Monday, December 15, 2008

အလွမ်း ဒီဇင်ဘာ

အဲဒါ နေ့တိုင်း မနက် ၇ နာရီခွဲ ရထားကို စောင့်နေရတဲ့ ရထားမှတ်တိုင်လေး
(ခုနေတဲ့ အိမ်ထမင်းစားခန်းကရိုက်ထားတာ၊ အဲဒီကုန်းတက်ကလေးကို ဖြတ်ပြီး ရထားမှတ်တိုင်လေးကို သွားရတာလေ)

အော်စလိုရဲ့ ဒီဇင်ဘာကတော့ နှင်းတွေ ဖွေးဖွေးပေါ့..
နှင်းဆိုတာ ရုပ်ရှင်ထဲ နဲ့ ကားတွန်းကားထဲသာ မြင်ဖူးသူ တယောက် ဒီလိုဖွေးဖွေးလှုပ်နေတဲ့ နှင်းတွေထဲ ရုံးတက်ရုံးဆင်း အဲဒီဘူတာလေးမှာ နေ့တိုင်းသွားနေရတဲ့ အခါ မလွမ်းဘယ်သူရှိပါ့မလဲလေ ကြည့်ပါဦး အဲဒါ မနက် ၇ နာရီခွဲခါနီး တဲ့ မှောင်နေတာပဲ … ပြီးခဲ့တဲ့ သောကြာနေ့က ထမင်းဖိတ်ကျွေးတဲ့အိမ်မှာ ခိုင်ထူးရဲ့ အိမ်အလွမ်းသီချင်းကိုလဲ နားထောင်ပြီးသကာလ တချိန်တည်းမှာ ကာရာအိုကေကိုလဲ ဟဲလိုက်တဲ့အခါမှာ ပိုလို့ လွမ်းသွားလေရဲ့၊
(ကိုပေါနဲ့တကွ အပေါင်းအသင်းတွေကလဲ သားကိုချည်း လွမ်းတာ ဟုတ်လို့လားလို့လဲ မေးထားသေး)
ဒီလိုနှင်းတွေ မရှိပေမယ့် ဒီလိုပဲ အေးချမ်းလှတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့လေးကို သတိရမိတယ်.. အဲဒီတောင်ပေါ်မြေပြန့်မြို့လေးက တူနှစ်ကိုယ် တိုင်းပြည်ကလေးကို လဲ သတိရမိတယ်။ ဒီမှာက ခုလိုလျှပ်စစ်အနွေးပေးစက်လေးလဲ မရှိ ။ ခုနေတဲ့ အိမ်လို လေမ၀င်နိုင်တဲ့ တိုက်အိမ်လဲ မဟုတ်ပေမယ်လို့ ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးနေခဲ့ရတဲ့ အချိန်ပေါ့။ လွမ်းတယ် အိမ်လေးကိုလဲ။

အဲဒီအချိန်တွေတုန်းကတော့ ဒီဇင်ဘာလရဲ့ နှစ်သစ်ကူးညစကားဝိုင်းတွေမှာ ရှိနေသေးတဲ့ ရဲဘော်တွေနဲ့ ဝေးကွာနေတဲ့ ရဲဘော်တွေ အကြောင်းပြန်ပြောဖြစ်ကြတာ များတယ်။ တချို့ ထောင်ထဲက ရဲဘော်တွေ ၊ကျဆုံး ရဲဘော်တွေ ၊ဒေသမတူတဲ့ နေရာရောက်နေတဲ့ ရဲဘော်တွေ အကြောင်းကို တသသပြောကြလွန်းလို့ တချို့ကိုဆို လူကိုလဲ မြင်လိုက်ရရော အရမ်းကို ရင်းနှီးပြီးသား ဖြစ်သွားတာပါပဲ။ အဲဒီရဲဘော်တွေရဲ့ ကိုယ်နေဟန်ထားတွေကို လုပ်ပြတဲ့အခါ လုပ်ပြကြ၊ သူတို့ အမှတ်တမဲ့ဖြစ်ခဲ့ကြတဲ့ ဟာသတွေကို ပြောပြကြပြီး ရွှေပြည်ကြီး ဒီမိုကရေစီရကြရင်ဆိုတဲ့ မျှော်လင့်ချက် အနာဂတ်တွေနဲ့ လူငယ်လေးတွေက ကောင်းကင်ကြီးကိုမော့ကြည့်လိုက် သက်ပြင်းတွေချလိုက် လမင်းကြီးကို မော့ကြည့်လိုက် ..
ကိုယ့်ဇာတိမြေကို လွမ်းလိုက်ကြနဲ့… ဘယ်လိုမှ မေ့မရတဲ့ ညတွေပေါ့။ လွမ်းတယ် အဲဒီညတွေကိုလဲ။

အဲဒီလိုပဲ သိပ်မဝေးသေးတဲ့ ၂၀၀၅ ဒီဇင်ဘာလေးကိုလဲ လွမ်းမောမိသေးတယ်။
လွမ်းမောတယ်လို့ ပြောရလောက်အောင်ပဲ အခု ပြန်တွေးရင် လွမ်းလဲ လွမ်းတယ် မောလဲ မောတယ်။ အဖြစ်က ပြန်ပြောရင် သံယောဇဉ်လေးတွေက အသစ် အသစ်ဖြစ်သွားမယ်ထင်ရဲ့၊
အဲဒီ ၂၀၀၅ ဒီဇင်ဘာတုန်းကပေါ့…

ခရစ်စမတ်အတွက် သီချင်းလိုက်ဆိုတဲ့ ကလေးတွေက သူတို့ရတဲ့ ပိုက်ဆံတွေကို စုပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ညဖက် နှစ်သစ်ကြိုဆိုပွဲ လုပ်ကြတယ်။ ကျမတို့နေတဲ့ အိမ်ရှေ့က ကွင်းပြင်ကျယ်ကြီးမှာဆိုတော့ ကျမတို့က ၀ိုင်းကူချက်ပြုတ် ပါဝင်ဆင်နွဲ၊ ပါဆယ်ဂိမ်းဆော့၊ ကာရာအိုကေဆို၊ လက်ဆောင်တွေ လဲကြပေါ့။ အဲဒီနှစ်တုန်းကတော့ ကဗျာဆရာ ကိုလွမ်းဏီအိမ်မှာလဲ နှစ်သစ်ကြိုမယ် ဆိုလို့ ၁၀ နာရီထိုးရင် ပြန်လာနော် ဒီမှာ ပါဆယ်ဂိမ်းဆော့မယ် လို့ သေချာမှာလိုက်ရက်နဲ့ ပြန်မလာလို့ သူနောက်လိုက်သွားဖြစ်တယ်။ သိပ်လဲမဝေးဘူးလေ။ ဒါနဲ့ ရောက်သွားတော့ နောက်ဖေးဘက်ခြမ်းမှာ လူတွေက စုစု စုစု မြင်နေရတယ်။ ဘာလုပ်နေလဲ သွားကြည့်တော့ လားလား သူတို့ ပိုကာ ၀ိုင်း။ ကျမပီအေက ၀ိုင်းထဲမှာ ခန့်ခန့်ကြီး ထိုင်နေလို့၊ ဘာဖြစ်လို့ ပြန်မလာသေးတာလဲ။ ၁၀ နာရီကျော်နေပြီ ကတိလဲ မတည်ဘူးလို့ ခပ်တည်တည်ပြောတော့ မလာသေးဘူးလေတဲ့ မျက်နှာကို မော့တောင်မကြည့်ပဲ ပြန်ပြောတာ၊ ဒေါသက အချစ်တွေကို ဖုံးသွားတယ်။ ၀ိုင်းနားမှာ ထိုင်နေသူတွေကလဲ အများကြီး။ ဘယ်သူ့မှမမြင်တော့ဘူး။ ဘာလုပ်လိုက်တယ်ထင်လဲ……

သူတို့ သောက်နေတဲ့ အရက်ဝိုင်းထဲက ပုလင်းအသစ်စက်စက်တပုလင်းကို ၀င်ကောက်ကိုင် လိုက်ပြီး တံခါးပေါက်ကနေ လွှင့်ပစ်လိုက်တယ်။ ပြီး အပြင်ကိုထွက်လိုက်တယ်။ အကုန်ဝရုန်းသုန်းကား ဖြစ်သွားတာ သိလား။ အရက်ပုလင်းကလဲ အပြင်က မြေပျော့ပျော့နေရာ ကျသွားတယ်တဲ့ နောက်မှ ပြန်သိတာ။ မကွဲဘူး ၊ အေး ခု ပြန်မလာရင် ပြန်ကိုမလာတော့နဲ့ လို့ ပြောပြီး ဘောက်ဆတ်ဆတ်နဲ့ ပြန်လာလိုက်တယ်။ ၁၂ နာရီတီးခါနီးတော့ ဘိုးတော်က ပြန်လာတယ်။ ဟိုလိုလို ဒီလိုလိုနဲ့ ။ သူ့ကိုမကြည့်ပဲ ဒီတိုင်းနေတယ်။ နောက်နေ့ကျတော့ ကျမတို့ စုံတွဲလိုပဲ ဒီဝိုင်းထဲ ပါတဲ့ လူတွေရဲ့ စုံတွဲတိုင်း မခေါ်ကြဘူး၊ အဲဒီည ကျန်တဲ့လူတွေလဲ သူတို့အိမ်တွေကို ပြန်မလာကြဘူးတဲ့။ ဒီတော့ မိန်းမဖြစ်သူတွေက စကားမပြောပဲ သပိတ်မှောက်လိုက်ကြတာ ညီလို့။

သူကလဲ အရက်ပုလင်းကို လွှင့်ပစ်တာ ရိုင်းတယ်ဆိုပြီး စကားမပြောဘူး။ ကိုယ်ကလဲ ဒီလိုရိုင်းအောင် လုပ်တာ ဘယ်သူလဲ ပြန်မေးပြီး စကားမပြောဘူး။ ခုန ပြောတာမေးတာတွေက အီးမေးလ်နဲ့ပို့တာတွေ။ လူတွေကတော့ စကားမပြောကြ။ အိမ်ထောင်သည်ဘ၀မှာ အဲဒီအခါ ရန်ဖြစ်စကားမပြော အကြာဆုံးထင်ခဲ့တယ်။ ငါ့တို့ ကွာရှင်းမယ် စာချုပ်မှာ လက်မှတ်ထိုးလို့ မေးလ်ပို့လိုက်တော့ ဘာမှ ပြန်မလာဘူး၊ စကားမပြောတာ တရက်လောက် ကြာလာတော့ ငိုချင်လာရော၊ ငါ့ကို သူကပြန်ပြီးများဒေါသ ထွက်စရာလားပေါ့၊ ထမင်းကျတော့ တူတူလာစားနေပြီး စကားမပြောတာကိုး၊ ထမင်းဝိုင်းမှာ တွေးရင်း မျက်ရည်က ကျတော့ ဘာလို့ ငိုတာလဲတဲ့၊ စကားမှ မပြောတာ ဆိုတော့ ဟမ် ဘယ်သူက မပြောတာလဲတဲ့၊ ဘာစကားမှ ပြန်မပြောပဲနေတော့ ဘာလို့ အရက်ပုလင်းကို လွှင့်ပစ်တာလဲ သူများတွေ အားနာစရာ တဲ့၊ လွှင့်ပစ်အောင် ဘယ်သူက စလုပ်လဲ ဆိုတဲ့ သံသရာက ပြန်စပြန်ရော… အဲဒီစကားတွေနဲ့ပဲ ပတ်ချာလည်နေခဲ့ကြတယ်။ အဲလိုငိုနေ ပြောနေတုန်း ဖုန်းဝင်လာတယ်၊ ဗွီအိုအေ သတင်းထောက်အေးအေးမာလေ၊ ဇာတ်လမ်းအစ အိမ်ကလဲ သူတို့အိမ်၊ သူက ကဗျာဆရာ ကိုလွမ်းဏီ မိန်းမလေ၊ ကိုယ်က ငိုနေတော့ ဖုန်းမကိုင်ဘူး၊ သူက ဖုန်းကိုင်လိုက်တယ်၊ အမကို တီကေစက်ရုံက ဒစ်ကောင့် ချတာ သွားဝယ်မယ် လိုက်မလားမေးမလို့ ဆိုတဲ့ ဖုန်းတဲ့ ပြောပြီး ဖုန်းလာပေးတယ်၊ မပြောဘူး ပြောတော့ ဖုန်းထဲကနေ ဒီမှာ သူက မပြောဘူးတဲ့၊ ဟိုကဘာပြန်ပြောတယ် မသိဘူး၊ အကြာကြီး ပြောနေကြသေးတယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ခုကျတော့ ကျနော်စကားမပြောလို့ ငိုနေတယ် ဘာညာကွိကွ စကားရှည်နေသေး၊ နောက်ဆုံး ကျနော် လိုက်ပို့လိုက်ပါ့မယ် ဆိုပဲ။ အင်းပြောရရင် အဲဒီစက်ရုံကို ဈေးသွားမ၀ယ်ဖြစ်ပေမယ့် ဇာတ်သိမ်းအပိုင်းမှာ စကားတော့ ပြန်ပြောဖြစ်ခဲ့ကြပြီး နှစ်ဦးသဘောတူညီချက်တွေအရ နောက်ဆို ကတိပေးပြီးရင် တည်အောင် လုပ်ရမယ် ဆိုတာကို ပီအေက ခုထိ သဘောပေါက် လိုက်နာနေရပြီး ကိုယ်ကလဲ အဲလိုသူတို့ ဘော်ဘော်တွေပွဲမှာ ခုလို ပွဲလာမကြမ်းဖို့ ထိန်းသိမ်းလိုက်နာ လိုက်ရတယ်လေ၊
ဒီိလိုနဲ့ကိုယ်တို့ ရန်သိပ်မဖြစ်တော့ဘူးပေါ့။( နီးတကျက်ကျက် ဝေးတသက်သက် ဆိုတာ ဒါမျိး)

အင်း လွမ်းရတဲ့ အဖြစ်လေးတွေ ဆိုတာ ဒါပဲ ထင်ပါရဲ့၊ ဒီလကို့ အလွမ်း ဒီဇင်ဘာလို့ နာမည်တပ်ထားတာ မှန်တယ်မဟုတ်လား၊ တကယ်လဲ လွမ်းနေတယ်၊ ချစ်ရတဲ့သူမပါပဲ ဒီနှစ်သစ်ကို ဘယ်လိုကြိုရပါ့၊
လွမ်းးးးးးးးးးးးးးတယ်.............။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

15 comments:

အောင်သာငယ် said...

အဟား....
ကျနော့် သူငယ်ချင်းတွေထဲမှာ... အရက်ပုလင်း လွှင့်ပစ်တာ... မခင်မင်းဇော်ပဲ ရှိတယ်...
သိသလောက်ကတော့... ဘယ်သူမှ လွှတ်မပစ်ဖူး... အဖုံးဖွင့်ပြီး .... သွန်ပစ်တာ...း)
မယုံရင် .... အေအက်စ်အို... ကို... မေးကြည့်.... လေးဂါလံ... အရက်ပုံးကြီးကို... ဘယ်သူ သွန်ပစ်သလဲ...လို့....း)

ဘာပဲဖြစ်ဖြစ်ဗျာ.... ကျနော်ပါ... ၀ိုင်းပြီး... ကူပြီး... လွမ်းပေးသွားတယ်.... သူငယ်ချင်း... အရင်းခေါက်ခေါက်ကြီးတွေကို.... လွမ်းလို့...း)

Ko Paw said...

ဟော…. တွေ့တယ်မို့လား။ အလွမ်းတွေ ပွင့်အန်ထွက်ကျလာပြီ။ တင်အောင်နီရဲ့ “အလွမ်းလာလို့ လက်တို့လေသလား” ဆိုတဲ့ ကာတွန်းရုပ်ပြလေးကို သတိရတယ်။ မခင်မင်းဇော်တယောက် အလွမ်းတွေ ပွင့်ထွက်လာအောင် ကျနော် ကွန်မင့်ကဏ္ဍက တဆင့် လက်တို့လိုက်တာလေ။

မဒမ်ပေါနဲ့ ကျနော်လည်း အရင်ကတော့ လျှာနဲ့သွားပီပီ တကျက်ကျက်ပဲ။ ဒါပေမယ့် အခုတော့ အသက်တွေကြီးလာတော့ မကျက်နိုင်တော့ဘူး။

အဲဒီနေ့က ဖဲဝိုင်းကို လိုက်လာတာ မဒမ်ပေါ သာဆိုရင် ပုလင်းကို ပစ်ထုတ်ဖို့ ဝေးစွ။ သူပါ တခွက်တဖလား ၀င်မော့နေဦးမယ်ထင်ပါရဲ့။

မေငြိမ်း said...

ဟွန်းပြောရင်.. ဟိုဘက်က ပါတယ်ထင်ဦးမယ်။ တကယ်ဆို အဲလို လုပ်စရာလား..။ သူ့နားကပ်သွား.. ဗိုက်ခေါက်ကို သေချာ ဆွဲလိမ်ပြီး အရက်ပုလင်းကိုပါ ကောက်မပြီးတော့ အိမ်ပြန်ခေါ်ခဲ့..။ အိမ်ရောက်မှ အဲဒီပုလင်းကို နှစ်ယောက်တူတူ သောက်ပစ်ရမှာ အေ့..။ အဲဒီတုန်းက ငါ့ကို ဖုန်းဆက်ပြီး တိုင်ပင်လိုက် ပြီးရော.. ခါတည်း။

Craton said...

နော်ဝေးတောင် လာချင်သဗျား.. ၆ လလောက် နေမမြင်ရဘူးဆို..?

လင်း said...

ခုမှပဲ ချစ်ချစ်ကိုလွမ်းတာတွေ ပွင့်အန်ထွက်လာတော့တယ်။
လွမ်းရတဲ့အဖြစ်ကလေးတွေကိုလာဖတ်ရင်း စိတ်တွေအတိတ်ကိုပြန်ပြေးပြီး လင်းလဲလွမ်းးးသွားတယ်

s0wha1 said...

ဟားဟား... တော်တော်လေး ရယ်လိုက်ရတယ်။ အန်တီခင်ကလည်း ပြန်မခေါ်ဘဲ တပတ်လောက် ပစ်ထား ပြီးရော။:P

ရွာသားလေးဝိုင်တီယူ said...

အမရေ ဟိုတစ်ခါ အမပီအေကလည်း ကျောင်းကဆိုတာ ကိုခုမှနားလည်သွားတာ။ ရွာသားလေးတို့ ကအဲလောက်တုံးတာ အတာဗျ။ စာလေးကိုဖတ်ပြီးတကယ်ကြည်နူးရတယ်ဗျာ။ လွမ်းပါဗျာ လွမ်းပါ...

Kay said...

အမရေ- ခုတော့..တကယ်လွမ်းပြီပေါ့- နောက်တခါ ပီအေ ကို တဲ့နေတုန်း ကြိုမှာထား-
မိန်းကလေးတွေက..မလာနဲ့ဆိုတာ..လာလို့ပြောတာ..ဆန့်ကျင်ဖက်ကို ယူပါလို့-း)

ခင်မင်းဇော် said...

ကိုအောင်သာငယ် ..သိနေတယ်လေ ဘယ်သူ့ လက်ချက် ဆိုတာ...
ကိုပေါ... ကျမက အရက်နဲ့ကို မတည့်တာ အလာဂျစ် ရှိနေလို့ ... နို့မို့များကတော့ ... ကျားမတန်းတူရေးပဲ ဟဲဟဲ
သယ်ရင်းမေငြိမ်း... ဆရာမကြီးကို ဖုန်းအရင်ဆက်ရမှာ နော် ဟုတ်တယ်..
craton.. နေရောင်ကိုမမြင်ရတာ ဆိုပေမယ့် ခုကတော့ နေ့လည်ဘက်တွေ လင်းနေဆဲပါ အော်စလိုကတော်သေးတယ် နော်ဝေးမြောက်ပိုင်းမှာ အဲလိုဖြစ်တယ် ပြောတယ်
လင်း...လင်းဆီက အလွမ်းဘုရင်မဘွဲ့ ခဏငှားနော်...
စိုးဝှက်...တရက်စကားမပြောဖြစ်တာတောင် တော်တော် နေရခက်တယ်ဟ..ကိုယ်ချင်းစာ..
ရွာသားလေးရေ... အာအိုင်တီ ဆိုတာ အစဉ်အလာကြီးပါပေ့... ထိန်းသိမ်းနေတာတဲ့ မပျောက်ပျက်အောင်လေ အမပီအေက...
ကေ...အဲလို ဖောက်သည်ချရသလားဟ.. လ၀တွေလေ..ဟိ

ပန်းခရမ်းပြာ said...

တအိမ်တည်း နေပြီး Email နဲ့ စကားပြောကြတယ်လား။
ကွာရှင်းစာချုပ်တောင် ပါလိုက်သေးတယ်။
အဲဒီတုန်းကတော့ အရမ်း စိတ်ဆိုး၊ ၀မ်းနည်းနေမှာပဲနော်။
အခုတော့ လွမ်းစရာ ရယ်စရာ လေးတွေပေါ့။
ချစ်ကြတာ ... ချစ်ကြတာကိုး..

BTW မချိုရဲ့ ဘလော့ကို လာလည်တဲ့ အတွက်ရော၊
ကွန်မန့်တွေ အတွက်ပါ အရမ်း ကျေးဇူးတင်တယ်။
အရမ်းလည်း ၀မ်းသာတယ်။
မခင်မင်းဇော် ဘလော့ကို မကြာခဏရောက်ပါတယ်။
ခြေရာ မချန်ဖြစ်တာပါ။ ပို့စ်အသစ်တိုင်း လာဖတ်ပါတယ်။

မခင်မင်းဇော်တို့ မိသားစု ပျော်ရွှင်ပါစေ။

masumon said...

ဖတ်လို့ကောင်းလိုက်တာ..ချမ်းချမ်းနဲ့ လွမ်းနေတာလေ ဟုတ်လား.
အန်တီ မှတ်မိလား..ဒီလို ဆောင်းအေးအေး ကြီးပဲ ထင်တယ် ချင်းမိုင်မှာ နှစ်ကူး သွားစားကြ တာလေ..အန်တီနဲ့ တီချယ်ကို နောက်က တင်ပြီး..၀ိုင်မူးမူးနဲ့ အဝေးပြေးလမ်းမပေါ် သုံးယောက်တွဲကြီး ဆိုင်ကယ်မောင်းတာ ကံကောင်းလို့ ဘုရားမခေါ်တယ် အဲ့တုန်းကလဲ လွမ်းတယ် မဟုတ်လား ပြော မှန်မှန်..ဟင်း..

Nyo Htet Nyo said...

ကျွန်တော်လဲ လွမ်းသွားတယ်အစ်မရေ…တင်အောင်နီ ရဲ့ အလွမ်းငါ့ကိုပေး ကို သတိရတယ်။ ပြာလောင်က သတ္ထုဗေဒ က ကျောင်းသား။ ပြောရင်းဆိုရင်း လွမ်းလာပြီဗျာ။ ကျန်းမာပါစေဗျို့…မိသားစုအားလုံး

mirror said...

အစ်မကြီးရေ...
အရင်ဆုံးပြောချင်တာက ညီမဆီကိုတကူးတကန့်လာလည်ပြီး ကွန်မန့်ပေးသွားတာကို အရမ်းလဲဝမ်းသာပြီးကျေးဇူးလဲပြောမပြတတ်အောင် တင်ကြောင်းပါ၊

အော်စလိုမြို့လမ်းပန်းဆက်သက်ရေး၊အော်စလိုမြို့မှ ပြည်သူများ၏ အားလပ်ရက်ကုန်ဆုံးပုံ၊နောက်ပီး
နိုဗယ်ဆုရွေးချယ်ရေးအဖွဲ့ရုံးသို့ အစ်မသွားတာတွေ...အဲ့ဒါတွေကြည့်ပီးတော့ထဲက ရင်းနှီးခင်မင်နေခဲ့တာပါ။

ပိုစ့်နဲ့တော့ မဆိုင်ပါဘူး။ရေးချင်တာ ရေးခဲ့တာပါ။

လေးစားခင်မင်လျက်

M.Y. said...

အရက်ပုလင်းကြီးကို လွှတ်မပစ်သင့်ဘူး။ကွဲသွားရင်နှမျောစရာ။
ပိုကာဆိုတာမျိုးက ထိုင်ပီးထ လို့ ရတဲ့ကစားပွဲမဟုတ်တာကိုး။ ကိုယ်ချင်းစာပါတယ်။ လူကြားထဲမှာ ပွဲကြမ်းပြတာလဲမကောင်းဘူး။ ပီအေကြီးပိုကာပွဲက နိုင် လာ တော့ ကြက်သား ကာလသားချက်
လေးတောင် ပါရင်ပါလာဦးမယ့်ဟာ..

tututha said...

ပိုကာက အချစ်ကိုလွှမ်းသွားတာထင်တယ် အစ်မ။ အစ်မမေငြိမ်းလည်း အဲလိုပဲလွှမ်းနေကျ ဟီဟိ။