Thursday, December 27, 2007

တွေးမိသမျှ (၂)

The form of the struggle is not chosen by the ruled but by the ruler.

ကိုမိုးသီးဘလော့မှာ တင်ထားတဲ့ inside of september movement 2007 ဗွီဒီယိုမှာ ကြည့်လိုက်ရတော့ တုတ်နဲ့ ကိုင်ရိုက်နေတဲ့ စစ်သား ၁၀ ယောက်လောက်ကို ထွက်ပြေးတဲ့ ယောက်ျား မိန်းမ ၁၀၀ လောက်က ပြန်သာချလိုက်ရင် ခုလို တယောက်သေတာကို မြင်ရမှာ မဟုတ်ဘူး။ လဲနေတဲ့ လူတယောက်ကို အတင်းထပ်ရိုက်နေတာကို ဘယ်လိုစိတ်ဓါတ်မျိုးတွေနဲ့ ထိုင်ကြည့်နေနိုင်သလဲ ဆိုတာကို ဘယ်လိုမှ စဉ်းစားမရဘူး။ အဲဒီမှာ ပြေးနေတဲ့လူတွေဟာ ငါတို့ ပြန်ချမယ်။ သူချ ကိုယ်ချ၊ သူသေ ကိုယ်သေ ဆိုတဲ့ စိတ်ဓါတ်မ၀င်အောင် အကြမ်းမဖက် လူထုလှုပ်ရှားမှု ဆိုတဲ့ ခေါင်းစဉ်ကပဲ ထိန်းချုပ်ထားသလား။ စဉ်းစားလေ ကျမစိတ်ထဲမှာ ပြေးသာ ချချင်လေပဲ။ မတရားတာကို ဘယ်လိုမှ ခေါင်းငုံ့ မခံချင်တဲ့ လူငယ်တွေရဲ့ စိတ်ဓါတ်တွေ တဖွားဖွားပေါ်လာခဲ့တယ်။ ၈၈ တုန်းက အဲလိုစိတ်ဓါတ်နဲ့ပဲ မဆလ တပါတီကို ခံတိုက်ဖို့ ဆုံးဖြတ် တိုက်ပွဲ ၀င်ခဲ့တာ။ နောက်လူထု တိုက်ပွဲကို ယုံလို့ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေးတွေ ဆင်းပေးခဲ့တာ။ အဲဒီတုန်းက စစ်အာဏာရှင်ဆိုတာ ကတိတည်မယ်လို့ ထင်တာကိုး။ သူတို့တွေကလည်း လူထု ကို လေးစားလိမ့်မယ် ထင်ခဲ့တာကိုး။
ခုတော့ ကျမက စစ်အုပ်စု ရွေးပေးလိုက်တဲ့ တိုက်ပွဲ လမ်းကြောင်းပေါ်မှာ ၈၈စိတ်ဓါတ်၊ ရွှေဝါရောင်စိတ်ဓါတ်တွေနဲ့ ပြည့်ဝ တက်ကြွလို့ ...

ကျမတို့ ရွေးချယ်မဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အကြမ်းဖက်မှုဆိုတဲ့(Terrorism) နဲ့ လားလားမှု မတူဘူးဆိုတာကိုလည်း နားလည်ထားမှ ဖြစ်မယ်။ ကျမပြောတဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ ပန်းတိုင်ဟာ ငြိမ်းချမ်းရေးပဲ ဖြစ်တယ်။ ဒီအာဏာရှင်ပြုတ်ကျ ပြီးရင် ငြိမ်းချမ်းရေး ရှိအောင် လုပ်ရမယ်လို့ ယုံကြည်ချက် ထားတယ်။ ဒါဟာ အနိမ့်ဆုံး လူတိုင်းသုံးတဲ့စကားနဲ့ ပြောပြတာပါ။

လက်နက်ကိုင်တော်လှန်ရေးမှာ လူတိုင်းပါဝင်နိုင်ဖို့ဆိုတာ မလွယ်တာလက်ခံပါတယ်။ ဒါပေမယ့် လူတိုင်းထောက်ခံ နေဖို့တော့ လိုပါလိမ့်မယ်။ ကမ္ဘာပေါ်က စစ်ကြီး ၂ ခုစလုံးကို ရပ်တန့်စေဖို့အတွက် စစ်ပွဲတွေကပဲ အဆုံးသတ်ပေးခဲ့တာပါ။ ဒါကိုတော့ ငြင်းနိုင်မယ် မထင်ပါဘူး။ ဒီလိုပါပဲ ဂန္ဓီရဲ့ အကြမ်းမဖက် လမ်းစဉ်အတွက် နေရူးက ဘယ်လိုပေးဆပ်ပေးခဲ့ပါသလဲ။ မင်ဒဲလား တို့ စကားဝိုင်းထိုင်နိုင်ဖို့ သူ့ရဲ့ ANC လက်နက်ကိုင် တပ်ဖွဲ့က ဘယ်လိုပံ့ပိုးပေးခဲ့ပါသလဲ ။ သမိုင်းကြောင်းတွေကို သေချာလေ့လာပြီး နောက်ကွယ်က ပံ့ပိုးမှုတွေရဲ့ အားကို သိဖို့လဲလိုပါလိမ့်မယ်။တကယ်တော့ ကျမက နအဖကို တိုက်မှ ရမယ်လို့ ယုံကြည်သူတဦးပါ။ ဘယ်လို တိုက်မလဲ ဆိုတာကိုတော့ ကျမနားမလည်ပါဘူး။ တိုက်သင့်တယ် တိုက်နေတဲ့လူတွေ တိုက်မယ့် လူတွေကို ထောက်ခံမယ်။ ထောက်ပံ့မယ်။ အကြံကောင်းတွေ ၊ နည်းနာသစ်တွေ လိုချင်တယ်။ အားလုံးဝိုင်းဝန်းရမယ်လို့ ခံယူထားသူပါ။နောက်ထပ်ပြောမယ်ဆိုရင် အများကြီး ထိခိုက်စရာတွေ ရှိလာတော့မှာမို့ ဒီအကြောင်းတော့ ရပ်လိုက်ဦးမယ်။
......
ကျမတို့ အင်အားတွေ မသာခဲ့လို့ သူတို့နိုင်နေတာလို့ ယူဆမယ်ဆိုရင် သူတို့ ကို မောင်းထုတ်နိုင်ဖို့ ၊ ကိုယ့်ကျွန် ကိုယ်ပြန်ခံနေရတဲ့ မြန်မာ ပြည်သူတွေကို စစ်ကျွန်ဘ၀က ဆွဲထုတ်ကယ်တင်နိုင်ဖို့၊ အတိုင်းအတာတခုထိတော့ ကျမတို့ စုစည်းညီညွတ်ကြရမယ်။ ဘယ်လိုနည်းလမ်းကို မဆို ကျမတို့ အားပေးကြရမယ်။ဒီတခေတ်မှာ ကျမတို့မျိုးဆက် မလုပ်နိုင်ခဲ့ရင် နောက်မျိုးဆက်တွေက အပြစ်တင်တာ ခံရမယ့်အပြင် ကျမတို့ ရင်သွေးမျိုးဆက်တွေဟာ ကမ္ဘာ့အလယ်မှာ မျက်နှာအောက်ချလို့ လူဖြစ်တယ် ဆိုရုံဘ၀မျိုးနဲ့ အသက်ရှင် သွားရတော့မယ်။

ကျမတို့နိုင်ငံရဲ့ အုပ်ချုပ်နေသူတွေ အသုံးမကျလို့ နိုင်ငံသူနိုင်ငံသားတွေ မျက်နှာငယ်ရတာတွေကို မြင်ရတိုင်း ရင်ထဲမှာ တကယ်မချိပါဘူး။ တကယ်ဆို မြန်မာနိုင်ငံသားတွေဟာ အင်မတန်တော်တဲ့ထက်တဲ့ လူမျိုးတွေပါ။ အုပ်ချုပ်သူညံ့ဖျင်းမှုက နိုင်ငံကို ဆင်းရဲစေတဲ့အပြင် နိုင်ငံသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ထက်မြက်မှုတွေကိုပါ အောက်ဆုံးအဆင့်ကို ဆွဲချလိုက်တာပါပဲ။ တိုင်းပြည်တပြည် တိုးတက်ခေတ်မှီနေဖို့က အုပ်ချုပ်သူတွေရဲ့ ထက်မြက်မှုပေါ်မှာ မူတည်တယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူးနော်။ ကျမဆက်ဆံဖူးတဲ့  နိုင်ငံခြားသား ပညာတတ်ဆိုတဲ့ လူတချို့ဟာ ကျမလောက်တောင် စည်းကမ်းမရှိ ၊ မသပ်ရပ် ၊ မထက်မြက်ဘူးဆိုတာ ကိုယ်တိုင်ကြုံခဲ့ဖူးတော့ ကျမက အဲလိုပဲ မြင်တယ်။ သူတို့အစိုးရကောင်းနေလို့ သူတို့အခြေအနေက ငါတို့ထက်သာနေတာပါလား လို့.....။

နိုင်တဲ့လူက သမိုင်းကိုရေးစတမ်းလို့ ကျမစီဘောက်မှာ နအဖ အောက်ဆွဲတယောက်က ရေးသွားခဲ့ပါတယ်။ အဲဒီသမိုင်းဟာ တကယ်တည်တန့်တဲ့ သမိုင်းဖြစ်မလား။ နောက် မျိုးဆက်သစ်တွေက ဒီသမိုင်းကို အပြစ်တင်တာ ခံမလား။ ဒီလိုပါပဲ သမိုင်းမှာ လူဆိုးဖြစ်မလား၊ လူကောင်းဖြစ်မလားဆိုတာကို နောက်မျိုးဆက်တွေက ဆုံးဖြတ်မှာပါ။ ကိုယ်ရေးတဲ့သမိုင်းကို ဖတ်မှာက နောက်မျိုးဆက်တွေဆိုတာကို မစဉ်းစားနိုင်အောင် အသိဥာဏ် နုံနဲတဲ့သူတွေကိုသာ နအဖလို လူမိုက်တွေက စည်းရုံးနိုင်တယ်ဆိုတာ လက်တွေ့ သိလိုက်ရတာလဲ ကျေနပ်စရာပါပဲ။ ဗိုလ်ချုပ်ကြီးတွေက တိုင်းပြည်ကို တကယ်ချစ်သတဲ့။ အော် .. တော်တော် ရှော်တဲ့အတွေးတွေပါလား.. လို့ ကျမ တွေးမိသေးတယ်။

တိုင်းပြည်ကို တကယ်ချစ်တဲ့လူတွေက ကိုယ့်တိုင်းပြည် တဖြည်းဖြည်းဆင်းရဲလာနေတာကို ကြည့်ရက်သတဲ့။ နိုင်ငံတွင်းက အခြေခံလူတန်းစားတွေ တပါးနိုင်ငံမှာ ကျွန်လို ရုန်းနေရတာကို ကြည့်ရက်သတဲ့။ ကိုယ့်နိုင်ငံမှာ သုံးရင် နှစ်ပေါင်း ၆၀ လောက် လင်းထိန်နေမဲ့အပြင် စက်မှုလုပ်ငန်းတွေလဲ တိုးတက်လာမဲ့ အခြေအနေရှိတဲ့ နိုင်ငံပိုင် ဂတ်စ်တွေကို အောက်ဈေးနဲ့ ရောင်းပြီး သူတို့ ကိုယ်ကျိုးအတွက် သုံးစွဲ။ တိုင်းပြည်ကိုတော့ မှောင်ချထား။ အော် ချစ်တတ်ပုံများကတော့.. အောချလောက်ရဲ့။

စစ်တပ်ကလွဲများ ကျန်တဲ့ လူများက နိုင်ငံမချစ်တတ်ဘူးတဲ့ ။ ယူဆနေပုံများ။ ကဲ .. ဒါဆိုလဲ
ဆေးရုံက ဆရာဝန်တွေ မောင်းထုတ်.. စစ်သားတွေပဲ လုပ်တော့.
ကျောင်းတွေက ဆရာတွေကို အလုပ်ဖြုတ်…. စစ်သားတွေပဲ လုပ်တော့..
အင်ဂျင်နီယာတွေ အကုန်ဖယ်….. စစ်သားတွေပဲ လုပ်တော့…
ဈေးသည်တွေ ကုန်သည်တွေလဲ အကုန်ပိတ်ခိုင်း… စစ်သားတွေပဲ လုပ်တော့..
ဆိုက်ကားဆရာ ကားဆရာတွေလဲ အကုန်နားတော့… စစ်သားတွေပဲ လုပ်တော့..
လဖက်ရည်ကော်ဖီ အသုတ်စုံ အကုန်နား…. စစ်သားတွေပဲ လုပ်တော့… ရုံးစောင့် ညစောင့် ဂိုဒေါင်စောင့်…. အကုန်နား …… စစ်သားတွေပဲ လုပ်တော့..
ဘုန်းကြီးတွေ လဲ မရှိစေနဲ့ ….. စစ်သားချင်းပဲ ရှိခိုးတော့ ( ကျမတို့ကတော့ ရှိမခိုးနိုင်ဘူးကိုး) ဟိဟိ…. စစ်သား ၄ သိန်းကို အကုန်လုပ်ဖို့ လွှဲပေးလိုက်တော့.. သူတို့တွေမှ တိုင်းပြည်ချစ်သတဲ့ .. နိုင်ငံအတွက် အလုပ်လုပ်သတဲ့…
အော် … သနားပြီးရင်း သနားရပါလား… သန်းရွှေတို့ရဲ့ တပ်မတော်ကြီးရယ်…
နောက်ဆိုရင် မိန်းမတွေ ကလေးမမွေးနဲ့ လို့ … စစ်သားတွေပဲ မွေးခိုင်းတော့မယ်….

အော်…. ကျမတို့ရဲ့တိုင်းပြည်မှာ

1 comment:

ကိုပေါ said...

မျိုးဆက်ပေါင်းများစွာ နှစ်ရှည်လများ ဖိနှိပ်ခံလိုက်ရတဲ့အခါ လူတွေရဲ့ မဟုတ်မခံ ဗီဇ သတ္တိတွေ ပျောက်ဆုံးသွားလေသလား….

အာဖရိကတောကြီးထဲမှာ မြင်းကျားတွေ၊ သမင်တွေကို ခြင်္သေ့တွေ ခွေးအတွေ လိုက်ဆွဲတဲ့အခါ ထွက်ပြေးကြသလိုမျိုး၊ မြန်မာတွေရဲ့ ဗီဇစိတ်မှာ ထွက်ပြေးဘို့ ပိုအားသန်ကြလေသလား….

လူတွေရဲ့ ဆင်ခြင်တုံတရားကို အကြောက်တရားက ဖုံးလွှမ်းသွားပြီဆိုရင် မဖြစ်သင့်တာတွေ ဖြစ်လာတော့တာပါဘဲ။

လက်နက်ကိုင်တော်လှန်ရေးကို မကန့်ကွက်ပါ။ စစ်အစိုးရကို တောထဲတောင်ထဲမှာ ဆင်းရဲဒုက္ခမျိုးစုံ ခါးစည်းခံရင် တော်လှန်နေကြသော ဒီမိုကရေစီ ဘက်တော်သား ကျောင်းသားရဲဘော်များ အပေါ်တွင် ချစ်ခင်လေးစားမှုရှိပါသည်။

သို့သော်…. လက်နက်ကိုင်တော်လှန်ရေးအောင်မြင်ဘို့ရာ ပထမ လူအင်အား၊ နောက် ငွေအင်အား (လက်နက်၊ ခဲယမ်းမီးကျောက်၊ ဆက်သွယ်ရေးကိရိယာ၊ ပို့ဆောင်ရေး၊ ဆေးဝါး၊ရိက္ခာ စသည်များအတွက်) အတော်တောင့်တင်းဘို့ လိုသည်ထင်ပါသည်။ ဒေါ်လာ သန်းနှင့်ပင် ချီ၍ လိုနိုင်ပါသည်။

ကျနော်တို့က လူစိုက်နိုင်သည် ထားဦး။ ထို၍ ထိုမျှငွေပမာဏကို ကျနော်တို့ ရဘို့ လမ်းကို စဉ်းစား၍ မရသေးပါ။ နိုင်ငံခြားအစိုးရများမှ အကူအညီမှာ ယခု ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းအရ မဖြစ်နိုင်။ ပြည်ပရောက် မြန်မာအဖွဲ့အစည်းများအတွင်းမှာလည်း ထိုမျှငွေကို ထောက်ကူနိုင်သည့် အင်အားမရှိ။

လောလောဆယ် ပြည်ပမှ ထောက်ပံ့နေသည့် ငွေအင်အားမှာလည်း ဆင့်ပါးစပ် နှမ်းပက်သလို၊ အင်မတန် နည်းပါးလှပါသည်။ (ပြည်ပက မြန်မာတွေအနေဖြင့်လည်း လှူဒါန်းငွေ သက်သက်ကိုသာ အားမကိုးဘဲ ကိုယ်ထူကိုယ်ထ စီးပွားရေးလုပ်ငန်းများ ပူပေါင်း ထူထောင်ကာ ရံပုံငွေ ရှာသင့်နေကြပါပြီ။ ၀မ်းသာစရာကောင်းသည်မှာ နိုင်ငံတချို့က အဖွဲ့အစည်းများ စတင်လုပ်ဆောင်နေကြပြီ။)

နောက်တခုက စစ်မြေတလင်း ဖြစ်လာခဲ့ရင် အသက်အိုးအိမ် စည်းစိမ်တွေ အနည်းနှင့် အများ ပျက်သုဉ်းကြဦးမည်။ ယခု စစ်မြေတလင်း မဖြစ်သေးပေမယ့်လည်း ပြည်သူတွေ အကြောင်းမဲ့ အသတ်ခံနေကြရသည် မဟုတ်လား ဟု မေးစရာရှိပါသည်။ သို့သော် စစ်ကို ကိုယ်တိုင်မကြုံဘူး ပေမယ့် အင်မတန် ခါးသီးမည့်အကြောင်းတွေကို မှန်းဆလို့ရနေပါသည်။

ယခုလောလောဆယ် ကျနော်အနေနှင့် ပိုမိုအားသန်နေသည်က ပြည်တွင်းက လူထုအားဖြင့် စစ်အစိုးရကို ဖြုတ်ချဘို့ ဖြစ်ပါသည်။ လူထုရဲ့ နိုင်ငံရေးအသိစိတ်ကို မြှင့်တင်ဘို့၊ လူထုကို စည်းရုံးဘို့၊ နောင်အချိန်မရွေး ထပ်မံပေါ်ပေါက်လာမည့် လူထုအုံကြွမှုကြီးများတွင် ဒီမိုကရေစီအင်အားစုများမှ စနစ်တကျ ဦးဆောင်မှုပေးနိုင်အောင် ကြိုတင်ပြင်ဆင်မှု၊ လျို့ဝှက်ဖွဲ့စည်းထားမှုတွေ အခုက စတင်လုပ်ဆောင်ကြဘို့ လိုသည်ထင်ပါသည်။ ကျနော်သိရသလောက် တချို့လည်း စလုပ်နေကြပါပြီ။ သို့သော် ယခုထက်ပိုမို ၀ိုင်းဝန်းကြဘို့ လိုပါသည်။

သည်လိုအခြေအနေတွေ ဖန်တီးနိုင်ဘို့ ပြည်ပကမြန်မာတွေအနေဖြင့် အများကြီး ကူညီ လုပ်ဆောင်နိုင်ပါသည်။ ကျနော်တို့ ယခုထက် ပိုကြိုးစားကြဘို့ဘဲ လိုပါသည်။