Saturday, June 30, 2007

အောက်မေ့ဖွယ်သူ

ချစ်ခင်လှစွာသော သူငယ်ချင်းတယောက်အကြောင်း...
သူရှိနေသေးရင် ဇူလိုင်လ(၁) ရက်နေ့ဆိုတာ
သူ့ရဲ့ အသက် ၄၅ နှစ်မြောက်မွေးနေ့………..။
အမှတ်တရ အစီအစဉ်အဖြစ် တကိုယ်တော် စီးရီးခွေပဲထုတ်မလား၊
တကိုယ်တော် စတိတ်ရှိုးပဲ တင်ဆက်ဖြစ်မလား၊
ဘယ်သူမှ မစဉ်းစားဖြစ်တဲ့ ဘယ်လိုအစီအစဉ်အသစ်တွေနဲ့ မွေးနေ့ပွဲကို ကျင်းပနေမလဲ စိတ်ကူး…ရင်း..နဲ့ ……….
သူ့ကိုသတိတရ ရေးဖြစ်ခဲ့တဲ့ရုပ်ပုံလွှာအဖွဲ့လေးတခုကို အမှတ်တရ တင်လိုက်ပါတယ်…….။
ဒီနှစ် သြဂုတ်လ (၁၄ )ရက်နေ့ဆိုရင် လူ့လောကကြီးကို သူစွန့်ခွာသွားခဲ့တာ (၃) နှစ်ပြည့်မြောက်ခဲ့ပြီလေ………..။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်


သူလိုလူတွေထဲက တယောက်




“တရုပ်မရေ ၊ ပိုက်ဆံနဲ့ ဂုဏ်သိက္ခာကိုတော့ တပြိုင်နက်ထဲ ယူဖို့ စိတ်မကူးနဲ့။ ဘယ်တော့မှ မရဘူး။ နင်က ဂုဏ်သိက္ခာအတွက်နေ၊ ပိုက်ဆံလိုရင် ငါ့ဆီ အချိန်မရွေးလာခဲ့ သိလား၊”
ကျမကို အဲဒီစကားပြောသွားခဲ့တာကတော့ သူ့ကိုယ်သူ စစ်အာဏာရှင်လက်အောက် ပြန်သွားခဲ့တဲ့ အတွက် အမြဲပဲ သိက္ခာကျတယ်လို့ ခံယူထားတဲ့ အဆိုတော် ထူးအိမ်သင် ပါပဲ။ သူဘာ့ကြောင့် ပြန်လာခဲ့သလဲလို့ ကျမက ဘယ်တော့မှ မမေးခဲ့သလို သူကလည်း ဘယ်တော့မှ စကားစ မခံခဲ့ပါဘူး။

ကျမတို့တွေ စခင်ခဲ့တဲ့ အချိန် ၁၉၈၁ ခုနှစ်လောက်တုန်းကဆို ဆယ်တန်းအောင်ပြီးခါစ အသက် ၁၆ နှစ်အရွယ် ၊ နိုင်ငံရေးဆိုတာ ဘာမှန်းတောင်မသိတဲ့ အရွယ်ပါ။ အဲဒီအချိန်ကတည်းက ကျမတို့ထက် အသက် ၃ နှစ်ပဲ ပိုကြီးတဲ့ ၊ ကျမတို့က ကိုသျှပ်လို့ ခေါ်တဲ့ ကဗျာဆရာ သျှပ်မှုးကျော် ၊ ဒေသကောလိပ် ကျောင်းသား ကျော်မြင့်လွင် ဆိုတဲ့ လူငယ်လေးက ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ အကြောင်းကို ရေရေလည်လည် ရှင်းပြတတ်နေပြီ။ အနုပဋိလောမ ရုပ်ဝါဒဆိုတဲ့ စာအုပ်ကို ကျမတို့ဖတ်ဖို့ ပေးတတ်နေပြီ။ အနုပဋိလောမ ရုပ်ဝါဒကို ဖတ်ပြီး ကျမက ဘာမှနားမလည်ဘူး ပြောတော့ ရယ်နေတယ်။ တခေါက်နဲ့ နားမလည် နောက်တခေါက် ထပ်ဖတ်ပေါ့ ဆိုတော့ ကျမက တော်ပြီ ပျင်းတယ်လို့ ပြောခဲ့ဖူးတာ မှတ်မှတ်ရရပါပဲ။ ကျမတို့ တွေက သူ့ဆီကနေပြီး တခါမှ မကြားဘူးခဲ့တဲ့ နိုင်ဝင်းဆွေရဲ့ မဟူရာမေတ္တာ အကြောင်း၊ ခင်လေးမြင့်ရဲ့ မင်းသားလေး အကြောင်း၊ သိန်းဖေမြင့်ရဲ့ အရှေ့ကနေ၀န်း ထွက်သည့် ပမာ အကြောင်းတွေကို သိလာခဲ့ကြရပါတယ်။ ဖတ်ချင်တယ်ဆိုရင် မရရ အောင် ရှာပေးတတ်ပါသေးတယ်။

ကျမဆိုရင် တခါမှ မကြားဖူး မဖတ်ဖူးတဲ့ စာတွေကို မက်မက်စက်စက် ဖတ်တတ်လာခဲ့ပြီး သူနဲ့စခင်တဲ့ ပထမဆုံးနှစ်မှာ ကျောင်းစာမှ ကျောင်းစာ ဆိုတဲ့ စိတ်ဓါတ်ပျောက်သွားလိုက်တာ ပထမနှစ်ကျခဲ့ရတဲ့ အထိပါပဲ။ အဲဒီနှစ်ကလည်း ဒေသကောလိပ် နောက်ဆုံးနှစ်ဆိုတော့ ကျတဲ့သူတွေ ရိုးရိုးမေဂျာပဲ ရပါတော့တယ်။ ဆယ်တန်းထိ အမြဲတမ်းတော်ပြီး အမှတ်အမြဲကောင်းခဲ့တဲ့ ကျမဘ၀လည်း ကျရှုံးခြင်း ဆိုတာကို ခံစားနားလည်သွားပါတော့တယ်။ ကိုသျှပ်စာအုပ်တွေ ဖတ်နေရတာနဲ့ စာကျက်ဖို့တောင် မေ့သွားတယ်ပြောတော့ ရယ်နေပြန်တယ်။ ပြီးတော့မှ ပညာရေးစနစ် မတည်ငြိမ်တဲ့ အခါ ကြိုးစားရတာလည်း အရာမထင်ပါဘူးဟာ။ ပုံမှန်ဆိုရင် တနှစ်ကျလည်း နောက်တနှစ် ဒီအတန်းပြန်ဖြေလိုက် ပြီးရမှာ။ အခု စာတော်တဲ့ နင့်အတွက် အခွင့်အရေး အားလုံးဆုံးရှုံးသွားတာပေါ့ ။ဒါပေမဲ့ စာမေးပွဲသာ မအောင်တာပါ ။နင် စာတွေ အများကြီးတတ်သွားပြီဆိုတာ ငါယုံတယ် သိလား၊ တဲ့။ အဲဒီနှစ်က သူလည်းစာမေးပွဲ ကျတာပါပဲ။

စာတွေအရမ်းဖတ်ပေမဲ့ ကိုသျှပ်ခေါ်ကိုဘဲဥဟာ စည်းကမ်းတော့ လုံးဝမရှိပါဘူး။အ၀တ်အစားကို တပတ်လုံးမလျော်ပဲ ၊ မလဲပဲ ၀တ်တတ်သလို တညလုံး မအိပ်ပဲ နေချင်ရင်နေတတ်သူ။ တနေ့လုံး ထမင်းမစားပဲ လက်ဖက်ရည် သောက်နေတတ်သူ၊ ရေချိုးဖို့ မေ့နေတတ်သူ၊ စိတ်ထဲရှိသလို နေချင်သလို နေတတ်သူ၊ သူများတွေးသလို မတွေးပဲ ကျမတို့ မစဉ်းစားတတ်တဲ့၊ မစဉ်းစားမိတဲ့ အမြင်ဖက်က တွေးခေါ်တတ်သူ၊ တခါတလေမှာ တကိုယ်ကောင်းဆန်စွာ တွေးတတ်သူ ထိုသူသည် ထူးအိမ်သင်လောင်းလျာပဲ ဖြစ်ပါသည်။ ( ကိုဘဲဥဆိုတာ ပြည်တော်သာတိုက်ခန်း တွေက ငယ်သူငယ်ချင်းတွေ ခေါ်တဲ့ နာမည်ပါ။)

သူတို့အုပ်စုဟာ အဲဒီအချိန် ကတည်းက တော်လှန်သော အတွေးအခေါ်ဆိုပြီး အင်္ကျီအစုတ်၊ ဘောင်းဘီအစုတ်၊ ပုဆိုးအစုတ်တွေပဲ ၀တ်ပါတယ်။ သူများ တက္ကသိုလ်ကျောင်းသားတွေ သစ်လွင်တောက်ပနေချိန်မှာ အရွဲ့တိုက် ၀တ်ကြတာပါ။ အဲဒီအချိန်မှာ အရက်လည်းကြိုက်နှစ်သက်စွာ သောက်နေပါပြီ။ အမြည်းအဖြစ် ပဲကြီးလှော်ကို ကျမတို့ မိန်းကလေးအုပ်စုတွေကို ခွာခိုင်းတတ်ပါတယ်။ အရက်သောက်တာ မကြိုက်ကြပေမဲ့ သူက ကိုယ့်ထက်တတ်ပြီး မကောင်းမှန်းသိပေမဲ့ သောက်နေတော့လည်း မပြောကြတော့ပါဘူး။ နောင် ၁၉၉၅ လောက်က လေထန်ကုန်းမှာ တွေ့တော့တောင်မှ သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပြီး တဲ့အခါ လက်ထဲက ပုလင်းကိုမြှောက်ပြပြီိး ငါလိမ္မော်ရည်ပဲသောက်တော့တယ် သိလားတဲ့။ ကျမကလည်း အရက်နဲ့ ရောထားတာ မဟုတ်လားဆိုတော့ သူ့သူငယ်ချင်း အဆိုတော်တွေ၊ သီချင်းရေးဆရာတွေကို တွေ့လား ။ တရုပ်မကို တော့ ညာလို့မရဘူးကွ တဲ့။

မျက်မှန်ထူထူ၊ ပုဆိုးအနက် ၊ လွယ်အိတ်ကြီးကြီးနဲ့ အေးတိအေးစက် လမ်းလျှောက်နေတတ်ပေမဲ့ ဂီတကိုလည်း တော်တော် နားလည်ပြီး လေ့လာအား သိပ်ကောင်းတယ် ဆိုတာလည်း တဖြည်းဖြည်း သိလာရပါတယ်။ သီချင်းသိပ်ကြိုက်တဲ့ ကျမကို အသံမကောင်းပေမဲ့ သီချင်းဆိုတတ်အောင် သင်ပေးခဲ့ပါသေးတယ်။ သီိချင်းဆိုတဲ့အခါ ပါးစပ်နဲ့ မဆိုပဲ စာသားကို ခံစားပြီး ရင်ဘတ်နဲ့ဆိုတတ်မှ နားထောင်တဲ့သူတွေ ရင်ထဲရောက်မှာလို့ ပြောပြသွားပါတယ်။ သီချင်းဆိုမဲ့သူဟာ သီချင်းတိုက်ဖို့ မပျင်းရတဲ့ အကြောင်းနဲ့ ဘယ်လောက် အဆိုကောင်းကောင်း အတီိးသမားပညာပြရင် ခံရမှာပဲတဲ့။ သူက အဆိုတော်သာ ဖြစ်သွားတာ။ အဆိုတော်လုပ်ဖို့ စိတ်ကူးမရှိတဲ့သူပါ။ အဲဒီအချိန်တွေတုန်းက ကျောင်းပွဲတွေမှာ ဘေ့စ် ဂစ်တာကို ပိုင်ပိုင်နိုင်နိုင်တီးပြီး သီချင်းတိုင်းကို ဟာမိုနီ လိုက်ပေးတတ်ပါတယ်။ ကျမကို ဟာမိုနီလိုက်တတ်အောင် သင်ပေးခဲ့ဖူးပေမဲ့ အသံကို မနိုင်နင်းတဲ့အတွက် မတတ်မြောက်ခဲ့ပါဘူး။ သူပေးတဲ့ ဒို ရေ မီ ဖာ အသံလေ့ကျင့်ခန်းကို ကျမ မလိုက်နိုင်ပါဘူး။ သီချင်းဆိုရင် ဘယ်နေရာမှာ အသက်ခိုးရှုရမယ်က အစ သူသင်ပေးခဲ့ဖုးပါတယ်။ ဘယ်ပညာကို မဆို နက်နက်ရှိုင်းရှိုင်း လေ့လာနိုင်ရမယ်လို့လည်း ပြောပြခဲ့ပါတယ်။ သူကိုယ်တိုင်လည်းပဲ ဂီတကို ဆရာတဆူဖြစ်အောင် လေ့လာနေခဲ့ပါတယ်ဆိုတာ ကျမတို့ အဲဒီအချိန်တုန်းက မသိခဲ့သလို တန်ဖိုးလည်း မထားတတ်ခဲ့ပါဘူး။

ရေဒီယို တလုံးနဲ့ တကမ္ဘာလုံးက ဂီတသံတွေကို ဖမ်းယူနားထောင်ပြီး သီချင်းတွေလည်း စပ်နေခဲ့ပါပြှီ။ သူ့ရဲ့ ပထမဦးဆုံးခွေထဲက ဝေးသွားတဲ့အခါ ဆိုတဲ့သီချင်းဟာ ကျမတို့ ပုသိမ်ကောလိပ်က ကျောင်းပိတ်ခါနီး နှုတ်ဆက်ပွဲတွေမှာ ကြားဖူးပြီး ကျောင်းသား ကျောင်းသူတွေ ရပြီးသားသီချင်းတွေပါ။ အဲဒီလိုပဲ အခါလွန်မိုး ၊ ခွင့်မပြု တို့ကို ကျောင်းပွဲတွေမှာ ဆိုခဲ့ပြီးဖြစ်ပါတယ်။
သူ့ပထမဆုံးအခွေ မထွက်ခင် မော်လမြိုင်ကို မိဘတွေနောက်လိုက်ပြီိး ပြောင်းသွားခဲ့တယ်။ တကယ်တော့ မိဘတွေ ပြောင်းသွားတာ ကြာပါပြီ။ သူက သူငယ်ချင်းတွေအိမ်မှာ ၊ အဆောင်တွေမှာ လှည့်ပတ်အိပ်ပြီိး ပုသိမ်မှာနေကျန်ခဲ့တာပါ။ အခု သီချင်းရေးဆရာ ဖြစ်နေတဲ့ ကိုမြင့်မိုးအောင်၊ သိမ်းတင်သားဆိုပြီး ဆောင်းပါးတွေရေးနေတဲ့ ကြွက်နီ ခေါ် အောင်ကျော်ဦး တို့အိမ်ဟာ သူစတည်းချနေကျ အိမ်တွေပါ။ အဲဒီအိမ်တွေဟာ သူ့သည်းညည်းကိုလည်း တော်တော်ခံကြရပါတယ်။ သူသေသွားချိန်ထိ အတွဲမပျက်ကြပါဘူး။ ပုသိမ်ရောက်တိုင်းလည်း အဲဒီအိမ်တွေမှာ ငါးပိ တို့စရာအစုံ လုပ်ခိုင်းပြီး ထမင်းစားနေကြပါ။ သူဟာ ငါးပိနဲ့ထမင်းစားရတာ နှစ်သက်သလို မနက်စောစော ကောက်ညှင်းပေါင်းနဲ့ အကြော်စုံစားတာကိုလည်း ကြိုက်နှစ်သက်ပါတယ် ။ ထန်းရည်ကိုလည်း မြန်မာဘီယာလို့ခေါ်ပြီး သူငယ်ချင်းတွေနဲ့ပုသိမ်က မြက်တိုဖက်မှာ သတိတရ သွားသောက် တတ်ပါတယ်။

သူ့အင်တာဗျူးတခုမှာ ဖြေသွားခဲ့ဖူးပါတယ်။ ပုသိမ်မြို့ကို သူအနှစ်သက်ဆုံး မြီု့ဖြစ်တဲ့အကြောင်းနဲ့ ပုသိမ်မြို့သူ မြို့သားတွေဟာ အေးချမ်းတဲ့ အကြောင်း၊ မြို့လေးကလည်း အေးချမ်းတဲ့ အကြောင်း တွေပေါ့။ ပုသိမ်ရောက်တိုင်းလည်း သူငယ်ချင်းတွေ အားလုံးနဲ့ တွေ့ဖြစ်အောင် အချိန်ယူတွေ့ပါတယ်။ ကျမဆိုင်ကိုလည်း အခေါက်တိုင်းနီးပါး ရောက်ခဲ့ပါတယ်။ ကျမထောင်ကလွတ်ခါစက နှင်းဆီလှိုင်းတေးထုတ်လုပ်ရေးက ကိုဇော်သစ်၊ အဆိုတော်ရဲသွင် ၊ နောက်ကျမ မမှတ်မိတဲ့သူတွေ အများကြီးနဲ့ ဆိုင်ကို ရောက်လာ ပါသေးတယ်။ ထောင်ထဲက နေရထိုင်ရပုံတွေ ၊ ထောက်လှမ်းရေးက အတွေ့အကြုံတွေရယ်ကို စိတ်ဝင်တစား အကြာကြီးမေးခဲ့ပါတယ်။ ကျမလိုပဲ ကိုဇော်သစ်လည်း ထောင်ကျဖူးကြောင်းနဲ့ မျက်နှာကျက်တွေဆို မမြင်ချင် မကြည့်ချင်တော့ဖူးလို့ ပြောပြသွားပါတယ်။ မျက်နှာကျက်ကြောက်တဲ့ရောဂါပေါ့ လို့လည်း အမည်ပေးသွားခဲ့ကြပါတယ်။

ရဲသွင်သီချင်းတွေ ရုပ်မြင်သံကြားမှာ ရိုက်ဖို့သွားတော့ ကိုသျှပ်လည်း လိုက်သွားခဲ့ပါတယ်။ အဲဒီမှာ အဆိုတော် စိမ်းမို့မို့နဲ့ တွေ့ပြီး ကိုငှက် သီချင်းလာသွင်းတာလားလို့ နှုတ်ဆက်တော့ မဟုတ်ဘူး။ ငါက ဒီမိုကရေစီရမှပဲ လာဆိုတော့မယ်လို့ ပြောခဲ့လိုက်တယ်။ စိမ်းမို့မို့ရဲ့အဖေက အဲဒီတုန်းက မြန်မာ့ရုပ်မြင်သံကြားက ညွှန်ကြားရေးမှုးပါ။ အဲဒီစကားကလည်း ကျမကို ကြွက်နီနဲ့နှစ်ယောက်သား လာပြောပြကြတာလေ။

မေဆွိရဲ့ ဂျပ်ဆင်ထိပ်က လရိပ်ပြာ ဆိုတဲ့ သီချင်းထဲက ကောင်လေးက တောခိုသွားတာ သိလားတဲ့။ တော်လှန်ရေးလုပ်ဖို့ ထွက်သွားတဲ့ ကျောင်းသားတွေ ကျောင်းဖွင့်တော့ ပြန်မလာနိုင်တော့ဖူးလေ။ အဲဒါကို သူ့ကောင်မလေးက လွမ်းတဲ့ သီချင်းပေါ့တဲ့ ။ ကျမတော့ အဲဒီသီိချင်းကို နားထောင်တိုင်း သူပြောပြတာတွေကို အမြဲပဲ ပြန်ကြားယောင်နေခဲ့ပါတယ်။ နောက်ပြီး ရာဇ၀င်ထဲက သတို့သမီး သီချင်းလည်း ဒီအတိုင်းပဲ။ ဧရာဝတီမြစ်ကို ရေးထားတာပဲ။ ဒါပေမဲ့ သေသေချာချာ နားထောင်ကြည့်ပါ ။ အဓိပ္ပါယ် ထပ်ထွက်ပါသေးတယ်။

သူ့သူငယ်ချင်း ကိုမြင့်မိုးအောင်ရဲ့ အနုပညာကို သူသိပ်ယုံကြည်တယ်။ စကားလုံးမရှိတဲ့ ကောင်းကင် တခွေလုံးကို ကိုမြင့်မိုးကို ရေးခိုင်းပြီး သူဆိုပြလိုက်တာလေ။ မြင့်မိုးအောင်ဆိုတဲ့ သီချင်းရေးဆရာတယောက် အောင်မြင်ခဲ့တာပါပဲ။ ကျမဆိုရင် အဲဒီထဲက စာသားတွေကို ကိုမြင့်မိုး ဘယ်လိုတွေးပြီး ရေးပါလိမ့်လို့ ခဏခဏ စဉ်းစားမိတယ်။ ကိုမြင့်မိုးနဲ့ ကျမတို့ဆိုတာ ဈေးထဲမှာ ဆိုင်ထွက်ကြပြီး သူ့မိန်းမက ကျမနဲ့ တွဲဖော်တွဲဖက်။ နေ့တိုင်းတွေ့နေကြပြီး သီချင်းအကြမ်းကို အကြိမ်ကြိမ်နားထောင်ပြီးသား။ ဒါပေမဲ့ ကိုသျှပ်ဆိုလိုက်တဲ့ အခါမှာ စကားလုံးတွေက ကြွတက်လာပြီး သီချင်းက အရမ်းကောင်းသွားတယ်။ အဆိုပညာဆိုတာ ဒါပါလား လို့လည်း နားလည်သွားရတယ်။ ကိုမြင့်မိုးရဲ့ စကားလုံးတွေကို သူ ပြောခဲ့သလို ရင်နဲ့ဆိုသွားခဲ့တာ ဖြစ်မှာပါ။ သူဟာ အဆိုတော်တွေထဲမှာ တွံတေးသိန်းတန်ကို သိပ်ကြိုက်ပါတယ်။ အတီးသမားတွေထဲမှာ စောဘွဲ့မှူးကို တော်တော် ချီးကျူးပြီး လေးစားနှစ်သက်တာကို တွေ့ရပါတယ်။ ကျမတို့ ဒုတိယနှစ်လောက်က ထင်ပါတယ်။ ပရင့်စ်ဘသော် ရဲ့ အရပ်မြင့်မြင့် အချစ်ဆုံး ဆိုတဲ့ သီချင်းခွေ ထွက်တော့ သူတို့အတီးသမားတွေ အုပ်စုလိုက် အဲဒီအခွေကို နားထောင်ပြီး ကက်ဆက်ကို ခုံပေါ်တင်၊ နောက် ထိုင်ကန်တော့ နေကြပါတယ်။ ကြွက်နီတို့အိမ်မှာလို့ မှတ်မိပါတယ်။ စောဘွဲ့မှူးတီးတာတွေကို အရမ်းသဘောကျပြီး လေးစားနေကြပုံ တွေပါ။ အခုထိ ကျမမျက်စေ့ထဲမှာ မြင်နေဆဲပါပဲ။

ကမ္ဘာမြေ စိမ်လန်းပါစေ။ ပန်းပွင့်တွေ ဆုတောင်းနေ.............
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။ ကျေးငှက်တို့ တေးဆိုနေ...........

ကျမတို့ ဘီဘီစီ ဖွင့်ရင် ကြားနေကျ သီချင်းလေးပါ။ အဲဒီသီချင်း ရေးခဲ့သူဟာ ထူးအိမ်သင်ပါပဲ။
ကျမရဲ့ ကျောင်းသားဘ၀ အမှတ်တရ စာအုပ်လေးထဲမှာ သူရေးပေးခဲ့တယ်။
ယုံကြည်ချက်ထဲက အတ္တကို တည်ဆောက်ပါတဲ့။

( ဘ၀မှာ လုပ်ချင်တာတွေ အကုန်လုပ်ခွင့် ရမသွားတဲ့ ကိုသျှပ်သို့ )

8 comments:

Kay said...

အမရေ..ထူးအိမ်သင်အကြောင်းလေးဖတ်ရတာ..တန်ဖိုးရှိလိုက်တာ..
ခုထက်ထိ..သူ့သီချင်းတွေနားထောင်တိုင်း..နှမြောလွန်းလို့...
ထောင်ထဲမှာ..သိခဲ့တဲ့လူတွေအကြောင်းရေးပါဦး..

ခင်မင်းဇော် said...

မေဓာဝီ: အမရေ ... ညီမတို့ မသိသေးတဲ့ ကိုငှက်အကြောင်း တွေ ဖတ်ရလို့ ကျေးဇူးတင်ပါတယ် ... ကွန်မန့်ထဲ ၀င်မရလို့ ဒီမှာပဲ ရေးလိုက်ပါတယ်ရှင်

ခင်မင်းဇော် said...

ကေနဲ့မေရေ
အစားထိုးမရတဲ့ ဂီတပညာရှင်တယောက်။ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတယောက်ကို သတိရစိတ်နဲ့ဒီပို့ကိုရေးလိုက်တာပါ။
ထောင်ထဲက တွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးတွေလဲ နောင်တင်ပေးမယ်နော်။

lwinmoe said...

thanks for this post. Very interesting.
Best,
Lwin Moe

ကျော်စွာ said...

ကိုငှက်ရဲ့  နိုင်ငံရေး ခံယူချက် တစ်ချို့  ကို သိရတဲ့ အတွက် မခင်မင်းဇော်ကို ကျေးဇူးတင်ပါတယ်

M.Y. said...

ထူးအိမ်သင် ဆိုတဲ့ ကိုငှက်ကြီး ဟာ ကျွန်တော်တို့ လူငယ်တွေ ရင်ခုန်သံကို ကိုယ်စားပြုဖို့ မွေးဖွားခဲ့သူပါ။ ကို ငှက်ကြီး ဟာ အမျိုးသားရေးစိတ်ဓာတ်ရော ၊ ဂီတမှာပါ လူငယ်တွေ လေးစားရတဲ့ အထဲမှာထိပ်ဆုံးကပါ..သူပြန်လာတာ ဘာဘဲပြော ပြော မြန်မာဂီတလောကကြီးတစ်ခုလုံး အတွက် +++++++++တွေပါဘဲ..တပြည်လုံး..ဒီခေတ်သစ်ဂီတတလျှောက်လုံးအချိန်မတိုင်ခင် အကြွေစောလို့  နှမျောရမယ့် ပညာရှင်ထဲမှာ သူ နံပါတ် ၁ ပါ..

Valentino said...

Mr. Guitar ထဲက ညတစ်ည မှာ ထူးအိမ်သင်က ကျနော့်ကို ပြောဖူးတယ်။
ခင်ဗျားလို ပရိသတ်တစ်ယောက်ကို ကျနော်ခင်ဗျားတစ်ယောက်ပဲတွေ့ဖူးတယ်တဲ့။
ပြီးတော့ ပြောသေးတယ်။ ဂီတသမားထဲမှာ ကျွန်တော် အဆင်းရဲဆုံးပါဗျာတဲ့။
ကျွန်တော့်မွေးနေ့မှာ သူ Forget Me Not မွေးနေ့ပန်းချီလေးပေါ်မှာ လက်မှတ်ထိုးပေးဖူးတယ်။
သူ့ကို မျှော်လင့်ချက်သာမထားခဲ့ရင် သီချင်းကို မွေးနေ့လက်ဆောင်တောင်းတော့ လူတွေ အားလုံးနားလည်တဲ့ ဘာသာစကားပဲ ပြောပါရစေ ဆိုပြီး အမေ့အိမ် ကိုပဲ ဆိုသွားတယ်။ သူကွယ်လွန်တဲ့ည မှာ Pioneer က ဇော်ဝင်းထွဋ် ပွဲမှာရောက်နေတယ်။ ဇော်ဝင်းထွဋ်က ဒီမနက်ပဲ သူကွယ်လွန်ပါပြီပြောပြီးတော့ အင်ပါယာတီးပေးတဲ့ အမေ့အိမ် တေးသွားလေးထဲကို သူက Harmonica လေးနဲ့ ထူးအိမ်သင် အစား အသံပြုပေးသွားတာကို မျက်ရည်တွေ ၀ဲပြီး နားထောင်ခဲ့မိတယ်။ ထူးအိမ်သင် web site လုပ်တော့ ဖိုးသား တို့ကို တတ်နိုင်တဲ့ သူ့သီချင်းလေးတွေ အိုင်ဒီယာလေးတွေ ပေးမိတယ်။ ဒီစာလေးကို သူငယ်ချင်းတစ်ယောက် ပြလို့ ဖတ်မိတယ်။ ထူးအိမ်သင် ပရိတ်သတ် စစ်စစ် တစ်ယောက်လို့ ကိုယ့်ကိုယ်ကို မခံယူပေမယ့် သူဆိုသွားတဲ့ ဗင်းဆင့်ဗင်းဂိုး သီချင်းလေးကို စာဖတ်ရင်း ကြားယောင်နေတယ်။

"မသေခင်အချိန်မှာ အပယ်ခံများ.. မဲ့ရွဲ့ခြင်းသာခံရတယ်.. သွေးပျက်သွားအောင် သရော်ကြတယ်.. လက်မြှောက်လို့ဘ၀ကို ရှောင်ကာပြေးလေတယ်.."

ခင်မင်းဇော် said...

ထူးအိမ်သင်ဆိုတာ
အိမ်ထောင်ရေး ဖောက်ပြန်မှုမရှိတဲ့
မလိမ်လည်တတ်တဲ့(အရက်နဲ့ ဆေးချခဲ့ပေမဲ့)
ပြည်သူတွေဖက်မှာ ရပ်တည်တတ်တဲ့
အားနည်းသူတွေကို စောင့်ရှောက်တတ်တဲ့
ကိုယ်ကျင့်တရားကို အလေးထားတဲ့
သာမန်လူထဲက ထူးခွှန်တဲ့ ဂီတသမားတယောက်၊
သီချင်းရေးဆရာ တယောက်မို့ လေးစားခဲ့တာပါ။