Friday, November 20, 2009

ကိုလုံးမြို့ကို အသွားလမ်း...

အမြန်ရထားလိုင်းကို ၀ယ်ထားတာမို့ စီးရမယ့် ရထားက သဘောကျစရာပါ။ ကွန်ပျူတာ သုံးရင် သုံးရမယ့် ပလပ်ပေါက်ပါတယ်။ လူကလဲ ရထားတွဲထဲမှာ နည်းနည်းပဲ ရှိတယ်။ ကျမ၀ယ်ထားတဲ့ တွဲမှာ ကျမရယ် ဂျာမဏီအဖိုးကြီး အဖွားကြီးစုံတွဲရယ်ပဲ ပါတယ်။ ကျမကို ဘယ်ကလဲ မေးတော့ ဘားမားလို့ဆိုတော့ မသိဘူး။ နောက် ၁၉၉၁ ခုနှစ်နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုရော သိပါသလားဆိုတော့ အဖိုးကြီးက သိတယ်သိတယ် ဆိုပြီး သူ့မိန်းမကို ဂျာမန်လို ပြန်ရှင်းပြတယ်။ သူ နေတဲ့ တိုင်းပြည်နာမည်က ဘားမားလေ အဲဒါ ကျမတို့ တိုင်းပြည်လို့ ပြောတော့ လက်ဆွဲနှုတ်ဆက်တယ်။ (အန်တီ့ကြောင့် ကျမတို့ နိုင်ငံကို လူပိုသိတာကတော့ ခရီးတိုင်းမှာပါပဲ)။ အဖိုးကြီးအဖွားကြီးက ဖော်ဖော်ရွေရွေပဲ ၊ ရထားက ကိုလုံးရောက်ဖို့ ၂ နာရီစီးရမယ်။ ရထားဆိုက်ချိန်အတိအကျလဲ ရေးထားတယ်။ ကိုလုံးက ဂိတ်ဆုံးမဟုတ်ပဲ ဆက်သွားမှာမို့ မှားမဆင်းဖို့ အိပ်ပျော်မနေဖို့ ကိုသက်ဦးက သေချာမှာတယ်။ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ဆိုပြီး ရထားကြီးနဲ့ ခရီးဆက်ခဲ့ပါတယ်။

မြို့အထွက် တံတားပေါ်က အဖြတ်မှာ အောက်ဖက် ရထားလမ်းတွေကို ရိုက်ထားတာ..

ရထားလက်မှတ်စစ်လာတော့ နေရာ ယူထားတဲ့ လက်မှတ်ပြတယ်။ သူက မဟုတ်ဘူးတဲ့။ ဟမ် .. ငါ့ဆီမှာ ဒါပဲ ရှိတယ်ဆိုတော့ နောက်တခု ရှိဦးမယ်တဲ့။ မသိဘူး မရှိတော့ဘူးလို့ ပြောတော့ ဒါဆို ၄၉ ယူရို ကျတယ်တဲ့။ ဟာ ငါပိုက်ဆံပေးပြီးသား ဆိုတော့ မသိဘူးတဲ့။ ခုန ကိုသက်ဦးပေးတုန်းက ပိုက်ဆံချေထားတဲ့ ဖြတ်ပိုင်းစာရွက်ကို လုံးဝ မေ့နေတယ်။ သတိကို မရဘူး။ သူကလဲ နောက်တရွက်ပေးဦး တဲ့ ကိုယ်ကလဲ ဒါပဲ ရှိတယ်နဲ့ ၄၉ ယူရို ပေးလိုက်ရလေရော။ လက်မှတ်စစ်ထွက်သွားပြီး ဘာလို့ ပေးရတာလဲ ပိုက်ဆံချေပြီးလို့ ဒီမှာနေရာ လက်မှတ်တောင် ရထားပြီးသား ဥစ္စာကို ဘာလဲ ဘာမှားလဲ စဉ်းစား စဉ်းစား နဲ့ စဉ်းစားတော့မှ ဟာ… နေရာလက်မှတ်က ဒီတိုင်း ထုတ်လဲ ရတာပဲ ထင်တယ်ပေါ့။ ပိုက်ဆံချေထားတာကို ပြရမယ်ထင်တယ် ဆိုပြီး အတွေးပေါက်တော့တယ်။ ခုန ပိုက်ဆံကောက်တဲ့ လက်မှတ်စစ်ကိုလဲ မတွေ့တော့ဘူး။ ရထားတွဲထဲမှာ ကိုယ်တို့ သုံးယောက်တည်း။ ဒါနဲ့ ခုန ဂျာမဏီအဖိုးကြီးနဲ့ အဖွားကြီး ဆီကို သွားပြီး ဒီစာရွက်ကို အခုမှ တွေ့တယ်။ ဒီမှာ ပိုက်ဆံပေးပြီးသား မို့ ခုန ရထားခပေးလိုက်ရတာကို ပြန်ပြောပေးပါလို့ အကူအညီတောင်းရတယ်။ အင်္ဂလိပ်စကားကလဲ ကောင်းတာမဟုတ်တော့ သူတို့ နားလည်ပါ့မလားလဲ စိုးရိမ်ရသေးတယ်။ ဒါပေမယ့် အဖွားကြီးက သဘောပေါက်လွယ်တယ်။ လက်မှတ်ကို ယူကြည့်ပြီး သူ့အဖိုးကြီးနဲ့ စကားတွေ ပြောတယ်။ နောက်အဖိုးကြီး တွဲထဲက ထထွက်သွားတယ်။ ကိုယ့်နေရာ ကိုယ်ပြန်ထိုင်ပြီး စောင့်နေလိုက်တော့ မကြာဘူး အဖိုးကြီး ပြန်လာတော့ ခုန လက်မှတ်စစ်လဲ ပါလာတယ်။ သူက ကျမလက်ထဲက ငွေချေထားတဲ့ ပြေစာ စာရွက်ကလေးကို ပြန်ကြည့်ပြီး သူ့ခါးက ကရိယာလေးမှာ ဟိုနှိပ်ဒီနှိပ်နဲ့ နောက်တော့ ၄၉ ယူရို ပြန်ပေးပါလေရော.. ၊ ကျေးဇူးတင်ပါတယ် အများကြီး ကျေးဇူးတင်ပါတယ် ဆိုတာကို စိတ်ပါ လက်ပါပြောပေးလိုက်တယ်။ ယူရို၅၀ ဆိုတာ နည်းတာကြီးမှ မဟုတ်တာနော်။

အကူအညီတွေပေးခဲ့တဲ့ အဖိုးအဖွား ဂျာမန်စုံတွဲ

ရထားစီးတဲ့ ၂ နာရီမှာ အိပ်ဖို့တောင် သတိမရလိုက်ဘူး။ ဂျာမဏီထဲက ဖြတ်စီးတဲ့ မြစ်က ရိုင်းမြစ်ထင်တာပဲ။ တောင်ကမ်းပါးတွေမှာ တည်ထားတဲ့ မြို့နဲ့ မြစ်ထဲမှာ သွားနေတဲ့ သဘောင်္တွေကို သဘောကျလွန်းလို့ တဖျတ်ဖျတ်ဓါတ်ပုံရိုက်ပစ်တယ်။ ရထားလမ်းရယ် မြစ်ရယ်တခါတလေ ကားလမ်းရယ် အဲလိုဘေးချင်းယှဉ်ပြီး သွားနေတာ တွေ့ရရင် ဘယ်လိုပျော်မှန်းမသိဘူး။ မြန်မာနိုင်ငံထဲမှာလဲ အဲဒီလိုနေရာတခု ရှိတယ်။ လွိုင်ကော်ကနေ ဖယ်ခုံမြို့ဖက်ကို သွားရင် မိုးဗြဲဆည်ရယ် ကားလမ်းရယ် ရထားလမ်းရယ်က နီးနီးလေးနဲ့ သုံးခု ယှဉ်နေတယ်။ သိပ်သဘောကျဖို့ကောင်းတယ်။ လှလဲ အရမ်းလှတယ်။ အဲဒီနေရာ ကို ရောက်တိုင်း ကားရပ်ခိုင်းပြီး ရပ်ကြည့်မိတယ်။ ခုလဲ တော်တော်လှတဲ့ ရှုခင်းတွေကို ကြည့်ပြီး အိပ်ဖို့ မေ့သွားတယ်။
ရထားလမ်း ကားလမ်းနဲ့ မြစ် သုံးခု တူယှဉ်တွဲနေတာ မလှဘူးလား...

မြစ်ထဲမှာ သဘောင်္တစင်းမောင်းနေတာ လှသလို ရေလည်ထိ ထိုးထွက်နေတဲ့ ကျွန်းမြေလေးကလဲ လွမ်းစရာ

ကိုလုံးမြိုနားရောက်ခါနီးမြို့လေးတမြို့မှာ ခုန ဂျာမဏီ အဖိုးကြီးအဖွားကြီး စုံတွဲ ဆင်းသွားတယ်။ ကျမကို ပျော်ရွှင်ဘွယ်ရာ ခရီးစဉ်ဖြစ်ပါစေတဲ့။ ဆိုက်ရောက်ရမယ့် နာရီအရ ကိုလုံးရောက်ခါနီး ကျေညာသံကို နားစိုက်ထောင်နေရတယ်။ မတော် မကြားလိုက်ပဲ မြို့ကျော်သွားမှာ စိုးလို့လေ။ ကိုလုံးမြို့နာမည် အသံကြားတော့ ရထားတွဲကနေ ထွက်ပေါက်ကို ထွက်နေတော့ ဟိုဘက်တွဲက စုံတွဲတတွဲလဲ ထွက်ရပ်နေတယ်။ ဒါ ကိုလုံးမြို့ပါနော်ဆိုတော့ ဟုတ်တယ်တဲ့။

ရထားက ၅ မိနစ်လောက်ပဲ ရပ်တာမို့ ဆင်းလိုက်ပြီး လာကြိုမယ့် အမကို ရှာနေတုန်း ဆံပင်ရှည်ရှည်နဲ့ အမတယောက်က ဒီဘက်လာနေတာ တွေ့ရတယ်။ ဒီအမပဲ ထင်တယ် လို့ စိတ်ထဲမှာ တွေးနေတုန်း မခင်မင်းဇော်မဟုတ်လား ဆိုပြီး လာမေးတယ်။ မမာ မဟုတ်လားဟင် ဆိုပြီး ၀မ်းသာအားရ နှုတ်ဆက်လိုက်တော့ လာလာ တဲ့ ဘူတာထဲမှာ ညီမသူငယ်ချင်းမိသားစုလဲ ရောက်နေပြီတဲ့။ ( တကယ်ဆို မမာက ကျမကို ဘလော့ထဲက ဓါတ်ပုံပဲ မြင်ဖူးတာပါ။ ဖုန်းတွေ ပြောနေပေမယ့် လူချင်းတခါမှမဆုံဖူးဘူး။ မမာရဲ့ အမျိုးသားက ဘလော်ဂါ နှင်းခါးမိုးတို့ရဲ့ အမှုတွဲတူတွေလေ။ ဒီခရီးကိုလာမယ်ဆိုတော့ ကျမသူငယ်ချင်းတွေရဲ့ ဖုန်းတွေ အီးမေလ်းတွေက ဆက်သွယ်လို့ မရဖြစ်နေချိန်မှာ မမာတို့ရှိတယ်ဆိုပြီး ဖုန်းခေါ် ကျမသူငယ်ချင်းတွေ ရှိသေးလားမေးမြန်းပြီး လာခဲ့ရတာပါ။ မမာက သူအဲဒီနေ့ အလုပ်အားတယ် လာကြိုပေးမယ် ပြောလို့ အားလုံးအဆင်ပြေ ချောမွေ့ခဲ့ရတယ်။ မလာခင် ကျမရဲ့ ဘလော့ပေါ်က ဓါတ်ပုံတွေကို သေချာပြန်ကြည့်ခဲ့ရသေးတယ်တဲ့။ သူတို့ မိသားစုကတော့ ကျမအမျိုးသားနဲ့ ကိုနှင်းခါးမိုး တို့ရဲ့ အသိမိတ်ဆွေတွေပါ။ ဒါပေမယ့် ဧည့်ဝတ်ကျေတာကတော့ ပြောမယုံကြုံဖူးမှ သိလို့ ပြောရလောက်ပါတယ်။ )

(ဆက်ရေးပါဦးမယ်)

19 comments:

soe lu said...

ဒေါ်ခင်မင်းဇော်
မောင်လေး လာဖတ်သွားတယ် သေချာဖတ်သွားတာ

soe lu said...

ဘယ်လိုဖြစ်သွားလည်းမသိဘူး ကိုတိုးကြိးကနေ စိုးလူဖြစ်သွားပြီ သိတော့ဘူးဗျာ

Anonymous said...

ကိုယ်လုံးမြို့ပီးရင်
ဒူးမြို့တို့
ပေါင်မြို့တို့ ရောက်ခဲ့တာ ရေးပါဦး

:P

Steve Evergreen said...

visited, read and enjoyed.

Nge Naing said...

အစ်မရေ
ခရီးသွားအတွေ့အကြုံလေး လာဖတ်သွားပါတယ်။ စိတ်ဝင်စားစရာ ကောင်းပါတယ်။

reenoemann said...

အမရေ စာလာဖတ်သွားပါတယ်။

ရီနို

P.Ti said...

ရထား၊ ကား နဲ့ မြစ်သုံးခု ယှဉ်တာ နဲ့ ရိုင်းမြစ်လို့ရေးထားတော့မှ The Bridge at Remagen ဆိုတဲ့ ဒုတိယကမ္ဘာစစ်ကား တစ်ကားကို သတိရသွားတယ်.. အဲဒီအထဲမှာလည်း အမပြထားတဲ့ ပုံနဲ့ တော်တော်လေးဆင်တယ်.. ဆက်ရေးပါ။ အမနဲ့ အတူလိုက်လည်နေပါတယ်။

Kay said...

ဘာလဲ..အမက.. ၄၉ ယူရိုပေးစီးတဲ့ ၂ နာရီ မှာ အိပ်ဖို့ တွေးမိသေးသလား..း)

နောင်သူ said...

ကံကောင်းတယ်ဗျ....Koblenz ဘက်ကသွားတဲ့ရထားကို စီးလို့ အဲလို ရှုခင်းတွေ မြင်ခဲ့ရတာ ....တော်တော်လှပါတယ်.....Gießen ဘက်က သွားရင် လယ်ကွင်းတွေပဲ တွေ့ခဲ့ရမှာ..

မမိုး said...

စိတ်ဝင်စားစွာ စောင့်ဖတ်နေတယ်နော်..
မြန်မြန်လေးေ၇းပါဦး

Rita said...

ဂျာမန် အဖိုးရဲ့ ပုံက အနောက်တိုင်းသားနဲ့ မတူဘဲ အရှေ့တိုင်းသားနဲ့ ပိုတူတယ်နော် အစ်မ။
အတွေ့အကြုံတွေ စိတ်ဝင်စားပါတယ်။

Anonymous said...

အမရေ ... ခရီးသွားတုန်း ဂျာမန်စုံတွဲလို စိတ်ထားကောင်း ဖော်ရွေ ကူညီတတ်သူတွေနဲ့ဆုံရတာ မင်္ဂလာတပါးပဲ။ နောက်ပြီး တခြားနိုင်ငံသားတွေနဲ့ ခရီးသွားရင်ဆုံရတာလည်း ရှုခင်းတွေကြည့်လို့ဗဟုသုတရသလို ဗဟုသုတတခုတိုးတာပေါ့။

PAUK said...

သဘောကျတယ်အစ်မ..
လိုက်လည်ချင်လိုက်တာ..
ရထားစီးရတာလည်း ကြိုက်တယ်။။

Yu Wa Yi said...

အားကျမိပါတယ် အစ်မခင်မင်းဇော်ရေ့ ။

Thet Oo said...

ရထားလက်မှတ်လို ခရီးစဉ်စာရွက်တွေက လက်မှတ်ရောင်းတဲ့စက်ကနေ လက်မှတ်မ၀ယ်လည်း လိုသလောက်ထုတ်လို့ရတယ်ဆိုတာ ကျနော်လည်း နောက်မှ သိရတယ်။ အဲဒါကြောင့် လက်မှတ်စစ်က ငွေချေတဲ့ ပြေစာမပြနိုင်လို့ လက်မှတ်ထပ်ဝယ်ခိုင်းတာပေါ့။ ပြေစာပြလိုက်တော့ ချက်ချင်းငွေပြန်အမ်းတယ်ဆိုတာကလည်း ဂျာမနီမှာမို့လို့ပဲ။ ရွှေနိုင်ငံမှာဆို လက်မှတ်စစ်ချုပ်တို့၊ ရုံပိုင်ကြီးတို့ ထောက်ခံချက်ပါမှ ရောင်းပြီးသားလက်မှတ်ကို ငွေပြန်ထုတ်ပေးလိမ့်မယ်။ ဥရောပရောက်တုံး ဂျာမနီကို အလည်ရောက်ဖူးသွားတာ မခင်မင်းဇော် ကံကောင်းပါတယ်။

မီယာ said...

အမရေ ဂျာမနီ မရောက်ဖူးသေးတာနဲ့ အတော်ပဲ.. ဒါနဲ့ ဒီဖက် ဘယ်တော့ လာမှာလဲ

tai said...

Yes. It is Rai river. I was in Brohl about 2 months in 2008 which is laying at the Rai river bank and located between Koblenz and Colone. Rai vale is very famous about making Wine.

ခင်မင်းဇော် said...

ဂျာမဏီခရီးစဉ်အတွက် ကျေးဇူးအများကြီးတင်ပါတယ် ကိုသက်ဦးရေ.. ကျမလဲ ခေါင်းထဲမှတ်မိသလောက် ချရေးနေတာပါ။ တချို့ လွဲမှားမှုတွေ ရှိရင်လဲ လာပြင်ပေးပါဦးနော်။

လာရောက်ဖတ်ရှုနေတဲ့ အားလုံးမိတ်ဆွေသူငယ်ချင်းတို့အတွက် မျှဝေပေးချင်စိတ်နဲ့ ဒီပို့စ်ကို ရေးနေတာပါ။ ခရီးသွားရတာကို ကျမက ပျော်ပါတယ်။
ဘယ်က ဖိတ်ဖိတ်.. လာခဲ့မယ်ချည်း ပြောမယ့်လူပါရှင်...။
မီယာရေ.. မီယာ တို့ ဘက်ကို ရောက်ဖို့အဲဒီတုန်းက စီစဉ်ထားပေမယ့် အင်္ဂလန်ကိုလာပြီးရင် ပြန်ဝင်ဖို့ နော်ဝေးကို ရီအန်ထရီ လုပ်မထားမိတာရယ် လုပ်ဖို့ အချိန်မလောက်တော့တာရယ်ကြောင့် မလာတော့တာပါ။ ကံကြုံရင်တော့ ဆုံချင်ပါသေးတယ်နော်။

ခင်မင်းဇော် said...
This comment has been removed by the author.