ကလေးတွေက ရေစပက်နေပြီလေ..
ထိုင်းမှာက သင်္ကြန်ကို ကလေးတွေနဲ့ စကြတယ်။ ဧပြီ လဆန်းကတည်း က ပက်တတ်ကြပေမယ့် ဒီနှစ်တော့ ထိုင်းဘုရင်ရဲ့ အမတော် ကွယ်လွန်တာ ရက် ၁၀၀ ပြည့်လွန်မှ ပက်ကြလေတော့ နည်းနည်း နောက်ကျသွားတယ် ထင်ပါ့။ ၁၀ ရက်နေ့လောက်မှ စပက်တာ တွေ့ရတယ်။
အမှတ်မထင် ရေပက်ခံလိုက်ရတော့ လန့်ပြီး စိတ်တိုသလို ဖြစ်သွားတဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ရင်း တချိန်က သင်္ကြန်အကြိုကျောင်းတွင်း ရေပက်ပွဲလေးကို သတိရမိသွားပါတယ်။
တက္ကသိုလ် ကောလိပ်တွေမှာတော့ ဟိုးအရင်တုန်းက နွေရာသီ နှစ်လည် ကျောင်းပိတ်ခါနီး တဦးနဲ့ တဦး သင်္ကြန်အကြိုရေပက်တဲ့ ဓလေ့ ရှိနေကျမို့ အဲဒီမတ်လကုန်ခါနီး ကျောင်းသားတွေ ပြန်ခါနီး အချိန်မှာ ကျောင်းဝင်းထဲမှာ ရေစိုစို ရွှဲနေလေ့ရှိပါတယ်။ ကျောင်းဝင်းအပြင်ထွက်လိုက်ရင် ရေစိုရွှဲနေကြတဲ့ ကိုယ်တို့ ကျောင်းသားတွေဟာ တမျိုးတဘာသာ ဖြစ်နေပေမယ့် ကျောင်းသားဓလေ့မို့ ကဲ့ရဲ့ ပြစ်တင်ခံရခြင်း မရှိပါဘူး။
ဒီလို ကျောင်းပိတ်ခါနီးကာလတွေထဲက မှတ်မှတ်ရရ တနှစ်ရှိခဲ့ဘူးပါတယ်။ ၁၉၈၇ ခုနှစ် မတ်လနှစ်လည် ကျောင်းပိတ်ခါနီးအချိန်မှာ ဖြစ်ခဲ့တာပါ။ ထုံးစံအတိုင်း အဲဒီအချိန်တွေဆို ဘွဲ့ပေးအပ်တဲ့ အခမ်းအနားတွေကလည်း တပတ်လောက် ရက်ဆက်ရှိတတ်တာကလား။ အစမ်းလေ့ကျင့်ရက် ၊ တကယ်ပေးတဲ့ နေ့ နဲ့ ကျောင်းထဲမှာလည်း လူတွေ စည်ကားနေတတ်တဲ့ အချိန်လေးတွေပဲမဟုတ်လား။ တရက်တော့ နောက်ဆုံး ကျောင်းတက်ရမယ့် နေ့မှာ အတန်းထဲမှာ အကုန်ကျောင်းတက်ဖို့ မှာထားပြီး ကျောင်းသားတွေက ရေခဲတုံးတွေ စိမ်ထားတဲ့ ရေဗူးတွေ၊ ကျွတ်ကျွတ်အိပ်တွေနဲ့ ရေပက်ဖို့ ပြင်ဆင်ထားကြသလို ကျမတို့ မိန်းကလေးအုပ်စုတွေကလည်း အတန်းထဲမှာ စားဖို့ သောက်ဖို့ လဘက်သုတ်တွေ အအေးဗူတွေ သယ်လို့ တပျော်တပါး ကျောင်းကို ရောက်လာကြတဲ့ ရက်ပေါ့။
အတန်းထဲမှာ အားလုံးစုထိုင် ပြောကြရယ်ကြ စားကြသောက်ကြရင်း အားလုံး ဘွဲ့ယူမယ့်လူတွ အပြင်မှာ ဓါတ်ပုံရိုက်နေကြတာတွေကို သွားငေးကြမယ်လို့ သဘောတူပြီး သွားဖို့ ပြင်ကြပါတော့တယ်။ အဲဒီတော့မှ ကိုယ်တော်တွေက သူတို့ သယ်လာတဲ့ ရေဗူးကြီးတွေထဲက ရေခဲတွေကို ကျွတ်ကျွတ်အိတ်တွေထဲ ထည့်ရေဖြည့်ပြီး လောင်းပါတော့တယ်။ ရေလောင်းမယ် ဆိုတာ သိပေမယ့် ပြန်ခါနီးလောင်းမယ် ထင်ပြီး အေးအေးဆေးဆေး နေ နေတဲ့ ကျမတို့ အုပ်ကို အလစ် အငိုက် လောင်းလိုက်တာမို့ အားလုံးအော်ပြီး လှေခါးကနေ အောက်ထပ်ကိုပြေးဆင်း။ နောက် အောက်ထပ်က ဒီ့ပြင့် အတန်းသားတွေကလည်း သူတို့အခန်းဝက လောင်း ၊ နောက်ကလဲ လိုက်ပက်နဲ့ ပြေးဟယ်လွှားဟယ်တွေ ဖြစ်လို့၊ နောက် ဓါတ်ပုံရိုက်နေတဲ့ ကွန်ဗို့ရှေ့ဖက်ထိ ပြေးတဲ့လူက ပြေး ရေလိုက်ပက်သူက ပက်နဲ့ တော့်တော့ကို ပျော်ရွှင်ဘွယ် ဖြစ်နေကြချိန်ပေါ့။ အဲဒီအချိန်….ဓါတ်ပုံရိုက်နေတဲ့ မိသားစုနားကို ကျမက ရောက်သွားချိန်မို့ အရှိန်လျှော့လိုက်တဲ့အချိန်……နောက်က ရေလိုက်ပက်တဲ့ ကျမသူငယ်ချင်းကလဲ အရှိန်လျှော့ချလိုက်တဲ့ ကျမကို မှီပြီဆိုပြီး အားရပါးရ ရေထည့်ထားတဲ့ ကျွတ်ကျွတ်အိတ်နဲ့ လှမ်းအပစ်လိုက်… ဟားဟား ဘွဲ့ယူမယ့် အမကြီးတယောက်ရဲ့ အဖေဆီကို တည့်တည့် ရောက်သွားပါလေရော…. တကယ်က ပျော်နေတဲ့ စိတ်တွေနဲ့ လုပ်ထည့်လိုက်တာမို့ သူတပါးကို ထိခိုက်နိုင်တယ်ဆိုတာ အဲဒီအချိန်တုန်းက မတွေးမိခဲ့ကြပါဘူး။ စိတ်ဆိုးပြီး ဒေါသတကြီးအော်လိုက်တဲ့ အဲဒီဦးလေးကြီးကို ဘယ်လို တောင်းပန်ရမလဲမသိပဲ မျက်နှာငယ်လေးနဲ့ ရပ်နေတဲ့ ကျမသူငယ်ချင်းရယ်၊ ပြေးရင်းလွှားရင်း ရောက်လာကြတဲ့ ကျမတို့ သူငယ်ချင်း တော်တော်များများရယ် အားလုံး မျက်နှာ ငယ်ငယ်လေးတွေကို မြင်နေရတယ်။ တောင်းပန်ပါတယ်နော်လို့ ပြောနေရင်း အရမ်းကို အားနာခဲ့ရတဲ့ အဲဒီအဖြစ်အပျက်ကိုတော့ ဘယ်တော့မှ မေ့နိုင်မယ်မထင်ပါဘူး။ ဘွဲ့နှင်းသဘင်ခန်းမထဲကို ခုလို စိုရွှဲနေတဲ့ အ၀တ်အစားနဲ့ ဘယ်လိုဝင်မလဲ ၊ နောက် ဘယ်လို ဆက်ဖြစ်လဲ မသိတော့ပါဘူး။
အမှတ်မထင်ရေပက်ခံလိုက်ရတိုင်း၊ ကိုယ်တိုင် လန့်မိပြီး ဒေါသထွက်မိတဲ့အချိန်ရောက်တိုင်း အဲဒီအဖြစ်အပျက် အဲဒီတုန်းက သူငယ်ချင်းတွေနဲ့ အဲဒီဦးလေးကြီးကို ပြန်သတိရမိဆဲပါ….
အဲဒီအဖြစ်အပျက်ဟာ ကျမအတွက် ကျောင်းသင်္ကြန်တွေနဲ့ ဆုံတွေ့ရတဲ့ နောက်ဆုံးအကြိမ် နောက်ဆုံးရက်လဲ ဖြစ်ခဲ့ပါတယ်။ ဒီလို ပျော်ရွှင်ရတဲ့ ကျောင်းသင်္ကြန်လေးတွေကို ခုနောက်ပိုင်း မျိုးဆက်တွေ ရရှိပါရဲ့လားလို့လဲ တွေးမိနေပါတယ်။ တကယ့်ပျော်ရွှင်ဘွယ် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲကို အမြန်ဆုံး ပြန်လည် ဆင်နွဲခွင့် ရကြပါစေလို့ ဆုတောင်းလျှက်……
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

5 comments:
အမရေ .. အဟား ကျောင်းသားဘ၀ရဲ့ လွတ်လပ်ပျော်ရွှင်မှုတွေကတော့ ဘာနဲ့မှ လဲမရအောင်ပဲနော် ။ ဒါကြောင့်လည်း မြန်မာ ကျောင်းသားတွေရဲ့ လွတ်လပ်တဲ့ဘ၀တွေကို ဓါးပြတိုက်ယူသလိုယူခဲ့တဲ့ စစ်အစိုးရကို သိပ်မုန်းတာပေါ့ ။
..မိန်းကိုရော..သင်္ကြန်ရော..ကျောင်းမှာရေပက်တာရော…
လွမ်းသွားပြီ..
နှစ် လ ရာသီ အလီ လီ
ဘယ်လို ပင် ပြောင်း ခဲ့ ပြောင်း ခဲ့
်တို့  တွေ အား လုံး အသက်တွေကြီး ခဲ့ ပေမဲ့
မပြောင်းလဲ တဲ့
အမြဲ ကြုံ တွေ့ ရ
နု ပျို လှ ပ
ဒို့ ဒုက္ဒ က... လွတ် ရာ နတ္ထိ
ဆေး မရှိ။
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ....:D
ဆွတ်ပျံ့ လွမ်းမောဖွယ် သင်္ကြန် နွေနေ့များပေါ့ဗျာ...
တီ.. ကျွန်တ်ာတို့ ဘ၀ကြတော့ တက္ကသိုလ်မပြောနဲ့ .. အထက်တန်းကျောင်း ဆိုတာ ဘာရယ်တောင် ကောင်းကောင်းသိခွင့်မရပါဘူးဗျာ.. သင်္ကြန်ရေပတ်ဖို့ မပြောနှင့်တော့
Post a Comment