တကယ်တော့ ကျမတို့ ၂ယောက်က နှစ်ကာလများစွာ တယောက်နဲ့တယောက် အဆက်အသွယ် မရှိလဲ နေခဲ့ကြဖူးတယ်။ နှစ်ကာလများစွာ ဆိုတာ ဘယ်လောက်လဲလို့ မေးလာရင်တော့ ဖြေပေးပါ့မယ်။ ခြောက်နှစ်ခွဲကျော် ခုနှစ်နှစ်နီးပါးဆိုတာ ၃၆၅ ရက်နဲ့ မြှောက်လိုက်ရင်။ အဲဒါကို ၂၄ နာရီနဲ့ မြှောက်လိုက်ရင် ... အိုးးး ကိန်းဂဏန်းတွေ တော့ မြင်ရမှာ ပေါ့နော်။
တကယ်တော့ အဲဒီကိန်းဂဏန်းတွေထက် ကျမတို့ ၂ယောက်ရဲ့ ရင်ထဲက သတိရစိတ်တွေ တမ်းတစိတ်တွေကို က အဆပေါင်းများစွာ သာပါတယ်။ လုံးဝ ပြင်ပအဆက်အသွယ် မရှိခဲ့တဲ့ ကျမတို့၂ယောက်ကြားမှာ စိတ်ချင်းဆက်သွယ်မှုက ဘယ်လောက်ထိ တာသွားခဲ့တယ်။ ဘယ်လောက်ထိ ယုံကြည်စိတ်ချရတယ်။ ဘယ်လောက်ထိ အာမခံနိုင်ခဲ့တယ်ဆိုတာကတော့ အတိတ်ရဲ့ ဖြစ်ရပ်တောင်မဟုတ်ပါဘူးလေ။ နှလုံးသွေးရဲ့ သက်သေ သမိုင်းများသာ လို့ပဲ နာမည်တပ်ချင်တော့တာပါ။
ကျမတို့ဝေးခဲ့တဲ့ရက်တွေလိုပဲ ကျမတို့ တူတူ ရှိနေခဲ့တဲ့ရက်တွေကိုလဲ မေ့လို့မရနိုင်ခဲ့ပါဘူး။ ရက်တိုင်း နေ့တိုင်းမှာ တဦးကို တဦး လိုအပ်ခဲ့ကြပါတယ်။ တဦးကိုတဦး စုံမက်ခဲ့ကြပါတယ်။ တူညီတဲ့အိပ်မက်တွေ ရှိခဲ့တယ်။ တူညီတဲ့ အတိတ်ကို တမ်းတတတ်ကြတယ် ။ ပြီးတော့ တူညီတဲ့ အနာဂတ်ကို လျှောက်လှမ်းဖို့ ကြိုးစားခဲ့ကြတယ်။ လမ်းခရီးမှာ တဦးနဲ့တဦး ဖေးမကြဖို့ လက်ကမ်းကြဖို့ မတိုင်ပင်ပဲလဲ နားလည်ခဲ့ကြတယ်။ သီချင်းတပုဒ်ကိုတောင် ပြိုင်တူညည်းတတ်ကြတဲ့အထိ စိတ်ချင်း ဆက်သွယ်ခဲ့ကြတယ်။ဝေးနေကြတဲ့ အချိန်ပိုင်းလေးတွေက အဖြစ်အပျက်တွေကို ပြန်ဆုံတွေ့ကြတဲ့ခါ ပြန်ပြောဖြစ်ကြရင်လဲ ဆင်တူနေတတ်ကြတာမျိုးပေါ့။
တကယ်တော့ ပန်းသီးတလုံးကို တူတူစားခဲ့ကြတဲ့ အာဒမ်နဲ့ဧ၀လို အရူးအမူးလို့တော့ မတင်စားချင်ပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်း ဝေးကွာနေချိန်တွေမှာတော့ ကျမတို့ ဖုန်းအဆက်အသွယ် ရှိကြပါတယ်။ တူတူရှိနေစဉ်လိုပဲ တယောက်နဲ့တယောက်ပြောစရာ စကားကမရှားပါဘူး။ အကြောင်းအရာစုံကရှိနေဆဲ ရှိနေမြဲပါပဲ။
မနေ့ညကတုန်းကဟာ အိပ်ပျော်ခါစ ဘယ်က ဖုန်းလဲမသိလာလို့ ကိုင်လိုက်တာ ဘာမှလဲ မဟုတ်ဘူး။ သူတို့ဘာသာ စကားပြောနေတာပဲ ကြားရတယ်။ ဖုန်းမှားနှိပ်မိတာလား မသိဘူး ... ဆိုတာမျိုး။
မနက်က အသုပ်ဆိုင်သွားစားတာလေ ထုံးစံအတိုင်း သိတယ်မဟုတ်လား မပွား က ပွားချက်ဟဲ့ ။ အမ်မယ် ဒီတခါ သူပြောတာ လေဖြတ်တဲ့လူကို ကုတာ သူ့အဖေဆို ချက်ချင်း လမ်းလျှောက်နိုင်တယ်တဲ့ ။ အဲဒါ မှတ်ထားဦးမှ........ ဆိုတာမျိုး။
နင်အဲဒီမှာ မိုးရွာလား။ ဒီမှာတော့ ရွာလိုက်တာဟာ အပြင်လဲ မသွားဖြစ်ဖူး ပျင်းဖို့ကောင်းလိုက်တာ။ ဒါနဲ့ နင်သွားတာ သုံးပတ်ပြည့်သွားပြီနော်... ဆိုတာမျိုး ။
ဟဲ့ ဘာထူးလဲ ပြောပါဦး။
စောစောအိပ်နော်.. မနက်ကျလဲ စောစောထရတာ အိပ်ရေးပျက်လဲ မခံနိုင်ပဲနဲ့။ ဆိုတာမျိုး၊
တယောက်ယောက် အကြောင်း ဖြစ်ဖြစ် အကြောင်းအရာ တခုခု ဖြစ်ဖြစ် ပြောနေရင်း နိဂုံးချုပ်ကို ချက်တင်ကနေ စာပြိုင်တူ ရိုက်လိုက်တဲ့အခါ အယူအဆတွေ တူနေတာမျိုး ( ဥပမာ .. ကြီးပေါကြီးပါ ဟာ တို့။ ဒါတော့ လွန်ပြီ... ပိုချက် တို့)
တကယ်တော့ လုပ်ယူဖန်တီးစရာ မလိုပဲ တယောက်အကြော တယောက်သိ၊
တယောက်ခံစားချက် တယောက်သိ ခဲ့ကြတာပဲ။ လူအများကြီးကြားထဲ လှမ်းကြည့်လိုက်ရင် ၊ စကားဝိုင်းတွေထဲ တယောက်တနေရာကနေ လှမ်းကြည့်လိုက်တာနဲ့ ဘာဆိုလိုတယ် ဆိုတာ သိနေကြတယ် ဆိုရင်
အင်းး ပိုတယ် ပြောကြမလားပဲ။
၁၉ နှစ်လေ ၁၉ နှစ်ပေါ့။ ကျမတို့ တဦးကိုတဦး အကြွင်းမဲ့ ယုံကြည်ခဲ့ကြတဲ့ မင်္ဂလာသက် ၁၉နှစ်ပြည့်ခဲ့ပြီ။
(ပုံတွေကို Google ကပဲ ရှာဖွေယူထားပါတယ်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
2 comments:
သံသာလေ ကမ်းတိုင် ပါစေ အမ...
Happy Anniversary & many more to go... <3
Post a Comment