Saturday, May 30, 2015

လွယ်အိတ်တလုံးရဲ့ ဒိုင်ယာရီ

ဒီနေ့ နယူးဇီလန်က ယူ ၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ နဲ့ ပတ်သက်ပြီး ပြောကြဆိုကြရာက နယူးဇီလန်ရောက် ကဗျာဆရာ စာရေးဆရာ ကိုခင်လွန်းနဲ့ စကားစမြည်ပြောဖြစ်ရာကနေ မြန်မာ နိုင်ငံအလံတွေ အကြောင်းရောက်သွားတယ်။ အဲဒီတော့မှ ကျမ ထောင်ထဲ ရောက်နေချိန် ၁၉၉၁ ခုနှစ်လောက်က ထောင်ထဲမှာ တချောင်းထိုးအပ်နဲ့ ထိုးဖြစ်ခဲ့တဲ့ လွယ်အိတ်ကလေးဆီ စိတ်က ရောက်သွားတယ်။

အဲဒီလွယ်အိတ်ကလေးကို ထိုးခဲ့ချိန်တုန်းက အရောင်စပ်တာ ဒီဇိုင်းဖေါ်တာလေးကို မျှော်လင့် စိတ်ကူးမိတဲ့အတိုင်း လွတ်လွတ်လပ်လပ် စိတ်နဲ့ လုပ်နိုင်ခဲ့တယ်။

ထောင်ဆိုတာ လူကိုသာ ဘယ်မှမသွားနိုင်အောင် ချုပ်ထားနိုင်ပေမယ့် စိတ်ကူးတွေကိုတော့ ချုပ်ထိန်းထားလို့မရတဲ့ နေရာပေါ့။ ဆိုတော့ ကွန့်မြူးချင်ရာ ကွန့်မြူးနိုင်သလို ဖြစ်ချင်ရာတွေကိုလဲ အကန့်အသတ်တွေကြားထဲက လုပ်နိုင်သလောက် လုပ်နိုင်ခဲ့တာပဲ။
အဲဒီလွယ်အိတ်ကလေးကို ဒီတခေါက် ကိုအံ့ကျော် ပုသိမ်ပြန်တော့ ကျမရဲ့ ဘီဒိုထဲကနေ ရှာဖွေတွေ့ရှိပြီး တအံ့တသြနဲ့ သယ်ချလာခဲ့တယ်။

သူ့ကို ပြောလဲ မပြဖြစ်ခဲ့တဲ့ အဲဒီလွယ်အိတ်ကလေး အကြောင်းကို သူအိမ်ကို ပြန်ရောက်လာတော့ မေးမြန်းပြီး အဓိပ္ပါယ် ဖေါ်ခိုင်းနေသေးတယ်။
ကျမ ထိုးထားတဲ့ သင်္ကေတတွေကို သူမမြင်မိလိုက်ဖူးတဲ့။

                               ကျမရဲ့ မျှော်လင့်ချက် လွယ်အိတ်ကလေး


ကျမ လွယ်အိတ်ကလေးကို သိုးမွှေးအနီ၊ အစိမ်း၊ အဝါတွေနဲ့ ထိုးထားတယ်။ ကျမရဲ့ စိတ်ကူးထဲမှာ သားသုံးသား ပေါင်းစည်းတဲ့ မြန်မာနိုင်ငံအဖြစ် လွတ်အိတ်ကလေးကို

ပုံဖေါ်ချင်ခဲ့တာလေ။ အဝါရောင်က ဘုရားသားဖြစ်တဲ့ သံဃာတော်တွေကို ရည်ရွယ်ပြီး အနီရောင်ကတော့ စိတ်ဓါတ် ရဲရင့်တက်ကြွပြတ်သားကြတဲ့ ကျောင်းသားအရွယ်လူငယ်တွေကို

ရည်ရွယ်ခဲ့ပါတယ်။ အစိမ်းရောင်ကတော့ နိုင်ငံအတွက် ရင်ကို မြေကတုတ်လုပ်ပြီး ကာကွယ်ကြမယ့် ပြည်ချစ်စစ်သားကြီးတွေပေါ့။

အဲဒီအရောင်သုံးရောင်ကို စပ်တဲ့အခါမှာတော့ အဝါရောင်ကို အပေါ်ဆုံးမှာ ထားခဲ့ပြီး ကျောင်းသား အရိုးတောင်လိုပုံခဲ့တယ်ဆိုတာလေး သတိရပြီး အနီရောင်ကို အောက်ဆုံးမှာ ထားလိုက်တယ်။ အဲဒီတော့ အစိမ်းရောင် ပြည်ချစ်သားတွေက အလယ်မှာ နေရာချလိုက်တာပေါ့။ နောက် လွယ်အိတ်ဆိုတော့ ဘက် ၂ ဘက် ရှိနေတာကြောင့် တဖက်မှာကဗျာဆရာမ မအိရဲ့ အသံအက်သွားတဲ့ ခေါင်းလောင်းလေးကို သတိရရင်း ခေါင်းလောင်းလေးကို ချည်အဖြူရောင်နဲ့ အက်ရာလေးတွေပါ ထည့်ထိုးလိုက်ပြီး အဲ့အပေါ်မှာ ၈ရက် ၈လ ၈၈ အမှတ်တရအဖြစ် ချည်အနီရောင်နဲ့ အင်္ဂလိပ်လို ၈ လေးလုံးကို ခေါင်းလောင်းပေါ်မှာ ထည့်လိုက်တယ်။ ခေါင်းလောင်းထဲက အနီရောင် သွေးစက်နဲ့ သစ်ရွက်ကြွေတွေကို အဝါရောင်အဖြစ် ထည့်ထိုးထားတယ်။ (ရည်ညွှန်းချင်တာက စိမ်းမြ သစ်ရွက်တို့ ကြွေနေဆဲ ဆိုတာကို ၊ ဒါပေမယ့် အစိမ်းရောင်ပေါ် မှာ ဖြစ်နေလို့ အဝါရောင်သစ်ရွက် ကြွေပေးလိုက်တာ) နောက်တဖက်မှာ ဖက်ဆစ်တော်လှန်ရေး အလံက ကြယ်ဖြူကြီးတလုံးကို ရည်ရွယ်တင်စားရင်း အစိမ်းရောင်ပေါ်မှာ တော်လှန်ရေး ကြယ်ဖြူ ကို ထိုးလိုက်တယ်။

အဲဒီတုန်းက လွယ်အိတ်ကြိုးကို အစိမ်းရောင် ဘာလို့ ထိုးလဲ ဆိုတာ ခု ပြန်စဉ်းစားတော့ မပေါ်တော့ဘူး။ ကျောင်သားတွေနဲ့ ဘုရားသားတွေကို စစ်သားတွေက သယ်ပိုးရမယ်လို့ ဆိုလိုချင်ခဲ့ဟန်ပါပဲ၊

၁၉၉၁ ခုနှစ်က ကျမရဲ့ စိတ်ကူးကို ၂၀၀၅ခုနှစ် လွတ်မြောက်နယ်မြေရောက်တော့ မမျှော်လင့်ပဲ မျက်ဝါး ထင်ထင် တွေ့ခဲ့ရတော့ နည်းနည်း အံ့သြမိသေးတယ်။ ဒါပေမယ့် ဘယ်သူ့မှတော့ မပြောဖြစ်ပါဘူး။ ဘယ်လိုတွေ့လဲ ဆိုတော့ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ပေါင်းစည်း ဖွဲ့ထားတဲ့ NCGUB ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်း အစိုးရရဲ့ အလံအဖြစ် သတ်မှတ်ထားတဲ့ အလံက ကျမ လွယ်အိတ် ကြယ်ဖြူတလုံး ရှိတဲ့ဘက်က အတိုင်း ကွက်တိ။ ဘယ်သူ့မှတောင် မပြောပြဖြစ်ခဲ့ပါဘူး။ ကိုယ်က ဘာမှမဟုတ်တဲ့လူ ဆိုတော့ ခပ်ငြိမ်ငြိမ်ပဲ ကြည့်နေရတာပေါ့။
ဒီလိုနဲ့ နောက်ထပ် အံ့သြဘွယ် တခုထပ်ကြုံလာရပြန်ရော။ အဲဒါက အခု ပြည်ထောင်စု မြန်မာနိုင်ငံ ရဲ့ အလံတော်အသစ်ပါပဲ။ NCGUB ရဲ့ အလံနဲ့ ထပ်ချပ်တူနေတာ တွေ့ရပြန်ပါတယ်။ နာဂစ်ဖြစ်ပြီးစ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီး အဲဒီ ၂၀၀၈ ထဲက အလံတော် ဝါစိမ်းနီနဲ့ ကြယ်ဖြူတပွင့်က ချွတ်စွပ်လေ။


အဲဒီအလံအကြောင်း ဘာညာ ဘာညာတွေ ပြောနေချိန်မှာ ကျမက မပြောဖြစ်ခဲ့ဘူး။ အများသဘောဆန္ဒအစစ်အမှန် မယူခဲ့တဲ့ အချက်ကလွဲပြီး ကျမ အိပ်မက်ထဲက အတိုင်း မြင်နေရတဲ့ အလံကိုး။
အဲဒီအလံနဲ့ ပတ်သက်ပြီး ဒီနေ့ ဘောလုံးပွဲကြည့်ပြီး ကျမပြန်သတိတရ ပြောဖြစ်ခဲ့တဲ့ အကြောင်းလေးကတော့ ဒီလောက်ပါပဲ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

No comments: