Sunday, November 9, 2008

ခရီးသွား မှတ်တမ်း ၂

ဆွီဒင်ကို သွားခဲ့ရာဝယ်
သင်တန်းကို သွားတဲ့ လမ်းမှာဖြတ်နေကျ တံတားပေါ်ကနေ ရိုက်ထားတာ


ဒီတခါသွားရတာက ဆွီဒင်နိုင်ငံကိုပါ။ သူတို့နိုင်ငံက အကြီးဆုံးရေဒီယို အသံလွှင့်လုပ်ငန်း လုပ်နေတဲ့ SR radio station က ရုံးခွဲ ၂၅ ခုရှိတဲ့အထဲက Gavle ဆိုတဲ့ မြို့က ရုံးမှာ လက်တွေ့သင်တန်းသွားတက်ရတာလေ။ မြို့ကလေးကနေ အနီးအနားမြို့တွေကိုလဲ သတင်းလိုက်တာမျိုးတွေကို သွားရတယ်။ သူတို့ရဲ့ မီဒီယာတွေက ရေဒီယိုတွေမှာလဲ သတင်းဖြစ်တဲ့နေရာထိ သွားအင်တာဗျုး ။ တခါတည်း တိုက်ရိုက်စလောင်းကနေတင်ပေးပြီး အသံလွှင့်တာလေ။ ခေတ်မီလိုက်တာဆိုပြီး အားကျခဲ့ရတယ်။ ရုံးမှာ စက်ကရိယာအပြည့်ပါတဲ့ ကားကြီး ကားငယ်အသွယ်သွယ် သတင်းထောက်တွေ သတင်းယူဖို့ ကားငယ်အစင်းစင်းနဲ့ ။

နောက် ဆွီဒင်ရဲ့မြို့တော် စတော့ဟုမ်းမှာ ရှိနေတဲ့ SR ရုံးချုပ် က သတင်းလွှင့်ပုံတွေ နည်းစနစ်တွေ စက်ပစ္စည်းတွေ ကို လေ့လာခဲ့ရသေးတယ်။ ၀န်ထမ်းပေါင်း ရှစ် ရာကျော် ရှိတဲ့ ရေဒီယိုစတေရှင် ဆိုတော့ ဘယ်လောက်ကြီးကျယ်ခမ်းနားတယ်ဆိုတာ ပြောမပြတတ်ဘူး။ စတော့ဟုမ်းမှာပဲ ရှိနေတဲ့ ဆွီဒင်ရုပ်သံလှိုင်း ဆွီဒင်မှာ လူကြည့်အများဆုံး SVT ( SVERIGES TELEVISION) ကိုလည်း ရောက်ခဲ့သေးတယ်။ သတင်းတွေကို တိုက်ရိုက်လွှင့်တာ ။ အင်တာဗျုး ဘယ်လိုရိုက်တယ် ။ သတင်းတွေ ဘယ်လိုထုတ်လွှင့်တယ် အစုံပါပဲ။ သူတို့ရဲ့ စတူဒီယိုခန်းတွေ၊ ဆက်တင်တွေကလည်း အံ့မခန်းပေါ့။ သူ့ဆီမှာလဲ ၀န်ထမ်းက တစ်ထောင်ကျော် တောင်ရှိနေတာပဲ။

ကားပေါ်ကနေရိုက်ထားတဲ့ ဆွီဒင်မြို့တွင်းတနေရာ


ပါလီမာန်အဆောက်အဦးပေါ့။ သင်တန်းချိန်ပြီးမှ လည်ရတော့ညနေ ၄ နာရီခွဲပေမယ့် မှောင်နေပြီ။


သွားခဲ့ရတဲ့ ရေဒီယို စင်တာ

ဒါကတော့ တီဗွီစတေရှင်အဆောက်အဦး
အဲဒီတီဗွီသတင်းဌာနဖက်မှာ မီဒီယာရဲ့ ကူးပြောင်းတိုးတက်လာပုံကို သေချာရှင်းပြတဲ့အခါများ ကျမဖြင့်ပါးစပ်အဟောင်းသားနဲ့ ငါတို့တော့ တော်တော်ပြတ်ကျန်နေခဲ့ပါလား ။ လို့ စိတ်ထဲမှာ အားငယ်ချင်သလိုလိုတောင်ဖြစ်လာသေးတယ်။ analogue ကနေ digital media ပြောင်းလဲ လာပုံတွေ ။ တီဗွီတလုံးတည်းကို ဧည့်ခန်းမှာ မိသားစု ၀ိုင်းကြည့်နေရာကနေ ကိုယ်ပိုင်ကွန်ပျူတာတွေနဲ့ ကိုယ့်စိတ်ကြိုက်နေရာတွေကနေ ကြည့်လို့ရနေတာတွေ၊ နောက်ပိုင်း တီဗွီထုတ်လွှင့်တာကိုအင်တာနက် ၀က်ဆိုဒ်တွေကတဆင့် ဘယ်နေရာကမဆို လမ်းမပေါ်မှာတောင် ဖုန်းကနေတဆင့် ကြည့်လို့ ရနေတဲ့ထိ တိုးတက်လာတဲ့အကြောင်း၊ မီဒီယာရဲ့ အောင်မြင်မှု အရေးပါမှုတွေကို သူတို့ရဲ့ တိုးတက်လာတဲ့ တိုင်းပြည်က အင်တာနက်သုံးစွဲမှုနဲ့ ယှဉ်ပြီး ရှင်းပြသွားလိုက်တာများ ကောင်းမှကောင်း။
ဒီလို တိုးတက်ဖွံ့ဖြိုးပြီး တိုင်းပြည်က မီဒီယာတွေထဲမလဲ Publish Service သီးသန့်ဖော်ဆောင်နေတဲ့ သတင်းဌာနတွေနဲ့ Commarcial သတင်းဌာနတွေ ရဲ့ ရပ်တည်ချက်တွေ အစိုးရသတင်းဌာန ရပ်တည်ချက် ဆိုတာမျိုးတွေ နားလည်သထက်နားလည် ရှင်းသထက်ရှင်းအောင် စေတနာပါပါနဲ့ ရှင်းပြခဲ့ကြတယ်။
ပင်စင်စား သက်ကြီးရွယ်အိုတွေရဲ့ ကလပ်တခု

ဒီစင်္ကြန်လေး မလှဘူးလား။ အဲဒါ လေဆိပ်နဲ့ ဘူတာ ဆက်ထားတဲ့လမ်း

အော်စလိုမြို့ထဲ လေဆိပ်ကအပြန်လမ်းမှာ ကားပေါ်က ရိုက်လိုက်တာ နှင်းကျနေဆဲပေါ့။


နောက်ဆွီဒင်ကို လှပတဲ့ နိုင်ငံအဖြစ် သိထားပေမယ့် ဒီလောက်လှမယ် မထင်ခဲ့ဘူး။ လိုက်ပို့တဲ့ ဆွီဒင်နိုင်ငံသားက စတော့ဟုမ်းမြို့ နန်းတော်၊ ပါလီမာန် အဆောက်အဦတွေ၊ ဆိပ်ကမ်းတွေနဲ့ လှပတဲ့ မြို့ကို သမိုင်းတွေနဲ့ ရှင်းပြလို့၊ နိုင်ငံခြားသား ခရီးသည်တွေအတွက် ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်ချည်းပဲ ရှိနေတဲ့ လမ်းကလေးကလည်း လျှောက်လို့ မဆုံးနိုင်အောင် ရှည်လျား။ ရောင်းချတဲ့ပစ္စည်းတွေကလည်း အထိမ်းအမှတ်တွေရော အသုံးအဆောင် အ၀တ်အစားအလှအပ များပြားတဲ့အပြင် လျှော့ဈေးတွေနဲ့ လူတွေကို ဆွဲဆောင်လို့။ ဈေးတွေ ၀င်စပ်စုတော့လဲ နော်ဝေးထက် သက်သာလို့။ နော်ဝေးဆိုတာ တောသူဌေးမြို့ကိုးလို့ နော်ဝေးနေသူတွေကို စမိသေးတော့တယ်။

နောက် ဆွီဒင်မှာပဲ နှင်းတွေကျတာကိုလဲ စမြင်ဖူးခဲ့တယ်။ ညနေဖက် သင်တန်းကအပြန် မိုးတွေ ရွာနေတယ်ဆိုပြီး ထီးဖွင့်ဆောင်း အပြင်ထွက်ကြတော့ မိုးမဟုတ်ဘူးလေ နှင်းတွေကျနေတာတဲ့။ အားပါး ပျော်စရာပဲ .. စနိုးက သေးသေးလေးတွေပဲ ရှိနေသေးတယ်။ အေးလိုက်တာ လို့ ပြောနေရင်းကပဲ လမ်းတလျှောက် လေကတိုက်လွန်းလို့ မနည်းထိန်းနေရတယ်။ ဟော်တယ်ပြန်ရောက်တော့ မှန်ပြတင်းက နှင်းတွေ ကျတာကို ကြည့်နေရတာ ပျော်စရာလိုလို လွမ်းစရာလိုလိုပဲ။
နောက်တနေ့ မနက် ထတော့လဲ နှင်းတွေကျနေတုန်းပဲ။ ဒီမနက်ကျတဲ့ နှင်းကတော့ တော်တော်များများကြီးကြီးလို့ ပြောရမယ်။ လမ်းတွေပေါ်မှာ မြက်ခင်းပေါ်မှာ ကားခေါင်မိုးတွေပေါ်မှာ ရေခဲ ထပ်တွေ ဖြစ်နေလို့။ သင်တန်းကို အသွားလမ်းတလျှောက် နှင်းတွေကို လက်နဲ့ခံရင်း ချမ်းအေးတာတွေကို မေ့သလိုတောင်ဖြစ်တယ်။
ဖြစ်ချင်တော့သင်တန်းကလဲ အဲဒီနေ့ အပြင်ကနေ တိုက်ရိုက်အသံလွှင့်တဲ့အစီအစဉ်ကို လိုက်လေ့လာရမှာ။ ကောင်းလိုက်တဲ့ဖြစ်ခြင်းပေါ့။ ကား၂ စီးနဲ့ ထွက်လာခဲ့တော့ လမ်းတလျှောက်လဲ နှင်းတွေနဲ့ တခါမှမမြင်ဖူးတဲ့အာရှသူ အာရှသားများ မျက်လုံးအ၀ိုင်းသားနဲ့။

ရောက်သွားတဲ့နေရာက သက်ကြီးရွယ်အို ပင်စင်စားတွေရဲ့ ကလပ်။ သူတို့ အဖိုးကြီး အဖွားကြီးတွေ သံလုံးလေးတွေပစ်ကစားတဲ့ ကစားနည်းကိုလဲ ၀င်ဆော့ကြ သေးတယ်။ အရောင်ပါတဲ့ ဂေါ်လီအသေးလေးကို ၆ မီတာအထက် အကွာအဝေးထိပစ်၊ နောက် အဲဒီဂေါ်လီနဲ့ အနီးဆုံးရောက်အောင် သံဂေါ်လီလုံး ခပ်လတ်လတ်နဲ့ တယောက် ၃ လုံးယူထားတဲ့ အဖွဲ့ဝင် ၂ ယောက်ပါတဲ့ အဖွဲ့ ၂ဖွဲ့ ပြိုင်ပစ်တဲ့ ကစားနည်းပဲ။ သူများသံလုံးက နီးနေရင် ဝေးသွားအောင် ကိုယ့်သံလုံးနဲ့ တိုက်ထုတ် သူ့နေရာ ကိုယ်ရအောင်ယူ အဲလိုလုပ်တာပဲ။ အနီးဆုံးသံလုံး များတဲ့ အဖွဲ့က နိုင်တာပေါ့၊

အဲဒီက တိုက်ရိုက် အသံလွှင့်တာတွေ လေ့လာနေတုန်း အပြင်မှာလဲ နှင်းတွေက ကျလိုက်တာ လှမှလှ။ ဒါနဲ့ အပြင်ကို ထွက်ပြီး နှင်းတွေနဲ့ ပေါက်တမ်းကစားကြသေးတယ်။ ဓါတ်ပုံတွေလဲ ရိုက်ကြပေါ့လေ။ အဖိုးကြီး အဖွားကြီး စုံတွဲတခုကမေးတယ်။ ဘယ်နိုင်ငံက လာလဲတဲ့။ ကျမတို့ ဘားမားက လာပါတယ်ဆိုတော့ ဟိုမှာ နှင်းမရှိဘူးလားတဲ့။ ဟုတ်ကဲ့ ကျမတို့ ခုမှ မြင်ဖူးတာဆိုတော့ ရယ်ပြီး သယ်သွားလေတဲ့။ စနေသေးတယ်။ သူတို့နိုင်ငံတွေက အသက်ကြီးသူတွေကို စိတ်ဓါတ်မကျအောင် ပျော်ရွှင်အောင် ကလပ်တွေဖွဲ့ပေးတယ်။ နောက် ကျန်းမာရေးကို အားလုံးတာဝန်ယူပေးတယ်လေ။ ဒီတော့ အခု နော်ဝေ ၊ ဆွီဒင်ကလူတွေက ရတဲ့ လစာ အကုန်သုံးတာပဲ။ သူတို့မှာ နောင်ရေး ဘာညာ အိုစာမင်းစာ စုစရာမလိုဘူး။ နိုင်ငံသားတိုင်းကို သူ့အစိုးရက တာဝန်ယူတာပဲ။ အဲဒီလိုဖြစ်ဖို့ သူတို့ အလုပ်လုပ်တုန်းကလဲ အခွန်သေချာဆောင်ခဲ့ကြတာကိုး။ အားကျ အတုယူဖွယ်ရာ ကျန်းမာရေးစနစ်တွေပဲ။ မွေးကတည်းက ကျန်းမာရေးကို အချိန်နဲ့စစ်ဆေး၊ လိုအပ်တာ စောစောကု၊ ဒီတော့ ဒီနိုင်ငံတွေမှာ ရောဂါကြီးကြီးမားမားလဲ ဆေးရုံတွေမှာ သိပ်မတွေ့မိပါဘူး။

နောက် ဟောလိုးဝင်းဒေးကိုလဲ ဆွီဒင်မှာပဲ ရှိနေတုန်း ကြုံခဲ့ရသေးတယ်။ ကျမတို့ဟိုတယ်နဲ့ ကပ်ရပ်က နိုက်ကလပ်မှာ အဲဒီနေ့က တညလုံးဆူညံနေတာပဲကိုး။ သောကြာနေ့နဲ့လဲ တိုက်တော့ ဘာပြောကောင်းမလဲ စည်ကားဆူညံမူးနေလိုက်ကြတာ မနက်ကျတော့ ဟိုတယ်အ၀င်တံခါးက မှန်လဲ ပင့်ကူအိမ်လို အက်ကြောင်းတွေ ဗရပွနဲ့၊ အရှိန်မသေသေးပဲ နောက်နေ့ နိုဝင်ဘာ ၁ရက်နေ့ စနေနေ့ညမှာလဲ သရဲကြီးသရဲလေးတွေ ပုံစံတွေနဲ့ လမ်းသလားနေလိုက်ကြတာ အသည်းယားစရာပဲ။ ကြိုသာ သိမနေရင် လန့်သေမယ့် ပုံစံတွေနဲ့လေ။ ဟိုတယ် မှန်ပြတင်းကနေ လမ်းမပေါ်ထိုင်ကြည့်ရင်း အပူအပင်ကင်းတဲ့ ဒီနိုင်ငံသားတွေရဲ့ ဘ၀နဲ့ ကိုယ့်တိုင်းပြည်က လူတွေရဲ့ဘ၀ကို ယှဉ်တွေးနေမိသေးတယ်။

င်္ဆွီဒင်နိုင်ငံက လူကြိုက်အများဆုံးရေခဲပြင်ဟော်ကီပွဲကိုလည်း သွားခဲ့ရသေးတယ်။ ထုံးစံအတိုင်း တိုက်ရိုက်လွှင့်ထုတ်မှုအစီအစဉ်ကို လေ့လာရန်ပေါ့။ အားလပ်ချိန်ပေးချိန် အပြင်ခဏထွက်တဲ့ ယောက်ျားလေးတွေကို လာမေးတယ်တဲ့။ ဘယ်နိုင်ငံကလဲပေါ့။ ဘားမားဆိုတာနဲ့ အော် မီဒီယာကလား ဆိုပဲ။ သူတို့ ဒေသ ရေဒီယိုသတင်းထဲမှာ ပါတယ်ဖြစ်မယ်။ သိနေကြတယ်။

အဲဒီမှာကျမတို့ နိုင်ငံက ဂေါက်သီးရိုက်တဲ့လူတွေလိုပဲ စီးပွားရေး သမားတွေ ၊သတင်းသမားတွေ၊ နိုင်ငံရေးသမားတွေ၊ အစိုးရ အရာရှိတွေ တွေ့ဆုံစကားပြောတဲ့ နေရာလဲ ဖြစ်နေတယ်။ ကစားကွင်းကို မြင်နေရတဲ့ ဒုတိယထပ်လောက်မှာ အခန်းတွေကြိုမှာပြီး အစားအသောက်နဲ့ စကားလဲပြော ကစားပြိုင်ပွဲလဲ ကြည့်ပေါ့။
ကျမတို့လဲ အခန်းတခန်းယူပြီး ထမင်းစားကြတယ်။ နောက်ကျမှ အခန်းယူရတော့ တိုက်ရိုက်ကြည့်လို့ ရတဲ့နေရာက အခန်းမရဘူး။ အဲဒီမှာ သောက်ဖို့ ရေမှာတော့ သူတို့ဆီက ရေဆိုတဲ့ ပုလင်းကို လာချတော့ ဆော်ဒါရေပဲ ဖြစ်နေတယ်။ အဲဒါပဲ သောက်တာတဲ့။ ရေရိုးရိုးမှာလို့ မရဘူး။ စူးရှရှ အရသာ မကြိုက်လို့ သစ်သီးဖျော်ရည်ကလွဲရင် ဘာဗူးဖျော်ရည်မှ မသောက်တဲ့ ကျမအတွက် တော်တော် မျိုချရခက်တဲ့ရေပါပဲ။

ဒီနိုင်ငံတွေမှာတော့ ထမင်းစားရင် ဇွန်းမပါပဲ ခရင်းနဲ့ ဒါးနဲ့ စားကြတာပဲ။ သူတို့က ပေါင်မုန့်နဲ့ အားလူးကို အဓိကစားတာကိုး။ ရောက်ခါစကတော့ သိပ်မစားတတ်ဘူး နောက်တော့လဲ ရသွားတာပါပဲ။ ဒါပေမယ့် ထမင်းမဟုတ်တော့လဲ အာသာမပြေပါဘူး။
ဒါနဲ့ ထမင်းပဲ စားချင်တယ် ဖြစ်ပြီး တရုပ်ဆိုင်တဆိုင်ကို သွားစားမိပါတယ်။ ထမင်းကြော်တပွဲကို ၉၉ ခရောင်းကျတယ်။ တရက်ပဲ သွားစားပြီး နောက်နေ့တွေမတော့ မားမားခေါက်ဆွဲထုတ်တွေနဲ့ပဲ နေလိုက်ရတယ်။ ညနေစာကို သင်တန်းက မကျွေးဘူးလေ။

ဆွီဒင်နိုင်ငံသားတွေက နော်ဝေးနိုင်ငံသားတွေလောက် မနူးညံ့ဖူးလို့ ကျမက ခံစားရတယ်။ မျက်နှာပေးတွေကို ပြောတာပါ။ နော်ဝေးနိုင်ငံအကြောင်း ရေးတော့မှပဲ ဒီအကြောင်းကို သေချာရေးပြပါဦးမယ်။

သင်တန်းကနေ မပြန်ခင် နောက်ဆုံးညက ဗီယက်နမ်ဆိုင်တခုမှာ ညစာအားလုံးသွားစားကြတယ်။ အဲဒီဆိုင်က အချိန်ပိုင်း စားပွဲထိုးမလေးက ဗီယက်နမ် နိုင်ငံကနေ ရောက်လာပြီး ဆွီဒင်မှာ နိုင်ငံရေး သိပ္ပံ အဓိကနဲ့ တက္ကသိုလ်တက်နေသူတဲ့။ စကားတွေ အများကြီး သူနဲ့ ပြောဖြစ်ကြတယ်။ သူကလဲ သူ့နိုင်ငံကို အားမလိုအားမရဖြစ်နေလို့။ ဘားမားက ဘာစနစ်ကျင့်သုံးလဲ တရုပ်နဲ့ ပေါင်းတော့ ကွန်မြူနစ်လားတဲ့ သူက မေးတယ်။ ကလူသစ်ပို့စ်ဖတ်မိတော့ အဲဒီကောင်မလေးကို သတိရတယ်။

ကျမတို့ကို အစစစီစဉ်ပေးတဲ့ ဆွီဒင်နိုင်ငံသားသတင်းသမားကတော့ အားတင်းထားကြတဲ့။ သူတို့နိုင်ငံလဲ တချိန်က ခုလိုပဲ စစ်တပ်ကနေ ဆန္ဒပြတဲ့ ပြည်သူတွေကို ပစ်သတ်ခဲ့ဘူးတယ် တဲ့။ ဒါပေမယ့် အဲဒီစနစ်က ခုချိန်မှာတော့ ပျောက်ပျက်သွားခဲ့ပြီတဲ့လေ။ သူပြောတုန်းက ကျမကြားလိုက်တာ ၁၉၃၁ ကလို့ထင်တယ်။ အဲဒါကိုသေချာမမှတ်မိလိုက်ဘူး။
ဆွီဒင်ရော နော်ဝေးရော အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်ကြတယ် ၊ နမူနာပေးရရင် ကျမတို့ တိုင်းပြည်ထဲက ရခိုင်တွေ မွန်တွေ စသဖြင့် တိုင်းရင်းသားတွေက ဗမာစကားပြောတတ်ကြသလိုပဲလေ။ အသံထွက်တွေကလဲ ဆင်တူတွေ သိပ်မကွဲပြားဘူး။
ဥပမာပြောပြရရင်.. အင်္ဂလိပ်လို Room ကို နော်ဝေးတွေက Romလို့ပေါင်းတယ်၊ ဆွီဒင်တွေက Rum လို့ပေါင်းတယ်လေ။ သိပ်မထူးဘူး။

ဒီလိုနဲ့ အော်စလိုကို ပြန်လာကြတာပေါ့။ ခရီးသွားမှတ်တမ်းက ကဘောက်တ ကဘောက်ချာတော့ ဖြစ်နိုင်ပေမယ့် စိတ်ထဲပေါ်လာတာ မှတ်မှတ်ရရ ရှိတာလေးတွေကို ကိုယ့်လိုပဲ ခင်တဲ့ လူတွေကို မျှပေးချင်စိတ်နဲ့ ရေးလိုက်တာပါပဲ။ နောက်ထပ် ရေးချင်တာရှိရင်လဲ ရေးဦးမယ်နော်။
ဒီလိုနဲ့ သင်တန်းချိန်ကုန်တော့လဲ အော်စလိုကို ပြန်လာရပြီပေါ့။
ဆွီဒင်အာလန်ဒါလေဆိပ်နဲ့ မီးရထားဘူတာကို ဆက်သွယ်ထားတဲ့ လမ်းလေးက သိပ်လှတယ်။ အရောင်စုံပါတဲ့ မှန်တွေတပ်ထားတော့ နေသာနေရင် လမ်းကလေးက ကဗျာဆန်တယ်။

ဆွီဒင်ကနေ အော်စလိုပြန်လာတော့ အော်စလိုမှာလဲ နှင်းတွေကျနေတာပါပဲလေ။
ဥရောပ နှင်းတောထဲမှာ ချမ်းအေးသလို မိသားစုကိုပဲ လွမ်းနေရတော့ နေလို့မပျော်ပါဘူးလေ။ ဒါပေမယ့်လဲ ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရမယ် ဆိုသကိုး။
(ဆက်ရေးဦးမယ်နော်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

19 comments:

ရွာသားလေးဝိုင်တီယူ said...

အမရေ မအားတဲ့ကြားကစာတွေရေးနေရတယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ်နောက်ထပ်နောက်ထပ်တွေကို စောင့်ဖတ်နေပါမယ်ဗျာ..

JulyDream said...

စာတွေများပြီး ဓါတ်ပုံတွေလည်း ထင်သလောက် မပါဘူး။ ဓါတ်ပုံတွေ အများကြီး အများကြီး အများကြီး တင်ပါလား ခင်ဗျ။ :P

ခင်မင်းဇော် said...

ရွာသားလေးရေ.. ဒီလိုပဲ ရေးချင်တဲ့အချိန်နဲ့ အားချိန်တိုက်ဆိုင်ရင် ပို့စ်အသစ်တင်လိုက်တာပဲပေါ့.. ဟုတ်ဘူးလား..
ကိုဂျူလိုင် .. လာနောက်တယ်ပေါ့...
ပထမတင်တာ ဓါတ်ပုံတွေများနေပေမယ့် ပို့စ်က ပျောက်သွားလို့ ပြန်တင်ရတာလေ..

pandora said...

အမရေ ဆွီဒင်ကိုတောင် ရောက်သွားတာကို။
ဓာတ်ပုံတွေလှတယ်။
သွားချင်တယ်။

M.Y. said...

အမခရီးသွားဆောင်းပါးကမှတ်သားစရာရှိတာတွေမှတ်သားသွားပါတယ်။
အစစ်ပဲ swedish တွေက ကိန်းကြီးခန်းကြီးနိုင်တယ်။ အထူးသဖြင့် လူမျိုးခွဲခြားမှု ရာခိုင်နှုန်းပိုများတယ်ကြားဖူးတယ်။ yellow and dark skinတွေအပေါ်ဆိုပိုသိသာတယ်ပြောကြတယ်။
Norwaygian တွေကပိုပြီးဖော်ရွှေတယ်။

အသားအရောင်ခွဲခြားမှုနည်းတယ်..လို့ ဆွီဒင်ရော နော်ဝေမှာပါနေ ပြီးအလုပ်လုပ်ခဲ့ဖူး၊ လုပ်နေဆဲဖြစ်တဲ့သူငယ်ချင်းတစ်ဦး ဆီကလေ့လာခဲ့ရဖူးတယ်။

Nyein Chan Aung said...

ပျော်ရွှင်ဖွယ် ခရီးဖြစ်ပါစေဗျာ....

ကိုထွတ်

Steve Evergreen said...

Thanks for sharing. I haven't been there. hopefully next year.

အောင်သာငယ် said...

ခုတော့ ဓါတ်ပုံဆရာ ဖြစ်နေပြီပေါ့လေး)
ဆက်ရေးပါဗျို့....

ဒူကဘာ said...

ခရီးသွားခြင်း ခုံမင်သူမို့ ခရီးသွားသူတယောက်အကြောင်း လာဖတ်ပါတယ် အမ.....။

sin dan lar said...

လာဖတ်သွားတယ်..အစ်မ

မေငြိမ်း said...

သတင်းထောက်လို့ မပြောရဘူး။ ရေးတာကိုက သတင်းကြေငြာချက်ကျနေတာပဲ။ အသည်းကြီးကို လွမ်းတာလေးများ ပိုပိုမိုမို ထည့်ပါတော့လားလို့.. ကတည်းး

s0wha1 said...

=))

ခင်မင်းဇော် said...

ပန်ပန် .. လှပေမယ့် တယောက်တည်းဆို ပျင်းစရာကြီး
ကမောင်ရင်.. အဟုတ်ပဲ ဆွီဒစ်တွေက ခွဲခြားမှု ရှိတယ်။
ကိုထွတ်.. USသွားတုန်းက အမတောင် မသိလိုက်ဘူး။
steve evergreen... လန်ဒန်ကို လာခဲ့ဦးမယ်နော်။
ကိုအောင်သာငယ်.. တီဇက်အေကို အားကျပြီး ရိုက်လာတာတွေ အများကြီးရှိသေးတယ်..
ဒူကဘာ... ခရီးချည်း ထွက်နေရလေ ကြိုက်လေပဲဆိုပေမယ့် အမပီအေ မပါလာတော့ မပျော်နိုင်ဘူးပေါ့။ ကိုယ်ချင်းစာ..
ဆင်ဒဏ်လာ.. ဟိ ကိုပေါတို့ခေါ်သလို ခေါ်ကြည့်တာ. ကျေးဇူးနော် လာအားပေးတာ
မေငြိမ်း... သယ်ရင်း.. ဒါကတော့ သိသာသိစေ မမြင်စေနဲ့ပေါ့ဟာ..
သမီးစိုးဝှက်.. ပျော်မယ်ထင်လား.. ဟင့်

Ko Paw said...

ရောက်တုန်းရောက်ခိုက် နှံ့အောင်သာ လည်ပေတော့ဗျိုး။ ဒီတခါ မင်းသမီးပုံ မပါပါလားဗျာ။း-)

ခွန်မြလှိုင် said...

အမရေ.. သတင်းဌာန သုံးမျိုးရဲ့ တူညီတဲ့ ရပ်တည်ချက်တွေနဲ့ မတူညီတဲ့ ရပ်တည်ချက် တွေကို သိချင်ပါတယ်။ တပို့စ်လောက် ပြောပြပေးပါလား။ တောင်းဆိုပါတယ်ဗျို့

Moe Cho Thinn said...

အမရေ
အားကျလိုက်တာ။ ထပ်ရေးပါအုံး။ ခရီးသွားနေလို့ အသစ်တင်တာ မသိလိုက်ဘူး။
ဆက်ရေးပါအုံး အမ။
ချမ်းလဲ ချမ်းတယ် လွမ်းလဲ လွမ်းတယ် ပေါ့လေ။

Nyo Htet Nyo said...

ခရီးသွားမှတ်တမ်းတွေဖတ်သွားတယ်အစ်မရေ။ ဘဝဒိုင်ယာရီလေးလဲ ပြန်ဆက်ပါဦးနော်။

sin dan lar said...

http://ponyate.blogspot.com/2008/11/blog-post.html

m a w k o e said...

ခရီးသွားဆောင်းပါးတွေကိုအရင်ကတည်းက
နှစ်နှစ်သက်သက်ဖတ်ဖြစ်ခဲ့တယ်။
အခု မခင်မင်းဇော် ရဲ့ ဆောင်းပါးတွေကိုလည်းအားပေးနေပါတယ်