့ စဉ်းစားမိခဲ့ကြတယ်လေ…

သမီးလေးတယောက်အတွက်…ထည့်မစဉ်းစားတော့ဘူး..လား လို့… သမီးကမေးချင်နေမလား..

သမီးအတွက်လည်း ပါတာပေါ့သမီးလေးရေ..

မေမေတို့အခုလုပ်နေတာတွေအားလုံးက သမီးအပါအ၀င် နောက်မျိုးဆက်တွေအတွက်....

မေမေတို့လို ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ဆိတ်သုဉ်းနေတဲ့…

မတည်ငြိမ်တဲ့ ပညာရေး စနစ်ရဲ့အောက်မှာ….

ကိုယ်ပိုင်ဦးနှောက်ထဲက ထွက်ပေါ်လာတဲ့ ဖန်တီးမှုတွေ…..

ဘယ်သူ့ကိုမှ မထိခိုက်တဲ့အတွေးအခေါ်တွေကိုတောင် လွတ်လွတ်လပ်လပ် တွေးခေါ်ခွင့် ဖန်တီးခွင့် မရှိတဲ့….

ဘာဆိုဘာမှ စဉ်းစားတွေးခေါ်မှုမလုပ်နိုင်အောင် အကြောက်တရားတွေ ဖန်တီးလို့ … ကိုယ့်ကိုယ်ကိုတောင် ဝေဖန်ပိုင်းခြားနိုင်စွမ်းမဲ့အောင် စီမံအုပ်ချုပ်ထားတဲ့…….

ခုလို စစ်အာဏာရှင် စနစ်ဆိုးကြီးအောက်မှာ သမီးတို့မျိုးဆက်ကို ဆက်လက် မရှင်သန်စေချင်ဘူးလေ…

သမီးလေးရေ…

လွတ်လပ်ပွင့်လင်းတဲ့ အတွေးအခေါ်တွေနဲ့…

ကမ္ဘာကြီးကို ရွာကြီးတရွာလို သဘောထားလို့ …

ပညာအတတ်တွေကို လိုသလောက်..အတားအဆီးမဲ့ ရှာဖွေ ဖြည့်ဆည်းနိုင်မယ့်…

လူကို လူလို တန်ဖိုးထား ဆက်ဆံမယ့်…

ကိုယ့်တိုင်းပြည်ကို တိုးတက်ဖို့ နဲ့ ကိုယ့်ကို အုပ်ချုပ်မဲ့သူတွေကို ကိုယ်ကိုယ်တိုင်ကသာ ရွေးချယ်နိုင်ခွင့်ရှိတဲ့….

ငြိမ်းချမ်းပြီး…သာယာဝပြောတဲ့ တိုင်းပြည်ကြီးမှာပဲ…

သမီးတို့ မျိုးဆက်တွေကို.. မေမေချစ်တဲ့သမီးလေးကို…. ကြီးပြင်းစေချင်တယ်။

ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ သယံဇာတတွေ ပေါများကြွယ်လှတဲ့ မေမေတို့ တိုင်းပြည်မှာ…

ဘာကြောင့် ဆင်းရဲမွဲတေနေရတာလဲ ဆိုတာကို မေမေတို့ သိတဲ့နေ့က စလို့ …

ဒီလိုဘ၀တွေက လွတ်မြောက်အောင် တတ်နိုင်သလောက် တာဝန်ထမ်းချင်တဲ့စိတ်တွေ ဖြစ်ခဲ့တာပေါ့ သမီးရေ…

သမီးကိုထားခဲ့တာကလည်း မေမေ့အတ္တလို့ သမီးလေးက ဆိုဦးမလားကွယ်….

မေမေ့အတ္တတွေ အားလုံး .. မေမေ့မျှော်လင့်ချက်တွေ အားလုံး….

သမီးရဲ့ ..အနာဂတ်ပေါ်မှာ စုပုံထားခဲ့ လို့ပါ…လို့.. မေမေက သမီးလေးကို ရှင်းပြချင်ပါတယ်….

သမီးရေ…

တကယ်လို့များ မေမေ့ကို ဖမ်းမိသွားလို့ သမီးကို ခွဲထားရစ်ခဲ့ရမယ်ဆိုရင်…

နှစ်တွေ အများကြီး သမီးလေးကို လွမ်းရင်း မေမေ ငိုနေရဦးမှာပါ…

မေမေ့ကို စိတ်မနာပါနဲ့သမီးရေ….

မေမေရွေးချယ်ခဲ့တဲ့ လမ်းမှာ …

နစ်နာမှုတွေ အများဆုံးက သမီးလေးဖြစ်နေတာ….

နွေးထွေးတဲ့ မေမေ့ရင်ခွင်နဲ့ သမီးအတွက် ခုချိန်မှာ အာဟာရအဖြစ်ဆုံး နို့ချိုသောက်သုံးခွင့်ကိုပါ စွန့်လွှတ်ခဲ့ရတာက သမီးလေးဖြစ်နေတာ........

သမီးကို မေမေတောင်းပန်ပါတယ်… ကြိုတင်ပြီးတောင်းပန်ပါတယ်….သမီးရေ………

၎ လစွန်းစွန်းသာ ရှိသေးတဲ့ သမီးကို စွန့်ထားခဲ့တဲ့အတွက်…

အင်မတန်ခေါင်းမာတဲ့ အမေလို့များ သမီးထင်မလားဟင်….

တကယ်တော့ မေမေက သိပ်..ခံစားလွယ်သူပါသမီးရယ်….

အခုဆို သမီးနို့စို့ချိန်…. သမီးလေးကို သိပ်ချိန်… သမီးလေးကို ရှုးတည်ချိန် …

ဒီလိုနဲ့ ရှောင်ပုန်းနေရတဲ့ မေမေ့ဘ၀မှာ အချိန်တိုင်း.. သမီး….ရေ ….လို့…

တမ်းတနေပါတယ်….

သမီးလေးရေ….


(၂၂.၈.၀၇ နေ့က ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ အတွက် စစ်အုပ်စုရဲ့ ဖမ်းဆီးမှုအောက်မှ ရှောင်တိမ်းနေရသူ နီလာနှင့်တကွ သူရဲကောင်းများကို ချစ်ခင်စွာဖြင့် ဂုဏ်ပြုရေးဖွဲ့လိုက်ပါတယ်)

Saturday, August 25, 2007

လူရှင်သချိုင်းများအကြောင်း(၂)


အဖမ်းမခံရခင် တစ်ရက်အလို
(ဃ)
ဆရာတော်ဦးရေ၀တဆီက အပြန်မှာတော့ ဒေါပုံမြို့နယ်ကသူငယ်ချင်း တစ်ယောက် ဖြစ်တဲ့ ကျော်ဝဏ္ဏ ရဲ့အိမ်ကို ထွက်လာခဲ့ပါတယ်။ ကျော်ဝဏ္ဏရဲ့ အိမ်ကကျနော့်ရဲ့ စားအိမ် သောက်အိမ် ဆိုလည်းမမှားဘူး။ ကျော်ဝဏ္ဏက စက်မှုတက္ကသိုလ်တက်ခွင့်ရနေပါပြီ။ ပြီးတော့ ဆယ်တန်း ကျောင်းသားတွေကို အင်္ဂလိပ်စာသင်ပြနေတဲ့ ဆရာတစ်ဦး ဖြစ်သလို၊ ဗမာ့လူငယ် များ အစည်းအရုံး(ဗလစ)၊ ယခင် အာရှလူငယ်အဖွဲ့မှ လူငယ်ခေါင်းဆောင်တစ်ဦး လည်းဖြစ် ပါတယ်။

သူကအသန့်အပြန့် အလွန်ကြိုက်ပါတယ်။ လူကတော့ အသားမဲလို့ မီးပြတ်ရင်သွားပဲ မြင်ရတယ်လို့ ကျွန်တော်တို့က နောက်လေ့ရှိပါတယ်။ သူလမ်းလျောက်ရင် ပခုံးကို တဖက်စောင်းပြီး လျှောက်တတ်လို့ ကျနော် တို့က“ဖရိမ်”လို့ခေါ်ကြပါတယ်။ ထောင်ထဲ ရောက်တော့ ကျော်ဝဏ္ဏက (၂)ယောက်ရှိပါတယ်။ သူနဲ့ နောက်တယောက် က ပဲခူးက ကျော်ဝဏ္ဏပါ။ သူကိုတော့ အားလုံးက ဖရိမ်လို့ ခေါ်ပြီး၊ နောက်တစ်ယောက် ကိုတော့ ပဲခူးက ကျော်ဝဏ္ဏလို့ပဲ ခေါ်ပါတယ်။

တစ်ခါက ထောင်ထဲမှာ ဖရိမ်ကို အဆောင်မှူး ၀န်ထမ်းတစ်ယောက်က ခေါ်ပြီး ထောင်နံပါတ်ကြီးမှာ သူ့ နာမည်ကို ရေးတဲ့အခါ “ကျော်ဝန” လို့စာလုံးပေါင်းတော့ သူက ဆရာ ကျနော်နာမည်က “နကြီးနှစ်လုံးဆင့် ပေါင်းတဲ့ ဏကြီးပါ” လို့ပြန်ပြောပါတယ်။ ၀န်ထမ်း ကလည်း ရှက်ပြီး ငါလည်းမပေါင်းတတ်ဘူး။ “မင်းနာမည် မင်းဖာသာ ပေါင်း” လို့ ပြန်ပြောခဲ့ပါတယ်။

ကျနော် ကျော်ဝဏ္ဏအိမ်ကိုရောက်တော့ သူ့ညီမဖြစ်သူ ပပက “ကျော်ဝဏ္ဏ ညက အိမ်ပြန်မအိပ်ဘူး” လို့ ပြောပါတယ်။ ဒီကနေ့ ဆယ်တန်းအောင်စာရင်း ထွက်မှာမို့ မနေ့ညက သူ့တပည့် ကျောင်းသားလေးတွေနဲ့ အတူသွားအိပ်တယ်လို့ ဆက်ပြောပါတယ်။ ဒါနဲ့ကျွန်တော်လည်း အဲဒီမှာပဲရေချိုး၊ အ၀တ်အစားလဲပြီး ကျော်ဝဏ္ဏနဲ့ တွေ့ချင်သေးတာ ကြောင့် သူပြန်လာရင် ဒီနေ့ နေ့လည် တစ်နာရီလောက် လှည်းတန်း စံရိပ်ငြိမ်က လက်ဖက်ရည်ဆိုင်ကို လာခဲ့ဖို့မှာပြီး ဒေါပုံရှိ ကျော်ဝဏ္ဏအိမ်ကနေ ပြန်ထွက်ခဲ့ပါတယ်။

မြို့ထဲဖက်ကိုသွားဖို့ ဦးတည်လိုက်ပါတယ်။ ကျနော် ရန်ကုန်မြို့ ထဲကိုရောက်တော့ လမ်း၃၀မှာနေတဲ့ ကျနော့ သူငယ်ချင်း ဘုန်းဘုန်း(ဘုန်းမြင့်ထွန်း) ရဲ့အိမ်ကို ဦးတည်လိုက် ပါတယ်။ ဘုန်းဘုန်းဆိုတာ သုံးရောင်ခြယ် ကျောင်းသားလူငယ်အဖွဲ့ကပါ။ သူ့အိမ်ကိုတော့ မြို့လည်ခေါင်က သူပုန်ဌာနချုပ်တစ်ခုလို့ ကျနော်တို့က နာမည် ပေးထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့အိမ်က စစ်အစိုးရကို ဆန့်ကျင်လှုပ်ရှားနေတဲ့သူတွေ တော်တော် များများ ဆုံတတ်တဲ့နေရာ တစ်ခုဖြစ်လို့ပါပဲ။

ဆုံဆည်းဖို့တင်မဟုတ်ပဲ စစ်ထောက်လှမ်းရေးရဲ့ ဒဏ်ကြောင့် ကိုယ့်အိမ်ကိုယ်ပြန်လို့ မရတော့တဲ့ နေရာမဲ့ သွားတဲ့သူတွေအတွက်လည်း သူ့အိမ်ရောက်သွားရင်တော့ သူတတ်နိုင်သ၍ ကျွေးးမွေး ဧည့်ခံတတ်ပါတယ်။ ကျနော်တို့လို ကျောင်းသားတွေကို သူတို့ မိသားစုက ကူညီခဲ့တာကြောင့်လည်း န၀တရဲ့ အငြိုးကြီးကို ယနေ့တိုင် ခံစားနေရရှာလေရဲ့။

ကျွန်တော်ဘုန်းဘုန်းအိမ်ကို ရောက်တော့ သူအိပ်ရာကမထသေးပဲ ကုတင်ပေါ်မှာ ပိုးလိုးပက်လက် အိပ်ပျော် နေတုန်းပါပဲ။ ဒါပေမယ့် ဧည့်သည်တွေကတော့ ထုံးစံအတိုင်း သူ့အိမ်မှာရောက်ရှိနေပါတယ်။ စောစောစီးစီး ရောက်နေသူကတော့ရက္ခီး(ညီထွေးခိုင်)နဲ့ ကိုစိန်လှိုင်တို့ပဲဖြစ်ပါတယ်။ ကိုစိန်လှိုင်ကေ တွ့တွေ့ချင်း…
“မောင်ရင်တို့ ကြားပြီးပြီးလား” လို့ စပြီးမေးပါတယ်။ ကျနော်က“ဘာဖြစ်လို့လည်း” လို့ မေးလိုက် ပါတယ်။
“သားညွှန်ဦးနဲ့ ကိုအောင်ထွန်းတို့ကို ညကတပြိုင်နက်ထဲ ဖမ်းသွားကြတယ်။”

“ဟုတ်လား”
“ဟုတ်တယ်။ ညက ၁၂နာရီလောက်မှာ ထောက်လှမ်းရေးနဲ့ စစ်တပ်က ကိုအောင်ထွန်းနဲ့ သားညွှန်ဦးတို့ အိမ်တွေကို တစ်နေရာစီခွဲပြီး တပြိုင်တည်းဖမ်းသွားကြတယ်။ ကိုအောင်ထွန်း အိမ်က ၀ရမ်းပါလား၊ ဖမ်းဝရမ်းမပါရင် မလိုက် နိုင်ဘူးလို့ ပြောလို့ သူ့အိမ်နဲ့ ထောက်လှမ်းရေး တွေစကားများကြသေးတယ်”
လို့ဘုန်းဘုန်းကပြောပြပါတယ်။ ကျနော်ကလည်း ညကကျွန်တော်ရယ်၊ ကိုဖြိုးနဲ့ ကိုသက်ထွေးတို့ ဆုံကြပုံ၊ ကျနော်တို့သုံးယောက်လုံး ကပ်သီလေးလွတ်သွားပြီး အဖမ်းမခံ လိုက်ရပုံ တို့ပုံကို ပြောပြလိုက်ပါတယ်။ န၀တက (၉၉၉)အုံကြွမှု့ ဖြစ်မှာစိုးလို့ တပ်ဦးအဖွဲ့ဝင်တွေကို နှိမ်နင်းဖမ်းဆီးပြီး၊ အခုကျွန်တော်တို့ (ဗကသ) ကျောင်းသားတွေကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းဖမ်းဆီး လာတဲ့ခြေလှမ်းပဲလို့ ကျနော်က ထပ်ပြောလိုက် ပါတယ်။

ကိုစိန်လှိုင်က…
ဒို့တတွေ သတိရှိရှိနေဖို့ ကောင်းပြီနော်။ ကိုယ်လည်း ရှောင်တော့မယ်။”
“မင်းတို့လည်းဒီ ဘုန်းဘုန်းတို့အိမ်မလာကြရင် ကောင်းမယ်”
လို့ပြောပါတယ်။ ကိုရက္ခီးကတော့
“အေး…အားလုံး နည်းနည်းလေး ရှောင်နေကြရင် ကောင်းမယ်”
လို့ဝင်ပြောပြီး ချောင်းတချက်ဟန့် လိုက်ပါတယ်။ သူ့ကိုကြည့်ရတာ အအေးမိပြီး ချောင်းဆိုးနေတဲ့ပုံပါပဲ။ မောင်ဘုန်းကတော့ ကျနော့်ကို စိုးရိမ်တယ်ထင်ပါရဲ့။

“ဟေ့ကောင်။ ငါတို့တွေ ဒေါ်အောင်စုကြည်နဲ့ အင်းလေးဖက်ကို စည်းရုံးရေး ဆင်းတုန်းက အင်းလေး ဖောင်တော်ဦးဘုရားက ဘေးအန္တရာယ်ကင်းရှင်းအောင် သင်္ကန်းစ အနီလေးတွေပေးတယ်။ (အဲဒီသင်္ကန်းစ အနီလေးတွေမှာ ဂေါပကအဖွဲရုံးရဲ့ တံဆိပ်တုံးလေး တွေ ရိုက်ထားတာ သတိထားမိပါတယ်) မင်းလည်း အန္တရာယ်ကင်းအောင် ဆောင်ထားပေါ့”
ဆိုပြီးကျနော့်ကို အဲဒီသင်္ကန်းစတစ်ခု လက်ဆောင်ပေးပါတယ်။ အဲဒီနောက် ကျနော် လည်း အချိန် မရှိတော့လို့ လှည်းတန်းမှာ အခြေခံပညာကျောင်းတွေက မြို့နယ်ကိုယ်စားလှယ် တွေနဲ့ ဆွေးနွေးပွဲရှိရာ ချိန်းထားတဲ့ နေရာကိုသွားဖို့ ပြောတော့ အားလုံးက ကျွန်တော်ကို မသွားဖို့ ၀ိုင်းတားကြပါတယ်။
“ဟေ့ကောင်…မမေ့ပါနဲ့နော်”
“အဖမ်းအဆီးတွေ များနေတယ်”
“အစည်းအဝေးမလုပ်ရင် ကောင်းမယ်”
“ဖျက်လိုက်…မသွားပါနဲ့”
ဝိုင်းပြီးတားကြတဲ့ အသံတွေကို လျစ်လျုရှုပြီး ကျနော် ထွက်လာခဲ့တယ်။ မသွားရင်မဖြစ်တဲ့ ကိစ္စရှိနေတာ ကြောင့် အခြေခံပညာကျောင်းသား ကိုယ်စားလှယ်တွေနဲ့တွေ့ဖို့ ချိန်းဆိုထားတဲ့နေရာကို ကျနော်ရောက် အောင် သွားခဲ့ပါတယ်။ ဒီတခါ ကျောင်းသားတွေနဲ့ ဆွေးနွေးပြီးရင် ဆရာတော်ဦးရေ၀တနဲ့ မန္တလေး လိုက်သွား မယ်လို့ လမ်းမှာတွေးလာ ခဲ့ပါတယ်။
ဒါပေမယ့် ကျနော်ရဲ့ စိတ်ကူးတွေကို န၀တ ထောက်လှမ်းရေးတွေက လက်ဦးမှု ရယူသွားခဲ့ပါတယ်။

အခန်း(၂)

သပြေမှာ အဖမ်းခံရပြီ
(က)
ဒီနေ့မြို့ နယ်အခြေခံပညာ ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲလုပ်မယ့် နေရာက ရန်ကင်းဖက်က ဘုန်းကြီးကျောင်းတခုမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျောင်းသားတွေ အစည်းအဝေးလုပ်မယ့် ဘုန်းကြီး ကျောင်းနဲ့ လှည်းတန်း၊ စံရိပ်ငြိမ်က သပြေလက်ဘက် ရည်ဆိုင် မှာ နေရာခွဲပြီး ချိန်းထားပါတယ်။ဘုန်းဘုန်းတို့ တွေအားလုံး ၀ိုင်းတားနေတဲ့ကြားကပဲ လှည်းတန်းဖက်ကို ကျနော် ရောက်လာခဲ့ပါတယ်။ စံရိပ်ငြိမ်ပါလားလို့ ကားစပယ်ယာရဲ့ မေးသံကြောင့် မှတ်တိုင်ပါတယ် လို့ဖြေလိုက်ပြီး ကားပြတင်းပေါက်ကနေ တဆင့် ရန်ကုန်-အင်းစိန်လမ်းမပေါ်က သပြေ လ္ဘက်ရည်ဆိုင်ထဲကို ဝေ့၀ဲကြည့်လိုက်ပါတယ်။

လူငယ်အယောက်(၂၀)ကျော်လောက် ဟိုစားပွဲ၊ ဒီစားပွဲတွေမှာ အသီးသီး ထိုင်နေကြတာ တွေ့ရပါတယ်။ ကျနော်လည်းကားပေါ်ကဆင်းပြီး ဆိုင်ထဲက စားပွဲဝိုင်းတစ်ခုမှာ ၀င်ထိုင်လိုက်ပါတယ်။ မင်္ဂလာတောင်ညွန့် မြို့နယ်က ယဉ်ထွေးကိုတွေ့တော့ “ရဲမော်ထူးအကြောင်း ဘာကြားသေးလဲ” လို့မေးလိုက်ပါတယ်။ ရဲမော်ထူး အဖမ်းခံရကြောင်း ယဉ်ထွေးကပြောပါတယ်။ ကျနော်က“သားညွှန်ဦးနဲ့ ကိုအောင်ထွန်းတို့ကိုတော့ မနေ့ညက အဖမ်းခံလိုက်ရတယ်။ ငါတို့တောင် ကံကောင်းလို့ အဖမ်းမခံရတာ”

အဲဒီအချိန် မှာပဲ ဆိုင်ရဲ့ ဘယ်နဲ့ညာ အသီးသီးကနေ ထောက်လှမ်းရေးတွေ၊ ရဲတွေ ဆိုင်ထဲကို ၀င်လာကြ ပါတယ်။ “ငါတို့လည်း မြန်မြန်ခြေရာ ဖျောက်ရအောင်။ အစည်းအဝေး လုပ်မယ့်နေရာ သွားကြစို့” လို့ပြောဖို့အလုပ်မှာပဲ ထောက်လှမ်းရေးတွေက ဆိုင်ထဲက လူတွေအားလုံးကို နာမည်တွေ လိုက်မေးတာကို တွေ့ရပါတယ်။ ဆိုင်ရှေ့ကိုလှမ်း ကြည့်လိုက် တော့ တီအီး၁၁စစ်ကားတစီး၊ ရဲကားတစီးနဲ့ ဟိုင်းလက်ကား တစီးတို့ ဆိုင်ပိတ်ရပ်ထားတာ တွေ့ရပါတယ်။ ထောက်လှမ်းရေးတွေက စားပွဲမှာ ထိုင်နေသူတွေကို မင်းနာမည် ဘယ်လို ခေါ်လည်း လို့မေးပြီး သူတို့ လက်ထဲ မှာကိုင်ထားတဲ့ စာအုပ်ထဲက နာမည်တွေနဲ့ တိုက်စစ် နေပါတယ်။ ကျောင်းသားတော်တော်များများဟာ နာမည် အရင်းတွေမပြောပဲ ပါးစပ်ထဲ တွေ့ကရာ နာမည်တွေကို ပြောကြလို့ ထောက်လှမ်းရေးတွေဟာ အပြန်အလှန် တယောက် ချင်း စစ်ဆေးပြန်တယ်။

“မင်းတို့နာမည်တွေ မှန်မှန်ပြောနော်၊ သိလို့ကတော့ နာပြီသာမှတ်။ ထွက်ပြေးမယ်လို့ လည်းမကြိုးစားနဲ့။ မပစ်ရဲ ဘူးလို့ ထင်ရင် ထွက်ပြေးကြည့်ပေါ့”
ဆိုပြီး ထောက်လှမ်းရေးတွေက အဆက်မပြတ် ခြိမ်းခြောက်နေပါတယ်။ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ဆိုင်ရှင်အပါအ၀င် ပတ်ဝန်းကျင်က လူတွေပါ ၀ိုင်းအုံကြည့် နေကြပါတယ်။ ပြီးတော့ သပြေ လက်ဖက်ရည် ဆိုင်ရဲ့ဘေးကပ်ရဲ့က အိမ်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကမာရွတ်မြို့နယ်ရုံးခွဲဖြစ်ပါတယ်။
ဆိုင်ပြင်ပကနေ ၀ိုင်းကြည့်နေသူတွေ တဖြည်းဖြည်း များပြားလာပြီး “ကျောင်းသား တွေကိုဖမ်းနေကြတာ” ဆိုတဲ့ လေသံတွေ များပြားဆူညံလာချိန်မှာတော့ ထောက်လှမ်းရေး တယောက်က သူတို့ထဲက အဖွဲ့ခေါင်းဆောင်လို့ ထင်ရသူကို “သူတို့တွေကို ဘယ်လို လုပ်ရမလဲ ဆရာ”လို့မေးလိုက်သံကို ကြားလိုက်ပါတယ်။ အဲဒီမှာတင် ဖမ်းဆီးမှုရဲ့ ခေါင်းဆောင်လုပ်သူက သူ့လက်ထဲက စာအုပ်အနီလေးကို ပိတ်လိုက်ပါတယ်။ ပြီးတော့

“ရှုပ်တယ်။ အကုန်လုံး ကားပေါ်တင်” လို့ အမိန့်ပေးပြီး ဟိုင်းလတ်ကားပေါ်ကို ကျနော် အပါအ၀င် ကျောင်းသား(၃၀)ခန့်ကို ကားပေါ်တက်ခိုင်းပါတယ်။ ပြီတော့ အပြင်ဖက်က အပေါက်ဝ မှာ ထောက်လှမ်းရေးနဲ့ ရဲတွေက သေနတ်နဲ့ချိန်ပြီး ရန်ကုန်တက္ကသိုလ် လှိုင်နယ် ထဲသို့ ကားကို မောင်းသွားခဲ့ပါတယ်။ ကျနော်တို့ ဟိုင်းလတ် ကားနောက်မှာ သံဆူးကြိုးခွေနဲ့ စက်သေနတ်တင်ထားတဲ့ တီအီး ၁၁ စစ်ကားတစီး လိုက်ပါလာ ပါတယ်။

လှိုင်နယ်မြေထဲကို ရောက်တော့ ကားပေါ်ကနေ တယောက်ချင်း ဆင်းခိုင်းပါတယ်။ ပြီးတော့ တစ်ကိုယ်လုံး အနှံ့ စစ်ဆေးရှာဖွေပြီး ကိုယ်ရေးရာဇ၀င်တွေကို စတင်မေးမြန်း ပါတော့တယ်။ ကျောင်းသား တော်တော်များများက သူတို့ရဲ့နာမည်တွေကို အမှန်အတိုင်း မပြောကြတာ တွေ့ရပါတယ်။ ကျနော်လည်း အခြားနာမည်တခုကို ပြောပြီး လိမ်ပြောလိုက် ပါတယ်။ ဒါပေမယ့် ကျွန်တော်လွယ်ထားတဲ့အိတ်ကို ရှာဖွေချိန်မှာတော့ ကံဆိုးစွာပဲ ဒိုင်ယာ ရီစာအုပ်ထဲက နိုင်ငံသား စိစစ်ရေးကဒ်ပြား ထွက်ကျသွားပါတယ်။

ဒါ မင်းစိစစ်ရေးကဒ်ပြားမဟုတ်လား လို့မေးတာကြောင့် ကျနော်လည်း ငြင်းလို့ မရတော့ပါဘူး။ နောက်တော့ “မင်းကားပေါ် ပြန်တက်” ဆိုတဲ့အသံကြားလို့ ကားပေါ်ကနေ ခေါင်းငုံ့ကြည့်လိုက်တော့ ရဲကျော်စွာ(ကတုံးနဲ့) ပြန်တက်လာတာကို တွေ့ရပါတယ်။

သူလည်း သူ့ရဲ့ကျောင်းသားကဒ်ကို ထောက်လှမ်းရေးက တွေ့သွားလို့ ကားပေါ် တက်ခိုင်းခံရတာပါ။ ကျန်တဲ့သူတွေကိုတော့ နာမည်လိမ်စာ ယူပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ရဲကျော်စွာက ဗိုလ်တထောင် အထက(၂)က ကျောင်းသားတစ်ဦးပါ။ ဗိုလ်တထောင်မြို့နယ်က အခြေခံပညာ ကျောင်းသားကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အကိုဖြစ်သူ ကိုဘဘ ကြီး(ခ) ကိုမင်းအောင်ဟာ ၁၉၈၈ခုနှစ် အရေးအခင်း ကာလက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကိုယူရတဲ့ သုံးရောင်ခြယ် ကျောင်းသားအဖွဲ့က ဖြစ်ပါတယ်။ ၈၈ အရေးအခင်းမှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့ လို့ န၀တစစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရပါတယ်။

အင်းစိန်၊ သာယာဝတီအကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်လာပြီး မကြာခင်မှာပဲ သူတို့ရဲ့ မိဘတွေက ရဲကျော်စွာတို့ ညီအကိုနှစ်ယောက်ကို သာသနာ့ဘောင်ကို ၀င်စေခဲ့ပါတယ်။ သူတို့ ညီအကို(၂)ယောက် သင်္ဃန်းစည်းသာသနာ့ဘောင်ဝင်တုန်း အစည်း အဝေးတစ်ခုမှာ ဗိုလ်တထောင်မြို့နယ်က ကျောင်းသားတွေနဲ့သာ တွေ့ရပြီး မြို့နယ် တာဝန်ခံနဲ့ မတွေ့တော့ ရဲကျော်စွာအကြောင်း မေးကြည့်ခဲ့ပါတယ်။
သူသင်္ဃန်းဝတ်နေတာကို သိရတော့ ကျနော်ရယ်၊ တရုတ်ကြီး(ခ)တင်ရွှေရယ် နှစ်ယောက်သား သူရှိတဲ့ဘုန်းကြီးကျောင်းကို လိုက်သွားခဲ့ပါတယ်။ ပြီးတော့ “ရဲကျော်စွာ။ မင်းမရှိလို့တိုင်းနဲ့ မင်းတို့မြို့နယ် အဆက်အသွယ်ပြတ်နေတယ်။ လှုပ်ရှားမှုတွေရှိလို့ မင်းတို့ မြို့နယ်မှာ မင်းမရှိလို့ မဖြစ်ဘူး”စသည်ဖြင့် ကျနော်တို့ရဲ့ တိုက်တွန်းမှုကြောင့် ရဲကျော်စွာ တစ်ယောက် ရက်မစေ့ခင်မှာပဲ သင်္ဃန်းချွတ်ခဲ့ပါတယ်။

လူ့ဘောင်ကို ကူးပြောင်းပြီး နောက်တနေ့ ပူပူနွေးနွေးမှာပဲ ကျနော်နဲ့အတူ အဖမ်းခဲ့ ရတာပါ။ ရဲကျော်စွာဟာ ၁၉၉၀ခုနှစ်မှာ ကျနော်တို့နဲ့ အတူတူ ထောင်ကျခဲ့ပြီး၊ ၁၉၉၃ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်သွားခဲ့ပါတယ်။ ပြင်ပမှာ ဆယ်တန်း စာမေးပွဲ ကို ၀င်ရောက်ဖြေဆိုခဲ့ပြီး၊ ရန်ကုန်စက်မှု တက္ကသိုလ်ကို တက်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ရဲကျော်စွာ ဟာ ၁၉၉၆ခုနှစ် ဒီဇင်ဘာ ကျောင်းသားအခွင့်အရေး လှုပ်ရှားမှုမှာ တက်တက် ကြွကြွ ပါဝင်ခဲ့တာကြောင့် ထောက်လှမ်းရေးရဲ့ ဖမ်းဆီးမှု ကိုပြန်လည်ခံခဲ့ရပြီး ထောင်ဒဏ် (၁၉)နှစ် ချမှတ် ခံခဲ့ရပါတယ်။)
ဆက်ရန်...

တိုက်ပွဲဝင်ဖို့ ဒါဖတ်စို့


အမှည့်ချွေတိုက်ပွဲ လက်စွဲ
တာဝန်သိ မြန်မာနိုင်ငံသား တဦးချင်းအနေနဲ့ ဖက်ဆစ် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ဖို့ ဘာလုပ်နိုင်မလဲ…

ဒါကို အရင်ဖတ်ပါ

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် တို့ ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ ဆိုတဲ့ တိုက်ပွဲနည်းပရိယာယ်လမ်းစဉ်ကို တရားဝင်ချမှတ်ခဲ့ပါတယ်။(ဒီလမ်းစဉ်ကို ယခုတိုင် မပယ်ဖျက်သေးပါ)

နိုင်ငံကိုချစ်တဲ့၊ လွတ်လပ်မှုကို မြတ်နိုးတဲ့ မြန်မာနိုင်ငံသားတိုင်း အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ၀န်ထမ်းအားလုံးဟာ နိုင်ငံအာဏာကို မတရားရယူထားတဲ့ ဖက်ဆစ်တွေကို ကိုယ်တတ်နိုင်သလောက် ၊ အခြေအနေ ပေးသလောက် ဖီဆန်တိုက်ပွဲ ၀င်နိုင်ပါတယ်။ ကိုယ်တတ်နိုင်သလောက်က စပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးနဲ့ တိုင်းရင်းသား တန်းတူရေး နောက်ဆုံးတိုက်ပွဲကြီးထဲမှာ တတပ်တအား ပါဝင်နိုင်ဖို့ အခုလို အမှည့်ချွေ တိုက်ပွဲနည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။

နိုင်ငံလွတ်လပ်ရေးအတွက် အကြမ်းမဖက်ဥပဒေဘောင်နည်းလမ်းတွေ ၊ ငြိမ်းချမ်းတဲ့ (သို့သော် ထောင်တန်းကျ ၊ ရိုက်နှက် သတ်ဖြတ် ခံရနိုင်တဲ့ ) ဥပဒေပြင်ပနည်းလမ်းတွေ၊ အသက်ငွေကြေးနဲ့ အချိန်အပါအ၀င် ရင်းနှီးမြှုပ်နှံမှု ကြီးမားတဲ့ စစ်ရေးနည်းလမ်းတွေ၊ နိုင်ငံတကာသံတမန်ရေးနယ်ပယ်က စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ရေးနည်းလမ်းတွေ စသဖြင့် ဘက်ပေါင်းစုံက ကိုယ်သန်ရာကို ကိုယ်တတ်နိုင်သလောက် ၀ိုင်းဝန်းလုပ်နေကြပါတယ်။ သာမာန်ပြည်သူပြည်သားတွေ အနေနဲ့ အဲဒါတွေ မလုပ်နိုင်ပေမဲ့ လုပ်နိုင်တာတွေ ရှိပါတယ်။

အဲဒါကတော့ အစိုးရတရပ်ရဲ့ မရှိမဖြစ် အုပ်ချုပ်ရေးယန္တရားနဲ့ စီးပွားရေး အခြေခံအဆောက်အအုံကို သွက်ချာပါဒလိုက်သွားအောင် လုပ်ဖို့ဖြစ်ပါတယ်၊ ဖက်ဆစ်တွေရဲ့ စက်ယန္တရားတွေ ၊ မော်တော်ယာဉ်၊ ရေယာဉ်တွေ ၊ ရုံးဌာနတွေ၊ စက်ရုံအဆောက်အဦးတွေ၊ လမ်းတံတား မီးလိုင်းမီးတိုင်၊ ပိုက်လိုင်းတွေကို သာမာန်အိမ်သုံးကရိယာ တန်ဆာပလာတွေ အသုံးပြုပြီး ဖျက်ဆီးဖို့ ဖြစ်ပါတယ်။

ဒီလိုလုပ်ဖို့ဆိုတာ နည်းသိရင် အင်မတန်လွယ်ပါတယ်။ လက်နှက်ခဲယမ်းလည်း မလို၊ ငွေကုန် ကြေးကျလည်း မရှိ၊ အချိန်လည်းမကုန်၊ ကိုယ့်အတွက်လည်း အတော်လေး အန္တရာယ် ကင်းပါတယ်။(ဖက်ဆစ်အစိုးရအောက်မှာ ဘယ်သူမှတော့ ရာနူန်းပြည့် အန္တရာယ် မကင်းနိုင်ပါ) ယခုဖေါ်ပြပါ အမှည့်ခြွေတိုက်ပွဲ နည်းနာတွေဟာ သာမန်အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ ကပ်ကျေး၊ ပုလင်း၊ ၀က်အူလှည့်၊ မီးခြစ်စတာတွေနဲ့ လုပ်နိုင်တဲ့နည်းတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုလည်း မတော်တဆ ထိခိုက်ဒဏ်ရာ ရစရာမရှိ၊ အဆင့်မြင့်ကျွမ်းကျင်မှုလည်း မလိုပါ။

ဒါတွေကို ဘယ်သူနဲ့မှ တိုင်ပင်ညှိနိုင်းစရာ မလို၊ စီမံချက်ကြီး ဆွဲစရာမလိုဘဲ ကိုယ်တယောက် တည်း လုပ်လို့ရပါတယ်။ တယောက်တည်း နဲ့ တိုက်ပွဲမျိုးစုံ ဆင်နွဲလို့ ရတယ်။ ကိုယ်ညဏ်ရှိရင် ရှိသလို အမျိုးမျိုး တီထွင်ဆန်းသစ်ပြီး ပိုထိရောက်အောင် လုပ်လို့လည်းရတယ်။ ဒါတွေကို လုပ်ရင် တတ်နိုင်သမျှ မတော်တဆမှုပုံစံ၊ အလိုအလျှောက်ပုံစံ ပေါက်အောင် လုပ်တာ အကောင်းဆုံးဖြစ်တယ်။

ဒါပေမယ့် ဘာဘဲပြောပြော တိုက်ပွဲတို့ရဲ့  သဘာဝအတိုင်း လိုအပ်တဲ့သတိတော့ ထားရပါမယ်။ သိပ်ကို လိုအပ်မှသာ တခြားတယောက်နဲ့ တွဲလုပ်တာ၊ တခြားတယောက်ကို ကင်းစောင့်ခိုင်းတာ၊ အသိပေးတာ လုပ်ပါ။ ဒီလက်စွဲစာအုပ်မှာ ဖေါ်ပြထားတာတွေဟာ တဦးချင်း ဆင်နွဲရတဲ့ အမှည့်ခြွေတိုက်ပွဲ အမျိုးအစားတွေ ဖြစ်ပြီး အလွန်ဆုံးအားဖြင့် နှစ်ယောက်ထက် ပိုမလိုအပ်ပါ၊

ဒေါ်အောင်ဆန်းစုကြည် ပြောသလို ကျနော်တို့ရဲ့  ဒီမိုကရေစီ အရေးတော်ပုံမှာ ပြည်သူပြည်သားတိုင်း တတ်အားသရွေ့  ပါဝင်ဆင်နွဲဖို့ လိုပါတယ်။

မြန်မာပြည်သားအားလုံး အောင်မြင်စွာ အမှည့်ခြွေနိုင်ပါစေ..။

မှတ်ချက်
ဤလက်စွဲစာအုပ်မှာ နီကာရာဂွာတော်လှန်ရေးအတွက် CIAမှ ထုတ်ဝေဖြန့်ချီသော လက်စွဲစာအုပ်ကို အခြေခံပါသည်။
(စာအုပ်လိုချင်သူများအနေဖြင့် ကျမအီးမေးလ်သို့ ဆက်သွယ်မှာကြားနိုင်ပါသည်၊ PDF file နှင့် ဖြစ်ပါသည်။ရရှိလျှင် တတ်နိုင်သမျှ လက်ဆင့်ကမ်းစေလိုပါသည်။)


Wednesday, August 22, 2007

ပြည်သူ့တိုက်ပွဲ စလေပြီ

Power of Protest (for Our future )

သူမတို့တွေလည်း ပူးပေါင်းပါဝင် ကြပါတယ်။


ဒီလို တရားဟောကြပါတယ်။


ဒီလို ကြွေးကြော်ခဲ့ကြတယ်။


ငြိမ်းချမ်းစွာနဲ့ ဒီလို လမ်းလျှောက်ခဲ့တာပါ။

၂၀၀၇ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ လှည်းတန်းမှ လမ်းလျှောက်ပွဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြ လမ်းလျှောက်ပွဲကို ၈၈ မျိုးဆက်ကျောင်းသားအုပ်စုမှ နီလာသိန်း၊ မမီးမီး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မဖြူဖြူသင်း၊ နော်အုန်းလှတို့ ဦးဆောင်ခဲ့ကြတယ်လို့ သတင်းရပါတယ်၊

၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကျေညာချက်

၈၈ မျိုးဆက်ကျောင်းသားဆက် ကျောင်းခေါင်းဆောင်များနှင့် ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေသူများ ဖမ်းဆီးခြင်းနှင့် ပါတ်သက်၍ သဘောထား ကြေငြာချက်

၂၂ ရက်၊ သြဂုတ်လ ၊ ၂၀၀၇ ခုနှစ်

ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ လူ့အခွင့်အရေးနှင့်
နိုင်ငံသား အခွင့်အရေးများ ထွန်းကားနိုင်ရေးအတွက် ကြိုးပမ်းနေသူများ ဖြစ်သည်။ ထိုသို့ကြိုးပမ်းရာ၌ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အပေါ်တွင် အခြေခံ၍

၁။ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာရေး
၂။ ၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်အပေါ် တွင် အခြေခံရေး၊
၃။ ဒီမိုကရေစီကို ဦးတည်သော ဖြေရှင်းမှုဖြစ်ရေး၊
ဟူသော အခြေခံမူ ၃ ရပ်ပေါ် တွင်ရပ်တည်ဆောင်ရွက်ခဲ့သည်။

ယခု ၂၁ ရက်၊ သြဂုတ်လ၊၂၀၀၇ ခုနှစ် ညသန်းခေါင်၌ နအဖ စစ်အစိုးရမှ ၈၈ မျိုးဆက်ခေါင်းဆောင်များ၊ ဒီမိုကရေစီရေး ကြိုးပမ်းနေသူများအား မည်သည့်အကြောင်းပြချက်မှ မရှိဘဲ နေအိမ်များ၌ ၀င်ရောက် ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေး ကြိုးပမ်းမှု အပေါ်တွင် နိုင်ငံရေးအရ အကြမ်းဖက်ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ ဖမ်းဆီးခြင်းအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသား များ မှ အပြင်းအထန် ကန့်ကွက် ရှုံ့ချသည်။

ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ၊ ကိုကိုကြီးတို့အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဒီမိုကရေစီရေး ဆောင်ရွက်နေသူများအား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံ၌ လက်ရှိ ကြုံတွေ့နေရသော စီးပွားရေး နိုင်ငံရေးအကြပ်အတည်းများကို အမြန်ဆုံးဖြေရှင်းပေးရန် နအဖ စစ်အစိုးရအား အလေးအနက်တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူမိဘပြည်သူ အပေါင်းနှင့် မျိုးဆက် ကျောင်းသား အပေါင်းကလည်း မြန်မာပြည်ဒီမိုကရေစီထွန်းကားရေးကျိုးပမ်းမှု အပေါ်တွင် ထက်သန်ညီညာစွာ ကျွန်ုပ်တို့နှင့် အတူရပ်တည်ဆောင်ရွက်ကြဖို့ ပန်ကြားအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ
( မှတ်ချက် တယ်လီဖုန်းဖြင့် လက်ခံရရှိထားခြင်းဖြစ်ပါသည်။ )

Tuesday, August 21, 2007

“လူရှင်သချိုင်းများအကြောင်း”(၁)


အခန်း(၁)

ကျောင်းသားထုညီလာခံ
(က)
အချိန်ကာလက ၁၉၉၀ ခုနှစ်ထဲမှာပေါ့။ မေလက စစ်အစိုးရက ကျင်းပပေးတဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲရလဒ် အဖြေထွက်လို့ ဒီမိုကရေစီအင်အားစုတွေ ချိန်ခွင် အလေးသာ နေချိန်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရာသီဥတုတွေထဲက မိုးတွင်း ကာလဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ သင်္ကေတလက္ခဏာတစ်ခုလို့ ဆိုရမလိုပါပဲ။

မိုးတွင်းကာလနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုဟာ ဆက်စပ်နေပါတယ်။ န၀တ စစ်အစိုးရရဲ့ ညှင်းပမ်း၊ နှိပ်စက်၊ ဖမ်းဆီးမှုကြောင့် မင်းကိုနိုင်အပါအ၀င် ကျောင်းသား အများအပြား ဖမ်းဆီးခံနေရသလို၊ စစ်ထောက်လှမ်းရေးရဲ့ ညှင်းပမ်းနှိပ်စက်မှုဒဏ်တွေကို မခံရပ်နိုင်တော့လို့ နယ်စပ်ဒေသများဆီကို တိမ်းရှောင်သွားကြတဲ့ ကျောင်းသား များလည်း ရှိခဲ့ပါတယ်။

ပြန့််ကြဲနေတဲ့ကျောင်းသားများ၊ အဖွဲ့အစည်းများကို ရန်ကုန်မျက်နှာစာမှာ စုစည်းနိုင်ဖို့ အတွက် မန္တလေးမြို့ လေးပြင်လေးရပ် သံဃာသမဂ္ဂီအဖွဲ့ ဥက္ကဌ ဦးရေ၀တနှင့် ဗကသ(အထက်ဗမာပြည်) မှကျောင်းသား၊ လူငယ်ကိုယ်စား လှယ်များဖြစ်ကြသည့် မိုးကျော်ဦး၊ ကိုစန်းယု၊ ကိုမင်းမင်းဦး၊ မခင်ဥမ္မာမြင့်၊ မမြင့်မြင့်ခိုင် စတဲ့မန္တလေးက ကျောင်းသား ထုများရဲ့ ပံ့ပိုး၊ ကူညီ၊ ကြိုးပမ်းမှုဖြင့် ရန်ကုန်မြို့ ရှိကျောင်းသားအဖွဲ့အစည်းများ စုစည်းကာ ကျစ်လစ်ခိုင်မာသော ဗမာနိုင်ငံဆိုင်ရာ ကျောင်းသားမဂ္ဂများအဖွဲ့ချုပ် (အောက်ဗမာပြည်) ကို ပြန်လည်ဖွဲ့စည်း၍ ဗမာနိုင်လုံးဆိုင်ရာ ကျောင်းသားထု ညီလာခံကြီးကို ၁၉၉၀ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၂)ရက်နေ့ အထိ မန္တလေးမြို့ မြတောင် ဘုန်းကြီးကျောင်း တိုက်မှာ ကျင်းပပြုလုပ်ခဲ့တယ်။

အဲဒီညီလာခံကြီးကနေပြီး ကျောင်သားထုမှ တောင်းဆိုချက်(၆)ချက်၊ အတည်ပြုချက် (၃)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၃)ရပ် ချမှတ်နိုင်ခဲ့ပါတယ်။ အဲဒီအထဲကပါဝင်တဲ့အချက် (၁)ချက် ကတော့ ဗကသများအဖွဲ့ချုပ်ရဲ့ ၁၉၆၀ခုနှစ်မှာ ကျင်းပခဲ့တဲ့ ဆဌမအကြိမ်ကျောင်းသားထု ညီလာခံကြီးကနေ အတည်ပြုချမှတ်ထားခဲ့တဲ့ မူ(၅)ချက်ကို ဆက်လက် ကိုင်ဆွဲပြီး အထက်ဗမာပြည် ကျောင်းသားများနဲ့ အောက်ဗမာပြည်ကျောင်းသားများ ဟန်ချက်ညီညီပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်သွားဖို့ ကျောင်းသားထုက သံဓိဌာန်တွေ ချမှတ်ခဲ့တယ်။

အဲဒီနေရာမှာ ဗကသအဖွဲ့ချုပ်ရဲ့ ချမှတ်ထားတဲ့မူ(၅)ချက်ကတော့--------
(၁)။ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး
(၂)။ ဒီမိုကရေစီပညာရေး
(၃)။ ဒီမိုကရေစီရေး
(၄)။ ပြည်တွင်းငြိမ်းချမ်းရေး
(၅)။ အမျိုးသားရေး ---တို့ပဲဖြစ်တယ်။

အကသတို့ရဲ့ ဆိုင်းဘုတ်ဖြုတ်ပွဲ
(ခ)
၁၉၉၀ခုနှစ် ရွေးကောက်ပွဲအပြီး အခြေခံပညာကျောင်းများ ပြန်ဖွင့်တဲ့အခါကြတော့ စစ်အစိုးရကနေပြီး ကျောင်းသားတွေဟာ နိုင်ငံရေးနဲ့ မပတ်သက်ရဘူးလို့ ပြောဆိုပြီးတော့ သူတို့ စစ်အစိုးရရဲ့ ပေါ်လစီဖြစ်တဲ့ ဒို့တာဝန်အရေး(၃)ပါး ဆိုင်းဘုတ်တွေကို ရန်ကုန်မြို့မှာရှိတဲ့ အခြေခံပညာကျောင်းတွေအနှံ့ လိုက်လံတပ်ဆင် ကြတယ်။

ကျောင်းတွေအနှံ့ စည်းရုံးရေးတွေပြုလုပ်ခဲ့တယ်။ အဲဒါတွေကိုမကျေနပ်ကြတဲ့ အခြေခံ ကျောင်းသား၊ ကျောင်းသူတွေဟာ ရန်ကုန်၊ မန္တလေး စတဲမြို့ကြီးတွေမှာ စစ်အစိုးရရဲ့ ဒို့တာဝန် အရေး(၃)ပါးဆိုင်းဘုတ် ဖြုတ်ချပွဲတွေ၊ စစ်အစိုးရဆန့်ကျင်ရေးပွဲတွေ ပြုလုပ်ခဲ့ကြတာကို တွေ့မြင်ခဲ့ရတယ်။ အဲဒီအချိန်မှာတော့ ရန်ကုန်မြို့မှာဆိုရင် ဗိုလ်တထောင်အမှတ်(၅)နဲ့ အမှတ်(၆) အထက်တန်း ကျောင်းတွေမှာ စစ်အစိုးရရဲ့ ဒို့တာဝန်အရေး(၃)ပါး ဆိုင်းဘုတ်တွေ ကို ကျောင်းသားတွေပဲ ရိုက်ချိုး၊ ဖျက်ဆီး၊ ဖြုတ်ချမှုတွေ အရှိန်မပြတ်ပြုလုပ်နိုင်ကြသလို၊ မန္တလေးမြို့မှာလည်းပဲ အခြေခံပညာအထက်တန်းကျောင်း တစ်ခုမှာဆိုရင် ကျောင်းဝင်း အတွင်းမှာ ရှိတဲ့ မဆလ အစိုးရရဲ့အလံကို အလံတိုင်ကနေ ဖြုတ်ချခဲ့တယ်။

ပြီးတော့ အဲဒီအလံကို ခြေထောက်မှာချည်ပြီး စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ခရိုင်ကျောင်းသားများ သမဂ္ဂ(အခြေခံပညာ) ကျောင်းသူလေး တစ်ဦးဖြစ်တဲ့ မနေဆုလှိုင်ဟာ ကျောင်းကနေ ထုတ်ပယ်ခံခဲ့ရတယ်။
တစ်ချိန်တည်းမှာပဲ ဒီလို အလားတူဖြစ်ရပ်တွေဟာ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ မြိုနယ်တွေ ဖြစ်တဲ့ ပုဇွန်တောင်၊ ပန်းဘဲတန်း၊ လသာ၊ ဒဂုံ၊ လမ်းမတော်၊ ကြည်မြင့်တိုင်၊ အလုံ၊ လှိုင်၊ ဒေါပုံအစရှိတဲ့ မြိုနယ်တွေမှာ ဖြစ်ပွားခဲ့ပါတယ်။

ကမာရွတ်မြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှာဆိုရင် ကျားလေး ဆိုသည့် အခြေခံပညာ ကျောင်းသားတစ်ဦးမှ ဦးဆောင်ပြီး ဒို့တာဝန်အရေးသုံးပါး ဆိုင်းဘုတ် ကို ကျောင်းဝင်းအတွင်းကနေ ဖြုတ်ချခဲ့တယ်။ ပြီးတော့ အဲဒီဆိုင်းဘုတ်ကို မီးရှို့တဲ့အထိ ဖြစ်ပွားခဲ့တယ်။ စမ်းချောင်းမြို့နယ်မှာဆိုရင်လည်း အဲဒီဆိုင်းဘုတ်ကို ဖြုတ်ချပြီး ကျောင်းအဆင်းမှာ ဆန္ဒပြခဲ့ကြတယ်။ ကျောင်းသားတွေက “လူတွေအားလုံး ဗကပ၊ ခွေးတွေအားလုံး န၀တ”လို့ကြွေးကြော်ခဲ့ကြတယ်။

ဒီလို ကြွေးကြော်သံကို ဗိုလ်ခင်ညွှန့် တစ်ယောက် ကြားတဲ့အခါမှာ ဆွေ့ဆွေ့ခုန်ပြီး ဆရာအတတ်သင်သိပ္ပံကျောင်းက ဆရာ၊ဆရာမတွေကို ခေါ်ယူပြီး ဒါတွေဟာဆရာ၊ ဆရာမတွေ မဆုံးမလို့ ဖြစ်ရတာဆိုပြီး ခြိမ်းခြောက် ကြိမ်းမောင်းခဲ့တယ်။ အဲဒီအချိန်မှာပဲ မန္တလေးမြို့က အမှတ်(၉)၊ အမှတ်(၁)နဲ့ အခြားကျောင်းတွေက ကျောင်းသားတွေဟာ ကျောင်းဆင်းချိန်တိုင်း မြို့လယ်ခေါင်က ဈေးချိုနာရီစင်နား တ၀ိုက်မှာ စစ်အစိုးရဆန့်ကျင်တဲ့ ကြွေးကြော်သံများ၊ ဆန္ဒပြမှု များ ကြိုကြားဖြစ်ပေါ်နေခဲ့တယ်။

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ဟာလည်း ရန်ကုန်မြို့လည်ခေါင်မှာရှိတဲ့ ဂန္ဓီ ခန်းမမှာစုပြီး ကြေငြာချက် ၁/၉၀ကို ထုတ်ပြန်ခဲ့တယ်။ အဲဒီကြေငြာချက်ထဲမှာ ရက်ပေါင်း(၃၀)အတွင်း ပြည်သူ့လွှတ်တော်ခေါ်ပေးရန် န၀တအစိုးရ အား တောင်းဆိုထားသလို အင်းစိန်ထောင်ထဲမှာရှိကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကလည်း အနိုင်ရပါတီကို အာဏာလွှဲပေးဖို့ အစာငတ်ခံတိုက်ပွဲဝင်ပြီး တောင်းဆိုနေတဲ့ အချိန် လည်းဖြစ်ပါတယ်။

ရန်ကုန်မြို့တော်မှာလည်း(၉၉၉ဆိုတဲ့-ကိုးသုံးလုံးနေ့) ၁၉၉၀ပြည့်၊ စက်တင်ဘာလ၊ ၉ရက်နေ့မှာ လှုပ်ရှားမှုတခု ပြုလုပ်ဖို့ တပ်ဦးအဖွဲ့များကလည်း တပ်လှန့်ထားကြပါတယ်။ ဒီလိုနဲ့ (၈၈၈၈)နှစ်ပတ်လည် (၂)နှစ်ပြည့် အခမ်းအနားမှာ မန္တလေးမြို့အတွင်း သံဃာတော်များ ဆွမ်းလောင်းပွဲမှာ စစ်အစိုးရက ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းတာကြောင့် သံဃာတော် တွေရဲ့ ဒေါသယမ်းအိုးဟာ ပေါက်ကွဲတော့မယ့် အခြေအနေကို ဆိုက်ရောက်လာခဲ့တယ်။
ဒါကြောင့် န၀တက လူဖမ်းပွဲကြီးကို တပြိုင်နက် စတင်ပါတော့တယ်။

တိမ်းရှောင်ပြီ

(ဂ)
ကျနော်အဖမ်းမခံရမီ တပတ်လောက်အလိုမှာပဲ မြို့နယ်အသီးသီးက လှုပ်ရှားကြတဲ့ အခြေခံပညာ ကျောင်းသားကျောင်းသူတွေကို န၀တ စစ်ထောက်လှမ်းရေးတွေက စတင် ဖမ်းဆီးတာတွေ ပြုလုပ်နေပါပြီ။ ဒေါပုံ မြို့နယ်၊ ဒဂုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်တွေက အခြေခံပညာ ကျောင်းသားတွေ၊ (၉၉၉)လှုပ်ရှားမှုကို ဦးဆောင်မယ့် တပ်ဦးကရဲဘော်တွေဟာ ကျနော်တို့ အရင်သူတို့က အင်းစိန်သီးသန့် အကျဉ်းထောင်မှာ ရောက်ရှိနေခဲ့တယ်။ ဖမ်းဆီးမှုတွေ များလာတာကြောင့် ကျနော်တို့ကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် လုံခြုံတဲ့နေရာ တွေမှာ ခိုအောင်းဖို့ နေရာရှာကြရပါတယ်။

အဲဒီအချိန်ဟာ ကျနော်တို့အတွက် ဘုရားတရား အရိပ်ဟာလည်း လုံခြုံမှု မရှိတော့ ပါဘူး။ တစ်ရက်မှာ ကျနော် ရှောင်တိမ်းနေကျဖြစ်တဲ့ ကမာရွတ်လှည်းတန်း ဂုံးဆင်းနားက အိမ်မှာ သွားအိပ်ခဲ့ပါတယ်။ အဲဒီနေ့ဟာ ကျနော်အဖမ်းမခံရခင် တစ်ရက်အလိုမှာပဲ ဖြစ်ပါတယ်။ မှတ်မှတ်ရရ ကျနော်အိပ်မဲ့ အိမ်မှာ (ရကသ)က ကိုဖြိုး(ဖြိုးမင်းသိန်း) (ယခု တောင်ငူထောင်မှာ ထောင်ဒဏ် (၁၄)နှစ်ကျခံနေရသူ)နဲ့ ကြည့်မြင်ကောလိပ်က ကိုသက်ထွေး တို့နဲ့ ဆုံဖြစ်ကြပါတယ်။
ကိုဖြိုးက ကျနော့်ကို “မင်းသတိထားနေဦးနော်၊ ရဲမော်ထူး တယောက် ပျောက်နေတယ် ကြားတယ်။ မင်းနဲ့ဲ့ကောတွေ့ ဖြစ်သေးသလား”လို့မေးပါတယ်။ ကျနော်လည်း
မတွေ့ဘူး၊ တစ်နေရာမှာပဲ ပုန်းနေသလား၊ ဖမ်းပဲခေါ်သွားပြီလား မသိသေးပါဘူး။ သတင်းကြားရင် ကျနော်ပြောပါ့မယ်”
ကျွန်တော် ဖြေလိုက်တော့ ကိုဖြိုးကပဲဆက်ပြီး “မောင်ရင့်ကို မန္တလေးက ဦးရေ၀တက တွေ့ချင်လို့တဲ့ စာလည်း ပေးလိုက်တယ်။ ဖတ်ကြည့်ပြီး သွားလိုက်ပါဦး”ဆိုပြီး စာကိုထုတ်ပေးတယ်။ စာကတော့ မန္တလေးမြို့ မှာ(၈၈၈၈) နှစ်ပတ်လည်နေ့က စစ်အစိုးရက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ပက်သက်ပြီး ကျနော့်ကို အကူအညီ တောင်းထားတဲ့ စာပါ။

စာကို အိတ်ထဲပြန်ထည့်ပြီး အိမ်ရှင်ကကျွေးတဲ့ ၀က်ခေါင်းသုတ်နဲ့ ထမင်းကို ကျနော်တို့ (၃)ဦးသား စားသောက်ကြပါတယ်။ စားသောက်ပြီးအိပ်ဖို့ နေရာအတွက် ပြင်ဆင်တုန်းမှာပဲ အိမ်ရှင်က
ဟဲ့၊ နင်တို့ဒီအိမ်မှာ အိပ်တာ စိတ်မချရဘူး။ အိမ်နဲ့ကပ်ရပ်က ဘုန်းကြီးကျောင်းမှာ သွားအိပ်။ ငါလိုက်ပို့ပေးမယ်။ အဲဒီမှာစိတ်ချရတယ်။ မနက်ကျရင်တော့ ကျောင်းထိုင်ဆရာတော် မနိုးခင် ငါတို့အိမ်ပြန်လာအိပ်ကြ” ဆိုပြီး အိမ်ရှင်လုပ်သူက ကျနော်တို့ကို တဖွဖွမှာပါတယ်။

ကျောချစရာနေရာ တစ်နေရာလုံခြုံရင် ပြီးတာပါပဲဗျာ” လို့ကျနော်တို့ ပြန်ပြောပြီး အိမ်ရှင်ဖြစ်သူ လိုက်ပို့တဲ့ အိမ်နားက ဘုန်ကြီးကျောင်းမှာ စတည်းချခဲ့ကြပါတယ်။ အဲဒီ ဘုန်းကြီးကျောင်းထဲမှာ လူစိမ်းဝင်ရင် အော်တတ်လို့ ခွေးတွေထက် စိတ်ချမှုရှိတဲ့ ငန်းတွေ မွေးထားတယ်။ အဲဒီ တစ်ညတော့ ဘုန်းကြီးကျောင်းမှာ အိပ်ပြီး နောက်တနေ့ အာရုဏ်ဆွမ်း မကပ်ခင် ကျောင်းတိုက်ကနေ အသာလေး ထလာခဲ့ကြတယ်။

ကျနော်တို့ တည်းတဲ့အိမ်ကို အိပ်ရေးမ၀သေးတဲ့ မျက်နှာတွေနဲ့ ၀င်သွားတဲ့အခါမှာ တစ်အိမ်လုံးမှာရှိတဲ့ သူတွေအားလုံး ပြူးတူးပြဲတဲမျက်နှာတွေနဲ့ ကျွန်တော်တို့ကို ကြည့်နေတယ်။ ပြီးတော့မှ အိမ်ရှင်ဖြစ်သူက
နင်တို့ ဒီအိမ်ကို မလာကြနဲ့တော့။ ညက ထောက်လှမ်းရေးက သတင်း အတိအကျ ရထားလို့ နင်တို့ကို လာရှာတယ်။ ညက နင်တို့အ၀င်အထွက်ပဲ၊ ထောက်လှမ်းရေးတွေ၊ ရဲတွေ၊ ရ၀တတွေ တအိမ်လုံးကို ပိတ်ရှာကြတာ။ နင်တို့ကိုမတွေ့လို့ ဒေါပွပြီး အိမ်ထဲမှာ အိပ်နေတဲ့ သူတွေ အားလုံးကိုထခိုင်း၊ သူတို့ စစ်ဖိနပ်တွေနဲ့ ခြင်ထောင်တွေကို ကန်ပြီးရှာကြလေရဲ့။ သတင်းအတိအကျ ရပြီးမှ နင်တို့ကို မတွေ့တဲ့အတွက် နင်တို့ ဘယ်သွားလည်းလို့ မေးတယ်။ တစ်အိမ်လုံးက ဘယ်သူမှ မလာဘူးလို့ ဖြေတာပေါ့။ အဲဒီတော့ထောက်လှမ်းရေးက မိလို့ကတော့ကွာ၊ တစ်အိမ်လုံးကို ဖမ်းပြီး အရေခွံခွာပစ်မယ်လို့ ကျိန်းတယ်။ နောက်ပြီး အိမ်အောက်ကော၊ အိမ်နောက်ဖေးကော၊ အိမ်သာပါ နေရာအနှံ့လိုက်ရှာပြန်တယ်။ သတင်း အတိအကျ ရထားရဲ့သားနဲ့ လွတ်သွားတာ နာတယ်ကွာလို့ပြောပြီး မိလို့ ကတော့ ခင်ဗျားတို့လည်း မလွယ်ဘူးသာမှတ်လို့ ကြိမ်းပြီးပြန်သွားတယ်” အိမ်ရှင်ဖြစ်သူက မျက်နှာမှာ သွေးမရှိတော့ပဲ တုန်တုန်ရီရီ ပြောပြပါတယ်။

ညက အိပ်ရေးမ၀လို့ ဒီမနက်မှာ တရေးလောက် ပြန်အိပ်မယ်လို့ စဉ်းစားထားတဲ့ စိတ်ကူးကို ဖျက်ပြီး မျက်နှာကို ကဗျာကသီသစ်ပြီး သုံးယောက်သား အမြန်ပြန်ထွက်ခဲ့ကြ ပါတယ်။ လှည်းတန်းရောက်တော့ ကျနော်က ကိုဖြိုးနဲ့ ကိုသက်ထွေးတို့ကို “ခင်ဗျားတို့လို ခေါင်းဆောင်ကြီးတွေနဲ့ ပေါင်းအိပ်ရင် ကျနော်တို့လို ဘာမှမဟုတ်တဲ့ အညတရကောင်တွေပါ ထောင်ကျနေပါဦးမယ်”လို့ နောက်လိုက်တော့ ကိုဖြိုးက “ဟေ့ကောင် ..မင်းမမေ့ပါနဲ့ နော်။ လစ်သင့်ရင်လစ်တော့” လို့ပြန်ပြောပြီး လမ်းခွဲခဲ့ကြပါတယ်။ လစ်တော့ လစ်ချင်ပေမယ့် ချိန်းထားတဲ့ ကိစ္စတွေက ရှိသေးတော့ ဦးရေ၀တနဲ့ ချိန်းထားတဲ့နေရာကိုသွားဖို့ ပြင်လိုက် ပါတယ်။ တာမွေဘက်မှာ ဦးရ၀တနဲ့ တွေ့ပြီး ဆရာတော် အကူအညီ တောင်းထားတဲ့ ကိစ္စအတွက် အစီအစဉ်တွေ ဆွေးနွေးကြပါတယ်။ တနင်္လာ နေ့မှာပြန်ဆုံဖို့ အချိန်နဲ့နေရာ ပြန်သတ်မှတ်ပြီး ကျနော်ပြန်လာခဲ့တယ်။
ဆက်ရန်.....

Monday, August 20, 2007

“လူရှင်သချိုင်းများအကြောင်း”(မိတ်ဆက်)


နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနေလင်းရဲ့ အတွေ့အကြုံတွေကို ဖတ်ရှုခံစားပေးစေချင်လို့ ဒီစာအုပ်ကို မျှဝေပေးခြင်းဖြစ်ပါတယ်။ စစ်အာဏာရှင်အောက်က ကျမတို့ တိုင်းပြည်မှာ လူ့အခွင့်အရေးအတွက်၊ အနာဂါတ်မြန်မာပြည်အတွက် စွန့်လွှတ်တိုက်ပွဲဝင်ရင်း စစ်အုပ်စုကို ဆန့်ကျင်သူတွေ ရရှိခံစားရတဲ့ ဆုလာဒ်ဆိုတာကို နားလည်ပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျမတို့ ဘယ်တော့မှ ဒူးမထောက် အရှုံးမပေးဘူး ဆိုတာကိုလည်း ခံစားရရှိစေပါတယ်။

ကျေးဇူးတင်လွှာ
“လူရှင်သချိုင်းများအကြောင်း” အမည်ရှိ ကျနော့်၏ထောင်တွင်း နိုင်ငံရေးအကျဉ်းသမားဘ၀ အတွေ့အကြုံ များအကြောင်း ရေးသားထား သည့် စာအုပ်အား စီစဉ်ထုတ်ဝေပေးသော နိုင်ငံခြား ရေးရာကော်မတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အား လည်းကောင်း၊ ယင်းစာအုပ်အတွက် မအားလပ်သည့်ကြားမှ အမှာစာရေးသား ပေးသည့် ဆရာဦးတင့်ဇော်အား လည်းကောင်း၊ ယခုစာအုပ်အတွင်း၌ သက်ဆိုင်သည့် အခန်းကဏ္ဍများ၌ ၄င်းတို့၏ ထောင်အတွေအကြုံ များအား ၀င်ရောက်ကူညီ ရေးသားပေးကြသည့် ကိုသားညွန့်ဦး၊ ကိုဌေးအောင်၊ ကိုဘုန်းမြင့်ထွန်း နှင့် ကိုစည်သူထွဋ္ဋ်အားလည်းကောင်း၊ စာအုပ်အား ပြင်ဆင်တည်းဖြတ်ပေးသည့် ကိုမောင်မောင်ထွေးအား လည်းကောင်း၊ စာအုပ်အတွက် လိုအပ်သည့် ပန်းချီပုံများ ရေးဆွဲသည့် ကိုကျော်ဝင်းအား လည်းကောင်း၊ မျက်နှာဖုံးဒီဇိုင်းအား ရေးဆွဲပေးသည့် ကိုအိမ်ဒေါင်းနီအား လည်းကောင်း၊ ဤစာအုပ် ရေးသားထုတ်ဝေနိုင်ရန်အတွက် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီပံ့ပိုးကြသူများ အားလုံးအား ကျေးဇူး အထူးတင်ရှိပါသည်။
နေလင်း (အ-က-သ)

ဆရာ့ ဥယျောဇဉ်
၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကာလနှင့် ရှစ်လေးလုံးကို သွေးချောင်းစီး သတ်ဖြတ်ဖြိုခွဲ အာဏာသိမ်း လိုက်သော န၀တစစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှု တလျောက်လုံးတွင် အခြေခံ ကျောင်းသားများသမဂ္ဂ၊ အတိုကောက်အားဖြင့် အကသသည် အတက်ကြွဆုံးသော အဖွဲ့အစည်း ဖြစ်သည်။ထို့ကြောင့်လည်း န၀တ၊ နအဖ စစ်အစိုးရလက်ထက်၌ ဖမ်းဆီးနှိပ်စက်ခြင်း၊ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံရသူများထဲတွင် အကသနှင့် ပတ်သက်သူများမှာ အများအပြားပါဝင်နေသည်။

ကျောင်းသားသမဂ္ဂများသည် မြန်မာနိုင်ငံတွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သမဂ္ဂနာမည်ကိုခံထားသော်လည်း လူမှု့ရေးလုပ်ငန်းများ၊ အပျော်အပါးအစီစဉ်များကိုသာ အာရုံစူးစိုက်ခဲ့သဖြင့် ၁၉၂၃ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သော ရန်ကုန် တက္ကသိုလ်သမဂ္ဂကို လူမှု့ရေးအသင်းအဖွဲ့ အဖြစ်သာ မှတ်တမ်းတင်ထားကြသည်။

နိုင်ငံရေးရည်မှန်းချက်ရှိသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ၁၉၃၁ခုနှစ် တွင်စတင်ဖွဲ့စည်းခဲ့ သည်၊ ကျောင်းသားထုထဲတွင် သမဂ္ဂသည် နိုင်ငံရေးနှင့် ပက်သက်သင့်၊ မသင့် ငြင်းခုံမှု နှစ်အတန်ကြာ ဖြစ်ပွား ခဲ့ပြီးမှ ဗြိတိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ ပါဝင်သောနိုင်ငံ အများအပြားရှိ ကျောင်းသားသမဂ္ဂများကို လေ့လာပြီးမှ ကျောင်းသားသမဂ္ဂသည် နိုင်ငံရေးနှင့် ပတ်သက်ဖို့လိုအပ်သည်၊ သို့မှသာ တိုင်းပြည်အကျိုးကို ဆောင်ရွက်သောအဖွဲ့ဖြစ်မည်ဆိုပြီး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ)(Rangoon University Students Union)(RUSU) ဖွဲ့စည်းပုံကိုရေးဆွဲကာ ကျောင်းသားထု အစည်းအဝေးမှ အတည်ပြုပြီးမှ တကသကိုစတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

၁၉၃၅-၃၆ ခုနှစ်တွင် တကသ ဥက္ကဌ ကိုနုနှင့် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်း တို့ကို တက္ကသိုလ် အာဏာပိုင်များက အရေးယူသည့် ကိစ္စနှင့် ပတ်သက်၍ ဒုတိယအကြိမ်မြောက် ကျောင်းသားသပိတ် ဖြစ်ပွားခဲ့သည်။ (၁၉၂၀ ခုနှစ် ကျောင်းသားသပိတ်ကို ပထမအကြိမ် ကျောင်းသားသပိတ်ဟု ခေါ်သည်။)

ဒုတိယအကြိမ်ကျောင်းသားသပိတ်တွင် သပိတ်စခန်းကို ရွှေတိဂုံဘုရား အလယ်ပစ္စယံ တစ်နေရာတွင်ထားခဲ့၏။ တက္ကသိုလ်ကျောင်းသားသပိတ် ဖြစ်သော်လည်း သပိတ်စခန်းတွင် လုပ်ကိုင်စရာများကို အထက်တန်း ကျောင်းသား ကျောင်းသူများကသာ လာရောက် ဆောင်ရွက်ကြရသည်။ အထက်တန်း ကျောင်းသားများသာ မပါဝင်ပါက သပိတ်ကော်မတီ၏ လုပ်ငန်းဆောင်တာများ အခက်တွေ့ဘို့သေချာသည်။ သပိတ်ကို လူထု ထောက်ခံမှုရအောင် စည်းရုံးလှုံ့ဆော်ရာတွင်လည်း အထက်တန်းကျောင်းသားများ၏ ပါဝင်မှုကအဓိက ဖြစ်ခဲ့ သည်။

ဒုတိယအကြိမ် ကျောင်းသားသပိတ်၏ အတွေ့အကြုံကိုယူပြီး တစ်နိုင်ငံလုံးတွင် အထက်တန်း ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းဖို့လိုအပ်သည်ဟု သဘောတူဆုံးဖြတ်ကာ အထက်တန်းကျောင်းများ၌ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းကြသည်။ ဗြိတိသျှ အစိုးရကလည်း ခွင့်ပြုထားခဲ့သည်။ ၁၉၃၆-၃၇ခုနှစ်ထဲတွင် အထက်တန်း ကျောင်းသားသမဂ္ဂများ၏ ကိုယ်စားလှယ်များ အစည်းဝေးကို ကျင်းပပြီး ဗမာနိုင်ငံဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ)ကို စတင်ဖွဲ့စည်း လိုက်ကြသည်။ ပထမဆုံး ဥက္ကဌအဖြစ် ကိုလှမောင်ကို ရွေးကောက် တင်မြှောက် ကြသည်။ နောက်တနှစ်တွင် ကိုအောင်ဆန်း ဥက္ကဌ ဖြစ်လာ သည်။

အဖွဲချုပ်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ) (All Burma Students' Union) ဟုခေါ်သည်။ ကျောင်းတကျောင်းချင်းအလိုက်၊ မြို့နယ်သမဂ္ဂ၊ ခရိုင်သမဂ္ဂစသည်ဖြင့် အဆင့်ဆင့်ဖွဲ့စည်းသည်။ သမဂ္ဂနာမည် များကို ဥပမာအားဖြင့် ဗိုလ်တထောင်အထက်တန်း ကျောင်းသားများသမဂ္ဂဟု ကျောင်းအမည်တပ်၍ ခေါ်ခြင်းမှ အစပြုပြီး မြို့နယ်အမည်၊ ခရိုင်တပ်၍ အဆင့်ဆင့် ခေါ်ဆိုကြသည်။ ထိုသမဂ္ဂများသည် အခြေခံပညာ အထက်တန်း ကျောင်းသားများ သမဂ္ဂဖြစ် သော်လည်း ထိုစဉ်က အခြေခံဟူသော အမည်ကို အသုံးပြုခြင်းမရှိခဲ့။

ဗကသတွင် တက္ကသိုလ်နှင့် ကောလိပ်သမဂ္ဂများသည် အဖွဲ့ဝင်မဟုတ်ကြ။ ဗကသသည် တစ်နိုင်ငံလုံးရှိ ကျောင်းသားများကို ကိုယ်စားပြုသည့် အဖွဲ့ဖြစ်ရမည်။ ထို့ကြောင့် တက္ကသိုလ်၊ ကောလိပ်သမဂ္ဂများ ပါဝင် လာနိုင်အောင် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်မှုရှိရမည်ဟု ဆုံးဖြတ်ပြီး ၁၉၅၁-၅၂ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) All Burma Fedreation of Students' Union(ABSFU)
ဟုအမည်ပြောင်းခဲ့ကြသည်။

သို့သော် တက္ကသိုလ်သမဂ္ဂများသည် ဗကသများအဖွဲ့ချုပ်၏ တရားဝင်အဖွဲ့ဖြစ်ဖို့အတွက် သက်ဆိုင်ရာ သမဂ္ဂများ၏ ဖွဲ့စည်းပုံဥပဒေကို ပြောင်းရဦးမည်ဖြစ်ရာ လက်တွေ့တွင်ပြင်ဆင်ရ ခက်ခဲသဖြင့် ဖွဲ့စည်းပုံစည်းမျဉ်း ပြင်ဆင်မှုများ ယနေ့တိုင် ပြီးဆုံးခြင်းမရှိသေးပါ။ ဗကသတွင် ၁၉၆၂ ခုနှစ်က ခေါင်းဆောင်ဖြစ်ခဲ့ကြသော ဥက္ကဌကိုသက်၊ အထွေထွေ အတွင်းရေးမှုးကိုတင်ထွန်းတို့မှာ တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြသော်လည်း တကသကိုယ်စား မဟုတ်ပဲ တစ်ဦးချင်းအနေ တင်မြှောက်ခံကြရခြင်းဖြစ်သည်။

အထက်တန်းကျောင်းများ၏ ပညာရေးကို တက္ကသိုလ်ပညာရေးဟုခေါ်သော အထက်တန်း ပညာနှင့် ရောထွေးမှု ဖြစ်လေ့ရှိခြင်းကြောင့် အခြေခံပညာအထက်တန်းဟု အသုံးပြုရန် အကြံဥာဏ်ကို ကျောင်းသားများက စတင် ပေးခဲ့ကြခြင်း ဖြစ်သည်၊ ၁၉၅၈ခုနှစ် သြဂုတ်လအတွင်းက သန့်ရှင်း ဖဆပလအစိုးရ လက်ထက် တကသ အဆောက်အဦး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သော “ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ပညာရေး နှီးနှောဖလှယ်ပွဲ ”တွင် စတင်အကြံပေးခဲ့ကြခြင်း ဖြစ်သည်။ ထိုနှီးနှောဖလှယ်ပွဲမှ ထွက်ပေါ်လာသော စာတမ်းများသည် ၀န်ကြီးချုပ် ဦးနု၏အစိုးရ အဖွဲ့ကပင် ချီးကျူးစကား ပြောခဲ့ရသည်အထိ ပြည့်စုံခဲ့သည်။ အဆင့်မြင့်ခဲ့သည်။ သို့သော်ကျောင်းသားများ ပညာရေးနှီးနှောဖလှယ်ပွဲ ပြီးဆုံး၍တစ်လကျော်အကြာတွင် ဗိုလ်ချုပ် နေ၀င်းခေါင်ဆောင်သော စစ်တပ်က ဦးနုကိုအကြပ်ကိုင်ပြီး အိမ်စောင့်အစိုးရ ဖွဲ့ခဲ့သဖြင့် ထိုပညာရေး နှီးနှောဖလှယ်ပွဲမှ ချမှတ်သော စာတမ်းများမှာ လျစ်လျူပြုခြင်း ခံသွားရသည်။ ထိုစာတမ်းထဲမှာ အချက်အလက် တချို့ကို မဆလလက်ထက်တွင် ပညာရေးဝန်ကြီး ဒေါက်တာညီညီက ၁၉၆၄ခုနှစ်၌စတင်သော ပညာရေး စနစ်သစ်တွင် ယူသုံးခဲ့ရာမှ အခြေခံပညာရေး၊ အခြေခံပညာအထက်တန်း စသည့် အသုံးနှုံးများ ခေတ်စား လာခဲ့ခြင်းဖြစ်သည်။

၁၉၈၈ခုနှစ် သြဂုတ်လ၂၈ရက်နေ့က ဗကသများအဖွဲ့ကို တကသအဆောက်အဦးဟောင်း နေရာတွင် ဖွဲ့စည်းခဲ့ပြီးနောက် အထက်တန်းကျောင်းသားများက မိမိတို့ကျောင်းအလိုက်၊ မြို့နယ်အ လိုက်သမဂ္ဂ ဖွဲ့စည်းလိုက်သောအခါ အခြေခံပညာကျောင်းသားများ သမဂ္ဂ(အကသ)အမည်ကို သုံးခဲ့ကြရာမှ ယနေ့ အကသ အဖွဲ့များ ပေါ်ပေါက်နေခြင်း ဖြစ်သည်။

ကျွန်တော်တင်ပြလိုသော သမိုင်းအတိုချုပ်ကို ကြည့်ခြင်းအားဖြင့် အကသ အဖွဲ့အစည်းများသည် ၁၉၃၆-၃၇ ခုနှစ် ကတည်းက ပေါ်ပေါက်ခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်းတို့ ကိုယ်တိုင်ဦးစီးဖွဲ့ စည်းခဲ့ကြခြင်းဖြစ်ကြောင်း သိနိုင်ကြပါလိမ့်မည်။ အကသသည် နံမည်သာ အသစ်တခုဖြစ် နေသော်လည်း စတင်ဖွဲ့စည်းခဲ့သည်မှာ ကြာမြင့် လှပါပြီ။ လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်တွင် တက်ကြွပါဝင်ခဲ့ကြသော အဖွဲ့ဖြစ်ခဲ့သည်။

၁၉၄၁ခုနှစ်က ဗမာလွတ်လပ်ရေးတပ်မတော် (BIA)ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ဖွဲ့စည်းစဉ်က ရဲဘော် သုံးကျိပ်ဝင်အချို့နှင့် အရာရှိများ အများစုတို့မှာ အကသ ခေါင်းဆောင်များ၊ အကသအဖွဲ့ဝင်များဖြစ်ကြသည်။ ဤဗကသမိုင်းအစပိုင်းကို သေသေချာချာ လေ့လာခွင့်ရသူများအဖို့ ဤအချက်ပို၍ ထင်ရှားလာပါလိမ့်မည်။ အကသသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် အရေးပါသော အဖွဲ့ဖြစ်သည်။ (BIA) တပ်မတော်ပေါက်ဖွား ရာတွင် အခြေခံဇစ်မြစ်လည်းဖြစ်သည်။

၁၉၈၈ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် န၀တလက်ထက်တွင် အကသများဖွဲ့စည်းခြင်း၊ လှုပ်ရှားခြင်း များကို ကြားရသိရသောအခါ ကျွန်တော့်အဖို့ မြန်မာသမိုင်းကြောင်းအတိုင်း ဆက်လက် ဖြစ်ပွားခြင်း တခုအဖြစ် နားလည်ပါသည်။ သမိုင်းပေးတာဝန်ကို လူငယ်လေးများ စွန့်စွန့်စားစား ထမ်းဆောင်ကြခြင်းဟု မြင်ပါသည်၊၊ အခြေခံ ပညာကျောင်းသားများဖြစ်၍ နိုင်ငံရေးအသိတော့ အားနည်းမှုရှိမည်။ ထိုကြောင့် လုပ်ငန်းများတွင် အခက်အခဲ ရှိမည်ဟုလည်း မျော်မှန်းထားခဲ့သည်။

အကသ စည်းရုံးရေး လုပ်ဆောင်သူများနှင့် လက်တွေ့ကြုံဆုံရသောအခါ အချို့မှာကျွန်တော် မျှော်လင့်ထား သည်ထက် နိုင်ငံရေးအားကောင်းသည်၊ ခံယူချက်ပြတ်သားသည်။ ဇွဲ၊ သတ္တိ ပြင်းထန်သည်။

အကသခေါင်းဆောင်အဖြစ် ဗကသများအဖွဲ့ချုပ်သို့ တင်မြှောက်ခြင်းခံရပြီး တာဝန်ယူခဲ့သော ကျောင်းသားများ ထဲမှတစ်ယောက်ဖြစ်သော ကိုနေလင်းကို ကျွန်တော် ၁၉၉၈ ခုနှစ် နိုဝင်ဘာလအတွင်းက စတင်တွေ့ဆုံခဲ့ သည်။ သူအဖမ်းခံရပြီး စစ်ထောက်လှမ်းရေးများ၊ ထောင်မှုးထောင်ကြပ် ထောင်ဝါဒါများ၏ ညှင်းပမ်းပုံများကို ကြားရသောအခါ ကျွန်တော့်ရင်တွင်းမှာ ပူပြင်းစွာခံစားရသည်။ ကျွန်တော်ဦးနှောက်ကြောများ ပြတ်ထွက် မတတ်တင်းမာသွားသည်။ ကျွန်တော်၏ ကိုယ်တွေ့ခံစားချက်နှင့် နှိုင်းစာကြည့်ရင်း ဆတ်ဆတ်ခါ နာကျည်း မိသည်။

ကျွန်တော်သည် ၁၉၅၆-၅၇ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂခေါင်းဆောင် ဖြစ်ခဲ့ပြီး ၁၉၅၈ခုနှစ် မှစ၍ တက္ကသိုလ်ဆရာအဖြစ် ငါးနှစ်တိုင်အောင် အမှုထမ်းခဲ့ပြီးမှ ကျောင်းသားများနှင့် နီးစပ်လွန်းသည်ဆိုပြီး မဆလက ဖမ်းဆီးခဲ့သည်။ ထောင်ဒဏ် အပြစ်ပေးခြင်းတော့မလုပ်ပဲ ထောင်ထဲမှာ ၉နှစ်နီးပါးထားသည်။ ညှင်းပမ်း နှိပ်စက်သည်။ ကိုကိုးကျွန်းသို့ပို့သည်။

အခြေခံပညာအထက်တန်း ကျောင်းသားအရွယ်တွင် အဖမ်းခံရသဖြင့် ကိုနေလင်း အဖမ်းခံရသည့် အရွယ်မှာ ငယ်လွန်းလှသည်။ သို့သော် သူ့ညှင်းပမ်းနှိပ်စက်မှု့များမှာ ကျွန်တော်တို့ထက် ဆိုးသည်။ ဒါကိုပြည်သူတွေ သိစေချင်သည်။ ကမ္ဘာကသိစေချင်သည်။

ပါးကွက်အာဏာသားတို့၏ ညှင်းပန်းနှိက်စက်မှုကိုသာမက လူငယ်လေး ကိုနေလင်းနှင့် သူ့လုပ်ဖော် ကိုင်ဖက်များ ရင်ဆိုင်ကြပုံ၊ တွေးခေါ်ကြပုံ၊ ခိုင်မာပြတ်သားကြပုံ၊ စည်းလုံးကြပုံ၊ ခံနိုင်ရည်၊ ဇွဲ၊ သတ္တိရှိပုံနှင့် ခက်ခဲကြမ်းတမ်း လှသော အခက်အခဲများ ရင်ဆိုင်ရပုံများကို မြန်မာပြည်သူများနှင့် ကမ္ဘာမှ ပို၍သိစေချင်သည်။

ဤစာအုပ်တွင် ကိုနေလင်း၏ တင်ပြထားချက်များသည် မြန်မာပြည်သူများနှင့်ကမ္ဘာမှ စိတ်ပါဝင်စားသူများ အတွက်သာမက စစ်အာဏာရှင်စနစ်၏ ချုပ်ကိုင်အသုံးချမှုကို ခံနေကြရသော ရိုးသားသည့် တပ်မတော၊် တပ်မှုး၊ တပ်သားအနေဖြင့်လည်း မြန်မာနိုင်ငံ၏ အနာဂါတ်အတွင်း မှန်ကန်သော လမ်းကြောင်းကို ရှာကြံ တွေးတောကြရာ၌ များစွာအကျိုးပြုနိုင်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။

စာရေးသူပြောချင်တဲ့စကား


ကျွန်တော်ထောင်က ထွက်လာကတည်းက န၀တလက်ထက်မှာ ထောင်ကျခံရခဲ့တဲ့ နိုင်ငံရေး အကျဉ်းသမား တွေအကြောင်း၊ န၀တလက်ထက် အကျဉ်းထောင်များ အကြောင်းတွေကို ပြင်ပကမ္ဘာ ရှိတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ပြောပြချင်ခဲ့ပေမယ့် အခြေအနေမပေးခဲ့ပါ။

နှစ်အတော်ကြာ မြန်မာပြည်ကထွက်လာခဲ့ပေမယ့် ကျနော့်မှာအချိန်၊ ငွေကြေးအခက် အခဲတွေနဲ့ အစစအရာရာ မပြည့်စုံခဲ့တာကြောင့်လည်း စာအုပ်ထုတ်ဝေဖို့ အဆင်မပြေဖြစ်ခဲ့ပါတယ်။

၁၉၉၆-၉၇ ၀န်းကျင်လောက်မှာ န၀တလက်ထက်အကျဉ်းထောင်များ အကြောင်းနဲ့ ပက်သက်ပြီး ကိုဝင်းနိုင်ဦး ရေးသားခဲ့တဲ့ (Cries from Insein)စာအုပ်ထွက်ပေါ်လာခဲ့၍ ဖတ်ရှုခဲ့ရတယ်။ အဲဒီအချိန်မှာ ကျနော်ကြုံတွေ့ ခံစားခဲ့ရတဲ့အကြောင်းတွေ ထုတ်ဖော်ဖွင့်ဟဖို့ ပိုပြီးစိတ်အား ထက်သန်လာခဲ့တယ်။

ကျနော်ထောင်က လွတ်မြောက်လာပြီးနောက်ပိုင်း န၀တလက်ထက် အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသမားတွေရဲ့ ဆိုးဝါးပြင်းထန်လှတဲ့ ဘ၀တွေအကြောင်း ဂဃနဏသိရှိသူတွေ၊ နားလည်သူတွေ မတွေ့ရပါဘူး။ စစ်အစိုးရအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့သူ တော်တော်များများပင် သူတို့ရင်ဆိုင် ကြုံခဲ့တာတွေ ဖွင့်ချဖို့အတွက် များစွာအခက်အခဲ ရှိခဲ့ပါသည်။

နိုင်ငံရေးအကျဉ်းသမားဆိုရင် ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နေရတယ်၊ စားရတယ်လို့ သဘောပေါက် ထားကြတဲ့ ပြည်သူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းထောင်တွေထဲမှာ နုနယ်လှတဲ့ ဘ၀တွေကို ရင်းပြီး တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံရေးအကျဉ်းသမားတွေအကြောင်း၊ ဆိုးရွားလှတဲ့ န၀တအကျဉ်းထောင်တွေအကြောင်း အမှန်အတိုင်းတွေ့ရှိရလေအောင် အခုလို စာအုပ်တအုပ်အနေနဲ့ ပြုစုရေးသား ထုတ်ဝေရခြင်းပဲဖြစ်ပါတယ်။ ကျနော်ထောင်ထဲမှာ ရှိနေစဉ် ကျနော့်အိမ်မှာ ထောင်ဝင်စာအတွက် မပူမပင်ရသော်လည်း ကျနော့်မိတ်ဆွေ ထဲကဖြစ်စေ၊ ကျွန်တော်ရပ်ကွက်ထဲက ကျနော့်ကို ခင်မင်တဲ့မိတ်ဆွေတွေထဲကဖြစ်စေ၊ ကျနော့်ယုံကြည်ချက် အတွက် အားပေးစကားတခွန်းကြားရစဉ် အတိုင်းမသိ ကျနော်ပျော်ရွှင်ခဲ့ရတယ်။ ကျနော်ရှေ့ဆက်ရမယ့် လမ်းတွေအတွက် ခွန်အားသစ်တွေ တိုးခဲ့ရတယ်။ ဒါ့ကြောင့် ကျနော်တွေ့ကြုံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသမား ဘ၀နဲ့ ထောင်အကြောင်းကို စာဖတ်သူတွေနားလည်စွာဖြင့် ဖတ်ရှုပြီးတဲ့အခါ ယခုထက်ထိ မြန်မာပြည် စစ်အစိုးရ အကျဉ်းထောင် တွေထဲမှာ ယုံကြည်ချက်ကြောင့် ဘ၀ကိုစွန့်လွှတ်နေကြတဲ့ ရဟန်းသံဃာများ၊ ကျောင်းသား လူငယ် များ၊ အလွှာပေါင်းစုံမှ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရင်း ထောင်ကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားများ အပေါ် စာနာနားလည်ပြီး တက်နိုင်တဲ့ထောင့်တနေရာလေးက စကားလေးတခွန်းနဲ့ ပဲဖြစ်စေ၊ အားပေးကူညီမှု တစ်ခုခုနဲ့ဖြစ်စေ၊ ကူညီထောက်ခံ သွားစေဖို့ ရည်ရွယ်ရင်း ဒီစာအုပ် ကို ရေးသားရခြင်း ဖြစ်ပါတယ်။

ယခု စာအုပ်တွင်ပါဝင်သည့် အချက်အလက်များ အားလုံးနဲ့ပက်သက်ပြီး တာဝန်ယူကြောင်း ပြောကြား လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ တွေ့ကြုံခံစားခဲ့ရတာကို ရေးသားထားခြင်းဖြစ်၍ ပြည့်စုံမည်ဟုမခံယူပါ။ အားနည်းချက်များ ရှိမည်ဆိုသည်ကိုလည်း ရိုးရိုးသားသား ၀န်ခံကြောင်း ပြောချင်ပါတယ်။

“အားမလျော့နဲ့။ ဆက်သာလုပ်။ ငါတို့အမြဲအားပေးနေမယ်”ဆိုသည့် အသံများသည် အကျဉ်းထောင်များတွင် ကျနော်ကြားခဲ့ရစဉ် မြန်မာပြည် ဒီမိုကရေစီရေးအတွက် အားအင်များ အစစ်အမှန်ဖြစ်ခဲ့ကြောင်း ထပ်မံပြောချင် ပါသေးတယ်။ နိုင်ငံရေးအကျဉ်းသမားများ အမြဲလို တောင့်တသည်မှာ သူတို့ကို ထောက်ခံအားပေးသည့် လူထု၏ သဘောထား၊ လူထု၏ အသံများပင် ဖြစ်ပါတယ်၊၊

မာတိကာ
အကြောင်းအရာ စာမျက်နှာ
ကျေးဇူးတင်လွှာ---------------------------------------------- (၅)
ဆရာ့ရဲ့ ဥယျောဇဉ် ---------------------------------------------- (၇)
စာရေးသူပြောချင်တဲ့စကား------------------------------------------ (၁၃)
အခန်း(၁)
(က) ကျောင်းသားထု ညီလာခံ ------------------------------------- (၁၅)
(ခ) အကသ တို့ရဲ့ ဆိုင်းဘုတ်ဖြုတ်ပွဲ -----------------------------------(၁၆)
(ဂ)တိမ်းရှောင်ပြီး ------------------------------------------------------(၁၇)
(ဃ)မဖမ်းမခံရခင် တစ်ရက်အလို --------------------------------------- (၁၉)
အခန်း(၂)
(က) သပြေမှာ အဖမ်းခံရပြီး ----------------------------------------------(၂၂)
(ခ) စစ်ကြောရေးကို ဖြတ်သန်းစဉ် ----------------------------------------(၂၄)
(ဂ) နံရံတွေပေါ်က ကြွေးကြော်သံတွေ ----------------------------------- (၂၉)
(ဃ) အိမ်သာထဲက သောက်ရေ ----------------------------------------- (၃၂)
(င)ယောက်ဖကို ကြက်ဥတိုက်ခြင်း ---------------------------------------(၃၄)
(စ) အမှုတွဲတွေနဲ့ အတူအချုပ်သို့ ---------------------------------------- (၃၉)
အခန်း(၃)
(က) အချုပ်ထောင်မှာလူစုံပြီ --------------------------------------------(၄၂)
(ခ) စတီးဝပ်မှာ ရုံးထုတ်တဲ့နေ့ ----------------------------------------- (၄၄)
(ဂ) ၅(ည)တွေကို ခိုးမှုပုဒ်မတပ်တော့ ----------------------------------(၄၇)
(ဃ) ခြင်ထောင်တွေ၊ မွေ့ယာတွေရတဲ့ထောင် -------------------------(၄၉)
(င)ဘ၀သံသရာနဲ့ ၅(ည)တွေဘ၀--------------------------------------(၅၀)
(စ) ရမန်ယူပြီး -------------------------------------------------------- (၅၂)
(ဆ) စစ်ခုံရုံးမှာ တိုင်းပြည်ကိုချစ်တဲ့သူတွေ ----------------------------(၅၃)
အခန်း(၄)
(က) အပ်ထည်အလုပ်ခံရခြင်း -----------------------------------------(၅၅)
(ခ) ကျီးကန်းမျိုးတွေရဲ့ တောင်ယာလေဘာ အန်တုပွဲ ----------------------------(၅၇)
(ဂ) စစ်ခွေးတိုက်က ငရဲခန်း -------------------------------------- (၅၉)
(ဃ) စစ်ခွေးတိုက်မှာ နေ့စဉ် ---------------------------------------- (၆၃)
(င)စစ်ခွေးတိုက်က အပြန် ----------------------------------------------- (၆၆)

အကြောင်းအရာ စာမျက်နှာ
အခန်း(၅)
(က) မစားသင့်တဲ့ အသီးစားမိလို့ --------------------------------- (၆၈)
(ခ) ထောင်တွင်း နိစ္စဓူဝ ----------------------------------------- (၆၉)
(ဂ) အားလုံးကောင်းပါတယ် ဆရာကြီး --------------------------------(၇၂)
(ဃ) အိုးစားအကြောင်း၊ ဂြိုလ်အကြောင်း ---------------------------------- (၇၃)
(င)ဂြိုလ်ဖမ်းနည်း ----------------------------------------------------------(၇၅)
(စ) ဂြိုလ်ဖြစ်အောင်လုပ်ခြင်း -------------------------------------------------(၇၇)
အခန်း(၆)
(က) ထောင်တွင်းဗိုလ်လုပွဲ ----------------------------------------------- (၈၀)
(ခ) သွားနာနေလို့ လူသတ်တာ---------------------------------------------- (၈၂)
(ဂ) ကြိုးမိန့်နဲ့မသေပဲ ပေါက်ပြားနဲ့ သေရသူ --------------------------------------(၈၅)
အခန်း(၇)
(က) ထောင်ဆေးရုံဆိုသည်မှာ ------------------------------------------- (၉၀)
(ခ) လူသတ်ဆရာဝန် -----------------------------------(၉၃)
အခန်း(၈)
(က) အိတ်ခ်ျအိုင်ဗွီရောဂါ ပိုးပျံ့နှံ့ပုံ --------------------------------(၉၆)
(ခ) ရန်ကုန်မြို့ ရဲ့ဘိန်းစခန်း ---------------------------------------(၉၈)
အခန်း(၉)
(က) ကွပ်စိပ်ဆရာ မဟာဘုတ် -----------------------------------(၁၀၁)
(ခ)ထောင်အတွင်း ဘုရားတည် --------------------------------------(၁၀၃)
(ဂ) ရေဒီယိုဝယ်ပေးမိလို့ ထောင်ကျလာတာ --------------------------------(၁၀၅)
(ဃ) ထောင်တွင်းငွေကြေး လဲလှယ်စနစ် ------------------------------------ (၁၀၆)
(င)ထောင်စာရင်းတွေခိုးထုတ်တော့ -------------------------------------- (၁၀၈)
အခန်း(၁၀)
(က) ထောင်ပြောင်းပြီး --------------------------------------(၁၁၅)
(ခ) သရက်ထောင်အသွား လမ်းခရီးမှာ ---------------------------------------(၁၂၂)
(ဂ) ဟင်းကောင်းလို့ထမင်းတောင်းတာ -------------------------(၁၂၆)
(ဃ) ထောင်တရားစီရင်ခန်း ----------------------------------------------(၁၂၉)
အခန်း(၁၁)
(က)ထောင်ဝင်စာတိုက်ပွဲ ------------------------------------------------------(၁၃၁)
(ခ) ထောင်ဝင်စာပုံစံတိုက်ပွဲ -------------------------------------------------(၁၃၇)
အကြောင်းအရာ စာမျက်နှာ
အခန်း(၁၂)
(က) သရက်ထောင်တွင်း သက်သေထွက်ဆိုချက် ---------------------------------(၁၄၂)
(ခ) အညာခရီး -----------------------------------------(၁၅၅)
အခန်း(၁၃)
(က) ထောင်တွင်းသတင်းစာ၊ အတိုအထွာ
------------------------------------(၁၆၇)
(ခ) ကိုအိုက်ကို သေဆုံးမှု ----------------------------------------(၁၆၉)
အခန်း(၁၄)
(က) ရှားရှားပါးပါး ခေါင်းဖြတ်သတ်မှု -----------------------------------------(၁၇၄)
(ခ) အမျိုးသားညီလာခံနဲ့ တိုက်ပိတ်ဒဏ်--------------------------------------(၁၇၆)
အခန်း(၁၅)
တွဲဖက်ထောင်သံတိုင်ကြားက --------------------------------------- (၁၈၄)
အခန်း(၁၆)
ဒေါနတောင်မှာ နေတဲ့ တောင်ပေါ်သားတွေ -------------------------------(၁၉၁)
အခန်း(၁၇)
ပိဋိကတ်ကိုဖျက်တဲ့ ကြွက်စုတ် -----------------------------------(၂၀၁)
အခန်း(၁၈)
ကျနော်သိခဲ့ဖူးတဲ့ သူတွေထဲက အမှတ်တရမိတ်ဆွေများ
(က) ဦးအုန်းမြင့် (သခင်ဦးအုန်းမြင့်၊ တိုးတက်ရေး ) ------------------------------------(၂၁၃)
(ခ) ဦးစိန်လှ(ဗိုလ်စိန်သံမဏိ) ------------------------------------------(၂၁၅)
(ဂ) ဆရာတော်ဦးရေ၀တ --------------------------------------------------(၂၁၆)
(ဃ) ရဲကျော်စွာ ----------------------------------------------------------(၂၂၄)
အခန်း(၁၉)
(က) သရက်ထောင်က လွတ်တဲ့နေ့ --------------------------------------------(၂၂၆)
(ခ) ထွက်တော်မူ နန်းကခွာပြီ----------------------------------------------------------(၂၂၇)
မှတ်တမ်းဓာတ်ပုံ -------------------------------------- (၂၃၀)
သရက်အကျဉ်းထောင်ပုံ -----------------------------------(၂၃၁)
သရက်အကျဉ်းထောင်တွင် ရေဆွဲလေဘာ ပန်းချီပုံ ---------------------------(၂၃၂)
သရက်အကျဉ်းထောင်၏ အဆောင်ပန်းချီပုံ ---------------------------------(၂၃၃)
တိုက်ပုံစံများ -----------------------------------------(၂၃၄)

ထပ်ဆင့် ဝေမျှသူ
ခင်မင်းဇော်

အန်တီစု ကိုယ်တိုင်ရေး ကဗျာများ

အန်တီစုရဲ့ ကိုယ်တိုင်ရေး မြန်မာကဗျာတပုဒ်ကို ပြန်လည်မျှဝေပေးပါတယ်။
အင်တာနက်ပေါ်က ကြမ်းတမ်းယုတ်ညံ့သော စကားများ သုံးစွဲကြကုန်သော မသူတော် အပေါင်းတို့ ၊ စစ်မှန်သော စံပြထိုက်သော စိတ်ဓါတ်ကို အတုယူကြပါကုန်လော့။ မိမိကိုယ်ကိုပင် မလေးစားနိုင်သော အဖြစ်သို့ မရောက်ရှိရန် ကိုယ်တိုင်ကြိုးစားရမည်သာ ဖြစ်ပါ၏။

မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့

သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏လုံ့လ၀ီရီယဖြင့် နာလန်ထူပါစေအံ့...

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ...

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီးထီမည်မဟုတ်...

တဘ၀တွင် တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌မထူးခြား...

သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်...

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွှံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု...

မိခင်ထံမှ ဒါမှငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏...

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

အောင်ဆန်းစုကြည်

Saturday, August 18, 2007

ဦးကြည်မောင် အမှတ်တရ


ဘဘဦးကြည်မောင်အတွက် အမှတ်တရ စာတပုဒ်ရေးမယ် ကြံပေမယ့် သူငယ်ချင်းရဲဘော်ရဲဘက်တဦးဖြစ်တဲ့ မြကြေးမုံ က ဘဘအတွက် အထူးပြုရေးထားတဲ့ စာတပုဒ်ကို ဘယ်လိုမှ မကျော်နိုင်ဘူးဆိုတာ သိလို့ အခု သူ့ရဲ့ သူရဲကောင်းသို့ နှုတ်ဆက်ခြင်း ဆိုတဲ့ ရသစာစုလေး ကို တင်ပေးလိုက်ပါတယ်၊ အဲဒီစာကို ဒီမိုကရက်တစ် မြန်မာ့အသံမှာ ၂၀၀၄ ခုနှစ် က လွှင့်ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ မျှဝေခံစား ကြည့်ပေးပါ။

သူရဲကောင်းသို့ နောက်ဆုံးနှုတ်ဆက်ခြင်း

သူရဲကောင်းတယောက်ကို ဆုံးရှုံးလိုက်ရတဲ့ နိုင်ငံဟာ အမှောင်ထုထဲမှာ တိတ်ဆိတ်ငြိမ်သက်လို့ ၊၊
ဒီ့ထက်ဆက်ပြီး ကံဆိုးစရာ မကျန်တော့တဲ့ မြန်မာပြည်ကို စာနာခြင်း၊ စိတ်မကောင်းခြင်းများစွာနဲ့ တောင်တန်းကြီးတွေ တဖက်ကနေ ငေးနေမိတယ်၊၊ သူရင်ဆိုင်လိုက်ရတဲ့ အဆုံးအရှုံး ဘယ်လောက် ကြီးတယ်ဆိုတာ တခြား မြန်မာလူမျိုးတွေလိုပဲ သမီး နားလည်ပေးနိုင်တယ်လေ၊၊

ဘဘ ကွယ်လွန်ပြီဆိုတဲ့ သတင်းကို ရလိုက်တဲ့အချိန်ဟာ ကောင်းကင်မှာ ကြယ်တွေ ပြိုးပြက်လို့ လေညင်း ဖြေးဖြေးချင်းတိုက်နေတဲ့ အရမ်းလှတဲ့ ညတညပါ၊၊ လွန်ခဲ့တဲ့ လပေါင်းများစွာက ဘဘ သမီးတို့ကို အင်္ဂလိပ်စာ သင်ပေးခဲ့တာ ဒီလိုညမျိုးပေါ့၊၊ အနုပညာသမား စစ်သားကြီးတယောက် လူ့လောကထဲက ထွက်သွားတဲ့သတင်းကို ဘဘအင်မတန် နှစ်သက်ကြည်နူးတတ်တဲ့ ဒီလိုညမျိုးမှာပဲ သမီးလက်ခံလိုက်ရတယ်၊၊

ဒုဗိုလ်မှူးကြီးကြည်မောင် နှလုံးရောဂါနဲ့ နေ့လယ်က ဆုံးသွားပြီ ဆိုတဲ့သတင်း ပြန့်သွားတဲ့ အချိန်မှာ ဘဘနဲ့ မိုင်ပေါင်း တော်တော်များများ ဝေးနေတဲ့ နေရာတခုမှာ သမီးရောက်နေတယ်၊၊ သမီးအိပ်မက်ထဲမှာစိတ်ကူးယဉ် မျှော်လင့်ခဲ့တာက လူကြီးတွေ မျက်စိမမှိတ်ခင် လွတ်လပ်တဲ့နိုင်ငံတခုကို မြင်သွားရစေချင်တာ၊၊ ခုတော့ မြန်မာပြည်ရဲ့ ကံကြမ္မာဟာ နတ်သမီးပုံပြင် တပုဒ်လို မလှခဲ့ပါလား ၊၊

၁၉၃၀ ပြည့်လွန်နှစ်တွေက ရန်ကုန်တက္ကသိုလ်ကျောင်းသားလေး မောင်ကြည်မောင်ဘ၀နဲ့ စခဲ့တဲ့ နှစ်(၆၀) ကျော် နိုင်ငံရေးခရီး အဆုံးသတ် သွားပြီပေါ့၊၊ ဘဘ အနှစ်နှစ်အလလ သိမ်းထားခဲ့တဲ့ စုတ်ပြတ်နေတဲ့ ပင်နီအင်္ကျီလေး တထည်ကတော့ ဘဘမိသားစုဆီမှာ ကျန်ခဲ့လိမ့်မယ်၊၊ ဆယ်စုနှစ်ခြောက်ခု ကျော်ခဲ့ပြီဆိုတော့ အရောင်တွေမှိန်လို့ အသားတွေတောင် ဆွေးကောင်းဆွေးနေမယ့် ပင်နီအင်္ကျီလေးတထည် ၊၊

၁၉၃၈ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသားတွေ အတွင်းဝန်ရုံးကို ၀ိုင်းကြတုန်းက အလံကိုင်ပြီး တက်လာတဲ့ ဆံပင်တိုတို မျက်နှာနုနုကျောင်းသားလေးကို သမီးစိတ်ထဲမှာ မြင်ယောင်တယ်၊၊ ခေါင်းကို အရိုက်ခံရလို့ လဲကျသွားတဲ့ ဂျင်ဆင်ကျောင်းသား ကိုအောင်ကျော်ကို သူပြေးပွေ့လိုက်တဲ့အချိန်မှာ သူဝတ်ထားတဲ့ ပင်နီအင်္ကျီ ကလည်း နံပါတ်တုတ်စာမိလို့ စုတ်ပြတ်ပြဲကျပြီး တကိုယ်လုံးလည်း နာနေပြီ၊၊ သူ့ရင်ခွင်ထဲမှာ သွေးသံရဲရဲနဲ့ လဲနေတဲ့ သူငယ်ချင်းဟာ နောက်နာရီပိုင်း အတွင်း ဆေးရုံကြီးမှာ ကွယ်လွန်ရတော့မယ် ဆိုတာရော၊ တိုင်းပြည်လွတ်လပ်တဲ့အခါ ဒီလမ်းဟာ ကျဆုံးသူသူငယ်ချင်းရဲ့နာမည်ကို စွဲပြီး ဗိုလ်အောင်ကျော်လမ်းလို့ ဖြစ်လာမယ်ဆိုတာရော၊ နောင်(၅၂)နှစ်ကြာရင် သူဟာ အနိုင်ရပါတီရဲ့အကြီးအကဲ တယောက်အဖြစ်နဲ့ ဒီ ဗိုလ်အောင်ကျော်လမ်းမှာ အောင်ပွဲခံမိန့်ခွန်းတခုကို ပေးရလိမ့်မယ် ဆိုတာကိုရော ဘာမှမသိသေးတဲ့ လူငယ်လေး တယောက်၊၊

နောင်တချိန်မှာ သမိုင်းစာအုပ်တွေထဲ ၀င်ရောက်သွားကြမယ့် သူရဲကောင်းများစွာကို ကျောင်းနေဖက်အဖြစ် ဆုံဆည်းခဲ့ရတဲ့ ဘဘဟာ မြန်မာပြည်အပေါ် ရူးရူးမိုက်မိုက်ချစ်ခဲ့ကြတဲ့ ဒီသူငယ်ချင်းတွေအကြောင်း စိတ်လိုလက်ရရှိတိုင်း ပြန်ပြောပြတတ်တယ်၊၊

ခေါင်းတုံးဆံတောက်နဲ့ ပင်နီအင်္ကျီ ချည်ကြမ်းပုဆိုးနဲ့၊ ပြည်တွင်းဖြစ်ခုံဖိနပ်ကို အမြဲစီးတတ်တဲ့ ဂျပ်ဆင် ကျောင်းသား ကိုအောင်ကျော်၊ တန်ဆောင်မုန်းလပြည့်ကျော် (ဂ)ရက်နေ့မှာ ဤနေ့သည် ငါတို့ အရှင်နှစ်ပါး ပါတော်မူသောနေ့ ဖြစ်သည်၊၊ သတိရကြပါ ဆိုတဲ့ စာတန်းကို သူ့အခန်းဝမှာ ကပ်ပြီး တနေကုန် အခန်းအောင်း နေတတ်တဲ့ ကိုအောင်ကျော်၊၊

ယောလုံချည်တပတ်နွမ်းနဲ့ လမ်းသွားရင် ဘယ်သူ့မျက်နှာမှမကြည့်ဘဲ ကိုယ့်အတွေးနဲ့ကိုယ် စိုက်စိုက်စိုက်စိုက် သွားတတ်ပေမယ့် သူငယ်ချင်းတယောက်ယောက် မျက်နှာ မလန်းမဆန်းဖြစ်နေတာ သတိထားမိရင်တော့ ချက်ခြင်း ပြန်လှည့်လာပြီးခင်ဗျား ဘာအခက်အခဲရှိလဲ၊ ဘိုင်ကျနေရင် ကျနော့်မှာ ပိုက်ဆံအနည်းအကျဉ်း ရှိပါသေးတယ်လို့ ဒဲ့ဒိုးကြီး ဖွင့်မေးတတ်တဲ့ ကိုအောင်ဆန်း၊၊

ရွှေတိဂုံဘုရားကြီးကို လှမ်းမြင်နေရတဲ့ ရန်ကုန်မြို့က အိမ်တအိမ်မှာ အမျိုးသမီးကြီးတယောက် ကွယ်လွန်သွားတာကို မြန်မာလူမျိုး တော်တော်များများ သတိမထားမိလိုက်ဘူး၊၊ ဒါပေမယ့် အဲဒီနေ့မှာဘဲ ရန်ကုန် တက္ကသိုလ်ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းထဲကို ကျောင်းသားတယောက် ၀င်လာခဲ့တယ်၊၊ အေးဆေး တည်ငြိမ်သလောက် အမြဲ စာအုပ်နဲ့မျက်နှာ အပ်နေတတ်တဲ့၊ စကားနည်းလှတဲ့ ဒီကျောင်းသားဟာ မျက်နှာဖြူ ကျောင်းအုပ်ကြီးကို ရင်ဆိုင်တွေ့ပြီး သွားလေသူ မြန်မာနိုင်ငံ နောက်ဆုံး ဧကရာဇ်မင်းမြတ်ရဲ့ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး စုဖုရားလတ် ဒီနေ့ဘဲ နတ်ရွာစံခဲ့ပြီမို့ ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ကျောင်းပိတ်ပေးဖို့ အရေးဆိုတော့တယ်၊၊ ပဉ္စမမြောက် ဂျော့ဘုရင်ရဲ့ အင်ပါယာပိုင်နက်ထဲမှာ ရောက်နေခဲ့တဲ့ နိုင်ငံငယ်တခုက ကျောင်းသားကလေးက သူတို့ နိုင်ငံကို နောက်ဆုံးအုပ်ချူပ်သွားခဲ့တဲ့ သူတို့ဘုရင်ရဲ့ မိဖုရားအတွက် တိုင်းပြည်ကိုယ်စား လာအရေးဆိုတာကို အင်္ဂလိပ် လူမျိုး ကျောင်းအုပ်ကြီး ဘယ်လိုတုန့်ပြန်လိုက်သလဲဆိုတာ ဘဘတို့ လူကြီးတွေပြောမပြခဲ့ရင် သမီးတို့ ဘယ်လိုလုပ် ခန့်မှန်းသိနိုင်မှာလဲ၊၊

သူအုပ်ချူပ်တဲ့ကျောင်းမှာ ဒီလိုကျောင်းသားမျိုးရှိနေတာကို အားရဂုဏ်ယူတဲ့ အပြုံးနဲ့ ကျောင်းအုပ်ကြီးဟာ မြန်မာနိုင်ငံအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဒီနေ့ကျောင်းပိတ်ပေးဖို့ ကျေကျေနပ်နပ်ကြီး သဘောတူလိုက်တယ်တဲ့၊၊ ဒီကျောင်းသားဟာ နောင်တချိန်မှာ သံအမတ်ကြီးဦးအုန်းအဖြစ် ထင်ရှားလာတယ် ဆိုတာ ဆက်ပြီး သိလိုက်ရတော့ သမီး မအံ့သြတော့ပါဘူး၊၊ ဒီလိုလူမျိုးတွေ ပေါ်ထွက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ဟာ တချိန်မှာ ဦးကြည်မောင်ဖြစ်လာမယ့် လူငယ်လေးတယောက်ကို မွေးထုတ်ပေးနိုင်တာလည်း သမီး မအံ့သြတော့ပါဘူး၊၊

မြန်မာပြည်ကြီးရဲ့ အလှဆုံးနေ့တွေတုန်းက ဘဘရုပ်ပုံလွှာကို သမီးသတိရတယ်၊၊ ရွေးကောက်ပွဲနိုင်ပြီးစ ကိုယ်စားလှယ်တွေ ဂန္ဓီခန်းမမှာ အစည်းအဝေးလုပ်ကြတုန်းကလေ၊၊

ဗိုလ်အောင်ကျော်လမ်းထဲကို လွှတ်တော်ကိုယ်စားလှယ်တယောက် ၀င် လာတိုင်း လက်ခုပ်သံ တဖြောင်းဖြောင်း နဲ့ အားပေးနေကြတဲ့ လူထုကြီး၊၊ လုံခြုံရေးတာဝန်ယူပေးနေတဲ့ ရဟန်းတော်တွေ၊ ပြီးတော့ လူအုပ်ကြီးဆီက တညီတညွတ်တည်း အားပေးကြွေးကြော်နေတဲ့ ကြက်သီးထစရာ အသံတွေ၊၊

လုပ်စရာရှိတာ ရဲရဲလုပ်
ပြောစရာရှိတာ ရဲရဲပြော
တောင်းစရာရှိတာ ရဲရဲတောင်း
အဖွဲ့ချူပ်နောက်မှာ လူထုရှိတယ်
အဖွဲ့ချူပ်နောက်မှာ လူထုရှိတယ်

တုတ်ကောက်ကို အားပြုပြီး ကားပေါ်က ဖြည်းဖြည်းချင်းဆင်းလာတဲ့ မိုးကုတ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးအုန်းမောင်ကို ကျောင်းသားတွေက အပြေးအလွှား ၀ိုင်းတွဲကြတယ်၊၊ ရှမ်းဝတ်စုံနဲ့ ရှမ်းခေါင်းပေါင်း ပေါင်းထားတဲ့ ကိုယ်စားလှယ်တယောက်ကတော့ တညီတညွတ်တည်းလှနေတဲ့ လူထုကြီးကို သူက ပြန်ဓါတ်ပုံ ရိုက်နေတယ်၊၊ ဟုတ်တယ် ဒီအချိန်မှာ အလှဆုံးဟာ လူထုကြီးပဲ၊၊ တိုင်းပြည် လွတ်မြောက် ရတော့မယ် ဆိုတဲ့ မျော်လင့်ချက်တွေနဲ့ ပျော်ရွှင်တက်ကြွပြီး အနိုင်ရ ကိုယ်စားလှယ်တွေ စုဝေးရာကို အားပေးစောင့်ရှောက်ဖို့ ရောက်လာကြတဲ့ လူထုပရိသတ်၊၊

လက်ချင်းချိတ်ထားပြီး လုံခြုံရေးတာဝန်ယူပေးနေတဲ့ လူငယ်တွေ၊ စိတ်ဓါတ်တက်ကြွနေတဲ့ ပရိသတ်ကို ထိန်းပေး နေတဲ့ သံဃာတွေနဲ့ လူအုပ်ကြီးဆီက ကောင်းချီးသြဘာသံတွေ ကြားထဲကနေ ဗဟန်း အမှတ်(၂) မဲဆန္ဒနယ် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း ကြည်မောင်ဟာ ပရိသတ်ကို လက်ဝှေ့ရမ်း နှုတ်ဆက်ပြီး ဂန္ဓီခန်းမနား လျှောက်လာတယ်၊၊ ဘဘရဲ့မျက်နှာပေါ်က လူတိုင်းချီးမွမ်းကြတဲ့ နာမည်ကျော် ဦးကြည်မောင်အပြုံးနဲ့၊၊ အေးချမ်း သန့်စင်တဲ့မျက်နှာနဲ့ လူတွေကို ကြင်နာတတ်တဲ့ ဥပဓိရုပ်ကောင်းကောင်း အဖိုးကြီးတယောက်ရဲ့အပြုံး၊၊ အပြုံးလှိုင်းကြောင့် တွန့်နေတဲ့ပါးရေတွေက ထင်းလို့၊၊ ကျိုးတဲ့နေရာ ကျိုး၊ ကျန်တဲ့ နေရာကျန်နေတဲ့ သွားတွေက ဘဘပြုံးလိုက်တိုင်း ဖွေးကနဲပေါ်လို့၊၊

လွန်ခဲ့တဲ့နှစ်(၅၀)ကျော်က ဒီလမ်းပေါ်မှာ နံရိုးတွေကြေမတတ် အရိုက်ခံခဲ့ရဖူးတဲ့ သပိတ်မှောက် ကျောင်းသား ကလေးဟာ သူ့သူငယ်ချင်းရဲ့ သွေးတွေစွန်းခဲ့တဲ့ လမ်းပေါ်မှာပဲ အောင်ပွဲခံလူထုခေါင်းဆောင်အဖြစ် တကျော့ပြန် လျောက်လာခဲ့တယ်၊၊

ကျနော်တို့ကို အာဏာလွှဲပြောင်းပေးရင် ဘယ်အချိန် အစိုးရဖွဲ့နိုင်မလဲ၊၊ အခုချက်ခြင်းဖွဲ့နိုင်တယ်၊၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်အချိန်လွှတ်ပေးမလဲ အခုချက်ခြင်း လွှတ်ပေးမယ် ဆိုတဲ့ ရဲရဲတောက်မိန့်ခွန်းကို ပြောသွားတဲ့(၇၀)ကျော် အဘိုးကြီးကို ပူပူနွေးနွေး လွှတ်တော်ကိုယ်စားလှယ်တွေက ကောင်းချီးပေးကြတယ်၊၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးတင်ဦး အဖမ်းခံထားရတဲ့အချိန်မှာ အဖွဲ့ကို လေထဲမိုးထဲ မုန်တိုင်းထဲကနေ ရွေးကောက်ပွဲ အနိုင်ရတဲ့အထိ ဦးဆောင်ပေးသွားတဲ့ အဘိုးကြီး၊၊ အတွင်းအပြင်ဖိအားနဲ့ အတိုက်အခိုက် ပေါင်းစုံကြားမှာ လူထုအတွက် လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်ပေးသွားတဲ့အဘိုးကြီးဟာ အောင်ပွဲရခေါင်းဆောင်ဘ၀ မှာလည်း အပုတ်ခတ် အတိုက်အခိုက်ခံနေရချိန်ဘ၀နဲ့ ဘာမှမကွာဘူး၊၊ လောကဓံကို နောကြေနေပြီဖြစ်တဲ့ သူ့ရဲ့ နာမည်ကျော်အပြုံးနဲ့၊၊ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း တွေကို ထပ်ထပ်ကြုံခဲ့ရပြီးတဲ့ သက်ကြီးရွယ်အိုတို့ရဲ့ ရင့်ကျက်ခြင်းနဲ့၊၊

အနိုင်ရပါတီရဲ့ ခေါင်းဆောင်ကို နိုင်ငံခြားသတင်းထောက်က အမေးအဖြေလုပ်တော့ သွေးညှီနဲ့မပြယ်သေးတဲ့ ၁၉၈၈ ခုနှစ် လူသတ်ပွဲကိစ္စကို ဘယ်လိုသဘောထားမလဲ ဆိုတဲ့အကြောင်း ရောက်သွားတယ်၊၊ခင်ညွန့်၊ နျူရင်ဘတ်စစ်ခုံရုံး ဆိုတဲ့ ဝေါဟာရနှစ်ခုဟာ သူရဲဘောနည်းလှတဲ့ ဗိုလ်ချူပ်ခင်ညွန့်ကို အိနြေ္ဒမဆောင်နိုင် အောင် အထိတ်ထိတ် အလန့်လန့် ဖြစ်သွားခဲ့ရတာ တတိုင်းပြည်လုံး ငိုအားထက် ရယ်အားသန်၊၊

ဒါပေမယ့် ကြာကြာမရယ်နိုင်ဘူး၊၊ ကက်ကက်လန်အောင် ပြန်ရန်ထောင်ထားတဲ့ ဗိုလ်ခင်ညွန့်ရဲ့ မာရသွန်မိန့်ခွန်း ရှည်ကြီးနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ ဘဘနှစ်(၂၀)ကျသွားခဲ့ရတယ်၊၊ နှိုင်းနှိုင်းချိန်ချိန် သုခမိန်ဆိုသလို အင်မတန် နှုတ်လျှာ ထိန်းသိမ်းတတ်တဲ့ ဘဘဟာ စစ်တပ်က အရပ်သားပြည်သူတွေကို သွေးချောင်းစီးအောင် သတ်ပစ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်အတွက် အခဲမကြေနိုင်တဲ့စိတ်ကိုတော့ လူရိုးကြီးပီပီ ကြာကြာ ဖုံးမထားနိုင်ခဲ့တာ သမီးနားလည်ပါတယ်၊၊ ဆုံးရှူံးခဲ့ရတဲ့ လူ့အသက်တွေအတွက်၊ ညှိုးနွမ်းကျဆင်းခဲ့ရတဲ့ တခါက မြန်မာ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာအတွက် ဗိုလ်မှူးကြီးဟောင်း ကြည်မောင်ဟာ တရားမျှတမှုကို ပြန်အလိုရှိမှန်း သမီးတို့ ရိပ်မိကြတယ်လေ၊၊

အင်းစိန်ထောင်ထဲက လုံးချင်းအိမ်ကလေးတလုံးစီမှာ အကျဉ်းစံဘ၀ကို လက်တွဲဖြတ်သန်းခဲ့ကြတဲ့ ဦးတင်ဦးနဲ့ ဦးကြည်မောင်ဆိုတဲ့ စစ်သားဟောင်းကြီး နှစ်ယောက်အကြောင်းကို သမီး ပြန်သတိရတယ်၊၊ အဘိုးကြီး နှစ်ယောက်သား ပန်းပင်တွေကိုကြည့်လိုက်၊ ရေလောင်းလိုက်နဲ့ တယောက်နဲ့တယောက် လှမ်းစကား လက်ဆုံ ကျနိုင်ဖို့ အကြောင်းရှာကြတာတွေ၊ တယောက်လိုအပ်ချက်တယောက် အပြန်အလှန် ဖြည့်တင်း ကူညီပေး ကြတာတွေ၊ ထောင်ဝင်စာမှာပါလာတဲ့ မြိုးမြိုးမြက်မြက် စားကောင်းသောက်ဖွယ်တွေကို ကိုယ်မစားရသေးခင် တယောက်ဆီ တယောက် အရင်ဆုံး လှမ်းပို့တတ်တာလေးတွေ၊ ကုလသမဂ္ဂကိုယ်စားလှယ် ပီညဲရိုး အဘိုးကြီး နှစ်ယောက်ကို ထောင်ထဲလာတွေ့တော့ ကြွပ်ကြွပ်အိတ်အစအနတွေနဲ့ ရက်ထားတဲ့ ထောင်တွင်းဖြစ် ယပ်တောင် လက်ဆောင်ပေးလိုက်ရလို့ ထောင်ပိုင်က အထိတ်တလန့် လိုက်သိမ်းတဲ့အခါ သဲ သဲနိုင်လွန်းတဲ့ ကောင်တွေကွာ လို့ မှတ်ချက်ချပြီး ခွက်ထိုးခွက်လန် ရယ်ခဲ့ရတာတွေ၊၊

ဘဘကွယ်လွန်တော့ အကျယ်ချူပ်ခံနေရတဲ့ ဘဘဦးတင်ဦး ဈာပနတက်ဖို့ ကြိုးစားပေမယ့် ခွင့်မပြုခဲ့ဘူး၊၊ ဇွဲနပဲ ကောင်းသလောက် ရဲဘော်ရဲဘက်စိတ်လည်း ကြီးလွန်းလှတဲ့ ဘဘသူငယ်ချင်း ဗိုလ်ချူပ်ကြီးဟာ ကျန်ရစ်သူ မိသားစုကို အားပေးစကားပြောဖို့ မရမကအရေးဆိုပြီး ဘဘအိမ်ကို ရောက်လာခဲ့တယ်၊၊ အစောင့်အကြပ်တွေ ခြံရံပြီး အိမ်ထဲဝင် လာမယ့် ဗိုလ်ချူပ်ကြီးသူရတင်ဦးကို သမီးစိတ်ထဲက မြင်ယောင်အားကျ မိပါရဲ့၊၊ ကိုယ်တိုင်က တနှစ်ကျော် အကျယ်ချူပ်ခံနေရတဲ့ အကျဉ်းသား အဘိုးကြီးက စိတ်အားမငယ်တဲ့အပြင် သွားလေသူ သူ့ရဲဘော်ရဲ့ မိသားစုကို အိမ်လာတွေ့ပြီး အားပေးသွားသတဲ့လေ၊၊

တိုင်းပြည်နဲ့အမှန်တရားကို လောကဓံပေါင်းစုံကြားက ခေါင်းမာမာနဲ့ ချစ်သွားခဲ့တဲ့ ဘဘကို ကျေးဇူးအရမ်း တင်ပါတယ် ဆိုတဲ့ စကားကလွဲရင် မြန်မာလူမျိုးတယောက် အနေနဲ့ ဒီထက်သမီး ဘာမှ ဆက်မပြောတတ် တော့ပါဘူး၊၊ နောက်မျိုးဆက်တွေအပေါ်မှာ အပြုံးမပျက် ခွင့်လွှတ်နားလည် ပေးနိုင်သမျှ အတွက်ရော၊ လူတိုင်း အပေါ် နိုင်ငံတခုအပေါ် ကောင်းလွန်းခဲ့တာတွေ အတွက်ရော ကျေးဇူးစကားပြောရင်း ဘဘမရှိခြင်းဟာ မြန်မာပြည် အတွက် အဆုံးအရှူံး အရမ်းကြီးခဲ့ပြီဆိုတာ ၀န်ခံပါရစေတော့ ၊၊

(မြကြေးမုံ)
(၂၀၀၄၊ဒီဗွီဘီ)

ဦးကြည်မောင် ကွယ်လွန်ခြင်း (၃) နှစ်ပြည့်

ဦးကြည်မောင်(ဘယ်ဖက်မှ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌဟောင်း ဦးကြည်မောင် ကိုယ်ရေးအကျဉ်း


သြဂတ်စ်လဟာ ချစ်သူခင်သူ တန်ဘိုးရှိသူတွေကို သေမင်းကခေါ်တဲ့လလို့ ပြောရမလို ဖြစ်နေပါပြီ။ အခု သြဂတ်စ် ၁၉ ရက်နေ့ ဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်မှုးကြီးဟောင်း သီရိပျံချီဦးကြည်မောင် ကွယ်လွန်ခဲ့တာ ၃ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဘဘ ဦးကြည်မောင်လို့ လူငယ်တွေက ချစ်ခင်စွာ ခေါ်ဆိုခဲ့တဲ့ ဦးကြည်မောင်ကို ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ အဖဦးဖိုးသိန်း၊ အမိဒေါ်ငွေခင် တို့မှ မွေးဖွားခဲ့ပါတယ်။ ၁၉၃၆ မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၁၉၃၈ တတိယ ကျောင်းသားသပိတ် မှာ ပါဝင်ခဲ့၊ ၁၉၄၁ မှာ ဘီအေ နောက်ဆုံးတန်းကို မဖြေဆိုတော့ပဲ ဘီအိုင်အေတပ်ကို ၀င်ရောက်ခဲ့ပါတယ်။

၁၉၄၃ မှ ၁၉၄၅ ထိ ဂျပန်နိုင်ငံ စစ်တက္ကသိုလ်တခုတွင် အပတ်စဉ် (၅၇) သင်တန်းပြီးဆုံးသည် ထိ သင်တန်းတက်ခဲ့ပါတယ်။ ၁၉၄၅ တွင် သနက သို့၎င်း၊ ၁၉၄၈ တွင် တပ်ရင်းမှုး ၊ ၁၉၅၁ တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချူပ် မေမြို့စစ်ဦးစီးပထမတန်း၊ ၁၉၅၃ တွင် တပ်မဟာ(၇) တပ်မဟာမှုး၊ ၁၉၅၅၊ ၅၆ တွင် အမေရိကန် စစ်တက္ကသိုလ်သို့ သင်တန်း တက်ရောက်ခဲ့ပြီး ၁၉၆၀ တွင် နေပြည်တော်စစ်ဌာနချုပ်(ရန်ကုန်)တိုင်းမှုး၊ ၁၉၆၂ တွင် တော်လှန်ရေး ကောင်စီဝင်၊ ၁၉၆၂ ၊ ၆၃ တွင် အနောက်တောင်တိုင်း စစ်ဌာနချူပ် တိုင်းမှုး အဖြစ် တာဝန်ယူခဲ့၊ စစ်တပ်နှင့် နိုင်ငံရေးကို ခွဲခြားသိမြင်သူ ဖြစ်သည့်အလျှောက် ၆၂ ခုနှစ် အာဏာသိမ်းခြင်းကို အပြင်းအထန် ဆန့်ကျင်ခဲ့တဲ့အပြင် ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီက ကြီးမှုးကျင်းပသည့် ဒူးယား နှီးနှောဖလှယ်ပွဲသို့ မတက်ရောက်ခဲ့ပဲ အမိန့်အာဏာဖီဆန်ခဲ့သဖြင့် အငြိမ်းစားပေးခြင်း ခံရပါတယ်။

၁၉၈၈ ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးတွင် ပြည်သူဖက်မှ ရပ်တည်ခဲ့၊ နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ပါဝင်ယှဉ်ခဲ့ရာ မဲရာခိုင်နှုန်း(၇၃.၁၇) ဖြင့် အရွေးချယ်ခံ ခဲ့ရပါတယ်။

၁၉၉၀ ၊ ဇူလိုင် (၂၈၊၂၉) တွင်ကျင်းပသည့် ဂန္ဓီခန်းမအစည်းအဝေး ကို အောင်မြင်အောင် ဦးဆောင်ခဲ့တဲ့ အတွက် ဂန္ဓီအစည်းအဝေးအပြီးစစ်အုပ်စုမှ ဖမ်းဆီးပြီး ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့သည်။ ၁၉၉၅ ခုနှစ် မတ်လ ၁၄ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

စစ်တပ်မှ အငြိမ်းစားယူပြီးနောက် ၂၅ နှစ်အတွင်း လေးကြိမ်အဖမ်းဆီးခံခဲ့ရပြီး ထောင် ၂ ကြိမ်ကျခဲ့ရာ ထောင်တွင် စုစုပေါင်း (၇) နှစ်နေခဲ့ရတယ်။

ဦးနှောက်ကိုပို့ပေးတဲ့ သွေးပြန်ကြော ၅၀ ရာနှုန်းပဲ အလုပ်လုပ်တော့တဲ့ နောက်ဆုံး အချိန်တွေမှာတောင် လူငယ်မျိုးဆက်သစ်တွေကို စာပေသင်ကြားပေးခြင်းကို ပြုလုပ်ခဲ့ပါတယ်။
၁၄ ၊ ၈၊ ၂၀၀၄ ခုနှစ် မွန်းလွဲ (၁၂း၁၅) မှာ ရွှေတောင်ကြား(၁) ရပ်ကွက်၊ ကမ္ဘောဇ ရိပ်သာလမ်းမှာရှိတဲ့ ဘဘနေထိုင်ရာအမှတ်(၂၄) နေအိမ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, August 16, 2007

ဒေါ်စုရဲ့ ဆောင်းပါးများ

ကျွန်ုပ်တို့အတွက် ရွေးချယ်စရာ

မိမိတို့နိုင်ငံသားများကို ကိုလိုနီ နယ်ချဲ့ အုပ်ချုပ်ရေးလက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းလှုပ်ရှားမှုများ၏ အမျှော်အမြင်ကြီးမားသော ခေါင်းဆောင်များ အနေဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေးသည် အစိုးရကောင်းတစ်ရပ် ပေါ်ထွန်းရေးကို ဦးတည်သည့် ပထမဦးဆုံး လိုအပ်ချက်၊ အဆင့်တခုမျှသာ ဖြစ်သည်ဟုနားလည်ကြသည်။ နှစ်ဆယ်ရာစုနှစ်၏ ကုန်ဆုံးခါနီးတွင် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသည့်နောက်ပိုင်း၌ လွတ်လပ်ရေးရခဲ့ကြသည့် တိုင်းပြည်များသည် မိမိတို့၏ နိုင်ငံကို ထူထောင်ခဲ့ကြသည့် အနှစ်ငါးဆယ်မြောက် အချိန်အခါသမယဆီသို့ ချဉ်းကပ် လာပြီးဖြစ်သည်။ ယခုအခါတွင် စစ်မှန်သော အစိုးရ ကောင်းတခု ဖြစ်ထွန်း ပေါ်ပေါက်လာရေး နှင့် ပတ်သက်၍ မည်မျှ ခရီးရောက်နေသည်ကို ဆင်ခြင်သုံးသပ်ကြရမည့် အချိန်သို့ ရောက်နေပါပြီ၊ အစိုးရကောင်းမရှိသည့် နိုင်ငံတခုသည် လွတ်လပ်၍ ဖွံ့ဖြိုးတိုးတက်လျက် ရှိနေသော ကမ္ဘာ့အလယ်တွင် ၀င့်ထည်စွာ နေရာယူနိုင်မည် မဟုတ်ပေ။

နိုင်ငံအများအပြားသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ထူထောင်ခဲ့ကြပြီးသည့် နောက်တွင်မှ တိုင်းတပါးလူမျိုးခြား၏ စိုးမိုး အုပ်ချုပ်မှုကို ခံခဲ့ကြရစဉ် ကာလကထက် မိမိတို့နိုင်ငံသားများ၏ အခွင့်အရေးများနှင့် လွတ်လပ်မှုတို့ ပိုမိုကန့်သတ်ခြင်းခံရသည်ကို ကြုံကြရ၏။ ကိုယ်ပိုင်အုပ်ချုပ်ရေးရသည်နှင့် အစိုးရကောင်းတခု ဖြစ်ပေါ်လာမည်ဟု အသေအချာ မတွက်ဆနိုင်သည်မှာ ၀မ်းနည်းစရာကောင်းသည့် အမှန်တရားဖြစ်ပေသည်။
အစိုးရကောင်းဟူသည် နိုင်ငံရေး စနစ်ရလဒ်သက်သက် မဟုတ်ပါ။ အစိုးရ ကောင်းတခုပေါ်ပေါက်ရန်အရေးမှာ လူမှု အဖွဲ့အစည်းတရပ်အတွင်း အခြေခံတန်ဖိုး များနှင့် ခွဲခြား၍မရနိုင်လောက်အောင် တသားတည်း ဆက်စပ်နေပါသည်။ နိုင်ငံတခု ပြန်လည်တည်ဆောက်ရာတွင် လူ့တန်ဘိုးကို မြင့်မားတိုးတက်လာအောင် စွမ်းဆောင် နိုင်ခြင်းမရှိလျှင် လွတ်လပ်ရေး ဆိုသည်မှာ နိုင်ငံသားများအဖို့ ပိုမိုပြည့်စုံသည့်ဘ၀ ရပ်တည်ရှင်သန်ရေးဟု သတ်မှတ်လို့ ရနိုင်မည်မဟုတ်ပေ။ မြန်မာနိုင်ငံတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ရာစုနှစ်တ၀က်တိုင်အောင် ရရှိနေပြီးဖြစ်သော်လည်း အစိုးရကောင်းဖြစ် ရေးဟူသည့် မျော်လင့်ချက်က မပီပြင်သည့် အနာဂတ်မှာ ဘယ်ဆီဘယ်ဝယ် မျှော်မှန်းလို့ မရနိုင်လောက်အောင် ၀ိုးတ၀ါးရှိနေဆဲပင် ဖြစ်ပြီး တိမ်သလ္လာ ဖုံးလွှမ်းနေသည်။

“အမှန်တကယ်တော့ စံထားရမည့်အစိုးရ ဆိုတာ စိုးမိုးအုပ်ချုပ်မှု အနည်းဆုံး ဖြစ်ရမယ်၊ပြည်သူလူထု ဘာတခုမှ လုပ်ပိုင်ခွင့် ချန်မထားတာကို ကိုယ်ပိုင်အုပ်ချုပ်ရေးလို့ မခေါ်ဘူး။ ဒါဟာ ငါတို့လက်ရှိ အဆင့်အတန်း အတိုင်း ထိန်းသိမ်းစောင့်ရှောက်ခံ အဆင့်ပဲ” ဟု ဂန္ဒီကြီးက ရေးသားခဲ့ဖူးပါသည်။
အထက်ပါစာသားကို ၁၉၂၅ ခုနှစ်တွင် ရေးသားခဲ့သော်လည်း မြန်မာနိုင်ငံ ၏လက်ရှိ အခြေအနေများနှင့် များစွာ ဆီလျော်နေပါသည်။ သို့သော် ယနေ့ စစ်အုပ်ချုပ်ရေး အောက်တွင် ရောက်ရှိနေရပြီး မိမိတို့၏ ကိုယ်ပိုင်အစိုးရအဖွဲ့ထဲတွင် ၀င်ရောက် တာဝန်ယူရန် အခန်းကဏ္ဍဆို၍ ဘာတစ်ခုမှ အပ်နှင်းခြင်း မခံရသော စစ်အစိုးရအောက်တွင် ပြားပြားဝပ်နေရသည်။ ကျမတို့ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အခြေအနေကို ရှင်းလင်း ဖော်ပြရာတွင် “ထိန်းသိမ်းစောင့် ရှောက်ခံထားရသည်” ဟူသောစကားကို အသုံးပြုခြင်းသည် မပျော့လွန်းပေဘူးလားဟု မေးခွန်း ထုတ်နိုင်ပါသည်။ လွတ်လပ်ရေးရခဲ့သည်မှာ လေးဆယ်ကိုးနှစ် ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း ကျမတို့တတွေမှာ အချုပ်အနှောင်ခံနေရသည့် နိုင်ငံတခုဘ၀မှာပင် ရှိနေပါသေးသည်။

အသိဉာဏ်နှင့်စိတ်ဓါတ်တို့ လွတ်လပ်မှုမရှိလျှင် အမှန်တကယ် လွတ်လပ်မှု ဟူသည် ရှိနိုင်မည်မဟုတ်ပေ။ ပြည်သူလူထု၏ အသိဉာဏ်နှင့် စိတ်ဓာတ်တို့ အပြည့်အ၀ ဖွံ့ဖြိုး ရှင်သန်လာနိုင်သည့် အနေထားတခုသို့ ရောက်ရှိလာနိုင်စေရန် ပြုစုပျိုးထောင်ပေးရေးသည် တာဝန်ရှိ ခေါင်းဆောင်လုပ်သူများ ထမ်းရွက်ရမည့် ၀တ္တရားပင်ဖြစ်သည်။

ပြည်သူလူထုအနေဖြင့် မိမိတို့၏ အရေးပါအရာရောက်မှု ဂုဏ်သိက္ခာအပေါ် ယုံကြည် စိတ်ချမှုများ တိုးပွားလာစေရန် ပံ့ပိုးပေးနိုင်မှ သာလျှင် ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုသည်မှာ အဓိပ္ပာယ်ရှိပေမည်။ ခြိမ်းခြောက်ခြင်း၊ ဖိနှိပ်ချေမှုန်းခြင်းခံရပြီး မိမိတို့၏ဘ၀ အနာဂတ်အရေးကို ဖန်တီးပိုင်ခွင့် မရှိရရှာသော ပြည်သူလူထုမျိုးကို ပေါ်ပေါက်စေသည့် ကိုယ်ပိုင်အုပ်ချုပ်ရေး မျိုးသည် အသက်သွေး ချွေးမြောက်များစွာ စွန့်လွှတ်အနစ်နာခံ ပေးဆပ်ပြီးမှ ရခဲ့သော လွတ်လပ်ရေးကြိုးပမ်းလှုပ်ရှားမှုကို သစ္စာဖောက်သည့် အုပ်ချုပ်ရေး သာလျှင် ဖြစ်ပေသည်။

အမိနိုင်ငံတော်လွတ်မြောက်ရေး အတွက် မိမိတို့၏ ကောင်းကျိုး ချမ်းသာနှင့် အကောင်အထည်ဖော်ကြရန်မှာ နောင်လာနောက်သား မျိုးဆက်အဆင့်ဆင့် တို့၏ တာဝန်ဝတ္တရားတစ်ရပ် ဖြစ်သကဲ့သို့ အထူးအခွင့်အရေး တရပ်လည်း ဖြစ်နေပေသည်။ ကိုလိုနီ နယ်ချဲ့စနစ်ကို ဆန့်ကျင်တွန်းလှန် ဖြိုဖျက်ခဲ့ကြသူများထက်၊ ယနေ့ လူငယ်များ ထမ်းရွက် ကြရမည့် လုပ်ငန်းဆောင်တာများက ပို၍ ခက်ခဲသည်ဟု ပြောနိုင်ပါသည်။

တိုင်းတပါးလူမျိုးခြားကို ဦးတည်ဆန့်ကျင်ရသည့် ရုန်းကန်မှုများတွင် ပြဿနာ မှာပြတ်သားရှင်းလင်းလှပါသည်။ သို့သော် မျိုးတူ လူမှုအသိုက်အ၀န်း တခုတည်းအတွင်း ရှိ အပြုသဘောမဆောင်သော အင်အားစု များကို ဦးတည်ဆန့်ကျင်ရသည့် ရုန်းကန် ကြိုးပမ်းမှုများတွင်မူ သံသယများ၊ စိတ်ရှုပ်ထွေးစရာများ တဖြည်းဖြည်း စိမ့်ဝင်လာတတ်ပါသည်။
ထိုကြောင့် ပို၍ ပျော်ရွှင်ဘွယ်ကောင်းသော ကမ္ဘာတခု ဖြစ်လာရန် ကြိုးပမ်း ဆောင်ရွက်နေကြသော လူငယ်ထုအနေဖြင့် မိမိတို့လူဘောင် အဖွဲ့အစည်း၏ တန်ဘိုးထားမှုများနှင့်အတူ မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက် အကြောင်းရင်းခံတို့ကို စဉ်ဆက်မပြတ် ပြန်လှန်သုံးသပ်ရန် လိုအပ်လှပေသည်။ အမြဲတစေ ဆင်ခြင်သုံးသပ်ခြင်း သာလျှင် ကျွန်ုပ်တို့၏ လွတ်လပ်မှုကို မည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်ပြီး မည်ကဲ့သို့ အကောင်းဆုံး အသုံးချ နိုင်မည်ကို နားလည်သဘောပေါက် နိုင်ပေမည်။

လွတ်မြောက်ခြင်းဆိုသည်မှာ ရွေးချယ်ပိုင်ခွင့်ပင်ဖြစ်သည်။ လွန်ခဲ့သောရာစုနှစ်ဝက်က အသက်ရှင် နေထိုင်သူများနှင့် စာလျှင် ယနေ့ခေတ် လူငယ်များမှာ ရွေးချယ်စရာ နယ်ပယ်များပို၍ ကျယ်ပြန့်လာသည်။ မှန်မှန်ကန်ကန် ရွေးချယ်ရေးသည် အလွန်အရေး ကြီးလှ၏။ ကျဉ်းမြောင်းသော တကိုယ်ရေ အကျိုးစီပွါး အတွက်သာ ပျော်ရွင်ချမ်းမြေ့မှု လမ်းကိုရွေးချယ်မည်လော။ ပွင့်လင်းတဲ့ နှလုံးသားနှင့် စာနာစိတ်ကို အရင်းတည်ပြီး အခြားသူများရဲ့ လိုအပ်ချက် မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးရန် ၀ိုင်းဝန်းကြမည်လော။ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါသည်။

ကျွန်ုပ်တို့ မှီတင်းနေထိုင်ကြသော ကမ္ဘာမြေကြီး အခြေအမြစ်ကစ၍ ပြောင်းလဲသွားစေပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ကျဉ်းပေးမည့် ရာစုနှစ်တစ်ခုတွင် ကျမ တို့တတွေပါဝင်ဆင်နွှဲကြရမယ့် အချိန်မဝေးတော့ပါ။ နှစ်ဆယ့်တစ်ရာစုတွင် လူသားအားလုံးအတွက် ပို၍ကြီးမားသော လုံခြုံမှုနှင့် ပျော်ရွှင်စိတ်ချမ်းမြေ့မှုများကို ပေးစွမ်းနိုင်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် အံ့သြဖွယ် ကောင်းလောက်အောင် ထူးခြားသည့် အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ပါသည်၊၊

တချိန်တည်းမှာပင် ထိုခေတ်သည် တရားမျှတ သနားကြင်နာတတ်ခြင်း အင်အားစုများကို မှုန့်မှုန့်ညက်ညက် နင်းခြေပစ်ရန် အစွန်းရောက်ရုပ်ဝါဒအား ထင်ရာ စိုင်းဖို့ရာ လွှတ်ပေးလိုက်သော ကာလတစ်ခုလို ဖြစ်သွား နိုင်ပါသည်။ မည့်သည့်လမ်းသို့ လိုက်မည်ကို ကျမတို့ရွေးချယ်ရမည် ဖြစ်ပါသည်။ ၄င်းတို့ကို အလင်းရောင်ပေး၍ ရှေ့ ဆောင်လမ်းပြရန် အနာဂတ်မှာ အစဉ်အလာအရ ကြီးမြတ်သောခေါင်းဆောင်ကြီးများ ရှိနေသည့်အချက် သည် အိန္ဒိယနိုင်ငံက လူငယ်များအတွက် ဂုဏ်ယူစရာပင်ဖြစ်ပါသည်။

အကောင်းဆုံး ကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံနှင့် ပတ်သက်၍ ဂန္ဓီကြီးရဲ့ အဆိုအမိန့် ကို တဖန်ပြန်၍ ကောက်နှုတ်တင်ပြရပါလျှင်“တကယ်စစ်မှန်တဲ့ ဆွာရာ့ဂ်ျ(ကိုယ်ပိုင် အုပ်ချုပ်ရေး) ဆိုတာ လူနည်းစုက လုပ်ပိုင်ခွင့် အာဏာကိုယူလို့ ဖြစ်လာမှာ မဟုတ်ဘူး။ အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့် အာဏာကို တလွဲတချော် ဖောက်ဖျက် အသုံးချတာကို တွေ့ရတာနဲ့ အားလုံးက ၀ိုင်းဝန်းဆန့်ကျင်နိုင်အောင် ချုပ်ချယ်ကန့်သတ်ခွင့် ရယူ ပိုင်ဆိုင်ထားတာကို ခေါ်တယ်။ တနည်းပြောရလျှင် လုပ်ပိုင်ခွင့်အာဏာကို စည်းမျဉ်းစည်းကမ်း သတ်မှတ်ပေးပြီး ထိန်းချုပ်တတ်တဲ့ စွမ်းပကား မွေးမြူတတ်လာအောင် ပြည်သူလူထုကို ပညာပေးခြင်းနဲ့ ဆွာရာ့ဂ်ျကို ရယူနိုင်အောင် ကြိုးပမ်းရမှာ ဖြစ်တယ်” ဖြူစင်သောကလေးများ၏ အာသာဆန္ဒပြင်းပြသည့် သန္နိဌာန်တို့ ပိုင်ဆိုင်၍ နှလုံးရည်ပြည့်ဝစွာဖြင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်းတို့အတွက် မိမိတို့ဘ၀ကို မြှုပ်နှံသွားကြသော ပုဂ္ဂိုလ်တို့၏ အမွေကို ဆက်ခံရသည့် အမျိုးသား၊ အမျိုးသမီးများ နှင့် ထိုက်တန်သော နိုင်ငံတော်တစ်ခု ဖန်တီးရာ၌ ပညာရေးသည် အခရာကျလှပါသည်။

ပညာရေးသည် သမရိုးကျကျောင်းနေခြင်း သက်သက်ကိုသာ ဆိုလိုခြင်း မဟုတ်ပါ၊၊ သိနားလည်ပြီးသော ကိစ္စများကိုသာမက မသိနားမလည်သေးသော ကိစ္စရပ်များကိုပါ အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်သည့် သတ္တိနှင့် စိတ်ဓါတ်အင်အား ပြုစုပျိုးထောင် ပေးခြင်းကို ဆိုလိုသည်။

အတိတ်ကို မှန်မှန်ကန်ကန် အကဲဖြတ်သုံးသပ်နိုင်သော အရည်အချင်းနှင့် ပြည့်စုံပြီး လက်ရှိအခြေအနေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်မှသာလျှင် ကျမတို့အတွက်သာမက လာမည့် မျိုးဆက်အဆင့်ဆင့် တို့အတွက်ပါ သဟဇာတဖြစ်မည့် အနာဂတ်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

ကန့်သတ်နယ်ခြားမျဉ်းများနှင့် ရာစုနှစ်များစွာကို ကျော်လွှားနိုင်သည့် ခိုင်မာလှသော တန်ဖိုးထား လေးစားစရာများ ရှိပါသည်။ ကျမတို့ ခေတ်ကာလအတွက် ရှာဖွေ ဖေါ်ထုတ် ပေးနိုင်သည့် အနှစ်သာရ တန်ဖိုးများလည်း ရှိနေပါသေးသည်။ ကမ္ဘာကြီးအား မိမိတို့၏ ဘ၀နံနက်ခင်း လန်းဆန်းမှုကို ရောင်ပြန်ဟပ်စေမည့် ပုံသဏ္ဍာန်ပေါ်ပေါက်စေရန် စိတ်အား ထက်သန်နေသော လူငယ်ထုအတွက် ဤကဲ့သို့ ရှာဖွေဖေါ်ထုတ်ရေး လုပ်ငန်းစဉ်သည် စိန်ခေါ်မှုတရပ် ဖြစ်ပါသည်။

လူငယ်များတွင် မိမိတို့ လူ့ဘောင်အဖွဲ့အစည်းအတွက် တသသ မှတ်တမ်းတင် ကျန်ရစ်ရလောက်အောင် ဆောင်ရွက်ပေးနိုင်သော ပြိုင်ဘက်ကင်းသည့် အခွင့်အလမ်းများနှင့် ကြုံတွေ့နေရပါသည်။ ထက်သန် ပြင်းပြသော ဆန္ဒတက်ကြွစွာဖြင့် ဤအခွင့်အရေးမျိုးကို လက်မလွတ်တမ်း အမိအရ ဆုပ်ကိုင်ကြဘို့ လူငယ်များ ကို တိုက်တွန်း လိုက်ပါသည်။ အခွင့်အလမ်းတွေ လက်လွတ်သွားခြင်းသည် တစ်ဦးတစ်ယောက် အတွက်သော် လည်းကောင်း၊ နိုင်ငံများဆယ်စုနှစ် များနှင့် ချီ၍ ဆုတ်ယုတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

ပွင့်လင်းသောနှလုံးသားနှင့် အတူ အကြံသစ်ဉာဏ်သစ်တွေကို လက်ခံရန် အဆင်သင့်ရှိသော ခံယူချက် များဖြင့် ရာစုနှစ်သစ်ကို မျှော်မှန်း တမ်းတနေကြသော လူငယ်လူရွယ်များသည် မိမိနှင့် မိမိပြည်သူ ပြည်သား များအတွက် မျှသာမက လူသား များအားလုံးအတွက် ပိုမိုကောင်းမွန်သော ဘ၀တည်ဆောက်ရန် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်ကြသူများ ဖြစ်ပါသည်။

ကမ္ဘာကြီးသည် ရာစုနှစ်သစ် တစ်ခုကို ပြောင်းလဲတော့မည့် အချိန်မျိုးတွင် ဘ၀ကို အစပျိုးနိုင်ခြင်းမှာ ကံကောင်း လှပေသည်။ အနာဂတ်ကို လူငယ်များ ပိုင်ဆိုင်ပါသည်။ ဤကဲ့သို့ဖြစ်ခြင်းသည် လွန်စွာမှ သင့်လျော် ပါသည်။ အိန္ဒိယနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ လူငယ်များကို မင်္ဂလာရှိသော နှစ်သစ်နှင့် ရာစုသစ်မှာ ပျော်ရွှင် ချမ်းမြေ့ နိုင်ကြပါစေ၊ ငြိမ်းချမ်းသာယာမှု ရှိနိုင်ကြပါစေ ဟု ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်

Wednesday, August 15, 2007

ထူးအိမ်သင် ကွယ်လွန်ခြင်း (၃) နှစ်ပြည့်

ကျမရဲ့ ဘလော့ကိုစတိုင်ပြောင်းရန် ကလိမိလို့ ပို့စ်အသစ်တင်မရ ဖြစ်နေချိန်မှာ ထူးအိမ်သင် ရဲ့ ကွယ်လွန်ခြင်း (၃) နှစ်ပြည့်သွားခဲ့ပါတယ်။ သတိတရရေးမယ်လို့ မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမယ့် ကျမသူငယ်ချင်းဆီမှာ ရှိနေတဲ့၊ လူတိုင်းမှာ ရှိနိုင်ခဲတဲ့ လုံ့လနဲ့ ဇွဲကို အသိအမှတ်ပြုစရာ တခုကို သတိရမိပြီး ရေးဖြစ်သွားပါတယ်။

အဆိုတော် ထူးအိမ်သင်ရယ်လို့ မဖြစ်ခင်အချိန်က…
ကိုသျှပ်လို့ သူကဗျာရေးတဲ့ ကလောင်နာမည် သျှပ်မှုးကျော်ကို အဖျားဆွတ်ခေါ်ကြတဲ့ ပုသိမ်ကောလိပ် ကျောင်းသား ဘ၀တုန်းက အဖြစ်အပျက်ကလေးတွေပါ။


ပုသိမ်ကောလိပ်မှာ ၈၈ မရောက်ခင်ကာလတွေကပေါ့……..။ မောင်မယ်သစ်လွင် ကြိုဆိုပွဲ၊ ကျောင်းပိတ်ခါနီး နှုတ်ဆက်ပွဲတွေမှာ အဆိုအတီး ၀ါသနာရှင်တွေကို မြေတောင်မြှောက်ပေးတတ်တဲ့ ၀ါသနာရှင်ဆရာ ဆရာမတွေကလည်း များမှများ၊ တီးဝိုင်းတွေနဲ့ စတိတ်ရှိုး ကတော့ ဘယ်မေဂျာမဆို ပါမှ၊ မေဂျာတွေကလည်း အပြိုင်အဆိုင်အနိုင်…. ဆိုတော့ ……. ကျမတို့ရဲ့ ဂီတဆရာကြီး ကိုသျှပ်က မေဂျာပေါင်းစုံက စတိတ်ရှိုးတွေမှာ ဘေ့စ်ဂစ်တာတီးလို့ ..
နာမည်ကြီးပေါ့………

သီချင်းတိုက်တဲ့အခါ အသံကိုအရင်စစ်ပြီး ဆိုလို့ဘယ်လိုမှ ကီးမ၀င်ဘူးဆို မဆိုပါနဲ့လို့ ဘယ်သူ့မျက်နှာမှ မထောက် ပြောတတ်တဲ့သူ…။ အသံစစ်လို့ အောင်ပြီဆိုတော့ သီချင်းတိုက် နေတုန်း အချိန်မှာလည်း အ၀င်အထွက် အသက်ခိုးရှုတာက အစ သေသေချာချာ သင်ပေး။ သီချင်းတပုဒ်ကို ကျေညက်နေအောင် တိုက်ပေးတတ်သူ၊ အထပ်ထပ်အခါခါ တိုက်ပေးလွန်းလို့ ငိုရတဲ့သူတွေ၊ မဆိုတော့ဘူး ဆိုပြီး ထွက်သွားတဲ့သူတွေနဲ့ ကိုသျှပ်က နာမည်ကြီးပါပဲ။

တဖြည်းဖြည်းနဲ့ သူ့အကြောင်းသိသွားရင် သူ့ရဲ့စေတနာကို နားလည်လာကြတာပါပဲ။ ကျမဆို ပထမနှစ်မှသည် နောက်ဆုံးဖိုင်နယ်ထိ သူရွေးပေးတဲ့ သီချင်းတွေနဲ့ စင်ပေါ်တက်အော်ခဲ့သူပါ။ တလလောက်ကြိုတိုက်တာ၊ တခါတိုက်ရင် အနည်းဆုံး ၅ ခေါက်လောက်ကို ၂ ခါ ဆိုရတာ…….ခဏခဏတိုက်ရလို့ မဆိုတော့ဘူး မျက်ရည်ကျပြောတဲ့ အခါတွေမှာတော့ စင်ပေါ်မှာ နင်အရှက်မကွဲအောင် လုပ်ပေးနေတာလေ။ စေတနာကို မသိဘူးတဲ့။ ကျမက စိတ်ပြေပြီး ပြန်တိုက်၊ မရရင် မရတဲ့ နေရာကို သေသေချာချာ သူက ဆိုပြ… ပြန်တိုက်လိုက်ကြ၊ အဲဒါ သီချင်းတိုက်တဲ့ ဖိုးဆိုချင် မဆိုချင်တိုင်းကိုပါ။ ဒီလိုနဲ့ တကယ့်ရှိုးနေ့တွေမှာတော့ သူက မုဒ်အပြည့်နဲ့ တီးတော့တာပါပဲ။

ဒုတိယနှစ်တုန်းက သီချင်းတိုက်တဲ့အခါမှာ စကားအမြဲများပြီး ခဏခဏပြန်တိုက်ရတဲ့ သီချင်းက စင်ပေါ်မှာ အကောင်းဆုံး ဆိုနိုင်လို့တဲ့ ကိုသျှပ်က နင်အကောင်းဆုံးပဲ အဲဒီနေ့က နင်အကောင်းဆုံးပဲ ဆိုတာကို တဖွဖွပြောဖြစ်ခဲ့ပါတယ်။ နောက်နှစ်တွေမှာတော့ သူသင်ပေးတဲ့ သူရွေးပေးတဲ့ သီချင်းတွေနဲ့ ကျမက ဟန်ကျပန်ကျ မေဂျာအဆိုတော် ဖြစ်ခဲ့ရပါတယ်။

ကျမပြောပြချင်တာကတော့ ကျောင်းသား ၁၅၀၊ ၂၀၀ လောက်ကြည့်တဲ့ပွဲမျိုးကိုတောင် သူက သေသေချာချာ စနစ်တကျ ဖြစ်စေချင်သူ၊ ပြင်ဆင်တတ်သူ ဆိုတာပါပဲ။ ဂီတလောကမှာ နာမည်ကြီး ဖြစ်လာတော့လည်း ဘယ်တော့မှ ပြီးစလွယ် မလုပ်တတ်တာ သူရေးတဲ့ သီချင်းတွေ သူ့စီးရီးခွေတွေ၊ သူ့စတိတ်ရှိုးတွေမှာ တွေ့ခဲ့ရပါတယ်။ ပါးစပ်ဆိုး သူအဖြစ် လူပြောများပေမဲ့ သူရဲ့စိတ်ရင်းက စေတနာအပြည့်နဲ့ဆိုတာ ဆက်ဆံဖူး သူတွေ သိကြပါတယ်။

ဘယ်တော့မှ မလိမ်ညာတတ်တာ၊ ဘယ်သူ့အပေါ်မှ အကောက်မကြံတတ်တာ၊ သူရာမေဓရကို ချိုးဖျက်ထားပေမဲ့ ကျန်တဲ့ ကံလေးပါးကို လုံခြုံအောင်ထိန်းနိုင်တာနဲ့ပတ်သက်လို့ ကျမက အမြဲပြော ဖြစ်ပါတယ်။ အဲဒီအရက်ကိုပါ ဖြတ်လိုက်ပြီးရော ဆိုတော့ လူဆိုတာ နည်းနည်း အပြစ်ကလေး တော့ရှိအောင် လုပ်ထားမှတဲ့။ စင်းလုံးချောဆိုတာ မရှိဘူးတဲ့။ ဒါကြောင့် အနည်းဆုံး အပြစ်ကို ကျုးလွန်ထားတာတဲ့။ ကောင်းပါလေရဲ့ ဘာစင်းလုံးချောလို့လဲ ကိုသျှပ်က။ အရပ်ကလည်းပု ရုပ်ကလည်း ဆိုးသေးလို့ ကျမက ခံပြောနေကျပါ။

အခုတော့ ကျမစသလိုနဲ့ အတည်ပြောတတ်တဲ့ အရပ်ပု အရုပ်ဆိုး အဆိုတော် ထူးအိမ်သင်က ဂီတမှာ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်… ၊ ကိုယ်ယုံကြည်ရာ အတွက် အများမိုးခါးရေကို မသောက်တတ်ခဲ့သူ….၊ သေဆုံးချိန်ထိ ပြည်သူ့ဖက်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သူ ……..

လွန်ခဲ့တဲ့ ၃ နှစ်က သူကွန်လွန်သွားပြီလို့ သတင်းကြားလိုက်တော့ နှမြောတသစွာ ခံစားလိုက်ရပေမယ့် အခြေအနေ အကြောင်းကြောင်းတွေကြောင့် ဈာပနပွဲကို မတက်ရောက်ဖြစ်ခဲ့တာ၊ နောက် သူနဲ့ပတ်သက်လို့ အမှတ်တရစာအုပ် တအုပ်ထုတ်မယ်လို့ ကဗျာဆရာ မင်းထက်မောင်က အမှတ်တရ စကားတွေ လိုက်စုနေတာ၊ မင်းထက်မောင်ဆိုတာ တမြို့တည်းသား အကြောင်းသိ ကဗျာဆရာမို့ ကျမကို လာရေးခိုင်းခဲ့တာ ၊ ခုထိ အဲဒီစာအုပ် ထုတ်ဝေတယ် မကြားရသေးတာ၊
အင်း…….. သတိရစရာတွေချည်းပါပဲ ကိုသျှပ်ရေ………

သေသောသူ ကြာရင်မေ့ဆိုပေမယ့် ကျမတို့ကတော့ ခုထိ တိုက်ဆိုင်တာတွေ တွေ့မိတိုင်း သတိရနေတုန်းပါ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, August 11, 2007

တာရာမင်းဝေ အမှတ်တရ


စာရေးဆရာ တာရာမင်းဝေခေါ် ရွှေဘုန်းလူရဲ့ ဈာပနကို သူငယ်ချင်းတစု ပို့ပေးတဲ့ ပန်းခြင်းတခု၊ သူ့အတွက် ၈၈ မျိုးဆက်က ရေးသားပေးတဲ့ စာပိုဒ်လေး တပုဒ်ကို မျှဝေပေးလိုက်ပါတယ်။ ရွှေဘုန်းနဲ့ ကျမက အရမ်းခင်တဲ့ သူငယ်ချင်း မဖြစ်ခဲ့ပေမဲ့ သူ့အခင်ဆုံး သူငယ်ချင်း တယောက်က ကျမအခင်ဆုံး သူငယ်ချင်း တယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်က သူ့အကျိုးအတွက်လည်း မဟုတ်၊ ကျမအကျိုးအတွက်လည်း မဟုတ်တဲ့ အလုပ်တခု မှာ သဘောထား ကွဲခဲ့ကြပြီး စကားမပြောဖြစ် တော့ပေမယ့် သူ့နဲ့ ကျမက လမ်းကြောင်း တခုတည်းမှာ အတူ လျှောက်ခဲ့ကြတာပါ။ သူ့စာအုပ်တွေ နာမည်ကြီးလာတော့..... သူအိမ်ထောင်ပြုလိုက်တော့......၊ သူသားလေး တယောက်ရလာတော့........... အချိန်တိုင်းမှာ ကျမတို့ မနီးမဝေး.........။
သူကွယ်လွန်တဲ့ သတင်းကြားတော့ ကျမက စာချရေးဖို့ အင်အားမရှိတော့ပါဘူး။ အင်မတန် ရိုးသားတဲ့ သူ့ရဲ့မျက်နှာ ပုံပန်းသဏ္ဍာန်၊ အားမနာတတ်တဲ့ သူအကျင့်တွေကို ပြန်လည်မြင်ယောင်မိပါတယ်။ သူ လာလာအိပ်တတ်တဲ့ ကျမသူငယ်ချင်း အိမ်မှာ ၊ သူ လာလာနေတတ်တဲ့ ကျမသူငယ်ချင်း စာပေထုတ်ဝေရေး ရုံးတခုမှာ သူ့အရိပ်တွေ ရှိနေဦးမှာပါ။ သူနဲ့ ထောင်ထဲမှာ အတူနေခဲ့တဲ့ ရဲဘော်တွေထဲက ကျမခင်တဲ့ ရဲဘော်တယောက် ဆုံးသွားတယ် သတင်းကြားတော့ ဘာမဆိုင်ညာမဆိုင် ရွှေဘုန်းကို သတိရသွားမိသေးတာ ကလည်း နိမိတ်လေများလား။
ရဲဘော်ရဲဘက် တယောက်အဖြစ် အမြဲသတိရနေတော့မှာပါ။ ကောင်းရာသုဂတိ လားပါစေ။


သရက်ထောင်မှ အမှတ်တရ

၈၈ မျိုးဆက်တို့ရဲ့ အမှတ်တရ

သမိုင်းက ပေးအပ်လာတဲ့ တာဝန်ကို သူတတ်နိုင်သလောက် ထမ်းဆောင်ခဲ့ပါတယ်။

Friday, August 10, 2007

အမတ်တွေ စုလို့တင်တဲ့စာ (မြန်မာဘာသာဖြင့်)

လတ်တလော အချိန်အကန့်အသတ်အရ ကြေညာချက် အပြည့်အစုံကို ပြန်ဆိုထားခြင်း မဟုတ်ပါ။ အပေါ် ၄ ပိုဒ် ချန်လှပ်ထားခဲ့ပါသည်။ အဓိကကျသည့် အပိုဒ်များကို ဦးစားပေး ပြန်ဆိုထားပါသည်။ နောက်ပိုင်းတွင် အပြည့်အစုံ ဆက်လက်ပြန်ဆို ဖော်ပြမည် ဖြစ်ပါသည် ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ ပေးပို့သည့် လက်ရှိအခြေခံဥပဒေ ရေးဆွဲရေးနှင့်ပတ်သက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၉၂ ဦး၏ သဘောထား

သို့
မစ္စတာ ဘန်ကီမွန်း
အတွင်းရေးမှူးချုပ်
ကုလသမဂ္ဂ

မှ
ရွေးချယ်ခံ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ

မိတ္တူ
၁။ မစ္စတာ ဘီ လင်းပတ်စ်ကိုး၊ လက်ထောက် အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ။
၂။ မစ္စတာ အီဘရာဟင် ဂမ်ဘာရီ၊ လက်ထောက် အတွင်းရေးမှူးချုပ် နှင့် အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး။
၃။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတန်းအဖွဲ့ဝင် ငါးနိုင်ငံ (တရုပ်၊ရုရှ၊ပြင်သစ်၊ဗြိတိန်နှင့်အမေရိကန်) မှ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်များ။
၎။ ဦးအောင်ရွှေ၊ ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၅။ ဒေါ်အောင်ဆန်းစုကြည်၊ အထွေထွေအတွင်းရေးမှူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၆။ ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ။
၇။ ၀ါရင့်နိုင်ငံရေးသမားဟောင်းကြီးများ။
၈။ ၈၈မျိုးဆက်ကျောင်းသားများ။

ရက်စွဲ။ ။ ၁ရက်၊ သြဂုတ်လ၊ ၂၀၀၇ ခုနှစ်။




လူကြီးမင်း ခင်ဗျား

အကယ်၍ နအဖသည် ပြည်သူ့ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုဘဲနေလျှင်သော် လည်းကောင်း၊ မြန်မာပြည်သူများ၏ ဆန္ဒမှန်ကို နားမထောင်ပဲ သော်လည်းကောင်း နိုင်ငံတကာ အသိုင်းအ၀ိုင်း ၏ ထပ်ခါတလဲလဲ တောင်းဆိုနေမှုများ ကို နားထောင်ခြင်းမပြုဘဲနေပါက ၎င်းတို့ ကြိုးကိုင် စီမံနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုင်းရင်းသား ပြည်သူများအားလုံးက မုချပင် စိန်ခေါ်ကြပေလိမ့်မည်။ ကျနော်တို့ အနေဖြင့်လည်း ၎င်းတို့နှင့်ပူးပေါင်း၍ ဤအတုအယောင် ညီလာခံ ကိုဆန့်ကျင်ကြပေမည်။ ထို့ပြင် ဆန္ဒခံယူပွဲတွင် ဤအခြေခံဥပဒေကို ကန့်ကွက်မဲပေးရန် မြန်မာပြည်သူများအား စည်းရုံးဦးဆောင် သွားမည် ဖြစ်သည်။

ကျွနု်ပ်တို့အား ထောက်ခံမဲ ပေးထားသည့် မြန်မာပြည်သူများအား ကျွန်ုပ်တို့အနေဖြင့် ဘယ်သောအခါမျှ စိတ်ပျက် အားငယ်အောင် ပြုလုပ်မည် မဟုတ်ကြောင်း ကတိက၀တ်ပြုပါသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာတော့မည့် တမျိုးသားလုံးဆိုင်ရာ အကျပ်အတည်းကြီး ရေဆူမှတ်မရောက်မီ ရှောင်လွှဲနိုင်ရေး အလို့ငှာ ကုလသမဂ္ဂအနေဖြင့် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည်ဟု မိမိတို့ အနေဖြင့် မျှော်လင့်ပါသည်။ လူကြီးမင်းတို့၏ အကူအညီဖြင့် လက်ရှိ အဆင့် ၇ ဆင့်ပါ လမ်းပြမြေ ပုံကို ပြုပြင် ပြောင်းလဲရန် အောက်ပါ အချက်များကို မိမိတို့အနေဖြင့် အဆိုပြု တင်ပြလိုပါသည်။

(၁) နအဖအနေဖြင့် အမျိုးသားညီလာခံကို ဖြစ်နိုင်သမျှ မြန်မြန် ဖျက်သိမ်းရမည်။ ဤအမျိုးသား ညီလာခံမှ ထွက်ပေါ်လာသည့် ရလဒ်များသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် နအဖ နှင့် ညီလာခံ ကိုယ်စားလှယ်များ၏ အဆိုပြုချက် တရပ်ဖြစ်သာ မှတ်ယူရမည်။

(၂) လမ်းပြမြေပုံ အဆင့် ၂ ကို နအဖ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီ များမှ ရွေးချယ်ခံ ကိုယ်စားလှယ်များ ပါဝင်သည့် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေး ဆွေးနွေးပွဲအဖြစ် ပြောင်းလဲ ပြင်ဆင်ရမည်။ တွေ့ဆုံဆွေးနွေးပွဲတွင် အသွင်ကူးပြောင်းရေး ကာလအတွင်း ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှ ရွေးချယ်ခံ ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရေး အပါအ၀င် ၊ လမ်းပြမြေပုံ၏ ကျန်အဆင့် များကို အကောင်ဖော်ရန်အတွက် တမျိုးသားလုံးဆိုင်ရာ ကိစ္စရပ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အချိန် အကန့်အသတ် စသည်တို့ကို ဆွေးနွေးကာ သဘောတူညီရမည်။

(၃) အဆင့်(၃)တွင် နအဖ ကိုယ်စားလှယ်များ၊ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် အပစ်အခတ်ရပ်စဲရေးအဖွဲ့များမှ ကိုယ်စားလှယ်များ အညီအမျှ ပါဝင်သည့် အခြေခံဥပဒေ မူကြမ်းရေး ဆွဲရေးကော်မတီကို ဖွဲ့စည်းရမည်။ အခြေခံဥပဒေကို အမျိုးသားညီလာခံမှ ထွက်ပေါ်လာ သည့်ရလဒ်များနှင့် အခြားအဖွဲ့များမှ အကြံပြုချက်များအပေါ် အခြေခံကာ မုကြမ်းရေးဆွဲရမည်။ ထိုအခြေခံဥပေဒ မူကြမ်းကို ပြည်သူများအားလုံး သိရှိနားလည်သဘောပေါက်စေရန်နှင့် အပြီးသတ် ဥပဒေမူကြမ်း၌ ထည့်သွင်းရမည့် အချက်များကို ဆွေးနွေးနိုင်စေရန် ၎င်းတို့လက်ထဲသို့ ပေးအပ်ရ မည်။

(၄) အဆင့် ၄ ၌ အပြီးသတ် အခြေခံဥပေဒေ မူကြမ်းကို အတည်ပြုရန်အတွက် ၁၉၉၀ပြည့်နှစ် ရွေး ကောက်ပွဲမှ ရွေးချယ်ခံ ကိုယ်စားလှယ်များ အားလုံးပါဝင်သည့် ပြည်သူ့လွှတ်တော်ကို ကျင်းပရမည်။

(၅) အဆင့် ၅ ၌ အခြေခံဥပဒေအသစ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပရမည်။

(၆) အဆင့် ၆ ၌ အခြေခံဥပဒေသစ်နှင့်အညီ ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် ပြည်သူ့ကိုယ်စား လှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို ကျင်းပပြီး၊ အစိုးရသစ်ကို ဖွဲ့စည်းရမည်။ ဤအစိုရအဖွဲ့သည် အုပ်ချုပ်ရေး အာဏာကို ချက်ချင်း ရယူဆောင်ရွက်စေရမည်။

(၇) အဆင့် ၇ ၌ အခြေခံဥပဒေသစ်အရ အုပ်ချုပ်ရေး အဆင့်အသီးသီးရှိ နအဖ ၏ သြဇာအာဏာ သက်ရောက်မှု ရှိနေဆဲဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပေဒေပြုရေးနှင့် တရားစီရင်ရေး ဆိုင်ရာ အဖွဲ့အစည်း အားလုံးကို ဖျက်သိမ်းပစ်ရမည်။

လူကြီးမင်းခင်ဗျား

အထက်ဖေါ်ပြပါ အဆိုပြုချက်များကို နိုင်ငံတကာ အသိုင်းအ၀န်းအား တင်ပြခြင်းအားဖြင့် မြန်မာနိုင်ငံ တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် လူကြီးမင်းတို့အနေဖြင့် ပိုမို တိုးမြှင့် ကူညီ ဆောင်ရွက်နိုင်မည်ဟု မိမိတို့အနေဖြင့် ရိုးသားစွာ ယုံကြည်မိပါသည်။

အထက်၌ အကြံပြုထားသကဲ့သို့ နိုင်ငံတကာမှ လက်ခံနိုင်သည့် လုပ်ငန်းစဉ်ဖြစ်လာစေရေး အတွက် လက်ရှိ သွားနေသည့် အဆင့် ၇ဆင့်ပါ လမ်းပြေမြေပုံကို ပြင်ဆင်ပြောင်းလဲပြီး အမျိုးသားပြန်လည် သင့်မြတ်ရေး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အနာဂတ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှရွေးချယ်ခံကိုယ်စားလှယ်များနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ပါ အတူတကွ လက်တွဲ အလုပ်လုပ်နိုင်ရေးတို့အတွက် နအဖ အနေဖြင့် သိမြင်လက်ခံလာစေရန် လူကြီးမင်းတို့အနေဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု မျှော်လင့်မိပါသည်။

အကယ်၍ မြန်မာတမျိုးသားလုံး၏ စစ်မှန်သည့်ဆန္ဒများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ စိတ်စေတနာကောင်း များကို ဆက်လက် လျစ်လျှူရှုခဲ့ပါက ဖြစ်ပေါ်လာမည့် ရှောင်လွှဲ၍မရနိုင်သည့် တမျိုးသားလုံးဆိုင်ရာ အကျပ် အတည်းကြီး အတွက် နအဖ တဦးတည်းတွင်သာ တာဝန်ရှိကြောင်း မှတ်ယူရပါမည်။

လေးစားစွာဖြင့်

ရွေးချယ်ခံပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ
မြန်မာနိုင်ငံ