Wednesday, July 7, 2010

အသွင်တူ၏မတူ၏

ချစ်သောသက်ဝေညီမကို တဂ်ပါလို့ တိုက်တွန်းလိုက်မိတဲ့ အတွက်ရေးရပါတော့မယ်။

ချစ်သောသူတယောက် ကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်ခင်က သူ့မှာ ရှိတဲ့ အကျင့်တွေကို သတိမထားမိခဲ့ပါဘူး။ အိမ်ထောက်ဘက်ဖြစ်တော့မှ သိသိသာသာ ထိုးထွက်လာတဲ့အကျင့်တွေထဲမှာ ကျမတခါမှ မထင်မှတ်ထားတဲ့၊ မယုံနိုင်တဲ့ အကျင့်တွေ မြင်လိုက်ရတော့ အံ့သြမိတာတွေ ရှိခဲ့တာကတော့ ကိုယ်တိုင်ကြုံမှ သိနိုင်ပေလိမ့်မည် လို့ ပြောရမယ်။

အထူးခြားဆုံးဖြစ်ပြီး ကျမနဲ့ အဆန့်ကျင်ဆုံးအကျင့်ကတော့ သူ့ရဲ့ နားထောင်နိုင်စွမ်းပဲ ဖြစ်ပါတယ်။ လူတကာရဲ့ ရင်ဖွင့်သံကို နားထောင်ပေးတာ အဲဒီလိုနားထောင်တဲ့အခါမှာလဲ စိတ်ပါလက်ပါ နားထောင်တာ တော်တော့်ကို သြချရပါတယ်။ အစည်းအဝေးတွေမှာ ၊ အပ်ကြောင်းထပ် စကားပြောတတ်သူတွေနဲ့ ဆုံတွေ့နေရတဲ့အခါ၊ ခပ်ဝါ၀ါ စကားကြောရှည်သူတွေနဲ့ တွေ့တဲ့အခါ မျက်နှာတချက်မပျက်ပဲ နားထောင်နေတတ်တာ။ ဒါ့အပြင် သူသိပြီးသား ကိစ္စတခု ဒါမှမဟုတ် သူပါဝင်ပတ်သတ်ခဲ့တဲ့ကိစ္စတခု အဲလိုမျိုးကို တခြားတယောက်က သူလုပ်သယောင် ကြွားဝါ လိမ်ညာနေတာမျိုးကိုလဲ နားထောင်ပေးနေနိုင်စွမ်းရှိနေပြန်ပါတယ်။

ကျမကတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်။ လိုရင်းမပြောပဲ ပေရှည်နေတဲ့ လူများတွေရဲ့ စကားကို စိတ်မ၀င်စားတတ်သူဖြစ်သလို သိပြီးသားတခုခုကို လာပြောနေရင်လဲ အောင့်ပြီး နားထောင်မနေချင်လို့ သိပြီးပြီလို့ ဖြတ်ပြောတတ်သူ။

ဘယ်သူနဲ့မှ စကားများဖို့ ငြင်းခုန်ဖို့ မရှိတဲ့ သူနဲ့ ကိုယ်သေချာသိတဲ့အကြောင်းအရာဆို အသေငြင်းမယ်ဆိုတဲ့ကျမနဲ့က တလမ်းစီဖြစ်နေမလား။

ကျမက ကိုယ်နဲ့ မဆိုင်လဲ မတရားဘူးထင်ရင် အမုန်းခံ ပြောတတ်သလောက် သူက သူ့ကိုစော်ကားသူကိုတောင် ဖြေးဖြေးညင်သာဆက်ဆံတတ်သူ။သည်းခံစိတ်များလွန်းလို့ ဘေးက ကျမက မနေနိုင်မထိုင်နိုင် ၀င်ပြောရင်း အသားလွတ်လူမုန်းများသူ ဖြစ်ဖြစ်လာရတာ ဒင်းကြောင့်။

သူကနာမည်တွေ ဂဏန်းတွေကို မှတ်နိုင်သလောက် ကျမက လူနဲ့နာမည်တွဲ မမှတ်မိတတ်သလို သူ ရှိနေတာမို့ ဘာကိုမှလဲ ထူးမမှတ်တော့။

ကျမက ခံစားမှုကို လှုပ်လှုပ်ခတ်ခတ်ဖေါ်ပြတတ်သူဖြစ်ပြီး ဘာမှမကွယ်ဝှက်နိုင်သူ၊ သူက ခံစားမှုကို အပြင်က မသိအောင် ထိန်းချုပ်နိုင်သူ။

လဘက်ရည်ကို စွဲစွဲမက်မက် ကြိုက်တဲ့ ကျမနဲ့ ယောက်ျားဖြစ်ပြီး လဘက်ရည်မကြိုက်တဲ့သူ။

ကျမကခေါင်းချတာနဲ့ အိပ်ပျော်တတ်သူ ဖြစ်ပြီး သူက အိပ်ဖို့တော်တော်အချိန်ယူရသူ။
ထူးခြားတာက အဲလို အိပ်ပျော်လွယ်တဲ့ ကျမက လူတွေရဲ့ အပြစ်အနာကို ချက်ချင်းမြင်တတ်သူ ဖြစ်ပြီး သူက လူတိုင်းကို အကောင်းမြင်တတ်သူ ဖြစ်နေတာပါပဲ။

ရေကို မက်မက်စက်စက် သောက်တတ်တဲ့ ကျမကို တအံ့တသြ ဖြစ်နေတတ်တဲ့ သူ့ကို ရေသောက်ဖို့ ခဏခဏ သတိပေးရတာကလဲ ကျမပါ။

ရေသောက်သလို ရေချိုးဖို့ ကျမမပြောမချင်း မချိုးတဲ့ သူနဲ့ ရေချိုးပြီးစ အချိန်ဆို ကိုယ့်ကိုယ်ကို သိပ်ကြိုက်တယ် ဆိုပြီး ခဏခဏ ရေချိုးတဲ့ ကျမက တကယ့်ဆန့်ကျင်ဘက်။

မီးဖိုချောင်ထဲမှာ ချက်ပြုတ်အချိန်ကုန်တာကို မကြိုက်တတ်ပဲ ၀ယ်စားလိုက် လွယ်တယ် ဆိုတဲ့ သူနဲ့ ကိုယ်တိုင်ချက်ပြုတ်ရတာ ကိုယ်တိုင်လုပ်ရတာကြိုက်တဲ့ ကျမက အံမ၀င်ချင်သလိုလို။

ကျမတို့ ၂ယောက်မှာ တူညီတာကတော့ အ၀တ်အစားတွေ ပစ္စည်းတွေကို အိမ်မှာ အများကြီး မထားတတ်တာ။ နည်းနည်းများလာရင် ဘယ်သူ့ပေးရမလဲ စဉ်းစားကြတာ၊ ဘာမှမစုဆောင်းတတ်တာ၊ ကိုယ့်ဆီက ပိုရင်စုဆောင်းတာထက် လိုတဲ့လူကို ပေးလိုက်တာ ပိုမြတ်တယ်လို့ ခံယူတာချင်းတူတာမို့ ထင်ပါရဲ့။ ဘုရားတရားမှာ တအားလေးလေးနက်နက် မလိုက်စားတာချင်းလဲ တူပါတယ်။(နတ်ပြည်ကိုတယောက်တည်း မရောက်ချင်ကြလို့ဖြစ်မယ်)
သီချင်းပြိုင်တူညည်းမိရင်တောင် တူနေတတ်ပါသေးတယ်။
ကိုယ်လုပ်ချင်တာကို လုပ်တဲ့နေရာမှာ ခေါင်းမာတာကတော့ တူတာမှ တပုံစံတည်း။

အတူဆုံး ထပ်တူအကျဆုံး စကားတခွန်းကတော့ တယောက်နဲ့တယောက် တွေ့လို့ အရင်ဆုံးမေးတဲ့ မေးခွန်းပါ။ သားသားဘာလုပ်နေလဲ ဆိုတဲ့အမေးစကားပါပဲ။


တထိုင်တည်းစဉ်းစားရမိသလောက် ချရေးကြည့်တာပါ။ သက်ဝေညီမကျေနပ်မယ် ထင်ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

15 comments:

Moe Cho Thinn said...

ကျေနပ်ပါတယ်။
(မမသက်ဝေအစား ၀င်ဖြေသွားတယ်) :)

Anonymous said...

တယောက်ကို တယောက် ချစ်ကြတာလည်း တူတယ် မဟုတ်လား။ အရေးကြီးဆုံး တူနေမှ ကျန်တာ ဖွဲ ဆန်ကွဲပါ။

မအယ်

ကိုချစ်ဖေ said...

တပ်ရင်းမှုးရဲ့ ပျော်ရွှင်အေးဆေးပြီးအမြဲပြုံးနေတတ်တာနဲ့ မကြည်ရဲ့ မူလပထမမျက်နှာနဲ့.အဟဲ......အဲ့ဒါမတူတာ..တကယ်က သူက အေးအေးချမ်းချမ်းသာသာယာယာ မြန်မာပြည်မှာဆို ဆရာဝန် ဘ၀မျိုးနဲ့ သိတ်လိုက်ဖက်တဲ့သူ သုတေသနလုပ်ငန်းလုပ်တဲ့ ဆရာဝန်လို အလုပ်မျိုးလုပ်ရရင် သိပ်အဖိုးတန်မဲ့သူ ခု တရားမှုများအတွက် ခရီးဆက်..မြန်မာပြည်ရဲ့ အနာတရများအတွက်..သူ..

kay said...

ခုရော..သားသားဘာလုပ်နေလဲ.. အမ... ။
သူ့ပုံတွေ..အင်တာနက်ပေါ် လုံးဝ မတင်ရဘူး ဆိုတဲ့...သားလေး ကတော့..ဘယ်သူ နဲ့ တူလို့..အဲလောက် ပြတ်သား ခိုင်မာ တာလဲ..။
သဘောကျတယ်.. လာလည်တွေ့အုံးမယ်။

သက်ဝေ said...

ကျေနပ်တာပေါ့ အမရယ်... ကျေနပ်တာပေါ့...
ကျေးဇူးလဲ အများကြီး တင်ပါတယ်...။

အမှန်ကတော့ အသွင်တူခြင်း မတူခြင်းတွဟာတယောက်ကို တယောက် ချစ်ကြတဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုတွေအောက်မှာ မှေးမှိန်သွားတာပါပဲလေ...

အောက်ဆုံးက ထပ်တူ အကျဆုံး အမေးစကားလေး တခွန်းကို တွေ့တော့ ကျေကျေနပ်နပ်ပြုံးမိတယ်...
အတူတူပဲ အမ...း))

PAUK said...

မသက်ဝေကြောင့်...အစ်မရေးတာဖတ်ရတော့တယ်..
ကျနော်လည်း ငြင်းတတ်တယ် အစ်မရေ..

Sonata Cantata said...

အမခင်မင်းဇော် တထိုင်တည်း ရေးချလိုက်တာတောင် တထွေးကြီး ထွက်လာတယ်
ဒီမှာဖြင့် ရေးရသေးဘူး...း)

တန်ခူး said...

မ ရေ... တချို့ အချက်တွေ အတော်တူတယ်... ဖတ်ပြီး တယောက်ထဲပြုံးနေမိတယ်... မ ရေးထားတာ ဘေးနားလေး လာထိုင်ပြောနေသလို ကွက်ကွက်ကွင်းကွင်းကို မြင်နေရလို့ လေ...

သဒ္ဓါလှိုင်း said...

အမ...
အမတို့နှစ်ယောက်ကိုပြေးမြင်ယောင်လိုက်မိပါတယ်..။
အပြေးလာဖတ်တာ..ဖတ်ချင်လွန်းလို့......။
ဘာပဲဖြစ်ဖြစ်ချစ်နေကြတာပဲမလား......

ချစ်တဲ့
ညီမသဒ္ဓါလှိုင်း

Unknown said...

မခင်မင်းဇော်ကိုလူမမြင်ဘူးခင်ထဲကကေနဲ့လေးကြောင့်စိတ်ဝင်စားခဲ့တာစလောင်းတပ်လိုက်ပြီးလူမြင်ဘူးတော့လဲကိုယ်နဲ့စတိုင်တူလို့(မဟုတ်တာဆိုဆတ်ဆတ်ထိမခံပြောတတ်မဲ့ပုံလို့ထင်မိတာအမှန်တရားလို့ယုံကြည်မိရင်အားမနာတမ်းခံတွယ်မဲ့ပုံလို့ထင်မိတာ)ဒီပိုစ်လေးကိုဖတ်ရပြန်တော့ကြိုက်သွားပြီ၊ကိုနဲ့တော်တော်တူလို့၊တို့ကိုလဲမိတ်ဆွေအဖြစ်မှတ်ထားပါ။အတွေးအမြင်တွေမတူရင်ရန်ဖြစ်ရအောင်၊ယုံကြည်ချက်တော့တူပါတယ်ကွယ်

pandora said...

"ကျမက ကိုယ်နဲ့ မဆိုင်လဲ မတရားဘူးထင်ရင် အမုန်းခံ ပြောတတ်သလောက် သူက သူ့ကိုစော်ကားသူကိုတောင် ဖြေးဖြေးညင်သာဆက်ဆံတတ်သူ။သည်းခံစိတ်များလွန်းလို့ ဘေးက ကျမက မနေနိုင်မထိုင်နိုင် ၀င်ပြောရင်း အသားလွတ်လူမုန်းများသူ ဖြစ်ဖြစ်လာရတာ ဒင်းကြောင့်။..."

ဟိဟိ.. တွေးရင်း ရေးရင်းနဲ့ စိတ်တိုလာပုံရတယ်။ ကိုမင်းဇော်ကတော့ ရယ်နေမှာပဲ။

အင်ကြင်းသန့် said...

အစ်မရေ....အစ်မသက်ဝေဆီကတဆင့် ဒီတက်ဂ်ပို့စ်လေးကို ဖတ်ရအောင် အလည်ရောက်လာတာပါ....။ အစ်မတို့စုံတွဲ ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေ။

Unknown said...

အစ်မဖတ်လို့ကောင်းတယ်။ဖတ်ရင်းနဲ့မြင်နေရသလိုဘဲ။

Anonymous said...

ကမ္ဘာ့ဖလားမှာ မှုတ်တဲ့ နှဲကြီးလေ မမ။ အင်မတန် နားညီးတာ မလား။ မအယ်ကလည်း ပွစိပွစိ ဗျစ်တောက် ဗျစ်တောက်လုပ်တဲ့ထဲ မနားတမ်း ပေါက်ပေါက်ဖောက်လို့ ဟင်းးးးးးးး ငါ့အကြောင်းတွေ လူသိကုန်ပါပြီ ဒေါ်သက်ခြောက်ဆယ် ဒေါ်သက်ခြောက်ဆယ် ဟင်းးးးးးးးးး


မအယ်

July-Nyanlinn said...

In the end, hand in hand . ;)
July-nyanlin