Sunday, October 26, 2008

ခရီးသွား မှတ်တမ်း ၁

အဲဒီအဆောက်အဦးကြီးမှာ နိုဘယ်လ်ဆုတွေပေးတာလေ

ခရီးတခု ထွက်နေရတယ်။ အလုပ်နဲ့ သက်ဆိုင်တဲ့ သင်တန်းတခု တက်ဖို့လေ။ အဲဒီသင်တန်းမတိုင်ခင် ရုံးချုပ်မှာ အလုပ်တွေ လေ့လာသင်ယူ ကူလုပ်ပေါ့လေ။ အေးလွန်းတဲ့ ဥရောပနိုင်ငံရဲ့ ဆောင်းရာသီ ဆိုတော့လဲ အာရှတိုက်သူ အအေးကြောက် ကျမအတွက်တော့ တော်တော်ခက်ခဲပါတယ်။

ရောက်ခါစက အိပ်ယာကနေ နိုးတော့ မနက် ၅ နာရီ ။ အပြင်ဘက်ကြည့်တော့လဲ မိုးမလင်းသေး။ ဒါနဲ့အိပ်နေ၊ အိပ်မရ နာရီထပ်ကြည့် မနက် ၇ နာရီ မိုးမလင်းသေး။ မနေနိုင်တော့ဘူး။ ဘေးက ညီမတယောက်ကို ထနှိုးပြီးမေးရတယ်။ ဆေးဆေး မိုးဘယ်အချိန်လင်းလဲပေါ့။ သူက အမ အိပ်ဦး ၈ နာရီလောက်မှ ထ အတော်ပဲတဲ့။

အမ်မလေး ကျောကိုပူနေရော။ ဒါနဲ့ ထမင်းတအိုးထတည်ထားလိုက်တယ်။ မနက်လင်းတာနဲ့ ရုံးတက်ဖို့အဆင်သင့်ပြင်ရတာပဲကိုး။ ဟင်းချက်ဖို့ကလည်း အေးတဲ့ရာသီဆိုတော့ လေထုသိပ်သည်းတော့ အညှော်တွေ လုပ်လို့ မဖြစ်ဘူး ဆိုပြန်တယ်။ ဟမ် ဒါဆို ဘယ်လိုဟင်းချက်စားကြလဲဆိုတော့ ဒီလိုပဲ မိုက္ကရိုဝေ့ဖ်ထဲ အားလုံးပေါင်းထည့် ချက်လိုက်တာပဲတဲ့။ ဖြစ်ရလေ…။

ရုံးကိုရောက်ရင်တော့ ကော်ဖီသောက်လို့ရမယ်၊ ဆူရှီတွေ စားလို့ရမယ် ။ တော်သေးတာပေါ့။ ဆူရှီက ဈေးကြီးပေမယ့် နေ့တိုင်းအလကားစားရနည်းလားနော်။ နေ့တိုင်း နှစ်သက်စွာအားပေးတယ်။ ထမင်းစားတော့လဲ ဒီလိုပဲ စုစားကြတာပဲ ။ ရုံးမှာကျမှ ထမင်းအိုးတည်ပြီး ဟင်းချက်တတ်တာကတော့ ယောက်ျားလေး အများစု။ မိန်းကလေးဆိုတော့လဲ သူတို့ ချက်တာ ကပ်စားလိုက်တာပဲ။

ကိုယ့်ကိုယ်ကိုလဲ နိုင်ငံခြားရုပ်ရှင်ထဲ ရောက်နေသလိုပဲ။ ၀တ်ရတာလဲ အထပ်ထပ်။ လူတိုင်းကလဲ ပြေးနေသလို သွားနေကြတာပဲ။ အော်.. ရထားချိန် ကားချိန်တွေက အတိအကျကိုး။ အချိန်နောက်ကို အမှီပြေးနေတာဖြစ်မယ်။ ရာသီဥတုကတော့ မှိုင်းမှုန်ဝေ နေတာပါပဲ။ ဘူတာကနေ ရုံးကို လမ်းလျှောက်ရင်း ချွေးထွက်အောင် လုပ်ရတယ်။ ကားတမှတ်တိုင် စီးဖို့ ရှိပေမယ့် မစီးချင်ပါ။ ဒီလိုလမ်းမလျှောက်ဖြစ်ရင် တနေ့လုံး ရုံးက ကွန်ပျူတာရှေ့မှာ ထိုင်နေရမယ်ဆိုတော့ ဘယ်လိုဖြစ်မလဲနော်။ လျှောက်ပါတယ် နေ့တိုင်း။

ဒီနေ့စနေဆိုတော့ မြို့ထဲက ဈေးတွေ ရှော့ပင်းမောတွေကို ၀င်းဒိုးရှော့ပင် လုပ်ပစ်တယ်။ ၀ယ်တော့မ၀ယ်ပါဘူး။ သူတို့ပိုက်ဆံကို ကိုယ်က ၆ နဲ့မြှောက်ကြည့်နေမိတာကိုး။ ကိုယ့်ဆီမှာလဲ ရှိသားပေါ့ ဒီလိုဟာတွေများ ။ ဈေးသွားသူအချင်းချင်းလဲ မ၀ယ်သေးဘူး အမတဲ့။ နောက်လတွေ လျှော့တော့မှာတဲ့ ။ ခုလဲ လျှော့တာရှိနေတာပဲ ၂၅ ရာနှုန်း ၃၀ ရာနှုန်း တချို့ ၅၀ ရာနှုန်း ဒါကိုတောင် မ၀ယ်နဲ့ဦး လျှော့ဦးမယ်ဆိုပဲ။ စောင့်ကြည့်ရမယ်ပေါ့လေ။
ဥရောပ ရုပ်ရှင်ထဲ ကိုယ်တိုင်ဝင်ရောက်နေသလိုလို

ထူးဆန်းတာကတော့ စနေဆို ပွဲရှိလို့ ထွက်သလားမှတ်ရတယ် လမ်းပေါ်လူအပြည့် ကော်ဖီဆိုင်တွေ လူအပြည့် ။ တနင်္ဂနွေဆို ခြောက်ကပ်သွားပြန်ရော။ အော်.. ဥရောပစတိုင် ဆိုတာ ဒါပဲကိုးးးးးးးးး။ မှတ်သားလိုက်ရပါတယ်။

နောက်တခုက ကျမနေတဲ့ အိမ်နားမှာ ဒီနိုင်ငံရဲ့ ၀န်ကြီးချုပ်နေတဲ့ အိမ်ရှိတယ်။ အိမ်ကလေးက ခပ်ရိုးရိုးလေးနဲ့ သူရုံးတက်ဖို့ လာခေါ်တဲ့ ကားတွေကလည်း သာမန်တွေပါပဲ။ ကျမဖြင့် သူတို့ဝန်ကြီးချုပ်ကို ခုထိတော့ မမြင်သေးဘူး။ ကျမရုံးသွားချိန်နဲ့ သူရုံးတက်ဖို့ လာခေါ်ချိန်ကတော့ အမြဲပဲ တူနေတယ်။ သူတက်တဲ့ ရုံးကလဲ ကျမတို့ ရုံးနားမှာပဲတဲ့။

ဒီမှာတော့ အ၀ါရောင် သစ်ရွက်ကလေးတွေနဲ့ အေးစိမ့်တဲ့ ရာသီနဲ့ ကဗျာဆန်ချင်သလိုလို ရှိနေပေမယ့် အလုပ်က ည ၈ နာရီကျော်မှ ပြန်နေရလေတော့ အိမ်ကခွာလာတာ ၁ လ ကျော်နေပြီ ခုထိ သိပ်မလည်ဖြစ်သေးပါဘူး။ မနက်ဖြန်လဲ နောက်တနိုင်ငံမှာ သင်တန်းတခု သွားတက်ရဦးမယ်လေ။ ပြန်လာမှ ဆက်ရေးဦးမယ်။ ခုကတော့ ဘ၀ဒိုင်ယာရီရေးဖို့ အချိန်မရသေးဘူးဆိုတာ အကြောင်းပြထားတာပါ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

12 comments:

ATN said...

ရုပ်ရှင်မင်းသမီးကို ကြည့်သွားပါတယ်ဗျာ။

ဆူရှီးစားနေရတယ်ဆိုတော့ အံ့တောင်သြမိသေးတယ်။ အဲမှာလည်း ဆူရှီးစားကြတာကိုး။

ထင်းရူးပင်ရိပ်မှာ နှင်းတွေနဲ့ ဓါတ်ပုံတပုံလောက် ရိုက်ပါဦးး)

ခင်မင်သော

အောင်သာငယ်

TZA said...

အစ်မ၊ အအေးမမိစေနဲ့နော်၊ ပိုလာဝက်ဝံလိုဝတ်ပြီးမှ အပြင်ထွက်ပေါ့၊ သတိပေးတာပါ။ ရွှေအိုရောင်သစ်ရွက်တွေ ရိုက်ခဲ့ပါဗျာ၊ တအားကြိုက်တယ်၊ ဒီမှာရိုက်စရာမရှိလို့ဗျ။

မေငြိမ်း said...

ဟုတ်ပ.. ငါ့ သယ်ရင်း.. ကိုရီးယားမင်းသမီးလေး ကျနေရော.. ခိခိ..ဂယ်ကျောတာဘာ...။

Anonymous said...

မိုက်ပ မိုက်ပ ။ အကိုကြီးက အမရဲ့ ပုံစံသစ်ကိုကြည့်ပြီး အချစ်တွေတိုး ရင်တွေ ခုန်နေဦးမယ် .. အဟိ ။

ကိုပေါ said...

ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာနဲ့ပါလားဗျိုး။း-)

ခွန်မြလှိုင် said...

အမရေ ဓာတ်ပုံလေးတွေ များများ ရိုက်ခဲ့ပါနော့.. ပြီးရင် ခရီးသွား အတွေ့အကြုံလေးတွေ များများ တင်ပေးပါဦး လာမျှော်နေမယ်...

JulyDream said...

အလွန်အေးတဲ့ ရာသီ အလွန်ချမ်းတဲ့ ရာသီ... မယ်တစ်ရွာ မောင်တစ်မြို့ နေလို့လဲ မဖြစ်တော့ပါပြီ... ဆိုတဲ့ သီချင်းတွေ ပါးစပ်ဖျားမှာ ညည်းဆိုနေတယ် မဟုတ်လား။

M.Y. said...

ရီနေတဲ့ သွား ကလေးတွေကျ အနွေးထည်ခြုံ ပေးမထားပါလား။

ZMT said...

ခင်မင်းဇော် ခရီးသွားနေသည်ပေါ့ ဟုတ်လားအမ :)

Moe Cho Thinn said...

ဓာတ်ပုံထဲမှာ ဟိုးအရင်က ခင်ရတဲ့ အမ ပါပဲ။ ဘာမှ မပြောင်းလဲဘူး။
ဆက်ရေးပါအုံး။ မျှော်နေမှာ။ အကို မပါဘဲ သွားတယ်ပေါ့။
ကိုအေးချမ်းကိုလဲ နှုတ်ဆက်ပါ၏။

Hteink Min said...

တူပဲ တူသွားတာ လျှောက်ပြောနဲ့ဆိုပြီးတော့၊ ဟီး ဘလော့မှာတော့ တင်တယ်း) .. ပျော်စရာကြီး .. ဟီး .. ပေးပြန်တော့ဘူးး).. ရောက်တဲ့လူ မပြန်ရဘူး .. လူဦးရေနည်းတယ်လေ.. ဆွဲထားဦးမှ.. ဟက်ဟက်.. ဆွီဒင်ရောက်လည်းဒီဘက်ကို ဘော်ဒါလေးကျော်လိုက်ပါဦးး)

Hteink Min said...

နိုဘယ်ဆုပေးတဲ့ အဆောက်အဦးကြီးကို ခုမှပဲ တွေ့ဘူးတော့တယ်။ ကြီးကြီးပဲနော်.. သားသားတို့ ဖင်လန်မှာက အဲလောက်မြင့်တဲ့တိုက်ဆို ဟီးဟီး Finland Guiness Record ထဲ ဝင်မလား မသိ..