အခန်း(၆)
ကျမနေခဲ့ရတဲ့ ထောင်အခင်းအကျင်းကိုလည်း မျက်စိထဲမြင်အောင် ပြောပြချင်သေးတယ်။ မိန်းမထောင်ကျဆောင်မှာ အခန်း ၁ ၊ ၂၊ ၃ ဆိုပြီး သုံးခန်းရှိတယ်။ ၁ ခန်းမှာ က လူ ၁၀ ယောက်ကျော်ပဲ ထားတယ်။ တကယ့်ကို ပိုက်ဆံပေးနေနိုင်တဲ့ (စီးပွားရေးသမားတွေ အဲဒီအချိန်က ဆန်ကုန်သည်တွေများပါတယ်) လူတွေသာ နေရတယ်။ သူ့မှာ ပျဉ်ပြားတွေကို ကုတင်အကြီးကြီးလို စီရိုက်တားတဲ့ အိပ်စရာနေရာက တခန်းလုံးအပြည့် ရှိနေတယ်။ တခါတလေ အခန်းမှာ လူ ၁၃ ယောက်လောက်ရှိနေရင် တယောက်ကို ပျဉ်ပြား ၂ ပြားခွဲပဲ အိပ်ဖို့ ခွဲတမ်းရလောက်အောင် ကျဉ်းတယ်။အခန်း၂ က တကယ် ကုတင်ရှိတာကတော့ ၁၂ လုံးလောက်ပဲ ရှိတာပါ။ ကုတင်တွေက ၈ လက်မ အကျယ်လောက် ပျဉ်ပြား ၂ ချပ်ကို အုတ်ခုံနဲ့ တင်ရိုက်ထားတယ်။ ခေါင်းအုံးဖို့ကလည်း အဲဒီ ပျဉ်းပြားပေါ်မှာ ပျဉ်ပြားတုန်းတခုကို အလယ်ချိုင့်ထားတာ ရိုက်ထည့်တာတာပဲဖြစ်တယ်။ ကုတင်တခုနဲ့တခုကြားမှာ ၂ ပေလောက်အကျယ် ရှိတယ်။ အလယ်မင်းလမ်းမကလည်း ၄ ပေလောက်ရှိမယ်။ အဲဒီအောက်မှာပဲ တခြားလူတွေက အိပ်ရတယ်။ အခန်း ၂ မှာကတော့ အယောက်၃၀ ၀န်းကျင် အမြဲရှိတယ်။
ထောင်အခင်းအကျဉ်းကို မြင်သာအောင် ပုံဆွဲပြတာပါ။ အတိအကျတော့ မြေပုံလို မဆွဲတတ်ဘူး။
အခန်း ၁ ကတော့ အကျယ်ကြီးပဲ၊ ခုနလို အုတ်ခုံတွေပေါ်မှာ နှစ်ကြီးကျတဲ့လူတွေကို ပေးထားပြီး ရက်ပိုင်း လပိုင်းကျသူတွေကိုတော့ အောက်ခင်းမှာပဲ အိပ်ရတယ် အဲဒီအခန်းမှာ အနည်းဆုံးအချိန်တောင်မှ လူ ၇၀ ရှိတယ်။ နောက်ပတ်လည် ဆိုတဲ့ နေရာရှိသေးတယ်။ သူတို့ကျတော့ နှစ်နည်းနည်းကျပြီး ပိုက်ဆံနည်းနည်းပေးနိုင်တဲ့လူတွေ နေရတယ်။ သူတို့က ညဖက်ဆို ၁ ခန်း ၂ ခန်း ၃ ခန်းကို အပြင်ကနေ ပတ်ပြီးစကားပြောနေလို့ရတယ်။ အခန်းထဲမှာ နေရသူတွေထက် နည်းနည်းပိုလွတ်လပ်တယ်။ ညဖက် တခန်းနဲ့တခန်း ပေးစရာရှိတာ ဘာညာဆို သူတို့တွေကတဆင့်လုပ်ပေးရတယ်။ အဆောင်ကို ပတ်ထားတဲ့ စင်္ကြန်ပေါ့။ ညလှည့်ကျတဲ့ ထောင်ဝါဒါတွေကတော့ ၁ခန်းရှေ့ဖက် ၁၅ ပေပတ်လည်နေရာမှာ အဆောင်ရဲ့ တခါးမကြီးရှိတဲ့ အခန်းလိုနေရာမှာနေတယ် ။ အခန်းဆိုတာ တခန်းနဲ့တခန်းကိုတော့ ပျဉ်ပြားအပြည့်ကာထားပေမယ့် စင်္ကြန် ပတ်လည် တခုလုံးက သစ်သားတိုင်တွေကို ခပ်ကျဲကျဲ ကာထားတာပဲ။ ဒါမှ အထဲကို လှမ်းကြည့်လိုက်ရင် ဘယ်သူဘာလုပ်နေလဲ အကုန်မြင်နေရမှာလေ။ မီးချောင်းတွေ ပိတ်ခွင့်မရှိဘူး။ ထောင်ကို ညဖက်တွေမှာ မှောင်မနေစေရဘူး။
ထောင်ထဲမှာ အိပ်တဲ့အခါ ခေါင်းအုံးမယူရတော့ ကိုယ့်အ၀တ်အစားလေးတွေကို ကျွတ်ကျွတ်အိတ် ကလေးတွေထဲ ထည့်ပြီး ခေါင်းအုံးတယ်။ တယောက်ကို အ၀တ်အစားအပို ၂ စုံလောက်ပဲ ယူထားခွင့်ပေးတော့ ခပ်ပါးပါး ပဲပေါ့။ စောင်လဲ တယောက်တထည် ယူခွင့်ပေးတယ်။ နယ်ထောင်ဆိုတော့ ထောင်ဝင်စာထွက်ချိန်ပဲ ထောင်ပုံစံဝတ်ရတယ်။ အင်းစိန်ထောင်လိုမျိုးမှာကျတော့ ထောင်ကျဝတ်စုံပဲ နေ့တိုင်းဝတ်ရတယ်။ အပြင်အ၀တ် ၀တ်ခွင့်မရှိဘူး။ ကျမတို့ထောင်ဝင်စာ ၂ ပတ် ၁ ကြိမ်တွေ့ခွင့်ပေးတဲ့ ရက်မှာ ထောင်ကျဝတ်စုံ အဖြူကို ၀တ်ရတယ်။ ထောင်ပိုင်လှည့်တဲ့ တနင်္လာနေ့ မနက်ပိုင်း တန်းစီချိန်ကို ထောင်ဝတ်စုံ ၀တ်ပြီး တန်းစီရတယ်။ ဒီလောက်ပဲ ဆိုတော့ ထောင်ကျဝတ်စုံအဖြူတွေက ဖြူဖြူစင်စင် ရှိပါတယ်။ ခုနောက်ပိုင်းတော့ ထောင်ကျဝတ်စုံက အပြာတွေဖြစ်သွားတယ် ပြောတယ်။ ကျမလဲ သေချာတော့ မသိသေးဘူး။ ဆရာ ဦးဝင်းတင် ထွက်လာတော့ ၀တ်လာတဲ့ ၀တ်စုံအရောင်ဖြစ်မယ်။
အခင်းအဖြစ်ကတော့ မိုးကာသားတွေ ခင်းတာများတယ်။ ကြမ်းပိုးတွေ တက်လာရင် အလွယ်တကူမြင်သာအောင် အရောင်ဖျော့ဖျော့တွေခင်းပြီး တချို့ညတွေမှာ ကြမ်းပိုးစောင့်ဖမ်းကြတယ်။ တခါတလေ ပိုလိုကြမ်းပိုးသတ်ဆေးတွေကို ခိုးသွင်းပြီး ကုတင်ကို ဖျန်းကြတယ်။ အနံ့ထွက်လာတော့ စကားတွေ များကြပေါ့။ နေတာကြာလာတော့လဲ ကြမ်းပိုးကိုက်တာတောင် မသိတော့ဘူး။ အိပ်ပျော်ကြတာပါပဲ။ အများစုက ထောင်ထဲမှာ ၀ဲပေါက်ကြတယ်။ ယားနာတွေ က ယောင်ကိုင်းနေတာပဲ။ ကျမက ကံကောင်းတယ် ပြောရမယ်။ ယားနာလုံးဝမပေါက်ခဲ့ဘူး။ ကျမတို့ထဲက သူငယ်ချင်း ၂ ယောက်ဆိုရင် ထမင်းကိုတောင် လက်နဲ့စားမရအောင် လက်တွေ ယောင်နေတဲ့အထိ ယားနာပေါက်ခဲ့ကြတယ်။
အခန်း ၃ ခန်းရဲ့ နောက်ဖက်မှာ သီးသန့် ကုတင် တလုံးစီနဲ့ အခန်း ၂ ခန်းရှိသေးတယ်။ အဲဒီအခန်းတွေက ကိုယ်မကောင်းသူ ဒါမှမဟုတ် အရူးပုဒ်မနဲ့ ရောက်လာတဲ့ အရူးတွေကို ထားတယ်။ ကျမတို့ရှိနေချိန်မှာ ရောက်လာတဲ့အရူးမကတော့ သိပ်သနားဖို့ကောင်းတယ်။ ရုပ်ရည်က သန့်ပြန့်နေပြီး သူစိတ်ဖောက်ရင် သူ့ကိုဝတ်ပေးထားတဲ့ အ၀တ်တွေ အကုန်စုတ်ဖြဲ ပစ်တတ်တယ်။ ကောင်းနေချိန်မှာတော့ သီချင်းဆိုနေတာ ပဲ ။ သီချင်းဆိုလဲ သိပ်ကောင်းတယ်။
ကျမတို့အုပ်ထဲက သူ့ကို မုန့်သွားပေးနေကျ ကောင်မလေးကို နာမည်မှတ်မိတယ်။ သူ့နာမည်ကို တော့ ခုချိန်မှာ စဉ်းစားမရအောင် ကျမမေ့နေတယ်။ ကျမ သူငယ်ချင်း တယောက်ယောက်နဲ့တွေ့ရင်တော့ သတိရမိမယ်ထင်တယ်။ နောက်ပိုင်း စိတ္တဇဆေးရုံကို ပို့လိုက်တယ်။
အဲဒီထောင်ကျဆောင်နဲ့ အလျားလိုက် ဘေးချင်းကပ်ရက် ၁၅ ပေလောက်အကွာမှာ ရေချိုးကန် ရှိတယ်။ ရေချိုးကန် မှာ ရေတနေ့ ၁ ခါပဲ လာတယ်။ ၃ ပေ ၇ ပေ လောက်ရှိပြီး အနက် ၂ ပေလောက်ရှိတယ် ရေကန်၂ ခုဆက်ရှိတယ်။ ရေလာချိန်မှာ ရေချိုးချတယ်။ ရေချိုးချတဲ့အချိန်မှာ အခန်းလိုက် ဘယ်နှစ်ယောက် အဲလိုခေါ်တယ်။ ၁ ခန်း အယောက် ၂၀ ဆိုရင် အယောက် ၂၀ က ကန်တဖက်စီမှာ တန်းစီရပ်ရတယ်။ ကိုယ်ထမင်းစားတဲ့ ကော်ဇလုံနဲ့ပဲ ရေချိုးရတယ်။ တယောက်ခြောက်ခွက်ဆို ဒါ့ထက်ပိုချိုးလို့မရဘူး။ ရေကန်ဘုတ်ကိုင်က ကန်ထိပ်က တက်ကြည့်နေပြီး သူမကြည်သူကို သေချာ စောင့်ရေတယ်။ ပထမ တခွက်မှာတင်ပဲ တကိုယ်လုံး ရေစိုအောင် လုပ်နိုင်မှ ဖြစ်မယ်။ ၀ုန်းကနဲ လောင်းချိုးလို့မရဘူး။ ကိုယ့် ၆ ခွက်ထဲကပဲ ကိုယ့်အ၀တ်ကိုယ် လျှော်ရတယ်။ ကျမတို့ အဖွဲ့ကတော့ တခါတလေ တယောက်က မချိုးပဲ နေပြီး အဲဒီရေနဲ့ အ၀တ်စုလျှော်ကြတယ်။ ရေလာချိန်အတွင်းမှာ အမြန်ရေချိုးချပြီး တခါတလေ ရေမလာတော့လို့ မချိုးလိုက်ရတဲ့ အခန်းရှိတတ်တော့ အခန်းကိုလဲ အလှည့်နဲ့ခေါ်ရတယ်။ ဒီနေ့ အခန်း၁ ဦးဆုံးဆို နောက်နေ့ ၂ ၊ နောက်နေ့ ၃ အဲလို လှည့်ခေါ်ရတယ်။ ရေခွက်များများချိုးချင်ရင် ရေကန်ဘုတ်ကိုင်ကို လိုင်းဝင်ရတယ်။ တလ ဘယ်လောက်ပေါ့။ ကျမတို့ကတော့ လုံးဝမ၀င်ပဲ လောက်အောင် သုံးတယ်။ နောက်ပိုင်း ရေကန် ကိုင်တဲ့ ဘုတ်ကို အမျိုးသမီးတွေ ရာသီလာချိန်မှာ ရေပိုပေးဖို့ တောင်းဆိုပေးလိုက်တော့ ရသွားတယ်။
ရေချိုးကန်နဲ့ အဆောင်ရဲ့ ထိပ်ဖက် မိန်းမထောင်ဝင်ပေါက်နားမှာ ကျမကိုထားတဲ့ အခန်း၅ ခန်းပါတဲ့တိုက်ဆောင် ရှိတယ်။ တိုက်ဆောင်နောက်ဖက်မှာ ခပ်သေးသေးဘုရားတဆူ ရှိတယ်။ ဘုရားရှေ့မှာ လမ်းက အဆောင်ကို သွားတဲ့လမ်းပေါ့။ လမ်းဟိုဘက်မှာတော့ အုတ်တံတိုင်းအမြင့်ကြီးပေါ့။ ယောက်ျားဆောင်တွေနဲ့ခြားထားတဲ့ အတွင်းအုတ်တံတိုင်း။ အဲဒီအုတ်တံတိုင်းနဲ့ကပ်ရက်က ကျမ ထောင်ထဲဝင်လာတုန်းက လျှောက်ခဲ့ရတဲ့လမ်းပေါ့။ လမ်းနဲ့ ယောက်ျားဆောင် ကြားထဲမှာလဲ စိုက်ခင်းတွေ ရှိတယ်။ ရုံးပတီသီး ချဉ်ပေါင်ရွက် မုန်ညင်း စသဖြင့် ရာသီပေါ်တွေ စိုက်ကြတယ်။
မိန်းမဆောင်ရဲ့ နောက်ဖက်က အုတ်တံတိုင်းကတော့ အပြင်က လမ်းမကြီးနဲ့ ကပ်နေတဲ့ ထောင်ခြံဝင်းထဲက တထပ်ပေါ့။ ထောင်ခြံဝင်းက သံဆူးကြိုးတထပ်၊ အုပ်တံတိုင်းတထပ်ကိုး၊
ကျမ ထောင်ကျတဲ့ ၁၉၉၀ နှစ်ကုန်ပိုင်းမှာ ပုသိမ်မြို့ရဲ့ မိန်းမအကျဉ်းထောင်မှာ သီးသန့် အကျဉ်းသူ ၁၀ယောက် ရှိတယ်။ ကျမ မ၀င်လာခင် တသုတ်ပြန်လွတ်သွားသေးတယ်။ အဲဒီထဲက တနှစ် ထောင်ကျသူရယ် ၇ လ အချုပ်နဲ့ ပြန်လွတ်သူရယ်က တဆယ်ဝန်းကျင်ပဲ။
အဲဒီတသုတ်ပြန်လွတ်သွားချိန်နဲ့ ကျမ ထောင်ထဲရောက်မလာခင် အချိန်ခဏလေးမှာ ရေတိုက်ပွဲ တခု ဖြစ်သွားသေးတယ်တဲ့။ သီးသန့်တွေနဲ့တန်းစီးရဲ့ တိုက်ပွဲပေါ့။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
12 comments:
လာရောက်ဖတ်ရှုသွားပါကြောင်း...
ဒီအခန်းဆက်ကို စောင့်ဖတ်နေတာကြာပြီ..
"ရေတိုက်ပွဲ" ကိုစောင့်နေပါမည်
ပို့စ်အသစ်အတွက် ကျေးဇူးတင်ပါတယ်...။ နောက် ဆက်ရေးပါဦး...။ မအားမှန်းသိပေမယ့် ဖတ်ချင်လို့ တိုက်တွန်းတာပါ...။
ရေ ၆ခွက်နဲ့ လူလဲ ချိုး အ၀တ်လဲလျှော်ရတာလား :( ယားနာတွေမပေါက်ပဲ နေမလားဗျာ။ ရေနဲနဲ နဲ့ ချိုးနည်းတော့ ကောင်းကောင်းတတ်သွားမှာပေါ့နော။ ဘယ်လိုများ အဲဒီရေလေးနဲ့ လောက်အောင် ချိုးရတာလဲ သိချင်ပါတယ် အမရေ..။
ဘယ်လိုခံစားရလည်း ဆိုတော့ အဲဒီအတွေ့အကြုံတွေကို စာအုပ်တအုပ် လုပ်စေချင်တယ် အမရယ်
လေးစားပါတယ်။ဒီထက်ပိုရေးနိုင်ပါစေ။ဖြစ်နိုင်ရင် စာအုပ်ထုတ်စေချင်ပါတယ်။နောင်လာနောက်သားတွေအတွက် စစ်အာဏာရှင်လက်ထက်အမျိုးသမီးထောင်မှတ်တမ်းတစ်ခုအဖြစ်ပေါ့။
မှတ်သားစရာတွေချည်းပါပဲ အစ်မရေ၊ နောက်အပိုင်းတွေ ဆက်မျှော်နေပါတယ်ခင်ဗျာ
ဖတ်ရှု မှတ်သားသွားပါတယ်ဗျာ။
တီ လာဖတ်သွားပါတယ်။ စာအုပ်တစ်အုပ်ထုတ်နိုင်ရင်တော့ သိပ်ကောင်းပေါ့ ..
အခန်းရ ကိုမျှော်နေတယ်အမ
မမင်းဇော်ရေ...
စာလာဖတ်သွားပါတယ်...
ကျနော့်သဘောဆိုရင်လဲ စာအုပ်ထုတ်စေချင်ပါတယ်..။
လေးစားပါတယ်ဗျာ.။။
ထောင်ပုံ ဓာတ်ပုံလေးကို တွေ့လိုက်ရတော့ ဆို့သွားတယ်။ ဒါပေမဲ့ အထဲက ကောင်မလေးတွေအားလုံး ပြုံးနေသလိုပဲ။
ရေတိုက်ပွဲ တဲ့။ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ စောင့်ဖတ်မယ် အမရေ။
သီတင်းကျွတ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည်တော်သာစေကြောင်း ဆုတောင်းမေတ္တာပို့သလျက်..
>>မီးချောင်းတွေ ပိတ်ခွင့်မရှိဘူး။ ထောင်ကို ညဖက်တွေမှာ မှောင်မနေစေရဘူး။ :) I hate darkness.
တယောက်ခြောက်ခွက်ဆို ဒါ့ထက်ပိုချိုးလို့မရဘူး။ ကိုယ့် ၆ ခွက်ထဲကပဲ ကိုယ့်အ၀တ်ကိုယ် လျှော်ရတယ် :(( so terrible
Post a Comment