ဘလော့ထဲက ချစ်ညီမလေး ၂ယောက်က နှစ်သစ်ကူးလက်ဆောင်လေးတွေ ပေးပို့လာတာကို ၀မ်းမြောက်စွာ လက်ခံရရှိကြောင်း မှတ်တမ်းတင်ထားချင်ပါတယ်။
တယောက်က အော်စီကဖြစ်ပြီး တယောက်က စလုံးက ဖြစ်ပါတယ်။ သူတို့ပေးတဲ့ အလှပြင်ပစ္စည်းလေးတွေက အင်မတန် အသုံးဝင်တာမို့ နှစ်သက်မိသလို ခုလို အလေးထားသတိရတဲ့အတွက်လဲ အရမ်းကို ၀မ်းသာပျော်ရွှင်မိပါတယ်။
ချောကလက် ဗူးသေးလေးကို ရောက်ရောက်ချင်း သားတော်မောင်က ဖွင့်ပြီး မောင်ပိုင်စီးလိုက်ပါတယ်။ ကျမကတော့ မိတ်ကပ်ဗူး၊ နှုတ်ခမ်းနီဗူး၊ လိုးရှင်းဗူးတွေနဲ့ အတူပါလာတဲ့ ပုဝါဖြူဖြူလေးပေါ်က အပြာရောင် ချည်ထိုးပန်းပွင့်လေး ကို တသသ ကိုင်ကြည့်မိသလို ဓါတ်ပုံဘောင်လေး ၂ ခုပါတဲ့ နာရီသေးသေးလေး ကိုလဲ တရရ ပွေ့ထားမိပါသေးတယ်။
လက်ဆောင်ပစ္စည်းဆိုတာထက် သူတို့ ငါ့ကို သတိရနေပါလား ဆိုတဲ့ စိတ်ကလေးကတင် အရမ်းပျော်ဖို့ ကောင်းနေခဲ့တာပါလားး။ သူတို့ ဒါကို ၀ယ်နေတဲ့အခါတုန်းက၊ သူတို့ဒါတွေကို ထုတ်ပိုးတဲ့အခါတုန်းက၊ သူတို့ ဒါတွေကို စာတိုက်ကနေ ထည့်တဲ့အခါ တုန်းက ငါ့ကို သတိတရနဲ့ ပြုလုပ်နေကြပါလာ လို့ တွေးမိနေတိုင်း လောကကြီးမှာ ခင်မင်ကြင်နာခြင်းတွေ၊ ချစ်ခင်အလေးထားခြင်းတွေကို ရရှိပိုင်ဆိုင်ရတဲ့အခါမှာ ဘယ်လိုနှစ်လိုဖွယ်ကောင်းတယ် ဆိုတာ စာဖွဲ့လို့ မမှီနိုင်တော့ဘူး၊ ရင်ဘတ်တူသူတွေ ၊ ရည်ရွယ်ရာ တူသူတွေ၊ မျှော်လင့်ချက်တူသူတွေ ကြားထဲမှာ လူချင်းမတွေ့ခဲ့ကြဘူးပေမယ့် ဒီလိုသံယောဇဉ်လေးတွေ ချည်နှောင်မိခဲ့ကြပါတယ်။ အိပ်မက်မဟုတ်ဘူးနော်။ အတုအယောင် ကမ္ဘာမဟုတ်ဘူး၊ တကယ့်ကို အပြင်ကမ္ဘာလေးထဲမှာ ဆက်နွယ်မိခဲ့ကြပါပြီ။
သတိတရနဲ့ ဘလော့ပေါ်တင်မိပါတယ် ညီမတို့ရေ။ ပစ္စည်းလေးတွေကိုတော့ ဓါတ်ပုံနဲ့ တင်မပေးတော့ပါဘူးကွယ်။ မြင်မိသွားရင်လေ သူများတွေ လိုချင်သွားမှာ စိုးလို့ ပါ ဟားဟား။
(ပြောချင်တာလေး ရေးပြမယ်…နောက်ဆက်တွဲ)
တခါတုန်းကပေါ့…
ဘိုးဘွားရိပ်သာတခုကို သွားလှုဖို့စီစဉ်ရင်းသွားရောက်စုံစမ်းတော့ အသားဟင်းတခွက် အသီးအရွက်ကြော်တပွဲ ၊ ဟင်းချို တပွဲ။ အချိုပွဲ ငှက်ပျောသီး ၊ ကွေကာအုပ် နဲ့ တယောက်ဘယ်လောက် ဘယ်လောက်ဆိုပြီး တွက်ချက်ပြ တော့ သဘောတကျနဲ့ ဘိုးဘွားဘယ်နှစ်ယောက် လာရောက်မယ့် ဧည့်သည် ဘယ်နှစ်ယောက် စသဖြင့်အယောက်ရေအတိုင်း ငွေချေပေးခဲ့လိုက်တယ်။ အလှုနေ့မှာ သွားရောက်တဲ့အခါမှာ ကြက်သားဟင်းက အရိုးတုံး ခပ်သေးသေး နှစ်တုံး အရည် နည်းနည်းနဲ့ ဆွမ်းဟင်းခွက်လောက် ပန်ကန်လေးတွေနဲ့ ထည့်ထားတယ်။ ဟင်းသီး ဟင်းရွက်ကြော်ဖက်ကြည့်တော့ ဖလံတောင်ဝှေးကြော်ကိုလဲ ခုနလိုပဲ ဆွမ်းဟင်းခွက်ဖင်ကပ် လောက်ဆီထည့်ထားတယ် ။ စတီးဇွန်းနဲ့ ခပ်ရင် တဇွန်းလောက်ပဲ ပါမယ် ထင်ရတယ်။ ဟင်းချို ဆိုတာ ကြည့်တော့ ချဉ်ပေါင်ရွက် အရည်ကျဲ။ ကဲ ...အချိုပွဲ့ ငှက်ပျောသီးက ပိန်ရှုံ့ ရှုံ့ ။ ကွေကာအုပ်ဘယ်လို ဖျော်ထားပေးတယ် ဆိုတာတော့မသိ ။ လဘက်ရည်ခွက်ထဲမှာ ခပ်နည်းနည်း … မြင်ရတဲ့ခဏ ရင်ကို ဆို့သွားစေတယ်။ အလှုရှင်ရဲ့ စေတနာဟာ ဝေဒနာတွေဖြစ်သွားတော့တယ်။
ထပ်ပြီး အမြင်ရဆိုးစေတဲ့ မြင်ကွင်းက စတီးချိုင့်အကြီး ငါးဆင့်ချိုင့်ထဲကို ဟင်းထမင်းအပြည့်ထည့်ပြီး ဘိုးဘွားဂေဟာမှုးက ဘယ်ကို သယ်သွားတယ် မသိတာပါပဲ။ အဲဒါ ဘယ်ကို ပို့ဖို့လဲ လို့ သွားမေးတော့လဲ မဖြေဘူး။ တော်တော့ကိုအံ့သြဖို့ ကောင်းတဲ့ အဖြစ်အပျက်ပါ။ ဒါတကယ်ဖြစ်ခဲ့တာပါ။ ဆုတောင်းပေးနေတဲ့ ဘိုးဘွားတွေကို ကြည့်ရင်း ၀မ်းသာရမယ့်အစား ၀မ်းနည်းမိတယ်။ အဲဒီလို အလှုပေးသူတွေကို ဆုတောင်းမပေးစေချင်တော့ဘူး။ ပြီးတော့ ကြိုတင်စာရင်းပေးထားတဲ့ ဧည့်သည်ဦးရေအားလုံး ဘာမှမစားပဲ ပြန်လာခဲ့ကြတော့တယ်။ ကုသိုလ်အစား အကုသိုလ်တွေ အတုံးလိုက်ရစေလိုက်တဲ့ အလှုပေါ့။ ဒါပေမယ့် အဲဒီလို လူတွေကြောင့် ဒီဘိုးဘွားရိပ်သာလေးကို မလှုပဲ ထားခဲ့လို့ ဖြစ်ပါမတဲ့လား။
ကျမတို့ ကြိုးစားခဲ့တယ်။ သိသမျှလူတွေကို ဘိုးဘွားရိပ်သာမှာ လှုမယ်ဆိုရင် ကိုယ်တိုင်ချက်လှုကြဖို့ တိုက်တွန်းခဲ့တယ်။ ကျမတို့ အဖွဲ့တွေထဲကလဲ ကိုယ်တိုင်ချက်ပြီး မကြာခဏ သွားလှုခဲ့တယ်။ ကျမတို့ နိုင်သလောက် လုပ်ပေးခဲ့တယ်။ ဂေဟာမှုး ဆိုတဲ့ မိန်းမဟာ လူမှုရေး လုပ်ငန်းတွေ လုပ်ချင်စိတ်ရှိမှ အနစ်နာခံနိုင်မှ ဒီလို ဂေဟာမျိုးမှာ လုပ်နိုင်မယ်လို့ အသံကောင်းဟစ်ရင်း ဘိုးဘွားတွေရဲ့ ထမင်းလုပ်တွေကို ခိုးယူနေခဲ့တယ်။
ဒီလိုလူတွေကြောင့် ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကို ကျမတို့ ကျောခိုင်းပစ်ခဲ့လို့ ရနိုင်ပါ့မလား… စဉ်းစား … စဉ်းစားစေချင်ပါတယ်။
ဘယ်နယ်ပယ်မှာပဲ ဖြစ်ဖြစ် မကောင်းတဲ့လူတွေကတော့ ရှိမှာပါပဲ ။ ဒါတွေကို ကျော်လွှားနိုင်အောင် ကြိုးစားရမှာက တာဝန်ယူမှု ရှိသူ၊ အသိစိတ်ဓါတ်ရှိသူတွေ ပဲ မဟုတ်လား။ သူတို့ဟာ သူရဲကောင်းလဲ မဟုတ်သေးပါဘူး။ အမှန်ကို မြင်နိုင်သူတွေလောက်ပါပဲ။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
15 comments:
အစ်မရဲ့ နောက်ဆက်တွဲမှာ ဥပမာပေးထားတာက အဓိပ္ပါယ် သိပ်ရှိပါတယ်။ လက်ဆောင်ရလို့ ခံစားရတဲ့ ပီတိကိုလည်း မျှဝေယူသွားပါတယ်။
ဒေါ်ခင်မင်းဇော်
လာဖတ်သွားပါတယ် ကျွန်တော်ဆီလည်းလက်ဆောင်ပို့ ပေးလေ ကျတော်မျော်နေမယ် နော်ဝေရောက်ထည်းက ကျွန်တော့်ဆီ ရောက်မလာ့လို့ စိတ်ဆိုးနေတာနော်
"အရင်ပို့စ်မှာ ဖေ့ဘွတ်မှာလဲ တော်တော်ဆိုးဝါးတဲ့ အရေးအသား အတွေးအခေါ်တွေ တွေ့နေရတယ် "ဆိုလို့ လန့်သွားတာ။
ပေါက်ကရတွေ ရေးနေတဲ့သူမို့ မလုံတာလေ။ အမိုက်အမဲလေးကို
ခွင့်လျွတ်ပါရန်။
လက်ဆောင်ရော ဘိုးဘွားရိပ်သာရောနဲံ ပတ်သတ်ပြီး ရေးထားတာကို သဘောကျလိုက်တာ။ စကားမစပ်.. ကျိုက်ထီးရိုးမှာ တ၀ိုက်မှာရှိတဲ့ စေတီငယ်လေးတွေ ပြင်တဲ့အလှုခံတချို့ဆို..ဘယ်နှစ်နှစ် သွားလှုလှု.. ဒီတိုင်းက ဒီတိုင်းပဲ။
mm
အော် ဒီမိတ်ကပ်တွေကြောင့် အလှကြီး လှနေတာကိုး FB မှာ တွေ့လိုက်တယ် အမ :)
ဟုတ်တယ်နော်။ ကုသိုလ်ဆိုတာလဲ တကယ် ရင်ထဲက ထက်ထက်သန်သန် မှန်မှန်ကန်ကန် လုပ်ပါမှ။ ဘုရားတည်တိုင်းလဲ ကုသိုလ်မရနိုင်တဲ့သူတွေ ကြုံဖူးနေလို့ :)
မကြီးရေ ဖတ်သွားတယ်ဗျာ စဉ်းစားစရာလေးတွေ ရသွားတယ် ကျေးဇူးပါ မိတ်ကပ်ကတော့ မလုတော့ဘူး အဟေးးးး ဘာမှ မဆိုင်လို့ သားသားနားက မုန့်လေးတော့ လုစားမယ်
လေးစားလျက်
တောင်ပေါ်သား
ဟင်... နာမလိုလိုက်တာ အမရယ်...
ညီမ နာမလိုတာက အမ လက်ဆောင်တွေ ရလို့ မဟုတ်ပါဘူး။ အမ ဆီကို နှစ်သစ် လက်ဆောင် အချိန်မီ ပို့မပေးလိုက်ရလို့၊ ပို့ခွင့်ရလိုက်တဲ့သူတွေကို မနာလိုတာပါ...။
မေးလ်ပို့လိုက်မယ် အမ...း))
သြော် အဟွတ်ဟွတ် ... ပစည်းက ရှာရခက်နေသေးလို့ ပါ ...
အစ်မ....
မင်္ဂလာနှစ်သစ်ဖြစ်ပါစေ..
သတိရလို့ ကွန်ပြူတာရှေ့ရောက်တုန်း လာနှုတ်ဆက်ခြင်းပါ။
အစစအရာရာ အဆင်ပြေပါစေ..
အစ်မကိုခင်သော..
မလေး
ရင်ဘတ်တူတဲ့ချစ်မမကြီး ပျော်ရွှင်ချမ်းမြေ့ခြင်းတွေနဲ့  ထုံမွှမ်းနေတဲ့ နှစ်သစ်ဖြစ်ပါစေလို့ …
ဖတ်ရတာကြည်နူးလိုက်တာ မ ရေ…
အမရေ..ပုဝါလေး ကြိုက်တယ်ဆိုလို့..အရမ်းဝမ်းသာတယ်
မင်္ဂလာနှစ်သစ်ဖြစ်ပါစေ...း)
(ဂေဟာမှုး ဆိုတဲ့ မိန်းမဟာ လူမှုရေး လုပ်ငန်းတွေ လုပ်ချင်စိတ်ရှိမှ အနစ်နာခံနိုင်မှ ဒီလို ဂေဟာမျိုးမှာ လုပ်နိုင်မယ်လို့ အသံကောင်းဟစ်ရင်း ဘိုးဘွားတွေရဲ့ ထမင်းလုပ်တွေကို ခိုးယူနေခဲ့တယ်။
ဒီလိုလူတွေကြောင့် ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကို ကျမတို့ ကျောခိုင်းပစ်ခဲ့လို့ ရနိုင်ပါ့မလား)
ဟုတ်တယ် မမ။ ဒီလို ကိစ္စမျိုးအတွက်ဆိုရင် ကျွန်မလဲ နောက်လှည့်လာမှာ မဟုတ်ဘူး။ တတ်နိုင်သမျှ လုပ်နေမှာပဲ။ နောက်ဆုံး ကိုယ်တိုင် မချက်နိုင်တောင်မှ သူများ၊ သူများကို အကူညီ မတောင်းနိုင်ရင်တောင်မှပဲ သက်ကြီးရွယ်အိုတွေ မစားရတာနဲ့စာရင် စားနေရတာလေးက တော်ပါသေးတယ်လို့ စဉ်းစားပြီး ဆက်လှူနေမှာပဲ။
ဂေဟာက ခိုးစားတဲ့ လူတွေကိုတော့ ဥပေက္ခာပြုပြီး ဆက်လှူနေမှာပဲ။
ဘာဖြစ်လို့ဆိုတော့ သူတို့က နိုင်ငံအုပ်ချုပ် မင်းလုပ်မှာ မဟုတ်လို့ပါ။ အဲဒီတော့ သိပ် စိတ်ထဲမရှိဘူးလေ။
ပျော်စရာ ချမ်းမြေ့စရာ နှစ်သစ် ဖြစ်ပါစေ။
ဘိုးဘွားရိပ်သာ အကြောင်းဖတ်ပြီး စိတ်ထဲ တစ်မျိုး ဖြစ်သွားတယ်။ စင်ကာပူက NKF Scandal နဲ့ ဆက်စပ်ပြီး တွေးမိသွားတယ်။
တစ်လက်စတည်းပဲ နှုတ်ဆက်ခဲ့မယ်။ ပျော်စရာ ကောင်းတဲ့ နှစ်သစ် ဖြစ်ပါစေ အမရေ။
အားလုံးပဲ မင်္ဂလာပါ။
၂၀၁၀ကို ပျော်ပျော်ပါးပါး ကြိုဆိုကြရအောင်နော်။
ဇက်တီရဲ့ ဘလော့ကို ဖတ်ဖို့ ဘယ်လိုဒေါင်းလုပ် အင်စတောလုပ်ရမယ်လဲ မသိလို့ မဖတ်ရတာအတော်ကြာပြီ။ အမကလဲ ဒူပါတယ်လေ..
စဉ်းစားစရာပဲ အမရေ
မအယ်တို့တိုင်းပြည်မှာ ကလေးမို့ ကျောင်းသားမို့ အလုပ်သမားမို့ ဘိုးဘွားမို့ ကာကွယ်စောင့်ရှောက်ခံရတယ်လည်း မရှိဘူး။
ဘာအခွင့်အရေးရယ်လည်း ဘယ်သူမှ မရှိကြဘူး။ အချင်းချင်းပဲ တနိုင်တပိုင် ၀ိုင်းပြီး စောင့်ရှောက်ရတဲ့ ကိုယ်ထူကိုယ်ထ လူနေမှု စနစ်ပဲ ရှိတာ။
ဘိုးဘွားတွေ ထမင်းလုပ် လုစားသူတွေ ရှိလို့ မလှူတော့ဘူးဟေ့ ဆိုရင်လည်း ဘိုးဘွားတွေ ဒုက္ခရောက်ပြီ။
လုစားသူတွေ များလာတော့ ထူရင်း လဲတဲ့ ကိုယ်ထူ ကိုယ်လဲ ဖြစ်နေတယ်။
ဟိုလူ လှူလာနိုး ဒီလူ လှူပါအုန်း ဆိုတာထက် လူတိုင်းလူတိုင်း ကိုယ့်ကိုကိုယ် တာဝန်ယူနိုင်တဲ့ လူမှုဘ၀ လုံခြုံတဲ့ လူနေမှု စနစ်သစ် ပြောင်းလဲနိုင်ဖို့က ပိုအရေးကြီးတယ် ထင်တယ်။
အလှူပေးတဲ့သူတွေလည်း ဒီစနစ်ဟောင်းထဲမှာ နေထိုင် လုပ်ကိုင်စားနေရသူတွေဆိုတော့ တကယ်တော့ သူတို့ ဘ၀ကလည်း အာမခံချက် မရှိဘူးလေ။
အရေးပေါ် အခြေအနေမျိုးသာ အလှူအားကိုး နိုင်မယ်။ ရေရှည်မှာတော့ ကိုယ့်အား ကိုယ်ကိုးနိုင်မှ ဖြစ်မယ်။
မအယ်
Post a Comment