Thursday, November 29, 2007

အမေ လူထုဒေါ်အမာမွေးနေ့


အမေလူထုဒေါ်အမာရဲ့ အသက် ၉၂ ပြည့်မွေးနေ့ အထိမ်းအမှတ်စကားဝိုင်း

အမေမာရဲ့ မွေးနေ့ကို စာရေးဆရာ ၊ ကဗျာဆရာများနဲ့ အတူ စာပေ၀ါသနာရှင်များနဲ့ လေးစားစွာ ကျင်းပဖြစ်ပါတယ်။
ဒါကတော့ မွေးနေ့ပွဲကျင်းပရေးကော်မတီမှ ကဗျာဆရာ မောင်လွမ်းဏီ (ကျောင်းသားတပ်မတော်)မှ နှုတ်ခွန်းဆက်စကားပြောကြားနေတာပါ..
(ငါးရောင်ခြယ် ဆိုတဲ့ သုံးကြောင်းကဗျာရေးစပ်ခဲ့သူလေ)
ဆောင်းရာသီရဲ့ အေးမြမှုအောက်မှာ ဗမာဆန်ဆန် ကောက်ညှင်းဆီထမင်း၊ ပဲပြုတ်၊ ငါးခြောက်ကြော်၊ ရေနွေးကြမ်း၊ ကော်ဖီတို့နဲ့ ဧည့်ခံပြီး အမေ့မာအတွက် ဂုဏ်ပြုစပ်ဆိုထားတဲ့ ကဗျာတွေကို အnter;">မှတ်တရ ရွတ်ဆိုကြပါတယ်။
အခမ်းအနားမှူးအဖြစ် ကဗျာဆရာပွင့်သစ်(ကရိန်ကန်)က ခုလို ပိုင်နိုင်စွာ ပွဲထိန်းသွားပါတယ်။
(ဘလော်ဂါ ကိုဖိုးဇေ ဆိုတာလဲသူပဲပေါ့..)

ကျမကို မတွေ့ဘူးမဟုတ်လား။ ကျမက ဗွီဒီယို မှတ်တမ်းတင်သူလေ။ ဘယ်တွေ့မှာတုန်း......
ဒီပုံတွေကို ဗွီဒီယိုဖိုင်ထဲက ဓါတ်ပုံပြန်ရိုက်ပြီး တင်ပေးထားတာလေ၊ ဓါတ်ပုံကင်မရာမရှိလို့..(သနားစရာ....)
(အမေမာ မြင်ချင်သလို တိုင်းပြည်ပြောင်းလဲအောင် အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်လို့ ဒီနေရာက ဂတိပေးပါတယ်။အစဉ်အမြဲ ပြည်သူ့ဘက်က ရပ်တည်သလို ပြည်သူကချစ်တဲ့ အမေမာ ကျန်းမာပါစေ။ အသက်ရာကျော် ရှည်ပါစေ .....)

Wednesday, November 28, 2007

ပန်းတောင်မှာ

လွမ်းခဲ့တယ်မောင် ဒီပန်းတောင်

နိုဝင်ဘာလ လယ်က ချင်းမိုင်အသွား လမ်းမှာ ၀င်လည်ခဲ့ရတဲ့ ပန်းတောင်လို့ ခေါ်တဲ့ တောင်လေး အကြောင်းကို ဓါတ်ပုံနဲ့ တကွ ကြွားပါရစေ..
အဲဒီတောင်ကို လှမ်းမြင်ရတော့ ပန်းသိပ်မကြိုက်တဲ့ ကျမ ရင်ထဲမှာ လွမ်းသလို.. ပျော်သလို ဖြစ်သွားမိတယ်.. အဟုတ်… လူက နေမကောင်းဖြစ်နေချိန်…
မနက် အစောကြီးထပြီး ကားစီး…… လမ်းကလည်း အကွေ့အကောက်များတဲ့ တောင်ပတ်လမ်း..
စဉ်းစားသာ ကြည့်ပါတော့..အစားလည်း မစားနိုင် … ကားမူးတတ်တော့ မအန်အောင် ဆေးသောက်ရတာရယ်.. နေမကောင်းလို့ သောက်ရတဲ့ဆေးရယ်..အမလေး .. လူဆိုတာ ကားပေါ်က ခေါင်းတောင် မထူနိုင်ဖြစ်နေချိန်..
ဟဲ့ ဟဲ့ ပန်းတောင်ကို ကြည့်ပါဦး မြင်နေရပြီ… ရောက်တော့မယ်..
အိပ်မနေနဲ့တော့ ထပါတော့တဲ့..
အတူသွားတဲ့ ခရီးဖော်က အတင်းနှိုးလို့ ထရပေမယ့် စိတ်က သိပ်ကြည်တာမဟုတ်ဘူး..
ဘာလုပ်ရမှာလဲ ပန်းတောင် ဆို တာ ဘာညာ ဘာညာ..စိတ်ထဲက ပွစိပွစိ..
တကယ်မျက်လုံးဖွင့်ကြည့်လိုက်တော့…
အားပါးပါး….တယ်လှပါလား…ကိုယ့်မျက်လုံးတောင် ကိုယ်မယုံလို့ ပွတ်သတ်ကြည့်ရသေးတယ်… အိပ်မက်များလားပေါ့.. ကိုယ်တယောက်တည်း ရောက်ရတော့ အိမ်က သံယောဇဉ်ကိုလဲ သတိရမိသေးတော့တယ်.. အော် ... မိသားစုလေးနဲ့သာဆိုရင်.....( အဲလို....လဲ....ပြောထားဦးမှ)
အဲဒီခရီးက မနက် ၆ နာရီက စီးလိုက်ရတဲ့ကား…ည ၆ နာရီကျော်မှ တည်းရမယ့် ဟိုတယ်ရောက်တော့တယ်…ဒါပေမဲ့ ပင်ပန်းတာတွေက ပန်းတောင်ကို မြင်လိုက်ရတာနဲ့ တန်ပါတယ်လို့ ခရီးလမ်းကြောင်း စီစဉ်သူများကို ကျေးဇူးတင်လိုက်ရသေးတယ်..
(တကယ်ဆို ၄ နာရီပဲ ဝေးတဲ့ခရီးကို လုံခြုံရေး အစီအစဉ်အရ ကွေ့ပတ်မောင်းနေရလို့လေ..ကျမတို့ ဆူညံဆူညံ မပြောအောင် စီစဉ်ပေးထားတာ)
ကဲ .. ကျမ မြင်ခဲ့ရတဲ့ ပန်းတောင်ကိုလည်း မိတ်ဆက်ပြလိုက်ပါဦးမယ်.. လာလေရော့..
ဒီမှာ…

ကြည့်ပါဦး ပန်းပင်လယ်ကြီးဖြစ်နေတာ ကင်မရာထဲ ၀င်သလောက်ပဲ မြင်ရလို့


ဒီလို နေကြာရိုင်းတွေချည်းပေါ့(ပန်းခူးမိရင် တပွင့် ဘတ် ၅၀၀ ဒဏ်တပ်မတဲ့)
လူကိုသေးနိုင်သမျှသေး ပန်းများများပါအောင် ရိုက်ပါဆိုတာတောင်မှ ...

အဲဒီမှာ မျှော့ လူမျိုးဝတ်စုံကလေးတွေနဲ့ ကလေးလေးတွေလေ.. အဲဒီဝတ်စုံတခါဝတ် ဘတ် ၃၀ ကို ၀တ်ထားတာ ချစ်စရာလေးတွေ မို့ ဓါတ်ပုံတွဲရိုက်ခဲ့တာ.. ကျမ ၀တ်ထားတာလဲ မျှော့လူမျိုးတွေရဲ့ ရိုးရာ ဘောင်းဘီလေး ဆိုတော့ ကွတ်တိပေါ့...

တကယ်ဆို ကျမတို့ တိုင်းပြည်ထဲမှာလဲ အဲလိုနေရာတွေ ရှိမယ်ထင်တယ်။ ပြည်တွင်းမှာတုန်းက ကျမက မြစ်ဝကျွန်းပေါ်သူဆိုတော့ ပင်လယ်ဖက်ကိုပဲ ကျွမ်းကျင်ခဲ့သူ။ နောက် ကယားပြည်နယ်ဖက်မှာ နေခဲ့တော့လဲ တောင်ပေါ်ဒေသ ရွာတွေ ပေါ်မှာပဲ နှံ့စပ်အောင် သွားလာနေခဲ့ရသူ ဆိုတော့ ပန်းမြို့တော်ဆိုတဲ့ မေမြို့ကို မရောက်ဖူးခဲ့ဘူး။

ဒါမဲ့ ဒီလိုနေရာမျိုးကို နိုင်ငံခြားသားတွေပါ လာနိုင်အောင် စီစဉ်ပေးထားတဲ့ ထိုင်းအစိုးရကိုတော့ ချီးကျူးရမှာ အမှန်ပဲ.. တောင်ကြောတလျှောက်လုံး ဒီလို ပန်းတွေ အလေ့ကျ ပေါက်လေ့ရှိတာကို ထိန်းသိမ်းပြီး ၀င်ငွေရှာတာကတော့ အစီအစဉ် ကောင်းလွန်းပါတယ်။ ဒီမိုကရေစီရပြီး နိုင်ငံသစ်တည်ချိန်မှာ ဒါမျိုးနေရာလေးတွေ ရှာပြီး ကမ္ဘာလှည့်တွေကို ဆွဲဆောင်ရဦးမယ်။ ကျမတို့ တိုင်းပြည်မှာဆို အားလုံး ရှိနေတာပဲဟာနော်။
(အားတင်းထားဟ..ရေခဲပြင်တွေလဲရှိ.. ပင်လယ်ကမ်းစပ်လဲရှိ.. လယ်ကွင်းကျယ်တွေ... တောင်တန်းတွေ ... အာပါးပါး .. တွေးကြည့်ရတာ တောင် အများကြီး)
ကဲ နေမကောင်းရက်နဲ့ သွားခဲ့ရတဲ့ ခရီးစဉ်က အမှတ်တရလေး ကို မျှဝေပေးလိုက်တာပါ။

Friday, November 23, 2007

ကျမတို့ဘာလုပ်ကြမလဲ

ကျမတို့ဘာလုပ်ကြမလဲ
မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းမှာ စက်တင်ဘာဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေကို ပြစ်တင်ရှုတ်ချထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်သက်တမ်း ထပ်တိုးမှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေအပေါ် စိတ်ပိုင်း ရုပ်ပိုင်း ညှင်းပန်း နှိပ်စက်မှုတွေကို ကုလသမဂ္ဂက အထူးပင် စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။ အဲဒီမူကြမ်းကို မနေ့က မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၈၈ ဦး ကန့်ကွက် ၂၄ ဦးနဲ့ ကြားနေ ၆၆ ဦး ရှိခဲ့ပါတယ်။

ကန့်ကွတ်သူများက တရုတ်၊ ရုရှ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ကျူးဘား၊ ဗင်နီဇွဲလား ၊ (အာစီယံမှ) မလေးရှား၊ လာအို၊ ဗီယက်နမ်တို့ ပါဝင်ပါတယ်။ကြားနေမဲ ပေးခဲ့တဲ့ နိုင်ငံတွေကတော့ အာစီယံထဲက အင်ဒိုနီးရှား၊ စင်္ကာပူ၊ထိုင်း ၊ ဖိလစ်ပိုင် နဲ့ဘရူးနိုင်း တို့ဖြစ်ပြီး ကမ္ဘောဒီးယားကတော့ ညီလာခံကို အစကတည်းက မတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အာစီယံနိုင်ငံ ၁၀ နိုင်ငံစလုံးက မထောက်ခံတာကို ထင်ရှားစွာ တွေ့ရမှာ ဖြစ်ပါတယ်။ (သတင်း ..ဒီဗွီဘီ၊ အင်တာနက်ထဲမှာတော့ အင်ဒိုနီးရှား တနိုင်ငံ က ထောက်ခံမဲ ထည့်တယ်လို့ တွေ့လိုက်ရတယ်)ကျမတို့ ဘာတွေစဉ်းစားရတော့မလဲ။ ဒီဖြစ်စဉ်ပေါ်က ဘာတွေသုံးသပ်ကြည့်ရမလဲ။ပထမဦးဆုံး စဉ်းစားမိတာက ကျမတို့ နိုင်ငံအတွက်၊ ကျမတို့ ပြည်သူတွေအတွက် ဘယ်အိမ်နီးချင်း နိုင်ငံကိုမှ အားကိုးလို့ မရတော့ဘူး ဆိုတာ ပါပဲ။

ကျမတို့နဲ့ အနီးကပ်ဆုံး တရုပ် ၊ အိန္ဒိယ ၊ ထိုင်းလို နိုင်ငံမျိုးတွေဟာ သူတို့ နိုင်ငံစီးပွားရေး ၊ သူတို့ ပြည်သားတွေရဲ့ အကျိုးစီးပွားကို သာ ကြည့်ကြလိမ့်မယ်။ နောက် ကျမတို့ နိုင်ငံက ခုလို မတိုးတက်လေ သူတို့ ခေါင်းပုံဖြတ်လို့ ရလေလို့ တွေးထားပြီး ဖြစ်တယ် ဆိုတာ အထင်အရှားတွေ့နေရပြီ။ ဒီတော့ သူတို့လို အိမ်နီးချင်း နိုင်ငံတွေက မြန်မာနိုင်ငံ မတိုးတက်လေ ကြိုက်လေ ၊ ကျမတို့ ပြည်သူတွေ အသိပညာမရှိလေ သူတို့ တိုင်းပြည် အကျိုးအမြတ်ရလေ ဒီလိုပဲ သဘောထားနေတာကို ပြတ်ပြတ်သားသား မြင်နေရပါပြီ။ ကျမတို့ ဘာလုပ်ကြမလဲ။ သူတို့အိမ်နီးချင်းနိုင်ငံတွေကို ဒေါသထွက်နေယုံနဲ့ ပြီးမလား။ ကန့်ကွက် နေယုံနဲ့ ပြီးမလား။တကယ်တော့ သူတို့နိုင်ငံသားတွေအနေနဲ့က သူတို့ အစိုးရတွေဟာ သူတို့တိုင်းပြည်နဲ့တကွ ပြည်သူ ပြည်သားတွေအတွက် တကယ့်ကို အကျိုးဆောင်ပေးနေတဲ့ အာဏာရ အစိုးရတွေပါပဲ။ ကျမတို့ နိုင်ငံက အာဏာရူးတွေသာ တိုင်းပြည်အကျိုးတို့ ပြည်သူအကျိုးတို့ကို နားမလည်တာပါ။ အိမ်နီးချင်းအစိုးရတွေက သူတို့ နိုင်ငံအကျိုးအတွက် တခြားတိုင်းပြည်က ပြည်သူတွေ ဘယ်လောက်နစ်နာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ် ၊ ဘယ်လို သတ်ဖြတ်မှုတွေနဲ့ ကြုံတွေ့နေရတယ် ဆိုတာကို လျစ်လျှူရှုထား နိုင်ကြပါတယ်။

ကျမတို့ ဘာလုပ်ကြမလဲ၊
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ကိုယ်တိုင် ပါဝင် လှုပ်ရှားမှ ဖြစ်မယ်၊ ဘယ်နိုင်ငံ ဘယ်လူမျိုးကိုမှ အားကိုးလို့မရဘူး ဆိုတာကို ကျမတို့ ရင်ထဲ အသည်းထဲက စွဲစွဲမြဲမြဲ မှတ်ထားဖို့လိုတယ်။
ကျမတို့ ရောက်နေတဲ့ နိုင်ငံကနေ သူတို့ ဥပဒေအတွင်းကနေ ကိုယ့်နိုင်ငံအတွက် လုပ်နိုင်သမျှ လုပ်ပေးကြရမယ်။
ကျမတို့ ဘာလုပ်ကြမလဲ။ ကျမတို့ မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံသား အားလုံးဟာ ဘယ်နေရာ ရောက်ရောက် တစိတ်တည်း တ၀မ်းတည်း ၊ ကိုယ့်တိုင်းပြည်အတွက် ဘယ်လောက် လုပ်ပြနိုင်တယ်၊ ဘယ်လို ရင်ဆိုင်နိုင်တယ် ဆိုတာကို သက်သေပြကြရမယ်။ မျိုးဆက် တဆက်မကတော့ဘူး ဒီတိုင်း စတေးနေကြရတာ။ ဒါတွေအားလုံးဟာ စစ်အုပ်စုကြောင့်ဖြစ်တယ်။ နောက် စစ်အုပ်စုအားပေး အာစီယံ နိုင်ငံတွေကြောင့်ဖြစ်တယ်။
ကျမတို့ဘာလုပ်ကြမလဲ။ ကျမတို့ ပြည်သူတွေကို အာစီယံနိုင်ငံတွေက ပြည်သူတွေကပါ စာနာ နားလည်နိုင်အောင် လုပ်ရမယ်။ သူတို့ အစိုးရကို သူတို့ပြည်သူတွေကိုယ်တိုင်က ပြောနိုင်အောင် ကျမတို့ လှုံ့ဆော်ရမယ်။ ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော်တဲ့နည်းကို သုံးရမယ်။အဲဒါတွေ လုပ်ဖို့ ကိုယ့်လူမျိုးအချင်းချင်း စည်းလုံးရမယ်။ တတ်နိုင်တဲ့နည်းနဲ့ ရနိုင်သလောက် ကိုယ်လုပ်နိုင်သမျှ လုပ်ကြရမယ်။ နောက်ဆုံး ဗမာပြည်က ဘယ်လူမျိုးမဆို သိပ်စည်းလုံးတယ် ကျမတို့ တိုင်းပြည်ကို ကျမတို့တကယ်ချစ်တယ် ဆိုတာကို သူတို့ခံစားသွားရအောင် တိုင်းပြည်ရဲ့ ပြင်ပရောက်နေတဲ့ နိုင်ငံသားတိုင်းက ကြိုးစားကြရမယ်။

ခု တလော စင်္ကာပူက လှုပ်ရှားမှုတွေကို ကျမက သိပ်သဘောကျ ထောက်ခံမိတယ်။ စင်္ကာပူဆိုတာ စစ်အုပ်စု အားကိုးရာ အာစီယံနိုင်ငံတခု ဖြစ်တဲ့အပြင် သူ့ရဲ့ ငွေစာရင်းတွေ ၊ သူတို့ အုပ်စုတွေရဲ့ တထောက်နားရာစခန်းတွေ ၊ ဆေးကု စာသင် ဈေးဝယ်ထွက်ရာမြေ၊ ဒီလိုမြေမှာတောင် သူတို့ မလုံခြုံတော့ဘူး ၊ သူတို့ကို မထောက်ခံသူတွေ ရှိနေတယ် ဆိုတာကို ခံစားသိနေစေရအောင် သေသေသပ်သပ် လုပ်ပြတတ်တဲ့ လှုပ်ရှားမှုတွေကို ကျမက လေးစားဂုဏ်ယူနေမိတယ်။ အာစီယံနိုင်ငံတိုင်း၊ နောက်တဆင့်တက်လို့ ကမ္ဘာတ၀ှမ်းနိုင်ငံပေါင်းစုံရောက် မြန်မာနိုင်ငံသားအားလုံး ကိုယ်ရောက်နေတဲ့ နိုင်ငံကနေ စင်္ကာပူလို မျိုး တက်ကြွလှုပ်ရှားမှုတွေနဲ့ စစ်အုပ်စုကို စိန်ခေါ်မှုတွေ ရက်ဆက် ပြနေရမယ်လို့ ကျမက ခံယူမိတယ်။

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ဟာ နအဖလို စစ်အုပ်စုအတွက် အဆုံးမသတ်တဲ့ စိန်ခေါ် တိုက်ပွဲရက်တွေပါပဲ။ပြည်တွင်းက လူတွေက အသက်တွေ ဘ၀တွေ ရင်းနှီးနေချိန်မှာ တိုင်းပြည်ပြင်ပက သွေးချင်းတွေက အဲဒီလူတွေ အတွက် ကိုယ့် အချိန်တွေကို ပေးဆပ်ပြကြစေချင်ပါတယ်။ လုပ်အားတွေကို ပေးဆပ်ပြရမယ်။ တတ်နိုင်သမျှငွေကြေးတွေနဲ့ ပေးဆပ်ပြရမယ်။ကိုယ်သန်ရာ နည်းလမ်းပေါင်းစုံနဲ့ ပေးဆပ်ပြရမယ်။

ကဲ … ဘလော်ဂါသွေးချင်းတို့ရေ…
ကိုယ်တတ်နိုင်သလို နည်းလမ်းတွေနဲ့ စတင်လိုက်ကြရအောင်။

Thursday, November 22, 2007

စင်္ကာပူက လှုပ်ရှားမှု

ဂုဏ်ယူလျှက်ပါ စင်္ကာပူမှ သွေးချင်းများ




လမ်းပြကြယ်မှာ တင်ထားတဲ့ သတင်းနဲ့အတူ စင်္ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ အင်္ဂလန်နိုင်ငံခြားရေးဆိုင်ရာ အတွင်းဝန်နဲ့ စင်္ကာပူရောက် မြန်မာများ November 20 ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမှု မှတ်တမ်းပုံတွေပါ။

"Concern for Burma" အဖွဲ့ကနေ ဦးဆောင်စီစဉ်ခဲ့ပြီး OBP, Oway, LPK library, DTASG နဲ့ intellectual, religious people အဖွဲ့တွေအားလုံး ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို တင်ပြပြောဆိုခဲ့ကြပါတယ်။
အာစီယံအဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ပြုမူဆက်ဆံပုံတွေနဲ့ မြန်မာပြည်သူတွေအပေါ် တကယ့်စာနာမှုတွေ နဲ့ ဆက်ဆံမယ့် အိမ်နီးချင်းနိုင်ငံဖြစ်မဖြစ် သုံးသပ်ချက်တွေကို ဆောင်းပါး ဆက်တင်ပေးပါဦးမယ်။

(ကိုယ့်လူမျိုး ကိုယ့်နိုင်ငံအတွက် ကိုယ်သာလျှင် ကြိုးစားရပေမည်)

Tuesday, November 20, 2007

ယုံတမ်းစကား

အင်း ဂျပန်က တူမလေး နှင်းသဇင်ရေ..
ရေးလိုက်ပြီနော်... ယုံတမ်းစကား..

ခင်မင်းဇော်ရဲ့ ယုံတမ်းစကား

အင်း မနက်မိုးလင်းတာနဲ့ ဟုတ်သော်ရှိမဟုတ်သော်ရှိ ။

ခြံထဲမှာ လမ်းလျှောက်ဦးမှ။ အသက်က ကြီးလာတော့........

မာလီလုပ်နေတဲ့ ရွှေမန်းကိုတော့ ခြံဝန်းထဲက သိပ်မလှတော့တဲ့ ပန်းပင်တွေကို ရွှေ့ဖို့ အသစ်တွေ စိုက်ဖို့ ပြောထားတာ အဆင်ပြေရဲ့လား မသိပါဘူး။

ကိုယ်က အာဏာရှိထားပေမယ့် မတရားခိုင်းတာကို မကြိုက်တော့ မနေ့က အလုပ်ချိန်ကုန်ခါနီး ပြောပြလိုက်ပေမယ့် ဒီနေ့မှာ လုပ်လို့ ပြောထားခဲ့တာ ။ အင်း

မနေ့ကလာပြတဲ့ စိန်တွေ ၀ယ်ချင်ပေမဲ့ သန္တာရွှေ ၀တ်ထားတာထက်သေးနေလို့ မ၀ယ်ဖြစ်လိုက်ဖူး။

မနက်ဖြန်တော့ ထပ်လာပြမယ် ပြောထားတာပဲ စောင့်လိုက်ဦးမယ်။

အော် ..

ဂူဂယ်ကလည်း ကျမအကြံပေးတဲ့အတိုင်း လုပ်လို့ အောင်မြင်နေတဲ့ ဖိုးဝပေါ်တယ်ကို ၀ယ်ချင်လို့တဲ့ ။ ဒါမှမဟုတ်လဲ ရှယ်ယာဝင်ခွင့်ပြုပါတဲ့။ အင်းလေ ဖိုးဝမှာ အကြံပေးရုံပေးတာတောင် ဒီလောက်အောင်မြင်နေရင် စဉ်းစားသာ ကြည့်တော့။

ဘီလ်ဂိတ်တို့ လာဆွေးနွေးထားတဲ့ သူတို့ ဖောင်ဒေးရှင်းတွေမှာ ၀င်ရောက်ပေးဖို့ကိုတော့ စဉ်းစားပေးထားပါ့မယ်လို့ ပြောပြီး အကြောင်းပြန်ဖို့ ဘယ်နေ့ချိန်းမိပါလိမ့်။

နေဦး အတွင်းရေးမှူး လာမှမေးရဦးမယ်။

ဘလော်ဂါများ အစည်းအဝေးတက်ဖို့လည်း သွားရဦးမှာပဲ။ ဘလော်ဂါ ဂုဏ်ထူးဆောင် နာယက ဖြစ်ကတည်းက တခါမှမအားရသေးဘူး။

သူတို့ တွေနဲ့အတူ ဟောပြောပွဲတွေသွားရတာ နည်းမှမနည်းပဲ။ တနာရီ မြန်မာဒေါ်လာ ၅ သန်းလောက်ပဲ ယူပေးလိုက်ပါတယ်။ နို့မို့ ပေါက်ဈေး အတိုင်းယူရင် တချို့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ ပေးနိုင်ဖို့မလွယ်ဘူး။ ခုဆို အမေရိကန်က လူတွေတောင် အဆိုင်လမ်လာပြီး လျှောက်နေကြတဲ့ ရွှေမြန်မာပြည်ကြီး မဟုတ်လား။ သူတို့ ကို ကိုယ်က တတ်နိုင်သလောက် ပြန်ကြည့်ပါတယ်။

ဟိုဘက်က ဇိနတိုင်းဆို ကျမတို့ နိုင်ငံကို လာလာ ဆက်သရတာ နည်းလို့လား။ သူတို့ ၂၀၀၇ တုန်းက နအဖ ဘက်လိုက်ခဲ့တာ မှားမှန်းသိလို့ တဲ့။ ခုဆို ကျမတို့ဆီက တက္ကသိုလ်တွေက အဆင့်မြင့် ပညာတွေ သင်ချင်လွန်းလို့ လာလိုက်ကြတဲ့ နိုင်ငံခြားသားတွေ ။

အင်း .. ကျမရဲ့ ဘော်ဒါ ဘလော်ဂါတွေလည်း ဖွံ့ဖြိုးမှုနောက်ကျကျန်နေတဲ့ နည်းပညာတွေ မတိုးတက်သေးတဲ့ ပြင်သစ် ဂျာမဏီ အီတလီ ဆိုတဲ့ ဥရောပတွေဖက် သွားပြီး နည်းပညာမျှဝေမှုတွေ လုပ်နေရတာ ကိုယ့်နိုင်ငံတောင် မနေနိုင်ဖူး။ မိုးထက်နေတို့ဆို ဆိုက်ပရပ်တောထဲမှာ သနားပါတယ်။ အင်္ဂလန်က ကိုထိုက်ခမျာများ ကိုယ့်ပြည်က တိုးတက်နေပေမဲ့ မနေရပဲ ခုထိ နိုင်ငံသေးလေးမှာ ဒုက္ခခံနေရတုန်း ။

အော် သနားပေမဲ့လည်း တကမ္ဘာလုံးကို တညီတည်း ဖြစ်စေချင်တဲ့ ဆန္ဒတွေ ကိုယ်စီနဲ့ဆိုတော့ ကိုယ့်အကျိုးစီးပွားကို မကြည့်နိုင်အားသေးဘူး။

အင်း .. လုပ်ပေးရမှာပါပဲလေ..

ကိုယ်တို့ ရွှေပြည်ကြီးက ကမ္ဘာထိပ်သီးနိုင်ငံကြီး ဖြစ်နေပြီဆိုတော့…

( ရေးရတာ တော်တော်အရသာရှိတယ်..ယုံတယ်မဟုတ်လား..ခင်မင်းဇော်ရဲ့ ယုံတမ်းစကား)

ရေးစရာ အကြွေးတက်များ...(ချစ်ခင်စရာ ဘလော်ဂါများရဲ့ ဓလေ့ထုံးစံများ)

ဂျစ်တူး ရေ ညီမလေး အလှည့်ရောက်တော့မယ်။

နှင်းမိုးဝေ ...အနှင်းရေ.. စိတ်ချနေပါ.. ဒီခေါင်းစဉ်က ရေးချင်လှပေါ့။

Saturday, November 17, 2007

ကျမဘယ်သူလဲ?

ဘလော်ဂါအချင်းချင်း ရင်းနှီးစွာ ရေးသားစေချင်တဲ့ အကြောင်းလေးတွေကို လက်ဆင့်ကမ်းလေ့ရှိတာကို တက်(Tag) တယ်လို့ ခေါ်ကြပါတယ်။ ညီမလေး ဂျစ်တူး၊ တူမလေး နှင်းသဇင်၊ မောင်လေး Zero Trash တို့ရဲ့ တက်ထားခြင်းအပေါ် နောက်ဆုံးကနေ ပြန်ရေးလိုက်ပါတယ်။ ဂျစ်ရေ... လာမယ်နော် နောက်တလှည့်၊ နှင်းသဇင်လေးလည်း မကြာမီ လာမည်လို့....

ကျမဘယ်သူလဲ?

ပုံပန်းသဏ္ဍာန်ကို အရင်မိတ်ဆက်ရရင်…….. (ဓါတ်ပုံမြင်ဖူးသူလဲ ရှိမှာပါ၊ ဓါတ်ပုံတင်ပေးသင့်တယ် ဆိုလဲ ပြောကြပါ ၊ အင်း တင်ပေးဖို့ အဆင်သင့်ပါ။ ကြီ....)

ကိုယ့်ကိုယ်ကို မညှာမတာ ပြောပြမှာပါ….

၁) မျက်နှာကျပုံကတော့ လုံးလုံး(၀ လာလို့ဖြစ်မှာပါ)

၂) မျက်ခုံးမွှေးနည်းပါတယ်။ ဒါမဲ့ မျက်ခုံးပေါက်ပုံက လှတော့ အဲဒီပေါ်မှာ ခဲတံနဲ့ထပ်ဆွဲ လိုက်ရုံပါပဲ။(ဟဟ)

၃) နှာတံပေါ်ပေမယ့် နှာတံမချွန်ပါ။

၎) မျက်လုံးမျက်ရစ်လှပေမယ့် မျက်တောင်တိုပြီး ပါးတော့ မပေါ်လွင်တော့ပါ။ ( မျက်တောင် စိုက်ရင် လှမယ် ဆိုတာသိပေမယ့် ဘဏ္ဍာရေး အခြေအနေနဲ့ အသက်အရွယ်အရ အလျှော့ပေးလိုက်ပါတယ်)

၅)နှုတ်ခမ်းလှပေမယ့် ပါးစပ်ပြဲပါတယ်။(ဒါပေမဲ့ သွားတွေကတော့ လှမှလှလို့ လူတကာပြောပါတယ်။ ဒါ့ကြောင့် ဓါတ်ပုံရိုက်တဲ့အခါ အမြဲပဲ ရယ်နေပါတယ်)

၆) အရပ် ၅ ပေ ၂ လက်မပဲ ရှိပေမဲ့ ပေါင်ချိန်ကတော့ ၅၄ မှာ မနည်း ရပ်အောင် ထိန်းရင်း ကျော်သွားခဲ့ရင်လဲ မသိမသာမေ့ထားလိုက်ပါတယ်။( အသက်က ၄၀ ကျော်နေပြီကိုး)

၇)အဓိက အသားရောင်ကတော့ ဖြူဝင်းလှပစိုပြေပါပေတယ် ဟဲဟဲ ဒါလေးကယ်ပေလို့။

၈) ဆံပင်အရောင်ကတော့ ဖြောင့်စင်း မဲနက်နေဆဲ ၊အဖြူရောင်တွေ မလာသေးပေမဲ့ (ခုတလော နီညိုရောင်ဆိုးထားပါတယ်) ဒါကတော့ ပျင်းတာနဲ့ ကလိကြည့်လိုက်တာ။

စိတ်ဓါတ်ကတော့……(သိသွားရင် ပေါင်းချင်ကြပါဦးမလား..)

၁) ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့မျက်နှာမှ မကြည့်ပဲ ပြောတတ်ပါတယ်။(ကြည့်မိရင် မပြောနဲ့လို့ တားမှာစိုးလို့) အမှန်တွေပြောတတ်လွန်းလို့ နောက်ကွယ်ရန်သူ ပေါများပါတယ်။

၂) သူတပါးကို မတရားလုပ်နေတယ်လို့ မြင်မိ ခံစားမိရင် ကိုယ်နဲ့ မဆိုင်ပဲလဲ ပြသနာထဲကို သေသေချာချာ ၀င်ပါတတ်ပါတယ်။

၃) တယောက်နဲ့တယောက် အမြင်မှားပြီး တည့်တည့်မရှင်း ကွယ်ရာက ပြောနေသူတွေ တွေ့ရင် မျက်နှာချင်းဆိုင် ပြောနိုင်အောင် တည်ပေးတတ်ပါတယ်။ ( တယောက်စကား ဟိုတယောက်ကို သွားပြောတာမျိုး မဟုတ်ဘူးနော်။ သူတို့ ၂ ယောက်ကို ဆုံရှင်း ခိုင်းတာ)

၎) ကိုယ် ဂတိပေးပြီးရင် ဘယ်လိုအကြောင်းနဲ့မှ မဖောက်ဖျက်တတ်သလို ဖောက်ဖျက်သူ တွေ့ရင်လဲ မဆက်ဆံတော့ဘူး။

၅) အချိန်နဲ့ ငွေရေးကြေးရေး ကိစ္စတွေ၊ ဂတိသစ္စာတွေကို အသက်လိုတန်ဖိုးထားတယ်။ တခါမှ ဘယ်ချိန်းဆိုမှုမျိုးကိုမှ နာရီနောက်ကျပြီး မရောက်ခဲ့ဖူးဘူး။ ဘယ်ငွေကိုမှ အလွဲသုံးစား မလုပ်ခဲ့ဘူး။ (မိဘပိုက်ဆံကိုတောင် စာရင်းနဲ့တကွ ပြန်အပ်တတ်တယ်)

၆) အလုပ်မရှိရင် မနေတတ်သလို အမြဲပဲ တက်ကြွနေတတ်တယ်။

၇) ကိုယ်လုပ်သလို သူများတွေကိုလဲ အလုပ်ကို စိတ်ပါလက်ပါ တက်ကြွစွာ လုပ်ကိုင်စေချင်တယ်။(ဒါ့ကြောင့် တပည့်မွေးလို့ မရခဲ့ဘူး)

၈) ဆရာလုပ်ရတာ ၀ါသနာပါသလို ကိုယ်တပည့်လုပ်ရချိန်မှာလည်း ရိုကျိုးစွာ ခံယူဖို့ အဆင်သင့်ပဲ။ (ကိုယ်လိုချင်တဲ့ပညာတော့ ဆရာလုပ်သူမှာ ရှိရမှာပေါ့လေ။ ဘာမှမဟုတ်ပဲနဲ့ ဆရာလာလုပ်ရင်တော့ မခံဖူးပေါ့)

၉)စကားများများပြောပေမဲ့ တကယ်က စကားမပြောချင်ဆုံးပါ။ (စာအုပ်တွေဖတ် စာတွေရေး အဲလို နေချင်သူပါ)

၁၀)ငွေကြေး၊ အာဏာကို မမက်မောပေမဲ့ အဲဒါတွေရဲ့ တန်ဖိုးကို သိနေတော့ ငွေကိုတန်ဖိုးထား ရှာတယ်။(ဒါ့ကြောင့် တချို့တွေက ငွေစကားပြောတယ် စွပ်စွဲကြတယ်။ တကယ်က မက်မောလို့ မဟုတ်ပါဘူး။ အဲဒီငွေနဲ့ တချို့တွေကို အနိုင်ယူလို့ ရတယ်။ တချို့ကို ဖြေရှင်းလို့ရနေတယ်။ ကောင်းအောင်လုပ်မယ့် လူတွေလက်ထဲမှာ အဲဒီ ၂ ခုရှိဖို့လိုတယ်လို့ ခံယူတယ်။)

၁၁)ဘယ်တော့မှ မတရားတာ မဟုတ်တာ ဘယ်သူ့အပေါ်မှ မလုပ်ဘူး။ ကိုယ့်အပေါ်လုပ်ရင်လဲ သည်းခံစိတ် မထားတတ်သေးဘူး။

၁၂) လူတယောက်ကို ခဏတွေ့ဆုံ စကားပြောပြီးတာနဲ့ ဒီလူနဲ့ ဆက်ပြီးလက်တွဲလို့ရမရ စိတ်ထဲက အမြဲ အဖြေရှိနေတယ်။ အဲဒီအဖြေကလည်း အမြဲပဲ မှန်ခဲ့တယ်။

၁၃) ကိုယ့်ကြောင့်ဖြစ်လာတဲ့ အပြစ်ကိုလဲ ကျေကျေနပ်နပ် ခေါင်းခံတတ်ပါတယ်။ သူများက မပြောရဲတာမျိုးကိုလဲ ခေါင်းအငှားခံပြီး ပြောပြတတ်ပါသေးတယ်။

၁၄) အားလပ်ရက်တွေမှာ တခုခုလုပ်စားပြီး မိတ်ဆွေအပေါင်းအသင်းတွေ အားရပါးရ နှစ်သက်စွာ စားနေတာကို ကြည့်ပြီးကျေနပ် နေတတ်သေးတယ်။

၁၅)လုပ်မယ်လို့ စစဉ်းစားတဲ့အချိန်မှာ နည်းနည်းတွေဝေတတ်ပေမယ့် ဆုံးဖြတ်ပြီးရင်တော့ နောက်မဆုတ်တတ်တော့ပါဘူး။

ကဲ.. စဉ်းစားလို့ရသလောက် အချက်တွေ ချရေးလိုက်တာပါ။ အစီအစဉ်ကျ မကျတော့ မသိတော့ဘူး။ ပါးစပ်ဆိုးသူလို့ နာမည်ကြီးတဲ့ ခင်မင်းဇော် ဖြစ်ပါတယ်။

ကဲ … ကျမဘယ်လိုလူလဲ… ဒီလောက်ဆို သိရောပေါ့…

ဘယ်သူတွေ အားမအားမသိပေမယ့် ကျမက ဆက်တက်ချင်သူတွေ ရှိနေပါသေးတယ်။

ရေးပေးနိုင်မယ်ဆိုရင်တော့ စလုံးက ဘော်ဒါဘလော်ဂါများဖြစ်တဲ့…

ကဒေါင်းညင်သာ၊ ကလူသစ် ၊ ၀ါဆိုအိမ်မက်(July Dream) ၊ avril-lover တို့ကို ဆက်တက်ပါတယ်။ ( ယောက်ျားလေး ဘလော်ဂါတွေကို ဦးစားပေး အစီအစဉ်နော်)

Saturday, November 10, 2007

တီဗွီဖန်သားပြင်က အန်တီစု


၂၀၀၇ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ အထက်ပါပုံထဲကလို နအဖက ခွင့်ပြုလို့ တွေ့ဆုံခဲ့ကြရတယ်။ ဘာတွေများ ပြောခဲ့ကြမှာပါလိမ့်။ အစိုးရဧည့်ဂေဟာမှာ ဖြစ်တော့ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်တော့ ရမယ်မထင်ဘူး။ အန်တီစုကို ကျန်းမာစွာတွေ့ရလို့ ၀မ်းသာပါတယ်။ ဒါပေမဲ့ အန်တီ့အပြုံးက လျော့ရဲနေသလားလို့...။

မြန်မာပြည်ရဲ့ အနာဂါတ်ကို အန်တီစုလို ခေါင်းဆောင်မျိုးမှသာ သယ်ဆောင် နိုင်မှာပါ။ အောင်မြင်အောင် တည်ထောင်နိုင်မှာပါ။ ဒါ့ကြောင့် ကျမတို့ချစ်တဲ့ အန်တီ့ကို ကျန်းမာနေစေချင်သေးတယ်။ အန်တီ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းဆိုးတွေကိုတော့ ကောလဟာလသာ ဖြစ်ပါတယ်လို့ပဲ မှတ်ယူထားပါရစေတော့။

ထက်မြက်တဲ့ ရိုးသားတဲ့ ဦးဆောင်နိုင်သော အရည်အချင်းများနှင့် ပြည့်စုံသော။ ခိုင်မာသော မတွန့်ဆုတ်သော ဇွဲလုံ့လသတ္တိနှင့် ပြည့်စုံသော ကျမတို့မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလူထုခေါင်းဆောင် ကျန်းမာချမ်းသာလို့ အသက်ရာကျော်ရှည်ပါစေ။

အဲဒီတွေ့ဆုံမှုကို ဗွီဒီယိုဖိုင်အဖြစ် ဒီမှာ ကြည့်နိုင်ပါတယ်။

Friday, November 9, 2007

အန်တီစုနဲ့ ဂမ်ဘာရီတွေ့ရပြီ

photo-UNIC- Rgn
ကုလမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် ၎င်း၏ ခရီးစဉ်ပြီးဆုံးသည့် ယနေ့ မပြန်ခင် နာရီပိုင်းအလိုတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့် ရသွားကြောင်း သိရသည်။

ဒီနေ့သတင်းများအရ အန်တီစုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူ ၃ ဦးနှင့်လည်း တွေ့ဆုံခွင့်ကို နအဖမှ ခွင့်ပြုလိုက်သည်ဟုထပ်မံ ကြားသိရပါသည်။ မည်သည့်နေ့တွင် တွေ့ဆုံမည် မသိရသေးချေ။

အန်တီစု ကျန်းမာစွာဖြင့် တိုင်းပြည်အကျိုး ထမ်းရွက်နိုင်ပါစေ။

၈၈ မျိုးဆက်ဆိုတာ ဘယ်တော့မှ မသေ

၈၈ မျိုးဆက် မြေအောက်ကျောင်းသားခေါင်းဆောင် မမီးမီးရဲ့ သဘောထားလေးကို နှစ်သက်စွာ မျှဝေပေးတာပါ။
ကျမတို့ တိမ်းရှောင်နေရပေမယ့် ကျမတို့နဲ့ ဆက်သွယ်နိုင် တဲ့ နေရာတွေမှာ ကျောင်းသားတွေဟာ လူကိုယ်တိုင်၏ သော်လည်းကောင်း၊ သူတို့ရဲ့ ဆက်သွယ်ရေး လမ်းကြောင်း တွေသော် လည်းကောင်း ကျမတို့ကို သူတို့ အမြဲတမ်း ဆက်သွယ်ပါတယ်။ သူတို့ လုပ်မယ့်ဟာ တွေကိုလည်း ကျမတို့ကို သူတို့ ပြောပြပါတယ်။ ကျမတို့က သူတို့ကို ဦးဆောင်မှု မပေးပါဘူး။ သူတို့ရင်တွင်းက ဆန္ဒနဲ့သူတို့ဘာသာ သူတို့ဖေါ်ထုတ်နေကြတာပါ။

ကျမတို့က ၈၈ မျိုးဆက်ကျောင်းသားများဆိုပြီး ဖွဲ့ထားတာကိုက ကျမတိုချည်းမဟုတ်ဘူး။ ၁၉၈၈ ခုနှစ်ကနေစပြီးတော့ ယနေ့အထိ ကျမတို့မြန်မာပြည်ကို အလင်းရောင်ပွင့်လန်းလာအောင်လုပ်နိုင်တဲ့ မျိုးဆက်သစ် လူငယ်အားလုံးကို ဆိုလိုပါတယ်။ ကျမတို့အကိုတွေမရှိတော့လည်း ကျမတို့ဆက်လုပ်တယ်။ အဲဒီလိုပါပဲ ကျမတို့တိမ်းရှောင်နေရပေမယ့်လည်း ၈၈ မျိုးဆက်ဆိုတာ ဘယ်တော့မှ သေမသွားပါဘူး။ နေရာအနှံ့မှာ ရှိပါတယ်။ သူတို့ဘယ်လောက် ဖြိုခွင်းဖြိုခွင်း ကျမတို့ ၈၈ ကျောင်းသားမျိုးဆက်ဆိုတာ ဘယ်တော့မှ သေမသွားပါဘူး။ အဲဒီအတွက်ကြောင့်မို့လို့ အခုလို ကျောင်းသားတွေ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ကျမအနေနဲ့ကတော့ ၁၉၈၈ လိုမျိုး သွေးထွက်သံယိုဖြစ်မှုပေါ့၊ အဲဒီလိုဖြစ်မှုမျိုးကြီးကို ကျမတို့ မြန်မာပြည်သူလူထုတွေ အနေနဲ့ နောက်တကြိမ် ထပ်ပြီးတော့ မခံစားစေချင်ပါဘူး။

ဒါပေမယ့် အခုလိုမျိုးသာ အာဏာကိုသုံးပြီးတော့ လိုက်လုပ်နေမယ်ဆိုရင်တော့ ၁၉၈၈ ထက်ဆိုးတဲ့ အာဏာရှင်မှန်သမျှ လုံးဝချုပ်ငြိမ်းသွားစေမယ့် လူထုအုံကြွမှုကြီးတော့ ဖြစ်ပေါ်လာနိုင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။

မမီးမီး
၈၈ မျိုးဆက်ကျောင်းသား အဖွဲ့

Monday, November 5, 2007

ပြန်လည်မျှဝေခြင်း

စာတွေမရေးဖြစ်အောင် စိတ်တွေကျနေချိန်မှာ အဟောင်းလေးတွေကို ဇော်ဂျီဖောင့်ပြောင်းရင်း ပြန်ဖတ်နေချိန် ဒီထဲက စာလေးတွေကို တင်ပေးဦးမယ်ဆိုတဲ့ စိတ်ကူးပေါ်လာပါတယ်။ ဒါနဲ့ ဒုက္ခသည်စခန်းတခုကို ၂၀၀၅ ခုနှစ်က ရောက်ရှိခဲ့ပြီး သူတို့ဆီကကျောင်းတွေကို လိုက်လည်ရင်း၊ အဲဒီအချိန်က စိတ်ခံစားချက်ကို ခုလို စာတပုဒ်ရေးဖြစ်ခဲ့တာလေး မျှဝေတင်ပေးလိုက်ပါတယ်။

“ပညာ ရေကြည်တစ်ပေါက် သောက်ခွင့် ကြုံစေချင်”

မဲဆောက်မြို့ကနေ ကားနဲ့သွားရင်း သိပ်မဝေးတဲ့ ခရီးလေး တခုပါ။ ဒါပေမဲ့ အလုပ်သမား လက်မှတ်၊ နေထိုင်ခွင့် လက်မှတ်၊ ထောက်လှမ်းရေးလက်မှတ် ဘာမှ မရှိခဲ့ရင်တော့ ရောက်ဖို့မလွယ်တဲ့ ခရီးဝေး ဒေသလေးပါပဲ။ ဒါပေမဲ့ အဲဒီလက်မှတ်တွေ ဘာမှ မရှိပဲ အဲဒီဒေသလေးကို မထင်မှတ်စွာ ရောက်ရှိခဲ့တာကတော့ ကရင့် လက်နက်ကိုင်တော်လှန်ရေး အခမ်းအနား ကို တက်ရောက်ခွင့် ရရှိခဲ့တာကြောင့်ပါပဲ။ အဲဒီနေရာလေးကတော့ ထိုင်းနိုင်ငံဆိုပေမဲ့ ဗမာပြည်ဖွား တိုင်းရင်းသားတွေ လာရောက်နေထိုင်နေတဲ့ ကရင်လို ဘဲကလော့ ၊ ထိုင်းလို မယ်လ လို့ခေါ်တဲ့ ဒုက္ခသည်စခန်းတခုပါပဲ ။ ဒီဒုက္ခသည်စခန်း ဒီနေရာလေးမှာ တည်ရှိနေတာ နှစ်ပေါင်း သုံးဆယ် ကျော်နေပြီတဲ့။ ဗမာပြည်ရဲ့ ပြည်တွင်းစစ်တွေက ပေါက်ဖွားလာခဲ့တဲ့ ဒုက္ခသည်တွေနေတဲ့ စခန်းလေးမှာ နိုင်ငံပျောက်နေတဲ့ ပြည်သူတွေ၊ ဘယ်နိုင်ငံမှ မသွားချင်ဘူး၊ ကိုယ့်နိုင်ငံ ကိုယ့်မြေ ကိုယ့်ချက်မြှုပ်ရာပဲ ပြန်ချင်ပါတယ်ဆို တဲ့ ကရင်အဖွားအို တယောက်ရဲ့ စကားသံ ကိုတော့ နားနဲ့မဟုတ်ပဲ နှလုံးသားနဲ့ နားထောင်ခဲ့ရပါတယ်။

ရောက်လက်စနဲ့တော့ ခပ်ကြာကြာလေး နေပါရစေလို့ တာဝန်ခံ ခေါ်တဲ့သူတွေကို တောင်းပန်ပြီး သူများတွေ ပြန်ပေမဲ့ မပြန်သေးပဲ စခန်းထဲမှာ နေရစ်ခဲ့ဖြစ်တယ်။ တောင်ခြေလေးမှာ တည်ထားတဲ့ ရှည်မျောမျော စခန်းလေးဟာ ဆေးရုံ ၊ စာသင်ကျောင်း ၊ ဗုဒ္ဓဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း ၊ ဈေး၊ စခန်းရုံး တို့နဲ့ နေမယ်ဆိုရင် နေပျော်စရာလေးပါပဲ။ ဒုက္ခသည် ဆိုတော့ ဆန် ၊ ဆီ၊ ဆား၊ မီးသွေး၊ ပဲ စတဲ့ အခြေခံ စားသောက်ကုန်တွေကလည်း အချိန်တန် ရလာတာပါပဲ။ ရောက်နေတဲ့နေ့က ဆန်ထုတ်တဲ့နေ့နဲ့ ကြုံတော့ တပုံးစာ၊ နှစ်ပုံးစာ ဆန်အိတ်တွေကို ရွက်သွားကြတဲ့ မိန်းမတွေကို တွေ့ရပါတယ်။

အဲဒီအခါ ဗမာပြည်က လူထုအများစုကြီး ဆန်ကို အဲဒီလို ၀ယ်မစားနိုင်တော့တာကို ပြေးပြီး သတိရလိုက်မိတယ်။မိုးမလင်းခင် ဒါမှမဟုတ် မိုးလင်းတာနဲ့ မနေ့က ပိုချက်ထားတဲ့ ထမင်းကြမ်းကို ငါးပိရည်အကျန်နဲ့ နယ်ဖတ်စားပြီး တနေ့တာ ခရီးကို ရုန်းကန်ဖို့ အစပျိုးကြရတာပါပဲ။ တနေ့လုံး ပင်ပင်ပန်းပန်း လုပ်ကြရပြီး ညနေ အိမ်ပြန်ချိန်ကျမှ လက်ထဲက ပိုက်ဆံနဲ့ ဆန်အပါအ၀င် ဟင်းစား ငါးပိ တို့စရာ ၀ယ်ခဲ့ရတယ်။ သူတို့ တနေ့ရတဲ့ ပိုက်ဆံဟာ တနေ့ စားစရိတ်နဲ့ လောက်ငှရုံသာပါပဲ။ ကျောင်းတက်တဲ့ ကလေးရှိလို့ကတော့ ကြွေးတင်ပြီသာ မှတ်ပေတော့။ ကိုယ့် ကလေးကို စာမတော်စေချင်တဲ့ မိဘတွေ ရှိတယ်ဆိုရင် ယုံကြပါ့မလားတောင် မသိပါဘူး။ တကယ်တော့ ဒါအမှန်ပါ။ စာမတော်လို့ ကျောင်းထုတ်ပြီး အလုပ်လုပ် ခိုင်းရင် သူ့တ၀မ်းတော့ ၀အောင်ကျောင်းနိုင်မှာပေါ့။ လဖက်ရည်ဆိုင်တို့ ၊ ကုန်စုံဆိုင်တို့မှာ ဈေးကူရောင်းတဲ့ ကလေးတွေဟာ အဲလိုမျိုး ကလေးတွေပါ။ မနက်စာ ထမင်းကျေး တနေ့ ၁၀၀ ကျပ်၊ တချို့ ၁၅၀ ကျပ်နဲ့ လုပ်နေကြရတဲ့ ကလေးလုပ်သားလေးတွေ ပေါ့။ စာတော်တဲ့ ကလေးကျတော့ ကျောင်းထုတ်ဖို့ ခက်ပြီလေ။ ပတ်ဝန်းကျင်က ၀ိုင်းပြောမှာ၊ ဆရာမတွေ ၀ိုင်းပြောမှာထက် စာကို စိတ်ဝင်စားတဲ့ စာတော်တဲ့ ကိုယ့်ကလေးအတွက် ယူကြုံးမရတွေ ဖြစ်ပြီး မိဘတွေ ဆုံးဖြတ်ရ ခက်စေတယ်။

အဲဒီလိုနဲ့ ကျောင်းတက်တဲ့ကလေးတွေထဲက ၃၅ ရာခိုင်နှုန်းဟာ မူလတန်းကျောင်းကနေ အလယ်တန်းကို ပြောင်ရွှေ့ ပညာသင်ကြားဖို့ မပြောင်းနိုင်ပဲ ကျန်ခဲ့ရတယ်။ အလယ်တန်းကျောင်းကနေပြီးတော့ ၇၅ ရာခိုင်နှုန်းဟာ အထက်တန်း ပညာကို ပြောင်းရွှေ့ပညာသင်ကြားဖို့ မတတ်နိုင်ကြလို့ ပညာရေးကို ကျောခိုင်းကြရတော့တယ်။ စားဝတ်နေရေး ၀ဲဂယက်ထဲမှာ အရွယ်မတိုင်မီ မိဘတွေနဲ့ အတူရုန်းကန်နေရတဲ့ ကလေးအလုပ်သမားလေးတွေ တွေ့တိုင်း ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ ကထုတ်ပြန်ပြဌာန်းတဲ့ ကလေးအခွင့် အရေးဆိုင်ရာ သဘောတူညီချက်တွေကို အမှတ်ရလာစေပါတယ်။

အဓိက အခွင့်အရေး လေးချက်ဖြစ်တဲ့ အသက်ရှင်ရပ်တည်ခွင့်အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာအခွင့်အရေး၊ ကာကွယ်မှုဆိုင်ရာ အခွင့်အရေး၊ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေး တွေဖြစ်ပြီး အဲဒီထဲက ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေး ခေါင်းစဉ်အောက်မှာ ပညာသင်ကြားခွင့် ၊ အားကစားနှင့် အပန်းဖြေအနားယူခွင့်တွေ ပါဝင်ပါတယ်။

ဗမာပြည်ထဲက ကလေးများအနေနဲ့ ဒီကလေးအခွင့် အရေးတွေကို ဘယ်နှစ်ရာနှုန်းလောက် ရကြပါသလဲ။ ပညာသင်ကြားခွင့် မရကြတဲ့ ကလေးတွေရဲ့ အနာဂါတ်နဲ့ အဲဒီကလေးတွေ ကြီးပြင်းလာတဲ့အခါ ဗမာပြည်ကြီးရဲ့ အနာဂါတ်ကရော၊ အဲဒါတွေ စဉ်းစားရင်းနဲ့ တဆက်တည်း ဒုက္ခသည်စခန်းထဲက ပညာရေးကို လေ့လာကြည့်မိပြန်ပါတယ်။

မယ်လစခန်းထဲမှာ ၃ နှစ်ကနေ ၅ နှစ်ထိ တက်ရတဲ့ မူကြိုကျောင်းပေါင်း ၂၁ကျောင်း ရှိပါတယ်။ အခြေခံမူလတန်းကျောင်း အဖြစ် (၁၄) ကျောင်း၊ အလယ်တန်းကျောင်း (၄)ကျောင်း၊ အထက်တန်းကျောင်း (၅)ကျောင်းနဲ့ ကျမ်းစာသင်ကျောင်း (၁)ကျောင်း၊ စက်မှုအတတ်ပညာသင်တန်းကျောင်း E.S.P (Engineering study Program) (၁)ကျောင်း၊ ဆရာဖြစ်သင်တန်းကျောင်းT.P.C (Teacher Preparation Couse) (၁)ကျောင်း ရှိပြီး FSP(Funter Study Program)၊ LMC(:Leadership and Managent couse) စတဲ့ သင်တန်းကျောင်းတွေလည်း တစ်ကျောင်းစီ ရှိပါသေးတယ်။

အဲဒီကျောင်းတွေမှာ မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ ကရင်စာတွေကို အများအားဖြင့် သင်ကြရပြီး တချို့ကျောင်းတွေကတော့ ထိုင်းစာကိုပါ ထည့်သွင်း သင်ကြားပေးပါတယ်။ တကယ်လို့ ကိုယ့်ကလေးက အင်္ဂလိပ်စာ တော်နေပြီဆိုရင် အင်္ဂလိပ်ကို အဓိက ထားသင်တဲ့ မစ်ရှင် ဘော်ဒါကျောင်းတွေကို ၀င်ခွင့် ဖြေပြီး ပြောင်းရွှေ့ထားမယ်ဆိုရင် နိုင်ငံခြားထိ ပညာတော်သင်သွားခွင့် ရှိပါတယ်။ အထက်က ကျောင်းတွေ အကုန်လုံးဟာ မယ်လ ဒုက္ခသည်စခန်းထဲမှာပဲ ရှိနေတာပါ။

စခန်းမှာ ရပ်ကွက် အေ၊ ဘီ၊ စီ ဆိုပြီး သုံးခုရှိပါတယ်။ စုစုပေါင်းကျောင်းသား ဦးရေ (၁၃၅၆၉)ဦးရှိပြီး ဆရာ ဆရာမပေါင်းက (၅၂၈)ဦး ရှိပါတယ်။ သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေ၊ ကျောင်းသုံး စာအုပ်၊ ခဲတံအားလုံးက နိုင်ငံခြား အထောက်အပံ့တွေ ချည်းပါပဲ။ စက်မှုသင်တဲ့ကျောင်းမှာဆိုရင် ကွန်ပျူတာတွေကို ဖြုတ်လိုက်၊ တပ်လိုက် နဲ့ အထဲက အစိတ်အပိုင်းတွေကို လက်တွေ့ကျကျ သင်ပေးနေတာတွေလည်း တွေ့ခဲ့ရပါသေးတယ်။ ကလေးတွေ အကုန်လုံးဟာ ဘယ်နေရာမှာရောက်နေနေ ပညာသင်ကြားခွင့် ရှိနေရမယ်ဆိုတဲ့ ကလေးအခွင့်အရေး ၊လူသားအခွင့်အရေးကို အပြည့်အ၀ ရနေကြပါတယ်။

ကျမတို့ရဲ့ မိခင် ဗမာပြည်ထဲမှာ ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးနေရတဲ့ ကလေးတွေအတွက် ၊သူတို့တွေရဲ့ အနာဂါတ်တွေ အတွက် အခုလက်ရှိ စစ်အာဏာရှင်တွေမှာ အကြွေးတွေ အများကြီးရှိနေပါတယ်။ ကမ္ဘာကို လိမ်လို့ရပေမယ့်လို့ ကိုယ့် တိုင်းပြည်ထဲက အခြေအနေကိုတော့ ပြည်သူတွေ မသိအောင် လိမ်ထားလို့ မရနိုင်ပါဘူး။

မယ်လစခန်းထဲထိ သွားပြီး အင်္ဂလိပ်စာနဲ့ စကားပြောသင်ပေးနေတဲ့ နိုင်ငံခြားသား စေတနာရှင်တွေလည်း တွေ့ခဲ့ရတဲ့အခါ ကိုယ်သာ တကယ်ပညာလိုချင်ရင် ဒုက္ခသည်စခန်းလို နေရာမှာတောင် အနာဂါတ်တွေ မျော်လင့်ချက်တွေက ရှငိသန်နေနိုင်ပါသေးလား လို့လည်း မြင်တွေ့ခံစားမိပါတယ်။

မယ်လစခန်းထဲက ပြန်လာခဲ့ပြီး တလျောက်လုံး စိတ်ထဲမှာ တော်တော်လေး ခံစားနေရပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကိုလည်း အမျိုးမျိုးနှိုင်းယှဉ် ကြည့်မိပြီး နိုင်ငံအတွက် ဘယ်လိုလုပ်မှ ဒီလိုအာဏာရှင်နွံထဲက ရုန်းထွက်နိုင်မှာလဲ။ ဗမာနိုင်ငံပညာရေးဟာ အခွံသက်သက်သာ ရှိပါတော့တယ် ဆိုတာကမ္ဘာကသိအောင် ဘယ်လိုလုပ်ရပါ့မလဲ။ ဆေးတက္ကသိုလ်ကို တောင်မှ စစ်တပ်ကဆေးတက္ကသိုလ်နဲ့ အရပ်သားရိုးရိုးတွေအတွက် ဆေးတက္ကသိုလ်ဆိုပြီး ခွဲခြားထားပြီး ပညာကိုလည်း ခွဲခြားပေးတတ် တယ်။ ပြည်သူတွေကို ကျောသား ရင်သား မခွဲခြားပဲ အုပ်ချုပ်ရမယ်ဆိုတဲ့ လောကပါလတရားကို မတရားအာဏာ ရယူထားတဲ့ စစ်အုပ်စုအနေနဲ့ မသိတာပဲလား။ မသိချင်ယောင်ဆောင်တာပဲလား၊ အတွေးပေါင်းစုံနဲ့ ပြန်လာခဲ့မိပါတယ်။

ဗမာနိုင်ငံထဲက ပြည်သူတွေဟာ စစ်အာဏာရူးတွေရဲ့ လက်အောက်မှာ စားဝတ်နေရေး ၊ ပညာရေး၊ ကျန်းမာရေး အာမခံချက် ဘာမှ မရှိဘဲ ကိုယ့်နိုင်ငံထဲမှာ ကိုယ်နေရင်း ဒုက္ခသည်တွေ ဖြစ်နေကြပါတယ်။ ဒီမိုကရေစီ အလင်းရောင်မဲ့နေတဲ့ ဘ၀တွေမှာ မျှော်လင့်ချက်တွေ ပျောက်ကွယ်နေကြရပါတယ်။ မိဘတွေအနေနဲ့ စီးပွားရေးက ကျဆင်းနေကြပြီး စားဝတ်နေရေးကိုပဲ အဓိကထား ရုန်းကန်နေရတဲ့ အတွက် သူတို့သားသမီးတွေရဲ့ အနာဂါတ်ကို ဒီလိုပဲ ပစ်ထားလိုက်ရတဲ့အခါ သူတို့ရင်ထဲက ခံစားချက်ကရော ဘယ်လိုရှိနေနိုင်မလဲ။

ကိုယ့်မြေ ကိုယ့်ပြည် မဟုတ်တဲ့ ၊ လူသားချင်း စာနာထောက်ထားမှုအရ အခြားနိုင်ငံတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည် နေရတဲ့၊ နိုင်ငံပျောက်နေတဲ့ ဒုက္ခသည် စခန်းထဲမှာတောင် ကလေးတွေရဲ့ ပညာရေးကို အလေးအနက် ထားတာ၊ ပံ့ပိုးကူညီ နေတာတွေ တွေ့ရတဲ့အခါ ကိုယ့်တိုင်းပြည်အတွက်၊ ကိုယ့်တိုင်းပြည်ရဲ့ အနာဂါတ် မျိုးဆက်သစ်တွှေရဲ့ ဘ၀မျော်လင့်ချက်တွေ အတွက် ယူကြုံးမရ ဖြစ်မိတယ်။ ကျမတို့ တိုင်းပြည်မှာ တကယ်တော်တဲ့ ကလေးတွေ အများကြီး ရှိပေမဲ့ ပညာရေး ဌာနရဲ့ ခြစားမှုတွေကြားမှာ နစ်မြုပ် ပျောက်ကွယ် ခဲ့ရတယ်။ “ကိုယ် တော်ဖို့ အရေးအကြီးဆုံးပါ။ ကိုယ် တော်နေရင် ဘယ်လိုမှ ချန်ထားလို့မရဘူး” ဆိုတာ စကားအရာမှာပဲ ရှိနေပါတော့တယ်။ ဒီနေ့ခေတ် ဗမာပြည် ပညာရေးဟာ အတူတူချင်း တော်နေရင်တောင်မှ ငွေမလိုက်နိုင်တဲ့ မိဘရဲ့ သားသမီးဟာ ချန်ထားခံခဲ့ ကြပါတယ်။ ပီတိကိုစား အားရှိပါ၏ ဆိုတဲ့ ဆရာမျိုးဟာ လက်ချိုးရေတွက်ရင်တောင် လက်နှစ်ဖက် ရှိပါတော့ မလား။

E- education ဆိုပြီး ဦးခင်ညွန့် လက်ထက်က အထက်တန်း၊ အလယ်တန်းတင်မကပဲ မူလတန်းကျောင်းတွေပါ ကွန်ပျူတာ သင်ကြားရေး ခန်းမတွေနဲ့ အဆင့်မြင့် ပညာရေးအဖြစ် ဗမာပြည် တနံတလျား မြို့ကြီးက ကျောင်းတွေမှာ ကွန်ပျူတာ ခန်းမဖွင့်ပွဲတွေ ကျင်းပခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာ သုံးဖို့ ကွန်ပျူတာ တွေကို နိုင်ငံတော်က မထောက်ပံ့နိုင်ပဲနဲ့ ဘယ်လိုရသလဲ ဆိုတာကို တာဝန်ရှိလူကြီးတွေက မသိဟန် ဆောင်ခဲ့ကြတယ်။ ကျောင်းသားမိဘတွေရဲ့ လှူဒါန်းငွေ ဆိုပြီး နာမည်တပ်ပေမဲ့ တကယ်တော့ ကျောင်းသားတယောက်ကို ကွန်ပျူတာကြေး ကျပ် သုံးထောင်ဆိုပြီး ကောက်ခံတာပါ။ လုံးဝ မထည့်နိုင်တဲ့ သူကိုသာ ငါးရာလောက် မနည်းပြောဆိုပြီး အလှူငွေထည့် ရပါတယ်။ ကျောင်းစအပ်ကတည်းက ထည့်ရတဲ့ အလှူငွေ စာရင်းမှာ အဲဒီလို ကွန်ပျူတာကြေး ထည့်ကောက်တာပါ။ ကွန်ပျူတာဝယ်ဖို့ ကောက်ခံငွေ ဘယ်လောက်ရရ ငွေကြေးတတ်နိုင်တဲ့ မိဘတွေကို တလုံးချင်းလှူဖို့ ထပ်ပြီး အလှူခံပါသေးတယ်။ အဲဒီလို ကောက်ခံပြီး ၀ယ်ထားတဲ့ ကွန်ပျူတာဟာ ကျောင်းသားဘယ်လောက် များများ ငါးလုံးထက် မပိုပါဘူး။ တချို့ကျောင်းတွေဆို နှစ်လုံးပဲ ၀ယ်ပါတယ်။ ပိုတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ လို့ ဘယ်မှာမှ မေးမရပါဘူး။ တကယ်လို့ ပညာရေးမှုးထံ တိုင်စာပို့မယ်ဆိုရင် တိုင်ကြားသူ နာမည် အပြည့်အစုံ ထည့်ရတာမို့ ကိုယ့်ကလေးဟာ ကျောင်းမှာ အမျိုးမျိုး အပြစ်ရှာခံရပြီသာ မှတ်ပေတော့။

အဲဒီကွန်ပျူတာတွေကို ကျောင်းမှာ ရှိတဲ့ ကလေးတိုင်းရော သင်ရမယ်၊ ကိုင်ရမယ်ထင် ထင်ပါသလား။ ဖွင့်ပွဲနေ့မှာသာ ကွန်ပျူတာရှေ့ ထိုင်ပြကြရပြီး ကျောင်းချိန်တွေမှာ ဆိုရင် ပျက်မှာစိုးလို့ သွားကြည့်လို့တောင် မရပါဘူး။ ကွန်ပျူတာသင်တဲ့ ဆရာမကို လိုင်းဝင်ထားပါမှ မှန်လုံခန်းထဲက ကွန်ပျူတာကို ကိုင်ကြည့်ခွင့် ရပါမယ်။ ကျောင်းပိတ်ရက်တွေမှာ သင်ရဖို့ ကွန်ပျူတာ ကျူရှင်ခက သပ်သပ် ပေးရပါသေးတယ်။ ငွေကြေးမတတ်နိုင်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ အဲဒီအခွင့်အရေးတွေ ဘာမှ မရကြပါဘူး။

ဒီလို မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းတွေ မပြောပါနဲ့၊ ကွန်ပျူတာ တက္ကသိုလ်မှာတောင် ကျောင်းသားတယောက် ကွန်ပျူတာ တလုံးမကိုင်ရပါဘူး။ နယ်တွေက ကွန်ပျူတာ တက္ကသိုလ်တွေမှာဆိုရင် ဆယ်ယောက် တလုံးနှုန်းပဲ ရှိပါတယ်။ မီးပြတ်တဲ့ ရက်တွေက များတော့ ထိထိရောက်ရောက် မသင်နိုင်ပါဘူး။ တကယ်တတ်ချင်တဲ့ ကျောင်းသားတွေက ကျောင်းပိတ်ရက်တွေမှာ ရန်ကုန်မှာဖွင့်တဲ့ ပုဂ္ဂလိက သင်တန်းတွေကို သွားတက်ကြပါတယ်။

အရည်အချင်းရှိဖို့ထက် အရေအတွက်ကို ဦးစားပေးတဲ့ ဗမာနိုင်ငံရဲ့ ပညာခေတ်ကြီးမှာ ပိုက်ဆံနဲ့ကြိုးစားသွားနိုင်ရင် ပြည်တွင်းမှာ အခုပေးနေတဲ့ မဟာဘွဲ့ကိုတောင် လွယ်လွယ်နဲ့ရနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ စစ်မှန်တဲ့ ပညာရေးတိုးတက်မှု ဟုတ်ပါရဲ့လား။ နိုင်ငံတွင်းမှာ ပိုက်ဆံပေါတဲ့ လူနည်းစု အထက်တန်းစား မိဘတွေက သားသမီးတွေကို နိုင်ငံခြားပို့ ပညာသင်စေတယ်။ လူလတ်တန်းစား အပေါ်ပိုင်းက ကိုယ့်သားသမီးတွေ အတွက် နိုင်ငံတွင်းမှာ ပညာကို ငွေနဲ့ပေါက်ပြီး ယူတယ်။ အများစု လူလတ်တန်းစား အောက်ပိုင်းနဲ့ အခြေခံလူတန်းစား ကတော့ သေစာရှင်စာ တတ်ရင် တော်ပါပြီ လို့ပဲ ပြောနိုင်ပါတော့တယ်။

တနေ့ တရာယူပြီး အလုပ် လုပ်မလား ၊ တနေ့ တရာပေးပြီိး စာသင်မလားဆိုတဲ့ ပညာရေးခေတ်ကြီိး ဖြစ်နေတာလေ။ ကျူရှင်မယူနိုင်တဲ့ ကလေးဟာ အတန်းထဲမှာ အမြဲအပြစ်ရှာ ကြိမ်းမောင်းနေမှာ မလွဲပါဘူး၊၊ အတန်းပိုင်ဆရာမကဝေးလို့ အနီးအနားမှာ ရှိတဲ့ ဆရာမဆီမှာ ကျုရှင်တက်နေမှန်း သိသွားပြန်ရင်လည်း အကြိမ်းခံရတာပါပဲ၊၊ ပညာတတ်တဲ့ မိဘက ကိုယ့်ဖာသာ သင်ပေးပြန်ရင် လည်း လက်မခံပြန်ပါဘူး၊၊ တခါတလေ မြန်မာစာကို စာလုံးပေါင်း မှားနေတာမျိုးတွေ၊ အင်္ဂလိပ်စာမှာ ဘာသာပြန် မှားနေတာမျိုးတွေကို မိဘအနေနဲ့ ထောက်ပြတဲ့အခါ လွယ်လွယ်နဲ့ လက်မခံပဲ ဒါမဟုတ် လက်ခံလိုက်ရရင်လည်း မိဘကွယ်ရာမှာ အဲဒီကလေးကို ချိုးချိုးဖဲ့ဖဲ့ ပြောပြီး ဆက်ဆံတတ်ကြပါတယ်၊၊ နုနယ်တဲ့ မူလတန်းကလေးငယ်တွေ ရင်ထဲမှာတောင် ဆရာမကို ဖားထားရမယ်လို့ စွဲထင်သွား စေအောင်ကို ဖျက်ဆီးထားခံနေကြရပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့ လူတန်းစား မခွဲခြားပဲ အားလုံးသော ကလေးတွေကို တန်းတူညီမျ အခွင့်အရေး ရစေချင်တယ်။ အဲဒီလို အခွင့်အရေးမျိုးကို မျော်လင့်နေကြတဲ့ မျိုးဆက်သစ်ကလေးတွေ အမိဗမာပြည်ကြီးမှာ အများကြီး အများကြီး ရှိနေကြပါတယ်။ ထက်မြက်တဲ့ ဉာဏ်ရည်တွေနဲ့ သူတို့ဝါသနာပါရာကို အပူအပင်မဲ့စွာ ဆည်းပူးခွင့် ရကြမယ်ဆိုရင် အနာဂါတ် ဗမာပြည်ကြီးဟာ ရွှေရောင်တောက်ပနေမှာ မလွဲပါဘူး။

သူ့ကျွန်ဘ၀မှာ လူတိုင်းမသင်ယူနိုင်တဲ့ ကျွန်ပညာရေးကို သပိတ်မှောက်ပြီိး အမျိုးသားကျောင်းတွေ ထူထောင်ပြခဲ့တဲ့ မျိုးချစ်ကျောင်းသားခေါင်းဆောင်တွေနဲ့ ပညာဝန် ဦိးဖိုးကျားတို့လို ပုဂ္ဂိုလ်ကြီးတွေ၊ နောက်ပြီး ဗမာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ၊ ပညာရေး ပြယုဂ် သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကြီိးတွေသာ ရှိနေဦး မယ်ဆိုရင် ဒီနေ့ခေတ်ဗမာနိုင်ငံကို ဘယ်လို ပြုပြင် ပြောင်းလဲပြမလဲလို့ စဉ်းစား သတိရလိုက်မိပါတယ်။
(ခင်မင်းဇော်)