Sunday, October 18, 2009

ဘ၀ဒိုင်ယာရီ အပိုင်း ၂ ၊ အခန်း ၁၂

အခန်း(၁၂)
ထောင်ဆိုတာ နေတတ်ရင် အကျယ်ကြီးပါလို့ ပြောတတ်တဲ့ ထောင်ထဲဝင်လိုက် ထွက်လိုက်သူတွေရဲ့ စကားတွေလိုပါပဲ။ ထောင်ထဲကို သီးသန့် အကျဉ်းသူ ဆိုပြီး နိုင်ငံရေးမှုနဲ့ ၀င်လာတဲ့ အမျိုးသမီးတွေက ၁၉၈၈ နောက်ပိုင်းမှာ ရှိလာသလို ၀င်လာသမျှကလဲ တက္ကသိုလ်ကောလိပ် ကျောင်းသူတွေ များနေတော့ သိပ်ကြမ်းတဲ့ ထောင်ဝါဒါမတွေလဲ နည်းနည်းတော့ ရှိန်ကြတယ်။ သူတို့တွေက အစပိုင်းမှာ သာမန်ရာဇ၀တ်မှုသည်တွေလို ခပ်ကြမ်းကြမ်း ဆက်ဆံခဲ့ပေမယ့် ခြောက်လဲ မကြောက် ၊မြှောက်လဲ မမြောက်တဲ့ သူတွေဆိုတာ သိလာတော့ ပုံမှန်ဆက်ဆံလာကြတယ်။ နောက် အကြံဥာဏ်ကောင်းတွေ သူတို့ မသိတဲ့ အကြောင်းအရာတွေကို ပြောပြနိုင် ပေးနိုင်တယ် ဆိုတာ လက်တွေ့ သိလာတော့ ဆက်ဆံရေးက ထင်သလောက်မဆိုးတော့ဘူး။ နေတတ်ရင် ကျယ်လာတဲ့ သဘောပဲ ထင်ပါရဲ့။

အပြင်မှာ သူတို့ မေးခွင့်မကြုံတဲ့ ၈လေးလုံးတုန်းက ရန်ကုန်က အဖြစ်အပျက်တွေ၊ ဘုန်းမော် သေနတ်ပစ်ခံရတဲ့နေ့ကအခြေအနေတွေ၊ ရေဒီယိုက သတင်းမှာ တလွဲကျေညာတော့ ဒေါသထွက်ကြရတာတွေ စုံနေတာပါပဲ။ ဒါ့အပြင် တက္ကသိုလ်ကောလိပ်တွေက မြို့အလိုက်ဖွဲ့ထားတဲ့ အဖွဲ့တွေရဲ့ အပျော်ခရီးစဉ်တွေကို စီကာပတ်ကုံးနားထောင်ချင်လို့ ခဏခဏ ပြန်ပြောပြကြရတယ်။ အဲဒီပစ်ကနစ်မှာ ကစားတဲ့ နည်းတွေကိုလဲ သင်ပေးရသေးတယ်။ ကျမက ဂိမ်းမာစတာ လုပ်ခဲ့ဖူးတယ်လို့ တယောက်က သွားထောင်လို့ သူတို့ကို ကစားနည်းတွေ ရေးပေးပါ တဲ့ ။ ဟဲ့ နင်တို့ကဘယ်မှာ သွားဆော့မှာတုန်း လို့ ခပ်ရိရိ မေးတော့ တချိန်ချိန်ပေါ့တဲ့ သူတို့ကလဲ အားကျမခံ။

တချို့ ထောင်မှုးအဆင့်တွေက ဒီမိုကရေစီလူထု လှုပ်ရှားမှုကို ထောက်ခံတယ်။ သူတို့ သိချင်တဲ့ အချက်တွေ ကျောင်းသား လှုပ်ရှားမှုတွေကို လာလာမေးပြီး လာနားထောင် တတ်တယ်။ အစက ကိုယ်ကလဲ ပြောရမလား မပြောရဘူးလား ဇဝေဇ၀ါပဲ။ ဒါပေမယ့် ကိုယ်လဲ ထောင်ထဲ ရောက်နေပြီပဲ ။ ရသလောက်ပြောမယ် စည်းရုံးမယ်ဆိုတဲ့ အတွေးတွေနဲ့ပြောပြဖြစ်တော့တယ်။

ထောင်ဝန်ထမ်းတွေထဲမှာ ကောင်းတဲ့လူလဲ ရှိတယ်ဆိုတာ ပိုပြီးသဘောပေါက်လာတယ်။ ဒီလိုပဲ နယ်မြေတိုင်းမှာ လူကောင်းလူဆိုး ရှိနေတာပဲ ဆိုတာမျိုးကို လက်တွေ့ သိလာတယ်လို့ ပြောရမယ်။

ဘာ့ကြောင့်ဆို ကိုယ့်လိုပဲ အကျဉ်းကျနေတဲ့ လူတွေထဲကပဲ ဒီအဖွဲ့ကစည်းလုံးတော့ ဖြိုခွဲချင်စိတ်နဲ့ သွေးခွဲစကားတွေကို ဆိုတာတွေ လဲ ကြုံလာရတယ်။ အသေးအဖွဲလေးတွေကို တနေ့နည်းနည်းလာပြောတာမျိုးပေါ့။ ကျမကိုခဏခဏ လာအပြောဆုံးက ရိက္ခာကိုင်တာကို ကျမတို့အဖွဲ့ထဲမှာ အငယ်ဆုံးကို ပေးထားတယ်။ အဲဒီတယောက်က ၀က်အူချောင်းတွေကို ဘယ်လိုယူစားတယ် ဘယ်မုန့်ကို ဘယ်လို်ခိုးစားတယ် ဘယ်သူက ဘယ်သူနဲ့ဘာတွေ ပြောနေတယ် စသဖြင့်ပေါ့။ ဘာပဲပြောပြော လာပြောတဲ့လူကို ကျမတို့က အကုန်စွန့်နိုင်လို့ နိုင်ငံရေး လုပ်တာလို့ ဒီတော့ အစားတလုပ်အတွက် စကားတခွန်းအတွက် ဘာမှ နောက်ဆံမတင်းဘူးလို့ ကြီးကြီးကျယ်ကျယ် ပြန်ပြောပစ်လိုက်တယ်။

ကျမကို ပြောသလိုပဲ နောက်လူတွေကိုလဲ အဲလိုပြောတာတွေ ရှိတယ်။ ကျမတို့ အချင်းချင်း ပြန်ပြောဖြစ်ကြတယ်။ ထောင်ထဲမှာ နေတဲ့ တလျှောက်လုံး အဲလို အစားအသောက်ကိစ္စတွေနဲ့ စကားများတာ တခါမှမဖြစ်ခဲ့ဖူးဘူး။

နောက်ပြီး ခုချိန်ထိ ပြန်သတိရတဲ့အထဲမှာ ထောင်ထဲက ဖုန်းမော်နေ့လိုမျိုး ။ ၈လေးလုံးနေ့တွေ အာဇာနည်နေ့တွေလိုမျိုး အထိမ်းအမှတ်နေ့တွေမှာ ရှိတဲ့လူလေးနဲ့ မိန်းမထောင်ရဲ့ ထောင့်တခုခုမှာ အားလုံးငြိမ်သက် ၈ စက္ကန့်တို့ ၊ အားလုံးအလေးပြုတို့ ခိုးလုပ်ကြရတာလေးတွေပါပဲ။ အဲဒီလို အခမ်းအနားမျိုးကို လုံးဝ လုပ်ခွင့်မပြုပါဘူး။ ဒါပေမယ့် မရရအောင်ခိုးလုပ်ကြရတယ်။ တခါတလေ မနက်အစောကြီး ထလုပ်ကြတယ်။ တခန်းနဲ့တခန်း အချက်ပြအသံပေးပြီး တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေတာမျိုးကို သေချာ လုပ်ကြတယ်။ မနက်စောစောမလွယ်ရင် နေ့လည်ဘက် ဒါမှမဟုတ် ညနေ တန်းပိတ်ခါနီး အဲလိုပဲ အခြေအနေပေါ် မူတည်ပြီး လုပ်ကြတာပဲ။ နောက် အဲဒီနေ့ နဲ့ ပတ်သက်တဲ့ အမှတ်ရစရာ စကားတွေ ပြောကြတယ်။ အဲဒီကနေ ရှေ့ဆက်ဘာတွေ လုပ်ချင်တယ် စသဖြင့် ဆွေးနွေးကြ ငြင်းခုန်ကြနဲ့ အခမ်းအနားကို အသက်ဝင်အောင် ကြိုးစားကြတာပဲ။

အဲဒီလိုမျိုးတွေ လုပ်လာရတော့ အပြင်မှာ လဲ အဲလိုနေ့တွေမှာ ကိုယ့်အချင်းချင်း တိတ်တဆိတ်ဆက်သွယ် လုပ်တဲ့ အကျင့်ပါလာတယ်။ ဘယ်လို အခြေအနေဖြစ်ဖြစ် အပြင်ရောက်တော့လဲ လူစုံနိုင်သမျှ ဆုံပြီး လဘက်ရည်ဆိုင်လို အအေးဆိုင်လိုမျိုးမှာ ခဏဖြစ်ဖြစ် ထိုင်ပြီး ၈ စက္ကန့် တိတ်ဆိတ်နေတာမျိုးကို လုပ်ခဲ့ကြတယ်။ အပြင်က ကြည့်ရင်တော့ ဘာမှမဟုတ်ဘူးပေါ့။ ဒါပေမယ့် အဲလို သတိတရ လုပ်ဖြစ်တာကိုပဲ စိတ်ထဲမှာ ကျေနပ်နေမိကြတယ်။

ဒီလွတ်မြောက်နယ်မြေမှာ တချို့နေ့တွေကို အလေးအမြတ်ပြုတာ မတွေ့ရတော့ စိတ်ထဲမကောင်းဘူး။ လုံခြုံရေးကြောင့် ငွေရေးကြေးရေးကြောင့် ဆိုတာတွေ သိလာရတော့ ထောင်ထဲမှာနဲ့ ထောင်ပြင်ရောက်တုန်းက လုပ်ခဲ့ရတဲ့ တိတ်ဆိတ်ငြိမ်သက်ကလေးကို သိပ်သတိရတယ်။

ဒီလိုနဲ့ ထောင်သက် ၂ နှစ်ဆိုတာ ဘာမှမကြာလိုက်သလိုပါပဲ။ မေလ ၈ ရက် ၁၉၉၂ မှာ ကျမထောက်ရက်စေ့နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တယ်။ ပြန်လည်လွတ်မြောက် လာခဲ့တယ်လို့ ပြောတဲ့အခါမှာ အဲဒီတုန်းကလဲ အခု လွှတ်သလိုပဲ န၀တက ၄၀၁ နဲ့ ပြန်လွှတ်နေတဲ့အချိန်ပါ။ ဒီတော့ သူများတွေက ၄၀၁ နဲ့ လွတ်လာ သလားမေးရင် ဒေါသထွက်ရတယ် ။ မဟုတ်ဘူး နှစ်စေ့လွတ်တာလို့ ။ အဲဒီအချိန်တုန်းက ထောင်ကျရင် လျှော့ရက်ပေးတယ် တနှစ် ၂ လရတယ်။ ၁၉၉၅ ခုနှစ်က စပြီး မပေးတော့ဘူး။

ထောင်က လွတ်တဲ့နေ့မှာတော့ မိန်းမထောင်လေးတံခါးရောက်ရင် နောက်ပြန်မကြည့်နဲ့နော် ဆိုတဲ့ ကျန်ရစ်တဲ့ သူငယ်ချင်းတွေစကားကို နားမထောင်ဖြစ်ပဲ သူတို့ကို ပြန်ကြည့်ပြီး အပြင်က စောင့်နေမယ် စိတ်ချနော်လို့ ပြန်အော်ပြောခဲ့မိတာလေးကို ခုချိန်ပြန်တွေးမိတိုင်း လွမ်းပါတယ်။ ဘယ်တော့မှ ဒူးမထောက်ဘူး လို့ စိတ်ထဲက အာခံတဲ့ အတွေးကလဲ ထောင်ပိုင်ကြီး ဆုံးမစကားပြောနေချိန်တလျှောက်လုံး တွေးနေတာပါပဲ။ ဒါပေမယ့် ငါတို့ နည်းနာ ပြောင်းရမယ် ဆိုတဲ့ အရင်လွတ်သွားတဲ့ သူငယ်ချင်းတယောက်ရဲ့ စကားကိုလဲ အဲဒီအချိန်မှာ သတိရနေမိသေးတယ်။ ထောင်ထွက်လက်မှတ်ကြီးကို ကိုင်ပြီး ထောင်ဘူးတံခါးက ငုံ့ထွက်လိုက်တဲ့အချိန်မှာ အပြင်လောကကြီးကတော့ ပုံမှန်လှုပ်ရှား သွားလာနေတာပဲ မြင်ရပါတယ်။ ထောင်ထဲမှာ ယုံကြည်ချက်အတွက် အချိန်တွေ ဘ၀တွေကို စတေးနေတဲ့ နိုင်ငံကိုချစ်တဲ့လူတွေ ရှိနေသေးတယ်၊ သူတို့ အချိန်နဲ့အမျှ နှိပ်စက်ညှင်းပန်းခံနေရတယ် ဆိုတာတွေကို အားလုံးကို သိစေချင်နေတယ်။ အဲဒီအချိန်ကလေးမှာ ဒီလိုလူတွေ ရှိနေတာကို အားလုံးသိအောင် လုပ်နိုင်တဲ့ ဘ၀ရောက်ချင်တယ်လို့ တမ်းတမိတာကတော့ ထောင်ကလွတ် လွတ်ချင်း ဖြစ်ပေါ်လာတဲ့ စိတ်ပါပဲ။ ထောင်ကလွတ်တဲ့နေ့က အပျော်ဆုံး ဆိုတာမျိုးကိုတော့ မခံစားရဘူး။

ပုသိမ်ထောင်က မြို့လည်ဈေးနားနီးနီးဆိုတော့ ထောင်ပြင်ကို ရောက်တာနဲ့ ဈေးထဲက ဆိုင်ကိုပဲ တန်းသွားပြီး စားချင်တာ စားဖို့ အားခဲစားပေမယ့်လို့ တကယ်မြိုချလို့ မရဘူး ဖြစ်နေပါတယ်။ ပုသိမ်မြို့လည်က ကျမ သိပ်ကြိုက်တဲ့ ၀က်သားငါးဆုပ်လုံးနဲ့ ခေါက်ဆွဲပြုတ် ဆိုင်က ကျမလဲ ၀င်သွားရော မှာစရာမလိုပဲ ထည့်ပြီးသားလာချပေးတာပါ။ ဘယ်လိုမှ ကုန်အောင်မစားနိုင်လို့ ဘာလဲ အကြိုက်ပြောင်းသွားသလား ၊ ခံတွင်းမတွေ့တာလား လို့တောင် မေးယူရပါတယ်။ အိမ်ရောက်တော့လဲ အိမ်က စားတဲ့ ပေါ်ဆန်းမွှေးထမင်းက ပျော့နေသလိုနဲ့ လည်ချောင်းထဲကနင်နေပါတယ်။ အိပ်တော့လဲ ခြင်ထောင်ထဲမှာ မအိပ်တတ်တော့သလိုလိုနဲ့ အသားမကျတဲ့ ထောင်ထွက်ဘ၀ပါပဲ။ တနေ့လည်လုံး တညနေလုံး စကားပြောလိုက်တာ မရပ်မနားကို ဖြစ်လို့။ အစားမ၀င်တာကတော့ အမှတ်တရပါပဲ။ ထောင်ထမင်းမာမာနဲ့ ဟင်းခြောက်တွေ စားနေရတဲ့ ကျမတို့ရဲ့ လည်ချောင်းတွေက အစာအသစ်ကို လက်ခံဖို့ ငြင်းဆန်ချင်တာလားလို့ စဉ်းစားမိသေးတယ်။

ထောင်က လွတ်လာပြီးမှ ထောင်ဆိုတာ ပန်းပဲဖိုဆိုတဲ့ စာသားကို ပိုသဘောပေါက်လာတယ်။ သံက ပန်းပဲဖိုထဲ ရောက်သွားပြီး မီးနဲ့တွေ့ ထုထောင်းတာခံပြီး သံကောင်းတဲ့ ဓါးတလက်အဖြစ် ထွက်လာသလို သစ်သားဝင်သွားရင်တော့ ပြာဖြစ်ပြီး ထွက်လာမှာပါပဲ။ ထောင်ကျပြီး နိုင်ငံရေးကို လုံးဝ လှည့်မကြည့်နိုင်တော့တဲ့ လူတွေကိုလဲ တွေ့လာရသလို ကျမတို့တွေနဲ့ တွေ့ရင်တော့ နှုတ်မဆက်ပဲ ပြေးတဲ့ လုပ်ဖော်ကိုင်ဘက် ဟောင်းတွေ ၊ ထောင်ကျဖက်တွေလဲ ရှိလာပါတယ်။ သူတို့ တတ်နိုင်သလောက်လုပ်ပြီး သူတို့ ရွေးချယ်နိုင်တဲ့ လမ်းရွေးချယ်သွားကြတယ် ဆိုပေမယ့်လဲ အဲဒီအချိန်က တရားမရှိတဲ့ ကျမအနေနဲ့ တော်တော် စိတ်နာခဲ့ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

(ထောင်အတွေ့အကြုံအချို့ထဲက မှတ်မိသလောက်ပဲ ဖြစ်ပါတယ်။ မေ့ကျန်ကောင်း ကျန်နေနိုင်သေးတာမို့ သတိရတိုင်း ဖြည့်စွက်ရေးသွားပါဦးမယ်။ ထောင်ကလွတ်ပြီးနောက်ပိုင်း အချို့နဲ့အတူ ငြိမ်းချမ်းရေးဒေသမှာ နှစ်နှစ်ခွဲ အတွေ့အကြုံလေးတွေကို အပိုင်း(၃) အဖြစ် ဆက်လက်ရေးသားပါဦးမယ်။အားပေးပါဦးနော်..)

13 comments:

မုန်းစရာ said...

ဦးမညွတ်တဲ့ မပြောင်းလဲတဲ့ စိတ်ဓာတ်ကို လေးစားပါတယ်. ဂုဏ်ယူပါတယ်..

ကိုပေါ said...

မုန်းစရာပြောတဲ့အတိုင်းပါပဲ။ အခက်အခဲကို ကြုံတွေ့ပေမယ့် ယုံကြည်ချက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားတာကို ချီးကျူးပါတယ်။

ထောင်ထဲမှာ အခုထိ ကျန်နေသေးတဲ့သူတွေ၊ အပြင်မှာ ကျန်ရစ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေကို တတ်နိုင်သမျှ ကူညီကြရမှာပါ။

seinn kaung myat zaw said...

အပိုင်း (၂) အခန်း (၁၂) ကိုမျှော်နေတာကြာပေါ့ အမရ ။ အမရဲ့ အတွေ့အကြုံတွေက စာသားတွေ အဖြစ်လည်း စိတ်ဝင်စားစရာဆွဲဆောင်နိုင်လှပါတယ်။
အပိုင်း (၃) ကိုလည်း မျှော်နေမယ်နော် ။

akaykay said...

အပိုင်း (၃) ကို arr pay ohn hmar pot..
ah ma yay....

kiki said...

ဟုတ်ပ နော် .. နေတတ်ရင် ကျယ်တယ် .. နေတတ်ရင် ပျော်မယ် ဆိုတဲ့နေရာလေး မှာ သတ္တိ ရှိရှိ နေလာခဲ့တဲ့ အမ ကို လေးစားပါတယ် ....
အားပေးလျှက်ပါ အမ ရေ ..

kay said...

သစ်သားလို လူနဲ့ သံပြားလို လူ တွေ လို့ ပုံပမာ ဆောင်သွားတာကို.. လေးလေးနက်နက် တွေးမိသွားတယ်..မ

ပန်းခရမ်းပြာ said...
This comment has been removed by the author.
ပန်းခရမ်းပြာ said...

ဆက်ရေးပါဦး။ အစ်မရဲ့ ဘ၀ဒိုင်ယာရီကို အမြဲ စောင့်ဖတ်နေပါတယ်။

တန်ခူး said...

မရေ… အပြင်ရောက်တော့ ဘာမှ စားမ၀င်ဘူးဆိုတာ ဖတ်ရတော့ ရင်ထဲဆို့ နင့်နင့်ကြီး…

tg.nwai said...

အကောင်းအဆိုးက ဘယ်နေရာမဆိုရှိနေနိုင်တာပဲနော် အစ်မ။ ပေါ်ဆန်းမွှေးက ပျော့နေတာ..ခြင်ထောင်နဲ့ မအိပ်တတ်တော့တာကို ဖတ်ရတော့ မင်းလူရေးတဲ့ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ စာအုပ်ကို သွားအမှတ်ရတယ်..အဲဒီတုန်းက စိတ်ထဲမကောင်းခဲ့တာ အခု အစ်မရေးတာဖတ်ရတော့...။ ချီးကျူးပါတယ် အစ်မရယ်.ပစ်တိုင်းထောင်ပြီး ယုံကြည်ချက်မပြောင်းလဲတဲ့ လူမျိုးတွေပဲ။ တချို့ကျတော့လည်း .....။ တတ်နိုင်သလောက် ပေးဆပ်ခဲ့တဲ့ လူတိုင်းကို လေးစားပါတယ် အစ်မရယ်။

Sint Si said...

Thank you for sharing your experiences.

Rita said...

ditto, Sint

မီယာ said...

ဘ၀ဒိုင်ယာရီ ဆက်ရေးပါဦးနော် အမ