အချုပ်ကား သံတိုင်တွေကြားက
ထောင်ပြတဲ့ လက်မလေးတွေ
လက်သုံးချောင်း သင်္ကေတတွေ
လက်သီးဆုပ်တွေ နဲ့ နှုတ်ဆက် လက်ဝါးလေးတွေ
မျက်လုံးတောက်တောက်ကလေးတွေ
လက်ညှိုးချွန်ချွန်လေးတွေ။
သွားဖွေးဖွေးလေးတွေ
မြင်ရတဲ့ တခဏ
အံကြိတ် တက်ခေါက်ရင်း ... ခေတ်ကြီးထဲ ကိုယ်က လဲပြို။
ငါတို့ ဘာလုပ်နိုင်မလဲ
ငါတို့ ဘာလုပ်သင့်လဲ
ငါတို့ ဘာလုပ်ပေးရမလဲ ။
လွန်ခဲ့တဲ့ ၂၅နှစ်
၁၉၉၀ ခုနှစ်တွေကို တရိပ်ရိပ်ပြန်ရောက်သွား။
သူတို့မိဘတွေ နေရာမှာ ကိုယ်တို့မိဘတွေ မြင်ယောင်လို့။
သူတို့စိတ်တွေကို ကိုယ်တို့ ဆက်သွယ်ပေါင်းစည်းနိုင်ခဲ့တာ
အဲဒီလို ထပ်တူပြုမှုတွေကြောင့်ပေါ့။
ဘယ်သူတွေ နားလည်လည် မလည်လည်
နာကျင်ခဲ့ရသူချင်း
ပြိုလဲခဲ့ရသူချင်း
အံကြိတ်ခဲ့ရသူချင်း
လက်မ ထောင်ပြ ကြရသူချင်း
နှလုံးသွေးချင်း ဆက်စပ်ပတ်သက်
ငါတို့ နားလည်ပါတယ် ။
ငါတို့နားလည်နိုင်တယ်။
ခေတ်ကြီးရဲ့ ပျက်ယွင်းမှုတွေအကြောင်း
ခေတ်ကြီးရဲ့ လျို့ဝှက်မှုတွေအကြောင်း
ခေတ်ကြီးထဲ ရွေ့လျားပျောက်ပျက်သွားကြတဲ့အကြောင်း။
ဒေါင်းတွေက တရံမလပ် ခေတ်ကြီးကို ထမ်းနေဆဲ။
သူရဲကောင်းတွေ ဆိုတာလဲ အခုလို အာဏာရှင်ခေတ်ကြီးထဲ
အသီးသီး အသက အသက ပေါ့။
ဒေါင်းသမိုင်းထဲက ဒေါင်းရိုင်းတွေအကြောင်း ဒေါင်းလှိုင်းတွေက အသိဆုံးပါ။
ဟိုမှာ တိုးတိတ်နေဆဲ
ဟိုမှာ ငေးမောနေဆဲ
တချို့တွေ နေနိုင်ကြဆဲ။
ငါတို့ ဘာလုပ်နိုင်မလဲ
ငါတို့ ဘာလုပ်သင့်လဲ
ငါတို့ ဘာလုပ်ပေးရမလဲ ။
သူတို့ ခုလို ထမ်းပိုးနေကြရတာ မြင်တော့ ကိုယ့်မှာ နာကျင်ကြေကွဲလို့။
ဒေါင်းအို ဒေါင်းဆွေးတကောင်တော့ တိတ်တိတ်ကြိတ် မျက်ရည်သုတ်နေဆဲ။
ချစ်ခင်စွာဖြင့်
(ခင်မင်းဇော်)
1 comment:
You are not old yet. I am 66 and continue fighting. No peacock is old.
Post a Comment