Tuesday, October 18, 2011

၄၉နှစ်ပြည့်မှ အစပြု အတွေးမှတ်စု

             ဒီနေ့ကျင်းပတဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) ရုံးခန်းရှေ့က ပိုစတာ
 အသက် ၄၉ နှစ်ဆိုတာ လူ့လောကကြီးကို ထက်ဝက်ထက် မက အများကြီးကျော်ခဲ့တာပေါ့။
ကျမသူငယ်ချင်းတချို့ဆို ၄၀ မပြည့်ခင်ကတည်းက လူ့လောကကြီးကို ကျောခိုင်းသွားခဲ့ကြပြီ။

ဒီလိုအကျဉ်းကျခံဘ၀ကြီးထဲမှာ နေနေရတဲ့ စိတ်ခံစားချက်က ဘယ်လိုမှ ပြန်မပြောပြချင်တော့ဘူး။ ဒါပေမယ့် ခံစားသိနိုင်ပါတယ်။ နားလည်နိုင်ပါတယ်။

  သူလို လူမျိုးက ဒီလိုဒုက္ခတွေ တွေ့ကြုံခံစားရလဲ ဘာအကြောင်းပြချက်နဲ့မှ ယုံကြည်ချက်ကို ကျောခိုင်းမသွားခဲ့ဘူး။  ကိုယ်လုပ်ရမယ့် အလုပ်တွေကို တစိုက်မတ်မတ် ခုချိန်ထိ မတွန့်မဆုတ် ခိုင်ခိုင်မာမာ ရပ်တည်နေပြတာကိုပဲ ကျမကတော့လေးစားပြီးရင်း လေးစားခဲ့တယ်။

၁၉၈၈ ကာလတုန်းက မင်းကိုနိုင် ဆိုတာ သူတဦးတည်းပိုင်နာမည်လေး မဟုတ်ခဲ့  သေးပါဘူး။ နောက်ပိုင်းမှာ အဲဒီနာမည်ကို တယောက်က ယူဖို့ သဘောတူညီကြပြီးကတည်းက ဒီနာမည်ရဲ့ သမိုင်းကို အတောက်ပဆုံးထွန်းလင်းစေခဲ့သူ ၊ ကြီးကျယ်မြင့်မြတ်ခဲ့သူပါပဲ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဟာ ၁၉၈၈ ရဲ့ သြဂုတ်လ ၂၈ ရက်မှာ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပြီး ဥက္ကဌတာဝန်ကို ခိုင်ခိုင်မတ်မတ် ထမ်းဆောင်နိုင်ခဲ့သူ။ အဲဒီနောက် ၁၆ နှစ်ကျော် အကျဉ်းကျခံပြီး ပြန်လည်လွတ်မြောက်လာချိန်မှာလဲ တွန့်ဆုတ်သွားခြင်း အလျဉ်းမရှိ၊ ပြည်သူတွေအတွက် ပြည်သူ့အသံကို ရင်ဘတ်နဲ့ ခံစား နှလုံးသားနဲ့ ကြားနာ ဦးနှောက်နဲ့ ပိုင်းဖြတ်လို့ ရဲရဲကြီးရှေ့ကို တက်ခဲ့တဲ့သူ၊ ဘာအကြောင်းနဲ့မှ နောက်မဆုတ်ဘူးတဲ့၊ ဟောဒီလမ်းမတွေ ပေါ်မှာ ငါတို့ရဲဘော်ရဲဘ  က်ပြည်သူတွေရဲ့  သွေးတွေနဲ့ ၀ိဥာဉ်တွေက ဒီမိုကရေစီ ဒီမိုကရေစီနဲ့ အော်ဟစ်နေဆဲတဲ့။

ဆက်ဖတ်ချင်ရင် ခေါင်းစဉ် သို့မဟုတ် links to this post ကို ကလစ်ပါ။
ကိုမြအေး၊ကိုပြုံးချို၊ကိုဂျင်မီ၊ကိုကိုကြီး၊ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ကိုအံ့ဘွယ်ကျော်
(၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ)
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကို သူတို့ အောင်မြင်စွာ စုစည်းနိုင်ခဲ့ကြပြန်တယ်။ အဲဒီမျိုးဆက်တွေက ၁၉၈၈ခုနှစ်က တောင်းဆိုချက်တွေ မျှော်လင့်မှုတွေကို မမေ့တဲ့အသိနဲ့ မလျှော့တဲ့ဇွဲနဲ့ ဘာကိုမှ နောက်မဆုတ်ပဲ ဘယ်လိုအကြောင်းပြချက်မှ မပြောကြားပဲ ရှေ့ဆက်လျှောက်ခဲ့ကြပါတယ်။

ယုံကြည်ချက်ကို ခိုင်ခိုင်မတ်မတ်ရပ်တည်ပြီး အားလုံးကို စံပြလုပ်ဆောင်ပြနေတဲ့ ကိုမင်းကိုနိုင်နဲ့တကွ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကို ကျမလေးစားစွာ ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။
အမြန်ဆုံး ပြန်လည်လွတ်မြောက်လာနိုင်ပါစေ။

ဒီပို့စ်ရေးနေရင်း ဆက်စပ်စဉ်းစားမိသွားတာနဲ့ ကောက်ချက်ချမိတာလေးတွေကိုလဲ ဆက်ရေးပါဦးမယ်။

တကယ်တော့ ဗကသ ကနေ စစ်တပ်အာဏာမသိမ်းခင်ကတည်းက သိမ်းနိုင်တယ် ဆိုတဲ့အပေါ်စဉ်းစားချက်နဲ့ လမ်းစဉ် ၃ ခု ချမှတ်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာ အစည်းအဝေး ထပ်ထိုင်ပြီး တာဝန်တွေ ခွဲဝေတယ်
ဗကသအဖြစ် မင်းကိုနိုင်က ဆက်လက်ပြီး ပြည်တွင်း ယူဂျီပုံစံ။
မိုးသီးဇွန်က မြေပေါ်ပါတီပုံစံ။(အဲဒီမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတ်ီဖြစ်လာတယ်)
နောက်လက်နက်ကိုင်တော်လှန်ရေးအဖြစ် တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေဆီ ထွက်မယ့် အုပ်စုက လက်နက်ကိုင်တော်လှန်ရေး ပုံစံ။(အဲဒီမှာ ဗကသ ဗဟိုကော်မတီဝင်တွေ ဖြစ်ကြတဲ့ ကိုမောင်မောင်ကျော်တို့ ကိုဝင်းမိုးတို့ ကိုအောင်နိုင်တို့ ထွက်လာကြတယ် ထင်ပါတယ်။)

အဲဒီနောက်တော့ ………. နှစ်ပေါင်း ၂၀ကျော် ကြာတဲ့အခါမှာ………..
ဘယ်သူ့ဘယ်သူမှတော့ အပြစ်မပြောချင်ပါဘူး။ ဒါပေမဲ့ တော်လှန်ရေး ခရီးလမ်းမှာ ကိုယ်ရွေးချယ်ခဲ့တဲ့ အလုပ် တာဝန်ပေါ်မှာ ခိုင်ခိုင်မတ်မတ်ရပ်တည်နိုင်သူတွေသာ ခေါင်းဆောင်ကောင်းဖြစ်တယ် ဆိုတဲ့အချက်ကို ပြန်အကဲခတ်မိသွားတယ်။ သံဝေဂရစရာတွေ သင်ခန်းစာ ယူစရာတွေနဲ့ တော်လှန်ရေးတခု မတ်နေဖို့ခိုင်မြဲနေဖို့ အင်အားတောင့်တင်းနေစေဖို့က အဲဒီထဲက တယောက်ချင်းတွေရဲ့ မတ်တည်နေမှုတွေပေါ်မှာ မူတည်နေတယ် ဆိုတာပါပဲ။

ဒါကို ကျမမိတ်ဆွေတယောက်နဲ့ စကားစပ်ပြောဖြစ်တော့ စကားလုံးတွေနဲ့ လိုသလိုပြောလို့ ရတယ်လို့ ကျမမိတ်ဆွေတယောက်က ပြောပါတယ်။ သူကတော့ လက်တွေ့မှာ သူတို့ မရပ်တည်နိုင်တာကို ၂ မျိုး မြင်ရပါတယ်။ တခုက သူတို့ဟာ တာဝန်ရှိလျက်နဲ့ မရပ်တည်တာဟာ တာဝန်မကျေရာ ကျပါတယ်။ နောက်တခုက သူတို့ အဲသလို မရပ်တည်နိုင်ဖို့အတွက် အခြေအနေကလည်း ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် တဦးချင်း ကိုယ့်ကိုယ်ကို ဝေဖန်တဲ့အခါမှာတော့ ကိုယ့်ရဲ့ တာဝန်မကျေမှုကို အဓိထား ဝေဖန်သုံးသပ်ဖို့လိုပြီး၊ ဘေးကနေ ဝေဖန်တဲ့အခါမှာတော့ ခေတ်ကို ထည့်တွက်ပေးဖို့ လိုပါတယ်။ လို့ သူက သုံးသပ်ပါတယ်။
ကျမကတော့ တဦးချင်းက ၈၀ ရာနှုန်း အရေးကြီးပါတယ်လို့တောင် ပြန်ပြောခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့ …………ခုချိန်ထိ ဒီမိုကရေစီတော်လှန်ရေး လမ်းကြောင်းပေါ်မှာ ရပ်တည်နေဆဲရဲဘော်များ အားပေး ကူညီနေဆဲ ရဲဘော်များ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျမတို့တယောက်ချင်း ခိုင်မာဖို့ ကြိုးစားကြရအောင်ပါ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

4 comments:

Anonymous said...

အစ်မရေ ဒီနေ့သူ့အသံနဲ့သီချင်းနားထောင်ရင်း မျက်ရည်ကျမိသေးတယ်။ သူတို့ရဲ့ လုပ်ရပ်တွေက သူတို့ရဲ့ မျက်နှာတွေပေါ်မှာ ထင်ဟပ်နေပြီး အပေါ်က ဓါတ်ပုံမှာပါတဲ့ ခေါင်းဆောင်တွေအကုန်လုံးရဲ့ ရုပ်ရည်တွေ တကယ်ကို တည်ကြည်ပြီးလေးစားဖို့ ကောင်းတယ်လို့ တွေးမိတယ်။ တချို့ သီးလေးသီးလောက်တောင် လူတွေမသိတော့တဲ့ အော်ရုံပဲအော်ပြီး ဘာမှလက်တွေ့မပါ အဆီယစ်၊ အရက်ဖောနေတဲ့ လူတစ်ယောက်ရဲ့ ဥပဓိရုပ်နဲ့က မနှိုင်းယှဉ်နိုင်လောက်အောင်ပါပဲ။ ငယ်ရွယ်နုပျိုတဲ့ ဘ၀တခုလုံးပေးဆပ်ပြီး အကျဉ်းကျဆဲ ကိုမင်းကိုနိုင်နဲ့ ရဲဘော်အားလုံးကို အမြန်ဆုံးလွတ်မြာက်ဖို့ ဆုတောင်းနေပါတယ်။

rose of sharon said...

ကိုမင်းကိုနိုင်ကိုချစ်သောသူများ... ကိုမင်းကိုနိုင်ကချစ်သောသူများ အားလုံးအတူတကွ မွေးနေ့ပွဲကို နှစ်တိုင်းဆင်နွှဲနိုင်ပါစေ...

kay said...

အဲဒီ နာမည် ရဲ့ သမိုင်းကြောင်း အဲလို ရှိခဲ့တာ..သေချာ မသိခဲ့ဘူး

Anonymous said...

Money Make Online:

http://www.dataentryjobs.us/102269.html