Monday, October 20, 2008

ဘ၀ဒိုင်ယာရီ အမှတ် နှစ် ၊ အခန်း (၇)

အခန်း (၇)
ရေတိုက်ပွဲ ဆိုတော့ စိတ်ဝင်စားသူ များလာတယ်။ ခု ပြန်ပြောရတဲ့အခါမှာတော့ သိပ်ကြီးကျယ်တာလဲ မဟုတ်ပဲ လို့ ပြောနိုင်ပေမယ့် အဲဒီအချိန်တုန်းကတော့ ဘ၀နဲ့ချီခဲ့ကြမယ်လို့ ထင်မိတာပဲ။ ရေအသက်က တမနက်လို့တောင် တင်စားကြတာမဟုတ်လား။

ထောင်ထဲမှာ ရေလာချိန်မလာခဲ့ရင် အဲဒီနေ့အတွက် ပထမဆုံးအခက်အခဲက သောက်ရေ မရှိတော့တာပဲ။ ရေလာတဲ့အခါ ရေချိုးမချခင် ပထမဆုံးခေါ်တာ သောက်ရေ ခပ်ထည့်ဖို့ပဲ။ ရေပိုက်ကလာတဲ့ရေကို ရေစစ်တပ်ထားတဲ့ ရေအိုးနဲ့ ဒါမှမဟုတ်လဲ ရေအိုးနဲ့ခံပြီး အခန်း ၁ နဲ့ အခန်း ၂ ရှေ့နားမှာ ချထားတဲ့ ရေချိုးတဲ့စဥ့်အိုးနဲ့ လုပ်ထားတဲ့ သောက်ရေအိုးထဲကို ထည့်ရတယ်။ နောက် ကိုယ့်ဆီမှာ ရှိတဲ့ ဗူးလေးတွေထဲ ဖြည့်ထားပေါ့။ ၃ ခန်းက လူ ၁၂ ယောက် ၁၃ ယောက်ပဲဆိုတော့ အဲလို စဥ့်အိုးမရှိပဲ သောက်ရေအိုးခပ်ကြီးကြီးတလုံးကို အခန်းအထဲက ထောင့်မှာ ထားတယ်။ အဲဒီထဲကိုဖြည့်ထည့်ထား ကိုယ့်ဗူးတွေထဲ ထည့်ထား။ ဒီလောက်ပဲ။ ရေတရက်မလာတော့ရင် အဲဒီသောက်ရေက ပြတ်သွားတာပဲ။ တခါတလေ ညနေထိ မီးလဲမလာတော့တာမို့ ရေလဲမလာနိုင်ဖြစ်တတ်တယ်။ အဲဒီအခါ တန်းပိတ်ချိန်ခဏ နောက်ဆုတ်ပြီး ယောက်ျားထောင်ဖက်က တံခါးနားထိ လာပို့တဲ့ ထောင်ထဲက ရေတွင်းရှိတဲ့နေရာက ထမ်းလာတဲ့ သောက်ရေကို အကျဉ်းသူတွေက သွားထမ်းပြီး သောက်ရေအိုးတွေထဲ ထည့်ရတယ်။


အဲဒီလိုကလဲ တပတ်မှာ အနည်းဆုံးတရက်လောက်ကဖြစ်တတ်တယ်။ ဖြစ်ချင်တော့ တရက် ညနေ တန်းပိတ်ချိန်ထိ ရေမလာပေမယ့် ယောက်ျားထောင်ဖက်ကလဲ ရေထမ်းရောက်မလာဘူး။ ဒီတော့ ၀ါဒါမတွေက သောက်ရေညဖက်အတွက်လောက်တယ် မဟုတ်လား ဆိုပြီးမေးတော့ လောက်ပါတယ် ဆိုပြီး တန်းပိတ်လိုက်တယ်။ ညဖက်မှာ တချို့ ပတ်လည်က လူတွေကို အထဲက လူတချို့က ရေဗူးတွေပေးပြီး ရေဖြည့်ခိုင်းကြတယ်။ အဲဒီအခါမှာ သောက်ရေအိုးထဲမှာ ရေက ညနေကထက် တော်တော်နည်းသွားတယ်။ မနက်တန်းစီ လူစစ် လုပ်ပြီးချိန်ထိတော့ အေးဆေးပဲ ။ ရေက ယူထားတာတွေနဲ့ လောက်နေတုန်းပေါ့။ ထမင်းစားပြီးချိန်မှာတော့ ရေက လုံးဝမရှိတော့ဘူး။ သောက်ရေတွေနဲ့ ပန်းကန်ဆေးလက်ဆေး လုပ်နေကြသူတွေက ရှိနေတာကိုး။ အဲဒီအခါမှာ ခါတိုင်းလို ယောက်ျားလေး ဆောင်ဖက်ကနေလဲ ရေထမ်းကရောက်မလာနိုင်ဘူး။ ထောင်တခုလုံး ရေမလာတာဆိုပဲ။ ဒါနဲ့ သောက်ရေလဲ မရှိတော့ ရေ တထမ်း ၂ ထမ်းလောက်ဖြစ်ဖြစ် ပို့ပေးပါလို့ မိန်းမထောင်မှုးက တောင်းပန်တယ်။ ရေက ၂ ထမ်းရောက်လာတယ်။ ဒီတော့ ဒီရေ ၂ ထမ်းကို သောက်ရေအတွက်ပဲ သုံးပါ။ ဘယ်တော့ ထပ်ရမယ်မသိတာမို့ ရေသောက်ချင်သူက ဒီသောက်ရေအိုးမှာပဲ အ၀လာသောက်ပါ။ မသယ်ပါနဲ့ ။ ပြောထားတယ်။

ဘာ့ကြောင့်ဆို ရေရှားနေချိန်မှာ အဲဒီရေကို ပန်းကန်ဆေး လက်ဆေး လုပ်ရင် ခဏလေးကုန်သွားမှာ မို့ အဲလို ချမှတ်လိုက်တယ်။ ဒီလိုစည်းကမ်းမျိုးကို သီးသန့် အကျဉ်းသူတွေကို ကိုင်ခိုင်းမှ အားလုံးလိုက်နာ မယ်ဆိုတာကိုလည်း ထောင်မှုးမက သိတယ်။ တန်းစီးဆိုရင် လိုင်းဝင်ထားသူတွေကို မျက်နှာနာရမယ် မဟုတ်လား။ ဒီတော့ သီးသန့်သမားတွေထဲက ၂ ယောက်ကို သောက်ရေ အိုးစောင့်ခိုင်းလိုက်တယ်။
ထုံးစံအတိုင်းပေါ့။ သီးသန့် နိုင်ငံရေးအကျဉ်းသူတွေ ထုံးစံ စည်းကမ်းကို သေချာ လိုက်နာတယ်။ ရေသောက်ချင်သူ လာသောက် အ၀သောက် ကိုယ်ဗိုက်ထဲထည့်မယ်ဆို သောက်နိုင်သလောက်သောက် ကြည့်နေတယ်။ ဒီလိုနဲ့ နေ့လည်လောက်ရောက်တော့ ရေက ကုန်ခါနီးဖင်ကပ်လောက်ပဲ ကျန်တော့တယ်။ လာသောက်တဲ့လူတွေကို အရင်လို ခပ်မသောက်ခိုင်းပဲ တယောက်နည်းနည်း သောက်ခွင့်ကို ခပ်ပေးရတဲ့အထိဖြစ်လာတယ်။ ရေကလဲ ထပ်မရောက်လာသေးဘူး။ ရေ ထပ်ရောက်ဖို့ ရှိလား သွားမေးရင်လဲ ထပ်ရောက်ဖို့လဲ မမြင်သေးဘူးလို့ ၀ါဒါမတွေကပြောတယ်။

ဖြစ်ချင်တော့ ဖောက်ချင်သူက တန်းစီးဒေါ်ကြည်အောင် ဆိုတော့ သူက သူ့ရဲ့ လက်တိုလက်တောင်းတယောက်ကို ရေဗူးတခုနဲ့ ရေဖြည့်ခိုင်းလိုက်တယ်။ တကယ်က သူ သောက်ဖို့မဟုတ်ဘူး။ ပန်းကန်ဆေးဖို့လား သစ်သီးဆေးဖို့လား တခုခု လုပ်ဖို့ ခပ်ခိုင်းလိုက်တာ။

အဲဒီမှာ အားလုံး မျှမျှတတသောက်နိုင်ဖို့ ရေစောင့်နေတဲ့ ၂ ယောက်နဲ့ တွေ့တော့တာပေါ့။ ခပ်လို့မရဘူး ပြောတော့ တန်းစီးခပ်ခိုင်းတာ ဆိုပြီး ခပ်မာမာပြောခပ်တော့ ဒီဖက်က ၂ ယောက်ကလဲ အဖုံးကို ဖုံးလိုက်ပြီး သူ့ရေဗူးကို ဖယ်ထုတ်တယ်။ အဲဒီအချိန်မှာ တန်းစီးက သူခပ်ခိုင်းတာမို့ ထည့်ပေးလိုက်ပါလို့ လာစွာတော့တာပေါ့။ ဒီကလဲ အားလုံး တပြေးညီပဲ လုပ်နေတာမို့ ရေသောက်ချင်ရင် သူတို့လိုပဲ ကြိုက်သလောက်ခပ်သောက်သွားပါ။ ဒါပေမယ့် ဗူးထဲကိုတော့ ထည့်ခွင့်မပြုဘူး ဆိုပြီး စကားများတာပေါ့။ တန်းစီးကလဲ သူတန်းစီး အမိန့်ပေးနေတယ်ပေါ့။ ဒီဖက်ကလဲ စည်းကမ်းအရ ပြောတာပေါ့။ အကြီးအကျယ် စကားများပြီး တန်းစီးဖက်ကရပ်တဲ့လူတွေက ၀ိုင်းချဖို့လုပ်ပါလေရော။ ဒီဖက်က လူတွေကလဲ မကြောက်တတ်တဲ့လူတွေဆိုတော့ ချမယ်ဆိုလဲ ချမယ် ပေါ့။ သီးသန့် ၂ယောက်မှာ တယောက်က သိုင်းသမား ။ ကျန်တဲ့လူတွေကလည်း ကိုယ့်လူတွေ ထိတော့မယ်ဆို အကုန်ဝင်ချဖို့ ပြင်ထားပြီးသား။ သီးသန့် ၁၅ ယောက်လောက်နဲ့ တန်းစီးရဲ့ လူရင်း လူမိုက် ၄ ယောက် ၅ ယောက်လောက်နဲ့ပေါ့။ ကျန်တဲ့လူတွေကလဲ ၀ါဒါမတွေ ပြေးပြောသူပြော ။ ကြောက်လန့်တကြားအော်သူအော်။ မြှောက်ပေးသူ နဲ့ ဖြန်ဖြေသူ တွေရဲ့ အော်သံတွေ စကားသံတွေ ဆွဲသံတွေနဲ့ တော်တော့်ကို ရုတ်ရုတ်သဲသဲ ဆူဆူညံညံဖြစ်နေတယ်။

အဲဒီအချိန်မှာ ထောင်မှုးမလဲ မရှိတော့ ၀ါဒါမတွေက သီးသန့်နဲ့ တန်းစီးရန်ပွဲကို မဖြန်ဖြေရဲပဲ လေးတံခါး ပြေးခေါက်တော့တာပေါ့။( မိန်းမထောင် အ၀င်တံခါးကို ခေါ်တာ) ဟိုဘက်က ထောင်မှုးတွေ ၀င်လာတယ်။ ဖြစ်ချင်တော့ အဲဒီဖက်မှာလဲ ထောင်ပိုင်လေး ရောက်နေချိန်ပေါ့။ ရန်ဖြစ်တဲ့လူတွေ ဒီဖက်ခေါ်လာ ဆိုတော့ ထောင်မှုးက ရန်ဖြစ်တဲ့ ၂ဖက်စလုံးကို ဟိုဘက်က ထောင်ပိုင်လေး ရှိနေတဲ့ ထောင်ဆေးရုံတံခါးဝ ထိခေါ်သွားတယ်။ ရန်ဖြစ်တဲ့ အထဲမှာ တန်းစီးကို ထောင်ပိုင်လေးက သိနေပေမယ့် ဒီဖက်က သီးသန့် ၂ ယောက်ကို သူကမသိဘူး။ ဒီတော့ တန်းစီးကို ခံချမယ့် ၂ယောက်ကို ဒါအမိန့်ဖီဆန်တာပဲ ဆိုပြီး ဘာမှ မမေးမစမ်းပဲ လက်ပိုက်စမ်းလို့ ပြော၊ နောက် ကြိမ်သာ ဆွဲ ကိုင်ပြီး ရိုက်ဖို့ ပြင်တာပဲ။ သီးသန့် ၂ယောက်ကလဲ ခပ်မာမာ ၂ ယောက်ဆိုတော့ လက်မပိုက်ပဲ ဘာလို့ ရိုက်ဖို့ပြင်တာလဲ ဘာကြောင့်ဖြစ်တယ် မမေးပဲ ရိုက်လို့ရသလားလို့ ခပ်တည်တည် ပြန်မေးလိုက်သတဲ့။ ဒီတော့ ထောင်ပိုင်လေးက တွန့်သွားတယ် ။ မကြောက်မရွံ့ ပြန်မေးတာမို့ ဘာလိုလူမျိုးလဲ လို့ သတိဝင်သွားပုံပဲ။ နင်တို့က ဘာတွေလဲ လို့ စမေးတယ်။ ကျမတို့က သီးသန့်အကျဉ်းသူတွေပါ ဆိုပြီး ဖြစ်ကြောင်း ကုန်စင် ပြောလိုက်တော့မှ မရိုက်ဖြစ်တော့ပဲ ဒီလိုဖြစ်တာ ရေမရှိလို့ ဆိုရင် ရေအပြည့်ဖြည့်ပေးလိုက် လို့ အမိန့်ပေးလိုက်တယ်။

ရေလာဖြည့်တဲ့ ရေထမ်းတွေကို ပျော်ပျော်ရွှင်ရွှင် ၀င်ထမ်းပေးနေတဲ့ တချို့ကလေးအမေတွေဆို ကျေးဇူးတင်လွန်းလို့ တဖွဖွနဲ့ ၀မ်းသာစကားတွေ ပြောလို့။ ကျန်တဲ့လူတွေလဲ ၀မ်းသာအားရ ရေဗူးတွေ ရေဖြည့်ကြပြီး သီးသန့်တွေကို တိုးတိုးတိတ်တိတ် လာအားပေးလို့ပေါ့။ တန်းစီးကတော့ ထောင်ပိုင်လေးက ဘာမှသူ့ကိုပြောမသွားပေမယ့် သူအရေးနိမ့်သွားတယ်ဆိုတာ သိတော့ စကားတောင် မပြောနိုင်ပဲ ချောင်မှာ ထိုင်နေတာပေါ့။
တကယ်က အစကတည်းက သေချာတင်ပြပြီး ရေတောင်းပေးလိုက်ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ ဒါကို ကြည့်ရင် သူတို့က ထောင်ထဲကလူတွေကို တတ်နိုင်သလောက် ဒုက္ခဖြစ်နေတာကိုပဲ မြင်ချင်နေကြတာလို့ ကောက်ချက်ချလို့ရမယ်။ အဲဒါလဲ နေခဲ့သမျှကာလအတွင်းမှာ ဒီလိုအဖြစ်ဆင်ဆင်တွေ ခဏခဏတွေ့ခဲ့ရလို့ပဲ။

ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို လူတွေလို့ သတ်မှတ်ဖို့ ၀န်လေးတယ်။ သူတို့စားဖို့သောက်ဖို့ ရဖို့ ပဲ စဉ်းစားပြီး တခြားအချိန်တွေဆို လူ့ဂုဏ်သိက္ခာနဲ့ ဆက်ဆံ ဖို့ ၀န်လေးကြတယ်။ လူတယောက်ဖြစ်တယ် ဆိုတာ မေ့လောက်အောင်ကို ထောင်ပုံစံ ပေးကြတယ်။ ဒီတော့ တော်ရုံလူဆို ထောင်တခါကျတာနဲ့ လန့်သွားကြပေမယ့် လူရည်လည်ပြီး စိတ်ဓါတ်အောက်တန်းကျသူတွေက သူများတွေကိုနင်းပြီး ကိုယ့်အခွင့်အရေးကို ယူတတ်တဲ့ ထောင်မကြောက်တဲ့ လူမိုက်တွေ ဖြစ်သွားကြတယ်။ ထောင်ဆိုတာ အကျင့်စာရိတ္တပြုပြင်ပေးတဲ့ စခန်းမဟုတ်တော့ပဲ လူလည်ကျနည်း လူမိုက်လုပ်နည်း တွေ ပိုတတ်လာစေတဲ့ နေရာဖြစ်နေတော့တယ်။ ဒါကတော့ အခြေခံအသိမရှိသူတွေ ဖြစ်သွားတတ်တာပေါ့။

အဲဒီအထဲမှာ ပါခဲ့တဲ့ သီးသန့်အကျဉ်းသူ ၂ယောက်မှာ တယောက်က ရန်ကုန်မှာ နာမည်ကြီး စာအုပ်ထုတ်ဝေရေးတခုကို ထူထောင်ထားနိုင်သူ တယောက်အဖြစ် လက်ရှိအချိန်မှာ တည်ရှိနေပြီး တယောက်ကတော့ အခုအမေရိကန် နိုင်ငံကို ရောက်ရှိနေထိုင်နေပြီဖြစ်ပြီး သူ့အကြောင်းကို တိမ်ရောင်စုံချိန်မှာ(၁)(၂)(၃)(၄)လို့ ကျမက အပိုင်း ခွဲပြီး ရေးသားခဲ့ဖူးတယ်။
(ဆက်ရန်)
ချစ်ခင်စွာဖြင်
ခင်မင်းဇော်

6 comments:

Nanda said...

သည်းထိတ်ရင်ဖို သိုင်းဝတ္ထုဖတ်နေရသလိုပဲ..။ သိုင်းတတ်တဲ့ အမ သိုင်းချပုံလေး ပါရင် ပိုကောင်းမယ်ဗျာ။ မတရားတာကို ငုံ့မခံတတ်တဲ့ သူတွေကို လေးစားပါတယ်။

Moe Cho Thinn said...

လူ့အခွင့်အရေးဆိုတာ မူးလို့တောင် ရှူစရာမရှိတဲ့ နေရာတိုင်းမှာတော့ တိုက်ပွဲဆိုတာ ရှိနေမှာပဲနော် အမ။

ရုံးချုပ်ရောက်နေတယ်ဆိုလို့ နည်းနည်းအားရင် စာပြန်ရေးနော်။

ကိုပေါ said...

ကောင်းပါလေ့ဗျာ။ အဲသည်လို ကိုယ့်အခွင့်အရေးအတွက် တိုက်ယူရဲတဲ့ သတ္တိကို ချီးမွမ်းပါတယ်။ အဲဒီလို မဟုတ်မခံစိတ်ရှိတာမျိုး ဗမာတိုင်းမှာ ရှိရင် ဒီမိုကရေစီ ရတာကြပြီ။ သေချာတယ်။

ZMT said...

အခန်း 8 ကိုစောင့်မျှော်နေပါတယ်အမ

ခွန်မြလှိုင် said...

ခံမှန်းသိရင် ပိုနင်း၊ မခံမှန်းသိရင် ခွင်ချောင်းပြီး နောက် ကွယ် ကနေ လုပ်ကြံနဲ့ ဆိုတော့ ကိုယ်ကျင့် တရားကို ကောင်းကောင်း ဖက်တွယ် ထားရသူတွေ စိတ်ဆင်းရဲ ရပြီး မကောင်းတဲ့သူတွေက အကျိုးကျေးဇူးတွေ ရနေ တာကို မခံမရပ်နိုင် ဖြစ်ရလို့ ကောင်းချင်စိတ် မပျောက် အောင် မနည်းထိန်းနေရတာ။ အရေးဆရာကြီး ဦးရွှေ အောင် ထောက်ပြသလိုပဲ။ သက်လုံ မကောင်းတဲ့ သူတွေ ကတော့ လက်အံသေပြီး အကုသိုလ် ချောက်ထဲ ကျကုန် တော့တာပေါ့ အမရယ်။

Anonymous said...

အမရေ .. ခုလို သတ္တိရှိရှိ လုပ်ခဲ့ကြတာကို ဖတ်ပြီး ဂုဏ်ယူမိတယ် ။

တချိန်တည်းမှာ အမ သူငယ်ချင်းရဲ့ အကြောင်းကို ဖတ်ပြီး တကယ် မျက်ရည်ဝဲတယ် ။ စိတ်မကောင်းလွန်းလို့ ။ ဘ၀တွေ အများကြီး ပေးဆပ်ထားရပြီး ဘာမှ အကောင်အထည်မဖော်နိုင်သေးတာလည်း စိတ်မကောင်းဘူး ။