Monday, November 17, 2008

ပို့စ်အသစ် မတက်ဖူး ဆိုရာဝယ်..

ပို့စ်အသစ်မရေးလို့ ဆိုပြီး လာလာ ပြောနေကြသကိုး။ တကယ်က စာအရေးအသားနာမည်ကြီး မဟုတ်တဲ့ ဘလော်ဂါတယောက်အနေနဲ့ မရေးဖြစ်ရင် ကိုယ့်ဖာသာ စိတ်ထဲ အားနာနေတတ်ပေမယ့် အဲလို လာလာကြည့်လိမ့်မယ်လို့တော့ မျှော်လင့်မထားမိပါဘူး။ ကိုယ့်မိသားစုနဲ့ အဝေးရောက်နေတဲ့အချိန် ဖြစ်သလို ၊ ကိုယ်သိပ်မကြိုက်တဲ့ ရာသီဥတု အပြောင်းအလဲ။ ကိုယ်နဲ့ အံဝင်ဂွင်မကျတဲ့ ပတ်ဝန်းကျင်မှာ ရောက်နေရတဲ့ လူတယောက်အနေနဲ့ ရေးချင်တဲ့စိတ်ကလေး ၀င်လာဖို့ကိုတောင် တော်တော် ကြိုးစားနေရပါတယ်။ နောက် ကိုယ့်အိမ်မှာ စာရေးရတဲ့ ခံစားချက်နဲ့ ဧည့်သည်အဖြစ်နေရတဲ့ နေရာမှာ စာရေးရတာလဲ မတူပါဘူး။ အိမ်မှာဆိုရင် အလုပ်များနေတောင်မှ ခဏလေး ရေးမယ် စိတ်ကူးလိုက်တာနဲ့ တမျက်နှာ နှစ်မျက်နှာစာက ရေးဖြစ်ပေမယ့် ခုက စိတ်ကူးပြီးထိုင်နေတာတောင် စကားလုံးတွေ့ ကျမလာဘူး။

နောက်ပြီး ဒီအော်စလိုက ဆေးရုံရဲ့ ပြင်ပလူနာဌာနကိုလည်း ၂ ခါတောင် ရောက်ပြီးပြီ။ သိသာဆိုးဝါးတဲ့ ရောဂါကြီးတွေမဟုတ်ပေမယ့် လူတယောက်ရဲ့စိတ်ကို ဒုက္ခပေးတဲ့ ရောဂါတွေလဲ ဖြစ်တာမို့ စိတ်ကလဲ မကောင်းဖြစ်ရပါသေးတယ်။ ဆေးကုသစရိတ်ကို ရုံးကပေးတယ်ဆိုပေမယ့် တခါသွားတာနဲ့ သက်သာချင်တာလဲ အမှန်ပါ။ အခွင့်အရေးယူသလို တွေးကြမြင်ကြမှာကိုလဲ မလိုချင်ဘူးလေ။ ကိုယ့်အိမ်မှာ ဆိုရင် စိတ်က သက်တောင့်သက်သာ ဖြစ်မှာပဲလို့လဲ အိမ်လွမ်းဝေဒနာက မြင့်တက်လာပါသေးတယ်။

ဥရောပရောက်တုန်း တမြို့ပြီးတမြို့ ၊တနိုင်ငံပြီး တနိုင်ငံ လည်ပါလားလို့ ဖိတ်ခေါ်သူတွေ၊ အကြံပေးသူတွေကိုလဲ ကျေးဇူးတင်ပါကြောင်းနဲ့ ဥရောပရဲ့ ခရီးစဉ်တွေက ပြည်တွင်း ပြည်ပ အားလုံးဈေးကြီးနေတာမို့ လည်ပတ်ချင်စိတ်ရှိသော်လည်း ခရီးစရိတ်က လခပြောင်ကိန်းမြင်နေပါသဖြင့် အခက်ကြုံနေရပါသေးကြောင်းလဲ သိစေချင်ပါသေးတယ်။

နောက်ပြီး အခုရက်ပိုင်း ကြားနေရတဲ့ ထောင်ချသတင်းတွေကိုလဲ သတင်းတွေ လုပ်နေရင်း အသံတွေနားထောင်ရင်း စိတ်ကထိခိုက်ခံစားရသေးတယ်။ နအဖက သူတို့ကိုယ်တိုင် အတည်ပြုပြဌာန်းလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တရားစီရင်နေတာမို့ အနာဂတ်မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးမှုနဲ့ တရားစီရင်ရေး အာဏာကို ဘယ်လိုယုံကြည်ရတော့မလဲ ဆိုတဲ့ အတွေးကလဲ ခေါင်းထဲဝင်နေသေးတယ်။ ဒီလိုအခြေအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ၀င်သင့်တယ် ဆိုတဲ့အတွေးကို ကျမဖြင့်တွေးတောင် တွေးလို့မရခဲ့ဘူး။ အနိုင်ရတဲ့ ကိုယ်စားလှယ်ဦးရေ အများဆုံးပါတီက အစိုးရဖွဲ့ခွင့်မရှိတဲ့။ လွတ်လပ်ခွင့်ဆိုတာမှာ ဥပဒေအရပြဌာန်းထားသောလို့ ရှေ့ကခံထားတဲ့ လွတ်လပ်ခွင့်မျိုးနဲ့ ဘယ်လို စစ်အုပ်စုကို ဖြုတ်ချမလဲ ဆိုတာ စဉ်းစားကြည့်ကြပါတော့။ ပါလီမာန်ထဲ ၀င်ပြီး ပြောင်းလဲမှုလုပ်ချင်ပါတယ် ဆိုတဲ့ လူတွေ အနေနဲ့ သမ္မတ၊ ၀န်ကြီးချုပ်၊ စစ်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးတွေကို စစ်တပ်ကပဲ ယူမယ့်ဖွဲ့စည်းပုံနဲ့ သူတို့ ခိုင်းတာပဲ လုပ်ရမယ့် အခြေခံဥပဒေကို ဘယ်လိုယုံကြည်ကြမလဲ၊ ဘယ်လောက် လိုက်လျောမှုတွေပေးပြီး ခေါင်းငုံ့ခံမလဲ ၊ ဘယ်လိုအခွင့်အရေးတွေ ရယူပြီး ပြည်သူတွေကို မေ့သွားမလဲ လို့ မေးလိုက်ချင်စမ်းပါဘိတော့တယ်။

စိတ်ညစ်တာ အဲဒါတွေလဲပါတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Rest of your post

11 comments:

M.Y. said...

innnnn....
စိတ်
....ညစ်
............တယ်

အောင်သာငယ် said...

တယောက်ထဲ မဟုတ်ဘူးဗျ။
အဖော်တွေရှိပါသေးတယ်ဗျာ...
အားလုံး... စိတ်ညစ်နေကြတာပဲလေ...

လင်း said...

ပိသာချိန်တွေက များလွန်းလို့ ကြားရတဲ့သူတွေမှာ အင့်ကနဲ အင့်ကနဲ ပါဘဲ အမရေ။

sin dan lar said...

အစ်မရေ..
ကိုယ်မရေးရတိုင်း လာလာအော်မိတာတောင်းပန်ပါတယ်။
ဆေးရုံသွားရတယ်ဆို...ကျန်းမာရေးဂရုစိုက်ပါဦးးး

JulyDream said...

အရမ်း အရမ်းကို... ပိုက်ဆံတွေ သိပ်မစုနဲ့အုံး။ စိတ်ညစ်တာ အဲဒါတွေလည်း ပါတယ်။

ခင်မင်းဇော် said...

ကမောင်ရင် ကိုအောင်သာငယ် လင်း ဆင်ဒဏ်လား ကိုဂျူလိုင် ညစ်ပေမယ့်လဲ ဆက်လက်ရှင်သန်ရဦးမယ် မဟုတ်လား..ပိုက်ပိုက်ကလဲ မရှိမကောင်း ရှိမကောင်းမှမဟုတ်ပဲလေ ရှိကောင်း ရှိကောင်းကိုး။

Ko Paw said...

စိတ်ညစ်ရင် ဂစ်တာတီးပါလား….ကမင်းကြည်

ဂျူနို said...

ဘယ်လို အခွင့်အရေးတွေ ရယူပြီး ပြည်သူတွေကို မေ့သွားနိုင်မလဲ။
လူတိုင်းစဉ်းစားရမဲ့ မေးခွန်းပဲ။
ကုသလို့ ရပါတယ်ဆိုတဲ့ရောဂါတခုမှာ လူနာက ရောဂါမပျောက်နိုင်ဖြစ်နေရင် မှားနေတာတွေရှိနေလို့ ပါ။
ရောဂါအမည် တပ်မှားတာလား။
ဆေးပေးတာမှားတာလား။
ရောဂါလည်းမှန် ဆေးလည်းမှန်ရင် ဆေးမတိုးတာလားအပြင် ဆေးကောသောက်ရဲ့ လား။
ဆေးတွေကို မသောက်ပဲ တမင်တကာ ရောဂါမွေးထားတတ်တဲ့ လူနာတွေလည်း တစ်ကယ်ရှိလို့ ပါ။
စဉ်းစားစရာတွေပါပဲ။
အယ်ဇီ


p.s နေရာပြောင်း ရာသီပြောင်းမို့ နေမှာပါ။ အားတဲ့ခါ အခန်းမအောင်းပါနဲ့ ။ နေရောင်ရအောင်ယူပါ။
လာလည်သွားတာကော ကော့မန့် ထားခဲ့တာကော ကျေးဇူးပါ။

Moe Cho Thinn said...

အမ
နေကောင်းအောင် နေပါအုံး။ ဒါမှ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေ လုပ်လို့ရမှာပေါ့။ စာရေးတာ သူများနေရာမှာမို့ ခက်ခဲတယ်ဆိုတာ ကိုယ်ချင်းစာပါတယ်။ ကိုယ့်အိမ်လောက်တော့ ဘယ်လွတ်လပ်မလဲနော်။
ရေးချင်မှ ရေး၊ နေကောင်းပြီး အလုပ်လုပ်တွေလုပ်နေတယ် ဆိုရင် ကျေနပ်ပြီ။

စိတ်ညစ်တာတော့ မဟုတ်ပါဘူး အမရယ်။ စိတ်ကို ကုန်သွားတာပါ။ တာတေလန်တို့ အုပ်စုပါပဲ။

ခင်မင်းဇော် said...

ကပေါ ကျမ ဂစ်တာ မတီးတတ်ဘူးရှင့်။
ဂျူနို(အယ်ဇီ)ရေ မနက် ၈ နာရီမိုးမလင်းခင် ရုံးသွားသတဲ့ နောက် ရုံးကပြန်ချိန် ၆ နာရီက မိုးချုပ်နေ ဟိဟိ နေရောင်လဲ မထိရတော့ပါဘူးကွယ်
ချိုသင်းရေ.. အားပေးတော့လဲ အားတက်သပေါ့ကွယ်...စိတ်ကုန်တာတော့ အမှန်ပဲ တာတေလန်အုပ်စုကြီးကို မုန်းပါ့။

ခွန်မြလှိုင် said...

အမရေ.. ကျန်းမာရေးတော့ ဂရုစိုက်ပါ။ ဒီမှာ အကို စိတ်ပူနေမယ် .. စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့ အမရယ်.. အမှောင်ဆုံး အချိန်က လင်းခါနီး အချိန်တဲ့.. လွတ်လပ်ရေး ရခါနီး ဂျပန်ခေတ်က အဲဒီအချိန်အတွက် အဆိုးဆုံး မဟုတ်လား...