Monday, November 3, 2008

မကဒတ နှစ် ၂၀


၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ ဆိုတာ ကျောင်းသားတပ်မတော်လို့ ပြည်သူတွေက သိတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ရဲ့ အနှစ် ၂၀ ပြည့် မွေးနေ့ ။ တကယ်ဆို ဒီမွေးနေ့အတွက် တခုခု ပို့စ်တင်ပေးခဲ့ဖို့တောင် ကျမက မရေးအားခဲ့၊ အင်တာနက်နဲ့ဝေးရာမှာ ရောက်နေခဲ့ရတယ်။ ခု အင်တာနက် အဆင်ပြေတဲ့ အချိန်လေးမှာ မကဒတနဲ့ ပတ်သက်လို့ ကျမရင်ထဲထိခိုက်ခဲ့ရတဲ့ ခံစားမှုလေးတွေ ရင်ဖွင့်ပြချင်တယ်။

တချို့သော လူတွေက လက်နက်ကိုင်တော်လှန်ရေး ကမ္ဘာမှာ ခေတ်မစားတော့ဘူး.. ဒီလို နောက်ကျောက ပြောနေဆဲကနေ တဆင့်တက်ပြီး ခုနောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးအပေါ် တိုက်ခိုက်တဲ့ နှိမ့်ချတဲ့ စကားတွေကို တရားဝင်လေလှိုင်းတွေကနေ ပြောကြားတာ ကြားမိလာတဲ့အခါ
…. ဘာ့ကြောင့် လက်နက်ကိုင်တော်လှန်ရေး ခေတ်မစားဘူး မအောင်မြင်ဘူးလို့ ပြောကြသလဲ။
လက်နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်းဖက်လုပ်ရပ်ကို ဘယ်လိုခွဲခြားနားလည်သလဲ။ တကယ့်ကို မကွဲပြားဘူးလား.
အကြမ်းမဖက်တဲ့နည်းလမ်းကရော ခု အောင်မြင်နေပြီလား…
ခေတ်စားတဲ့ အလုပ်တွေကိုပဲ လိုက်လုပ်ရမလား။ ခေတ်စားတယ် ခေတ်မစားဘူးဆိုတာ နဲ့ တော်လှန်ရေး သက်ဆိုင်နေသလား။
ဘယ်နိုင်ငံ ဘယ်အဖွဲ့မှ မထောက်ခံဘူးလို့ ဘာ့ကြောင့်ပြောနိုင်သလဲ။
..
.
.
.


စဉ်းစားစရာမေးခွန်းတွေ အများကြီးထွက်လာပါတယ်။
ကျမက ဒီကျောင်းသားတပ်မတော်ရဲ့ မိသားစုဝင်အဖြစ် ရှိနေတာမို့လဲ ပိုလို့ မေးချင်စိတ်တွေ ဖြစ်နေတာလဲ ဖြစ်မယ်ထင်ပါတယ်။

တကယ်တော့ ဒီတော်လှန်ရေးကြီးထဲမှာ ဘယ်လိုအခန်းကဏ္ဍကမဆို ပါဝင်လှုပ်ရှားခဲ့သူ လှုပ်ရှားနေသူ အားလုံးကို လေးစားတန်ဖိုးထားသင့်တာပဲ မဟုတ်ပါလား။ ကိုယ်လုပ်တာမှ အမှန် ၊ ကိုယ်မလုပ်တဲ့ အလုပ်က အမှား ဒီလို ခပ်တိမ်တိမ်ပြောဆိုနေသူတွေ ရှိနေတာကတော့ဖြင့် ၀မ်းနည်းစရာလို့ ကျမအနေနဲ့ခံစားရမိပါတယ်။ နည်းလမ်း ၃မျိုးရှိရင် ၃ မျိုးလုံးနဲ့ တိုက်ရမယ် ၁၀ မျိုးရှိရင် ၁၀မျိုးနဲ့ တိုက်ရမယ်။ ဒီလိုစိတ်ထားမျိုး ဘာ့ကြောင့် မထားနိုင်ကြသလဲ။
ဘ၀တွေ မျှော်လင့်ချက်တွေကို ရင်းနှီးထားတဲ့ ကျောင်းသားတပ်မတော်ထဲက ရဲဘော်တွေဟာလဲ အကောင်းဆုံးဆိုတာတွေကို ကြိုက်နှစ်သက်သူ လူသားတွေချည်းပါပဲ။ ဘာလုပ်ရင် ဘယ်လမ်းရောက်မယ် ဘာတွေစွန့်ရမယ် ဘာတွေ ခံစားရမယ်ဆိုတာကိုလဲ သိနားလည်ကြပါတယ်။

တစုံတယောက်ကတော့ဖြင့် ကျမနားနဲ့ဆတ်ဆတ်ကြားတဲ့နေရာမှာ ပြောနေတာက လက်နက်ကိုင် တိုက်နေတာ ဦးဏှောက်မရှိလို့ပါတဲ့။

ဆိုတော့ကာ… အကြမ်းတမ်းဆုံးလမ်းကို ရွေးချယ်ကြတာ….
စွန့်စားရမယ့်လမ်း ၊လူကြိုက်နည်းတဲ့လမ်းကို ရွေးချယ်ကြတာ……ကတော့ အသိဥာဏ်မရှိလို့ရယ် မဟုတ်ဘူး ဆိုတာကို ပြောချင်တာပါပဲ။ လူတချို့ကို ပြောချင်တာပါ။

ကျမကတော့ လက်တွဲဖော်က စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ကနေ ၈၈ အရေးတော်ပုံကြီးက ပေါက်ဖွားလာတဲ့ ကျောင်းသားတပ်မတော် မကဒတ တပ်ရင်း (၈) ရဲ့ တပ်ရင်းမှုး တာဝန်ကို ထမ်းဆောင်နေဆဲ မို့ သူတို့ခံယူချက်ကို ယုံကြည်လေးစားသူလဲဖြစ်။ ပါရမီဖြည့်သူလဲ ဖြစ်ချင်သူမို့ ဒီစာလေးကို အနှစ် ၂၀ ပြည့်မှာ အမှတ်တရ ရေးတာပါ။
ခေတ်အဆက်ဆက် ကျောင်းသားတပ်မတော်အပေါ် တာဝန်ကျေခဲ့တဲ့၊ လက်ရှိ တာဝန်ယူနေတဲ့ သစ္စာရှိ ကျောင်းသားရဲဘော်အားလုံးရဲ့ စိတ်ဓါတ်နဲ့ ပိုင်းဖြတ်ချက်တွေကို လေးစားခြင်းများစွာဖြင့် အလေးပြုလိုက်ပါတယ်။
မကဒတ ၁၇ နှစ်မြောက်မွေးနေ့အတွက် ၀တ္ထုတိုလေးတပုဒ် ရေးပြီးတင်ခဲ့ဖူးပါတယ်။ ချစ်
သူ့
ဒိုင်ယာရီ
လို့ နာမည်ပေးထားပါတယ် ။ နောက် တပုဒ်အဖြစ်လည်း သောင်ရင်းမြစ်ရဲ့တဖက်ကမ်းမှာ လို့ တင်စားရေးခဲ့ပါသေးတယ်။ ပြန်လည် ဖတ်ရှု အားပေးကြပါဦး။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

15 comments:

Anonymous said...

အမရေ ... တကယ်တော့ ကျောင်းသားတပ်မတော်က ရဲဘော် ရဲမေ တွေဟာလည်း တချိန်က ကျောင်းသား ကျောင်းသူ ဖြစ်ခဲ့ကြသူတွေပါ ။ အခြေအနေအရ ဘောပင်ကိုင်ရမယ့်လက်တွေက သေနတ်တွေကို ပြောင်းကိုင်ဖို့ အများကြီး တွေးပြီး ၊ အများကြီး စွန့်လွှတ်ခဲ့ကြတယ်ဆိုတာ ကြည့်တတ်တဲ့သူ ခံစားတတ်တဲ့သူတွေ မြင်နိုင်ပါတယ် ။ အဲဒါနဲ့တင်ပဲ ညီမကတော့ သူတို့ကို လေးစားမိပါတယ် ။

အမပြောသလို လက်နက်ကိုင်တော်လှန်သူက တော်လှန် ၊ အကြမ်းမဖက်တဲ့နည်းနဲ့ တိုက်သူက တိုက် ၊ humanitarian ကိစ္စတွေမှာ လုပ်သူက လုပ် .. စသည်ဖြင့် အမျိုးမျိုး လုပ်ကြမှာသာ မြန်မာနိုင်ငံတွက် မျှော်လင့်ချက် ရောင်ခြည်ရှိလာနိုင်မယ်လို့ အမြဲ ယုံကြည်နေမိပါတယ် ။

အနှစ် ၂၀ ပြည့်မှာ အကိုပီအေကြီးရဲ့ တပ်ရင်း (၈) နဲ့တကွ ကျောင်းသားတပ်မတော် တခုလုံး.. စွန့်လွှတ်ခဲ့ရတာတွေနဲ့ ထိုက်တန်တဲ့ ပန်းတိုင်ကို ရောက်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ။

kay said...

ဘာပဲဖြစ်ဖြစ်- သူတို့-
သမိုင်းတခုကို သယ်ပိုးခဲ့ကြသည်။
ဆက်လက်သယ်ပိုး နေကြသည်။
ညောင်ညိုရိပ်မှာ- ချွေးသိပ်စေချင်ပြီ။

Unknown said...

hello ma khin min zaw,
we also respect those who give their life our country,we never forget.
hta2

မေငြိမ်း said...

တော်လှန်ရေးဆိုတာက ခေတ်စားတာကို ရွေးချယ်တာရလား.. ကိုယ့်နိုင်ငံအတွက် လိုအပ်တယ်ထင်တဲ့ ယုံကြည်ရာကို ဆုပ်ကိုင်ပြီး တိုက်ပွဲဝင်ဖို့ကို ရွေးချယ်ကြရတာလား..ဆိုတာကို အဲဒီလူတွေကို ပြန်မေးလိုက်ချင်ပါတယ်..။ နိုင်ငံလွတ်မြောက်ရေးအတွက် ဘ၀တွေကို ပုံအောပေးဆပ်ပြီး ကိုယ်ယုံကြည်ရာကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်တိုက်ပွဲဝင်နေတဲ့ မကဒတရဲဘော်အပေါင်းကို လှိုက်လှိုက်လှဲလှဲ အလေးပြုပါတယ်။

Unknown said...

8888 ရှစ်လေးလုံးက မွေးဖွါးလာခဲ့တဲ့ ကျောင်းသားတပ်မတော် နှစ်၂၀ပြည့် အမှတ်တရမှာ ပို့စ်ရေးသားသူရော ယခုအထိကော်မန့်ရေးသူများပါ ခေတ်သစ်ပထမမြန်မာအမျိုးသမီးများအဖြစ် ကျွန်တော် သတ်မှတ်ဂုဏ်ပြုလိုက်ပါတယ်။ The Big Five ပေါ့ဗျာ။

မြန်မာအမျိုးသမီးထုရဲ့ သတ္တိကို လေးစားဂုဏ်ယူလျှက်ပါ။

လေးစားတတ်တဲ့
ရန်သူ(ရန်သူစစ်စစ်)

Anonymous said...

မိမိတိုင်းပြည်အတွက် လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ ကျောင်းသားတပ်မတော်ကို အစဉ်အမြဲ ဂုဏ်ယူလျက်ပါ...
ဘယ်သူဘာပြောပြော...မိမိ ယုံကြည်ရာ လုပ်နိုင်တာက အကောင်းဆုံးပါ...သမိုင်းက စကားပြော သက်သေပြပါလိမ့်မယ်... စေတနာမှန်ရင် ဘာလုပ်လုပ် အကုန်ကောင်းပါတယ်....

Unknown said...

ကမ္ဘာတ၀ှမ်း၌ တခုတည်းသော ကျောင်းသား လက်နက်ကိုင်တပ် ဖြစ်သည့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF ဖွဲ့စည်း ထူထောင်မှုသည် ယခုလ ၁ ရက်နေ့တွင် နှစ် ၂၀ ပြည့်မြောက်ခဲ့သည်။

ABSDF သည် သက်တမ်း နှစ် ၂၀ အတွင်း အပြောင်းအလဲများ၊ အတက်အကျများ မြောက်မြားစွာ ကြုံတွေ့ ဖြတ်သန်းခဲ့ရသည်။

လက်ရှိအချိန်တွင်လည်း ရန်ပုံငွေ အခက်အခဲ၊ အင်အားနှင့် နယ်မြေ အကျပ်အတည်းများ တည်ရှိနေသော်လည်း ယုံကြည်ထားသည့် လက်နက်ကိုင်လမ်းစဉ်ကို ကိုင်စွဲကာ ကျောင်းသားတပ်မတော် ရဲဘော်များက မြန်မာ နိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် သက်စွန့်ကြိုးပမ်း တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။

ABSDF နှစ် ၂၀ ဖြတ်သန်းမှု၊ ရဲဘော်များ၏ စိတ်ဓာတ်အားမာန်၊ လက်နက်ကိုင် တော်လှန်ရေးနှင့် အကြမ်းဖက်မှု ကွာခြားချက်၊ လက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲ ပေါင်းစပ်ရေးလမ်းစဉ်နှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို သိရှိနိုင်ရန် ABSDF ဥက္ကဌ ရဲဘော် သံခဲထံ မဇ္ဈိမသတင်းထောက် သန်းထိုက်ဦးက ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

မေး။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ABSDF ရဲ့ ဖွဲ့စည်းမှုကို ပြောပြစေလိုပါတယ်။

ဖြေ။ ပထမ ပြောချင်တာက ကျနော်တို့ မြန်မာပြည် နိုင်ငံရေးမှာ ABSDF ဖွဲ့စည်းတာဟာ အင်မတန်မှ ထူးခြားပါတယ်။ ABSDF ဟာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးကို အာဏာရှင်တွေက အကြမ်းဖက် ဖျက်ဆီးဖိနှိပ်ခဲ့ပြီးတဲ့ နောက်မှာ ထောင်နဲ့ သောင်းနဲ့ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေဟာ တော်လှန်ရေးနယ်မြေ အသီးသီးကို ရောက်ရှိခဲ့ပါတယ်။

အဲဒီလို ရောက်လာတဲ့ ရည်ရွယ်ချက်ကလည်း လက်ရှိ တည်ရှိနေဆဲ စစ်အာဏာရှင်စနစ်ကို တော်လှန်မယ်ဆိုရင် စစ်ရေးတိုက်ပွဲဟာ မဖြစ်မနေ လိုအပ်တယ်ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တချက် ပါပါတယ်။ အဲဒီအချိန်မှာ တိုင်းရင်းသား နယ်မြေအသီးသီးမှာ၊ လွတ်မြောက်နယ်မြေထဲမှာ အမျိုးသားရေးအတွက် လှုပ်ရှားနေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ အဲဒီဒေသတွေကို ကျနော်တို့သွားပြီးတော့ ခိုလှုံတယ်။ တပြိုင်နက်ထဲမှာပဲ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုလို့ခေါ်တဲ့ အမျိုးသားရေး တပ်ပေါင်းစုကြီးက တိုင်းရင်းသား ခေါင်းဆောင်တွေမှာလည်း ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

ဆုံးဖြတ်ချက်က ဘာလဲဆိုရင် ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို တိုင်းရင်းသား အဖွဲ့အစည်းတွေ အနေနဲ့ ဘယ်လို အထောက်အကူပြုမလဲ၊ ရောက်လာမယ့် ဒီမိုကရေစီ အင်အားစုတွေကို ဘယ်လို ပံ့ပိုးကူညီမလဲ၊ တပြိုင်နက်ထဲမှာပဲ အင်အားကောင်းတဲ့ အဖွဲ့အစည်းတခု ဖြစ်ပေါ်ရေးအတွက် သူတို့တွေအနေနဲ့ ဘယ်လို ကြိုးပမ်း ဆောင်ရွက်သွားကြမလဲဆိုတဲ့ ဆုံးဖြတ်ချက် ပါပါတယ်။

အဲဒီ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီးတဲ့အခါ စခန်းအသီးသီးမှာ ရောက်လာခဲ့တဲ့ ကျောင်းသားလူငယ် အားလုံးကို မဒတ (အမျိုးသားဒီမိုကရက်တစ်တပ်ဦး - NDF) ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တာမလာဘောတို့၊ ခိုင်စိုးနိုင်အောင်တို့၊ နောက် အဲဒီအချိန်တုန်းက ကချင်ခေါင်းဆောင်တွေလည်း ပါတယ်။ နောက် မွန်ခေါင်းဆောင်တွေလည်း ပါတယ်။ သူတို့က စုစည်းပေးပြီးတဲ့အခါမှာ KNU ရဲ့ ၀မ်းခ စခန်းမှာ ကျောင်းသားကိုယ်စားလှယ်တွေ အစည်းအဝေး ထိုင်တယ်။ ထိုင်ပြီးတဲ့အခါမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF ကျောင်းသားတပ်မတော်ကို ကျောင်းသားတွေက ကိုယ်တိုင် အစည်းအဝေး ထိုင်ပြီးတော့မှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။

ဒီတော့ ကျနော်ပြောချင်တာက ABSDF ရဲ့ ဖွဲ့စည်းမှုဟာ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအရ ပေါ်ပေါက်လာတာ ဖြစ်တယ်။ မြန်မာ့နိုင်ငံရေး လိုအပ်ချက်အရ ပေါ်ပေါက်လာတာ ဖြစ်တယ်။ နောက်တခုက တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်ကိုက ၀ိုင်းရံ ပံ့ပိုးမှုနဲ့ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒါဟာ ဒီမိုကရေစီနဲ့ အမျိုးသားရေးအတွက် ပေါင်းစည်းမှုလည်း ဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။

မေး။ ABSDF ရဲ့ သက်တမ်း နှစ် ၂၀ အကြာ လက်ရှိ ရပ်တည်နေပုံကို သိချင်ပါတယ်။

ဖြေ။ ကျနော်တို့ ပထမဆုံး ပြောချင်တာက ဒီ နှစ် ၂၀ ကာလအတွင်းမှာ ကျနော်တို့တွေအနေနဲ့က ABSDF ရဲ့ ရပ်တည်မှုကို ပြောရရင် တော်တော်ကို ပြောင်းလဲသွားပါပြီ။ ၁၉၈၈ မှာ ကျနော်တို့တွေဟာ တိုင်းရင်းသား လွတ်မြောက်နယ်မြေတွေကို ရောက်ရှိလာတယ်။ အဲဒီအချိန်တုန်းက တိုင်းရင်းသား လွတ်မြောက်နယ်မြေတွေမှာ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုဟာ အင်မတန်မှ အားကောင်းပါတယ်။ ဒါပေမဲ့လည်း ဒီကြားထဲ နှစ် ၂၀ အတွင်းမှာပဲ ကျနော်တို့ရဲ့ လက်တွဲဖော် မဟာမိတ်အဖွဲ့အစည်းတွေဟာ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေဟာ အပစ်အခတ်ရပ်စဲရေး ယူသွားပြီးတဲ့နောက်မှာ ကျနော်တို့ရဲ့ လှုပ်ရှားနယ်မြေတွေဟာလည်း နည်းလာတာ အမှန်ပါပဲ။

အခုအချိန်မှာ လှုပ်ရှားနယ်မြေတွေ ဘယ်လောက်ပဲ နည်းနေနေ၊ ကျနော်တို့အနေနဲ့က စစ်အာဏာရှင်စနစ်ကို ကျော်လွှားမယ်ဆိုရင် လက်နက်ကိုင်တိုက်ပွဲကို စွဲကိုင်ထားဖို့လိုတယ်။ အဲဒီအတွက်လည်း ကျနော်တို့ ဆက်လက်ပြီးတော့ အတတ်နိုင်ဆုံး ပြင်ဆင်မှုရှိရှိနဲ့ ကြိုးစားဆောင်ရွက်သွားဖို့လိုတယ်။ ဒါ အခြေခံ အချက်တခုပါပဲ။ ဆိုလိုချင်တဲ့ အဓိပ္ပာယ်က တိုင်ရင်းသားနယ်မြေတွေမှာ လှုပ်ရှားရတဲ့ လှုပ်ရှားမှုနယ်မြေတွေ နည်းပေမယ့် ကျနော်တို့ရဲ့ လက်နက်ကိုင်တိုက်ပွဲကို လျှော့ချပစ်ဖို့ မဖြစ်ပါဘူး။ ဒါ ပထမ တချက်ပါ။

ဒုတိယ တချက်ကတော့ ကျနော်တို့ လိုအပ်နေတဲ့ ရန်ပုံငွေ ကိစ္စပါ။ မကဒတ (ABSDF) အနေနဲ့ ရန်ပုံငွေကတော့ တိုက်ရိုက်ထောက်ပံ့တဲ့ မည်သည့် နိုင်ငံခြားအကူအညီမှ မရှိပါဘူး။ ကျနော်တို့ ဒီနေ့ ရပ်တည်နေရတာဟာ နိုင်ငံတကာမှာ ရောက်နေတဲ့ မကဒတ တပ်ဖွဲ့ဝင်ဟောင်းတွေ၊ နိုင်ငံတကာမှာ ရောက်နေတဲ့ မျိုးချစ်အင်အားစုတွေ၊ တခြားသော နိုင်ငံရပ်ခြားက တသီးပုဂ္ဂလ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ပဲ ကျနော်တို့ ရပ်တည်နေရတော့ ရန်ပုံငွေကိစ္စဟာ အင်မတန်မှ ခက်ခဲပါတယ်။ သို့သော်လည်းပဲ ကျနော်တို့အတွက် အဓိကလုပ်ငန်းတွေဖြစ်တဲ့ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲနဲ့ ပေါင်းစပ်တိုက်ပွဲဝင်ရေးဆိုတဲ့ လုပ်ငန်းစဉ်တွေကို ဒီအထဲကပဲ ကျနော်တို့ ဦးစားပေးပြီးတော့ အကောင်အထည် ဖော်နေရတာ ဖြစ်ပါတယ်။ ဒါ ရန်ပုံငွေ ကိစ္စပါ။

တတိယအချက်ကတော့ အင်အားအရာ ကိစ္စပါ။ ကျနော်တို့ ရောက်စက ABSDF ဟာ အင်အားအရ သောင်းနဲ့ ချီပြီးတော့ ရှိပါတယ်။ သို့သော်လည်းပဲ ဒီကနေ့ကာလမှာ တော်လှန်ရေးရဲ့ ကြမ်းတမ်းတဲ့ အခြေအနေ၊ မိသားစုတွေရဲ့ အခြေအနေ၊ တဦးချင်း လိုက်ပါနိုင်မယ့် အခြေအနေ၊ အဲဒီ အခြေအနေအောက်မှာ ကျနော်တို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးကို ယုံကြည်နေသူ ဖြစ်နေပါစေ၊ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့်မို့လို့ တချို့ကတော့ တတိယနိုင်ငံကို ရောက်သွားကြပါပြီ။ တချို့ကလည်း မြန်မာပြည်ထဲကို ရောက်သွားတဲ့ လူတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း လွတ်မြောက်နယ်မြေမှာ မကဒတ အလံနဲ့ပဲ ဆက်လက်ချီတက်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အင်အားအရာအရ လျှော့သွားပေမယ့် ဒီကနေ့ နိုင်ငံရေး အခြေအနေဟာ ကျနော်တို့ကို ဆက်ပြီးတော့မှ အလုပ်လုပ်ဖို့ တောင်းဆိုနေဆဲ ဖြစ်တယ်ဆိုတာလည်း ကျနော်တို့ ယုံကြည်ပါတယ်။ ဒီ့နောက်မှာ ကျနော်မြင်တာက အင်အားအရာအရ လျှော့သွားပေမယ့် အလုပ်တွေ ရှိနေသေးတယ်။

နောက်တခုကတော့ ကျနော်တို့ ဒီလုပ်ငန်းတွေကို လုပ်မယ်ဆိုရင် အခု ပြန့်ကျဲနေတဲ့ ကျနော်တို့ မကဒတ အင်အားတွေကို ပြန်လည်ပြီးတော့ ညီညီညွတ်ညွတ်နဲ့ စုစည်းပြီးတော့ ဒီ နှစ် ၂၀ မှာ ကျနော်တို့တွေအနေနဲ့ ဆုံးဖြတ်ထားပါတယ်။ အားလုံးဟာ ဘယ်နေရာမှာပဲရောက်ရောက်၊ အလေးအနက် ယုံကြည်ထားတာက မကဒတရဲ့ လုပ်ငန်းစဉ်တွေကို ယုံကြည်နေသေးတယ်၊ မကဒတရဲ့ တိုက်ပွဲသဏ္ဌန်တွေကို လက်ခံတယ်၊ မကဒတကို ထောက်ပံ့ကူညီ လက်တွဲကြရမယ်ဆိုတာ အားလုံး နားလည်နေတယ်လို့ ကျနော်တို့က မြင်ထားပါတယ်။

မေး။ ABSDF ရဲ့ ရှေ့ဆက်ပြီးတော့ လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကို ပြောပြပေးပါလား။

ဖြေ။ ပထမဆုံးက ABSDF ဟာ တဦးကောင်း တယောက်ကောင်း၊ တဖွဲ့တစည်းတည်းနဲ့ တည်ရှိနေတဲ့ အာဏာရှင်စနစ်ကို တော်လှန်လို့ မရဘူးဆိုတဲ့ အခြေခံကို ကျနော်တို့ ကိုင်ဆွဲလျက်ပဲ ရှိပါတယ်။ အဲဒီလိုမျိုး တဦးကောင်း တယောက်ကောင်း၊ တဖွဲ့ကောင်းနဲ့ အာဏာရှင်စနစ်ကို ပျောက်သွားဖို့ မရဘူးဆိုရင် အားလုံးနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်။ ဒါပေမဲ့လည်း ကျနော်တို့တွေဟာ တစုံလုံးကို ကြည့်နိုင်ရမယ်။ တစုံလုံးရဲ့ လိုအပ်တဲ့ အလုပ်တွေကို လုပ်နိုင်ရမှာပဲ။ ဒီနေ့ လိုအပ်နေတဲ့ အလုပ်ဟာ စစ်အာဏာရှင်စနစ်ကို ကျော်လွှားဖို့ဆိုရင် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ တိုက်ပွဲပုံသဏ္ဌန်ပေါင်းစုံနဲ့ ကျနော်တို့ လှုပ်ရှားဖို့လိုတယ်။

ဒီအထဲမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် စစ်ရေးလုပ်ငန်းနဲ့ လုပ်နေတဲ့ လူတွေဟာ အင်အားအရာအရ အင်မတန်နည်းပါတယ်။ ဒီတာဝန်တွေကို ABSDF က ၀င်ရောက်ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ ဒါဟာ အားလုံးနဲ့ အကြုံးဝင်တယ်လို့ ယူဆပါတယ်။ ABSDF တခုတည်းသာလျှင် ဒီတာဝန်နဲ့ သက်ဆိုင်တယ်လို့ မတွေးမိဖို့ အားလုံးကို ဒီနေရာကနေ တိုက်တွန်းပါတယ်။ လူတကာ လက်တွဲဆောင်ရွက်ပြီးတော့ တတူတကွ ညီညီညွတ်ညွတ် လုပ်ဆောင်ကြမယ်ဆိုရင် ဒီလုပ်ငန်း သုံးခုစလုံးဟာ စစ်အာဏာရှင်စနစ်ကို ထိထိရောက်ရောက်နဲ့ လုပ်နိုင်ပြီးတော့၊ ကျနော်တို့ အမြန်ဆုံး ဒီမိုကရေစီ ရရှိလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ABSDF ရဲ့ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်မှာ အဓိကအားဖြင့်တော့ ပြည်သူလူထုဘက်က ကာကွယ်မယ်၊ စစ်အုပ်ချုပ်ရေးကို အနှောင့်အယှက်ဖြစ်စေမယ့် စစ်အုပ်ချုပ်ရေးကို ဖျက်ဆီးနိုင်တဲ့ နိုင်ငံရေး၊ စစ်ရေး၊ ပြည်တွင်းလုပ်ငန်းတွေကို လုပ်ပါမယ်။ တပြိုင်နက်ထဲမှာပဲ ကျနော်တို့ မကဒတ ကျောင်းသား တပ်မတော်ကို ကျစ်လစ်အောင် တည်ဆောက်သွားမယ်ဆိုတဲ့ အလုပ်ကိုပဲ ချမှတ်ထားပါတယ်။

မေး။ ABSDF ဥက္ကဌ တယောက်အနေနဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့ လက်နက်မကိုင် အကြမ်းမဖက်ဘဲ တွေ့ဆုံဆွေးနွေးရေးကို ဘယ်လိုရှုမြင်ထားပါသလဲ။

ဖြေ။ လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းမဖက်ရေးဆိုတဲ့ ဝေါဟာရကို ကျနော် ရှင်းလင်းလိုပါတယ်။ ဆိုလိုတာက ကျနော်တို့ မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုကို လုပ်နေတာဟာ စစ်အာဏာရှင်ပဲ ဖြစ်ပါတယ်။ ကျနော်တို့တွေ မဟုတ်ဘူးဆိုတာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးရော နိုင်ငံတကာ အားလုံးရော သိပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးလုပ်ငန်း လက်နက်စွဲကိုင်ပြီးတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တာဟာ အကြမ်းဖက်မှု မဟုတ်ပါဘူး။ ကျနော်တို့တွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို ကျော်လွှားဖို့ဆိုရင် လက်နက်ကိုင် တော်လှန်ရေးတွေ ရှိတယ်။ လူထုတိုက်ပွဲတွေ ရှိတယ်။ နောက်တခုက ဖိနှိပ်မှုတွေ ကြီးလေလေ၊ မကြေနပ်မှုတွေ ကြီးလေလေ၊ မတရားမှုတွေ ကြီးလေလေ၊ ဒီအပေါ်မှာ မူတည်ပြီး လူထုတွေရဲ့ တုံ့ပြန်မှုတွေက ပေါ်ပေါက်လာတာဟာ တော်လှန်ရေးပဲ ဖြစ်ပါတယ်။ အကြမ်းဖက်မှု မဟုတ်ပါဘူး။

ဒုတိယတခုအနေနဲ့ ကျနော် ပြောချင်တာက တွေ့ဆုံဆွေးနွေးရေးဆိုတာ အကောင်းဆုံးအဖြေ ဖြစ်ပါတယ်။ ကျနော်တို့ အလိုချင်ဆုံး ဆန္ဒဖြစ်ပါတယ်။ ဘယ်လိုမှ စစ်အာဏာရှင်စနစ်က တွေ့ဆုံဆွေးနွေးရေးကို မလုပ်တော့တဲ့ အခြေအနေ၊ တိုင်းပြည်ထဲမှာ ဥပဒေမဲ့ အုပ်ချုပ်နေတဲ့အချိန်၊ လွတ်လပ်မှုတွေ ကင်းမဲ့နေတဲ့ ဖိနှိပ်မှုတွေ ကြီးမားနေတဲ့အချိန်ဟာ ဒီလို မတည်ငြိမ်မှုတွေကို ဖန်တီးတာဟာ နအဖ စစ်အုပ်စုပဲလို့ ဒီနေရာကနေ အခိုင်အမာ ပြောလိုပါတယ်။ နအဖ သာလျှင် ဖန်တီးနေတဲ့ နိုင်ငံရေး အခြေအနေဖြစ်ပါတယ်။ အထူးသဖြင့် တွေ့ဆုံဆွေးနွေးရေးကို လိုချင်သလား၊ ကျနော်တို့ ဖိအားတွေ ရှိရမယ်၊ တိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ လိုပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီအဖွဲ့အစည်းနဲ့ ပါလီမန်ကို မြင်ချင်သလား၊ ဒီမိုကရေစီအစိုးရကို ဖွဲ့စည်းချင်သလား၊ ဘာပဲဖြစ်ဖြစ် ကျနော်တို့တွေအနေနဲ့က တိုက်ပွဲတွေ၊ ဖိအားတွေဟာ ဆက်လက် ဖော်ဆောင်ဖို့ လိုအပ်နေတယ်လို့ ကျနော် မြင်ပါတယ်။ ဒါကို အတူတကွ လက်တွဲဆောင်ရွက်ကြပါစို့ ကျနော်အနေနဲ့ ဒီနေရာက ပြောလိုပါတယ်။

မေး။ လက်ရှိ မြန်မာ့နိုင်ငံရေးကိုရော ဘယ်လို သုံးသပ်မိပါသလဲဗျ။

ဖြေ။ လက်ရှိ ဖြစ်တည်နေတဲ့ မြန်မာ့နိုင်ငံရေးဟာ ကျနော့်အမြင်မှာတော့ ကောင်းလာမယ့် အခြေအနေထက်၊ အဆိုးဘက်ကို ဦးတည်သွားနိုင်တဲ့ အခြေအနေကို တွေ့နေရပါတယ်။ အဓိကကတော့ ဘယ်လိုပဲ ကျနော်တို့တွေအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ကြွေးကြော် တောင်းဆိုနေပေမယ့် နအဖ လုပ်နေတဲ့ ပုံစံက လမ်းပြမြေပုံ ၇ ချက်ကိုပဲ အတည်ဆုပ်ကိုင်ထားမယ်။ လာမယ့် အချိန်မှာ နိုင်ငံရေးပါတီကိုလည်း ဖြုတ်ပစ်နိုင်တယ်၊ မတရားအသင်း ကြေညာပစ်နိုင်တယ်၊ အကြမ်းဖက် အသင်းအဖြစ်နဲ့လည်း စွပ်စွဲနိုင်တယ်။ အခုအချိန်မှာလည်း နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်။ ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်။ နိုင်ငံရေး လုပ်မရအောင် ဖြစ်နေတဲ့ အခြေခံအောက်မှာ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ အကောင်းဘက်ကနေ အဆိုးဘက်ကို ဦးတည်သွားနိုင်တယ်။

ဒါဟာ ဘာလဲဆိုရင် ကျနော်တို့မှာ တခြား ရွေးချယ်စရာ လမ်းမရှိတော့ဘူး။ နိုင်ငံရေးပါတီမှာလည်း ရွေးချယ်စရာ လမ်းမရှိတဲ့အချိန်လည်း ဆိုက်ရောက်နိုင်ပါတယ်။ ပြည်သူလူထုဘက်ကလည်း မကျေနပ်မှုတွေ ကြီးထွားလာတဲ့အတွက် တုံ့ပြန်မှုတွေဟာ ဒီ့ထက်ပိုပြီးတော့ ဆိုးရွားလာနိုင်ပါတယ်။ ဒီအခြေခံအောက်မှာ ရွေးချယ်စရာလမ်း ပိတ်တဲ့အချိန်မှာ ထိပ်တိုက်တွေ့ရေးကိုပဲ အားလုံးက ဦးတည်နေပြီလို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ဒီ့အတွက် နအဖ အနေနဲ့ အချိန်မီ ပြန်လည်ပြင်ဆင်ဖို့ ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။

မေး။ ကိုသံခဲအနေနဲ့ ၈၈ အရေးတော်ပုံမှာ ဘယ်လို ပါဝင်ခဲ့လဲ၊ နောက် ABSDF မှာ ပါဝင်ခဲ့တဲ့ အကြောင်းလေးကို ပြောပြပေးပါလား။

ဖြေ။ ကျနော် ၁၉၈၈ မှာ မန္တလေး ဆေးတက္ကသိုလ်ရဲ့ နောက်ဆုံး အပိုင်း (က) မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတဦး ဖြစ်ပါတယ်။ ၁၉၈၈ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ၊ ကျနော့်ဒေသ ကျနော့်နယ်မှာ ကျောင်းသားခေါင်းဆောင်တဦး အနေနဲ့သာ ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော်လည်းပဲ ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် တတိုင်းပြည်လုံးမှာရှိတဲ့ ကျောင်းသားခေါင်ဆောင်တွေ၊ ကျောင်းသားလှုပ်ရှားမှုတွေ အကန့်သတ်ခံရတယ်။ လူထုလှုပ်ရှားမှုတွေ အကန့်သတ်ခံရတယ်။ တဖက်မှာလည်း နိုင်ငံရေးပါတီတွေ ဖွဲ့ခွင့်ပေးတယ်။ တဖက်မှာလည်း တက်ကြွနေတဲ့ နိုင်ငံရေးအင်အားစုတွေကို အာဏာပိုင်တွေက ဖမ်းဆီးတယ်၊ နှစ်ရှည်လများ ထောင်ချပါတယ်။ ဒီတော့ ဒီအခြေခံအောက်မှာ ကျနော်တို့ စဉ်းစားမိတဲ့ ပုံစံက ကျနော်တို့ဟာ ဒီအတိုင်း တည်ရှိနေတဲ့ နအဖ အောက်က ရှိစုမဲ့စု အခွင့်အရေးတွေကို ကုတ်ကပ်ပြီးတော့ လှုပ်ရှားမလား၊ နောက်တခုက မြေအောက် ကျောင်းသားသမဂ္ဂအလံနဲ့ ရှေ့ဆက်သွားမလား၊ ဒါမှမဟုတ်ရင်လည်း လက်နက်ဆွဲကိုင် တိုက်ပွဲဝင်မလား။ ဆိုတဲ့ နောက်ဆုံး ရွေးတန်း သုံးခုထဲက ကျနော်အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်သင့်ပြီဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီ အုပ်စုထဲမှာ ပါဝင်ခဲ့ခြင်း ဖြစ်ပါတယ်။

မေး။ ကိုသံခဲအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲ။

ဖြေ။ ကျနော်တို့ရဲ့ ဘ၀ မျိုးဆက်ဟာ ဒီ နှစ် ၂၀ လုံးလုံးပေါ့ဗျာ။ ကျနော်တို့ဟာ စစ်အာဏာရှင်စနစ်ကို ဒူး မထောက်တမ်း တိုက်ပွဲဝင်ခဲ့တာဟာ ကျနော်တို့အတွက် အင်မတန် ဂုဏ်ယူစရာတခု ဖြစ်ပါတယ်။ သို့သော်လည်းပဲ လက်ရှိ စစ်အာဏာရှင်စနစ်ဆိုးအောက်က ကျနော်တို့တွေ အမှန်တကယ် ရုန်းကန်ဖောက်ထွက်ဖို့အတွက် ကြိုးစားနေရဆဲပဲ ဖြစ်တယ်။ နောက်တခု ပြောချင်တာက စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ ကျနော်တို့ မျှော်မှန်းနေတဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လွတ်လပ်ခွင့်ဆိုတာ ဘာမှ မရှိနိုင်ဘူး။

ဒီအတွက် ကျနော်တို့တွေဟာ မြန်မာနိုင်ငံမှာ သမိုင်းအရ မကဒတ ABSDF ဆိုတဲ့ ကျောင်းသား တပ်မတော်ဟာ အမှန်တကယ် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ နှစ် ၂၀ သက်တမ်းပြည့်ပေမယ့် ဒီတာဝန်ကို ဆက်လက် ထမ်းဆောင်ဖို့ နောက်မဆုတ်တမ်း ဆက်လက် တိုက်ပွဲဝင်သွားမယ်ဆိုတာ ဒီနေရာကနေ ပြောကြားလိုပါတယ်။
(ဒီရေဘလော့မှာ တင်ထားတဲ့ မစ္ဖျိမသတင်းဌါနက ကိုသန်းထိုက်ဦးအင်တာဗျူးပါ)

Htoo Myat said...

ကျနော် ထင်တာကတော့ တချို့တွေဟာ သူတို့ စွန့်ခွာ ထွက်ပြေးလာ ခဲ့ကြတာကို အပြစ်မရှိသလို မြင်လာကြအောင် ကိုယ့်ကိုယ်ကိုယ် လိမ်တဲ့ အနေနဲ့၊ ဒါမှမဟုတ် ကာကွယ် ပြောဆိုတဲ့ အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးကို ရှုတ်ချနေကြတာ လို့ပဲ မြင်မိပါတယ်။

သစ်နက်ဆူး said...

လက်နက်ကိုင်တိုက်ပွဲဝင်တာ ခေတ်မစားတော့ဘူးလို့ 
ပြောမယ်ကြံရင်တစ်ခုတော့ စဉ်းစား...
ကမ္ဘာ့နိုင်ငံကြီးတွေ လက်နက်အသစ်တွေ ဘာလို့ ထပ်ပြီး
တီထွင်နေလဲ...ဘာလို့ ထပ်ဖြန့် နေလဲ...။
ကျောင်းသားတပ်မတော်ဆိုတာ...
ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့ ဂုဏ်ပါ...။
ပါးစပ်နဲ့ တိုက်ချင်ရင်တိုက်ပါ...
ပါးစပ်မသရမ်းနဲ့ ..။
သစ်သီးအတို့ အမြှုပ်နဲ့ အငတ်ခံတိုက်နေတဲ့ ၊အသက်စွန့် နေသူတွေကို ပြောမယ်ကြံရင်....
ငါးပိသုတ်ထားတဲ့ ပေါင်မုန့် နဲ့ ပါးစပ်ကို ဆို့ ထားတာ ပိုကောင်းမယ်..။
ကျနော့်စကားရိုင်းချင်ရိုင်းနေမယ်...။
ဒါပေမယ့် မစော်ကားတတ်ဘူး...။

(တေးမွန်) said...

အမခင်မင်းဇော်..
ကျွန်တော်ကတော့ ကျောင်းသားတပ်မတော်ထဲ ပါခဲ့တဲ့သူတွေကို လေးစားတယ်။ အခု လက်ရှိ ကျန်ခဲ့တဲ့သူတွေကို ပိုလေးစားတယ်။ တွေးကြည့်ရုံနဲ့ တင် သူတို့ ရဲ့  စွန်လွတ်မှုတွေဟာ ပြောမပြနိုင်အောင်ပဲ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - (မကဒတ - ABSDF)

ဆိုတဲ့ ကျောင်းသားတပ်မတော် ဆိုတာကို လည်း ချစ်တယ်။

တေးမွန်

s0wha1 said...

အန်တီရေ... သမီးက လက်နက်ကိုင် တော်လှန်ရေးကို ထောက်ခံသူပါ။

ဒီပို့စ် စတင်ထဲက ဒီကွန်မန့်ရေးဖို့ အလုပ်မှာ ဖြစ်နေလို့ ရေးမရတာနဲ့ ပြန်ရောက်တော့လည်း အိပ်ပျော်သွားတာနဲ့ ခုမှ မအိပ်သေးဘဲ လာရေးရတယ်။

ခွန်မြလှိုင် said...

လက်နက်ကိုင် တော်လှန်ရေး ဆိုတာ
စစ်ရေး ကျွမ်းကျင်သူ၊ နိုင်ငံရေး ကျွမ်းကျင်သူလို့လဲ ကိုယ့်ကိုယ်ကို မခံယူ ထားပါဘူးနော်။ ဒါပေမယ့် သမိုင်းကို သင်တာ မအ, အောင်လို့ ဆိုတဲ့ ဒေါက်တာ သန်းထွန်းရဲ့ စကားလေး အတိုင်း ကျွန်မက သမိုင်းကိုတော့ ၀ါသနာ ပါတယ်ရှင့်။ အလွတ် ကျက်ဖို့ ၀ါသနာ ပါတာ မဟုတ်ပါဘူး။ အနောက်တိုင်း ပညာရေး စနစ်တွေ မသင်ခဲ့ ရပေမယ့် ခေတ်မီတဲ့ အဘိုးကြောင့် သမိုင်းကို အိပ်ရာဝင် ပုံပြင်လို သဘောထား နားထောင် ဖတ်ရှု လေ့လာ ခဲ့တဲ့ ကျွန်မပါ။
ကမ္ဘာ့သမိုင်းမှာရော၊ မြန်မာ့ သမိုင်းမှာပါ လွတ်လပ်ရေး လှုပ်ရှားမှု ဖြစ်စေ၊ လူမျိုးရေး လှုပ်ရှားမှု ဖြစ်စေ လုပ်တဲ့အခါ တော်လှန်ရေး ဆိုတာ ပေါ်ပေါက် လာပါတယ်။ ဖက်ဆစ် တော်လှန်ရေး၊ နယ်ချဲ့ တော်လှန်ရေး များဟာ လွတ်လပ်ရေး လှုပ်ရှားမှု ဖြစ်ပြီး ရုရှ တော်လှန်ရေး ကတော့ လူတန်းစားနဲ့ အာဏာရှင် တော်လှန်ရေး ဖြစ်ပါတယ်။ ဒီမှာ ကျွန်မ သွား တွေ့ တာကတော့ တော်လှန်ရေး ဆိုတာ တရားလွန် ဖိနှိပ်မှု၊ မတရားမှု တွေကြောင့်သာ လူထု အုံကြွမှု ကနေ စတင် ဖြစ်တယ် ဆိုတာပါပဲ။ ဘယ်သူက မှတော့ အလကား နေရင်း ရန်လိုပြီး လူထု အုံကြွမှု ဖြစ်ရ လောက်အောင် လိုက် လှုံ့ဆော် မနေသလို လူထုကလဲ သူများက လာ လှုံ့ဆော်တိုင်း အားအားယားယား လိုက် တော်လှန် မနေဘူးရှင့်။
ဒါပေမယ့် တော်လှန်ရေးတိုင်းမှာ ခေါင်းဆောင် ရှိပါတယ်။ အဲဒီ ခေါင်းဆောင် ဆိုသူက ငါက ဒါတွေဒါတွေ သာလို့ ငါ့ကို ခေါင်းဆောင်တင်လို့ ပြောလို့ ၀ိုင်းတင်တာ မဟုတ်သလို သူ့ခါးပိုက်ဆောင် အဖွဲ့က ၀ိုင်းဝါဒဖြန့် ပေးလို့ ခေါင်းဆောင် တင်တာ ခံရလဲ ခဏသာ ခေါင်းဆောင်ဖြစ်ပြီး လူထု ခေါင်းဆောင် အစစ်တော့ ဘယ်တော့မှ ဖြစ်မလာ နိုင်တာပါပဲ။ တော်လှန်ရေးတွေမှာ လက်နက်ကိုင်ရခြင်း အကြောင်းကို ကျွန်မ သွားတွေ့ တာကတော့ ဖိနှိပ်သူ ကိုယ်တိုင်က အကြမ်း ဖက် လာတဲ့အခါ လက်နက်ကိုင် တော်လှန်ရေး လုပ်မှ ပြောဆို ညှိနှိုင်းလို့ ရလောက်မယ်လို့ တော်လှန်ရေး သမားတွေ က ယူဆလောက်တဲ့ အထိ ဆိုးရွားလာတဲ့ နှိပ်ကွပ်မှုတွေကြောင့် ဆိုတာ သွားတွေ့ပါတော့တယ်။
နီးနီးနားနား မြန်မာ့ သမိုင်းကြောင်းကို ကြည့်တဲ့အခါ ပဒေသရာဇ် ခေတ်အခါက မင်းဆိုးမင်းညစ်ကို ဖယ်ရှားတဲ့အခါ မင်း လောင်းက လက်နက်ကိုင် တော်လှန် ပုန်ကန်ပြီးမှ နိုင်မှ မင်းအဖြစ် ဘိသိက် ခံရပါတယ်။ မင်းဆိုးမင်းညစ်က တော်လှန် သူကို သူပုန်လို့ သတ်မှတ် တာကိုးးး တော်လှန်ရေးသမား လို့ မသတ်မှတ် ဘူးလေ။ ကိုလိုနီခေတ် မှာလဲ တူတူ ပါပဲ။ လယ်သမား အရေးတော်ပုံကြီး အကြမ်းဖက် ဖြိုခွဲ ခံရတဲ့ အခါ ဆရာစံတို့ လက်နက် စွဲကိုင် သူပုန်ထ ခဲ့ကြတယ်။ မ အောင်မြင်တော့ သူပုန်၊ အောင်မြင်တော့ အမျိုးသား ခေါင်းဆောင်ပေါ့လေ။ ဒီအချိန်မှာ နေမ၀င် အင်ပါယာကို ပိုင်စိုးတဲ့ သေနတ်ပိုင်ရှင် အင်္ဂလိပ်ကို ဓား၊ လှံ လောက်နဲ့ ပြန်တော်လှန်တော့ တော်လှန်ရေး မအောင်မြင် ဘူးပေါ့။ အင်္ဂလိပ် အနေနဲ့ ကလဲ မမှုလောက်တဲ့ လက်နက်ကိုင် တော်လှန်ရေး ဖြစ်နေတော့ မဖြုံဘူးပေါ့။ ဒီတော့ ဖေ၊ ပု၊ ရှိန်တို့ အင်္ဂလန် သွားပြီး အရေးဆိုတာ မအောင်မြင်ပါဘူး။ မလောက်လေး မလောက်စားလို့ ဆက်ဆံ ခံရပါတယ်။
ဒါနဲ့ တက္ကသိုလ်ကျောင်းသား ဘောလ်ပင်ကိုင်တဲ့လက်တွေ ဂျပန်ကိုစွန့်စားထွက်၊ မြန်မာ့သမိုင်းရဲ့ ပထမဆုံး ကျောင်း သား တပ်မတော် ဖြစ်တဲ့ ရဲဘော်သုံးကျိပ်ကို ဖွဲ့၊ ဘီအိုင်အေ စစ်တပ်ကြီး အဖြစ်နဲ့ အင်္ဂလိပ်ကို တော်လှန်တော့ ဒုတိယ ကမ္ဘာစစ်မှာ အင်္ဂ လိပ် ဟာ မြန်မာ စစ်မျက်နှာကနေ ပထမဆုံး စတင် ဆုတ်ခွာ ရပါတော့တယ်။ အဲဒါ မြန်မာ ပါ။ ဒါပေ မယ့် ကတိ မတည် တဲ့ ဖက်ဆစ်က လက်နက် အားကိုး၊ စစ်တပ် အားကိုးနဲ့ လူမဆန်စွာ အနိုင်ကျင့် လာပြန်တော့ ဖက်ဆစ်ကို ပြန်တိုက် ရပါတယ်။ ဖက်ဆစ်ကို တိုက်ခဲ့ အခါမှာ ဖေ၊ ပု၊ ရှိန် တို့လိုတွေ့ဆုံ ညှိုနှိုင်း အရေးဆိုမှုကို မပြု တော့ ပါဘူး။ တခါ ကတိ ဖျက်ပြီးသားလူ နောက်ထပ် ဖျက်ဖို့ ၀န်မလေးပါဘူး။ လူယဉ်ကျေး၊ သမာသမတ် ကျသူ တွေလို သဘောထားပြီး တရားမျှတမှု ရှိစွာ ပြောဆို ညှိနှိုင်း ဆွေးနွေးလို့ မရလောက်တဲ့ လူစားကို တခါတည်း လက်နက်ကိုင် တိုက်ရပါတယ်။
ဖက်ဆစ်ကို တိုက်ရာမှာလဲ လိုအပ်တဲ့ စစ်လက်နက် အင်အားကို ကိုယ်တိုက်ထုတ် ထားတဲ့ အင်္ဂလိပ် ဆီက ပြန်အကူ အညီ ယူရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစွမ်းအစကို ခန့်မှန်း ကြည့်ပါနော်။ သာမန်လူဆိုရင် အားနာ၊ မျက်နှာပူ နေမ လား မသိ။ ဗိုလ်ချုပ်ကတော့ ကိုယ်ပိုင် ခံစားချက်ထက် တိုင်းပြည်လွတ်လပ်ရေး ရဖို့ ဆိုတဲ့ အများအကျိုး ဦးစားပေး ခံယူချက်ကို ရှေ့တန်းတင်တာများ သူ့အသက်ကိုတောင် မမှု ပါဘူး။
အင်္ဂလိပ်ကိုရော၊ ဂျပန်ကိုပါ လက်ရည်ပြ တိုက်ထုတ် နိုင်တဲ့ တပ်မတော်ရဲ့ အရှိန်အ၀ါ ပံ့ပိုးမှု ကြောင့်သာ နောက်ထပ် လက်နက်ကိုင် တိုက်စရာ မလိုတော့ဘဲ အောင်ဆန်း- အက်တလီစာချုပ်၊ နု-အက်တလီ စာချုပ် စတဲ့ ဆွေးနွေး ညှိုနှိုင်းမှု တွေနဲ့ အတူ လွတ်လပ်ရေး ရလာတာပါ။ အဖွဲ့အစည်းရဲ့ နောက်မှာ လက်နက်ကိုင် အင်အား မရှိဘဲနဲ့များ ဖိနှိပ် အုပ်ချုပ်သူ နယ်ချဲ့နဲ့ ဖက်ဆစ်ကို သွားအရေးဆို လို့ကတော့ ဟိုက ပြန်အရေး မလုပ်ပေါင်ပါရှင်။
ဒီတော့ ကျွန်မ မြင်တာက လက်နက်ကိုင် တော်လှန်ရေးကို အကြမ်းဖက် လုပ်ရပ်လို့ မမြင်ပါဘူး။ ခေတ်အဆက်ဆက် ကမ္ဘာ အရပ်ရပ်မှာ လက်နက်ကိုင် တော်လှန်ရေး ပေါ်ထွန်းရတာ ခေတ်စားလို့ မစားလို့ ဆိုတဲ့စကားက ပျံကျ ဆန်လွန်း ပါတယ်။ ကိုယ့်အသက်နဲ့ ရင်းပြီး တော်လှန်ရတဲ့ ပွဲမှာ လက်နက်ကိုင် တော်လှန်ရတဲ့ အခြေအနေက အဆိုးရွားဆုံး အကြပ် အတည်းကြောင့်သာ ဖြစ်လေ့ ရှိပါတယ်။ တခုတော့ ရှိတာပေါ့လေ။ တောမီးလောင်လို့ တောကြောင် လက်ခ မောင်း ထခတ်ပြီး ဓားပြက သူပုန် ယောင်ဆောင်တာ မျိုးကိုတော့ လက်နက်ကိုင် တော်လှန်ရေးလို့ လာခေါင်းစဉ် မတပ်နဲ့ပေါ့။ သည်းညည်း မခံနိုင် လောက်အောင် မတရား ဖိနှိပ် ချုပ်ချယ် ဗိုလ်ကျ၊ ပြီးတော့ သာမန် အခြေအနေနဲ့ စကားပြောဆို ညှိနှိုင်း ယူလို့ မရလောက်အောင် အကြမ်းဖက် နှိပ်ကွပ် လာပြီ ဆိုရင်တော့ လက်နက်ကိုင် တော်လှန်ရေး နဲ့မှသာ (သို့မဟုတ်) လက်နက်ကိုင် တော်လှန်ရေးက အားကူ ပံ့ပိုး ပေးထားမှသာ အခြေအနေဆိုး တစ်ရပ်အောက်က လွတ်မြောက်အောင် တော်လှန် နိုင်မှာ ဖြစ်တယ် ဆိုတာ သတိထားရ ပါမယ်။
ဒီနေရာမှာ မတူတဲ့ အခြေအနေကို သွားအတုခိုးလို့လဲ မရနိုင်ပါဘူး။ အိန္ဒိယမှာ ဂန္ဒီရဲ့ အကြမ်းမဖက် မူဝါဒနဲ့ ကျင့်သုံး လွတ်လပ်ရေး ရတာဟာ အင်္ဂလိပ်နယ်ချဲ့ အုပ်ချုပ်ပုံ ကြောင့်ပါ။ အဲဒီနည်းကို ဗိုလ်ချုပ်အောင်ဆန်းဟာ ဖက်ဆစ် ဂျပန် ဆီက လွတ်လပ်ရေး ပြန်ယူတဲ့ နေရာမှာ မသုံးပါဘူး။ သုံးမရမှန်း သိလို့ပါ။ လူလို စကားထိုင်ပြော ဆွေးနွေးဖို့ အသာ ထားလို့ တွေ့ရာနေရာမှာ ပါးရိုက်၊ လုယက်၊ ဗိုလ်ကျ နေသူကို ဒီနည်းများ သွားသုံး လို့ကတော့ ခွေးရူးကို မုန့်ကျွေးပြီး လက်ပေးသင် သလိုပဲ ဖြစ်နေ ပါလိမ့်မယ်။
တော်လှန်ရေး တရပ်မှာ အနုနည်း၊ အကြမ်းနည်း၊ ရှိမှန်းတောင် မသိရတဲ့ တံလျှပ်နည်း စသဖြင့် ရှိနိုင်သမျှ နည်းမျိုးစုံ သုံးနိုင်ပေမယ့် လူတိုင်း အခြေအနေပေါ် မူတည်လို့ ကိုယ်အားသန်ရာ နည်းလမ်းကို သုံးနိုင်ပါတယ်။ ခေတ်စားတဲ့ နည်းလမ်းကို လိုက်တယ် ဆိုတာကတော့ တော်လှန်ရေးသမား မစစ်လို့ လို့ဘဲ ပြောပါရစေ။ တော်လှန်ရေး တစ်ရပ်မှာ ခေတ်အကြိုက် ရေပန်းစား တဲ့ နည်းကို လိုက်တယ် ဆိုတည်းက ခံယူချက် မစစ်မှန်ဘဲ တော်လှန်ရေးကို ခုတုံး လုပ်ပြီး ကိုယ်နာမည်နဲ့ နေရာ ရဖို့ ဦးစားပေးသူ တွေရဲ့ လုပ်ရပ် ဖြစ်နေ လို့ပါ။ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးကို လိပ်ပြာ သန့်သန့် လုပ်နေ သူများ ကတော့ ကိုယ့်ရဲ့ ကျွမ်းကျင် အားသန်ရာ နည်းနဲ့ပဲ လုပ်မှာ ဖြစ်လို့ ခေတ်စားတာ၊ ရေပန်းစားတာ တွေကို အရေးလုပ် နေမှာ မဟုတ်တဲ့အကြောင်းပဲ ပြောချင် ပါတယ်။ နောက်တခုက ဗိုလ်ချုပ် အောင်ဆန်းဟာ အစွန့်စား ရဆုံး လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရွေးခဲ့တာ ဦးနှောက် မရှိလို့ အလကား နေရင်း အသက်ကို ရင်းပြီး စတန့်ထွင်တာ မဟုတ်ပါဘူး။ ခေတ် အခြေအနေ အရ လိုအပ်လို့ တခြားလူ ထအလုပ်ကို မစောင့်နေဘဲ ကိုယ်တိုင် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစား လုပ်ဆောင် သွားတာပါ။ ဒါကြောင့် ကိုယ် မလုပ်ရဲတိုင်း၊ မလုပ်နိုင်တိုင်း အာဇာနည် တွေကို ကိုယ့်အတ္တ နဲ့ နှိုင်းပြီး လျှာစည်းကမ်း မရှိတိုင်း လက်လွတ်စပယ် ရိုင်းရိုင်း ပြောဆို သုံးသပ်ဖို့ မသင့်ပါဘူးရှင်။
ဘာကြောင့်လဲ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေး ကြိုးပမ်းမှု လုပ်တာဟာ ခေတ်စားလို့လဲ မဟုတ် (ခေတ်မ စားခင် အသက်ကို သေမင်းက အချိန်မရွေး စားသွားနိုင်ပါတယ်)။ အားနေလို့ လုပ်တာလဲ မဟုတ်။ ဗိုလ်ချုပ်အောင်ဆန်း အဖြစ် လူအထင်ကြီး ခံချင်လို့လုပ်တာလဲ မဟုတ် (ဗိုလ်ချုပ် မဖြစ်ခင် ကျောင်းသား သမဂ္ဂ ဥက္ကဌ ဖြစ်စဉ် ကတည်းက ထောင်စော်နံ နေတာပါ)။ တကယ့် အာဇာနည်များ တော်လှန်ရေး လုပ်တာဟာ အများနဲ့ နောင်လာ နောင်သား ကောင်းကျိုး အတွက် ကိုယ်ကျိုး လုံးဝ မဖက်ဘဲ လုပ်တာသာ ဖြစ်ပါကြောင်း သမိုင်းကို သက်သေတည်ပြီး ပြောလိုက် ပါရစေ။
ဒါ့အပြင် ရေရှည် တိုက်ရတဲ့ တော်လှန်ရေးတစ်ရပ်မှာ သက်လုံ ကောင်းဖို့၊ ရပ်တည်ချက် ခိုင်မာဖို့၊ တော်လှန်ရေး အပေါ်နဲ့ ရဲဘော်ရဲဘက် အပေါ်မှာ သစ္စာ ရှိဖို့ အလွန် အရေးကြီး ပါသေးတယ်။ တော်လှန်ရေး အောင်မြင်မှု၊ မအောင် မြင်မှု ဆိုတာကတော့ တော်လှန်ရေး လုပ်နေတဲ့ လူတွေထဲမှာ အလွန်အရေးကြီးတဲ့ အရည်အချင်းတွေ ခိုင်ခိုင်မာမာ ပြည့်ဝ နေတဲ့သူ အရေအတွက်နဲ့ အရည်အချင်း မပြည့်ဝဘဲ တော်လှန်ရေးရဲ့ အရိပ်မှာနေ အခက်ကိုချိုး လုပ်နေသူ အရေအတွက် ဘယ်လောက် များလဲ၊ လုပ်ဆောင်ချက်တွေ ထိရောက် အောင်မြင်အောင် လုပ်ဆောင်နိုင်မှု ဘယ် လောက် ရာခိုင်နှုံး ရှိလဲ ဆိုတာများအပေါ် မူတည်ကြောင်းပါ ရှင်။

အမခင်မင်းဇော်ရေ… ကောမန့် ပွတ်တာ လက်လွန် သွားတာ ဆောရီးပါနော့…

Htoo Myat said...

What was she trying to say??? :S

ယောနသံစင်ရော် said...

တော်လှန်သည့် သူရဲကောင်းဝါဒ အဓွန့်ရှည်ပါစေ။

မဆုမွန် said...

လက်နတ်အားကိုးပြီး ရမ်းကားနေတဲ့ လူတွေကို မေတ္တာသုတ် ရွတ်ပြနေလို့ မရဘူး ဒုတ် ဒုတ်ချင်း ဓား ဓားချင်း လှံ လှံချင်း သေနတ် သေနတ်ချင်း ယှဉ်ပစ်မှ ရမယ်..လက်နတ်ကိုင်တိုက်မှ ဒီလိုကောင်တွေကို မျိုးဖြုတ်နိုင်မယ်...

သွေးကြွေးမှာ ဆွေးနွေးစရာ လုံးဝ အကန့် မရှိ

ဒီလို လူမဆန် ယုတ်မာ ပက်စက် ဇကောလောက်မှ ဇောက်မနက်တဲ့ ခွေးတွေကို အဆိပ်လုံးပစ်ကျွေးပြီး သတ်မှ အေးမယ်

သူရဲဘောကြောင်နေတဲ့ သူတွေအတွက် တော်လှန်ရေးမှာ စွန့် သွားတဲ့ သူတွေ ၀ိညာန်တွေက ရယ်သွမ်းသွေးလိုက်မယ် သွေးမပျက်ဘူးဆို လုပ်ကြည့်ပေါ့