Sunday, April 27, 2008

အမှတ်တရ


လက်တွဲဖော်သို့ (၁၃) စောင်မြောက်သ၀ဏ်လွှာ

ဘ၀ခရီးကြမ်းကြမ်း
လှိုင်းပဲ ထန်ထန်
လေပဲ တိုက်တိုက်
သွားချင်ရာသွား ဖ၀ါးခြေထပ် လိုက်ဖို့ရယ်ပြင်… သူ့ရင်ခွင်။

ဒီလမ်းကို ဒီတက်နဲ့ ဟိုကွေ့မှာ တချက်လှမ်းခဲ့ပါ့
လွမ်းတလို့ သူမျှော်ရည် ရှေ့ဆောင်ခဲ့ပြီ…
ဒီလူက ဒီလိုအကြောင်း ..
ဒီအကွက်မှာတော့ မသိချင်ယောင်ဆောင်……
နဂါးတိုင်းအမောက်မထောင်ဘူးတဲ့…
တွေးဆကာ ပူပန်တတ်ပုံ… နဲ့
ခေါင်းမာမာ ကိုယ့်စရိုက်ရယ်က … တွေ့ကြုံပုံဆန်း။


လမ်းရိုးကိုလျှောက်ကာလှမ်းပေမယ့် ..
ပန်းမွေ့ယာ ရွှေကော်ဇောကိုတော့ တွေ့ရမယ် မရည်မှန်းနဲ့..
တို့ဘ၀က ခေတ်ကြီးကိုဆန်တက်…
ကမ်းရှိပေမယ့် ဝေးနေသလို ….
နေသာသေးသပလို့ ဂျိုမသွေးချင်ပါဘူး..
တို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲသာမို့…
ဇွဲခိုင်ခိုင် ကိုင်ကာစွဲ..
ခယောင်းလမ်းလဲ လျှောက်ရမယ်။

အဖော်ပြုကာပဲ… လက်တွဲကို ခိုင်ခိုင်ကျည်လို့..
သစ္စာဆို … ဒီသောင်ကမ်းကို ..
မောင်သွားမယ်.. ရည်မျှော်ကူးရင်ဖြင့်…
အိုဘယ့်… မေတ္တာရှင်ရဲ့..
စိတ်ကူးနဲ့ တောင်….ငြင်းဆိုအားပါဘု..
သံယောဇဉ် နောက်တိုးတွဲပါလို့ ….
ဖြည့်ခွင့်ရ ပါရမီအားကိုးကာ
မောင်မောင်ရေ…..ချန်နေရစ်မှာတဲ့လား။

ကိုင်း…
ယုံကြည်ခြင်းထပ်တူပြုစို့ရယ်….
မတွန့်ဆုတ်ဘူး ….သိလား..
ဖ၀ါးခြေထပ် လိုက်ခဲ့မယ်။ ။

(ခင်မင်းဇော်)

Saturday, April 19, 2008

၂၀၀၈ ရင်ပြင်မှာ….

၂၀၀၈ ရင်ပြင်မှာ
ကြယ်တွေကြွေ လွမ်းတေးဆိုလဲ..
ငါတို့ ကောင်းကင်မှာ ရောင်နီဆိုတာရှိတယ်..
ရောင်ခြည်ဆိုတာ ရှိသေးတယ်..
ပန်းဆိုတာ တပွင့်ကြွေရင် နှစ်ပွင့်ဝေမှာပဲ..
ဒါ…လောက သဘာဝတရား..
ခံယူတတ်ဖို့ပဲ လိုတယ်။


ဘာကြောင့် ပြောသလဲ…
စစ်မရောက်ခင် မြှားကုန်တဲ့ စကားသံတွေ..
ဘာလို့တွေးနေလဲ…
မျှော်လင့်ချက်မဲ့နေတဲ့ ခပ်ညံ့ညံ့ အတွေးအခေါ်တွေ..
ဘာဖြစ်ချင်သလဲ…
ကိုယ်တိုင်မလုပ်ပဲ ခေါင်းဆောင်မျှော်နေသူတွေ..
ဘာမှမဖြစ်သေးဘူး …
အဆိုးကို ကြိုကြည့်ချင်နေကြသူတွေ။

ဘာဖြစ်လဲ…
ရွက်မရှိ တက်နဲ့လှော်မယ်..
တက်ကျိုးရင် လက်ထိုးလှော်မယ်..
လှေခွက်ချည်းကျန်
အလံမလှဲစတမ်း…
နောင်ရိုး စိတ်ထား
ထားတတ်မှ ဖြစ်မယ်။

တိုက်ပွဲဆိုတာ..
တိုက်ရဲသူအတွက်သာ ဖြစ်တယ်။ ။

ခင်မင်းဇော်

Saturday, April 12, 2008

ချစ်သူတို့ သက်တမ်းတိုလှ၏

ဓါတ်ပုံကို မိုးမခမှ ရယူပါသည်
၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦးထဲမှာ မင်္ဂလာ ဆောင်ဖို့ ပြင်ဆင်ထားခဲ့တဲ့ ကျောင်းသားသမဂ္ဂအမှုဆောင် ကျောင်းသားခေါင်းဆောင် ကိုလှရွှေနဲ့ ကျောင်းသားခေါင်းဆောင် မခင်မာအေးတို့ရဲ့ မင်္ဂလာပွဲဟာ ၆၂ ခုနှစ် သမိုင်းဝင် ဇူလိုင် ၇ ရက်နေ့ဖြစ်မယ့် ကျောင်းသားသမဂ္ဂကို ဗုံးခွဲဖြိုချမှုအောက်မှာ ပျက်သုန်းခဲ့ရပါတယ်။

၂ယောက်ဘ၀အစမှာကတည်းက အာဏာရှင်ရဲ့ ဖြိုခွဲဖိနှိပ်မှုကိုခံခဲ့ရတဲ့ မင်္ဂလာမောင်နှံအဖြစ်၎င်း။ အာဏာရှင်နေ၀င်းရဲ့ လက်အောက်မှ စလို့ ခေတ်အဆက်ဆက် အာဏာရှင်တွေကို ဒူးမထောက် လက်မမြှောက်ပဲ ခွပ်ဒေါင်းပျိုဘ၀မှ ခွပ်ဒေါင်းတွေရဲ့ မိခင်ဘ၀ထိ လက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ ဦးလှရွှေရဲ့ ပါရမီဖြည့်ဖက်၊ ကိုဆက်အောင်နိုင် (နိုင်ငံရေးအကျဉ်းသားဟောင်း)၊ ကိုဆက်အောင်ခိုင်(၈၈ တောခိုကျောင်းသား ယခု အမေရိကန်ပြည်ထောင်စု) ဇနီး ခင်သီအောင်၊ မေဇွန်ဦး(ခ)နေခြည် ခင်ပွန်း ကိုအောင်နိုင်( အဖမ်းဆီးခံ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်) တို့ရဲ့ မိခင်၊ မင်းဆက်အောင် ၊ ညီဆက်အောင်၊ ရန်ဆက်အောင်တို့ရဲ့ အဖွား ဒေါ်ခင်မာအေး ဟာ နှလုံးရောဂါနဲ့ ဧပြီလ ၁၁ရက်နေ့ည ၉ နာရီခွဲမှာ ကွယ်လွန်ခဲ့ပါပြီ။

အကျဉ်းထောင်ထဲမှာ တမိသားစုလုံး ၀င်လိုက်ထွက်လိုက်နဲ့ ကြံ့ကြံ့ ခံခဲ့သလို ဘ၀လောကဓံကိုလည်း ကြံ့ခိုင်တဲ့ စိတ်ဓါတ်နဲ့ ရင်ဆိုင်ခဲ့ကြတဲ့ တော်လှန်သော မိသားစုနဲ့ ထပ်တူ ၀မ်းနည်းကြေကွဲမိပါကြောင်း မှတ်တမ်းတင်လိုက်ရပါတယ်။
အော်..
ချစ်သူတို့ သက်တမ်းတိုလှ၏
မုန်းသူတို့ သက်တမ်းရှည်လှ၏..
ဆိုတဲ့ ဆရာကြီးဦးတင်မိုး ရေးထားခဲ့တဲ့ စာတိုလေးကို သတိရမိပါ၏။

ချစ်ခင်လေးစားစွာဖြင့်
ခင်မင်းဇော်

အမှတ်တရ ကျောင်းသင်္ကြန်အပိုင်းအစ

ကလေးတွေက ရေစပက်နေပြီလေ..
ထိုင်းမှာက သင်္ကြန်ကို ကလေးတွေနဲ့ စကြတယ်။ ဧပြီ လဆန်းကတည်း က ပက်တတ်ကြပေမယ့် ဒီနှစ်တော့ ထိုင်းဘုရင်ရဲ့ အမတော် ကွယ်လွန်တာ ရက် ၁၀၀ ပြည့်လွန်မှ ပက်ကြလေတော့ နည်းနည်း နောက်ကျသွားတယ် ထင်ပါ့။ ၁၀ ရက်နေ့လောက်မှ စပက်တာ တွေ့ရတယ်။

အမှတ်မထင် ရေပက်ခံလိုက်ရတော့ လန့်ပြီး စိတ်တိုသလို ဖြစ်သွားတဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ရင်း တချိန်က သင်္ကြန်အကြိုကျောင်းတွင်း ရေပက်ပွဲလေးကို သတိရမိသွားပါတယ်။

တက္ကသိုလ် ကောလိပ်တွေမှာတော့ ဟိုးအရင်တုန်းက နွေရာသီ နှစ်လည် ကျောင်းပိတ်ခါနီး တဦးနဲ့ တဦး သင်္ကြန်အကြိုရေပက်တဲ့ ဓလေ့ ရှိနေကျမို့ အဲဒီမတ်လကုန်ခါနီး ကျောင်းသားတွေ ပြန်ခါနီး အချိန်မှာ ကျောင်းဝင်းထဲမှာ ရေစိုစို ရွှဲနေလေ့ရှိပါတယ်။ ကျောင်းဝင်းအပြင်ထွက်လိုက်ရင် ရေစိုရွှဲနေကြတဲ့ ကိုယ်တို့ ကျောင်းသားတွေဟာ တမျိုးတဘာသာ ဖြစ်နေပေမယ့် ကျောင်းသားဓလေ့မို့ ကဲ့ရဲ့ ပြစ်တင်ခံရခြင်း မရှိပါဘူး။

ဒီလို ကျောင်းပိတ်ခါနီးကာလတွေထဲက မှတ်မှတ်ရရ တနှစ်ရှိခဲ့ဘူးပါတယ်။ ၁၉၈၇ ခုနှစ် မတ်လနှစ်လည် ကျောင်းပိတ်ခါနီးအချိန်မှာ ဖြစ်ခဲ့တာပါ။ ထုံးစံအတိုင်း အဲဒီအချိန်တွေဆို ဘွဲ့ပေးအပ်တဲ့ အခမ်းအနားတွေကလည်း တပတ်လောက် ရက်ဆက်ရှိတတ်တာကလား။ အစမ်းလေ့ကျင့်ရက် ၊ တကယ်ပေးတဲ့ နေ့ နဲ့ ကျောင်းထဲမှာလည်း လူတွေ စည်ကားနေတတ်တဲ့ အချိန်လေးတွေပဲမဟုတ်လား။ တရက်တော့ နောက်ဆုံး ကျောင်းတက်ရမယ့် နေ့မှာ အတန်းထဲမှာ အကုန်ကျောင်းတက်ဖို့ မှာထားပြီး ကျောင်းသားတွေက ရေခဲတုံးတွေ စိမ်ထားတဲ့ ရေဗူးတွေ၊ ကျွတ်ကျွတ်အိပ်တွေနဲ့ ရေပက်ဖို့ ပြင်ဆင်ထားကြသလို ကျမတို့ မိန်းကလေးအုပ်စုတွေကလည်း အတန်းထဲမှာ စားဖို့ သောက်ဖို့ လဘက်သုတ်တွေ အအေးဗူတွေ သယ်လို့ တပျော်တပါး ကျောင်းကို ရောက်လာကြတဲ့ ရက်ပေါ့။

အတန်းထဲမှာ အားလုံးစုထိုင် ပြောကြရယ်ကြ စားကြသောက်ကြရင်း အားလုံး ဘွဲ့ယူမယ့်လူတွ အပြင်မှာ ဓါတ်ပုံရိုက်နေကြတာတွေကို သွားငေးကြမယ်လို့ သဘောတူပြီး သွားဖို့ ပြင်ကြပါတော့တယ်။ အဲဒီတော့မှ ကိုယ်တော်တွေက သူတို့ သယ်လာတဲ့ ရေဗူးကြီးတွေထဲက ရေခဲတွေကို ကျွတ်ကျွတ်အိတ်တွေထဲ ထည့်ရေဖြည့်ပြီး လောင်းပါတော့တယ်။ ရေလောင်းမယ် ဆိုတာ သိပေမယ့် ပြန်ခါနီးလောင်းမယ် ထင်ပြီး အေးအေးဆေးဆေး နေ နေတဲ့ ကျမတို့ အုပ်ကို အလစ် အငိုက် လောင်းလိုက်တာမို့ အားလုံးအော်ပြီး လှေခါးကနေ အောက်ထပ်ကိုပြေးဆင်း။ နောက် အောက်ထပ်က ဒီ့ပြင့် အတန်းသားတွေကလည်း သူတို့အခန်းဝက လောင်း ၊ နောက်ကလဲ လိုက်ပက်နဲ့ ပြေးဟယ်လွှားဟယ်တွေ ဖြစ်လို့၊ နောက် ဓါတ်ပုံရိုက်နေတဲ့ ကွန်ဗို့ရှေ့ဖက်ထိ ပြေးတဲ့လူက ပြေး ရေလိုက်ပက်သူက ပက်နဲ့ တော့်တော့ကို ပျော်ရွှင်ဘွယ် ဖြစ်နေကြချိန်ပေါ့။ အဲဒီအချိန်….ဓါတ်ပုံရိုက်နေတဲ့ မိသားစုနားကို ကျမက ရောက်သွားချိန်မို့ အရှိန်လျှော့လိုက်တဲ့အချိန်……နောက်က ရေလိုက်ပက်တဲ့ ကျမသူငယ်ချင်းကလဲ အရှိန်လျှော့ချလိုက်တဲ့ ကျမကို မှီပြီဆိုပြီး အားရပါးရ ရေထည့်ထားတဲ့ ကျွတ်ကျွတ်အိတ်နဲ့ လှမ်းအပစ်လိုက်… ဟားဟား ဘွဲ့ယူမယ့် အမကြီးတယောက်ရဲ့ အဖေဆီကို တည့်တည့် ရောက်သွားပါလေရော…. တကယ်က ပျော်နေတဲ့ စိတ်တွေနဲ့ လုပ်ထည့်လိုက်တာမို့ သူတပါးကို ထိခိုက်နိုင်တယ်ဆိုတာ အဲဒီအချိန်တုန်းက မတွေးမိခဲ့ကြပါဘူး။ စိတ်ဆိုးပြီး ဒေါသတကြီးအော်လိုက်တဲ့ အဲဒီဦးလေးကြီးကို ဘယ်လို တောင်းပန်ရမလဲမသိပဲ မျက်နှာငယ်လေးနဲ့ ရပ်နေတဲ့ ကျမသူငယ်ချင်းရယ်၊ ပြေးရင်းလွှားရင်း ရောက်လာကြတဲ့ ကျမတို့ သူငယ်ချင်း တော်တော်များများရယ် အားလုံး မျက်နှာ ငယ်ငယ်လေးတွေကို မြင်နေရတယ်။ တောင်းပန်ပါတယ်နော်လို့ ပြောနေရင်း အရမ်းကို အားနာခဲ့ရတဲ့ အဲဒီအဖြစ်အပျက်ကိုတော့ ဘယ်တော့မှ မေ့နိုင်မယ်မထင်ပါဘူး။ ဘွဲ့နှင်းသဘင်ခန်းမထဲကို ခုလို စိုရွှဲနေတဲ့ အ၀တ်အစားနဲ့ ဘယ်လိုဝင်မလဲ ၊ နောက် ဘယ်လို ဆက်ဖြစ်လဲ မသိတော့ပါဘူး။

အမှတ်မထင်ရေပက်ခံလိုက်ရတိုင်း၊ ကိုယ်တိုင် လန့်မိပြီး ဒေါသထွက်မိတဲ့အချိန်ရောက်တိုင်း အဲဒီအဖြစ်အပျက် အဲဒီတုန်းက သူငယ်ချင်းတွေနဲ့ အဲဒီဦးလေးကြီးကို ပြန်သတိရမိဆဲပါ….


အဲဒီအဖြစ်အပျက်ဟာ ကျမအတွက် ကျောင်းသင်္ကြန်တွေနဲ့ ဆုံတွေ့ရတဲ့ နောက်ဆုံးအကြိမ် နောက်ဆုံးရက်လဲ ဖြစ်ခဲ့ပါတယ်။ ဒီလို ပျော်ရွှင်ရတဲ့ ကျောင်းသင်္ကြန်လေးတွေကို ခုနောက်ပိုင်း မျိုးဆက်တွေ ရရှိပါရဲ့လားလို့လဲ တွေးမိနေပါတယ်။ တကယ့်ပျော်ရွှင်ဘွယ် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲကို အမြန်ဆုံး ပြန်လည် ဆင်နွဲခွင့် ရကြပါစေလို့ ဆုတောင်းလျှက်……

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, April 8, 2008

စိတ်ထဲရှိရာ…


ဘာရယ်မဟုတ်ပေမယ့် တခါတခါ ကြားရမြင်ရတာတွေ အမြင်မတော်သလို ဖြစ်တာတွေတော့ စိတ်ထဲ ရှိတာ အဖြစ် ချရေးကြည့်ချင်သေးတယ်..

တနေ့က မြ၀တီကို ဖွင့်ကြည့်မိတော့ ဗိုလ်ချုပ်မောင်အေးရဲ့ အိန္ဒိယ ခရီးစဉ်ကို ပြနေတာနဲ့ ကြုံတော့ ကြည့်မိသေးတယ်။ ဦးသန်းရွှေက တော်တော်ပိန်သွားသလို ဒေါ်ကြိုင်ကြိုင်ကိုလဲ တွေ့လိုက်တယ်။ ဦးမောင်အေးလဲ ပိန်နေတာပဲ။ သူတို့ စည်းစိမ်တွေ ဘယ်လောက်ရှိရှိ အာဏာတွေ ဘယ်လောက်ရှိရှိ စိတ်ချမ်းသာမှု မရှိဘူး ဆိုတာ သူတို့ရဲ့ မျက်နှာမှာ ပေါ်နေတာပဲ။ အနား ၀န်ကြီးတွေ ဗိုလ်ချုပ်တွေလဲ သူတို့ကို ဘာများ ပြောမလဲလို့ မျက်နှာပိုးလေးတွေ သေနေလိုက်တာများ ။ တကယ့်ကို သနားစရာ၊ ဟိန်းတာ ဟောက်တာ နာမည်ကြီးတဲ့ ၀န်ကြီးတွေလေ။ ခုတော့ ကျားရှေ့က သမင်လေးလို ….။ ၀န်ကြီးတွေရဲ့ မိန်းမတွေဆိုလဲ ကော်ဇောနီပေါ်မတက်ရပဲ ဘေးနားက ရပ်လို့ မျက်နှာသေလေးတွေနဲ့ ရယ်ပြနေကြတာ အသက်ကမပါ။ အော် .. ကြည့်တတ်ရင် တရားရစရာပါပဲ…


နောက်တလိုင်း ပြောင်းကြည့်လိုက်တော့ အိုလံပစ် မီးရှုးတိုင်ကို အင်္ဂလန်က ဖြတ်သယ်နေတာကို ပြနေရင်းပဲ ၀င်လုတာ ခံလိုက်ရတာ သတင်းထဲမှာ ပြနေပြန်တယ်…။
ကျမဖြင့် ကြည့်နေရင်း အားကျလိုက်တာ ..။ လှုပ်ရှားတက်ကြွစွာနဲ့ တရုပ်အိုလံပစ်ကို ဆန့်ကျင် ဆန္ဒပြနေတာတွေကို မြင်လိုက်တာနဲ့ ကျမရဲ့  သွေးတွေလဲ ဆူပွက်လာခဲ့တယ်။ ကျမတို့ တိုင်းပြည်က သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်တော့ သွေးဆူခဲ့သလိုပါပဲ။ မြန်မာပြည်က သံဃာတော်တွေ လျှောက်ခဲ့သလို တိဗက်ဘုန်းတော်ကြီးတွေ လမ်းလျှောက်ခဲ့တာလဲ တီဗွီသတင်းတွေမှာ မြင်နေရတာပဲ။ မိုးထဲရေထဲ နေပူထဲ လျှောက်လှမ်းနေတဲ့ မြန်မာပြည်က သံဃာတော်တွေရဲ့ သတ္တိ ဇွဲ ခံနိုင်ရည်တွေကိုလဲ ကမ္ဘာက အသိအမှတ်ပြုခဲ့ပါတယ်။ တိဗက်ဘုန်းတော်ကြီးတွေရဲ့ လွတ်မြောက်လိုမှုကို ကျမက ထပ်တူထပ်မျှ ခံစားနားလည်ပြီး အားပေးချင်စိတ်ဖြစ်မိတယ်။ ဒီဖက်က ဒီမိုအင်အားစုတွေက တိဗက်ဘုန်းဘုန်းတွေကို ထောက်ခံကြောင်း တစုံတရာ သတင်းထုတ်ပေးစေချင်သေးတယ်။ ဒါဆိုရင် တိဗက်ဘုန်းဘုန်းနဲ့ တိဗက်ပြည်သူတွေက ၀မ်းသာပြီး အင်အားတက် လာမယ်ထင်ပါရဲ့။ ခုတော့ ကျမကပဲ မသိတာလားမသိ.. ထောက်ခံသံ ဘာမှမကြားရသလိုပဲ…

နောက် .. မေလ ဆန္ဒခံယူပွဲမှာ မဲထည့်ဖို့ ပြည်သူတွေကို လမ်းပြပေးမယ်ဆိုတဲ့ လူတွေက အခြေခံဥပဒေအကြမ်းကို သေချာ ဖတ်မထားရသေးဘူး ဆိုတာ သိလိုက်ရတော့ အံ့လဲ အံ့သြမိတယ်။ ဘာ့ကြောင့် ကန့်ကွတ်ရတယ်ဆိုတာကို ခြုံပြီး ပြောသလို ပြောလို့မရဘူးလို့ ကျမက ထင်တယ်လေ။ နအဖ ဆွဲလို့၊ ရွေးကောက်ခံအမတ် တွေမပါလို့ ဆိုတာတွေဟာ လုပ်ငန်းစဉ်အမှားတွေပါ။ တကယ့်အနှစ်သာရအမှားကို ရှာပြရမယ်။ ဒီပုဒ်မက ဘယ်လိုအခွင့်အရေးကို ဆုံးရှုံးစေတယ်။ ဒီပုဒ်မမှာတော့ ဘာအခွင့်အရေးမှ မရရှိစေဘူး အဲလိုမျိုး ကိုယ်က တအုပ်လုံးကို ဒိုးလိုမွှေ ရေလိုနှောက် သိမှတ်ထားသင့်တယ်။ အဲဒါတွေအတွက် ကျမက ဂျူလိုင်အိပ်မက် (မတ်လအတွင်းပို့စ်)နဲ့ ကိုလူသစ် ဘလော့က ပို့စ်တွေကို ဖတ်ရင်းနဲ့ သိလာရလို့ သူများတွေကိုလည်း ဆရာကြီးလုပ်ခွင့် နည်းနည်းရခဲ့တယ်။ ပြီးတော့ သူတို့ဘလော့ကို ကျမဘလော့က တဆင့်သွားတတ်အောင်လဲ သင်ပေးလိုက်သေးတယ်။( ကိုယ့်ဘလော့ကိုပါ ကြော်ငြာဝင်တာလဲ တကြောင်းပေါ့)။

နောက်ဆုံး ချစ်တဲ့ မနောမြေမှာ ဖတ်ရတဲ့ ပို့စ်တခုအရ ဂိုးဒင်းဂိတ် တံတားပေါ်မှာ တိဗက်လွတ်မြောက်ရေး ကျေညာစာတမ်း ချိတ်ဆွဲတာကို သိရတော့ ကျမတို့ တိုင်းပြည်အတွက်ကိုလဲ အဲလိုပဲ လုပ်ချင်လာပြန်ရော…

ကဲ.. စိတ်ထဲရှိရာတွေ ချရေးရရင် ကုန်နိုင်ဖွယ်မမြင်ဘူး .. ဒီနေ့တော့ ဒီလောက်ပါပဲ..နောက်နေ့ … ဆက်ရေးဖြစ်ရင် ရေးဦးမယ်နော်… မပျော်မပါးနဲ့ပေါ့…
ချစ်ခင်စွာနဲ့
ခင်မင်းဇော်

Monday, April 7, 2008

အမေလူထုဒေါ်အမာ



မကြွေတဲ့ ကြယ်တွေထဲမှာ အတောက်ပဆုံး ကြယ်တပွင့်ပဲပေါ့အမေ။
အမေကတော့ အမေဖြတ်သန်းခဲ့တဲ့ ခေတ်ကြီးက အမေ့ပုခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်ထက် မကတဲ့ ၀န်တွေကို ထမ်းပိုး ပြသွားခဲ့ပါပြီ။
အမေလျှောက်ခဲ့တဲ့ လမ်း၊ ဖောက်ခဲ့တဲ့ လမ်းတွေကနေ အမေမျှော်မှန်းတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ ကျမတို့ မလျှော့သော ဇွဲ ၊၀ီရိယ ၊ သတ္တိ တွေနဲ့ ဆက်လက် ချီတက်ပါ့မယ် အမေ..
ကောင်းရာသုဂတိလားပါစေ...


Rest of your post