Tuesday, November 24, 2009

Cologne မြို့ကို ရောက်တယ် လျှောက်လည်...

ဘူတာကြီးထဲကို ဆင်းလာတော့ ကျမသူငယ်ချင်းကို တွေ့ရတော့ ၀မ်းသားအားရ နှုတ်ဆက်ကြတာ သူ့သမီးကတောင်လန့်သွားလေရဲ့။ ဒါနဲ့ သူတို့ကားနဲ့ တည်းမယ့်အိမ်ကို လိုက်ပို့ပြီးနောက်နေ့ နေ့လည်လာခေါ်မယ်တဲ့။ အဲဒီနေ့ ညဘက်မှာ ကျမသူငယ်ချင်းတွေ အလုပ်လုပ်တဲ့ ထိုင်းစားသောက်ဆိုင်လေးကို မမာနဲ့ တူတူသွားကြတယ်။ ဆိုင်လေးက ချစ်စရာလေးပဲ။ ဆိုင်က စားဖိုမှုး ထိုင်းမက ထိုင်းက လာတယ်ဆိုတော့ သူတို့ ထိုင်းစာလေးတွေ လုပ်ပြီးဧည့်ခံတယ် နောက် ထိုင်းလိုလာပြောတယ်။ ကိုယ်ကလဲ ဆ၀ါဒီခ ကလွဲပြီး ဘာမှမတတ်တော့ ဂျာမဏီရောက် သူငယ်ချင်းတွေက ရယ်ကြတယ်။ သူတို့က ထိုင်း စားဖိုမှုးတွေ နဲ့ပေါင်းပြီး ကိုယ့်ထက်တောင် ထိုင်းလိုတတ်နေသေးကိုးး။ ဆိုင်ရှင်က ဗမာပဲတဲ့။ ဒါပေမယ့် မတွေ့ခဲ့ဘူး။ အဲဒီကနေ ညတော်တော်နက်မှ ပြန်ဖြစ်တယ်။ နောက် အိမ်ရောက်တော့ မနက်ဖြန်လျှောက်လည်ဖို့ ကိုအောင်သူ ရုံးပိတ်ရက်နဲ့ တိုက်တာမို့ အဆင်ပြေပြေ နဲ့ လိုက်ပို့မယ့်လူ ရသွားတယ်ပေါ့။
သူငယ်ချင်းမိသားစုနဲ့ အမှတ်တရ
မူလတန်းကတည်းက ငယ်သူငယ်ချင်း၊လာကြိုပေးတဲ့ မမာတို့နဲ့ အတူ


ကိုလုံးမြို့ကတော့ ဂျာမဏီနိုင်ငံရဲ့ မီဒီယာမြို့ပါပဲ။ ဂျာမဏီနိုင်ငံ ပြည်တွင်း မီဒီယာတွေရဲ့ ရုံးချုပ်တွေ အားလုံးရှိသလို နိုင်ငံခြားကိုလွှင့်တဲ့ ဒီဒဗလျူ(DW) ရုပ်သံလိုင်းလဲ အဲဒီမှာပဲ အခြေစိုက်တယ်။ အဲဒီရုံးနားကို သွားပြီး ဓါတ်ပုံရိုက်ခဲ့တယ်။ အဆောက်အဦးကြီးက လမ်းကို ဖြတ်ပြီးဆောက်ထားတယ်။ မီဒီယာမြို့တော်ဖြစ်တော့ သတင်းထောက်တွေ များပြီး အားလုံးကဈေးကြီးသတဲ့။ (သတင်းထောက်တွေ ဆိုတော့ ၀င်ငွေများတယ် သုံးတယ် ဖြုန်းတယ်လို့ ဆိုလိုချင်တာ ထင်ပါတယ်။)
အဲဒါကတော့ နိုင်ငံခြားကို သီးသန့်ထုတ်လွှင့်တဲ့ ဂျာမဏီရုပ်သံ (ပြည်တွင်းလိုင်းအတွက်မဟုတ်)

ကိုလုံးမြို့လို့ ပြောတာနဲ့ တွဲပြီးနာမည်ကြီးတာက အော်ဒီကလုံး ရေမွှေးပါပဲ။ ကျမတို့ ငယ်ငယ်တုန်းက မြန်မာနိုင်ငံမှာတော့ အော်ဒီကလုံးအနံ့လေး ရှုလိုက်ရရင် ခေါင်းမူးပြေလို့ အမောပြေလို့ ဆိုတဲ့ အဆိုကြောင့် ဒီနာမည်ကို ရင်းနှီးနေတာပါ။ အဲဒီရေမွှေးထုတ်လုပ်ဖြန့်ချီရောင်းချတဲ့နေရာကို ကမ္ဘာလှည့်ခရီးသည်တိုင်း အရောက်သွားကြတယ်ဆိုပြီး ကျမကိုလဲ လိုက်ပို့ပေးပါတယ်။
အော်ဒီကလုံး ရေမွှေးဆိုင်
သူတို့ ဆိုင်ရဲ့ နံရံမှာ နပိုလီယန်ဘုရင်က ၄၇၁၁ လို့ ရေးပေးခဲ့တဲ့အတွက် သူတို့ရေမွှေးမှာ အဲဒီနံပါတ်ကို ထည့်ထားတာလို့ ဆိုပါတယ်။ အော်ဒီကလုံးရေမွှေးရဲ့ သင်္ကေတအဖြစ် ၄၇၁၁ ကို ဂုဏ်ယူသတ်မှတ်ထားတာမို့ ဆိုင်ရဲ့ ရှေ့မျက်နှာစာမှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။
နပိုလီယန်ဘုရင်က ရေးပေးနေတဲ့ပုံ ပန်းချီကားကို အတွင်းနံရံမှာ ခုလို ရေးဆွဲထားတယ်။
4711 ဆိုတာ အော်ဒီကလုံးရေမွှေးရဲ့ သင်္ကေတ
အထဲကို ၀င်သွားရင် ရေမွှေးတွေကျနေတဲ့ ရေပိုက်ခေါင်းနဲ့ ဘေစင်ကို တွေ့ရပါတယ်။ အဲဒါရေမွှေးတွေဆိုလို့ လက်နဲ့ခံပြီး ရှုကြည့်တော့ ငယ်ငယ်က ရှုခဲ့ဖူးတဲ့ အနံ့ကို သတိတရဖြစ်မိပါသေးတယ်။ခုတော့ ရေမွှေးအသစ် အနံ့အမျိုးမျိုးနဲ့ ထုတ်လုပ်ရောင်းချနေပေမယ့် အော်ဒီကလုံး အနံ့မူလလက်ဟောင်းကတော့ လူသိများပြီး လက်ဆောင်အဖြစ် ပေးလို့ရအောင် ပုလင်းသေးသေးလေးတွေနဲ့ စီစဉ်ပေးထားတာမို့ ရောင်းကောင်းနေဆဲပါ။
အဲဒါ ရေမွှေးတွေပေါ့
လက်ဆောင်ဝယ်ဖို့ ကြည့်နေတာ
ပြီးရင် အရောင်းစာရေးမဆီမှာ ငွေချေဖို့ တန်းစီ

နောက်တနေရာကတော့ ကမ္ဘာ့အကြီးဆုံး ရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်းတွေထဲမှာ ပါတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းပါ။ ကျမလည်တဲ့ ရက်က တနင်္ဂနွေ ဖြစ်တာမို့ လူပိုစည်ပါတယ်။ ဒါ့အပြင် အဲဒီမြို့မှာ နေတဲ့ သူတွေတောင် မရောက်ဖူးတဲ့ မြေအောက်ခန်းတွေကိုပါ ဖွင့်ပေးတဲ့ ရက်နဲ့ တိုက်ဆိုင်တာမို့ အောက်အထိ ဆင်းကြည့်ခဲ့ပါတယ်။ မြေအောက်မှာဘုရားရှိခို့ဖို့ အခန်းတွေ လုပ်ထားတာ တွေ့ရတော့ သူတို့က မြေအောက်မှာလဲ ပုန်းခိုရင်း ဘုရားရှိခိုးနိုင်အောင်များ လုပ်ထားသလား တွေးမိပါသေးတယ်။ ဒါပေမယ့်လဲ အပေါ်က ဘုရားရှိခိုးကျောင်းကြီးလဲ ရှိနေပြီး ဘာလို့ မြေအောက်ခန်းတွေ အများကြီး လုပ်ထားသလဲ ဆိုတာ မသိခဲ့ပါဘူး။ ဂျာမန်လူမျိုးတွေနဲ့ ခင်မင်ခဲ့ရင် ဒီမေးခွန်းကို မေးချင်ပါသေးတယ်။
ဘုရားကျောင်းအောက်ခြေ
ဘုရားကျောင်းအပေါ်ပိုင်း
ဘုရားရှိခိုးတဲ့အခါ မြည်တဲ့ ဂီတသံကို အပေါ်ဘက်က လာတာမို့ ဆောင်းဘောက်စ် များတပ်ထားသလား လိုက်ရှာကြည့်တော့ မျက်နှာကျက်လို နေရာကနေ အသံမြည်အောင် လုပ်ထားတာ တွေ့ရပါတယ်။ အလင်းရောင်ဝင်အောင် ထည့်ထားတဲ့ မှန်တွေပေါ်မှာလဲ တော်တော့်ကို ရှေးကျတဲ့ ပန်းချီလက်ရာတွေနဲ့ မို့ ဓါတ်ပုံရိုက်ချင်စိတ်နဲ့ အဲဒီဘုရားကျောင်းထဲ အေးအေးလူလူ တနေ့လုံး နေပစ်ချင်စိတ်တောင် ဖြစ်မိပါတယ်။
ဂီတသံစဉ်တွေတီးခတ်တာ အဲဒီကရိယာတွေကတဲ့၊ (ပိုက်လိုင်းကြီးတွေလို သံအခေါင်းကြီးတွေ နံရံမှာ တပ်ထားတာ)
အဲလို မှန်တွေ အပေါ်ပိုင်းနံရံ ပတ်ပတ်လည်တပ်ထားတယ်
ကျမအမေဖက်က အမျိုးတွေက တရုပ်ခရစ်ယာန်တွေဖြစ်တာမို့ ဘုရားရှိခိုးကျောင်းက ကျမနဲ့မစိမ်းပါဘူး။ ဒါ့ကြောင့်လဲ ဒီနေရာကို ရင်းနှီးနေသလို ခံစားရမိတာထင်ပါရဲ့။ အော်ဒီကလုံးရေမွှေးဆိုင်နဲ့ ဒီဘုရားကျောင်း ၂ ခုနဲ့တင် ဒီခရီးကို တန်တယ်လို့ ကျမက တန်ဖိုးဖြတ်မိပါတယ်။
(ဆက်ရေးပါဦးမယ်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Friday, November 20, 2009

ကိုလုံးမြို့ကို အသွားလမ်း...

အမြန်ရထားလိုင်းကို ၀ယ်ထားတာမို့ စီးရမယ့် ရထားက သဘောကျစရာပါ။ ကွန်ပျူတာ သုံးရင် သုံးရမယ့် ပလပ်ပေါက်ပါတယ်။ လူကလဲ ရထားတွဲထဲမှာ နည်းနည်းပဲ ရှိတယ်။ ကျမ၀ယ်ထားတဲ့ တွဲမှာ ကျမရယ် ဂျာမဏီအဖိုးကြီး အဖွားကြီးစုံတွဲရယ်ပဲ ပါတယ်။ ကျမကို ဘယ်ကလဲ မေးတော့ ဘားမားလို့ဆိုတော့ မသိဘူး။ နောက် ၁၉၉၁ ခုနှစ်နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုရော သိပါသလားဆိုတော့ အဖိုးကြီးက သိတယ်သိတယ် ဆိုပြီး သူ့မိန်းမကို ဂျာမန်လို ပြန်ရှင်းပြတယ်။ သူ နေတဲ့ တိုင်းပြည်နာမည်က ဘားမားလေ အဲဒါ ကျမတို့ တိုင်းပြည်လို့ ပြောတော့ လက်ဆွဲနှုတ်ဆက်တယ်။ (အန်တီ့ကြောင့် ကျမတို့ နိုင်ငံကို လူပိုသိတာကတော့ ခရီးတိုင်းမှာပါပဲ)။ အဖိုးကြီးအဖွားကြီးက ဖော်ဖော်ရွေရွေပဲ ၊ ရထားက ကိုလုံးရောက်ဖို့ ၂ နာရီစီးရမယ်။ ရထားဆိုက်ချိန်အတိအကျလဲ ရေးထားတယ်။ ကိုလုံးက ဂိတ်ဆုံးမဟုတ်ပဲ ဆက်သွားမှာမို့ မှားမဆင်းဖို့ အိပ်ပျော်မနေဖို့ ကိုသက်ဦးက သေချာမှာတယ်။ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ဆိုပြီး ရထားကြီးနဲ့ ခရီးဆက်ခဲ့ပါတယ်။

မြို့အထွက် တံတားပေါ်က အဖြတ်မှာ အောက်ဖက် ရထားလမ်းတွေကို ရိုက်ထားတာ..

ရထားလက်မှတ်စစ်လာတော့ နေရာ ယူထားတဲ့ လက်မှတ်ပြတယ်။ သူက မဟုတ်ဘူးတဲ့။ ဟမ် .. ငါ့ဆီမှာ ဒါပဲ ရှိတယ်ဆိုတော့ နောက်တခု ရှိဦးမယ်တဲ့။ မသိဘူး မရှိတော့ဘူးလို့ ပြောတော့ ဒါဆို ၄၉ ယူရို ကျတယ်တဲ့။ ဟာ ငါပိုက်ဆံပေးပြီးသား ဆိုတော့ မသိဘူးတဲ့။ ခုန ကိုသက်ဦးပေးတုန်းက ပိုက်ဆံချေထားတဲ့ ဖြတ်ပိုင်းစာရွက်ကို လုံးဝ မေ့နေတယ်။ သတိကို မရဘူး။ သူကလဲ နောက်တရွက်ပေးဦး တဲ့ ကိုယ်ကလဲ ဒါပဲ ရှိတယ်နဲ့ ၄၉ ယူရို ပေးလိုက်ရလေရော။ လက်မှတ်စစ်ထွက်သွားပြီး ဘာလို့ ပေးရတာလဲ ပိုက်ဆံချေပြီးလို့ ဒီမှာနေရာ လက်မှတ်တောင် ရထားပြီးသား ဥစ္စာကို ဘာလဲ ဘာမှားလဲ စဉ်းစား စဉ်းစား နဲ့ စဉ်းစားတော့မှ ဟာ… နေရာလက်မှတ်က ဒီတိုင်း ထုတ်လဲ ရတာပဲ ထင်တယ်ပေါ့။ ပိုက်ဆံချေထားတာကို ပြရမယ်ထင်တယ် ဆိုပြီး အတွေးပေါက်တော့တယ်။ ခုန ပိုက်ဆံကောက်တဲ့ လက်မှတ်စစ်ကိုလဲ မတွေ့တော့ဘူး။ ရထားတွဲထဲမှာ ကိုယ်တို့ သုံးယောက်တည်း။ ဒါနဲ့ ခုန ဂျာမဏီအဖိုးကြီးနဲ့ အဖွားကြီး ဆီကို သွားပြီး ဒီစာရွက်ကို အခုမှ တွေ့တယ်။ ဒီမှာ ပိုက်ဆံပေးပြီးသား မို့ ခုန ရထားခပေးလိုက်ရတာကို ပြန်ပြောပေးပါလို့ အကူအညီတောင်းရတယ်။ အင်္ဂလိပ်စကားကလဲ ကောင်းတာမဟုတ်တော့ သူတို့ နားလည်ပါ့မလားလဲ စိုးရိမ်ရသေးတယ်။ ဒါပေမယ့် အဖွားကြီးက သဘောပေါက်လွယ်တယ်။ လက်မှတ်ကို ယူကြည့်ပြီး သူ့အဖိုးကြီးနဲ့ စကားတွေ ပြောတယ်။ နောက်အဖိုးကြီး တွဲထဲက ထထွက်သွားတယ်။ ကိုယ့်နေရာ ကိုယ်ပြန်ထိုင်ပြီး စောင့်နေလိုက်တော့ မကြာဘူး အဖိုးကြီး ပြန်လာတော့ ခုန လက်မှတ်စစ်လဲ ပါလာတယ်။ သူက ကျမလက်ထဲက ငွေချေထားတဲ့ ပြေစာ စာရွက်ကလေးကို ပြန်ကြည့်ပြီး သူ့ခါးက ကရိယာလေးမှာ ဟိုနှိပ်ဒီနှိပ်နဲ့ နောက်တော့ ၄၉ ယူရို ပြန်ပေးပါလေရော.. ၊ ကျေးဇူးတင်ပါတယ် အများကြီး ကျေးဇူးတင်ပါတယ် ဆိုတာကို စိတ်ပါ လက်ပါပြောပေးလိုက်တယ်။ ယူရို၅၀ ဆိုတာ နည်းတာကြီးမှ မဟုတ်တာနော်။

အကူအညီတွေပေးခဲ့တဲ့ အဖိုးအဖွား ဂျာမန်စုံတွဲ

ရထားစီးတဲ့ ၂ နာရီမှာ အိပ်ဖို့တောင် သတိမရလိုက်ဘူး။ ဂျာမဏီထဲက ဖြတ်စီးတဲ့ မြစ်က ရိုင်းမြစ်ထင်တာပဲ။ တောင်ကမ်းပါးတွေမှာ တည်ထားတဲ့ မြို့နဲ့ မြစ်ထဲမှာ သွားနေတဲ့ သဘောင်္တွေကို သဘောကျလွန်းလို့ တဖျတ်ဖျတ်ဓါတ်ပုံရိုက်ပစ်တယ်။ ရထားလမ်းရယ် မြစ်ရယ်တခါတလေ ကားလမ်းရယ် အဲလိုဘေးချင်းယှဉ်ပြီး သွားနေတာ တွေ့ရရင် ဘယ်လိုပျော်မှန်းမသိဘူး။ မြန်မာနိုင်ငံထဲမှာလဲ အဲဒီလိုနေရာတခု ရှိတယ်။ လွိုင်ကော်ကနေ ဖယ်ခုံမြို့ဖက်ကို သွားရင် မိုးဗြဲဆည်ရယ် ကားလမ်းရယ် ရထားလမ်းရယ်က နီးနီးလေးနဲ့ သုံးခု ယှဉ်နေတယ်။ သိပ်သဘောကျဖို့ကောင်းတယ်။ လှလဲ အရမ်းလှတယ်။ အဲဒီနေရာ ကို ရောက်တိုင်း ကားရပ်ခိုင်းပြီး ရပ်ကြည့်မိတယ်။ ခုလဲ တော်တော်လှတဲ့ ရှုခင်းတွေကို ကြည့်ပြီး အိပ်ဖို့ မေ့သွားတယ်။
ရထားလမ်း ကားလမ်းနဲ့ မြစ် သုံးခု တူယှဉ်တွဲနေတာ မလှဘူးလား...

မြစ်ထဲမှာ သဘောင်္တစင်းမောင်းနေတာ လှသလို ရေလည်ထိ ထိုးထွက်နေတဲ့ ကျွန်းမြေလေးကလဲ လွမ်းစရာ

ကိုလုံးမြိုနားရောက်ခါနီးမြို့လေးတမြို့မှာ ခုန ဂျာမဏီ အဖိုးကြီးအဖွားကြီး စုံတွဲ ဆင်းသွားတယ်။ ကျမကို ပျော်ရွှင်ဘွယ်ရာ ခရီးစဉ်ဖြစ်ပါစေတဲ့။ ဆိုက်ရောက်ရမယ့် နာရီအရ ကိုလုံးရောက်ခါနီး ကျေညာသံကို နားစိုက်ထောင်နေရတယ်။ မတော် မကြားလိုက်ပဲ မြို့ကျော်သွားမှာ စိုးလို့လေ။ ကိုလုံးမြို့နာမည် အသံကြားတော့ ရထားတွဲကနေ ထွက်ပေါက်ကို ထွက်နေတော့ ဟိုဘက်တွဲက စုံတွဲတတွဲလဲ ထွက်ရပ်နေတယ်။ ဒါ ကိုလုံးမြို့ပါနော်ဆိုတော့ ဟုတ်တယ်တဲ့။

ရထားက ၅ မိနစ်လောက်ပဲ ရပ်တာမို့ ဆင်းလိုက်ပြီး လာကြိုမယ့် အမကို ရှာနေတုန်း ဆံပင်ရှည်ရှည်နဲ့ အမတယောက်က ဒီဘက်လာနေတာ တွေ့ရတယ်။ ဒီအမပဲ ထင်တယ် လို့ စိတ်ထဲမှာ တွေးနေတုန်း မခင်မင်းဇော်မဟုတ်လား ဆိုပြီး လာမေးတယ်။ မမာ မဟုတ်လားဟင် ဆိုပြီး ၀မ်းသာအားရ နှုတ်ဆက်လိုက်တော့ လာလာ တဲ့ ဘူတာထဲမှာ ညီမသူငယ်ချင်းမိသားစုလဲ ရောက်နေပြီတဲ့။ ( တကယ်ဆို မမာက ကျမကို ဘလော့ထဲက ဓါတ်ပုံပဲ မြင်ဖူးတာပါ။ ဖုန်းတွေ ပြောနေပေမယ့် လူချင်းတခါမှမဆုံဖူးဘူး။ မမာရဲ့ အမျိုးသားက ဘလော်ဂါ နှင်းခါးမိုးတို့ရဲ့ အမှုတွဲတူတွေလေ။ ဒီခရီးကိုလာမယ်ဆိုတော့ ကျမသူငယ်ချင်းတွေရဲ့ ဖုန်းတွေ အီးမေလ်းတွေက ဆက်သွယ်လို့ မရဖြစ်နေချိန်မှာ မမာတို့ရှိတယ်ဆိုပြီး ဖုန်းခေါ် ကျမသူငယ်ချင်းတွေ ရှိသေးလားမေးမြန်းပြီး လာခဲ့ရတာပါ။ မမာက သူအဲဒီနေ့ အလုပ်အားတယ် လာကြိုပေးမယ် ပြောလို့ အားလုံးအဆင်ပြေ ချောမွေ့ခဲ့ရတယ်။ မလာခင် ကျမရဲ့ ဘလော့ပေါ်က ဓါတ်ပုံတွေကို သေချာပြန်ကြည့်ခဲ့ရသေးတယ်တဲ့။ သူတို့ မိသားစုကတော့ ကျမအမျိုးသားနဲ့ ကိုနှင်းခါးမိုး တို့ရဲ့ အသိမိတ်ဆွေတွေပါ။ ဒါပေမယ့် ဧည့်ဝတ်ကျေတာကတော့ ပြောမယုံကြုံဖူးမှ သိလို့ ပြောရလောက်ပါတယ်။ )

(ဆက်ရေးပါဦးမယ်)

Sunday, November 15, 2009

ဂျာမဏီကို ရောက်ခဲ့တယ်...

အင်တာနက်ပျက်နေတော့ တီဗွီချည်း ထိုင်ကြည့်ဖြစ်နေတယ်။ ဒါနဲ့ပဲ နိုဝင်ဘာလ ၉ ရက်နေ့က ဘာလင်တံတိုင်းပြိုတဲ့ နှစ် ၂၀ ပြည့် သတင်းတွေကို ကြည့်ဖြစ်ရင်း ဂျာမဏီကို အလည်တခေါက် ရောက်ခဲ့တာလေး ရေးချင်လာမိတယ်။( မနှစ်က နှစ်သစ်ကူးကို ဂျာမဏီမှာ သူငယ်ချင်းတွေနဲ့ဆုံခဲ့တယ်။)

အဲဒီဂျာမဏီခရီးစဉ်ရဲ့ စီစဉ်သူအစက ဒိန်းမတ်ကို လာခဲ့ပါလို့ ဘလော့စီဘောက်ကနေ လာဖိတ်တဲ့ ကိုသက်ဦးပါပဲ။ ကျမ နော်ဝေးကိုရောက်နေတုန်း ဒိန်းမတ်ကို လာလည်ဖို့ ဖိတ်ခေါ်ပြီးတော့ ကျမက ဆက်သွယ်ပြီး ရက်ချိန်းတော့ ကျမသွားချင်တဲ့ ရက်မှာ သူတို့က ဂျာမဏီကို သွားဖို့စီစဉ်ထားတယ်တဲ့။ ဒါနဲ့ ဗီဇာလဲ ထပ်ယူစရာမလိုဘူးဆိုတော့ ကျမလဲ ဂျာမဏီထိ လိုက်လာမယ်ပေါ့။ အဲဒီမှာ သူနဲ့ ဆုံမယ့် မြို့ကို သွားဖို့ လေယာဉ်လက်မှတ်ဈေးကြည့်တာ ၀ယ်ပေးတာ အကုန်လုံးကို စီစဉ်ပေးပါတော့တယ်။
ဆိုက်ရောက်မယ့် လေဆိပ်ကိုပါ လာကြိုပေးပါ့မယ်တဲ့…
အမလေး ၀မ်းသာလိုက်တာပေါ့… လာခဲ့မယ်.. စိတ်ချလို့ ..
ကျမကလဲ လမ်းသလားနေရမယ်ဆို နှစ်ခါမခေါ်ရတဲ့ လူဆိုတော့ မမိုက်လားးး။ နောက်ပြီး ဂျာမဏီမှာ ကျမနဲ့ သူငယ်တန်းကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်း သူငယ်ချင်းနဲ့ ကောလိပ်မှာ ခင်တဲ့ သူငယ်ချင်း လင်မယားစုံတွဲကလဲ ရှိနေသေးတယ်။ နောက် တမြို့တည်းက သူငယ်ချင်းတယောက်လဲ ရှိသေးတယ်။ ဒီတော့ ဒီလမ်းကို ကျမမသွားရင် ဘယ်သူသွားမလဲနော်….။ ဒီလိုနဲ့ ဂျာမဏီက ဖရန့်ဖွတ်ဆိုတဲ့ မြို့ကို လေယာဉ်စီးပြီး သွားခဲ့တယ်။
ရထားစောင့်တော့ ဘူတာမှာ လူကလဲ ရှင်းလွန်းလို့ ဓါတ်ပုံရိုက်ယူလိုက်တာ..
နော်ဝေးကနေ ဘတ်ဂျက်လေယာဉ်စီးတော့ အသွားမှာ အခွန်ပဲဆောင်ရတယ်။ လေယာဉ်ခက ဖရီးလေ … ဟဟ။ ကျောပိုးအိတ်ထဲ အ၀တ် ၂ စုံထည့်ပြီး ဒီတိုင်းသွားလိုက်တာပဲ။ နော်ဝေးနိုင်ငံ အော်စလိုလေယာဉ်ကွင်းကနေ ဂျာမဏီ ဖရန့်ဖွတ်မြို့ အနားက မြို့ကို လေယာဉ်စီးရတာ ၂ နာရီလောက်ပဲ ကြာတယ်။ လေယာဉ်ဆိုက်တော့ အထွက်ပေါက်နားမှာ စောင့်နေတဲ့ ကိုသက်ဦးကို တန်းတွေ့တာပဲ။ ရှာစရာတောင်မလိုဘူး။ ကိုသက်ဦးက နာရီမှားပြီး စောရောက်နေတာတဲ့။ အားနာစရာတော့ ကောင်းနေတာပါပဲ။ အဲဒီလေယာဉ်ကွင်းကနေ ဖရန့်ဖွတ်ကို ကားစီးဖို့ လက်မှတ်ဖြတ်တော့ ၁၂ ယူရို ကျတယ်။ ကားက နည်းနည်းစောင့်ရမယ်ဆိုလို့ အပြင်မှာအေးတာနဲ့ အထဲကို ပြန်ဝင်ပြီးစောင့်ရတယ်။
၂နာရီကြာ ကားစီးပြီး ဖရန့်ဖွတ်မြို့ထဲကို ရောက်တယ်။ ဖရန့်ဖွတ်မြို့ဘူတာကြီးကနေ ကိုသက်ဦးတည်းနေတဲ့ အိမ်ကို ရထားတဆင့်စီးရသေးတယ်။ ကိုသက်ဦးက ရထားလက်မှတ်အပိုတစောင်ပါ ယူလာတော့ ကျမအတွက် လက်မှတ်ထပ်ဝယ်စရာ မလိုဘူးပေါ့။
ထိုင်စောင့်ဖို့ ခုံလေးတွေက မိုက်တယ်နော်

ဒါနဲ့ပဲ ကား တဆင့် ရထားတဆင့်စီးပြီး ကိုသက်ဦးတို့ တည်းနေတဲ့ အိမ်ကို ရောက်တယ်။ အိမ်မှာလဲ ကိုသက်ဦး မဟေသီရဲ့ လက်ရာဟင်းတွေ အစုံအလင်နဲ့ ညစာထမင်းစားဖို့ စောင့်နေကြတာတွေ့ရတယ်။ ကိုသက်ဦးမဟေသီက တော်တော်ချောသလို သမီးတွေကလဲ အချောလေးတွေချည်းပဲ။ ( တကယ်ပြောတာ) ကိုသက်ဦးရဲ့ မိသားစုက မဲဆောက်ကို ရောက်ဖူးတော့ မဲဆောက်က အသိမိတ်ဆွေတွေ သတင်းမေး နောက် အလာပသလာပတွေ ပြောပြီး ကျမကို အိပ်ခိုင်းတယ်။ မနက်ကျ ဖရန့်ဖွတ်မြို့က မြန်မာဘုန်းကြီးကျောင်းကို သွားလည်မယ်လို့ ပြောတယ် နောက် ဖရန့်ဖွတ်မြို့ထဲ လျှောက်လည်မယ် တဲ့။ အိပ်ဆိုတော့လဲ အိပ်ရတာပဲပေါ့။ ဒီခရီးစဉ်မှာ သူက ဒါရိုက်တာကြီးကိုးးး။
ဘုန်းကြီးကျောင်းအသွားလမ်းကလေး
နောက်နေ့ မနက်ရောက်တော့ ဘုန်းကြီးကျောင်းကို အရင်သွားတယ်။ ကျမကလဲ ရောက်တဲ့နောက် ဘုန်းကြီးနဲ့လဲ မဲဆောက်မှာ ခင်နေတော့ အင်တာဗျူးလေး ရိုက်သွားဦးမယ်ဆိုပြီး ကင်မရာကို အသင့်ပြင်ပြီး ဘုန်းကြီးကို လျှောက်တယ်။ ဘုန်းကြီးကလဲ ရပါတယ်တဲ့။ အဆင်ကိုပြေလို့။ အဲဒီက ပြီးတော့ ဖရန့်ဖွတ်မြို့ထဲကို လျှောက်လည်ကြတယ်။
စီးပွားရေးမြို့တဲ့ မနက်စောစောမှာ လူရှင်းလိုက်တာ(နှစ်သစ်ကူးဖို့ ရုံးတွေမှာ လူတောင်မရှိဘူး ထင်ပါရဲ့)
ဖရန့်ဖွတ် မြို့ဟာ ဂျာမဏီရဲ့ စီးပွားရေးမြို့တော်ဖြစ်တာမို့ စားသောက်ဆိုင်တွေ ကုမ္ပဏီတွေ၊ ရှော့ပင်းစင်တာတွေနဲ့ တော်တော်စည်းကားတယ်။ အဲဒီမြို့က စားသောက်ဆိုင် တော်တော်များမျာကို တရုပ်တွေကဖွင့်ထားပြီး အဲဒီဆိုင်တွေမှာ မြန်မာနိုင်ငံသားတွေ ရှိတယ်။ တမြို့တည်းမှာ မြန်မာ ငါးရာကျော်ရှိတယ်။ ကျမလာလည်တယ်ဆိုတဲ့ သတင်းက ဒီအသိုင်းအ၀ိုင်းမှာ ပြန့်နှံ့တာလဲ မြန်တယ်။ ဘူတာမှာ အလုပ်တခုနဲ့ တခု အပြောင်း အချိန်မှာ မြန်မာတွေ စုတွေ့ကြလေ့ ရှိတာမို့ တော်တော်များများနဲ့ တွေ့ခဲ့ရတယ်။ ဂျာမဏီက အော်စလိုလောက်မအေးပေမယ့် အပူချိန်ကတော့ မိုင်းနပ် ပါပဲ။ ကျမရောက်တုန်းက မိုင်းနပ် သရီး စင်တီဂရိတ်ထင်တယ်။
ကားတွေများပုံက ခွင့်ယူပြီး နယူးရီးယားကြိုဖို့ ဈေးဝယ်ထွက်ကြသတဲ့

စီးပွားရေးမြို့တော်ဖြစ်လေတော့ ကားတွေလဲ တော်တော်များတယ်။ နော်ဝေးက လာတဲ့ကျမကတော့ နော်ဝေးမှာ ကားသိပ်မတွေ့ရသလောက် လမ်းမပေါ်ကားကျပ်နေတဲ့ ဂျာမဏီကမြင်ကွင်းကို ဓါတ်ပုံရိုက်ယူလာသေးတယ်။ နောက် စီးပွားရေးရဲ့ အဓိက ငွေကြေးအဖြစ် ယူရိုငွေကို သုံးတဲ့ ဂျာမဏီမှာ ယူရိုသင်္ကေတ နဲ့လဲ ဓါတ်ပုံရိုက်ရတယ်လို့ ကိုသက်ဦးက အကြံပေးတာနဲ့ အဲဒီရှေ့ကိုလဲ အရောက်သွားပြီး ဓါတ်ပုံရိုက်လိုက်သေးတယ်။
ယူရိုငွေတွေ ကိုင်မသုံးနိုင်ပေမယ့် ယူရိုတံဆိပ်ကြီးနဲ့တော့ မစိမ်းပါဘူး လို့ သက်သေပြဖို့
ရထားစီးလိုက် လမ်းလျှောက်လိုက်နဲ့ သွားပြီး တော်တော်ကြာလာတော့ ဗိုက်ဆာလာတာနဲ့ ကိုသက်ဦးက ဈေးသက်သာပြီး စားလို့ကောင်းတဲ့ တရုပ်ဆိုင်တဆိုင်ကို ခေါ်သွားမယ်ဆိုပြီး ခေါ်သွားတယ်။ ကျမတို့လဲ တွေ့တဲ့ တရုပ်ဆိုင်ကို ၀င်လိုက်ပြီး ထိုင်ပြီးမှ ဆိုင်မှားသွားပြီတဲ့။ နေပါစေတော့ ဒီဆိုင်မှာပဲ စားတော့မယ် ဆိုပြီး မစားရတာ ကြာနေတဲ့ ထမင်းကြော်မှာစားတယ်။ ကိုသက်ဦးက ခေါက်ဆွဲကြော် ။ ဘာသောက်မလဲ ဆိုတော့
ကိုသက်ဦးက ကိုကာကိုလာ ကျမက ရေ မှာလိုက်တယ်။ စားပြီးသောက်ပြီး ရှင်းတော့ ကုတ်နဲ့ ရေက ဈေးတူတူပဲ။ ဟိ ကျမက ရေဆို အလကားရမယ်ထင်တာလေ။ (ကျမက အချိုရည်လဲ မကြိုက်ပါ) ဒါပေမယ့် ဆိုဒါရေတွေ မဟုတ်တာမို့ ကျေးဇူးတောင် တင်ပါသေးတယ်။ ဆွီဒင်မှာတုန်းက ရေမှာတိုင်း ဆိုဒါချည်း သောက်နေရတာကိုး။

စားသောက်ပြီးတော့ ကျမသူငယ်ချင်းတွေနေတဲ့ ကိုလုံးမြို့ကို ခရီးဆက်ဖို့ ဘူတာကို သွားရပါတယ်။ အော်စလိုမှာ ကတည်းက ဖရန့်ဖွတ်ကနေ ကိုလုံးသွားဖို့ ရထားလက်မှတ်ကိုလဲ ကြိုဝယ်ဖို့ ပြောထားတာမို့ အင်တာနက်ထဲကပဲ ကိုသက်ဦးက ၀ယ်ပေးထားပါတယ်။ အဲဒါ နေရာ လက်မှတ်ကလေးနဲ့ ငွေရှင်းပြီးတဲ့ လက်မှတ်လေးကို ကျမကို သေသေချာချာပေးထားတယ်။ ငွေရှင်းပြီးသား လက်မှတ်ကတော့ ပြစရာမလိုတော့ဘူးထင်တယ် နေရာလက်မှတ်ကတော့ ပြရမယ်ထင်တယ်နဲ့ ကျမတို့ မြန်မာပြည်ထုံးစံအတိုင်း စဉ်းစားလို့လက်မှတ်ကို သိမ်းပြီး ခရီးဆက်ခဲ့ပါတော့တယ်။

ဖရန့်ဖွတ်မြို့ရဲ့ ဘူတာရုံ

စီးသွားရမယ့် ရထားနဲ့အတူ..
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, November 9, 2009

အချစ်ဆိုသည်မှာ....

ချစ်တတ်သူများသာ ဖတ်ရန်...
၁)
ခြံဝန်းခပ်သေးသေးထဲက နှစ်ထပ်အိမ်ထဲကို ၀င်လာကတည်းက စိတ်ထဲက လေးလံနေတဲ့ ခံစားမှုမျိုးကို ခံစားနေရသည်။ သုံးနှစ်ကျော် လေးနှစ်လောက် မတွေ့ရတဲ့ မောင့်သွင်ပြင်ကို ဘယ်လိုနေမလဲ ခန့်မှန်းနိုင်ဖို့ပင် ကိုယ့်ကိုယ်ကို မသေချာတော့။ စေ့ရုံစေ့ထားတဲ့ ခြံဝန်းတံခါးကို တွန်းဖွင့်ရင်း ခပ်ဖြည်းဖြည်းလှမ်းလာခဲ့သည်။ ခြံထဲက သိပ်မကျယ်တဲ့ မြေကလေးမှာပဲ ပန်းပင်မျိုးစုံစိုက်ထားတဲ့ စင်လေးနဲ့ သီးပင်တချို့ကို စိမ်းစိမ်စိုစိုတွေ့ရတော့ မောင်က အသက်ကြီးလာတော့ အပင်စိုက်ဖို့ ၀ါသနာများ ပါလာပြီလားလို့ တွေးမိသေးသည်။ အိမ်ရှေ့တံခါးကို ဖွင့်ထားတာမို့ တံခါးရှေ့မှာ ရပ်ရင်း အိမ်ထဲကို အကဲခတ်ကြည့်လိုက်မိသည်။ တိတ်ဆိတ်ပြီး လူရိပ်လူယောင်မမြင်ရတဲ့ အိမ်ကလေးရဲ့ နံရံက မောင့်ဓါတ်ပုံကိုတွေ့မိတော့ ဒီအိမ်မှာ မောင်နေတာ သေချာတယ်ဆိုတဲ့ အသိစိတ်တမျိုးနဲ့ အားတက်လာသလိုလို ခံစားမိသည်။

ဘယ်လိုအသံထွက်ခေါ်ရမလဲ စဉ်းစားနေတုန်း ဘယ်သူနဲ့တွေ့ချင်လို့လဲ ရှင်ဆိုတဲ့ အသက်ခပ်ကြီးကြီး အဒေါ်ကြီးတယောက်ရဲ့ အသံကို စကြားရပြီး လူကိုမြင်လိုက်ရတော့ မောင့်နာမည်နဲ့ တွေ့ချင်လို့ ပါ ပြောလိုက်တဲ့အသံက ဘာကြောင့်များ တိုးလွန်းသွားရပါသလဲ။ အော် အပြင်ခဏသွားတယ်။ အထဲမှာ ၀င်စောင့်ပါဦးနော်။ ပြန်လာတော့မယ်ဆိုတဲ့ စကားသံအောက်မှာ အိမ်ထဲကိုလှမ်းဝင်လိုက်မိသည်။ အိမ်ထဲမှာတော့ မောင့် ဓါတ်ပုံတပုံတည်းကလွဲပြီး ဘာဓါတ်ပုံမှ ထပ်မတွေ့ရတော့ပါ။

ခုန အဒေါ်ကြီးက သောက်ရေတခွက်ကို ကမ်းပေးရင်း သမီးရေလို့ လှမ်းခေါ်သံကို ကြားရသည်။ ကလေးသေးသေးလေးကို ချီပြီးထွက်လာတဲ့ သူ့သမီးနဲ့လဲ မိတ်ဆက်ပေးနေပြန်သည်။ မီးထွက်တာ သိပ်မကြာသေးတဲ့အကြောင်းနဲ့ သူတို့မှာလဲ ဒီသမီးတယောက်တည်းသာ ရှိတဲ့အကြောင်း ဒါ့ကြောင့် သမီးနောက်ကိုလိုက်နေတာ ဖြစ်ကြောင်း၊ သားမက်ကလဲ သဘောကောင်းတဲ့အကြောင်း ရွှန်းရွှန်းဝေ ပြောနေတာကို အလိုက်သင့် နားထောင်ရင်း မောင်အမြန်ပြန်လာပါစေ ဆုတောင်းနေမိသည်။

မောင့်နာမည်ခေါ်သံကြားပြီး ဘာတော်လဲ မေးတဲ့မေးခွန်းမှာတော့ ကျမ သူ့အမျိုးသမီးပါလို့ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်မိတယ် ထင်သည်။ ပျက်ယွင်းသွားတဲ့ သူတို့ ရဲ့ မျက်နှာတွေကို ကျမတအံ့တသြ ငေးကြည့်မိသည်။ ငါဘာများ မှားပြောမိပါလိမ့်။ နောက် ခေါင်းထဲမှာ လင်းကနဲ တချက်ဖြစ်သွားသလို ဖျတ်ကနဲ စိတ်မထိန်းနိုင်တော့ပဲ စကားလုံးတွေ သွန်ချအော်ဟစ်ပစ်မိပြီ။

မောလိုက်တာ…. မောလိုက်တာ…… အော်ဟစ်ပေါက်ကွဲနေသံတွေ ကြားမှာ ချစ်ဆိုတဲ့ ခေါ်သံတခုကို ကြားလိုက်မိသလို လို…. ဒါမောင့်အသံပဲ…. မောင်… မောင် .. မောင့်မျက်နှာပေါ်က ယူကျူံးမရ နာကျင်ကြေကွဲနေပုံကို မြင်လိုက်ရတဲ့ တခဏမှာတော့ တိတ်ဆိတ် ငြိမ်သက်သွားရပြီ။ မောင် ရယ်….။
------
------


၂)
…………
အော်……
လာသွားတယ်…
………
……………..
အေးးး ဒါ့ကြောင့် မင်းမိန်းမ မနက်က ငါ့မိန်းမ သူ့သူငယ်ချင်းဆီကို လာသွားတယ်။ ဘာတွေလာပြောလဲ မသိပါဘူး။ ငါ့နှုတ်ဆက်တာတောင် ပြန်နှုတ်မဆက်ပဲ ထွက်သွားတယ်။ မျက်နှာလဲ မကောင်းဘူး။
……………..
............
ဟေ့ကောင် .. အဲဒါ အချစ်ကွ…

၃)
အဲဒီမျက်လုံး အဲဒီအကြည့်ကို ဘယ်တော့မှမမေ့ဘူး မောင်…
ကိုယ်အဲလိုကြည့်ဖူးလို့လား…..
မြင်ဖူးလိုက်တယ်မောင်… တကယ့်ကို မခံစားနိုင်တဲ့ အကြည့်……… အမှားကျူးလွန်မိလို့ နောင်တရသလိုမျိုးမဟုတ်ဘူး။ ယူကျုံးမရဖြစ်ပြီး ကြေကွဲ ၀မ်းနည်း ဆိုတဲ့အကြည့်။ အချစ်တွေ အများကြီးပျော်ဝင်နေရက်နဲ့ ထားခဲ့ရတဲ့ အကြည့်….
ဘယ်မှာလဲ ချစ်ရာ………တကယ်လဲ မဟုတ်ပဲနဲ့……
အိပ်မက်ကို အိပ်မက်လို ထားပါ ချစ်ရာ….. ချစ် ဟိုတလောက ဆက်တိုက်ကြားတဲ့ သတင်းတွေကို စိတ်ထဲမှာ စွဲပြီး ဖြစ်တာပဲ ။
အင်းးးး ဖြစ်နိုင်တာပဲ ဒါပေမယ့် မမေ့ဘူး………. အဲဒီအကြည့်…….
အိပ်မက်မို့လို့တော်တော့တယ်။
ဟားဟားးးး
အဲဒါ မောင့်ပေါ်ထားတဲ့ ချစ်ရဲ့ အချစ်ပဲ မဟုတ်လားးးး
……….
………..
၎)
အချစ်ဆိုသည်မှာ…… အံ့သြမှုများနဲ့ဆန်းကြယ်သောအရာ
အချစ်ဆိုသည်မှာ ……လူသားတိုင်းရဲ့ နှလုံးသားထက်အရှင်သခင်
အချစ်ဆိုသည်မှာ……. ကြေကွဲခြင်းနဲ့မျက်ရည်တို့ရဲ့ကဗျာ
အချစ်ဆိုသည်မှာ……. ခံစားချက်တို့မွေးဖွားရာနေရာ
……………
အချစ်ဆိုသည်မှာ…… ကြည်နူးကြတဲ့အခိုက် လမင်းတရာ
အချစ်ဆိုသည်မှာ……. ၀မ်းနည်းတဲ့အခါ နေမင်းကဋေကဋာ
အချစ်ဆိုသည်မှာ……. တားဆီးတတ်တဲ့အိပ်စက်ခြင်းများစွာ
အချစ်ဆိုသည်မှာ…… အိပ်မက်များရဲ့အာရုဏ်ဦးအလှတရား
……….
တကယ်ဆိုရင်….. အချစ်ဟာဖြေရှင်းမရတဲ့ပြဿနာ
တကယ်ဆိုရင်….. အချစ်ဟာအဖြေရှာမရတဲ့ပုစ္ဆာ
ငါကိုယ်တိုင်အချစ်ဟာ.. ဘာလဲမသိတော့ပါ
တခါတရံအချစ်ဆိုတဲ့အရာနဲ့ ဆုံဆည်းလိုက်ချင်တယ်
တခါတရံတော့….. အချစ်နဲ့ဝေးချင်တယ်……..။

(ထွန်းအိန္ဒြာဗိုလ်ရဲ့ ဒိုင်ယာရီ ၂ ခွေတွဲထဲက ဒီသီချင်းကို ခုတလော ခဏခဏ ဖွင့်ကြည့် နားထောင် လိုက်လို့ ဆိုညည်းမိနေတယ်။ ဒီသီချင်း ယူကျု့မှာ တင်ထားတာ ရှိရင် တယောက်ယောက် လင့် လာပေးပါနော်။)
(တန်ခူးအတွက် ဒီသီချင်းလေးနဲ့လိုက်ဖက်နိုင်မယ့် စိတ်ကူးယဉ်ရေးဖွဲ့မှုလေးကို လက်ဆောင် ပေးလိုက်တယ်၊ နောက်ကျမှ ရေးပေးလို့ ခွင့်လွှတ်ပါကွယ်)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်