Wednesday, September 16, 2009

ဘ၀ဒိုင်ယာရီ အပိုင်း၂ ၊ အခန်း(၁၀)

အခန်း(၁၀)
ထောင်မှာ မှတ်မှတ်ရရ ထောင်တွင်း ရိုက်မှုတခု ဖြစ်ခဲ့သေးတယ်။ ခုနေပြန်ပြောရင်တော့ ဘာမှမဟုတ်သလိုပဲ အဲဒီအချိန်တုန်းက ကိုယ်နေတဲ့ မိန်းမထောင်ထဲမှာ အိပ်မောကျခါစ ၁၀ နာရီကျော် ၁၁ နာရီနီးပါးလောက်မှာ စူးစူးဝါးဝါး အော်ဟစ်ပြေးလွှားသံတွေက တော်တော့ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာပါပဲ။ ထောင်လန့်ရင် တယောက်က စအော်တဲ့အခါ ကျန်တဲ့လူတွေကလဲ ဘာမှန်းမသိပဲ လိုက်အော်ကြတယ် ဘာညာဆိုတာတွေက ကြားဖူးထားတော့ ကိုယ်လဲ ဘာလုပ်ရမယ်မသိဘူး။ အိပ်နေရာကနေ ငုတ်တုတ်လေးတွေ ထထိုင်ပြီး မျက်လုံး အ၀ိုင်းသားနဲ့ ဘာမှမမြင်ရပဲ ကြားနေရတဲ့ အသံကို နားစွင့်နေခဲ့ရတယ်လေ။

ရိုက်မှုဖြစ်စဉ်ကတော့ နှစ်ကြီး VIP တွေထဲမှာ သံလမ်းခိုးမှု ၁၆/၁ နဲ့ ၁၀ နှစ်ကျခဲ့တဲ့ အမနဲ့ ကလေးအမေတယောက် ညဖက်မှာ ရိုက်ပွဲဖြစ်ခဲ့တာပါ။ သံလမ်းခိုးမှုနဲ့အမကို ကျမတို့က သံလမ်း ၁၀ နှစ်လို့ ခေါ်တယ်။ သူနဲ့ ကုတင်နားချင်းတယောက်ကတော့ ၈၈ တုန်းက သူတို့မြို့မှာ ရိုက်ပွဲတွေဖြစ်ပြီး လူသေမှုဖြစ်ခဲ့တဲ့ အမှုနဲ့ ၀င်လာသူပါ။ လူအများကြီးဆိုတော့ လူသေမှု နဲ့ ၃ နှစ်ကျတယ်။ ညီအမ ၃ ယောက် လုံး ၀င်လာတာမှာ အငယ်မလေးက ကလေးကိုယ်ဝန်နဲ့ ဆိုတော့ နှစ်နည်းပေမယ့် နှစ်ကြီးသမားနားက ကုတင်မှာ နေရာရတယ်။ သူ့အမ ၂ယောက်ကတော့ ရဲဘက်ကို ပါသွားတယ်။ သူတို့ ညီအမက ပညာတတ်ဘွဲ့ရ ဖြစ်ပြီး ရုပ်ရည်လေးတွေက သန့်တယ်။ နောက် ကလေးမွေးတော့လဲ အဲဒီသံလမ်းအမကြီးနဲ့ပဲ တူတူ ကလေးကို ပြုစု ဘာညာလုပ်နေတာပဲ။ ဒါပေမယ့် တနေ့တော့ ချဲမှုနဲ့ အဲလိုပဲကလေးအမေ တယောက်ဝင်လာတယ်။ ကလေးက လသားပဲ ရှိသေးတယ်။ အဲဒီကောင်မလေးကတော့ ငွေကြေးတတ်နိုင်တဲ့ ချဲဒိုင်ကိုင်သူ ဆိုတော့ ၀င်လာကတည်းက ငွေနဲ့ ပေါက်ပြီးဝင်လာတော့ ထောင်မှုးမတွေ ၀ါဒါမတွေက ပြာနေတာပဲ။ သူ့ကလေးကိုလဲ ၀ိုင်းပြီး ချစ်ပြကြတာပေါ့။ ဒီတော့ ခုန ကလေးအမေက သူ့ကလေးကို မချစ်တော့ပဲ နောက်ရောက်လာတဲ့ကလေးကို သူ့ဘေးက သံလမ်းအမက ပြုစုပေးနေတာ မြင်တော့ မခံစားနိုင်ဘူး ဖြစ်မယ်ထင်ပါတယ်။ ညဘက်မှာ ဘယ်တုန်းကတည်းက သိမ်းထားလဲမသိတဲ့ သစ်သားချောင်း တတောင်ကျော်ကျော်လောက်နဲ့ ခေါင်းကို ရိုက်ခွဲပါလေရော။

ဖြစ်ချင်တော့ အရိုက်ခံရတဲ့အမက အဲဒီနေ့မှာ ခေါင်းဦးတုံးပေါ်မှာ မအိပ်ပဲ အဲဒီတုံးက မာလို့ ဆိုပြီး အောက်နည်းနည်းလျှောချ အ၀တ်ထုတ်ခုပြီး အိပ်မိတော့ ခေါင်းကွဲတာပဲ ဖြစ်သွားတယ်။ တကယ်လို့ အောက်ခံအမာနဲ့သာ ဆို သူ့ရိုက်ချက်က စိစိညက်ညက်ကြေသွားနိုင်ပါတယ်။ ဒီတော့ အရိုက်ခံရသူက ငေါက်ကနဲထပြီး သူ့ကိုလိုက်တော့ သူက ကုတင်တွေပေါ်ကနေ အခန်းတံခါးသော့ခတ်ထားတဲ့ အထဲမှာ လှည့်ပတ်ပြေး ကျန်တဲ့လူတွေက အော် ၊ လိုက်တဲ့လူကလဲ ဆံပင်ဖားလျားနဲ့ ခေါင်းကွဲထားလို့ သွေးတွေက စီးကျလို့တဲ့ ၊ ဆူညံနေတာပဲ။ အဲဒီရိုက်မှုက ၁ ခန်းမှာ ဖြစ်တော့ ကျမတို့က ၃ ခန်းမှာ နေတာ။ ကြားမှာ ၂ ခန်း တခန်းခြားနေတယ်။ ပတ်လည်က လူတွေကို ဘာဖြစ်တာလဲ ပြေးကြည့်ခိုင်းပြီး သူတို့ ပြောတာနားထောင်၊ ၀ါဒါမတွေလဲ လေးတခါး ပြေးပြီးအကြောင်းကြားပေါ့။ ထောင်မှုးလာမှ အကုန်လုပ်လို့ရမှာလေ။ သူတို့ဖာသာ သော့ဖွင့်ခွင့်မရှိဘူး ။ အသံတွေကလဲ ဘေးက အော်တဲ့အသံတွေနဲ့ ဆိုတော့ တော်တော်ကျယ်ပြီး ယောက်ျားထောင်ဖက်မှာ ရှိနေတဲ့ သီးသန့်တွေကလဲ မိန်းမထောင်က ငါတို့ သီးသန့်တွေတော့ အသေချခံထိနေပြီလားပေါ့။ ဘာလုပ်နေတာလဲ မိန်းမထောင်ဘက်မှာ ဘာတွေဖြစ်နေတာလဲ ဘာညာတွေ ထပ်ပြီးအော်နဲ့ အကျဥ်းထောင်ကြီးတခုလုံး ဆူညံသွားပါတယ်။

ထောင်မှုးတွေ ထောင်ပိုင်တွေ ၀င်လာတော့ ၃ ခန်းက ကျမတို့က အရင်မြင်ရတယ်။ နောက် ရန်ဖြစ်တဲ့ ၂ ယောက်ကို ညတွင်းချင်း တိုက်တခန်းစီ ထည့်ပိတ်လိုက်ပါတော့တယ်။ သူတို့ တိုက်ထဲမှာ ရေချိုးမချပဲ လချီနေရတယ်။ အရိုက်ခံရတဲ့ သံလမ်း ၁၀နှစ်ကတော့ ခဏလေးပဲ တိုက်က ထွက်ရပေမယ့် ရိုက်တဲ့ကောင်မလေးက ကလေးလေးနဲ့ တိုက်ထဲမှာ ၃ လလောက်နေလိုက်ရပါတယ်။ သူနေတဲ့ တိုက်က ကျမတို့ကို ထောင်ထဲ ၀င်ခါစက ထားတဲ့ ငါးခန်းတွဲ တိုက်တန်းဖြစ်ပြီး အဲဒီဘက်ကို သွားဖို့ မလွယ်ပါဘူး။ အထူးသဖြင့် အရိုက်ခံရသူကို အဲဒီအခန်းဘက် သွားပြီး တခုခု လုပ်မှာစိုးလို့ မသွားနိုင်အောင် သေချာ စောင့်ကြပ်ထားပါတယ်။ နောက်မှုဖွင့်မယ် ဘာညာ ပြောပေမယ့် အဲဒီကောင်မလေးရဲ့ သမီးလေးက သိပ်ချစ်စရာကောင်းတော့ ကလေးပါ ဒုက္ခရောက်နေရတယ် ။ ခွင့်လွှတ်လိုက်ပါ အမရယ်ဆိုပြီး ၀ါဒါမတွေကပါ တောင်းပန်နေကြတယ်။ သူတို့ပါ အမှုစစ်တဲ့အထဲ ပါပြီး အလုပ်ရှုပ်မှာ ကြောက်တာကိုး။ တကယ်လဲ အဲဒီအမက ကလေးလေးကို ချစ်တဲ့လူမို့ နောက်မှုမဖွင့်တော့ပဲ ထားလိုက်ပါတယ်။ အဲဒီကောင်မလေး တိုက်ကထွက်လာတော့ အခန်းပြောင်းထားလိုက်တော့တယ်။ နို့မို့ ညဖက်တခါ မကျေပွဲ ထပ်ချနေဦးမယ် မဟုတ်လား။

မိန်းမထောင်က ဆူညံသံတွေ စကြားတာနဲ့ ထောင်နားက မိတ်ဆွေတွေအိမ်က ကျမအိမ်ကို ဖုန်းဆက်ပြောပြီးနေပြီ။ မနက်ကျတော့ ၀ါဒါမအိမ်ကို အိမ်တွေက သတင်းမေးတောင် ရောက်နေပြီတဲ့ မနက်ပိုင်း ဂျူတီခဏလဲတဲ့ ၀ါဒါမက ကျမတို့ကို လာပြောတယ်။ ပုသိမ်သားတွေနဲ့ ပုသိမ်ထောင်ကတော့ အဲဒီလို သတင်းပြန့်ပွားမှုမြန်ခဲ့တယ်လေ။

ထောင်ထဲမှာကတော့ အုတ်ရိုးလေးဘက်ကြားမှာ နေရတဲ့ လူတွေမို့ထင်ပါရဲ့ စိတ်တွေက ရန်ဖြစ်ရန် အသင့် ဆိုသလို ဖြစ်နေကြတယ်။ တယောက်နဲ့ တယောက် သည်းညည်းမခံကြဘူး။ အားလုံးထဲမှာ ကျမတို့ သီးသန့်အုပ်စုပဲ လူတွေက နည်းနည်းရှိန်ပြီး ကျမတို့ဝင်ဆုံးဖြတ်ပေးတာကို လက်ခံကြတယ်။ ဒါတောင်မှ ကျမတို့နဲ့ လူလည်ပန်ကာတွေ ရန်ဖြစ်တတ်သေးတယ်။ သူတို့ကိုတော့ နည်းနည်းကြမ်းပေးလိုက်ရင် ဖြုံတယ်။ ကျမတို့ အုပ်ထဲမှာ ငယ်ငယ်ကတည်းက နည်းနည်းလက်ယဉ်တဲ့လူရှိသလို ကိုယ့်အုပ်စုထိရင်တော့ မခံတတ်တဲ့ လူတွေများတာမို့ ရန်ဖြစ်လဲ သိပ်ကြောက်စရာမလိုဘူး။ အများစုက ရန်ဖြစ်တာနဲ့ လက်ပါတတ်ကြတယ်။ ကျမရောက်ခါစ သူများတွေရန်ဖြစ်ပြီး ၀ုန်းဒိုင်းနဲ့ ဆွဲချကြတော့ တော်တော်အံ့အားသင့်သွားတယ်။ နောက်ပိုင်းတော့ ကိုယ်လဲ လက်ယဉ်လာတယ် ပြောရမယ်။ အတုမြင် အတတ်သင်ပဲ။

တခါက ကိုယ်တွေအဖွဲ့ထဲက တယောက်နဲ့ ထောင်ကျ ဖော်လန်ဖားနောက်တယောက် နည်းနည်းအခြေအတင်ဖြစ်တော့ ဟိုဘက်က လာဝိုင်းပြီး ရိုက်ဖို့လုပ်တယ်။ အခြေအနေက ၀ုန်းဝုန်းဒိုင်းဒိုင်း နဲ့ ဖြစ်သွားပြီး စကားတွေများနေတုန်း ၀င်ဆွဲသလိုလိုနဲ့ အဲဒီတယောက်ကို နောက်က ၀င်ချုပ်ပေးလိုက်တာ ဘာပြောကောင်းမလဲ။ ကိုယ့်လူတွေ လက်သွက်သွက်နဲ့ တော်တော်ထိသွားကြတယ်။ အာကျယ်နေတာမဟုတ်ဘူး သီးသန့်တွေက တကယ်လုပ်ပါလား ဆိုတာ သိသွားကြတယ်။ သူတို့တွေ တကယ်ချရဲသဟ လို့ ပြောစမှတ်တွင်ခဲ့တော့တယ်။

ဟေ့ ဘာအမှုနဲ့ပဲ လာလာ ငါတို့က လူလိုပဲ ဆက်ဆံတယ်။ အေး ဒါပေမယ့် မကောက်ကျစ်နဲ့ မယုတ်မာနဲ့ ငါတို့ သည်းမခံဘူး လို့ ခပ်ကျယ်ကျယ် စွာပေးလိုက်တော့ ငြိမ်သက်သွားတယ်။ ဒီလူတွေပဲ နေ့တိုင်း ရှိနေတဲ့ နေရာတခုမှာ ကလိန်ကကျစ်တွေ လာလုပ်လဲ ပေါ်တာပါပဲ။ ဒါပေမယ့် လူတွေရဲ့ အကျင့်ကလဲ ပြင်ရခဲသားကိုး။ အသားကျနေတာ ကြာတဲ့ ကြားထဲ ဆင်ခြင်ဥာဏ်မရှိတော့ ပြင်နိုင်ဖို့ ခက်ခဲနေရတယ်။

ထောင်ထဲမှာ တတ်လာတဲ့ ပညာတွေထဲမှာ အဆဲနည်း မျိုးစုံလဲ ပါတယ်။ သူတို့ ဘယ်လိုဆဲဆဲ သူတို့ ဆဲတာရဲ့ နောက်မှာ ကြီးတလုံးထပ်ထည့်ပြီး ပြန်အော်လိုက်တာနဲ့ ဒင်းတို့ ဘာမှမတတ်နိုင်တော့ဘူး။ အဲလို လူလည်လုပ်လာခဲ့ဖူးတယ်။ ထောင်ပုံပြင်ကတော့ တထောင့်တညလဲ ပြီးနိုင်မယ် မထင်ပါဘူး။ ရောမရောက်တော့ ရောမလို ကျင့်ခဲ့ပေမယ့် အများမိုးခါရေသောက်တိုင်းတော့ လိုက်မသောက်နိုင်ခဲ့တာက အသိဥာဏ်နဲ့ ဆိုင်လိမ့်မယ်။

အဲဒီထောင်ဆိုတာကြီးက ထွက်လာကတည်းက လူတွေကို အားလုံး တူတူပဲလို့ မြင်နေတာက ပိုခိုင်မာလာပြီး ဘယ်သူ့ကိုမှမကြောက်တဲ့ စိတ်ကလဲ ပိုပြင်းထန်လာတယ်။ ပိုပြီးလဲ ခေါင်းမာလာတယ်။ မ၀တဥက္ကဌ ၊ စည်ပင် တာဝန်ခံ တို့တောင် ပြန်ပြောရဲလာတော့ ဈေးခေါင်းလောက်တော့ ပဲ ပဲ ထင်တော့တယ်။ အဲဒီစိတ်တွေနဲ့ပဲ တည်ဆောက်ခဲ့လို့ ကိုယ့်အပေါ် စီးပွားရေး၊လူမှုရေးအရ အာဏာပါဝါနဲ့ အနိုင်ယူမယ့် လူအားလုံးကို ပြန်ပြီးအနိုင်တိုက်နိုင်ခဲ့တယ်။ လောကမှာ ကြောက်တတ်သူကို ပိုခြောက်တတ်တယ် ဆိုတာ အမှန်ပဲ။

ခုချိန်ထိ ခေါင်းမာသူ၊ လုပ်မယ်ဆိုရင် ဖြစ်အောင် လုပ်သူအဖြစ် သတ်မှတ်ခံနေရတာဟာ ထောင်ထဲက အတွေ့အကြုံတွေအရ ရယူနိုင်ခဲ့တဲ့ ဘ၀ကပေးတဲ့ သင်ခန်းစာတွေပဲ ။ နေရာတိုင်းမှာ ကိုယ်ရနိုင်တဲ့ ကိုယ်ယူနိုင်တဲ့ သင်ခန်းစာတွေ အများကြီးပဲ ဆိုတာကတော့ လက်တွေ့သက်သေပါပဲ။
(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

11 comments:

ကိုပေါ said...

အစ်မရေ... ဒီပို့စ်က အစ်မပီအေကြီးကို “တို့က လက်ယဉ်တယ်နော်” လို့ သွယ်ဝိုက်သောနည်းနဲ့ ခြိမ်းခြောက်နေတာလား။း-)

ကျနော့် နောက်ဆုံးပို့စ်မှာ အစ်မအတင်း နည်းနည်းထည့် တုပ်ထားတယ်....ဟီး။

ကြည် said...

အမရဲ့ အတွေ့အကြုံတွေကို ချစ်ခင်စွာလာဖတ်သွားပါတယ်။ အမပျော်ရွင်ပါစေ။

Anonymous said...

ကိုပေါကိုတီးလိုက်စမ်းပါဗျာ ဒီလူအရမ်းစွာတယ် :P

Dr. Yi Yi Win said...

စာတွေလာဖတ်ပါတယ် အစ်မရေ။

seinn kaung myat zaw said...

အမရေ

ဘ၀ဒိုင်ယာရီ အပိုင်း (၂) အခန်း (၁၀)ကို အမြန်လေး ရေးပေးတဲ့အတွက် ကျေးဇူးပါ။
ကျန်သော အခန်းဆက်များကိုလည်း စောင့်မျှော်လျက်။

Moe Cho Thinn said...

အမရေ
အထဲကအကြောင်းတွေ အကုန် စိတ်ဝင်စားတယ်။ ဖတ်လို့ အရမ်းကောင်းတာပဲ။ စိတ်တွေကို လွှတ်ပေးထားတာမျိုး ထင်တယ်နော်။ ဆက်ရေးနော် အမ။

okn said...

အစ်မရေ လာဖတ်သွားပါတယ်။ အဲဒီ အမျိုးသမီးတွေက ကလေးအမေတွေ ဖြစ်နေတာတောင် တော်တော် ကြမ်းတာပဲနော့်။ အပြင်မှာ မတွေ့ဖူးတဲ့ စရိုက်အမျိုးစုံကို တွေ့ရမှာပဲ။

တောင်ပေါ်သား said...

အမရေ ဖတ်သွားတယ် စိတ်ဝင်စားစရာ အဖြစ်လေးတွေပါပဲ။ မိန်းကလေးဖြစ်ပြီး ဒီလို ဒုက္ခဆင်းရဲ တွေကို ခံနိုင်တာ ချီးကျူးမိပါတယ်။


လေးစားလျက်
တောင်ပေါ်သား

အိမ့်ချမ်းမြေ့ said...

အစ်မရဲ့ ဒီပိုစ်တွေဖတ်ပြီး လောကကြီးကို မလေး ကြောက်တယ်၊ နားလည်းမလည်နိုင်အောင် စိတ်မကောင်းဖြစ်တယ်။ The truth hurts!လေ

အမှန်တော့ ဒါပြောရန်လာတာမဟုတ်ပါဘူး...
ကျေးဇူးတင်ပါတယ်လို့ လာပြောတာပါ။

ချစ်ခင်လေးစားလျှက်..
မလေး

min said...

အစ်မနာမည်ကိုကြားဖူးပေမဲ့အခုမှဘဲအစ်မရှိကိုရောက်
တော့တယ်.ကျေးဇူးပါဘဲ.

littlebrook said...

ဟူးးးးးးးးးး ကြောက်စရာတော့ကောင်းသား အမရာ ..