Sunday, July 27, 2008

Nobel Women's Initiative Delegation 2008

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း( မြန်မာနိုင်ငံ) ရုံးခန်းကို ရောက်ရှိခဲ့စဉ်က

ကျမ အစောပိုင်းရက်တွေက နိုဘယ်ဆုရှင်အမျိုးသမီးတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ နာမည်ကြီး အမျိုးသမီးတွေ စုဖွဲ့ထားတဲ့Nobel Women’s Initiative Delegation (နိုဘယ်အမျိုးသမီး ဦးဆောင်အဖွဲ့) ထိုင်းမြန်မာ နယ်စပ်ကို လာရောက်လေ့လာတဲ့ ခရီးစဉ် နောက်ကို လိုက်နေရတယ်။ ဒီအဖွဲ့မှာ ခု ပါလာတာကတော့……

Jody Williams ဆိုတာ မြေမြှုပ်မိုင်းတွေ မသုံးစွဲဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတော်တော်များများ ကို လက်မှတ်ရေးထိုးစေနိုင်ခဲ့တဲ့ (လက်မှတ်မထိုးတဲ့ နိုင်ငံက ဆယ်ဂဏန်းလောက်ပဲ ရှိမယ်ထင်တယ်)။ သူ့လုပ်ရပ်ကြောင့် 1997 ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆု ကို ရရှိခဲ့တာပါ။

နောက် ၁၉၇၀ ကာလလောက်က အမေရိကန်နိုင်ငံက နာမည်ကျော် ရုပ်ရှင်မင်းသမီး Mia Farrow ကလည်း ကလေးအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူ ဖြစ်ပြီးကုလသမဂ္ဂရဲ့ ဂုဏ်ထူးဆောင် သံတမန်အနေနဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေပါတယ် ။

အာဖဂန် နစ္စတန်က လူ့အခွင့်အရေး လှုပ်ရှားသူ Dr. Sima Samar ဖြစ်ပါတယ်။ ခုတော့ ကုလသမဂ္ဂ လက်အောက်မှာပဲ အလုပ်လုပ်နေသူပါ။ ပါကစ္စတန် နိုင်ငံရဲ့ ဒုက္ခသည်စခန်းတခုမှာ ၁၄ နှစ်ကျော် နေလာခဲ့ပြီး သူတို့ အာဖဂန်မှာလဲ မြန်မာနိုင်ငံလိုပဲ လူမျိုးပေါင်းစုံ ရှိနေသလို ညီညွတ်မှုလဲ သိပ်နည်းတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံပေါင်း ၄၀ ပါဝင်ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးတပ်တွေ ၀င်ထားတာတောင်မှ လူမျိုးစုတွေ တစုနဲ့တစု တိုက်ပွဲတွေ မြို့လုံးကျွတ်ပျောက်အောင် တိုက်နေကြသေးကြောင်းလဲ သူက နှိုင်းယှဉ်ပြောပြရင်း ကိုယ့်အားကိုယ်ကိုးဖို့ တိုက်တွန်းတတ်သူပါ။

တရုပ်ပြည်က အလုပ်သမားအခွင့်အရေး လှုပ်ရှားတိုက်ပွဲ ၀င်နေသူ Qing Zhang ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကထိ တရုပ်ပြည်မှာ လူ့အခွင့်အရေးလို့ သုံးနှုန်းလို့ လက်မခံသေးတဲ့အချိန်မှာ အလုပ်သမားအခွင့်အရေး လို့ နာမည်တပ်ပြီး တိုက်ပွဲ ၀င်ခဲ့သူ ဖြစ်ပါတယ်။ တရုပ်ပြည်က အလုပ်သမားအင်အားဟာ သန်း ၁၀၀ လောက်ရှိတဲ့အကြောင်းနဲ့ ခုဆိုရင် တရုပ်ပြည်မှာလဲ အလုပ်သမားအခွင့်အရေးဆိုတာ လူ့အခွင့်အရေး လို့ ကြွေးကြော်ခွင့် ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အမျိုးသမီး တယောက်ပါ။

Lydia Cladek ဆိုတဲ့ ကားကုမ္ပဏီပိုင်ရှင် သန်းကြွယ်သူဌေးမကတော့ သူပိုင်ဆိုင်တဲ့ ချမ်းသာ ကြွယ်ဝမှုကို လူ့အခွင့်အရေး အထူးသဖြင့် အမျိုးသမီးအခွင့်အရေးတွေ အတွက် ကူညီပေးနေသူ တက်ကြွ လှုပ်ရှားသူ ပေါ့။

သူတို့က ဒီအဖွဲ့ ထူထောင်ကတည်းက ပါဝင်နေသူတွေပေါ့။ နောက် သူတို့အဖွဲ့ရဲ့ ရုံးအဖွဲ့သားတွေ မှတ်တမ်းတင် တွေကအစ စုစုပေါင်း ၁၂ ယောက်တိတိ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ နယ်စပ်အခြေအနေတွေကို လာရောက် လေ့လာ အကဲခတ်တယ်ပေါ့.
သူတို့ ဘာလုပ်နိုင်မယ် ဘာလုပ်ပေးစေချင်တယ် စသဖြင့် ပြောဆိုကြတဲ့အခါမှာ ကျမ သဘောကျမိတာလေးတွေကို ပြန်လည် ဝေမျှ ချင်ပါတယ်။

ဒါကတော့….
ဂျိုဒီဝီလျှံက UN ဆိုတာ United Nothing ပါပဲတဲ့။ ကျမဖြင့် သဘောကျလိုက်တာ။ နောက်သူ မယ်တော်ဆေးခန်းအရောက်မှာ နာဂစ်မုန်တိုင်းခံခဲ့ရပြီး ဘာဆိုဘာမှ မရှိတော့တဲ့အတွက် မဲဆောက်မှာ လုပ်ကိုင်စားဖို့ ထွက်လာတဲ့ မုန်တိုင်း ဒုက္ခသည်တွေထဲက မိန်းကလေး တယောက်နဲ့ တွေ့ပါတယ်။ အဲဒီမိန်းကလေး နေတဲ့နေရာက အဖြစ်အပျက်ကိုပြောရင်း သူတို့ရွာလေးကို ယူအန်က အကူအညီ အစိုးရအကူအညီ ဘာမှ မရောက်ကြောင်းနဲ့ အရပ်သား အလှုရှင် အနည်းအကျဉ်းရဲ့ အကူအညီနဲ့ သူ မြို့ပေါ်တက်လာပြီး ဒီဖက်ကို ဆက်ရောက်လာကြောင်း ပြောပါတယ်။ နိုဘယ်ဆုရှင်ကို ဘာများပြောချင်သလဲ သူက ကုလသမဂ္ဂမှာ စကားပြောခွင့်ရှိတယ်လို့ စကားပြန်က ပြောလိုက်တော့ အဲဒီကောင်မလေးက ကုလသမဂ္ဂက ကူညီနေတယ် ဆိုတာကို ဒီရောက်တော့ ပိုသိရတယ်။ ကုလသမဂ္ဂကို ပြောပေးပါတဲ့ ။ မကူညီပါနဲ့တဲ့ ၊ ကူညီသမျှ စစ်တပ်ကပဲ ယူနေတာတဲ့။ ဂျိုဒီက အံ့သြသွားတဲ့ မျက်နှာ ဖြစ်သွားတယ်။ သူသိတာက သူ့ကို ကုလက အရာရှိတယောက်က ပြောတယ် ။ အကူအညီ အကုန် ဒုက္ခသည်ဆီ ရောက်ပါတယ်တဲ့။ ခုလိုကြားလိုက်ရတော့ ကုလက လူတွေလဲ အလိမ်ခံရတာပါပဲလားတဲ့ သူက ဒေါသလဲ ထွက်သွားတယ်လို့ ပြောတယ်။

(သူတို့ ပြန်သွားပြီး ဘန်ကောက်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်တော့ တနေ့တည်းမှာ သူတို့ပြီးတော့ သတင်းစာ ရှင်းလင်းပွဲ လုပ်သူက မြန်မာပြည်က ပြန်လာတဲ့ အာဆီယံအထွေထွေ အတွင်းရေးမှုးချုပ်ထိုင်းနိုင်ငံသား ဒေါက်တာ ဆူရင်ပစ်စူဝမ် ဖြစ်နေတယ်။ အဲဒီမှာ သူက မပြန်ပဲ ဒေါက်တာ ဆူရင်ကို မေးခွန်းတွေ မေးတာပဲ။ သူဒေါသထွက်နေတာက သိသာတယ်။ ဆူရင် ဘာပြန်ပြောတယ်တော့ ကျမ ဆက်မသိသေးဘူး။ ခုချိန်ဆို သတင်းတွေထဲ ပါလောက်ပြီ။ ကျမ မဖတ်ရသေးဘူး။)

နောက် သူ ပြောသွားတာ တခုရှိသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ခုထိမလွှတ်သေးတဲ့ နအဖကို တရားစွဲနိုင်ဖို့ နအဖရဲ့ ကျူးလွန်တဲ့ ပြစ်မှုတွေကို အသေးစိတ်ထပ်မံရှာဖွေဦးမယ်တဲ့။ သူကတော့ မြန်မာနိုင်ငံဟာ တနေ့ ဒီမိုကရေစီရမှာပဲ SPDC တွေ ကျဆုံးခန်း ရောက်ကို ရောက်မှာပဲတဲ့။ အားလုံး အားတင်းထားကြတဲ့။ ယူအန်ကိုလဲ အားမကိုးနဲ့တဲ့။ ကိုယ့်အားကိုယ်ကိုးပါ ဆိုတာကတော့သူတို့ တဖွဲ့လုံးပြောတာပဲ။
အချိန်ရရင်တော့ ထပ်ရေးဦးမယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, July 20, 2008

အာဇာနည်တွေ နေတဲ့ တိုင်းပြည်




ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှ ၆၁ နှစ်မြောက်အာဇာနည်နေ့ မြင်ကွင်းများ
ဓါတ်ပုံတွေကို ဒီဘလော့က ယူပါတယ်။
အာဇာနည်နေ့ မတိုင်မီရက်တွေမှာလည်း ဒီချုပ်က တက်ကြွ လှုပ်ရှားသူအချို့ကို နအဖက ကြိုတင်ဖမ်းဆီး ထားသေးတယ်။ ဒါပေမယ့်လည်း အာဇာနည်နေ့မှာ လူငယ်တွေက ဒီလို တက်ရောက်လာတာကို တွေ့ရတဲ့ အတွက် ပြည်တွင်း အင်အားစုကို အလွန်လေးစားမိပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Friday, July 18, 2008

အာဇာနည်မျိုး သေရိုးမရှိ

ဒီဓါတ်ပုံကို ဒီဘလော့က ရယူထားပါတယ်။

တထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင် တဆယ့်ကိုး...
ငယ်ငယ်တုန်းက ရွတ်ဆိုခဲ့ရတဲ့ ကဗျာ တပိုင်းတစပေါ့။
ဇူလိုင် ၁၉ ရက်နေ့တိုင်း မိုးအုံ့အုံ့လေး (သို့မဟုတ်) ဖွဲဖွဲလေး ဖြစ်နေတတ်တယ်လို့ မိဘတွေက ပြောပြဖူးတာ။
နောက် ကျောင်းတွေမှာ အာဇာနည်နေ့ တို့မမေ့ လို့ ကျောက်သင်ပုန်းကြီးမှာ ရေးလို့ တကျောင်းလုံးက ကျောင်းသားတွေကို ဟောကြီးထဲမှာ စုစည်းလို့ ဆရာတွေက အာဇာနည်နေ့ အဖြစ်အပျက်တွေကို ဟောပြောခဲ့တာ။
နောက်ဇူလိုင် ၁၉ ရက်နေ့ မှာ ကိုယ့်မြို့က လွတ်လပ်ရေး ကျောက်တိုင်ရှိတဲ့ ပန်းခြံထဲမှာ ပန်းခွေသွားချရတာ။
မနက် ၁၀နာရီ ၃၇ မိနစ် ရေဒီယိုက ဥသြဆွဲချိန်မှာ လမ်းလျှောက်နေသူ အိမ်ထဲမှာနေသူတွေပါ မကျန် မတ်တပ်ရပ်လို့ အလေးပြုကြတာ။( ကျမတို့မြို့ဆိုရင် ကမ်းနားက သင်္ဘောတွေ၊ ဆန်စက်တွေအားလုံးကလဲ ဥသြဆွဲပါတယ်)
ဌာန ဆိုင်ရာ အားလုံး၊ ကျောင်းအားလုံး အပြင် ကိုယ့်အသိစိတ်ဓါတ်နဲ့ လာတဲ့ သာမန်ပြည်သူတွေရော တနေ့လုံး မပြတ်ပဲ စည်ကားလွန်းလှတာ...
ဒါတွေကို ခုချိန်ပြန်ပြောပြရင် .. ဟိုး ရှေးရှေးတုန်းကလို့ အစချီစရာ လိုပါ့ဦးမလား..။

၁၉၈၉ ခုနှစ်ရဲ့ အာဇာနည်နေ့မှာ ပင်နီအကျီ င်္တွေဝတ်လို့ ပန်းခွေတွေကို ကိုင်စွဲလို့ စနစ်တကျနဲ့ ပန်းခွေချဖို့ ကြိုးစားကြရင်း အဖမ်းခံခဲ့ရတဲ့ နယ်မြို့လေး တမြို့က ကျောင်းသားလူငယ် ဗကသ အဖွဲ့ဝင်တွေ ရှိခဲ့ပါတယ် ဆိုတာကလည်း ပုံပြင်တပုဒ်မဟုတ်ခဲ့ပါဘူး။

အသက် ၂၀ ၀န်းကျင် ကျောင်းသားကျောင်းသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လမ်းတလျှောက်မှာ ကြွေးကြော်သံတွေနဲ့ နည်းနည်းမှ မတွန့်ဆုတ်ခဲ့တဲ့ ဒီလူငယ်လေးတွေ ထဲက တချို့ဟာ မပြီးဆုံးသေးတဲ့ တော်လှန်ရေးကြီးထဲကနေ တမလွန်ကို ပျော်ပျော်ကြီး သွားခဲ့ကြတယ်လို့ မထင်လိုက်ကြပါနဲ့။
သူတို့ လိုချင်တဲ့ ဒီမိုကရေစီ ရွှေပြည်သစ်ကြီးကို နောက်ဆံငင်ငင်နဲ့ အသက်ထွက်သွားခဲ့ကြရတာပါ။

သူငယ်ချင်းတို့ ရဲဘော်တို့ရေ...
မင်းတို့လျှောက်ခဲ့တဲ့လမ်းပေါ်မှာ ဘယ်တော့မှ အရှုံးမပေးပဲ ......
ဆက်လက် တိုက်ပွဲဝင်သွားမယ်ဆိုတာကို ....
၆၁ နှစ်မြောက် အာဇာနည်နေ့မှာ ကတိပြုလိုက်ပါတယ်။
(ကွယ်လွန်သွားပြီဖြစ်တဲ့ တိုက်ပွဲဝင်ဖက် ဧရာဝတီတိုင်း ဗကသများ အဖွဲ့ချုပ်က အောင်မျိုးထွေး၊ ကျော်ကျော်ဝင်း၊ လှဌေး(ခ) ဂတီး တို့ကို သတိတရ ဂုဏ်ပြုလိုက်ပါတယ်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, July 14, 2008

ဂျစ်တူး မွေးနေ့

၃ ဂဏန်းနဲ့ တွေ့ဆုံနေသော ဘလော်ဂါ ဂျစ်တူး အတွက်
ဘလော့လောက ထဲက ကောက်ရခဲ့တဲ့ ညီမငယ် .. ဂျစ်တူး
ပျော်ရွှင်ဘွယ် မွေးနေ့ ဖြစ်ပါစေ... လိုရာဆန္ဒပြည့်ဝပါစေ...
အသက် ၃၀ ဆိုတာ ဘ၀မှာ တော်တော်လေး ရင့်ကျက်ချိန်ပေါ့။
အသက်နဲ့ မထင်ရအောင် နုပျိုမှုတွေ.....
စိတ်ဓါတ်ကြံ့ခိုင်မှုတွေ......
မိသားစုအပေါ် တာဝန်သိတတ်မှု...
တာဝန်ယူတတ်မှုတွေ အတွက် လေးစားဂုဏ်ယူနေမှာပါ။
( ထမင်းဟင်း မချက်တတ်တာတော့ ခွင့်လွှတ်လျှက်)
မျိုးဆက်သစ်တွေအတွက် ပညာရေးနဲ့ ပတ်သက်လို့ သိပ်စိတ်ဝင်စားတဲ့ ဒီညီမရဲ့ ပညာရေးအလှုတွေ ကို တတ်နိုင်သလောက် ကူညီပေးဦးမယ်လို့
မွေးနေ့လက်ဆောင်အဖြစ် ကတိပေးလိုက်ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, July 13, 2008

ကိုယ်ပိုင်အမြင်


ဆန်းစစ်ခြင်း ပို့စ်အတွက် ကျမရဲ့ ကိုယ်ပိုင်အမြင်
မျိုးဆက်သစ်မြန်မာကျောင်းသားလူငယ်တွေရဲ့ အင်တာဗျူးတွေကို နားထောင်ပြီး ကျမ ရှော့ဖြစ်သွားရာကနေ ဒီပို့စ်ကို တင်ဖြစ်တာပါ။ ကိုလင်းထက်နိုင်ဟာ ၂၀၀၇ သြဂုတ်လမှာမှ ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ဗကသနောက်ဆုံး(ဒီကနေ့)မျိုးဆက်ရဲ့ ပြောခွင့်ရှိသူဖြစ်ပြီး ကိုမိုးသွေးကတော့ ဟစ်ဟော့လူငယ်တွေထဲက နအဖရဲ့ဖမ်းဆီးတာကို ခံထားရတဲ့ ကိုဇေယျာသော်၊ ကိုရန်ရန်ချမ်းတို့ရဲ့မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက ခေါင်းဆောင် တယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ပြည်တွင်းထဲမှာပဲ ရှောင်တိမ်း ပုန်းအောင်း နေထိုင်ရင်း စစ်အာဏာရှင်တွေကို ဆက်လက်အံတု တော်လှန်နေရင်းနဲ့ ဘီဘီစီမြန်မာပိုင်း အစီအစဉ်နဲ့ အင်တာဗျူးလုပ်ကြတာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ မတူညီတဲ့အင်တာဗျူးခေါင်းစဉ်တွေကို ပြောဆိုဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။ သီးခြားအချိန်တွေမှာ သီးခြားခေါင်းစဉ်တွေနဲ့ ပါတ်သက်ပြီး ပြောဆိုခဲ့ကြတာပါ။ ဒီနေရာမှာ ထူးခြားတာက ဒီလူငယ်နှစ်ယောက်ရဲ့အမြင်တွေဟာ နအဖကို ဆန့်ကျင်မယ့် တိုက်ပွဲနည်းလမ်းအပေါ်မှာ ထူးထူးခြားခြားသွားပြီး တူညီနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီတော့ ဒီလူငယ်နှစ်ယောက်ရဲ့ အမြင်ဟာ သူတို့နှစ်ဦးရဲ့ သီးခြားအမြင်သက်သက်ပဲလား။ သူတို့ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အမြင်လား။ ဒီကနေ့မြန်မာလူငယ်အများစုကြီးရဲ့  အမြင်ပဲလားဆိုတာကို စဉ်းစားစရာဖြစ်လာပါတယ်။ တွေးတောစရာ ဖြစ်လာပါတော့တယ်။

ကျမအနေနဲ့ ဆန်းစစ်ခြင်းလို့ နာမည်ပေးထားတဲ့ ပို့စ်တခုနဲ့ သူတို့ရဲ့ အတွေးအခေါ်နဲ့ ဘလော့ဖတ်သူ တချို့ရဲ့ အတွေးအခေါ်တွေကို လေ့လာဆွေးနွေး ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အဲဒီအခါမှာ ကျမမျှော်မှန်းသလောက် ကောမန့် မ၀င်ပေမယ့် ၀င်သမျှ ကောမန့်တိုင်းက သေသေချာချာ ကျကျနန ဆွေးနွေးထားတာကို တွေ့ရလို့ ကျေးဇူးတင်ကြောင်း အရင်ဆုံး ပြောပြချင်ပါတယ်။

အများစုရဲ့ ကောမန့်ကနေ တဆင့်ရရှိလိုက်တဲ့ သဘောထားတွေကတော့ အာဏာရှင်ကို ဘယ်လိုနည်းလမ်း သုံးသုံး သုံးသင့်တယ်လို့ အမြင်ရှိကြောင်း ရရှိလိုက်ပါတယ်။

ပထမဆုံး ဗကသ(၂၀၀၇)၊ ကိုလင်းထက်နိုင်(ပြောခွင့်ရသူ)တို့ကို ဆန်းစစ်ကြည့်ုချင်ပါတယ်။

ဗကသ(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်)ဆိုတာ ၂၀၀၇ သြဂုတ်လ ၂၈ ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ နောက်ဆုံးမျိုးဆက် ဗကသဖြစ်ပါတယ်။ အဓိကခေါင်းဆောင်ကတော့ စက်တင်ဘာသံဃာ့တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီး ၂၀၀၈ မတ်လထဲမှာ အဖမ်းခံလိုက်ရတဲ့ ဥက္ကဌကိုကျော်ကိုကိုနဲ့ ကိုညဏ်လင်းအောင်တို့ဖြစ်ပါတယ်။ သိရသလောက် ဗကသအဆက်ဆက်မှာ ပြောရေးဆိုခွင့် ရသူဆိုတဲ့ အသုံးအနူန်းမျိုး မကြားမိပါဘူး။ ဘီဘီစီက လုပ်လိုက်တာလား။ ဗကသကိုယ်တိုင်က အဲဒီလို တကယ်ပဲ ဖွဲ့စည်း တာဝန်ပေးထားသလားမသိပါ။ သတင်းဌာနတွေက မြန်မာ့အရေးကျွမ်းကျင်သူ၊ မြန်မာ့အရေးလေ့လာသူ၊ စစ်ရေးအကဲခတ် စသဖြင့် ကိုယ်ထင်ရာမြင်ရာ နာမ၀ိသေသနတွေ ပေးတတ်တာ တွေ့နေရလို့ပါ။ သတိပြုသင့်တာက နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့တွေမှာ ပြောခွင့်ရသူဆိုတာ တကယ်ကို အရေးပါတဲ့နေရာ(တာဝန်)ဖြစ်တယ်။ မီဒီယာနဲ့ ထိတွေ့ဆက်ဆံတဲ့ အလုပ်မျိုးကို အင်မတန် ကျွမ်းကျင်လိမ္မာ ပါးနပ်သူများကိုသာ တာဝန်ပေးတတ်ကြပါတယ်။ ကိုယ့်ပါတီ အစိုးရ အဖွဲ့အစည်းရဲ့မူ ပေါ်လစီတွေကို အာမခံရတဲ့ အစွန်းမထွက်ရတဲ့စကား၊ အင်တာဗျူး၊ သတင်းစာရှင်းလင်းပွဲ ပေးရတဲ့သူမျိုး ဖြစ်လို့ပါ။

ကိုလင်းထက်နိုင်အနေနဲ့ ၂၀၀၇ မျိုးဆက် ဗကသရဲ့ တကယ့်ပြောခွင့်ရသူဖြစ်ခဲ့ရင် မီဒီယာနဲ့ ပြောဆိုတဲ့ အကြောင်းအရာတိုင်းသည် ကျောင်းသားမြေအောက်အဖွဲ့အစည်း ဗကသရဲ့မူတွေကို အာမခံနိုင်ပါစေလို့ပဲ အကြံပြုချင်ပါတယ်။

ကျောင်းသား(လူငယ်)တွေရဲ့ အခြေခံစိတ်ဓါတ်ကတော့ မဟုတ်မခံစိတ်ပါ။ ထိရင်ချမယ် ဆိုတဲ့စိတ်မျိုးပါ။ ဒီလိုစိတ်ဓါတ်မျိုးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ငြိမ်းချမ်းရေး သမားကြီး ဆရာဒဂုန်တာရာတို့ ငယ်နုစဉ်ဘ၀တွေတုန်းက ရှိခဲ့ကြတာသမိုင်းမှာ အထင်အရှားပါ။

ခုခေတ်လူငယ်တွေဖြစ်တဲ့ကိုမိုးသွေးတို့ ကိုလင်းထက်နိုင်တို့ဟာ တကယ်ပဲ မှန်ကန်တဲ့အမြင်ရှိကြပြီလား။ ရင့်ကျက်ကြပြီလား။ စဉ်းစားစရာပါ။ ခေတ်အဆက်ဆက် သမိုင်းတာဝန်တွေကို လူငယ်တွေဟာ အရင်းပိုင်းက ထမ်းခဲ့ကြတာချည်းပါ။

ရေဒီယိုအင်တာဗျူးတွေဆိုတာဟာ သတင်းဌာနတွေမေးတာကို ဖြေတယ်ဆိုတာထက် ကိုယ့်ပြည်သူတွေကို သတင်းဌာနတွေကတဆင့် ကိုယ်ပြောချင်တဲ့ သတင်းစကားပေးရတယ် ဆိုတာ အားလုံးသိကြပါတယ်။ အဖက်ဖက်က ပိတ်လှောင်နေတဲ့အခြေအနေအောက်မှာ ရတဲ့အပေါက်ကလေးကနေ ကိုယ့်ပြည်သူကို ကိုယ့်မူတွေ အလုပ်တွေကို ချပြရတာပါ။ ရှင်းလင်းတိကျပြီး ကိုယ့်အဖွဲ့အစည်းရဲ့ အလုပ်၊ သွားနေတဲ့လမ်းကြောင်းကို ရတဲ့အချိန်လေး အတွင်း တင်ပြရတာပါ။

သာရေး နာရေး ဘာလူမှုရေးအသင်းဖွဲ့စည်းတာ လှုပ်ရှားတာကိုမဆို ဒေါက်ထောက်ကြည့် နေတဲ့နအဖလို အစိုးရမျိုးအောက်မှာ ဗကသတို့ ဂျန်နရေးရှင်းဝေဗ့်တို့လို နိုင်ငံရေးအဖွဲ့အစည်း မျိုး စံနစ်တကျ စုစုစည်းစည်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းနိုင်ဖို့ အင်မတန် ခက်ခဲမယ်လို့ ခန့်မှန်း မိပါတယ်။

ဒီလို ခက်ခဲမှုကြားထဲက အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး လှုပ်ရှားနေတဲ့ လူငယ်တွေ အနေနဲ့ စစ်မှန်တဲ့ ကိုယ့်အဖွဲ့ ပေါ်လစီ မူဝါဒတွေကို ပြည်သူတွေ သိစေရအောင် သတင်းဌာနတွေကိုပဲ အားကိုးရသလို အဲဒီသတင်းဌာနက တဆင့်ကိုယ်ပေးတဲ့ ကိုယ့်မူဝါဒတွေဟာ ပြည်သူတွေ အတွက် အားဖြစ်စေမလား၊ တကယ်လိုက်လုပ်နိုင်မလား၊ ပြည်သူတွေအရှေ့က ဘယ်အတိုင်းအတာထိ ကိုယ်က လုပ်ပြနိုင်မလဲ သေချာ စဉ်းစားတွက်ချက်ဖြေကြားပေးဖို့ လိုပါတယ်။ နာမည်ကြီးချင်ယုံ ထင်ပေါ်ချင်ယုံနဲ့တော့ နိုင်ငံရေး လုပ်လို့ မရပါဘူး။ တိုက်ပွဲခေါ်လို့ မရပါဘူး။ ကိုယ့်အပေါ် ပြည်သူတွေ ယုံကြည်အောင် အားကိုး လေးစားလာနိုင်အောင် ကိုယ်ထုတ်တဲ့ စတိတ်မန့်တွေ ကိုယ်ပြောတဲ့ စကားတွေကို ကိုယ်တိုင် လိုက်နာ လုပ်ကိုင်နိုင်ရမှာလဲ ဖြစ်ပါတယ်။

ဟုတ်ပြီ။ သူတို့ ၂ ဦးစလုံး အဓိက ထားဖြေဆိုသွားတဲ့ သွေးထွက်သံယိုမရှိတဲ့ အကြမ်းမဖက်နည်းလမ်းတဲ့။ ဒီမှာ ကျမတွေးမိတာ တခု ၀င်လာပါပြီ။ လက်နက်ကိုင်တော်လှန်ရေး နဲ့ အကြမ်းဖက်မှုတွေဟာ တူညီပါသလား။ တူညီတယ်လို့ ခုခေတ်လူငယ်တွေက နားလည်ထားလိုက်ပြီလား။ နောက် မဟတ္တမ ဂန္ဓီတို့ လုပ်ခဲ့တဲ့ အကြမ်းမဖက် လူထု လှုပ်ရှားမှုဟာ ဘယ်အဆင့်ထိ အာဏာပိုင်တွေကို ဆန့်ကျင်ခဲ့တယ် ဆိုတာကိုရော သေချာ လေ့လာခဲ့မိပါရဲ့လား။ မဟတ္တမဂန္ဓီတို့ရဲ့  အာဏာဖီဆန်မှုတွေကို နှိမ်နင်းတဲ့အခါတွေမှာ လူထုက ဘယ်လိုတုန့်ပြန်ပါသလဲ။ ဆူဘတ်ချန်ဒရာဘို့ရဲ့ တပ်တွေအနေနဲ့ ဘယ်လို ချိတ်ဆက်မိမိ ပံ့ပိုးခဲ့တယ်ဆိုတာကိုလဲ လေ့လာရပါဦးမယ်။

နောက်တကြောင်းကတော့ လူတွေဟာ သူတို့ဖြတ်သန်းမှုအရ အတွေ့အကြုံအရ သူဘယ်လို တော်လှန်မယ်ဆိုတာကို ရွေးချယ်မိတာပဲ ဖြစ်မယ်ထင်ပါတယ်။ သွေးထွက်သံယိုမရှိလေ ကောင်းလေ ဆိုတာ လူတိုင်းနားလည်ပေမယ့် ဘာလက်နက်မှ မပါပဲ ကြွေးကြော်သံတွေနဲ့ ဟစ်အော်နေတဲ့ ကျောင်းသား လူငယ်လေးတွေကို၊ ဘာလက်နက်မှ မကိုင်ဆောင်ပဲ ဆုတောင်းမေတ္တာပို့နေတဲ့ ဘုန်းတော်ကြီးတွေကို ၊ ကိုယ့်ကို ပစ်လာမယ့် ရိုက်လာမယ့် အရာတွေကို ကြောက်လို့နောက်လှည့်ပြေးနေသူတွေကို အသေသတ်တာ ရိုက်တာကိုရော ဒီလိုပဲ ငုံခံနေရမှာပဲလား။

(ဒီစာရေးနေဆဲမှာပဲ ဗကသ မှ ကိုလင်းထက်နိုင်အဖမ်းခံရတယ်။ နောက်ထပ် ပြောရေး ဆိုခွင့်ရှိသူ ၂ ယောက်လောက် ထပ်ပြောလာတယ်။ ဒါဟာ ကျေနပ်ဝမ်းသာစရာပါပဲ။ တဗိုလ်ကျ တဗိုလ်တက် စနစ်နဲ့ နအဖကို ဆန့်ကျင်တော်လှန်နေတာ အကောင်းတကာ့ အကောင်းဆုံးပေါ့။ ဒီတော့ ရှည်ရှည်ဝေးဝေး ကွေ့ကာ ၀ိုက်ကာ ရေးဖို့အတွက် ကျမအနေနဲ့ တော်တော် စိတ်ထဲမှာ မရှိတော့ပါဘူး။ အစတုန်းက သေချာ ဆွေးနွေးဖို့ အားတင်းထားခဲ့တာပါ။)

ဒါ့ကြောင့် ဒီဆွေးနွေးချက်ကို အဆုံးသတ်လိုက်ပါတော့မယ်။
ကောမန့်လာရေးသူတွေအားလုံးရဲ့ အမြင်တွေကို သိပ်လေးစားပါတယ်။ ကျမအယူအဆအရလည်း ဘယ်နည်းနဲ့ဖြစ်ဖြစ် တိုက်စေချင်တယ်။ နည်းကို ကန့်သတ်ထားလို့ မရသလို ကိုယ်သုံးတဲ့ နည်းပဲ ကောင်းတယ်။ ကျန်တဲ့နည်း အသုံးမ၀င်လို့လဲ အားလုံးကို မယူဆစေချင်ဘူး။

နည်းနည်းလေး ရှည်ပေးရရင် လွတ်လပ်ရေးရယူပေးခဲ့တဲ့ ရဲဘော်သုံးကျိပ်ထဲမှာ ကျောင်းသားသမဂ္ဂက ရဲဘော်တွေ ပါပါတယ်။ ဗကသဟာ လက်နက်ကိုင်လမ်းစဉ်ကို လုံးဝမဆန့်ကျင်ခဲ့ပါဘူး။ နေ၀င်းအစိုးရတက်ပြီး ၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ ဖြစ်ပြီး လက်နက်ကိုင်ဖို့ တောခိုခဲ့တာအများစုဟာ ဗကသ အဖွဲ့ဝင်တွေပါပဲ။မြန်မာ့ တပ်မတော်ရဲ့ သန္ဓေအစမှာတကည်းက ကျောင်းသားဆိုတာ ပါလာပြီးသားပါ။ ဒါ့ကြောင့် ဗကသ အနေနဲ့လဲ လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက်ခြင်းနဲ့ ရောထွေး မသတ်မှတ်စေချင်သလို ၊ ခုထိ မအောင်မြင်သေးတဲ့ ဒီမိုကရေစီရေးတိုက်ပွဲမှာ ဘယ်နည်းက မအောင်မြင်နိုင်ဘူး၊ ဘယ်နည်းမှ အောင်မြင်မယ်လို့ ကြိုတင် မကန့်သတ်သင့်သေးပါဘူး။ လက်နက်ကိုင်တော်လှန်ရေးဟာ ကမ္ဘာမှာ ခေတ်မစားတော့လို့၊ ခုထိမအောင်နိုင်သေးလို့ မသုံးဖူးလို့လဲ မကြွေးကြော်သင့် သေးဘူး။

တကယ်လို့များ ဒီနေ့ခေတ် လူငယ်အများစုဟာ လက်နက်ကိုင်တော်လှန်ရေးကို ကျောခိုင်းလို့ အကြမ်းမဖက် လူထုတိုက်ပွဲ တခုတည်းကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင်…..။
သူတောင်းစားလို တောင်းဆိုမှုတခုတည်းနဲ့ နအဖလို ရန်သူမျိုးကို ဆက်လက် တိုက်ဦးမယ်ဆိုရင်……..

မြန်မာနိုင်ငံရဲ့ တော်လှန်ရေးဟာ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ ရေမြေသဘာဝ၊ အိမ်နီးချင်းနိုင်ငံ တွေရဲ့ ပါဝင်ပတ်သက်အမြတ်ထုတ်မှုတွေရှိနေတာကြောင့် ……..

မျိုးဆက်သစ်တွေရဲ့ အနာဂတ်မဲ့နေမှုတွေ……
နောက်ထပ် ဘယ်နှစ်နှစ် ကြာဦးမယ်ဆိုတာ…....? ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, July 6, 2008

၆၂ မျိုးဆက် ကျောင်းသားဆိုတာ..

ကရင်အမျိုးသားအစည်းအရုံး ဗဟိုဦးဆောင်ကော်မတီဝင် စောသမိန်ထွန်း

ဒီတပတ် ဆဲဗင်း ဇူလိုင်အတွက် မှတ်တမ်းရုပ်မြင်သံကြား တင်ဆက်ဖို့ ၆၂ ခုနှစ်က ကိုယ်တွေ့ ကျောင်းသားဟောင်းတယောက်ကို အင်တာဗျုး ရိုက်ပေးမယ်ဆိုပြီး လူတယောက်ကို ဆက်သွယ်လိုက်တယ်။ အရင်တုန်းကတော့ အတီး ဖဒိုမန်းရှာနဲ့ အင်တာဗျူး ရိုက်နေကျ။ ဒီနှစ် ဖဒိုမန်းရှာ မရှိတော့ဘူးဆိုတော့ နောက်တယောက်ကို ကျမ အင်တာဗျူး ရိုက်ဖို့ ချိန်းလိုက်တယ်။ ကျမ လာခဲ့မယ် ဘာတွေ မေးမယ် ဆိုတာတွေ ပြောပြနေတော့ သူက သူ့ကိုအိမ်မှာ ရိုက်ချင်ရင် ညနေမှ ရမယ်တဲ့ ။ ညနေမှ အိမ်ပြန်မှာမို့ပါတဲ့။ ဒါဆို ကျမ အခု ရှိနေတဲ့ နေရာကိုလာခဲ့မယ်လေဆိုတော့ မလာနဲ့ တဲ့။ ကျမ အိမ်ကို လာခဲ့မယ်တဲ့။ စောင့်နေပါတဲ့။ ဒါနဲ့ ကျမစောင့်နေလိုက်တယ်။ စက်ဘီးလေး စီးလို့ ရောက်လာတဲ့ ၆၂ ခုနှစ်ကျောင်းသားဟောင်းကတော့ အခု ကရင်အမျိုးသားအစည်းအရုံး ဗဟိုဦးဆောင် ကော်မတီဝင် စောသမိန်ထွန်းပဲ ဖြစ်ပါတယ်။

ဆဲဗင်းဂျူလိုင်အကြောင်းကို ပြန်ပြောပြရင်း သူ မှတ်ချက်ပေးတာက စစ်အာဏာရှင်တွေက ဘယ်တော့မှ စေ့စပ်ဆွေးနွေးဖို့ မရတဲ့ လူတွေတဲ့။ စေ့စပ်ဆွေးနွေးတာကို နားကိုမလည်တဲ့ ကောင်တွေတဲ့။ တကယ်တမ်းစေ့စပ်ဆွေးနွေးတတ်တဲ့ အစိုးရမျိုးသာ ဆိုရင် ခုလို ၀မ်းနည်းစရာတွေနဲ့ ပြည့်နေတဲ့ နိုင်ငံလည်း ဖြစ်လာမှာ မဟုတ်ပါဘူးတဲ့။

အဲဒီအချိန်တုန်းက အသက်ငယ်ငယ် တက္ကသိုလ်ကျောင်းသား ဒုတိယနှစ်တက်နေသူ၊ တချိန် စစ်တပ်ထဲ ၀င်ချင်လို့ တက္ကသိုလ် အရံတပ်ရင်းကိုတောင် ၀င်ထားခဲ့သူ၊

သူမြင်ရတဲ့ မြင်ကွင်းထဲက ကျောင်းဝင်းခြံစည်းရိုးနားမှာ ရပ်နေတဲ့ ကျောင်းသားတွေကို သေနတ်နဲ့ဆွဲပစ်သွားတဲ့ အဖြစ်အပျက်တွေ၊ အားလုံး ပြီးသွားတော့ မြက်ခင်းတွေက မစိမ်းနိုင်တော့ပဲ မည်း နေတာတွေ၊ အဲဒီအမည်း တွေ အောက်မှာမှ သွေးတွေတဲ့၊ ဖိနပ်တွေ ပြန့်ကျဲနေတာတွေ ၊ သူကြားရတဲ့ သမဂ္ဂအဆောက်အဦးကြီး ဗုံးခွဲခံခဲ့ရတာတွေ၊ သူတို့တွေ ဆောက်ခဲ့တဲ့ ဆဲဗင်း ဂျူလိုင် အထိမ်းအမှတ်ကျောက်တိုင်က ဗိုလ်အောင်ကျော် ကျောက်တိုင်ရဲ့ လက်ဝဲဘက်မှာ၊ အုတ်ဖိနပ်ခုံက ၆၂ လက်မ ပတ်လည်၊ ကျောင်တိုင်အမြင့် က ၇ ပေ၊ အပေါ်က ၇ လက်မ နောက်တဆင့်အမြင့်နဲ့ ဆောက်ခဲ့ကြတယ်လို့ လဲ ပြောပြခဲ့တယ်။

သူ့အနေနဲ့ ကျောင်းကို ပြီးအောင်တက်ပြီး တပ်ဦးလက်ရေးနဲ့ စာလေးတွေ လက်ခံရင်း နေခဲ့ရာကနေ နောက်ပိုင်း တောခိုခဲ့တဲ့အကြောင်း၊ သူပြောပြတဲ့ ကျောင်းသားခေါင်းဆောင်တွေ နာမည်တွေကလည်း အာဏာရှင်ကို သေသည်ထိ တိုက်ခဲ့သူတွေ၊ တိုက်နေဆဲသူတွေ၊ သူကိုယ်တိုင်ကလည်း အာဏာရှင်ကိုတော်လှန်ခဲ့တာ ၄၂ နှစ်ရှိနေပြီဆိုပေမယ့် ဒီနေ့ထိ ဒီအကြောင်းတွေ ပြန်ပြောရင် သွေးက ဆူတုန်းပါတဲ့။ နအဖ ဆီကိုတော့ ဘယ်တော့မှ ဒူးထောက်အညံ့ခံဖို့ စိတ်မကူးဘူးတဲ့။ သူ့လိုပဲ ဒီဖက်တော်လှန်ရေးထဲမှာ ရှိနေဆဲ လူတွေကိုလည်း သူက မှတ်မှတ်ရရ ပြောပြသွားသေးတယ်။

သူ့မှာ သားသမီး ၂ ယောက်ရှိခဲ့တာမှာ စစ်တပ်က ဖမ်းမိပြီး သတ်ပစ်ခဲ့လို့ သေဆုံးသွားတာကို ကျမ ပို့စ်တခုမှာ ထည့်ရေးပေးဖူး သေးတယ်။ ခုထိ တော်လှန်ဆဲ ၆၂ ကျောင်းသားမျိုးဆက် ကျောင်းသားကြီးဆီက အဖိုးတန် မှတ်ချက်တွေ၊ အဖိုးတန်သမိုင်းတွေကို ကျမကတော့ ဂုဏ်ပြုပေးချင်တဲ့အတွက် အခုပို့စ်ကို အမှတ်တရ တင်လိုက်တာပါ။

နှစ် ၂၀ ကျော်ပြီ ဘာမှ ဖြစ်မလာသေးဘူးလို့ စိတ်ပျက်အားငယ်ချင်သူတွေ၊ လက်လျှော့လိုက်ချင်သူတွေကို အတီးစောသမိန်ထွန်းရဲ့ စိတ်ဓါတ်မျိုး အတုယူစေချင်ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, July 5, 2008

ကယန်းလူမျိုးနှင့် ပတ်သက်၍

ကယန်း(ပဒေါင်) လူမျိုးနဲ့ပတ်သက်ပြီး စာတမ်းတခု ရေးသားနေတဲ့ ဘလော်ဂါ သင်ကာ အတွက် လိုအပ်တာ ယူသုံးနိုင်စေဖို့ မျှဝေပေးမယ်ဆိုတဲ့ စကားလေးနဲ့အတူ ဒီဆောင်းပါးလေးကို တင်ပေးလိုက်ပါတယ်။ ကျမတို့ ဗမာပြည်ထဲက လူမျိုးငယ်စု တခုဖြစ်တဲ့ ကယန်းလူမျိုးတွေရဲ့ သမိုင်းကြောင်းတွေနဲ့အတူ သူတို့ရဲ့ ကယန်းပြည်အတွက် လှုပ်ရှားခဲ့ကြတဲ့ တော်လှန်ရေး၊ ဦးဆောင်ခဲ့တဲ့ပါတီ၊ လက်နက်ကိုင် အင်အားစု၊ ငြိမ်းချမ်းရေး ရယူခဲ့မှု တွေကိုပါ လေ့လာနိုင်မယ်ဆိုရင် ကျေနပ် ၀မ်းသာလျှက်ပါ။

ကယန်းပြည်သစ် တော်လှန်ရေး နှင့် မြင်နေရသော လမ်းခွဲတခု

တော်လှန်ရေး မြစ်ဖျားတည်ရာ

ကယန်းလူမျိုးတို့၏ လက်နက်ကိုင်တော်လှန်ရေးသည် ၁၉၆၄ ခုနှစ်မှ စတင်ခဲ့သည်။ ယခုဥက္ကဌ ငိန်းကယန်းထန်သည် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ အရေးအခင်း ဖြစ်ပွားစဉ်က ရန်ကုန်တက္ကသိုလ်တွင် မောင်ရွှေအေး အမည်ဖြင့် ကျောင်းတက်နေသော ကျောင်းသား တစ်ယောက် ဖြစ်သည်။ နေ၀င်းအစိုးရ၏ အရက်စက်ဆုံးသော ကျောင်းသားအရေးအခင်း ဖြိုခွင်းမှုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသော တိုင်းရင်းသား ကျောင်းသားငယ်သည် တုန်လှုပ်သွားခဲ့သည်။ ၁၉၆၃ ခုနှစ် နေ၀င်းစစ်ကောင်စီလက်ထက် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ခြောက်ခရိုင် လူထုဆန္ဒဖေါ်ထုတ်ပွဲများတွင် ကျောင်းသားတယောက်အနေဖြင့် ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ခဲ့သည်။ နေ၀င်းစစ်ကောင်စီသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တဖက်သက် ဖျက်သိမ်းပြီး တောတွင်း လက်နက်ကိုင်အဖွဲ့များကို ပြန်လည်မောင်းထုတ်သည့် ဖြစ်ရပ်ကို တွေ့ကြုံခဲ့ရပြန်သည်။ ထို့ကြောင့် လက်နက် အားကိုးပြီး ဖိနှိပ်ဖြိုခွင်းသော အစိုးရကို လက်နက်နှင့်သာ သူတိုက်ကိုယ်တိုက် တိုက်ရမည်ဟု စဉ်းစား ယုံကြည်မိတော့သည်။
တောခိုမည့် ကျောင်းသားတယောက်အနေဖြင့် ကရင်တော်လှန်ရေးနယ်မြေသို့ ရောက်ရှိခဲ့သည်။ ကရင်တပ်မှုးများနှင့် အတူနေထိုင်စဉ် ကယန်းလူမျိုးတယောက်အနေနှင့် မိမိဒေသတွင် တော်လှန်ရေးအဖွဲ့အစည်း ရှိသလား ၊ မရှိသေးလျှင် မိမိဒေသအတွင်း ပြန်လည်စည်းရုံး သင့်ကြောင်း အကြံပြုကြသည်။ ဒီလိုနှင့် မိမိဒေသတွင်းသို့ စည်းရုံးရေးဆင်းရန် ပြန်လာခဲ့တော့သည်။

လက်နက်ကိုင် တော်လှန်ရေးကို စတင်ရန် လူစုနေစဉ် နေ၀င်းအစိုးရ မှ ငွေစက္ကူ ၁၀၀ တန်များကို တရားမ၀င်အဖြစ် ကြေညာသည်။ လကုန်ရက်တွင် ၁၀၀ တန်တွေ ရထားသော ကယန်းဝန်ထမ်းတွေရဲ့ လစာလေးတွေ၊ တောထဲမှာ ဒေသထွက်ကုန်လေးတွေ ရောင်းပြီး စုထားတဲ့ ချွေးနည်းစာ ရာတန်လေးတွေ တန်ဖိုးမဲ့ကုန်ပြီ။ လူထုရဲ့ဒေါသက လူစုနေသော တော်လှန်ရေးကို အရှိန်မြင့်စေခဲ့ပြီ။ ကယန်းလူမျိုး တော်တော်များများမှာ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ် က ရယူထားသော လက်နက်ကောင်းတွေ ၂၀၀ လောက် ရှိပြီးသားမို့ လက်နက်အတွက် အခက်အခဲမရှိတော့။ ပထမဦးဆုံးတိုက်ပွဲက ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာ ရဲစခန်းကို ၀င်ရောက်စီးနင်းခဲ့သည်။ နေ၀င်းအစိုးရကို စတင်တော်လှန်သော ထိုနေ့သည် ၁၉၆၄ ခုနှစ် ဇွန်လ ၄ ရက်နေ့၊ ကယန်းလက်နက်ကိုင် တော်လှန်ရေးနေ့ အဖြစ် ကယန်းလူမျိုးများ၏ သမိုင်းတွင် မှတ်တမ်းတင်ခဲ့လေပြီ။

ခိုင်မာကျစ်လစ် ကယန်းပြည်သစ်

ပီကင်းတိုက်ပွဲ အပြီးတွင် တော်လှန်ရေးကောင်စီ အစိုးရက လက်နက်နှင့် အလင်းဝင်လျှင် ဖမ်းဆီးခြင်းမပြု ဟု စည်ရုံးစကားဆိုကာ ဖိတ်ခေါ်ခဲ့သည်။ ဦးရွှေအေးနှင့် အမာခံ အချို့သာ ကျန်ရစ်ခဲ့ပြီး အများစု ရဲဘော်များ အလင်းဝင်ကြသည်။ မခံချင်စိတ်ဖြင့်သာ တိုက်ပွဲဝင်ခဲ့ကြပြီိး ခိုင်မာသော ယုံကြည်ချက် ၊ တိကျသော နိုင်ငံရေး ဦးဆောင်မှု မတည်ဆောက်နိုင်မီ တော်လှန်ရေး ဖြိုခွဲခံခဲ့ရသည်။ ကျန်ရစ်ခဲ့သော အမာခံအင်အားစုဖြင့် ကျစ်လစ်ခိုင်မာသော ဦးတည်ချက် ၊ မူဝါဒများ ရေးဆွဲကာ ကယန်းပြည်သစ် ပါတီကို ၁၉၆၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။

နိုင်ငံရေး ဦးဆောင်မည့် ပါတီဥက္ကဌအဖြစ် ဦးရွှေအေး ကတာဝန်ယူခဲ့သည်။ ကယန်းလူထုအကြား စည်းရုံးရေးဆင်းကာ လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွဲခဲ့သည်။ သို့သော် အခက်အခဲက လက်နက်ကောင်းများအားလုံး အလင်းဝင်သူများနောက် ပါသွားခဲ့ပြီ။ တချက်တချက် ကျည်မထွက်ပဲ ကြောင်နေတတ်သည့် သေနတ်အစုတ်တွေနဲ့ ဘယ်လို တော်လှန်ရေး ဆက်လုပ်မလဲ။ စဉ်းစားရပြီ။ နောက်ဆုံး ရန်သူ စစ်ကြောင်းအဖြတ်မှာ သေနတ် ၀င်လုရန် တစ်လံလောက်အကွာက စောင့်ကြသည်။ ဒါ့ထက်ဝေးလျှင်လည်း မဖြစ်။ ကျည်မထွက်လျှင် လူချင်းဝင်လုံးပြီး သေနတ်လုရန် ဆုံးဖြတ်ပြီးသား ဖြစ်သည်။ အဲဒီနေ့က စောင့်နေသူတွေကို ရွာသားတွေ ထမင်းထုပ် လာပို့ချိန်နှင့် ရန်သူ စစ်ကြောင်းလာချိန် တိုက်ဆိုင်ကာ ထမင်းထုပ်ပြန်ယူစဉ် လမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် ဥက္ကဌ ဦးရွှေအေး ခြေထောက်တွင် ကျည်သင့်ကာ ဒဏ်ရာ ရခဲ့သည်။ ကယန်း တိုင်းရင်းသမားတော်က တိုင်းရင်းဆေးများဖြင့် ဂရုတစိုက် ကုသပေးသဖြင့် မဖြတ်ရပဲ ခြေထောက်မှာ အရိုး ၃ လက္မခန့် တိုသွားခဲ့သည်။

ထိုတိုက်ပွဲမှ သင်ခန်းစာယူကာ လူအင်အားအရ ပြောက်ကျားတိုက်ပွဲ ဆင်နွဲရန်သာ အသင့်တော်ဆုံးအဖြစ် ဆုံးဖြတ်ပြီး ပြောက်ကျားစစ်ဆင်နည်းကို စနစ်တကျ တတ်မြောက်ရန် ကရင်တော်လှန်ရေးနယ်မြေသို့ တပ်ဖွဲ့ဝင် အချို့ကို စေလွှတ်ခဲ့သည်။ ကေအန်ယူမှ ကယန်းတပ်ဖွဲ့အတွက် လက်နက်ထောက်ပံ့မှုများ ရရှိခဲ့သည်။ ကယန်းနယ်မြေများတွင်လည်း စည်းရုံးရေးများကို တိုးချဲ့ လုပ်ကိုင်နိုင်ခဲ့သည်။
တော်လှန်ရေးကောင်စီလက်ထက် ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်များတွင်လည်း ကယန်းဒေသသည် လမ်းပန်းဆက်သွယ်ရေး ၊ ပညာရေး၊ ကျန်းမာရေး အားလုံး လျစ်လျူရှု ခံခဲ့ရသည့် နယ်မြေဒေသ ဖြစ်ဆဲပင်။ ဆယ်ရက်တခါ ဈေးရက်ရှိသည့် အနီးဆုံးရွာကိုပင်လျင် လမ်းမည်ကာသောလမ်းကလေးမှ တောတိုးကာ တစ်ရက်လောက်သွားကြရသည်။ ရွာသားများသည် မည်မျှပင် ဆင်းရဲစေကာမူ ကယန်းလူမျိုးတိုက်ပွဲဝင် ရဲဘော်များအတွက် ရိက္ခာထောက်ပံ့ရေးကို ဘယ်တော့မှ မငြီးငြူခဲ့ချေ။

ကယန်းမိသားစုတွင် ယောင်္ကျားလေး မွေးလာလျှင် သေနတ်တလက် အိမ်ရှေ့ခန်းတွင်ချိတ်ရသည့် ထုံးစံဓလေ့ ရှိခဲ့သည်။ တောင်ယာလုရန်၊ တောလိုက်ရန် ယောင်္ကျားလေးသည် သေနတ်ပစ်ကို ပစ်တတ်ရသည်။ ကယန်းပြည်သစ်ပါတီ၏ စည်းရုံးရေးသည် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ဖြစ်နေမှုကို ထောက်ပြဝေဖန်ရင်း ကယန်းလူမျိုးများ၏ နိမ့်ကျနေသော ပညာရေး၊ ကျန်းမာရေးတို့ကို တတ်အားသမျှ မြှင့်တင်ခြင်းဖြင့် အောင်မြင်ခဲ့သည်။ ကယန်းရွာတိုင်းရှိ လူငယ်တော်တော်များများသည် ကယန်းပြည်သစ်ပါတီဦးဆောင်သည့် ကယန်းတပ်မတော် ရဲဘော်များဖြစ်လာသည်။ စစ်ရည်စစ်သွေး ဗီဇအပြည့်ရှိသော ကယန်းတပ်မတော်မှ တိုက်ခိုက်စွမ်းရည် အပြည့်ရှိသော တပ်မှုး ၊ တပ်သား ကောင်းများ ပေါ်ထွက်လာသည်။ မဆလ လက်ထက် စစ်တပ်တွင်းရှိ တပ်မှုးများကိုယ်တိုင် အသိအမှတ်ပြုခဲ့ရသညိ။

တဖက်တွင်လည်း အခြားတိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ ဖြစ်သည့် က၊လ၊လ၊တ(ကရင်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး) ၊ ရ၊လ၊လ၊ဖ (ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့)တို့နှင့် မဟာမိတ်ဖွဲ့ကာ မဆလ၏ ထိုးစစ်ကို ကြံ့ကြံ့ခံ တွန်းလှန်နေရသည်။ မဟာမိတ် အဖွဲ့များနှင့် ပေါင်စည်းမှုမှာ ဒေသခံပြည်သူများ၏ ထောက်ခံမှုကို တိုးပွားစေခဲ့သည်။ တော်လှန်ရေး သက်တမ်းရှည်ကြာခဲ့သော်လည်း နိုင်ငံရေး ၊ စစ်ရေး အမြင်များ နိမ့်ကျသွားခြင်း အလျဉ်းမရှိချေ။

ကယန်းနယ်မြေများသည် မြန်မာနိုင်ငံ နယ်စပ်မျဉ်းများနှင့် မနီးကပ်ပဲ နိုင်ငံအတွင်းပိုင်းတွင် တည်ရှိနေခြင်း ကြောင့်  ဘေးနံဆက်စပ် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ ၁၉၉၄ တွင် န၀တ နှင့် အပစ်အခတ်ရပ်စဲရေး ရယူသောအခါ ရပ်တည်ရန် ခက်ခဲသွားတော့သည်။ ထို့ကြောင့် ၁၉၉၄ ခု ဇွန်လတွင် န၀တနှင့် အပစ်အခတ်ရပ်စဲရေး စတင်ဆွေးနွေးရတော့သည်။ ဆွေးနွေးနေစဉ် အတွင်း၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲပင် ဖြစ်သည်။ ၁၉၉၄ ခု (ဇူလိုင်) လ၊ (၂၆ )ရက်နေ့တွင် ကယန်းပြည်သစ်ပါတီ ဦးဆောင်သော ကယန်းတပ်မတော်နှင့် နအဖ တို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ အောင်မြင် ပြီးဆုံးခဲ့သည်။ မိမိနယ်အတွင်း လက်နက်ကိုင်ဆောင်ခွင့် ရှိပြီး စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်အဖြစ် သတ္တုမိုင်းတွင်း တူးဖေါ်ခွင့်၊ မိုင်းရှုးကျောက်တွင်း တူးဖေါ်ခွင့်၊ ပျဉ်းမနားရေနီဖက်ရှိ သစ်ကွင်းများ ထုတ်လုပ်ခွင့်တို့ ရရှိသည်။ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပျဉ်းမနား တို့တွင် ဆက်ဆံရေးရုံးခွဲနှင့် စီးပွားရေးရုံးများဖွင့်လှစ်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဆက်ဆံရေးရုံးချုပ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။

၁၉၉၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးတင်ဦး။ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ ကော်မတီဝင်များနှင့် ကယန်းပြည်သစ်ပါတီ ဥက္ကဌ ငိန်းကယန်းထန် (ခ) ဦိးရွှေအေး ၊ ဒုဥက္ကဌ ဦးသန်းစိုးနိုင် ၊ က၊ လ၊ လ၊ တ (ကရင်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး)မှ အတွင်းရေးမှုး ဦးမန်းသက်ဖော တို့ အလွတ်သဘော တွေ့ဆုံပွဲ ကို ရန်ကုန်မြို့ ၀င်ဒါမီယာလမ်း ဗောဓိကုန်း ကျောင်းတိုက် တွင် ပြုလုပ်ခဲ့သည်။ ထိုတွေ့ဆုံပွဲကို န၀တ ထောက်လှမ်းရေး များ မသိရှိလိုက်ပဲ ပြုလုပ်နိုင်ခဲ့သဖြင့် ကယန်းပြည်သစ်ပါတီ၏ ဥက္ကဌနှင့် ဒုဥက္ကဌကို ရန်ကုန်ထောက်လှမ်းရေးမှ ၄င်း ညတွင်ပင် ခေါ်ယူ စစ်ဆေးခဲ့သည်။ ရန်ကုန်တွင် ရုံးထိုင်သော ဒုဥက္ကဌမှ လွဲ၍ ဥက္ကဌနှင့် အဖွဲ့ဝင်အချို့၏ ခရီးသွားလာခွင့်ကို ကယားပြည်နယ် အတွင်းသာ ခွင့်ပြုခဲ့သည်၊၊

၁၉၉၇ ခုနှစ်တွင် ပျဉ်းမနားသစ်ကွင်း၌ မြေမြှုပ်မိုင်းပေါက်ကွဲ၍ အတွင်းရေးမှုး ဗိုလ်မှုးကြီးအိုက်ဒေါင်း ညာဖက်ခြေဒူးဆစ်မှ ဖြတ်ပစ်ရသည်။
၁၉၉၈ ခုနှစ် သြဂုတှ်လ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်ဖွဲ့စည်းသော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ ကို ကယန်းပြည်သစ်ပါတီ ၊ ကလလတ၊ ရလလဖ မဟာမိတ်သုံးဖွဲ့ ခေါင်းဆောင်ကြီးများမှ ပူးတွဲလက်မှတ်ထိုး၍ ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မွန်ပြည်သစ် ပါတီမှလည်း သီးခြား ထောက်ခံချက် ထုတ်ပြန်ခဲ့သည်။
နအဖ မှ ၄င်း၏တပ်များကို တိုးချဲ့ပြင်ဆင်ပြီး ထောက်လှမ်းရေးမှ တဆင့် ထောက်ခံချက် ပြန်လည် ရုပ်သိမ်းရန် ဖိအားပေးခဲ့သည်။ သုံးဖွဲ့ခေါင်းဆောင်များ အပြန်အလှန် ညှိနှိုင်းနေစဉ် က လ လ တ မှ ရုပ်သိမ်းကြောင်း ဒုဥက္ကဌ လက်မှတ်ရေးထိုး၍ ထုတ်ပြန်လိုက်သည်။ နောက်ဆုံး ရ လ လ ဖမှ လည်းထောက်လှမ်းရေး ဖိအားကြောင့် ရုပ်သိမ်းကြောင်း လက်မှတ်ရေးထိုးလိုက်ရပြန်သည်။ နောက်ဆုံးမှ ကယန်းပြည်သစ်ပါတီမှာ အားမတန်၍ မာန်လျော့ခဲ့ရသည်။

ကယန်းပြည်သစ် ပါတီ ဥက္ကဌ အနေဖြင့် ရုပ်သိမ်းကြောင်း ပြန်လည် လက်မှတ်ထိုး မပေးနိုင်သဖြင့် ပါတီဥက္ကဌ ရာထူးမှ နှုတ်ထွက်ခဲ့သည်။ှ စစ်ဦးစီးမှုး ဗိုလ်မှုးကြီးသန်းပလန်မှ “ဒေါ်အောင်ဆန်းစုကြည်အား မထောက်ခံပါ။ လက်ရှိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အားထောက်ခံပါသည်။ ”ဟု နှစ်ကြောင်းတည်းသော တိုတောင်းသည့် ထုတ်ပြန်ချက်ဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ပေးခဲ့သည်။

စုစည်းခဲ့ပြီ ကယန်းပြည်

ကယန်းပြည်သစ်ပါတီ အနေဖြင့် အပစ်အခတ်ရပ်စဲရေး ကာလအတောအတွင်း ၂၀၀၀ ခုနှစ်မှ စတင်၍ကယန်းစာပေ၊ ကယန်းဘာသာ စကား၊ ကယန်းအလံတော်၊ ကယန်းအမျိုးသား သီချင်း များကို တရားဝင်သတ်မှတ်နိုင်ခဲ့ပြီး ကယန်း အမျိုးသား ကျောက်တိုင်ကိုလည်း တည်ဆောက်နိုင်ခဲ့သည်။ ကယန်းမျိုးတူစု လေးမျိုးရှိပြီး ကယန်းကငန်၊ ကယန်း ကတော့၊ ကယန်းကခေါင်း၊ ကယန်းလာထ ဟူ၍ဖြစ်သည်။ ကယန်းစကားမှာလည်း လူမျိုးစုအလိုက် စကားများ မတူ ကြပေ။ ကယန်းရုံးသုံးဘာသာစကားအဖြစ် ဖယ်ခုံဒေသသုံး ကယန်းဘာသာ စကားကို အများသဘောတူချက် အရ သတ်မှတ်နိုင်ခဲ့ပြီး ကက်သလစ်ဘုန်းတော်ကြီးများ တီထွင်ပေးခဲ့သည့် ကက်သလစ် ဘာသာဝင်သုံး ကယန်း စာပေ ကိုလည်း ကယန်းလူမျိုး စာပေအဖြစ် သတ်မှတ်နိုင်ခဲ့သည်။ ကယန်းအမျိုးသားကျောက်တိုင်ကို သိကျိတ်ကျေးရွာတွင် စိုက်ထူပြီး ဧပြီလ (၁၀) ရက်နေ့ကို ကယန်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။

အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း နိုင်ငံရေးရပ်တည်ချက်အရ ကယန်းပြည်သစ်ပါတီအနေဖြင့် အခြားအပစ်ရပ်အဖွဲ့များထက် နအဖနှင့် ထိပ်တိုက် ရင်ဆိုင်မှုများ ပိုမို ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။ ဥက္ကဌမှအစ ဗဟိုကော်မတီများ အပါအ၀င် အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများ တိုးတက်များပြားလာသော်လည်း တော်လှန်ရေး စိတ်ဓါတ်များ ပျက်ပြားခြင်း မရှိသေးသည်ကို ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို ထောက်ခံခဲ့စဉ်က အထင်အရှားတွေ့မြင်ရသည်။ ထောက်လှမ်းရေးမှ ငြိမ်းချမ်းရေးသဘောတူချက် ပျက်ပြား သွားနိုင်သည်ဟု ခြိမ်းခြောက်သည်ကို မြို့ပေါ်ရောက် အဖွဲ့ဝင်များ (ဒုဥက္ကဌမှအစ) အားလုံး အခြေခံဒေသသို့ ပြန်လည်ဆင်းပြီိး စစ်ရေးပြင်ဆင်သည်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။

ရွေးချယ်သင့်သော လမ်း ဘယ်လို လမ်းလဲ။

ယခု ၂၀၀၅ ခုနှစ်အတွင်း အပစ်အခတ်ရပ်စဲရေးအဖွဲ့များသည် လက်နက်အပြီး အပ်ခိုင်းသည့် အခြေအနေကို ရင်ဆိုင် နေကြရပြန်သည်။ စစ်အုပ်စုအနေဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးကို အမှန်တကယ် မယုံကြည်ပဲ ကမ္ဘာ့အလယ် မျက်နှာပန်းလှရန် ပြင်ဆင်ပြသည့် ငြိမ်းချမ်းရေးသဘောတူချက်များအား အလေးမထားသည်ကို အထင်အရှား တွေ့မြင်နိုင်သည်။ ကယန်း အပစ်အခတ်ရပ်စဲရေးအဖွဲ့ အနေဖြင့် စစ်မှန်သော ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်လာလျင် လက်နက်စွန့်လွှတ်မည်ဟု ကယန်းလက်နက်ကိုင်တော်လှန်ရေး (၃၃) နှစ်မြောက်အခမ်းအနားတွင် ဥက္ကဌ ငိန်းကယန်းထန်မှ ပြောကြားခဲ့သည်။
ဒေသနယ်လေးခုအတွင်း ဖရုံသီးလေးစိတ်ကွဲလို ခွဲခြားထည့်သွင်းခြင်း ခံထားရသော ကယန်းလူမျိုးများသည် ယနေ့ကာလ၌ တခုတည်းသော ကယန်းအမျိုးသား အလံတော်အောက်တွင် ကယန်းပြည်သစ်ပါတီ၊ ကယန်းပြည်သစ် တပ်မတော်နှင့် အတူ စည်းလုံးညီညွတ်စွာ တည်ရှိနေပြီဖြစ်သည်။ ခေတ်အဆက်ဆက် ကယန်းအမျိုးသား တော်လှန်ရေးခေါင်းဆောင်များ ဖြစ်သည့် ကလိုင်းဖါးရီး၊ အိုက်သထောင်၊ သိုင်းဘဟန် တို့ကဲ့သို့ပင် ယနေ့ကာလ၌ ကယန်းအမျိုးသားခေါင်းဆောင်ကြီး ငိန်းကယန်းထန်၏ ဦးဆောင်မှုအောက်ဝယ် ကယန်းအမျိုးသားထု တရပ်လုံး စုစည်းနိုင်ခဲ့ကြပြီ။
အခြားလက်နက်ကိုင် အပစ်အခတ်ရပ်စဲရေး အင်အားစုများနည်းတူ နအဖ၏ လက်နက်ဖြုတ်ရေး အတင်းအကျပ် ဖိအားပေးမှုကို ကယန်းပြည်သစ်ပါတီ အနေဖြင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
သမိုင်းအစဉ်အဆက် တော်လှန်ရေး အစဉ်အလာ ရှိခဲ့သော ကယန်း ပြည်သစ်ပါတီနှင့် ကယန်းလူထုအနေ ဖြင့် ဘယ်လမ်းကို ရွေးမည်နည်း။ လမ်းခွဲတခုသို့ ရောက်ချေပြီ။ ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
(မိုးကြိုးသတင်းစာတွင် ဖော်ပြပြီး)
(ယခုအချိန်ထိ လက်နက်အပ်ခြင်းမရှိသေးကြောင်း သိရပါသည်)