Wednesday, June 27, 2007

ဖတ်ပေးစေချင်လို့ ...


သူများဘလော့တွေလျှောက်လည်ရင်း ကိုဖိုးဇေက ကယန်းအကြောင်းတင်ထားတော့ ရေးဖြစ်ပြီး ဘယ်မှမပို့ဖြစ်တဲ့ စာလေးတပုဒ်ကို သတိရမိတယ်။ ၂၀၀၅ ခုနှစ်က တမ်းတမ်းတတ ရေးဖြစ်ခဲ့တဲ့ စာတိုလေးတပုဒ်ပါ။ ဘယ်တော့ပြန်ရောက်မယ်မသိတဲ့၊ ရောက်ခဲ့ရတယ်နေခဲ့ရတယ် ဆိုတာလဲ ပြန်ပြောရရင် အံ့သြစရာဖြစ်ရတဲ့ နေရာလေးတွေပေါ့၊ ဘလော့စာဖတ်သူတွေကို အတွေ့အကြုံလေးဝေမျှပေးတယ်လို့ သဘောထားပြီး ဖတ်ပေးစေချင်ပါတယ်၊ အဲဒီလိုရွာလေးတွေ၊ အဲဒီက လူတွေလို လူတွေအများကြီး ကျမတို့တိုင်းပြည်ထဲမှာ ရှိသေးတယ်ဆိုတာ အခုအင်တာနက်လောကထဲက စာဖတ်သူတွေကို သိစေချင်တဲ့ စိတ်ကလေးတခုပဲရှိပါတယ်၊ ကျန်တာတွေ ဘာမှမလိုပါဘူးနော်၊
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်


မြူခိုးမှိုင်းဝေ လွမ်းစရာ့မြေ

ဘယ်နေရာကြည့်ကြည့် ကြည့်လိုက်တိုင်း တောင်တန်းတွေနဲ့ ၊ ကိုယ်နေတဲ့နေရာကလည်း တောင်လေးတခုပေါ်မှာ ၊ မြူခိုးတွေက မှိုင်းဝေလို့၊ တောင်ရွာမီိးရှို့တဲ့ မီးခိုးငွေ့တလူလူနဲ့၊ အေးမြမြခံစားမှုနဲ့၊ သာယာတဲ့ တောတောင် ပန်းချီကားတခုထဲ ကိုယ်ပါ ရောက်နေသလိုပဲ။ အနီးဆုံး ရွာကိုတောင် လမ်းလျောက်သွားရင် တနာရီလောက်သွားရမယ်။ ရွာလို့သာ ပြောရတာပါ။ အိမ်ခြေက ဆယ်အိမ်လောက်ပဲ။ ကယားပြည်နယ် ၊ ကရင်ပြည်နယ် နယ်စပ်တွေနဲ့ ထိတွေ့ဆက်စပ်နေပေမဲ့ နေတဲ့ ရွာသားအများစုက ပဒေါင်လို့ခေါ်တဲ့ လည်ပင်းမှာ ကြေးကွင်းစွပ်တဲ့ လူမျိုးတွေပေါ့။

သူတို့ လူမျိုးတွေကို ပဒေါင်လို့ခေါ်မယ်ဆိုရင် မကြိုက်ဘူး။ ပဒေါင်ဆိုတာ ကြေးကွင်းစွပ်တွေလို့ အဓိပ္ပါယ်ရပြီိး နှိမ့်ချခေါ်တဲ့ အခေါ်အဝေါ်သာဖြစ်တယ်လို့ သူတို့က ခံယူထားကြတယ်။ သူတို့လူမျိုးတွေဟာ ကယန်းလူမျိုးများသာ ဖြစ်တယ်။ဒါကြောင့် ကယန်း အမျိုးသား အမျိုးသမီိးလို့ ခေါ်မှသာကြိုက်ကြ တယ်။ ကယားပြည်နယ် အတွင်းပိုင်း မြေပြန့်ဒေသနဲ့ တကယ် သွားမယ်ဆိုရင် တနေ့ခရီးပဲရှိတဲ့ အဲဒီရွာလေးတွေကို တခေါက်လောက် ရောက်ဖူးမယ်ဆိုရင် တသက်ဘယ်တော့မှ မမေ့နိုင်စရာ အတွေ့အကြုံတွေ အများကြီးတွေ့ရပါလိမ့်မယ်။

သူတို့တွေမှာ ကိုယ်ပိုင်ယဉ်ကျေးမှု ၊ ကိုယ်ပိုင် အမျိုးသား သီချင်း၊ ကိုယ်ပိုင်စာတွေရှိကြ တယ်။ သူတို့လူမျိုးတွေနဲ့ အနီးကပ်နေခွင့်ရတဲ့ အခိုက်မှာတော့ သူတို့တွေရဲ့ လူနေမှုဘ၀အခက်အခဲ တွေကိုကိုယ်ချင်းစာခွင့် ရခဲ့ပါတယ်။ သူတို့ရဲ့လူနေမှုဘ၀တွေ ဘာကြောင့် နိမ့်ကျနေရသလဲ ဆိုတာတွေကိုလည်း ဓမ္မဓိဌာန်ကျကျ ရှုမြင်တတ်လာခဲ့တယ်။

ထမင်းအသက် ခုနှစ်ရက် ၊ ရေအသက် တမနက် ဆိုပြီး ရေအရေးကြီးပုံကို စာချိုးထားပေမဲ့ သူတို့တွေကတော့ ရေနဲ့ဝေးလေ ကောင်းလေဆိုပြီး ရေနဲ့ဝေးဝေး သွားနေကြတယ်။ ရေနဲ့နီိးနီိးနေရင် သူတို့တွေရဲ့ အသက်ကို စိတ်မချရဘူး ၊ အန္တရာယ်များတယ် ဆိုတာ အတွေ့အကြုံတွေ ကနေပြီး သင်ပေးသွားတာလို့ ပြောပြကြတယ်။ ရေနဲ့နီးနီးနေရင် ဘာဖြစ်တတ်လို့လဲလို့ နားမလည်နိုင်စွာ နဲ့ မေးခွန်းထုတ်မိတော့ ရန်သူ့တပ်တွေ ရောက်လာနိုင်တာပေါ့တဲ့။ သူတို့ပြောတဲ့ ရန်သူ့တပ်ဆိုတာက မဆလ၊ န၀တ၊ နအဖ ပိုင်ဆိုင်ထားတဲ့ စစ်တပ်ကို ရည်ညွှန်းတာပါ။ သူတို့လူမျိုးစု တော်လှန်ရေးသမား တွေနဲ့ စစ်တပ်တွေဟာရေရှာရင်းနဲ့ တွေ့ပြီးတိုက်ကြရတာတွေ အများကြီိးပါ။ အဲဒီလို တိုက်ပွဲတွေ ဖြစ်ခဲ့ရင် မြေစာပင် မဖြစ်ရအောင် ရေနဲ့ဝေးဝေးနေရကြောင်း ရှင်းပြတယ်။ ရေနဲ့နီးတဲ့ နေရာမှာ ရွာတည်မိတော့ စစ်တပ်တွေရောက်လာရင် ရွာထဲက ရှိသမျ တရိစ္ဆာန်အကုန် ယူတဲ့အပြင် ရွာသူချောချောလေးတွေ ရှိရင်လည်း ကြောက်စရာ မုဒိမ်းမှုတွေကို ရင်ဆိုင်ကြရပြန်ပါတယ်။ ပြီးရင် သူပုန်ရွာ ၊ သူပုန့်လုတွေဆိုပြီး ရွာလုံးကျတ် မီးတင်ရှို့တာ ခံရပြန်ရော။ လူမဆန်တဲ့ လူတွေကို ကြုံတွေ့ခဲ့ရတဲ့အကြိမ်များလာတော့ နေရာသစ်တွေရှာပြီး ရွာပြောင်းကြရပြန်တယ်။

အဲဒီနောက် တော့ ရေနဲ့ဝေးနိုင်သလောက် ဝေးပါစေ၊ တောင်တက်ရချင်သလောက် တက်ရပါစေ၊၊ လုံခြုံတဲ့ နေရာ၊ ရန်သူ့တပ်တွေ မရောက်နိုင်တဲ့ ၊ မတက်နိုင်တဲ့ တောင်ပေါ်တွေမှာပဲ ရွာတည်လိုက် ကြတော့တယ်။
ရေရှိတဲ့ တောင်အောက်ကို ဆင်းပြီး သွားရင်အသွားအပြန် အနီးဆုံးတောင် တနာရီကြာ တာပါပဲ၊ ၀ါးကျည်တောက်ကို နဖူးမှာသိုင်းရင်း ခပ်လာတဲ့ ရေဟာ ထမင်းဟင်းချက်ဖို့နဲ့ သောက် ဖို့ပါပဲ။ ပန်းကန်ဆေးဖို့ ၊ ရေချိုး ၊ အ၀တ်လျော်ဖို့ မပါပါဘူး ။အေးတဲ့ ဒေသလည်း ဖြစ်လေတော့ ရေချိုးဖို့ဆိုတာ အတော်စဉ်းစားရတဲ့ ကိစ္စပါ။ အနွေးထည် အထူကြီိးတွေ ၀တ်ထားကြပြီး ရေချိုးတာ တောင်သိပ်မတွေ့ခဲ့မိဘူး။

ထမင်းစားတဲ့အခါ ရိုးရာဒေါင်းလန်းလို့ခေါ်တဲ့ ၀ါးနဲ့ရက်ထားတဲ့ ပန်းကန်တွေနဲ့ စားတယ်။ စားပြီးရင် ဒေါင်းလန်းကို ခေါက်ပြီး ထောင်ထားလိုက်တာပါပဲ။ မနက်စောစော ထတတ်ကြပြီး ထမင်းချက်၊ ပြီးရင် ပဲပုတ်မီးကင်ကို ငရုတ်သီးစိမ်းနဲ့ ထောင်းထားတဲ့ ပဲပုတ်ထောင်းနဲ့ ထမင်းစား၊ ကျန်တဲ့ ထမင်းနဲ့ ပဲပုတ်ကို ပလိုင်းထဲ ထည့်ပြီး တောင်ယာကို သွားကြတယ်။တခါတလေကျတော့လည်း ဆန်ကိုပဲ ထည့်သွားနိုင်ပါတယ်။ တောင်ယာနဲ့ နေတဲ့ရွာနဲ့က လမ်းလျောက်သွားရင် နီးရင် တနာရီလောက်၊ ဝေးရင် နှစ်နာရီလောက် သွားရတယ်။ ပလိုင်းထဲမှာ ဒါးတလက် ကတော့ အမြဲပဲ ပါရှိရမဲ့ အဆောင်တခုပါပဲ ။မနက်မိုးမလင်းခင် တောင်ယာသွားပြီး တောင်ယာမှာပဲ တနေ့လုံးအချိန်ကုန်ကြရတဲ့ သူတို့ဘ၀ဟာ ဘာမျော်လင့်ချက်တွေနဲ့ ဘ၀ရပ်တည်နေသလဲ၊ အသက်ရှင်ရပ်တည်နေသလဲလို့ စဉ်းစားမိလာတဲ့အခါ သူတို့ဘ၀ကို စိတ်ဝင်စားခဲ့မိတော့တယ်။

မနက်ပိုင်းလမ်းလျောက်သွားတဲ့ နှစ်နာရီခရီးမှာကိုပဲ သူတို့ရဲ့ ဘ၀ခရီိးကို သိနားလည်နိုင် သွားတယ်။ကိုယ်နေတဲ့ တောင်ကဆင်း နောင်တတောင်ကိုတက် နောက်ပြန်ဆင်းနဲ့ နေ့စဉ်ဒီခရီးကို သွားနေရလို့ သူတို့တွေ အသားကျနေပေမဲ့ လမ်းသိပ်မလျောက်ဖူးတဲ့ ကျမအနေနဲ့တော့တော်တော် ထိတဲ့ ခရီးပါပဲ။ ဒါကြောင့် သူတို့ တောင်ပေါ်သားတွေထဲမှာ ၀တဲ့သူ ရှာမတွေ့တာလို့လမ်းလျောက် ရင်း တွေးခဲ့မိပါသေးတယ်။ သူတို့ရဲ့တောင်ယာတွေကို မြင်နေရပြီး အဲဒီနေရာ ရောက်အောင်လို့ တောင်ဆင်းတောင်တက်လုပ်နေရတာကို ကြည့်ပြီး ရွာနားမှာပဲ တောင်ယာလုပ်လိုက်ရင် ပြီးရောလို့ ဆရာတတ်ခဲ့မိပါသေးတယ်။

ကယန်းရွာသားတွေက တောင်ယာတွေက လှည့်ပြီးတော့ လုပ်တာတဲ့၊၊ တနေရာကို အများဆုံးလုပ်ရင် (၃) နှစ်ပဲ ၊၊ မြေသြဇာ ကုန်သွားရင် ဘာမှ မသီးတော့ဘူးတဲ့။ အဲဒီလို မဖြစ်အောင် နေရာတွေ ရွှေ့ပြီး တောင်ယာလုပ်တာပါ တဲ့။ ဒါဆိုရင်လည်း တောင်ယာမှာပဲ နေရောပေါ့ဆိုတော့ တနင်္ဂနွေဆို ဘူရားရှစ်ခိုးကျောင်း သွားရအုံးမှာလေတဲ့။ တောင်ယာမှာနေတော့လည်း စနေဆို ပြန်ကြရတာပဲ မထူးပါဘူးတဲ့။

သူတို့ရဲ့ စိုက်ပျိုးရေးက ဓါတ်မြေသြဇာ လုံးဝမသုံးကြပါဘူး။တနှစ်စိုက်ပြီးသွားလို့ နောက်တနှစ်ထပ်စိုက်မယ်၊ ဒါမှမဟုတ် တောင်ယာအသစ် လုပ်တော့မယ်ဆိုရင် အပင်ကြီးတွေကို ခုတ်ထွင်ရှင်းလင်း ထင်းအဖြစ်သယ်ပြီိး ကျန်တာတွေကို မီးရှို့လိုက်တာပါ။ တောင်ယာမီးရှို့ချိန်နဲ့ ကြုံခဲ့ရင်တော့ သဘာဝတရားကြီိးမှာ အလှတရားတွေ အများကြီးရှိနေပါသေးလားဆိုတာ တွေးမိမှာ မလွဲမသွေပါပဲ ၊၊ မြို့ပြမှာ မရနိုင်တဲ့ သဘာဝအလှတွေကြည့်ရင်း ၊ မီိးခိုးနံ့သင်းနေတဲ့ လေတွေကို ရှုရင်း မြို့ပြနဲ့ကွာခြားလွန်းတဲ့ လှုနေမှုဘ၀တွေကို ဘယ်လို အုပ်ချုပ်သူတွေက မြှင့်တင်ပေးသွားနိုင်မလဲ၊ ဘယ်လို နိုင်ငံရေးသမားတွေက ကြိုးစားပေးသွားနိုင်မလဲ တွေးမိနေပါတယ်။ သူတို့တွေကတော့ အသားကျနေတဲ့ ဘ၀တွေမှာ နေရင်း သွားရင်းလာရင်း တောင်တက်ရင်းနဲ့ လမ်းဘေးက တွေ့ရတဲ့ အပင်တွေကိုလည်း စားရတာ၊ မစားရတာ ခွဲခြားပြပြီိး ခူးသွားလိုက်ပါသေးတယ်။

တောင်တက်ရင်းမောနေတဲ့ ကျမကို ဆီမစားဘို့ သူတို့က တရားချနေပါတယ်၊၊ ကျမချက်ကျေးတဲ့ ဆီပြန်ဟင်းတွေကို သူတို့မစားတတ်ကြပါဘူး။ ဆီစားရင် အမောမခံနိုင်ဘူးလို့ ပြောပြပါတယ်။ သူတို့တွေက ဆီပုလင်းလေး တပြား( ဘီယာပုလင်းပြားလေး) ကို နှစ်ပတ်လည်အောင်စားရပါတယ်။ ဘာအသားပဲလာလာ ပြုတ်ပြီးစားတာပါ၊၊ အင်္သးအရွက်တွေကိုလည်း ကြော်စားတာ တခါမှ မတွေ့ခဲ့ပါဘူး။ အကုန်လုံး အပြုတ်တွေနဲ့ အထောင်းပဲစားပါတယ်။ ခေတ်သစ်ပစ္စည်းထဲက အချိုမှုန့်ကိုတော့ သုံးတတ်နေပါပြီ။ ကျမက အချိုမှုန့် မစားဘူးဆိုတော့ သူတို့တွေက အံ့သြနေပြန်ပါတယ်။ အချိုမှုန့်ရဲ့ဆိုးကျိုးတွေကို ရှင်းပြတော့ သူတို့ဘာမှပြန်မပြောပေမဲ့ အသားကို တောကောင်ရမှ စားကြတာများတဲ့ သူတို့တွေက အချိုမှုန့်ပါတဲ့ ဟင်းရဲ့ အရသာကို ကြိုက်နေကြပုံ ရပါတယ်။

သူတို့အားလုံးဟာ စပါးစိုက်တာ နည်းပါတယ်၊၊ အဓိက စိုက်ပျိုးကြတာကတော့ ပေါ်ပီပန်းလို့ သူတို့ခေါ်ကြတဲ့ ဘိန်းကိုပဲ စိုက်ကြပါတယ်။ ပင်ပင်ပန်းပန်း တောင်ယာခုတ်ပြီး စပါးစိုက်လို့ရတဲ့ အကျိုးအမြတ်နဲ့ ပေါ်ပီပန်းစိုက်လို့ရတဲ့ အကျိုးအမြတ်က ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ပါဘူး။ သူတို့ကို ဘိန်းမစိုက်ပဲ အစားထိုးသီးနှံစိုက်ဖို့ စည်းရုံးမယ်ဆိုရင် သူတို့ရဲ့ နေထိုင်ဖို့စားရိတ်တွေကို တာဝန်ယူနိုင်ဘို့တော့ လိုမယ်ထင်ပါတယ်။ သူတို့ဘ၀ကို ဘာမှတာဝန်မယူပဲ ဘိန်းမစိုက်ရဘူးဆိုရင် သူတို့ ဘာနဲ့သွားစားကြမှာလည်း ဆိုတာ စဉ်းစားပေးရမယ် ဖြစ်ပါတယ်။ နအဖ ဟာ အာဏာနဲ့ ဘိန်းကို မစိုက်ခိုင်းရင် ထိုက်သင့်တဲ့ ထောက်ပံ့မှုတွေ လိုအပ်တဲ့ အကြောင်းသိကိုသိရပါမယ်။

သွားရေစာမုန့်ဆိုတာ တခါမှ စားတာမတွေ့ရပါဘူး၊၊ မနက်ထမင်း၊ နေ့လည်ထမင်း၊ ညထမင်း ပါပဲ။ ဆီချက်ခေါက်ဆွဲ ၊ ကော်ရည် ကြားတောင်မကြားဖူးဘူး။ ဂျေဒိုးနတ်တို့ ဘာတာကိတ် တို့ကတော့ မုန့်နာမည်မှန်းတောင် မသိတာပါ။ ဈေးနေ့တွေမှာ ရောင်းတဲ့ စမူဆာကိုတော့ သူတို့သိကြတယ်။ သူတို့ရဲ့ ရိုးရာသွားရေစာကတော့ ခေါင်ရည်ပဲ။ ပြောင်းခေါက်နဲ့လုပ်တဲ့ခေါင်၊ ဆန်နဲ့လုပ်တဲ့ခေါင်၊ ကောက်ညှင်းနဲ့လုပ်တဲ့ခေါင် ဆိုပြီး ရှိတဲ့ အထဲမှာ ကောက်ညှင်းနဲ့လုပ်တဲ့ ခေါင်က အချိုဆုံးနဲ့ အကောင်းဆုံးပဲ။ အသက်အရွယ် ကြီိးရင့်လာကြရင် ၊ထမင်းသိပ်မစားနိုင်ရင် ခေါင်ရည်ကိုပဲ စုပ်နေပါတယ်။ သူတို့တွေက အိုးသေးသေးလေးနဲ့ခေါင်ဖောက်ထားပြီး သောက်မယ်ဆိုတော့မှ ရေနွေးဖြည့် ၀ါးတံလေးနဲ့စုပ်သောက်ကြတယ်။ ခေါင်ထဲမှာ လူတွေလိုအပ်တဲ့ ကစီဓါတ်ပါတဲ့အတွက် ထမင်မစားပဲ ခေါင်သောက်နေလို့ ရတယ်လို့ ကျမတွေးထင်မိတယ်။ ကျမမြင်ခဲ့ရတဲ့ သက်ကြီိးရွယ်အို ကယန်းအမျိုးသားကြီိးကတော့ ထမင်းမစားနိုင်တော့ပဲ ခေါင်သောက်နေတာပါ၊၊ ပြောင်းခေါက်ခေါင်က နည်းနည်းချဉ်တဲ့ အရသာရှိပြီး ကောက်ညှင်းခေါင်ကတော့ ချိုမြမြလေး ဖြစ်တယ်။

တခါတလေ ဘာဟင်းမှ မရှိတဲ့၊ မရတဲ့အခါတွေမှာ ထမင်းပူပူနဲ့ထမင်းကြမ်းအေးကို ထမင်းကြီးနဲ့ ထမင်းလေးစား တယ်ဆိုပြီိး အပူတလုပ် ၊ အအေးတလုပ်နဲ့ စားတတ်တယ်။ တာလပေါ ဆိုပြီး ဆန်ပြုတ်ထဲဟင်းရွက်မျိုးစုံတွေ ထည့်ချက်ပြီး ထမင်းလေးအဖြစ် ထမင်းနဲ့ ထမင်းကြီး ထမင်းလေး လုပ်စားတယ်။

ခွေးတွေကိုလည်း အင်မတန်ချစ်တဲ့လူမျိုးပါ၊ အိမ်တိုင်းနီးပါးခွေး၊၀က် မွေးတတ်ကြတယ်။ ခွေးတွေနဲ့ အတူတူအိပ်တာပဲ၊ ထမင်းကိုလည်း ခွေးက သူတို့ပန်းကန်ထဲ ခေါင်းတိုးစားချင် စားနေတတ်တယ်၊

သူတို့တွေရဲ့ ဘ၀တွေကို အစိုးရ အဆက်ဆက်က ဘာမျှ မထောက်ပံ့ မမြှင့်တင်ခဲ့ကြဘူး။ ပညာရေး၊ ကျန်းမာရေး အသိပညာပေးမှု၊ ထောက်ပံ့ကူညီမှုဘာမှ မရကြရှာဘူး၊၊ ရွာတွေ အတော်များများမှာ ကလေးတွေ စာမသင်ဖူးဘူး။ စာသင်ကျောင်းမရှ၊ှိ ကျောင်းရှိတဲ့နေရာဆိုလဲ ဆရာမရှိ၊ ဒီလောက်ခေါင်တဲ့နေရာဆိုတော့လဲ တော်ယုံလူက ဘယ်လာချင်ပါ့မလဲလေ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးပြီးမှ တောခိုသွားတဲ့ ကျောင်းသားတွေရဲ့တပ်တွေ အဲဒီဒေသဖက်တွေ ရောက်တော့မှ စာသင်ပေးတာကို ရခဲ့တယ်လို့ ပြောပြကြတယ်။ စာသင်ပေးတဲ့ ကျောင်းသားရဲဘော်တွေကို ခင်ပြီး လေးစားကြပြီိးတော့ တော်လှန်ရေးထဲလိုက်သွားတဲ့ ရွာသားတွေ ၊ ရွာသူတွေတောင် ရှိခဲ့တယ် လို့လည်း ပြောတယ်။

ကျန်းမာရေးနဲ့ပတ်သတ်လို့လည်း ဘာဆေးခန်းမှ မရှိပါဘူး၊ ဆေးရုံတက်ဖို့ဆိုလည်း အင်မတန်ကြောက်တတ်တယ်၊ ဆေးရုံကမြို့ပေါ်မှာဆိုတော့ သူတို့မသွားရဲသလို၊ ငွေလည်း မရှိကြဘူးမဟုတ်လား၊ နေမကောင်းဖြစ်ခဲသလို ဖြစ်ရင်လဲ သေတာများတာပဲ၊ ဒီလိုနဲ့ ကလေးအသေအပျောက်၊ မိခင်အသေအပျောက်ကလည်း အရမ်းများတော့တယ်၊

ရိုးသားလွန်းလို့ ရယ်ရတဲ့ ရယ်စရာလေးတခုလည်းပြောပြချင်သေးတယ်၊ ကျမတို့နေတဲ့အိမ်မှာ ကြွက်တွေအရမ်းလာလို့ ဟင်းခွက်တွေ စားစရာတွေထည့်ထားဘို့ ကြောင်အိမ်ကို သစ်သားအတို အစတွေနဲ့ရိုက်ပြီး တံခါးမှာ တပ်ဖို့ သံစကာ ပါးပါးလေးတွေ ၀ယ်လာတော့ ဘာလုပ်ဖို့လဲညီမ လို့မေး ကြတယ်၊ ကျမကလည်း ကြောင်အိမ်မှာ တပ်ဖို့လေ ဆိုတော့ ကြောင်မွေးမလို့လားတဲ့၊၊ ကျမဆို ဘာပြန်ပြော ရမှန်းတောင် မသိအောင်ဖြစ်သွားခဲ့ရတယ်။(ဘီဒို၊ ကြောင်အိမ်ဆိုတာ သူတို့တွေက မြင်မှမမြင်ဘူးပဲ)

ကျမကတော့ ရိုးသားတဲ့လို့တောင် မပြောချင်တော့ပါဘူး၊ တကယ့်ကို ဘာမှ မသိကြရတဲ့ ဘ၀တွေလို့ပဲ ပြောပြချင်တယ်၊ သူတို့ဘ၀မှာရုပ်ရှင်ဆိုတာမသိ၊ စတိတ်ရှိုးဆိုတာမသိ၊ ကာရာအိုကေ မသိ၊ ဘာဖြေဖျော်မှုမှ မရှိတဲ့ နေရာလို့ ပြောရင်ရတယ်၊ သူတို့ဘ၀ရဲ့ အပျော်ရဆုံးနေ့တွေ၊ အချိန်တွေဆိုတာ ဘုရားကျောင်းသွားဖြစ်တဲ့ တခါတရံတနင်္ဂနွေနေ့ တွေပါ၊ အပတ်တိုင်းလည်း ဝေးတော့ မရောက်ကြရှာဘူးလေ၊

တကယ်လို့ ကျမတို့နိုင်ငံကို ကျမတို့လက်တွေ၊ အသိဥာဏ်တွေနဲ့ ပြန်လည်တည်ထောင်ခွင့် ရခဲ့ရင် အဲဒီလို နေရာမျိုးတွေကို သွားပြီး တိုးတက်အောင်ပြုလုပ်ပေးဖြစ်အောင် လုပ်ပေးဖို့ အဓိဌာန်ပြု
ထားပါတယ်။၊တကယ့်ကို ကျမတို့နိုင်ငံထဲမှာ ကျမတို့နဲ့တနိုင်ငံသားတည်းသားတွေဟာ ဒီလိုဘ၀တွေ ရှိတယ်ဆိုတာခုလို သိလိုက်ပြီဆိုပါစို့၊ ဘာလုပ်မယ်စိတ်ကူးပါသလဲ အဆွေတော်၊

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

1 comment:

Thyda said...

Your post is interesting. Thanks for sharing.

According to my knowledge, there are some projects leading by International Org' (and Junta) in some remote poppy cultivated area to help ppl there. Those projects are doing all kinda supports for minority groups but there are still many difficulties.

We need to do a lot of things for our ppl.