Saturday, July 31, 2010

သူ့ဝါသနာ

ဇူလိုင်လရဲ့နောက်ဆုံးနေ့ ဆိုတော့ ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပခဲ့တဲ့လလဲ ဖြစ်တော့ ဘောလုံးနဲ့ ပတ်သက်ပြီး ရေးလိုက်ဦးမှ စိတ်ကူးတယ်။ သူများတွေ ရေးတာဖတ်ပြီး ဒီနှစ်ဒီလထဲတော့ ကမ္ဘာ့ဖလားဘောလုံးပွဲကို ကြုံခဲ့ဆုံခဲ့ပတ်သက်ခဲ့တာလေး အမှတ်ရအောင်ပါ။ နောက် ကျမရဲ့  ပီအေ၀ါသနာအကြောင်းလေးလဲ မိတ်ဆက်ချင်သေးတယ်။


မှတ်မှတ်ရရစပြောရရင်တော့...... ဘောလုံးပွဲစဉ်တွေအကြောင်း ပြောကြဆိုကြရင်း ပြိုင်ပွဲစမယ့် ပထမဆုံးနေ့မှာ ချင်းမိုင်ရောက်နေတဲ့ကျမက ဘောလုံးအသင်းအကျီ င်္တွေကို ကျမ ပီအေအတွက် ၀ယ်ပေးချင်စိတ်ပေါက်သွားခဲ့တာက စရမယ်။ ဒီတော့ သူ့ဆီဖုန်းဆက်ရင်း ဘယ်အသင်းတွေကို ကြိုက်သလဲ၊ စာရင်းပေးပါ ၀ယ်လာပေးမယ် ဆိုတော့ အီတလီ၊ ဂျာမဏီ၊ စပိန်၊ ပေါ်တူဂီ နဲ့ အင်္ဂလန်လို့ သူက တခါတည်းပြောတယ်။ ရုံးက အားကစားကဏ္ဍလုပ်တဲ့လူတွေ နေ့စဉ်ဝတ်ပြပြီး အစီအစဉ်တင်ဆက်ဖို့ ၀ယ်နေတာနဲ့ ရောပြီးဝယ်လာပေးဖို့ မှာလိုက်တယ်။ ဒီတော့ တင်ဆက်သူတွေက အမယောက်ျားမှာတဲ့ အသင်းတွေက ဖလားရမယ်မှန်းထားတဲ့ အသင်းပါနိုင်မလားတဲ့။ မသိဘူးလေ သူမှာတာပဲ ဒီအသင်းတွေက ဆိုတော့ ၀ယ်ကို သွားရမယ် ။ ဖလားရမရတော့ မသိဘူး လို့ပြောခဲ့တယ်။

ဝယ်ပေးခဲ့တဲ့ ငါးထည်။ ခု အီတလီ အသင်းအကျီ င်္ပဲ သူယူပြီး ကျန်တာတွေ ရဲဘော်တွေကို ဝေလိုက်ပြီ။

ဒီအသင်းတွေထဲက စပိန်က ဖလားရသွားတယ် ဆိုတော့ကာ အင်းးး သူမှန်းတာ မှန်တယ်ပေါ့။

ဒါပေမဲ့ ငါးသင်းထဲက တသင်းဆိုတော့လဲ မှန်နိုင်တာပဲ မဟုတ်လားးး။ နောက်ပြီး စိတ်ကူးနဲ့ လောင်းသမျှလဲ အကုန်နိုင်တယ် ဆိုပဲ။ အဲဒါနင်တကယ့် ပိုက်ဆံနဲ့ မလောင်းလို့ နိုင်တာလို့ ပြောထားရတယ်။


ဘောလုံးနဲ့ ပတ်သတ်ပြီး သူ့ဝါသနာကို ပြောပြချင်သေးတယ်။

ဘောလုံး ဆိုတဲ့ အသံကြားလို့ မရသူတွေထဲမှာသူလဲ ပါတယ်။ ဘောလုံးပွဲ ကြည့်တာ ၀ါသနာပါသလို ကိုယ်တိုင်လဲ ကန်သလားမမေးနဲ့၊ သူများအသင်းတွေကန်တာကိုလဲ မစားရ၀ခမန်း ဝေဖန်စမြုံ့ပြန်တတ်သလို ဘောလုံး ကန်ဖို့ဆို ဘယ်အချိန်ခေါ်ခေါ် ထလိုက်ဖို့ ၀န်မလေးသူ။ ၈၈ဖြစ်တော့ တောခိုခဲ့မိလို့ပေါ့ ။နို့မို့ သန်းတိုးအောင်တို့တောင် နိုင်ငံလက်ရွေးစင် ဖြစ်ခွင့်မရှိဖြစ်သွားမှာ သိလား။


ခု ဒီမှာ အသက် ၄၀ အထက် ကမ္ဘာ့ဘောလုံးပွဲ လုပ်သင့်တယ် ဆိုတဲ့အဆိုကို ဖီဖာမှာ တင်သွင်းဖို့ ပြင်ဆင်နေကြတာ သူတို့ အဖွဲ့ပေါ့။ သံလွင်ဘောလုံးအသင်းဆိုပြီး ဖွဲ့ထားလိုက်ကြတာ လူဦးရေက ၃၀ လောက်ရှိတယ်။ အသက်က ၄၀အောက်မရှိဘူး။ ၃၅အောက်တွေကို သံလွင်လူငယ်အသင်း ဆိုပြီး ခွဲထားသေး။ အမယ် သူတို့ လူကြီးအသင်းက ၀င်ကြေးလဲ ရှိ၊ လစဉ်ကြေးလဲ ရှိတယ်။ နောက် ၀တ်စုံကလဲ ၂ မျိုး ၃မျိုးနဲ့။ ဟိုအသင်းနဲ့ ချိန်းကန် ဒီအသင်းနဲ့ ချိန်းကန်ကလဲ ရှိသေး။ ကန်တာကတော့ ကွင်းသေး ၇ ယောက် ကွင်းပဲ။ တနာရီကို ဘတ် တထောင်တန် မြက်ခင်းတုနဲ့ ကွင်း၊ လဲလိုက်တာ လူကလဲ ပြောမနေနဲ့ အကန့်အသတ်မရှိ။ ဘယ်လောက်တောင် လဲ သလဲ ဆိုရင် ပထမပိုင်း နာရီဝက်မှာတင် အဲဒီလူတယောက်က ထွက်လိုက်ဝင်လိုက် ၃ ခါလောက် လုပ်ပြီးပြီ။ နောက် လူကျွံဘောမထားဘူး ဆိုတော့ တဘက် ဂိုးစည်းနားမှာ တယောက်က အသေကျွံထားသေး။ သူများနဲ့ ချိန်းကန်ဖို့ မရှိရင် ကိုယ့် အသင်း ထဲမှာ ၂ သင်းခွဲကန်ပြီး ငြင်းကြခုန်ကြသေး။

ကျမပီအေရဲ့ ကစားကွက်

ကျမကတော့ အဲဒီစနေ တနင်္ဂနွေ ပွဲတိုင်း လိုက်ကြည့်တယ်။ ရယ်ချင်လို့လေ။ ကိုယ်လဲ အကြောအချင်ပြေ ၊ ထူးခြားချက် တခုကို တိုးတိုးပြောပြရဦးမယ်။ ကျမ အားပေးတဲ့အသင်းက အမြဲရှုံးတယ်လေ။ ဒီနေ့ ဆို ချင်းမိုင်က အုပ်စုက လာကန်တော့ ကျမကို ချင်းမိုင်ဘက်ကို အားပေးတဲ့ ။ သူတို့ အသင်းက ပြောလာတယ်။ ချင်းမိုင်ဘက်က ဂိုးသမားမောတော့ ဒီဘက် အသင်းက ဂိုးသမားက ၀င်ဖမ်းပေးတာပဲ။ အံမယ် အဲဒီဘက်က ဖမ်းပေးတော့မှ လက်စွမ်းပြချက်က တဒိုင်းဒိုင်းသွင်းတာတောင် မ၀င်ဘူး။ ဒါပေမဲ့ လည်းးး ကျမ အားပေးတဲ့အသင်း ဆိုတော့ကာ ထုံးစံကို ဖျက်မရသေးဘူး။ သူတို့ ၆ ဂိုး ၅ ဂိုးနဲ့ ရှုံးသွားလေတယ်။ အမယ်.. ဒီမှာ နောက်ဆုံး အနိုင်ဂိုး ၆ ဂိုးမြောက်ကို သွင်းလိုက်တဲ့လူက နောက်တန်းတာဝန်ယူထားရတဲ့ ကျမရဲ့ ပီအေ လေ။

နောက်တန်းကလဲ ဂိုးသွင်းချင်သေး(နံပါတ် ၆ က ပီအေပေါ့)

သူတို့တွေလားးး အဲလိုပဲလေ နောက်တန်းကလဲ ဂိုးသွင်းလိုသွင်း၊ ရှေ့တန်းကလဲ ဂိုးသမားနဲ့ အပြိုင် ဂိုးပေါက်နားမှာ ကာလိုကာနဲ့။ ဒါပေမဲ့ သူတို့ အပတ်စဉ် စနေ တနင်္ဂနွေတိုင်း ဘောကန်လိုက်ရမှာ နေသာထိုင်သာ ရှိကြတယ်တဲ့။ ထူးတဲ့ဝါသနာ……

ချစ်ခင်စွာဖြင့်

ခင်မင်းဇော်

Sunday, July 18, 2010

အတိတ်ရဲ့ခြေရာ

ဒီလဆန်းပိုင်းက ချင်းမိုင်ရောက်နေတုန်း မနက် ၅ နာရီခွဲလောက်ဖုန်းမြည်လာတယ်။ အရေးကြီးလို့ ဆက်တယ် ထင်တယ် ဆိုပြီး အိပ်ချင်မူးတူးနဲ့ ဖုန်းကိုင်တော့ လုပ်ဖော်ကိုင်ဘက် တယောက်က အမ ကျနော့်သားတော့ ခုမနက်ပဲ ဆုံးသွားပြီတဲ့။ အသက် ၁၃ နှစ်ပြည့်ကာစ သူ့သားကို မျက်စိထဲ ပြေးမြင်လိုက်ပြီး ဘာမှတောင်မပြောနိုင်ဖြစ်ခဲ့ရတယ်။ ဘယ်လိုမှ ဆက်အိပ်မရတော့ပဲ မျက်စိလဲကြောင် လူလဲ ငေါင်သွားတယ်။

စိတ်တွေက ၁၉၉၇ ခုနှစ်ခုလို မိုးတွင်းကာလကို ပြန်ရောက်သွားခဲ့တယ်။ ၁၉၉၇ ခုနှစ်ရဲ့ သြဂတ်စ်လ တရက်နေ့ နေ့လည် ၁၁ နာရီမှာ သားကြီးကို မွေးခဲ့တယ်။ သားမွေးရင် အံ့မင်းဇော်လို့ မှည့်မယ် ။ သမီးမွေးရင် ခင်မင်းဇော်လို့ မှည့်မယ်လို့ နာမည်ရွေးထားခဲ့တဲ့ အတွက် သားနာမည် အံ့မင်းဇော် ပေါ့။ ဒါပေမယ့် မနက် ၆ နာရီကတည်းက ရေမွှာပေါက်ပြီး မမွေးနိုင်ဖြစ်နေတာမို့ ညှပ်ဆွဲမွေးခဲ့ရတဲ့ သားက အသက်မရှည်ရှာဘူး ။ နောက်နေ့ နေ့လည် ၂ နာရီလောက်မှာ ဆုံးသွားခဲ့တယ်။ သားက အချင်းလည်ပင်းပတ်နေတာတဲ့။ ဒါ့ကြောင့် သူက ရေတွေ မွန်းခဲ့တယ် ထင်ပါတယ်။ နောက် ကလေး ကိုယ်ဝန်ရှိနေတာ မသိပဲ ငှက်ဖျားဒေသတွေ ခရီးထွက်နေတော့ ငှက်ဖျားကာကွယ်ဆေးတွေ သောက်နေတာလဲ ပါမယ် ထင်ပါရဲ့။

ပထမဆုံး ကိုယ့်ရဲ့ သားဦးမွေးတော့ အနီးအနားမှာ မိန်းမဖော်လဲ မရှိ။ ဆွေမျိုးသားချင်းမရှိ၊ နောက်ဆေးရုံမှာလဲ တကယ့်ကျွမ်းကျင်သူ အိုဂျီမရှိ၊ ခွဲစိတ်ဆရာဝန်မရှိ၊ ဖရူဆိုဆေးရုံကို သွားစစ်ဆေးနေတယ် ဆိုလား။ လွိုင်ကော်ဆိုတာ ကယားပြည်နယ်ရဲ့ မြို့တော်ဆိုပေမယ့် နယ်ဆေးရုံဆိုတော့ ဘာမှ ပြည့်ပြည့်စုံစုံမရှိတဲ့ အချိန်ပေါ့။ ကလေးညှပ်ဆွဲမွေးပေးတဲ့ ဆရာဝန်မငယ်ငယ်လေး နာမည်က နွယ်နွယ်ဝင်းတဲ့။ သူတယောက်တည်း ညှပ်ဆွဲတာ မနိုင်တော့ နောက်ထပ် ဆရာဝန်ငယ်ငယ်လေး ကောင်းမြတ် ဆိုတာကပါ ၀င်ဆွဲပေးရသေးတာကလား။ မွေးခန်းထဲမှာ အသံတိတ်နေလို့ အပြင်မှာ စောင့်နေတဲ့ သက်ဆိုင်သူကလဲ ရင်တထိတ်ထိတ်နဲ့။ ကျမတို့ ၂ယောက်တည်းပဲ ရှိနေရတဲအချိန်ပါပဲ။

ကလေးဆုံးတော့ ချက်ချင်းမငိုဖြစ်သေးဘူး။ မွေးပြီးကတည်းက အသက်ရှု ရပ်ရပ် သွားတဲ့ ကလေးနဲ့ ဘာမှ မလုပ်တတ်တဲ့အမေလက်သစ်ရဲ့ ဘ၀ကလဲ ပြန်မတွေးချင်လောက်အောင် စိတ်ညစ်ခဲ့ရတာပဲ။ နောက် ကလေးကို အောက်စီဂျင်ပေးရမယ်ဆိုတော့ ပြည်နယ်ဆေးရုံမှာ မရှိလို့ လွိုင်ကော် စစ်ဆေးရုံကနေ သွားငှားခဲ့ရတယ်။ အဲဒီချိန်တုန်းက ကယားအထူးဒေသ (၃) ရဲ့ ဆက်ဆံရေး တာဝန်ခံ လုပ်နေရတဲ့ ကျမ ပီအေက သွားငှားတော့ ထောက်လှမ်းရေးက တော်တော်ကူညီခဲ့တာပဲလေ။ စစ်ဆေးရုံမှာ ရှိတဲ့ တလုံးတည်းသော အောက်စီဂျင် ဗူးကို ငှားပေးလိုက်တယ်။ သူတို့နဲ့ ဆက်ဆံနေရတဲ့ လူမို့ထင်ပါရဲ့။

ကလေးကိုယ်ဝန်ကြီးနဲ့တုန်းက အိမ်မှာရောက်နေတဲ့ ရဲဘော်တွေ ဆို စကားပြောဖြစ်တိုင်း၊ နောက် ၁၀ နှစ်ကျနော်တို့ ပြန်ဆုံရင် အံ့မင်းဇော်လေးက တော်တော်ကြီးနေမှာ။ ဘယ်လိုဆော့နေမှာ ဆိုတာမျိုးတွေကလဲ ခဏခဏ ပြောထားတာ ဆိုတော့ ကလေးဆုံးပြီးဆေးရုံးက ဆင်း ၊ အိမ်ပြန်တော့ သူတို့တွေကလဲ မျက်နှာငယ်လေးနဲ့။ ကျမကလဲ သူတို့ကိုတွေ့တာနဲ့ အံ့မင်းဇော်တော့ ပြန်ပါမလာတော့ဘူးဟယ် ဆိုပြီး ငိုတာပါပဲ။( အဲဒီတုန်းက ရောက်နေတာ ထောင်ထဲမှာ ဆုံးသွားတဲ့ သက်ဝင်းအောင် အပါအ၀င် ခု အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင် ၊ အာအက်ဖ်အေမှာ လုပ်သွားတဲ့ မင်းဇင်၊ ထောင်တသက်တကျွန်းကျနေဆဲ အကိုကြီးတယောက်။ နောက် အမေရိကားရောက်နေတဲ့ မင်းဇင် သူငယ်ချင်းတယောက်။ )

ဘာပဲ ဖြစ်ဖြစ် အဲဒီသားကြီး ဆုံးသွားတဲ့ အချိန်ကို ဘ၀မှာ မေ့ထားချင်ခဲ့တာ အမှန်ပါ။ ခုပြန်တွေး ပြန်ရေးတော့ ပြန်ခံစားရတယ်။ ကလေးဆုံးသွားတာကို အမေကို တိုက်ရိုက်လာပြောရလား ဆိုပြီး အစိမ်းဝတ်သူနာပြုကြီးက လာဆူတာလဲ သူ ခံနေရတာပဲ။ ကြားခါစက မငိုပဲ ပြီးမှ ငိုတော့ မတိတ်နိုင်ဖြစ်နေတာမို့ အစိမ်းဝတ်ကြီးက သွေးနုသားနုနဲ့ တခုခုဖြစ်မှာ စိုးရိမ်ရှာတာပေါ့။ သူက စိတ်မာပါတယ်လို့ ပြောရင်း ကျမကို ငုံ့ကြည့်တဲ့ မျက်လုံးတွေမှာတော့ စိုးရိမ်စိတ်တွေနဲ့ ။ အဲဒီချိန်တုန်းက လောကဓံကို ၂ယောက်တည်း ရင်ဆိုင်ရတာ ဘယ်တော့မှ မေ့နိုင်မယ် မထင်ဘူး။ ဘယ်တုန်းကမှ ထင်မထားတဲ့ ကိုယ့်ရဲ့ သွေးသားအရင်းအချာ ၊ တကယ့်ကို မျှော်လင့်တကြီးစောင့်ကြိုခဲ့ရတဲ့ သားဦး ဆိုတော့ ကျမအတွက် ရူးမတတ်ဆိုတဲ့စကားကို လက်တွေ့ သိရတဲ့အချိန်ပေါ့။

တချိန်လုံးငိုနေတဲ့ ကျမကို ဘယ်လိုမှ မပြောတတ် မချော့တတ်တော့တဲ့ အချိန်တွေမှာ မဂ္ဂဇင်းတွေထဲက ၀တ္တုတွေ တပုဒ်ပြီး တပုဒ် အသံထွက်ဖတ်ပြခဲ့ရတာ။ စကားပြောနေရင်းက သတိရပြီး ထ ငိုတတ်တဲ့ ကျမကို အကြောင်းအရာရွေးပြီး ပြောခဲ့ရတာ။ ကိုယ့်ကလေးဆုံးတော့ ဘယ်သူ့ကလေးမှ မကြည့်ချင်ဘူး ပြောပြောနေလို့ လူနာလာမေးတဲ့ ရဲဘော်မိန်းမတွေ ကလေးပါရင် ကလေးခေါ်မသွားဖို့ ကလေးအကြောင်းမပြောဖို့ အိမ်ရှေ့က တိတ်တိတ်ကြိတ်မှာရတာ။ ကိုယ်ငိုနေရင် ကိုယ့်မျက်လုံးတွေ သေချာကြည့်နေရတာ (ရူးသွားမှာ စိုးလို့တဲ့ ) အဲဒါတွေကို ခုနောက်ပိုင်းမှာ ပြန်ပြောပြခဲ့တာပါ။ အဲဒီတုန်းကတော့ မိဘတွေရဲ့ စွန့်ပစ်ခံမို့ တနယ်တကျေးမှာ တော်တော့်ကို ခံစားရတဲ့အချိန်ပေါ့။

ကလေးဆုံးပြီး ဆေးရုံကဆင်း။ နောက် ဆေးရုံကိုထပ်သွားပြရတဲ့အချိန်မှာတော့ အိုဂျီ ဒေါ်ခင်ထားရီ ဆိုတာ အင်္ဂလန်က ပြန်ရောက်ခါစ တာဝန်ကျလာတယ်၊ သူက အကျိုးအကြောင်းမေးရင်း ဌာနက ဆရာဝန်တွေကို နိုင်ငံခြားမှာ ဆိုရင် အဲဒါ တရားစွဲလို့ ရတယ်တဲ့။ သူဆေးရုံကို အချိန်မီရောက်ရဲ့ သားနဲ့ မွေးချိန်ကအရမ်းနောက်ကျနေတယ်တဲ့။ ကိုယ်ရှိတုန်း ထပ်ယူပါလား ။ ကိုယ် သေချာ မွေးပေးခဲ့မယ်။ ယူ့ကို ခွဲမွေးပေးခဲ့မယ် တဲ့။ အဲဒီဆရာမကတော့ ကလေးထပ်ယူဖို့ အားပေးခဲ့တယ်။ နောက်ထပ်ကလေးတောင် မယူချင်လောက်အောင် စိတ်ဓါတ်ကျနေတဲ့ကိုယ့်ကို ဆေးရုံ သွားပြတဲ့အခါတိုင်း တိုက်တွန်းလို့ ။ ကျမနဲ့လဲတော်တော်ခင်သွားတယ်။ (နောက်ပိုင်း သူပုသိမ်ဆေးရုံကြီးကို ပြောင်းလာရတော့ သူ့နဲ့ ဆုံခဲ့ရသေးတယ်။) အင်္ဂလန်ပြန်ပေမယ့်သဘောထားပြည့်တဲ့ ဆရာဝန်မတယောက်ပါပဲ။ သူ့အားကိုးနဲ့ ခုသားသားကို ကျမတို့ ယူခဲ့မိတယ်။ သားကိုခွဲမွေးပေးခဲ့ပြီး နောက်တပတ်ဆို သူပြောင်းသွားတော့တယ်။

အချိန်မတိုင်မီ ဘ၀ထဲက ထွက်သွားခဲ့ရတဲ့ ကလေး၊ ဖြူစင်ပြီး ဘာဆိုဘာမှ မသိသေးတဲ့ကလေး။ လူ့ဘ၀ရဲ့ အစမှာကတည်းက ဝေဒနာတွေ ခံစားသွားရတဲ့ ကလေးမို့ ပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် ပဲ အပြစ်တင်ချင်တယ်။ ဒီကလေးကို ဘာလို့ရှင်အောင်မမွေးနိုင်ခဲ့ရတာလဲ ဆိုတာ။ အဲဒီတုန်းက ကလေးမွေးပြီးခါစ အနှီးတွေပဲ ရှိပြီး ကလေးအကျီ င်္တောင်မ၀ယ်ထားခဲ့မိတဲ့အဖြစ် ။ ဘာဆိုဘာမှ မသိခဲ့တဲ့ အဖြစ်ပါ။ နောက်ဘ၀ဆိုတာများရှိခဲ့ရင် ဒီသားကြီးနဲ့ပြန်ဆုံချင်ပါသေးတယ်။ ခုဘ၀မှာ မပြုစုလိုက်ရတာ။ ဘာမှ အတွေ့အကြုံမရှိတော့ ဘယ်လိုမှ မပြုစုတတ်တာကြောင့်လား ဆိုတာ တွေးမိတိုင်းယူကျုံးမရဖြစ်ရတယ်။ တခါတလေ မိသားစု ပျော်ရွှင်မိတဲ့အချိန်တွေမှာ သူ့ကို သတိရမိသေးတယ်။ ဒီသားကြီးသာ ရှိရင် …. ဆိုတာကို ခဏခဏတွေးမိတယ်။
တကယ်လို့ သူသာ ရှိနေရင် အခုဆို အသက် ၁၃ နှစ်ပြည့်တော့မယ်ပေါ့။

ခုချိန်မှာတော့ အသိတွေရဲ့ ကလေး ဆုံးတယ် သတင်းတွေ ကြားတိုင်း အသစ် ပြန်ဖြစ်တုန်းပါပဲ။ ကိုယ့်တုန်းက တရက်သားလေးတောင်မှ ဒီလောက်ခံစားရတာ ။ နည်းနည်းကြီးလေ ပိုခံစားရလေ ဖြစ်မှာဆိုတာကို ကိုယ်ချင်းစာနိုင်တယ်။ လောကဓံတရား ၈ ပါးထဲမှာ ခံစားခဲ့ဘူးတာတွေက ကြီးမားလွန်းပါတယ်လေ။


ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Wednesday, July 7, 2010

အသွင်တူ၏မတူ၏

ချစ်သောသက်ဝေညီမကို တဂ်ပါလို့ တိုက်တွန်းလိုက်မိတဲ့ အတွက်ရေးရပါတော့မယ်။

ချစ်သောသူတယောက် ကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်ခင်က သူ့မှာ ရှိတဲ့ အကျင့်တွေကို သတိမထားမိခဲ့ပါဘူး။ အိမ်ထောက်ဘက်ဖြစ်တော့မှ သိသိသာသာ ထိုးထွက်လာတဲ့အကျင့်တွေထဲမှာ ကျမတခါမှ မထင်မှတ်ထားတဲ့၊ မယုံနိုင်တဲ့ အကျင့်တွေ မြင်လိုက်ရတော့ အံ့သြမိတာတွေ ရှိခဲ့တာကတော့ ကိုယ်တိုင်ကြုံမှ သိနိုင်ပေလိမ့်မည် လို့ ပြောရမယ်။

အထူးခြားဆုံးဖြစ်ပြီး ကျမနဲ့ အဆန့်ကျင်ဆုံးအကျင့်ကတော့ သူ့ရဲ့ နားထောင်နိုင်စွမ်းပဲ ဖြစ်ပါတယ်။ လူတကာရဲ့ ရင်ဖွင့်သံကို နားထောင်ပေးတာ အဲဒီလိုနားထောင်တဲ့အခါမှာလဲ စိတ်ပါလက်ပါ နားထောင်တာ တော်တော့်ကို သြချရပါတယ်။ အစည်းအဝေးတွေမှာ ၊ အပ်ကြောင်းထပ် စကားပြောတတ်သူတွေနဲ့ ဆုံတွေ့နေရတဲ့အခါ၊ ခပ်ဝါ၀ါ စကားကြောရှည်သူတွေနဲ့ တွေ့တဲ့အခါ မျက်နှာတချက်မပျက်ပဲ နားထောင်နေတတ်တာ။ ဒါ့အပြင် သူသိပြီးသား ကိစ္စတခု ဒါမှမဟုတ် သူပါဝင်ပတ်သတ်ခဲ့တဲ့ကိစ္စတခု အဲလိုမျိုးကို တခြားတယောက်က သူလုပ်သယောင် ကြွားဝါ လိမ်ညာနေတာမျိုးကိုလဲ နားထောင်ပေးနေနိုင်စွမ်းရှိနေပြန်ပါတယ်။

ကျမကတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်။ လိုရင်းမပြောပဲ ပေရှည်နေတဲ့ လူများတွေရဲ့ စကားကို စိတ်မ၀င်စားတတ်သူဖြစ်သလို သိပြီးသားတခုခုကို လာပြောနေရင်လဲ အောင့်ပြီး နားထောင်မနေချင်လို့ သိပြီးပြီလို့ ဖြတ်ပြောတတ်သူ။

ဘယ်သူနဲ့မှ စကားများဖို့ ငြင်းခုန်ဖို့ မရှိတဲ့ သူနဲ့ ကိုယ်သေချာသိတဲ့အကြောင်းအရာဆို အသေငြင်းမယ်ဆိုတဲ့ကျမနဲ့က တလမ်းစီဖြစ်နေမလား။

ကျမက ကိုယ်နဲ့ မဆိုင်လဲ မတရားဘူးထင်ရင် အမုန်းခံ ပြောတတ်သလောက် သူက သူ့ကိုစော်ကားသူကိုတောင် ဖြေးဖြေးညင်သာဆက်ဆံတတ်သူ။သည်းခံစိတ်များလွန်းလို့ ဘေးက ကျမက မနေနိုင်မထိုင်နိုင် ၀င်ပြောရင်း အသားလွတ်လူမုန်းများသူ ဖြစ်ဖြစ်လာရတာ ဒင်းကြောင့်။

သူကနာမည်တွေ ဂဏန်းတွေကို မှတ်နိုင်သလောက် ကျမက လူနဲ့နာမည်တွဲ မမှတ်မိတတ်သလို သူ ရှိနေတာမို့ ဘာကိုမှလဲ ထူးမမှတ်တော့။

ကျမက ခံစားမှုကို လှုပ်လှုပ်ခတ်ခတ်ဖေါ်ပြတတ်သူဖြစ်ပြီး ဘာမှမကွယ်ဝှက်နိုင်သူ၊ သူက ခံစားမှုကို အပြင်က မသိအောင် ထိန်းချုပ်နိုင်သူ။

လဘက်ရည်ကို စွဲစွဲမက်မက် ကြိုက်တဲ့ ကျမနဲ့ ယောက်ျားဖြစ်ပြီး လဘက်ရည်မကြိုက်တဲ့သူ။

ကျမကခေါင်းချတာနဲ့ အိပ်ပျော်တတ်သူ ဖြစ်ပြီး သူက အိပ်ဖို့တော်တော်အချိန်ယူရသူ။
ထူးခြားတာက အဲလို အိပ်ပျော်လွယ်တဲ့ ကျမက လူတွေရဲ့ အပြစ်အနာကို ချက်ချင်းမြင်တတ်သူ ဖြစ်ပြီး သူက လူတိုင်းကို အကောင်းမြင်တတ်သူ ဖြစ်နေတာပါပဲ။

ရေကို မက်မက်စက်စက် သောက်တတ်တဲ့ ကျမကို တအံ့တသြ ဖြစ်နေတတ်တဲ့ သူ့ကို ရေသောက်ဖို့ ခဏခဏ သတိပေးရတာကလဲ ကျမပါ။

ရေသောက်သလို ရေချိုးဖို့ ကျမမပြောမချင်း မချိုးတဲ့ သူနဲ့ ရေချိုးပြီးစ အချိန်ဆို ကိုယ့်ကိုယ်ကို သိပ်ကြိုက်တယ် ဆိုပြီး ခဏခဏ ရေချိုးတဲ့ ကျမက တကယ့်ဆန့်ကျင်ဘက်။

မီးဖိုချောင်ထဲမှာ ချက်ပြုတ်အချိန်ကုန်တာကို မကြိုက်တတ်ပဲ ၀ယ်စားလိုက် လွယ်တယ် ဆိုတဲ့ သူနဲ့ ကိုယ်တိုင်ချက်ပြုတ်ရတာ ကိုယ်တိုင်လုပ်ရတာကြိုက်တဲ့ ကျမက အံမ၀င်ချင်သလိုလို။

ကျမတို့ ၂ယောက်မှာ တူညီတာကတော့ အ၀တ်အစားတွေ ပစ္စည်းတွေကို အိမ်မှာ အများကြီး မထားတတ်တာ။ နည်းနည်းများလာရင် ဘယ်သူ့ပေးရမလဲ စဉ်းစားကြတာ၊ ဘာမှမစုဆောင်းတတ်တာ၊ ကိုယ့်ဆီက ပိုရင်စုဆောင်းတာထက် လိုတဲ့လူကို ပေးလိုက်တာ ပိုမြတ်တယ်လို့ ခံယူတာချင်းတူတာမို့ ထင်ပါရဲ့။ ဘုရားတရားမှာ တအားလေးလေးနက်နက် မလိုက်စားတာချင်းလဲ တူပါတယ်။(နတ်ပြည်ကိုတယောက်တည်း မရောက်ချင်ကြလို့ဖြစ်မယ်)
သီချင်းပြိုင်တူညည်းမိရင်တောင် တူနေတတ်ပါသေးတယ်။
ကိုယ်လုပ်ချင်တာကို လုပ်တဲ့နေရာမှာ ခေါင်းမာတာကတော့ တူတာမှ တပုံစံတည်း။

အတူဆုံး ထပ်တူအကျဆုံး စကားတခွန်းကတော့ တယောက်နဲ့တယောက် တွေ့လို့ အရင်ဆုံးမေးတဲ့ မေးခွန်းပါ။ သားသားဘာလုပ်နေလဲ ဆိုတဲ့အမေးစကားပါပဲ။


တထိုင်တည်းစဉ်းစားရမိသလောက် ချရေးကြည့်တာပါ။ သက်ဝေညီမကျေနပ်မယ် ထင်ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်