Saturday, September 6, 2008

ဘ၀ဒိုင်ယာရီ အမှတ် နှစ် အခန်း(၄)

အခန်း(၄)

တကယ်ကျတော့ အဲဒီနေ့က တိုက်ထဲမှာပဲ နေရတယ်။ နောက်နေ့တွေလဲ တိုက်ထဲမှာ ပဲ ဆက်နေရပြန်တယ်။ ဒါနဲ့ ဒါဟာ ဘာ့ကြောင့်လဲ ဆိုတာကို တွေးမိတော့မှ ကျမ ထောင်ထဲ ရောက်တဲ့ ၂ လအတွင်းမှာ ထောင်ပိုင်ကြီးနဲ့ တခါပြဿနာ တက်တာကို သွားသတိရမိတယ်။
ဖြစ်ပုံက ဒီလိုပါ…..

ကျမထောင်ထဲရောက်ပြီး တလလောက်ကြာတော့ ထောင်ဝါဒါမတွေတင်မကတော့ဘူး ထောင်ရဲ့ ရေပေါ်ဆီလူတန်းစားတွေက ကျမရဲ့ အဆောင်ရှေ့မှာ စတည်းချနေတော့တယ်။ သူတို့ပြောတဲ့ သတင်းပလင်းတွေ နားထောင်၊ နောက် သူတို့ထဲက တယောက်က တချောင်းထိုး ထိုးနေတာတွေ့တယ်။ ကျမက တချောင်းထိုး၊ နှစ်ချောင်းထိုး မှာ ဆရာ တဆူဆိုတော့ ( ကြုံကြွားလေးပါ) ကဲ ဘာထိုးချင်သလဲ လာပေါ့။ အိမ်ကို နမူနာတွေ လှမ်းမှာ၊ တချို့အလွတ်ရသေးတာတွေ ထိုးပြပေါ့။ သူတို့က အပွင့်လှလှတွေကို သိပ်စိတ်မ၀င်စားဘူး။ စာတန်းထည့်တာ နာမည်ထည့်တာလေးတွေပဲ စိတ်ဝင်စားတော့ လွယ်မှလွယ်ကိုး။ အဓိက တန်းစီးနဲ့ ပေးထားကမ်းထားတဲ့ လူတွေပဲ တချောင်းထိုးအပ် ကိုင်ခွင့်ရတာ ဆိုတော့ ကျမနားမှာ ဒီလူတွေ ပဲ ၀ိုင်းလာတာပေါ့။ ကိုယ်ကလဲ အပျင်းပြေတယ်ဆိုပြီး အာရိုက် လေပေါ ဆရာလုပ်ပေါ့။ ကြားထဲ နိုင်ငံရေးတရားကလဲဟောသေး။ ဒီအဆောင်ထဲက သီးသန့်တွေကို ကူညီချင်လာအောင် စည်းရုံးပေါ့။ အထဲက သူငယ်ချင်းတွေနဲ့လဲ ဆက်သွယ်လို့ရပေါ့လေ။

တနေ့တော့ ထောင်ထဲမှာ ကလေးမွေးတယ် ကြားလိုက်တယ်။ ကျမက အဆောင်ပေါ်က လူတွေနဲ့ မသိပေမယ့် နာမည်တွေ နဲ့ ဘာဆိုတာ ဒီမှာ နေ့တိုင်းကြားနေရတော့ တော်တော်ရင်းနှီးနေပြီ။ ထောင်ထုံးစံကတော့ ကလေးမွေးရင် မီးနေသည်အတွက် သပ်သပ်ပေးတယ်။ မီးနေသည် ဟာ နေ့တိုင်း နွားနို့ တခွက်၊ အမဲသား တတုံးရတယ်။ သူ့အတွက် ထမင်းကလည်း ဆေးရုံထမင်းဆိုတော့ နည်းနည်း ကောင်းတာပေါ့။ သာမန်ထောင်ပုံစံထမင်းလာချိန်ပြီးမှ သူ့အတွက်ဆေးရုံက ထမင်းဟင်းနွားနို့လာပို့တယ်။ လာပို့တိုင်း ကျမအခန်းရှေ့က ခုံမှာပဲ လှယ်ယူကြတယ်။ လက်ခံတယ်။ ဒီတော့ နေ့တိုင်း နွားနို့နဲ့ အမဲသားကို တန်းစီးက ယူနေတာ တွေ့နေရတယ်။ မီးနေသည်ကို မပေးပဲ တန်းစီးက ဖြတ်ယူနေတာကို ၀ါဒါမတွေကလည်း ဘာမှမပြောဘူး။ သိသမျှ လူတွေကလည်း တန်းစီးကို မပြောရဲသူတွေ။ ဒီတော့ ထုံးစံအတိုင်း မတရားတာကို လုံးဝ မခံတတ်တဲ့ ဥာဉ်က ဒီနေရာမှာ ထိပ်တိုက်လာတွေ့တာပဲ။

တန်းစီးဆိုတာ ကျမအခန်းကို ညဖက် အဖော်ရအောင် သူ့ကိုငွေပေးထားတဲ့ ချဲမှုနဲ့ကျတဲ့ကောင်မလေးနဲ့ သူ ၂ ယောက် လာအိပ်မယ် ဆိုပြီး မိန်းမထောင်က ထောင်မှုးကို ခွင့်တောင်းပြီး လာအိပ်ပေးနေသူ။ တကယ်က ကျမ ခေါ်တာမဟုတ်ပါဘူး။ သူတို့က ကျမအနေနဲ့ အခန်းထဲမှာ ဘာမှ လုပ်လို့မရအောာင် လာနေတာ ပဲ ဖြစ်မှာပါ။ ဒါမှ မဟုတ်လဲ ထောင်မှုးတယောက်က ကျမ ကို စေတနာ ထားလိုက်တာလဲ ဖြစ်မယ်။

ဒီတော့ နေ့တိုင်း အနီးကပ်တွေ့နေတဲ့ တယောက်ကို ကျမ ဘယ်လိုပြောရမလဲ။ ဒီလိုပြောလိုက်ရင် သိရက်နဲ့ မပြောတဲ့လူတွေ အကုန်ထိမယ်။ မပြောပဲ နေရင်လဲ ကျမပါ သိရက်နဲ့ အလိုတူအလိုပါ ဖြစ်မယ်။ ဒီအကြောင်းပြောဖို့ ဘယ်သူ့ကို တိုင်ပင်ရမယ်မသိဘူးကလဲ ဖြစ်နေသေးတယ်။ နောက်ပိုင်း စဉ်းစားမိတာက ဘာပဲဖြစ်ဖြစ်ပြောလိုက်မယ်လို့ ၊ မီးနေသည် တယောက်အနေနဲ့ သူရသင့်တဲ့ ကိုယ်တာကို သူစားကို စားခွင့်ရရမယ်။ ဒီ့အတွက် ငါဘာပဲ ဖြစ်ဖြစ်ပြောမယ် လို့ ပြင်ဆင်လိုက်တယ်။ ဒီကြားထဲမှာ တန်းစီးက သူယူစားတာကို ကျမ မပြောရဲအောင် ထောင်ပိုင်နဲ့ ဘယ်လိုပိုင်ကြောင်း၊ ထောင်မှုးနဲ့ဘယ်လိုပိုင်ကြောင်း ကျမကို နေ့တိုင်း ပြောနေတယ်။

ဒီလိုနေ့ တနင်္လာ နေ့ တမနက်ကို ရောက်လာတယ်။ တန်းစီးလဲ ကျမအခန်းက ပြင်ဆင်ထွက်သွားပြီး တန်းစီနေပြီပေါ့။ ကျမကလဲ ဘယ်သူလာမလဲ ဆိုတာ မသိပဲ စောင့်နေတာပေါ့။ ဘယ်သူလာလာ ပြောမယ်လို့ စိတ်ကို ဆုံးဖြတ်ပြီး စောင့်နေလိုက်တယ်။

ကံဆိုးချင်သလား ကံကောင်းချင်သလား မသိဘူး။ အဲဒီနေ့က ညွှန်မှုးပါလာတယ်။ ကျမ အခန်းရှေ့မှာ ရောက်တော့ အဆင်ပြေရဲ့လားလို့ မေးနေတဲ့ ညွှန်မှုးကို ကျမကတော့ အဆင်ပြေပါတယ် ဘဘရယ် ။ ဒါပေမယ့် ဆိုလိုက်တာနဲ့ မိန်းမ ထောင်မှုးက မျက်နှာပျက်သွားတယ်။ ကျမကလဲ မသိချင်ယောင်ဆောင်ပြီး ကလေးမွေးတဲ့ မီးနေသည်တယောက် သူ့ရဲ ကိုယ်တာကို မစားရပဲ အဲဒီကိုတာကို တန်းစီးဒေါ်ကြည်အောင်က နေ့တိုင်းယူပြီး စားလိုက်ကြောင်းနဲ့ သူယူချိန်တွေမှာ ၀ါဒမ ဘယ်သူ ဘယ်သူတွေ သိပါတယ် ရှိနေပါတယ် ဆိုတာ အမြန်ဆုံးနည်းနဲ့ မရပ်မနားပြောချလိုက်တယ်။ ဒါ လုံးဝမဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ တခုခု လုပ်ပေးပါလို့ ပြောလိုက်တယ်။

ကျမ ပြောနေချိန်မှာ ထောင်ပိုင်ကြီးမျက်နှာက ဒေါသထွက်နေပုံရပြီး တချို့ ထောင်မှုးတွေမျက်နှာက ပြောရဲလိုက်တာ ဆိုတဲ့ မျက်နှာပေးမျိုး ရှိနေတာကို တွေ့ရတယ်။ ထုံးစံအတိုင်း ကျမကတော့ ဘာမှမသိတဲ့ ဗလာ မျက်နှာပေး သုံးပေးထားလိုက်တယ်လေ။ စိတ်ထဲမှာတော့ မှတ်ပြီလားပေါ့။

ညွှန်မှုးက ကျမစကားဆုံးတော့ ဒါ့ကြောင့်လဲ နင် ထောင်ထဲ ရောက်လာတာတဲ့။ ဒီစကားမှတ်ချက်ထားပြီး ထွက်သွားပါလေရော။
သူတို့တွေလဲ လေးတံခါးရဲ့ ဟိုဘက်ခြမ်းရောက်သွားရော ကျမလဲ ပြင်ဆင်ထားလိုက်တာပေါ့ ၊ တန်းစီးနဲ့ ထိပ်တိုက်တွေ့ရတော့မယ်လေ။ မိန်းမထောင်မှုးက တန်းစီးမှ တန်းစီးဆိုတော့ ပြန်ပြောမှာ စိတ်ချပြီးသား။ ဒါပေမယ့် တော်တော်ကြာထိ ရောက်မလာဘူး။ ကျမလဲ အခန်းထဲမှာ လှဲနေတာပဲပေါ့။ သိပ်မကြာခင်မှာ ထမင်းပုံး လာပို့သံကြားတယ်။ လူတွေ ထမင်းတန်းစီနေချိန်မှာ ခါတိုင်းလိုပဲ ကျမအတွက် ထမင်းကို တန်းစီက ခံပေးဖို့ ဇလုံလာယူတယ်။ ထမင်းဇလုံလာပေးပြီး ကျမအခန်းဝကနေ ငါ မီးနေသည်ရဲ့ နွားနို့ ယူသောက်တယ်လို့ တိုင်တယ် ကြားတယ် တဲ့။ ကျမကလည်း ဟုတ်တယ် ကျမတိုင်လိုက်တာလေ လို့ ခပ်တည်တည်ပဲ သူ့ကိုစေ့စေ့ကြည့်ပြီး ပြောလိုက်တယ်။ သူ မျှော်လင့်ထားပုံက ကျမကငြင်းလိမ့်မယ်။ အဲဒီအခါကျ သူက ပြောတဲ့သူ ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ ကျမကို ရှေ့တည့်တည့်ထားပြီး ဗျင်းမယ်ပေါ့။ ဒါပေမယ့် ကျမက တည့်တည့် ပြောလိုက်တဲ့အခါ သူ့မျက်နှာပျက်သွားပုံများကတော့ မျက်စေ့ထဲ ခုထိမြင်ယောင်နေပါတယ်။ ဘာမှကို စကားမပြောနိုင်တော့ပဲ ထွက်သွားလိုက်တာ အဲဒီညက စပြီးသူလဲ ကျမအခန်း လာမအိပ်တော့ဘူး။ ကောင်းတာပေါ့။ ကျမလဲ သူတို့ လာအိပ်နေတာ စိတ်ကျဉ်းကျပ် နေတယ်လေ။

သူတို့ မရှိတဲ့နေ့က စပြီး ညဖက်တွေမှာ အဆောင်ထဲကို စာတွေရေးလို့ရတယ်။ ကျမ အဖြစ်အပျက်ကို တောင် စာရေးပြီး နောက်နေ့ အမှိုက်ကောက်ထွက်တဲ့ အထဲက ခါလာကြီးလို့ ကျမတို့ခေါ်တဲ့ အဖွားကြီးနဲ့ ပေးလိုက်သေးတယ်။ ကျမအတွက်တော့ အဆိုးထဲက အကောင်းပဲခေါ်မလား မသိပါဘူး။ ပြီးတော့ ကျမက သရဲတို့ ဘာညာဆိုတာ လုံးဝ မယုံကြည်သူ။ ဘုရားရှိခိုး ပြီး သမ္ဗုဒ္ဓေ ရွတ်အိပ်လိုက်ရင်ပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီးသား ဖြစ်သွားသူ ဆိုတော့ ဘာပဲ ဖြစ်လာလာ ကောင်းတာပဲပေါ့။ ထောင်ဝါဒါမတွေလဲ ကျမရှေ့မှာ ထောင်ဝင်စာ ရှာဖွေရင်း နှိုက်တဲ့အခါ အရင်လို အတင်းအကျပ် နှိုက်တာ မတွေ့ရတော့ဘူး။ ဟဲ့ ဒါ လေး ငါ့ကို နည်းနည်းကျွေး ဆိုတဲ့ လေသံမျိုးတွေ ပြောလာတယ်။ အဆောင်ပေါ်က ဘော်ဒါတွေကလည်း တန်းစီးက သူတို့ကိုပါ တင်းနေတယ်။ စကားမပြောဘူးလို့ စာပြန်တယ်။ ကျမကိုလည်း အဲဒီနေ့ကစပြီး မခေါ်ဘူးလေ။

ထောင်ထဲမှာတော့ အဲဒီလိုပါပဲ။ ထောင်ကျအချင်းချင်း ပြန်နှိပ်စက်ခိုင်းထားတာ များပါတယ်။ ၀ါဒါမတွေက ထမင်းစားခါနီးရင် သူတို့ပန်းကန်ထဲကို ဟင်းထည့်ပေးဖို့ အခန်းတွေက တန်းစီး ဒါမှမဟုတ် သူတို့ စိတ်ကြိုက်သူတို့ကို ပြုစုဖို့ ရွေးထားတဲ့ အကျဉ်းသူတယောက်ကို ထမင်းစားဝိုင်းတွေ လှည့်ခိုင်းတာပဲ။ ကောင်းတဲ့ ၀ိုင်းက ဟင်း သူ့ထမင်း ပန်းကန်ထဲ ထည့်ပေးရတယ်။ သူတို့လဲ ထောင်ကျနေသူတွေလိုပဲ ထောင်ထမင်း စားတယ်။ နောက် အကျဉ်းသူတွေရဲ့ ထောင်ဝင်စာ စားတယ်။ ထောင်ကျနေသူတွေနဲ့ ခြားနားတာက အပြင်ကို အချိန်ပိုင်းအလိုက် ထွက်လို့ရတယ်။ ဒီလောက်ပါပဲ။

သူတို့ကို သူတို့ရဲ့ ဘ၀အဲဒီလိုပဲ လို့ ကျမက စကားပြောရင်း စီစစ်ပြလိုက်တော့ ငိုင်သွားကြတယ်။ ထောင်အုတ်ရိုးထဲမှာ နေရင်း သူတို့ အသားအရေတွေက ခပ်ခြောက်ခြောက်ဖြစ်နေတာ၊ နောက် သူများပစ္စည်းအလကား လိုချင်နေတာ။ သူတို့ စကားပြောရိုင်းနေတာတွေကို သေချာ ထောက်ပြလိုက်တဲ့အခါ အပြင်က လူတွေနဲ့ သူတို့ ကွာခြားချက်ကို သတိပြုမိသွားတော့တယ်။

ကျမတို့ ရှိနေစဉ်မှာ ထောင်တွင်းကို ထမင်းဖြူခိုးသွင်းမှုတွေ တခြားသူ တိုင်လို့ ပြဿနာ တွေဖြစ်သေးတယ်။ တကယ်လဲ ထမင်းအဖြူ ခိုးရောင်းတာ လူတိုင်းသိနေတာပဲ။ စစ်ဆေးရေး လုပ်မယ်ဆိုတော့ ဟိုဘက်ဒီဘက်သက်သေတွေ ထည့်ကြတော့ ကျမတို့ သီးသန့်တွေကို ထည့်ခွင့်မပေးဘူး လုပ်သေးတယ်။ ကျမတို့က ကျမတို့လဲ ဖြေမယ် အတင်းပြောတော့ ကျမကို မထည့်ဘူး သိလား။ နောက် သဘောထားပျော့ပြောင်းတဲ့ အမ တယောက်ကို ဖြေခွင့်ပေးတယ်။ ဒါပေမယ့် အဲဒီအမကလည်း သူဘယ်လိုမြင်တယ် ဆိုတာ ခပ်တည်တည်ပဲ ဖြေခဲ့လို့ တဖွဲ့လုံးကို စကားမပြောတဲ့ အထိလဲဖြစ်ဖူးတယ်။ ဒါကလည်း မဆန်းပါဘူး။ ဒီလူနဲ့ဒီလူ မိန်းမထောင်ကျဉ်းကျဉ်းလေးထဲ နေ့တိုင်းတွေ့နေတော့ ကျမတို့က မခေါ်လဲ နေနိုင်ပေမယ့် သူတို့ကတော့ တလ ဆိုတာ အရမ်းကြာတယ်ထင်နေပြီး လာစ ခေါ်ကြတာပဲ။ သူတို့လာခေါ်တော့လဲ စကားပြောလိုက်တာပါပဲ။ ကျမတို့က သူတို့ကို မုန်းလို့မှ မဟုတ်တာ။ ကိုယ့်တာဝန်ကို ကျေပွန်အောင်ထမ်းရွက်ချိန်မှာ မတရား ဖိနှိပ်တာ တာဝန်ထက်မကတဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ် နှိပ်စက်တာမျိုးတွေကို မလုပ်သင့်တာ လို့ နားလည်စေချင်တာမို့ ထောက်ပြရတာပဲမဟုတ်လား။
(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

13 comments:

Ko Paw said...

Curiouser & Curiouser! :-)

ပိုပိုပြီးတော့ စိတ်ဝင်စားဘို့ ကောင်းလာပြီဗျိုး။

Moe Cho Thinn said...

ကောင်းလိုက်တာ အမရေ။ ဆက်ရေးပါအုံး။

M.Y. said...

တရားသဖြင့် မှန်တဲ့ဘက်မှာ
ရဲရဲ ရပ်ပြတဲ့ စိတ်တွေရှိကြဖို့ ထောက်ပြတဲ့
ဒီပို့ စ်ကလေးကို လေးစားစွာ အသိအမှတ်ပြု ပါတယ်။

အခန်းဆက်ကိုမြန်မြန် ဆက်ပါဦး..

s0wha1 said...

အန်တီရေ စောင့်ဖတ်နေတယ်။

ဗမာပြည်သား said...
This comment has been removed by the author.
ဗမာပြည်သား said...

အပိုင်း ၅ ဆက်ပါဦးအန်တီ

Nanda said...

:) ကြိုက်တယ်။ ဆက်ရန် မြန်မြန်လေး လုပ်ပါ လို့ မတွန်းတော့ပါဘူး။ ငယ်ငယ်က သိုင်းဝတ္ထု ဇာတ်လမ်းတွဲတွေကို ဖတ်ရင်း ဇတ်လမ်းတွဲသစ် ထွက်မလာသေးလို့ မျှော်နေရတဲ့ ဖီလင်လိုပဲ။ အမလဲ ကိုယ့်အကြောင်းကိုယ် ရေးမိတာ လူတွေ တစ်ပူဆာဆာ နဲ့ဝိုင်းပီး လုပ်ပါအုံး ဆက်ရေးပါအုံး အတွန်းခံရဖို့ ရေးမိသလိုပဲ :P.....

winlatt said...

ဘ၀ဒိုင်ယာရီလေးကို နောင်တစ်ချိန်မှာ ခန့်ညားထည်ဝါ တဲ့ စာအုပ်ကြီးတစ်အုပ်ဖြစ်လာပါစေ..ကြိုးစားမှုတွေ အောင်မြင်တဲ့တနေ့ မြင်စမ်းချင်လှတယ်...။

Min Min said...

တီရေ . ရှယ်ပဲဗျာ.. တီ့ကိုတော့ တကယ်လေးစားပါတယ်။ ကျွန်တော်လည်း မြန်မာထောင်ထဲ မရောက်ဘူးဘူးဗျ.. ရောက်ချင်လိုက်တာာ.. ဘယ်လိုလဲ ဆိုတာ ဘ၀မှာ သိသင့်တယ် ထင်တာပဲ.. တစ်ခုတစ်ခုလုပ်လိုက်ရင်တော့ ဟဲ ဟဲ ဝင်ရမှာတော့ ကြိမ်းသေတာပဲ. ဒါပေမဲ့ ဝင်ရမှာထက် .. အထဲက လူတွေကို တွေ့ချင်တာဗျ

sin dan lar said...

အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်..ပိုက်ဆဲနဲ့ပေးဝယ်လို့မရတဲ့အတွေ့အကြုံတွေပေါ့...ဆက်ရန်ကိုမျှော်နေပါတယ်

ရွှေဂျမ်း said...

ကိုယ့်အတွက်ကို မငဲ့ဘဲ အမှန်တရားဘက်က ရပ်တည်တတ်တဲ့ အမရဲ့ စိတ်ဓါတ်က အမစာရေးသမျှမှာ အမြဲ ပေါ်လွင်နေပါတယ်။ လူတိုင်း အားကျသင့်တဲ့ အကြောင်းအရာတွေနဲ့ အရမ်းဖတ်လို့ကောင်းအောင် ရေးတတ်လို့ တစ်နေ့ကျရင် စာအုပ်ကောင်းတစ်အုပ်အဖြစ် မြင်ရမှာ သေချာပါတယ်။ ဆက်ရေးပါ အမရေ။ အမြဲ အားပေးနေတယ်နော်။

Ko said...

အာဂ သတ္တိရှင်ပဲ။ ရန်အောင် မောင်မောင် ရေးတဲ့ "ထောင့်တသက် အတွေ့အကြုံ" စာအုပ်ထက် ကောင်းသွားနိုင်တယ်။ ဆက်ရေးပါ။

nargis said...

great!!!I look up to you.