ကိုလုံးမြို့ကို အသွားလမ်း...
Friday, November 20, 2009
ရထားလက်မှတ်စစ်လာတော့ နေရာ ယူထားတဲ့ လက်မှတ်ပြတယ်။ သူက မဟုတ်ဘူးတဲ့။ ဟမ် .. ငါ့ဆီမှာ ဒါပဲ ရှိတယ်ဆိုတော့ နောက်တခု ရှိဦးမယ်တဲ့။ မသိဘူး မရှိတော့ဘူးလို့ ပြောတော့ ဒါဆို ၄၉ ယူရို ကျတယ်တဲ့။ ဟာ ငါပိုက်ဆံပေးပြီးသား ဆိုတော့ မသိဘူးတဲ့။ ခုန ကိုသက်ဦးပေးတုန်းက ပိုက်ဆံချေထားတဲ့ ဖြတ်ပိုင်းစာရွက်ကို လုံးဝ မေ့နေတယ်။ သတိကို မရဘူး။ သူကလဲ နောက်တရွက်ပေးဦး တဲ့ ကိုယ်ကလဲ ဒါပဲ ရှိတယ်နဲ့ ၄၉ ယူရို ပေးလိုက်ရလေရော။ လက်မှတ်စစ်ထွက်သွားပြီး ဘာလို့ ပေးရတာလဲ ပိုက်ဆံချေပြီးလို့ ဒီမှာနေရာ လက်မှတ်တောင် ရထားပြီးသား ဥစ္စာကို ဘာလဲ ဘာမှားလဲ စဉ်းစား စဉ်းစား နဲ့ စဉ်းစားတော့မှ ဟာ… နေရာလက်မှတ်က ဒီတိုင်း ထုတ်လဲ ရတာပဲ ထင်တယ်ပေါ့။ ပိုက်ဆံချေထားတာကို ပြရမယ်ထင်တယ် ဆိုပြီး အတွေးပေါက်တော့တယ်။ ခုန ပိုက်ဆံကောက်တဲ့ လက်မှတ်စစ်ကိုလဲ မတွေ့တော့ဘူး။ ရထားတွဲထဲမှာ ကိုယ်တို့ သုံးယောက်တည်း။ ဒါနဲ့ ခုန ဂျာမဏီအဖိုးကြီးနဲ့ အဖွားကြီး ဆီကို သွားပြီး ဒီစာရွက်ကို အခုမှ တွေ့တယ်။ ဒီမှာ ပိုက်ဆံပေးပြီးသား မို့ ခုန ရထားခပေးလိုက်ရတာကို ပြန်ပြောပေးပါလို့ အကူအညီတောင်းရတယ်။ အင်္ဂလိပ်စကားကလဲ ကောင်းတာမဟုတ်တော့ သူတို့ နားလည်ပါ့မလားလဲ စိုးရိမ်ရသေးတယ်။ ဒါပေမယ့် အဖွားကြီးက သဘောပေါက်လွယ်တယ်။ လက်မှတ်ကို ယူကြည့်ပြီး သူ့အဖိုးကြီးနဲ့ စကားတွေ ပြောတယ်။ နောက်အဖိုးကြီး တွဲထဲက ထထွက်သွားတယ်။ ကိုယ့်နေရာ ကိုယ်ပြန်ထိုင်ပြီး စောင့်နေလိုက်တော့ မကြာဘူး အဖိုးကြီး ပြန်လာတော့ ခုန လက်မှတ်စစ်လဲ ပါလာတယ်။ သူက ကျမလက်ထဲက ငွေချေထားတဲ့ ပြေစာ စာရွက်ကလေးကို ပြန်ကြည့်ပြီး သူ့ခါးက ကရိယာလေးမှာ ဟိုနှိပ်ဒီနှိပ်နဲ့ နောက်တော့ ၄၉ ယူရို ပြန်ပေးပါလေရော.. ၊ ကျေးဇူးတင်ပါတယ် အများကြီး ကျေးဇူးတင်ပါတယ် ဆိုတာကို စိတ်ပါ လက်ပါပြောပေးလိုက်တယ်။ ယူရို၅၀ ဆိုတာ နည်းတာကြီးမှ မဟုတ်တာနော်။
ရထားစီးတဲ့ ၂ နာရီမှာ အိပ်ဖို့တောင် သတိမရလိုက်ဘူး။ ဂျာမဏီထဲက ဖြတ်စီးတဲ့ မြစ်က ရိုင်းမြစ်ထင်တာပဲ။ တောင်ကမ်းပါးတွေမှာ တည်ထားတဲ့ မြို့နဲ့ မြစ်ထဲမှာ သွားနေတဲ့ သဘောင်္တွေကို သဘောကျလွန်းလို့ တဖျတ်ဖျတ်ဓါတ်ပုံရိုက်ပစ်တယ်။ ရထားလမ်းရယ် မြစ်ရယ်တခါတလေ ကားလမ်းရယ် အဲလိုဘေးချင်းယှဉ်ပြီး သွားနေတာ တွေ့ရရင် ဘယ်လိုပျော်မှန်းမသိဘူး။ မြန်မာနိုင်ငံထဲမှာလဲ အဲဒီလိုနေရာတခု ရှိတယ်။ လွိုင်ကော်ကနေ ဖယ်ခုံမြို့ဖက်ကို သွားရင် မိုးဗြဲဆည်ရယ် ကားလမ်းရယ် ရထားလမ်းရယ်က နီးနီးလေးနဲ့ သုံးခု ယှဉ်နေတယ်။ သိပ်သဘောကျဖို့ကောင်းတယ်။ လှလဲ အရမ်းလှတယ်။ အဲဒီနေရာ ကို ရောက်တိုင်း ကားရပ်ခိုင်းပြီး ရပ်ကြည့်မိတယ်။ ခုလဲ တော်တော်လှတဲ့ ရှုခင်းတွေကို ကြည့်ပြီး အိပ်ဖို့ မေ့သွားတယ်။
ကိုလုံးမြိုနားရောက်ခါနီးမြို့လေးတမြို့မှာ ခုန ဂျာမဏီ အဖိုးကြီးအဖွားကြီး စုံတွဲ ဆင်းသွားတယ်။ ကျမကို ပျော်ရွှင်ဘွယ်ရာ ခရီးစဉ်ဖြစ်ပါစေတဲ့။ ဆိုက်ရောက်ရမယ့် နာရီအရ ကိုလုံးရောက်ခါနီး ကျေညာသံကို နားစိုက်ထောင်နေရတယ်။ မတော် မကြားလိုက်ပဲ မြို့ကျော်သွားမှာ စိုးလို့လေ။ ကိုလုံးမြို့နာမည် အသံကြားတော့ ရထားတွဲကနေ ထွက်ပေါက်ကို ထွက်နေတော့ ဟိုဘက်တွဲက စုံတွဲတတွဲလဲ ထွက်ရပ်နေတယ်။ ဒါ ကိုလုံးမြို့ပါနော်ဆိုတော့ ဟုတ်တယ်တဲ့။
ရထားက ၅ မိနစ်လောက်ပဲ ရပ်တာမို့ ဆင်းလိုက်ပြီး လာကြိုမယ့် အမကို ရှာနေတုန်း ဆံပင်ရှည်ရှည်နဲ့ အမတယောက်က ဒီဘက်လာနေတာ တွေ့ရတယ်။ ဒီအမပဲ ထင်တယ် လို့ စိတ်ထဲမှာ တွေးနေတုန်း မခင်မင်းဇော်မဟုတ်လား ဆိုပြီး လာမေးတယ်။ မမာ မဟုတ်လားဟင် ဆိုပြီး ၀မ်းသာအားရ နှုတ်ဆက်လိုက်တော့ လာလာ တဲ့ ဘူတာထဲမှာ ညီမသူငယ်ချင်းမိသားစုလဲ ရောက်နေပြီတဲ့။ ( တကယ်ဆို မမာက ကျမကို ဘလော့ထဲက ဓါတ်ပုံပဲ မြင်ဖူးတာပါ။ ဖုန်းတွေ ပြောနေပေမယ့် လူချင်းတခါမှမဆုံဖူးဘူး။ မမာရဲ့ အမျိုးသားက ဘလော်ဂါ နှင်းခါးမိုးတို့ရဲ့ အမှုတွဲတူတွေလေ။ ဒီခရီးကိုလာမယ်ဆိုတော့ ကျမသူငယ်ချင်းတွေရဲ့ ဖုန်းတွေ အီးမေလ်းတွေက ဆက်သွယ်လို့ မရဖြစ်နေချိန်မှာ မမာတို့ရှိတယ်ဆိုပြီး ဖုန်းခေါ် ကျမသူငယ်ချင်းတွေ ရှိသေးလားမေးမြန်းပြီး လာခဲ့ရတာပါ။ မမာက သူအဲဒီနေ့ အလုပ်အားတယ် လာကြိုပေးမယ် ပြောလို့ အားလုံးအဆင်ပြေ ချောမွေ့ခဲ့ရတယ်။ မလာခင် ကျမရဲ့ ဘလော့ပေါ်က ဓါတ်ပုံတွေကို သေချာပြန်ကြည့်ခဲ့ရသေးတယ်တဲ့။ သူတို့ မိသားစုကတော့ ကျမအမျိုးသားနဲ့ ကိုနှင်းခါးမိုး တို့ရဲ့ အသိမိတ်ဆွေတွေပါ။ ဒါပေမယ့် ဧည့်ဝတ်ကျေတာကတော့ ပြောမယုံကြုံဖူးမှ သိလို့ ပြောရလောက်ပါတယ်။ )
(ဆက်ရေးပါဦးမယ်)


