Friday, December 12, 2008

သားကိုလွမ်းလို့ ရေးတဲ့စာ

ဓါတ်ပုံရိုက်မခံဘူးလေ သူက အဲလိုလူနောက်

အိမ်ကထွက်လာတာ ကြာပြီဆိုတော့ ၁၀နှစ်ကျော်နေပြီဖြစ်တဲ့ တဦးတည်းသော သားကို တော်တော် သတိရမိတယ်။ သူက ဖုန်းပြောရင်လဲ မပြောချင်ဘူး တဲ့။ သူ့အသံကိုတောင် မကြားရဖြစ်နေတယ်။

တကယ်တော့ ကျမဘ၀ရဲ့ ပြောင်းလဲမှု တော်တော်များများက သူ့ကြောင့်ဖြစ်ခဲ့ရတာချည်းပဲ။ သူ့ကြောင့်ပဲ ကျမက မိဘတွေအိမ်ပြန်နေခဲ့ရတာ။ သားမွေးပြီးတလခွဲလေးနဲ့ ဘ၀တိုက်ပွဲတွေ ကြုံရတာကိုး။ ထောက်လှမ်းရေး ဆိုတာကလည်း မာရ်နတ်။ အခြေတကျ သာယာမယ်ကြံရင် သူလာနှောက်ယှက်ပြီ။ သားပေါက်စလေးကို အချုပ်ခန်းထဲ ခေါ်သွားလို့ မိဘတွေက အတင်းပြန်ခေါ်။ မျက်ရည်တွေကျကြ။ နောက် ထောင်ထဲကို ခေါ်သွားမယ်လုပ်တော့ အတင်းပြန်ခေါ်ထားကြ။ သူ့ကို အမေနို့မစို့ရလို့ နို့မှုန့်ဖျော်တိုက်တော့ မသောက်ပဲ နို့ဗူးမြင်တာနဲ့ ငိုနေတာ။ အနားဝန်းကျင် ဆွေမျိုး မိတ်ဆွေအားလုံး မျက်ရည် မဆည်နိုင်အောင် သူ့ကို ၀ိုင်းပြီး သနားခဲ့ကြရတဲ့ သားပေါ့။

ထောင်ထဲ ၀င်ခါနီး ထောင်ဗူးဝမှာ သူ့ကို ပွေ့ထားပြီး ထိုင်နေတာ မြင်ရတဲ့ ကျမကို တွေ့တော့ ကလေးလေးနဲ့ ထောင်ထဲ ပြန်ဝင်ရပြန်ပြီလား ဆိုပြီး ရုံးထုတ်လာသူ သူငယ်ချင်းတွေလဲ ငိုခဲ့ကြရ။ အမ ဘာမှ မပူနဲ့ သားလေးကို ကျနော်တို့ ၀ိုင်းစောင့်ရှောက်ထားမှာပါလို့ လာအားပေးကြသူတွေနဲ့ဝိုင်းဝိုင်းလည်ခဲ့ရတဲ့ သူ့ဘ၀က သူ့ကုသိုလ်ကံကြောင့် ကျမမှာ ဒုတိယအကြိမ် ထောင်ကနေ ရက်ပိုင်းလေးနဲ့ ပြန်လွတ်လာခဲ့ရ။ သူ့မှာ အဖေနဲ့ဝေးနေတော့ အားငယ်နေရှာမယ်ဆိုပြီး အားလုံးနဲ့ ဆန့်ကျင်လို့ အဖေနောက်ကို ကလေးတယောက်နဲ့ လိုက်လာခဲ့ရတာလဲ သူ့ကြောင့်ပဲ။

သားနာမည်ကို ကဗျာဆရာ နာမည်ကြီးတယောက်က မှည့်ပေးတယ်။ အီဖေကိုယ်ထူးပေအံ့။ ဖေထူးအံ့ တဲ့။ ကျမက နာမည်ကလဲ ရင့်လိုက်တာ ဆိုပြီး ပိုင်ဆိုင်မှုတွေ ထူးပေအံ့။ ပိုင်ထူးအံ့ လို့ မှည့်တယ်။ အဲဒီကဗျာဆရာကြီးက ရယ်လိုက်တာ။ ကောင်းပါတယ် ပဲ ပြောနိုင်တော့တယ်။ နောက် ကဗျာဆရာ နာမည်မကြီးတကြီးက သူ့အဖေက တောင်တန်းတွေ ပေါ်မှာ ရောက်နေချိန် သူ့အမေကတော့ ကလေးပိုက်လို့ မြစ်ဝကျွန်းပေါ်ကို စုန်ဆင်းလာခဲ့သူမို့ တောင်တန်းတ၀က် ပင်လယ်တ၀က် ကောင်ကလေးလို့ တင်စားပြီး ကဗျာဖွဲ့ပေးခဲ့သေးတယ်။ ခု တောင်တန်းတ၀က် ပင်လယ်တ၀က်ကလေးက သူပုန်လက်သစ်လေး ဖြစ်လို့။

ဖြစ်ပုံက သူ့ကို မူကြိုထားတော့ သူတို့မူကြိုကလဲ မြို့မှာ နာမည်ကြီးသားသမီးတွေ ထားတာကိုး။ ဒီတော့ လူကြီးတယောက်ရဲ့ သားက သူကြီးလာရင် ဥက္ကဌ လုပ်မယ် ပြောရော။ ဒီတော့ တဈေးလုံး တရပ်ကွက်လုံးက သူပုန်လေး လို့ ခေါ်တဲ့ ကျမသားက ငါကတော့ ကြီးလာရင် သူပုန်ပဲ လုပ်မယ်တဲ့။ သူတို့ ဆရာမက ပြန်ပြောပြတာလေ။ ကျမမှာ ရယ်ရအခက် ငိုရအခက်။ အသက်ကဖြင့် ၃ နှစ်ခွဲ။ နည်းနည်းကြီးတော့ အတန်းထဲမှာ ကလေးအချင်းချင်း သူ့အဖေက ဘာ ငါ့အဖေက ဘာနဲ့ အဖေချင်း ပြိုင်ကြတော့ အဖေတွေအကြောင်း မပြောကြေးလို့ ပိတ်ပင်ခဲ့တဲ့ သား။ ကြားနေတဲ့ သူ့ဆရာမက သူ့အဖေရဲ့သူငယ်ချင်း ။ မျက်ရည်တွေကျလို့။

၉ လသားလောက်ကတည်းက သူက လမ်းသာမလျှောက်သေးတာ။ ကားတို့ မားတို့ခေါ်တတ်နေပြီ။ သိပ်မကြာဘူး အပေါက် တို့ ကြိုးတို့ကို ပီပီသသ ပြောနေပြီ။ လမ်းလျှောက်တာကတော့ နောက်ကျတယ် ၇ လပိုင်းမွေးတဲ့သားက နောက်တနှစ်ကျော် မှတ်မှတ်ရရ ၈ ရက် ၈ လမှာ လမ်းစလျှောက်တာပဲ။

လမ်းမလျှောက်ခင်ကလဲ ကလေးလှည်းထဲ ထည့်ထားရင် ကားမ၀င်တဲ့ ဈေးထဲက လမ်းပေါ် လျှောက်သွားနေတာပဲ။ လမ်းလျှောက်တတ်ခါစက ပြေးချည်းနေတာ။ လိုက်ထိန်းဖို့ လူတယောက်က ကုန်နေတယ်။ သူ့လက်ကို ကိုင်ရင်လဲ မကြိုက်ဘူး။ သူ့ဖာသာသူပဲ အကုန်လုပ်ချင်နေတာ။ ဒီတော့ နာမည်က လမ်းဗိုလ်လို့ အမည်တွင်ပြန်ရော။ တချိန်လုံး လမ်းပေါ်မှာ ။ သူ့ကို တယောက်ယောက် ဖက်နမ်းရင် မကြိုက်ဘူး။ပါးကို လက်နဲ့ ပွတ်ပစ်တာ ငယ်ကတည်းက။ သူတို့ခေတ်က ကြော်ငြာတွေ အကုန်အလွတ်ရတယ်။ အဲဒီခေတ်က ပြည်တွင်းမှာက ကလေးတွေအတွက် ကြော်ငြာချည်း စုသွင်းထားတဲ့ ဗွီစီဒီတွေ တောင် ထုတ်ရတဲ့ထိ ခေတ်စားတာကလား။

မောင်ဝမ်းကွဲ သင်္ဘောသားက ကြောင်နဲ့ကြွက်ဇာတ်လမ်းတွဲတွေ ၀ယ်ပြီး လက်ဆောင်ပေးထားရင် သားသားတို့အကြိုက်ပဲ။ တယောက်တည်း ရယ်နေတာ တခစ်ခစ်။ သူက မူကြိုမတက်ခင်ကတည်းက Discovery လိုမျိုးကို နားလည်ပြီး ကြည့်တတ်နေပြီ။ တခါက ရေခဲတွေထဲနေတဲ့ ၀က်ဝံလေးတွေအကြောင်း ပြနေတာ တယောက်တည်းကြည့်ရင်းက ငိုမဲ့မဲ့နဲ့ မားမား ဟိုမှာ တကောင်တည်း ကျန်တော့တယ်တဲ့။ အံ့သြသွားတယ်။ သူက သိနေလို့။ ပြနေတာက ဆောင်းတွင်းတတွင်းလုံး ရေခဲတွေထဲ အားလုံးအိပ်နေကြပြီး ဆောင်းကုန်ပြန်ထွက်လာတော့ အမေရယ် သားလေး တကောင်ရယ်ပဲ ထွက်လာနိုင်ပြီး ကျန်တဲ့ဝက်ဝံလေးတွေက သေကျန်ခဲ့တာကို ပြနေတာ။ တကယ့်ဝက်ဝံတွေရဲ့ ဘ၀ကို ပြနေတာကို သူက ခံစားနားလည်နေတာလေ။

သူက ဗိုလ်ချုပ်လိုပဲ မိုးတွင်းဆောင်းတွင်းရှိပြီး ဘာလို့နွေတွင်းမရှိလဲ ဆိုတဲ့စကားကိုလဲ မေးခဲ့ဘူးတယ်။ နောက် သူအလီစသင်ရတော့ အရမ်းစိတ်ဝင်စားခဲ့တယ်။ အလီတွေ ဆိုနေရင်း တရက်တော့ သူက မားမားရေတဲ့။ ကိုးအလီမှာလေ နောက်က ရတာတွေကို ပေါင်းရင်လဲ ကိုးပဲတဲ့ သိလားတဲ့ လာပြောတယ်။ အဲဒီအချိန် ပုသိမ်မှာ ရေတွေ အရမ်းကြီးတဲ့ ၂၀၀၄ ခုနှစ် မို့ အိမ်မှာ လာနေတဲ့ မိတ်ဆွေမိသားစုထဲက ဘီအီးဒီဆင်း အထက်တန်းပြဆရာမကြီးက သားလေးရယ် ဖွားဖွားတောင် သတိမထားမိခဲ့ဘူးတဲ့။ သူ့အသက်က ၆ နှစ်လေ အဲဒီတုန်းက။ ဒါ့ကြောင့်ထင်တယ် ခုချိန်ထိတော့ သူက သချာင်္တော်နေသေးတယ်။( ကြွားရရင်တော့ အဖေရော အမေရော ဆယ်တန်းအောင်တော့ သချာင်္ဂုဏ်ထူးပါတယ်လေ၊)

သတိရမိတဲ့ ထဲက ထူးခြားတာ တခုပြောရဦးမယ်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးဖြစ်တော့ အိမ်ပြန်ရတော့မယ် ထင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကလဲ ရှင်သန်လာလေတော့ သားရေ တို့တွေတော့ အိမ်ပြန်ရတော့မယ် ဟေ့ ပျော်လိုက်တာ ဆိုတော့ သူက သူ့အဖေနဲ့အမေကို ငိုမဲ့မဲ့နဲ့ သားမပြန်ချင်ဘူးတဲ့။ ဟာ ဘာဖြစ်လို့လဲ ။ ကိုယ့်ပြည်မှာ ကိုယ်ပြန်နေရမယ်လေ။ ဒီလိုအိမ်ကျဉ်းကျဉ်းနဲ့ မနေရတော့ဘူးလေ လို့ ပြန်ပြောတော့ ဒီမှာ မီးမပျက်ဘူး ဟိုမှာကမီးပျက်တယ် သားမနေချင်ဘူးတဲ့။ ကျမတို့မှာ ရယ်လိုက်ရတာလေ။ အဲဒီတုန်းက။

သူက ရောက်ရာနေရာမှာ ပျော်အောင်နေတတ်တယ်။ ကျမတို့မိဘတွေ မအားလို့ တအိမ်အိမ်မှာ ထားခဲ့ရရင် အဲဒီအိမ်မှာ ဘယ်သူ့ကို ပေါင်းရမယ်ဆိုတာ သူ့ဖာသာ သိတယ်။ သူများမျက်နှာရိပ် မျက်နှာကဲကို သိပ်သိတယ်။ အမေကို တခါတလေ လာလာစပြီး မျက်နှာကိုသေချာကြည့်တယ်။ စိတ်ဆိုးလားမဆိုးလားပေါ့။ ခပ်တည်တည်ကြည့်လိုက်ရင် အလကားပြောတာပါ တကယ်မဟုတ်ဘူးလို့ ပြန်ပြောတတ်တယ်။ အဲလိုကလေးမျိုး။ သူစကားမပြောချင်ရင် မေးတခွန်း ခေါ်တခွန်း ပဲ ပြောတဲ့ သားက သူစိတ်ဝင်စားတာများ ဖြစ်လို့ကတော့ ရေချိုးခန်းဝထိ လိုက်ရပ်ပြီး အထဲကို ပြောတတ်တဲ့သူ။

အင်း ခုသားကိုခွဲနေရတာ သတိရလိုက်တာလေ။ သားအကြောင်း ပြောပြရရင်တော့ တထောင့်တညထက် ရှည်သွားမယ်။ နောက်ကြုံရင်တော့ သားအကြောင်း ပြောပြချင်ပါသေးတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

23 comments:

အောင်သာငယ် said...

နားလည် ကိုယ်ချင်းစာ ခံစားမိပါသည်။

ကျနော်တောင် အချုပ်ထဲ ၂ ည ရောက်နေတုန်း သားကြီးကို သတိရမိတာ....
မခင်မင်းဇော်ဆို ခု ပိုသတိရမှာပေါ့...

အဖေ အမေတွေရဲ့ ဘ၀ကို ကိုယ်ကိုယ်တိုင်ရောက်မှပဲ ကိုယ့်မိဘတွေ ကိုယ့်ကို ဘယ်လို ချစ်သလဲဆိုတာ သိရတော့တာကိုး....

ဒီလိုပေါ့ဗျာ.. ပြန်တွေ့ရမှာပဲဟာ ...း)

ရွာသားလေးဝိုင်တီယူ said...

အမ သားအကြောင်းဖတ်ချင်ပါသေးတယ်ခင်ဗျာ

ဒူကဘာ said...

အေးဗျာ ....စာနာပါတယ်..တော်လှန်သူတွေရဲ့ ဘဝတွေဟာ မျက်ရည်စတွေ သီထားသလား မှတ်ရပါတယ်၊ ဖတ်ချင်သေးတယ်။

Ko Paw said...

ကိုယ်ချင်းစာပါတယ်လေ….ကျနော်တို့လည်း သုံးနှစ်လောက် သမီးနဲ့ ခွဲနေခဲ့ရဘူးတယ်။ သူ့အကြောင်းဖတ်ကြည့်ရသလောက် မခင်မင်းဇော်ရဲ့သားက သူ့အမေနဲ့အဖေလိုပဲ မိဘတွေ ဂုဏ်ယူလောက်တဲ့သား ဖြစ်လာမှာပါ။

ဒါထက် စကားမစပ်…. သားကိုပဲ လွမ်းတာလားဗျ။ ချန်မထားနဲ့လေ။ လွမ်းတာတွေ အကုန်ရေးမှပေါ့။

ခင်မင်စွာဖြင့်
ကိုပေါ

Ko Paw said...
This comment has been removed by the author.
Nyo Htet Nyo said...

အစ်မသားလေးအကြောင်းဖတ်သွားပါတယ်ခင်ဗျား။ ကျန်းမာပါစေ။

TZA said...

မိခင်မေတ္တာကို ပေါ်လွင်စေပါတယ်၊ သားလေးက ကြီးလာရင် ကျေးဇူးသိတဲ့ သားလိမ္မာလေး ဖြစ်မှာပါ။

MaMa said...

အမေ ဆိုတာ တကယ်တော့ အမေပါပဲ
ဘယ်လို လူမျိုးပဲဖြစ်ဖြစ် ဘယ်လိုနေရာမျိုးပဲ ရှိရှိ
ကိုယ့်ရင်သွေးနဲ့ ကျတော့ နူးညံ့ သိမ်မွေ့
ချစ်ငွေ့တွေနဲ့ ဝေ နေတာပဲ နော်..
အရမ်းဖတ်လို့ ကောင်းတယ်..
မိဘ မဟုတ်သေးတဲ့ သူတွေတောင် ကြ ည်နူး
ရမဲ့ ပို့စ်လေးပါ...။

Moe Cho Thinn said...

သားလေးက လိမ်မာတယ်၊ စာတော်တယ်လို့ ဆရာမ မေငြိမ်းပြောပြလို့ ကြားဖူးနေခဲ့တာ အမ။
အမသားက မိဘမျက်နှာညိုမှာတောင် စိုးနေတဲ့သူဆိုတော့ အမ ချစ်တာလဲ မလွန်ဘူးလေနော်။ မိဘ စိတ်ကြည်နူးရမဲ့ သားရတနာလေး ဖြစ်မှာပါ။

sin dan lar said...

ကလေးကိုရပ်ကွက်ထဲက သူပုန်လေးလို့ ခေါ်ကြတယ်ဆိုတာရယ်၊ ရွှေဝါရောင် တော်လှန်ရေး
မှာအိမ်ပြန်ရတော့မယ်ထင်လို့ ပျော်နေတဲ့ သူ့အမေရယ်
အဲဒီနေရာလေးတွေဖတ်ပြီး မျက်ရည်ဝဲမိတယ်။

လင်း said...

အမ သားကိုပဲလွမ်းတာလားး) ။ သားအကြောင်းတွေ ဆက်ရေးပါအုန်းနော် မျှော်နေမယ်

မေငြိမ်း said...

ဒါတောင် လျှော့ရေးထားတာနော်.. ငါ့တူလေး တော်တာ.. လိမ်မာတာကို.. :)

nu-san said...

မခင်မင်းဇော် ပို့စ် ဖတ်နေရင်း ဒီဘက် လူက မျက်ရည်ကျနေရပြီ။ စိတ်မကောင်းဘူး..:(

အမရဲ့ သားသားပုံပြင် တစ်ထောင်တစ်ညတွေ ဖတ်ချင်ပါတယ်...

ခင်မင်းဇော် said...

သားသားအကြောင်းကို ကိုယ်ချင်းစာ နားလည်ပေးကြသူတွေကို သိပ်ကျေးဇူးတင်ပါတယ်။ မိဘဖြစ်လာတော့မှ သားသမီးကို ဘယ်လောက်ချစ်တယ် ဆိုတာကို နားလည်တတ်ခဲ့တယ်။ ဘယ်လိုအန္တရာယ်မျိုးကိုမှ သူတို့ကို မကျရောက်စေချင်ဘူး။ အဲဒီအခါမှာ ကျမှ ကိုယ့်ကို မိဘက စိုးရိမ်စိတ်နဲ့ တားမြစ်ပိတ်ပင်ခဲ့တာတွေ။ကိုယ့်ကြောင့် သောကတွေနဲ့ ပူပင်ခဲ့ရတာတွေကို ပြန်သတိရ တောင်းပန်မိတော့တယ်။ ကိုယ်က မိဘနေရာ ရောက်လာပြီကိုးနော်။ လာရောက် ဖတ်ရှုကော်မန့်ပေးသူ အားလုံးကို ကျေးဇူးတကယ်တင်ပါတယ်။

အိပ်မက်နိဒါန်း said...

အစ်မရေ..
စာလေးဖတ်နေရင်းကိုစိတ်မကောင်းဖြစ်ပြီးမျက်ရည်ဝဲမိတယ်.

thorn musem said...

မမင်းဇော်
ကိုယ်ချင်းစာပါတယ်ဗျာ..
ကျနော်ဆိုကလေးတွေနဲ့ လုံးဝခွဲမနေတတ်ဘူး..။

Min Min said...

အမေတွေက ကလေးတွေကိုလွမ်း.. သားတို့လည်း အမေတွေကိုလွမ်းပါတယ်ဗျ..း(

MANORHARY said...

အမြန်ဆုံဆည်းရနိုင်ပါစေ...
အမေနဲ့သားဆိုတာ နီးနေရမယ့်သူတွေလေ
မနော်သာဆိုခွဲနိုင်မှာမဟုတ်ဘူး...

s0wha1 said...

အန်တီရယ်... ပြန်လာရတော့မှာပဲကို။ အားရပါးရ ပျော်ခဲ့တာ မဟုတ်ဘူး။

Kay said...

အမ- ပိုင်ပိုင်လေးအကြောင်း..ခုမှ..ရီဒါ မဖတ်တာ တပတ်စာ ရှင်းရင်း..ပြန်ဖတ်မိတာ။ ဒီဇင်ဘာအလွမ်းကို အရင်ဖတ်လိုက်မိတာ။ တွေ့ရတော့မှာပေါ့။ သေချာပါတယ်..ပိုင်ပိုင်က..တော်မှာ..ထက်မှာ..။ ၆ နှစ်သမီး ကျမ တူမကတော့..အလီကျက်ရလို့..ဘ၀ ဆိုတာ..ဘာကြီးပါလိမ့်လို့တောင်..ကဗျာစပ်သတဲ့။း)

sonata-cantata said...

သားလေးက တော်မဲ့ ထက်မဲ့ပုံလေး...
မိခင် တစ်ယောက်အနေနဲ့
ကိုယ့်ရင်သွေးအပေါ်
အများကြီး မျှော်လင့်ထားတယ်.. ယုံကြည်ထားတယ်ဆိုတာ...
နားလည်ပါတယ် အစ်မရေ

ရွှေဂျမ်း said...

အမရေ သားလေးအကြောင်း တင်ပြီးကာစကတည်းက ဖတ်လိုက်ရတယ်။ ခုမှ ကွန်မင့်လာရေးဖြစ်တာ။ အမ မိသားစုကို လွမ်းနေတာ ခံစားကြည့်လို့ရသလို ကိုယ်ချင်းလည်းစာမိပါတယ်။ ဒါနဲ့ သားလေးနာမည်က လှပါတယ်အမရဲ့။ ပြောင်းပြန်ပြန်ခေါ်ကြည့်လည်း ဘာမှ သိပ်မဆိုးပါဘူးနော်။ :P စိတ်မပူနဲ့။

Khin Ma Ma Myo said...

အစ်မရယ်။

ဒီပို့စ်လေးဖတ်ပြီး စိတ်ထဲမှာ တမျိုးပဲ။ မျက်ရည်တောင်ဝဲလာမိတယ်။ တလခွဲ ကလေးလေးနဲ့ ဘ၀တိုက်ပွဲကို ရင်ဆိုင်ရဲခဲ့တဲ့ အမကို အရမ်းလေးစားတာပဲ။ မိခင်တယောက်ရဲ့ နှလုံးသားကို ထပ်တူ ကိုယ်ချင်းစာခံစားမိရင်း၊ အစ်မရဲ့သားလေး အစစအရာရာ အောင်မြင်ပါစေလို့လဲ ဆုတောင်းပေးပါတယ်။

ခင်မင်လျက်

ခင်မမမျိုး