Thursday, December 25, 2008

၂၀၀၈ ကို ဖြတ်သန်းခြင်း

ကျမရဲ့ကိုယ်ပိုင်ဘလော့လေးမှာ

ဒီနှစ် ၂၀၀၈ အတွက် နှစ်ချုပ်စာရင်းလေး လုပ်ကြည့်ရရင်...
ဒီနှစ်ထဲမှာပဲ ဒီဘလော့လေးက ရတဲ့ ဘလော့မိတ်ဆွေတွေနဲ့ ၂၀၀၈ ခုနှစ်ဟာ ပျော်ရွှင်ဖွယ်နေ့ရက်တွေ ၊ ပျော်ရွှင်ဖွယ် စကားဝိုင်းတွေ၊ ပျော်ရွှင်ဖွယ် ခရီးစဉ်လေးတွေ ရရှိခံစားခဲ့ရပါတယ်။
ဒီနှစ်ထဲမှာပဲ ကိုယ်မမှားပါပဲ ကိုယ့်ကိုပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကိုလဲ ခံစားရပါသေးတယ်။ အဲဒီအချိန်က ကျမဘေးမှာ ၀ိုင်းရံပေးခဲ့တဲ့ ဘလော့မိတ်ဆွေတွေ နဲ့အတူ ကျမရဲ့ဘ၀လက်တွဲဖော် ၊ ကျမရဲ့ အရင်းနှီးဆုံး ရဲဘော်တွေ ၊ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးလဲတင်ပါတယ်။ ဒီလိုမိတ်ဆွေစစ်တွေ ရရှိတာကြောင့် ဘ၀မှာ ခုလိုကြံ့ကြံ့ခံနေနိုင်တာပဲလို့လဲ တန်ဖိုးထားတတ်ခဲ့ပြီ။
ဒီနှစ်ထဲမှာပဲ ကိုယ့်ခင်မင်ရတဲ့ ရဲဘော်ဂူရု ၊ကိုယ်လေးစားရတဲ့ ဒေါက်တာမျိုးဝင်း တို့ကွယ်လွန်ဆုံးပါးခဲ့ရတယ်။ ၂ ယောက်စလုံးရဲ့ ဈာပနမှာ ကျမ မရောက်ရှိခဲ့ရဘူး။
ဒီနှစ်ထဲမှာပဲ မမျှော်လင့်တဲ့ ခရီးတွေ ဆက်တိုက်ထွက်နေရတယ်။ အတွေ့အကြုံသစ်တွေ ရရှိတယ်။
ဒီနှစ်ထဲမှာပဲ အလုပ်အကိုင်မှာ ပျော်ရွှင်တတ်စေတဲ့ စိတ်ခံစားမှုကို သိရှိခဲ့ရတယ်။
ဒီနှစ်ထဲမှာပဲ တခါမှမကြားဖူးတဲ့ သတင်းဆိုးတွေကို ကိုယ်တိုင် ဖတ်ပေးနေရတယ်။
ဒီနှစ်ထဲမှာပဲ ဒေါသကို ဘယ်လိုထိန်းချုပ်ရတယ်ဆိုတာ ကိုယ့်ထက်ငယ်တဲ့ သူတွေက ရှေ့ဆောင်ပြတာ လက်ခံလိုက်ရပြီ။
ဒီနှစ်ထဲမှာပဲ ဘ၀လက်တွဲဖော်နဲ့ တခါမှ မရဘူးတဲ့နားလည်မှုတွေကို ဝေးကွာနေရမှုကနေတဆင့် လက်ခံရရှိ လိုက်ရတယ်။
ဒီနှစ်ထဲမှာပဲ ဘလော့ထဲကတဆင့် ၁၀နှစ်ကျော် အဆက်အသွယ်ပြတ်ခဲ့တဲ့ သူငယ်ချင်းရဲဘော်တချို့နဲ့ ဆက်သွယ်မှုတွေ ပြန်ရခဲ့တယ်။
ဒီနှစ်ထဲမှာပဲ ခင်မင်းဇော်ဆိုတဲ့ ဘ၀မှာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ မှတ်တိုင်တချို့လဲ စိုက်ထူနိုင်ခဲ့ပြီ။
ဒီနှစ်ထဲမှာပဲ ဘယ်လိုအခက်အခဲမဆို ရင်ဆိုင်နိုင်တယ် ဆိုတဲ့ ယုံကြည်မှုတွေကိုလဲ ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။

ဒီနှစ် ၂၀၀၈ ကိုတော့ အမြတ်ရာနှုန်းများများနဲ့ ကျော်ဖြတ်အောင်မြင်ခဲ့တယ်လို့ စာရင်းချုပ်ရလိမ့်မယ်။
အားလုံးကို ကျေနပ်ပါတယ်။ ဒါ့ကြောင့်လဲ....
ရှေ့လာမယ့် ၂၀၀၉ မှာလဲ ကြုံလာမယ့် လောကဓံအားလုံးကို ခိုင်မာတဲ့ စိတ်ဓါတ်တွေ ယုံကြည်ချက်တွေနဲ့ ကျော်ဖြတ်မယ်လို့ စိတ်ကူးထားလိုက်ပါပြီ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Friday, December 19, 2008

အလွမ်း ဒီဇင်ဘာ နောက်ဆက်တွဲ

တနေ့က အလုပ်ထဲမှာ ရှိနေချိန်
ကျမပီအေက ဂျီတော့ကနေ လှမ်းမေးတယ်။
တကယ်လားတဲ့။ ဘာလဲ ဆိုတော့ လွမ်းတယ် ဆိုတာလေတဲ့....
အချင်းချင်းစကားကို မယုံတာလား...
ရင်ဘတ်ထဲထိ နားလည်တယ်ဆို... ဘာညာကွိကွပေါ့လေ... ပြန်ပြောရတာပေါ့...
သူက ဘလော့ကို ၀င်လည်တာ အလွမ်းဒီဇင်ဘာပို့စ်ကို ဖတ်ရလို့မေးတာတဲ့... ကြည့် မေးပုံက...
အင်းးးးး သူမေးလဲ မေးလောက်ရဲ့...
ကျမက ပို့ပေးလိုက်တဲ့ ဓါတ်ပုံလေးလဲ ကြည့်ပါဦးးးးး။




တကယ့်ကို နှင်းတွေမမြင်ဖူးလို့ တွေ့စလေးပဲ အဲလိုနေတာပါ။
ခုတော့ အချိန်တိုင်း စက္ကန့်တိုင်း ချမ်းချမ်းအေးအေးထဲ လွမ်းလို့သာ နေပါတော့တယ် လို့....
တကမ္ဘာလုံးးးးးးးးးးးးးကြားအောင် အော်ပြောလို့ရရင် အော်ပြောပြချင်ပါတယ်..... လို့
အဲလိုပြောလိုက်တော့.......
အင်းးးးးးးးတဲ့.....
(အချစ်ဆိုတာ အသက်အရွယ်နဲ့ ဆိုင်ပါသလား)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, December 15, 2008

အလွမ်း ဒီဇင်ဘာ

အဲဒါ နေ့တိုင်း မနက် ၇ နာရီခွဲ ရထားကို စောင့်နေရတဲ့ ရထားမှတ်တိုင်လေး
(ခုနေတဲ့ အိမ်ထမင်းစားခန်းကရိုက်ထားတာ၊ အဲဒီကုန်းတက်ကလေးကို ဖြတ်ပြီး ရထားမှတ်တိုင်လေးကို သွားရတာလေ)

အော်စလိုရဲ့ ဒီဇင်ဘာကတော့ နှင်းတွေ ဖွေးဖွေးပေါ့..
နှင်းဆိုတာ ရုပ်ရှင်ထဲ နဲ့ ကားတွန်းကားထဲသာ မြင်ဖူးသူ တယောက် ဒီလိုဖွေးဖွေးလှုပ်နေတဲ့ နှင်းတွေထဲ ရုံးတက်ရုံးဆင်း အဲဒီဘူတာလေးမှာ နေ့တိုင်းသွားနေရတဲ့ အခါ မလွမ်းဘယ်သူရှိပါ့မလဲလေ ကြည့်ပါဦး အဲဒါ မနက် ၇ နာရီခွဲခါနီး တဲ့ မှောင်နေတာပဲ … ပြီးခဲ့တဲ့ သောကြာနေ့က ထမင်းဖိတ်ကျွေးတဲ့အိမ်မှာ ခိုင်ထူးရဲ့ အိမ်အလွမ်းသီချင်းကိုလဲ နားထောင်ပြီးသကာလ တချိန်တည်းမှာ ကာရာအိုကေကိုလဲ ဟဲလိုက်တဲ့အခါမှာ ပိုလို့ လွမ်းသွားလေရဲ့၊
(ကိုပေါနဲ့တကွ အပေါင်းအသင်းတွေကလဲ သားကိုချည်း လွမ်းတာ ဟုတ်လို့လားလို့လဲ မေးထားသေး)
ဒီလိုနှင်းတွေ မရှိပေမယ့် ဒီလိုပဲ အေးချမ်းလှတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့လေးကို သတိရမိတယ်.. အဲဒီတောင်ပေါ်မြေပြန့်မြို့လေးက တူနှစ်ကိုယ် တိုင်းပြည်ကလေးကို လဲ သတိရမိတယ်။ ဒီမှာက ခုလိုလျှပ်စစ်အနွေးပေးစက်လေးလဲ မရှိ ။ ခုနေတဲ့ အိမ်လို လေမ၀င်နိုင်တဲ့ တိုက်အိမ်လဲ မဟုတ်ပေမယ်လို့ ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးနေခဲ့ရတဲ့ အချိန်ပေါ့။ လွမ်းတယ် အိမ်လေးကိုလဲ။

အဲဒီအချိန်တွေတုန်းကတော့ ဒီဇင်ဘာလရဲ့ နှစ်သစ်ကူးညစကားဝိုင်းတွေမှာ ရှိနေသေးတဲ့ ရဲဘော်တွေနဲ့ ဝေးကွာနေတဲ့ ရဲဘော်တွေ အကြောင်းပြန်ပြောဖြစ်ကြတာ များတယ်။ တချို့ ထောင်ထဲက ရဲဘော်တွေ ၊ကျဆုံး ရဲဘော်တွေ ၊ဒေသမတူတဲ့ နေရာရောက်နေတဲ့ ရဲဘော်တွေ အကြောင်းကို တသသပြောကြလွန်းလို့ တချို့ကိုဆို လူကိုလဲ မြင်လိုက်ရရော အရမ်းကို ရင်းနှီးပြီးသား ဖြစ်သွားတာပါပဲ။ အဲဒီရဲဘော်တွေရဲ့ ကိုယ်နေဟန်ထားတွေကို လုပ်ပြတဲ့အခါ လုပ်ပြကြ၊ သူတို့ အမှတ်တမဲ့ဖြစ်ခဲ့ကြတဲ့ ဟာသတွေကို ပြောပြကြပြီး ရွှေပြည်ကြီး ဒီမိုကရေစီရကြရင်ဆိုတဲ့ မျှော်လင့်ချက် အနာဂတ်တွေနဲ့ လူငယ်လေးတွေက ကောင်းကင်ကြီးကိုမော့ကြည့်လိုက် သက်ပြင်းတွေချလိုက် လမင်းကြီးကို မော့ကြည့်လိုက် ..
ကိုယ့်ဇာတိမြေကို လွမ်းလိုက်ကြနဲ့… ဘယ်လိုမှ မေ့မရတဲ့ ညတွေပေါ့။ လွမ်းတယ် အဲဒီညတွေကိုလဲ။

အဲဒီလိုပဲ သိပ်မဝေးသေးတဲ့ ၂၀၀၅ ဒီဇင်ဘာလေးကိုလဲ လွမ်းမောမိသေးတယ်။
လွမ်းမောတယ်လို့ ပြောရလောက်အောင်ပဲ အခု ပြန်တွေးရင် လွမ်းလဲ လွမ်းတယ် မောလဲ မောတယ်။ အဖြစ်က ပြန်ပြောရင် သံယောဇဉ်လေးတွေက အသစ် အသစ်ဖြစ်သွားမယ်ထင်ရဲ့၊
အဲဒီ ၂၀၀၅ ဒီဇင်ဘာတုန်းကပေါ့…

ခရစ်စမတ်အတွက် သီချင်းလိုက်ဆိုတဲ့ ကလေးတွေက သူတို့ရတဲ့ ပိုက်ဆံတွေကို စုပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ညဖက် နှစ်သစ်ကြိုဆိုပွဲ လုပ်ကြတယ်။ ကျမတို့နေတဲ့ အိမ်ရှေ့က ကွင်းပြင်ကျယ်ကြီးမှာဆိုတော့ ကျမတို့က ၀ိုင်းကူချက်ပြုတ် ပါဝင်ဆင်နွဲ၊ ပါဆယ်ဂိမ်းဆော့၊ ကာရာအိုကေဆို၊ လက်ဆောင်တွေ လဲကြပေါ့။ အဲဒီနှစ်တုန်းကတော့ ကဗျာဆရာ ကိုလွမ်းဏီအိမ်မှာလဲ နှစ်သစ်ကြိုမယ် ဆိုလို့ ၁၀ နာရီထိုးရင် ပြန်လာနော် ဒီမှာ ပါဆယ်ဂိမ်းဆော့မယ် လို့ သေချာမှာလိုက်ရက်နဲ့ ပြန်မလာလို့ သူနောက်လိုက်သွားဖြစ်တယ်။ သိပ်လဲမဝေးဘူးလေ။ ဒါနဲ့ ရောက်သွားတော့ နောက်ဖေးဘက်ခြမ်းမှာ လူတွေက စုစု စုစု မြင်နေရတယ်။ ဘာလုပ်နေလဲ သွားကြည့်တော့ လားလား သူတို့ ပိုကာ ၀ိုင်း။ ကျမပီအေက ၀ိုင်းထဲမှာ ခန့်ခန့်ကြီး ထိုင်နေလို့၊ ဘာဖြစ်လို့ ပြန်မလာသေးတာလဲ။ ၁၀ နာရီကျော်နေပြီ ကတိလဲ မတည်ဘူးလို့ ခပ်တည်တည်ပြောတော့ မလာသေးဘူးလေတဲ့ မျက်နှာကို မော့တောင်မကြည့်ပဲ ပြန်ပြောတာ၊ ဒေါသက အချစ်တွေကို ဖုံးသွားတယ်။ ၀ိုင်းနားမှာ ထိုင်နေသူတွေကလဲ အများကြီး။ ဘယ်သူ့မှမမြင်တော့ဘူး။ ဘာလုပ်လိုက်တယ်ထင်လဲ……

သူတို့ သောက်နေတဲ့ အရက်ဝိုင်းထဲက ပုလင်းအသစ်စက်စက်တပုလင်းကို ၀င်ကောက်ကိုင် လိုက်ပြီး တံခါးပေါက်ကနေ လွှင့်ပစ်လိုက်တယ်။ ပြီး အပြင်ကိုထွက်လိုက်တယ်။ အကုန်ဝရုန်းသုန်းကား ဖြစ်သွားတာ သိလား။ အရက်ပုလင်းကလဲ အပြင်က မြေပျော့ပျော့နေရာ ကျသွားတယ်တဲ့ နောက်မှ ပြန်သိတာ။ မကွဲဘူး ၊ အေး ခု ပြန်မလာရင် ပြန်ကိုမလာတော့နဲ့ လို့ ပြောပြီး ဘောက်ဆတ်ဆတ်နဲ့ ပြန်လာလိုက်တယ်။ ၁၂ နာရီတီးခါနီးတော့ ဘိုးတော်က ပြန်လာတယ်။ ဟိုလိုလို ဒီလိုလိုနဲ့ ။ သူ့ကိုမကြည့်ပဲ ဒီတိုင်းနေတယ်။ နောက်နေ့ကျတော့ ကျမတို့ စုံတွဲလိုပဲ ဒီဝိုင်းထဲ ပါတဲ့ လူတွေရဲ့ စုံတွဲတိုင်း မခေါ်ကြဘူး၊ အဲဒီည ကျန်တဲ့လူတွေလဲ သူတို့အိမ်တွေကို ပြန်မလာကြဘူးတဲ့။ ဒီတော့ မိန်းမဖြစ်သူတွေက စကားမပြောပဲ သပိတ်မှောက်လိုက်ကြတာ ညီလို့။

သူကလဲ အရက်ပုလင်းကို လွှင့်ပစ်တာ ရိုင်းတယ်ဆိုပြီး စကားမပြောဘူး။ ကိုယ်ကလဲ ဒီလိုရိုင်းအောင် လုပ်တာ ဘယ်သူလဲ ပြန်မေးပြီး စကားမပြောဘူး။ ခုန ပြောတာမေးတာတွေက အီးမေးလ်နဲ့ပို့တာတွေ။ လူတွေကတော့ စကားမပြောကြ။ အိမ်ထောင်သည်ဘ၀မှာ အဲဒီအခါ ရန်ဖြစ်စကားမပြော အကြာဆုံးထင်ခဲ့တယ်။ ငါ့တို့ ကွာရှင်းမယ် စာချုပ်မှာ လက်မှတ်ထိုးလို့ မေးလ်ပို့လိုက်တော့ ဘာမှ ပြန်မလာဘူး၊ စကားမပြောတာ တရက်လောက် ကြာလာတော့ ငိုချင်လာရော၊ ငါ့ကို သူကပြန်ပြီးများဒေါသ ထွက်စရာလားပေါ့၊ ထမင်းကျတော့ တူတူလာစားနေပြီး စကားမပြောတာကိုး၊ ထမင်းဝိုင်းမှာ တွေးရင်း မျက်ရည်က ကျတော့ ဘာလို့ ငိုတာလဲတဲ့၊ စကားမှ မပြောတာ ဆိုတော့ ဟမ် ဘယ်သူက မပြောတာလဲတဲ့၊ ဘာစကားမှ ပြန်မပြောပဲနေတော့ ဘာလို့ အရက်ပုလင်းကို လွှင့်ပစ်တာလဲ သူများတွေ အားနာစရာ တဲ့၊ လွှင့်ပစ်အောင် ဘယ်သူက စလုပ်လဲ ဆိုတဲ့ သံသရာက ပြန်စပြန်ရော… အဲဒီစကားတွေနဲ့ပဲ ပတ်ချာလည်နေခဲ့ကြတယ်။ အဲလိုငိုနေ ပြောနေတုန်း ဖုန်းဝင်လာတယ်၊ ဗွီအိုအေ သတင်းထောက်အေးအေးမာလေ၊ ဇာတ်လမ်းအစ အိမ်ကလဲ သူတို့အိမ်၊ သူက ကဗျာဆရာ ကိုလွမ်းဏီ မိန်းမလေ၊ ကိုယ်က ငိုနေတော့ ဖုန်းမကိုင်ဘူး၊ သူက ဖုန်းကိုင်လိုက်တယ်၊ အမကို တီကေစက်ရုံက ဒစ်ကောင့် ချတာ သွားဝယ်မယ် လိုက်မလားမေးမလို့ ဆိုတဲ့ ဖုန်းတဲ့ ပြောပြီး ဖုန်းလာပေးတယ်၊ မပြောဘူး ပြောတော့ ဖုန်းထဲကနေ ဒီမှာ သူက မပြောဘူးတဲ့၊ ဟိုကဘာပြန်ပြောတယ် မသိဘူး၊ အကြာကြီး ပြောနေကြသေးတယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ခုကျတော့ ကျနော်စကားမပြောလို့ ငိုနေတယ် ဘာညာကွိကွ စကားရှည်နေသေး၊ နောက်ဆုံး ကျနော် လိုက်ပို့လိုက်ပါ့မယ် ဆိုပဲ။ အင်းပြောရရင် အဲဒီစက်ရုံကို ဈေးသွားမ၀ယ်ဖြစ်ပေမယ့် ဇာတ်သိမ်းအပိုင်းမှာ စကားတော့ ပြန်ပြောဖြစ်ခဲ့ကြပြီး နှစ်ဦးသဘောတူညီချက်တွေအရ နောက်ဆို ကတိပေးပြီးရင် တည်အောင် လုပ်ရမယ် ဆိုတာကို ပီအေက ခုထိ သဘောပေါက် လိုက်နာနေရပြီး ကိုယ်ကလဲ အဲလိုသူတို့ ဘော်ဘော်တွေပွဲမှာ ခုလို ပွဲလာမကြမ်းဖို့ ထိန်းသိမ်းလိုက်နာ လိုက်ရတယ်လေ၊
ဒီိလိုနဲ့ကိုယ်တို့ ရန်သိပ်မဖြစ်တော့ဘူးပေါ့။( နီးတကျက်ကျက် ဝေးတသက်သက် ဆိုတာ ဒါမျိး)

အင်း လွမ်းရတဲ့ အဖြစ်လေးတွေ ဆိုတာ ဒါပဲ ထင်ပါရဲ့၊ ဒီလကို့ အလွမ်း ဒီဇင်ဘာလို့ နာမည်တပ်ထားတာ မှန်တယ်မဟုတ်လား၊ တကယ်လဲ လွမ်းနေတယ်၊ ချစ်ရတဲ့သူမပါပဲ ဒီနှစ်သစ်ကို ဘယ်လိုကြိုရပါ့၊
လွမ်းးးးးးးးးးးးးးတယ်.............။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Friday, December 12, 2008

သားကိုလွမ်းလို့ ရေးတဲ့စာ

ဓါတ်ပုံရိုက်မခံဘူးလေ သူက အဲလိုလူနောက်

အိမ်ကထွက်လာတာ ကြာပြီဆိုတော့ ၁၀နှစ်ကျော်နေပြီဖြစ်တဲ့ တဦးတည်းသော သားကို တော်တော် သတိရမိတယ်။ သူက ဖုန်းပြောရင်လဲ မပြောချင်ဘူး တဲ့။ သူ့အသံကိုတောင် မကြားရဖြစ်နေတယ်။

တကယ်တော့ ကျမဘ၀ရဲ့ ပြောင်းလဲမှု တော်တော်များများက သူ့ကြောင့်ဖြစ်ခဲ့ရတာချည်းပဲ။ သူ့ကြောင့်ပဲ ကျမက မိဘတွေအိမ်ပြန်နေခဲ့ရတာ။ သားမွေးပြီးတလခွဲလေးနဲ့ ဘ၀တိုက်ပွဲတွေ ကြုံရတာကိုး။ ထောက်လှမ်းရေး ဆိုတာကလည်း မာရ်နတ်။ အခြေတကျ သာယာမယ်ကြံရင် သူလာနှောက်ယှက်ပြီ။ သားပေါက်စလေးကို အချုပ်ခန်းထဲ ခေါ်သွားလို့ မိဘတွေက အတင်းပြန်ခေါ်။ မျက်ရည်တွေကျကြ။ နောက် ထောင်ထဲကို ခေါ်သွားမယ်လုပ်တော့ အတင်းပြန်ခေါ်ထားကြ။ သူ့ကို အမေနို့မစို့ရလို့ နို့မှုန့်ဖျော်တိုက်တော့ မသောက်ပဲ နို့ဗူးမြင်တာနဲ့ ငိုနေတာ။ အနားဝန်းကျင် ဆွေမျိုး မိတ်ဆွေအားလုံး မျက်ရည် မဆည်နိုင်အောင် သူ့ကို ၀ိုင်းပြီး သနားခဲ့ကြရတဲ့ သားပေါ့။

ထောင်ထဲ ၀င်ခါနီး ထောင်ဗူးဝမှာ သူ့ကို ပွေ့ထားပြီး ထိုင်နေတာ မြင်ရတဲ့ ကျမကို တွေ့တော့ ကလေးလေးနဲ့ ထောင်ထဲ ပြန်ဝင်ရပြန်ပြီလား ဆိုပြီး ရုံးထုတ်လာသူ သူငယ်ချင်းတွေလဲ ငိုခဲ့ကြရ။ အမ ဘာမှ မပူနဲ့ သားလေးကို ကျနော်တို့ ၀ိုင်းစောင့်ရှောက်ထားမှာပါလို့ လာအားပေးကြသူတွေနဲ့ဝိုင်းဝိုင်းလည်ခဲ့ရတဲ့ သူ့ဘ၀က သူ့ကုသိုလ်ကံကြောင့် ကျမမှာ ဒုတိယအကြိမ် ထောင်ကနေ ရက်ပိုင်းလေးနဲ့ ပြန်လွတ်လာခဲ့ရ။ သူ့မှာ အဖေနဲ့ဝေးနေတော့ အားငယ်နေရှာမယ်ဆိုပြီး အားလုံးနဲ့ ဆန့်ကျင်လို့ အဖေနောက်ကို ကလေးတယောက်နဲ့ လိုက်လာခဲ့ရတာလဲ သူ့ကြောင့်ပဲ။

သားနာမည်ကို ကဗျာဆရာ နာမည်ကြီးတယောက်က မှည့်ပေးတယ်။ အီဖေကိုယ်ထူးပေအံ့။ ဖေထူးအံ့ တဲ့။ ကျမက နာမည်ကလဲ ရင့်လိုက်တာ ဆိုပြီး ပိုင်ဆိုင်မှုတွေ ထူးပေအံ့။ ပိုင်ထူးအံ့ လို့ မှည့်တယ်။ အဲဒီကဗျာဆရာကြီးက ရယ်လိုက်တာ။ ကောင်းပါတယ် ပဲ ပြောနိုင်တော့တယ်။ နောက် ကဗျာဆရာ နာမည်မကြီးတကြီးက သူ့အဖေက တောင်တန်းတွေ ပေါ်မှာ ရောက်နေချိန် သူ့အမေကတော့ ကလေးပိုက်လို့ မြစ်ဝကျွန်းပေါ်ကို စုန်ဆင်းလာခဲ့သူမို့ တောင်တန်းတ၀က် ပင်လယ်တ၀က် ကောင်ကလေးလို့ တင်စားပြီး ကဗျာဖွဲ့ပေးခဲ့သေးတယ်။ ခု တောင်တန်းတ၀က် ပင်လယ်တ၀က်ကလေးက သူပုန်လက်သစ်လေး ဖြစ်လို့။

ဖြစ်ပုံက သူ့ကို မူကြိုထားတော့ သူတို့မူကြိုကလဲ မြို့မှာ နာမည်ကြီးသားသမီးတွေ ထားတာကိုး။ ဒီတော့ လူကြီးတယောက်ရဲ့ သားက သူကြီးလာရင် ဥက္ကဌ လုပ်မယ် ပြောရော။ ဒီတော့ တဈေးလုံး တရပ်ကွက်လုံးက သူပုန်လေး လို့ ခေါ်တဲ့ ကျမသားက ငါကတော့ ကြီးလာရင် သူပုန်ပဲ လုပ်မယ်တဲ့။ သူတို့ ဆရာမက ပြန်ပြောပြတာလေ။ ကျမမှာ ရယ်ရအခက် ငိုရအခက်။ အသက်ကဖြင့် ၃ နှစ်ခွဲ။ နည်းနည်းကြီးတော့ အတန်းထဲမှာ ကလေးအချင်းချင်း သူ့အဖေက ဘာ ငါ့အဖေက ဘာနဲ့ အဖေချင်း ပြိုင်ကြတော့ အဖေတွေအကြောင်း မပြောကြေးလို့ ပိတ်ပင်ခဲ့တဲ့ သား။ ကြားနေတဲ့ သူ့ဆရာမက သူ့အဖေရဲ့သူငယ်ချင်း ။ မျက်ရည်တွေကျလို့။

၉ လသားလောက်ကတည်းက သူက လမ်းသာမလျှောက်သေးတာ။ ကားတို့ မားတို့ခေါ်တတ်နေပြီ။ သိပ်မကြာဘူး အပေါက် တို့ ကြိုးတို့ကို ပီပီသသ ပြောနေပြီ။ လမ်းလျှောက်တာကတော့ နောက်ကျတယ် ၇ လပိုင်းမွေးတဲ့သားက နောက်တနှစ်ကျော် မှတ်မှတ်ရရ ၈ ရက် ၈ လမှာ လမ်းစလျှောက်တာပဲ။

လမ်းမလျှောက်ခင်ကလဲ ကလေးလှည်းထဲ ထည့်ထားရင် ကားမ၀င်တဲ့ ဈေးထဲက လမ်းပေါ် လျှောက်သွားနေတာပဲ။ လမ်းလျှောက်တတ်ခါစက ပြေးချည်းနေတာ။ လိုက်ထိန်းဖို့ လူတယောက်က ကုန်နေတယ်။ သူ့လက်ကို ကိုင်ရင်လဲ မကြိုက်ဘူး။ သူ့ဖာသာသူပဲ အကုန်လုပ်ချင်နေတာ။ ဒီတော့ နာမည်က လမ်းဗိုလ်လို့ အမည်တွင်ပြန်ရော။ တချိန်လုံး လမ်းပေါ်မှာ ။ သူ့ကို တယောက်ယောက် ဖက်နမ်းရင် မကြိုက်ဘူး။ပါးကို လက်နဲ့ ပွတ်ပစ်တာ ငယ်ကတည်းက။ သူတို့ခေတ်က ကြော်ငြာတွေ အကုန်အလွတ်ရတယ်။ အဲဒီခေတ်က ပြည်တွင်းမှာက ကလေးတွေအတွက် ကြော်ငြာချည်း စုသွင်းထားတဲ့ ဗွီစီဒီတွေ တောင် ထုတ်ရတဲ့ထိ ခေတ်စားတာကလား။

မောင်ဝမ်းကွဲ သင်္ဘောသားက ကြောင်နဲ့ကြွက်ဇာတ်လမ်းတွဲတွေ ၀ယ်ပြီး လက်ဆောင်ပေးထားရင် သားသားတို့အကြိုက်ပဲ။ တယောက်တည်း ရယ်နေတာ တခစ်ခစ်။ သူက မူကြိုမတက်ခင်ကတည်းက Discovery လိုမျိုးကို နားလည်ပြီး ကြည့်တတ်နေပြီ။ တခါက ရေခဲတွေထဲနေတဲ့ ၀က်ဝံလေးတွေအကြောင်း ပြနေတာ တယောက်တည်းကြည့်ရင်းက ငိုမဲ့မဲ့နဲ့ မားမား ဟိုမှာ တကောင်တည်း ကျန်တော့တယ်တဲ့။ အံ့သြသွားတယ်။ သူက သိနေလို့။ ပြနေတာက ဆောင်းတွင်းတတွင်းလုံး ရေခဲတွေထဲ အားလုံးအိပ်နေကြပြီး ဆောင်းကုန်ပြန်ထွက်လာတော့ အမေရယ် သားလေး တကောင်ရယ်ပဲ ထွက်လာနိုင်ပြီး ကျန်တဲ့ဝက်ဝံလေးတွေက သေကျန်ခဲ့တာကို ပြနေတာ။ တကယ့်ဝက်ဝံတွေရဲ့ ဘ၀ကို ပြနေတာကို သူက ခံစားနားလည်နေတာလေ။

သူက ဗိုလ်ချုပ်လိုပဲ မိုးတွင်းဆောင်းတွင်းရှိပြီး ဘာလို့နွေတွင်းမရှိလဲ ဆိုတဲ့စကားကိုလဲ မေးခဲ့ဘူးတယ်။ နောက် သူအလီစသင်ရတော့ အရမ်းစိတ်ဝင်စားခဲ့တယ်။ အလီတွေ ဆိုနေရင်း တရက်တော့ သူက မားမားရေတဲ့။ ကိုးအလီမှာလေ နောက်က ရတာတွေကို ပေါင်းရင်လဲ ကိုးပဲတဲ့ သိလားတဲ့ လာပြောတယ်။ အဲဒီအချိန် ပုသိမ်မှာ ရေတွေ အရမ်းကြီးတဲ့ ၂၀၀၄ ခုနှစ် မို့ အိမ်မှာ လာနေတဲ့ မိတ်ဆွေမိသားစုထဲက ဘီအီးဒီဆင်း အထက်တန်းပြဆရာမကြီးက သားလေးရယ် ဖွားဖွားတောင် သတိမထားမိခဲ့ဘူးတဲ့။ သူ့အသက်က ၆ နှစ်လေ အဲဒီတုန်းက။ ဒါ့ကြောင့်ထင်တယ် ခုချိန်ထိတော့ သူက သချာင်္တော်နေသေးတယ်။( ကြွားရရင်တော့ အဖေရော အမေရော ဆယ်တန်းအောင်တော့ သချာင်္ဂုဏ်ထူးပါတယ်လေ၊)

သတိရမိတဲ့ ထဲက ထူးခြားတာ တခုပြောရဦးမယ်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးဖြစ်တော့ အိမ်ပြန်ရတော့မယ် ထင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကလဲ ရှင်သန်လာလေတော့ သားရေ တို့တွေတော့ အိမ်ပြန်ရတော့မယ် ဟေ့ ပျော်လိုက်တာ ဆိုတော့ သူက သူ့အဖေနဲ့အမေကို ငိုမဲ့မဲ့နဲ့ သားမပြန်ချင်ဘူးတဲ့။ ဟာ ဘာဖြစ်လို့လဲ ။ ကိုယ့်ပြည်မှာ ကိုယ်ပြန်နေရမယ်လေ။ ဒီလိုအိမ်ကျဉ်းကျဉ်းနဲ့ မနေရတော့ဘူးလေ လို့ ပြန်ပြောတော့ ဒီမှာ မီးမပျက်ဘူး ဟိုမှာကမီးပျက်တယ် သားမနေချင်ဘူးတဲ့။ ကျမတို့မှာ ရယ်လိုက်ရတာလေ။ အဲဒီတုန်းက။

သူက ရောက်ရာနေရာမှာ ပျော်အောင်နေတတ်တယ်။ ကျမတို့မိဘတွေ မအားလို့ တအိမ်အိမ်မှာ ထားခဲ့ရရင် အဲဒီအိမ်မှာ ဘယ်သူ့ကို ပေါင်းရမယ်ဆိုတာ သူ့ဖာသာ သိတယ်။ သူများမျက်နှာရိပ် မျက်နှာကဲကို သိပ်သိတယ်။ အမေကို တခါတလေ လာလာစပြီး မျက်နှာကိုသေချာကြည့်တယ်။ စိတ်ဆိုးလားမဆိုးလားပေါ့။ ခပ်တည်တည်ကြည့်လိုက်ရင် အလကားပြောတာပါ တကယ်မဟုတ်ဘူးလို့ ပြန်ပြောတတ်တယ်။ အဲလိုကလေးမျိုး။ သူစကားမပြောချင်ရင် မေးတခွန်း ခေါ်တခွန်း ပဲ ပြောတဲ့ သားက သူစိတ်ဝင်စားတာများ ဖြစ်လို့ကတော့ ရေချိုးခန်းဝထိ လိုက်ရပ်ပြီး အထဲကို ပြောတတ်တဲ့သူ။

အင်း ခုသားကိုခွဲနေရတာ သတိရလိုက်တာလေ။ သားအကြောင်း ပြောပြရရင်တော့ တထောင့်တညထက် ရှည်သွားမယ်။ နောက်ကြုံရင်တော့ သားအကြောင်း ပြောပြချင်ပါသေးတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, November 29, 2008

Ten Things I Hate About Myself

Tag တော့လဲ ရေးတာပေါ့
ကိုယ့်ကိုယ်ကို မုန်းတဲ့အချက် ၁၀ ချက်ရေးပါ ဆိုပါလား။ tag ထားတာက ၂ ယောက်။ Zerotrash နဲ့ တူးတူးသာ ။ အားရဲ့လားလို့လဲ မမေးမမြန်း ။ tag ထားလိုက်ကြတာ။ မရေးဖြစ်ခဲ့တဲ့ tag ကလေးတွေ တောင် ရှိသေး။ ဒါပေမယ့် အရမ်းနောက်ကျရင်လဲ မရေးချင်တော့ဘူးလေ။ ခုတော့ သိပ်နောက်မကျသေးဘူးထင်တာပဲ။ ၁၀ ချက် ပြည့်မပြည့်တော့ ချရေးကြည့်မှ သိမှာပဲ။ ခုပို့စ်ကို တခါတည်း ရေးတင်နေတာပါ။ ကိုယ့်ကိုယ်ဖော် မသူတော် ပဲ လုပ်ရတော့မှာပေါ့။
ကျမ ကိုယ်တိုင် မုန်းတဲ့ အချက်တွေကတော့..

၁) အချိန်တိကျတာ ဂတိတည်တာကိုပဲ ကြိုက်နေတာ….
( ကိုယ်တိုင်တယောက်တည်းဆို ကိစ္စမရှိပေမယ့် သူများတွေကိုပါ အဲလိုဖြစ်စေချင်တော့ စိတ်ပင်ပန်းရတာပေါ့။)
၂) စကားပြောနိုင်လွန်းနေတာ…
( စကားများတာမဟုတ်ဘူးနော်။ ကိုယ်နဲ့ရှိနေရင် သူများပျင်းနေမှာ စိုးလို့ စကားပြောပေးနေတာ ၊ တကယ်က စိတ်ထဲမှာ လုံးဝမပြောချင်ဘူး)
၃)အရွဲ့တိုက်တတ်တာ..
(တခါတလေ ကိုယ့်အတွက် ဆုံးရှုံးနိုင်တယ် ဆိုတာ သိရက်နဲ့ အရွဲ့တိုက်လုပ်လိုက်တော့ ကိုယ်ပဲ ခံရတာပေါ့။)
၎)ကိုယ်တိုင် သေချာ သိနေတဲ့ အကြောင်းအရာ တခုခုကို လာငြင်းရင် အလျှော့မပေးတတ်ပဲ အငြင်းသန်တာ…
( အဲဒီတော့ အပေါက်ဆိုးတယ် ဖြစ်ရော)
၅) ကိုယ်သိနေ တတ်နေတဲ့အရာတခုကို သူများကိုလဲ သိစေ တတ်စေချင်တာ…
( မမေးပဲ ပြောပြတတ်လွန်းလို့ တချို့တွေက ဆရာကြီး လာလုပ်တယ်ထင်ပြီး ကောတာမျိုး အရေးမစိုက်တာမျိုးခံရတော့မှ မတီးပဲ မမြည်နဲ့ ဆိုတဲ့ စကားကို နားလည်ခဲ့တယ်။ ဒါပေမယ့် အကျင့်ကတော့ မပျောက်သေးဘူး)
၆)စိတ်ထက် ပါးစပ်က မြန်လွန်းနေတာ..
(ပြောချင်တာ ပြောပါစေ။ ခံမပြောသင့်ဘူးလို့ ဦးနှောက်က စဉ်းစားဆုံးဖြတ်တာမပြီးခင် ပါးစပ်က ပြောပြီးနေပြီ။ ဒါ့ကြောင့်လဲ လူမုန်းများတာ)
၇)ကဗျာပဲ ဖတ်ဖတ် ၀တ္ထုပဲ ဖတ်ဖတ် ရုပ်ရှင်ပဲ ကြည့်ကြည့် အငိုလွယ်တတ်တာ..
(ဒါကတော့ ခံစားလွယ်တဲ့ နှလုံးသားရှိသူ ပြောရမယ်)
၈) ဒေါသကြီးတတ်တာ..
(မကောင်းမှန်းသိပေမယ့် ဆတ်ဆတ်ထိ မခံတတ်တဲ့ဒေါသကို နံပါတ်စဉ်ရေပြီး လျှော့ချနေတာ ခုထိမရသေး)
၉) သူများကို သိပ်ကူညီချင်တာ..
( တခုခု သူများအဆင်မပြေတာ မြင်နေကြားနေရရင် အကူအညီမတောင်းပဲကို ပေးချင်နေတာ။ အဲဒီအခါ တချို့က သူတို့ကို နှိမ်တယ် ထင်သွားတတ်ပြန်ရော)
၁၀) အလုပ် လောဘ ကြီးတတ်တာ…
( ကိုယ်မရှိရင်မဖြစ်တော့တဲ့အတိုင်း အလုပ်ကို သိမ်းကြုံး လုပ်နေတတ်တာ၊ ဘယ်ကောင်းမလဲလေ ။ အသာနေတတ်အောင် နေဖို့ စကျင့်နေပြီ။)
ဆက်ရေးရင် ရဦးမယ်.. သူတို့က ၁၀ ချက်ပဲ ရေးဆိုလို့ပါ။ တကယ်က ကိုယ့်ကိုယ်ကို မကြိုက်လို့ ကြိုးစားပြင်နေရတဲ့ အချက်တွေက အများကြီးပါ။ ခေါင်းထဲပေါ်လာတာလေးတွေပဲ ရေးလိုက်တာ..

ကဲ ... အကြွေးတော့ ဆပ်ပြီးလေပြီ။ မည်သူ့ကို ဆက်တက်ရမည် စဉ်းစားသော်....
ဒီတခါတော့ ဆက်လက် လက်ဆင့်မကမ်းတော့ပါဘူး။ (တကယ်က ကမ်းဖို့ လူတောင်မရှိတော့တာ..)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, November 27, 2008

အားကျမိတဲ့ အမျိုးသမီး ၂ ယောက်

ခုရက်ပိုင်းမှာ စိတ်မကောင်းဖြစ်စရာတွေနဲ့ တွေ့ကြုံရပေမယ့် လုပ်စရာရှိတဲ့ အလုပ်တွေကတော့ လုပ်နေရတာပါပဲ။ ဘ၀ခရီး ဆိုတာကလည်း ဒါပဲမဟုတ်လား။ တာဝန်တွေ ၀တ္တရားတွေကြားထဲမှာ စိတ်ခံစားမှုဆိုတာကို မေ့ထားနိုင်အောင် နေတတ်ရမယ် ဆိုပါတော့။

ဒီရက်အတွင်း ဆိုတာထက် တိတိကျကျပြောရရင် နိုဝင်ဘာ ၂၃ ကနေ ၂၅ ရက်နေ့ထိ အော်စလိုမြို့ရဲ့ တောင်ပေါ်ဟော်တယ်လေးတခုမှာ ပဋိပက္ခရပ်ဝန်းထဲမှ အမျိုးသမီးများ ညီလာခံတခု(Women in the land of Conflict ) ကိုသွားပြီးတက်ရောက် သတင်းယူရတယ်။

နိုင်ငံတကာက အသားအရောင်မျိုးစုံနဲ့ တက်ရောက်လာကြတဲ့ အမျိုးသမီးရေးရာတက်ကြွ လှုပ်ရှားသူတွေကို တွေ့ရတာကတော့ တော်တော် အားတက်စရာပါပဲ။ နိုင်ငံစုံဆိုတာမှာ ရ၀မ်ဒါ။ ယူဂန်ဒါ။ ကိုဆိုဗို၊ ကိုလံဘီယာ၊ နီပေါ၊ ဖိလစ်ပိုင်၊ အရှေ့တီမော၊ ဇမ်ဘီယား။ ဂွမ်တီမာလာ၊ ဒိုမီနီကန် ရီပတ်ဘလစ်၊ ဆူဒန်၊ တောင်အာဖရိက၊ လစ်ဗျား၊ အနောက်ဥရောပ နိုင်ငံစုံ ပေါ့။

ဒီထဲမှာ ကျမသဘောကျတဲ့ ပြင်သစ်ကလူ့အခွင့်အရေးဌာန ဆိုင်ရာ ၀န်ကြီးကိုတွေ့ရတော့ တော်တော် ပျော်သွားတယ်။ သူ့ကို ကျမဘာလို့သဘောကျလဲဆိုတော့ သူ့အသက်က ခုမှ ၃၂ နှစ် မပြည့်သေးဘူး ။ လာမယ့်ဒီဇင်ဘာမှ ပြည့်မှာ။ ငယ်ငယ်လေးနဲ့ ၀န်ကြီးဖြစ်တဲ့အထိ ပြည်သူ့တွေက သူ့ကို ထောက်ခံရွေးချယ် ခဲ့ကြတာပဲလေ။ ၀န်ကြီးဖြစ်ဖို့က ရွေးချယ်ခံရပြီး ပါလီမာန်ထဲရောက်ဖို့ လိုသေးတယ်မဟုတ်လား။ နောက်သူက လူမည်းအမျိုးသမီး။ နာမည်က Rama Yade တဲ့။ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းလဲ။ ပြင်သစ်မှာက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဌာန ၄ ခုရှိတဲ့အနက် သူက လူ့အခွင့်အရေးဌာနဆိုင်ရာဝန်ကြီးဖြစ်ခဲ့တာပေါ့။ သူ့ပါတီကတော့ UMP party ပဲ။ စကားပြောလဲ ကောင်းပါ့။ သူပြောတဲ့အထဲ ဒေါ်အောင်ဆန်းစုကြည်ကို နအဖက ဖမ်းထားတဲ့အကြောင်းလဲ ပါသေးတယ်။ သူ့အကြောင်းအသေးစိတ်သိချင်သေးရင်တော့ ရှာဖတ်ကြည့်ကြပေါ့နော်။

နောက်တယောက်က ၁၉၉၂ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိထားတဲ့ ဂွမ်တီမာလာက Rigoberta Menchu Tum ။ သူကလဲ တမိသားစုလုံးအသတ်ခံခဲ့ရတဲ့ ဘ၀ကနေ စိတ်ဓါတ်မကျပဲ ကြိုးစားရုန်းကန်ခဲ့တာလေ။ လူမျိုးတုန်းစစ်ပွဲတွေထဲမှာ ဘ၀ကိုမြှုပ်နှံပြီး တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးကို အရေးဆိုလှုပ်ရှားပေး ခဲ့သူ။ သူတတ်နိုင်သလောက် ကာကွယ် မြှင့်တင်ပေးခဲ့တာပဲ မဟုတ်လား။ သူစကားပြောတဲ့အချိန်မှာလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်ရုန်းကန်နေမှုဟာ အမျိုးသမီးထုရဲ့ ပြယုဂ်တခုပဲလို့ သူက တင်စားသွားသေးတယ်။

သူ့ကို ကျမက အင်တာဗျူး လိုက်မေးသေးတယ်။ ဘားမား ဆိုတာနဲ့ လှိုက်လှိုက်လှဲလှဲ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူဘ၀အတွက်တော့ အရေးပါတဲ့ လူဖြစ်ပါတယ်တဲ့။ နောက်ကျမက သူ့ကို ခုတလော နှစ်ရှည် ထောင်ချတဲ့အထဲမှာ အမျိုးသမီးတွေ ကလေးအမေတွေလဲ ပါတယ်။ ဒါကိုရော ဘယ်လိုပြောချင်လဲ ဆိုတော့ ဒါဟာ လူသားမျိုးနွယ်တခုလုံးအတွက် အလွန်ရှက်ဖွယ်ပါပဲတဲ့။ ဒီလိုတောင်းဆိုတာတွေဟာ သူတို့မှာ တောင်းဆိုပိုင်ခွင့်ရှိတာပဲတဲ့။ အပြစ်ကျူးလွန်သူတွေ၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ဆန့်ကျင်ကြိုးပမ်းရတဲ့လှုပ်ရှားမှုဟာ အလွန်ခက်ခဲ အရေးကြီးပါတယ်လို့လဲ ပြောကြားသွားပါသေးတယ်။ မြန်မာအမျိုးသမီးတွေရဲ့ လှုပ်ရှားမှုမှာ သူ့အနေနဲ့ အာဏာမရှိတဲ့အတွက် နည်းနည်းပါးပါးပဲ ပူးပေါင်းဆောင်ရွက်နိုင်တာ ၀မ်းနည်းမိပါတယ်တဲ့။

ကျမဖြင့်သူပြောတဲ့အချိန်မှာ ၀မ်းနည်းလွန်းလို့ မျက်ရည်တောင် ကျခဲ့ပါတယ်။ သူနဲ့အင်တာဗျုးအပြည့်အစုံကို ဒီဗွီဘီ ရေဒီယိုမှာ ၂၇ ရက် မနက်ပိုင်း အစီအစဉ်မှာ လွှင့်ထုတ်သွားပါတယ်။ နားဆင်ကြည့်ပါဦး။ ဓါတ်ပုံကိုလည်း ဗွီဒီယိုက ပြန်ယူပြီးရင်တင်ပေးပါဦးမယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, November 20, 2008

ဝမ်းနည်းခြင်းမှတ်တမ်း

တကယ်ဆိုရင် ဒီလိုစာမျိုးမရေးချင်ခဲ့ပါဘူး။ ရေးရလိမ့်မယ်လို့လဲ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ မတွေးမိခဲ့ပါဘူး။
ခုတော့ ရေးဖြစ်နေပြန်တယ်။ တကယ်တော့........

ကျောင်းသားတပ်မတော် တပ်ရင်း(၈) ရဲ့ အမာခံ ရဲဘော်တဦး၊ စာလဲ အရေးကောင်းတဲ့ ဘလော်ဂါတဦး၊ နောက်ပိုင်း ဒီမိုကရက်တစ်အင်အားစု(မြန်မာနိုင်ငံ) ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် လုပ်တော့ ဘလော့ဖက် ခြေဦး မလှည့်နိုင်လောက်အောင် အလုပ်ပိ ၊ ဒီကြားထဲ ၀င်ငွေလေး ရအောင် ဘာသာပြန်အလုပ်ကလဲ လုပ်ရသေး ၊ ဒီလိုအလုပ်တွေ ရှုပ်နေတဲ့ ကြားကပဲ သေရည်သေရက်ကို ပေါင်းခံရည်လို့ ပြောပြီး ကြိုက်ခဲ့ကြ။ သိပ်မကြာသေးခင်ကပဲ ချစ်တဲ့ ကရင်မလေးနဲ့ လက်ထပ်ပွဲ ကျင်းပခဲ့သေးတာ။

ခုတော့ နေလလို့ အမေက မှည့်ပေးထားတဲ့ မြင့်အောင်တဖြစ်လဲ၊ မြင့်ဇေ ဖြစ်ခဲ့ဘူးပြီး ကဗျာရေးတော့ ပွင့်သစ်(ကရိန်ကန်) ။အပေါင်းအသင်းတွေ ခေါ်တော့ ဂုရု ဆိုတဲ့ ရဲဘော်တယောက် တော်လှန်ရေးခရီး မဆုံးခင် ကွယ်လွန်ခဲ့လေပြီ။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် မနက် ၁ နာရီ ၂၀ ကတဲ့။
မာယာအွန်လိုင်းမဂ္ဂဇင်းကနေ ဒီပုံကို ယူထားတာပါ။
သူရှော်တာတွေ ရှိသလို တော်တာတွေလဲ များပါပေ့။ စာအုပ်တအုပ်ကိုဘာသာပြန်ရင် ပေါင်ပေါ်မှာ ဘာသာပြန်ရမယ့် အင်္ဂလိပ်စာအုပ်ကိုတင် ပြီးဖတ်ရင်း လက်က ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ ဗမာလို ရိုက်နေတာများ စာသားတွေကချောမွေ့လို့ ။ ပြီးတော့ ဗမာစာကို ဘာသာပြန်တာ ဗမာတွေ ဖတ်လို့နားမလည်တတ်တဲ့ ဘာသာပြန်သူမဟုတ်ခဲ့ဘူး။ သူဘာသာပြန်ရင် ဖတ်နေတဲ့သူ သိပ်ကို နားလည်လွယ်အောင် ပြန်တတ်တယ်။

တကယ်က ၈၈ ဖြစ်တော့ သူက ၁၀ တန်းကျောင်းသားဘ၀ပဲ ရှိသေးတာတဲ့။ သူဆယ်တန်းကို မဖြေလိုက်ရရှာဘူး။ ဒါပေမယ့်တောထဲက ကျောင်းသားတပ်မတော်ကို ခပ်ငယ်ငယ်လေး နဲ့ ရောက်လာပြီး တော်ရုံလူတွေတောင် မဖြတ်သန်းနိုင်တဲ့ ဘ၀ကို ဖြတ်သန်းခဲ့တယ်။ မညည်းမညူ ဖြတ်သန်းခဲ့တာကို သူရေးခဲ့တဲ့ ဘလော့ပေါ်က စာတွေက သက်သေတည်နေပါတယ်။
တောတွင်းက ကျောင်းသားတပ်မတော်ရဲ့ စခန်းတနေရာမှာ

သူ့မွေ့နေ့တခုမှာ ကြာဇံဟင်းခါးကို သူကိုယ်တိုင်ချက်ပြီး အိုးလိုက် မလာပြီး ကျွေးခဲ့တာတွေလဲ သတိရသေးတယ်။ ယောက်ျားလေးပေမယ့် မုန့်ဟင်းခါးချက် ကောင်းတာ စံတင်လောက်ရဲ့။ အိမ်ကို ရောက်လာရင် အမဘာချက်လဲ ဆိုပြီး ဟင်းကြိုက်ရင် ၀င်စားတတ်တာ။ သူ အရက်သောက်လို့ဆူရင် ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ လို့ ခေါင်းညိတ်နေတတ်တာ။ သူ့ရဲ့ ဘ၀အကောင်းအဆိုးတွေကို လာလာ တိုင်ပင်တတ်တာတွေ ရည်းစားထားရင်တောင် လာတိုင်ပင်တတ်ပေမယ့် မိန်းမယူတော့ ဗြုန်းစားကြီး ယူချလာခဲ့တာ။ မင်္ဂလာဆောင်တော့ သူကို လက်ဖွဲ့မယ့်လူတွေက သူလိုချင်တာကိုပဲ တောင်းခိုင်းကြတော့ သူ့မှာ ဘာတောင်းရမယ်မသိ။ အိမ်ထောင်တခုမှာ လိုအပ်တာ ဘာဆိုတာ မသိလို့ လက်ဖွဲ့ရမယ့်လူတွေက အားလုံးတိုင်ပင်ပြီး နင်ကဘာ ငါက ဘာနဲ့ သူ့တို့ အိမ်ပြောင်းတော့ ပစ္စည်းစုံစုံလင်လင်နဲ့ ချမ်းမြေ့တဲ့ မိသားစု ဘ၀ကို တည်ဆောက်မယ်ကြံခါမှ ဘယ်တုန်းက ရှိနေလဲ မသိတဲ့ သွေးတိုးကြောင့် ဦးနှောက်သွေးကြောပြတ်သွား သတဲ့။ တကယ်က အဲဒီညနေက သူအရက်တောင် မသောက်ရသေးဘူးတဲ့။ ညနေ ၅ နာရီမှာ မူးလဲပြီး မနက် ၁ နာရီ ၂၀ မှာ ကွယ်လွန်သွားပြီတဲ့။ မမြန်လွန်းဘူးလား ။

သူ့ကျမှ ဘာလို့ စောစော သေရတာလဲ .. မတရားလိုက်တာနော်။

တကယ်ဆိုရင် … ထောင်က လွတ်လာတာ မကြာသေးတဲ့ အဖေ့အတွက် သူ့သားကြီး အသက်ရှင်ခွင့်လေး ပေးစေချင်သေးတယ်။
တကယ်ဆိုရင်… လက်ထပ်ပေါင်းသင်းခဲ့တာ မကြာသေးတဲ့သူ့ဇနီး ရိုးသားတဲ့ ကရင်မလေးအတွက် ပျော်ရွှင်ခွင့် ပေးစေချင်သေးတယ်။
တကယ်ဆိုရင်… မိစ္ဆာ စစ်အုပ်စုကိုပြုတ်ကျတဲ့ ထိ သူ့ကို ရှိနေစေချင်သေးတယ်။
တကယ်ဆိုရင်.. သူယုံကြည်တဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ သူလုပ်နိုင်တာတွေ အများကြီး လုပ်ပေးဖို့ အသက်ရှင်စေချင်သေးတယ်။
တကယ်ဆိုရင်… အညတရ ရဲဘော်တယောက်ပေမယ့် သူ ခေတ်ကြီးကို သူနိုင်သလောက် ကူထမ်း ပေးခဲ့ပါတယ်။ ဒီ့အတွက် အသက်ရှည် ခွင့်လေး ပေးစေချင်သေးတယ်။
ရဲဘော်ဂုရုရေ.. အမဖြင့် သတင်းကြားရတော့ ၀မ်းနည်းလိုက်တာ။ တကယ်ဆို မသေစေချင်သေးပါဘူး။ အမတို့ ရွှေပြည်ကြီးကို ပျော်ပျော်ပါးပါးပြန်ကြမယ်လို့ ပြောခဲ့ကြသေးတာပဲ။
အင်းလေ.. သွားရမယ့်လူချည်းပါပဲ.. ရှေ့နောက် ကွာတာပဲ ရှိတဲ့ လမ်းမဟုတ်လား…
ဒါပေမယ့်လဲ … စိတ်မကောင်းခြင်းများစွာနဲ့ နှမြောနေမိသေးတယ်။
သူ့ဘလော့လေးက ဒီမှာလေ…
သူ့ဘ၀လေးကို သူချယ်မှုန်းသွားခဲ့သေးတယ်။ ဖတ်ကြည့် လေ့လာကြည့်ပါဦး ၊ သူဘယ်လိုလူဆိုတာကို။
ဂုရုတယောက်ကောင်းရာသုဂတိ လားပါစေ လို့ ဆုတောင်းလိုက်ပါတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, November 17, 2008

ပို့စ်အသစ် မတက်ဖူး ဆိုရာဝယ်..

ပို့စ်အသစ်မရေးလို့ ဆိုပြီး လာလာ ပြောနေကြသကိုး။ တကယ်က စာအရေးအသားနာမည်ကြီး မဟုတ်တဲ့ ဘလော်ဂါတယောက်အနေနဲ့ မရေးဖြစ်ရင် ကိုယ့်ဖာသာ စိတ်ထဲ အားနာနေတတ်ပေမယ့် အဲလို လာလာကြည့်လိမ့်မယ်လို့တော့ မျှော်လင့်မထားမိပါဘူး။ ကိုယ့်မိသားစုနဲ့ အဝေးရောက်နေတဲ့အချိန် ဖြစ်သလို ၊ ကိုယ်သိပ်မကြိုက်တဲ့ ရာသီဥတု အပြောင်းအလဲ။ ကိုယ်နဲ့ အံဝင်ဂွင်မကျတဲ့ ပတ်ဝန်းကျင်မှာ ရောက်နေရတဲ့ လူတယောက်အနေနဲ့ ရေးချင်တဲ့စိတ်ကလေး ၀င်လာဖို့ကိုတောင် တော်တော် ကြိုးစားနေရပါတယ်။ နောက် ကိုယ့်အိမ်မှာ စာရေးရတဲ့ ခံစားချက်နဲ့ ဧည့်သည်အဖြစ်နေရတဲ့ နေရာမှာ စာရေးရတာလဲ မတူပါဘူး။ အိမ်မှာဆိုရင် အလုပ်များနေတောင်မှ ခဏလေး ရေးမယ် စိတ်ကူးလိုက်တာနဲ့ တမျက်နှာ နှစ်မျက်နှာစာက ရေးဖြစ်ပေမယ့် ခုက စိတ်ကူးပြီးထိုင်နေတာတောင် စကားလုံးတွေ့ ကျမလာဘူး။

နောက်ပြီး ဒီအော်စလိုက ဆေးရုံရဲ့ ပြင်ပလူနာဌာနကိုလည်း ၂ ခါတောင် ရောက်ပြီးပြီ။ သိသာဆိုးဝါးတဲ့ ရောဂါကြီးတွေမဟုတ်ပေမယ့် လူတယောက်ရဲ့စိတ်ကို ဒုက္ခပေးတဲ့ ရောဂါတွေလဲ ဖြစ်တာမို့ စိတ်ကလဲ မကောင်းဖြစ်ရပါသေးတယ်။ ဆေးကုသစရိတ်ကို ရုံးကပေးတယ်ဆိုပေမယ့် တခါသွားတာနဲ့ သက်သာချင်တာလဲ အမှန်ပါ။ အခွင့်အရေးယူသလို တွေးကြမြင်ကြမှာကိုလဲ မလိုချင်ဘူးလေ။ ကိုယ့်အိမ်မှာ ဆိုရင် စိတ်က သက်တောင့်သက်သာ ဖြစ်မှာပဲလို့လဲ အိမ်လွမ်းဝေဒနာက မြင့်တက်လာပါသေးတယ်။

ဥရောပရောက်တုန်း တမြို့ပြီးတမြို့ ၊တနိုင်ငံပြီး တနိုင်ငံ လည်ပါလားလို့ ဖိတ်ခေါ်သူတွေ၊ အကြံပေးသူတွေကိုလဲ ကျေးဇူးတင်ပါကြောင်းနဲ့ ဥရောပရဲ့ ခရီးစဉ်တွေက ပြည်တွင်း ပြည်ပ အားလုံးဈေးကြီးနေတာမို့ လည်ပတ်ချင်စိတ်ရှိသော်လည်း ခရီးစရိတ်က လခပြောင်ကိန်းမြင်နေပါသဖြင့် အခက်ကြုံနေရပါသေးကြောင်းလဲ သိစေချင်ပါသေးတယ်။

နောက်ပြီး အခုရက်ပိုင်း ကြားနေရတဲ့ ထောင်ချသတင်းတွေကိုလဲ သတင်းတွေ လုပ်နေရင်း အသံတွေနားထောင်ရင်း စိတ်ကထိခိုက်ခံစားရသေးတယ်။ နအဖက သူတို့ကိုယ်တိုင် အတည်ပြုပြဌာန်းလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တရားစီရင်နေတာမို့ အနာဂတ်မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးမှုနဲ့ တရားစီရင်ရေး အာဏာကို ဘယ်လိုယုံကြည်ရတော့မလဲ ဆိုတဲ့ အတွေးကလဲ ခေါင်းထဲဝင်နေသေးတယ်။ ဒီလိုအခြေအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ၀င်သင့်တယ် ဆိုတဲ့အတွေးကို ကျမဖြင့်တွေးတောင် တွေးလို့မရခဲ့ဘူး။ အနိုင်ရတဲ့ ကိုယ်စားလှယ်ဦးရေ အများဆုံးပါတီက အစိုးရဖွဲ့ခွင့်မရှိတဲ့။ လွတ်လပ်ခွင့်ဆိုတာမှာ ဥပဒေအရပြဌာန်းထားသောလို့ ရှေ့ကခံထားတဲ့ လွတ်လပ်ခွင့်မျိုးနဲ့ ဘယ်လို စစ်အုပ်စုကို ဖြုတ်ချမလဲ ဆိုတာ စဉ်းစားကြည့်ကြပါတော့။ ပါလီမာန်ထဲ ၀င်ပြီး ပြောင်းလဲမှုလုပ်ချင်ပါတယ် ဆိုတဲ့ လူတွေ အနေနဲ့ သမ္မတ၊ ၀န်ကြီးချုပ်၊ စစ်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးတွေကို စစ်တပ်ကပဲ ယူမယ့်ဖွဲ့စည်းပုံနဲ့ သူတို့ ခိုင်းတာပဲ လုပ်ရမယ့် အခြေခံဥပဒေကို ဘယ်လိုယုံကြည်ကြမလဲ၊ ဘယ်လောက် လိုက်လျောမှုတွေပေးပြီး ခေါင်းငုံ့ခံမလဲ ၊ ဘယ်လိုအခွင့်အရေးတွေ ရယူပြီး ပြည်သူတွေကို မေ့သွားမလဲ လို့ မေးလိုက်ချင်စမ်းပါဘိတော့တယ်။

စိတ်ညစ်တာ အဲဒါတွေလဲပါတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Rest of your post

Sunday, November 9, 2008

ခရီးသွား မှတ်တမ်း ၂

ဆွီဒင်ကို သွားခဲ့ရာဝယ်
သင်တန်းကို သွားတဲ့ လမ်းမှာဖြတ်နေကျ တံတားပေါ်ကနေ ရိုက်ထားတာ


ဒီတခါသွားရတာက ဆွီဒင်နိုင်ငံကိုပါ။ သူတို့နိုင်ငံက အကြီးဆုံးရေဒီယို အသံလွှင့်လုပ်ငန်း လုပ်နေတဲ့ SR radio station က ရုံးခွဲ ၂၅ ခုရှိတဲ့အထဲက Gavle ဆိုတဲ့ မြို့က ရုံးမှာ လက်တွေ့သင်တန်းသွားတက်ရတာလေ။ မြို့ကလေးကနေ အနီးအနားမြို့တွေကိုလဲ သတင်းလိုက်တာမျိုးတွေကို သွားရတယ်။ သူတို့ရဲ့ မီဒီယာတွေက ရေဒီယိုတွေမှာလဲ သတင်းဖြစ်တဲ့နေရာထိ သွားအင်တာဗျုး ။ တခါတည်း တိုက်ရိုက်စလောင်းကနေတင်ပေးပြီး အသံလွှင့်တာလေ။ ခေတ်မီလိုက်တာဆိုပြီး အားကျခဲ့ရတယ်။ ရုံးမှာ စက်ကရိယာအပြည့်ပါတဲ့ ကားကြီး ကားငယ်အသွယ်သွယ် သတင်းထောက်တွေ သတင်းယူဖို့ ကားငယ်အစင်းစင်းနဲ့ ။

နောက် ဆွီဒင်ရဲ့မြို့တော် စတော့ဟုမ်းမှာ ရှိနေတဲ့ SR ရုံးချုပ် က သတင်းလွှင့်ပုံတွေ နည်းစနစ်တွေ စက်ပစ္စည်းတွေ ကို လေ့လာခဲ့ရသေးတယ်။ ၀န်ထမ်းပေါင်း ရှစ် ရာကျော် ရှိတဲ့ ရေဒီယိုစတေရှင် ဆိုတော့ ဘယ်လောက်ကြီးကျယ်ခမ်းနားတယ်ဆိုတာ ပြောမပြတတ်ဘူး။ စတော့ဟုမ်းမှာပဲ ရှိနေတဲ့ ဆွီဒင်ရုပ်သံလှိုင်း ဆွီဒင်မှာ လူကြည့်အများဆုံး SVT ( SVERIGES TELEVISION) ကိုလည်း ရောက်ခဲ့သေးတယ်။ သတင်းတွေကို တိုက်ရိုက်လွှင့်တာ ။ အင်တာဗျုး ဘယ်လိုရိုက်တယ် ။ သတင်းတွေ ဘယ်လိုထုတ်လွှင့်တယ် အစုံပါပဲ။ သူတို့ရဲ့ စတူဒီယိုခန်းတွေ၊ ဆက်တင်တွေကလည်း အံ့မခန်းပေါ့။ သူ့ဆီမှာလဲ ၀န်ထမ်းက တစ်ထောင်ကျော် တောင်ရှိနေတာပဲ။

ကားပေါ်ကနေရိုက်ထားတဲ့ ဆွီဒင်မြို့တွင်းတနေရာ


ပါလီမာန်အဆောက်အဦးပေါ့။ သင်တန်းချိန်ပြီးမှ လည်ရတော့ညနေ ၄ နာရီခွဲပေမယ့် မှောင်နေပြီ။


သွားခဲ့ရတဲ့ ရေဒီယို စင်တာ

ဒါကတော့ တီဗွီစတေရှင်အဆောက်အဦး
အဲဒီတီဗွီသတင်းဌာနဖက်မှာ မီဒီယာရဲ့ ကူးပြောင်းတိုးတက်လာပုံကို သေချာရှင်းပြတဲ့အခါများ ကျမဖြင့်ပါးစပ်အဟောင်းသားနဲ့ ငါတို့တော့ တော်တော်ပြတ်ကျန်နေခဲ့ပါလား ။ လို့ စိတ်ထဲမှာ အားငယ်ချင်သလိုလိုတောင်ဖြစ်လာသေးတယ်။ analogue ကနေ digital media ပြောင်းလဲ လာပုံတွေ ။ တီဗွီတလုံးတည်းကို ဧည့်ခန်းမှာ မိသားစု ၀ိုင်းကြည့်နေရာကနေ ကိုယ်ပိုင်ကွန်ပျူတာတွေနဲ့ ကိုယ့်စိတ်ကြိုက်နေရာတွေကနေ ကြည့်လို့ရနေတာတွေ၊ နောက်ပိုင်း တီဗွီထုတ်လွှင့်တာကိုအင်တာနက် ၀က်ဆိုဒ်တွေကတဆင့် ဘယ်နေရာကမဆို လမ်းမပေါ်မှာတောင် ဖုန်းကနေတဆင့် ကြည့်လို့ ရနေတဲ့ထိ တိုးတက်လာတဲ့အကြောင်း၊ မီဒီယာရဲ့ အောင်မြင်မှု အရေးပါမှုတွေကို သူတို့ရဲ့ တိုးတက်လာတဲ့ တိုင်းပြည်က အင်တာနက်သုံးစွဲမှုနဲ့ ယှဉ်ပြီး ရှင်းပြသွားလိုက်တာများ ကောင်းမှကောင်း။
ဒီလို တိုးတက်ဖွံ့ဖြိုးပြီး တိုင်းပြည်က မီဒီယာတွေထဲမလဲ Publish Service သီးသန့်ဖော်ဆောင်နေတဲ့ သတင်းဌာနတွေနဲ့ Commarcial သတင်းဌာနတွေ ရဲ့ ရပ်တည်ချက်တွေ အစိုးရသတင်းဌာန ရပ်တည်ချက် ဆိုတာမျိုးတွေ နားလည်သထက်နားလည် ရှင်းသထက်ရှင်းအောင် စေတနာပါပါနဲ့ ရှင်းပြခဲ့ကြတယ်။
ပင်စင်စား သက်ကြီးရွယ်အိုတွေရဲ့ ကလပ်တခု

ဒီစင်္ကြန်လေး မလှဘူးလား။ အဲဒါ လေဆိပ်နဲ့ ဘူတာ ဆက်ထားတဲ့လမ်း

အော်စလိုမြို့ထဲ လေဆိပ်ကအပြန်လမ်းမှာ ကားပေါ်က ရိုက်လိုက်တာ နှင်းကျနေဆဲပေါ့။


နောက်ဆွီဒင်ကို လှပတဲ့ နိုင်ငံအဖြစ် သိထားပေမယ့် ဒီလောက်လှမယ် မထင်ခဲ့ဘူး။ လိုက်ပို့တဲ့ ဆွီဒင်နိုင်ငံသားက စတော့ဟုမ်းမြို့ နန်းတော်၊ ပါလီမာန် အဆောက်အဦတွေ၊ ဆိပ်ကမ်းတွေနဲ့ လှပတဲ့ မြို့ကို သမိုင်းတွေနဲ့ ရှင်းပြလို့၊ နိုင်ငံခြားသား ခရီးသည်တွေအတွက် ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်ချည်းပဲ ရှိနေတဲ့ လမ်းကလေးကလည်း လျှောက်လို့ မဆုံးနိုင်အောင် ရှည်လျား။ ရောင်းချတဲ့ပစ္စည်းတွေကလည်း အထိမ်းအမှတ်တွေရော အသုံးအဆောင် အ၀တ်အစားအလှအပ များပြားတဲ့အပြင် လျှော့ဈေးတွေနဲ့ လူတွေကို ဆွဲဆောင်လို့။ ဈေးတွေ ၀င်စပ်စုတော့လဲ နော်ဝေးထက် သက်သာလို့။ နော်ဝေးဆိုတာ တောသူဌေးမြို့ကိုးလို့ နော်ဝေးနေသူတွေကို စမိသေးတော့တယ်။

နောက် ဆွီဒင်မှာပဲ နှင်းတွေကျတာကိုလဲ စမြင်ဖူးခဲ့တယ်။ ညနေဖက် သင်တန်းကအပြန် မိုးတွေ ရွာနေတယ်ဆိုပြီး ထီးဖွင့်ဆောင်း အပြင်ထွက်ကြတော့ မိုးမဟုတ်ဘူးလေ နှင်းတွေကျနေတာတဲ့။ အားပါး ပျော်စရာပဲ .. စနိုးက သေးသေးလေးတွေပဲ ရှိနေသေးတယ်။ အေးလိုက်တာ လို့ ပြောနေရင်းကပဲ လမ်းတလျှောက် လေကတိုက်လွန်းလို့ မနည်းထိန်းနေရတယ်။ ဟော်တယ်ပြန်ရောက်တော့ မှန်ပြတင်းက နှင်းတွေ ကျတာကို ကြည့်နေရတာ ပျော်စရာလိုလို လွမ်းစရာလိုလိုပဲ။
နောက်တနေ့ မနက် ထတော့လဲ နှင်းတွေကျနေတုန်းပဲ။ ဒီမနက်ကျတဲ့ နှင်းကတော့ တော်တော်များများကြီးကြီးလို့ ပြောရမယ်။ လမ်းတွေပေါ်မှာ မြက်ခင်းပေါ်မှာ ကားခေါင်မိုးတွေပေါ်မှာ ရေခဲ ထပ်တွေ ဖြစ်နေလို့။ သင်တန်းကို အသွားလမ်းတလျှောက် နှင်းတွေကို လက်နဲ့ခံရင်း ချမ်းအေးတာတွေကို မေ့သလိုတောင်ဖြစ်တယ်။
ဖြစ်ချင်တော့သင်တန်းကလဲ အဲဒီနေ့ အပြင်ကနေ တိုက်ရိုက်အသံလွှင့်တဲ့အစီအစဉ်ကို လိုက်လေ့လာရမှာ။ ကောင်းလိုက်တဲ့ဖြစ်ခြင်းပေါ့။ ကား၂ စီးနဲ့ ထွက်လာခဲ့တော့ လမ်းတလျှောက်လဲ နှင်းတွေနဲ့ တခါမှမမြင်ဖူးတဲ့အာရှသူ အာရှသားများ မျက်လုံးအ၀ိုင်းသားနဲ့။

ရောက်သွားတဲ့နေရာက သက်ကြီးရွယ်အို ပင်စင်စားတွေရဲ့ ကလပ်။ သူတို့ အဖိုးကြီး အဖွားကြီးတွေ သံလုံးလေးတွေပစ်ကစားတဲ့ ကစားနည်းကိုလဲ ၀င်ဆော့ကြ သေးတယ်။ အရောင်ပါတဲ့ ဂေါ်လီအသေးလေးကို ၆ မီတာအထက် အကွာအဝေးထိပစ်၊ နောက် အဲဒီဂေါ်လီနဲ့ အနီးဆုံးရောက်အောင် သံဂေါ်လီလုံး ခပ်လတ်လတ်နဲ့ တယောက် ၃ လုံးယူထားတဲ့ အဖွဲ့ဝင် ၂ ယောက်ပါတဲ့ အဖွဲ့ ၂ဖွဲ့ ပြိုင်ပစ်တဲ့ ကစားနည်းပဲ။ သူများသံလုံးက နီးနေရင် ဝေးသွားအောင် ကိုယ့်သံလုံးနဲ့ တိုက်ထုတ် သူ့နေရာ ကိုယ်ရအောင်ယူ အဲလိုလုပ်တာပဲ။ အနီးဆုံးသံလုံး များတဲ့ အဖွဲ့က နိုင်တာပေါ့၊

အဲဒီက တိုက်ရိုက် အသံလွှင့်တာတွေ လေ့လာနေတုန်း အပြင်မှာလဲ နှင်းတွေက ကျလိုက်တာ လှမှလှ။ ဒါနဲ့ အပြင်ကို ထွက်ပြီး နှင်းတွေနဲ့ ပေါက်တမ်းကစားကြသေးတယ်။ ဓါတ်ပုံတွေလဲ ရိုက်ကြပေါ့လေ။ အဖိုးကြီး အဖွားကြီး စုံတွဲတခုကမေးတယ်။ ဘယ်နိုင်ငံက လာလဲတဲ့။ ကျမတို့ ဘားမားက လာပါတယ်ဆိုတော့ ဟိုမှာ နှင်းမရှိဘူးလားတဲ့။ ဟုတ်ကဲ့ ကျမတို့ ခုမှ မြင်ဖူးတာဆိုတော့ ရယ်ပြီး သယ်သွားလေတဲ့။ စနေသေးတယ်။ သူတို့နိုင်ငံတွေက အသက်ကြီးသူတွေကို စိတ်ဓါတ်မကျအောင် ပျော်ရွှင်အောင် ကလပ်တွေဖွဲ့ပေးတယ်။ နောက် ကျန်းမာရေးကို အားလုံးတာဝန်ယူပေးတယ်လေ။ ဒီတော့ အခု နော်ဝေ ၊ ဆွီဒင်ကလူတွေက ရတဲ့ လစာ အကုန်သုံးတာပဲ။ သူတို့မှာ နောင်ရေး ဘာညာ အိုစာမင်းစာ စုစရာမလိုဘူး။ နိုင်ငံသားတိုင်းကို သူ့အစိုးရက တာဝန်ယူတာပဲ။ အဲဒီလိုဖြစ်ဖို့ သူတို့ အလုပ်လုပ်တုန်းကလဲ အခွန်သေချာဆောင်ခဲ့ကြတာကိုး။ အားကျ အတုယူဖွယ်ရာ ကျန်းမာရေးစနစ်တွေပဲ။ မွေးကတည်းက ကျန်းမာရေးကို အချိန်နဲ့စစ်ဆေး၊ လိုအပ်တာ စောစောကု၊ ဒီတော့ ဒီနိုင်ငံတွေမှာ ရောဂါကြီးကြီးမားမားလဲ ဆေးရုံတွေမှာ သိပ်မတွေ့မိပါဘူး။

နောက် ဟောလိုးဝင်းဒေးကိုလဲ ဆွီဒင်မှာပဲ ရှိနေတုန်း ကြုံခဲ့ရသေးတယ်။ ကျမတို့ဟိုတယ်နဲ့ ကပ်ရပ်က နိုက်ကလပ်မှာ အဲဒီနေ့က တညလုံးဆူညံနေတာပဲကိုး။ သောကြာနေ့နဲ့လဲ တိုက်တော့ ဘာပြောကောင်းမလဲ စည်ကားဆူညံမူးနေလိုက်ကြတာ မနက်ကျတော့ ဟိုတယ်အ၀င်တံခါးက မှန်လဲ ပင့်ကူအိမ်လို အက်ကြောင်းတွေ ဗရပွနဲ့၊ အရှိန်မသေသေးပဲ နောက်နေ့ နိုဝင်ဘာ ၁ရက်နေ့ စနေနေ့ညမှာလဲ သရဲကြီးသရဲလေးတွေ ပုံစံတွေနဲ့ လမ်းသလားနေလိုက်ကြတာ အသည်းယားစရာပဲ။ ကြိုသာ သိမနေရင် လန့်သေမယ့် ပုံစံတွေနဲ့လေ။ ဟိုတယ် မှန်ပြတင်းကနေ လမ်းမပေါ်ထိုင်ကြည့်ရင်း အပူအပင်ကင်းတဲ့ ဒီနိုင်ငံသားတွေရဲ့ ဘ၀နဲ့ ကိုယ့်တိုင်းပြည်က လူတွေရဲ့ဘ၀ကို ယှဉ်တွေးနေမိသေးတယ်။

င်္ဆွီဒင်နိုင်ငံက လူကြိုက်အများဆုံးရေခဲပြင်ဟော်ကီပွဲကိုလည်း သွားခဲ့ရသေးတယ်။ ထုံးစံအတိုင်း တိုက်ရိုက်လွှင့်ထုတ်မှုအစီအစဉ်ကို လေ့လာရန်ပေါ့။ အားလပ်ချိန်ပေးချိန် အပြင်ခဏထွက်တဲ့ ယောက်ျားလေးတွေကို လာမေးတယ်တဲ့။ ဘယ်နိုင်ငံကလဲပေါ့။ ဘားမားဆိုတာနဲ့ အော် မီဒီယာကလား ဆိုပဲ။ သူတို့ ဒေသ ရေဒီယိုသတင်းထဲမှာ ပါတယ်ဖြစ်မယ်။ သိနေကြတယ်။

အဲဒီမှာကျမတို့ နိုင်ငံက ဂေါက်သီးရိုက်တဲ့လူတွေလိုပဲ စီးပွားရေး သမားတွေ ၊သတင်းသမားတွေ၊ နိုင်ငံရေးသမားတွေ၊ အစိုးရ အရာရှိတွေ တွေ့ဆုံစကားပြောတဲ့ နေရာလဲ ဖြစ်နေတယ်။ ကစားကွင်းကို မြင်နေရတဲ့ ဒုတိယထပ်လောက်မှာ အခန်းတွေကြိုမှာပြီး အစားအသောက်နဲ့ စကားလဲပြော ကစားပြိုင်ပွဲလဲ ကြည့်ပေါ့။
ကျမတို့လဲ အခန်းတခန်းယူပြီး ထမင်းစားကြတယ်။ နောက်ကျမှ အခန်းယူရတော့ တိုက်ရိုက်ကြည့်လို့ ရတဲ့နေရာက အခန်းမရဘူး။ အဲဒီမှာ သောက်ဖို့ ရေမှာတော့ သူတို့ဆီက ရေဆိုတဲ့ ပုလင်းကို လာချတော့ ဆော်ဒါရေပဲ ဖြစ်နေတယ်။ အဲဒါပဲ သောက်တာတဲ့။ ရေရိုးရိုးမှာလို့ မရဘူး။ စူးရှရှ အရသာ မကြိုက်လို့ သစ်သီးဖျော်ရည်ကလွဲရင် ဘာဗူးဖျော်ရည်မှ မသောက်တဲ့ ကျမအတွက် တော်တော် မျိုချရခက်တဲ့ရေပါပဲ။

ဒီနိုင်ငံတွေမှာတော့ ထမင်းစားရင် ဇွန်းမပါပဲ ခရင်းနဲ့ ဒါးနဲ့ စားကြတာပဲ။ သူတို့က ပေါင်မုန့်နဲ့ အားလူးကို အဓိကစားတာကိုး။ ရောက်ခါစကတော့ သိပ်မစားတတ်ဘူး နောက်တော့လဲ ရသွားတာပါပဲ။ ဒါပေမယ့် ထမင်းမဟုတ်တော့လဲ အာသာမပြေပါဘူး။
ဒါနဲ့ ထမင်းပဲ စားချင်တယ် ဖြစ်ပြီး တရုပ်ဆိုင်တဆိုင်ကို သွားစားမိပါတယ်။ ထမင်းကြော်တပွဲကို ၉၉ ခရောင်းကျတယ်။ တရက်ပဲ သွားစားပြီး နောက်နေ့တွေမတော့ မားမားခေါက်ဆွဲထုတ်တွေနဲ့ပဲ နေလိုက်ရတယ်။ ညနေစာကို သင်တန်းက မကျွေးဘူးလေ။

ဆွီဒင်နိုင်ငံသားတွေက နော်ဝေးနိုင်ငံသားတွေလောက် မနူးညံ့ဖူးလို့ ကျမက ခံစားရတယ်။ မျက်နှာပေးတွေကို ပြောတာပါ။ နော်ဝေးနိုင်ငံအကြောင်း ရေးတော့မှပဲ ဒီအကြောင်းကို သေချာရေးပြပါဦးမယ်။

သင်တန်းကနေ မပြန်ခင် နောက်ဆုံးညက ဗီယက်နမ်ဆိုင်တခုမှာ ညစာအားလုံးသွားစားကြတယ်။ အဲဒီဆိုင်က အချိန်ပိုင်း စားပွဲထိုးမလေးက ဗီယက်နမ် နိုင်ငံကနေ ရောက်လာပြီး ဆွီဒင်မှာ နိုင်ငံရေး သိပ္ပံ အဓိကနဲ့ တက္ကသိုလ်တက်နေသူတဲ့။ စကားတွေ အများကြီး သူနဲ့ ပြောဖြစ်ကြတယ်။ သူကလဲ သူ့နိုင်ငံကို အားမလိုအားမရဖြစ်နေလို့။ ဘားမားက ဘာစနစ်ကျင့်သုံးလဲ တရုပ်နဲ့ ပေါင်းတော့ ကွန်မြူနစ်လားတဲ့ သူက မေးတယ်။ ကလူသစ်ပို့စ်ဖတ်မိတော့ အဲဒီကောင်မလေးကို သတိရတယ်။

ကျမတို့ကို အစစစီစဉ်ပေးတဲ့ ဆွီဒင်နိုင်ငံသားသတင်းသမားကတော့ အားတင်းထားကြတဲ့။ သူတို့နိုင်ငံလဲ တချိန်က ခုလိုပဲ စစ်တပ်ကနေ ဆန္ဒပြတဲ့ ပြည်သူတွေကို ပစ်သတ်ခဲ့ဘူးတယ် တဲ့။ ဒါပေမယ့် အဲဒီစနစ်က ခုချိန်မှာတော့ ပျောက်ပျက်သွားခဲ့ပြီတဲ့လေ။ သူပြောတုန်းက ကျမကြားလိုက်တာ ၁၉၃၁ ကလို့ထင်တယ်။ အဲဒါကိုသေချာမမှတ်မိလိုက်ဘူး။
ဆွီဒင်ရော နော်ဝေးရော အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်ကြတယ် ၊ နမူနာပေးရရင် ကျမတို့ တိုင်းပြည်ထဲက ရခိုင်တွေ မွန်တွေ စသဖြင့် တိုင်းရင်းသားတွေက ဗမာစကားပြောတတ်ကြသလိုပဲလေ။ အသံထွက်တွေကလဲ ဆင်တူတွေ သိပ်မကွဲပြားဘူး။
ဥပမာပြောပြရရင်.. အင်္ဂလိပ်လို Room ကို နော်ဝေးတွေက Romလို့ပေါင်းတယ်၊ ဆွီဒင်တွေက Rum လို့ပေါင်းတယ်လေ။ သိပ်မထူးဘူး။

ဒီလိုနဲ့ အော်စလိုကို ပြန်လာကြတာပေါ့။ ခရီးသွားမှတ်တမ်းက ကဘောက်တ ကဘောက်ချာတော့ ဖြစ်နိုင်ပေမယ့် စိတ်ထဲပေါ်လာတာ မှတ်မှတ်ရရ ရှိတာလေးတွေကို ကိုယ့်လိုပဲ ခင်တဲ့ လူတွေကို မျှပေးချင်စိတ်နဲ့ ရေးလိုက်တာပါပဲ။ နောက်ထပ် ရေးချင်တာရှိရင်လဲ ရေးဦးမယ်နော်။
ဒီလိုနဲ့ သင်တန်းချိန်ကုန်တော့လဲ အော်စလိုကို ပြန်လာရပြီပေါ့။
ဆွီဒင်အာလန်ဒါလေဆိပ်နဲ့ မီးရထားဘူတာကို ဆက်သွယ်ထားတဲ့ လမ်းလေးက သိပ်လှတယ်။ အရောင်စုံပါတဲ့ မှန်တွေတပ်ထားတော့ နေသာနေရင် လမ်းကလေးက ကဗျာဆန်တယ်။

ဆွီဒင်ကနေ အော်စလိုပြန်လာတော့ အော်စလိုမှာလဲ နှင်းတွေကျနေတာပါပဲလေ။
ဥရောပ နှင်းတောထဲမှာ ချမ်းအေးသလို မိသားစုကိုပဲ လွမ်းနေရတော့ နေလို့မပျော်ပါဘူးလေ။ ဒါပေမယ့်လဲ ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရမယ် ဆိုသကိုး။
(ဆက်ရေးဦးမယ်နော်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, November 3, 2008

မကဒတ နှစ် ၂၀


၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ ဆိုတာ ကျောင်းသားတပ်မတော်လို့ ပြည်သူတွေက သိတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ရဲ့ အနှစ် ၂၀ ပြည့် မွေးနေ့ ။ တကယ်ဆို ဒီမွေးနေ့အတွက် တခုခု ပို့စ်တင်ပေးခဲ့ဖို့တောင် ကျမက မရေးအားခဲ့၊ အင်တာနက်နဲ့ဝေးရာမှာ ရောက်နေခဲ့ရတယ်။ ခု အင်တာနက် အဆင်ပြေတဲ့ အချိန်လေးမှာ မကဒတနဲ့ ပတ်သက်လို့ ကျမရင်ထဲထိခိုက်ခဲ့ရတဲ့ ခံစားမှုလေးတွေ ရင်ဖွင့်ပြချင်တယ်။

တချို့သော လူတွေက လက်နက်ကိုင်တော်လှန်ရေး ကမ္ဘာမှာ ခေတ်မစားတော့ဘူး.. ဒီလို နောက်ကျောက ပြောနေဆဲကနေ တဆင့်တက်ပြီး ခုနောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးအပေါ် တိုက်ခိုက်တဲ့ နှိမ့်ချတဲ့ စကားတွေကို တရားဝင်လေလှိုင်းတွေကနေ ပြောကြားတာ ကြားမိလာတဲ့အခါ
…. ဘာ့ကြောင့် လက်နက်ကိုင်တော်လှန်ရေး ခေတ်မစားဘူး မအောင်မြင်ဘူးလို့ ပြောကြသလဲ။
လက်နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်းဖက်လုပ်ရပ်ကို ဘယ်လိုခွဲခြားနားလည်သလဲ။ တကယ့်ကို မကွဲပြားဘူးလား.
အကြမ်းမဖက်တဲ့နည်းလမ်းကရော ခု အောင်မြင်နေပြီလား…
ခေတ်စားတဲ့ အလုပ်တွေကိုပဲ လိုက်လုပ်ရမလား။ ခေတ်စားတယ် ခေတ်မစားဘူးဆိုတာ နဲ့ တော်လှန်ရေး သက်ဆိုင်နေသလား။
ဘယ်နိုင်ငံ ဘယ်အဖွဲ့မှ မထောက်ခံဘူးလို့ ဘာ့ကြောင့်ပြောနိုင်သလဲ။
..
.
.
.


စဉ်းစားစရာမေးခွန်းတွေ အများကြီးထွက်လာပါတယ်။
ကျမက ဒီကျောင်းသားတပ်မတော်ရဲ့ မိသားစုဝင်အဖြစ် ရှိနေတာမို့လဲ ပိုလို့ မေးချင်စိတ်တွေ ဖြစ်နေတာလဲ ဖြစ်မယ်ထင်ပါတယ်။

တကယ်တော့ ဒီတော်လှန်ရေးကြီးထဲမှာ ဘယ်လိုအခန်းကဏ္ဍကမဆို ပါဝင်လှုပ်ရှားခဲ့သူ လှုပ်ရှားနေသူ အားလုံးကို လေးစားတန်ဖိုးထားသင့်တာပဲ မဟုတ်ပါလား။ ကိုယ်လုပ်တာမှ အမှန် ၊ ကိုယ်မလုပ်တဲ့ အလုပ်က အမှား ဒီလို ခပ်တိမ်တိမ်ပြောဆိုနေသူတွေ ရှိနေတာကတော့ဖြင့် ၀မ်းနည်းစရာလို့ ကျမအနေနဲ့ခံစားရမိပါတယ်။ နည်းလမ်း ၃မျိုးရှိရင် ၃ မျိုးလုံးနဲ့ တိုက်ရမယ် ၁၀ မျိုးရှိရင် ၁၀မျိုးနဲ့ တိုက်ရမယ်။ ဒီလိုစိတ်ထားမျိုး ဘာ့ကြောင့် မထားနိုင်ကြသလဲ။
ဘ၀တွေ မျှော်လင့်ချက်တွေကို ရင်းနှီးထားတဲ့ ကျောင်းသားတပ်မတော်ထဲက ရဲဘော်တွေဟာလဲ အကောင်းဆုံးဆိုတာတွေကို ကြိုက်နှစ်သက်သူ လူသားတွေချည်းပါပဲ။ ဘာလုပ်ရင် ဘယ်လမ်းရောက်မယ် ဘာတွေစွန့်ရမယ် ဘာတွေ ခံစားရမယ်ဆိုတာကိုလဲ သိနားလည်ကြပါတယ်။

တစုံတယောက်ကတော့ဖြင့် ကျမနားနဲ့ဆတ်ဆတ်ကြားတဲ့နေရာမှာ ပြောနေတာက လက်နက်ကိုင် တိုက်နေတာ ဦးဏှောက်မရှိလို့ပါတဲ့။

ဆိုတော့ကာ… အကြမ်းတမ်းဆုံးလမ်းကို ရွေးချယ်ကြတာ….
စွန့်စားရမယ့်လမ်း ၊လူကြိုက်နည်းတဲ့လမ်းကို ရွေးချယ်ကြတာ……ကတော့ အသိဥာဏ်မရှိလို့ရယ် မဟုတ်ဘူး ဆိုတာကို ပြောချင်တာပါပဲ။ လူတချို့ကို ပြောချင်တာပါ။

ကျမကတော့ လက်တွဲဖော်က စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ကနေ ၈၈ အရေးတော်ပုံကြီးက ပေါက်ဖွားလာတဲ့ ကျောင်းသားတပ်မတော် မကဒတ တပ်ရင်း (၈) ရဲ့ တပ်ရင်းမှုး တာဝန်ကို ထမ်းဆောင်နေဆဲ မို့ သူတို့ခံယူချက်ကို ယုံကြည်လေးစားသူလဲဖြစ်။ ပါရမီဖြည့်သူလဲ ဖြစ်ချင်သူမို့ ဒီစာလေးကို အနှစ် ၂၀ ပြည့်မှာ အမှတ်တရ ရေးတာပါ။
ခေတ်အဆက်ဆက် ကျောင်းသားတပ်မတော်အပေါ် တာဝန်ကျေခဲ့တဲ့၊ လက်ရှိ တာဝန်ယူနေတဲ့ သစ္စာရှိ ကျောင်းသားရဲဘော်အားလုံးရဲ့ စိတ်ဓါတ်နဲ့ ပိုင်းဖြတ်ချက်တွေကို လေးစားခြင်းများစွာဖြင့် အလေးပြုလိုက်ပါတယ်။
မကဒတ ၁၇ နှစ်မြောက်မွေးနေ့အတွက် ၀တ္ထုတိုလေးတပုဒ် ရေးပြီးတင်ခဲ့ဖူးပါတယ်။ ချစ်
သူ့
ဒိုင်ယာရီ
လို့ နာမည်ပေးထားပါတယ် ။ နောက် တပုဒ်အဖြစ်လည်း သောင်ရင်းမြစ်ရဲ့တဖက်ကမ်းမှာ လို့ တင်စားရေးခဲ့ပါသေးတယ်။ ပြန်လည် ဖတ်ရှု အားပေးကြပါဦး။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, October 26, 2008

ခရီးသွား မှတ်တမ်း ၁

အဲဒီအဆောက်အဦးကြီးမှာ နိုဘယ်လ်ဆုတွေပေးတာလေ

ခရီးတခု ထွက်နေရတယ်။ အလုပ်နဲ့ သက်ဆိုင်တဲ့ သင်တန်းတခု တက်ဖို့လေ။ အဲဒီသင်တန်းမတိုင်ခင် ရုံးချုပ်မှာ အလုပ်တွေ လေ့လာသင်ယူ ကူလုပ်ပေါ့လေ။ အေးလွန်းတဲ့ ဥရောပနိုင်ငံရဲ့ ဆောင်းရာသီ ဆိုတော့လဲ အာရှတိုက်သူ အအေးကြောက် ကျမအတွက်တော့ တော်တော်ခက်ခဲပါတယ်။

ရောက်ခါစက အိပ်ယာကနေ နိုးတော့ မနက် ၅ နာရီ ။ အပြင်ဘက်ကြည့်တော့လဲ မိုးမလင်းသေး။ ဒါနဲ့အိပ်နေ၊ အိပ်မရ နာရီထပ်ကြည့် မနက် ၇ နာရီ မိုးမလင်းသေး။ မနေနိုင်တော့ဘူး။ ဘေးက ညီမတယောက်ကို ထနှိုးပြီးမေးရတယ်။ ဆေးဆေး မိုးဘယ်အချိန်လင်းလဲပေါ့။ သူက အမ အိပ်ဦး ၈ နာရီလောက်မှ ထ အတော်ပဲတဲ့။

အမ်မလေး ကျောကိုပူနေရော။ ဒါနဲ့ ထမင်းတအိုးထတည်ထားလိုက်တယ်။ မနက်လင်းတာနဲ့ ရုံးတက်ဖို့အဆင်သင့်ပြင်ရတာပဲကိုး။ ဟင်းချက်ဖို့ကလည်း အေးတဲ့ရာသီဆိုတော့ လေထုသိပ်သည်းတော့ အညှော်တွေ လုပ်လို့ မဖြစ်ဘူး ဆိုပြန်တယ်။ ဟမ် ဒါဆို ဘယ်လိုဟင်းချက်စားကြလဲဆိုတော့ ဒီလိုပဲ မိုက္ကရိုဝေ့ဖ်ထဲ အားလုံးပေါင်းထည့် ချက်လိုက်တာပဲတဲ့။ ဖြစ်ရလေ…။

ရုံးကိုရောက်ရင်တော့ ကော်ဖီသောက်လို့ရမယ်၊ ဆူရှီတွေ စားလို့ရမယ် ။ တော်သေးတာပေါ့။ ဆူရှီက ဈေးကြီးပေမယ့် နေ့တိုင်းအလကားစားရနည်းလားနော်။ နေ့တိုင်း နှစ်သက်စွာအားပေးတယ်။ ထမင်းစားတော့လဲ ဒီလိုပဲ စုစားကြတာပဲ ။ ရုံးမှာကျမှ ထမင်းအိုးတည်ပြီး ဟင်းချက်တတ်တာကတော့ ယောက်ျားလေး အများစု။ မိန်းကလေးဆိုတော့လဲ သူတို့ ချက်တာ ကပ်စားလိုက်တာပဲ။

ကိုယ့်ကိုယ်ကိုလဲ နိုင်ငံခြားရုပ်ရှင်ထဲ ရောက်နေသလိုပဲ။ ၀တ်ရတာလဲ အထပ်ထပ်။ လူတိုင်းကလဲ ပြေးနေသလို သွားနေကြတာပဲ။ အော်.. ရထားချိန် ကားချိန်တွေက အတိအကျကိုး။ အချိန်နောက်ကို အမှီပြေးနေတာဖြစ်မယ်။ ရာသီဥတုကတော့ မှိုင်းမှုန်ဝေ နေတာပါပဲ။ ဘူတာကနေ ရုံးကို လမ်းလျှောက်ရင်း ချွေးထွက်အောင် လုပ်ရတယ်။ ကားတမှတ်တိုင် စီးဖို့ ရှိပေမယ့် မစီးချင်ပါ။ ဒီလိုလမ်းမလျှောက်ဖြစ်ရင် တနေ့လုံး ရုံးက ကွန်ပျူတာရှေ့မှာ ထိုင်နေရမယ်ဆိုတော့ ဘယ်လိုဖြစ်မလဲနော်။ လျှောက်ပါတယ် နေ့တိုင်း။

ဒီနေ့စနေဆိုတော့ မြို့ထဲက ဈေးတွေ ရှော့ပင်းမောတွေကို ၀င်းဒိုးရှော့ပင် လုပ်ပစ်တယ်။ ၀ယ်တော့မ၀ယ်ပါဘူး။ သူတို့ပိုက်ဆံကို ကိုယ်က ၆ နဲ့မြှောက်ကြည့်နေမိတာကိုး။ ကိုယ့်ဆီမှာလဲ ရှိသားပေါ့ ဒီလိုဟာတွေများ ။ ဈေးသွားသူအချင်းချင်းလဲ မ၀ယ်သေးဘူး အမတဲ့။ နောက်လတွေ လျှော့တော့မှာတဲ့ ။ ခုလဲ လျှော့တာရှိနေတာပဲ ၂၅ ရာနှုန်း ၃၀ ရာနှုန်း တချို့ ၅၀ ရာနှုန်း ဒါကိုတောင် မ၀ယ်နဲ့ဦး လျှော့ဦးမယ်ဆိုပဲ။ စောင့်ကြည့်ရမယ်ပေါ့လေ။
ဥရောပ ရုပ်ရှင်ထဲ ကိုယ်တိုင်ဝင်ရောက်နေသလိုလို

ထူးဆန်းတာကတော့ စနေဆို ပွဲရှိလို့ ထွက်သလားမှတ်ရတယ် လမ်းပေါ်လူအပြည့် ကော်ဖီဆိုင်တွေ လူအပြည့် ။ တနင်္ဂနွေဆို ခြောက်ကပ်သွားပြန်ရော။ အော်.. ဥရောပစတိုင် ဆိုတာ ဒါပဲကိုးးးးးးးးး။ မှတ်သားလိုက်ရပါတယ်။

နောက်တခုက ကျမနေတဲ့ အိမ်နားမှာ ဒီနိုင်ငံရဲ့ ၀န်ကြီးချုပ်နေတဲ့ အိမ်ရှိတယ်။ အိမ်ကလေးက ခပ်ရိုးရိုးလေးနဲ့ သူရုံးတက်ဖို့ လာခေါ်တဲ့ ကားတွေကလည်း သာမန်တွေပါပဲ။ ကျမဖြင့် သူတို့ဝန်ကြီးချုပ်ကို ခုထိတော့ မမြင်သေးဘူး။ ကျမရုံးသွားချိန်နဲ့ သူရုံးတက်ဖို့ လာခေါ်ချိန်ကတော့ အမြဲပဲ တူနေတယ်။ သူတက်တဲ့ ရုံးကလဲ ကျမတို့ ရုံးနားမှာပဲတဲ့။

ဒီမှာတော့ အ၀ါရောင် သစ်ရွက်ကလေးတွေနဲ့ အေးစိမ့်တဲ့ ရာသီနဲ့ ကဗျာဆန်ချင်သလိုလို ရှိနေပေမယ့် အလုပ်က ည ၈ နာရီကျော်မှ ပြန်နေရလေတော့ အိမ်ကခွာလာတာ ၁ လ ကျော်နေပြီ ခုထိ သိပ်မလည်ဖြစ်သေးပါဘူး။ မနက်ဖြန်လဲ နောက်တနိုင်ငံမှာ သင်တန်းတခု သွားတက်ရဦးမယ်လေ။ ပြန်လာမှ ဆက်ရေးဦးမယ်။ ခုကတော့ ဘ၀ဒိုင်ယာရီရေးဖို့ အချိန်မရသေးဘူးဆိုတာ အကြောင်းပြထားတာပါ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, October 20, 2008

ဘ၀ဒိုင်ယာရီ အမှတ် နှစ် ၊ အခန်း (၇)

အခန်း (၇)
ရေတိုက်ပွဲ ဆိုတော့ စိတ်ဝင်စားသူ များလာတယ်။ ခု ပြန်ပြောရတဲ့အခါမှာတော့ သိပ်ကြီးကျယ်တာလဲ မဟုတ်ပဲ လို့ ပြောနိုင်ပေမယ့် အဲဒီအချိန်တုန်းကတော့ ဘ၀နဲ့ချီခဲ့ကြမယ်လို့ ထင်မိတာပဲ။ ရေအသက်က တမနက်လို့တောင် တင်စားကြတာမဟုတ်လား။

ထောင်ထဲမှာ ရေလာချိန်မလာခဲ့ရင် အဲဒီနေ့အတွက် ပထမဆုံးအခက်အခဲက သောက်ရေ မရှိတော့တာပဲ။ ရေလာတဲ့အခါ ရေချိုးမချခင် ပထမဆုံးခေါ်တာ သောက်ရေ ခပ်ထည့်ဖို့ပဲ။ ရေပိုက်ကလာတဲ့ရေကို ရေစစ်တပ်ထားတဲ့ ရေအိုးနဲ့ ဒါမှမဟုတ်လဲ ရေအိုးနဲ့ခံပြီး အခန်း ၁ နဲ့ အခန်း ၂ ရှေ့နားမှာ ချထားတဲ့ ရေချိုးတဲ့စဥ့်အိုးနဲ့ လုပ်ထားတဲ့ သောက်ရေအိုးထဲကို ထည့်ရတယ်။ နောက် ကိုယ့်ဆီမှာ ရှိတဲ့ ဗူးလေးတွေထဲ ဖြည့်ထားပေါ့။ ၃ ခန်းက လူ ၁၂ ယောက် ၁၃ ယောက်ပဲဆိုတော့ အဲလို စဥ့်အိုးမရှိပဲ သောက်ရေအိုးခပ်ကြီးကြီးတလုံးကို အခန်းအထဲက ထောင့်မှာ ထားတယ်။ အဲဒီထဲကိုဖြည့်ထည့်ထား ကိုယ့်ဗူးတွေထဲ ထည့်ထား။ ဒီလောက်ပဲ။ ရေတရက်မလာတော့ရင် အဲဒီသောက်ရေက ပြတ်သွားတာပဲ။ တခါတလေ ညနေထိ မီးလဲမလာတော့တာမို့ ရေလဲမလာနိုင်ဖြစ်တတ်တယ်။ အဲဒီအခါ တန်းပိတ်ချိန်ခဏ နောက်ဆုတ်ပြီး ယောက်ျားထောင်ဖက်က တံခါးနားထိ လာပို့တဲ့ ထောင်ထဲက ရေတွင်းရှိတဲ့နေရာက ထမ်းလာတဲ့ သောက်ရေကို အကျဉ်းသူတွေက သွားထမ်းပြီး သောက်ရေအိုးတွေထဲ ထည့်ရတယ်။


အဲဒီလိုကလဲ တပတ်မှာ အနည်းဆုံးတရက်လောက်ကဖြစ်တတ်တယ်။ ဖြစ်ချင်တော့ တရက် ညနေ တန်းပိတ်ချိန်ထိ ရေမလာပေမယ့် ယောက်ျားထောင်ဖက်ကလဲ ရေထမ်းရောက်မလာဘူး။ ဒီတော့ ၀ါဒါမတွေက သောက်ရေညဖက်အတွက်လောက်တယ် မဟုတ်လား ဆိုပြီးမေးတော့ လောက်ပါတယ် ဆိုပြီး တန်းပိတ်လိုက်တယ်။ ညဖက်မှာ တချို့ ပတ်လည်က လူတွေကို အထဲက လူတချို့က ရေဗူးတွေပေးပြီး ရေဖြည့်ခိုင်းကြတယ်။ အဲဒီအခါမှာ သောက်ရေအိုးထဲမှာ ရေက ညနေကထက် တော်တော်နည်းသွားတယ်။ မနက်တန်းစီ လူစစ် လုပ်ပြီးချိန်ထိတော့ အေးဆေးပဲ ။ ရေက ယူထားတာတွေနဲ့ လောက်နေတုန်းပေါ့။ ထမင်းစားပြီးချိန်မှာတော့ ရေက လုံးဝမရှိတော့ဘူး။ သောက်ရေတွေနဲ့ ပန်းကန်ဆေးလက်ဆေး လုပ်နေကြသူတွေက ရှိနေတာကိုး။ အဲဒီအခါမှာ ခါတိုင်းလို ယောက်ျားလေး ဆောင်ဖက်ကနေလဲ ရေထမ်းကရောက်မလာနိုင်ဘူး။ ထောင်တခုလုံး ရေမလာတာဆိုပဲ။ ဒါနဲ့ သောက်ရေလဲ မရှိတော့ ရေ တထမ်း ၂ ထမ်းလောက်ဖြစ်ဖြစ် ပို့ပေးပါလို့ မိန်းမထောင်မှုးက တောင်းပန်တယ်။ ရေက ၂ ထမ်းရောက်လာတယ်။ ဒီတော့ ဒီရေ ၂ ထမ်းကို သောက်ရေအတွက်ပဲ သုံးပါ။ ဘယ်တော့ ထပ်ရမယ်မသိတာမို့ ရေသောက်ချင်သူက ဒီသောက်ရေအိုးမှာပဲ အ၀လာသောက်ပါ။ မသယ်ပါနဲ့ ။ ပြောထားတယ်။

ဘာ့ကြောင့်ဆို ရေရှားနေချိန်မှာ အဲဒီရေကို ပန်းကန်ဆေး လက်ဆေး လုပ်ရင် ခဏလေးကုန်သွားမှာ မို့ အဲလို ချမှတ်လိုက်တယ်။ ဒီလိုစည်းကမ်းမျိုးကို သီးသန့် အကျဉ်းသူတွေကို ကိုင်ခိုင်းမှ အားလုံးလိုက်နာ မယ်ဆိုတာကိုလည်း ထောင်မှုးမက သိတယ်။ တန်းစီးဆိုရင် လိုင်းဝင်ထားသူတွေကို မျက်နှာနာရမယ် မဟုတ်လား။ ဒီတော့ သီးသန့်သမားတွေထဲက ၂ ယောက်ကို သောက်ရေ အိုးစောင့်ခိုင်းလိုက်တယ်။
ထုံးစံအတိုင်းပေါ့။ သီးသန့် နိုင်ငံရေးအကျဉ်းသူတွေ ထုံးစံ စည်းကမ်းကို သေချာ လိုက်နာတယ်။ ရေသောက်ချင်သူ လာသောက် အ၀သောက် ကိုယ်ဗိုက်ထဲထည့်မယ်ဆို သောက်နိုင်သလောက်သောက် ကြည့်နေတယ်။ ဒီလိုနဲ့ နေ့လည်လောက်ရောက်တော့ ရေက ကုန်ခါနီးဖင်ကပ်လောက်ပဲ ကျန်တော့တယ်။ လာသောက်တဲ့လူတွေကို အရင်လို ခပ်မသောက်ခိုင်းပဲ တယောက်နည်းနည်း သောက်ခွင့်ကို ခပ်ပေးရတဲ့အထိဖြစ်လာတယ်။ ရေကလဲ ထပ်မရောက်လာသေးဘူး။ ရေ ထပ်ရောက်ဖို့ ရှိလား သွားမေးရင်လဲ ထပ်ရောက်ဖို့လဲ မမြင်သေးဘူးလို့ ၀ါဒါမတွေကပြောတယ်။

ဖြစ်ချင်တော့ ဖောက်ချင်သူက တန်းစီးဒေါ်ကြည်အောင် ဆိုတော့ သူက သူ့ရဲ့ လက်တိုလက်တောင်းတယောက်ကို ရေဗူးတခုနဲ့ ရေဖြည့်ခိုင်းလိုက်တယ်။ တကယ်က သူ သောက်ဖို့မဟုတ်ဘူး။ ပန်းကန်ဆေးဖို့လား သစ်သီးဆေးဖို့လား တခုခု လုပ်ဖို့ ခပ်ခိုင်းလိုက်တာ။

အဲဒီမှာ အားလုံး မျှမျှတတသောက်နိုင်ဖို့ ရေစောင့်နေတဲ့ ၂ ယောက်နဲ့ တွေ့တော့တာပေါ့။ ခပ်လို့မရဘူး ပြောတော့ တန်းစီးခပ်ခိုင်းတာ ဆိုပြီး ခပ်မာမာပြောခပ်တော့ ဒီဖက်က ၂ ယောက်ကလဲ အဖုံးကို ဖုံးလိုက်ပြီး သူ့ရေဗူးကို ဖယ်ထုတ်တယ်။ အဲဒီအချိန်မှာ တန်းစီးက သူခပ်ခိုင်းတာမို့ ထည့်ပေးလိုက်ပါလို့ လာစွာတော့တာပေါ့။ ဒီကလဲ အားလုံး တပြေးညီပဲ လုပ်နေတာမို့ ရေသောက်ချင်ရင် သူတို့လိုပဲ ကြိုက်သလောက်ခပ်သောက်သွားပါ။ ဒါပေမယ့် ဗူးထဲကိုတော့ ထည့်ခွင့်မပြုဘူး ဆိုပြီး စကားများတာပေါ့။ တန်းစီးကလဲ သူတန်းစီး အမိန့်ပေးနေတယ်ပေါ့။ ဒီဖက်ကလဲ စည်းကမ်းအရ ပြောတာပေါ့။ အကြီးအကျယ် စကားများပြီး တန်းစီးဖက်ကရပ်တဲ့လူတွေက ၀ိုင်းချဖို့လုပ်ပါလေရော။ ဒီဖက်က လူတွေကလဲ မကြောက်တတ်တဲ့လူတွေဆိုတော့ ချမယ်ဆိုလဲ ချမယ် ပေါ့။ သီးသန့် ၂ယောက်မှာ တယောက်က သိုင်းသမား ။ ကျန်တဲ့လူတွေကလည်း ကိုယ့်လူတွေ ထိတော့မယ်ဆို အကုန်ဝင်ချဖို့ ပြင်ထားပြီးသား။ သီးသန့် ၁၅ ယောက်လောက်နဲ့ တန်းစီးရဲ့ လူရင်း လူမိုက် ၄ ယောက် ၅ ယောက်လောက်နဲ့ပေါ့။ ကျန်တဲ့လူတွေကလဲ ၀ါဒါမတွေ ပြေးပြောသူပြော ။ ကြောက်လန့်တကြားအော်သူအော်။ မြှောက်ပေးသူ နဲ့ ဖြန်ဖြေသူ တွေရဲ့ အော်သံတွေ စကားသံတွေ ဆွဲသံတွေနဲ့ တော်တော့်ကို ရုတ်ရုတ်သဲသဲ ဆူဆူညံညံဖြစ်နေတယ်။

အဲဒီအချိန်မှာ ထောင်မှုးမလဲ မရှိတော့ ၀ါဒါမတွေက သီးသန့်နဲ့ တန်းစီးရန်ပွဲကို မဖြန်ဖြေရဲပဲ လေးတံခါး ပြေးခေါက်တော့တာပေါ့။( မိန်းမထောင် အ၀င်တံခါးကို ခေါ်တာ) ဟိုဘက်က ထောင်မှုးတွေ ၀င်လာတယ်။ ဖြစ်ချင်တော့ အဲဒီဖက်မှာလဲ ထောင်ပိုင်လေး ရောက်နေချိန်ပေါ့။ ရန်ဖြစ်တဲ့လူတွေ ဒီဖက်ခေါ်လာ ဆိုတော့ ထောင်မှုးက ရန်ဖြစ်တဲ့ ၂ဖက်စလုံးကို ဟိုဘက်က ထောင်ပိုင်လေး ရှိနေတဲ့ ထောင်ဆေးရုံတံခါးဝ ထိခေါ်သွားတယ်။ ရန်ဖြစ်တဲ့ အထဲမှာ တန်းစီးကို ထောင်ပိုင်လေးက သိနေပေမယ့် ဒီဖက်က သီးသန့် ၂ ယောက်ကို သူကမသိဘူး။ ဒီတော့ တန်းစီးကို ခံချမယ့် ၂ယောက်ကို ဒါအမိန့်ဖီဆန်တာပဲ ဆိုပြီး ဘာမှ မမေးမစမ်းပဲ လက်ပိုက်စမ်းလို့ ပြော၊ နောက် ကြိမ်သာ ဆွဲ ကိုင်ပြီး ရိုက်ဖို့ ပြင်တာပဲ။ သီးသန့် ၂ယောက်ကလဲ ခပ်မာမာ ၂ ယောက်ဆိုတော့ လက်မပိုက်ပဲ ဘာလို့ ရိုက်ဖို့ပြင်တာလဲ ဘာကြောင့်ဖြစ်တယ် မမေးပဲ ရိုက်လို့ရသလားလို့ ခပ်တည်တည် ပြန်မေးလိုက်သတဲ့။ ဒီတော့ ထောင်ပိုင်လေးက တွန့်သွားတယ် ။ မကြောက်မရွံ့ ပြန်မေးတာမို့ ဘာလိုလူမျိုးလဲ လို့ သတိဝင်သွားပုံပဲ။ နင်တို့က ဘာတွေလဲ လို့ စမေးတယ်။ ကျမတို့က သီးသန့်အကျဉ်းသူတွေပါ ဆိုပြီး ဖြစ်ကြောင်း ကုန်စင် ပြောလိုက်တော့မှ မရိုက်ဖြစ်တော့ပဲ ဒီလိုဖြစ်တာ ရေမရှိလို့ ဆိုရင် ရေအပြည့်ဖြည့်ပေးလိုက် လို့ အမိန့်ပေးလိုက်တယ်။

ရေလာဖြည့်တဲ့ ရေထမ်းတွေကို ပျော်ပျော်ရွှင်ရွှင် ၀င်ထမ်းပေးနေတဲ့ တချို့ကလေးအမေတွေဆို ကျေးဇူးတင်လွန်းလို့ တဖွဖွနဲ့ ၀မ်းသာစကားတွေ ပြောလို့။ ကျန်တဲ့လူတွေလဲ ၀မ်းသာအားရ ရေဗူးတွေ ရေဖြည့်ကြပြီး သီးသန့်တွေကို တိုးတိုးတိတ်တိတ် လာအားပေးလို့ပေါ့။ တန်းစီးကတော့ ထောင်ပိုင်လေးက ဘာမှသူ့ကိုပြောမသွားပေမယ့် သူအရေးနိမ့်သွားတယ်ဆိုတာ သိတော့ စကားတောင် မပြောနိုင်ပဲ ချောင်မှာ ထိုင်နေတာပေါ့။
တကယ်က အစကတည်းက သေချာတင်ပြပြီး ရေတောင်းပေးလိုက်ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ ဒါကို ကြည့်ရင် သူတို့က ထောင်ထဲကလူတွေကို တတ်နိုင်သလောက် ဒုက္ခဖြစ်နေတာကိုပဲ မြင်ချင်နေကြတာလို့ ကောက်ချက်ချလို့ရမယ်။ အဲဒါလဲ နေခဲ့သမျှကာလအတွင်းမှာ ဒီလိုအဖြစ်ဆင်ဆင်တွေ ခဏခဏတွေ့ခဲ့ရလို့ပဲ။

ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို လူတွေလို့ သတ်မှတ်ဖို့ ၀န်လေးတယ်။ သူတို့စားဖို့သောက်ဖို့ ရဖို့ ပဲ စဉ်းစားပြီး တခြားအချိန်တွေဆို လူ့ဂုဏ်သိက္ခာနဲ့ ဆက်ဆံ ဖို့ ၀န်လေးကြတယ်။ လူတယောက်ဖြစ်တယ် ဆိုတာ မေ့လောက်အောင်ကို ထောင်ပုံစံ ပေးကြတယ်။ ဒီတော့ တော်ရုံလူဆို ထောင်တခါကျတာနဲ့ လန့်သွားကြပေမယ့် လူရည်လည်ပြီး စိတ်ဓါတ်အောက်တန်းကျသူတွေက သူများတွေကိုနင်းပြီး ကိုယ့်အခွင့်အရေးကို ယူတတ်တဲ့ ထောင်မကြောက်တဲ့ လူမိုက်တွေ ဖြစ်သွားကြတယ်။ ထောင်ဆိုတာ အကျင့်စာရိတ္တပြုပြင်ပေးတဲ့ စခန်းမဟုတ်တော့ပဲ လူလည်ကျနည်း လူမိုက်လုပ်နည်း တွေ ပိုတတ်လာစေတဲ့ နေရာဖြစ်နေတော့တယ်။ ဒါကတော့ အခြေခံအသိမရှိသူတွေ ဖြစ်သွားတတ်တာပေါ့။

အဲဒီအထဲမှာ ပါခဲ့တဲ့ သီးသန့်အကျဉ်းသူ ၂ယောက်မှာ တယောက်က ရန်ကုန်မှာ နာမည်ကြီး စာအုပ်ထုတ်ဝေရေးတခုကို ထူထောင်ထားနိုင်သူ တယောက်အဖြစ် လက်ရှိအချိန်မှာ တည်ရှိနေပြီး တယောက်ကတော့ အခုအမေရိကန် နိုင်ငံကို ရောက်ရှိနေထိုင်နေပြီဖြစ်ပြီး သူ့အကြောင်းကို တိမ်ရောင်စုံချိန်မှာ(၁)(၂)(၃)(၄)လို့ ကျမက အပိုင်း ခွဲပြီး ရေးသားခဲ့ဖူးတယ်။
(ဆက်ရန်)
ချစ်ခင်စွာဖြင်
ခင်မင်းဇော်

Monday, October 6, 2008

ဘ၀ဒိုင်ယာရီအမှတ် နှစ်၊ အခန်း(၆)

အခန်း(၆)
ကျမနေခဲ့ရတဲ့ ထောင်အခင်းအကျင်းကိုလည်း မျက်စိထဲမြင်အောင် ပြောပြချင်သေးတယ်။ မိန်းမထောင်ကျဆောင်မှာ အခန်း ၁ ၊ ၂၊ ၃ ဆိုပြီး သုံးခန်းရှိတယ်။ ၁ ခန်းမှာ က လူ ၁၀ ယောက်ကျော်ပဲ ထားတယ်။ တကယ့်ကို ပိုက်ဆံပေးနေနိုင်တဲ့ (စီးပွားရေးသမားတွေ အဲဒီအချိန်က ဆန်ကုန်သည်တွေများပါတယ်) လူတွေသာ နေရတယ်။ သူ့မှာ ပျဉ်ပြားတွေကို ကုတင်အကြီးကြီးလို စီရိုက်တားတဲ့ အိပ်စရာနေရာက တခန်းလုံးအပြည့် ရှိနေတယ်။ တခါတလေ အခန်းမှာ လူ ၁၃ ယောက်လောက်ရှိနေရင် တယောက်ကို ပျဉ်ပြား ၂ ပြားခွဲပဲ အိပ်ဖို့ ခွဲတမ်းရလောက်အောင် ကျဉ်းတယ်။

အခန်း၂ က တကယ် ကုတင်ရှိတာကတော့ ၁၂ လုံးလောက်ပဲ ရှိတာပါ။ ကုတင်တွေက ၈ လက်မ အကျယ်လောက် ပျဉ်ပြား ၂ ချပ်ကို အုတ်ခုံနဲ့ တင်ရိုက်ထားတယ်။ ခေါင်းအုံးဖို့ကလည်း အဲဒီ ပျဉ်းပြားပေါ်မှာ ပျဉ်ပြားတုန်းတခုကို အလယ်ချိုင့်ထားတာ ရိုက်ထည့်တာတာပဲဖြစ်တယ်။ ကုတင်တခုနဲ့တခုကြားမှာ ၂ ပေလောက်အကျယ် ရှိတယ်။ အလယ်မင်းလမ်းမကလည်း ၄ ပေလောက်ရှိမယ်။ အဲဒီအောက်မှာပဲ တခြားလူတွေက အိပ်ရတယ်။ အခန်း ၂ မှာကတော့ အယောက်၃၀ ၀န်းကျင် အမြဲရှိတယ်။


ထောင်အခင်းအကျဉ်းကို မြင်သာအောင် ပုံဆွဲပြတာပါ။ အတိအကျတော့ မြေပုံလို မဆွဲတတ်ဘူး။

အဲဒီလို တိုင်တွေနဲ့ပဲ ဆောက်ထားတာ ဖြစ်တယ်။
အခန်း ၁ ကတော့ အကျယ်ကြီးပဲ၊ ခုနလို အုတ်ခုံတွေပေါ်မှာ နှစ်ကြီးကျတဲ့လူတွေကို ပေးထားပြီး ရက်ပိုင်း လပိုင်းကျသူတွေကိုတော့ အောက်ခင်းမှာပဲ အိပ်ရတယ် အဲဒီအခန်းမှာ အနည်းဆုံးအချိန်တောင်မှ လူ ၇၀ ရှိတယ်။ နောက်ပတ်လည် ဆိုတဲ့ နေရာရှိသေးတယ်။ သူတို့ကျတော့ နှစ်နည်းနည်းကျပြီး ပိုက်ဆံနည်းနည်းပေးနိုင်တဲ့လူတွေ နေရတယ်။ သူတို့က ညဖက်ဆို ၁ ခန်း ၂ ခန်း ၃ ခန်းကို အပြင်ကနေ ပတ်ပြီးစကားပြောနေလို့ရတယ်။ အခန်းထဲမှာ နေရသူတွေထက် နည်းနည်းပိုလွတ်လပ်တယ်။ ညဖက် တခန်းနဲ့တခန်း ပေးစရာရှိတာ ဘာညာဆို သူတို့တွေကတဆင့်လုပ်ပေးရတယ်။ အဆောင်ကို ပတ်ထားတဲ့ စင်္ကြန်ပေါ့။ ညလှည့်ကျတဲ့ ထောင်ဝါဒါတွေကတော့ ၁ခန်းရှေ့ဖက် ၁၅ ပေပတ်လည်နေရာမှာ အဆောင်ရဲ့ တခါးမကြီးရှိတဲ့ အခန်းလိုနေရာမှာနေတယ် ။ အခန်းဆိုတာ တခန်းနဲ့တခန်းကိုတော့ ပျဉ်ပြားအပြည့်ကာထားပေမယ့် စင်္ကြန် ပတ်လည် တခုလုံးက သစ်သားတိုင်တွေကို ခပ်ကျဲကျဲ ကာထားတာပဲ။ ဒါမှ အထဲကို လှမ်းကြည့်လိုက်ရင် ဘယ်သူဘာလုပ်နေလဲ အကုန်မြင်နေရမှာလေ။ မီးချောင်းတွေ ပိတ်ခွင့်မရှိဘူး။ ထောင်ကို ညဖက်တွေမှာ မှောင်မနေစေရဘူး။

ထောင်ထဲမှာ အိပ်တဲ့အခါ ခေါင်းအုံးမယူရတော့ ကိုယ့်အ၀တ်အစားလေးတွေကို ကျွတ်ကျွတ်အိတ် ကလေးတွေထဲ ထည့်ပြီး ခေါင်းအုံးတယ်။ တယောက်ကို အ၀တ်အစားအပို ၂ စုံလောက်ပဲ ယူထားခွင့်ပေးတော့ ခပ်ပါးပါး ပဲပေါ့။ စောင်လဲ တယောက်တထည် ယူခွင့်ပေးတယ်။ နယ်ထောင်ဆိုတော့ ထောင်ဝင်စာထွက်ချိန်ပဲ ထောင်ပုံစံဝတ်ရတယ်။ အင်းစိန်ထောင်လိုမျိုးမှာကျတော့ ထောင်ကျဝတ်စုံပဲ နေ့တိုင်းဝတ်ရတယ်။ အပြင်အ၀တ် ၀တ်ခွင့်မရှိဘူး။ ကျမတို့ထောင်ဝင်စာ ၂ ပတ် ၁ ကြိမ်တွေ့ခွင့်ပေးတဲ့ ရက်မှာ ထောင်ကျဝတ်စုံ အဖြူကို ၀တ်ရတယ်။ ထောင်ပိုင်လှည့်တဲ့ တနင်္လာနေ့ မနက်ပိုင်း တန်းစီချိန်ကို ထောင်ဝတ်စုံ ၀တ်ပြီး တန်းစီရတယ်။ ဒီလောက်ပဲ ဆိုတော့ ထောင်ကျဝတ်စုံအဖြူတွေက ဖြူဖြူစင်စင် ရှိပါတယ်။ ခုနောက်ပိုင်းတော့ ထောင်ကျဝတ်စုံက အပြာတွေဖြစ်သွားတယ် ပြောတယ်။ ကျမလဲ သေချာတော့ မသိသေးဘူး။ ဆရာ ဦးဝင်းတင် ထွက်လာတော့ ၀တ်လာတဲ့ ၀တ်စုံအရောင်ဖြစ်မယ်။

အခင်းအဖြစ်ကတော့ မိုးကာသားတွေ ခင်းတာများတယ်။ ကြမ်းပိုးတွေ တက်လာရင် အလွယ်တကူမြင်သာအောင် အရောင်ဖျော့ဖျော့တွေခင်းပြီး တချို့ညတွေမှာ ကြမ်းပိုးစောင့်ဖမ်းကြတယ်။ တခါတလေ ပိုလိုကြမ်းပိုးသတ်ဆေးတွေကို ခိုးသွင်းပြီး ကုတင်ကို ဖျန်းကြတယ်။ အနံ့ထွက်လာတော့ စကားတွေ များကြပေါ့။ နေတာကြာလာတော့လဲ ကြမ်းပိုးကိုက်တာတောင် မသိတော့ဘူး။ အိပ်ပျော်ကြတာပါပဲ။ အများစုက ထောင်ထဲမှာ ၀ဲပေါက်ကြတယ်။ ယားနာတွေ က ယောင်ကိုင်းနေတာပဲ။ ကျမက ကံကောင်းတယ် ပြောရမယ်။ ယားနာလုံးဝမပေါက်ခဲ့ဘူး။ ကျမတို့ထဲက သူငယ်ချင်း ၂ ယောက်ဆိုရင် ထမင်းကိုတောင် လက်နဲ့စားမရအောင် လက်တွေ ယောင်နေတဲ့အထိ ယားနာပေါက်ခဲ့ကြတယ်။

အခန်း ၃ ခန်းရဲ့ နောက်ဖက်မှာ သီးသန့် ကုတင် တလုံးစီနဲ့ အခန်း ၂ ခန်းရှိသေးတယ်။ အဲဒီအခန်းတွေက ကိုယ်မကောင်းသူ ဒါမှမဟုတ် အရူးပုဒ်မနဲ့ ရောက်လာတဲ့ အရူးတွေကို ထားတယ်။ ကျမတို့ရှိနေချိန်မှာ ရောက်လာတဲ့အရူးမကတော့ သိပ်သနားဖို့ကောင်းတယ်။ ရုပ်ရည်က သန့်ပြန့်နေပြီး သူစိတ်ဖောက်ရင် သူ့ကိုဝတ်ပေးထားတဲ့ အ၀တ်တွေ အကုန်စုတ်ဖြဲ ပစ်တတ်တယ်။ ကောင်းနေချိန်မှာတော့ သီချင်းဆိုနေတာ ပဲ ။ သီချင်းဆိုလဲ သိပ်ကောင်းတယ်။
ကျမတို့အုပ်ထဲက သူ့ကို မုန့်သွားပေးနေကျ ကောင်မလေးကို နာမည်မှတ်မိတယ်။ သူ့နာမည်ကို တော့ ခုချိန်မှာ စဉ်းစားမရအောင် ကျမမေ့နေတယ်။ ကျမ သူငယ်ချင်း တယောက်ယောက်နဲ့တွေ့ရင်တော့ သတိရမိမယ်ထင်တယ်။ နောက်ပိုင်း စိတ္တဇဆေးရုံကို ပို့လိုက်တယ်။

အဲဒီထောင်ကျဆောင်နဲ့ အလျားလိုက် ဘေးချင်းကပ်ရက် ၁၅ ပေလောက်အကွာမှာ ရေချိုးကန် ရှိတယ်။ ရေချိုးကန် မှာ ရေတနေ့ ၁ ခါပဲ လာတယ်။ ၃ ပေ ၇ ပေ လောက်ရှိပြီး အနက် ၂ ပေလောက်ရှိတယ် ရေကန်၂ ခုဆက်ရှိတယ်။ ရေလာချိန်မှာ ရေချိုးချတယ်။ ရေချိုးချတဲ့အချိန်မှာ အခန်းလိုက် ဘယ်နှစ်ယောက် အဲလိုခေါ်တယ်။ ၁ ခန်း အယောက် ၂၀ ဆိုရင် အယောက် ၂၀ က ကန်တဖက်စီမှာ တန်းစီရပ်ရတယ်။ ကိုယ်ထမင်းစားတဲ့ ကော်ဇလုံနဲ့ပဲ ရေချိုးရတယ်။ တယောက်ခြောက်ခွက်ဆို ဒါ့ထက်ပိုချိုးလို့မရဘူး။ ရေကန်ဘုတ်ကိုင်က ကန်ထိပ်က တက်ကြည့်နေပြီး သူမကြည်သူကို သေချာ စောင့်ရေတယ်။ ပထမ တခွက်မှာတင်ပဲ တကိုယ်လုံး ရေစိုအောင် လုပ်နိုင်မှ ဖြစ်မယ်။ ၀ုန်းကနဲ လောင်းချိုးလို့မရဘူး။ ကိုယ့် ၆ ခွက်ထဲကပဲ ကိုယ့်အ၀တ်ကိုယ် လျှော်ရတယ်။ ကျမတို့ အဖွဲ့ကတော့ တခါတလေ တယောက်က မချိုးပဲ နေပြီး အဲဒီရေနဲ့ အ၀တ်စုလျှော်ကြတယ်။ ရေလာချိန်အတွင်းမှာ အမြန်ရေချိုးချပြီး တခါတလေ ရေမလာတော့လို့ မချိုးလိုက်ရတဲ့ အခန်းရှိတတ်တော့ အခန်းကိုလဲ အလှည့်နဲ့ခေါ်ရတယ်။ ဒီနေ့ အခန်း၁ ဦးဆုံးဆို နောက်နေ့ ၂ ၊ နောက်နေ့ ၃ အဲလို လှည့်ခေါ်ရတယ်။ ရေခွက်များများချိုးချင်ရင် ရေကန်ဘုတ်ကိုင်ကို လိုင်းဝင်ရတယ်။ တလ ဘယ်လောက်ပေါ့။ ကျမတို့ကတော့ လုံးဝမ၀င်ပဲ လောက်အောင် သုံးတယ်။ နောက်ပိုင်း ရေကန် ကိုင်တဲ့ ဘုတ်ကို အမျိုးသမီးတွေ ရာသီလာချိန်မှာ ရေပိုပေးဖို့ တောင်းဆိုပေးလိုက်တော့ ရသွားတယ်။

ရေချိုးကန်နဲ့ အဆောင်ရဲ့ ထိပ်ဖက် မိန်းမထောင်ဝင်ပေါက်နားမှာ ကျမကိုထားတဲ့ အခန်း၅ ခန်းပါတဲ့တိုက်ဆောင် ရှိတယ်။ တိုက်ဆောင်နောက်ဖက်မှာ ခပ်သေးသေးဘုရားတဆူ ရှိတယ်။ ဘုရားရှေ့မှာ လမ်းက အဆောင်ကို သွားတဲ့လမ်းပေါ့။ လမ်းဟိုဘက်မှာတော့ အုတ်တံတိုင်းအမြင့်ကြီးပေါ့။ ယောက်ျားဆောင်တွေနဲ့ခြားထားတဲ့ အတွင်းအုတ်တံတိုင်း။ အဲဒီအုတ်တံတိုင်းနဲ့ကပ်ရက်က ကျမ ထောင်ထဲဝင်လာတုန်းက လျှောက်ခဲ့ရတဲ့လမ်းပေါ့။ လမ်းနဲ့ ယောက်ျားဆောင် ကြားထဲမှာလဲ စိုက်ခင်းတွေ ရှိတယ်။ ရုံးပတီသီး ချဉ်ပေါင်ရွက် မုန်ညင်း စသဖြင့် ရာသီပေါ်တွေ စိုက်ကြတယ်။

မိန်းမဆောင်ရဲ့ နောက်ဖက်က အုတ်တံတိုင်းကတော့ အပြင်က လမ်းမကြီးနဲ့ ကပ်နေတဲ့ ထောင်ခြံဝင်းထဲက တထပ်ပေါ့။ ထောင်ခြံဝင်းက သံဆူးကြိုးတထပ်၊ အုပ်တံတိုင်းတထပ်ကိုး၊

ကျမ ထောင်ကျတဲ့ ၁၉၉၀ နှစ်ကုန်ပိုင်းမှာ ပုသိမ်မြို့ရဲ့ မိန်းမအကျဉ်းထောင်မှာ သီးသန့် အကျဉ်းသူ ၁၀ယောက် ရှိတယ်။ ကျမ မ၀င်လာခင် တသုတ်ပြန်လွတ်သွားသေးတယ်။ အဲဒီထဲက တနှစ် ထောင်ကျသူရယ် ၇ လ အချုပ်နဲ့ ပြန်လွတ်သူရယ်က တဆယ်ဝန်းကျင်ပဲ။
အဲဒီတသုတ်ပြန်လွတ်သွားချိန်နဲ့ ကျမ ထောင်ထဲရောက်မလာခင် အချိန်ခဏလေးမှာ ရေတိုက်ပွဲ တခု ဖြစ်သွားသေးတယ်တဲ့။ သီးသန့်တွေနဲ့တန်းစီးရဲ့ တိုက်ပွဲပေါ့။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, October 5, 2008

မသေဆုံးမီ ၁၀ ရက် အလို

ခရီးထွက်ရာက ပြန်လာတော့ tag အကြွေးတွေက ၂ ခုတောင် ဖြစ်နေပြီ။ ပထမများကို ရေးထားတော့ ကိုဂျူလိုင်က စီဘောက်မှာ အကြွေးဆပ်ဖို့ လာအော်တော့ သူဘာတက်ထားပါလိမ့် ဆိုပြီး သွားပြန်ရှာဖတ်ရတယ်။ အော် မသေခင် ၁၀ ရက်အလိုလို့ သိရင်တဲ့။

တကယ်က မသေချင်သေးပါ။ ဘ၀ကို တပ်မက်ပျော်ရွှင်စွာ ကျော်ဖြတ်ချင်သူ၊ အတ္တကြီးသူ တယောက်အဖြစ် လူ့ဘ၀မှာ နေတာ နှစ် ၄၀ ၀န်းကျင်ပဲ ရှိသေးတဲ့ ကျမကို သေခြင်းနဲ့ မိတ်ဆက်ပေးဖို့ ကိုဂျူလိုင်က ကြိုးစားတာဖြစ်မည်။ မသေချင်သေးပေမယ့်လဲ သေရမယ့်ဘ၀ နာရမယ့်ဘ၀ အိုရမယ့်ဘ၀ ဆိုတာကို လူအဖြစ်ပိုင်ဆိုင်ထားကတည်းက သိပြီးခဲ့ပြီမို့ တပ်မက်လှတဲ့ လူ့လောကကြီးက ထွက်ခွာဖို့ ရက်အတိအကျကို သိခွင့်ရရင်ဖြင့် အလွန်ပဲကောင်းလှပေသည်။

ကျမအတွက်ကတော့ သိပ်ပြီး တွေးထားတာမရှိပါ။ သူတပါးအပေါ်မှာ ဘယ်တော့မှ မကောက်ကျစ်ခဲ့၊ မလိမ်ညာခဲ့ ဖူးတာမို့ သံသရာ အကြွေးကင်းတယ်လို့ ခံယူထားပြီးသား။ ဒီတော့ကျမသာ သေဖို့ရက်အတိအကျ သိခဲ့ရင် ဒီ ၁၀ ရက်အတွင်းမှာ နေ့တိုင်း တိုင်းပြည်ကို ချောက်ထဲတွန်းချနေသော လူမသမာများ၊ ကိုယ့်ကိုယ်ကျိုးအတွက် သူများဘ၀တွေကို နင်းချေဖျက်နေသော လူ့ဗာလများ၊ ကိုယ်တိုင်လဲ ဘာမှမလုပ်ပဲ လက်တွေ့လုပ်နေသူတွေကို အမနာပ ပြောဆိုရေးသားနေသူများကို နေ့စဉ်ရက်ဆက် သတ်နိုင်သမျှ သတ်ပစ်ခဲ့ဦးမည်သာ။ ဒီ့အတွက် ငရဲကျမယ်ဆိုလဲ ကျေကျေနပ်နပ် ခံယူချင်ပါသည်။ ကျမက ခြင်၊ယင်၊ ပိုးဟပ် ကဲ့သို့သော ကောင်းကျိုးမပေးသည့် အင်းဆက်ပိုးများကိုလဲ အခါအခွင့်သင့်တိုင်း စိတ်ပါလက်ပါ သတ်ပါသည်။

ဒီတော့ ကျမမသေခင် ၁၀ ရက်ကစလို့ စစ်အုပ်စုနှင့်တကွ ကိုယ့်လူသူ့ဘက်သား လုပ်ချင်သူများကို တကောင်ချင်း ကျကျနန သတ်ပစ်ပါမည်။ ဘယ်အဆင့်လောက်ထိ သတ်သင့်သလဲ ဆိုတာကို ခုကတည်းက စဉ်းစားထားမှ တော်ကာကျပေလိမ့်မည်။ တခြားဘာမှကို မလိုချင်တော့ပါ။ ၁၀ရက်အတွင်းမှာ ကိုယ်သတ်ချင်တဲ့ လူများအားလုံး သတ်ခွင့်ရပါစေလို့သာ ဆုတောင်းပေးကြစေချင်ပါသည်။

(ဒီ tag ကိုတော့ ဘယ်သူ့ကိုမှ ဆက်မတက်တော့ပါ... လို့ စဉ်းစားခဲ့သော်လည်း ဘလော်ဂါအသစ်တွေထဲက ရင်းနှီးခင်မင်စွဲရှိသော ညီမတူးတူးသာနှင့် သမီးဆုမွန်တို့ကို လက်ဆင့်ကမ်းလိုက်ပါပြီ။ ရေးပေးကြပါဦးနော်... )

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, October 2, 2008

မှတ်မိသမျှ ပထမများ

ကိုအောင်သာငယ်က tag ထားတယ်ဆိုလို့ သူ့ဘလော့က ပို့စ်ကို သွားဖတ်ကြည့်ရသေးတယ်။ တော်တော်များများက ရေးပြီးနေပြီ။ ခရီးထွက်နေလို့ မအားတာရယ် သူ့ရဲ့ ပထမဆုံးလိုမျိုး ပြန်ရေးနိုင်ဖို့ မှတ်မိအောင် ပြန်လုပ်နေတာနဲ့ နောက်ကျမှ အကြွေးဆပ်ရတယ်။ ဒါတောင် တချို့ကို လုံးဝမမှတ်မိတော့ဘူး။ ဒီတော့ မှတ်မိသမျှ ပထမ များကို ရေးပေးလိုက်ပြီနော်။
ပထမဆုံးရောက်ဖူးတဲ့ဆေးရုံ… ပုသိမ်ပြည်သူ့ဆေးရုံကြီးပေါ့။ ကိုယ့်ကို အဲဒီမှာမွေးတာကိုး။
ပထမဆုံး တက်တဲ့ကျောင်းကတော့ လူမှုဝန်ထမ်းမူကြိုကျောင်းပေါ့။ အသက် ၃ နှစ်မှာပဲ တက်ရတယ်။ စတက် တဲ့ ပထမဆုံးနေ့မှာ ငိုလိုက်ရတာ တော်တော်မောခဲ့တာတော့ ရေးရေးမှတ်မိတယ်။ လိုက်ပို့တဲ့ အဒေါ်တွေက သနားလို့ ပြန်ခေါ်မယ် လုပ်တာကို အမေ့သူငယ်ချင်း မူကြိုဆရာမက အတင်းပြန်ခိုင်းပြီး ခေါ်ထားလိုက်တာတဲ့။ အဲဒီဆရာမကို ၂၀၀၀ ခုနှစ်ဝန်းကျင် သူ ထိုင်ဝမ်က ဗမာပြည်ပြန်လာတော့ ပြန်တွေ့တယ်။ ခုရေးထားတာက သူပြန်ပြောပြတာ။

ပထမဆုံး တက်ရတဲ့ အမက (၂) အစိုးရမူလတန်းကျောင်း သူငယ်တန်းမှာတော့ ကိုယ်က ကျောင်းပါးဝနေတဲ့ ကျောင်းသူအသစ်ဖြစ်နေပြီ။လူမကြောက်တဲ့ စရိုက်ကို မူကြိုက ရခဲ့တာမို့ ကျောင်းရဲ့ကပွဲ ပြိုင်ပွဲ မှန်သမျှ ရှေ့ဆုံးကပေါ့။
ပထမဆုံးရဖူးတဲ့ ဆု… သူငယ်တန်းမှာ (ဘာသာစုံအမှတ်ပြည့် ၃ ယောက်တည်းက တယောက်)

ပထမဆုံးရဖူးတဲ့ ဘာသာရေးဆိုင်ရာဆု .. မင်္ဂလာသင်တန်း တမြို့နယ်လုံးမှာ တတိယဆု ( ၇ တန်းနှစ် နွေရာသီ တလသင်တန်း)
ပထမဆုံး သူငယ်တန်းအတန်းပိုင် ဆရာမ.. ဒေါ်တင်ရီလား ဒေါ်ကျင်ရီလား သိပ်မကွဲတော့ဘူး
ပထမဆုံးသူငယ်ချင်း တွေ တယောက်မှကို မမှတ်မိတော့ပါ။ ကျောင်းတက်တုန်းက သေချာ တွဲတဲ့ သူငယ်ချင်းမရှိ။ ဆယ်တန်းအောင်ပြီးကောလိပ်တက်တော့မှ သူငယ်ချင်းဆိုတာ အတည်ရှိလာတာ။ ရှိတော့လဲ ၇ ယောက် အုပ်စု။ တချို့ အမေရိကား၊ တချို့စင်္ကာပူ။ တချို့ ပြည်တွင်းမှာ နာမည်ကြီး(စီးပွားရေးလောကမှာပါ)

ပထမဆုံး သီချင်းဆိုပြိုင်ပွဲမှာ တတိယ ဆုရခဲ့တယ်။ ၆ တန်းနှစ်ကပေါ့ ။မြတ်ပန်းခွေ ဆိုတဲ့ သီချင်းနဲ့ ၀င်ပြိုင်ဖို့ စင်ပေါ်အသွား ခလုတ်တိုက်လဲကတည်းက ပရိသတ် လက်ခုပ်သံကို ရခဲ့တာလေ။

ပထမဆုံး အရိုက်ခံရတာ ၄ တန်းနှစ်။ ဒေါ်ကြည်ကြည်။ သချာင်္ဆရာမက စည်းကမ်းကြီးတယ်။ ခဲတံ မချွန်ပဲ အတုံးနဲ့ပဲ စာရေးလို့ လက်ဝါးဖြန့်အရိုက်ခံရတယ်။ အဲဒီကတည်းက မှတ်သွားတာ ခုထိ ခဲတံမချွန်ရင် ဘော့ပင် မင်တံထိပ်လုံး မသေးရင် စာမရေးတတ်တော့ဘူး။

သချာင်္ကို ပထမဆုံးစိတ်ဝင်စားစေခဲ့တာ.. ၈တန်းက ဆရာ ဦးလေးမောင် သူ့ကြောင့်လဲ သချာင်္ကို နှစ်တိုင်း ဂုဏ်ထူးထွက်ခဲ့တယ်။
ပထမဆုံးနေဖူးတဲ့ ပြင်ပဆောင်.. ရန်ကုန် စံရိပ်ငြိမ် ၆ လမ်းက အဆောင်ပေါ့။
ပထမဆုံး ရင်ခုန်စေခဲ့သူ.... ၉တန်းနှစ်က ကျောင်းမှာ နာမည်ကြီးထဲကတယောက်။ လက်ရေးသိပ်လှတယ်။ အဲဒီလက်ရေးအတိုင်း ရူးရူးမူးမူး ကျင့်ခဲ့ဖူးတယ်။
ပထမဆုံးရည်းစား… အသက် ၂၀ အရွယ် တတိယနှစ် မှာ။ ကိုယ့်ထက် ၃ နှစ်ကြီးတဲ့ ဆရာဝန်လောင်း တယောက်။ အိမ်မှာ အင်္ဂလိပ်လိုချည်းပြောတဲ့ သူ့မိဘတွေရဲ့ ဆိုရှယ်ကျမှုကို လန့်ပြီး နောက်ဆုတ်ချင်စိတ် ပေါ်ခဲ့တာ။ ခုသူက စစ်တပ်ထဲက ဆရာဝန်ဖြစ်နေဆိုပဲ။

ပထမဆုံးချစ်သူ… ကိုယ့်ထက် ၃ နှစ်ငယ်တဲ့ ဆရာဝန်လောင်းလေး… ။ သူ့မိဘတွေက အရာရှိအရာခံ တွေရဲ့ သမီးမျိုးကိုမှ သဘောကျသတဲ့။ ဒါနဲ့ပဲ ဝေးကွာခဲ့ရတယ်။ ခုချိန်ထိ တခါတလေ အိပ်မက်ထဲပါတတ်တယ်။ သူ့သမီးကို ကိုယ့်နာမည်ပါအောင်သူက မှည့်ထားပေးတယ်။ ကိုယ့်သားမှာတော့ သူ့နာမည်မပါခဲ့ပါဘူး။
ပထမဆုံး ဘုရားသခင်ပေးတဲ့လက်ဆောင် … ခု လက်ထပ်ထားတဲ့ အဲဒီတုန်းက အင်ဂျင်နီယာလောင်း သူငယ်ချင်းပေါ့။ အရာရာသည်းခံတယ်။ အတွင်းသိ အစင်းသိ သူငယ်ချင်းစစ်စစ်။ အဲဒီချစ်သူစစ်စစ်နဲ့ပဲ ခုထိ ဘ၀ကို လက်တွဲမဖြုတ်ပဲ ဖြတ်သန်းနေဆဲ။
ပထမဆုံးရောက်ဖူးတဲ့ မြို့ကတော့ ရန်ကုန်ပေါ့။ ၂ တန်းကျောင်းသူဘ၀က ။
ပထမဆုံး ကိုင်ဖူးတဲ့လက်နက်… လေသေနတ်ပေါ့။ လက်တည့်ဖို့နေနေသာသာ မောင်းတောင် မတင်နိုင်ခဲ့။
ပထမဆုံးသောက်ဖူးတဲ့ သေရည်… ဂျော်နီလမ်းလျှောက် (တရုပ်နှစ်ကူးတိုင်း)
ပထမဆုံး သောက်ဖူးတဲ့ ဆေးလိပ် … ဆေးပေါ့လိပ်ပဲ ၊ ထောင်ထဲမှာ ညဖက် သောက်ကြတာ။
ပထမဆုံး ကစားဖူးတဲ့ပိုကာဝိုင်း…. အဖိုးဆုံးတုန်းက ၊ ၈ တန်းကျောင်းပိတ်ရက်
ပထမဆုံး ရောက်ဖူးတဲ့ နိုင်ငံခြားတိုင်းပြည်…..ထိုင်းနိုင်ငံပေါ့။
ပထမဆုံး ထုတ်ဝေဖူးတဲ့ စာအုပ်… ကဗျာဆရာ အောင်ဝေးရဲ့ ချစ်သူ့မြင်းသည်တော်
ပထမဆုံးရောက်ဖူးတဲ့ ဘလော့…… ကိုယ့်သူငယ်ချင်းအရင်းကြီး မေငြိမ်းဘလော့..
ကိုယ့်ဘလော့မှာ ပထမဆုံးတင်တဲ့ ပို့စ်…….. အကယ်စင်စစ်များနှင့် အချစ်(ကဗျာ)
ပထမဆုံး ကောမန့်ရတဲ့ ပို့စ်…………ချစ်သူ့ဒိုင်ယာရီ
ပထမဆုံးကောမန့်လာပေးသူ ……..ဘလော်ဂါ နာမည်ကြီး ရန်အောင် ပါပဲကွယ်..
ပထမဆုံး အွန်လိုင်းပေါ်က ဘလော်ဂါ ဘော်ဘော်…. စိုးဝှက်
ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် မှတ်မိတာ ရွှေသွေးတေဇ ဒါထက့်နည်းနည်းကြီးလာတော့ ၂ တန်းလောက်က ပထမဦးဆုံးတီထွင်သူများအကြောင်း ထင်တယ် ဖတ်ရတယ်။ စာအုပ်နာမည်မေ့နေပေမယ့် အဲဒီစာအုပ်ထဲက ရော်ဘာတီထွင်သူတွေ ကြယ်သီးတီထွင်သူတွေ ကြွေပန်းကန်တီထွင်သူတွေ မီးသီး တီထွင်သူတွေရဲ့ စွန့်စားရမှု ဇွဲရှိမှု စောင့်စားနိုင်မှုတွေကို သိပ်သဘောကျမိတယ်။ ကိုယ့်ကိုလွှမ်းမိုးတယ်။ ဘာလုပ်လုပ် ဇွဲဝီရိယ ရှိဖို့ အရေးအကြီးဆုံးဆိုတာကို ယုံကြည်ခဲ့တာ အဲဒီကလေးဘ၀ ကတည်းက။

မှတ်မိသလောက်က ရေးချင်တာလေးတွေ ရေးပေးလိုက်တာ။ သိချင်တာလေးတွေ ရှိရင်လဲ ကောမန့်ထဲက ရေးခဲ့ပေါ့ ကိုအောင်သာငယ့်လို နောက်ဆက်တွဲ ထပ်ရေးပေးမယ်လေ။ ထပ်tag ဖို့လဲ လူကုန်သလောက်ဖြစ်နေပြီ။ ဒါပေမယ့်လို့ မောင်ကဒေါင်း တယောက် ကျန်နေသေးသလားလို့ မရေးရသေးတာ။ ရေးပါဦး ကဒေါင်းရေ...

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, September 20, 2008

ဘ၀ ဒိုင်ယာရီ အမှတ် နှစ် ၊အခန်း (၅)

အခန်း (၅)
မီးနေသည် ရဲ့ ကိုတာကိစ္စ တိုင်လိုက်ပြီးတဲ့ နောက်တနေ့မှာပဲ ထောင်ပိုင်ကြီးက ရောက်လာသေးတယ်။ သူက ကျမရဲ့ တိုက်ခန်းကို တိုက်ရိုက်လာပြီး အိမ်တအိမ်မှာ မိသားစုချင်းရန်ဖြစ်တာ မိဘကို မတိုင်ပဲ ဘာလို့ ရ၀တ လူကြီးကို တိုင်ရတာလဲ လို့ လာပြောတယ်။

ကျမကလည်း ထောင်ပိုင်ကြီးနဲ့ ဘယ်လိုပိုင်တယ်ပြောထားတော့ ဘယ်တိုင်ရဲပါ့မလဲ။ ဒါ့ကြောင့် ညွှန်မှုးကို တိုင်တာလို့ ပြောလိုက်တယ်။သူဘာမှ မပြောပဲ ခပ်တည်တည်ကြီးနဲ့ ပြန်သွားတယ်။ ထောင်ပိုင်ကြီးနေရာမှာ ကျမသာဆိုရင် ခုလို လာပြောဖြစ်မယ် မထင်ဘူး။ သူက ဘယ်လို စိတ်ကူးနဲ့ လာပြောတယ်ဆိုတာကို ခုထိ စဉ်းစားမရဘူး။ သူ့သမီးနဲ့ အသက်တူတူလောက် ကျမကို ခုလို လာပြောတာ ကတော့ ထောင်ပိုင်ကြီး ရာထူးနဲ့ မလိုက်သလိုပဲနော်။ တကယ်က သူတို့ရဲ့ စဉ်းစားဥာဏ်တွေက ဒီလောက်အဆင့်ပဲ ရှိနေတာ မို့အဲဒီကတည်းက ငရဲကြီးချင်လဲ ကြီးစေတော့ အထင်မကြီးဖြစ်တော့ဘူး။

မီးနေသည်အတွက် ကိုတာက တလပဲ ပေးတယ်ထင်တယ်။ နောက်ပိုင်း ရက်တွေ စားရတယ်လို့ ကြားပေမယ့် ကျမတိုက်ခန်းရှေ့ဖက်ကနေ သယ်ပို့တာ မလုပ်တော့ဘူး။ ကျမ ထောင်ထဲရှိနေချိန်အတွင်းမှာ ကလေးမွေးတာ ၄ ယောက် ၅ ယောက်လောက်ကြုံဖူးတယ်။ အားလုံး မီးနေသည် ကိုတာကို စားရပေမယ့် နောက်ပိုင်းမှာ နွားနို့မပါတော့ဘူး။ ထောင်မှာလည်း တဖြည်းဖြည်းလျှော့လာတာပါပဲ။ ကျမတို့ ရောက်ခါစက ကုလားပဲ ကျွေးပေမယ့် နောက်ပိုင်း ဘိုကိတ်ပဲ လိုပဲ မည်းမည်းကို ပဲ ပြုတ်ကျွေးတာ မျိုး ပြောင်းလဲ သွားတယ်။ ထောင်ထဲမှာ ကလေးမွေး ထောင်ထဲမှာ ပဲ အဲဒီကလေး သေသွားတဲ့ အကြောင်းလေးကို ကျမ ပို့စ်တခု ရေးခဲ့ဖူးပြီး ခေတ်ပြိုင်အွန်လိုင်း မှာ တင်ဖူးသလို ကျမရဲ့ ဘလော့မှာလဲ တင်ပေးဖူးတယ်။ ဒီမှာ ဖတ်ကြည့်ပါ။

တကယ်က ကျမတို့ တိုင်းပြည်ကြီးကိုက မှားယွင်းတဲ့ လူတွေကြောင့် မှားယွင်းတဲ့ စနစ်ကို ဖော်ဆောင်နေတဲ့ အတွက် ခုလို ဆုတ်ယုတ်လာတယ် ဆိုတာ ထောင်ထဲမှာ ပိုသိသာလာတယ်။

ထောင်ထဲမှာ လူပေါင်းစုံ အဆင့်အတန်းပေါင်းစုံနဲ့ တွေ့ကြုံလာခဲ့ရတယ်။ တဦးချင်းစီရဲ့ ဘ၀တွေ သူတို့ဘာ့ကြောင့် ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့ရတယ်၊ ကျူးလွန်ဖို့ ဖြစ်လာရတဲ့ အကြောင်းစုံတွေကို သေချာ သိရှိလာတယ်။ တချို့ စီးပွားရေး သမားတွေလဲ ထောင်ထဲ ရောက်ခဲ့ရတယ်။ မတည်ငြိမ်တဲ့ ဈေးကွတ်စီးပွားရေးစနစ် မပွင့်လင်းတဲ့ မစစ်မှန်တဲ့ တံခါးဖွင့် စီးပွားရေးစနစ်တွေကြောင့် ထောင်ဆိုတာကို မရောက်သင့်ပဲ ရောက်လာရတဲ့ လူတွေကိုလဲ တွေ့ခဲ့ရတယ်။ ရာထူးအာဏာရှိသူအချင်းချင်း အပြိုင်တိုက်ရင်း ထိုးကျွေးခံလိုက်ရတဲ့ တကယ့် အဆင့်မြင့် ပညာတတ်တွေလဲ တွေ့ခဲ့ရတယ်။ အဲဒီလို လူအမျိုးမျိုး စရိုက်အမျိုးမျိုးတွေကြားမှာ နေထိုင်ရင်း လူကဲခတ်ပညာ အဖြစ် ခိုးတတ်သူစရိုက် လိမ်တတ်သူစရိုက်တွေကို သိလာခဲ့တယ်။ ခုချိန်မှာ သာမန်လူတွေက မသိပေမယ့် သူဘာစကားပြောရင် ဘာဖြစ်တော့ မယ်ဆိုတာ ကြိုတွက်တတ်တဲ့ အချက်တခုကို ကျမက အကျဉ်းထောင်တွင်း ကနေ တတ်ကျွမ်းလာခဲ့ရတယ်။ နောက်ထောင်အတွေ့အကြုံအရ ဘာကိုမှ ကြောက်စရာ မလိုဘူးဆိုတာကိုလည်း ပိုပြီး ယုံကြည်လာတယ်။

နောက်ပိုင်းမှာ ထောင်ထဲက ပုံရိပ်များဆိုပြီး ထူးခြားတဲ့ အမှုဖြစ်စဉ်တွေနဲ့ အကျဥ်းသူတွေ အကြောင်းကို ကျမ ပို့စ်တင်ပေးပါ့မယ်။( ကတိ ပေါ့။ လာမည် ကြာမည် မျှော်….)
…………

အမိန့်ချပြီးရင် အဆောင်ပေါ်ပြောင်းရမယ်လို့ သိထားပေမယ့် တကယ်ကျတော့ တလကျော်ထိ ကျမကို တိုက်ခန်းထဲက မပြောင်းပေးဘူး။ ခါတိုင်းလမ်းလျှောက်ထွက်ချိန် တနာရီပေးထားတာကိုတောင် ခုမရတော့ဘူး။ ရေချိုးချချိန် မှာ ရေချိုးပြီး ပြန်တက်ပဲ။ ဘယ်လိုဖြစ်တာလဲ ဒါ တိုက်ပိတ်အပြစ်ပေးထားတာလား ဆိုတာစိတ်က မခံချင်ဖြစ်လာတယ်။
ဒီလိုနဲ့ပဲ တနင်္လာနေ့တန်းစီချိန်ရောက်လာတယ်။ ကျမကို ဒီတပတ် တန်းစီရင် အဆောင်ပေါ်ကို လာစီပါလို့ အခန်း ၁ က တန်းစီးက လာပြောတယ်။

အဆောင်ပေါ် တက်ချင်သူကျမ

အဲဒီနေ့က ကျမကို အဆောင်ပေါ်ဘာ့ကြောင့် တက်ပြီးတန်းစီခိုင်းတယ်ဆိုတာကို သိလိုက်ရတယ်။ ညွှန်မှုးပါ လိုက်လာမယ်လို့ သတင်းရထားတယ်ဆိုတာကြောင့်တဲ့။ အင်း ညွှန်မှုးလာရင် အဆောင်ပေါ်မတက်ရသေးတာ ပြောမယ်လို့ စိတ်ထဲမှာ တေးထားလိုက်တယ်။

ဒါပေမယ့် တကယ့် တန်းစီလာစစ်တဲ့အချိန်မှာ ထောင်ပိုင်ကြီး ထောင်ပိုင်လေးနဲ့ ထောင်မှုးတွေပဲ လာတာတွေ့တယ်။ ညွှန်မှုးပါမလာဘူး။ မထူပါဘူးဆိုပြီး ကျမကို ဘာ့ကြောင့် ထောင်ကျနေပြီးတာကို အဆောင်ပေါ်မတင်သေးတာလဲ လို့ မေးလိုက်တယ်။ ကျမ မမေးသေးပဲ စောင့်နေတာ တလကျော်နေပြီလို့ ။ ဒါ့ကြောင့် ဒီနေ့ မေးတာပါ။ ကျမ အပြစ်ရှိလို့ တိုက်ဆက်ပိတ်တယ်ဆိုရင် ဘာအပြစ်လဲ အတိအကျ သိချင်ပါတယ်လို့။ သူတို့ ဘာမှ ပြန်မပြောဘူး။ ထောင်ပိုင်ကြီး ထောင်ပိုင်လေး တယောက်မျက်နှာ တယောက်ကြည့်ကာပေါ့။ တိတ်ဆိတ်နေပြီး ခဏနေမှပြန်အကြောင်းကြားမယ်လို့ ဖြေတယ်။ ပြီးတာနဲ့ ဘာတင်ပြဖို့ရှိသေးလဲ လို့ မိန်းမထောင်မှုးက အော်ပြောပြီး မရှိပါဘူးလို့ အော်လိုက်ကြတယ်။ သူတို့လဲ ပြန်သွားဖို့ အဆောင်အပြင်ကို ထွက်သွားတယ်။

မိန်းမဆောင်ကနေ ထွက်တဲ့လမ်းကလေးဘေးမှာ စေတီသေးသေးလဲတဆူရှိတယ်။ စေတီနောက်ဖက်မှာ ကျမနေတဲ့ တိုက်ခန်း ၅ ခန်းတွဲလေး။ အဲဒီဘုရားလေးနားမှာ ထောင်ပိုင်ကြီး ထောင်ပိုင်လေး တိုးတိုး တိုးတိုးနဲ့ စကားပြောနေတယ်။ ပြီးတော့ မိန်းမထောင်မှုးကိုခေါ်ပြီး စကားပြောတယ်။

ထောင်ပိုင်မပြန်သေးတော့ တန်းစီနေတာလဲ မဖြုတ်သေးဘူး။ကျမတို့ သုံးခန်းက နေ ကြည့်နေရင်မြင်နေရတယ်။ အခြေအနေကတော့ စကားတွေ အများကြီးပြောနေတာကို မြင်နေရတယ်။ ခေါင်းတွေ ပူးလိုက် ခွာလိုက်နဲ့။ သိပ်မကြာဘူး ထောင်ပိုင်ကြီး ပြန်ထွက်သွားတယ်။

ထောင်မှုးမ မျက်နှာ စူပုပ်ပုပ်နဲ့ အဆောင်ဖက်ပြန်လာရင်း တန်းစီးကို အော်ခေါ်လိုက်တယ်။ နောက် အကုန်နားစွင့်နေမှန်းသိတော့ အသံကျယ်ကျယ်နဲ့ သုံးခန်းထဲ ထည့်လိုက် လို့ ပြောလိုက်တယ်။ ဒီလိုနဲ့ တန်းစီတာဖြုတ်ချိန် ၁ ခန်း ၂ ခန်းက သီးသန့်တွေ ကျမဆီလာစုတယ်။ နောက်တိုက်ခန်းက ကျမပစ္စည်းတွေ ကူသယ်ရွှေ့ပေးပြီး မသိသေးသူတွေ အချင်းချင်း မိတ်ဆက်လို့ အဲဒီနေ့က မနက်စာ ထမင်းဝိုင်းက စည်းကားလွန်းလို့ ထောင်ထမင်းပြဲမနပ်ကလေးက စားလို့သိပ်ကောင်းခဲ့တယ်။
(ဆက်ရန်)
(စိတ်ရှည်စွာ စောင့်ဖတ်ပေးနေတဲ့ မိတ်ဆွေသူငယ်ချင်းအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ နောက်တပိုင်းက တပတ်လောက် ကြာဦးမယ်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, September 6, 2008

ဘ၀ဒိုင်ယာရီ အမှတ် နှစ် အခန်း(၄)

အခန်း(၄)

တကယ်ကျတော့ အဲဒီနေ့က တိုက်ထဲမှာပဲ နေရတယ်။ နောက်နေ့တွေလဲ တိုက်ထဲမှာ ပဲ ဆက်နေရပြန်တယ်။ ဒါနဲ့ ဒါဟာ ဘာ့ကြောင့်လဲ ဆိုတာကို တွေးမိတော့မှ ကျမ ထောင်ထဲ ရောက်တဲ့ ၂ လအတွင်းမှာ ထောင်ပိုင်ကြီးနဲ့ တခါပြဿနာ တက်တာကို သွားသတိရမိတယ်။
ဖြစ်ပုံက ဒီလိုပါ…..

ကျမထောင်ထဲရောက်ပြီး တလလောက်ကြာတော့ ထောင်ဝါဒါမတွေတင်မကတော့ဘူး ထောင်ရဲ့ ရေပေါ်ဆီလူတန်းစားတွေက ကျမရဲ့ အဆောင်ရှေ့မှာ စတည်းချနေတော့တယ်။ သူတို့ပြောတဲ့ သတင်းပလင်းတွေ နားထောင်၊ နောက် သူတို့ထဲက တယောက်က တချောင်းထိုး ထိုးနေတာတွေ့တယ်။ ကျမက တချောင်းထိုး၊ နှစ်ချောင်းထိုး မှာ ဆရာ တဆူဆိုတော့ ( ကြုံကြွားလေးပါ) ကဲ ဘာထိုးချင်သလဲ လာပေါ့။ အိမ်ကို နမူနာတွေ လှမ်းမှာ၊ တချို့အလွတ်ရသေးတာတွေ ထိုးပြပေါ့။ သူတို့က အပွင့်လှလှတွေကို သိပ်စိတ်မ၀င်စားဘူး။ စာတန်းထည့်တာ နာမည်ထည့်တာလေးတွေပဲ စိတ်ဝင်စားတော့ လွယ်မှလွယ်ကိုး။ အဓိက တန်းစီးနဲ့ ပေးထားကမ်းထားတဲ့ လူတွေပဲ တချောင်းထိုးအပ် ကိုင်ခွင့်ရတာ ဆိုတော့ ကျမနားမှာ ဒီလူတွေ ပဲ ၀ိုင်းလာတာပေါ့။ ကိုယ်ကလဲ အပျင်းပြေတယ်ဆိုပြီး အာရိုက် လေပေါ ဆရာလုပ်ပေါ့။ ကြားထဲ နိုင်ငံရေးတရားကလဲဟောသေး။ ဒီအဆောင်ထဲက သီးသန့်တွေကို ကူညီချင်လာအောင် စည်းရုံးပေါ့။ အထဲက သူငယ်ချင်းတွေနဲ့လဲ ဆက်သွယ်လို့ရပေါ့လေ။

တနေ့တော့ ထောင်ထဲမှာ ကလေးမွေးတယ် ကြားလိုက်တယ်။ ကျမက အဆောင်ပေါ်က လူတွေနဲ့ မသိပေမယ့် နာမည်တွေ နဲ့ ဘာဆိုတာ ဒီမှာ နေ့တိုင်းကြားနေရတော့ တော်တော်ရင်းနှီးနေပြီ။ ထောင်ထုံးစံကတော့ ကလေးမွေးရင် မီးနေသည်အတွက် သပ်သပ်ပေးတယ်။ မီးနေသည် ဟာ နေ့တိုင်း နွားနို့ တခွက်၊ အမဲသား တတုံးရတယ်။ သူ့အတွက် ထမင်းကလည်း ဆေးရုံထမင်းဆိုတော့ နည်းနည်း ကောင်းတာပေါ့။ သာမန်ထောင်ပုံစံထမင်းလာချိန်ပြီးမှ သူ့အတွက်ဆေးရုံက ထမင်းဟင်းနွားနို့လာပို့တယ်။ လာပို့တိုင်း ကျမအခန်းရှေ့က ခုံမှာပဲ လှယ်ယူကြတယ်။ လက်ခံတယ်။ ဒီတော့ နေ့တိုင်း နွားနို့နဲ့ အမဲသားကို တန်းစီးက ယူနေတာ တွေ့နေရတယ်။ မီးနေသည်ကို မပေးပဲ တန်းစီးက ဖြတ်ယူနေတာကို ၀ါဒါမတွေကလည်း ဘာမှမပြောဘူး။ သိသမျှ လူတွေကလည်း တန်းစီးကို မပြောရဲသူတွေ။ ဒီတော့ ထုံးစံအတိုင်း မတရားတာကို လုံးဝ မခံတတ်တဲ့ ဥာဉ်က ဒီနေရာမှာ ထိပ်တိုက်လာတွေ့တာပဲ။

တန်းစီးဆိုတာ ကျမအခန်းကို ညဖက် အဖော်ရအောင် သူ့ကိုငွေပေးထားတဲ့ ချဲမှုနဲ့ကျတဲ့ကောင်မလေးနဲ့ သူ ၂ ယောက် လာအိပ်မယ် ဆိုပြီး မိန်းမထောင်က ထောင်မှုးကို ခွင့်တောင်းပြီး လာအိပ်ပေးနေသူ။ တကယ်က ကျမ ခေါ်တာမဟုတ်ပါဘူး။ သူတို့က ကျမအနေနဲ့ အခန်းထဲမှာ ဘာမှ လုပ်လို့မရအောာင် လာနေတာ ပဲ ဖြစ်မှာပါ။ ဒါမှ မဟုတ်လဲ ထောင်မှုးတယောက်က ကျမ ကို စေတနာ ထားလိုက်တာလဲ ဖြစ်မယ်။

ဒီတော့ နေ့တိုင်း အနီးကပ်တွေ့နေတဲ့ တယောက်ကို ကျမ ဘယ်လိုပြောရမလဲ။ ဒီလိုပြောလိုက်ရင် သိရက်နဲ့ မပြောတဲ့လူတွေ အကုန်ထိမယ်။ မပြောပဲ နေရင်လဲ ကျမပါ သိရက်နဲ့ အလိုတူအလိုပါ ဖြစ်မယ်။ ဒီအကြောင်းပြောဖို့ ဘယ်သူ့ကို တိုင်ပင်ရမယ်မသိဘူးကလဲ ဖြစ်နေသေးတယ်။ နောက်ပိုင်း စဉ်းစားမိတာက ဘာပဲဖြစ်ဖြစ်ပြောလိုက်မယ်လို့ ၊ မီးနေသည် တယောက်အနေနဲ့ သူရသင့်တဲ့ ကိုယ်တာကို သူစားကို စားခွင့်ရရမယ်။ ဒီ့အတွက် ငါဘာပဲ ဖြစ်ဖြစ်ပြောမယ် လို့ ပြင်ဆင်လိုက်တယ်။ ဒီကြားထဲမှာ တန်းစီးက သူယူစားတာကို ကျမ မပြောရဲအောင် ထောင်ပိုင်နဲ့ ဘယ်လိုပိုင်ကြောင်း၊ ထောင်မှုးနဲ့ဘယ်လိုပိုင်ကြောင်း ကျမကို နေ့တိုင်း ပြောနေတယ်။

ဒီလိုနေ့ တနင်္လာ နေ့ တမနက်ကို ရောက်လာတယ်။ တန်းစီးလဲ ကျမအခန်းက ပြင်ဆင်ထွက်သွားပြီး တန်းစီနေပြီပေါ့။ ကျမကလဲ ဘယ်သူလာမလဲ ဆိုတာ မသိပဲ စောင့်နေတာပေါ့။ ဘယ်သူလာလာ ပြောမယ်လို့ စိတ်ကို ဆုံးဖြတ်ပြီး စောင့်နေလိုက်တယ်။

ကံဆိုးချင်သလား ကံကောင်းချင်သလား မသိဘူး။ အဲဒီနေ့က ညွှန်မှုးပါလာတယ်။ ကျမ အခန်းရှေ့မှာ ရောက်တော့ အဆင်ပြေရဲ့လားလို့ မေးနေတဲ့ ညွှန်မှုးကို ကျမကတော့ အဆင်ပြေပါတယ် ဘဘရယ် ။ ဒါပေမယ့် ဆိုလိုက်တာနဲ့ မိန်းမ ထောင်မှုးက မျက်နှာပျက်သွားတယ်။ ကျမကလဲ မသိချင်ယောင်ဆောင်ပြီး ကလေးမွေးတဲ့ မီးနေသည်တယောက် သူ့ရဲ ကိုယ်တာကို မစားရပဲ အဲဒီကိုတာကို တန်းစီးဒေါ်ကြည်အောင်က နေ့တိုင်းယူပြီး စားလိုက်ကြောင်းနဲ့ သူယူချိန်တွေမှာ ၀ါဒမ ဘယ်သူ ဘယ်သူတွေ သိပါတယ် ရှိနေပါတယ် ဆိုတာ အမြန်ဆုံးနည်းနဲ့ မရပ်မနားပြောချလိုက်တယ်။ ဒါ လုံးဝမဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ တခုခု လုပ်ပေးပါလို့ ပြောလိုက်တယ်။

ကျမ ပြောနေချိန်မှာ ထောင်ပိုင်ကြီးမျက်နှာက ဒေါသထွက်နေပုံရပြီး တချို့ ထောင်မှုးတွေမျက်နှာက ပြောရဲလိုက်တာ ဆိုတဲ့ မျက်နှာပေးမျိုး ရှိနေတာကို တွေ့ရတယ်။ ထုံးစံအတိုင်း ကျမကတော့ ဘာမှမသိတဲ့ ဗလာ မျက်နှာပေး သုံးပေးထားလိုက်တယ်လေ။ စိတ်ထဲမှာတော့ မှတ်ပြီလားပေါ့။

ညွှန်မှုးက ကျမစကားဆုံးတော့ ဒါ့ကြောင့်လဲ နင် ထောင်ထဲ ရောက်လာတာတဲ့။ ဒီစကားမှတ်ချက်ထားပြီး ထွက်သွားပါလေရော။
သူတို့တွေလဲ လေးတံခါးရဲ့ ဟိုဘက်ခြမ်းရောက်သွားရော ကျမလဲ ပြင်ဆင်ထားလိုက်တာပေါ့ ၊ တန်းစီးနဲ့ ထိပ်တိုက်တွေ့ရတော့မယ်လေ။ မိန်းမထောင်မှုးက တန်းစီးမှ တန်းစီးဆိုတော့ ပြန်ပြောမှာ စိတ်ချပြီးသား။ ဒါပေမယ့် တော်တော်ကြာထိ ရောက်မလာဘူး။ ကျမလဲ အခန်းထဲမှာ လှဲနေတာပဲပေါ့။ သိပ်မကြာခင်မှာ ထမင်းပုံး လာပို့သံကြားတယ်။ လူတွေ ထမင်းတန်းစီနေချိန်မှာ ခါတိုင်းလိုပဲ ကျမအတွက် ထမင်းကို တန်းစီက ခံပေးဖို့ ဇလုံလာယူတယ်။ ထမင်းဇလုံလာပေးပြီး ကျမအခန်းဝကနေ ငါ မီးနေသည်ရဲ့ နွားနို့ ယူသောက်တယ်လို့ တိုင်တယ် ကြားတယ် တဲ့။ ကျမကလည်း ဟုတ်တယ် ကျမတိုင်လိုက်တာလေ လို့ ခပ်တည်တည်ပဲ သူ့ကိုစေ့စေ့ကြည့်ပြီး ပြောလိုက်တယ်။ သူ မျှော်လင့်ထားပုံက ကျမကငြင်းလိမ့်မယ်။ အဲဒီအခါကျ သူက ပြောတဲ့သူ ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ ကျမကို ရှေ့တည့်တည့်ထားပြီး ဗျင်းမယ်ပေါ့။ ဒါပေမယ့် ကျမက တည့်တည့် ပြောလိုက်တဲ့အခါ သူ့မျက်နှာပျက်သွားပုံများကတော့ မျက်စေ့ထဲ ခုထိမြင်ယောင်နေပါတယ်။ ဘာမှကို စကားမပြောနိုင်တော့ပဲ ထွက်သွားလိုက်တာ အဲဒီညက စပြီးသူလဲ ကျမအခန်း လာမအိပ်တော့ဘူး။ ကောင်းတာပေါ့။ ကျမလဲ သူတို့ လာအိပ်နေတာ စိတ်ကျဉ်းကျပ် နေတယ်လေ။

သူတို့ မရှိတဲ့နေ့က စပြီး ညဖက်တွေမှာ အဆောင်ထဲကို စာတွေရေးလို့ရတယ်။ ကျမ အဖြစ်အပျက်ကို တောင် စာရေးပြီး နောက်နေ့ အမှိုက်ကောက်ထွက်တဲ့ အထဲက ခါလာကြီးလို့ ကျမတို့ခေါ်တဲ့ အဖွားကြီးနဲ့ ပေးလိုက်သေးတယ်။ ကျမအတွက်တော့ အဆိုးထဲက အကောင်းပဲခေါ်မလား မသိပါဘူး။ ပြီးတော့ ကျမက သရဲတို့ ဘာညာဆိုတာ လုံးဝ မယုံကြည်သူ။ ဘုရားရှိခိုး ပြီး သမ္ဗုဒ္ဓေ ရွတ်အိပ်လိုက်ရင်ပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီးသား ဖြစ်သွားသူ ဆိုတော့ ဘာပဲ ဖြစ်လာလာ ကောင်းတာပဲပေါ့။ ထောင်ဝါဒါမတွေလဲ ကျမရှေ့မှာ ထောင်ဝင်စာ ရှာဖွေရင်း နှိုက်တဲ့အခါ အရင်လို အတင်းအကျပ် နှိုက်တာ မတွေ့ရတော့ဘူး။ ဟဲ့ ဒါ လေး ငါ့ကို နည်းနည်းကျွေး ဆိုတဲ့ လေသံမျိုးတွေ ပြောလာတယ်။ အဆောင်ပေါ်က ဘော်ဒါတွေကလည်း တန်းစီးက သူတို့ကိုပါ တင်းနေတယ်။ စကားမပြောဘူးလို့ စာပြန်တယ်။ ကျမကိုလည်း အဲဒီနေ့ကစပြီး မခေါ်ဘူးလေ။

ထောင်ထဲမှာတော့ အဲဒီလိုပါပဲ။ ထောင်ကျအချင်းချင်း ပြန်နှိပ်စက်ခိုင်းထားတာ များပါတယ်။ ၀ါဒါမတွေက ထမင်းစားခါနီးရင် သူတို့ပန်းကန်ထဲကို ဟင်းထည့်ပေးဖို့ အခန်းတွေက တန်းစီး ဒါမှမဟုတ် သူတို့ စိတ်ကြိုက်သူတို့ကို ပြုစုဖို့ ရွေးထားတဲ့ အကျဉ်းသူတယောက်ကို ထမင်းစားဝိုင်းတွေ လှည့်ခိုင်းတာပဲ။ ကောင်းတဲ့ ၀ိုင်းက ဟင်း သူ့ထမင်း ပန်းကန်ထဲ ထည့်ပေးရတယ်။ သူတို့လဲ ထောင်ကျနေသူတွေလိုပဲ ထောင်ထမင်း စားတယ်။ နောက် အကျဉ်းသူတွေရဲ့ ထောင်ဝင်စာ စားတယ်။ ထောင်ကျနေသူတွေနဲ့ ခြားနားတာက အပြင်ကို အချိန်ပိုင်းအလိုက် ထွက်လို့ရတယ်။ ဒီလောက်ပါပဲ။

သူတို့ကို သူတို့ရဲ့ ဘ၀အဲဒီလိုပဲ လို့ ကျမက စကားပြောရင်း စီစစ်ပြလိုက်တော့ ငိုင်သွားကြတယ်။ ထောင်အုတ်ရိုးထဲမှာ နေရင်း သူတို့ အသားအရေတွေက ခပ်ခြောက်ခြောက်ဖြစ်နေတာ၊ နောက် သူများပစ္စည်းအလကား လိုချင်နေတာ။ သူတို့ စကားပြောရိုင်းနေတာတွေကို သေချာ ထောက်ပြလိုက်တဲ့အခါ အပြင်က လူတွေနဲ့ သူတို့ ကွာခြားချက်ကို သတိပြုမိသွားတော့တယ်။

ကျမတို့ ရှိနေစဉ်မှာ ထောင်တွင်းကို ထမင်းဖြူခိုးသွင်းမှုတွေ တခြားသူ တိုင်လို့ ပြဿနာ တွေဖြစ်သေးတယ်။ တကယ်လဲ ထမင်းအဖြူ ခိုးရောင်းတာ လူတိုင်းသိနေတာပဲ။ စစ်ဆေးရေး လုပ်မယ်ဆိုတော့ ဟိုဘက်ဒီဘက်သက်သေတွေ ထည့်ကြတော့ ကျမတို့ သီးသန့်တွေကို ထည့်ခွင့်မပေးဘူး လုပ်သေးတယ်။ ကျမတို့က ကျမတို့လဲ ဖြေမယ် အတင်းပြောတော့ ကျမကို မထည့်ဘူး သိလား။ နောက် သဘောထားပျော့ပြောင်းတဲ့ အမ တယောက်ကို ဖြေခွင့်ပေးတယ်။ ဒါပေမယ့် အဲဒီအမကလည်း သူဘယ်လိုမြင်တယ် ဆိုတာ ခပ်တည်တည်ပဲ ဖြေခဲ့လို့ တဖွဲ့လုံးကို စကားမပြောတဲ့ အထိလဲဖြစ်ဖူးတယ်။ ဒါကလည်း မဆန်းပါဘူး။ ဒီလူနဲ့ဒီလူ မိန်းမထောင်ကျဉ်းကျဉ်းလေးထဲ နေ့တိုင်းတွေ့နေတော့ ကျမတို့က မခေါ်လဲ နေနိုင်ပေမယ့် သူတို့ကတော့ တလ ဆိုတာ အရမ်းကြာတယ်ထင်နေပြီး လာစ ခေါ်ကြတာပဲ။ သူတို့လာခေါ်တော့လဲ စကားပြောလိုက်တာပါပဲ။ ကျမတို့က သူတို့ကို မုန်းလို့မှ မဟုတ်တာ။ ကိုယ့်တာဝန်ကို ကျေပွန်အောင်ထမ်းရွက်ချိန်မှာ မတရား ဖိနှိပ်တာ တာဝန်ထက်မကတဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ် နှိပ်စက်တာမျိုးတွေကို မလုပ်သင့်တာ လို့ နားလည်စေချင်တာမို့ ထောက်ပြရတာပဲမဟုတ်လား။
(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, September 4, 2008

လက်ရှိကိုယ့်ရဲ့ ဆန္ဒများ

ဘလော့လောကထဲမှာ ကောက်ရတဲ့မောင်တွေ ညီမတွေနဲ့ ပျော်ရွှင်ရတဲ့ အထဲမှာ ဒီလို တက်ဂိမ်း ယဉ်ကျေးမှုကလဲ ရင်းနှီးချစ်ခင်ဖွယ် မဟုတ်လား။ ဒီတော့လဲ ကိုယ့်ကို ပြန်လည် တာဝန်ပေးတော့လဲ တာဝန်ကျေရမှာပေါ့လေ။ ကိုဂျူလိုင်ရေ... ရေးလိုက်ပြီနော်...

ကိုယ့်ရဲ့နာမည် - ခင်မင်းဇော်
ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ကေကျု့၊ သည်းလေး၊ တရုပ်မ
ကိုယ်ဒီမှာနေတယ် - Home Sweet Home
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - မေးလ်ပို့ဆက်သွယ်လိုက် ၊ ပို့ပေးမယ်

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက

အရောင်ဆိုရင် - အဖြူရောင်။
အ၀တ်အစားဆိုရင် - ချည်သားစစ်စစ်
အစားအစာဆိုရင် - အသုပ်စုံ၊ ဘာပဲ သုပ်သုပ် ကြိုက်တယ်။
ပစ္စည်းဆိုရင် - အကောင်းဆုံး တံဆိပ်နဲ့သာ
သီချင်းဆိုရင် - ချိုပြုံးသီချင်းတွေ
စာရေးစာဆရာ - အများကြီးပဲ။
စာအုပ် - ဖတ်လို့ကောင်းတာ အကုန်ဖတ်တာပဲ။
Life style – တက်ကြွလှုပ်ရှား။

ကိုယ့်ရဲ့ဝါသနာ - ရှော့ပင်ထွက်ခြင်း(စိတ်ညစ်နေရင်တောင် စိတ်ပျော်သွားစေတယ်)
အလိုချင်ဆုံးလက်ဆောင် - ဆန်းပြားတဲ့ အီလက်ထရောနစ် ပစ္စည်းလေးတွေ
ကိုယ့်ရဲ့ အချစ်ဆုံးသူက - ကိုယ့်ရဲ့ တဦးတည်းသော သား
ကိုယ့်ရဲ့ အလေးစားဆုံးသူက - မရှိသေး
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - ကိုယ့်ခင်ပွန်း
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - ကိုယ်ကိုယ်တိုင်
ကိုယ့်ရဲ့ အမုန်းဆုံးသူက - ကပ်ဖားရပ်ဖားများ
ရင်အခုန်ဆုံးအချိန် - ဟိဟိ
အကြောက်ဆုံးအချိန် - ကိုယ်ယုံကြည်သူက သစ္စာဖောက်မှာ
အပျော်ဆုံးအချိန် - မရှိသေး
အမှတ်တရနေ့ - သားကိုမွေးတဲ့နေ့
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု - လိုတရ ရပါလို၏

အချစ်ဆိုတာ - ချစ်တာတခုတည်း
အမုန်းဆိုတာ - ပြန်ကို မကြည့်ချင်တော့တာ
အလွမ်းဆိုတာ - သတိရတာထက် ပိုတဲ့အရာ
သံယောဇဉ်ဆိုတာ - အချစ်မဖြစ်သေးခင်
ဘ၀ဆိုတာ - လှုပ်ရှား ရုန်းကန်ရာ
သူငယ်ချင်းဆိုတာ- ရင်ဖွင့်ဖော် ရင်ဖွင့်ဖက်၊ အားပေးဖော်အားပေးဖက်
ချစ်သူဆိုတာ - အေးအတူပူအမျှ

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - နောက်ကျောကို ဒါးနဲ့မထိုးတတ်သူ
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

အပြောချင်ဆုံးစကားတစ်ခွန်း - ကိုယ်မလုပ်နိုင်တာ မပြောနဲ့။

ထုံးစံအတိုင်း ကိုယ်ကလဲ ဆက် tag ဖို့ ရှိနေပါတယ်ကွယ်။
ကိုယ်ဆက်တက်ချင်တဲ့ ဘလော်ဂါများကတော့...
ကိုဂျူလိုင်လိုပဲ ဘလော့လောကထဲက ကောက်ရထားတဲ့ ချစ်ညီမများတူမလေးများ ဖြစ်တဲ့

ချစ်တဲ့ ...
ကေသွယ်
ဂျစ်တူး
ပန်ဒိုရာ
စိုးဝှက်
ခွန်မြလှိုင် ...
တို့နဲ့တကွ ဘလော်ဂါ လက်သစ်ပေမယ့် အားပေးသူ များနေသော ချစ်တဲ့
ညီမချိုသင်း တို့ကို လက်ဆင့်ကမ်း ပေးလိုက်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်..........။
(ရေးပေးကြနော်။ခြောက်ယောက်ကြီးများတောင် တက် ထားတာ ...)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, September 2, 2008

Myanmar Blogger Society ဆိုတာ..


ဘလော်ဂါ ဆိုဆိုက်တီး ဆိုတာ ဒီလိုလူတွေ က ဦးဆောင်နေတာလား

ကျမအနေနဲ့ ဘလော့ရေးနေပြီး ဘလော့မိတ်ဆွေတွေနဲ့ ခင်ခင်မင်မင် ဆက်ဆံတတ်တဲ့အတွက် MBS ကိုဝင်ဖို့ သူတို့ဖိတ်တဲ့ ဖိတ်စာ အစောင် တော်တော်များများဝင်လာတယ်။ နောက် ဘလော်ဂါ ကိုအောင်သာငယ်က ပို့စ်တင်လိုက်တယ် ။ သူလဲ ၀င်လိုက်တယ် ဘာညာပေါ့။ ဒါနဲ့ငါလဲ ၀င်လိုက်ပါဦးမယ်။ ဘလော်ဂါချည်းပဲ ဆိုတော့ စုစုစည်းစည်းရှိတာပေါ့ ဆိုတဲ့ အတွေးနဲ့ပေါ့။ ၀င်ပြီး သိပ်မကြာဘူး။ MBS ဆိုတာမှာ ဘလော့ရေးသူပဲ ရှိရမယ်တို့ ဘလော့ဖတ်သူလဲ ပါရမယ်တို့နဲ့ စကားတွေ များကြ။ ဘန်းတာတွေ ဘာတွေ ဖြစ်လာကြ။ ဒီမှာ တော်တော်စိတ်ကုန်လာတယ်။ တချို့ကိုဘာလို့ဘန်းပါလိမ့်ပေါ့။ အဲလိုခံစားလာရတယ်။ ဖတ်နေရင်းနဲ့ တချို့ နေရာတွေမှာ ကိုယ်ပါ ငြင်းခုန်ချင်လာတယ်။ ဒါပေမယ့် ကိုယ်က ပွဲဆူအောင် လုပ်တာမျိုး၊ ကိုယ့်အချင်းချင်း စကားများတာမျိုးဖြစ်မှာ စိုးလို့ ဆင်ခြင်ခဲ့တယ်။ ဒါနဲ့ ထွက်တော့မယ် လုပ်တော့ ထွက်တဲ့ leave button မတွေ့တော့ဘူး။ မယ်လိုဒီမောင်ကိုလဲ မေးတယ်။ မရှိတော့ ဘူးဆိုတော့ ဘယ်လိုလုပ်ရမလဲပေါ့။ ပင့်ဂိုလ်းကိုလဲမေးတယ်။ သူတို့က အန်တီ မထွက်ပါနဲ့ပေါ့။ ဘာလို့ထွက်ရတာလဲပေါ့။ အင်း အစကတော့ ဘလော်ဂါချည်းပဲ ဆိုလို့ဝင်လိုက်တာ။ နောက်ပိုင်း စိတ်ရှုပ်လာလို့ လို့ ဖြေလိုက်တယ်။

ဒီကြားထဲ ဘလော်ဂါတယောက်က သူထွက်လိုက်ပြီလို့ မေးလ်ပို့လာတယ်။ ထွက်တဲ့ဘော်တွန်လေး ရှိနေတုန်း သွားထွက်ထာလိုက်ပါလား ဆိုတဲ့ မေးလ်ကို သူပို့ပြီး နာရီပိုင်းအတွင်း ၀င်ကြည့်ပေမယ့် ထွက်တာက ကိုယ့်စာမျက်နှာမှာကို မရှိဘူး ဖြစ်နေတယ်။ ကိုယ်ကလဲ မအားတာနဲ့ နေဦးပေါ့။


ဒီလိုနဲ့… ဒီနေ့ပေါ့…
အလုပ်လဲမအား၊ ကိုယ့်ဘလော့လဲ ပို့စ်မတင်နိုင်၊ ဘလော့လဲ မလည်နိုင်တဲ့ ရက်ကလေးကို လွန်လိုက်တာနဲ့ ချက်တင်မှာ ပင့်ဂိုလ်းနဲ့ တွေ့တယ်။ အန်တီ ထွက်ချင်တယ် ထွက်တဲ့ ဟာလေး ရှိနေပြီလားလို့မေးတယ်။ သူက ဘန်းပေးလို့ရတယ် တဲ့။ အန်တီ ဘန်းတာ မလိုချင်ဘူးလို့၊ ဘန်းတယ် ဆိုတာ အပြစ်တခုခု လုပ်လို့ ဘန်းတာ၊ အန်တီက ကိုယ့်ဖာသာ ထွက်ချင်တာမို့ အဲဒီဘော်တွန်လေးတော့ ပြန်တပ်ပေးပါလို့ ပြောပေးပါ ဆိုပြီး ပြောလိုက်တယ်။ သူကလဲ အိုကေပါရှင်လို့ ပြန်ပြောသွားတယ်။ အဲဒီအချိန်က ထိုင်းစံတော်ချိန် ညနေ ၅နာရီ ၃၃ မိနစ်။

ဒါနဲ့ နေလိုက်ရင်း နောက်တယောက်နဲ့ချက်ဖြစ်တော့ သူ့သူငယ်ချင်း က ခုပဲထွက်လိုက်တာတဲ့ ။ ရှိပါတယ်တဲ့ သေချာရှာပါဆိုပြီး သူ့သူငယ်ချင်းက ပြောတာ လာပြောလို့လော့အင်လုပ်ပြီးဝင်လိုက်တော့ ဘန်းထားတာကိုတွေ့တယ်။ ပင့်ဂိုးလ်ကို ကြည့်လိုက်တော့ ရှိနေသေးတာနဲ့ အန်တီ့ကိုဘန်းထားပါလား။ အန်တီ က ကိုယ့်ဖာသာထွက်ချင်တာ ဘန်းတာ မကြိုက်ဘူးလို့ ပြောထားတယ်လေ ဆိုတော့ ကိုစိုးမင်း ဘန်းလိုက်တာတဲ့။ ကိုစိုးမင်းဆိုတာ ဘလော်ဂါလားဆိုတာ့ ဟုတ်တယ်တဲ့။ ဒါဆို သူ့ဘလော့လင့်ပေးပါ ဆိုတော့ လိပ်စာ မေ့နေတယ်တဲ့။ အန်တီ့ကို ဘန်းတာတော့ မတရားဘူးလို့တောင် ပြောဖြစ်လိုက်တယ်။ ချက်တင်က အချိန်ကိုကြည့်လိုက်တော့ ၆ နာရီ ၁၈ မိနစ်။

ကဲ ဒါနဲ့ ခုန ဘန်းခံထားရတဲ့နေရာမှာ မက်ဆေ့ခ်ျ ပေးလို့ရတယ်ဆိုတာနဲ့ ဘာလို့ဘန်းတာလဲ။ ကျမက ကိုယ့်ဖာသာပဲထွက်ချင်တာ လို့ ရေးပြီး ပို့လိုက်တယ်။
နောက် ကျမအီးမေလ်ထဲကို စိုးမင်းဆိုသူပို့လိုက်တဲ့ မေးလ်တစောင် ၀င်လာတာက
ခင်ဗျား ဝင်မှာလား ထွက်မှာလား။ တစ်ခွန်းပဲပြော။ ထွက်မယ်ဆိုရင် လော့ခ် အင်လုပ်မကြည့်နဲ့တော့။

တော်တော်အံ့သြသွားတယ်။ အဖွဲ့အစည်းတခုကို ဒီလိုလူမျိုးက ဦးဆောင်မတဲ့လား။ ဘယ်လိုမှ စဉ်းစားမရတော့ဘူး။ ဒါနဲ့ ဒီမေးလ်ကို ထွက်ချင်တယ်လို့ ပြောခဲ့ဘူးတဲ့ ဘလော်ဂါတွေကို ပို့ပေးလိုက်တယ်။ ဒီလို ဆက်ဆံတယ်ဆိုတာ ပြောမယုံ ကြုံဖူးမှ သိမယ်လို့။

ဒီလို နက်ဝပ်တခုကို ဒီလိုလူတွေက ဦးဆောင်တည်ဆောက်မှာလား၊ ခုလိုဆက်ဆံတတ်သူတွေကို ဘယ်လောက် ယုံကြည်ရမလဲ။ အဲဒီ Leave Button ဆိုတာ ပြန်ထည့် မရဘူးဆိုတာ ဟုတ်သလား။ သိပ်သိချင်တဲ့ မေးခွန်းပါပဲ။
ဖြေနိုင်သူတွေ ဖြေပေးကြပါရှင်။

(ချစ်ခင်စွာဖြင့်)
ခင်မင်းဇော်

ဘ၀ဒိုင်ယာရီ အမှတ် နှစ် အခန်း(၃)

အခန်း(၃)

ပုံစံ )))))))………
တော်တော်ကျယ်တဲ့ အော်သံကြောင့် လန့်တောင်သွားတယ်။
အဆောင်တခုလုံးလဲ တိတ်ဆိတ်သွားတာပဲ။
ဘာတင်ပြစရာ ရှိသေးလဲ .. မရှိပါဘူး ဆိုတဲ့ အသံ တွေ ကြားရပြီး ကျမအဆောင်ဖက်ကို လမ်းလျှောက်လာသံတွေ ကြားရတယ်။
ကျမလဲ ထိုင်နေရင်း အပေါက်ဝကို ကြည့်လိုက်တော့ အပွင့်တွေ အများကြီးပါတဲ့ ထောင်အရာရှိတွေ အများကြီး အုံနေတာပဲ။ ကျမ အခန်းတံခါးဝမှာ ရပ်ပြီး ဘာလိုလဲ အဆင်ပြေလား မေးနေတဲ့ တယောက်ကို ညွှန်မှုးလို့ ခေါ်သံကြားတယ်။ ကိုယ်ကလဲ ဘာမှ မသိသေးတော့ ခုတော့ ဘာမှ မလိုသေးဘူးလို့ ပြောလိုက်တယ်။

ခုလို တန်းစီပြီး လာစစ်တာ တနင်္လာနေ့တိုင်း ဖြစ်တယ်။ နောက် လာစစ်တဲ့ အထဲမှာ ပါတဲ့ ထောင်ဆရာဝန်က ကျမတို့ အိမ်ရှေ့အိမ်က ၊ ကျမကလေးဘ၀ကတည်းက ကျမကို ချီပိုး ထိန်းလာသူ။ ကျမနာမည်ကို နောက်က လေးတလုံး ထည့်ပြီးခေါ်နေကျ ဆိုတော့ ထောင်ထဲက တိုက်ခန်းထဲမှာ သူ ကျမကိုတွေ့လိုက်ရတော့ မျက်နှာ မကောင်းဘူး။ ညွှန်မှုးကို မိတ်ဆက်ပေးနေသေးတယ် ကျမအကြောင်း ... ငယ်ကတည်းက ဘယ်လိုစွာတယ် ဆိုတာကို။ ညွှန်မှုးကလည်း ရယ်လို့ မောလို့ ။ ထောင်ပိုင်ကလည်း သေချာကြည့်နေလို့။ တကယ်က ထောင်ပိုင်ကြီးရဲ့ သားနဲ့ သမီးက ကျမနဲ့သိတယ်။ သူတို့ ကျမဆိုင်မှာ လာဝယ်နေကျ။ သူ့အဖေဖြစ်တဲ့ ထောင်ပိုင်ကတော့ မသိဘူးပေါ့လေ။ ဒီလို လူတွေအများကြီးက ကိုယ့်ကို ပွဲတော်လို လာကြည့်တော့ ခပ်ရွတ်ရွတ် စိတ်က မပျောက်ချင်ဘူး။ ပုံစံလုံးဝ မထိုင်ပဲနေလိုက်တာ။ တကယ်လဲ ဘယ်လိုထိုင်ရမယ် မသိပါဘူး။ မေးလဲ မမေးဘူး။ သူတို့ကလည်း မသင်ရဲဘူးထင်တယ်။

သူများတွေ ထောင်ထဲ ၀င်လာရင် ထောင်ပုံစံတင်ရတယ်။ နာမည် နေရပ်၊သူတို့ မေးတဲ့ မေးခွန်းကို အတိုဆုံးဖြေရတာမျိုးပေါ့။ လက်ပိုက် ခေါင်းငုံဖြေရတယ်။ သူများတွေ ပုံစံတင်တာကို နောက်ပိုင်းမှ မြင်ဖူးတာပါ။ တချို့တွေများ ဒီလောက်လွယ်တဲ့ မေးခွန်းကို မဖြေတတ်လို့ တအုန်းအုန်း အရိုက်ခံနေရတယ်။ ကိုယ့်ကိုဖမ်းတဲ့ပုဒ်မ ကိုလဲ မသိ ။ တချို့တွေ အဲလောက် နုံတယ် ဆိုတာ အဲဒီတော့မှ သိလိုက်ရတယ်။ ရိုက်လိုက်တာများ ကျောကုန်းကို အဆုတ်ကွာမှာတောင် စိုးရတယ်။ ကျမကတော့ အဲဒီတုန်းက တိုက်ထဲ တန်းဝင်လိုက်ရတော့ ဘာမှ မတင်ရပါဘူး။

လက်လဲ မပိုက် ၊ ကျုံ့ကျုံ့လဲ မထိုင်တဲ့ ကျမကို ထောင်ပိုင်တွေ ပြန်သွားတော့ တန်းစီးက လာပြောတယ်။ ဘာလို့ ထောင်ပုံစံ မထိုင်တာလဲ တဲ့။ ဘယ်လိုထိုင်ရမယ် သိတောင် မသိဘူး လို့ ပြောလိုက်တယ်။ တကယ်က ထိုင်ကို မထိုင်ချင်ပါဘူး။ နောက်ပိုင်းလဲ ကျမတို့ တန်းစီချိန် တနင်္လာ နေ့ကလွဲလို့ ကြားချိန်တွေ ထောင်ပိုင်လာရင် လုံးဝ ပုံစံမထိုင်ဘူး။ တန်းစီးကလည်း ကျမ ဘယ်လိုလူလဲ ဆိုတာ သွေးတိုးစမ်းချင်သလိုလို။ တခါတလေ စကားလာပြောရင် ခပ်ကြောကြော ခြိမ်းခြောက်ချင်သလိုလို။ လူသတ်လာတဲ့ မိန်းမဆိုတော့ နည်းနည်းတော့ သတိထားရတယ်။ မတော် ကိုယ့်ကိုလည်ပင်းလာညှစ်သွားလို့ ဆိုပြီး ခဏခဏတွေးမိတယ်။

သူကတော့ မိန်းမထောင်တန်းစီးဆိုတော့ ဘာမှမလုပ်ရတဲ့ အကောင်ပေါ့။ သူအော်လိုက်ရင် အားလုံး ငြိမ်ပဲ။ ရေချိုးဖို့ ဆင်းတဲ့အခါ သူငယ်ချင်းတွေကို ကြည့်ချင်ရင် ၀ါဒါမတွေ ကျမအခန်းမှာ လာသိမ်းထားတဲ့ မှန်ကို ထောင်ကြည့်တယ်။ ကျမလက်ကလေးနဲ့ မှန်ထွက်လာတာကို မြင်ရင် သူတို့တွေက လက်ပြကြတယ်။ အင်း ကျမကလဲ မှန်ကလေးကို ယမ်းပြတာပေါ့။ ကျမကို ရေချိုးထုတ်ရင် သူတို့က အဆောင်ထဲက တခါ ချောင်းကြပြန်တယ်။ ဒီရက်ပိုင်းကတော့ ဒီလိုပဲ တွေ့ကြရတာပဲ။

ထောင်ဝင်စာလဲ တွေ့လို့မရသေးတော့ အိမ်က ပါဆယ် ရောက်လာတယ်။ အ၀တ်အစားတွေလဲ ပါလာတယ်။ ရုံးမထုတ်သေးဘူး။ အမှုစီရင်ချက်မချသေးဘူး။ ထောင်ဝင်စာလဲ တွေ့ခွင့်မရသေးဘူး။ ဒါလိုစည်းကမ်းကလဲ ထောင်နဲ့ မဆိုင်ပြန်ဘူး။ ထောက်လှမ်းရေးက တွေ့ခွင့်ပေးမှ တွေ့ရတာတဲ့။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့သူတွေကို ထောင်က လက်ခံထားရုံပဲတဲ့။ သူတို့ တွေ့ဆိုတွေ့၊ ထုတ်ဆို ထုတ်ပေါ့။ ထောက်လှမ်းရေးရဲ့ သြဇာကလဲ မသေးဘူး။

ကျမကို တိုက်ခန်းမှာပဲ ထားပြီး ရေချိုးဆင်းချိန်တခုပဲ ထုတ်တော့ ကြားဖူးနားဝနဲ့ လမ်းလျှောက် ထုတ်ပေးဖို့ ထောင်ပိုင်ကြီး လာချိန်တောင်းလိုက်တယ်။ တနေ့ ၁ နာရီပေးလိုက်တဲ့။ တနေ့တနာရီ တံခါးဖွင့်ပေးပြီး အဲဒီအချိန် ရေချိုး လမ်းလျှောက်ပေါ့။
ကိုယ် လမ်းလျှောက်ရတဲ့အချိန်ကို အပေါ်ဆောင်ကလူတွေ အောက်ကို ဆင်းခွင့်မပေးပြန်ဘူး။ ကျမ တနာရီ တံခါးဖွင့်ပေးချိန် သူတို့ကို တနာရီ တံခါးပိတ်ထားချိန်ပေါ့။ အော် ငါ တနာရီလောက်လေး အပြင်မှာ နေဖို့ သူတို့ အားလုံးက အဆောင်ပေါ်မှာပဲ နေရပါလားပေါ့။ စိတ်မကောင်းဘူး။ ဒါကလဲ မိန်းမဆောင်က ၀ါဒါတွေက ကျမနဲ့ ကျမလူတွေ တွေ့မှာ စကားပြောမှာ စိုးလို့ပေါ့။ ဒါပေမယ့် ထောင်ဆိုတာ လူတန်းစားပေါင်းစုံတယ်လေ။ ထောင်ထဲမှာ ပိုက်ဆံပေးနေတဲ့ စီးပွားရေး သမားတွေ၊ ချဲဒိုင်တွေ လဲ ရှိနေတာပဲ။ သူတို့တွေက ၀ါဒါတွေ တန်းစီးတွေနဲ့ ပိုင်တော့ ကျမတံခါးပိတ်ထားချိန်မှာ ကျမအခန်းရှေ့မှာ ထိုင်နေတဲ့ ၀ါဒါမဆီ လာသလိုလို ၊ တခါတလေ တန်းစီးကို ပဲ လာရှာသလိုလိုနဲ့ ကျမကို စကားလာပြောကြတယ်။

ထောင်ထဲရောက်ပြီး ၂ ပတ်ကျော်ကြာမှာ ရုံးစထုတ်တယ်။ ရုံးထုတ် တော့ အိမ်က မိဘတွေ မိသားစုကို တွေ့ရတော့မယ်ဆိုပြီး တော်တော် ပျော်တယ်။ ကိုယ်က ဘာမှ မဖြစ်ပေမယ့် သူတို့တွေ့ စိတ်ပူနေမှာပဲ လို့ တွေးမိလို့ပါ။

ရုံးထုတ်တော့ ထောက်လှမ်းရေးမှာ တူတူအဖမ်းခံခဲ့ရတဲ့ သူငယ်ချင်းကိုလဲ ရုံးထုတ်တာ တွေ့တယ်။ ဒါဆို ကျမတို့ ရုံးထုတ်ရက်တူတော့မယ် ပေါ့။ သူနဲ့ အမှုတွဲချင်း မတူပေမယ့် အပြင်မှာ တုန်းက တော်တော်လေး ပူးတွဲလှုပ်ရှားခဲ့ဘူးတဲ့ လူတွေ ဆိုတော့ ရုံးထုတ်တဲ့ အခါ မပျင်းတော့ဘူး။ တရားသူကြီးတွေ မရောက်သေးခင်၊ ဒါမှ မဟုတ် စကားပြောခွင့် ပြုထားချိန်တွေမှာ ထောက်လှမ်းရေးတုန်းက အကြောင်းတွေ ပြောပြီး ရယ်ဖြစ်ကြတယ်။ ကျမတို့ မိသားစုတွေကလည်း အရင်ကတည်းက ခင်နေသူတွေဆိုတော့ ဟင်းတွေကို သူ့အိမ်က ကျမအတွက် ပိုလုပ်လာပေးတတ်သလို ကျမအိမ်ကလည်း သူ့ဖို ပိုလုပ်လာ ဆိုတော့ ပေါမှပေါ များမှများပဲ။ သူတို့က ကျမတို့အိမ်ထက် ပိုချမ်းသာ သူတွေ ဆိုတော့ မုန့်တွေလဲ အလျှံပယ် ။ ကျမ ရုံးထုတ်ပြန်သွားရင် လက်နှစ်ဖက်နဲ့ မနိုင်ဘူး ဆွဲရတာ။ ကျမကို လာကြိုတဲ့ ၀ါဒါမက အမြဲ ကူဆွဲပေးရတယ်။

အဲလို ထောင်ဝင်စာ များရင်လဲ ထောင်ထဲမှာ မျက်နှာပွင့်တယ်။ သူတို့ကို ကျွေးစေချင်မှာပေါ့။ သာမန် အကျဉ်းသူတွေကိုတော့ သူတို့က နှိုက်ယူထားတတ်တယ်။ ကျမတို့လို သီးသန့် အကျဉ်းသူ( ထောင်ထဲမှာ နိုင်ငံရေးသမားတွေကို သီးသန့်လို့ ခေါ်တယ်) တွေဆီကတော့ နှိုက်မယူရဲဘူး။ သိပ်စားချင်ရင် တောင်းစားတယ်။ ကိုယ်ကလည်း သူတို့ဆို မပေးချင်ဘူး။ အဆောင်ပေါ်က ကိုယ့်သူငယ်ချင်းတွေကို ခုန စီးပွားရေးသမားတွေနဲ့ ခိုးပို့ပေးလိုက်တယ်။

ထောင်ထဲ ၀င်ခါစဆိုတော့ အိမ်တွေကလည်း ဟင်းကို ခံအောင် မချက်တတ်သေးဘူး။ နည်းနည်း အစိုတွေ ပါလာတယ်။ ဒီတော့အဆောင်ပေါ်က သူငယ်ချင်းတွေဆီကို အရောက်ပို့ပေးလိုက်တယ်။ သူတို့တွေဆီကလည်း နေ့လည် ဇီးသီးနဲ့ငံပြာရည် ငရုတ်သီး လုပ်စားတာကိုတောင် ရောက်အောင်ပို့ပေးသေးတယ်။ သူတို့ အုပ်ထဲမှာ တခါမှ မဆုံဘူးတဲ့ တခြားမြို့က လူတွေလဲ ပါတယ်ဆိုတာ သိရတော့ လူတွေကို မြင်ဖူးချင်နေပြီ။

ရုံးထုတ်စစ်တဲ့အခါ တရားသူကြီးက ထောက်လှမ်းရေးက စစ်ချက်တွေကို ဖတ်တယ်။ ကျမတို့ကလည်း ဒီစစ်ချက်တွေ တရားမ၀င်ဘူး။ ကျမတို့ကို အမှောင်ခန်းထဲ ဒီလောက်ရက်အကြာကြီးထားစစ်တယ်။ နောက် လက်မှတ်မထိုးရင် ဒီမှာပဲ နေရမယ် ဆိုလို့ ထိုးတယ် ။ ကိုယ့်စစ်ချက်ကို ကိုယ်မဖတ်ရဘူး စသဖြင့် ငြင်းချက်ပေါင်းစုံနဲ့ ငြင်းတယ်။ ကျမတို့ဖက်က အလကားလိုက်ပေးတဲ့ ရှေ့နေကလည်း အကျိုးအကြောင်းနဲ့ ငြင်းတယ်။ သက်သေတွေ ခေါ်မယ်ဆိုတော့ ထောင်ထဲ ရောက်နှင့်ပြီးသားတွေကို ပြန်ခေါ်ပြန်ရော။ ထောင်ကျပြီးသား အုပ်စုကတော့ ရုံးထုတ်ဆိုတော့ပျော်တာပေါ့။ ထောင်ဝင်စာလို မဟုတ်ပဲ ကိုယ့်မိသားစုနဲ့ နီးနီးကပ်ကပ် တွေ့ရမယ်။ အလယ်က နားထောင်သူ မရှိပဲ စကားပြောရမယ်။ ကဲ ဒီတော့လဲ ကိုယ့်ဘော်ဒါတွေကို အကုန်သက်သေထည့်လို့ ရုံးထွက်စေတာပေါ့။

တရားရုံးဆိုတာလဲ ထောင်ဝင်းထဲက အဆောက်အဦတခုပဲ။ ခန်းမ သဘောမျိုးထားတဲ့ နေရာပေါ့။ ကျမတို့ ရုံးအတူထွက်တဲ့ ၂ ယောက်စလုံးက ခပ်ပျော်ပျော်သမားဆိုတော့ ရုံးထုတ်ရက်မှာ တရုန်းရုန်းပဲ။ ငိုတာလဲ မရှိဘူးလေ။

ဒီလိုနဲ့ တပတ်ခြားတခါ ထုတ်နေရင်းကနေ ၂ ရက်ခြားတခါ ဖြစ်သွားလိုက်သေးတယ် နောက် ထောင်ထဲ ရောက်ပြီး ၂ လအတွင်းမှာပဲ စီရင်ချက် အမိန့်ချမှတ်တယ်။ အမိန့်ချတဲ့ နေ့ကလည်း တကယ့်ကို ဇာတ်ထဲကအတိုင်းပဲ။ တရားသူကြီးရော တရားခံဖြစ်တဲ့ ကျမတို့ရော ရှေ့နေတွေရော ရောက်နေတာ ကြာပြီ။ ထောင်ဒဏ်ချမှတ်တာ ဖတ်ဖို့ စာအိတ်က ရောက်မလာသေးလို့ စောင့်လိုက်ရတာ။ ကျမတို့လည်း စောင့်နေသမျှ စကားပြောကြပေါ့။ နောက်မှ စာအိတ်ကလေး ၂ အိတ်ကို တရားသူကြီးလက်ကို လာရောက် အပ်နှံတယ်။ ဒီတော့မှ တရားသူကြီးလဲ သူ့ရဲ့  တရားရုံးကို ဖွင့်၊ စာအိတ်ကို ဖောက် အထဲမှာ ရေးထားတဲ့အတိုင်း ဖတ်တော်မူတော့တယ်။ အော် … တရားခွင်ထဲက တရားသူကြီးတောင် သူစစ်တဲ့ လူကို ထောင်ဘယ်လောက်ချရမယ် မသိဘူးတဲ့နော်။

ကျမကို ထောင်ဒဏ် ၂ နှစ် ၊ ကျမသူငယ်ချင်းက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်။
အိမ်ကလူတွေက ဒီလောက်ပဲ ဆိုတော့ တော်တော်ပျော်သွားပုံပဲ။ ဘယ်သူမှ မငိုကြပါဘူး။ ကျမတို့ အဖမ်းခံရတာကလဲ ရွေးကောက်ပွဲ အောင်မြင်ပြီးခါစ ဖြစ်တော့ ထောင်ဒဏ်တွေက ခုလို ဆယ်ဂဏန်းတွေ မချသေးဘူး။ တချို့ အမှုတွေဆို ၆ လလောက်ပဲ ချတယ်။ ကိုအောင်ဝေးတို့ တမှုက ၆ လပဲ အချခံရတယ်။ ဖြစ်ပုံကလည်း ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းကို လာတော့ ကြိုဆိုတဲ့ လူက ကမ်းတခုလုံး ညွှတ်နေအောင် များပြားသွားတာကိုး။ အဲဒီအတွက် ပုဒ်မ ၅၀၅ (ခ) တဲ့။ လူစုလူဝေးဖြစ်အောင် လှုံ့ဆော်မှုလို့ အလွယ်ပြောရမယ်။ အော်.. ဒါလဲ အပြစ်ဖြစ်တယ် တဲ့။ သူတို့ကို ကြိုဆိုမယ့်လူမရှိတိုင်း မနာလိုဖြစ်တဲ့ ပုဒ်မလို့လဲ ပြောလို့ရမယ်။

အိမ်က လူတွေ ပြန်သွားပြီး ကျမတို့ ထောင်ထဲ မ၀င်ခင် ထောင်ကျ ရုံးခန်းမှာ ထောင်ကျ မှတ်ပုံတင်ရသေးတယ်။ အဲဒါ လုပ်ဖို့ စောင့်နေရင်း ကျမက
နင်က ပြေးနေရင်း လိုက်ဖမ်းရတာဆိုတော့ စရိတ်စက များလို့ ဖြစ်မယ် တနှစ်ပိုပေးလိုက်တာ ဆိုတော့ ကျမသူငယ်ချင်းက နင်သာ ငိုမနေပါနဲ့ တဲ့။
ဟဲ့ ငါက ၂ နှစ်ကလေးပဲ နင်သာ ၁ နှစ်ပိုနေရလို့ မိန်းမကို လွမ်းလို့ ငိုနေမှာ လို့ ကျမတို့ ၂ ယောက်က ထောင်ဒဏ် ချမှတ်ပြီးချိန် အချင်းချင်း နောက်ပြောင်နေလိုက်သေးတယ်။ ထောင်ဝါဒါတွေ ထောင်မှုးတွေ ကတော့ နင်တို့သီးသန့်တွေက ထောင်ကျလဲ ပျော်ပျော်ပဲနောတဲ့။ မြောင်းမြအမှုတွဲတွေ တုန်းကလဲ ၃ နှစ်တို့ ၅ နှစ်တို့ ကျတော့ ကပြီးတောင် ၀င်လာသေးတယ်။ ဘာဖြစ်လို့ ကလဲ ဆိုတော့ စီပီ အမှုတွဲ ( ကွန်မြူနစ်ပါတီ အမှုတွဲ) ကို ဒီလောက်ပဲ ချတော့ ပျော်တာပေါ့တဲ့ အဲလိုပြန်ပြောကြတယ်။

ဒါနဲ့ပဲ ထောင်ဝင်စာ အထုပ်တွေဆွဲလို့ ပြန်လာတဲ့ လမ်းမှာ အဆောင်ပေါ်ရောက်တော့မယ် ဆိုပြီးပျော်လို့ပေါ့။ ကိုယ့်သူငယ်ချင်းတွေနဲ့ တွေ့ရတော့မှာ မဟုတ်လား……..
(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်