Thursday, December 31, 2009

၂၀၀၉ ကို နှုတ်ဆက်ခြင်း

၂၀၀၉ ခုနှစ်မှာ မှာ ပို့စ် ၆၀ အတိဖြစ်အောင် ဒီပို့စ်ကိုရေးပါတယ်။
၂၀၀၈ ခုနှစ်တုန်းက ထက် ရေးနိုင်အားပိုနည်းသွားပါတယ်။ ၂၀၀၇ မှာ ပို့စ် ၉၉ ၊ ၂၀၀၈ မှာ ပို့စ် ၇၉ ၊ ၂၀၀၉ မှာ ပို့စ် ၅၉ ဆိုရင် တနှစ်ကို ပို့စ်ပေါင်း ၂၀ တိတိ လျော့နည်းလာတာမို့ ဒီနှစ် အဲလို မဖြစ်ရလေအောင် ဒီပို့စ်တခုကို အမြန်ဆုံး နှစ်မကူးမီ တင်တာလေ။

တကယ်က ကျမ ဘလော့စလုပ်တုန်းက ၀တ္ထုလေးတွေ ရေးတင်ထားမယ် စိတ်ကူးဖူးပါတယ်။ ဒါပေမယ့်လဲ တကယ်တမ်းရေးဖြစ်တော့ ဘလော့မဖွင့်ခင်ကလောက်တောင် မရေးဖြစ်တော့ပါဘူး။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့လဲ ညွှန်းဆိုလောက်ဖွယ် လူတွေ နှစ်သက်တဲ့ ပို့စ်မျိုး မရေးနိုင်တာကို အသေအချာ မြင်မိလိုက်ပြန်ပါတယ်။ အိုးးး ဘာပဲ ဖြစ်ဖြစ်......... စကတည်းက ကိုယ်လုပ်ချင်တာ ကိုယ်ရေးချင်တာ ကိုယ်ပြောချင်တာတွေ ရေးချင်လို့ ဘလော့လုပ်တာပဲလေ လို့ တွေးပြီး ဆက်လက်ချီတက်နေဦးမှာပါပဲ။ ဘလော့လောကကို နှုတ်ဆက်ဖို့ ဆိုတာ တခါမှကို စိတ်မကူးမိပေါင်။ ခုနောက်ပိုင်း ဘလော့အသစ်တွေထဲမှာ ဖတ်လို့ကောင်းတဲ့ ဘလော့တွေဆိုတာ များလွန်းလို့ ဖတ်ရသူတောင် လက်မလည်နိုင် မျက်စိမနိုင် ဖြစ်နေရတာပဲ ။ ကိုယ်မရေးဖြစ်လဲ ဘယ်သူမှတော့ ပြောမယ် မထင်လေ ။

မီဒီယာမှာ လုပ်တဲ့လူဖြစ်တာမို့လဲ သတင်းတွေ ဘယ်လောက်ကြိုသိသိ၊ အချက်အလက်တွေ ဘယ်လောက် ရရ ဘလော့မှာ သတင်းမတင်ပါဘူး။ နို့မို့ ကိုယ့်အလုပ်နဲ့ ဘလော့ရေးတာကြီး ငြိနေမှာ စိုးလွန်းလို့ပါ။ ဒီတော့ ဟိုသတင်းတင်ပါလား ဒီသတင်းတင်ပါလား လာပြောလဲ ကိုယ်ကတော့ မတင်ပေါင်။

ဘလော့တခုတည်း ရှိနေတုန်းက စာတွေ လည်ဖတ် ကိုယ်လဲ စာတွေရေးနဲ့ ညနက်ထိ ကွန်ပျူတာရှေ့ ရှိနေတတ်တဲ့ ကျမက ဖေ့ဘွတ်လဲ အကောင့်ဖွင့်ပြီးရော ဂိမ်းမျိုးစုံနဲ့ အလုပ်ရှုပ်ရပြန်တာမို့ ည ၁ နာရီဆိုတာ အစောဆုံး အိပ်ချိန်ပါ။ အော်.. ဟစ်တလာ တို့ တောင် တည ၄ နာရီပဲ အိပ်တာ ။ ကိုယ်က ၆ နာရီလောက် အိပ်နိုင်တာပဲ အေးဆေးလို့ အားပေးရင်း လယ်စိုက်၊ ကော်ဖီဆိုင်ဖွင့် ၊ ငါးမွေး၊ ရိုလာကိုစတာကွင်းဖွင့်၊ ဆေးခန်းဖွင့် ၊ ချစ်စရာ အကောင်လေးမွေးနဲ့ လက်မလည်နိုင်အောင် ကွန်ပျူတာ နဲ့ မျက်နှာချင်းဆိုင်နေမိပါတယ်။ (ဖေ့ဘွတ်ထဲမှာ နာမည်အတုနဲ့ ဓါတ်ပုံလဲ မတင် ၊ ဘယ်သူပါလို့လဲ မပြောလာပဲ အတ်တဲ့ အတွက် လက်မခံလို့ စော်စော်ကားကား မိုက်မိုက်ရိုင်းရိုင်း ပြောခဲ့သူ တချို့က လွဲရင် ပျော်စရာအတော်ကောင်းတာပဲနော်)

အဲဒီဂိမ်းတွေ ဆော့ရင်း ဘ၀ဆိုတာ ဂိမ်းကစားသလိုပါပဲလို့ ဘလော်ဂါ ကိုဖြိုးက ပြောလာတာကိုလဲ စိတ်ပါလက်ပါ ထောက်ခံထားပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ ဇွဲသန်သန် ချီတက်နေတဲ့ သူတွေ အတွက် ပန်းတိုင်ဆိုတာ ရောက်ကို ရောက်လာတယ် ဆိုတာ ဂိမ်းက ပေးတဲ့ သင်ခန်းစာပါ။

ဒါ့ကြောင့်လဲ ကိုယ်ယုံကြည်ရာကို စိတ်ရှည်ရှည် ဇွဲသန်သန်နဲ့ မဆုတ်မနစ် ကြိုးစားဖို့ သံဓိဌာန်ကို ၂၀၁၀ အတွက်လဲ မပြောင်းမလဲ ချမှတ်ထားဆဲပါ။ ၂၀၀၉အတွင်းမှာ ၂၀၀၈ ထက်စာရင် ပိုစိတ်ရှည်လာတာ၊ ပိုပြီး ယဉ်ကျေးလာတာ၊ နည်းနည်းဝိတ်ကျသွားတာတွေကို တိုးတက်မှုမှတ်တမ်းအဖြစ် သိမ်းဆည်း ထားလိုက်ပါတော့မယ်။ တော်ရုံတိုက်ခိုက်မှုမျိုးကို ဘယ်လိုမှ မခံစားတတ်တဲ့ ကျမကို ခေါင်းမာသူလို့ သတ်မှတ်တာမျိုးကိုလဲ ကျေကျေနပ်နပ် လက်ခံတတ်နေပြီ။ ၂၀၀၉ ခုနှစ်မှာ လုပ်မယ်လို့ ရည်မှန်းထားချက် အများစုကို အကော်အထည်ဖော်နိုင်ခဲ့သလို ရည်မှန်းထားပြီး အခြေအနေ အချိန်အခါအရ သည်းခံစောင့်ဆိုင်းထားရတဲ့ အလုပ်တွေကိုလဲ ၂၀၁၀ မှာ အလျှော့မပေးပဲ ဆက်လုပ်ဦးမှာပဲ ဆိုတာ ၂၀၁၀ ကို ကြိုတင် အသိပေးထားလိုက်ပါတယ်။

ဘယ်တော့မှ နောက်မဆုတ်ဘူး နှစ်ထောင့်တဆယ်…
ဖွင့်လာမယ့် နှစ်သစ်တံခါးဝမှာ တို့စောင့်နေတယ်…
အားမာန်ပြင်းပြင်း ယုံကြည်ခြင်းနဲ့ ရင်ဆိုင်ဖို့ အသင့် …
.

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

ပြောချင်တာလေး ရေးပြမယ် (၂)


ဘလော့ထဲက ချစ်ညီမလေး ၂ယောက်က နှစ်သစ်ကူးလက်ဆောင်လေးတွေ ပေးပို့လာတာကို ၀မ်းမြောက်စွာ လက်ခံရရှိကြောင်း မှတ်တမ်းတင်ထားချင်ပါတယ်။
တယောက်က အော်စီကဖြစ်ပြီး တယောက်က စလုံးက ဖြစ်ပါတယ်။ သူတို့ပေးတဲ့ အလှပြင်ပစ္စည်းလေးတွေက အင်မတန် အသုံးဝင်တာမို့ နှစ်သက်မိသလို ခုလို အလေးထားသတိရတဲ့အတွက်လဲ အရမ်းကို ၀မ်းသာပျော်ရွှင်မိပါတယ်။
ချောကလက် ဗူးသေးလေးကို ရောက်ရောက်ချင်း သားတော်မောင်က ဖွင့်ပြီး မောင်ပိုင်စီးလိုက်ပါတယ်။ ကျမကတော့ မိတ်ကပ်ဗူး၊ နှုတ်ခမ်းနီဗူး၊ လိုးရှင်းဗူးတွေနဲ့ အတူပါလာတဲ့ ပုဝါဖြူဖြူလေးပေါ်က အပြာရောင် ချည်ထိုးပန်းပွင့်လေး ကို တသသ ကိုင်ကြည့်မိသလို ဓါတ်ပုံဘောင်လေး ၂ ခုပါတဲ့ နာရီသေးသေးလေး ကိုလဲ တရရ ပွေ့ထားမိပါသေးတယ်။

လက်ဆောင်ပစ္စည်းဆိုတာထက် သူတို့ ငါ့ကို သတိရနေပါလား ဆိုတဲ့ စိတ်ကလေးကတင် အရမ်းပျော်ဖို့ ကောင်းနေခဲ့တာပါလားး။ သူတို့ ဒါကို ၀ယ်နေတဲ့အခါတုန်းက၊ သူတို့ဒါတွေကို ထုတ်ပိုးတဲ့အခါတုန်းက၊ သူတို့ ဒါတွေကို စာတိုက်ကနေ ထည့်တဲ့အခါ တုန်းက ငါ့ကို သတိတရနဲ့ ပြုလုပ်နေကြပါလာ လို့ တွေးမိနေတိုင်း လောကကြီးမှာ ခင်မင်ကြင်နာခြင်းတွေ၊ ချစ်ခင်အလေးထားခြင်းတွေကို ရရှိပိုင်ဆိုင်ရတဲ့အခါမှာ ဘယ်လိုနှစ်လိုဖွယ်ကောင်းတယ် ဆိုတာ စာဖွဲ့လို့ မမှီနိုင်တော့ဘူး၊ ရင်ဘတ်တူသူတွေ ၊ ရည်ရွယ်ရာ တူသူတွေ၊ မျှော်လင့်ချက်တူသူတွေ ကြားထဲမှာ လူချင်းမတွေ့ခဲ့ကြဘူးပေမယ့် ဒီလိုသံယောဇဉ်လေးတွေ ချည်နှောင်မိခဲ့ကြပါတယ်။ အိပ်မက်မဟုတ်ဘူးနော်။ အတုအယောင် ကမ္ဘာမဟုတ်ဘူး၊ တကယ့်ကို အပြင်ကမ္ဘာလေးထဲမှာ ဆက်နွယ်မိခဲ့ကြပါပြီ။

သတိတရနဲ့ ဘလော့ပေါ်တင်မိပါတယ် ညီမတို့ရေ။ ပစ္စည်းလေးတွေကိုတော့ ဓါတ်ပုံနဲ့ တင်မပေးတော့ပါဘူးကွယ်။ မြင်မိသွားရင်လေ သူများတွေ လိုချင်သွားမှာ စိုးလို့ ပါ ဟားဟား။

(ပြောချင်တာလေး ရေးပြမယ်…နောက်ဆက်တွဲ)

တခါတုန်းကပေါ့…
ဘိုးဘွားရိပ်သာတခုကို သွားလှုဖို့စီစဉ်ရင်းသွားရောက်စုံစမ်းတော့ အသားဟင်းတခွက် အသီးအရွက်ကြော်တပွဲ ၊ ဟင်းချို တပွဲ။ အချိုပွဲ ငှက်ပျောသီး ၊ ကွေကာအုပ် နဲ့ တယောက်ဘယ်လောက် ဘယ်လောက်ဆိုပြီး တွက်ချက်ပြ တော့ သဘောတကျနဲ့ ဘိုးဘွားဘယ်နှစ်ယောက် လာရောက်မယ့် ဧည့်သည် ဘယ်နှစ်ယောက် စသဖြင့်အယောက်ရေအတိုင်း ငွေချေပေးခဲ့လိုက်တယ်။ အလှုနေ့မှာ သွားရောက်တဲ့အခါမှာ ကြက်သားဟင်းက အရိုးတုံး ခပ်သေးသေး နှစ်တုံး အရည် နည်းနည်းနဲ့ ဆွမ်းဟင်းခွက်လောက် ပန်ကန်လေးတွေနဲ့ ထည့်ထားတယ်။ ဟင်းသီး ဟင်းရွက်ကြော်ဖက်ကြည့်တော့ ဖလံတောင်ဝှေးကြော်ကိုလဲ ခုနလိုပဲ ဆွမ်းဟင်းခွက်ဖင်ကပ် လောက်ဆီထည့်ထားတယ် ။ စတီးဇွန်းနဲ့ ခပ်ရင် တဇွန်းလောက်ပဲ ပါမယ် ထင်ရတယ်။ ဟင်းချို ဆိုတာ ကြည့်တော့ ချဉ်ပေါင်ရွက် အရည်ကျဲ။ ကဲ ...အချိုပွဲ့ ငှက်ပျောသီးက ပိန်ရှုံ့ ရှုံ့ ။ ကွေကာအုပ်ဘယ်လို ဖျော်ထားပေးတယ် ဆိုတာတော့မသိ ။ လဘက်ရည်ခွက်ထဲမှာ ခပ်နည်းနည်း … မြင်ရတဲ့ခဏ ရင်ကို ဆို့သွားစေတယ်။ အလှုရှင်ရဲ့ စေတနာဟာ ဝေဒနာတွေဖြစ်သွားတော့တယ်။

ထပ်ပြီး အမြင်ရဆိုးစေတဲ့ မြင်ကွင်းက စတီးချိုင့်အကြီး ငါးဆင့်ချိုင့်ထဲကို ဟင်းထမင်းအပြည့်ထည့်ပြီး ဘိုးဘွားဂေဟာမှုးက ဘယ်ကို သယ်သွားတယ် မသိတာပါပဲ။ အဲဒါ ဘယ်ကို ပို့ဖို့လဲ လို့ သွားမေးတော့လဲ မဖြေဘူး။ တော်တော့ကိုအံ့သြဖို့ ကောင်းတဲ့ အဖြစ်အပျက်ပါ။ ဒါတကယ်ဖြစ်ခဲ့တာပါ။ ဆုတောင်းပေးနေတဲ့ ဘိုးဘွားတွေကို ကြည့်ရင်း ၀မ်းသာရမယ့်အစား ၀မ်းနည်းမိတယ်။ အဲဒီလို အလှုပေးသူတွေကို ဆုတောင်းမပေးစေချင်တော့ဘူး။ ပြီးတော့ ကြိုတင်စာရင်းပေးထားတဲ့ ဧည့်သည်ဦးရေအားလုံး ဘာမှမစားပဲ ပြန်လာခဲ့ကြတော့တယ်။ ကုသိုလ်အစား အကုသိုလ်တွေ အတုံးလိုက်ရစေလိုက်တဲ့ အလှုပေါ့။ ဒါပေမယ့် အဲဒီလို လူတွေကြောင့် ဒီဘိုးဘွားရိပ်သာလေးကို မလှုပဲ ထားခဲ့လို့ ဖြစ်ပါမတဲ့လား။

ကျမတို့ ကြိုးစားခဲ့တယ်။ သိသမျှလူတွေကို ဘိုးဘွားရိပ်သာမှာ လှုမယ်ဆိုရင် ကိုယ်တိုင်ချက်လှုကြဖို့ တိုက်တွန်းခဲ့တယ်။ ကျမတို့ အဖွဲ့တွေထဲကလဲ ကိုယ်တိုင်ချက်ပြီး မကြာခဏ သွားလှုခဲ့တယ်။ ကျမတို့ နိုင်သလောက် လုပ်ပေးခဲ့တယ်။ ဂေဟာမှုး ဆိုတဲ့ မိန်းမဟာ လူမှုရေး လုပ်ငန်းတွေ လုပ်ချင်စိတ်ရှိမှ အနစ်နာခံနိုင်မှ ဒီလို ဂေဟာမျိုးမှာ လုပ်နိုင်မယ်လို့ အသံကောင်းဟစ်ရင်း ဘိုးဘွားတွေရဲ့ ထမင်းလုပ်တွေကို ခိုးယူနေခဲ့တယ်။
ဒီလိုလူတွေကြောင့် ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကို ကျမတို့ ကျောခိုင်းပစ်ခဲ့လို့ ရနိုင်ပါ့မလား… စဉ်းစား … စဉ်းစားစေချင်ပါတယ်။

ဘယ်နယ်ပယ်မှာပဲ ဖြစ်ဖြစ် မကောင်းတဲ့လူတွေကတော့ ရှိမှာပါပဲ ။ ဒါတွေကို ကျော်လွှားနိုင်အောင် ကြိုးစားရမှာက တာဝန်ယူမှု ရှိသူ၊ အသိစိတ်ဓါတ်ရှိသူတွေ ပဲ မဟုတ်လား။ သူတို့ဟာ သူရဲကောင်းလဲ မဟုတ်သေးပါဘူး။ အမှန်ကို မြင်နိုင်သူတွေလောက်ပါပဲ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, December 28, 2009

ပြောချင်တာလေး ရေးပြမယ်

ခုတလော ရေးသင့်တဲ့အကြောင်းအရာတွေ အများကြီးတွေ့နေပေမယ့် ရေးဖို့ ဘယ်လိုမှ စိတ်တည် မရဘူးဖြစ်နေတာ ဆိုးတယ်။

ဘလော့ဖတ်ပြီး ရေးချင်တာတွေအပြင် ဖေ့ဘွတ်မှာလဲ တော်တော်ဆိုးဝါးတဲ့ အရေးအသား အတွေးအခေါ်တွေ တွေ့နေရတယ် ။ သူ့သဘောနဲ့ သူတို့ ရေးတာပါပဲလေ ထားလိုက်ပါလို့ စိတ်ထဲမှာ တွေးရပေမယ့် တကယ်ကျ ဦးနှောက်က လက်မခံချင်ဘူး။ ဘာဖြစ်လို့ သူတို့ သူတို့တွေက ဒီလိုတွေ ဖြစ်နေတာလဲ ဆိုတာပဲ စဉ်းစားနေမိတယ်။

ဒါပေမယ့် သေချာထပ်စဉ်းစားရင် လူတွေဟာ ဘယ်လိုမှ တူညီတဲ့ အတွေးအခေါ်တွေ တူညီတဲ့ စိတ်ထားတွေ ရနိုင်မှာမှ မဟုတ်တာပဲ ဆိုတဲ့ သဘောကို လက်ခံနိုင်လာတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့ စကားလုံးက နေရင်းထိုင်ရင်း ပေါ်လာတာမှမဟုတ်တာပဲ။ သူများတွေလို မမြင်တာ၊ မခံစားနိုင်တာ တွေကြောင့်ပဲ လူ့တန်ဖိုးဆိုတာတွေ ရှိလာတာပဲ မဟုတ်လား။ လူသားဘ၀မှာ ကိုယ့်ဘ၀ တန်ဖိုး ၊ လူ့ဘ၀ တန်ဖိုးတွေ နဲ့ ပိုင်းဖြတ်တဲ့အခါမှာ တယောက်နဲ့ တယောက် မတူညီနိုင်တာတွေဟာ ဒီလိုအဖြစ်အပျက်တွေ တွေးခေါ်မှုတွေကြောင့်ပဲ ဖြစ်တည်လာတာ မဟုတ်လား။၊ ပတ်ဝန်းကျင်က သော်လည်းကောင်း၊ လူအသိုင်းအ၀ိုင်း ကသော်လည်းကောင်း၊ သမိုင်းက သော်လည်းကောင်း အဲဒီတန်ဖိုးတွေအပေါ်မှာပဲ အသိအမှတ်ပြုသွားကြတယ် ဆိုတာ အချိန်က ပြောပြခဲ့မှာပါ။

တကယ့် သူရဲကောင်းတွေ ဆိုတာ သူတို့ သူရဲကောင်း လုပ်ချင်လို့ပါ ဆိုပြီး လုပ်ပြခဲ့တာ မဟုတ်သလို ကျုပ်တို့ကို သူရဲကောင်းလို့ သတ်မှတ်ကြပါလို့လဲ မတောင်းဆိုခဲ့ကြပါဘူး။ ဒါပေမယ့် လေးစားထိုက်သူကို လေးစားတယ်၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတယ် ဆိုတဲ့ လူသားဆန်တဲ့ စိတ်ထားတွေနဲ့ သူရဲကောင်းဆိုတာတွေ ခေါင်းဆောင်ဆိုတာတွေ လူ့သမိုင်းမှာ ဖြစ်တည်လာတာပါပဲ။

တကယ်က ဒုက္ခထုပ်ကို ဖြည်ကြည့်ဖို့ ငါတို့ ရွေးချယ်ခဲ့ကြတာလို့ ဘယ်သူကမှ မပြောပါဘူး။ တကယ့်သူရဲကောင်းတွေ ခေါင်းဆောင်တွေက သူ့တို့ဖာသာ ဖြည်ကြည့်သွားတာကို သမိုင်းက မှတ်ကျောက်တင် ပေးခဲ့တာပါ။ တချို့တွေဆို သူတို့ဖာသာ ဖြည်ကြည့်နေတာကိုတောင် လူတွေက သိခဲ့တာမဟုတ်ပါဘူး။ သူတို့ မရှိချိန်ကျမှ သိခဲ့ တန်ဖိုးထားခဲ့ရတာတွေ အများကြီးပါပဲ။ အဲဒီအချိန်တုန်းက သူတို့ကို ကိုယ့်ဒုက္ခ ကိုယ်ရှာနေသူတွေပါလို့ လက်ညှိုးထိုးနေသူတွေ ဝေဖန်ပြစ်တင်နေသူတွေကိုတော့ အချိန်ကာလကြီးက တိုက်စားပြီး မေ့သွားကြတာပါပဲ။

သူများတွေ စားစရာမရှိလို့ အစာတောင်းနေချိန်မှာ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပါလားလို့ ပြောခဲ့သူမိဖုရားလို၊ ရောမမြို့ကြီး မီးလောင်တော့ တယောထိုးနေနိုင်တဲ့ နီရိုးဘုရင်ကြီးလို ကိုယ်နဲ့ မဆိုင်သလို နေနိုင်တဲ့ တကိုယ်ကောင်းဆန်စိတ်တွေ ၊ မသိနားမလည်မှုတွေကို သိမြင်အောင် ကြိုးစားဖို့ဆိုတာကလဲ သူတပါးကို အားကိုးလို့ မရနိုင်ဘူး။ ဘာလို့ဆို ဒါတွေက သီအိုရီတွေ၊ ကျောင်းစာသင်ခန်းထဲက သင်ခန်းစာတွေ လိုမှ မဟုတ်တာပဲလေ။

သိချင်စိတ်နဲ့ သိလိုမှု ရှိမှဖြစ်မယ်။ အဲလို သိချင်စိတ် သိလိုမှု ရှိဖို့ဆိုပြန်တော့လဲ လိုအပ်နေတာက လူသားဆန်မှုနဲ့ ကိုယ်ခံအား( ကိုယ်ချင်းစာစိတ်)၊ နောက်တချက် ကိုယ်တိုင်အရင်သိမှ ဖြစ်မယ်ဆိုတဲ့နေရာမှာ ဘာကို သိချင်တာလဲ ဆိုတဲ့အရာကလဲ အရမ်းအရေးကြီးနေပြန်ရော။ အဲဒီနောက်မှာတော့ ကိုယ်တကယ်သိချင်တဲ့ အရာကို သေချာနားလည်ဖို့ အတွက် မျက်စေ့ဖွင့်ကြည့်မှ၊ စိတ်ကိုဖွင့်ကြည့်မှ မြင်ရမယ့်အရာပါ။ ကိုယ်တိုင်က တစုံတရာအစွဲ ရှိနေသမျှတော့ ဘယ်တော့မှ အမှန်ကို မြင်ရမယ် မဟုတ်ပါဘူး။

လူရယ်လို့ ဖြစ်လာရင် လူ့သမိုင်းတခုလုံးကို မသိတောင် ကိုယ့်သမိုင်းကိုတော့ သိနေဖို့ လိုအပ်လှပါတယ်။ လူတိုင်းမှာအတ္တကိုယ်စီ ရှိကြသလို အကြောက်တရားလဲ ရှိကြပါတယ်။ ဒါပေမယ့် အဲဒီအတ္တတွေကိုယ်စီနဲ့ကြောက်နေလျက်ကပဲ ကြောက်ကြောက်နဲ့ အများအကျိုး လုပ်ပေးနေသူတွေကိုတော့ လေးစားရမယ်ဆိုတဲ့ စိတ်ထားလေးရှိနေရင် သိပ်ကိုကောင်းတဲ့ လောကကြီးဖြစ်မှာပါပဲ။

အင်းလေ.. ၂၀၀၉ ကတော့ ကုန်တော့မှာပါ။ ဘာပဲ ဖြစ်ဖြစ် အချိန်ရေစီးကြောင်းက သူ့ထုံးစံအတိုင်း စီးဆင်းသွားနေမှာပါပဲ။ အဲဒီရေစီးကြောင်းထဲမှာ မျောပါရင်း ကိုယ်ဟာ ကိုယ့်ဘ၀အတွက် ၊ ကိုယ့်ပတ်ဝန်းကျင်အတွက်၊ ကိုယ့်နိုင်ငံအတွက်၊ နောက်ဆုံး လောကကြီးအတွက် အမှိုက်သရိုက် ဖြစ်မသွားဖို့ကြိုးစားရမှာကတော့ အသိတရားနဲ့ စဉ်းစာဉာဏ်ကို တာဝန်ပေးထားရမှာပဲ မဟုတ်ပါလား။

(မဆီမဆိုင် နောက်ဆက်တွဲ)
ခုတလော ကြားလာရတဲ့ လူထုအခြေပြုလူမှုအဖွဲ့အစည်းတွေ အကြောင်း လေ့လာရင်း၊ ကိုယ်တိုင်လဲ အင်တာဗျူးတွေ လုပ်နေရင်းနဲ့ မှတ်သားကြားသိလာရတာကတော့ တကယ့်လူမှုရေး လုပ်ငန်းတွေ လုပ်နေတဲ့ လူတွေဟာတဲ့ လိုအပ်နေတဲ့ လူတွေ( ပြည်သူတွေ) ကို ထောက်ပံ့ကယ်တင်နေယုံမကပဲ အဲဒီလူတွေ(ပြည်သူတွေ)ကို ထောက်ပံ့ကူညီဖို့ တာဝန်အရှိဆုံး နိုင်ငံအုပ်ချုပ်သူတွေရဲ့ ပျက်ကွက်မှုတွေကိုလဲ ဖော်ထုတ်ပေးနိုင်ရမယ်တဲ့။ ဒါမှသာ စစ်မှန်တဲ့ လူမှုရေး လုပ်ငန်း လုပ်ဆောင်တာပါတဲ့။

( ဒီပို့စ်နောက်ဆုံး အဆုံးသတ်လေး )
အောင်ဆန်းဦး ….အလိုမရှိ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Wednesday, December 2, 2009

ဂျူး တို့ရဲ့ ပိသုကာ အနုလက်ရာ တွေ

အဲဒီဘုရားကျောင်းကနေ မပြန်ချင်ပေမယ့် ကိုလုံးမြို့ကို အလယ်က ဖြတ်ထားတဲ့ ရိုင်းမြစ်အပေါ်က တံတားပေါ်ကို လမ်းလျှောက်ဖို့ ခရီးဆက်ရတယ်။့ လမ်းမှာ ကိုလုံးမြို့ကပဲ တူးဖော်ရရှိထားတဲ့ ရှေးဟောင်းလက်ရာ တွေကို စုဆောင်းပြသထားတဲ့ ယဉ်ကျေးမှုပြတိုက်ကို ဖြတ်ကြည့်သွားရတယ်။ အဲဒီမှာ အများစုက ဂျူးလူမျိုးတွေရဲ့ လက်ရာတွေဖြစ်တယ်။ တူးဖော်ရရှိထားတဲ့ ကျောက်တုံးတွေကို ခုလို ပြသထားတယ်။


ကိုလုံးမြို့မှာ အရင်က ဂျူးအများစုနေထိုင်ရာ ဖြစ်လို့ သူတို့ ရဲ့ အဆောက်အဦးတွေကို ရှေးဟောင်းလက်ရာမပျက် ထိန်းသိမ်းထားတာ တွေ့ရတယ်။ တနေရာမှာ ကျောက်ခင်းတဲ့ လမ်းကလေးကို ပတ်လည်အုတ်တွေစီပြီး ထားတာတွေ့တော့ ဒါဘာလုပ်ထားတာလဲ မေးမိတယ်။ အဲဒါ ဟိုးရှေးခတ်က ကမ်းနားကို သွားတဲ့လမ်းလို့ ပြောတယ်။ တကယ့်ကို လွမ်းဘွယ်ရာပဲ။ ၈ျူးလူမျိုးတွေရဲ့ အနုပညာလက်ရာတွေကို မြင်တော့ အာရပ် အစ္စရေး ၆ ရက်ကြာစစ်ပွဲ တို့ အို..ဂျေရုဆလင်တို့ ဖတ်ပြီး ဂျူးလူမျိုးတွေကို ကြိုက်ခဲ့တဲ့ ကျမက လွမ်းသွားတာဖြစ်မှာပါ။

ကျောက်တုံးစီလမ်းကလေး
လမ်းလျှောက်ကြည့်ချင်တာနဲ့ လျှောက်လိုက်မိသေးတယ်
ရေတွင်းလေးကို ထိန်းသိမ်းထားတဲ့နေရာ
နံရံက ကျောက်ထွင်းအနုပညာ လက်ရာ
နောက်တံတားဆီမရောက်ခင် ထပ်ဖြတ်ရတဲ့တနေရာကတော့ သံစုံတီးဝိုင်းတွေ ဖြေဖျော်တဲ့နေရာတဲ့။ ယဉ်ကျေးမှုပြဇာတ်ရုံ လို့ ကျမက ကိုယ့်ဖာသာ မှတ်ထားလိုက်တယ်။ ဒီအဆောက်အဦရဲ့ ထူးခြားချက်ကို ကြည့်ရင် အမိုးတွေကို လုပ်ထားတာ ရောမခေတ်က စစ်သည်တော်တွေရဲ့ ဦးထုပ်တွေပုံစံမျိုးမြင်ရတယ်။ နောက် ကျမတို့ လမ်းလျှောက်လာတဲ့ အောက်ခင်း အုတ်ကွက်တွေရဲ့ အောက်တည့်တည့်နေရာက သံစုံတီးဝိုင်း ရှိတဲ့နေရာတဲ့။ အဲဒီအောက်ကနေ တီးနေတာလို့ ပြောတယ် ။ အထဲကိုတော့ ၀င်မကြည့်ဖြစ်ခဲ့ဘူး။ အဲဒီအဆောက်အဦရှေ့နားကနေ ပြန်ကြည့်ရင် နောက်က ရိုမန်ကက်သလစ်ဘုရားကျောင်းကို မြင်ရတာ သိပ်လှတာပဲ။
အမိုးတွေပုံက ရောမသံချပ်ကာဝတ်စစ်သားရဲ့ ဦးထုပ်တွေလိုပဲနော်
ရိုမန်ကက်သလစ် ဘုရားကျောင်းကိုနောက်ကျောက မြင်ရပုံ

အဲဒီကနေ ကိုလုံးမြို့ဟိုဘက်ကမ်း ကို ဆက်သွယ်ထားတဲ့ တံတားကို အလယ်နားရောက်တဲ့ထိလျှောက်ပြီး ကြည့်မိတယ်။ အဲဒီဘက်ကမ်းကတော့ အေးချမ်းတယ် ပြောရမယ်ထင်တယ်။ ကျမနေထိုင် လည်ပတ်ခဲ့တဲ့ဘက်ခြမ်းမှာ အစိုးရရုံးတွေ ကုမ္ပဏီတွေနဲ့ ပိုပြီးစည်ကားပါတယ်။ ကိုလုံးတမြို့တည်းဖြစ်အောင် တံတားတွေနဲ့ ဆက်သွယ်ထားတာ သိပ်ကြည့်လို့ကောင်းတယ်။
ဟိုဘက်ကမ်းက ကိုလုံးကတော့ ငြိမ်သက်လို့
အဲဒီလို တံတားတွေ အများကြီးပဲ

အဲဒီတံတားတွေပေါ်မှာ ကားချည်းဖြတ်တာ။ ရထားနဲ့ ကားဖြတ်တာ၊ ကားနဲ့ လူဖြတ်တာ အဲဒီလို ခွဲခြားထားတဲ့ တံတားတွေ အများကြီးပဲ မြင်ခဲ့ရတယ်။ ကျမ အမှတ်မှားဘူးဆို အစင်း ၂၀ ကျော်လို့ ပြောတာ မှတ်လိုက်မိသလိုပဲ။ အဲဒီတံတားပေါ်လျှောက်နေရင်း ဧရာဝတီမြစ်ကြီးရဲ့ ဟိုဘက် ဒီဘက်မြို့တွေကို ခုလိုပဲ ခေတ်မှီမှီ တံတားတွေ နဲ့ ဆက်သွယ်ပေးလိုက်ရရင် ဘယ်လောက်ကောင်းမလဲလို့ ရွှေပြည်တော်ကြီးကို မျှော်တွေးကြည့်မိစိတ် ဖြစ်ခဲ့သေးတယ်။ အဲဒါဆိုရင် မြန်မာပြည် တပတ် ခရီးထွက်လို့ ကောင်းလိုက်မယ့် ဖြစ်ခြင်းလို့ …
သဘောင်္ပေါ်က နှစ်ကူးဖို့ ကြိုတင် ပြင်ဆင်ချက်
တံတားအောက်က သင်္ဘောတွေမှာတော့ နှစ်သစ်ကူးဖို့အတွက် ပြင်ဆင်ခြယ်သထားတာများ အားကျမိပါရဲ့။ ဒီလိုသင်္ဘောနဲ့ မြစ်ပြင်ကျယ်မှာ အပျော်စီးရင်း နှစ်သစ်ကို ကြိုဆိုလိုက်ရရင် သိပ်ကောင်းမှာလို့ မတန်မရာလဲ လုပ်ချင်နေသေးတယ်။

အဲဒီတံတားပေါ်က ဆင်းပြီး ကမ်းနားလမ်းတလျှောက် ဆက်လျှောက်ဖြစ်ကြတယ်။ အဲဒီမှာ ထူးခြားတာက ကမ်းနားလမ်းကြီးက ကျယ်ပြန့်လွန်းတဲ့အပြင် လမ်းနေရာတွေမှာ သံပြားတွေ မူလီပေါက်တွေ တန်းစီပြီ တွေ့နေတာပဲ။ ဒါနဲ့ အဲဒါ ဘာတွေလဲပေါ့ မေးတော့ ၁၉၉၅ ခုနှစ်က မြစ်ရေ အကြီးအကျယ်တက်ပြီး ကမ်းနားက အိမ်တွေ ဆိုင်တွေ မြုပ်ခဲ့ဘူးတယ်တဲ့။ အဲလို အဖြစ်မျိုးမကြုံရအောင် ရေတက်လာရင် ခုန ကွန်ကရစ်ခင်းထားတဲ့ သံပြားတွေ နေရာတွေနဲ့ မူလီပေါက်တွေနေရာတွေမှာ သံတိုင်တွေစိုက် မှန်တွေနဲ့ ကာပစ်တာတဲ့။ ဟမ် ဒီကမ်းနားတောက်လျှောက်လား ဆိုတော့ ဟုတ်တယ်တဲ့။ အမ်မလေး ဒီလောက်အရှည်ကြီးကို ဘယ်သူတွေက လုပ်သလဲ ကိုယ့်ဖာသာ လုပ်ရတာလားပေါ့။ အဲလိုမေးမိတယ်လေ။ မြန်မာနိုင်ငံသားဆိုတော့ ကိုယ်ထူကိုယ်ထ စနစ်က အရိုးစွဲနေတာကိုး ။ မဟုတ်ဘူးတဲ့ ၊ အဲဒါအကုန် စည်ပင်က လုပ်ပေးတာတဲ့ ။ အော် ကောင်းလေစွတကားပေါ့။ ဘယ်နေရာပဲ ရောက်ရောက် ကိုယ့်တိုင်းပြည်နဲ့ ယှဉ်တွေးမိနေတတ်တာကတော့ အားလုံးတူမယ်ထင်ပါတယ်လေ။ ကိုယ့်ပြည်ကြီးကိုလဲ တိုးတက်စေချင်ကြတာပဲ မဟုတ်လား။
၁၉၉၅ ရေကြီးတုန်းက အဖြစ်အပျက်မှတ်တမ်း
ဒီလို သံပြားတွေပေါ်မှာ မူလီနဲ့ မှန်တွေ လိုက်တပ်သတဲ့

(ဆက်ရေးပါဦးမယ်)
ချစ်ခင်စွာဖြင့် ခင်မင်းဇော်

Tuesday, November 24, 2009

Cologne မြို့ကို ရောက်တယ် လျှောက်လည်...

ဘူတာကြီးထဲကို ဆင်းလာတော့ ကျမသူငယ်ချင်းကို တွေ့ရတော့ ၀မ်းသားအားရ နှုတ်ဆက်ကြတာ သူ့သမီးကတောင်လန့်သွားလေရဲ့။ ဒါနဲ့ သူတို့ကားနဲ့ တည်းမယ့်အိမ်ကို လိုက်ပို့ပြီးနောက်နေ့ နေ့လည်လာခေါ်မယ်တဲ့။ အဲဒီနေ့ ညဘက်မှာ ကျမသူငယ်ချင်းတွေ အလုပ်လုပ်တဲ့ ထိုင်းစားသောက်ဆိုင်လေးကို မမာနဲ့ တူတူသွားကြတယ်။ ဆိုင်လေးက ချစ်စရာလေးပဲ။ ဆိုင်က စားဖိုမှုး ထိုင်းမက ထိုင်းက လာတယ်ဆိုတော့ သူတို့ ထိုင်းစာလေးတွေ လုပ်ပြီးဧည့်ခံတယ် နောက် ထိုင်းလိုလာပြောတယ်။ ကိုယ်ကလဲ ဆ၀ါဒီခ ကလွဲပြီး ဘာမှမတတ်တော့ ဂျာမဏီရောက် သူငယ်ချင်းတွေက ရယ်ကြတယ်။ သူတို့က ထိုင်း စားဖိုမှုးတွေ နဲ့ပေါင်းပြီး ကိုယ့်ထက်တောင် ထိုင်းလိုတတ်နေသေးကိုးး။ ဆိုင်ရှင်က ဗမာပဲတဲ့။ ဒါပေမယ့် မတွေ့ခဲ့ဘူး။ အဲဒီကနေ ညတော်တော်နက်မှ ပြန်ဖြစ်တယ်။ နောက် အိမ်ရောက်တော့ မနက်ဖြန်လျှောက်လည်ဖို့ ကိုအောင်သူ ရုံးပိတ်ရက်နဲ့ တိုက်တာမို့ အဆင်ပြေပြေ နဲ့ လိုက်ပို့မယ့်လူ ရသွားတယ်ပေါ့။
သူငယ်ချင်းမိသားစုနဲ့ အမှတ်တရ
မူလတန်းကတည်းက ငယ်သူငယ်ချင်း၊လာကြိုပေးတဲ့ မမာတို့နဲ့ အတူ


ကိုလုံးမြို့ကတော့ ဂျာမဏီနိုင်ငံရဲ့ မီဒီယာမြို့ပါပဲ။ ဂျာမဏီနိုင်ငံ ပြည်တွင်း မီဒီယာတွေရဲ့ ရုံးချုပ်တွေ အားလုံးရှိသလို နိုင်ငံခြားကိုလွှင့်တဲ့ ဒီဒဗလျူ(DW) ရုပ်သံလိုင်းလဲ အဲဒီမှာပဲ အခြေစိုက်တယ်။ အဲဒီရုံးနားကို သွားပြီး ဓါတ်ပုံရိုက်ခဲ့တယ်။ အဆောက်အဦးကြီးက လမ်းကို ဖြတ်ပြီးဆောက်ထားတယ်။ မီဒီယာမြို့တော်ဖြစ်တော့ သတင်းထောက်တွေ များပြီး အားလုံးကဈေးကြီးသတဲ့။ (သတင်းထောက်တွေ ဆိုတော့ ၀င်ငွေများတယ် သုံးတယ် ဖြုန်းတယ်လို့ ဆိုလိုချင်တာ ထင်ပါတယ်။)
အဲဒါကတော့ နိုင်ငံခြားကို သီးသန့်ထုတ်လွှင့်တဲ့ ဂျာမဏီရုပ်သံ (ပြည်တွင်းလိုင်းအတွက်မဟုတ်)

ကိုလုံးမြို့လို့ ပြောတာနဲ့ တွဲပြီးနာမည်ကြီးတာက အော်ဒီကလုံး ရေမွှေးပါပဲ။ ကျမတို့ ငယ်ငယ်တုန်းက မြန်မာနိုင်ငံမှာတော့ အော်ဒီကလုံးအနံ့လေး ရှုလိုက်ရရင် ခေါင်းမူးပြေလို့ အမောပြေလို့ ဆိုတဲ့ အဆိုကြောင့် ဒီနာမည်ကို ရင်းနှီးနေတာပါ။ အဲဒီရေမွှေးထုတ်လုပ်ဖြန့်ချီရောင်းချတဲ့နေရာကို ကမ္ဘာလှည့်ခရီးသည်တိုင်း အရောက်သွားကြတယ်ဆိုပြီး ကျမကိုလဲ လိုက်ပို့ပေးပါတယ်။
အော်ဒီကလုံး ရေမွှေးဆိုင်
သူတို့ ဆိုင်ရဲ့ နံရံမှာ နပိုလီယန်ဘုရင်က ၄၇၁၁ လို့ ရေးပေးခဲ့တဲ့အတွက် သူတို့ရေမွှေးမှာ အဲဒီနံပါတ်ကို ထည့်ထားတာလို့ ဆိုပါတယ်။ အော်ဒီကလုံးရေမွှေးရဲ့ သင်္ကေတအဖြစ် ၄၇၁၁ ကို ဂုဏ်ယူသတ်မှတ်ထားတာမို့ ဆိုင်ရဲ့ ရှေ့မျက်နှာစာမှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။
နပိုလီယန်ဘုရင်က ရေးပေးနေတဲ့ပုံ ပန်းချီကားကို အတွင်းနံရံမှာ ခုလို ရေးဆွဲထားတယ်။
4711 ဆိုတာ အော်ဒီကလုံးရေမွှေးရဲ့ သင်္ကေတ
အထဲကို ၀င်သွားရင် ရေမွှေးတွေကျနေတဲ့ ရေပိုက်ခေါင်းနဲ့ ဘေစင်ကို တွေ့ရပါတယ်။ အဲဒါရေမွှေးတွေဆိုလို့ လက်နဲ့ခံပြီး ရှုကြည့်တော့ ငယ်ငယ်က ရှုခဲ့ဖူးတဲ့ အနံ့ကို သတိတရဖြစ်မိပါသေးတယ်။ခုတော့ ရေမွှေးအသစ် အနံ့အမျိုးမျိုးနဲ့ ထုတ်လုပ်ရောင်းချနေပေမယ့် အော်ဒီကလုံး အနံ့မူလလက်ဟောင်းကတော့ လူသိများပြီး လက်ဆောင်အဖြစ် ပေးလို့ရအောင် ပုလင်းသေးသေးလေးတွေနဲ့ စီစဉ်ပေးထားတာမို့ ရောင်းကောင်းနေဆဲပါ။
အဲဒါ ရေမွှေးတွေပေါ့
လက်ဆောင်ဝယ်ဖို့ ကြည့်နေတာ
ပြီးရင် အရောင်းစာရေးမဆီမှာ ငွေချေဖို့ တန်းစီ

နောက်တနေရာကတော့ ကမ္ဘာ့အကြီးဆုံး ရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်းတွေထဲမှာ ပါတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းပါ။ ကျမလည်တဲ့ ရက်က တနင်္ဂနွေ ဖြစ်တာမို့ လူပိုစည်ပါတယ်။ ဒါ့အပြင် အဲဒီမြို့မှာ နေတဲ့ သူတွေတောင် မရောက်ဖူးတဲ့ မြေအောက်ခန်းတွေကိုပါ ဖွင့်ပေးတဲ့ ရက်နဲ့ တိုက်ဆိုင်တာမို့ အောက်အထိ ဆင်းကြည့်ခဲ့ပါတယ်။ မြေအောက်မှာဘုရားရှိခို့ဖို့ အခန်းတွေ လုပ်ထားတာ တွေ့ရတော့ သူတို့က မြေအောက်မှာလဲ ပုန်းခိုရင်း ဘုရားရှိခိုးနိုင်အောင်များ လုပ်ထားသလား တွေးမိပါသေးတယ်။ ဒါပေမယ့်လဲ အပေါ်က ဘုရားရှိခိုးကျောင်းကြီးလဲ ရှိနေပြီး ဘာလို့ မြေအောက်ခန်းတွေ အများကြီး လုပ်ထားသလဲ ဆိုတာ မသိခဲ့ပါဘူး။ ဂျာမန်လူမျိုးတွေနဲ့ ခင်မင်ခဲ့ရင် ဒီမေးခွန်းကို မေးချင်ပါသေးတယ်။
ဘုရားကျောင်းအောက်ခြေ
ဘုရားကျောင်းအပေါ်ပိုင်း
ဘုရားရှိခိုးတဲ့အခါ မြည်တဲ့ ဂီတသံကို အပေါ်ဘက်က လာတာမို့ ဆောင်းဘောက်စ် များတပ်ထားသလား လိုက်ရှာကြည့်တော့ မျက်နှာကျက်လို နေရာကနေ အသံမြည်အောင် လုပ်ထားတာ တွေ့ရပါတယ်။ အလင်းရောင်ဝင်အောင် ထည့်ထားတဲ့ မှန်တွေပေါ်မှာလဲ တော်တော့်ကို ရှေးကျတဲ့ ပန်းချီလက်ရာတွေနဲ့ မို့ ဓါတ်ပုံရိုက်ချင်စိတ်နဲ့ အဲဒီဘုရားကျောင်းထဲ အေးအေးလူလူ တနေ့လုံး နေပစ်ချင်စိတ်တောင် ဖြစ်မိပါတယ်။
ဂီတသံစဉ်တွေတီးခတ်တာ အဲဒီကရိယာတွေကတဲ့၊ (ပိုက်လိုင်းကြီးတွေလို သံအခေါင်းကြီးတွေ နံရံမှာ တပ်ထားတာ)
အဲလို မှန်တွေ အပေါ်ပိုင်းနံရံ ပတ်ပတ်လည်တပ်ထားတယ်
ကျမအမေဖက်က အမျိုးတွေက တရုပ်ခရစ်ယာန်တွေဖြစ်တာမို့ ဘုရားရှိခိုးကျောင်းက ကျမနဲ့မစိမ်းပါဘူး။ ဒါ့ကြောင့်လဲ ဒီနေရာကို ရင်းနှီးနေသလို ခံစားရမိတာထင်ပါရဲ့။ အော်ဒီကလုံးရေမွှေးဆိုင်နဲ့ ဒီဘုရားကျောင်း ၂ ခုနဲ့တင် ဒီခရီးကို တန်တယ်လို့ ကျမက တန်ဖိုးဖြတ်မိပါတယ်။
(ဆက်ရေးပါဦးမယ်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Friday, November 20, 2009

ကိုလုံးမြို့ကို အသွားလမ်း...

အမြန်ရထားလိုင်းကို ၀ယ်ထားတာမို့ စီးရမယ့် ရထားက သဘောကျစရာပါ။ ကွန်ပျူတာ သုံးရင် သုံးရမယ့် ပလပ်ပေါက်ပါတယ်။ လူကလဲ ရထားတွဲထဲမှာ နည်းနည်းပဲ ရှိတယ်။ ကျမ၀ယ်ထားတဲ့ တွဲမှာ ကျမရယ် ဂျာမဏီအဖိုးကြီး အဖွားကြီးစုံတွဲရယ်ပဲ ပါတယ်။ ကျမကို ဘယ်ကလဲ မေးတော့ ဘားမားလို့ဆိုတော့ မသိဘူး။ နောက် ၁၉၉၁ ခုနှစ်နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုရော သိပါသလားဆိုတော့ အဖိုးကြီးက သိတယ်သိတယ် ဆိုပြီး သူ့မိန်းမကို ဂျာမန်လို ပြန်ရှင်းပြတယ်။ သူ နေတဲ့ တိုင်းပြည်နာမည်က ဘားမားလေ အဲဒါ ကျမတို့ တိုင်းပြည်လို့ ပြောတော့ လက်ဆွဲနှုတ်ဆက်တယ်။ (အန်တီ့ကြောင့် ကျမတို့ နိုင်ငံကို လူပိုသိတာကတော့ ခရီးတိုင်းမှာပါပဲ)။ အဖိုးကြီးအဖွားကြီးက ဖော်ဖော်ရွေရွေပဲ ၊ ရထားက ကိုလုံးရောက်ဖို့ ၂ နာရီစီးရမယ်။ ရထားဆိုက်ချိန်အတိအကျလဲ ရေးထားတယ်။ ကိုလုံးက ဂိတ်ဆုံးမဟုတ်ပဲ ဆက်သွားမှာမို့ မှားမဆင်းဖို့ အိပ်ပျော်မနေဖို့ ကိုသက်ဦးက သေချာမှာတယ်။ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ဆိုပြီး ရထားကြီးနဲ့ ခရီးဆက်ခဲ့ပါတယ်။

မြို့အထွက် တံတားပေါ်က အဖြတ်မှာ အောက်ဖက် ရထားလမ်းတွေကို ရိုက်ထားတာ..

ရထားလက်မှတ်စစ်လာတော့ နေရာ ယူထားတဲ့ လက်မှတ်ပြတယ်။ သူက မဟုတ်ဘူးတဲ့။ ဟမ် .. ငါ့ဆီမှာ ဒါပဲ ရှိတယ်ဆိုတော့ နောက်တခု ရှိဦးမယ်တဲ့။ မသိဘူး မရှိတော့ဘူးလို့ ပြောတော့ ဒါဆို ၄၉ ယူရို ကျတယ်တဲ့။ ဟာ ငါပိုက်ဆံပေးပြီးသား ဆိုတော့ မသိဘူးတဲ့။ ခုန ကိုသက်ဦးပေးတုန်းက ပိုက်ဆံချေထားတဲ့ ဖြတ်ပိုင်းစာရွက်ကို လုံးဝ မေ့နေတယ်။ သတိကို မရဘူး။ သူကလဲ နောက်တရွက်ပေးဦး တဲ့ ကိုယ်ကလဲ ဒါပဲ ရှိတယ်နဲ့ ၄၉ ယူရို ပေးလိုက်ရလေရော။ လက်မှတ်စစ်ထွက်သွားပြီး ဘာလို့ ပေးရတာလဲ ပိုက်ဆံချေပြီးလို့ ဒီမှာနေရာ လက်မှတ်တောင် ရထားပြီးသား ဥစ္စာကို ဘာလဲ ဘာမှားလဲ စဉ်းစား စဉ်းစား နဲ့ စဉ်းစားတော့မှ ဟာ… နေရာလက်မှတ်က ဒီတိုင်း ထုတ်လဲ ရတာပဲ ထင်တယ်ပေါ့။ ပိုက်ဆံချေထားတာကို ပြရမယ်ထင်တယ် ဆိုပြီး အတွေးပေါက်တော့တယ်။ ခုန ပိုက်ဆံကောက်တဲ့ လက်မှတ်စစ်ကိုလဲ မတွေ့တော့ဘူး။ ရထားတွဲထဲမှာ ကိုယ်တို့ သုံးယောက်တည်း။ ဒါနဲ့ ခုန ဂျာမဏီအဖိုးကြီးနဲ့ အဖွားကြီး ဆီကို သွားပြီး ဒီစာရွက်ကို အခုမှ တွေ့တယ်။ ဒီမှာ ပိုက်ဆံပေးပြီးသား မို့ ခုန ရထားခပေးလိုက်ရတာကို ပြန်ပြောပေးပါလို့ အကူအညီတောင်းရတယ်။ အင်္ဂလိပ်စကားကလဲ ကောင်းတာမဟုတ်တော့ သူတို့ နားလည်ပါ့မလားလဲ စိုးရိမ်ရသေးတယ်။ ဒါပေမယ့် အဖွားကြီးက သဘောပေါက်လွယ်တယ်။ လက်မှတ်ကို ယူကြည့်ပြီး သူ့အဖိုးကြီးနဲ့ စကားတွေ ပြောတယ်။ နောက်အဖိုးကြီး တွဲထဲက ထထွက်သွားတယ်။ ကိုယ့်နေရာ ကိုယ်ပြန်ထိုင်ပြီး စောင့်နေလိုက်တော့ မကြာဘူး အဖိုးကြီး ပြန်လာတော့ ခုန လက်မှတ်စစ်လဲ ပါလာတယ်။ သူက ကျမလက်ထဲက ငွေချေထားတဲ့ ပြေစာ စာရွက်ကလေးကို ပြန်ကြည့်ပြီး သူ့ခါးက ကရိယာလေးမှာ ဟိုနှိပ်ဒီနှိပ်နဲ့ နောက်တော့ ၄၉ ယူရို ပြန်ပေးပါလေရော.. ၊ ကျေးဇူးတင်ပါတယ် အများကြီး ကျေးဇူးတင်ပါတယ် ဆိုတာကို စိတ်ပါ လက်ပါပြောပေးလိုက်တယ်။ ယူရို၅၀ ဆိုတာ နည်းတာကြီးမှ မဟုတ်တာနော်။

အကူအညီတွေပေးခဲ့တဲ့ အဖိုးအဖွား ဂျာမန်စုံတွဲ

ရထားစီးတဲ့ ၂ နာရီမှာ အိပ်ဖို့တောင် သတိမရလိုက်ဘူး။ ဂျာမဏီထဲက ဖြတ်စီးတဲ့ မြစ်က ရိုင်းမြစ်ထင်တာပဲ။ တောင်ကမ်းပါးတွေမှာ တည်ထားတဲ့ မြို့နဲ့ မြစ်ထဲမှာ သွားနေတဲ့ သဘောင်္တွေကို သဘောကျလွန်းလို့ တဖျတ်ဖျတ်ဓါတ်ပုံရိုက်ပစ်တယ်။ ရထားလမ်းရယ် မြစ်ရယ်တခါတလေ ကားလမ်းရယ် အဲလိုဘေးချင်းယှဉ်ပြီး သွားနေတာ တွေ့ရရင် ဘယ်လိုပျော်မှန်းမသိဘူး။ မြန်မာနိုင်ငံထဲမှာလဲ အဲဒီလိုနေရာတခု ရှိတယ်။ လွိုင်ကော်ကနေ ဖယ်ခုံမြို့ဖက်ကို သွားရင် မိုးဗြဲဆည်ရယ် ကားလမ်းရယ် ရထားလမ်းရယ်က နီးနီးလေးနဲ့ သုံးခု ယှဉ်နေတယ်။ သိပ်သဘောကျဖို့ကောင်းတယ်။ လှလဲ အရမ်းလှတယ်။ အဲဒီနေရာ ကို ရောက်တိုင်း ကားရပ်ခိုင်းပြီး ရပ်ကြည့်မိတယ်။ ခုလဲ တော်တော်လှတဲ့ ရှုခင်းတွေကို ကြည့်ပြီး အိပ်ဖို့ မေ့သွားတယ်။
ရထားလမ်း ကားလမ်းနဲ့ မြစ် သုံးခု တူယှဉ်တွဲနေတာ မလှဘူးလား...

မြစ်ထဲမှာ သဘောင်္တစင်းမောင်းနေတာ လှသလို ရေလည်ထိ ထိုးထွက်နေတဲ့ ကျွန်းမြေလေးကလဲ လွမ်းစရာ

ကိုလုံးမြိုနားရောက်ခါနီးမြို့လေးတမြို့မှာ ခုန ဂျာမဏီ အဖိုးကြီးအဖွားကြီး စုံတွဲ ဆင်းသွားတယ်။ ကျမကို ပျော်ရွှင်ဘွယ်ရာ ခရီးစဉ်ဖြစ်ပါစေတဲ့။ ဆိုက်ရောက်ရမယ့် နာရီအရ ကိုလုံးရောက်ခါနီး ကျေညာသံကို နားစိုက်ထောင်နေရတယ်။ မတော် မကြားလိုက်ပဲ မြို့ကျော်သွားမှာ စိုးလို့လေ။ ကိုလုံးမြို့နာမည် အသံကြားတော့ ရထားတွဲကနေ ထွက်ပေါက်ကို ထွက်နေတော့ ဟိုဘက်တွဲက စုံတွဲတတွဲလဲ ထွက်ရပ်နေတယ်။ ဒါ ကိုလုံးမြို့ပါနော်ဆိုတော့ ဟုတ်တယ်တဲ့။

ရထားက ၅ မိနစ်လောက်ပဲ ရပ်တာမို့ ဆင်းလိုက်ပြီး လာကြိုမယ့် အမကို ရှာနေတုန်း ဆံပင်ရှည်ရှည်နဲ့ အမတယောက်က ဒီဘက်လာနေတာ တွေ့ရတယ်။ ဒီအမပဲ ထင်တယ် လို့ စိတ်ထဲမှာ တွေးနေတုန်း မခင်မင်းဇော်မဟုတ်လား ဆိုပြီး လာမေးတယ်။ မမာ မဟုတ်လားဟင် ဆိုပြီး ၀မ်းသာအားရ နှုတ်ဆက်လိုက်တော့ လာလာ တဲ့ ဘူတာထဲမှာ ညီမသူငယ်ချင်းမိသားစုလဲ ရောက်နေပြီတဲ့။ ( တကယ်ဆို မမာက ကျမကို ဘလော့ထဲက ဓါတ်ပုံပဲ မြင်ဖူးတာပါ။ ဖုန်းတွေ ပြောနေပေမယ့် လူချင်းတခါမှမဆုံဖူးဘူး။ မမာရဲ့ အမျိုးသားက ဘလော်ဂါ နှင်းခါးမိုးတို့ရဲ့ အမှုတွဲတူတွေလေ။ ဒီခရီးကိုလာမယ်ဆိုတော့ ကျမသူငယ်ချင်းတွေရဲ့ ဖုန်းတွေ အီးမေလ်းတွေက ဆက်သွယ်လို့ မရဖြစ်နေချိန်မှာ မမာတို့ရှိတယ်ဆိုပြီး ဖုန်းခေါ် ကျမသူငယ်ချင်းတွေ ရှိသေးလားမေးမြန်းပြီး လာခဲ့ရတာပါ။ မမာက သူအဲဒီနေ့ အလုပ်အားတယ် လာကြိုပေးမယ် ပြောလို့ အားလုံးအဆင်ပြေ ချောမွေ့ခဲ့ရတယ်။ မလာခင် ကျမရဲ့ ဘလော့ပေါ်က ဓါတ်ပုံတွေကို သေချာပြန်ကြည့်ခဲ့ရသေးတယ်တဲ့။ သူတို့ မိသားစုကတော့ ကျမအမျိုးသားနဲ့ ကိုနှင်းခါးမိုး တို့ရဲ့ အသိမိတ်ဆွေတွေပါ။ ဒါပေမယ့် ဧည့်ဝတ်ကျေတာကတော့ ပြောမယုံကြုံဖူးမှ သိလို့ ပြောရလောက်ပါတယ်။ )

(ဆက်ရေးပါဦးမယ်)

Sunday, November 15, 2009

ဂျာမဏီကို ရောက်ခဲ့တယ်...

အင်တာနက်ပျက်နေတော့ တီဗွီချည်း ထိုင်ကြည့်ဖြစ်နေတယ်။ ဒါနဲ့ပဲ နိုဝင်ဘာလ ၉ ရက်နေ့က ဘာလင်တံတိုင်းပြိုတဲ့ နှစ် ၂၀ ပြည့် သတင်းတွေကို ကြည့်ဖြစ်ရင်း ဂျာမဏီကို အလည်တခေါက် ရောက်ခဲ့တာလေး ရေးချင်လာမိတယ်။( မနှစ်က နှစ်သစ်ကူးကို ဂျာမဏီမှာ သူငယ်ချင်းတွေနဲ့ဆုံခဲ့တယ်။)

အဲဒီဂျာမဏီခရီးစဉ်ရဲ့ စီစဉ်သူအစက ဒိန်းမတ်ကို လာခဲ့ပါလို့ ဘလော့စီဘောက်ကနေ လာဖိတ်တဲ့ ကိုသက်ဦးပါပဲ။ ကျမ နော်ဝေးကိုရောက်နေတုန်း ဒိန်းမတ်ကို လာလည်ဖို့ ဖိတ်ခေါ်ပြီးတော့ ကျမက ဆက်သွယ်ပြီး ရက်ချိန်းတော့ ကျမသွားချင်တဲ့ ရက်မှာ သူတို့က ဂျာမဏီကို သွားဖို့စီစဉ်ထားတယ်တဲ့။ ဒါနဲ့ ဗီဇာလဲ ထပ်ယူစရာမလိုဘူးဆိုတော့ ကျမလဲ ဂျာမဏီထိ လိုက်လာမယ်ပေါ့။ အဲဒီမှာ သူနဲ့ ဆုံမယ့် မြို့ကို သွားဖို့ လေယာဉ်လက်မှတ်ဈေးကြည့်တာ ၀ယ်ပေးတာ အကုန်လုံးကို စီစဉ်ပေးပါတော့တယ်။
ဆိုက်ရောက်မယ့် လေဆိပ်ကိုပါ လာကြိုပေးပါ့မယ်တဲ့…
အမလေး ၀မ်းသာလိုက်တာပေါ့… လာခဲ့မယ်.. စိတ်ချလို့ ..
ကျမကလဲ လမ်းသလားနေရမယ်ဆို နှစ်ခါမခေါ်ရတဲ့ လူဆိုတော့ မမိုက်လားးး။ နောက်ပြီး ဂျာမဏီမှာ ကျမနဲ့ သူငယ်တန်းကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်း သူငယ်ချင်းနဲ့ ကောလိပ်မှာ ခင်တဲ့ သူငယ်ချင်း လင်မယားစုံတွဲကလဲ ရှိနေသေးတယ်။ နောက် တမြို့တည်းက သူငယ်ချင်းတယောက်လဲ ရှိသေးတယ်။ ဒီတော့ ဒီလမ်းကို ကျမမသွားရင် ဘယ်သူသွားမလဲနော်….။ ဒီလိုနဲ့ ဂျာမဏီက ဖရန့်ဖွတ်ဆိုတဲ့ မြို့ကို လေယာဉ်စီးပြီး သွားခဲ့တယ်။
ရထားစောင့်တော့ ဘူတာမှာ လူကလဲ ရှင်းလွန်းလို့ ဓါတ်ပုံရိုက်ယူလိုက်တာ..
နော်ဝေးကနေ ဘတ်ဂျက်လေယာဉ်စီးတော့ အသွားမှာ အခွန်ပဲဆောင်ရတယ်။ လေယာဉ်ခက ဖရီးလေ … ဟဟ။ ကျောပိုးအိတ်ထဲ အ၀တ် ၂ စုံထည့်ပြီး ဒီတိုင်းသွားလိုက်တာပဲ။ နော်ဝေးနိုင်ငံ အော်စလိုလေယာဉ်ကွင်းကနေ ဂျာမဏီ ဖရန့်ဖွတ်မြို့ အနားက မြို့ကို လေယာဉ်စီးရတာ ၂ နာရီလောက်ပဲ ကြာတယ်။ လေယာဉ်ဆိုက်တော့ အထွက်ပေါက်နားမှာ စောင့်နေတဲ့ ကိုသက်ဦးကို တန်းတွေ့တာပဲ။ ရှာစရာတောင်မလိုဘူး။ ကိုသက်ဦးက နာရီမှားပြီး စောရောက်နေတာတဲ့။ အားနာစရာတော့ ကောင်းနေတာပါပဲ။ အဲဒီလေယာဉ်ကွင်းကနေ ဖရန့်ဖွတ်ကို ကားစီးဖို့ လက်မှတ်ဖြတ်တော့ ၁၂ ယူရို ကျတယ်။ ကားက နည်းနည်းစောင့်ရမယ်ဆိုလို့ အပြင်မှာအေးတာနဲ့ အထဲကို ပြန်ဝင်ပြီးစောင့်ရတယ်။
၂နာရီကြာ ကားစီးပြီး ဖရန့်ဖွတ်မြို့ထဲကို ရောက်တယ်။ ဖရန့်ဖွတ်မြို့ဘူတာကြီးကနေ ကိုသက်ဦးတည်းနေတဲ့ အိမ်ကို ရထားတဆင့်စီးရသေးတယ်။ ကိုသက်ဦးက ရထားလက်မှတ်အပိုတစောင်ပါ ယူလာတော့ ကျမအတွက် လက်မှတ်ထပ်ဝယ်စရာ မလိုဘူးပေါ့။
ထိုင်စောင့်ဖို့ ခုံလေးတွေက မိုက်တယ်နော်

ဒါနဲ့ပဲ ကား တဆင့် ရထားတဆင့်စီးပြီး ကိုသက်ဦးတို့ တည်းနေတဲ့ အိမ်ကို ရောက်တယ်။ အိမ်မှာလဲ ကိုသက်ဦး မဟေသီရဲ့ လက်ရာဟင်းတွေ အစုံအလင်နဲ့ ညစာထမင်းစားဖို့ စောင့်နေကြတာတွေ့ရတယ်။ ကိုသက်ဦးမဟေသီက တော်တော်ချောသလို သမီးတွေကလဲ အချောလေးတွေချည်းပဲ။ ( တကယ်ပြောတာ) ကိုသက်ဦးရဲ့ မိသားစုက မဲဆောက်ကို ရောက်ဖူးတော့ မဲဆောက်က အသိမိတ်ဆွေတွေ သတင်းမေး နောက် အလာပသလာပတွေ ပြောပြီး ကျမကို အိပ်ခိုင်းတယ်။ မနက်ကျ ဖရန့်ဖွတ်မြို့က မြန်မာဘုန်းကြီးကျောင်းကို သွားလည်မယ်လို့ ပြောတယ် နောက် ဖရန့်ဖွတ်မြို့ထဲ လျှောက်လည်မယ် တဲ့။ အိပ်ဆိုတော့လဲ အိပ်ရတာပဲပေါ့။ ဒီခရီးစဉ်မှာ သူက ဒါရိုက်တာကြီးကိုးးး။
ဘုန်းကြီးကျောင်းအသွားလမ်းကလေး
နောက်နေ့ မနက်ရောက်တော့ ဘုန်းကြီးကျောင်းကို အရင်သွားတယ်။ ကျမကလဲ ရောက်တဲ့နောက် ဘုန်းကြီးနဲ့လဲ မဲဆောက်မှာ ခင်နေတော့ အင်တာဗျူးလေး ရိုက်သွားဦးမယ်ဆိုပြီး ကင်မရာကို အသင့်ပြင်ပြီး ဘုန်းကြီးကို လျှောက်တယ်။ ဘုန်းကြီးကလဲ ရပါတယ်တဲ့။ အဆင်ကိုပြေလို့။ အဲဒီက ပြီးတော့ ဖရန့်ဖွတ်မြို့ထဲကို လျှောက်လည်ကြတယ်။
စီးပွားရေးမြို့တဲ့ မနက်စောစောမှာ လူရှင်းလိုက်တာ(နှစ်သစ်ကူးဖို့ ရုံးတွေမှာ လူတောင်မရှိဘူး ထင်ပါရဲ့)
ဖရန့်ဖွတ် မြို့ဟာ ဂျာမဏီရဲ့ စီးပွားရေးမြို့တော်ဖြစ်တာမို့ စားသောက်ဆိုင်တွေ ကုမ္ပဏီတွေ၊ ရှော့ပင်းစင်တာတွေနဲ့ တော်တော်စည်းကားတယ်။ အဲဒီမြို့က စားသောက်ဆိုင် တော်တော်များမျာကို တရုပ်တွေကဖွင့်ထားပြီး အဲဒီဆိုင်တွေမှာ မြန်မာနိုင်ငံသားတွေ ရှိတယ်။ တမြို့တည်းမှာ မြန်မာ ငါးရာကျော်ရှိတယ်။ ကျမလာလည်တယ်ဆိုတဲ့ သတင်းက ဒီအသိုင်းအ၀ိုင်းမှာ ပြန့်နှံ့တာလဲ မြန်တယ်။ ဘူတာမှာ အလုပ်တခုနဲ့ တခု အပြောင်း အချိန်မှာ မြန်မာတွေ စုတွေ့ကြလေ့ ရှိတာမို့ တော်တော်များများနဲ့ တွေ့ခဲ့ရတယ်။ ဂျာမဏီက အော်စလိုလောက်မအေးပေမယ့် အပူချိန်ကတော့ မိုင်းနပ် ပါပဲ။ ကျမရောက်တုန်းက မိုင်းနပ် သရီး စင်တီဂရိတ်ထင်တယ်။
ကားတွေများပုံက ခွင့်ယူပြီး နယူးရီးယားကြိုဖို့ ဈေးဝယ်ထွက်ကြသတဲ့

စီးပွားရေးမြို့တော်ဖြစ်လေတော့ ကားတွေလဲ တော်တော်များတယ်။ နော်ဝေးက လာတဲ့ကျမကတော့ နော်ဝေးမှာ ကားသိပ်မတွေ့ရသလောက် လမ်းမပေါ်ကားကျပ်နေတဲ့ ဂျာမဏီကမြင်ကွင်းကို ဓါတ်ပုံရိုက်ယူလာသေးတယ်။ နောက် စီးပွားရေးရဲ့ အဓိက ငွေကြေးအဖြစ် ယူရိုငွေကို သုံးတဲ့ ဂျာမဏီမှာ ယူရိုသင်္ကေတ နဲ့လဲ ဓါတ်ပုံရိုက်ရတယ်လို့ ကိုသက်ဦးက အကြံပေးတာနဲ့ အဲဒီရှေ့ကိုလဲ အရောက်သွားပြီး ဓါတ်ပုံရိုက်လိုက်သေးတယ်။
ယူရိုငွေတွေ ကိုင်မသုံးနိုင်ပေမယ့် ယူရိုတံဆိပ်ကြီးနဲ့တော့ မစိမ်းပါဘူး လို့ သက်သေပြဖို့
ရထားစီးလိုက် လမ်းလျှောက်လိုက်နဲ့ သွားပြီး တော်တော်ကြာလာတော့ ဗိုက်ဆာလာတာနဲ့ ကိုသက်ဦးက ဈေးသက်သာပြီး စားလို့ကောင်းတဲ့ တရုပ်ဆိုင်တဆိုင်ကို ခေါ်သွားမယ်ဆိုပြီး ခေါ်သွားတယ်။ ကျမတို့လဲ တွေ့တဲ့ တရုပ်ဆိုင်ကို ၀င်လိုက်ပြီး ထိုင်ပြီးမှ ဆိုင်မှားသွားပြီတဲ့။ နေပါစေတော့ ဒီဆိုင်မှာပဲ စားတော့မယ် ဆိုပြီး မစားရတာ ကြာနေတဲ့ ထမင်းကြော်မှာစားတယ်။ ကိုသက်ဦးက ခေါက်ဆွဲကြော် ။ ဘာသောက်မလဲ ဆိုတော့
ကိုသက်ဦးက ကိုကာကိုလာ ကျမက ရေ မှာလိုက်တယ်။ စားပြီးသောက်ပြီး ရှင်းတော့ ကုတ်နဲ့ ရေက ဈေးတူတူပဲ။ ဟိ ကျမက ရေဆို အလကားရမယ်ထင်တာလေ။ (ကျမက အချိုရည်လဲ မကြိုက်ပါ) ဒါပေမယ့် ဆိုဒါရေတွေ မဟုတ်တာမို့ ကျေးဇူးတောင် တင်ပါသေးတယ်။ ဆွီဒင်မှာတုန်းက ရေမှာတိုင်း ဆိုဒါချည်း သောက်နေရတာကိုး။

စားသောက်ပြီးတော့ ကျမသူငယ်ချင်းတွေနေတဲ့ ကိုလုံးမြို့ကို ခရီးဆက်ဖို့ ဘူတာကို သွားရပါတယ်။ အော်စလိုမှာ ကတည်းက ဖရန့်ဖွတ်ကနေ ကိုလုံးသွားဖို့ ရထားလက်မှတ်ကိုလဲ ကြိုဝယ်ဖို့ ပြောထားတာမို့ အင်တာနက်ထဲကပဲ ကိုသက်ဦးက ၀ယ်ပေးထားပါတယ်။ အဲဒါ နေရာ လက်မှတ်ကလေးနဲ့ ငွေရှင်းပြီးတဲ့ လက်မှတ်လေးကို ကျမကို သေသေချာချာပေးထားတယ်။ ငွေရှင်းပြီးသား လက်မှတ်ကတော့ ပြစရာမလိုတော့ဘူးထင်တယ် နေရာလက်မှတ်ကတော့ ပြရမယ်ထင်တယ်နဲ့ ကျမတို့ မြန်မာပြည်ထုံးစံအတိုင်း စဉ်းစားလို့လက်မှတ်ကို သိမ်းပြီး ခရီးဆက်ခဲ့ပါတော့တယ်။

ဖရန့်ဖွတ်မြို့ရဲ့ ဘူတာရုံ

စီးသွားရမယ့် ရထားနဲ့အတူ..
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, November 9, 2009

အချစ်ဆိုသည်မှာ....

ချစ်တတ်သူများသာ ဖတ်ရန်...
၁)
ခြံဝန်းခပ်သေးသေးထဲက နှစ်ထပ်အိမ်ထဲကို ၀င်လာကတည်းက စိတ်ထဲက လေးလံနေတဲ့ ခံစားမှုမျိုးကို ခံစားနေရသည်။ သုံးနှစ်ကျော် လေးနှစ်လောက် မတွေ့ရတဲ့ မောင့်သွင်ပြင်ကို ဘယ်လိုနေမလဲ ခန့်မှန်းနိုင်ဖို့ပင် ကိုယ့်ကိုယ်ကို မသေချာတော့။ စေ့ရုံစေ့ထားတဲ့ ခြံဝန်းတံခါးကို တွန်းဖွင့်ရင်း ခပ်ဖြည်းဖြည်းလှမ်းလာခဲ့သည်။ ခြံထဲက သိပ်မကျယ်တဲ့ မြေကလေးမှာပဲ ပန်းပင်မျိုးစုံစိုက်ထားတဲ့ စင်လေးနဲ့ သီးပင်တချို့ကို စိမ်းစိမ်စိုစိုတွေ့ရတော့ မောင်က အသက်ကြီးလာတော့ အပင်စိုက်ဖို့ ၀ါသနာများ ပါလာပြီလားလို့ တွေးမိသေးသည်။ အိမ်ရှေ့တံခါးကို ဖွင့်ထားတာမို့ တံခါးရှေ့မှာ ရပ်ရင်း အိမ်ထဲကို အကဲခတ်ကြည့်လိုက်မိသည်။ တိတ်ဆိတ်ပြီး လူရိပ်လူယောင်မမြင်ရတဲ့ အိမ်ကလေးရဲ့ နံရံက မောင့်ဓါတ်ပုံကိုတွေ့မိတော့ ဒီအိမ်မှာ မောင်နေတာ သေချာတယ်ဆိုတဲ့ အသိစိတ်တမျိုးနဲ့ အားတက်လာသလိုလို ခံစားမိသည်။

ဘယ်လိုအသံထွက်ခေါ်ရမလဲ စဉ်းစားနေတုန်း ဘယ်သူနဲ့တွေ့ချင်လို့လဲ ရှင်ဆိုတဲ့ အသက်ခပ်ကြီးကြီး အဒေါ်ကြီးတယောက်ရဲ့ အသံကို စကြားရပြီး လူကိုမြင်လိုက်ရတော့ မောင့်နာမည်နဲ့ တွေ့ချင်လို့ ပါ ပြောလိုက်တဲ့အသံက ဘာကြောင့်များ တိုးလွန်းသွားရပါသလဲ။ အော် အပြင်ခဏသွားတယ်။ အထဲမှာ ၀င်စောင့်ပါဦးနော်။ ပြန်လာတော့မယ်ဆိုတဲ့ စကားသံအောက်မှာ အိမ်ထဲကိုလှမ်းဝင်လိုက်မိသည်။ အိမ်ထဲမှာတော့ မောင့် ဓါတ်ပုံတပုံတည်းကလွဲပြီး ဘာဓါတ်ပုံမှ ထပ်မတွေ့ရတော့ပါ။

ခုန အဒေါ်ကြီးက သောက်ရေတခွက်ကို ကမ်းပေးရင်း သမီးရေလို့ လှမ်းခေါ်သံကို ကြားရသည်။ ကလေးသေးသေးလေးကို ချီပြီးထွက်လာတဲ့ သူ့သမီးနဲ့လဲ မိတ်ဆက်ပေးနေပြန်သည်။ မီးထွက်တာ သိပ်မကြာသေးတဲ့အကြောင်းနဲ့ သူတို့မှာလဲ ဒီသမီးတယောက်တည်းသာ ရှိတဲ့အကြောင်း ဒါ့ကြောင့် သမီးနောက်ကိုလိုက်နေတာ ဖြစ်ကြောင်း၊ သားမက်ကလဲ သဘောကောင်းတဲ့အကြောင်း ရွှန်းရွှန်းဝေ ပြောနေတာကို အလိုက်သင့် နားထောင်ရင်း မောင်အမြန်ပြန်လာပါစေ ဆုတောင်းနေမိသည်။

မောင့်နာမည်ခေါ်သံကြားပြီး ဘာတော်လဲ မေးတဲ့မေးခွန်းမှာတော့ ကျမ သူ့အမျိုးသမီးပါလို့ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်မိတယ် ထင်သည်။ ပျက်ယွင်းသွားတဲ့ သူတို့ ရဲ့ မျက်နှာတွေကို ကျမတအံ့တသြ ငေးကြည့်မိသည်။ ငါဘာများ မှားပြောမိပါလိမ့်။ နောက် ခေါင်းထဲမှာ လင်းကနဲ တချက်ဖြစ်သွားသလို ဖျတ်ကနဲ စိတ်မထိန်းနိုင်တော့ပဲ စကားလုံးတွေ သွန်ချအော်ဟစ်ပစ်မိပြီ။

မောလိုက်တာ…. မောလိုက်တာ…… အော်ဟစ်ပေါက်ကွဲနေသံတွေ ကြားမှာ ချစ်ဆိုတဲ့ ခေါ်သံတခုကို ကြားလိုက်မိသလို လို…. ဒါမောင့်အသံပဲ…. မောင်… မောင် .. မောင့်မျက်နှာပေါ်က ယူကျူံးမရ နာကျင်ကြေကွဲနေပုံကို မြင်လိုက်ရတဲ့ တခဏမှာတော့ တိတ်ဆိတ် ငြိမ်သက်သွားရပြီ။ မောင် ရယ်….။
------
------


၂)
…………
အော်……
လာသွားတယ်…
………
……………..
အေးးး ဒါ့ကြောင့် မင်းမိန်းမ မနက်က ငါ့မိန်းမ သူ့သူငယ်ချင်းဆီကို လာသွားတယ်။ ဘာတွေလာပြောလဲ မသိပါဘူး။ ငါ့နှုတ်ဆက်တာတောင် ပြန်နှုတ်မဆက်ပဲ ထွက်သွားတယ်။ မျက်နှာလဲ မကောင်းဘူး။
……………..
............
ဟေ့ကောင် .. အဲဒါ အချစ်ကွ…

၃)
အဲဒီမျက်လုံး အဲဒီအကြည့်ကို ဘယ်တော့မှမမေ့ဘူး မောင်…
ကိုယ်အဲလိုကြည့်ဖူးလို့လား…..
မြင်ဖူးလိုက်တယ်မောင်… တကယ့်ကို မခံစားနိုင်တဲ့ အကြည့်……… အမှားကျူးလွန်မိလို့ နောင်တရသလိုမျိုးမဟုတ်ဘူး။ ယူကျုံးမရဖြစ်ပြီး ကြေကွဲ ၀မ်းနည်း ဆိုတဲ့အကြည့်။ အချစ်တွေ အများကြီးပျော်ဝင်နေရက်နဲ့ ထားခဲ့ရတဲ့ အကြည့်….
ဘယ်မှာလဲ ချစ်ရာ………တကယ်လဲ မဟုတ်ပဲနဲ့……
အိပ်မက်ကို အိပ်မက်လို ထားပါ ချစ်ရာ….. ချစ် ဟိုတလောက ဆက်တိုက်ကြားတဲ့ သတင်းတွေကို စိတ်ထဲမှာ စွဲပြီး ဖြစ်တာပဲ ။
အင်းးးး ဖြစ်နိုင်တာပဲ ဒါပေမယ့် မမေ့ဘူး………. အဲဒီအကြည့်…….
အိပ်မက်မို့လို့တော်တော့တယ်။
ဟားဟားးးး
အဲဒါ မောင့်ပေါ်ထားတဲ့ ချစ်ရဲ့ အချစ်ပဲ မဟုတ်လားးးး
……….
………..
၎)
အချစ်ဆိုသည်မှာ…… အံ့သြမှုများနဲ့ဆန်းကြယ်သောအရာ
အချစ်ဆိုသည်မှာ ……လူသားတိုင်းရဲ့ နှလုံးသားထက်အရှင်သခင်
အချစ်ဆိုသည်မှာ……. ကြေကွဲခြင်းနဲ့မျက်ရည်တို့ရဲ့ကဗျာ
အချစ်ဆိုသည်မှာ……. ခံစားချက်တို့မွေးဖွားရာနေရာ
……………
အချစ်ဆိုသည်မှာ…… ကြည်နူးကြတဲ့အခိုက် လမင်းတရာ
အချစ်ဆိုသည်မှာ……. ၀မ်းနည်းတဲ့အခါ နေမင်းကဋေကဋာ
အချစ်ဆိုသည်မှာ……. တားဆီးတတ်တဲ့အိပ်စက်ခြင်းများစွာ
အချစ်ဆိုသည်မှာ…… အိပ်မက်များရဲ့အာရုဏ်ဦးအလှတရား
……….
တကယ်ဆိုရင်….. အချစ်ဟာဖြေရှင်းမရတဲ့ပြဿနာ
တကယ်ဆိုရင်….. အချစ်ဟာအဖြေရှာမရတဲ့ပုစ္ဆာ
ငါကိုယ်တိုင်အချစ်ဟာ.. ဘာလဲမသိတော့ပါ
တခါတရံအချစ်ဆိုတဲ့အရာနဲ့ ဆုံဆည်းလိုက်ချင်တယ်
တခါတရံတော့….. အချစ်နဲ့ဝေးချင်တယ်……..။

(ထွန်းအိန္ဒြာဗိုလ်ရဲ့ ဒိုင်ယာရီ ၂ ခွေတွဲထဲက ဒီသီချင်းကို ခုတလော ခဏခဏ ဖွင့်ကြည့် နားထောင် လိုက်လို့ ဆိုညည်းမိနေတယ်။ ဒီသီချင်း ယူကျု့မှာ တင်ထားတာ ရှိရင် တယောက်ယောက် လင့် လာပေးပါနော်။)
(တန်ခူးအတွက် ဒီသီချင်းလေးနဲ့လိုက်ဖက်နိုင်မယ့် စိတ်ကူးယဉ်ရေးဖွဲ့မှုလေးကို လက်ဆောင် ပေးလိုက်တယ်၊ နောက်ကျမှ ရေးပေးလို့ ခွင့်လွှတ်ပါကွယ်)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, October 25, 2009

နီကိုရဲ အတွက် ရေးတဲ့စာ

စာရေးဆရာ နီကိုရဲ ဆုံးတာကို မျက်နှာ စာမျက်နှာပေါ်မှာ မနော်ရေးမှ သိလိုက်ရတယ်။ စိတ်မကောင်းဖြစ်မိတယ်။ သူနဲ့ ပြန်ဆုံရဦးမယ်လို့ တွေးထားတာ။

တလောက ချင်းမိုင်ရောက်တုန်းကတောင် တူးတူးသာနဲ့ သူ့အကြောင်းပြောမိသေးတယ်။ သူ့စာအုပ်အသစ်မထွက်နိုင်တာ ထုတ်ဝေသူက ညစ်ပတ်ထားတဲ့အကြောင်းတွေ စုံစုံလင်လင်ပြောဖြစ်တယ်။ အနုပညာသမားကတော့ စီးပွားရေး ဘယ်သိပါ့မလဲလေ။ ကိုယ့်အပေါ်ကောင်းလှချည်လား ထင်ပြီး အဲဒီလူကို ပစ်ယုံတတ်ကြတယ် မဟုတ်လား။ ဒါနဲ့ပဲ သူ စိတ်ညစ်ခဲ့ရမယ်။ အနုပညာသမားမို့လဲ ပိုခံစားတတ်ခဲ့လိမ့်မယ် ထင်ပါတယ်။

သူနဲ့ ကျမကလဲ ဆုံတွေ့ခင်မင်ခဲ့ပုံက ရိုးပါတယ်။ စာအုပ်ထုတ်ဝေရေးလုပ်တော့ လေထန်ကုန်းမှာ သူငယ်ချင်းခက်မာနဲ့ တူတူ သွားသွားထိုင်တတ်တယ်။ အဲဒီမှာ ခင်ခဲ့တာပဲ ၊ သူက ဗေဒင်တွက်တတ်တယ် လက္ခဏာကြည့်တတ်တယ်။ ဒီတော့ ပိုပြီး ခင်မင်ဖို့ လွယ်ကူတယ်။ လက်ကလေး ထိုးပေးပြီး အပျင်းပြေ ကြည့်နေကြတဲ့ အုပ်စုက ကျမတို့ခက်မာတို့ မေငြိမ်းတို့ပေါ့။ အဲဒီ ၉၅ နှစ်ကုန်ပိုင်း ၉၆ နှစ်စ ပိုင်းတွေမှာ တနင်္လာသမီးများဖြစ်ကြတဲ့ မေငြိမ်း၊ ခက်မာ၊ မိုချာ့၊ မိုးချိုသင်း၊ ကေသီ ၊ ကျမ ဆိုတဲ့ ခင်မင်းဇော်တို့ ကျားမတွေ ဆုံတွေ့ပြီး မခွဲပဲ တတွဲတွဲ ရှိခဲ့ဖူးတဲ့ရက်စွဲတွေပေါ့။

ဗွီဒီယို ကင်မရာတလုံးနဲ့ ရန်ကုန်မြို့လည်မှာ လျှောက်သွားနေတဲ့ ကျမနောက်ကို ကင်မရာအိတ်ထမ်းပြီး မကြည် ဟိုလူတွေ ရိုက်ပါလား။ ဒီရှုခင်းမိုက်တယ် ရိုက်ရိုက်ဆိုပြီး မြှောက်ပေးတတ်တာ နာမည်ကျော် စာရေးဆရာ မဖြစ်သေးတဲ့ စာရေးဆရာပေါက်စ နီကိုရဲခေါ် ကိုရဲပါပဲ။ ဒါပေမယ့် အဲဒီအချိန်ကတည်းက သူ့စာတွေက မဂ္ဂဇင်းတွေမှာတော့ နာမည်ထွက်နေပြီ။ ကြည်ပြာရောင်နဂ္ဂတစ်များထဲက မသီတာကို နာမည်ပြောင်းပေးရတဲ့အချိန်လဲ ဖြစ်မယ်ထင်ပါတယ်။

သူနဲ့ ကျမက ညနေစောပိုင်းတွေမှာ ကျမအလုပ်လုပ်တဲ့ ၃၇လမ်းထဲက ရုံးခန်းမှာ သူ့ကိုစောင့်ပြီး သူရောက်တာနဲ့ ကြည့်မြင်တိုင် ညဈေးဘက်တွေ။ တခါတလေ ဗိုလ်တထောင်ဘုရားဘက်တွေ ။ ဘယ်မှ သိပ်မသွားချင်ရင် ဆူးလေဘုရားလမ်းနဲ့အနော်ရထားလမ်း အနီးအနားက ပလက်ဖောင်း တောက်လျှောက်ရောင်းနေတဲ့ ဆိုင်တွေမှာ ဈေးရောင်းဈေးဝယ် စည်ကားနေတာမျိုးတွေကို လိုက် လိုက်ရိုက်ရတယ်။ ကျမအဲဒီတုန်းက ကိုင်တဲ့ ဗွီဒီယိုကင်မရာကလဲ ခုလိုသေးသေးလေးတွေမဟုတ်ပါဘူး။ ပုခုံးမှာထမ်းရတယ် ၊ နောက်ခုလို မော်နီတာသေးသေးလေး မပါတဲ့ မျက်လုံးနဲ့ ကြည့်ရတဲ့ ကင်မရာအကြီး။ ဒီတော့ ရိုက်စရာ ရှိတာ ရိုက်ပြီးရင် သူက ပေးအမ ကျနော့်ကိုပေးဆိုပြီး ကိုင်ပေးထားတာပဲ။ သူရိုက်စေချင်တဲ့ မြင်ကွင်းတွေဆို အမ ရိုက် ရိုက်ဆိုပြီး အတင်းခေါ်တော့တာ။

ကျမတို့ ပလက်ဖောင်းဈေးသည်တွေကို ပထမဆုံး ရိုက်တုန်းက ထင်တယ်။ ဈေးသည်တွေက ပစ္စည်းတွေသိမ်းပြီး ပြေးမယ်လုပ်လို့ ။ မနည်းလိုက်ဆွဲရတယ်။ ကျမတို့ အပျော်ရိုက်တာပါ ။ အရိုက်ကျင့်နေတာပါဆိုပြီး တောင်းပန်ရှင်းပြ လုပ်ရတယ်။ ဘာလို့ ထွက်ပြေးတာလဲ ပြောတော့ စည်ပင်က လာရိုက်တာ မှတ်လို့တဲ့။

နီကိုရဲ ဆီမှာ ထူးခြားတဲ့ လက်ချောင်းလေးတွေ ရှိတယ်။ ကျမ မြင်ဖူးသမျှလက်ချောင်းတွေဟာ အရင်းကြီးမယ် အဖျားရှုးရှုးသွယ်သွယ် ၊ ဒါမှမဟုတ် လေးထောင့်လက် စသဖြင့် ရှိပေမယ့် သူ့လက်ကတော့ အရင်းက သေးပြီး အဖျားပိုင်း ပထမဆစ်က ကြီးနေတယ်။ ကျမက သူ့လက်ကို ပြန်ကြည့်ပြီး နင်က ဒီလက်ကြောင့် ဒါ့ထက်နာမည်ကြီးတဲ့ စာရေးဆရာ ဖြစ်မယ်လို့တောင် ပြန်နောက်ခဲ့သေးတယ်။

ဒီလိုနဲ့ ကျမ အိမ်ထောင်ကျပြီး လွိုင်ကော်ဖက်ရောက် ... နောက် စာပေနယ်က အားလုံးနဲ့ အဆက်ပြတ်သလောက်ဖြစ်နေတဲ့ အချိန်ပိုင်းမှာ ခက်မာက ပုသိမ်အိမ်ကိုလာလည်တယ်။ အိမ်မှာအိပ်ခါနီး ညဘက်ကျတော့ သတိတရ ဘယ်သူရှိသေးလား သူဘာလုပ်နေလဲ လျှောက်မေးနေတုန်း ခက်မာက ဗြုန်းကနဲ အမ နီကိုရဲဆီ ဖုန်းဆက်မလား သူ့ဟန်းဖုန်းနံပါတ် ကျမဆီမှာ ရှိတယ်တဲ့။ အေး ဆက်ကြည်ရအောင် ဆိုပြီး ဖုန်းဆက်စကားပြောဖြစ်သေးတယ်။ အမ ပုသိမ်ပြန်ရောက်နေသလား။ ကလေး ဘယ်အရွယ်ရောက်နေပြီလဲ။ အကိုရော ဘယ်မှာလဲ မေးခွန်းတွေချည်း မေးဖြစ်ကြတယ်။ အေး ဒီတခါ ရန်ကုန်လာရင် လေထန်ကုန်းကို လာလည်ဦးမယ်ဆိုတော့ လေထန်ကုန်းက သိပ်မစည်တော့ဘူး အမရဲ့။ ခု ဂျက်ကာ တခုပြောင်းထိုင်တယ် တဲ့။
နောက်ပိုင်း ရန်ကုန်ရောက်ပေမယ့် မဆုံဖြစ်ခဲ့ဘူး။ လေထန်ကုန်းမဟုတ်ပဲ ပိုအဆင့်မြင့်တဲ့ အင်းဝ စာအုပ်ဆိုင်နားက နာမည်မေ့နေတဲ့ ကော်ဖီဆိုင်မှာပဲ ဆုံဖြစ်ကြတယ်။ အဲဒီအချိန်မှာတော့ ကလေးအမေတွေဖြစ်နေတော့ အရင်ကလို တမေ့တမော မထိုင်ဖြစ်ကြတော့ဘူး။

မတွေဖြစ်တာ ကြာပေမယ့် မှတ်မှတ်ရရ ဒီလဆန်းပိုင်းကပဲ သူ့အကြောင်းကို သတိတရပြောဖြစ်ပြီး ခုတော့ သူဆုံးပြီတဲ့။ အနုပညာသမားတွေမှာ ကိုယ်မှန်နေတာကိုတောင် စီးပွားရေးသမားရဲ့ ချုပ်ကိုင်မှုထဲက ရုန်းထွက်ဖို့ ငွေကြေးမတတ်နိုင်ခဲ့လို့ ရေးထားခဲ့တဲ့ ၀တ္ထုတွေ မထုတ်နိုင်ပဲ ပရိသတ်နဲ့ အဆက်အသွယ်ပြတ်၊ စိတ်ဓါတ်တွေ ကျဆင်း အဲလိုဖြစ်ခဲ့လေသလားလို့ တွေးရင်း စိတ်မကောင်းဖြစ်နေရတယ်။ အဲဒီအကြောင်းတရားတွေက သူ့ကို အသက်တိုစေတာဖြစ်မှာပဲ။

ပျော်စရာတွေ အရေးကောင်းခဲ့တဲ့ နီကိုရဲ ဆိုတဲ့ ရိုးသားတဲ့ ကိုရဲဝင်း တယောက် ကောင်းရာသုဂတိ ရောက်ရှိပါစေလို့ပဲ အမ ဆုတောင်းပေးလိုက်ပါတယ်။
ဗွီဒီယို ကင်မရာ ကိုင်တိုင်း သတိရနေဆဲပါ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, October 20, 2009

အားကျမခံ ...

ဘလော်ဂါတွေလဲ ခုတလော စားစရာတွေချည်း တင်နေတယ်။ သူတို့ ၀ါးတီးတွေကို သူများ သားရည်ကျအောင် ရက်စက်လွန်းကြတယ်။ ဒီတော့ ဟိုတုန်းက စားခဲ့တာလေးတွေထဲက ဓါတ်ပုံရိုက်ဖို့ သတိရပြီး ရိုက်မိတာလေးတွေ တင်ပေးလိုက်တယ်။(စားစရာတွေကို စားရတော့မယ် ဆိုတာနဲ့ ဓါတ်ပုံရိုက်ဖို့ အမြဲပဲ မေ့ပြီး ကုန်ခါနီးမှ သတိရတတ်လွန်းလို့ပါ)။ ၀ဋ်လိုက်ကြပါကုန်။


ဒါက အော်စလို တရုပ်ဆိုင်က ခေါက်ဆွဲပြုတ်နဲ့ ဘဲကင်
ဒါက အော်စလိုက ပေါ်တူဂီ ထမင်းပဲ သူက ထောပတ်ထမင်းနဲ့ တူတယ၊် ပဲဟင်းကို ပျစ်ပျစ်ချက်ပြီး အနီရောင်ဆိုးထားတယ်၊ သိုးသားနဲ့ စားခဲ့တယ်



ဒါကတော့ အော်စလိုမှာ ရောင်းတဲ့ ဂျပန်ဆူရှီ

ဒါက ဆွီဒင်ရိုးရာအစားအစာ၊ အားလူမီးဖုတ် ၀က်သားကင် ၊ ပြောင်းဆန်
ဆွီဒင်မှာ စားရတဲ့ အားလူးကိုခြေပြီးကြော်ထားတာနဲ့ ၀က်ပေါင်ခြောက်

ဘာတွေ ဘယ်လိုပဲ ဈေးကြီးကြီး ၊ ကိုယ့်ဖာသာချက်တဲ့ သီးစုံချဉ်ရည်ဟင်းလေးလောက် ဘယ်ဟင်းက ကောင်းမလဲ။ ငါးဖယ်ငါးဆုပ်၊ ဒန့်သလွန်သီး၊ ရုံးပတီသီး၊ ပန်းဂေါ်ဖီ၊ အာလူး၊ ခရမ်းချဉ်သီး၊( လက်ကျန်ပေါင်းစုဟင်း)

ဒါက ဘလော်ဂါ တူးတူးသာ အိမ်ကိုလာလည်တုန်းက လုပ်စားတဲ့အသုတ်စုံ

ဝက်ခြေထောက်စွပ်ပြုတ်၊ အစိမ်းကြော်၊ငပိချက်၊ သရက်သီးတို့စရာ
ကိုယ့်အိမ်ကိုယ့်ယာက ထမင်းနဲ့ဟင်းသာ စားလို့အကောင်းဆုံး

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, October 18, 2009

ဘ၀ဒိုင်ယာရီ အပိုင်း ၂ ၊ အခန်း ၁၂

အခန်း(၁၂)
ထောင်ဆိုတာ နေတတ်ရင် အကျယ်ကြီးပါလို့ ပြောတတ်တဲ့ ထောင်ထဲဝင်လိုက် ထွက်လိုက်သူတွေရဲ့ စကားတွေလိုပါပဲ။ ထောင်ထဲကို သီးသန့် အကျဉ်းသူ ဆိုပြီး နိုင်ငံရေးမှုနဲ့ ၀င်လာတဲ့ အမျိုးသမီးတွေက ၁၉၈၈ နောက်ပိုင်းမှာ ရှိလာသလို ၀င်လာသမျှကလဲ တက္ကသိုလ်ကောလိပ် ကျောင်းသူတွေ များနေတော့ သိပ်ကြမ်းတဲ့ ထောင်ဝါဒါမတွေလဲ နည်းနည်းတော့ ရှိန်ကြတယ်။ သူတို့တွေက အစပိုင်းမှာ သာမန်ရာဇ၀တ်မှုသည်တွေလို ခပ်ကြမ်းကြမ်း ဆက်ဆံခဲ့ပေမယ့် ခြောက်လဲ မကြောက် ၊မြှောက်လဲ မမြောက်တဲ့ သူတွေဆိုတာ သိလာတော့ ပုံမှန်ဆက်ဆံလာကြတယ်။ နောက် အကြံဥာဏ်ကောင်းတွေ သူတို့ မသိတဲ့ အကြောင်းအရာတွေကို ပြောပြနိုင် ပေးနိုင်တယ် ဆိုတာ လက်တွေ့ သိလာတော့ ဆက်ဆံရေးက ထင်သလောက်မဆိုးတော့ဘူး။ နေတတ်ရင် ကျယ်လာတဲ့ သဘောပဲ ထင်ပါရဲ့။

အပြင်မှာ သူတို့ မေးခွင့်မကြုံတဲ့ ၈လေးလုံးတုန်းက ရန်ကုန်က အဖြစ်အပျက်တွေ၊ ဘုန်းမော် သေနတ်ပစ်ခံရတဲ့နေ့ကအခြေအနေတွေ၊ ရေဒီယိုက သတင်းမှာ တလွဲကျေညာတော့ ဒေါသထွက်ကြရတာတွေ စုံနေတာပါပဲ။ ဒါ့အပြင် တက္ကသိုလ်ကောလိပ်တွေက မြို့အလိုက်ဖွဲ့ထားတဲ့ အဖွဲ့တွေရဲ့ အပျော်ခရီးစဉ်တွေကို စီကာပတ်ကုံးနားထောင်ချင်လို့ ခဏခဏ ပြန်ပြောပြကြရတယ်။ အဲဒီပစ်ကနစ်မှာ ကစားတဲ့ နည်းတွေကိုလဲ သင်ပေးရသေးတယ်။ ကျမက ဂိမ်းမာစတာ လုပ်ခဲ့ဖူးတယ်လို့ တယောက်က သွားထောင်လို့ သူတို့ကို ကစားနည်းတွေ ရေးပေးပါ တဲ့ ။ ဟဲ့ နင်တို့ကဘယ်မှာ သွားဆော့မှာတုန်း လို့ ခပ်ရိရိ မေးတော့ တချိန်ချိန်ပေါ့တဲ့ သူတို့ကလဲ အားကျမခံ။

တချို့ ထောင်မှုးအဆင့်တွေက ဒီမိုကရေစီလူထု လှုပ်ရှားမှုကို ထောက်ခံတယ်။ သူတို့ သိချင်တဲ့ အချက်တွေ ကျောင်းသား လှုပ်ရှားမှုတွေကို လာလာမေးပြီး လာနားထောင် တတ်တယ်။ အစက ကိုယ်ကလဲ ပြောရမလား မပြောရဘူးလား ဇဝေဇ၀ါပဲ။ ဒါပေမယ့် ကိုယ်လဲ ထောင်ထဲ ရောက်နေပြီပဲ ။ ရသလောက်ပြောမယ် စည်းရုံးမယ်ဆိုတဲ့ အတွေးတွေနဲ့ပြောပြဖြစ်တော့တယ်။

ထောင်ဝန်ထမ်းတွေထဲမှာ ကောင်းတဲ့လူလဲ ရှိတယ်ဆိုတာ ပိုပြီးသဘောပေါက်လာတယ်။ ဒီလိုပဲ နယ်မြေတိုင်းမှာ လူကောင်းလူဆိုး ရှိနေတာပဲ ဆိုတာမျိုးကို လက်တွေ့ သိလာတယ်လို့ ပြောရမယ်။

ဘာ့ကြောင့်ဆို ကိုယ့်လိုပဲ အကျဉ်းကျနေတဲ့ လူတွေထဲကပဲ ဒီအဖွဲ့ကစည်းလုံးတော့ ဖြိုခွဲချင်စိတ်နဲ့ သွေးခွဲစကားတွေကို ဆိုတာတွေ လဲ ကြုံလာရတယ်။ အသေးအဖွဲလေးတွေကို တနေ့နည်းနည်းလာပြောတာမျိုးပေါ့။ ကျမကိုခဏခဏ လာအပြောဆုံးက ရိက္ခာကိုင်တာကို ကျမတို့အဖွဲ့ထဲမှာ အငယ်ဆုံးကို ပေးထားတယ်။ အဲဒီတယောက်က ၀က်အူချောင်းတွေကို ဘယ်လိုယူစားတယ် ဘယ်မုန့်ကို ဘယ်လို်ခိုးစားတယ် ဘယ်သူက ဘယ်သူနဲ့ဘာတွေ ပြောနေတယ် စသဖြင့်ပေါ့။ ဘာပဲပြောပြော လာပြောတဲ့လူကို ကျမတို့က အကုန်စွန့်နိုင်လို့ နိုင်ငံရေး လုပ်တာလို့ ဒီတော့ အစားတလုပ်အတွက် စကားတခွန်းအတွက် ဘာမှ နောက်ဆံမတင်းဘူးလို့ ကြီးကြီးကျယ်ကျယ် ပြန်ပြောပစ်လိုက်တယ်။

ကျမကို ပြောသလိုပဲ နောက်လူတွေကိုလဲ အဲလိုပြောတာတွေ ရှိတယ်။ ကျမတို့ အချင်းချင်း ပြန်ပြောဖြစ်ကြတယ်။ ထောင်ထဲမှာ နေတဲ့ တလျှောက်လုံး အဲလို အစားအသောက်ကိစ္စတွေနဲ့ စကားများတာ တခါမှမဖြစ်ခဲ့ဖူးဘူး။

နောက်ပြီး ခုချိန်ထိ ပြန်သတိရတဲ့အထဲမှာ ထောင်ထဲက ဖုန်းမော်နေ့လိုမျိုး ။ ၈လေးလုံးနေ့တွေ အာဇာနည်နေ့တွေလိုမျိုး အထိမ်းအမှတ်နေ့တွေမှာ ရှိတဲ့လူလေးနဲ့ မိန်းမထောင်ရဲ့ ထောင့်တခုခုမှာ အားလုံးငြိမ်သက် ၈ စက္ကန့်တို့ ၊ အားလုံးအလေးပြုတို့ ခိုးလုပ်ကြရတာလေးတွေပါပဲ။ အဲဒီလို အခမ်းအနားမျိုးကို လုံးဝ လုပ်ခွင့်မပြုပါဘူး။ ဒါပေမယ့် မရရအောင်ခိုးလုပ်ကြရတယ်။ တခါတလေ မနက်အစောကြီး ထလုပ်ကြတယ်။ တခန်းနဲ့တခန်း အချက်ပြအသံပေးပြီး တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေတာမျိုးကို သေချာ လုပ်ကြတယ်။ မနက်စောစောမလွယ်ရင် နေ့လည်ဘက် ဒါမှမဟုတ် ညနေ တန်းပိတ်ခါနီး အဲလိုပဲ အခြေအနေပေါ် မူတည်ပြီး လုပ်ကြတာပဲ။ နောက် အဲဒီနေ့ နဲ့ ပတ်သက်တဲ့ အမှတ်ရစရာ စကားတွေ ပြောကြတယ်။ အဲဒီကနေ ရှေ့ဆက်ဘာတွေ လုပ်ချင်တယ် စသဖြင့် ဆွေးနွေးကြ ငြင်းခုန်ကြနဲ့ အခမ်းအနားကို အသက်ဝင်အောင် ကြိုးစားကြတာပဲ။

အဲဒီလိုမျိုးတွေ လုပ်လာရတော့ အပြင်မှာ လဲ အဲလိုနေ့တွေမှာ ကိုယ့်အချင်းချင်း တိတ်တဆိတ်ဆက်သွယ် လုပ်တဲ့ အကျင့်ပါလာတယ်။ ဘယ်လို အခြေအနေဖြစ်ဖြစ် အပြင်ရောက်တော့လဲ လူစုံနိုင်သမျှ ဆုံပြီး လဘက်ရည်ဆိုင်လို အအေးဆိုင်လိုမျိုးမှာ ခဏဖြစ်ဖြစ် ထိုင်ပြီး ၈ စက္ကန့် တိတ်ဆိတ်နေတာမျိုးကို လုပ်ခဲ့ကြတယ်။ အပြင်က ကြည့်ရင်တော့ ဘာမှမဟုတ်ဘူးပေါ့။ ဒါပေမယ့် အဲလို သတိတရ လုပ်ဖြစ်တာကိုပဲ စိတ်ထဲမှာ ကျေနပ်နေမိကြတယ်။

ဒီလွတ်မြောက်နယ်မြေမှာ တချို့နေ့တွေကို အလေးအမြတ်ပြုတာ မတွေ့ရတော့ စိတ်ထဲမကောင်းဘူး။ လုံခြုံရေးကြောင့် ငွေရေးကြေးရေးကြောင့် ဆိုတာတွေ သိလာရတော့ ထောင်ထဲမှာနဲ့ ထောင်ပြင်ရောက်တုန်းက လုပ်ခဲ့ရတဲ့ တိတ်ဆိတ်ငြိမ်သက်ကလေးကို သိပ်သတိရတယ်။

ဒီလိုနဲ့ ထောင်သက် ၂ နှစ်ဆိုတာ ဘာမှမကြာလိုက်သလိုပါပဲ။ မေလ ၈ ရက် ၁၉၉၂ မှာ ကျမထောက်ရက်စေ့နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တယ်။ ပြန်လည်လွတ်မြောက် လာခဲ့တယ်လို့ ပြောတဲ့အခါမှာ အဲဒီတုန်းကလဲ အခု လွှတ်သလိုပဲ န၀တက ၄၀၁ နဲ့ ပြန်လွှတ်နေတဲ့အချိန်ပါ။ ဒီတော့ သူများတွေက ၄၀၁ နဲ့ လွတ်လာ သလားမေးရင် ဒေါသထွက်ရတယ် ။ မဟုတ်ဘူး နှစ်စေ့လွတ်တာလို့ ။ အဲဒီအချိန်တုန်းက ထောင်ကျရင် လျှော့ရက်ပေးတယ် တနှစ် ၂ လရတယ်။ ၁၉၉၅ ခုနှစ်က စပြီး မပေးတော့ဘူး။

ထောင်က လွတ်တဲ့နေ့မှာတော့ မိန်းမထောင်လေးတံခါးရောက်ရင် နောက်ပြန်မကြည့်နဲ့နော် ဆိုတဲ့ ကျန်ရစ်တဲ့ သူငယ်ချင်းတွေစကားကို နားမထောင်ဖြစ်ပဲ သူတို့ကို ပြန်ကြည့်ပြီး အပြင်က စောင့်နေမယ် စိတ်ချနော်လို့ ပြန်အော်ပြောခဲ့မိတာလေးကို ခုချိန်ပြန်တွေးမိတိုင်း လွမ်းပါတယ်။ ဘယ်တော့မှ ဒူးမထောက်ဘူး လို့ စိတ်ထဲက အာခံတဲ့ အတွေးကလဲ ထောင်ပိုင်ကြီး ဆုံးမစကားပြောနေချိန်တလျှောက်လုံး တွေးနေတာပါပဲ။ ဒါပေမယ့် ငါတို့ နည်းနာ ပြောင်းရမယ် ဆိုတဲ့ အရင်လွတ်သွားတဲ့ သူငယ်ချင်းတယောက်ရဲ့ စကားကိုလဲ အဲဒီအချိန်မှာ သတိရနေမိသေးတယ်။ ထောင်ထွက်လက်မှတ်ကြီးကို ကိုင်ပြီး ထောင်ဘူးတံခါးက ငုံ့ထွက်လိုက်တဲ့အချိန်မှာ အပြင်လောကကြီးကတော့ ပုံမှန်လှုပ်ရှား သွားလာနေတာပဲ မြင်ရပါတယ်။ ထောင်ထဲမှာ ယုံကြည်ချက်အတွက် အချိန်တွေ ဘ၀တွေကို စတေးနေတဲ့ နိုင်ငံကိုချစ်တဲ့လူတွေ ရှိနေသေးတယ်၊ သူတို့ အချိန်နဲ့အမျှ နှိပ်စက်ညှင်းပန်းခံနေရတယ် ဆိုတာတွေကို အားလုံးကို သိစေချင်နေတယ်။ အဲဒီအချိန်ကလေးမှာ ဒီလိုလူတွေ ရှိနေတာကို အားလုံးသိအောင် လုပ်နိုင်တဲ့ ဘ၀ရောက်ချင်တယ်လို့ တမ်းတမိတာကတော့ ထောင်ကလွတ် လွတ်ချင်း ဖြစ်ပေါ်လာတဲ့ စိတ်ပါပဲ။ ထောင်ကလွတ်တဲ့နေ့က အပျော်ဆုံး ဆိုတာမျိုးကိုတော့ မခံစားရဘူး။

ပုသိမ်ထောင်က မြို့လည်ဈေးနားနီးနီးဆိုတော့ ထောင်ပြင်ကို ရောက်တာနဲ့ ဈေးထဲက ဆိုင်ကိုပဲ တန်းသွားပြီး စားချင်တာ စားဖို့ အားခဲစားပေမယ့်လို့ တကယ်မြိုချလို့ မရဘူး ဖြစ်နေပါတယ်။ ပုသိမ်မြို့လည်က ကျမ သိပ်ကြိုက်တဲ့ ၀က်သားငါးဆုပ်လုံးနဲ့ ခေါက်ဆွဲပြုတ် ဆိုင်က ကျမလဲ ၀င်သွားရော မှာစရာမလိုပဲ ထည့်ပြီးသားလာချပေးတာပါ။ ဘယ်လိုမှ ကုန်အောင်မစားနိုင်လို့ ဘာလဲ အကြိုက်ပြောင်းသွားသလား ၊ ခံတွင်းမတွေ့တာလား လို့တောင် မေးယူရပါတယ်။ အိမ်ရောက်တော့လဲ အိမ်က စားတဲ့ ပေါ်ဆန်းမွှေးထမင်းက ပျော့နေသလိုနဲ့ လည်ချောင်းထဲကနင်နေပါတယ်။ အိပ်တော့လဲ ခြင်ထောင်ထဲမှာ မအိပ်တတ်တော့သလိုလိုနဲ့ အသားမကျတဲ့ ထောင်ထွက်ဘ၀ပါပဲ။ တနေ့လည်လုံး တညနေလုံး စကားပြောလိုက်တာ မရပ်မနားကို ဖြစ်လို့။ အစားမ၀င်တာကတော့ အမှတ်တရပါပဲ။ ထောင်ထမင်းမာမာနဲ့ ဟင်းခြောက်တွေ စားနေရတဲ့ ကျမတို့ရဲ့ လည်ချောင်းတွေက အစာအသစ်ကို လက်ခံဖို့ ငြင်းဆန်ချင်တာလားလို့ စဉ်းစားမိသေးတယ်။

ထောင်က လွတ်လာပြီးမှ ထောင်ဆိုတာ ပန်းပဲဖိုဆိုတဲ့ စာသားကို ပိုသဘောပေါက်လာတယ်။ သံက ပန်းပဲဖိုထဲ ရောက်သွားပြီး မီးနဲ့တွေ့ ထုထောင်းတာခံပြီး သံကောင်းတဲ့ ဓါးတလက်အဖြစ် ထွက်လာသလို သစ်သားဝင်သွားရင်တော့ ပြာဖြစ်ပြီး ထွက်လာမှာပါပဲ။ ထောင်ကျပြီး နိုင်ငံရေးကို လုံးဝ လှည့်မကြည့်နိုင်တော့တဲ့ လူတွေကိုလဲ တွေ့လာရသလို ကျမတို့တွေနဲ့ တွေ့ရင်တော့ နှုတ်မဆက်ပဲ ပြေးတဲ့ လုပ်ဖော်ကိုင်ဘက် ဟောင်းတွေ ၊ ထောင်ကျဖက်တွေလဲ ရှိလာပါတယ်။ သူတို့ တတ်နိုင်သလောက်လုပ်ပြီး သူတို့ ရွေးချယ်နိုင်တဲ့ လမ်းရွေးချယ်သွားကြတယ် ဆိုပေမယ့်လဲ အဲဒီအချိန်က တရားမရှိတဲ့ ကျမအနေနဲ့ တော်တော် စိတ်နာခဲ့ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

(ထောင်အတွေ့အကြုံအချို့ထဲက မှတ်မိသလောက်ပဲ ဖြစ်ပါတယ်။ မေ့ကျန်ကောင်း ကျန်နေနိုင်သေးတာမို့ သတိရတိုင်း ဖြည့်စွက်ရေးသွားပါဦးမယ်။ ထောင်ကလွတ်ပြီးနောက်ပိုင်း အချို့နဲ့အတူ ငြိမ်းချမ်းရေးဒေသမှာ နှစ်နှစ်ခွဲ အတွေ့အကြုံလေးတွေကို အပိုင်း(၃) အဖြစ် ဆက်လက်ရေးသားပါဦးမယ်။အားပေးပါဦးနော်..)

Saturday, October 10, 2009

ခင်မင်းဇော် အတွက်... ခ..... ဆိုတာ

ခရီးက ပြန်ရောက်တော့ စာရေးဖို့ ပြင်နေတုန်း ကိုဂျူလိုင်က တက်ဂ်တယ် ။ (မျက်နှာစာအုပ် ထဲမှာတော့ နေနေရယ် ဟနရယ်ကလဲ ရေးခိုင်းတယ်။) နောက်ကိုဂျူလိုင်က မျက်နှာစာအုပ်မှာ ရေးယုံတင်မကဘူး ဘလော့ဂ်မှာလဲ ရေးတင်တယ်။ ဒီတော့ ရေးပေးရပြန်တာပေါ့။ ဘာရယ်တော့ မဟုတ်ဘူး ပျော်စရာကြီးတော့ ဖြစ်သားး သူများရေးတာလေးတွေလဲ သိပ်ကောင်းတယ်။ ဒါနဲ့ မရေးခိုင်းတဲ့ မြန်မာလိုပါ ဆက်ရေးပေးလိုက်တယ် ။

Khin Min Zaw for K

1. What is your name : Khin min zaw

2. A four Letter Word : Kiss

3. A boy's Name : Kam

4. A girl's Name : Kaythi

5. An occupation : kicker

6. A color : Khaki

7. Something you'll wear : Kerchief

8. A food : Kele

9. Something found in the bathroom : kleenex

10. A place : Korea

11. A reason for being late : kept

12. Something you'd shout : kill

13. A movie title : Kwik Stop (2009)

14. Something you drink : Kaluah (Russia)

15. A musical group : Kid Rock

16. An animal : Kangaroo

17. A street name : Kyauk Myaung street

18. A type of car : KIA Careis (US)

19. The title of a song : Kalifornia

20. A verb : Kidnap



မြန်မာလိုလဲ စဉ်းစားရတာ ပျော်စရာ....
ခင်မင်းဇော် ဖော် ...

1. What is your name : ခင်မင်းဇော်

2. A four Letter Word : ချစ်ခြင်းအားဖြင့်

3. A boy's Name : ခိုင်မြဲ

4. A girl's Name : ခက်မာ

5. An occupation : ခြံကြီးဝန်းကျယ်

6. A color : ခရမ်းရောင်

7. Something you'll wear : ခါးပတ်

8. A food : ခေါက်ဆွဲကြော်

9. Something found in the bathroom : ခုံ

10. A place : ချင်းချောင်းခြံ( ရန်ကုန်)

11. A reason for being late : ခိုးထွက်လာရလို့

12. Something you'd shout : ချစ်တော့ဘူး

13. A movie title : ချစ်ချင်းငယ်ပြိုင်

14. Something you drink : ခေါင်ရည်

15. A musical group : ခရမ်းပြာ

16. An animal : ခွေး ၊

17. A street name : ခရေပင်လမ်း

18. A type of car : ခိုင် KIA (US) ဟေးးး စဉ်းစားလို့ ရပဟ။ ချက်ပလက် ကား ပဲ စီးတော့မယ် ဟဟ။

19. The title of a song : ချစ်သူ့သီချင်း

20. A verb : ချစ်ကြပါ

ဆက်ပြီး tag ဖို့ အတွက် ကျန်နေသေးတာလိုက်ရှာတော့
ညီမ တန်ခူး
ညီမ တူးတူးသာ
သမီး ဆုမွန် တို့ ရေးပေးကြနော်...

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, September 22, 2009

ဘ၀ဒိုင်ယာရီ အပိုင်း ၂ ၊ အခန်း (၁၁)


အခန်း(၁၁)
ဒီလိုနဲ့ ထောင်ထဲမှာ ၁၉၉၁ ခုနှစ်မုန်တိုင်းစစ်ဆင်ရေးနဲ့ ကရင်လူမျိုးတွေ အများကြီး ၀င်လာကြတယ်။ တကယ့်ကို အသက်ကြီးကြီး ကရင်အဖွားကြီးတွေရော။ အသက်သိပ်မကြီးသေးတဲ့ ပညာတတ်ကရင်အမျိုးသမီးတွေရော ကျမအရင်နေခဲ့တဲ့ သီးသန့်အချုပ်တိုက်တန်း ၅ ခန်းတွဲကို ရောက်လာကြတယ်။ အ၀တ်တထည် ကိုယ်တခု ဆိုတာ သူတို့မှအစစ်၊ ဘာဆိုဘာမှ မပါပဲ ရောက်လာကြတာပဲ။ အရမ်းအေးနေတဲ့ အချိန်ဖြစ်တာကြောင့် သူတို့အတွက် စောင်မရှိအနွေးထည်မရှိ ။စစ်ကြောရေးကို ဘယ်လိုဖြတ်လာလဲ ထောင်ထဲဘယ်လိုဖြတ်သန်းမလဲ စဉ်းစားစရာရင်း စိတ်မကောင်းလဲ ဖြစ်ရတယ်။

သူတို့ဝင်ပြီးတဲ့အပတ်ကစပြီး ထောင်ဝင်စာ ၂ ပတ်တခါထွက်တိုင်း အပြင်က ရှေ့ကလူတွေ တွေ့နေလို့ ကိုယ့်အလှည့်မရောက်သေးရင် စောင့်ရတဲ့ စက်ချုပ်ဘုတ်ထားတဲ့အခန်းလေးမှာ ခေါင်းတွေ တွေ့တွေ့ နေရတယ်။ အစက ဘာကြောင့်လဲ မစဉ်းစားမိဘူး။ ထောင်ထဲကများ ခေါင်းစပ်ပြီး ရောင်းသလားပေါ့။ နောက် အငြိမ်မနေနိုင်တဲ့ ပါးစပ်က စပ်စုတော့ အဲဒါ ထောင်ထဲက သေတဲ့လူတွေအတွက်တဲ့။ ဟင်.. ကနဲပဲ အသံက ထွက်နိုင်တော့တယ်။ အသက်ကြီးလွန်းတဲ့ ကရင်လူမျိုး အဖိုးကြီးတွေ ကိုမျက်စိထဲ ပြေးမြင်ယောင်မိတယ်။


အုတ်ရိုးတွေပတ်ချာလည်ကာရံထားပြီး အုတ်တိုက်ခန်းလေးတွေက ပူတဲ့အခါ အရမ်းပူပြီး အေးတဲ့ရာသီမှာတော့ အရိုးစိမ့်အောင် အေးပါတယ်။ စောင်မပါ အနွေးထည်မပါနဲ့ အဖမ်းဆီးခံလာရတဲ့ ကရင်အဖိုးကြီးတွေ ဒီလိုရာသီမှာ ကျော်ဖြတ်နိုင်ဖို့ လွယ်ပါ့မလား။ ကြားရတဲ့ သတင်းတချို့မှာ မနက်စောစော တန်းစီနေရင်း အသက်ပျောက်နေတာကို တွေ့ရတာလဲ ရှိသတဲ့။ ဘုရားရေ….သူတို့အများစုဟာ အရင်က ကေအန်ယူဟောင်းပဲ ဖြစ်ဖြစ် ။လက်ရှိ ကေအန်ယူပဲ ဖြစ်ဖြစ် ။ ခုလိုမျိုး ပစ်စလက်ခတ်မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကျမတို့ မိန်းမထောင်ကို ရောက်လာတဲ့ ကရင်အဖွားကြီးတွေဆို တော်တော့်ကို အသက်ကြီးနေပါပြီ။ တချို့ဆို တမိသားစုလုံးဖမ်းခံရတဲ့အတွက် ကလေးတွေ ဒီတိုင်းကျန်ရစ်ခဲ့တာတွေ ရှိသလို တချို့တွေကတော့ ရွာကို အကြမ်းပတမ်းဝင်ရောက်စီးနင်းပြီး ဖမ်းတာမို့ သား တွေ ယောက်ျားတွေ သေကြေခဲ့တာတောင် ရှိပါတယ်။ သူတို့ဟာ အသက်ကြီးနေကြပြီး တချို့ဆို ကရင်လူမျိုးဆိုတာလေး တခုတည်းနဲ့ ဘာအချက်အလက်မှာ သေချာမရှိပဲနဲ့ အဖမ်းခံလိုက်ရတာပါ။ ရွာလုံးကျွတ် ယောက်ျား အားလုံး အဖမ်းခံရတဲ့ရွာတောင် ရှိပါတယ်။

မိန်းမထောင်ထဲကို ရောက်လာတဲ့ အထဲက အသက်ကြီးကြီး အဖွားကြီးတွေ ပြန်လွတ်သွားပြီး အသက် ခပ်ရွယ်ရွယ် ကရင်အမျိုးသမီး ၂ ယောက်ကတော့ ထောင် ၁၀ နှစ်ဆီ ကျခဲ့ပါတယ်။ သူတို့ ၂ယောက်ကို နန်းနန်းကြီး၊ နန်းနန်းလေး လို့ ကျမတို့က ခေါ်ပါတယ်။ နန်းနန်းကြီးက အရင် ကေအန်ယူ ရဲမေဟောင်းပါ။ သူကတော့ ကေအန်ယူရဲ့ ၉၀ လှုပ်ရှားမှုမှာ ပါဝင်တယ် မပါဝင်ဘူး ကျမတို့ကိုလုံးဝမပြောပဲ အင်မတန် စကားနည်းတဲ့ အမဖြစ်ပါတယ်။ အကျီ င်္ချုပ် ကျွမ်းကျင်တာမို့ ထောင်ထဲမှာ ၀ါဒါမတွေရဲ့ ကလေးတွေအတွက် ဘောင်းဘီအကျီ င်္လေးတွေကို လက်ချုပ်နဲ့ ချုပ်ပေးပါတယ်။ သူ့ဆီကို ထောင်ဝင်စာ လာတွေ့တဲ့လူမရှိတဲ့အတွက် အဲဒီလို အလုပ် လုပ်ပြီး သူစားဖို့ ရှာရပါတယ်။
နောက် ၆ နှစ်ကျော်အကြာ ကျမ ဒုတိယတခေါက်ဝင်သွားတော့ သူက အပ်ချုပ်စက်ဘုတ်ကိုင် ဖြစ်နေပါပြီ။ ကျမကို ၀မ်းပန်းတသာ ကြိုဆိုလို့၊ ပြီးတော့ အပြင်က သတင်းတွေ မေး၊ ကျမ အိမ်ထောင်ကျတဲ့အကြောင်းတွေ မေးပေါ့။ ပိန်နေတာကတော့ ၀င်လာတဲ့အတိုင်းပါပဲ။ သူ့နာမည်အရင်းကတော့ နန်းကြည်ကြည်လို့ ထင်ပါတယ်။

နောက်နန်းနန်းလေးလို့ ခေါ်တဲ့တယောက်ကတော့ သူ့မောင်တွေလဲ အသတ်ခံရ၊ သူ့အဖေလဲ အသတ်ခံရပြီး သူ့ယောက်ျားဖြစ်တဲ့ သင်းအုပ်ဆရာပါ ထောင်ကျတာပါ။ သူတို့လင်မယားအတွင်းထောင်ဝင်စာ တွေ့ခွင့်ရပါတယ်။ သူပြောပြတာက မုန်တိုင်းစစ်ဆင်ရေးနဲ့ တရွာလုံးကို ၀င်ရှာတော့ သူ့ယောက်ျားကို အသိတယောက်က အပ်သွားတဲ့ ကက်ဆက်ခွေကို ဖမ်းမိပြီး ခုလို သူတို့ မိသားစု အားလုံး ထောင်ကျတာလို့ ပြောပါတယ်။ သူ့ကလေးတွေကို ဘယ်သူကြည့်ကျန်ခဲ့လဲ ဆိုတာကိုတောင် သူသေချာ မပြောနိုင်တော့ပါဘူး။ သူ့အဖေက မန်းနဲ့စတဲ့ နာမည်တခု ဖြစ်ပြီး အောင်တလုံး ပါတယ် ဆိုတာတော့ ကျမမှတ်မိပါတယ်။ ဒီဘက်ကို ကျမရောက်ခါစကတောင် အဲဒီနာမည်ကို မှတ်မိပါသေးတယ်။ အတီးဖဒိုမန်းရှာကို မေးတော့ သူသိတယ် လို့ ပြောပါတယ်။ နန်းနန်းလေး ယောက်ျား သင်းအုပ်ဆရာက အဖမ်းမခံရခင်က ဘာသာရေးအရဖိလစ်ပိုင်ကို ခရီးထွက်ဖို့ ပြင်ဆင်နေချိန်တဲ့။ သူ့မောင်လေးလဲ အသတ်ခံရတာပါပဲ။ ဖမ်းမိတော့ ခေါင်းကို အုတ်ခဲနဲ့ ထုသတ်ပစ်တာပဲတဲ့။ သူ့အဖေလဲ ကေအန်ယူဟောင်းပါပဲ။ သူ့အဖေလဲသေတယ်။ ဘယ်လိုသေလဲ ဆိုတာ သူပြောပြခဲ့ဖူးတယ်။ ခုတော့နည်းနည်းမေ့နေပြီ။ သေနတ်နဲ့ ပစ်သတ်တာပဲ လားမသိဘူး။ သူပြောပြတဲ့ထဲမှာ ရဟတ်ယာဉ်ပါ သုံးတယ်တဲ့။ အဲဒီရွာတွေကို ရဟတ်ယာဉ်သုံးပြီးဝင်ရောက်ချေမှုန်းခဲ့တယ်လို့ စာစီရမယ်။ သူလဲ ထောင်ဝင်စာ လာသူ မရှိပါဘူး။ နန်းနန်းလေး နာမည်အရင်းက နန်းခင်ခင်လှ တဲ့။

ခုချိန်မှာတော့ သူတို့ လွတ်နေပြီး သာမန်ဘ၀မှာပဲ ရပ်တည်နေမလား။ တော်လှန်ရေးပဲ ပြန်လုပ်ဦးမလား မသိပါဘူး။ ဒါပေမယ့် သူတို့တွေဟာ လူမသိသူမသိ ဘ၀တွေကို စတေးနေရတဲ့ လူတွေထဲမှာ ပါပါတယ်။ နာမည်မကြီးပဲ ခုလို အကျဉ်းထောင်ထဲမှာ နှစ်ဆယ်ချီကျနေသူတွေကို ၈၈ ပြီးတော့ ထောင်ကျတဲ့အခါကျမှ ကျမတို့လို မျိုးဆက်သစ်တွေက မြင်ဖူး ကြားဖူးခဲ့ရတာပါ။ သူတို့ကိုမြင်ရ ကြားရ သိရတဲ့အခါမှာ ကျမရင်ထဲ တော်တော်မကောင်းပဲ ၀မ်းနည်းမိပါတယ်။ စိတ်မကောင်းဘူး ဆိုတာထက် ဆို့ဆို့နင့်နင့်ခံစားရတယ်။

ဒုတိယအကြိမ်မှာ ၂ ယောက်လုံးနဲ့ ဆုံခဲ့ရပြီး ကျမပြန်လွတ်တော့ သူတို့ကို နှုတ်မဆက်ဖြစ်ခဲ့ဘူး။ ထောက်လှမ်းရေးမှာ အစစ်ခံဖို့ ခေါ်ထုတ်ရင်းက ပြန်လွတ်ခဲ့တာမို့ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ယူလိုက်ပါလို့ပဲ သတင်းပို့ပေးနိုင်ခဲ့တယ်။ သူတို့လိုတာလေးတွေ ၀ယ်နိုင်အောင် သူတို့ကို ပေးဖို့ အိမ်ကနေ ၂ ရာတန်လေးတွေ တောင်းထားတာကိုတောင် ပို့မပေးနိုင်တော့ပါဘူး။ ဒါပေမယ့် ကျမဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အမ ၂ယောက်ပါပဲ။ ပထမတခါ သူတို့ဝင်လာတုန်းက ကျမတို့က ကြိုဆိုသူတွေဖြစ်ခဲ့ပြီး ဒုတိယအကြိမ် ကျမ၀င်သွားတော့ သူတို့က တဖန်ကြိုဆိုသူအဖြစ် တာဝန်ကျေပြလိုက်တာကိုလဲ ခုချိန်ထိ သတိရမြင်ယောင်နေဆဲပါ။

(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Wednesday, September 16, 2009

ဘ၀ဒိုင်ယာရီ အပိုင်း၂ ၊ အခန်း(၁၀)

အခန်း(၁၀)
ထောင်မှာ မှတ်မှတ်ရရ ထောင်တွင်း ရိုက်မှုတခု ဖြစ်ခဲ့သေးတယ်။ ခုနေပြန်ပြောရင်တော့ ဘာမှမဟုတ်သလိုပဲ အဲဒီအချိန်တုန်းက ကိုယ်နေတဲ့ မိန်းမထောင်ထဲမှာ အိပ်မောကျခါစ ၁၀ နာရီကျော် ၁၁ နာရီနီးပါးလောက်မှာ စူးစူးဝါးဝါး အော်ဟစ်ပြေးလွှားသံတွေက တော်တော့ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာပါပဲ။ ထောင်လန့်ရင် တယောက်က စအော်တဲ့အခါ ကျန်တဲ့လူတွေကလဲ ဘာမှန်းမသိပဲ လိုက်အော်ကြတယ် ဘာညာဆိုတာတွေက ကြားဖူးထားတော့ ကိုယ်လဲ ဘာလုပ်ရမယ်မသိဘူး။ အိပ်နေရာကနေ ငုတ်တုတ်လေးတွေ ထထိုင်ပြီး မျက်လုံး အ၀ိုင်းသားနဲ့ ဘာမှမမြင်ရပဲ ကြားနေရတဲ့ အသံကို နားစွင့်နေခဲ့ရတယ်လေ။

ရိုက်မှုဖြစ်စဉ်ကတော့ နှစ်ကြီး VIP တွေထဲမှာ သံလမ်းခိုးမှု ၁၆/၁ နဲ့ ၁၀ နှစ်ကျခဲ့တဲ့ အမနဲ့ ကလေးအမေတယောက် ညဖက်မှာ ရိုက်ပွဲဖြစ်ခဲ့တာပါ။ သံလမ်းခိုးမှုနဲ့အမကို ကျမတို့က သံလမ်း ၁၀ နှစ်လို့ ခေါ်တယ်။ သူနဲ့ ကုတင်နားချင်းတယောက်ကတော့ ၈၈ တုန်းက သူတို့မြို့မှာ ရိုက်ပွဲတွေဖြစ်ပြီး လူသေမှုဖြစ်ခဲ့တဲ့ အမှုနဲ့ ၀င်လာသူပါ။ လူအများကြီးဆိုတော့ လူသေမှု နဲ့ ၃ နှစ်ကျတယ်။ ညီအမ ၃ ယောက် လုံး ၀င်လာတာမှာ အငယ်မလေးက ကလေးကိုယ်ဝန်နဲ့ ဆိုတော့ နှစ်နည်းပေမယ့် နှစ်ကြီးသမားနားက ကုတင်မှာ နေရာရတယ်။ သူ့အမ ၂ယောက်ကတော့ ရဲဘက်ကို ပါသွားတယ်။ သူတို့ ညီအမက ပညာတတ်ဘွဲ့ရ ဖြစ်ပြီး ရုပ်ရည်လေးတွေက သန့်တယ်။ နောက် ကလေးမွေးတော့လဲ အဲဒီသံလမ်းအမကြီးနဲ့ပဲ တူတူ ကလေးကို ပြုစု ဘာညာလုပ်နေတာပဲ။ ဒါပေမယ့် တနေ့တော့ ချဲမှုနဲ့ အဲလိုပဲကလေးအမေ တယောက်ဝင်လာတယ်။ ကလေးက လသားပဲ ရှိသေးတယ်။ အဲဒီကောင်မလေးကတော့ ငွေကြေးတတ်နိုင်တဲ့ ချဲဒိုင်ကိုင်သူ ဆိုတော့ ၀င်လာကတည်းက ငွေနဲ့ ပေါက်ပြီးဝင်လာတော့ ထောင်မှုးမတွေ ၀ါဒါမတွေက ပြာနေတာပဲ။ သူ့ကလေးကိုလဲ ၀ိုင်းပြီး ချစ်ပြကြတာပေါ့။ ဒီတော့ ခုန ကလေးအမေက သူ့ကလေးကို မချစ်တော့ပဲ နောက်ရောက်လာတဲ့ကလေးကို သူ့ဘေးက သံလမ်းအမက ပြုစုပေးနေတာ မြင်တော့ မခံစားနိုင်ဘူး ဖြစ်မယ်ထင်ပါတယ်။ ညဘက်မှာ ဘယ်တုန်းကတည်းက သိမ်းထားလဲမသိတဲ့ သစ်သားချောင်း တတောင်ကျော်ကျော်လောက်နဲ့ ခေါင်းကို ရိုက်ခွဲပါလေရော။

ဖြစ်ချင်တော့ အရိုက်ခံရတဲ့အမက အဲဒီနေ့မှာ ခေါင်းဦးတုံးပေါ်မှာ မအိပ်ပဲ အဲဒီတုံးက မာလို့ ဆိုပြီး အောက်နည်းနည်းလျှောချ အ၀တ်ထုတ်ခုပြီး အိပ်မိတော့ ခေါင်းကွဲတာပဲ ဖြစ်သွားတယ်။ တကယ်လို့ အောက်ခံအမာနဲ့သာ ဆို သူ့ရိုက်ချက်က စိစိညက်ညက်ကြေသွားနိုင်ပါတယ်။ ဒီတော့ အရိုက်ခံရသူက ငေါက်ကနဲထပြီး သူ့ကိုလိုက်တော့ သူက ကုတင်တွေပေါ်ကနေ အခန်းတံခါးသော့ခတ်ထားတဲ့ အထဲမှာ လှည့်ပတ်ပြေး ကျန်တဲ့လူတွေက အော် ၊ လိုက်တဲ့လူကလဲ ဆံပင်ဖားလျားနဲ့ ခေါင်းကွဲထားလို့ သွေးတွေက စီးကျလို့တဲ့ ၊ ဆူညံနေတာပဲ။ အဲဒီရိုက်မှုက ၁ ခန်းမှာ ဖြစ်တော့ ကျမတို့က ၃ ခန်းမှာ နေတာ။ ကြားမှာ ၂ ခန်း တခန်းခြားနေတယ်။ ပတ်လည်က လူတွေကို ဘာဖြစ်တာလဲ ပြေးကြည့်ခိုင်းပြီး သူတို့ ပြောတာနားထောင်၊ ၀ါဒါမတွေလဲ လေးတခါး ပြေးပြီးအကြောင်းကြားပေါ့။ ထောင်မှုးလာမှ အကုန်လုပ်လို့ရမှာလေ။ သူတို့ဖာသာ သော့ဖွင့်ခွင့်မရှိဘူး ။ အသံတွေကလဲ ဘေးက အော်တဲ့အသံတွေနဲ့ ဆိုတော့ တော်တော်ကျယ်ပြီး ယောက်ျားထောင်ဖက်မှာ ရှိနေတဲ့ သီးသန့်တွေကလဲ မိန်းမထောင်က ငါတို့ သီးသန့်တွေတော့ အသေချခံထိနေပြီလားပေါ့။ ဘာလုပ်နေတာလဲ မိန်းမထောင်ဘက်မှာ ဘာတွေဖြစ်နေတာလဲ ဘာညာတွေ ထပ်ပြီးအော်နဲ့ အကျဥ်းထောင်ကြီးတခုလုံး ဆူညံသွားပါတယ်။

ထောင်မှုးတွေ ထောင်ပိုင်တွေ ၀င်လာတော့ ၃ ခန်းက ကျမတို့က အရင်မြင်ရတယ်။ နောက် ရန်ဖြစ်တဲ့ ၂ ယောက်ကို ညတွင်းချင်း တိုက်တခန်းစီ ထည့်ပိတ်လိုက်ပါတော့တယ်။ သူတို့ တိုက်ထဲမှာ ရေချိုးမချပဲ လချီနေရတယ်။ အရိုက်ခံရတဲ့ သံလမ်း ၁၀နှစ်ကတော့ ခဏလေးပဲ တိုက်က ထွက်ရပေမယ့် ရိုက်တဲ့ကောင်မလေးက ကလေးလေးနဲ့ တိုက်ထဲမှာ ၃ လလောက်နေလိုက်ရပါတယ်။ သူနေတဲ့ တိုက်က ကျမတို့ကို ထောင်ထဲ ၀င်ခါစက ထားတဲ့ ငါးခန်းတွဲ တိုက်တန်းဖြစ်ပြီး အဲဒီဘက်ကို သွားဖို့ မလွယ်ပါဘူး။ အထူးသဖြင့် အရိုက်ခံရသူကို အဲဒီအခန်းဘက် သွားပြီး တခုခု လုပ်မှာစိုးလို့ မသွားနိုင်အောင် သေချာ စောင့်ကြပ်ထားပါတယ်။ နောက်မှုဖွင့်မယ် ဘာညာ ပြောပေမယ့် အဲဒီကောင်မလေးရဲ့ သမီးလေးက သိပ်ချစ်စရာကောင်းတော့ ကလေးပါ ဒုက္ခရောက်နေရတယ် ။ ခွင့်လွှတ်လိုက်ပါ အမရယ်ဆိုပြီး ၀ါဒါမတွေကပါ တောင်းပန်နေကြတယ်။ သူတို့ပါ အမှုစစ်တဲ့အထဲ ပါပြီး အလုပ်ရှုပ်မှာ ကြောက်တာကိုး။ တကယ်လဲ အဲဒီအမက ကလေးလေးကို ချစ်တဲ့လူမို့ နောက်မှုမဖွင့်တော့ပဲ ထားလိုက်ပါတယ်။ အဲဒီကောင်မလေး တိုက်ကထွက်လာတော့ အခန်းပြောင်းထားလိုက်တော့တယ်။ နို့မို့ ညဖက်တခါ မကျေပွဲ ထပ်ချနေဦးမယ် မဟုတ်လား။

မိန်းမထောင်က ဆူညံသံတွေ စကြားတာနဲ့ ထောင်နားက မိတ်ဆွေတွေအိမ်က ကျမအိမ်ကို ဖုန်းဆက်ပြောပြီးနေပြီ။ မနက်ကျတော့ ၀ါဒါမအိမ်ကို အိမ်တွေက သတင်းမေးတောင် ရောက်နေပြီတဲ့ မနက်ပိုင်း ဂျူတီခဏလဲတဲ့ ၀ါဒါမက ကျမတို့ကို လာပြောတယ်။ ပုသိမ်သားတွေနဲ့ ပုသိမ်ထောင်ကတော့ အဲဒီလို သတင်းပြန့်ပွားမှုမြန်ခဲ့တယ်လေ။

ထောင်ထဲမှာကတော့ အုတ်ရိုးလေးဘက်ကြားမှာ နေရတဲ့ လူတွေမို့ထင်ပါရဲ့ စိတ်တွေက ရန်ဖြစ်ရန် အသင့် ဆိုသလို ဖြစ်နေကြတယ်။ တယောက်နဲ့ တယောက် သည်းညည်းမခံကြဘူး။ အားလုံးထဲမှာ ကျမတို့ သီးသန့်အုပ်စုပဲ လူတွေက နည်းနည်းရှိန်ပြီး ကျမတို့ဝင်ဆုံးဖြတ်ပေးတာကို လက်ခံကြတယ်။ ဒါတောင်မှ ကျမတို့နဲ့ လူလည်ပန်ကာတွေ ရန်ဖြစ်တတ်သေးတယ်။ သူတို့ကိုတော့ နည်းနည်းကြမ်းပေးလိုက်ရင် ဖြုံတယ်။ ကျမတို့ အုပ်ထဲမှာ ငယ်ငယ်ကတည်းက နည်းနည်းလက်ယဉ်တဲ့လူရှိသလို ကိုယ့်အုပ်စုထိရင်တော့ မခံတတ်တဲ့ လူတွေများတာမို့ ရန်ဖြစ်လဲ သိပ်ကြောက်စရာမလိုဘူး။ အများစုက ရန်ဖြစ်တာနဲ့ လက်ပါတတ်ကြတယ်။ ကျမရောက်ခါစ သူများတွေရန်ဖြစ်ပြီး ၀ုန်းဒိုင်းနဲ့ ဆွဲချကြတော့ တော်တော်အံ့အားသင့်သွားတယ်။ နောက်ပိုင်းတော့ ကိုယ်လဲ လက်ယဉ်လာတယ် ပြောရမယ်။ အတုမြင် အတတ်သင်ပဲ။

တခါက ကိုယ်တွေအဖွဲ့ထဲက တယောက်နဲ့ ထောင်ကျ ဖော်လန်ဖားနောက်တယောက် နည်းနည်းအခြေအတင်ဖြစ်တော့ ဟိုဘက်က လာဝိုင်းပြီး ရိုက်ဖို့လုပ်တယ်။ အခြေအနေက ၀ုန်းဝုန်းဒိုင်းဒိုင်း နဲ့ ဖြစ်သွားပြီး စကားတွေများနေတုန်း ၀င်ဆွဲသလိုလိုနဲ့ အဲဒီတယောက်ကို နောက်က ၀င်ချုပ်ပေးလိုက်တာ ဘာပြောကောင်းမလဲ။ ကိုယ့်လူတွေ လက်သွက်သွက်နဲ့ တော်တော်ထိသွားကြတယ်။ အာကျယ်နေတာမဟုတ်ဘူး သီးသန့်တွေက တကယ်လုပ်ပါလား ဆိုတာ သိသွားကြတယ်။ သူတို့တွေ တကယ်ချရဲသဟ လို့ ပြောစမှတ်တွင်ခဲ့တော့တယ်။

ဟေ့ ဘာအမှုနဲ့ပဲ လာလာ ငါတို့က လူလိုပဲ ဆက်ဆံတယ်။ အေး ဒါပေမယ့် မကောက်ကျစ်နဲ့ မယုတ်မာနဲ့ ငါတို့ သည်းမခံဘူး လို့ ခပ်ကျယ်ကျယ် စွာပေးလိုက်တော့ ငြိမ်သက်သွားတယ်။ ဒီလူတွေပဲ နေ့တိုင်း ရှိနေတဲ့ နေရာတခုမှာ ကလိန်ကကျစ်တွေ လာလုပ်လဲ ပေါ်တာပါပဲ။ ဒါပေမယ့် လူတွေရဲ့ အကျင့်ကလဲ ပြင်ရခဲသားကိုး။ အသားကျနေတာ ကြာတဲ့ ကြားထဲ ဆင်ခြင်ဥာဏ်မရှိတော့ ပြင်နိုင်ဖို့ ခက်ခဲနေရတယ်။

ထောင်ထဲမှာ တတ်လာတဲ့ ပညာတွေထဲမှာ အဆဲနည်း မျိုးစုံလဲ ပါတယ်။ သူတို့ ဘယ်လိုဆဲဆဲ သူတို့ ဆဲတာရဲ့ နောက်မှာ ကြီးတလုံးထပ်ထည့်ပြီး ပြန်အော်လိုက်တာနဲ့ ဒင်းတို့ ဘာမှမတတ်နိုင်တော့ဘူး။ အဲလို လူလည်လုပ်လာခဲ့ဖူးတယ်။ ထောင်ပုံပြင်ကတော့ တထောင့်တညလဲ ပြီးနိုင်မယ် မထင်ပါဘူး။ ရောမရောက်တော့ ရောမလို ကျင့်ခဲ့ပေမယ့် အများမိုးခါရေသောက်တိုင်းတော့ လိုက်မသောက်နိုင်ခဲ့တာက အသိဥာဏ်နဲ့ ဆိုင်လိမ့်မယ်။

အဲဒီထောင်ဆိုတာကြီးက ထွက်လာကတည်းက လူတွေကို အားလုံး တူတူပဲလို့ မြင်နေတာက ပိုခိုင်မာလာပြီး ဘယ်သူ့ကိုမှမကြောက်တဲ့ စိတ်ကလဲ ပိုပြင်းထန်လာတယ်။ ပိုပြီးလဲ ခေါင်းမာလာတယ်။ မ၀တဥက္ကဌ ၊ စည်ပင် တာဝန်ခံ တို့တောင် ပြန်ပြောရဲလာတော့ ဈေးခေါင်းလောက်တော့ ပဲ ပဲ ထင်တော့တယ်။ အဲဒီစိတ်တွေနဲ့ပဲ တည်ဆောက်ခဲ့လို့ ကိုယ့်အပေါ် စီးပွားရေး၊လူမှုရေးအရ အာဏာပါဝါနဲ့ အနိုင်ယူမယ့် လူအားလုံးကို ပြန်ပြီးအနိုင်တိုက်နိုင်ခဲ့တယ်။ လောကမှာ ကြောက်တတ်သူကို ပိုခြောက်တတ်တယ် ဆိုတာ အမှန်ပဲ။

ခုချိန်ထိ ခေါင်းမာသူ၊ လုပ်မယ်ဆိုရင် ဖြစ်အောင် လုပ်သူအဖြစ် သတ်မှတ်ခံနေရတာဟာ ထောင်ထဲက အတွေ့အကြုံတွေအရ ရယူနိုင်ခဲ့တဲ့ ဘ၀ကပေးတဲ့ သင်ခန်းစာတွေပဲ ။ နေရာတိုင်းမှာ ကိုယ်ရနိုင်တဲ့ ကိုယ်ယူနိုင်တဲ့ သင်ခန်းစာတွေ အများကြီးပဲ ဆိုတာကတော့ လက်တွေ့သက်သေပါပဲ။
(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, September 12, 2009

ဘ၀ဒိုင်ယာရီ အပိုင်း ၂ ၊ အခန်း (၉)

ဘ၀ဒိုင်ယာရီနဲ့ ခရီးသွားတောလားတွေကို စဉ်ဆက်မပြတ်တင်ပေးနိုင်ဖို့ ကြိုးစားနေတယ်။ ဘာလို့လဲ ဆိုတော့ အတွေ့အကြုံဆိုတာမျှဝေဖြစ်အောင် မျှဝေပေးရမယ်။ ဘယ်သူဝေဖန်ပါစေ ကိုယ်ဆုံးဖြတ်ချက်နဲ့ ကိုယ့်ရဲ့ ခိုင်မာမှုကသာ အခရာပဲ ဆိုတာကို ယုံကြည်လို့ပါ။ ဒီဘလော့ကို ခုမှအလည်ရောက်တဲ့ မိတ်ဆွေတွေအနေနဲ့တော့ ဘ၀ဒိုင်ယာရီကို အစအဆုံး ပြန်ဖတ်ချင်ရင် ဘေးက ဆိုဒ်ဘားလေးက labels ဆိုတဲ့အောက်မှာ ဘ၀ဒိုင်ယာရီလို့ရေးထားတဲ့ စာတမ်းလေးကို ကလစ်လိုက်ရင် အစအဆုံး ဖတ်လို့ရပါတယ်။

အခန်း(၉)

ထောင်ထဲမှာ နေ့တိုင်း ဘုရားစာရွတ်ဖတ်လိုက်၊ အခြေအနေကောင်းရင် တချောင်းထိုး နှစ်ချောင်းထိုး ကိုင်လိုက်နဲ့ ထောင်ဆိုတာ နေတတ်ရင် အကျယ်ကြီးပါ ဆိုတဲ့စကားကို ပြောဖြစ်ကြသေးတယ်။ နေတတ်ရင် ဆိုတာမှာတော့ ၀ါဒါမတွေကို ဖားပြီး အချင်းချင်းချောက်တွန်း မဟုတ်တရုတ် သတင်းပေးနေတဲ့ အလုပ်မျိုးနဲ့ နေတတ်ဖို့တော့  မဟုတ်လေဘူး။ အကျဉ်းသားအချင်းချင်း လည်သူစားစတမ်း လုပ်တတ်တဲ့ တကယ်ဆိုးတဲ့ သူခိုးမတွေ ၊ လူသတ်ပစ္စည်းယူတွေ ကိုတွေ့ရတဲ့အခါ အံ့သြရသေးတယ်။ သူတို့ကို သေချာသွားစကားပြောပြီး သူတို့အကြောင်းတွေ စပ်စုကြည့်တော့ တကယ့်ကို ဘ၀တွေက ဘာဆိုဘာမှမျှော်လင့်ချက်မရှိ။ စားစရာမဲ့ သောက်စရာမဲ့ ခိုကိုးရာမဲ့ ဆိုသလိုကိုး။ အဲဒီအချိန်က ကျမစဉ်းစားကြည့်တော့ အဲလို လူမျိုးတွေကို အစိုးရက လူမှုထောက်ပံ့ကြေးတွေ ပေးနိုင်ရင် ဒုစရိုက်မှုတွေ တော်တော်လျော့သွားနိုင်တယ် ဆိုတာပါပဲ။

ကျမ စကားပြောမိတဲ့ လူသတ်မှုတွေထဲမှာ ကလေးတယောက်ရဲ့ နားဆွဲလေးကို ယူပြီး ကလေးကို သတ်ပစ်တဲ့ မိန်းမတယောက်ဆိုရင် သူက သူ့ကလေးအတွက် သူများကလေးကို သတ်လိုက်တာပဲ။ သူ့မှာ ကိုယ့်ကလေးကို ချစ်တဲ့စိတ်နဲ့အတူ ကိုယ့်ကလေး တမျက်နှာပဲမြင်တော့တဲ့ ချစ်ခြင်းမေတ္တာလဲ ရှိနေတယ်။ ဒီအခါမှာ သူများကလေးရဲ့နားဆွဲကို ယူလိုက်တယ်။ နောက် အဲဒီကလေးက သူ့ကို သိနေတော့ မဆင်ခြင်တော့ပဲ အပြီးသတ်လိုက်တယ်တဲ့။ အဲဒီအချိန်တုန်းက မသနားဘူးလားဟင်လို့ မေးမိတော့ တကယ့်ကို စိတ်မကောင်းတဲ့မျက်နှာနဲ့ အဲဒီအချိန်တုန်းက ဘာမှကို သတိမရဘူး။ သူ ပိုက်ဆံသိပ်လိုနေတယ် ဒါပဲ သိတော့တယ် တဲ့။ ခုအချိန်ကျတော့ မသတ်မိခဲ့ရင် အကောင်းသားလို့ စဉ်းစားမိတယ်တဲ့။ တကယ်က သူက သိပ်ဆိုးတယ် လို့လဲ နာမည်ကြီးတယ်။ တကယ့်ကို ထောင်ထဲမှာ မိန်းမကြမ်းပုံစံပဲ ကြီးနိုင်ငယ်ညှင်းဆဲ ဆိုတာမျိုး။ ထောင်ထဲမှာ သူအလုပ်ကြုံးလုပ် ပိုက်ဆံစုပြီး အပြင်က သူ့သားလေးကို ပေးတယ်။ကျမ ပြောချင်တဲ့ ဆိုလိုရင်းက အဲလို မိန်းမတယောက်မှာတောင် ချစ်ခြင်းမေတ္တာ ရှိနေတယ်။ နောက် လူတိုင်းသာ စားဝတ်နေရေးအခြေခံလိုအပ်ချက် ဖူလုံနေရင် တော်ရုံ လူသတ်လုယက်တွေ မဖြစ်နိုင်တော့ဘူး အဲလိုတွေးမိတာပါ။ မြန်မာနိုင်ငံမှာသာ ကိုယ့်တိုင်းသူပြည်သားတွေကို စောင့်ရှောက်နိုင်တဲ့ စနစ်တခု ဖြစ်လာခဲ့ရင် ခုအချိန်မှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက် လုယက်မှုတွေ ခိုးမှုတွေ လိမ်လည်မှုတွေ တော်တော်လျော့နည်းသွားမယ် လို့ အဲဒီအချိန်က တွေးမိခဲ့တယ်။

ဘာလို့လဲဆို ခေါင်းရွက်ဗျက်ထိုးဈေးသည် အဖွားကြီးဆီက ပိုက်ဆံကို လုယူခဲ့တဲ့ပြီး လူသတ်ဖြစ်ခဲ့သတဲ့။ ပိုက်ဆံကလဲ များများမဟုတ်ပါဘူး၊ စဉ်းစားကြည့် ခေါင်းရွက်ရောင်းနေတဲ့ တဗန်းစာပဲ ရှိတာလေ။ အဲဒီ မိန်းမ ၂ ယောက်ရဲ့ စကားလေးတွေ သူတို့ ထောင်ထဲမှာနေတဲ့ အကျင့်တွေကို ကြည့်လိုက်တော့ တကယ့်စောင့်ရှောက်မှုတွေ ရှိရင် သူတို့လူကောင်းဖြစ်လိမ့်မယ်လို့ မြင်လိုက်ရလို့ပါ။ သူတို့ လူသတ်မှုကို ထောင်ကျရင် သုံးနှစ်လောက်ပဲ ဖြစ်ရမယ်ဆိုပေမယ့် တကယ်အဖမ်းခံရတဲ့အခါ ထောင်ဆိုတာကို သူတို့ ကြောက်တယ်လေ။ ဒီတော့ သူတို့ကိုဖမ်းတဲ့ ရဲတွေကို ပြန်ရိုက်ပြီး ထွက်ပြေးတာ။ နောက်တမှုဖြစ်။ ဖမ်းမိတော့ ရထားနဲ့ ထောင်ကို အပို့မှာ တခါ ရထားပေါ်က ထွက်ပြေး နောက်တမှုထပ်ဖြစ်။ အမှုသေးသေးလေးကနေ စိတ်ကို မထိန်းနိုင်တော့ပဲ ထပ်ထပ်ဖြစ်လိုက်တာ ရဲစခန်းမီးရှို့မှု အပါအ၀င် အမှုကြီးတွေ ဖြစ်သွားလိုက်တာ နောက်ဆုံးသေဒဏ်ထိ ကျခံလိုက်ရတယ်။

သူတို့တွေရဲ့ ကံကလဲ သေဒဏ်ကျပြီး သိပ်မကြာခင် ၈၈ အရေးတော်ပုံဖြစ်တော့ ထောင်တွေ ထဲမှာ မီးတွေလောင် ထောင်ဖွင့်ပေးတဲ့အထိ ဖြစ်လာပါရော။ တချို့က ထောင်ပွင့်သွားပေမယ့် မပြေးရဲတော့ ထောင်ဝင်းထဲမှာပဲ နေကြရတယ်။ တချို့ကတော့ နီးစပ်ရာကနေ ကိုယ့်မြို့တွေကို အပြေးပြန်ကြပေါ့။ တချို့လည်တဲ့လူတွေကတော့ ကိုယ့်မြို့ကို မပြန်ပဲဝေးရာ ပြေးသွားကြတယ်တဲ့။ ဒါနဲ့ အဲဒီထောင်ကျစာရင်းထဲက လူတွေကို ပြန်စုတော့ ထွက်မပြေးတဲ့လူတွေကို လျော့ရက်တွေ ပိုပေး၊ ထွက်ပြေးပြီး ပြန်ခေါ်ချိန်ပြန်လာသူတွေကိုလဲ သင့်တော်ရာ လျော့ရက်ပေး အဲလိုတွေဖြစ်ကုန်တော့ သူတို့ သေဒဏ်ကျအုပ်စုက ပြန်သွားတဲ့ထဲ ပါတယ်။ ဒါပေမယ့် ပြန်ခေါ်တော့လဲ အသာတကြည်ပြန်လာပြီး အဖမ်းခံတော့ သေဒဏ်ကနေ နှစ် ၂၀ ဖြစ်သွားတယ်။ နှစ် ၂၀ကနေ သူတို့နေခဲ့တဲ့နှစ်ကလဲ ၅ နှစ်လောက်ရှိနေပြီ၊ နောက် နှစ်ကြီးဆိုတော့ အခန်းတန်းစီး တို့ ရေကန်ဘုတ်တို့မှာ လုပ်ခွင့်ရကြတော့ လျော့ရက်ဆိုတဲ့ ကွာ ရတာလဲ အေကွာ ။ ဒီတော့ တနှစ် ၃ လ အသာလေး ရနဲ့ သူတို့လဲ ခေတ်အခြေအနေအရ ကံကောင်းထောက်မပြီး ထောင်ထဲမှာ VIP တွေ ဖြစ်သွားကြတာပဲ ။ သာမန်အမှုနဲ့ လာလို့ကတော့ သူတို့ပညာပြတာတွေ အရင်ခံရမှာလေ။

နောက်ဆက်ပြီးပြောရမယ့် ထောင်ကျအုပ်စုကတော့ မှောင်ရိပ်ခိုမှုကို ၃(ခ) လို့ခေါ်ပြီး အဲဒီအမှုနဲ့ မကြာခဏရောက် လာတတ်တဲ့ ကောင်မလေးတွေပါ။ သူတို့ကတော့ သနားစရာပါပဲ။ သူတို့က ချေးအိုးတွေ ထမ်းရတာ များတယ်။ အဲဒီထဲက ကောင်မလေးတယောက်ဆို ကျမနေတဲ့ ၂ နှစ်အတွင်းမှာ တခါဝင်လာရင် တပတ်နဲ့ အခါ နှစ်ဆယ်ကျော် ရှိခဲ့တာကို မှတ်မိနေသေးတယ်။ အဲဒီကောင်မလေးတွေက ကျမတို့ သီးသန့်အကျဉ်းသူတွေက ဖော်ဖော်ရွေရွေသွားစကားပြောရင်တောင် ကြောက်နေကြတယ်။ သူတို့ကို ဘယ်သူကမှ အဖက်မလုပ်ခဲ့ကြဖူးဘူးလေ။ ကောင်မလေးတယောက်ဆို ၀င်လာခါစက သိပ်လှတယ်။ ခပ်ငယ်ငယ်ပဲ ၁၇ ၊ ၁၈ လောက်ပေါ့။ နောက် တဖြည်းဖြည်း ၀င်တဲ့အခေါက် များလာလေ ရုပ်က ကျလာလေပဲ။ သူနောက်ဆုံး ရောက်ခဲ့တဲ့ တခေါက်တုန်းကဆို သူ့ရုပ်ကို မမှတ်မိနိုင်အောင် ဖောယောင်ပြီးရောက်လာတယ်။ ကျမက သူစားဖို့ ဟင်းတွေသွားပေးတော့ သူ့ဆီကို မလာဖို့ လက်ဟန်ခြေဟန်နဲ့ပြတယ်။ အားနာတာဖြစ်မယ် ထင်ပါတယ်။ ဒါနဲ့ သူ့ဘော်ဒါတွေကိုပဲ တဆင့်သွားပေးခိုင်းရတယ်။ တပတ်လောက်နေပြီး အယောင်မလျော့သွားခင်ပဲ ပြန်လွတ်သွားပြီး နောက်ထပ်ရောက်လာတာလဲ မတွေ့။ သူ့သတင်းလဲ ဘာမှမကြားရတော့ဘူး။

အဲဒီလို မှောင်ရိပ်ခိုလေးတွေထက် အဆင်မြင့်တာကတော့ တည်းခိုခန်းတွေမှာ အလုပ်ဆင်းရတဲ့ မိန်းကလေးတွေပါပဲ။ ကျမရောက်နေချိန်တုန်းက တည်းခိုခန်းမန်နေဂျာနဲ့ နယ်မြေခံရဲ မတည့်လို့ ထင်ပါတယ်။ ၀င်ဖမ်းတော့ ပါလာတဲ့ကောင်မလေးတွေများ လှမှလှပါပဲ။ နာမည်လေးတွေကလဲ အလုပ်နာမည်ထင်ပါတယ် အပျံစား။ သူတို့တွေကတော့ ထောင် ၁ နှစ်ကျပြီး အကျင့်စာရိတ္တပြုပြင်ရေးစခန်းဖြစ်တဲ့ သင်တန်းကျောင်းကို ပို့တာ ခံကြရတယ်။ သူတို့က မသွားချင်ကြဘူး ။ သင်တန်းကျောင်းမှာဆိုရင် ဆရာမတွေက ရေလည်နှိပ်ကွပ်ကြတာ ဘာညာနဲ့ ပြောသွားတယ်။သူတို့ အမှုရင်ဆိုင်နေချိန်နဲ့ သင်တန်းကျောင်း မပို့ခင်တွေမှာတော့ ပတ်လည်မှာ နေကြပြီး ကျမတို့ နေတဲ့ အခန်းနဲ့ နီးတာမို့ သူတို့ဆီကို ထောင်မှုးတွေ ၀ါဒါတွေက လာလာပြီးထေ့လိုက်ငေါ့လိုက် ထိပ်ပုတ်ပေါင်ပုတ်တွေနဲ့ နေတာလဲ တွေ့ရတာပဲ။ ကျမတို့ ကြည့်လိုက်ရင်တော့ အဲဒီလူတွေက ကောင်မလေးတွေနားက ခွာသွားကြတာပဲ။ (နည်းနည်းရှိန်တယ်ဆိုတဲ့ သဘောပေါ့လေ။ )

ဒါပေမယ့် သူတို့နဲ့ စကားပြောကြည့်တော့ စီးပွားရေးအဆင်မပြေလို့ ကလေးတယောက်မွေးပြီး ကယ်ရီအလုပ်လုပ်မယ်လို့ အိမ်ကို ပြောပြီး ဒီလုပ်ငန်းနဲ့ အိမ်ကို ငွေပြန်ပို့နေတဲ့တယောက်၊ အကိုက အရိုးကင်ဆာဖြစ်နေလို့ အမေကိုယ်တိုင်က မန္တလေးက ဟိုတယ်တခုမှာ ပါကင်ဖောက်တာ ဘယ်ဈေးဆိုပြီး ရောင်းခဲ့တာဆိုတဲ့တယောက်၊ အိမ်မှာ ညီမလေးနဲ့ မောင်လေး ကောလိပ်တက်ဖို့ ပိုက်ဆံမလောက်လို့ ဒီအလုပ် လုပ်တာ အိမ်ကမသိဘူး အမရဲ့ ဆိုတဲ့တယောက် အမျိုးမျိုးတွေပါပဲ။ အများစုကတော့ ပိုက်ဆံစုပြီး ကိုယ့်အိမ်တွေကို ပို့ကြတာကို အံ့သြဖွယ်တွေ့ရတယ်။ သူတို့ ရုပ်ကလဲတော်တော်သန့်တော့ အပြင်မှာသာတွေ့ရင် ထင်ရက်မှာ မဟုတ်ဘူး။ သူတို့က ဒီမှာပဲ အမတို့နဲ့ စကားပြောရတာပါတဲ့။ အပြင်မှာ တွေ့ရင် ကျမတို့ကိုမခေါ်ပါနဲ့ တဲ့ ၊ အမတို့ကို သူများတွေက တမျိုးထင်သွားပါဦးမယ်တဲ့။

ဟုတ်တယ် အပြင်မှာ ကျမပြန်ထွက်လာပြီး နှစ်နှစ်လောက်ကြာတော့ အဲဒီထဲက တယောက်ကို လမ်းပေါ်မှာ ကောင်လေး ၂ယောက်နဲ့ တွဲသွားတာ တွေ့တယ်။ ကျမက မေ့ပြီး ခေါ်မလို့ သူ့ကို ကြည့်လိုက်တော့ သူက ဟိုဘက်လှည့် လမ်းကူးသွားလေတယ်။ အိမ်ကို ငွေပို့လို့ အိမ်တလုံးတောင် ဆောက်ပြီးသွားပြီ ပြောတဲ့ ကောင်မလေးတယောက်ကို ဒီက ထွက်ပြီးတဲ့အခါ ကောင်းရောင်း ကောင်းဝယ်ပဲ လုပ်စားကြပါလို့ ပြောဖူးတယ်။ ပိုက်ဆံရလွယ်တဲ့ ဒီအလုပ်ထဲက ပြန်ထွက်ဖို့ကတော့ မလွယ်ပါဘူး အမရယ်၊ အိမ်ဆောက်ပြီးပေမယ့် အိမ်မှာ ရေစက်တပ်ပေးချင်သေးတယ်လို့ ပြောသွားကြသေးတယ်။

ကျမတို့ အုပ်က သူတို့ကို တရားဟောသလို သူတို့လောကဆီက ကျမတို့ မသိနိုင်တဲ့ အခြေခံ အချက်အလက်တွေ ရိုက်စားခွင်တွေကိုလဲ မေးမြန်းစပ်စုခွင့်ရခဲ့တယ်။

ဒီလိုလူတွေနဲ့တွေ့ရတဲ့အခါမှာ လူတိုင်းမှာ အကောင်းချည်းမရှိနိုင်သလို သိပ်ဆိုးပါတယ်ဆိုတဲ့ လူတွေမှာတောင်ကောင်းတဲ့စိတ်ကလေးတွေ ရှိပါလားဆိုတာ ပိုပြီး ထင်ထင်ရှားရှား မြင်ခဲ့ရတယ်။ အစက ဒီလို မကောင်းတဲ့ ပြည့်တန်ဆာအလုပ်ကို လုပ်တဲ့ မိန်းကလေးတွေကို ကျမသိပ်မုန်းခဲ့တယ်။ ဒါပေမယ့် အဲလို မိန်းကလေး အတန်းအစားမျိုးစုံကို တွေ့မြင်ပြီး သူတို့အကြောင်းတွေကို သေချာသိလိုက်ရတဲ့အခါ သူတို့တာဝန်ယူမှုနဲ့ သူတို့ကောင်းနေတဲ့ အချက်တွေ ရှိနေသေးတယ်ဆိုတာ အသေအချာသိလိုက်ရတယ်။ အဲဒီအခါ စဉ်းစားမိတာက ငါတို့သာ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ရခဲ့ရင် အဲဒီလို လမ်းပျောက်နေတဲ့ မိန်းကလေးတွေအတွက် တကယ့် အလုပ်ခွင်တွေ ရပိုင်ခွင့်တွေကို ဖန်တီးပေးချင်တယ်။ တကယ့်စိတ်ရင်းနဲ့ သူတို့ ဘ၀ကို မြှင့်တင်နိုင်မယ့် အတတ်ပညာ အသိပညာတွေကို ပေးချင်ခဲ့မိတယ်။ တချို့မိန်းကလေးတွေဟာ အဲလို စောင့်ရှောက်မှုတွေ ပြုစုပျိုးထောင်မှုတွေ သာ ရှိခဲ့မယ် ပေးခဲ့နိုင်မယ်ဆို တကယ့်ဘ၀အောင်မြင်မှုတွေ ရနိုင်လောက်တဲ့ လူတွေဖြစ်လာမှာ မလွဲပါဘူး။

ဒါတွေအားလုံးဟာလဲ တိုင်းပြည်ရဲ့ အုပ်ချုပ်သူ လူတန်းစားရဲ့ အမြင်ကျယ်မှု ကိုယ်ချင်းစာမှု တိုင်းသူပြည်သားတွေကို ရင်ဝယ်သားလို စိတ်ထားတတ်မှုတွေပေါ်မှာ မူတည်နေတာ မဟုတ်ပါလား။ စာရေးဆရာ နိုင်ဝင်းဆွေရဲ့ နွေတညအကြောင်း အဲဒီအချိန်က ကျမတို့ ထဲမှာ ခဏခဏပြန်ပြောဖြစ်ကြတယ်။ စနစ်ကြောင့် ပျက်စီးခဲ့ရတဲ့ သမီးပျိုလေးတွေ အများကြီး ပိုပို များလာနေတာအတွက် တာဝန်ရှိနေတာ မြန်မာတနိုင်ငံလုံးက လူတိုင်းကိုယ်စီမှာပဲလို့လဲ ကြီးကြီးကျယ်ကျယ်တွေ ကောက်ချက်ချကြသေးတယ်။

(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, September 7, 2009

ဘ၀မှတ်တမ်းခြေရာများ

အလုပ်ပါးတာနဲ့ ဒီနေ့ ဘလော့လည်ဖတ်ပါတယ်။
ဟင်းလင်းပြင်ဘလော့ ဘေးမှာ ဖတ်လို့ရနိုင်မယ့် စာအုပ်စာရင်းမှာ မောင်ဒေါင်းရဲ့ တတောလုံးကြွေ ဆိုတာလေး မြင်တော့ အံ့သြ၀မ်းသာသွားရတယ်။
ပန်းချီအေးကို ရဲ့ လက်ရာပန်းချီကားကို မျက်နှာဖုံး လုပ်ထားတာ
ဖတ်ချင်ရင် ဒီမှာ ဖတ်လို့ရပါတယ်

ကျော်ကျော်ဝင်းရဲ့ ဒီဇိုင်း ပုံဖော်မှု
အဲဒီစာအုပ်က vertex four နာမည်နဲ့ ကျမတို့ သူငယ်ချင်း လေးယောက် ထုတ်ခဲ့တဲ့ ဒုတိယ စာအုပ်ပါ။ ပထမဆုံးထုတ်ဖြစ်တာက ကဗျာဆရာ အောင်ဝေးရဲ့ ချစ်သူမြင်းသည်တော် ပါ။
၁၉၉၅-၉၆ ခုနှစ်တွေ အတွင်း စာအုပ်ထုတ်ဝေရေး လုပ်ခဲ့တုန်းက အကြောင်းလေးတွေကို သတိတရ မှတ်တမ်းတင်ရင်း ပြောပြပါရစေ…

စာရေးဆရာ မောင်ဒေါင်းရော ကဗျာဆရာ အောင်ဝေး ရော ၂ယောက်စလုံး ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးမှုနဲ့ ထောင်ကျခဲ့သူတွေပါ။

ခုစာအုပ်ကို ထုတ်မယ်ဆိုတော့ စာအုပ်မျက်နှာဖုံးကို ပန်းချီဆရာ အေးကို ဆီကနေ အလကား သွားတောင်းခဲ့တာ ကျမပါ။ သူဆွဲထားတဲ့ ဒီပန်းချီကားကို ကျမက စာအုပ်မျက်နှာဖုံး သုံးချင်လွန်းလို့ အလကား ရအောင်ကို တောင်းတာပါ။ ပုသိမ်သားချင်းလဲ ဖြစ်၊ ကျမနဲ့ငယ်သူငယ်ချင်း၊ နောက် စစ်ကြောရေးစခန်းမှာ တချိန်တည်း ရောက်နေခဲ့ရပြီး ထောင်ထဲက နေ အထူးခုံရုံးကို ရုံးချိန်းတူတူ ထွက်ခဲ့ရသူလဲ ဖြစ်ပါတယ်။

ကျမနဲ့ တူတူ စာအုပ်ထုတ်ဖို့ ပိုက်ဆံဝိုင်းထည့် ပေးတဲ့ သူငယ်ချင်း ၃ ယောက်စလုံးကလဲ နိုင်ငံရေးမှုနဲ့ ထောင်ထွက်တွေချည်းပါ။ (ခုတော့ တယောက်အော်စီ ၊တယောက် လွတ်မြောက်နယ်မြေမှာ ကွယ်လွန် ၊တယောက်(ကျမ)လွတ်မြောက်နယ်မြေ ၊တယောက် ပြည်တွင်းမှာ အောင်မြင်သော စီးပွားရေးသမား)။

ယောက်ျားလေး ၃ ယောက် မိန်းကလေး ကျမတယောက်နဲ့ ဒီအဖွဲ့လေးစလုပ်တော့ နာမည်ကိုလဲ ၃ ယောက် တယောက်အရ ဦးစားပေးအဖြစ် ကျမကပဲ ရွေးပါတယ်။ အဖွဲ့နာမည်ရွေးချိန်က ရန်ကုန်မော်တင်လမ်းမှာ နေချိန်ပါ။ မော်တင်လမ်းအိမ်ကနေ ကမ်းနားဘက်ကို လှမ်းကြည့်ရင်း လှိုင်းတွေကို မြင်လိုက်ချိန်မှာ ဒီVertex ဆိုတဲ့ စာလုံးလေး ခေါင်းထဲကို ၀င်လာတာပါ၊

လိုဂိုကိုလဲ ပုသိမ်သား ကျော်ကျော်ဝင်း ကျမတို့လိုပဲ ဗကသ အဖွဲ့ ၀င် ထောင်ထွက် ကပဲ လုပ်ပေးတာပါ။ ၈၈ ကိုလဲ မမေ့နိုင်ဖြစ်နေတော့ ၈၈ ပါအောင် ဘယ်လို ပုံလေး လုပ်ရင်ကောင်းမလဲ စဉ်းစားပေးစမ်းပါ ဆိုတာကို မရ ရအောင် စဉ်းစားပေးခဲ့တဲ့ ကျော်ကျော်ဝင်း၊ ၈၈ အောင်မြင်ရမယ်ဆိုတဲ့ ဗွီစာလုံးပါအောင် သူကပဲ စဉ်းစားပေးခဲ့တာပါ။ လေးယောက်အဖွဲ့ဆိုတော့ ၄ ကလဲ ပါချင်နဲ့ ပါချင်တာတွေ များနေသမျှ အကုန်လုံး လိုဂိုထဲမှာ ပြည့်စုံအောင် စဉ်းစားပေးတဲ့ သူ့အိုင်ဒီယာတွေထဲက ဒီလိုဂိုလေးကိုတော့ ကျမတော်တော်ကြိုက်တာနဲ့ ရွေးပြီး ကျန် ၃ယောက်ကို အကြောင်းကြား ပြလိုက်တော့ သူတို့ကလဲ မြင်တာနဲ့ ကန့်ကွက်သူမရှိ လက်ခံခဲ့ပါတယ်။ လိုဂိုကို မပြီးမချင်း မဂိုလမ်းက သူတို့ရဲ့ ဆိုင်းဘုတ်ရေးတဲ့ အလုပ်နေရာလေးမှာ တဂျီဂျီ နဲ့နေ့ဆက်သွားစောင့်ပြီး ယူတဲ့ ကျမကို အမကိုတော့ လက်လန်တယ်လို့ အမြဲပြောတတ်တဲ့ ကျော်ကျော်ဝင်းလဲ ဆုံးပါးသွားရှာပြီ။ ကျမတို့ အဖမ်းခံရတုန်းက ထုတ်တဲ့ ဆဲဗင်းဇူလိုင် အထိမ်းအမှတ်စာစောင်ရဲ့ လက်ရေးစားလုံး အားလုံးကို သူရေးပေးခဲ့တာပါ။

စာအုပ် ကို ပုံနှိပ်ထုတ်ဝေပေးတဲ့ အေဇက် ပုံနှိပ်တိုက်ကလဲ ပုသိမ်သား ပန်းချီဆရာ မြင့်ဝင်းမောင် ပိုင်တာပါပဲ။ ကျမတို့ မင်္ဂလာဆောင်တုန်းက ဖိတ်စာတွေကို မေတ္တာလက်ဖွဲ့ပုံနှိပ်ပေးခဲ့သူလဲ ဖြစ်ပါတယ်။ အဲဒီတုန်းက မင်္ဂလာဆောင်ကို ခေါ်လာတဲ့ သူတို့ သမီးလေးဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ ပျောက်ဆုံး စာရင်းနဲ့ မီဒီယာတွေမှာ တက်လာပြီးမှ အဖမ်းခံရမှန်းသိခဲ့ရတဲ့ သူကလေးပါ။ နောက်ပိုင်း ပြန်လွတ်လာတယ် လို့ သတင်းကြားပါတယ်။

အဲလိုလူတွေစုပြီး ထုတ်ဝေတဲ့ ချစ်သူမြင်းသည်တော်နဲ့ တတောလုံးကြွေ စာအုပ်ဟာ စာရေးဆရာ ကဗျာဆရာတွေကိုလဲ စာမူခတပြားမှမပေးခဲ့ရပါဘူး။ (သူတို့လက်ဆောင်ပေးဖို့ စာအုပ်တွေတော့ ပေးခဲ့ပါတယ်)။ ထုတ်ဝေခွင့်ကတော့ ၀ယ်ရပါတယ်၊

စာပေစီစစ်ရေးမတင်ခင် စာလုံးအကျအနတွေဖတ်ရတာ၊ စာအုပ်ချုပ်တာကအစ ကိုယ်တိုင် လိုက်ကြည့်ရပါတယ်၊ ဒါတောင် လုပ်ပေးသူတွေ ကူပေးသူတွေက အကုန် စိတ်ချရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေချည်းပါ၊ (ပုသိမ်သူပုသိမ်သားတွေက အဲလိုစည်းလုံးညီညွတ်ကြတယ် အဟုတ်ပါ။)

စာပေထုတ်ဝေရေး လုပ်ကြည့်တော့မှ စာပေကင်ပေတိုင်ရုံးကို သွားရတဲ့အခါတိုင်းတွေ့ရတဲ့ ဒုက္ခတွေ ပေးရတဲ့ ငွေကြေးတွေ အဟောက်ခံရတဲ့ အဖြစ်တွေ စောင့်စားရတဲ့ အချိန်တွေဟာ တော်တော်လေး ကြီးမားလှချည်လားလို့ သိလိုက်ရပါတယ်။ ခြေတိုအောင်သွားရတယ် ဆိုတဲ့ စကားကို လက်တွေ့ကြုံရမှ နားလည်တတ်ခဲ့ပါတယ်။

ဒုတိယ စာအုပ်ထုတ်ဖို့အားလုံး ပြီးခါနီးမှာ သူငယ်ချင်းတယောက်က ပြင်သစ်ကို သွားပါတယ်။ ကျန်တဲ့ တယောက်က သူတို့ အိမ် စီးပွားရေးကို သူဝင်လုပ်ပေးရတော့မယ်တဲ့။ နောက်တယောက်က အလွတ်ပညာသင်ကျောင်းဖွင့်ပါတယ်။ ဒါနဲ့ ကျမတယောက်တည်း လုပ်ရတာ ဆိုတော့ အိမ်ကအလုပ်လဲ ကူရသေးနဲ့ ဆက်မထုတ်ဖြစ်တော့ဘူး။ အဲဒီတုန်းက ဆက်ထုတ်ဖို့ပြောထားတာက လူငယ်စာရေးဆရာမတွေဖြစ်တဲ့ မေငြိမ်း၊ ခက်မာ ၊ မိုးချိုသင်း ၊မိုချာ့ တို့ ၄ယောက် လောက်ရဲ့ ၀တ္ထုတိုလေးတွေ စုထုတ်မလို့ပြောထားပြီးသားပါ၊ ဒါပေမယ့် ဆက်မထုတ်ဖြစ်ဘူး။ အဲလိုဆက်မထုတ်ဖြစ်တဲ့အခါကျတော့ ငွေက လိုက်သိမ်းရတာချည်း ဖြစ်နေတယ်၊ ကိုယ့်စာအုပ်တွေတင်ပေးထားတဲ့ ဖြန့်ချီရေးတွေကို ငွေလိုက်စုရတဲ့ မျက်နှာကလဲ တော်တော်ငယ်ရပါတယ် ၊ ကိုယ်တွေ့ဆိုတော့ အင်မတန်ကြီးမားတဲ့ အတွေ့အကြုံတွေပေါ့၊ ဘယ်စာပေဖြန့်ချီရေးနဲ့ ဘယ်စာပေဖြန့်ချီရေးက မတည့်တာတွေ၊ ဘယ်သူက လက်ခက်တယ် ဘယ်သူက ဘယ်လို ဆိုတာတွေကို အကြားတင်မဟုတ်ပဲ လက်တွေ့သိခဲ့ရတယ်၊ ကျမတယောက်တည်း ပဲ အားလုံး ဒိုင်ခံလုပ်ပေးခဲ့ရတဲ့ အချိန်ဆိုတော့ တခြားလူတွေထက် စာပေထုတ်ဝေရေးကို တော်တော်နားလည်သဘောပေါက်ခဲ့တယ်၊

ငွေကြေးအရ စလုပ်ခါစ ဖြစ်တဲ့အတွက် စာအုပ်ထုတ်ရင်ကျွေးတဲ့ စားစရိတ်တွေထဲကို အမြတ်တွေ ရောက်ကုန်တယ် ထင်ပါရဲ့၊ လက်ထဲမှာ ငွေကြေးအရမမြတ်ပါဘူး။ ဒါပေမဲ့ အတွေ့အကြုံတွေ အသိပညာတွေ အများကြီး ရခဲ့ပါတယ်၊ ချစ်သူမြင်းသည်တော်စာအုပ်က ပြတ်သွားလို့ ထပ်ရိုက်ရပါသေးတယ်၊ ရန်ကုန်တက္ကသိုလ် အာရ်စီ ထဲက လက်လီရောင်းတဲ့ စာအုပ်ဆိုင်က တော်တော်ဖြုန်းပေးနိုင်တယ်ဆိုတာလဲ သိရပါတယ်၊ သူ့ရဲ့ ရောင်းအားက တချို့စာပေဖြန့်ချီရေးထက်တောင် များပါသေးတယ်၊ တက္ကသိုလ်ကျောင်းသားတွေ ကဗျာကို စိတ်ဝင်စားတယ် မြတ်နိုးတယ်ဆိုတာ လက်တွေ့ပေါ့၊ တကယ်တော့ ကျမ စာအုတ်ထုတ်ဝေရေး လုပ်ဖို့ စိတ်မကုန်ခဲ့ပါဘူး။ တနေ့နေ့ တချိန်ချိန်ပြည်တွင်းကို ပြန်ရောက်ခဲ့ရင် ကိုယ့်စိတ်ကြိုက်တွေကို ထုတ်ဝေရေး လုပ်ဖို့ စိတ်ကူးရှိနေဆဲပါ၊ တနေ့နေ့တော့ ဖြစ်လာမယ် ထင်တာပါပဲ။

အဲဒီကျရင် ရှယ်ယာ ပါချင်ကြသလားးး စာရင်းလာပေးထားနော်….
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်