Saturday, September 12, 2009

ဘ၀ဒိုင်ယာရီ အပိုင်း ၂ ၊ အခန်း (၉)

ဘ၀ဒိုင်ယာရီနဲ့ ခရီးသွားတောလားတွေကို စဉ်ဆက်မပြတ်တင်ပေးနိုင်ဖို့ ကြိုးစားနေတယ်။ ဘာလို့လဲ ဆိုတော့ အတွေ့အကြုံဆိုတာမျှဝေဖြစ်အောင် မျှဝေပေးရမယ်။ ဘယ်သူဝေဖန်ပါစေ ကိုယ်ဆုံးဖြတ်ချက်နဲ့ ကိုယ့်ရဲ့ ခိုင်မာမှုကသာ အခရာပဲ ဆိုတာကို ယုံကြည်လို့ပါ။ ဒီဘလော့ကို ခုမှအလည်ရောက်တဲ့ မိတ်ဆွေတွေအနေနဲ့တော့ ဘ၀ဒိုင်ယာရီကို အစအဆုံး ပြန်ဖတ်ချင်ရင် ဘေးက ဆိုဒ်ဘားလေးက labels ဆိုတဲ့အောက်မှာ ဘ၀ဒိုင်ယာရီလို့ရေးထားတဲ့ စာတမ်းလေးကို ကလစ်လိုက်ရင် အစအဆုံး ဖတ်လို့ရပါတယ်။

အခန်း(၉)

ထောင်ထဲမှာ နေ့တိုင်း ဘုရားစာရွတ်ဖတ်လိုက်၊ အခြေအနေကောင်းရင် တချောင်းထိုး နှစ်ချောင်းထိုး ကိုင်လိုက်နဲ့ ထောင်ဆိုတာ နေတတ်ရင် အကျယ်ကြီးပါ ဆိုတဲ့စကားကို ပြောဖြစ်ကြသေးတယ်။ နေတတ်ရင် ဆိုတာမှာတော့ ၀ါဒါမတွေကို ဖားပြီး အချင်းချင်းချောက်တွန်း မဟုတ်တရုတ် သတင်းပေးနေတဲ့ အလုပ်မျိုးနဲ့ နေတတ်ဖို့တော့  မဟုတ်လေဘူး။ အကျဉ်းသားအချင်းချင်း လည်သူစားစတမ်း လုပ်တတ်တဲ့ တကယ်ဆိုးတဲ့ သူခိုးမတွေ ၊ လူသတ်ပစ္စည်းယူတွေ ကိုတွေ့ရတဲ့အခါ အံ့သြရသေးတယ်။ သူတို့ကို သေချာသွားစကားပြောပြီး သူတို့အကြောင်းတွေ စပ်စုကြည့်တော့ တကယ့်ကို ဘ၀တွေက ဘာဆိုဘာမှမျှော်လင့်ချက်မရှိ။ စားစရာမဲ့ သောက်စရာမဲ့ ခိုကိုးရာမဲ့ ဆိုသလိုကိုး။ အဲဒီအချိန်က ကျမစဉ်းစားကြည့်တော့ အဲလို လူမျိုးတွေကို အစိုးရက လူမှုထောက်ပံ့ကြေးတွေ ပေးနိုင်ရင် ဒုစရိုက်မှုတွေ တော်တော်လျော့သွားနိုင်တယ် ဆိုတာပါပဲ။

ကျမ စကားပြောမိတဲ့ လူသတ်မှုတွေထဲမှာ ကလေးတယောက်ရဲ့ နားဆွဲလေးကို ယူပြီး ကလေးကို သတ်ပစ်တဲ့ မိန်းမတယောက်ဆိုရင် သူက သူ့ကလေးအတွက် သူများကလေးကို သတ်လိုက်တာပဲ။ သူ့မှာ ကိုယ့်ကလေးကို ချစ်တဲ့စိတ်နဲ့အတူ ကိုယ့်ကလေး တမျက်နှာပဲမြင်တော့တဲ့ ချစ်ခြင်းမေတ္တာလဲ ရှိနေတယ်။ ဒီအခါမှာ သူများကလေးရဲ့နားဆွဲကို ယူလိုက်တယ်။ နောက် အဲဒီကလေးက သူ့ကို သိနေတော့ မဆင်ခြင်တော့ပဲ အပြီးသတ်လိုက်တယ်တဲ့။ အဲဒီအချိန်တုန်းက မသနားဘူးလားဟင်လို့ မေးမိတော့ တကယ့်ကို စိတ်မကောင်းတဲ့မျက်နှာနဲ့ အဲဒီအချိန်တုန်းက ဘာမှကို သတိမရဘူး။ သူ ပိုက်ဆံသိပ်လိုနေတယ် ဒါပဲ သိတော့တယ် တဲ့။ ခုအချိန်ကျတော့ မသတ်မိခဲ့ရင် အကောင်းသားလို့ စဉ်းစားမိတယ်တဲ့။ တကယ်က သူက သိပ်ဆိုးတယ် လို့လဲ နာမည်ကြီးတယ်။ တကယ့်ကို ထောင်ထဲမှာ မိန်းမကြမ်းပုံစံပဲ ကြီးနိုင်ငယ်ညှင်းဆဲ ဆိုတာမျိုး။ ထောင်ထဲမှာ သူအလုပ်ကြုံးလုပ် ပိုက်ဆံစုပြီး အပြင်က သူ့သားလေးကို ပေးတယ်။ကျမ ပြောချင်တဲ့ ဆိုလိုရင်းက အဲလို မိန်းမတယောက်မှာတောင် ချစ်ခြင်းမေတ္တာ ရှိနေတယ်။ နောက် လူတိုင်းသာ စားဝတ်နေရေးအခြေခံလိုအပ်ချက် ဖူလုံနေရင် တော်ရုံ လူသတ်လုယက်တွေ မဖြစ်နိုင်တော့ဘူး အဲလိုတွေးမိတာပါ။ မြန်မာနိုင်ငံမှာသာ ကိုယ့်တိုင်းသူပြည်သားတွေကို စောင့်ရှောက်နိုင်တဲ့ စနစ်တခု ဖြစ်လာခဲ့ရင် ခုအချိန်မှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက် လုယက်မှုတွေ ခိုးမှုတွေ လိမ်လည်မှုတွေ တော်တော်လျော့နည်းသွားမယ် လို့ အဲဒီအချိန်က တွေးမိခဲ့တယ်။

ဘာလို့လဲဆို ခေါင်းရွက်ဗျက်ထိုးဈေးသည် အဖွားကြီးဆီက ပိုက်ဆံကို လုယူခဲ့တဲ့ပြီး လူသတ်ဖြစ်ခဲ့သတဲ့။ ပိုက်ဆံကလဲ များများမဟုတ်ပါဘူး၊ စဉ်းစားကြည့် ခေါင်းရွက်ရောင်းနေတဲ့ တဗန်းစာပဲ ရှိတာလေ။ အဲဒီ မိန်းမ ၂ ယောက်ရဲ့ စကားလေးတွေ သူတို့ ထောင်ထဲမှာနေတဲ့ အကျင့်တွေကို ကြည့်လိုက်တော့ တကယ့်စောင့်ရှောက်မှုတွေ ရှိရင် သူတို့လူကောင်းဖြစ်လိမ့်မယ်လို့ မြင်လိုက်ရလို့ပါ။ သူတို့ လူသတ်မှုကို ထောင်ကျရင် သုံးနှစ်လောက်ပဲ ဖြစ်ရမယ်ဆိုပေမယ့် တကယ်အဖမ်းခံရတဲ့အခါ ထောင်ဆိုတာကို သူတို့ ကြောက်တယ်လေ။ ဒီတော့ သူတို့ကိုဖမ်းတဲ့ ရဲတွေကို ပြန်ရိုက်ပြီး ထွက်ပြေးတာ။ နောက်တမှုဖြစ်။ ဖမ်းမိတော့ ရထားနဲ့ ထောင်ကို အပို့မှာ တခါ ရထားပေါ်က ထွက်ပြေး နောက်တမှုထပ်ဖြစ်။ အမှုသေးသေးလေးကနေ စိတ်ကို မထိန်းနိုင်တော့ပဲ ထပ်ထပ်ဖြစ်လိုက်တာ ရဲစခန်းမီးရှို့မှု အပါအ၀င် အမှုကြီးတွေ ဖြစ်သွားလိုက်တာ နောက်ဆုံးသေဒဏ်ထိ ကျခံလိုက်ရတယ်။

သူတို့တွေရဲ့ ကံကလဲ သေဒဏ်ကျပြီး သိပ်မကြာခင် ၈၈ အရေးတော်ပုံဖြစ်တော့ ထောင်တွေ ထဲမှာ မီးတွေလောင် ထောင်ဖွင့်ပေးတဲ့အထိ ဖြစ်လာပါရော။ တချို့က ထောင်ပွင့်သွားပေမယ့် မပြေးရဲတော့ ထောင်ဝင်းထဲမှာပဲ နေကြရတယ်။ တချို့ကတော့ နီးစပ်ရာကနေ ကိုယ့်မြို့တွေကို အပြေးပြန်ကြပေါ့။ တချို့လည်တဲ့လူတွေကတော့ ကိုယ့်မြို့ကို မပြန်ပဲဝေးရာ ပြေးသွားကြတယ်တဲ့။ ဒါနဲ့ အဲဒီထောင်ကျစာရင်းထဲက လူတွေကို ပြန်စုတော့ ထွက်မပြေးတဲ့လူတွေကို လျော့ရက်တွေ ပိုပေး၊ ထွက်ပြေးပြီး ပြန်ခေါ်ချိန်ပြန်လာသူတွေကိုလဲ သင့်တော်ရာ လျော့ရက်ပေး အဲလိုတွေဖြစ်ကုန်တော့ သူတို့ သေဒဏ်ကျအုပ်စုက ပြန်သွားတဲ့ထဲ ပါတယ်။ ဒါပေမယ့် ပြန်ခေါ်တော့လဲ အသာတကြည်ပြန်လာပြီး အဖမ်းခံတော့ သေဒဏ်ကနေ နှစ် ၂၀ ဖြစ်သွားတယ်။ နှစ် ၂၀ကနေ သူတို့နေခဲ့တဲ့နှစ်ကလဲ ၅ နှစ်လောက်ရှိနေပြီ၊ နောက် နှစ်ကြီးဆိုတော့ အခန်းတန်းစီး တို့ ရေကန်ဘုတ်တို့မှာ လုပ်ခွင့်ရကြတော့ လျော့ရက်ဆိုတဲ့ ကွာ ရတာလဲ အေကွာ ။ ဒီတော့ တနှစ် ၃ လ အသာလေး ရနဲ့ သူတို့လဲ ခေတ်အခြေအနေအရ ကံကောင်းထောက်မပြီး ထောင်ထဲမှာ VIP တွေ ဖြစ်သွားကြတာပဲ ။ သာမန်အမှုနဲ့ လာလို့ကတော့ သူတို့ပညာပြတာတွေ အရင်ခံရမှာလေ။

နောက်ဆက်ပြီးပြောရမယ့် ထောင်ကျအုပ်စုကတော့ မှောင်ရိပ်ခိုမှုကို ၃(ခ) လို့ခေါ်ပြီး အဲဒီအမှုနဲ့ မကြာခဏရောက် လာတတ်တဲ့ ကောင်မလေးတွေပါ။ သူတို့ကတော့ သနားစရာပါပဲ။ သူတို့က ချေးအိုးတွေ ထမ်းရတာ များတယ်။ အဲဒီထဲက ကောင်မလေးတယောက်ဆို ကျမနေတဲ့ ၂ နှစ်အတွင်းမှာ တခါဝင်လာရင် တပတ်နဲ့ အခါ နှစ်ဆယ်ကျော် ရှိခဲ့တာကို မှတ်မိနေသေးတယ်။ အဲဒီကောင်မလေးတွေက ကျမတို့ သီးသန့်အကျဉ်းသူတွေက ဖော်ဖော်ရွေရွေသွားစကားပြောရင်တောင် ကြောက်နေကြတယ်။ သူတို့ကို ဘယ်သူကမှ အဖက်မလုပ်ခဲ့ကြဖူးဘူးလေ။ ကောင်မလေးတယောက်ဆို ၀င်လာခါစက သိပ်လှတယ်။ ခပ်ငယ်ငယ်ပဲ ၁၇ ၊ ၁၈ လောက်ပေါ့။ နောက် တဖြည်းဖြည်း ၀င်တဲ့အခေါက် များလာလေ ရုပ်က ကျလာလေပဲ။ သူနောက်ဆုံး ရောက်ခဲ့တဲ့ တခေါက်တုန်းကဆို သူ့ရုပ်ကို မမှတ်မိနိုင်အောင် ဖောယောင်ပြီးရောက်လာတယ်။ ကျမက သူစားဖို့ ဟင်းတွေသွားပေးတော့ သူ့ဆီကို မလာဖို့ လက်ဟန်ခြေဟန်နဲ့ပြတယ်။ အားနာတာဖြစ်မယ် ထင်ပါတယ်။ ဒါနဲ့ သူ့ဘော်ဒါတွေကိုပဲ တဆင့်သွားပေးခိုင်းရတယ်။ တပတ်လောက်နေပြီး အယောင်မလျော့သွားခင်ပဲ ပြန်လွတ်သွားပြီး နောက်ထပ်ရောက်လာတာလဲ မတွေ့။ သူ့သတင်းလဲ ဘာမှမကြားရတော့ဘူး။

အဲဒီလို မှောင်ရိပ်ခိုလေးတွေထက် အဆင်မြင့်တာကတော့ တည်းခိုခန်းတွေမှာ အလုပ်ဆင်းရတဲ့ မိန်းကလေးတွေပါပဲ။ ကျမရောက်နေချိန်တုန်းက တည်းခိုခန်းမန်နေဂျာနဲ့ နယ်မြေခံရဲ မတည့်လို့ ထင်ပါတယ်။ ၀င်ဖမ်းတော့ ပါလာတဲ့ကောင်မလေးတွေများ လှမှလှပါပဲ။ နာမည်လေးတွေကလဲ အလုပ်နာမည်ထင်ပါတယ် အပျံစား။ သူတို့တွေကတော့ ထောင် ၁ နှစ်ကျပြီး အကျင့်စာရိတ္တပြုပြင်ရေးစခန်းဖြစ်တဲ့ သင်တန်းကျောင်းကို ပို့တာ ခံကြရတယ်။ သူတို့က မသွားချင်ကြဘူး ။ သင်တန်းကျောင်းမှာဆိုရင် ဆရာမတွေက ရေလည်နှိပ်ကွပ်ကြတာ ဘာညာနဲ့ ပြောသွားတယ်။သူတို့ အမှုရင်ဆိုင်နေချိန်နဲ့ သင်တန်းကျောင်း မပို့ခင်တွေမှာတော့ ပတ်လည်မှာ နေကြပြီး ကျမတို့ နေတဲ့ အခန်းနဲ့ နီးတာမို့ သူတို့ဆီကို ထောင်မှုးတွေ ၀ါဒါတွေက လာလာပြီးထေ့လိုက်ငေါ့လိုက် ထိပ်ပုတ်ပေါင်ပုတ်တွေနဲ့ နေတာလဲ တွေ့ရတာပဲ။ ကျမတို့ ကြည့်လိုက်ရင်တော့ အဲဒီလူတွေက ကောင်မလေးတွေနားက ခွာသွားကြတာပဲ။ (နည်းနည်းရှိန်တယ်ဆိုတဲ့ သဘောပေါ့လေ။ )

ဒါပေမယ့် သူတို့နဲ့ စကားပြောကြည့်တော့ စီးပွားရေးအဆင်မပြေလို့ ကလေးတယောက်မွေးပြီး ကယ်ရီအလုပ်လုပ်မယ်လို့ အိမ်ကို ပြောပြီး ဒီလုပ်ငန်းနဲ့ အိမ်ကို ငွေပြန်ပို့နေတဲ့တယောက်၊ အကိုက အရိုးကင်ဆာဖြစ်နေလို့ အမေကိုယ်တိုင်က မန္တလေးက ဟိုတယ်တခုမှာ ပါကင်ဖောက်တာ ဘယ်ဈေးဆိုပြီး ရောင်းခဲ့တာဆိုတဲ့တယောက်၊ အိမ်မှာ ညီမလေးနဲ့ မောင်လေး ကောလိပ်တက်ဖို့ ပိုက်ဆံမလောက်လို့ ဒီအလုပ် လုပ်တာ အိမ်ကမသိဘူး အမရဲ့ ဆိုတဲ့တယောက် အမျိုးမျိုးတွေပါပဲ။ အများစုကတော့ ပိုက်ဆံစုပြီး ကိုယ့်အိမ်တွေကို ပို့ကြတာကို အံ့သြဖွယ်တွေ့ရတယ်။ သူတို့ ရုပ်ကလဲတော်တော်သန့်တော့ အပြင်မှာသာတွေ့ရင် ထင်ရက်မှာ မဟုတ်ဘူး။ သူတို့က ဒီမှာပဲ အမတို့နဲ့ စကားပြောရတာပါတဲ့။ အပြင်မှာ တွေ့ရင် ကျမတို့ကိုမခေါ်ပါနဲ့ တဲ့ ၊ အမတို့ကို သူများတွေက တမျိုးထင်သွားပါဦးမယ်တဲ့။

ဟုတ်တယ် အပြင်မှာ ကျမပြန်ထွက်လာပြီး နှစ်နှစ်လောက်ကြာတော့ အဲဒီထဲက တယောက်ကို လမ်းပေါ်မှာ ကောင်လေး ၂ယောက်နဲ့ တွဲသွားတာ တွေ့တယ်။ ကျမက မေ့ပြီး ခေါ်မလို့ သူ့ကို ကြည့်လိုက်တော့ သူက ဟိုဘက်လှည့် လမ်းကူးသွားလေတယ်။ အိမ်ကို ငွေပို့လို့ အိမ်တလုံးတောင် ဆောက်ပြီးသွားပြီ ပြောတဲ့ ကောင်မလေးတယောက်ကို ဒီက ထွက်ပြီးတဲ့အခါ ကောင်းရောင်း ကောင်းဝယ်ပဲ လုပ်စားကြပါလို့ ပြောဖူးတယ်။ ပိုက်ဆံရလွယ်တဲ့ ဒီအလုပ်ထဲက ပြန်ထွက်ဖို့ကတော့ မလွယ်ပါဘူး အမရယ်၊ အိမ်ဆောက်ပြီးပေမယ့် အိမ်မှာ ရေစက်တပ်ပေးချင်သေးတယ်လို့ ပြောသွားကြသေးတယ်။

ကျမတို့ အုပ်က သူတို့ကို တရားဟောသလို သူတို့လောကဆီက ကျမတို့ မသိနိုင်တဲ့ အခြေခံ အချက်အလက်တွေ ရိုက်စားခွင်တွေကိုလဲ မေးမြန်းစပ်စုခွင့်ရခဲ့တယ်။

ဒီလိုလူတွေနဲ့တွေ့ရတဲ့အခါမှာ လူတိုင်းမှာ အကောင်းချည်းမရှိနိုင်သလို သိပ်ဆိုးပါတယ်ဆိုတဲ့ လူတွေမှာတောင်ကောင်းတဲ့စိတ်ကလေးတွေ ရှိပါလားဆိုတာ ပိုပြီး ထင်ထင်ရှားရှား မြင်ခဲ့ရတယ်။ အစက ဒီလို မကောင်းတဲ့ ပြည့်တန်ဆာအလုပ်ကို လုပ်တဲ့ မိန်းကလေးတွေကို ကျမသိပ်မုန်းခဲ့တယ်။ ဒါပေမယ့် အဲလို မိန်းကလေး အတန်းအစားမျိုးစုံကို တွေ့မြင်ပြီး သူတို့အကြောင်းတွေကို သေချာသိလိုက်ရတဲ့အခါ သူတို့တာဝန်ယူမှုနဲ့ သူတို့ကောင်းနေတဲ့ အချက်တွေ ရှိနေသေးတယ်ဆိုတာ အသေအချာသိလိုက်ရတယ်။ အဲဒီအခါ စဉ်းစားမိတာက ငါတို့သာ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ရခဲ့ရင် အဲဒီလို လမ်းပျောက်နေတဲ့ မိန်းကလေးတွေအတွက် တကယ့် အလုပ်ခွင်တွေ ရပိုင်ခွင့်တွေကို ဖန်တီးပေးချင်တယ်။ တကယ့်စိတ်ရင်းနဲ့ သူတို့ ဘ၀ကို မြှင့်တင်နိုင်မယ့် အတတ်ပညာ အသိပညာတွေကို ပေးချင်ခဲ့မိတယ်။ တချို့မိန်းကလေးတွေဟာ အဲလို စောင့်ရှောက်မှုတွေ ပြုစုပျိုးထောင်မှုတွေ သာ ရှိခဲ့မယ် ပေးခဲ့နိုင်မယ်ဆို တကယ့်ဘ၀အောင်မြင်မှုတွေ ရနိုင်လောက်တဲ့ လူတွေဖြစ်လာမှာ မလွဲပါဘူး။

ဒါတွေအားလုံးဟာလဲ တိုင်းပြည်ရဲ့ အုပ်ချုပ်သူ လူတန်းစားရဲ့ အမြင်ကျယ်မှု ကိုယ်ချင်းစာမှု တိုင်းသူပြည်သားတွေကို ရင်ဝယ်သားလို စိတ်ထားတတ်မှုတွေပေါ်မှာ မူတည်နေတာ မဟုတ်ပါလား။ စာရေးဆရာ နိုင်ဝင်းဆွေရဲ့ နွေတညအကြောင်း အဲဒီအချိန်က ကျမတို့ ထဲမှာ ခဏခဏပြန်ပြောဖြစ်ကြတယ်။ စနစ်ကြောင့် ပျက်စီးခဲ့ရတဲ့ သမီးပျိုလေးတွေ အများကြီး ပိုပို များလာနေတာအတွက် တာဝန်ရှိနေတာ မြန်မာတနိုင်ငံလုံးက လူတိုင်းကိုယ်စီမှာပဲလို့လဲ ကြီးကြီးကျယ်ကျယ်တွေ ကောက်ချက်ချကြသေးတယ်။

(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

10 comments:

seinn kaung myat zaw said...

I am always come and read to your blog but i could not write my comment because i have no idea. I like very much your posts especially your life diary pls pls go ahead whoever say whatever. Long time i was waiting for your life diary. Last week i could not come because i went to travel.

Nge Naing said...

အစ်မရေ
ဘသဒိုင်ယာယီကို လာဖတ်သွားပါတယ်။ ပိုက်ဆံပေးပြီး ၀ယ်လို့မရနိုင်တဲ့ ဘ၀ပေး အတွေ့အကြုံတွေကို ပြန်လည်မျှဝေတာ ကျေးဇူးပါ။

kiki said...

ဟုတ်တယ်နော် အမရေ .
ထောင်ထဲမှာ ရှိသူတိုင်းဟာ လဲ တကယ့်ဆိုးသွမ်း ရမ်းကားနေသူ တွေ မဟုတ်ကြပါဘူး . . နွမ်းပါးချို့ တဲ့ နေရတော့ လုပ်မိလုပ်ရာ အဆင်ပြေသလို လုပ်ပြီး တဝမ်းတခါး နဲ့  မိသားစု အတွက် ဘဝတခုလုံး ပေးဆပ်လိုက်ကြသူတွေ အများကြီးပါဘဲ ....

ဒီလို ကိုယ်တွေ့ လေးတွေ သိရတာ ၊ ဗဟုသုတ ရပါတယ်။
စောင့်ဖတ်နေပါတယ် ...အဟောင်းလေးတွေ လဲ တဖြေးဖြေးချင်း အချိန်ယူ ဖတ်အုံးမယ် ..

ဆန္ဒတွေ ပြည့်ဝပါစေ ...

မီယာ said...

အမရေ ဘ၀ဒိုင်ယာရီ ဖတ်မိပြီး အမဘလော့ဂ်ကို ရောက်ရတာ... ဆက်ရေးလို့ ကျေးဇူးတင်ပါတယ်။ ဘ၀တသက် မမမေ့နိုင်စရာ အကြောင်းတွေနော်

tg.nwai said...

အမရေ..တကယ့် အထဲက အဖြစ်အပျက်မှန်တွေကို အပြင်က လူတွေ သိဖို့ မလွယ်ပါဘူး..ဝေမျှပေးတာ ကျေးဇူးပါ..

မဆုမွန် said...

အန်တီရေ အထဲမှာနေခဲ့တုန်းက ခင်ညွန့်ပုံ အိမ်ထိပ်မှာ ချိတ်ထားတဲ့ အင်း ကို ၀င်ဖမ်းတဲ့ မိန်းမလေးတွေနဲ့ ရက်ပိုင်း လောက် သီးသန့်မှာ အတူ ထား ခံ ထိ လိုက်တယ်. သူတို့တွေ ဘ၀တွေလဲ တော်တော်လေး သနားပါတယ် ရောက်ခါစ ကတော့ မော်နေတာပဲ နောက် ထောင်မကြီးလည်း ရောက်သွားတော့ တော်တော်လေး သနားဖို့ကောင်းတယ် အိမ်အတွက် လုပ်တာပါဆိုတဲ့ မိန်းကလေးတွေ များတယ်.. ဟုတ်တယ်နော် ...

ခွေးပေါက်စလေးတွေမွေးရင် သဘောကောင်းပါတယ်ဆိုတဲ့ ခွေးသားအုပ်မကြီးတောင် အကြည့်မခံပဲ လိုက်ကိုက်တာပဲနော်..အဟိတ်တရိစ္ဆာန်မှာတောင် သားသမီးစိတ်မွှန်လာရင်..ဒေါသစိတ်ကပ်လာသေးတာပဲ။.... စိတ်မကောင်းဘူး ပို့စ်လေးဖတ်ပြီးတော့..

kay said...

ဟုတ်တယ်နော်..အမ.. လူ့အဆောက်အဦ တခုမှာ..ဘယ်လိုမှ မညီ နိုင်လို့.. မတူတဲ့ အလွှာတွေ ရှိနေကြပေမဲ့..အလွှာတိုင်း အတွက်.. သင့်တော်တဲ့ နေရာ တွေ ရှိသင့်တယ်။

ဥပမာ..ဆိုပါတော့.. ဒီဖက်မှာမြင်ဖူးတာတွေ.. လူစဉ်မမှီ တဲ့ လူတွေ ကိုတောင်..အလုပ်လုပ်နိုင်ရင်.. သင့်တော်ရာ အလုပ် အထူးစီမံပေးနိုင်တာမျိုး။ တကယ့်တကယ်ကျ..ကျမတို့နိုင်ငံလို..ဆင်းရဲ ပြီး.. ချမ်းသာ မူတွေ လည်း မတရား ဖောင်းပွ နေတဲ့.. နေရာမျိုးမှာ.. ညငှက်ပြသာနာ က.. silent killer ပဲ။
( ရှည်သွားမိပီ..လျှာ ) :D

ကိုပေါ said...

အူမတောင့်မှ သီလစောင့်နိုင်ဆိုသလို....

လူတွေရဲ့ အခြေခံစားဝတ်နေရေးအဆင်ပြေအောင် ဖန်တီးပေးနိုင်မယ်ဆိုရင် ရာဇ၀တ်မှု တော်တော်လျော့ကျသွားနိုင်ပါတယ်။

ပိုက်ဆံမရှိတဲ့အခါ တန်ဘိုးမရှိလှတဲ့ ထီး၊ ချိုင့်၊ နေလှန်းထားတဲ့အင်္ကျီကအစ ခိုးချင်ဝှက်ချင်ကြတာပေါ့။

မလေးရှားလောက်၊ ထိုင်းလောက် စီးပွားရေးအဆင့်အတန်းလောက်ရှိမယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှု၊ ဘာသာတရားနဲ့ပါ ထည့်တွက်ရင် ရာဇ၀တ်မှု တော်တော်နည်းပါးသွားနိုင်ပါတယ်။

တန်ခူး said...

မ ရေ… ဒီပို့ စ်ရဲ့အနှစ်က…
“ဒီလိုလူတွေနဲ့တွေ့ရတဲ့အခါမှာ လူတိုင်းမှာ အကောင်းချည်းမရှိနိုင်သလို သိပ်ဆိုးပါတယ်ဆိုတဲ့ လူတွေမှာတောင်ကောင်းတဲ့စိတ်ကလေးတွေ ရှိပါလားဆိုတာ ပိုပြီး ထင်ထင်ရှားရှား မြင်ခဲ့ရတယ်။”
အပေါ်က စာသားလေးပါပဲ… ကျွန်မငယ်ငယ်က ၀တ္ထုဖတ်ဖတ်၊ ရုပ်ရှင်ကြည့်ကြည့် ဗီလိန်ဆို သိပ်မုန်းတာ… နဲနဲကြီးလာတော့ သူတို့ နောက်က သမိုင်းကြောင်း မဟုတ်တာလုပ်ဖြစ်အောင် တွန်းပို့ ပေးတဲ့ အခြေအနေကို ပိုစိတ်ဝင်စားလာတယ်… ဒါလေးဖတ်ပြီး ကျွန်မတွေ့ ခဲ့ဖူးတဲ့ အမျိုးသမီးတယောက် အကြောင်းကို ရေးဖို့ သတိရသွားတယ်… အူမတောင့်ပြီး သီလစောင့်နိုင်တဲ့ အခြေအနေကို မြန်မြန်ရောက်နိုင်ပါစေလို့  ဆုတောင်းမိတယ် မ ရယ်…

Moe Cho Thinn said...

အခုမှ ဒီတပုဒ်ကို ဖတ်မိတယ်။
ဟုတ်တာပေါ့။ စနစ်ဒဏ်ကို ခါးစည်းခံရရှာတဲ့ မိန်းမပျိုလေးတွေလဲ ဒီခေတ်မှာ အများသားပေါ့။
အမအတွေ့အကြုံ ဘ၀ဒိုင်ယာရီကို စာအုပ်လုပ်ပါ အမရေ။