Thursday, June 14, 2007

ချစ်သူ့ ဒိုင်ယာရီ

(ခင်မင်းဇော်)
လုံးဝအဆက်ပြတ်နေတဲ့ သူငယ်ချင်းတယောက်က ဖုန်းဆက်လာတယ်။ သူနော်ဝေးက ဆက်နေတာတဲ့။ သူထောင်ကလွတ်ပြီ ဆိုတာ သိပေမဲ့ ဗမာပြည်ထဲက အပြီးထွက်သွားခဲ့တာ မသိခဲ့တော့ ဘာမှ ဆက်စပ်လို့ နားမလည်ခဲ့ဘူး။ သူပြောပြတော့မှ နိုင်ငံရေးဒုက္ခသည်အနေနဲ့ နော်ဝေးကို ရောက်နေကြောင်း သိရတော့တယ်။ ကျမကို အံ့သြစေတဲ့ စကားတခွန်းကိုလည်း သူက တိတိကျကျပြောပြသွားခဲ့တယ်။ နင့်ရဲ့ ကိုမောင်မောင်ကို ကျောင်းသားတပ်မတော် (ABSDF)မှာ တွေ့ခဲ့ရတယ်တဲ့။ ချစ်သူရေ-ကမ္ဘာလောကကြီးတခုလုံး ငြိမ်သက်သွား သလိုပါပဲ။ ပြီးတော့ နာကျင်ကြေကွဲစွာ၊ ဆို့နင့်ဝမ်းနည်းစွာ ဘယ်လိုသုံးနှုန်းရမလဲတောင် မသိခဲ့တဲ့ ခံစားမှုတွေနဲ့ လူတကိုယ်လုံး ထုံသွားခဲ့ရတယ်။ သေသလား၊ရှင်သလား ၊ဘာတွေလုပ်နေလဲ ဘာဆိုဘာမှ သိခွင့်မရခဲ့တဲ့ ချစ်သူသတင်းကို ကြားခဲ့ရတာဆိုတော့ ဘာမှတောင် ပြန်မမေးနိုင်ခဲ့ဘူး။ ချစ်သူက အသက် ၄၀ တန်းဝင် ကျမ အပျိုကြီးလုပ်နေတာလဲ သိနေသတဲ့။ သူလည်း အိမ်ထောင်မပြုသေးဖူးတဲ့။ အခုအချိန်ဆိုရင်ရော သူ့ဆီကို လိုက်လာနိုင်ပြီလား မေးလိုက်ပါလို့ ပြောသတဲ့။ ပြီးတော့ ဖုန်းနံပါတ်လေးတခုကို ပေးခဲ့တယ်။ ကျမကတော့ နေနိုင်ရက်လိုက်တာလို့ ရင်ထဲက အထပ်ထပ်ပြောနေရင်း နှုတ်က ဆွံ့အနေခဲ့မိတယ် ။

ဒိုင်ယာရီ အမှတ်(တစ်)
တမြို့ထဲ နေခဲ့ကြပေမဲ့ စက်မှုတက္ကသိုလ်ကျောင်းသား မောင်မောင်နဲ့ ကျမက ရန်ကုန်ကို မဟာတန်းတက်ဖို့ ကျမရောက်လာတော့မှ သိခဲ့ရတာလေ။ အဲဒီတုန်းက ၁၉၈၇ ခုနှစ်၊ အသက်ကလည်း ၂၀ ၀န်းကျင် ၊ ကိုယ်ဖြစ်ချင်တာကို ကိုယ်ကြိုးစားရုံနဲ့ ရနိုင်လိမ့်မယ်လို့ ထင်ထားခဲ့ကြတဲ့ အချိန်ပေါ့။ ဒါပေမဲ့ ၁၉၈၇ ခုနှစ် ရဲ့ စာမေးပွဲ အချိန်မှာ ပိုက်ဆံတွေ တရားမ၀င်ကြောင်း ကြေညာတဲ့ အခါမှာတော့ ကျမတို့အားလုံးသော ပြည်သူတွေရဲ့ ကံကြမ္မာဟာ တိုင်းပြည်အုပ်ချုပ်နေသူတွေ အပေါ်မှာ အများကြီးတည်နေပါလားလို့ နားလည်မိရတော့တယ်။ ချစ်သူမှတ်မိဦးမလား။ နင်ပြောခဲ့တာလေ။ နွယ်ရေ ၊ ၁၀၀ တန်တင်မကပဲ အသေး ၃၅ ကျပ်တန်ပါ ပါနေတော့ အခြေခံလူတန်းစားတွေတော့ ဒုက္ခရောက်ပြီပေါ့။ တို့နိုင်ငံ တော့ တခုခုဖြစ်တော့မယ် ထင်တယ်တဲ့။ လမ်းဘေးက ဗျက်ထိုးဈေးသည်က အစ ခံစားခဲ့ရတဲ့ ငွေစက္ကူပြသနာဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးကို အဓိက မောင်းနှင်စေခဲ့တာပဲ မဟုတ်လား။ ဖုန်းမော်ကျဆုံးခဲ့ရတဲ့ မတ်လ ၁၃ ရက်ပြီး နောက်တနေ့မှာ စစ်တပ်သိမ်းထားတဲ့ ကျောင်းဝင်းထဲက ခိုးထွက်လာခဲ့တဲ့ ချစ်သူက ကျမတို့ မိန်းထဲမှာ ဖြစ်ရပ်မှန်လက်ရေးမူဝေဖို့ အလုပ်ရှုပ်နေခဲ့ပြီ။ ခံပြင်းနာကျည်းချက်တွေ ပြည့်နေတဲ့ ချစ်သူ့မျက်နှာကို ငေးကြည့်ရင်း၊ ချစ်သူပြောပြတဲ့ ၁၃ ရက်နေ့ ညကိုနားထောင်ရင်း၊ မတရားတဲ့ အမိန့်အာဏာကို နားလည်ခံစားမိလာရတယ်။ အဲဒီအချိန်က စပြီး ချစ်သူ့ယုံကြည်ချက်တွေ အကောင်အထည်ဖော်ဖို့ တတ်နိုင်သလောက် ကြိုးစားဖြည့်ဆည်းပေးမယ်လို့ ဆုံးဖြတ်ချက်ချခဲ့မိတယ်။ လက်ရေးစာမူတွေကို ကျမတို့ သူငယ်ချင်းတစု ကူးရေးပြီး စာအိတ်တွေထဲထည့် ၊ ကျောင်းဝင်းထဲမှာ ကျောင်းသားတွေဆိုရင် ဟိုကောင်မလေးပေးခိုင်းတာ၊ ကျောင်းသူတွေဆိုရင် ဟိုကောင်လေးပေးခိုင်းတာ ဆိုပြီး လိုက်ဝေခဲ့ကြတာကို မှတ်မိဦးမယ်ထင်ပါတယ်။ မတ်လ (၁၆)ရက် ။ ကြေကွဲဖွယ် တံတားနီအရေးအခင်း ဖြစ်မဲ့နေ့တုန်းးကလည်း ချစ်သူက ကျမဘေးနား ဘယ်လို ရောက်လာတယ် မသိခဲ့ပါဘူး။ ကျောင်းဝင်းထဲကနေ အပြင်ထွက် ကြမယ်ဆိုတော့ ကျမလက်ကိုဆွဲပြီး မလိုက်နဲ့ ၊ လိုက်မသွားနဲ့နွယ်၊ ကျောင်းဝင်းအပြင်ဖက်ရောက်ရင် တခုခုဖြစ် လိမ့်မယ်။ ဒုက္ခပဲ။ တားလို့လည်း မရတော့ဘူး၊ တဲ့။ ချစ်သူရဲ့ မှန်းဆချက်တွေကို ယုံကြည်ပြီးသား ကျမကလည်း ၂ ခါမပြောရပဲ တောင်ငူဆောင်ဖက်ကနေ လှည်းတန်းဖက် ထွက်ဖြစ်ခဲ့ကြတယ်။ တံတားနီဖြစ်ရပ်ကို သီသီလေး လွတ်မြောက်ခဲ့တဲ့ ကျမတို့ နှစ်ယောက်က တယောက်လက် တယောက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး နားလည်မှုတွေ ခိုင်မာခဲ့ကြတယ်။

ဒိုင်ယာရီ အမှတ်(နှစ်)
နွယ် ၊ ငါထွက်သွားတော့မယ်။ ချစ်သူကို အသိပေးစကား ပြောခဲ့တဲ့ အချိန်က စစ်တပ်အာဏာသိမ်းပြီးစ၊ ငါလည်းလိုက်မယ်နော် ဆိုတော့ မလိုက်နဲ့၊ ဘယ်လို အခြေအနေမှန်း မသိဘူး။ နင်ပါရင် ငါနောက်ဆံတင်း နေရမယ် တဲ့။ ဘယ်ဒေသရောက်တယ်လို့ မသိရပေမဲ့ သံဖြူဇရပ်ဖက်က သူငယ်ချင်းနဲ့ ထွက်သွားခဲ့တာ ဆိုတော့ မွန်ဒေသဖက် ရောက်နေလောက်ပြီလို့ ခန့်မှန်းနိုင်ခဲ့တယ်။ မွန်ဖက်မှာ တပ်ရင်း ၁၀၁၊ ၁၀၂ ဖွဲ့စည်းပြီးကြောင်း ကြားရချိန်တုန်းက ချစ်သူဘယ်တပ်ရင်းထဲ ရှိနိုင်မလဲလို့ နားစွင့်ရင်း အဲဒီဒေသက သတင်းတွေကို ရသလောက် စုံစမ်းနေမိသေးတယ်။ ပြည်တွင်းမှာလည်း ပါတီတွေ ဖွဲ့စည်းခွင့်ပေးတော့ အများကြီးပဲ။ ရှစ်လေးလုံးစိတ်ဓါတ်ကလည်း မပြယ်သေးတော့ ဘာတွေ လုပ်နိုင်မလဲ ၊ လုပ်နိုင်တာ လုပ်ဖို့ လူစု ပါတီဖွဲ့ပြီး အသင့်စောင့်နေကြတယ် ထင်ပါတယ်။ ကျမကတော့ ဘယ်အဖွဲ့အစည်းမှ မ၀င်ဖြစ်ပါဘူး။ ၁၉၉၀ မတ်လ ၊မွန်ဒေသ ကျသွားပြီတဲ့။ ဘုရား ၊ဘုရား။ မွန်တပ်တွေနဲ့ ကျောင်းသားတပ်တွေ အတူလက်တွဲ တိုက်ခဲ့ကြတာတဲ့။ တိုက်ပွဲတိုင်း အောင်နိုင်ပါစေလို့ ဗမာပြည်ထဲက ပြည်သူလူထုကြီးက ဆုတောင်းပေးနေတာ ချစ်သူရဲ့။ န၀တကို ခံတိုက်သူတိုင်းကို အားပေးနေတာ။ သူတို့တွေကလည်း သူတို့ပိုင်တဲ့ မဲပြားနဲ့ တိုက်ပေးကြဖို့ ပြင်ဆင်နေကြပြီ။

ဒိုင်ယာရီ အမှတ်(သုံး )
မွန်ဒေသက ကျောင်းသားတပ်တွေ မာနယ်ပလောကို ရွှေ့ပြောင်းသွားပြီတဲ့။ ကျောင်းသားတပ်မတော်ရဲ့ သတင်း ချစ်သူရဲ့ သတင်းတွေ သိချင်လွန်းလို့ ကျမ မြက်ခင်းသစ်ကိုတောင် ၀ယ်ဖတ်ဖြစ်ခဲ့တယ် ချစ်သူရဲ့။ ကျမကို မြက်ခင်းသစ်ဝယ်ဖတ်လို့ ပတ်ဝန်းကျင်ကတောင် ကဲ့ရဲ့ပြစ်တင် ကြသေးတယ်။ ကျမက စစ်အုပ်စုကို အားပေးနေတယ်ပေါ့လေ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိခဲ့ပါတယ်နော်။ အဲဒီထဲမှာ ကျောင်းသားတွေ ရေနစ်သေတဲ့ အကြောင်း ဖတ်မိတော့ ရေမကူးတတ်တဲ့ ချစ်သူအတွက် စိတ်ပူနေမိသေးတယ်။ တချို့ကလည်း နာမည်တွေ ပြောင်းထားကြတယ်ဆိုလို့ ချစ်သူလည်း နာမည်ပြောင်းသေးလား၊ ပြောင်းခဲ့ရင် ကိုယ့်နာမည်ပါအောင် ပြောင်းမှာလားနဲ့ စိတ်ကူးကလည်း ယဉ်မိသေးပါရဲ့။ ဗေဒင်တွေလည်း ချစ်သူ့ပတ်စပို့ပုံလေးနဲ့ မေးရတာလည်း မောလို့၊၊ ကျမကို ခေါ်ဖို့ ဂတိပေးထားတာ မေ့နေပြီလားကွယ်။

ဒိုင်ယာရီ အမှတ်( လေး)
၁၉၉၅ အကုန် မာနယ်ပလောတိုက်ပွဲသတင်း တွေ ကြားနေရပြန်တယ်။ ဗမာပြည်ထဲမှာ လူတိုင်းစိတ်ဝင်စားတဲ့ သတင်းပေါ့။ မဲနိုင်အောင်ထည့်ခဲ့ပေမဲ့ အာဏာလွှဲပေးဖို့ ငြင်းဆန်နေတဲ့ စစ်အာဏာရှင် တွေကို ခံတိုက်နေတဲ့ သူတွေမို့ မရှုံးစေချင်ကြဘူး။ မာနယ်ပလော ကျသွားပြီတဲ့။ ကျမတို့ ပြည်တွင်းမှာလေ အားလုံးတိတ်ဆိတ် ငြိမ်သက်သွားတာပဲ။ ကိုယ်တိုင်တိုက်ခဲ့ကြပြီး ရှုံးခဲ့ကြရတဲ့ စစ်ရှုံးသူတွေ အတိုင်းပဲ။ မျက်နှာမသာမယာနဲ့ ၀မ်းနည်းခဲ့ကြရတယ်။ မြန်မာ့ရုပ်မြင်သံကြားက မာနယ်ပလောစခန်းသိမ်းထားတာတွေ ပြပြီး အောင်ပွဲခံနေချိန်မှာ စခန်းကို သေသေသပ်သပ် သိမ်းပြီး ဆုတ်ခွာသွားတာပါလားလို့ ကျမတို့တွေက အားတင်း ကြည့်ခဲ့ရတယ်။ ၁၉၉၆ ခုနှစ် လေးလပိုင်း သင်္ကြန်အပြီးမှာတော့ ရန်ကုန်က မင်္ဂလာဆောင်တခုမှာ ချစ်သူကို တွေ့ခဲ့တယ်တဲ့။ ချစ်သူနဲ့ တပ်ရင်းတခုထဲက ရဲဘောတယောက် မင်္ဂလာဆောင်တာတဲ့။ ကံဆိုးတာပဲ။ ကျမတို့က ရန်ကုန်ကို အပြီးပြောင်းခဲ့တာဆိုတော့ ချစ်သူမြို့လေးကို ပြန်ရှာတာ မတွေ့ခဲ့ဖူးပေါ့။ ကျမသူငယ်ချင်းပေးခဲ့တဲ့ ကျမရဲ့ရုံးဖုန်းနဲ့ ချစ်သူက ဆက်သွယ်လာခဲ့တယ်။ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ရောက်လာတာဆိုတော့ ငြိမ်းချမ်းရေး အဖွဲ့တွေကို ကျမတို့တွေက ကြည့်မရဘူးကွလို့ ပြောပြတော့ နင်က ရယ်နေနိုင်သေးတယ်။ ကျမကို ချစ်သူက လက်ထပ်ပြီး လိုက်ခဲ့ဖို့ ခေါ်တော့ ကျမက အဆင်သင့် မဖြစ်ခဲ့ပြန်ဘူး။ ကျမ နိုင်ငံခြားကုမ္ဂဏီ တခုမှာ အလုပ်ဝင်နေပြီး မောင်လေးကျောင်းဆက်တက်နေတာ၊ အမေ ၊ ကျမ နဲ့ မောင်လေး သုံးယောက်သာရှိတော့တဲ့ ကျမတို့ မိသားစုမှာ ကျမလစာတခုတည်းအပေါ် မှီခိုနေရတာ။ အဓိက အကြောင်းကြီး ဖြစ်နေပြီလေ။ ကျမမောင်လေး ကျောင်းပြီးအောင် တစ်နှစ်လောက် စောင့်ပေးနော်ဆိုတော့ အသက် ၃၀ ရှိပြီနော်တဲ့။ ကံမကောင်းစွာပဲ ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားဆန္ဒပြပွဲက ကျောင်းတွေကို အကန့်အသတ်မရှိ ပိတ်ပစ်စေခဲ့တယ်။ တို့နှစ်ယောက်ရဲ့ ကံပေါ့နော်။ ချစ်သူမရှိတဲ့ အချိန်တွေမှာ ချစ်သူညီမလေးဆုံးတယ်။ အတူနေ ချစ်သူ့အဒေါ်အပျိုကြီးဆုံးတယ်။ ဒီသတင်းတွေကို မတုန်မလှုပ် နားထောင် နိုင်နေပြီလား ဆိုတော့ တိုက်ပွဲတွေမှာ လက်တွဲတိုက်ခဲ့တဲ့ ရဲဘော်တွေ ကျဆုံးတဲ့အခါ ၊ မွန်ဒေသဖက်က ပထမဆုံး တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ကိုယ့်ရဲဘော်ကို ထမ်းပြီးပြန်လာရတဲ့ ခံစားမှုတွေကို တိုးမပေါက်တော့ဘူးတဲ့။ ကျမကလည်းနားထောင်ရင်း ၀မ်းနည်းခဲ့ရတယ်။ ချစ်သူရေ ၊ အချစ်စစ်ဆိုတာ မဖြောင့်ဖြူးဘူးနော်။

ဒိုင်ယာရီ အမှတ်(ငါး)
မကြာခဏ ဆက်သွယ်ကြမယ်ဆိုတဲ့ ဂတိစကားနဲ့ ကျမတို့ လက်တွေ့ဘ၀ဟာ လွဲချော်ခဲ့ရပြန်တယ်။ ကျမအလုပ်လုပ်တဲ့ ကုမ္ဂဏီ ဗမာပြည်က ပြန်ထွက်သွားတယ်။ ဒေါ်လာစား ကျမက အလုပ်ထပ်ရှာရပြန်တယ်။ လခက အရင်လောက်တော့ မကောင်းတော့ဖူးပေါ့။ ချစ်သူကလည်း ရန်ကုန်တက်လာခွင့် မရတော့ပြန်ဘူး။ ကျမဖုန်းဆက်တဲ့အခါ တွေ့တဲ့အခါတွေ့ပေမဲ့ ဖုန်းရှိတဲ့ မြို့ပေါ်ကို တလ ၊နှစ်လလောက် ကြာမှာတက်လာလို့ ရတာဆိုတော့ ဆက်သွယ်ရေးက ခက်ခဲပြန်ရော။ တခါဆက်သွယ်တော့ မင်္ဂလာဆောင်တဲ့ ကောင်မလေးနဲ့ ဖုန်းပြောရတယ်။ ကျောင်းသားရဲဘော်တွေ အကုန်ပြန်ဆင်းသွားပြီတဲ့။ ချစ်သူနဲ့ နှုတ်ဆက်ခွင့်တောင် မရလိုက်ပါလား။ ဒီတကြိမ်တော့ ချစ်သူခေါ်ရာ မလိုက်ဖြစ်တာ ကျမပါ။ နောက်တခေါက် ဖုန်းဆက်တော့ အဲဒီကောင်မလေးတောင် မရှိတော့ပြန်ဘူး။ သူတို့လည်း နောက်တန်းပြန်ဆင်းသွားပြီတဲ့။ အားကျလိုက်တာ။ သူမက သူ့ချစ်သူနောက်ကို ဖ၀ါးခြေထပ်လိုက်နိုင်ခဲ့ပြီပေါ့။ ကျမမှာသာ ------။ နားလည်ခွင့်လွှတ်နေဦးမယ် ဆိုတာလည်း ခံစားသိနေပါတယ်။ ကျမချစ်ရတဲ့ ချစ်သူက တကိုယ်ကောင်း သမားမှ မဟုတ်တာနော်။ ချစ်သူ ABSDF ထဲမှာ ရှိနေဆဲပဲဆိုတော့ ကျမက၀မ်းမြောက် ဂုဏ်ယူခဲ့တယ်။ ကျမတို့ ပြည်တွင်းက လူထုက ကျောင်းသားတပ်မတော်အပေါ်မှာ သိပ်ကို လေးစား မျှော်လင့်တယ်။ ၂၀၀၃ ခုနှစ်ကKNU နဲ့ABSDF တွဲပြီး နအဖ ကိုတိုက်တဲ့ သတင်းကြားတော့ ချစ်သူနဲ့ကျမအကြောင်းကို သိတဲ့ သူငယ်ချင်းတွေက ဘုရားမှာ အောင်သပြေတွေ ကပ်ပြီး ဆုတောင်းကြလို့၊ ကျမကိုလည်း လာအားပေးကြလို့။ နင်မတုန်လှုပ်ဘူးလားတဲ့။ ကျမက အခုတိုက်တဲ့အထဲ ပါမှန်းမပါမှန်း မသိပဲနဲ့ စိတ်မပူပါဘူးလို့ ပြန်ပြောတော့ ၀ိုင်းရိုက်လိုက်ကြတာ။ မောင်မောင်ရှိမှရယ် မဟုတ်ဘူး။ ကျောင်းသားတပ်မို့လို့ ငါတို့က စိတ်ပူပြီး အားပေးနေတာဟဲ့၊ တဲ့။ ကျမကလည်း သူတို့ကို တမင်ညစ်ပြောနေတာပါ။ ရင်ထဲမှာတော့ ဆူဝေနေလို့ပေါ့။ ချစ်သူနေမကောင်းတာ၊ တိုက်ပွဲ မှာ ထိခိုက်ဒဏ်ရာရတာ ၊ ကျဆုံးတာ ဘာပဲဖြစ်ဖြစ် ကျမဆီတော့ သတင်းစကား ရောက်မှာပါလို့ စိတ်ကို လျော့ပြီး မျှော်လင့်ထားရတယ်။
ဒိုင်ယာရီ အမှတ် ခြောက်
ကျမဆီမှာ တိကျတဲ့ ဖုန်းနံပါတ်တခု ရရင်တောင် ချစ်သူနောက်ကို လိုက်ခဲ့ဖို့ ဆုံးဖြတ်ပြီး စောင့်နေခဲ့တယ်။ မောင်လေးက အမေ့ကို တာဝန်ယူနိုင်လောက်တဲ့ ၀င်ငွေလည်းရှိနေပြီ။ အမေလည်း မောင်လေးရဲ့သား မြေးတယောက်နဲ့ပျော်နေပြီ။ ချစ်သူကို သိစေချင်လိုက်တာ။ ဒါပေမဲ့ အခုအချိန်ဆို ချစ်သူက အိမ်ထောင်များ ကျနေပြီလား။ မောင်တို့ယောက်ျားတွေ ဆိုတာကလည်း -------။

ချစ်သူ့ဒိုင်ယာရီ(၁၅၀၀)
သံယောဇဉ်တွေနဲ့ နှောင်တွယ်ရစ်ပတ်ထားတဲ့ ချစ်ခြင်းအထိမ်းအမှတ် ဖုန်းနံပါတ်လေးတခုတည်း အားကိုးနဲ့ ကျမ စစ်တောင်းမြစ်ကို ဖြတ်ကျော်ခဲ့ပြီးပြီ။ နယ်မြို့လေး တမြို့ကနေ ဘယ်လိုမှ စိတ်မကူးခဲ့ဖူးတဲ့ သံလွင်မြစ်ကို ဖြတ်ကျော်ဖို့ စောင့်နေရတဲ့ အခုလိုအချိန်မျိုးမှာ ထိန်ထိန်သာနေတဲ့ လမင်းကြီးရယ်၊ လမ်းဘေးမှာ မီးတိုင်ခွက်တွေ၊ ဘက်ထရီ မီးတွေနဲ့ရောင်းနေတဲ့ မုန့်ဆိုင်လေးတွေ၊ ဖျာငှားမယ်၊ စောင်ငှားမယ်၊ ပြီးတော့ ကားထွက်မယ်ဆိုရင် နှိုးပေးမယ်လို့ အော်နေတဲ့ လူတွေရယ်ကို ကြည့်ပြီး ကျမချစ်တဲ့ ဗမာပြည်ကို တိတ်တဆိတ် နှုတ်ဆက်နေမိတယ်။ တချိန်ချိန်မှာတော့ ကျမတို့အားလုံး အမိမြေမှာ ပျော်ရွှင်နိုင်ကြမှာပါ။ ခုတော့ ကျမက စွန့်လွှတ်ခြင်းတွေနဲ့ ပါရမီဖြည့်ဖို့ ချစ်သူထံလှမ်းလာခဲ့ပါပြီ။ ကြိုလှည့်တော့ ချစ်သူရယ်။

(နိုဝင်ဘာ ၁ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ၁၇နှစ်ပြည့် မွေးနေ့သို့)

7 comments:

Yan said...

ကျွန်တော်ဒီစာလေးကို ခေတ်ပြိုင်မှာ ဖတ်လိုက်ရဖူးတယ်. ခုမှပဲ ဆက်စပ်မိတော့တယ်. အဲဒါအစ်မကိုး… တကယ်ကိုပြောင်မြောက်တဲ့ ရေးသားတင်ပြချက်ပါပဲခင်ဗျာ… ခုလိုမျိုးယုံကြည်ချက်ကို လက်မလျှော့ဘဲ ရောက်ရာနေရာမှာ တိုင်းပြည်အတွက် ကိုယ်တတ်နိုင်သလောက် ပံ့ပိုးကူညီပေးနေကြတဲ့ အစ်မတို့ အစ်မမေငြိမ်းတို့နဲ့ တစ်ခြားသော တိုင်းပြည်ချစ် ပုဂ္ဂိုလ်များအတွက် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်. အောင်မြင်ချောမွေ့ကြပါစေ ခင်ဗျာ….

ခင်မင်းဇော် said...

ကျေးဇူးပဲ ကိုရန်ရေ။
ပေးတဲ့ဆုနဲ့ ပြည့်ချင်ပါတယ်။ အခုလိုပဲ တိုင်းပြည်ချစ်တဲ့သူတွေ များလာရင်။
ကိုယ်ကျိးစွန့် သူတွေများလာရင်
တနေ့ ကတော့ ရောက်ရမည်မှာ မလွဲပါပဲနော်။

Mirror said...

လေးစားခင်မင်စွာဖြင့် စာရေးခဲ့ပါသည်။
မကြာမကြာရောက်ဖြစ်သော်လည်း
စိတ်ခံစားချက်အမျိုးမျိုးကြောင့် ဘာမှမရေးဖြစ်ခဲ့ပါ...။
ဒီနေ့တော့ အစကနေပြန်ဖတ်မယ်စိတ်ကူးပြီး
ဒီပိုစ့်လေးကိုတော့ လေးနက်စွာရင်ဘတ်နဲ့ဖတ်သွားပါတယ်...

လေးစားစွာဖြင့်
မှန်

ko min said...

အရမ်းကောင်းတယ်ဗျာ ....

Anonymous said...

အရမ်းကောင်းတဲ့အရေးအသားလေးတွေပါ။စိတ်ထဲမှာမပြောပြတတ်တဲ့ခံစားမှုတစ်မျိုးရလိုက်ပါတယ်

JuneOne said...

တစ်ကယ် ကောင်းတယ်..

မယ်ကိုး said...

ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်ချက်။ တကယ်လေးစားမိပါတယ် မမ။