Saturday, June 28, 2008

တောက်ပသော သွေးစက်နီနီ


အဲသည်ညက သမီးက ဖေဖေ့ကို စကားတွေ အကြာကြီး ပြောခဲ့သည်။
………………………………………..
စတွေ့ချိန်မှာ ဖေဖေဟု ခေါ်ရမှာ တွန့်ဆုတ်ခဲ့သည်။
ဖေဖေ့ကို သမီးအိပ်ယာ ဘေးက စာကြည့်စားပွဲ အထက်နားမှာ ချိတ်ထားသော ဓါတ်ပုံမှ တဆင့်သာ ရင်းနှီးခဲ့ရသည်။ ဖေဖေက ကျောင်းဆက်တက်ဖို့ ခေါ်လာတော့ သမီးကို သွားချင်သလားလို့ မေးခဲ့တဲ့ မေမေ့စကားသံမှာ မခွဲခွာရက်သလို အသံမျိုးဖြစ်နေတာမို့ သမီးမသွားချင်ဘူးလို့ ဖြေခဲ့မိသေးသည်။ နောက်ပိုင်းတော့ မေမေကပဲ ဆုံးဖြတ်ခဲ့လေသည်။ ဖခင်တယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ချင်နေဦးမည့် ဖေဖေ့ကို သမီးရဲ့ ပညာရေးမှာ ပါဝင်ပတ်သက်ခွင့် ထောက်ပံ့ကူညီခွင့် ပေးလိုက်ပါဦးမယ် လို့ ရယ်ဟဟနဲ့ပြောလာသည်။ ဒီလိုနဲ့ သမီး တနှစ်သမီးမှာ ခွဲခွာ ထားခဲ့သော ဖေဖေ့ဆီသို့ အသက် ၁၈ နှစ် အရွယ်သမီးက ရောက်ရှိလာခဲ့သည်။ မေမေကိုပါ လာခဲ့ဖို့ ခေါ်ခဲ့ပေမယ့် ကိုယ့်တိုင်းပြည်က မထွက်ခွာနိုင်ဆိုသော မေမေက သမီးကိုတော့ ပညာဆည်းပူးစေချင်သလို နိုင်ငံခြားဆိုတာ ဘယ်လိုဆိုတဲ့ အသိကိုလဲ သိစေချင်ပုံရသည်။

သူငယ်ချင်း မှသည် လက်တွဲဖော်ထိ ချစ်ခင်မြတ်နိုးရသော ဖေဖေ့ ဓါတ်ပုံအောက်မှ သမီးနားမလည်သော စာသားများကို ချိတ်ဆွဲထားလေ့ရှိသော မေမေသည် စိတ်ကူးယဉ်မဆန်ပဲ လက်တွေ့သမား တယောက်လည်း ဖြစ်ပါသည်။


ဖေဖေ့အိမ်စရောက်ခါစက ဖေဖေ ဆိုတာ ဓါတ်ပုံထဲကလို သဘောကောင်းမယ့် မျက်နှာနှင့် ပေမယ့် သမီးတို့ စိမ်းနေသေးသည်။ မေမေပြောပြတဲ့ ဖေဖေ့အမူအကျင့်များမှာ အေးစက်စက် ရှိနေတာမျိုး သိထားပြီးသားမို့ ဖေဖေ့ဆီက နွေးထွေးမှုမျိုးကို တော့ မမျှော်လင့် ခဲ့ပါ။
.........................
သမီးဒီညတော့ စကားတွေ ပြောပါရစေ ဖေဖေရယ်။ တကယ်က သမီး ဘ၀မှာ ဖေဖေ့ကို မြင်ဘူးခဲ့တာ သမီး ၂ နှစ်ခွဲလောက်က လို့ ပြောဖူးပေမယ့် သမီး မမှတ်မိဘူး။ မေမေပြန်ပြောပြရင် ၀ိုးတ၀ါးပဲ သိသလို မသိသလို၊ ဖေဖေ ရောက်နေတဲ့ နယ်စပ်ရွာလေး တရွာကို သတင်းရလို့ မေမေက သမီး ကို ခေါ်ပြီး သွားခဲ့တာတဲ့။ ဖေဖေတို့ ရှိနေတယ်ဆိုတဲ့ ရွာမှာ မေးကြည့်တော့ ဖေဖေ့ကို သိတဲ့လူက အခု သူ ဘုန်းကြီးကျောင်းက အလှုမှာ ရှိနေတယ်ဆိုပြီး လိုက်ပို့တယ်တဲ့။ ဘုန်းကြီးကျောင်းက တောင်ကုန်းလေး ပေါ်မှာ ဆိုတော့ မေမေနဲ့ သမီးက လမ်းဖြေးဖြေး လျှောက်တက်နေတုန်း အဲဒီလူက ဖေဖေ့ဆီ ပြေးလို့ သတင်းပို့လိုက်တော့ ဘုန်းကြီးကျောင်း လှေခါးထိပ်က ဆင်းလာတဲ့ ဖေဖေနဲ့ သမီးတို့ တွေ့တာတဲ့။ဖေဖေက တွေ့တွေ့ချင်း သမီးလာ လို့ လက်ကမ်းပေးတော့ သမီးက အေးအေးဆေးဆေးပဲ လိုက်သွားတာပဲတဲ့။ မေမေပြန်ပြောပြတာလေ။ ၂နှစ်ခွဲ သမီးလေးကိုချီပြီး အနားရောက်လာတဲ့ မေမေ့ကိုလှမ်းကြည့်လိုက်တဲ့ အချိန်မှာ ဖေဖေတို့ရဲဘော်က ရိုက်ထားလိုက်တဲ့ ဓါတ်ပုံလေး ဖေဖေ့အိပ်ခန်းမှာ တွေ့ရတဲ့ အကြောင်း သမီးမေမေ့ဆီဖုန်းဆက်တော့ ပြောပြဖြစ်သေးသည်။ အဲဒီတုန်းက ဖေဖေတို့မွေးထားတဲ့ ကြက်သန်းတွေ ကိုက်လို့ သမီးနဲ့ မေမေ့တကိုယ်လုံး အနာတွေ ချည်းပဲ ဖြစ်နေတော့ ဖေဖေက ဘာလို့လိုက်လာလဲ ပြန်တော့လို့ ပြောခဲ့တယ်ဆို။

အဲဒီက ပြန်လာတော့ မေမေက ဓါတ်ပုံတွေ တပုံမှ မယူခဲ့ဘူးလေ။ ဒါ့ကြောင့် သမီးက မေမေပြန်ပြောပြတာပဲ မှတ်မိတယ်။ ဒါပေမယ့် ဖေဖေ့ကိုတော့ သမီးက စိမ်းမနေတာ ခုမှမဟုတ်ပဲနော်။ အဲဒီတုန်းကလဲ မစိမ်းဘူးတဲ့။ အဲဒါမေမေ့ကြောင့်ပေါ့ ဖေဖေရဲ့။ မေမေက ဖေဖေ့ဓါတ်ပုံတွေ ပြပြီး ဒါသမီးဖေဖေပေါ့လို့ ပြောပြတတ်တာ သမီးရဲ့ အိပ်ယာ ၀င်ချိန်တိုင်းပဲဖြစ်လေသည်။ တကယ်က မေမေက သမီးရဲ့ စံပြပဲ ပေါ့ ။

မေမေပြောတော့ ဖေဖေက စိတ်ခံစားမှုနောက်ကို သိပ်ပြီး လိုက်တတ်သတဲ့။ သမီးကိုတော့ ကျန်တာတွေ ဖေဖေနဲ့ တူတဲ့ သမီးအဖြစ် မေမေသဘောကျပေမယ့် ဖေဖေ့လို ခံစားမှုကို ဦးစားမပေးဖို့ အမြဲပဲ ပြောခဲ့သည်။ သမီးနဲ့ မေမေ့ကို ထားပြီး ဖေဖေထွက်သွားမယ်ဆိုတုန်းက မေမေက ဖေဖေ့ကို ဘယ်တော့မှ လက်နက်ချပြီး ပြန်မလာနဲ့လို့ မှာလိုက်တယ်ဆို။
..........................
သမီးမှတ်မိတာ တခုရှိသေးသည်။ ဖေဖေတို့သတင်းတွေကို စုံစမ်းတိုင်းမေမေက တော်လှန်ရေးနယ်ထဲမှာ ရှိနေသေးလားကိုပဲ စုံစမ်းတာ။ ဖေဖေ နိုင်ငံခြားကို ထွက်သွားပြီလို့ သိလိုက်ရတဲ့အချိန်တုန်းက ဖေဖေ့ ဓါတ်ပုံအောက်မှာ မေမေက စာတန်းတခု ရေးပြီး ကပ်လိုက်တာ။ စိန်ခေါ်ပွဲကို ကျောခိုင်းသူ တဲ့။ မေမေ့ကို အဲဒီစာသားအဓိပ္ပါယ် သမီးငယ်ငယ်တုန်းက မမေးဖူးဘူး။ သမီး နည်းနည်းကြီးလာပြီး ၈ တန်းလောက်ရောက်တော့ မေးကြည့်တယ် သိလားဖေဖေ။ မေမေဘာပြောမလဲ ဖေဖေသိလား။

သမီးအဖေ ယုံကြည်လို့ တိုက်တဲ့တိုက်ပွဲကနေ ၃ နှစ်လောက်နဲ့ ထွက်သွားတယ်ဆိုတော့ ဘယ်လိုမှ အထင်ကြီးလို့ မရတော့ဘူး သမီးရေ .. တော်သေးတာတခုက လက်နက်ချပြီး ပြန်မ၀င်လာတာ တခုပဲ။ မေမေက အဲဒီအကြောင်းကို နောက်ထပ် တခါမှ ထပ်မပြောတော့ဘူး ဖေဖေရဲ့။ ဒါပေမယ့် အဲဒီအချိန်ကစလို့ မေမေဟာ နိုင်ငံရေးမှာ နောက်ကွယ်က ထောက်ပံ့မှု တွေကနေ ရှေ့တန်းကိုထွက်လို့ အရင်ကထက် ပိုလုပ်လာတယ်။
.....................
“အကြာကြီးထားခဲ့လို့ သမီးက ဖေဖေ့ကို စိတ်ဆိုးနေလား” မေးလိုက်သောအခါ “ဟင်.. လူများတွေ အတွက် အရေးကြီးတာတွေကို လုပ်နေတာပဲ ဘာလို့စိတ်ဆိုးရမှာလဲ “ သမီးက ဒီလိုဖြေလိုက်တော့ ဖေဖေက သမီးမျက်နှာကို စေ့စေ့ကြည့်နေခဲ့တယ်။ အဲဒီတုန်းက သမီးရင်ထဲက စကားတွေ ပြောမိရင် သမီးတို့ သားအဖ ခုလိုနွေးထွေးမှု ရချင်မှ ရတော့မှာ နော်ဖေဖေ။ ခုကျတော့ ဖေဖေက သမီးကို ပိုနားလည်လာသလို သမီးကလည်း ဖေဖေ့ကို ပိုနားလည်လာပါသည်။ (အဲဒီတုန်းက ဖေဖေ့ကို သမီးက သတ္တိနည်းသူ ဆင်းရဲဒဏ်မခံနိုင်သူ အတ္တကြီးသူ၊ တိုင်းပြည်ထက် ကိုယ့်ကိုယ်ကို ပိုချစ်သူ လို့ မြင်ထားတာ။) တကယ့် လက်တွေ့မှာကျတော့ ဖေဖေက အဲဒီအတွက် နောင်တတွေနဲ့ လေးလံဖိစီးနေသူပဲ ဖြစ်နေပြန်သည်။

ဖေဖေပြောပြခဲ့တဲ့ သွေးထွက်သံယို ချီတက်ပွဲများ၊ နံရံလေးဘက်မှ အိမ်မက်ဆိုးများ၊ ငှက်ဖျားတက် ခရီးကြမ်းများ၊ ဗုံသံလွှမ်းသော ပွဲတော်ညများ နှင့် တက်ခဲ့ရသော ကျောင်းတော်မှ စာအုပ်ထူထူများ အကြောင်းတွေဟာ သမီးအတွက် အသစ်အဆန်းတွေ ချည်းပါပဲ။ တချိန်တည်းမှာပဲ သမီးဖေဖေက ယုံကြည်ချက်အတွက် စွန့်စားနိုင်မှု ၊ စွန့်လွှတ်နိုင်မှု တွေကို ဒါ့ထက် ခံနိုင်ရည် ရှိသင့်တယ် လို့သမီးတွေးမိတယ်ဆိုရင် မေမေ့ စဉ်းစားချက်တွေ အောက်က ကြီးပြင်းလာတဲ့ သမီးမို့လို့ ဒီလိုတွေးတာလို့ ဖေဖေက ထင်ဦးမည်။

မေမေနဲ့ဖေဖေရဲ့ အဓိက ကွဲလွဲချက်က အဲဒီအချက်ပဲ။ မေမေကတော့ ဖေဖေဟာ နောက်ဆုတ် ထွက်ခွာပြီး ကိုယ့်အတ္တကို တည်ဆောက်သွားသူလို့ ကောက်ချက်ဆွဲခဲ့တယ်။ နောက် အဲဒီအတွက် လိပ်ပြာလုံရအောင်လို့ သမီးဖြစ်သူကို ခေါ်ပြီး ကျောင်းထားပေးမယ် ပြင်ဆင်တယ်လို့ နားလည်သည်။

သမီးတို့ဆီမှာ မီးတွေပြတ်နေလို့ မှောင်ထဲမှာ သမီးစာကျက်နေတဲအခါ ခြင်ဆေးခွေ ထွန်းထားရက်နဲ့ ယပ်တောင်တချောင်းကိုင်ပြီး စောင့်တတ်တဲ့ မေမေ့ဆီမှာကျတော့ ပြည်သူတွေအတွက် သူနိုင်တဲ့ဖက်က လုပ်ဦးမယ်လို့ တွေးတတ်သည်။ ဖေဖေ့သတင်း စုံစမ်းရင်းက ရလာတဲ့ အဆက်အသွယ်တွေနဲ့ မေမေ့လှုပ်ရှားမှုတွေဟာ ထောင်နှုတ်ခမ်းဝမှာ လို့ သမီးသိပါတယ် ဖေဖေ။ မေမေရှာဖွေတဲ့ ငွေကြေးအချို့တ၀က်ဟာ တိုင်းပြည်အတွင်းမှာ လူမသိ သူမသိ ရင်းနှီးမြှုပ်နှံနေသူတွေ အတွက် ဖြစ်တယ် ။ မေမေဟာ နိုင်ငံရေး လောကမှာ နာမည်ကြီး မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် မေမေ့အလုပ်တွေကို မြင်နေရတဲ့ သမီးကတော့ သိပ်ကိုလေးစား တန်ဖိုးထားရပါတယ်ဖေဖေ။

ဖေဖေကျတော့ ဥရောပ နိုင်ငံရဲ့ တကယ့် တက္ကသိုလ်ကြီးက ဘွဲ့တခုရ၊ လစာ အသင့်အတင့် ကောင်းတဲ့ အလုပ်တခုလုပ်၊ ကားကောင်းကောင်းစီး ခု သမီးလာတော့မယ်ဆိုတော့ လုံးချင်းအိမ်ယာ တလုံးဝယ်လို့ ဘ၀ကို သက်တောင့် သက်သာ ဖြတ်သန်းချိန် ဖြစ်နေပေမယ့် ဖေဖေ့မသိစိတ်ထဲမှာ ဒါဟာ တရားရဲ့လား၊ ကိုယ်ချစ်တဲ့ နိုင်ငံအတွက် တာဝန်ကျေရဲ့လားလို့ အမြဲပဲ မလုံမလဲ ခံစားနေရတယ် မဟုတ်လား။ ဒါတွေကို ဖေဖေတို့ ဒီနိုင်ငံရောက် သူငယ်ချင်းတွေ စကားဝိုင်းကနေ သမီးက ကြားမြင်ပြီး ခံစားသိလိုက်ရတာပါ။ ဖေဖေတို့ကတော့ သမီး ဒီလိုပြောရင် ၀န်ခံမှာ မဟုတ်ပါဘူး။ နယ်စပ်က ရဲဘော်ရဲဘက်တွေကို ဖုန်းဆက်ဖို့ ခဏခဏ ကြိုးစားရင်း မဆက်ဖြစ်ခဲ့တာတွေ ၊ ရတဲ့ လစာလေးထဲက နယ်စပ်ပြန်ပို့မယ်လို့ ဖယ်ထားဖို့ ကြိုးစားရင် ကုန်သွားခဲ့တာတွေ၊ သမီးရောက်ခါစ တခေါက် နယ်စပ်ပြန်ဆင်းဦးမယ်လို့ ဖေဖေတို့ သူငယ်ချင်းတွေ တိုင်ပင်ကြပြီး တကယ့်လက်တွေ့မှာ မပြန်နိုင်သေးတာတွေ… ဖေဖေရေ ရုပ်ဝတ္ထု လိုအပ်ချက်တွေ ပြည့်နေပေမယ့် ဖေဖေတို့ စိတ်အတွင်းက မလုံမလဲ စိတ်ကလေးတွေ ရှိနေသရွေ့တော့ ဖေဖေ့ဆီမှာ ခံစားတတ်တဲ့ စိတ်နှလုံးသားကောင်းတွေ ရှိနေသေးတယ်လို့ သမီးထင်ပါသည်။

ဘာ့ကြောင့် ဒီနိုင်ငံကို ရောက်လာရတယ်ဆိုတာ မေ့ချင်ယောင်ဆောင်ထားတဲ့ လူတွေကို တွေ့တိုင်း ငါ့အဖေက တော်သေးတာပေါ့လို့ သမီးတွေးမိပါသေးတယ်။
ဒါပေမယ့် ဖေဖေရယ်။ ဖေဖေ့သူငယ်ချင်းတချို့ နယ်စပ်မှာ ခုထိ ကျန်နေရစ်သေးတယ်၊ အရင်လိုပဲ နေထိုင်မှု ၀န်းကျင်ထဲမှာ ရုန်းကန်နေကြတုန်းပဲ ဆိုတာ ဖေဖေတို့ ပြောနေကျ မဟုတ်လား။ ဖေဖေကိုယ်တိုင် ပြောခဲ့တဲ့ စကားတခွန်းရှိသေးတယ်။ ဒီကောင်တွေ ဇွဲရှိလိုက်တာ ဆိုတာလေ။ ဒါဆို ဖေဖေတို့ ကိုယ်တိုင်ကရော…
ဖေဖေရေ.. မေမေကလေ အလုပ်တခု လုပ်မယ်ဆိုရင် အဆုံးထိ လုပ်နိုင်မလား ဆုံးဖြတ်ပါတဲ့။ ကိုယ်တိုင် လုပ်ကြည့်ပြီးမှ နောက်ပြန်ဆုတ်လိုက်တာက ယောက်ျားကောင်း မဟုတ်ဘူးတဲ့။ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် စိတ်ဓါတ်ကို ကျင့်သုံးပါ တဲ့။
……………….
တကယ်တော့ သမီးက အိမ်ပြန်ချင်တာ ဖေဖေရဲ့.. သမီးတို့အိမ်မှာ သီတင်းကျွတ်ချိန် ဖယောင်းတိုင်ထွန်းတာ သိပ်ပျော်ဖို့ကောင်းတယ် သိလား။ သင်္ကြန်ဆိုရင်လေ မေမေနဲ့ အတူတူ သမီးက ဥပုသ်စောင့်သေးတယ်။ မေမေက သူငယ်ချင်းတွေနဲ့ တရက်ရေပက်ခံ ထွက်ခွင့်ပေးပေမယ့် နှစ်တိုင်း မလည်ဖြစ်ပါဘူး။ မေမေတယောက်တည်း ပျင်းနေမှာ စိုးတာနဲ့ မေမေ့နောက်ကို အဖော်လိုက်လုပ်ပေးတာ။ ဖေဖေရော ဒီမှာ ဥပုသ် စောင့်ဖြစ်သေးလား။ မေမေကတော့လေ သမီးကိုလွမ်းနေမှာ.. သမီးသိတယ်။ သမီးလဲ ပညာတွေ သင်ပြီးရင် အိမ်ကို ပြန်မှာပဲ ။
…………………
ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ဖေဖေတို့ အုပ်စုတွေ နေမထိ ထိုင်မသာ ဖြစ်နေကြပြန်ပေါ့။ အဝေးရောက်တော်လှန်ရေးသမားတွေလို့ ခံယူပြီး သံရုံးရှေ့က ဆန္ဒပြပွဲတွေ ဘုန်းကြီးကျောင်းက ဆုတောင်းပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပလို့။ ဒီအာဏာရှင်ကို တိုက်မှ ရတော့မယ်လို့ တကျော့ပြန် ကြွေးကြော်နေကြပြန်လေသည်။

အလှုငွေတွေ ကောက်ပြီး အထဲက သပိတ်အဖွဲ့ပဲ ပို့ရတော့မလိုလို နယ်စပ်က တော်လှန်ရေး အဖွဲ့တွေပဲ ပို့ရတော့မလိုလို ဖေဖေတို့ အုပ်စုတွေ အလုပ်များနေကြတာ နေ့စဉ်ရက်ဆက်။
သမီးသူငယ်ချင်း အဖြူမလေးတွေက အဖြစ်အပျက်တွေကို သိချင်သမျှ ဖြေကြားပေးရင်း။ သမီးတို့အဖွဲ့ကတော့ မေမေနဲ့ အဆက်အသွယ်ပြန်လုပ်ရင်း သမီးတို့ အကောင်အထည် ဖော်ချင်သမျှကို မေမေက သေချာလုပ်ပေးနေတာပဲ ဖေဖေရေ… ။ ဖေဖေ့ကို အခုကျမှ ဖွင့်ပြောပြတာကိုလဲ စိတ်မဆိုးဘူး ထင်ပါတယ်နော်..။ မေမေ့ရဲ့ တိကျ ပြတ်သားမှုတွေ ၊ ခိုင်မာမှုတွေကို သမီးက စိတ်ချခဲ့သလို သမီးသူငယ်ချင်းတွေကလည်း မေမေ့ရဲ့ အတွေ့အကြုံတွေကို နှစ်ခြိုက်လေးစားခဲ့တယ်ဆိုတာ ဖေဖေ့ကို အသိမပေးဖြစ်ခဲ့ဘူး။ စက်တင်ဘာကာလမှာ မေမေဟာ သမီးနဲ့အနီးကပ်နေနေတဲ့ ဖေဖေ့ထက် သမီးကို ဘာလုပ်ရမယ်ဆိုတာကို လမ်းပြနိုင်ခဲ့ပါလေသည်။
……………………
သမီးသူငယ်ချင်းတွေက မြန်မာ့အရေးစိတ်ဝင်စားသူတွေဖြစ်လာ။ သမီးက ကျောင်းမှာလဲ မြန်မာ့အရေး ဟောပြောသူ ဖြစ်လာနဲ့ မေမေ့သမီး ဖေဖေ့သမီး ဖြစ်လာခဲ့သမျှ ဒီတခါမှာတော့ တာဝန်ကျနေပြီ တာဝန်ထမ်းဆောင်ရတော့မယ် ဆိုတာမျိုးကို သမီးတော့ ခံစားရရှိလာတယ်။ ဒီလောက်နဲ့ တာဝန်မကျေသေးဘူးတဲ့ မေမေက ပြောတယ် ဖေဖေရဲ့။ စနစ်တခု ပြောင်းဖို့ဆိုတာ ခုရေတွင်းတူး ခုရေကြည်သောက်ဆိုသလို မရဘူးတဲ့။ သမီး စိတ်ရှည်ရမယ်နော်။ ငါလုပ်တာ ဘာမှလဲ မဖြစ်ဘူးလို့လဲ စိတ်ဓါတ်မကျရဘူး။ သမီးတို့ အရွယ်တွေဟာ ကောက်ရိုးမီးလို စိတ်ဓါတ်မျိုး ဖြစ်တတ်ကြတယ်၊ နာမည်ကြီးချင်တယ်၊ စိတ်ခံစားမှုနောက်ကို လိုက်ချင်တယ်၊ ရေရှည် လုပ်ရမယ့် အလုပ်မျိုးကို စိတ်မရှည် တတ်ကြဘူး။ ကိုယ်လုပ်နိုင်သလောက်ဟာ ဘယ်လောက်သေးပါစေ။ ရေရှည်လုပ်နိုင်မှ အသီးအပွင့်ကို မြင်ရလိမ့်မယ် သမီးရေ။ မေမေတို့ လုပ်လာခဲ့တာ ခုဆို နှစ်ပေါင်း ၂၀ ရှိခဲ့ပြီမဟုတ်လား။ ဒါတောင်မှ အောင်မြင်မှုဆိုတာ ရောင်ခြည်တောင် မသန်းသေးပါဘူး သမီးရယ်။ ဒါပေမယ့် မေမေတို့ ဒီအာဏာရှင်တိုက်ပွဲထဲက ဘယ်တော့မှ မထွက်ဘူး ။ အဓိက က စိတ်ဓါတ်ခိုင်မာရမယ်၊ ယုံကြည်ချက် ပြင်းထန်ရမယ်။ နို့မို့ဆိုရင်တော့ သွေးအေး သွားတာနဲ့ မေ့မေ့ပျောက်ပျောက်တွေ ဖြစ်လို့ အားလုံး ရေစုန်မျောသွားလိမ့်မယ်တဲ့။
ဒီလိုကြေကွဲစရာတွေ ခံပြင်းစရာတွေ သမီးတို့ ခံစားနေကြရတာ ၊သမီးတို့ကိုယ်တိုင် ဒီတိုက်ပွဲကို ၀င်နွဲတော့မယ် ဆိုတဲ့အခါမှာတော့ မေမေတို့ တာဝန်မကျေသလိုခံစားရတယ် သမီးရယ်.. တဲ့

မေမေက အဲလိုပြောတယ်ဖေဖေ။ ဖေဖေကရောဟင်…။ သမီးကို နိုင်ငံရေး မလုပ်ပါနဲ့လို့ တားမြစ်ဦးမှာလား။ ဒါမှ မဟုတ်ဖေဖေ့သွေးတွေ သတ္တိပြနေတာလို့ ဂုဏ်ယူပေးမှာလားဟင်..။

တကယ်တော့ ဒါဟာ ဂုဏ်ယူသင့်တဲ့အရာပဲ မဟုတ်လား ဖေဖေ၊ မေမေကတော့ သမီးကို ဂုဏ်ယူနေမယ်လို့ ပြောခဲ့တယ်။ သမီးတို့မျိုးဆက်အထိ ဒီတိုက်ပွဲကို သယ်ဆောင် လာခဲ့တာကတော့ အပြစ်ပြောလို့မရပါဘူး ဖေဖေရယ်။ သမီးတို့ လုပ်နိုင်တာကို လုပ်ရမှာပဲ မဟုတ်လား။ အောင်မြင်မှုတွေကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကိုယ်လုပ်ရမယ့် တာဝန်ကိုတော့ ကျေပွန်အောင် ထမ်းဆောင်ရမှာက တကယ့်သမိုင်းပေးတာဝန်ပဲ မဟုတ်လား။
……………….
စက်တင်ဘာအပြီးမှာ မေမေနဲ့ ဖေဖေရဲ့ တယ်လီဖုန်းပြောသံတွေဟာ ပိုလို့ ဆူညံ ငြင်းခုန်လာသလိုပဲ။ သမီးတယောက်အနေနဲ့ ဘာမှ ၀င်မပြောနိုင်ပေမယ့် မေမေနဲ့စကားပြောပြီးတိုင်း ဖေဖေ ငိုင်သွားတာကို သတိထားမိလာတယ်။ မေမေက ဖေဖေ့ကို သွေးအေးသွားတတ်တဲ့ စရိုက်မျိုး မကြိုက်ဖူးလို့ အတိအလင်း ဝေဖန်လိုက်ပုံရတယ်။ ဖေဖေတို့ သူငယ်ချင်းတွေရဲ့ အစည်းအဝေးတွေ ပိုစိတ်လာတယ်။ ဖေဖေ ဟိုလူနဲ့တွေ့ ဒီလူနဲ့ တွေ့တွေ လုပ်လာသည်။ ပြီးတော့ သက်ပြင်းတွေ ချ ချနေတတ်သည်။

ဖေဖေက သူလျှောက်ခဲ့တဲ့ အတွေ့အကြုံအရ တော်လှန်ရေး ခရီးခက်ခဲကြမ်းတမ်း ပုံတွေကို သိနေပါလိမ့်မယ်။ တချိန်တည်းမှာပဲ ခုလက်ရှိ ပိုင်ဆိုင်နေရတဲ့ အဆင်ပြေမှုတွေကိုလည်း စွန့်လွှတ်ခဲ့ရမှာ ချင့်ချိန်နေပါလိမ့်မယ်။ အသက် ၂၀ ကျော်စ လူငယ်လေးဘ၀တုန်းက ခံစားချက်တွေနဲ့ တော်လှန်ရေး လုပ်နိုင်ခဲ့ပေမယ့် အသက် ၄၀ ကျော်ပိုင်းက ကိုယ့်ကိုယ်ကိုယ် ပြည့်စုံနေတယ် ထင်နေတဲ့ လူလတ်တယောက်အနေနဲ့ကျတော့ တော်လှန်ရေး နှစ်ကြာရှည်မှုအပေါ် ယုံကြည်လိုက်ဖို့လဲ တွန့်ဆုတ်နေပါလိမ့်မယ်။ မေမေ့လို သတ်ကွင်းတွင်းက လူတယောက်နဲ့ခံစားချက်က တော့ မတူနိုင်တော့ဘူး မဟုတ်လား ဖေဖေရယ်။
……………………..
ဒီနေ့ သမီးမွေးနေ့ မှာ ညနေစာကို သမီးကိုယ်တိုင်ချက်တဲ့ သီးစုံပဲကုလားဟင်း နဲ့ ဘာလချောင်ကြော်ကို သားအဖနှစ်ယောက် မြိန်မြိန်ယှက်ယှက်စားဖို့ ပြင်ဆင်နေတုန်းမှာပဲ မုန်တိုင်းသတင်းက ၀င်လာတယ်။ လေတိုက်နှုန်းကို ကြားလိုက်ရတဲ့ သားအဖနှစ်ယောက်ရဲ့ ညစာစားပွဲဟာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဆိုတာ ဖေဖေရော မေမေရော ရဲ့ ဇာတိရပ်ရွာတွေပဲ။ ဒီလိုနဲ့ တနေ့ထက်တနေ့ ပိုတိုးတိုးလာတဲ့ သတင်းဆိုးတွေကို နာခံရင်း ဘာတွေလုပ်ပေးရမလဲ ဘာလုပ်ပေးသင့်သလဲ ဆိုတဲ့ အတွေးတွေနဲ့ အိပ်မရ စားမရ ဖြစ်ခဲ့ကြရတယ်။ မေမေနဲ့ ဖုန်းအဆက်အသွယ်မရမချင်း အိပ်မရဖြစ်နေတဲ့ သမီးကို ကော်ဖီခွက်တွေ တခွက်ပြီးတခွက် သောက်လိုက်၊ နိုင်ငံတကာ သတင်းတွေ ထိုင်ကြည့်လိုက်နဲ့ အဖော်လုပ်ပေးနေတဲ့ ဖေဖေ ကိုယ်တိုင်ကရော ရင်ထဲမှာ ဘယ်လို ဖြစ်နေမလဲ။ သိပ်ခံစားတတ်တဲ့ ဖေဖေရဲ့ မျက်လုံးတွေဟာ တီဗွီဖန်သားပြင်ပေါ်မှာ အရောင်ပြေးနေတယ်။ ဖေဖေ့စကားသံတွေက အဲဒီအချိန်မှာ ခြောက်ကပ် အက်ကွဲ နေသေးတော့သည်။
.......................
တပတ်ပြည့်မြောက်မှာ မေမေနဲ့ အဆက်အသွယ်ရခဲ့သည်။ ရန်ကုန်က သမီးတို့ရဲ့ တထပ်အိမ်လေးမှာ အိမ်ခေါင်မိုး တချို့ လန်ထွက်သွားတာကလွဲလို့ ဘာမှမဖြစ်ခဲ့ဘူးလို့ သိရသလို သမီးတို့အိမ်က ရေစုပ်စက်ကို မီးစက်နဲ့ဖွင့်ပြီး ရေလှုပေးနေတယ်တဲ့။ သမီးကို သာဓုခေါ်ဖို့ မေမေက လှမ်းပြောပြနေသေးသည်။ မေမေ့ရဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေကို သမီးကို ပြောပြနေတဲ့ မေမေ့အသံက တည်ငြိမ်လွန်းလှစွာ။ အဲဒါ သမီးရဲ့ မေမေပဲပေါ့။ မေမေ့ရဲ့ ထူးခြားချက်ကတော့ အခက်အခဲနဲ့တွေ့လေ တည်ငြိမ်လေ ဆိုတာပါပဲ။ သမီးလဲ တတ်နိုင်သလောက် ၀ိုင်းကူမယ်ဆိုတော့ သမီးတို့ စက်တင်ဘာပြီးကတည်းက စုမိထားတဲ့ အဖွဲ့လေးရဲ့ လှုပ်ရှားမှုတွေ နဲ့ ကူညီပေါ့ လို့ မေမေက ခွင့်ပြုလိုက်ပါတယ်။ တချို့ သမီးသူငယ်ချင်းတွေလဲ မေမေနဲ့ ဆက်သွယ်ပြီး ကယ်ဆယ်ရေးထဲ ကိုယ်ထိလက်ရောက် ပါလို့ သမီးဒီက သူငယ်ချင်းတချို့ကလည်း ငွေကြေးကောက်ခံသူတွေ ဖြစ်လို့။ သမီးရဲ့ ဘဏ်စာရင်းမှာလည်း ငွေကြေးပမာဏတွေ သောင်းဂဏန်းထိ တိုးတက်လာလို့။ မေမေကတော့ သူလုပ်နိုင်တဲ့ အတိုင်းအတာထဲက အတက်ကြွဆုံးလှုပ်ရှားလို့ပေါ့လေ။
……………
မုန်တိုင်းကယ်ဆယ်ရေး လုပ်နေတဲ့ လူအချို့ကို ဖမ်းဆီးတယ် သတင်းကြားတော့ ကိုယ့်အမေကို စိတ်ပူမိလို့ ဖုန်းဆက်မေးရသေးတယ်။ ဖေဖေကတော့ သမီး လုပ်နေတာတွေကို အစက သိပ်မကြိုက်ချင်သလို စစ်ဆေးတာတွေ လုပ်ခဲ့ပေမယ့် သမီးသေချာ ရှင်းပြလိုက်တော့လဲ ဂုဏ်ယူကျေနပ်နေလို့။

မေမေက ဒီလိုပြောခဲ့တယ် ဖေဖေရဲ့လို့ သမီးက စကားအစချီလိုက်တော့ မျက်ခုံးပင့်သွားတဲ့ ဖေဖေ့ကို မေမေပြောတာတွေ အကုန်ပြန်ပြောလို့ ကောင်းပါ့မလားလို့ တွေဝေသွားမိသေးတယ်။ ဒါပေမယ့် ဒီအမေရဲ့ ယုံကြည်ချက် ခံယူချက်တွေကို လေးစားကျေနပ်မိနေတဲ့ သမီးတယောက်အနေနဲ့ ကိုယ့်အမေကို သိပ်ပြီးချစ်ခင် စေတနာထားတဲ့ ဖေဖေ့ကိုတော့ တလုံးမကျန်ပြန်ပြောပြဖို့ စိတ်ကူးလိုက်ပါတယ်။
...........................
သမီးရေ.. ခုကယ်ဆယ်ရေး လုပ်ငန်းတွေ စလုပ်ခါစက လူတွေအများစုကြီးက နိုင်ငံရေးတွေဘေးချိတ်၊ ခုက လူမှုရေး ပဲ ဒုက္ခရောက်သူကို ကယ်ဆယ်ရမယ် ဆိုပြီး တက်တက် ကြွကြွပါဝင်လှုပ်ရှားခဲ့ကြတယ်။ ဒါပေမယ့် ရက်တွေ ကြာလာတဲ့အခါ အာဏာရှင်စနစ်ရဲ့ ထုံးစံအတိုင်း ပြည်သူ့အကျိုးသယ်ပိုးသူ မှန်သမျှကို ရန်သူလို ဆက်ဆံလာတယ်။ ကြံ့ဖွတ်တွေ စွမ်းအားရှင်တွေတင်မကပဲ ပြည်သူ့ရဲလို့ ခေါ်တဲ့ ရဲတွေကပါ အဖမ်းခံချင်နေလား၊ ဒီပိုက်ဆံတွေ ဘယ်ကရလည်း ဒါမျိုးတွေ စစ်ဆေးလာတော့သည်။ တချို့လူတွေကို စဖမ်းနေတဲ့အချိန်မှာတော့ လူမှုရေးလုပ်ငန်းကို တကယ်ကိုယ်ကျိုးစွန့် လုပ်ချင်သူတွေပဲ ကျန်နေတော့တယ်။
မေမေပြောချင်တဲ့ ရည်ရွယ်ရင်းက ဒါကိုမဟုတ်ပါဘူး။ အာဏာရှင်လက်အောက်မှာ ပြည်သူ့အကျိုးပြုလုပ်ငန်းမှန်သမျှ လုပ်ခွင့်မရပါဘူး သမီးရယ်။ ဒါကို အဓိက ပြောချင်တာပါ။ ဒါ့ကြောင့် မေမေတို့က အာဏာရှင်စနစ်ကို အရင် တိုက်ဖျက်ပစ်ရမယ် ဆိုတာ ပိုသေချာတာပေါ့၊ လူမှုရေး လုပ်ငန်းလုပ်ချင်သူတွေ အနှောင့်အယှက်ကင်းကင်း လုပ်နိုင်ဖို့၊ သဘာဝ ၀န်းကျင် ထိန်းသိမ်းချင်သူတွေ စနစ်တကျ အန္တရာယ်ကင်းကင်း လုပ်နိုင်ဖို့ ၊ ကျန်းမာရေး ပညာရေး ဘာလုပ်ငန်းမဆို ပြည်သူတွေ အကျိုးအတွက် အန္တရာယ် ကင်းကင်းလုပ်နိုင်ဖို့ ဆိုတာကတော့ စစ်အာဏာရှင်စနစ် ဒီတိုင်းပြည်ကနေ ဖြုတ်ပစ်လိုက်နိုင်မှ ရပါလိမ့်မယ် သမီးရေ။ ဒါ့ကြောင့် နိုင်ငံရေး လုပ်စရာမလိုဘူးဆိုတဲ့ လူတွေကို ပြောပြချင်တာ မေမေ့ရင်ထဲမှာ အပြည့်ရှိနေတယ် ၊ ပြည်သူအားလုံး အေးချမ်းသာယာစေချင်လို့ လုပ်နေတာ အကုန်လုံးဟာ ပြည်သူတွေအရေး ၊ အဲဒီပြည်သူတွေ နေထိုင်တဲ့ နိုင်ငံရဲ့ အရေးအကြီးဆုံး အရေးပါပဲ။ ဒါဟာ နိုင်ငံရေးပါ၊ နိုင်ငံရေး လုပ်နေသူ အားလုံးဟာလဲ တို့နိုင်ငံကြီးက ဆင်းရဲချမ်းသာ ရန်သူမိတ်ဆွေမရွေး မည်သူမဆို တကယ့်ကို လွတ်လပ်ငြိမ်းချမ်းခြင်းတွေနဲ့ ဘ၀ကို ရှင်သန်စေချင်သူတွေပါ။
ခေါင်းကိုက်နေသူကို ၊ ချောင်းဆိုးနေသူကို ခေါင်းကိုက်ဆေး ချောင်းဆိုးပျောက်ဆး ပေးလိုက်ရုံနဲ့ ရောဂါ မပျောက်နိုင်သေးပါဘူး။ ဒီလို ခေါင်းကိုက် ချောင်းဆိုးနေတာ ဘာအခြေခံရောဂါလဲ ဆိုတာ စုံစမ်းပြီး အဲဒီပင်မရောဂါကို ပျောက်အောင် ကုသမှ ဒီခေါင်းကိုက် ချောင်းဆိုးတွေက ပျောက်မှာ နော်။ သမီးလဲ တကယ့် ပင်မရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်သူဖြစ်ပါစေ။
...............
မေမေ ပြောတဲ့ စကားတွေကို နားထောင်နေတဲ့ ဖေဖေ့မျက်နှာမှာ ကျေနပ် ဂုဏ်ယူခြင်းတွေ ရှိနေတယ်။ ဖေဖေ ပြောခဲ့သလို ဖေဖေနားလည်အောင် ဖတ်ရမယ့် စာတအုပ်အဖြစ် သမီးတယောက်ဖြစ်လာအောင် အသွေးအရောင်စုံချယ်ပေးနေတဲ့ ဖေဖေ့ရဲ့ ချစ်ဇနီးကို ဖေဖေက အားပေးမှုတွေ လက်တွဲဆောင်ရွက်မှုတွေနဲ့ ဖြည့်ဆည်းပေးသင့်သည်လို့ သမီးက ထင်မိပြန်သည်။

အဲသည်ညက သမီးက ဖေဖေ့ကို စကားတွေ အကြာကြီး ပြောခဲ့သည်။ သမီးတို့၏ သူငယ်ချင်း လူငယ်ကလေးများ၊ သတင်းများ၊ ဘလော့ဂ်များ၊ ၀က်ဘ်ဆိုဒ်များ၊ ကူညီမှုများ၊ လှုပ်ရှားမှုများ။ မည်သို့ပင်ဖြစ်စေ သမီး၏ စကားများ အဆုံးတွင် “ဒါမှဖေ့ဖေ့သမီးကွ..” ဟု ဖေဖေက သမီးခေါင်းကလေးကို ပုတ်ရင်း ရယ်မောကာ ပြောလိုက်ပါသည်။

“သမီးက ဖေ့ဖေ့ရဲ့ သမီးပါပဲ။ ဒါပေမယ့် သမီးက သမီးပဲလေ..။”
.............
ဒါပဲလေ ဖေဖေ သမီးတို့ကတော့ အဆုံးမသတ်သေးတဲ့ တိုက်ပွဲတွေထဲကို ရဲရဲဝံ့ဝံ့ ခြေလှမ်းလို့ဝင်လာခဲ့ပါပြီ။ ဖေဖေပြောသလိုပါပဲ အဆုံးမသတ်တဲ့ တိုက်ပွဲတွေကို မျိုးဆက်တွေကပဲ အဆုံးသတ်ရမယ်ဆိုတာ။ နို့မို့ဆို အဆုံးမသတ်နိုင်သေးတဲ့ အဲဒီတိုက်ပွဲတွေကပဲ မျိုးဆက်သစ်တွေကို အဆုံးသတ်နေလို့ သမီးတို့ တိုင်းပြည်က အနာဂါတ်သားကောင်းတွေ ဘ၀က မျှော်လင့်ချက်မဲ့၊ အဓိပ္ပါယ်မဲ့ ….. အရာရာ အားလုံးမဲ့နေခဲ့တာပဲလေ…….
………………………


တကယ်တော့ သမီးသည် ကျွန်တော့်နောက်မှ တချိန်လုံး ထပ်ကြပ်မခွာ လိုက်ပါခဲ့သည်ပဲ။ သို့သော် ကျွန်တော့်လောင်းရိပ်တွင် မခိုခဲ့။ ကျွန်တော်ရှိခဲ့၍ သမီးရှိခဲ့သည်။ ကျွန်တော်တို့ရှိခဲ့၍ သမီးတို့ရှိခဲ့သည်။ ထိုတည်ရှိခဲ့မှု ကိုလည်း သမီးက သိသည်။ အသိအမှတ်လည်း ပြုသည်။ သို့သော် သမီးသည် သီးသန့် ဖြစ်တည်ခဲ့ပြီ။ ကျွန်တော်တို့က အတိတ်တို့ဖြင့် ဖိစီးလေးလံနေချိန်တွင် သမီးတို့က လျှင်မြန်စွာ လိုက်လျောညီထွေ ရွေ့လျားနေကြသည်။ ဒီတခါ ကျွန်တော်နားလည်အောင် ဖတ်ရမည့် စာအုပ်တအုပ်သည်…..။
…………………..
အဲသည်ညက သမီးက ဖေဖေ့ကို စကားတွေ အကြာကြီး ပြောခဲ့သည်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

( ပန်ဒိုရာ၏ မြေအုတ်များ ကျောက်အုတ်များနှင့် သွေးစက်နီနီ ၀တ္ထုအားပြန်လည် ခံစားရေးဖွဲ့ပါသည်)

Friday, June 20, 2008

မွေးနေ့မှာ

၄၃ နှစ် ပြည့်ခဲ့ပြီ
(ဇွန် လ ၂၁ ရက်နေ့)
မွေးနေ့မှာ အရင်ဆုံး သတိရမိတာကတော့ ကျမနဲ့ ဘယ်တုန်းကမှ စိတ်သဘောချင်း မတိုက်ဆိုင်ဘူးတဲ့ အမြဲပဲ ရန်ဖြစ် စကားများနေတတ်တဲ့ ကျမကိုလည်း ဘယ်တော့မှ အကောင်းမမြင်တတ်တဲ့ ကျမရဲ့ ချစ်မေမေနဲ့ ကျမ ဘာလုပ်လုပ်အားပေးတတ်တဲ့ ၊ စိတ်ရှည်ပြီး သေချာ ရှင်းပြတတ်တဲ့ ကျမရဲ့ ချစ်သော တယ်တယ် တို့ပဲ ဖြစ်ပါတယ်။

ဘာပဲ ဖြစ်ဖြစ် သူများအမေတွေလို မနွေးထွေးတတ်တဲ့ ၊ ငွေရှာဖို့ကလွဲပြီး ဘာကိုမှ စိတ်မ၀င်စားတဲ့ ။ ကျမ စာကျက်နေရင်တောင် အလုပ် မလုပ်ချင်လို့ စာကျက်တာလို့ ထင်တတ်တဲ့ အမေ၊ ကိုယ့် သားသမီးတွေကို နှိမ်ထားတတ်ပြီး ချစ်တာကို မပြရဘူးလို့ ရှေးရိုးဆန်ဆန် ကျင့်သုံးတတ်တဲ့အမေ၊ အပြင်လူတွေ ၊ မိတ်ဆွေတွေ ၊သူ့ဆွေမျိုးတွေက သိပ်တော်တဲ့ သိပ်ထက်တဲ့ သိပ်ကို သိတတ်တဲ့ ဖော်ရွေသော ကျမအမေလို့ ကင်ပွန်းတတ်တာတွေကို ကြားရတဲ့အခါ မှာ ၊ ကျမကို ရှေ့မှာ အမြဲ အပြစ်ရှာ တတ်တာတွေ ကွယ်ရာမှာ ချီးမွမ်းကြောင်း ပြန်သိရတဲ့အခါမှာ ၊ ကျမသူငယ်ချင်းတွေ နောက်ဆုံး ကျမအမျိုးသား ကိုယ်တိုင်ကတောင် နင့်အမေဒီလောက်တော်တာလို့ ပြောလာတဲ့အခါတွေမှာ ဘာ့ကြောင့် အမေနဲ့ ငါနဲ့ မတည့်ရတာလဲ လို့ ပြန်စဉ်းစားမိတာလဲ အခါခါ၊

အမေက ဘာပဲ ပြောပြော ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ အမြဲ တွန်းအားပေးတဲ့ အဖေ၊ ရိုးရိုးကျင့် မြင့်မြင့်ကြံတတ်တဲ့ စိတ်ဓါတ်ထားဖို့ သွန်သင်တတ်တဲ့အဖေ၊ ဘယ်သူ့ကိုမှ မစော်ကားနဲ့ ၊ ကိုယ့်ကိုစော်ကားလာရင်လဲ သည်းခံမနေနဲ့လို့ ငယ်ငယ်တုန်းက မြှောက်ပေးတတ်တဲ့ အဖေ၊ ဘာအသစ်အဆန်းပေါ်ပေါ် သားသမီးတွေကို သုံးစွဲစေချင် စားစေချင်စိတ်နဲ့ အမြဲပဲ သူများတွေထက် ဦးအောင် ၀ယ်ပေးတတ်တဲ့ အဖေ၊ အခုတော့ သမီးရွေးချယ်လိုက်တဲ့ သားမက်က ကျောင်းသားတပ်မတော်က ဆိုတဲ့ စွဲချက်နဲ့ ဘာဆိုဘာမှ မလုပ်ရပါပဲ ထောင်ထဲမှာ နှစ်ရှည်ထောင်ဒဏ်နဲ့ ရောက်နေရတဲ့ အဖေ၊ ( သူ့အဖေ ဘာဖြစ်ဖြစ် သားသမီးနဲ့ မဆိုင်ဘူးလို့ သဘောထားသူတွေ သတိပြုသင့်ပါတယ်)

ဒီနေ့တော့ အရမ်းကိုပဲ သတိရ အောက်မေ့မိပါတယ်။
ဘာပဲဖြစ်ဖြစ် ကျမတို့ မောင်နှမ သုံးယောက်လုံးကို ရန်ကုန်တက္ကသိုလ်က မဟာဘွဲ့တွေ ကိုယ်စီရအောင် သင်ကြားခွင့် ပေးခဲ့တဲ့( ကျမကတော့ မဟာဘွဲ့ မပြီးလိုက်ပါဘူး) ကျေးဇူးနဲ့တင် အားလုံးသော မိဘတွေလိုပဲ ကိုယ့်သားသမီးတွေကို ချစ်ခင်တယ်၊ ကောင်းစားစေချင်တယ်၊ အဆင့်မြင့်စေချင်တယ် ဆိုတာကို ခံစားရပါတယ်။ ချစ်ပုံချစ်နည်းပဲ ကွာကြတာ ဖြစ်မှာပါလို့ သံသယကင်းကင်းနဲ့ ယုံကြည်ပါတယ်။

ကျမ ကိုယ်တိုင် မိခင်ဖြစ်လာမှ မိဘမေတ္တာဆိုတာကို ပိုနားလည်လာပါတယ်၊ ဒါ့ကြောင့် ဒီနေ့ ကျမရဲ့ ၄၃ နှစ်မြောက် မွေးနေ့မှာ မိဘအပေါ် ကာယကံ ၊ ၀စီကံ၊ မနောကံတွေနဲ့ ပြစ်မှာ မိတာရှိရင် ကျေပါစေကြောင်း ၀န်ချ ရှိခိုးကန်တော့ လိုက်ပါတယ်။

ဝေးတမြေက
ချစ်သမီးကြီး

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း

(၁၂) ကြိမ်မြောက့် မြန်မာနိုင်ငံအမျိုးသမီးများနေ့

မြန်မာနိုင်ငံ အမျိုးသမီးများနေ့
(၆၃)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့
လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်း အမှာစကားပြောကြားစဉ်


ဒေါက်တာစင်သီယာရဲ့ အဖွင့် စကား
အခမ်းအနားမှုးကတော့ ဘလော်ဂါ လမင်းခင်

ဒါကတော့ အခမ်းအနားကို တက်ကြွစွာ စီစဉ်ခဲ့သူများ
(ကျမ ဘယ်မှာလဲ တွေ့မိလား။)

Wednesday, June 18, 2008

မြန်မာ နိုင်ငံအမျိုးသမီးများနေ့

မြန်မာနိုင်ငံအမျိုးသမီးများနေ့
(၆၃) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့

လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့တာ ဒီနှစ် ၂၀၀၈ ခု နှစ်မှာတော့ ၁၂ ကြိမ်မြောက် ကျရောက်လာခဲ့ပြန်ပါပြီ။

ဒီလို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပတာကို လက်သင့်မခံတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေ ရှိတဲ့အနက် လက်ရှိ နိုင်ငံကို အုပ်စိုးနေသူ မတရား အာဏာရယူထားတဲ့ နအဖ စစ်အစိုးက ထိပ်ဆုံး ရှေ့ဆုံးကဖြစ်နေပါတယ် ။

မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အတည်ဖြစ်သွားမှာ စိုးတာနဲ့ ဇူလိုင်လ ၃ ရက်နေ့ကို သူတို့ က လဲသတ်မှတ်ကျင်းပပါတော့တယ်။ ဒါဟာ တဦးတယောက်တည်းကို ချီးမြှောက်ရတာ မဟုတ်ပဲ တနိုင်ငံလုံးက အမျိုးသမီးတွေကိုလဲ အသိအမှတ်ပြုတာပါလို့ လူကြားကောင်းအောင် ပြောပြီး ဘယ်သူ့မွေးနေ့လို့ မပြောတတ်ပဲ သူတို့သတ်မှတ်ချင်တဲ့ ရက်ကို သတ်မှတ်လို့ ကျင်းပခဲ့ကြပါတယ်။


ကျမကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အကျယ်ချုပ်ပဲ ဖြစ်ဖြစ် ၊ ထောင်ချုပ်ပဲ ဖြစ်ဖြစ် အကျဉ်းကျခံနေသူ အားလုံး နအဖကို တော်လှန်နေဆဲပဲ လို့ လက်ခံသူဖြစ်ပါတယ်။ ဘာ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကိုမှ မြန်မာနိုင်ငံအမျိုးသမီးများနေ့ ကျင်းပတာလဲ လို့ မေးမြန်းသူတွေ နဲ့ လက်မခံနိုင်သေးဘူး လို့ ပြောကြားလာသူ အနည်းငယ်ကို တွေ့မြင်လာရတဲ့အခါ နအဖကို တိုက်နေသူချင်းတူပေမယ့် တွေးခေါ်ပုံတွေ ကွဲပြားခြားနားတယ်၊ လွတ်လတ်စွာသဘောထားကွဲလွဲခွင့် ရှိတဲ့ ဒီမိုကရေစီဆိုတာ ဒါကိုးလို့လက်တွေ့ကျကျ သိနားလည် လိုက်ရတယ်။

ကိုယ့်မွေးနေ့ မဟုတ်တဲ့ မွေးနေ့ပွဲကို ငွေကြေးအချိန်တွေ အကုန်အကျခံပြီး အထိမ်းအမှတ်ကျင်းပ ပေးနေရုံနဲ့ အဲဒီ မွေးနေ့ရှင်ကို တကယ်ဂုဏ်ပြုရာ ရောက်ရဲ့လား ဆိုတာကိုလည်း တဆက်တည်း တွေးမိသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ချီးကျူးကြသလို၊ မလျှော့သောဇွဲ ကိုဂုဏ်ပြုကြသလို ၊ကမ္ဘာကလည်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအပါအ၀င် ဆုပေါင်း (၈၀) ကျော် ချီးမြှင့်ပြီး အားပေးခဲ့ပါတယ်။ ထို့အတူပဲ သူမလို ဇွဲသတ္တိနဲ့ အနစ်နာခံမှုတွေနဲ့ တိုင်းပြည်အတွက် အလုပ်လုပ်မယ့် လူမျိုးတွေ မွေးဖွားလာစေဖို့၊ သူမကို အတူယူစေဖို့ ကျမတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို မွေးနေ့ပွဲအပြင် မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် သတ်မှတ် ကျင်းပခဲ့ကြတာပါ။ အဲဒီအတွက်လဲ နအဖ အနေနဲ့ လုံးဝ လက်မခံနိုင်တွေ ဖြစ်ပြီး သူတို့မှာ မရှိသေးတဲ့ အဲဒီမြန်မာနိုင်ငံအမျိုးသမီးနေ့ကို လိုက်လံကျင်းပနေတာက အထင်အရှားကြီးပါပဲ။

ဒီလိုနအဖ လိုက်လံ ဖျက်ဆီးဆန့်ကျင်နေတယ် ဆိုကတည်းက သူတို့ ထိခိုက်သွားတယ် သူတို့ ဒီပွဲမှာ ကျမတို့နောက်က လိုက်ခဲ့ရတယ် ဆိုတာ အမှန်အကန်ဖြစ်ခဲ့ပါတယ်။

အရှည်အကျယ် ရှင်းပြတာတွေ မလုပ်ချင်တော့ပါဘူး။ ဒါပေမယ့် ကျမတို့အပါအ၀င် အမျိုးသမီး အဖွဲ့အချို့၊ နိုင်ငံရေး အင်အားစု အချို့ကတော့ နှစ်စဉ်နှစ်တိုင်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့ အဖြစ် ဆက်လက် ကျင်းပနေဦးမယ် ဆိုတာလဲ မလွဲမသွေပါပဲ၊ မနက်ဖြန် ကျင်းပမယ့် အခမ်းအနား ဓါတ်ပုံများကို ဆက်လက်တင်ပေးပါမယ်။

(လွတ်လပ်စွာ သဘောထားကွဲပါတယ်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

ဂုဏ်ပြုခြင်း

တာဝန်ကျေသူကို ဂုဏ်ပြုမှတ်တမ်းတင်ခြင်း



နာဂစ် မုန်တိုင်းဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး အားလုံး နှောင့်နှေးကြန့်ကြာအောင် လုပ်နေတဲ့ နအဖကို တရားစွဲဆိုဖို့နဲ့ လိုအပ်နေတဲ့အကူအညီတွေ အမြန်ဆုံးပေးနိုင်စေရေးအတွက် နအဖ ခွင့်ပြုချက် မစောင့်ပဲ နိုင်ငံတကာ တပ်တွေ ၀င်ရောက်ဖို့ တောင်းဆိုချက်ကို ထောက်ခံဂုဏ်ပြုလိုက်ပါတယ်။

ပြည်တွင်းက အမတ်တွေ ဒီလိုထုတ်ပြန်ရင် အဖမ်းခံလိုက်ရမှာ အသေအချာ မို့ သူတို့အားလုံးရဲ့ ၀န်ကို ထမ်းပြလိုက်တဲ့ ပြည်ပရောက်လွှတ်တော် ကိုယ်စားလှယ်များဖြစ်တဲ့ ဦးခွန်မြင့်ထွန်း ၊ ဦးလှဦး၊နိုင်သောင်းရှိန်တို့ကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ခြင်း အနေနဲ့ ဒီပို့စ်ကို တင်တာဖြစ်ပါတယ်။

Rest of your post

Saturday, June 14, 2008

မွေးနေ့လက်ဆောင်



ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းကြီး မေငြိမ်း
ဘ၀တလျှောက် ပျော်ရွှင်သော မွေးနေ့များသာ ကျင်းပနိုင်ပါစေ...
ဒီရထားခေါင်းတွဲလေးနဲ့ အတူ ချစ်သား ချစ်သမီးတို့နှင့်တကွ သာယာချမ်းမြေ့သော မေတ္တာရိပ်တွင်သာ ဆက်လက် နားခိုခွင့်ရှိပါစေသော်ဝ်။

ကျမ သူငယ်ချင်း မို့ပြောတာမဟုတ်ဘူးနော်။ မေငြိမ်းဆိုတာ အင်မတန် သနားတတ်၊ အင်မတန်လက်လွယ်တတ်သူ၊ သူတပါးကို ကူညီဖို့ လုံးဝ မတွက်ကပ်တတ်သူ။ သူ့မှာ တကျပ်ရှိရင်တကျပ်လုံး ပေးဖို့ ၀န်မလေးတတ်သူ၊ သူ့အပေါ်မကောင်းတော့ဘူးဆိုရင်တောင် စိတ်မဆိုးတတ် မနာကျည်းတတ်ပဲ သူ့က ၀မ်းနည်းနေတတ်သူ ၊ သူက လွယ်လွယ်ကူကူနဲ့ သူတပါးကို ကူညီတတ်လွန်းလို့ လူတွေရဲ့ လူလည်ကျတာကို ခံနေရသူ၊ လည်မယောင်နဲ့ ရိုးအသူ ..... ဒီလို သူငယ်ချင်းကို အမြဲ မနာလို တိုက်ခိုက်တတ်သူတွေ သူ့ဝန်းကျင်မှာ ရှိနေတာကိုလဲ အံ့သြနေမိပါတယ်။
သူငယ်ချင်း....ဆိုတာ ဒီလိုလူမျိုးလို့ လက်မထောင် ခေါင်းမော့ပြီး ကြွေးကြော်နိုင်အောင် တာဝန်ကျေ သူ....
ကျမထက် တပတ်တိတိ ကြီးတဲ့သူ...
မွေးနေ့ နှစ်တရာ့နှစ်ဆယ်ရှည်စေသော်ဝ်..........

ချစ်ခင်ခြင်းများစွာဖြင့်
ကိုမင်းဇော်+မခင်မင်းဇော်
သားသား ပိုင်ပိုင်

Friday, June 6, 2008

ဆန်းစစ်ခြင်း

ဒီနေ့ ပြောခွင့်ရ လူငယ်များရဲ့အမြင်အပေါ် ဆန်းစစ်ခြင်း

ဗုဒ္ဓဟူးနေ့ည ဘီဘီစီမြန်မာပိုင်းက တင်ဆက်သွားတဲ့ လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီအစဉ်မှာ ဂျင်နရေးရှင်း ဝေဖ့် မျိုးဆက်သစ်လူငယ်များအစည်းအရုံးက ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမိုးသွေးနဲ့ ကြာသပတေးနေ့မနက် ဘီဘီစီကပဲ ထုတ်လွှင့်သွားတဲ့ ပြည်တွင်းက သံဃာ ကျောင်းသားတပ်ပေါင်းစုကြေငြာချက်အပေါ်မှာ ဗကသပြောခွင့်ရသူ ကျောင်းသား ကိုလင်းထက်နိုင်တို့ရဲ့ ပြောကြားချက်တွေနဲ့ပါတ်သက်ပြီး ရေးချင်ပြောချင် တင်ပြချင်ပါတယ်။

လက်ရှိမြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့ နအဖကို ဘယ်လိုတိုက်ပွဲနည်းလမ်းမျိုးနဲ့ ရင်ဆိုင်မယ်ဆိုတာကို လူငယ်မျိုးဆက်နှစ်ဦးပြောခဲ့တဲ့ သူတို့ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ သွားနေလုပ်နေတဲ့ လမ်ကြောင်း(နည်းလမ်း)အပေါ်မှာ အများပါဝင် ဆွေးနွေးသင့်တယ်ထင်လို့ တင်ပြလိုက်ပါတယ်။ ကိုယ့်တဦးချင်း အမြင်လေးတွေ ပါဝင်ဆွေးနွေးကြပါဦး။ ဖိတ်ခေါ်ပါတယ်။

တဖက်သတ်ဖွဲ့စည်းပုံ အတည်ပြုခြင်း အပါအ၀င် စစ်အစိုးရ ထင်သလိုလုပ်နေတာကို အများပြည်သူ စိတ်ရှည်သည်းခံကြမှာလား။ ဘယ်အတိုင်းအတာအထိ သည်းခံနိုင်မလဲ ဆိုတာနဲ့ ပါတ်သက်ပြီး ဘီဘီစီကလုပ်တဲ့ ဆွေးနွေးပွဲစကားဝိုင်းမှာ လူအများ ပါဝင် ဆွေးနွေးခဲ့ကြပါတယ် ။ အဲဒီအထဲက ပြည်တွင်းမှာလှုပ်ရှားနေတဲ့ GW အဖွဲ့က ကိုမိုးသွေးအမြင်ကို အရင်တင်ပြပါမယ်။ နအဖကို သူတို့အဖွဲ့ ဆန့်ကျင်မယ့် တိုက်ပွဲနည်းလမ်းကို ဒီလို ပြောသွားခဲ့ပါတယ်။


ကိုမိုးသွေး -- …..အကြမ်းမဖက်တဲ့နည်းလမ်းကို ကျနော်တို့ ယုံကြည်မှုရှိပါတယ်။ အကြမ်းမဖက်တဲ့နည်းလမ်းဆိုတာ ကျနော်တို့လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တာမျိုး မဟုတ်ဘဲနဲ့ အဲ.ကျနော်တို့ မဟတ္တမဂန္ဒီတို့ နောက်ပြီးတော့ ဆာဗီးယားက အော်ပေါ်လှုပ်ရှားမှုတို့ အဲလိုလှုပ်ရှားမှုမျိုးပေါ့နော်။ confrontation ကို ကျနော်တို့ အကြမ်းမဖက်ဘဲနဲ့ ဖေါ်ဆောင်ပြီးတော့မှ တိုက်ပွဲဝင်သွားတာမျိုးကို ဖြစ်နို်င်မယ်လို့ ကျနော်တို့က ယူဆပါတယ်။

…. အကြမ်းမဖက်တဲ့နည်းလမ်းနဲ့လုပ်တာ နှစ်ပေါင်းများစွာကြာပြီလို့ ပြောခဲ့သလိုပဲ အဲ. ကျနော်တို့ဒီ လက်နက်ကိုင်တော်လှန်ရေးနဲ့ တော်လှန်ခဲ့ကြတဲ့ အဲ အရှေ့ကခေါင်းဆောင်များ လည်း ရှိခဲ့ကြတယ်လေ။ အဲဒီတော့ ဒါဟာလည်း တကယ်တမ်းးအလုပ်ဖြစ်လား မဖြစ်လား ဆိုတာက လက်ရှိအချိန်မှာကျနော်တို့ အားလုံးသိနေကြပြီလို့လည်း ထင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအနေနဲ့ .နောက်တခုကလည်း ကမ္ဘာပေါ်မှာ လက်နက်နဲ့ အကြမ်းဖက်တဲ့စံနစ်ကို ဘယ်သူကမှ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ ငြိမ်းချမ်းတဲ့ အဖွဲ့အစည်းတွေ ဘယ်သူကမှ မထောက်ခံတော့ပါဘူး။ ကျနော်တို့က နိုင်ငံတကာရဲ့ အင်အားနဲ့ နောက်ပြည်သူတရပ်လုံးပါနိုင်မယ့်အင်အားကို လိုတဲ့အတွက်ကြောင့်မို့လို့ လက်နက်ကိုင်တော်လှန်ရေးနဲ့ဆိုရင် သွေးထွက်သံယိုဖြစ်မယ့်ကိစ္စတွေ ကျနော်တို့ လုပ်လို့ မရနိုင်ပါဘူးခင်ဗျ။ အကြမ်းမဖက်တဲ့နည်းလမ်းတွေနဲ့ပဲ ရင်ဆိုင်သွားမှ ရမယ်။ အကြမ်းမဖက်တဲ့ နည်းလမ်းဆိုတာ မေတ္တာထိုင်ပို့ရုံနဲ့တော့ မရပါဘူး။ လမ်းပေါ်မှာ တကယ်ထွက်ပြီးတော့မှ သူတို့ရဲ့ အကြမ်းဖက်မှုကို ကိုယ့်ဖက်က အကြမ်းမဖက်ဘဲ တုံ့ပြန်ပြရမယ်. အဲလိုမျိုးတော့ လိုပါတယ်။

------------
တခါ နအဖ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်တဲ့ကြေငြာချက်ထုတ်ထားတဲ့ အပေါ်မှာ ဘီဘီစီက ကိုသင်းမြတ်က ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပြောခွင့်ရသူ ကိုလင်းထက်နိုင်ကို အင်တာဗျူးမေးမြန်းခဲ့ပါတယ်။ အဲဒီမေးမြန်းဖြေကြားချက် တွေထဲက နအဖကို ဆန့်ကျင်မယ့် ဗကသရဲ့တိုက်ပွဲနည်းလမ်းနဲ့ ပါတ်သက်တဲ့ ပြောဆိုချက်တွေကို ထုတ်နှုတ်တင်ပြလိုက်ပါတယ်။

ကိုလင်းထက်နိုင်… နည်းလမ်းတွေ အများကြီးရှိတယ်။ အဓိကဦးတည်ရည်ရွယ်တာက ပြည်သူပါဝင်နိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့ရည်ရွယ်ထားတယ်။ အဲ. ဘာတွေကို အတိအကျလုပ်ဆောင်မယ်ဆိုတာကိုတော့ ကျနော်တို့ ဒီအချိန်မှာ တိတိကျကျ မပြောနိုင်သေးဘူး။ သေချာတာတခုကတော့ ကျနော်တို့ဟာ အကြမ်းမဖက်တဲ့လှုပ်ရှားမှုနဲ့ပဲ လုပ်သွားမှာပေါ့။

… ကျနော်တို့က ဒီအချိန်မှာ နအဖကို အပြုတ်တိုက်တာ အပြုတ်မတိုက်တာထက် ကျနော်တို့လိုချင်တဲ့ ရလာဒ်ကို သွေးထွက်သံယိုမှုမဖြစ်ဘဲ လိုချင်တာပဲ အဓိကကတော့။
အဲဒီအတွက်တွေ့ဆုံဆွေးနွေးရေးကို နအဖကို သွားပါလို့ ကျနော်တို့တိုက်တွန်းတယ်။ ဒါပေမဲ့ နအဖက ခေါင်းမာတယ်။ ငြင်းဆန်တယ်။ အဲဒီတော့ကျနော်တို့ လိုချင်တဲ့ရလာဒ် ရဖို့အတွက် ကတော့ ပြည်သူလူထုအနေနဲ့ ရင်းနှီးပေးဆပ်သင့်တာတွေလည်း ရင်းနှီးမှာပဲ။ ကျနော်တို့လည်း ပြည်သူ့ရှေ့ကနေပြီးတော့ သေရင်သေပစေ ကျနော်တို့တိုက်သင့်ရင် တိုက်ရမှာပဲ။

… နအဖဟာ သူတို့အတွက် အကျပ်အတည်းရောက်လာတဲ့အခါမှာ အသက်ရှူပေါက် ရှာဖို့အတွက် တွေ့ဆုံဆွေးနွေးရေးပဲ ရှိတယ်ဆိုတာ ကောင်းကောင်းသိတယ်။
… အခုချက်ခြင်း ၀ုန်းဒိုင်းကြီး နအဖကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ အခြေအနေနဲ့ အချိန်အခါတိုင်းမှာ လုပ်သင့်လုပ်ထိုက်တာကို ကျနော်တို့လုပ်သွားမယ်လို့ ကြေငြာချက်မှာလည်း ပါပြီးဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ပြည်သူလူထုတရပ်လုံး ၀မ်းနည်းပူဆွေး ဒုက္ခရောက်နေတယ်ဆိုတာကို ကျနော်တို့နားလည် လက်ခံပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုအနေနဲ့ တပူပေါ်နှစ်ပူဆင့်မဖြစ်ရလေအောင် ကျနော်တို့အနေနဲ့ လှုပ်ရှားမှုတွေနဲ့ ပါတ်သက်လာရင် အခြေအနေကို တွက်ချက်ပါသေးတယ်။
----------
ဒါတွေကတော့ ဒီကနေ့အသက်နှစ်ဆယ်ဝန်းကျင်လောက်ပဲ ရှိကြမယ့် ပြည်တွင်းထဲမှာ နေထိုင်ပြီး နအဖကိုဆန့်ကျင်နေတဲ့ မြန်မာလူငယ် မျိုးဆက်သစ်တွေနဲ့ သူတို့ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အမြင်တွေပါ။

သူတို့တွေ ဒီလိုပြောဆိုချိန်ဟာ မြန်မာပြည်မှာ ၂၀၀၇ သံဃာတော်တွေဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးလည်း ဖြစ်ခဲ့ပြီးပါပြီ။ ၂၀၀၈ နာဂစ်မုန်တိုင်းကြီးလည်း တိုက်ခတ်ပြီးခဲ့ပါပြီ။ နအဖက သူတို့ရေးဆွဲခဲ့တဲ့ သူတို့အတွက် အခြေခံဥပဒေဆိုတာကြီးကိုလည်း ၉၂.၄၈ ရာခိုင်နူန်းနဲ့ အတည်ပြုပြီးခဲ့ပါပြီ။

ခေတ်တခု စံနစ်တခုပြောင်းဖို့ဆိုတာ အဲဒီနိုင်ငံက ရင်းနှီးပေးဆပ်ရဲတဲ့ လူငယ်တွေရဲ့အမြင်တွေ အလုပ်တွေက အဓိကကျပါတယ်။ လူငယ်တွေ မလိုက်ပါနိုင်တဲ့ လူငယ်တွေနဲ့ အမြင်မတူညီတဲ့ နည်းလမ်းမျိုးတွေ ကျင့်သုံးမိရင် အောင်ပွဲနဲ့ဝေးကွာတတ်ပြီး လူငယ်တွေနဲ့ အမြင်တူ အလုပ်တူ ထပ်တူကျပြီဆိုရင် အောင်ပွဲဟာ မဝေးတော့ဘူးလို့ ယုံကြည်မိပါတယ်။

ကိုမိုးသွေးတို့ ကိုလင်းထက်နိုင်တို့ဟာ ၂၀၀၇ မြန်မာ့လူငယ်မျိုးဆက်သစ်တွေပါ။ ပြည်တွင်းထဲမှာ ရန်သူ့ဓါးအောက်မှာ နေနေပြီး တော်လှန်နေသူတွေပါ။ သူတို့ပြောခဲ့ကြတဲ့ သူတို့ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ နအဖဆန့်ကျင်ရေး တိုက်ပွဲနည်းလမ်းကျင့်သုံးမှုဟာ မြန်မာပြည် စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး အတွက် အဓိကကျမယ် ထင်ပါသလား။
ကဲ.. စာဖတ်သူတွေအနေနဲ့ ဘယ်လိုထင်မြင်ချက်တွေ ပေးချင်လဲ။ ကွန်မန့်ဝင်ပေးကြပါဦး။

ကျမရဲ့ ယူဆချက် အမြင်ကိုတော့ နောက်ပို့စ်မှာ တင်ပါ့မယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, June 1, 2008

မီဒီယာဆိုတာ....


ဒီနေရာမှာ ကြည့် လိုက်ကြပါဦး။ ကလေးတွေ အဖိုးအဖွားတွေ လူငယ်လူလတ်မကျန် အားလုံးရဲ့ အခက်အခဲတွေ ခံစားနေရမှုတွေ လိုအပ်နေချက်တွေကို နိုင်ငံခြားသားသတင်းထောက်တယောက်က စွန့်စွန့်စားစား သွားရောက်ရိုက်ကူး တင်ပြထားတာပါ။

မြန်မာနိုင်ငံအကြောင်း တင်ပြနေကြတဲ့ နိုင်ငံတကာ မီဒီယာတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။ နိုင်ငံတော်ပိုင် မီဒီယာတွေမှာ ဖော်ပြနိုင်ခြင်းမရှိတဲ့ တကယ့်ဖြစ်ရပ်မှန်တွေကို မြင်ရတယ်။ နောက် ဒုက္ခသည်အစစ်တွေကို အင်တာဗျုး တွေ နဲ့ ဖော်ပြကြတယ်။ ဒါဟာ မြန်မာနိုင်ငံကို မလေးစားလို့ မဟုတ်ဘူး။ အာဏာရှင်တွေကို အကြည်ညို ပျက်စေဖို့ မဟုတ်ဘူးဆိုတာ သတင်းသမားတွေရဲ့ ကျင့်ဝတ်ကိုနားလည်သူတိုင်း သိကြမှာပါ။ အချက်အလက်အမှန် ၊ ဖြစ်ရပ်မှန်နေရာတွေကို လူကိုယ်တိုင် ရောက်အောင်သွားပြီး တကယ်ကြုံတွေ့ရတဲ့ လူတွေကို မေးမြန်းပြီး တင်ပြပေးနိုင်မှုဟာ သတင်းတခု တန်ဖိုးပါပဲ။ ကျမတို့ တိုင်းပြည်ထဲမှာ ဒီလိုဖြစ်နေပါတယ် ဆိုတာ ကမ္ဘာ့ပြည်သူတွေ သိသင့်တာပဲ မဟုတ်လား။ ဒါကို ဘာ့ကြောင့် နိုင်ငံတော်ပိုင် မီဒီယာတွေက ဖုံးအုပ်ထားချင်ပါသလဲ။
ဘီဘီစီ၊ စီအန်အန် ၊ အယ်ဂျာဇီးယား စသည်ဖြင့်သော သတင်းမီဒီယာ ကြီးတွေကရော ဘာ့ကြောင့် သက်စွန့်ဆံဖျား ချုပ်ချယ်ကန့်သတ်မှုတွေ ကြားကနေ ကိုယ်ကျိုးစွန့်သွားရောက်ခဲ့ပါသလဲ။ ဒါဟာ သတင်းအဖိုးတန်ဖို့ တခုတည်းအတွက်တော့ ဟုတ်မယ် မထင်ပါဘူး။

မြန်မာနိုင်ငံက လက်ရှိအာဏာရှင်တွေကလည်း သူတို့ သောက်သုံးမကျမှုတွေကို လူတွေမသိစေချင်ဘူး။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးမှာ တံတားဘယ်နှစ်စင်း ၊ လမ်း ဘယ်နှစ်ခု၊ ကျောင်း ဘယ်နှစ်ဆောင် ဆောက်လုပ်ပေးပြီး ဘာတွေကို ဘယ်လို အဆင့်မြင့် ဖော်ဆောင်ပေးနေတဲ့ ပြည်သူချစ်တဲ့ အစိုးရဖြစ်ပါတယ်လို့ ကြွားလုံးထုတ်ထားတာတွေ တကယ်မဟုတ်ဘူး ဆိုတာ ပေါ်သွားမှာကို မလိုချင်ဘူး။
နောက် ....... ကိုယ့်ပြည်သူတွေကို ဘာကာကွယ်စောင့်ရှောက်မှုမှ မပေးရသေးတာ မပေးသေးတာကို လူမသိစေချင်ဘူး။
လူတွေသိပြီး လုပ်ခိုင်းရင်လဲ မလုပ်ချင်ဘူး။
နအဖဆီမှာ.............
................. မသိစေချင်ဘူး။
................ မလိုချင်ဘူး။
...............မလုပ်ချင်ဘူး။
အများကြီး ရှိနေသေးတယ်။
-----------------
ဒါပေမယ့် လိုချင်နေတာ လုပ်ချင်နေတာလဲ အများကြီး ရှိနေသေးတာပါပဲ။
ကယ်ဆယ်ရေး အခန်းက ပြီးသွားပြီ။ ပြန်လည်တည်ဆောက်ရေး လုပ်ဖို့ ဒေါ်လာ ၁၁ ဘီလျံ လိုနေသေးတယ်။
ဒီလောက်ပြောထား အသေးစိတ်တွက်ပြထားတာတောင် ဒေါ်လာ သန်း ရာကျော်လေးပဲ ရနေသေးတယ်။
အလကားပါပဲ ။ တကယ်လဲ ကူတာမဟုတ်ဘူး။ ဒီ ဒေါ်လာတွေ နအဖ လက်ထဲ ထည့်ပေးပါလား။ လုပ်ပြမှာပေါ့။ ခု ပိုက်ဆံမရှိသေးလို့ လုပ်ချင်ရက်နဲ့ လုပ်ပြလို့ မရတာ ....
စသည် စသည်ဖြင့်... သူတို့ရဲ့ နိုင်ငံပိုင် သတင်းစာကြီးတွေမှာ အဆင့်အတန်း မရှိ .....မရှိ နဲ့ ရေးသားထားလိုက်ကြတဲ့ ကလောင်ရှင်တွေ..
တခါဖူးမှ မကြားဖူးသော ကလောင်ရှင်တွေ...
နိုင်ငံပိုင်သတင်းစာကြီးမှာ နာမည်ကြီး စာရေးဆရာ ကြီးတွေ မရေးပဲ တသက်မှာ အဲဒီတပုဒ်သာ ရေးသားဖူးသော ကလောင်ရှင်တွေကလည်း နအဖ လက်ထက်မှာ ပေါမှပေါ။
ဒါက နအဖအပိုင်း......
--------------
နိုင်ငံတကာ သတင်းဌာနတွေကလည်း အာဏာရှင် တွေ လိမ်ထားသမျှ ဖုံးထားသမျှတွေကို ဖော်ထုတ်နိုင်သမျှ ဖော်ထုတ်ပြရမယ့် တာဝန်ဆိုတာကလည်း ရှိနေတာကိုး။ သူတို့ရဲ့ တာဝန်အပြင် သူတို့မှာ တကယ့်အကူအညီလိုနေသေးတဲ့ နေရာတွေ ရှိနေသေးတယ်ဆိုတာ လူသားဆန်စွာ ဖော်ထုတ်ပြရမယ့် မပေးပေမယ့် ကိုယ့်ဖာသာ ရှိနေတဲ့ တာဝန်သိစိတ်ကလဲ ရှိနေပါသေးတယ်။ ဒါ့ကြောင့်လဲ ဒီလို နေရာတွေမှာ ဒီလိုလူတွေဟာ ဒီလိုအစိုးရရဲ့ ဖုံးကွယ်ချောင်ထိုးထား တာ ခံနေရပါတယ် ဆိုတာ ဖော်ထုတ်တင်ပြပေးနေတာပဲ။ တကယ်က လူသားတာဝန်ကို သူတို့ ထမ်းဆောင်နေတာပဲ။ ကျမကတော့ အဲလိုနားလည်တယ်။
ဒီနေရာမှာ မြန်မာပြည်သား ပြည်သူများထဲကနေ တာဝန်သိစိတ်နဲ့ တင်ပြပေးနေတဲ့ သတင်းသမားအစစ်တွေ မဟုတ်တဲ့ သာမန်ပြည်သူ့ သတင်းထောက်တွေ( Citizen Journalist) တွေကိုလည်း ကျေးဇူးတင်ရပါမယ်။ တချို့သတင်းဌာနတွေ လုံးဝ သွားလို့မရနိုင်တဲ့ နေရာတွေကို သူတို့ရောက်အောင် သွားပြီး အချက်အလက်အမှန်တွေကို ရအောင် ယူနိုင်ခဲ့တယ်။
ဒါတွေကို ဘာလို့ လိုအပ်ပါသလဲ ။ သတင်းအမှန်တွေ ဘာ့ကြောင့်လိုအပ်ပါသလဲ။
တချို့တွေက မေးကြတယ်။
ကျမတို့ သတင်းမီဒီယာသမားတွေကလည်း အချက်အလက်အမှန်တွေကို တင်ပြခြင်းအားဖြင့် ......
တွေဝေ မိန်းမောနေတဲ့။ အမြင်မှားနေတဲ့ လူတွေ နှင့်တကွ သာမာန်ပြည်သူတွေအနေနဲ့ ဒီလိုအချက်အလက်တွေပေါ်မှာ အခြေခံပြီး သူတို့ရဲ့ တွေးတောမှု၊ နားလည်မှုတွေနဲ့ အခြေအနေအမှန် ဆုံးဖြတ်ချက်အမှန် ရွေးချယ်မှုအမှန်တွေ ပေါ်ပေါက်လာစေဖို့ပါပဲ။

ကျမတို့ ပေးနိုင်တဲ့ အချက်အလက်ပေါ်မှာ မူတည် လို့ စဉ်းစားမှုနှုန်း ပိုမြင့်မားလာစေဖို့ ၊ မှန်ကန်တဲ့ စဉ်းစားရွေးချယ်မှုကနေ တဆင့် မှန်ကန်တဲ့ လူထုတော်လှန်ရေး တရပ် ဆင်နွှဲ လာနိုင်ဖို့ အားဖြည့် တဲ့ လုပ်ရပ်တွေကို အတတ်နိုင်ဆုံး တာဝန်ကျေကျေ လုပ်ဆောင်ရမှာ ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့်လဲ အလိမ်အညာတွေနဲ့ မိုးလုံးပြည့် မုသာဝါဒကျင့်သုံးသော သတင်းမီဒီယာမှပြောရေးဆိုခွင့် ရှိသူ တယောက်မှလည်း မီဒီယာကို မီဒီယာနဲ့ တိုက်မယ်လို့ စိန်ခေါ်ချက် ထုတ်ပြန်ရင်း ဆက်လက် ညာဖြီးနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အတိုက်အခံ မြန်မာ သတင်းဌာနဖြစ်တဲ့ DVB ကိုလည်း ကျေးဇူးတင်တဲ့ အထဲ ထည့်ရဦးမှာပါ။ DVB အနေနဲ့ ပြည်တွင်းအတွက် ရည်ရွယ် ထုတ်လွှင့်တဲ့ တီဗွီအစီအစဉ်တွေဟာ သတင်းဖြစ်နေတဲ့ နေရာနဲ့ ဝေးကွာနေတဲ့ မြန်မာပြည်သူတွေကို အမြန်ဆုံးသိစေတဲ့ အထိရောက်ဆုံး အစီအစဉ်တွေ ဖြစ်လို့ပါပဲ။ တချို့ သတင်းတွေကို ဒီလောက်ရိုက်နိုင်သလားလို့ လာမေးထားတဲ့ ပြည်သူတွေကိုလည်း ဒီလိုပဲ ဖြစ်အောင် စွန့်စား ရိုက်ရပါကြောင်းနဲ့ ကားပေါ်က ပေးလှုလို့ နောက်က လိုက်ကောက်တဲ့ လူအုပ်ကြီးဟာ ဆင်ရိုက်ထားတာမဟုတ်ပဲ အမှန်တကယ် အဖြစ်အပျက် ဖြစ်ပါကြောင်းလဲ ပြောပြချင်ပါတယ်။ အဲဒီအလှုကားပေါ်လိုက်ရဖို့ အခက်အခဲအများကြီးနဲ့ ကြိုးစား ခိုတွယ်လိုက်ရိုက်ခဲ့ရတဲ့ ရိုက်ကူးပေးသူရဲ့ ကြိုးစားမှုကိုတော့ အသိအမှတ်ပြုစေချင်ပါတယ်လို့ ပြောချင်ပါတယ်။
ဘာတွေပဲ ပြောကြ ပြောကြ.....
တကယ့် ပြည်သူတွေကတော့ သူတို့ဘာကို ယုံရမယ်ဆိုတာ အတွေ့အကြုံတွေ အရသိပြီးဖြစ်ပါကြောင်း ထပ်လောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။