Saturday, June 16, 2007


သောင်ရင်းမြစ်ရဲ့ တစ်ဘက်ကမ်းမှာ

(ခင်မင်းဇော်)

“အဲဒါသောင်ရင်းမြစ်လေ”
ကျမတို့နဲ့ အတူပါလာတဲ့ ကိုသင်းနိုင်က လှမ်းပြောသည်။ နွေရာသီ ဆိုတော့ ရေကတိမ်တိမ်လေးပါပဲ၊၊ ရေ၏ကြည်လင် နေမှုကတော့ ရွှေစက်တော်ကို သတိရသွားစေသည်။
“သူစီးနေတာကိုကြည့်လိုက်ပါဦး၊ တောင်ဖက်ကနေ မြောက်ဖက်ကို တွေ့လား၊ တို့သိထားတဲ့ မြစ်တို့သည် မြောက်မှ တောင်သို့ စီးဆင်းသည် ဆိုတာကို သူက ဆန့်ကျင်ပြထားတာ”
ကျမရဲ့ ခင်ပွန်းသည်က သူချစ်တဲ့ သောင်ရင်းရဲ့ ထူးခြားချက်ကို ဖွဲ့နွဲ့ပြနေပြန်သည်။ တော်လှန်သော မြစ်တစင်းက အခြားသောမြစ်တို့နှင့် မတူ ကွဲပြားဆန့်ကျင်နေပုံ၊ ကျမကတော့ စကားပြောဖို့ မေ့သွားခဲ့ပြီ။ ထိုင်းဘက်ကမ်းက မြင်နေရတဲ့ ကျမတို့ ဗမာပြည်ကြီးကို ချစ်ခင်မြတ်နိုးစွာ၊ တပ်မက်တွယ်တာစွာ ငေးမောလို့သာ နေလိုက်ချင် တော့သည်။
“နေပူတယ်ဟေ့၊၊ ကူးကြစို့ ၊”
သောင်ပြင်ပေါ်ကနေ စက်တပ်လှေလေးပေါ်ကို လှမ်းအတက် လှေဘေးမှာ ဘွားကနဲပေါ်လာတာက ဆေးမှုးလေး တင်မောင်ဦး၊
“ဟဲ့၊ ဘယ်လိုရောက်လာတာလဲ။ ခုနက ဒီဘက်မှာ မတွေ့ပါလား၊၊”
“ဟုတ်တယ်လေ၊ အခုမှ ရေကူးလာတာ ရေက တိမ်တိမ်လေးအမရဲ့ ၊ ခါးတောင်မရောက်ဘူး၊၊”
ကျမယူလာတဲ့ ပစ္စည်းတွေကို ကူသယ်ပေးဖို့ ရောက်လာတာဖြစ်မည်။ ကျမကလည်း ဗွီဒီယိုကင်မရာတွေရော၊ ဓါတ်ပုံကင်မရာတွေရော တစ်ယောက်တည်းနဲ့ ရှုပ်ယှက်ခပ်နေသည်။ လှေကလေးကို ထိုးဝါးနှင့်ပဲ ထိုးသွားတော့သည်။ တဘက်ကမ်းဆိုက်တော့ လှေကားထစ်တွေက ဆီးကြိုလို့ ၊ အဲဒီလှေကားထစ်တွေ အဆုံးမှာ စောင့်ကြိုနေတာက ကျမတို့ရဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တွေ၊ မောမောနဲ့တက်လာတဲ့ ကျမကို သူတို့က ပြုံးပြနှုတ်ဆက်လို့၊ ကျမကတော့ စကား မပြောနိုင်အောင် မောနေဆဲ။ ကျမကို ကျမခင်ပွန်းက ကြည့်ပြီး ရယ်နေတော့သည်။ ဘာမှ မမြင့်တဲ့ ကုန်းကလေးတက်တာတောင် မောနေပြီလို့ သူ့ရယ်သံတွေက လှောင်ပြောင်ပြောပြနေသလို၊၊
“ခဏလေးနားပါဦး အမရဲ့ ၊၊ တောင်တက်နေကျမဟုတ်တော့ ဒီလောက်တော့ ရှိမှာပေါ့၊ ရေနွေးသောက်ပြီး အမောဖြေ ၊ပြီးမှ ဆက်တက်ပေါ့”
ကမာပုလဲ (ကျောင်းသားတပ်မတော်)လို့ ကဗျာရေးတဲ့ ကိုပေါက်က ကျမကို သူ့တဲဆီလာဖို့ ဖိတ်ခေါ်သည်။ ရေငတ်တုန်း ရေတွင်းထဲကျသလို ကျမလည်း မောမောနှင့် တဲပေါ်တက်ထိုင်ဖြစ်သည်။ ရေနွေးသောက်ရင်း ကိုပေါက်ကို မပျင်းဘူးလားလို့ကျမက မေးမိသေးသည်။
“ဘာပျင်းစရာ ရှိမလဲ၊၊ စာအုပ်တွေရယ်၊ ရေဒီယို တလုံးရယ်ရှိနေပြီလေ။ ပြီးတော့ ဒီရဲဘော်တွေ ရှိနေသ၍ မပျင်းဘူးဆိုတာ အမလည်း လက်တွေ့သိလာလိမ့်မယ်။”
“ကဲ အမိ အမောပြေရင် ဆက်တက်ကြမယ်။ နောက်ကုန်းလေးတခုကိုပေါ့။ အသင့်ပြင်”
ကျမကို ပုံစံပေးနေပြီလေ၊၊ ခုနက တင်မောင်ဦး ဟိုဘက်လမ်းကတက်မလား၊ ဒီဘက်လမ်းကတက်မလားလို့ ကျမခင်ပွန်းကို မေးနေသံ ကြားရပြီး အခုတော့ ကုန်းတက်ခိုင်းနေပါလား၊ ကျမစိတ်ထဲက ပြောမိနေသည်။ ဒီလောက်နဲ့တော့ ကျမကလည်း မညည်းချင်ပါဘူး ၊ ကျမရဲ့ ဇွဲကိုလည်း ပြခွင့်ရဦးမှပေါ့၊၊ ကင်မရာ အိတ်ကို ကောက်လွယ်တော့ ကျောပိုးအိတ်ကို ရဲဘော်လေးတွေက သယ်ပြီး ထွက်နှင့်ပြီ။
ဒီတခါ ကုန်းတက်ကတော့ တော်တော်မတ်ပြီး တော်တော်လေးကို ဝေးသည်။ ကျမက ခပ်ဖြည်းဖြည်း မလျောက်တတ်သူဆိုတော့ ပိုမောသည်။ ဒါပေမယ့် ကျမရောက်အောင်တက်နိုင်ခဲ့သည်။ အဲဒါက တို့ရဲဘော်တွေ အင်ဖက်ထိုးတဲ့နေရာ၊ ဒီနေရာပေါ့ ၊ မနှစ်က ဒီမိုကရေစီ တိုက်ဖော်တိုက်ဖက်များ တွေ့ဆုံပွဲ လုပ်ခဲ့တဲ့နေရာ၊ ဒါက စိမ့်တွင်းကို ရေတွင်းလုပ်ထားတဲ့နေရာ၊ အဲဒီတဲလေးက ရေလောင်းအိမ်သာလေ၊ ကျမကို လက်ညှိုးတထိုးထိုးနှင့် ပြနေသော မောင့်ရဲ့ လေသံက သူတို့စခန်းကုန်းလေးကို ချစ်ခင်ခြင်းများနှင့် ပျော်ဝင်နေသည်။ ကျမကတော့ ၀ါးရုံတောထဲမှာ ၊ ၀ါးရွက်ကြွေတွေ၊ အင်ဖက်ကြွေတွေထဲမှာ လျောက်လှမ်းရတာ အိပ်မက်တခုလိုပါပဲ၊၊ ကျမချစ်သူမောင်နှင့် ဘာအဆက်အသွယ်မှ မရပဲ ပြည်တွင်းမှာ နေခဲ့စဉ် ကျမရဲ့ အိပ်မက်တွေထဲက တောလမ်းလေး တွေကလည်း အခုလို ၀ါးရုံပင်တွေ အင်ပင်တွေနှင့်၊ သစ်ရွက်ကြွေတွေပေါ် နင်းလျောက်နေတဲ့ ခြေသံတွေက နားထဲမှာ ဂီတသံလိုလို၊ စစ်ချီတေးသံလိုလို ၊ မထင်မှတ်ပဲ ခင်ပွန်းသည်ကို ဖျတ်ကနဲ လှမ်းကြည့်မိတော့ ကျမကို ကြည့်နေတဲ့ အကြည့်တွေနှင့် တန်းတိုး တော့သည်။
“နွယ် ၊ မောနေပြီလား။ ကိုယ် ဒီတောင်ကုန်းလေးပေါ်မှာ စခန်းသစ်စဆောက်ချိန်၊ နွယ့် ကိုသိပ်သတိရတာပဲ၊၊ စခန်းဟောင်း မှာ ကိုယ်တို့ ခံတိုက်နိုင်ခဲ့တယ်။ ရန်သူတွေ အကျအဆုံးအများကြီး ရင်းရတယ်။ ဒါပေမဲ့ ကိုယ်တို့ ဆုတ်ပေးလိုက်ရတယ်။ ကျည်ကုန်သွားလို့လေ၊၊ စခန်းသစ်ကို စဆောက်တဲ့ အချိန် အခုနွယ်တွေ့ရတဲ့ ရဲဘော်တွေ အကုန်လုံး မနားမနေ အလုပ်လုပ်ရတာ ၊၊ ဒီရဲဘော်တွေကြောင့် ကိုယ့်စိတ်ဓါတ် အင်အားတွေ ဘယ်တော့မှ ဆုတ်ယုတ်မသွားခဲ့တာပေါ့။ အခု နွယ်လိုက်လာတော့ သူတို့တွေ ပျော်နေကြတယ်။ နွယ့်ကို သူတို့က ဓါတ်ပုံထဲမှာရော၊ ကိုယ်ပြောပြတာတွေနဲ့ရော ရင်းနှီးနေပြီးသား၊ အခုနွယ်လျောက်နေတဲ့ ခြေထောက်အောက်မှာ တော်လှန်ရေးအတွက် လူမသိသူမသိ အသက်ပေးသွားတဲ့ ရဲဘော်တွေရှိနေတယ် သိလား၊ သူတို့တွေအတွက် ကိုယ်တို့ တော်လှန်ရေး ဆက်လုပ်ရဦးမယ်၊၊ စစ်သွေးကြွတဲ့ စိတ်တွေ၊ အတွေးအခေါ်တွေနဲ့ မဟုတ်ဘူးနွယ်။ လူတိုင်းမလုပ်နိုင်တဲ့ စွန့်လွှတ်မှုမျိုးနဲ့ ကိုယ်တို့လုပ်ကြမှာ ၊ ကိုယ့်ကို ပါရမီဖြည့်မဲ့ နွယ့်ကိုတခါတလေ အားနာမိတယ်။ ကိုယ်ဖြည့်ဆည်းနိုင်မှုတွေ သိပ်မရှိဘူးနော်၊ ခုကတည်းက ကိုယ်တောင်းပန်ထားမယ်၊၊ ကိုယ့်ဆီက သိပ်ပြီး မမျှော်လင့်နဲ့နော်။ ”
ခပ်ဖြည်းဖြည်းပြောနေတဲ့ စကားသံက ကျမစိတ်တွေကို သိမ်မွေ့သွားစေသည်။
“ဟာ၊ မောင်ကလည်း၊ နွယ့်စိတ်ကို သိသားနဲ့ ၊ လာပြီးတောင်းပန်နေစရာလား။ ဘယ်လိုဖြစ်ဖြစ် နေတတ်ပါတယ်လို့ ပြောထားပြီးသားလေ။ နွယ်က မောင်လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့၊ မောင့်တော်လှန်ရေးခရီးကို တတ်နိုင်သလောက် ပံ့ပိုးပေးနိုင်ဖို့ မောင့်နောက်ကို လိုက်လာတာလေ ။ မောင့်ရဲဘော်တွေကို မောင့်လိုပဲ ဖြည့်ဆည်းနိုင်သလောက် ဖြည့်ဆည်းပေးဖို့လဲ ဆုံးဖြတ်ထား ပြီးသား။ မောင့်ကို သူတို့ဆီက ခွဲထုတ်သွားမှာ မဟုတ်ဘူး။ သူတို့ နောက်ထပ် အမတစ်ယောက် ထပ်ရမှာ၊ အဲလိုပဲ ဖြစ်မှာလေ မောင်ရဲ့၊ မောင်က စပြီး အတွေးခေါင်နေပြန်ပြီ၊ အဲဒါ အထင်သေးတာလား”
ခပ်နွဲ့နွဲ့ ကျမစကားဆုံးတော့ မျက်စောင်းက ပါသွားပြီ။ မောင်က တဟားဟား အော်ရယ်ရင်း ကျမလက်ကိုဆွဲကာ လက်ညှိုးထိုးရင်း စကားဆက်တော့သည်။

“အထင်မသေးပါဘူး အမတော်ရယ် ၊ အခု မြင်နေရတာ ကိုယ်တို့စားဖိုဆောင်လေ၊ ရောက်တော့မယ်၊ လာမြန်မြန်လျောက်၊ ပြီးတော့ ကိုယ့် ရဲဘော်တွေ ရှေ့မှာတော့ မောင်လို့ မခေါ်နဲ့နော်။ သိလား။”
“သိတယ်၊ သိတယ်။ အရင်တုန်းက ဒီလိုခေါ်ဖို့ သူပဲသင်ပေးထားပြီးတော့ အခုသူ့ရဲဘော်တွေနဲ့မှ ရှက်နေပြန်ပြီ။ နွယ်ကလည်း နှစ်ယောက်တည်းမို့ ခေါ်တာပါ။ သူများတွေရှေ့ မခေါ်သေးဘူး၊”

စားဖိုဆောင်လို့ခေါ်တဲ့ တဲလေးနောက်ဖက်ကို ကျမတို့ရောက်သွားတော့ မဆလာနံ့က သင်းနေသည်။ ထမင်းချက်နေတဲ့ ရဲဘော်က ကျမတို့ကို ပြုံးပြီး သူ့လက်ရာအကြောင်း ပြောပြတော့သည်။
“အမတို့ လာမယ်ဆိုလို့ ကြက်တစ်ကောင်ကို ဘူးသီးနဲ့ ရောချက်နေတာ။ ကျနော်ကကြက်ကို သတ်လည်း မသတ်ရဲ။ ကိုင်လည်း မကိုင်တတ် ဖြစ်နေတာနဲ့ ကြာနေတာ။ နို့မို့အမတို့ ဘူးသီးပဲစားရတော့မှာ ၊ ညီညီက ကိုင်ပေးသွားလို့ တော်သေးတယ်။”
“အယ်၊ သေနတ်ကိုင်ပြီး ကြက်မသတ်ရဲဘူးလား”
“အမကလည်း ၊ သေနတ်က ရန်သူကို တိုက်ဖို့လေ၊ ကြက်က ကိုယ့်ရန်သူမှ မဟုတ်တာ”
“အမ သူလျောက်ပြောနေတာ၊ သူ ကြက်မသတ်ရဲတာ အမှန်ပဲ။ အဲလိုပဲ သူရဲကြောက်တတ်တဲ့ ရဲဘော်လည်း ရှိသေးတယ်။ ကျနော်တို့ ဖြည်းဖြည်းပြောပြမယ်နော်။”
တယောက်နဲ့ တယောက်စနောက်ပြီး ရယ်နေကြတဲ့ ရဲဘော်တွေကြားမှာ ကျမက ချက်ချင်း နေသားကျသွားခဲ့ရပြီ။ တကယ်တော့ ကျမတို့အားလုံးဟာ ပန်းတိုင်တခုတည်းကို လျှောက်နေကြတဲ့ ယုံကြည်ချက်တူသူတွေ မဟုတ်လား။ တသားတည်း ဖြစ်သွားဖို့ လွယ်ကူချောမွေ့ခဲ့ပါသည်။
ကျမတို့ အိပ်ဖို့ စားဖိုဆောင်နှင့် မျက်နှာချင်းဆိုင်၊ အနီးဆုံးတဲကလေးကို နေရာပေးသည်။ စားဖိုဆောင်နှင့် တဲကလေးကြား တွင် ၀ါးနှင့်လုပ်ထားသော စားပွဲခုံကလေး၊ အဲဒီဝါးစားပွဲခုံကလေးကို သစ်တုံးထိုင်ခုံလေးတွေက ပတ်လည် နေရာယူထားသည်။ ကျမတို့အားလုံး ညစာကို စားဖိုဆောင်ထဲက သစ်သားနှင့်ရိုက်ထားသည့် စားပွဲခုံရှည်ကြီးမှာ ၀ိုင်းဖွဲ့စားကြသည်။ သုံးယောက်ကို ဟင်းတခွက်နှုန်း ခွဲတမ်းချထားပေးသည်။ ကျမမြို့က၀ယ်လာတဲ့ စားစရာတွေကိုတော့ ရိက္ခာကိုင်တဲ့ ရဲဘော်မောင်ချစ်ကို အပ်လိုက်ပြီးသားဖြစ်သည်။
ညနေ နေစောင်းချိန်အလှကတော့ စာဖွဲ့လို့မမီနိုင်အောင် လှနေသည်။ ရဲဘော်တွေ ရေချိုးတဲ့ ရေချိုးဆိပ်ကို သွားတော့ တောင်စောင်းကို ပတ်ပြီးသွားရသည်။ တောင်အဆင်းလမ်းကို ကျမက မလျှောက်တတ်တော့ ချွေးတွေရွှဲပြီး မျက်နှာကနီနေပြီ။ ရေတခါချိုးဖို့ သွားရတာမလွယ်ပေမဲ့ တောင်စောင်းနဲ့ကပ်လျက် ရေချိုးဆိပ်ကလေးကတော့ သာယာလွန်းလှသည်။ မိုးမခပင်ကို အခုမှမြင်ဖူးတဲ့ ကျမကတော့ အဆိုတော် ကိုမွန်းအောင် သီချင်းကို တမ်းတမ်းတတ ဆိုပစ်လိုက်မိသည်။

ညနေ နေရောင်အောက်ကတောက်ပနေတဲ့ ရေအရောင်ရယ်။ မိုးမခပင်က အရွက်ရှည်ရှည်လေးတွေရယ်က သဘာဝရှုခင်း စစ်စစ်ဖြစ်သည်။ ရဲဘော်တွေ ရေကူးတော့ ဟိုဘက်ကမ်းက သောင်ပြင်ထိကူးသွားကြပြီး ကျယ်ပြန့်ပြန့်သောင်ပေါ်မှာ အရွက်တွေ လိုက်ခူးသည်။ တို့စရာလုပ်ဖို့လေ အမရဲ့လို့ပြောလည်းပြော၊ ခူးလည်းခူးလာကြသည်။ စက်လှေဖြတ်မောင်းသွားတော့ လက်ပြ နှုတ်ဆက်ကြတာ ကလေးလေးတွေကဲ့သို့ပင်။
“အမမပြန်ခင် သောင်ရင်းမြစ်ထဲကငါးကို များကျွေးဦးမယ်။ ကျနော်တို့ ညဘက်ထွက်ပြီး ကွန်ပစ်မှာ၊ စားဖြစ်အောင် စားသွားဦးနော်”

ရေချိုးပြီး ပြန်တက်လာတော့ အသွားတုန်းကလိုမဟုတ်ပဲ လွယ်လွယ်ကူကူပဲ ဖြစ်နေသည်။ “အော်၊ ဒါကြောင့် တောင်အတက်ထက် အဆင်းကခက်တယ်လို့ ပြောကြတာကိုး”လို့ပြောတော့ မောင်က ရယ်မောနေသည်။ အသွားတုန်းက ပြန်လို့မရရင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ မေးခွန်းကို မဖြေခဲ့ပဲ ဖြစ်သွားမှာပါဆိုတဲ့ အကြည့်နဲ့ကြည့်ခဲ့တာကို ပြန်သတိရမိပြီး ကျမက စိတ်ကောက်ချင်လာပြီ။ ရေချိုးပြီး ပြန်တက်လာတဲ့ ကျမတို့တွေကို ထမင်းစားဖို့ စောင့်နေကြသည်။

“ဘယ်လိုလဲ အမရဲ့။သွားနိုင်ရဲ့လား။ နောက်နေ့ မသွားနိုင်ရင် စိမ့်တွင်းမှာပဲ ရေချိုးပါ။ အမကိုခွင့်ပြုပါတယ်။” ကျောင်းဆရာရဲ့ စကားကို ကျမက ခေါင်းခါပြလိုက်သည်။ “ရေချိုးသွားရတာ ခက်ပေမဲ့ ရဲဘော်တွေ နေ့တိုင်းဒီလိုပဲ သွားနေတာပဲ။ အမလည်းသွားနိုင်ပါတယ်။ ဒါပေမယ့် ဟောဟဲ၊ ဟောဟဲ” ကျမက ခပ်နောက်နောက်ပြန်ပြောတော့ အားလုံးဝိုင်းရယ်ကြသည်။ ကြက်သားနဲ့ဘူးသီးဆိုတော့ ထမင်းဝိုင်းက စည်ကားလှသည်။ ထမင်းစားပြီး လ္ဘက်သုတ်စားကြမလား မေးတော့
“လဘက်ကိုနေ့လည်ကျမှ ထမင်းနဲ့စားလေအမရဲ့၊ အခု ကော်ဖီမစ် တယောက်နှစ်ထုပ်ဝေမယ်။ ညတထုပ်၊ မနက်တထုပ်ပေါ့။ ရဲဘော်တွေ ကော်ဖီမသောက်ရတာကြာပြီ။ အမကလည်း အများကြီးဝယ်လာတော့ အတော်ပါပဲ။”
သူတို့အစီအစဉ်က ကောင်းနေတော့ ကျမသဘောအကျကြီး ကျနေရတော့သည်။ ကော်ဖီမသောက်တဲ့ သူအတွက် ပြောင်းကွေကာဝေပေးသည်။ ဒီတော့မှ ကော်ဖီမစ်တွေ ကျမ၀ယ်စဉ် ပြောင်းမစ် တထုတ် ထည့်ဝယ်နော်လို့ ပြောတဲ့ ခင်ပွန်းသည်စကားကို နားလည်ရတော့သည်။

ဝါးစားပွဲခုံလေးမှာ ထိုင်ရင်း ကျမတို့ရေဒီယိုနားထောင်ကြသည်။နိုင်ငံရေးအကျဉ်းသားဟောင်း သက်နိုင်ဦး အရိုက်ခံရပြီး သေဆုံးသွားတဲ့ သတင်းက ဆက်တိုက် လွှင့်နေချိန်။ ရဲဘော်တွေက တက်တခေါက်ခေါက်၊ “နအဖက ရန်ငါစည်း ပြတ်တယ်အမရဲ့၊ ကျနော်တို့ကလည်း ပြတ်ရမယ်။ ကြံ့ဖွတ်တို့ ၊ စည်ပင်ရဲတို့ဆိုတာ အိမ်ကြက်ချင်း အတိုက်ခံနေရတာ၊ ”
တပ်ခွဲမှူး ကျောင်းဆရာရဲ့စကားကို အားလုံးက ခေါင်းညိတ်လက်ခံကြသည်။ ပြီးတော့ အစီအစဉ်တွေ၊ သတင်းဌာနတွေ တခုပြီး တခုနားထောင်ကြ ဆွေးနွေးကြနှင့် စကားဝိုင်းက စည်ကားနေသည်။ ဒီတပ်ရင်းမှာ ရေဒီယိုတွေများလှချည်လားလို့ ကျမကမေးတော့ လှူတဲ့သူတွေရှိလို့ မဲဖောက်ထားတာ သိပ်မကြာသေးဘူး။ အရင်က ရေဒီယိုတောင် တလုံးပဲရှိတာ ဟု ဖြေကြသည်။

ကျမကလည်း ရောက်စဆိုတော့ သူတို့တွေနှင့်စကားပြောကောင်းဆဲ၊ အစွန်ဆုံးတဲက ရဲဘော်တစ်ယောက် ပြေးလာသည်။
“တပ်ရင်းမှူး၊ ဟိုဘက်တပ်က သတင်းပို့တယ်။ လူတွေအများကြီးဒီဘက်လာသံကြားတယ်တဲ့၊၊ ”
ခုနက စကားကောင်းနေတဲ့ ရဲဘော်တွေ အားလုံးသေနတ်ပြေးဆွဲ ၊ ကျည်ဘောက်ထည့်သံတွေ၊ မီးမှုတ်တဲ့သူတွေနှင့် ကျမမျက်စေ့ရှေ့ကနေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသည်။
လရောင်အောက်မှာ သူတို့တွေ တစ်ယောက်မှ မတွေ့ရတော့။ ကျမလက်ထဲကို လက်နှိပ်ဓါတ်မီးအသေးလေး တခုကို တယောက်က လာထည့်ပေးသွားသည်။ အမှောင်ထဲမှာ ကျမတို့တဲကို စမ်းသွားခဲ့ပြီး ကင်မရာအိတ်ကို လွယ်လိုက်သည်။ တိတ်ဆိတ်ငြိမ်သက်သွားတာ ၁၅ မိနစ်လောက်ရှိမည်။ အဝေးက အုန်းမောင်းခေါက်သံ ကြားရသည်။ ကျမရပ်နေရာနားကို ကျမရဲ့မောင်က ရောက်လာသည်။ ၀ါးစားပွဲခုံလေးနေရာကို ကျမတို့ ပြန်သွားထိုင်ပြီး သိပ်မကြာခင် ရဲဘော်တစ်ယောက် သတင်းလာပို့သည်။
“တပ်ရင်းမှုး၊ ရွာသားတွေ ဖြတ်သွားတာ ဖြစ်မယ်။ အခုထိ ဘာမှ မတွေ့ရတော့ဘူး။ ခုနက မီးရောင် သုံးလေးခုနဲ့ လူသံကြား လိုက်လို့ ဒီဘက်ကို လာသတင်းပို့တာလို့ ပြောတယ်။ ကျနော်စက်နဲ့ အောက်ကိုလည်း မေးပြီးပြီ၊ ဘာမှ မရှိဘူးတဲ့။”

“ဒါပေမဲ့ ဒီည ကင်းသေသေချာချာ ချလိုက်နော်၊မီးမထွန်းနဲ့၊ ကျည်မထိုးနဲ့၊သတိတော့ရှိ”
အခြေအနေ အေးဆေးသွားတာ သေချာတော့မှ ကျမတို့တယောက်မျက်နှာ တယောက်ကြည့်ကာ ရယ်မိကြသည်။
“နွယ်ရောက်တုန်း မှတ်မှတ်ရရ ဖြစ်သွားတာပေါ့။ နွယ် မကြောက်တတ်တာကိုသိပေမယ့် နောက်ဆံတော့ တင်းတယ်ကွ။ အမယ် သူ့ဗွီဒီယို ကင်မရာအိတ်ကိုတော့ ပြေးဆွဲဖြစ်အောင် ဆွဲသေးတယ်။”
“ဒါမှ တိုက်ပွဲဖြစ်ခဲ့ရင် နွယ်တယောက်ထဲရတဲ့ အခွေဖြစ်သွားမှာပေါ့။ အဲဒါဆို ဒေါ်လာနဲ့ ရောင်းစားမှာ”
“ဟာအမက ကျနော်တို့ကို မစိုးရိမ်ဘူးလား။ ”
အနားကိုရောက်လာတဲ့ ရဲဘော်ကိုစိန်ရိုးက ၀င်မေးသည်။ ကျမက သူတို့ရဲ့ လျင်မြန်မှု၊ သတိရှိမှုတွေကို သဘောကျပြီး ပျော်လို့နောက်နေတာဟု ပြောပြတော့ သူပြန်ပြောတဲ့စကားတွေက ကျမကို အမြဲအမှတ်ရစေသည်။
“ကျနော်တို့က စစ်ကိုပျော်လို့တိုက်နေတာ မဟုတ်ပါဘူးအမရယ်။ ကျနော်တို့လည်း တိုက်ပွဲဖြစ်ရင် သေမှာကြောက်တာပါပဲ။ ဒါပေမဲ့ တိုက်ရင်းမသေလည်း အပြင်မှာ တနေ့သေနေ့စေ့ရင် သေရမှာပဲလေ၊၊ ကိုယ်တယောက်တည်း စွန့်လွှတ်နေရတာမဟုတ်ဘူး။ ကိုယ့်လိုပဲ ရဲဘော်တွေအများကြီးစွန့်လွှတ် ဖြတ်သန်းနေတာမြင်နေရတော့ ကျနော်တို့ရပ်တည်နိုင်ခဲ့တယ်။ ကိုယ့်မျက်စေ့ရှေ့မှာတင် ကျဆုံးသွားတဲ့ ရဲဘော်တွေ၊ ခြေတွေ လက်တွေ ပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေအတွက် ကျနော်တို့ ဆက်ပြီး တော်လှန်ရေးလုပ်ရဦးမှာပါ။ မင်းတို့တောထဲမှာ ဘာလုပ်မှာလဲလို့ တချို့တွေက ပြောကြတယ်။ တဦးချင်းလွတ်လပ်မှု၊ ကောင်းစားမှုကို ကျနော် မလိုချင်ဘူး။ ငါတို့ တိုင်းပြည်ကို ငါတို့ဖန်တီးမယ်ဆိုပြီး ကျနော် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့တာပါ။ ”

ခပ်ဖြည်းဖြည်းပြောတဲ့ သူ့စကားသံက သူ့ရင်ထဲကလာတယ်ဆိုတာ ကျမလက်ခံမိလိုက်သည်။ ကျမဘာမှပြန်မပြော နိုင်ခဲ့တော့ပါ။ ကျမကတော့ အချို့သောသူတွေ ပုတ်ခတ်နှိမ်ချပြောဆိုရေးသားမှုတွေကို ဒီကရဲဘော်တွေ ဘယ်လိုခံစားမလဲ။ သူတို့ရွေးချယ်တဲ့ တော်လှန်ရေးလမ်းကြောင်းအပေါ် သူတို့ ဘယ်အတိုင်းအတာထိ ယုံကြည်ချက်ရှိသလဲ ဆိုတာတွေ သိချင်စိတ် ပွားများ လာတော့သည်။

“အခုညဥ့်နက်နေပြီ။ နောက်နေ့တွေ ကျန်သေးတယ်၊၊ ပြောဖို့ချန်ထားကြဦး။”ခင်ပွန်းသည်ရဲ့ စကားသံကို နာခံပြီး အိပ်ရာထဲ ၀င်ခဲ့ပေမယ့် အဲဒီညက ကျမကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပါ။ သူတို့တွေက ကင်းစောင့်လို့၊ ကျမက အိပ်လို့ဆိုတော့ မတရားသလိုလို။ သူတို့တွေ တောထဲမှာနေတုန်း ၊ ကျမက မြို့ပေါ်မှာနေတာ မတရားသလိုလို။ ကိုစိန်ရိုးစကားသံက ကျမနားမှာ အခုပဲပြောနေသလိုလို၊ တဦးချင်းလွတ်လပ်မှု၊ တယောက်ချင်း ကောင်းစားမှုတဲ့၊ မနက်ကျရင်တော့ ရဲဘော်တွေနဲ့ စကားပြောဖြစ်အောင် ပြောမယ်လို့ စိတ်ကူးရင်း ၊ ဘယ်လူးညာလှိမ့်နှင့် မိုးလင်းခဲ့သည်။

မနက်ခြောက်နာရီကျော်ကျော်မှာ စားဖိုဆောင်ကို အိပ်ရာထဲမှ လှမ်းကြည့်လိုက်တော့ ရဲဘော်တွေ
ကော်ဖီသောက်သူက သောက်၊ ထမင်းချက်သူကချက်၊ ရေထမ်းသူကထမ်းနှင့် အသက်ဝင်နေတဲ့ စခန်းကုန်းလေးဖြစ်နေသည်။ ဗွီဒီယိုကင်မရာကို ပြင်ဆင်ရင်း သူတို့ဆီကို သွားတော့...
“အမရေ ၊ မင်းသားဖြစ်ကိန်းရှိတယ်လို့ ဗေဒင်ဟောထားတာ မှန်နေပြီ။ ကျနော် ၀ါးရုံတောထဲမှာ နေ့တိုင်းကျင့်ထားတာ။ အသေအချာ ပါအောင်ရိုက်နော်။” ရေနွေးထည့်ရင်း ရယ်ရယ်မောမော ပြောနေတဲ့ ရဲဘော်ကိုလှမ်းကြည့်လိုက်တော့ တကယ့်ကို ဗွီဒီယိုမင်းသား နေထက်လင်းရုပ်ဖြစ်နေသည်။
“နေထက်လင်း၊ တော်လှန်ရေးကား လာရိုက်နေတာလို့ ထင်နေတာ နေထက်လင်း မဟုတ်ဘူးလား။ ”
ကျမက ခပ်နောက်နောက်ပြန်ပြောလိုက်တော့ ရဲဘော်တွေ တ၀ါးဝါးဖြစ်ကုန်သည်။ မနက်နေမပူခင် မိုးတွင်းအတွက် ထင်းပင်တွေလှဲတာ၊ လွှဆွဲပြီး ဖြတ်နေတာ၊ ထင်းပေါက်နေတာ အားလုံးကို အမိန့်ပေးစေခိုင်းတာမဟုတ်ဘဲ ကိုယ့်အသိစိတ်နှင့်ကိုယ် လုပ်ဆောင်နေကြတာ မြင်ရတော့ ခံယူချက်တွေ၊ယုံကြည်ချက်တွေ တူညီနေမှသာ ဒီလိုနေလို့ဖြစ်မည်။ နို့မို့ဆို အလုပ်ကိုတွက်ကပ်၊ အစားကိုတွက်ကပ်နှင့် စည်းလုံးမှု မရှိဖြစ်လိမ့်မည်ဟု ယူဆမိသည်။

မနက်စာကို နေ့စဉ် ပဲဟင်းစားကြရပြီး ဒုက္ခသည်ပဲလို့ခေါ်ကြသည့် ပဲဝါလေးကို တနေ့သုံးဗူးနှုန်းချက်သည်။ လူများလျင်ရေများများ၊ လူနည်းလျှင်ရေလျော့ထည့်၊ ချက်သည့် ရဲဘော်ကွာခြားသွားသလို အရသာ ကွာခြားကြောင်း ကျမနေခဲ့သည့် တပတ်အတွင်း လက်ရာတွေက သက်သေခံနေသည်။ မနက်စာစားပြီး ခဏနားနေချိန်တွင် ကျမတို့ စကားဝိုင်းစဖြစ်သည်။
“သူ့အမြင်ကိုယ့်အမြင် ပြောကြတာပေါ့၊ အမရောက်တုန်း ရောက်ခိုက် ရင်ဖွင့်စရာတွေ ရှိရင်လည်း ရင်ဖွင့်နိုင်တယ်နော်၊၊”
“အမသိချင်တာလေးတွေရှိတယ်လို့ မနေ့ကပြောထားတယ်။ အဲဒီမေးခွန်းနဲ့ စကားဝိုင်းကို တည်လိုက်ပါလားအမ”
ကျမကို သူတို့က မေးခွန်းထုတ်ခိုင်းနေခဲ့ပြီ။ ကျမ ဒီစခန်းကုန်းကို မေးခွန်းတွေနဲ့ တက်လာတာလို့ မနေ့ကညစာစားနေစဉ် ခင်ပွန်းသည်ကသူ့ရဲဘော်တွေကို ချွန်တွန်းလုပ်ပြီး သတင်းပို့ခဲ့ပြီဖြစ်သည်။ ကျမကလည်း ဖြေဖို့စောင့်နေသူတွေအတွက်မေးပေးရဦး တော့မည်ပေါ့။

“အမသိချင်တာ အခုဒီတပ်ရင်းကကျောင်းသားတပ်မတော်ကို နောက်ဆုံးရောက်တဲ့သူကိုသိချင်တယ်။ သူ့ကိုမေးချင်တယ်။”
“အဲဒါဆို ကျနော်ပဲအမ။ အမမေးခွန်းတွေကို ဖြေဖို့ အသင့်ပဲ။”
ကျမကိုဖြေတဲ့ရဲဘော်က အသားခပ်ညိုညို၊ပိန်ပိန်သေးသေး၊မျက်မှန်တပ်ဆင်ထားသူ။ ရဲဘော်မာန်ဇူးဖြစ်ပြီး ရူပဗေဒအဓိကနှင့် ဘွဲ့ရကာ လူမှုစီးပွားဒီပလိုမာကို ထပ်မံရရှိထားသူ အသက် ၂၉ နှစ်အရွယ် ရန်ကုန်သားဖြစ်သည်။
”ဒါဆိုရင်ကျနော်လည်း ဖြေမယ်အမ။ ကျနော်နဲ့ သူနဲ့ တရက်တည်းရောက်ခဲ့တာ”
တက်တက်ကြွကြွနှင့် နောက်ထပ်ဖြေမယ့်တစ်ယောက်အဖြစ် ပြောလာသူက ငှက်ဖျားဖြစ်လို့ အိပ်နေရာကကျမတို့ စကားဝိုင်းကို နားထောင်နေသူရဲဘော်သားကြီးဖြစ်သည်။ သူကထောင်ထောင်မောင်းမောင်း၊အသားညိုညို ပွင့်လင်းရိုးသားသော မျက်နှာမျိုးနှင့် ရန်ကုန်သားတစ်ယောက်ပဲဖြစ်နေပြန်သည်။ မေမြို့တပ်မတော်နည်းပညာတက္ကသိုလ်မှာ ၃ နှစ်တက်ခဲ့ပြီး ဗွဤ၍ ဒီပလိုမာရရှိခဲ့သူ၊ အဝေးသင်တက္ကသိုလ်နောက်ဆုံးနှစ် ဖြေဆိုပြီးမှ တောခိုလာသူ။
သူတို့နှစ်ယောက်ဆိုတော့ ကျမမေးခွန်းက ပိုလို့အသက်ဝင်မည်ထင်ပါသည်။
“မင်းတို့နှစ်ယောက်က ဘာ့ကြောင့် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့တာလဲ။ အခုလူများစုက လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်နေကြတယ်။ ကမ္ဘာမှာလည်း လက်နက်ကိုင်လမ်းစဉ်ကို ခေတ်မစားတော့ဘူး။ အကြမ်းဖက်ခြင်း ဆိုပြီးတော့ အချို့သောလူတွေက ဝေဖန်ပြစ်တင်နေကြတဲ့ အချိန်မှာ မင်းတို့လို လူလတ်တန်းစား၊ ခေတ်ပညာတတ်တွေက ဘာကြောင့်ဒီ ကြမ်းတမ်းတဲ့ ခရီးလမ်းကိုမှ ရွေးချယ်သလဲ၊ အဲဒါကို အမသိခွင့်ရရင် သိချင်တယ်။”
ကျမမေးခွန်းက သူတို့ထင်မှတ်မထားတဲ့ မေးခွန်းမျိုး ဖြစ်နေပုံရသည်။ ကျန်တဲ့ရဲဘော်တွေပါ လှုပ်လှုပ်ရွရွဖြစ်ကုန်သည်။
“နအဖလို စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ အချုပ်အချာအာဏာကို ခြိမ်းခြောက်နိုင်မှသာ ပြန်လည်ရင်ကြားစေ့ရေးတို့၊ တွေ့ဆုံဆွေးနွေးရေးတို့ကိုတောင်းဆိုနိုင်မယ်။ သူတို့ကို ခြိမ်းခြောက်နိုင်ပြီဆိုရင် သူတို့ကိုယ်တိုင်ကတောင်းဆိုလာမှာပဲ အမရဲ့၊ဒါကို လက်နက်ကိုင်တော်လှန်ရေးက တထောင့်တနေရာကနေပံ့ပိုးနိုင်မယ်လို့ ကျနော်ယုံကြည်တယ်။ ပါတီနိုင်ငံရေးကိုမကန့်ကွတ်၊ မရှုတ်ချပါဘူး။ ကျနော်တယောက်တည်းယုံကြည်ချက်ကတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ အောင်ပွဲခံရန် စိတ်ကူးခဲ့ပါတယ်။ လက်နက်အားကိုးနေသူတွေကို ခြိမ်းခြောက်နိုင်မှသာ ကျနော်တို့ပန်းတိုင်ရောက်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လက်နက်ကိုင် တော်လှန်ရေးလမ်းကို ကျနော်ရွေးချယ်ခဲ့တာပါ။ နအဖကို ရွှေပြည်အေး တရားဟောလို့ ရမှာမဟုတ်ပါဘူး။”
ရဲဘော်သားကြီး အဲဒီလိုပြောပြနေချိန်မှာ သူ့မျက်လုံးတွေက ခိုင်မာမှုတွေနှင့် တောက်ပနေသည်။ ရဲဘော်မာန်ဇူးကလည်း ဆက်ပြောပြန်သည်။
“နိုင်ငံရေးကျင့်ဝတ်အရ ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုခဲ့ရင် ကျနော်ဒီကိုရောက်လာမှာ မဟုတ်ပါဘူး။ ဘောပင်ကိုင်တဲ့ လက်အနေနဲ့ လက်နက်ကိုင်မတိုက်ချင်ပေမယ့် အာဏာရှင်တွေဆီက အလွယ်တကူမရနိုင်ဘူးဆိုတာ သမိုင်းတွေမှာ ရှိခဲ့ပါတယ်။ ကျောင်းသားတပ်မတော်ဆိုတာ ဗကသကနေပေါက်ဖွားလာတာပါ။ ဗမာပြည်မှာရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေ အားလုံးဟာ အေဘီနဲ့ ရှောင်ခွာလို့ မရပါဘူး။ တချိန်မှာ တာဝန်ကျလာမယ်ဆိုရင် မလွဲမသွေ ထမ်းဆောင်ရမယ့် တာဝန်ပါပဲ။ ဒီတာဝန်တွေကို ထမ်းဆောင်ဖို့ ကျနော်ဒီကိုရောက်နေတာပါ။ ပါးစပ်နဲ့တောင်းလို့မရနိုင်တော့ဘူးလို့ ကျနော်ယုံကြည်တယ်။ ဖြတ်သန်းမှုတွေရှိရမှာပါ။ ပါးစပ်နဲ့၊ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ တောင်းလို့ရခဲ့တဲ့ နိုင်ငံတွေဟာ အတိတ်မှာ လက်နက်ကိုင်ဖြတ်သန်းမှုတွေ ရှိခဲ့ပါတယ်။ ခုနက သားကြီးပြောသလိုပါပဲ။ ခြိမ်းခြောက်နိုင်ဖို့ ကျနော်တို့ကြိုးစားရမှာပါ။ ကျနော်အိမ်က ထွက်လာကတည်းက အေဘီအပေါ်ပိုင်းဖြတ်ပြီး ၀င်လာခဲ့တာ၊ဒီမိုကရေစီ ရရှိပြီးခဲ့ရင်လည်း အေဘီဟာ အသွင်ပြောင်းပြီး ဆက်ရှိနေဦးမယ်လို့ ကျနော်ပြောချင် ပါတယ်။ ”
သူတို့နှစ်ဦး၏စကားကို နားထောင်နေကြသည့် ရဲဘော်တွေအားလုံး၏မျက်လုံးတွေက ကျမဆီသို့ရွေ့လာသည်။ သူတို့လည်း သူတို့ခံစားချက်တွေ၊ ယုံကြည်ချက်တွေကို ပြောပြပါရစေလို့ တောင်းဆိုနေကြတဲ့ တက်ကြွသောမျက်ဝန်းတွေ။ သူတို့တွေကို ကြည့်နေရင်းက အခမ်းအနားတခုမှာ ကရင်အစည်အမျိုးသား အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှုး ဖဒိုမန်းရှာ ပြောခဲ့သည့် စကားသံတွေကို ကျမက ပြန်ကြားယောင်လာမိသည်။
“စစ်ဆိုတာ တရားတဲ့စစ်နဲ့ မတရားတဲ့စစ်ရှိတယ်။ ကိုယ့်လွတ်လပ်ခွင့်အတွက် ခုခံတော်လှန်တဲ့စစ်ကတော့ တရားတဲ့စစ်ပါပဲ ။ ကမ္ဘာမှာ စစ်ပွဲတွေကို စစ်ပွဲတွေနဲ့သာ အဆုံးသတ်နိုင်ခဲ့တယ်။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် အဆုံးသတ်ကတော့ အတူတူပါပဲ။”

ကျမတို့မျိုးဆက်တွေကို ဒိုင်ယာလော့ မျိုးဆက်လို့တချို့တွေက ခေါ်ချင်ကြသည်။ ဒါပေမယ့် ဘ၀တွေ၊ဖြတ်သန်းမှုတွေ မတူခဲ့ကြလို့ ခံယူချက်တွေ၊ ယုံကြည်ချက်တွေ မတူတာလို့ ကျမက စဉ်းစားမိဖူးသည်။ ကျမစဉ်းစားချက်တွေကို ဒီရဲဘော်တွေက သက်သေပြနေပြီ။ ဒိုင်ယာလော့မျိုးဆက်နှင့် တခေတ်တည်း၊ ခေတ်ပညာတတ်မျိုးဆက်တွေက ဒီလိုမျိုးတွေးခေါ်စဉ်းစားပါသည် ဆိုတာကို ကျမကအသိအမှတ်ပြု မှတ်တမ်းတင် ထားချင်သည်။
ဆရာဗန်းမော်တင်အောင်ပြောခဲ့ဖူးသလို လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ သူဖြတ်သန်းခဲ့တဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို ဘယ်လောက်ထမ်းဆောင်ခဲ့သလဲ ဆိုတာနဲ့ တိုင်းတာရမယ်တဲ့။

တော်လှန်ရေးကို လုပ်စားနေသူတွေ တွေ့နေရသလို တော်လှန်ရေးကို အလုပ်အကျွေးပြုနေသူတွေလည်း ရှိတယ်ဆိုတာ သမိုင်းက မှတ်တမ်းတင်ပြောပြပါလိမ့်မည်။ အချိန်ကိုတော့ စောင့်ရပါမည်။ အချိန်သည်သာ အကောင်းဆုံးတရားသူကြီးမဟုတ်ပါလား။ ။

သောင်ရင်းမြစ်ရဲ့ တစ်ဘက်ကမ်းမှာ - နှစ်

စခန်းကုန်းလေးရဲ့ မနက်ခင်းကို မှတ်တမ်းတင်ဗွီဒီယိုရိုက်ဖို့ ကျမစောစောထဖြစ်သည်။ မြူတွေက ဝေဆိုင်းနေသည်။ အလင်းရောင်ရှိနေပေမဲ့ နေကိုတော့ မမြင်ရသေးပေ။ နွေရာသီပေမယ့် မြူးခိုးတွေဝေနေပြီး အေးနေတာမို့ အနွေးထည်ပါမသွားတဲ့ ကျမက မျက်နှာသုတ်ပါဝါကို ပတ်ထားရသည်။ စခန်းပတ်လည်ကို ကျမနဲ့မောင်ကလမ်းလျောက်ဖို့ ဆုံးဖြတ်ပြီး ကင်မရာတွေ ၊ ဒေါက်တွေကို လွယ်ကာထွက်ဖြစ်တော့ ရဲဘော်နိုင်နိုင်က သူလည်းလိုက်ခဲ့မည်ဆိုကာ သုံးယောက်သား လမ်းလျောက်ဖြစ်ကြသည်။
စခန်းပတ်လည်ကို ၀ါးစည်းရိုးကာထားသည်။ ၀ါးချွန်တွေကို အပြင်ဘက်ထုတ်ပြီး စည်းရိုးကာထားတာ အင်မတန်လှတဲ့ ပန်းချီကားကြည့်ရသလို၊ ကျမဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ဖြစ်တော့သည်။ ဒါတွေ ဒီရဲဘော်တွေပဲ လုပ်တာလားဆိုတော့ မောင်က အလွန်ဂုဏ်ယူသော အပြုံးနှင့် ခေါင်းညိတ်ပြသည်။

“ကြည့်စမ်းပါဦး ၊ ဒီလောက်အရှည်ကြီးကို ဒီစည်းရိုးကာတာဆိုတော့ ရဲဘော်တွေ တော်လိုက်တာကွာ။ အပြင်ထွက် ကြည့်ချင်တယ်နော်” ပြောလည်းပြော တံခါးပေါက်ကနေ ခြေလှမ်းပြင်တဲ့ ကျမကို မောင်က အမြန်ဆွဲထားသည်။
“အမိ၊ အပြင်မှာ မိုင်းတွေခင်းထားတာ၊ အသွားမတော် တလှမ်းဖြစ်သွားမယ်နော်။ နွယ့်ကို ပြောပြထားဖူးတယ်လေ။ ဘာလို့ ခြေမြန်လက်မြန်ဖြစ်သွားရတာလဲ။ ဒီမှာ သွားမယ်လာမယ်ဆိုရင် အရမ်းအရမ်း မလုပ်ပါနဲ့ကွာ။ အသက်နဲ့ရင်းသွားရမယ်”
စိုးရိမ်တဲ့မျက်နှာနဲ့ ပြောသည့်မောင့်စကားကို နားထောင်ရင်း စစ်ရဲ့အနိဌာရုံတွေက တိုးဝင်လာသည်။
“စစ်ပွဲတပွဲဖြစ်ရင်တော့ ရင်းရတာပဲလေ။ သူမသေ ကိုယ်သေမှာဆိုတော့ ။ ဒီလိုပဲ အနှစ်ငါးဆယ်ရှိပြီ။ တိုက်လာခဲ့ကြရတာ။
မိုင်းတွေကတော့ ကိုယ်မဆင်လည်း သူဆင်တာပဲ။ ကိုယ့်မြေကိုယ့်ပိုင်နက်ထဲကို အလွယ်တကူမ၀င်နိုင်အောင် လုပ်ရတာပဲ။”

ဆုံခဲ့ဖူးသည့်ကရင်စစ်သည်တော်ကြီးရဲ့ စကားကို အခုမှ သဘောပေါက်တော့သည်။ ကိုယ့်အမှားနှင့်ကိုယ် ဖြစ်နေတာမို့ တိတ်တိတ်ဆိတ်ဆိတ်နှင့် အပေါ်စီးကမြင်နေရတဲ့ သောင်ရင်းမြစ် ကွေ့ကွေ့ကောက်ကောက်ကလေးကို မြူနှင်းတွေကြားမှာ မှတ်တမ်းတင်ရင်း စခန်းတပတ်ပတ်ဖြစ်ခဲ့သည်။
မနေ့ကကျမ၀ယ်လာသော ကောက်ညှင်းတွေကို ဆီထမင်းထိုးထားပြီး မနက်ခင်းစာ စားဖို့ အသင့်ဖြစ်နေကြပြီ။ ရဲဘော်တွေက ကျမမိုင်းကွင်းကို သွားမိတော့မလို့ဆိုတော့ “မလုပ်ပါနဲ့အမရယ်။ ဒီစခန်းကုန်းမှာ တယောက်တည်း ဘယ်ကိုမှ သွားဖို့မစဉ်းစားပါနဲ့။ ကျနော်တို့ ဘက်ကထောင်တဲ့မိုင်းကို ရွာသားတွေနင်းမိတာရှားတယ်။ သူတို့ထောင်တဲ့ မိုင်းတွေကိုနင်းမိကြတာများတယ်။ သူတို့က လူထုကို အသိမပေးဘူးလေ။ ကျနော်တို့က ဘယ်ကိုမသွားပါနဲ့ဆိုတာ ပြောပြထားပြီးသားလေ။”
ဆီထမင်းနှင့် ကော်ဖီမစ်သောက်ရင်း ကျမက သူတို့တဲလေးတွေကို ဘာဖြစ်လို့အိမ်လိုမဆောက်တာလဲလို့ မေးဖြစ်သည်။

ရဲဘော်ကျော်ကြီးက “အမရေ၊ ပြေးလို့ခုန်ချလို့ မြန်အောင်အခုလို ခုတင်ကို အမိုးမိုးထားရခြင်း ဖြစ်ပါတယ်ခင်ဗျာ”လို့ ခပ်သောသောအဖြေပေးတော့ မောင်က “တော်တော်ကပ်သီးကပ်ဖဲ့ မေးတတ်တယ်။ အဲဒီမေးခွန်းကို ဒီတခါပဲ ကြားဖူးသေးတယ်”
“နွယ်ကလည်းသိချင်တဲ့အတိုင်းမေးတာပဲလေ၊ သူများတွေက သိချင်ပေမယ့် အားနာလို့မမေးတာ ဖြစ်မယ်”
ကျမတို့နှစ်ယောက် စကားအခြေအတင် ဖြစ်လာတော့ ရဲဘော်တွေက အနိုင်လုရင်း ရန်ဖြစ်မှာ စိုးရိမ်ပုံရသည်။ မနေ့က စကားဝိုင်းကို ဆက်ပြောဖို့ တောင်းဆိုတော့သည်။ ရင်ဖွင့်ချင်တဲ့ ရဲဘော်တွေ ၊ စကားဝိုင်းကို နားထောင်ချင်တဲ့ ရဲဘော်တွေနှင့် ကျမတို့ဝိုင်းကလေးက စည်ကားလှသည်။

“ကျနော်တို့ကို သေနတ်တွေကိုင်ထားတယ်။ အကြမ်းဖက်သမားတွေလို့ တံဆိပ်ကပ်ပြီး အကြမ်းဖက်ခြင်းနှင့် လက်နက်ကိုင်တော်လှန်ရေးကို တချို့လူတွေက နားမလည်ဘူး၊ မခွဲခြားတတ်ဘူးအမရဲ့၊ အဲလိုလူတွေနဲ့တော့ စကားမပြောချင်ဘူး။ သူတို့တွေက စစ်အာဏာရူးတွေလက်ထဲက လူထုအာဏာကို လက်ဖြန့်ပြီး အသနားခံတောင်းရုံနဲ့ ရမယ်ထင်နေကြတယ်။ မကဒတရဲ့ လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တော်လှန်ရေး ပေါင်းစပ်တိုက်ပွဲဝင်ကြ ဆိုတဲ့ ဆောင်ပုဒ်ကို သူတို့မျက်ကွယ်ပြုထားကြတာလေ။ ကျနော်တို့ရော သူတို့ရော တိုက်ပွဲဝင်နေရတုန်းပဲဆိုတာ မေ့နေကြပုံပဲ။”ခံစားချက်တွေနဲ့ပွင့်အာထွက်လာတဲ့ ရဲဘော်ဇော်ဇော်အောင်ရဲ့ စကားကို နားထောင်ရင်း သူ့ကိုစူးစိုက်ကြည့်မိသည်။ တောင့်တင်းသန်မာတဲ့ သူ့ခန္ဓာကိုယ်မှာ ခိုင်မာတဲ့ မေးရိုးကားကားက သူ့ရဲ့စိတ်ဓါတ်အင်အားကို ဖော်ပြနေသည်။

ကျမကမေးခွန်းတွေမေးဖို့ထက် သူတို့ပြောပြချင်တာတွေကို နားထောင်ပေးဖို့ ပိုင်းဖြတ်လိုက်တော့သည်။ သူတို့ရဲ့ စွန့်လွှတ်နိုင်မှုတွေ ၊တောတောင်ထဲမှာ မြှုပ်နှံနိုင်မှုတွေဖြစ်စေဖို့ ဘယ်လိုခိုင်မာတဲ့ ယုံကြည်ချက်တွေ ၊ ဆုံးဖြတ်ချက်တွေက တွန်းအား ပေးခဲ့တာလည်းဆိုတာ သိချင်သေးသည်။ ဒီ့နောက်မှာတော့ သူတို့ပြောပြတဲ့ စကားသံတွေမှာ ကျမကနစ်မြောသွားတော့သည်။

ဆရာတော်လို့ အများက ချစ်စနိုးခေါ်တဲ့ ရဲဘော်က စကားသိပ်ပြောတာမတွေ့ရဘဲ သူများပြောတာကို နားထောင်ပြီး ရယ်နေတတ်သူဖြစ်သည်။ အခုတော့ သူကစပြီးပြောမယ်လို့ အဆိုတင်သွင်းလာသည်။ အသားဖြူဖြူ၊ ဗလကောင်းကောင်းနှင့် သူက စကားကိုခပ်ဖြည်းဖြည်း ပြောတတ်သည်။

“ကျနော်တို့ သူငယ်ချင်းနှစ်ယောက် တိုင်ပင်ပြီး ထွက်လာခဲ့ကြတာ။ ၂၀၀၁ခုနှစ်ကပေါ့။ အဖွဲ့အစည်းတွေ အများကြီးထဲက ကျောင်းသားတပ်မတော်ကိုပဲ ၀င်ကြမယ်လို့ ယုံယုံကြည်ကြည်ပဲ ရွေးချယ်ပြီး ထွက်လာခဲ့ကြတာ။ ခုချိန်ထိ ကျနော်တို့ နှစ်ယောက်စလုံး ဒီတပ်ရင်းတစ်ရင်းထဲမှာပဲ တာဝန်ကိုယ်စီ ထမ်းဆောင်နေဆဲပါ။ ကျနော်တို့က ပေါ်တာဆွဲတာတွေ ကိုယ်တွေ့ကြုံခဲ့ရတယ်။ စစ်အစိုးရရဲ့ဒဏ်ကို ခံစားဖူးတော့ ခုလိုတော်လှန်ရေးသမားဖြစ်နေတဲ့အတွက် ဂုဏ်ယူတယ်။ ပြည်သူတွေခံစားနေရတာမြင်ပြီး လက်နက်ကိုင်မှ ရမယ်။ ရေရှည်တိုက်ပွဲဝင်ရမယ်လို့ ခံစားနားလည်ပြီး ဒီလောက်ဆင်းရဲမှုတွေထဲမှာ ရပ်တည်နိုင်ခဲ့ရတယ်။”
အသက်(၃၂) နှစ်ရှိပြီဖြစ်တဲ့ ရဲဘော်ရန်နိုင်စိုးခေါ်ဆရာတော် ပြောပြသော သူ့သူငယ်ချင်းဆိုတာ ပြည်တွင်းမှ အင်ဂျင်နီယာတစ်ဦး၏ သားဖြစ်ပြီး ဒီဘက်မှာရဲသွေးဆိုတဲ့ ကလောင်အမည်နဲ့ စာရေးနေသည်။

အသက် (၂၅)နှစ်ပဲရှိသေးတဲ့ ရဲဘော်အောင်အောင်ကတော့ တော်လှန်ရေးကိုခံစားမှုနှင့် စတင်လုပ်ခဲ့ပြီး နောက်တဆင့်တက်တော့မှ နားလည်မှု၊ယုံကြည်မှုတွေနှင့် ပိုပြီးခိုင်မာလာပုံကို ရှင်းပြသွားပုံက “ပြည်တွင်းမှာ ၈၈ ဖြစ်တော့ ကျနော်တို့ငယ်သေးတယ်။ ကျောင်းသားတွေ တောခိုတာကို သိခဲ့တယ်။ ၉၆ မှာ ကျနော် မဲဆောက်ကို စရောက်တယ်။ အလုပ်လာလုပ်တာလေ။ ဒီဖက်မှာ ဗမာပြည်သားအချင်းချင်း လူလည်ကျတာတွေ၊ အလုပ်ရှင်က ဖိနှိပ်တာတွေ တွေ့လာပြီး ဒီလိုဘာဖြစ်လို့ဖြစ်တာလဲ။ ဗမာပြည်သားတွေ ဘာ့ကြောင့်ဒီလိုထွက်ပြီး အလုပ်လုပ်ရတာလဲ စဉ်းစားခဲ့မိတယ်။ ဗမာပြည်သားတွေ ဒုက္ခရောက်နေချိန် ဆန်တွေဝေတာတွေ့တယ်။ ဒီမှာ ကျနော်တခုခုလုပ်နိုင်ဖို့ကြိုးစားခဲ့တယ်။ လူငယ်လဲဖြစ်၊ အိမ်ထောင်လဲ မရှိတော့ တတ်နိုင်သလောက် ကျနော်လည်း ၀င်လုပ်နိုင်ဖို့ တော်လှန်ရေးထဲ ၀င်ခဲ့တယ်။ အေဘီထဲရောက်မှ သင်တန်းတွေ၊ဆွေးနွေးပွဲတွေ တက်ရင်းနဲ့ ပိုပြီးနားလည်ခဲ့တယ်။ အများရဲဘော်တွေ နေနိုင်သလို ကျနော်လည်း နေနိုင်ခဲ့တယ်။ အူအတက်ခွဲပြီးခါစ ဆေးမှုးနဲ့ အကူအဖြစ်တွဲပြီး ရှေ့တန်းလိုက်ခဲ့တယ်။ အခက်အခဲမရှိတဲ့ အလုပ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ အခက်အခဲရယ်လို့ ကျနော်မမြင်ပါဘူး။ ကျနော်ယုံကြည်လို့ ရွေးချယ်ထားတဲ့လမ်းပါ။ အနာဂါတ်တွေ ကျနော်တို့ဆီမှာရှိတယ်။ ကျနော်တို့ တစ်နေ့အောင်ပွဲရမယ်လို့ ယုံကြည်လို့ ဒီထဲမှာ ရှိနေတာပါ။ ဒီမိုကရေစီ ရခဲ့ရင်လည်း ကျနော်တို့က ပြည်သူနဲ့ တသားတည်းရှိနေမှာပါ။ အာဏာနေရာဝင်လုမယ့် သူတွေ မဟုတ်ပါဘူး။”သူအာဏာလိုချင်လို့ လုပ်တာမဟုတ်ပါဘူးလို့ သူကခိုင်ခိုင်မာမာ ပြောပြသွားသည်။

နောက်တယောက်ဖြစ်တဲ့ ရဲဘော်စတုန်းကတော့ တော်တော်လေးပေါက်ကွဲစွာရင်ဖွင့်သွားသည်။ သူက စကားပြောလည်း ကောင်းသူတစ်ယောက်ဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးကို ၁၂ နှစ်သားမှာ တွေ့ထိခဲ့ရသူ။ ကိုယ့်ဘ၀ကို ကိုယ်ကျောင်းမယ်ဆိုပြီး မဲဆောက်ကို ရောက်လာတော့မှ ပြည်တွင်းကထွက်လာသူ အများကြီးပါလား။ မိဝေးဖဝေး သားတကွဲ မယားတကွဲတွေနဲ့ ဒီဖက်မှာလည်း ဒုက္ခရောက်နေတာပါလားလို့ သိခဲ့ရသူ။ ဒီတော့ မဲဆောက်က နိုင်ငံရေးအခမ်းအနားတွေကို သူလိုက်တက်သည်။ တော်လှန်ရေးကို သူစိတ်ဝင်စားခဲ့ပြီ။ နိုင်ငံ့အရေးဆိုတာကို နားလည်ခဲ့ပြီ။
“အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မှ ရမယ်ဆိုတာပိုခိုင်မာလာတယ်။ တစ်ဦးနှင့်တစ်ဦး ပစ်ခတ်နေတာကို ပျော်လို့မဟုတ်ဘူး။ နိုင်ငံလွတ်လပ်ဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ ဒီတာဝန်သိစိတ်နဲ့ ကျနော်တို့ လက်နက်ကိုင်တယ်။ လက်နက်ကိုင်တော်လှန်ရေး ခေတ်စားမှရယ်မဟုတ်ဘူး။ကျနော်တို့တာဝန်လို့ယူဆလို့ တာဝန်ယူတာ။တော်လှန်ရေးကြီးက ၀င်လာသူ တွေကိုရော ထွက်သွားသူတွေကိုပါ ဘာမှမပြောပါဘူး။ လူတွေကသာ လက်နက်ကိုင်တော်လှန်ရေးမှာ တချိန်ကရှိခဲ့ပြီး ထွက်သွားတဲ့အခါ အပြစ်အဆိုး ပြောတာမကောင်းဘူး။ ကျနော်တို့ကို ဘယ်သူမှ မစည်းရုံးဘူး။ ကိုယ့်ယုံကြည်ချက် ကိုယ့်တာဝန်ယူချင်စိတ်နဲ့ကိုယ် လုပ်ခဲ့တာဖြစ်တယ်။ တော်လှန်ချင်စိတ်မရှိတဲ့သူတွေ၊ ရေပေါ်ဆီလူတန်းစားက တော်လှန်ရေးကို ဖျက်လိုဖျက်ဆီး ပြောဆိုနေတာ တွေ့ရတယ်၊၊ လက်နက်ကိုင်နေတဲ့ကောင်တွေ ဥာဏ်မရှိတဲ့သူတွေတဲ့ ။ ပြောနေကြတာ။ စကားဝိုင်းမှရမယ်တဲ့ ပြောနေကြတာ။ လူထုကပါးစပ်နဲ့ အော်တာကို ဘာလို့သေနတ်နဲ့ပစ်ခဲ့သလဲ။ တွေ့ဆုံဆွေးနွေးရေးကို လုပ်ချင်ရင် ပြည်တွင်းမှာ ပြန်လုပ်ကြပါ။ အဝေးက အော်မနေပါနဲ့။
ကျနော်တို့တော်လှန်ရေး အောင်ကိုအောင်ရမယ်။ ကျနော်တို့တောထဲမှာနေတာ အဓိပ္ပါယ်ရှိပါတယ်။ တော်လှန်စိတ်ရှိဖို့ပဲ လိုပါတယ်။ကျနော်တို့မှာ လောဘ၊ဒေါသ၊ မောဟမရှိဘူး။ တော်လှန်ရေးကို တပ်မက်မှုနဲ့ လုပ်တာမဟုတ်ဘူး။ အသုံးကျတဲ့ တစ်ထောင့်တစ်နေရာက လုပ်နေတာပါ။ ကျနော်တို့လူမျိုးတွေ တစ်ယောက်ကို တစ်ယောက်ချစ်ကြပါ။ သူများနိုင်ငံတွေ ပျော်နေတာ၊ လွတ်လပ်နေတာ ဘာကြောင့်လဲ၊ စဉ်းစားကြပါ။ ရန်သူက သူအာဏာတည်မြဲဖို့လုပ်နေတာပဲ။ အဲလိုလူမျိုးကိုတောင်းဆိုလို့ ဘာရမှာလဲ။ ဘယ်တုန်းကရဖူးလဲ။ တိုက်ကိုတိုက်ရမှာပဲ။ ညီအစ်ကိုမောင်နှမတောင် ပြတ်နိုင်ကြတာပဲ၊ ရန်သူကိုပြတ်နိုင်ရမယ်။ ပြတ်နိုင်အောင် အားထုတ်ရမယ်။ ”
အားမာန်ပါပါပြောပြနေတဲ့သူ့ပုံစံက ပြတ်သားရဲရင့်မှုအပြည့်နှင့် နားထောင်နေသူတွေကို ခံစားမှုကူးစက်စေသည်။ ကျမကတော့ ကျမစိတ်နှင့် တထပ်တည်းသူတွေကို တွေ့နေရပြီဖြစ်သည်။ ကျမက စကားဝိုင်းကို စဖွင့်သူသာ ဖြစ်ခဲ့ပြီး စကားဝိုင်းကို သူတို့တွေက ဦးဆောင်သွားခဲ့သည်။

သူတို့ပြောပြနေတာတွေ နားထောင်ရင်းနှင့် ကျမဖတ်ခဲ့ဘူးတဲ့ ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော အထ္ထုပတ္တိ စာအုပ်ထဲက စစ်၏ သဘောကို ပြန်ပြီးသတိရနေမိသည်။ ထို့နောက်တွင် ကျမရဲ့မှတ်စုစာအုပ်ကို ထုတ်ပြီး သူတို့ကိုပေးဖတ်လိုက်သည်။

“စစ်”ဆိုသည်မှာ လူတန်းစားတိုက်ပွဲ၏ အဆင့်အမြင့်ဆုံးတိုက်ပွဲပင်ဖြစ်သည်။
ကမ္ဘာ့သမိုင်းဆိုသည်မှာလည်း အခြေခံအားဖြင့် လူတန်းစားတိုက်ပွဲ၏ သမိုင်းသာဖြစ်ပေသည်။
ထို့ကြောင့် လူတန်းစားတိုက်ပွဲ၏ အမြင့်ဆုံးသဏာန်ဖြစ်သော စစ်ဆိုသည်မှာလည်း ကမ္ဘာ့သမိုင်းတွင် ပါဝင်တွန်းဆော်နေပေသည်။
စစ်ဆိုသည်မှာ အနိဌာရုံဖြစ်၍ ကျနော်တို့က စစ်အားလုံးကို မုန်းတီးဆန့်ကျင်ရန် မသင့်ပေ။
ကျနော်တို့သည် မတရားသောစစ်ကို မုန်းတီးဆန့်ကျင်ရမည် ဖြစ်သော်လည်း တရားသောစစ်ကိုမူ ထောက်ခံအားပေး ရပေမည်။ သို့မှသာ ကမ္ဘာကြီး တိုးတက်လာမည်ဖြစ်ပါသည်။”

“ဟုတ်တယ်လေအမရဲ့၊ ကျနော်တို့လည်း အခုချိန်ထိ ဖိနှိပ်သူအာဏာရှင်တွေနဲ့ အဖိနှိပ်ခံပြည်သူတွေရဲ့ လူတန်းစားတိုက်ပွဲကို ဆင်နွဲနေရတုန်းပဲ။”ရဲဘော်မင်းမင်းက ဖတ်ပြီးပြီးချင်းမှတ်ချက်ချလိုက်သည်။
အသက်(၂၅)နှစ်ရှိပြီး ဒီစခန်းကုန်းမှာ စားဖိုရိက္ခာမှုးတာဝန်ယူထားသူ ရဲဘော်မောင်ချစ်ကလည်း သူ့မျက်နှာ အေးအေးလေးနှင့် လိုက်ဖက်စွာ ဖြူစင်လှသည့် သူ့စိတ်ဓါတ်၊ တော်လှန်ရေးအပေါ်ထားရှိတဲ့ သူ့သဘောထားတွေကို ပြောပြခဲ့သည်။
“ဖိနှိပ်သူရှိလို့ တော်လှန်သူရှိနေတာပါ။ အတွေ့အကြုံမရှိခင်က စစ်တိုက်တဲ့အခါ ကြောက်စိတ်ဝင်ခဲ့ဖူးပါတယ်။ အဲဒါကို တွန်းလှန်ကျော်ဖြတ်နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ အတွေ့အကြုံရှိတော့ရိုးသွားပါတယ်။ ဒီလိုအခြေအနေတွေမှာ သာမာန်လူတွေ နေချင်မှ နေသွားနိုင်မယ်။ ဒါပေမဲ့ ဒီရဲဘော်တွေနဲ့ တသားတည်း ဖြစ်သွားပြီဆိုရင်တော့ အခက်အခဲမရှိတော့ပါဘူး။ ဒီအစိုးရက အဆက်ဆက်ဖိနှိပ် လာခဲ့တာမို့ ပါးစပ်နဲ့တောင်းလို့ မရတော့ဘူးထင်ပါတယ်။ ဒီအစိုးရကို တော်လှန်တာချင်းအတူတူ လက်နက်ကိုင်တော်လှန်ရေးကို ခေတ်မစားတော့ဘူးဆိုပြီး နှိမ့်ချဆက်ဆံဖို့မသင့်ပါဘူး။ တောင်းဆိုလို့ ရမယ်ဆိုရင် ကျနော်တို့လဲ လက်နက်မကိုင်ချင်ပါဘူး။ လူတိုင်း အေးအေးဆေးဆေးနေချင်သူ၊ ကောင်းကောင်းစား ကောင်းကောင်းနေချင်သူတွေချည်းပါ။ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ကိုယ့်ခံယူချက် အပေါ် မူတည်ပါတယ်။ သူများပြောတိုင်း နားယောင်နေမယ်ဆိုရင် ကိုယ့်တော်လှန်ရေးက ရေစုန်မျောသွားပါ့မယ်။ ကိုယ့်အသက် ရှင်နေသ၍ တော်လှန်ရေး မအောင်မချင်း ဆက်လုပ်သွားမှာပါ။ ဒီမိုကရေစီရလို့ အေးအေးချမ်းချမ်းနေပြီး ကိုယ့်ဖာသာ ရှာဖွေစားသောက်ရမယ်ဆိုလည်း ဒီလိုပဲနေမှာပါ။ လိုအပ်လို့ တာဝန်ထမ်းဆောင်ရမယ်ဦးမယ် ဆိုလည်း အသင့်ပါပဲ။”

ရဲဘော်တွေရဲ့စကားသံကြားမှာ ကျမကလွင့်မျောစွာ ငြိမ်ဆိတ်သွားတော့သည်။ ပြည်သူဆိုတဲ့ ကျမတို့အတွက် သူတို့က လူမသိသူမသိပေးဆပ်ဖို့အသင့် ဖြစ်နေတာကို အံ့သြတုန်လှုပ်မိသည်။ တိုက်ပွဲတွေမရှိတဲ့ အခုလိုအချိန်မျိုးတွေမှာ အတွေးအခေါ်မရင့်ကျက်ခဲ့လျင်၊ ယုံကြည်ချက်တွေမခိုင်မာခဲ့လျင် တော်လှန်ရေးထဲက လွင့်စင်ထွက်သွားနိုင်သည်မဟုတ်ပါလား။ ကိုယ့်ကိုယ်ကို တော်လှန်ရေးသမား ခေါင်းဆောင်တွေလို့ ခံယူထားသူတွေတောင် တော်လှန်ရေးလမ်းပေါ်က အဝေးကို ရောက်သွားခဲ့ကြသေးတာပဲ။ အတွေးအခေါ်တွေ ပြောင်းလဲသွားကြသေးတာပဲ။ ဒါတွေက ဘာ့ကြောင့်လဲဆိုတဲ့ ကျမခဏခဏတွေးမိတဲ့ အတွေးကို အခုတော့ အဖြေရှာရသွားခဲ့လေပြီ။


ကျမတို့အိပ်တဲ့ တဲကလေးဆီသို့ လမ်းလျှောက်ပြန်လာတော့ မောင်က သီချင်းလေး တပုဒ်ကို ဆိုညည်းနေသည်။
ကြင်နာသူကိုယ့်အနား ရှိနေခိုက်ဟာ ဘ၀ရဲ့ အသာယာဆုံးအခါ
ဒီအချိန်မှာ ကိုယ်ကြည့်ရင်းနဲ့ သူ့ကိုသနားလာမိတယ်။
မကျင်လည်ခဲ့ဘူးတဲ့ သူစိမ်းနယ်ထဲမှာ စိတ်အားငယ်လှရော့မယ်။
---------
--------------
---------
ဒီကစပြီးရှေ့ကိုဆိုသူ့ရဲ့လိုအင်ရှိရာတွေ
သိအောင်ကြိုးစားပြီးလေ ကိုယ်ဖြည့်စွမ်းမယ်။

ခါတိုင်းဆိုရင် ကျမက မောင်ဒီသီချင်းကိုဆိုလို့ ဒီနေရာကိုရောက်တိုင်း ဘာတွေ့ဖြည့်ဆည်းပေးမှာလဲလို့ နောက်နေကျဖြစ်တော့ ဂစ်တာတီးနေရင်း မောင်က အနားရောက်လာတဲ့ ကျမကို မော့ကြည့်သည်။ ကျမဆီက ဘာသံမှထွက်မလာတဲ့အပြင် ခပ်ငြိမ်ငြိမ်ကျမမျက်နှာထားကြောင့် တခုခုဖြစ်လာသလားလို့ မောင်တွေးမိပြီး သီချင်းဆိုတာကို ရပ်ပစ်လိုက်သည်။

“ဆက်ဆိုလေမောင်ရဲ့။ နွယ်က ဘာတွေဖြည့်ဆည်းပေးမှာလည်းလို့ ဘယ်တော့မှ မမေးတော့ဘူးမောင်။ မောင့်ရဲဘော်တွေနဲ့ တွေ့ပြီးတဲ့နောက်မှာတော့ မောင့်ရဲ့တော်လှန်ရေးအပေါ်ထားတဲ့ သဘောထားကို ပိုပြီးလေးစားသွားတယ် မရယ်နဲ့လေမောင်ကလည်း။ နွယ်တကယ်ပြောနေတာ။ မောင်နဲ့အတူ သေတပန်သက်တဆုံး နွယ်က ပါရမီဖြည့်ဖက်ပဲလုပ်မှာ။ မောင့်ကိုသာ နွယ်က အမြဲဖြည့်ဆည်းပေးမယ့် သူလုပ်မှာသိလား။ ”
ကျမစကားအဆုံးမှာ မောင်က ခပ်ပြုံးပြုံးနဲ့ “ဘာတွေ ဖြစ်လာသလဲနွယ်ရဲ့။ ပြောပြပါဦး။ ရဲဘော်တွေက ဘာတွေ စည်းရုံးလိုက်သလဲ။”
“သူတို့က သူတို့စိတ်ထဲရှိတာတွေကို ရှင်းရှင်းလေးပြောပြတာလေမောင်။ အဲဒါတွေကို နွယိအရမ်းခံစားရတယ်။ နွယ်တွေ့နေကျသူတွေနဲ့ မတူဘူးသိလား။ နွယ်နိုင်ငံရေးမလုပ်ခဲ့ပေမယ့် ပြည်သူတွေ ခံစားရတာတွေသိတယ်။ ဘယ်သူမှန်တယ်မှားတယ် သိတယ်။ ဒါကြောင့်မှန်တဲ့ ဘက်ကနေခဲ့တာပေါ့။ ”
နွယ်က ဘာတွေကို ခွဲခြားသိသွားတာလဲသိလားမောင်။ တော်လှန်ရေးကို လုပ်စားနေသူတွေနဲ့ တော်လှန်ရေးအတွက် လုပ်ပေးနေသူတွေကို ခွဲခြားမိသွားတာ။ နွယ်အခု အလုပ်တခု မရရအောင် ရှာရဦးမယ်။ ၀င်ငွေကောင်းကောင်းပေါ့။ ဒါမှ မောင့်ရဲဘော်တွေအတွက် နွယ်အများကြီး လုပ်ပေးနိုင်မှာ။ နွယ်လောဘမကြီးပါဘူး။ ဒါပေမဲ့ နွယ်လက်လှမ်းမီသလောက်ကိုတော့ အကောင်းဆုံးတွေပေးချင်တယ်။
ကျမစကားအဆုံးမှာ မောင့်မျက်နှာက တည်သွားသည်၊

“လက်နက်ကိုင်တော်လှန်ရေးဟာ နိုင်ငံရေးပါတီမဟုတ်ဘူးလေနွယ်ရဲ့။ပြီးတော့ လူမှုရေးအသင်းမဟုတ်ဘူး။ အောင်ပွဲနဲ့ သေခြင်းတရားပဲရှိတယ် ။အဲဒီအတွက်မောင်တို့ ပိုင်းဖြတ်ထားပြီးသား။ ကြုံလာတဲ့ဒုက္ခတွေကို ကြံ့ကြံ့ခံပြီးရင်ဆိုင်ရမှာပဲ။ လမ်းခုလတ်မှာ ရပ်နေလို့မရဘူး။နောက်ပြီး ထွက်သွားလို့မရဘူး။ အဲလို ထွက်သွားခဲ့သူတွေဟာ သူရဲဘောကြောင်သူတွေပဲ။ကျဆုံးခဲ့သူတွေ။ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့သူတွေ၊ ထောင်ထဲမှာ ရှိနေသူတွေကို သစ္စာဖောက်လို့မရဘူး။ မောင်ယုံကြည်တာကတော့ လက်နက်ကိုင် တော်လှန်ရေး ဆိုတာ အချောင်သမားတွေ နားခိုရာမဟုတ်ဘူး။ တကယ်အလုပ်လုပ်တဲ့ သူတွေအတွက်ပဲ ဖြစ်တယ်။ နွယ်က မောင့်ကိုနားလည်ပြီး ဖြည့်ဆည်းပေးမယ်ဆိုတော့ ပိုအားရှိသွားတာပေါ့ကွ။ မောင်တို့လိုအပ်နေတာတွေက စိတ်ဓါတ်အင်အားတွေလေ။ အဲဒါက တည်ဆောက်ယူရတာနွယ်ရဲ့။ လွယ်လွယ်နဲ့ရတဲ့အရာမဟုတ်ဘူး။ ဇွဲ၊ လုံ့လနဲ့အတူ ယုံကြည်ချက်တွေ ခိုင်မာပြတ်သားဖို့ လိုတယ်။ တော်လှန်ရေးတခု လုပ်တယ်ဆိုတာ ပေါ့ပေါ့ပါးပါးတော့ ဘယ်ဖြစ်လိမ့်မလဲနွယ်။ နွယ်လဲ စိတ်ဓါတ်ခိုင်မာပြတ်သားနိုင်ရမယ်။ စိတ်ရှည်ရမယ်။ အဲဒီလိုပဲ အချိန်တွေနဲ့အတူ ပျိုရွယ်မှုတွေ အိပ်မက်တွေကို ပေးဆပ်ပြီး ယုံကြည်ချက်တွေကို တည်ဆောက်ရမယ်၊ အဲဒါမှ နွယ်အစစ်အမှန်ဖြစ်မှာနော်၊”

တိုးညှင်းပေမယ့် ခိုင်မာပြတ်သားတဲ့ မောင့်စကားသံမှာ ကျမကပျော်ဝင်လို့ ။ သောင်းရင်းမြစ်ထဲကို နေလုံးကြီးကလည်း ဆင်းလို့ရေသောက်နေလေရဲ့။ ဒီအချိန်မှာပဲ မိုးမခပင်တွေဆီက သီချင်းသံ သဲ့သဲ့ကြားရပါပကော။
မိုးမခပင်တွေ တို့သက်သေတည်။
စိမ်းရင့်သော အေးမြကန်သာရေ၊
ရိုးမတောင်ခြေ နေရောင်မခတဲ့ နယ်မြေ ငြိမ်းချမ်းစေ။ ။

(ခေတ်ပြိုင်အွန်လိုင်းစာမျက်နှာတွင်ဖော်ပြပြီး)









4 comments:

Yan said...

ရင်ထဲကို တိုးဝှေ့ပြီး နေရာအပြည့်ယူသွားခဲ့တဲ့ ပို့စ်လေးတစ်ခုပါပဲ. ဒီပို့စ်လေးထဲက မျိုးချစ်အာဇာနည် သူရဲကောင်းတွေကို ထာဝရမှတ်မိနေမှာပါခင်ဗျာ. သူတို့တွေရဲ့ ရည်မှန်းချက်တွေ အောင်မြင်ကြပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်…
ရှေ့ခရီးကို ယုံကြည်ချက်အပြည့်နဲ့ ဆက်လက်ချီတက်ကြတာပေါ့ဗျာ…

ခင်မင်းဇော် said...

ကိုယ်ကို ဘယ်သူမှ မသိပဲ ပေးဆပ်နေတဲ့
သူရဲကောင်းတွေ အမျာုးကီးရှိနေခဲ့ ရှိနေဆဲပါ ကိုရန်လေးရေ။
နာမည်ုကီးဖို့ တော်လှန်ရေးလုပ်တာမဟုတ်သလို
ငွေရဖို့ လဲမဟုတ်ပါဘူး။
ကိုယ့်ယုံကည်ချက်အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်က ပံ့ပိုးပေးထားလို့ ခုလိုနေနိုင်တာပါ။ အဲဒီလို ရဲဘော်တွေအတွက် အမတို့ အမျာုးကီး တာဝန်ကျေဖို့ လိုသေးတယ်။

pee said...

How about the people from the ABSDF,those r now at third countries?How do u think?join the ABSDF to do the revoluction,then drop the guns and left to third countries.Mao se Tung said making the revolation is not child play game.

ကောင်းကင်ကို said...

ဝတ္ထုတိုလေးဖတ်ပြီး ကျောင်းသားတပ်မတော်က ကျောင်းသားတွေရဲ့ ဘဝကို ပိုလေးစား နားလည်သွားပါတယ်။