Friday, June 6, 2008

ဆန်းစစ်ခြင်း

ဒီနေ့ ပြောခွင့်ရ လူငယ်များရဲ့အမြင်အပေါ် ဆန်းစစ်ခြင်း

ဗုဒ္ဓဟူးနေ့ည ဘီဘီစီမြန်မာပိုင်းက တင်ဆက်သွားတဲ့ လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီအစဉ်မှာ ဂျင်နရေးရှင်း ဝေဖ့် မျိုးဆက်သစ်လူငယ်များအစည်းအရုံးက ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမိုးသွေးနဲ့ ကြာသပတေးနေ့မနက် ဘီဘီစီကပဲ ထုတ်လွှင့်သွားတဲ့ ပြည်တွင်းက သံဃာ ကျောင်းသားတပ်ပေါင်းစုကြေငြာချက်အပေါ်မှာ ဗကသပြောခွင့်ရသူ ကျောင်းသား ကိုလင်းထက်နိုင်တို့ရဲ့ ပြောကြားချက်တွေနဲ့ပါတ်သက်ပြီး ရေးချင်ပြောချင် တင်ပြချင်ပါတယ်။

လက်ရှိမြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့ နအဖကို ဘယ်လိုတိုက်ပွဲနည်းလမ်းမျိုးနဲ့ ရင်ဆိုင်မယ်ဆိုတာကို လူငယ်မျိုးဆက်နှစ်ဦးပြောခဲ့တဲ့ သူတို့ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ သွားနေလုပ်နေတဲ့ လမ်ကြောင်း(နည်းလမ်း)အပေါ်မှာ အများပါဝင် ဆွေးနွေးသင့်တယ်ထင်လို့ တင်ပြလိုက်ပါတယ်။ ကိုယ့်တဦးချင်း အမြင်လေးတွေ ပါဝင်ဆွေးနွေးကြပါဦး။ ဖိတ်ခေါ်ပါတယ်။

တဖက်သတ်ဖွဲ့စည်းပုံ အတည်ပြုခြင်း အပါအ၀င် စစ်အစိုးရ ထင်သလိုလုပ်နေတာကို အများပြည်သူ စိတ်ရှည်သည်းခံကြမှာလား။ ဘယ်အတိုင်းအတာအထိ သည်းခံနိုင်မလဲ ဆိုတာနဲ့ ပါတ်သက်ပြီး ဘီဘီစီကလုပ်တဲ့ ဆွေးနွေးပွဲစကားဝိုင်းမှာ လူအများ ပါဝင် ဆွေးနွေးခဲ့ကြပါတယ် ။ အဲဒီအထဲက ပြည်တွင်းမှာလှုပ်ရှားနေတဲ့ GW အဖွဲ့က ကိုမိုးသွေးအမြင်ကို အရင်တင်ပြပါမယ်။ နအဖကို သူတို့အဖွဲ့ ဆန့်ကျင်မယ့် တိုက်ပွဲနည်းလမ်းကို ဒီလို ပြောသွားခဲ့ပါတယ်။


ကိုမိုးသွေး -- …..အကြမ်းမဖက်တဲ့နည်းလမ်းကို ကျနော်တို့ ယုံကြည်မှုရှိပါတယ်။ အကြမ်းမဖက်တဲ့နည်းလမ်းဆိုတာ ကျနော်တို့လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တာမျိုး မဟုတ်ဘဲနဲ့ အဲ.ကျနော်တို့ မဟတ္တမဂန္ဒီတို့ နောက်ပြီးတော့ ဆာဗီးယားက အော်ပေါ်လှုပ်ရှားမှုတို့ အဲလိုလှုပ်ရှားမှုမျိုးပေါ့နော်။ confrontation ကို ကျနော်တို့ အကြမ်းမဖက်ဘဲနဲ့ ဖေါ်ဆောင်ပြီးတော့မှ တိုက်ပွဲဝင်သွားတာမျိုးကို ဖြစ်နို်င်မယ်လို့ ကျနော်တို့က ယူဆပါတယ်။

…. အကြမ်းမဖက်တဲ့နည်းလမ်းနဲ့လုပ်တာ နှစ်ပေါင်းများစွာကြာပြီလို့ ပြောခဲ့သလိုပဲ အဲ. ကျနော်တို့ဒီ လက်နက်ကိုင်တော်လှန်ရေးနဲ့ တော်လှန်ခဲ့ကြတဲ့ အဲ အရှေ့ကခေါင်းဆောင်များ လည်း ရှိခဲ့ကြတယ်လေ။ အဲဒီတော့ ဒါဟာလည်း တကယ်တမ်းးအလုပ်ဖြစ်လား မဖြစ်လား ဆိုတာက လက်ရှိအချိန်မှာကျနော်တို့ အားလုံးသိနေကြပြီလို့လည်း ထင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအနေနဲ့ .နောက်တခုကလည်း ကမ္ဘာပေါ်မှာ လက်နက်နဲ့ အကြမ်းဖက်တဲ့စံနစ်ကို ဘယ်သူကမှ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ ငြိမ်းချမ်းတဲ့ အဖွဲ့အစည်းတွေ ဘယ်သူကမှ မထောက်ခံတော့ပါဘူး။ ကျနော်တို့က နိုင်ငံတကာရဲ့ အင်အားနဲ့ နောက်ပြည်သူတရပ်လုံးပါနိုင်မယ့်အင်အားကို လိုတဲ့အတွက်ကြောင့်မို့လို့ လက်နက်ကိုင်တော်လှန်ရေးနဲ့ဆိုရင် သွေးထွက်သံယိုဖြစ်မယ့်ကိစ္စတွေ ကျနော်တို့ လုပ်လို့ မရနိုင်ပါဘူးခင်ဗျ။ အကြမ်းမဖက်တဲ့နည်းလမ်းတွေနဲ့ပဲ ရင်ဆိုင်သွားမှ ရမယ်။ အကြမ်းမဖက်တဲ့ နည်းလမ်းဆိုတာ မေတ္တာထိုင်ပို့ရုံနဲ့တော့ မရပါဘူး။ လမ်းပေါ်မှာ တကယ်ထွက်ပြီးတော့မှ သူတို့ရဲ့ အကြမ်းဖက်မှုကို ကိုယ့်ဖက်က အကြမ်းမဖက်ဘဲ တုံ့ပြန်ပြရမယ်. အဲလိုမျိုးတော့ လိုပါတယ်။

------------
တခါ နအဖ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်တဲ့ကြေငြာချက်ထုတ်ထားတဲ့ အပေါ်မှာ ဘီဘီစီက ကိုသင်းမြတ်က ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပြောခွင့်ရသူ ကိုလင်းထက်နိုင်ကို အင်တာဗျူးမေးမြန်းခဲ့ပါတယ်။ အဲဒီမေးမြန်းဖြေကြားချက် တွေထဲက နအဖကို ဆန့်ကျင်မယ့် ဗကသရဲ့တိုက်ပွဲနည်းလမ်းနဲ့ ပါတ်သက်တဲ့ ပြောဆိုချက်တွေကို ထုတ်နှုတ်တင်ပြလိုက်ပါတယ်။

ကိုလင်းထက်နိုင်… နည်းလမ်းတွေ အများကြီးရှိတယ်။ အဓိကဦးတည်ရည်ရွယ်တာက ပြည်သူပါဝင်နိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့ရည်ရွယ်ထားတယ်။ အဲ. ဘာတွေကို အတိအကျလုပ်ဆောင်မယ်ဆိုတာကိုတော့ ကျနော်တို့ ဒီအချိန်မှာ တိတိကျကျ မပြောနိုင်သေးဘူး။ သေချာတာတခုကတော့ ကျနော်တို့ဟာ အကြမ်းမဖက်တဲ့လှုပ်ရှားမှုနဲ့ပဲ လုပ်သွားမှာပေါ့။

… ကျနော်တို့က ဒီအချိန်မှာ နအဖကို အပြုတ်တိုက်တာ အပြုတ်မတိုက်တာထက် ကျနော်တို့လိုချင်တဲ့ ရလာဒ်ကို သွေးထွက်သံယိုမှုမဖြစ်ဘဲ လိုချင်တာပဲ အဓိကကတော့။
အဲဒီအတွက်တွေ့ဆုံဆွေးနွေးရေးကို နအဖကို သွားပါလို့ ကျနော်တို့တိုက်တွန်းတယ်။ ဒါပေမဲ့ နအဖက ခေါင်းမာတယ်။ ငြင်းဆန်တယ်။ အဲဒီတော့ကျနော်တို့ လိုချင်တဲ့ရလာဒ် ရဖို့အတွက် ကတော့ ပြည်သူလူထုအနေနဲ့ ရင်းနှီးပေးဆပ်သင့်တာတွေလည်း ရင်းနှီးမှာပဲ။ ကျနော်တို့လည်း ပြည်သူ့ရှေ့ကနေပြီးတော့ သေရင်သေပစေ ကျနော်တို့တိုက်သင့်ရင် တိုက်ရမှာပဲ။

… နအဖဟာ သူတို့အတွက် အကျပ်အတည်းရောက်လာတဲ့အခါမှာ အသက်ရှူပေါက် ရှာဖို့အတွက် တွေ့ဆုံဆွေးနွေးရေးပဲ ရှိတယ်ဆိုတာ ကောင်းကောင်းသိတယ်။
… အခုချက်ခြင်း ၀ုန်းဒိုင်းကြီး နအဖကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ အခြေအနေနဲ့ အချိန်အခါတိုင်းမှာ လုပ်သင့်လုပ်ထိုက်တာကို ကျနော်တို့လုပ်သွားမယ်လို့ ကြေငြာချက်မှာလည်း ပါပြီးဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ပြည်သူလူထုတရပ်လုံး ၀မ်းနည်းပူဆွေး ဒုက္ခရောက်နေတယ်ဆိုတာကို ကျနော်တို့နားလည် လက်ခံပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုအနေနဲ့ တပူပေါ်နှစ်ပူဆင့်မဖြစ်ရလေအောင် ကျနော်တို့အနေနဲ့ လှုပ်ရှားမှုတွေနဲ့ ပါတ်သက်လာရင် အခြေအနေကို တွက်ချက်ပါသေးတယ်။
----------
ဒါတွေကတော့ ဒီကနေ့အသက်နှစ်ဆယ်ဝန်းကျင်လောက်ပဲ ရှိကြမယ့် ပြည်တွင်းထဲမှာ နေထိုင်ပြီး နအဖကိုဆန့်ကျင်နေတဲ့ မြန်မာလူငယ် မျိုးဆက်သစ်တွေနဲ့ သူတို့ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အမြင်တွေပါ။

သူတို့တွေ ဒီလိုပြောဆိုချိန်ဟာ မြန်မာပြည်မှာ ၂၀၀၇ သံဃာတော်တွေဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးလည်း ဖြစ်ခဲ့ပြီးပါပြီ။ ၂၀၀၈ နာဂစ်မုန်တိုင်းကြီးလည်း တိုက်ခတ်ပြီးခဲ့ပါပြီ။ နအဖက သူတို့ရေးဆွဲခဲ့တဲ့ သူတို့အတွက် အခြေခံဥပဒေဆိုတာကြီးကိုလည်း ၉၂.၄၈ ရာခိုင်နူန်းနဲ့ အတည်ပြုပြီးခဲ့ပါပြီ။

ခေတ်တခု စံနစ်တခုပြောင်းဖို့ဆိုတာ အဲဒီနိုင်ငံက ရင်းနှီးပေးဆပ်ရဲတဲ့ လူငယ်တွေရဲ့အမြင်တွေ အလုပ်တွေက အဓိကကျပါတယ်။ လူငယ်တွေ မလိုက်ပါနိုင်တဲ့ လူငယ်တွေနဲ့ အမြင်မတူညီတဲ့ နည်းလမ်းမျိုးတွေ ကျင့်သုံးမိရင် အောင်ပွဲနဲ့ဝေးကွာတတ်ပြီး လူငယ်တွေနဲ့ အမြင်တူ အလုပ်တူ ထပ်တူကျပြီဆိုရင် အောင်ပွဲဟာ မဝေးတော့ဘူးလို့ ယုံကြည်မိပါတယ်။

ကိုမိုးသွေးတို့ ကိုလင်းထက်နိုင်တို့ဟာ ၂၀၀၇ မြန်မာ့လူငယ်မျိုးဆက်သစ်တွေပါ။ ပြည်တွင်းထဲမှာ ရန်သူ့ဓါးအောက်မှာ နေနေပြီး တော်လှန်နေသူတွေပါ။ သူတို့ပြောခဲ့ကြတဲ့ သူတို့ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ နအဖဆန့်ကျင်ရေး တိုက်ပွဲနည်းလမ်းကျင့်သုံးမှုဟာ မြန်မာပြည် စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး အတွက် အဓိကကျမယ် ထင်ပါသလား။
ကဲ.. စာဖတ်သူတွေအနေနဲ့ ဘယ်လိုထင်မြင်ချက်တွေ ပေးချင်လဲ။ ကွန်မန့်ဝင်ပေးကြပါဦး။

ကျမရဲ့ ယူဆချက် အမြင်ကိုတော့ နောက်ပို့စ်မှာ တင်ပါ့မယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

24 comments:

ကလူသစ် said...

သန်းနဲ့ချီပြီး အငတ်ထားသတ်နေတာတောင် နိုင်ငံတကာက ငုတ်တုတ်မေ့နေတာနော်။ အကြမ်းမဖက်တော့ ကိုယ်ချည်းပဲခံရတော့မှာပေါ့။ လက်နက်ကိုင်တိုက်စရာမလိုပါဘူး။ ရပ်ကွက်ထဲက စွာကျယ်ကောင်တွေကို ပျောက်ကျားနဲ့ နဲနဲနှိပ်ကွပ်ပေးလိုက်ရင် အောက်ခြေယိုင်သွားမှာပေါ့။ အေးလေ သဘောပါပဲ။ ဒါပေမဲ့ သတင်းထဲမှာတော့ အကြမ်းဖက်ပြီးချမယ်လို့မှ ဖွင့်ပြောလို့မရတာ။

Anonymous said...

တကယ်တော့ ဒီ အကြမ်းဖက်တယ် မဖက်တယ် ဆိုတာ အဓိက ပြောနေစရာ မလိုဘူးလို့ ထင်ပါတယ် ။ အဓိကက ဖြစ်ပျက်ခဲ့တဲ့ အခြေအနေ ၊ လက်ရှိဖြစ်နေဆဲ အခြေအနေ ၊ နောင်ဖြစ်လာနိုင်မယ့် အခြေအနေတွေကို သုံးသပ်ပြီး ဘယ်လို နည်းလမ်းနဲ့ ရှေ့ ဆက်တာ အသင့်တော်ဆုံးဖြစ်မလဲဆိုတာ စဉ်းစားဖို့ အဓိကပါ ။ အကြမ်းဖက်မယ် မဖက်မယ် လို့ ပြောလိုက်တည်းက ကျမတို့က ကိုယ်လုပ်မယ့်နည်းလမ်းကို limit လုပ်လိုက်သလို ဖြစ်နေပြီ ။ We should keep an open mind at the beginning and start walking from there.

(၁) ကိုမိုးသွေး နဲ့ ကိုလင်းထက်နိုင်တို့ပြောခဲ့သလို ပြည်သူတွေက ကိုယ့်ဆန္ဓကိုပြတဲ့အခါ အတတ်နိုင်ဆုံး သွေးထွက်သံယိုနောက်ထပ် မဖြစ်တော့တဲ့ နည်းလမ်းတွေ ၊ အကြမ်းဖက်မှုမပါတဲ့ နည်းလမ်းတွေနဲ့ သပိတ်မှောက်နည်းကို ပထမ သေချာ စဉ်းစားသင့်ပါတယ် ။ သေနတ်တွေ ကိုင်ထားတဲ့ လူစိတ်မရှိသူတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး အကြမ်းမဖက်တာမျိုးကတော့ အလကား စတေးတာမျိုးပဲ ဖြစ်မယ်လို့ ထင်ပါတယ် ။ ဒါကြောင့် အဲဒီနည်းလမ်းထက် တခြားနည်းလမ်းကို စဉ်းစားစေချင်ပါတယ် ။

(၂) ပြီးခဲ့တဲ့ ၈၈ အရေးအခင်း ၊ စက်တင်ဘာအရေးအခင်းတွေ စသည်ဖြင့် အဲဒီအချိန်တွေတုန်းက ကိုယ့်ဘက်က ဘယ်တုန်းကမှ အကြမ်းမဖက်ခဲ့ပါဘူး ။ ဒါပေမယ့် စစ်အစိုးရက ပြည်သူတွေအပေါ် ဘယ်လိုတုန့်ပြန်ခဲ့ပါသလဲ ။

လူဆိုတာ ကိုယ့်ကို လာသတ်နေရင် လာရိုက်နှက် ဖမ်းဆီး ညှင်းဆဲနေရင် အကြမ်းမဖက်ဘူးဆိုပြီးတော့ပဲ လုပ်တာခံမယ်ဆို လုံးဝသဘာဝမကျပါဘူး ။ လူဆိုတာ ကိုယ့်ကို လာတိုက်ခိုက်ရင် ခုခံသင့်တယ် ။ ဒါကြောင့် တရားဥပဒေမှာတောင် self-defense ဆိုပြီး လွတ်ငြိမ်းချမ်းသာခွင့် ရှိပါတယ် ။

ဒါကြောင့် အကြမ်းဖက်နည်း မဖက်နည်း ဆိုတာ ၊ စစ်အစိုးရဘက်က ဘယ်လို တုန့်ပြန်မလဲဆိုတာပေါ် အများကြီး မူတည်သင့်ပါတယ် ။

(၃) အပေါ်က ကိုလူသစ်ပြောသွားတာ သဘောကျပါတယ် ။ ကျမရဲ့ နံပတ် (၁) အချက်မှာ ပြောခဲ့သလို ကျမတို့ရဲ့ မူရင်းအခြေခံကတော့ အကြမ်းမဖက်နည်းနဲ့ စတာပါပဲ ။ ဒါပေမယ့် သူတို့ဘက်က အကြမ်းဖက်လာရင် - ဥပမာ ကြံ့ဖွတ်တွေက ပြည်သူကို ကိုယ်ထိလက်ရောက် စော်ကားလာမယ်ဆိုရင် ၊ ပြည်သူတွေက စော်ကားခံရသူရှေ့  စည်း၂လုံး၂ ၀ိုင်းဝန်းပြီး ပြောက်ကျားစနစ် နဲ့ သူတို့ကို ဖြိုသင့်ပါတယ် ။ ဒါဟာ အကြမ်းဖက်တာမဟုတ်ဘူး ။ self-defense ဆိုတာကိုလည်း ပြည်သူတို့ လက်ခံနားလည်ဖို့ လိုအပ်ပါတယ် ။

(၄) နောက်တချက်က ကိုလင်းထက်နိုင်က မုန်တိုင်းဖြစ်ထားတဲ့ မြန်မာနိုင်ငံမှာ သင့်တော်တဲ့ အချိန်အခါကို စောင့်နေရတယ်လို့ ဆိုပါတယ် ။ နာဂစ်ဖြစ်လို့ နိုင်ငံရေးအကြောင်း မစဉ်းစားနိုင်သေးဖူးလို့ လူတော်၂များ၂ ပြောကြတာလည်း ရှိပါတယ် ။

ဒါပေမယ့် ကျမတို့ ပြည်သူတွေ အစာရေစာ ငတ်ပြတ်လို့ သေနေရပြီလို့ သတင်းတွေ ထွက်နေတာ .. နောက်ထပ်လည်း သေရမယ့်ကိန်းရှိနေတာ အဲလိုဖြစ်အောင် တွန်းပို့နေတဲ့ တရားခံက ဘယ်သူပါလဲ ။ နာဂစ်လို natural disaster ကိုတော့ ကျမ တို့ မတားဆီးနိုင်ခဲ့ဖူး ။ နောက်ထပ် than-shwe-made-disaster တခုကိုတော့ ကျမတို့ အမြန် တားဆီးသင့်ပါပြီ ။ If now is not the right time, when will it be?
.............................................
နောက်ဆုံးပြောချင်တာကတော့ ကိုမိုးသွေး နဲ့ ကိုလင်းထက်နိုင်တို့လို မြန်မာပြည်တွင်းနေပြီး တိုင်းပြည်တွက် ကိုယ်ကျိုးစွန့်လုပ်နေသူတွေကို လေးစားပါတယ် ။ နအဖလို လူစိတ်မရှိသူတွေရဲ့ အနီးဆုံးဓားကို ရင်ဆိုင်ရဲ့တဲ့ သတ္တိမျိုးရှိဖို့ဆိုတာ တော်၂ မလွယ်လှပါဖူး ။

ကျမက ပြည်ပမှာနေပြီး လုံခြုံတဲ့ ကျမအခန်းလေးထဲက ကွန်ပြူတာရှေ့ မှာမို့ ခုလိုတွေ ပြောရဲတယ်လို့ မြင်ချင်မြင်ကြမယ် ။ အဲလိုမြင်မယ်ဆိုလည်း ကျမတကယ်ပဲ ငြင်းစရာမရှိပါဖူး ။ ကျမက ကိုလင်းထက်နိုင် တို့ ကိုမိုးသွေးတို့လို ရှေ့ ကနေ ရဲရဲတောက် မလုပ်နိုင်သေးတာတော့ အမှန်ပဲ ။ ဒါပေမယ့် ကျမ တတ်နိုင်သမျှ နဲ့ တခြားတဘက်ကနေ ပံ့ပိုးပေးဖို့ ၊ သူတို့နဲ့ အတူ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တိုက်ပွဲဝင်ဖို့ ကျမ ကတိပေးလိုက်ပါတယ် ။

တကယ်တော့ ကျမတို့ဟာ ပြည်တွင်းမှာရှိမှ မဟုတ်ပါဘူး ၊ ကျရာနေရာကနေ နအဖကို စည်းလုံးစွာ တော်လှန်နိုင်မယ်လို့ အမြဲမျှော်လင့်နေပါတယ် ။

ဆုံဆည်းရာ said...

မြန်မာပြည်သူတွေရဲ့ ရင်ခုန်သံအစ်စ်အမှန်နြ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေအားလုံးကို ကိုမိုးသွေးရော ကိုလင်းထက်နိုင်ရော သြီ့းဖြစ်မှာပါ။ မြန်မာပြည်ရဲ့ ပြဌါန်းမှုအရ ဘယ်အရာကအလိုအပ်ဆုံးဆိုတာလည်း ပြည်တွင်းမှာနေတဲ့ ရဲဘော်တို့က ပိုသိမှာပါ။ ကျနော်ထင်ပါတယ်။ ဘယ်လိုအခြေအပနေမျိုးမှာပဲဖြစ်ဖြစ် ကျနော်တို့မြန်မာပြည်လူထုရဲ့ အနာဂါတ်ဟာ စစ်အုပ်စု ပျက်သုဉ်းရေး နောက်မှာ သူတို့ရဲ့ ဘ၀တစုံလုံးကို အပ်ထားနေရပါပြီ။ အဲဒီအတွက် စစ်အုပ်စုရဲ့ သမိုင်းလုပ်ရပ်တွေကို အသေအချာပြန်ကြည့်ပြီးတော့ ကျနော်တို့ တိုင်းပြည်အတွက် ဘယ်အရာဟာ အဓိကတိုက်ပွဲသဏ္ဍန် အစစ်အမှန်ဆိုတာကို ရွေးချယ်ပြီး စမ်းစစ်စေချင်ပါတယ်။ နာနေတဲ့ပြည်သူတွေကို ဆက်မနာစေချင်တော့ဘူးဆိုတာ လက်ခံပေမယ့် ကျန်ာတို့လူထုအတွက် နောင်နှစ်ပေါင်း ဘယ်လောက်လို့တောင်ခန့် မှန်းလို့မရမယ့် စစ်အုပ်စုရဲ့ ကိစ္စကိုတော့ သေသေချာချာ စဉ်းစားဖို့လိုပါလိမ့်မယ်။ အ္စာာရှင်ဆိုတာကို ကျနော်တို့အားလုံး ကိုယ်ရှိတဲ့နေရာကနေ အကောင်းဆုံးတိုက်သွားကြဖို့နဲ့ လက်နက်ကိုင်တော်လှန်ရေးဆိုတာဟာလည်း အကြမ်းဖက်လုပ်ရပ်တခုမဟုတ်ဘူးဆိုတာနဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်တခုဖြစ်လာရင် လုပ်ရမှာပဲဆိုတာကိုတော့ ကျနော်တို့အားလုံးရဲ့ ရင်ထဲမှာ ရှိဖို့လိုအပ်ပါတယ်။

zeRoTraSh said...

လူငယ်ဆိုတာ ဘယ်အရွယ်ကနေစပြောတာလဲဟင် ၈၈ နောက်ပိုင်း မျိုးဆက်ပြတ်သွားတာ ဒီနေ့အထိပါပဲ။ တော်တော်များများက နိုင်ငံရေးဆိုတာ ဂျိုနဲ့လားကွယ် ဖြစ်နေတာကြာပေါ့။ စက်တင်ဘာတုန်းက ရွှေဝါရောင်တော်လှန်ရေးကြောင့်သာ ပြန်ပြီးအသက်ဝင်လာတာလို့ ထင်တာပဲ။ ထင်တာနော် ဟုတ်ချင်မှဟုတ်မယ်။ မပြောတတ်ဘူး။ သူတို့ပြောသွားတာ သူတို့ထောင့်နဲ့သူတို့ မှန်ပါတယ်။ ကျွန်တော်အမြင်အရကတော့ မှန်ချင်မှမှန်မယ် လူဆိုတာ မတူဘူးလေ။ အကြမ်းမဖက်တာ ကောင်းပါတယ် ဒါပေမယ့် သက်သက်မဲ့ အသက်သေရတာတော့ မတန်ဘူး။ သူဆော်ကိုယ်ဆော်ဆိုတာ သဘာဝတော့ကျပါတယ်။ ကျွဲပါးစောင်းတီးနေရင် တခါတခါ ပင်ပန်းတာပဲ အဖတ်တင်တယ်လေ။ တစ်ခုတော့ ပြောချင်တယ် ဒီမှာလုပ်ရတာ လွယ်လှတာမဟုတ်ဘူး အထက်ကြောက်ရ အောက်ကြောက်ရ ဘဝတွေက နင်းပြားတွေချည်းပဲ။ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း စာရွက်နဲ့ ပါးစပ်ပဲ လှုပ်နေတယ် ခုထိ ထိရောက်တာ မတွေ့ရသေးဘူး။ ခက်တယ် သိပ်ခက်တယ်။ စက်တင်ဘာတုန်းကထက် ပိုပြီး ထွက်ပြစရာ အကြောင်းလဲ မရှိတော့ဘူး ဘုန်းကြီးဦးဆောင်တာတောင် ဟိုဘက်က အကူအညီ ဘာမှ မရသေးတော့ အားတော့ငယ်တာ အမှန်ပဲ။ ဘယ်လိုပြောရမလဲ ခင်ဗျားတို့လုပ်ပါ နောက်မှာ ကျုပ်တို့ရှိတယ်ဆိုတာတော့ မဟုတ်ရင် မပြောစေချင်တော့ဘူး လူ့အသက်က တန်ဖိုးကြီးတယ်။ သေသွားတဲ့လူကို အာဇာနည်ကွလို့ ပြောပေးတာမလိုချင်ဘူး မသေသေးခင်မှာ ထောက်ပံ့ပေးတာလိုချင်တယ်။ လုပ်မယ်ဆို အပြတ်လုပ်ချင်ပြီ ဟိုမရောက်ဒီမရောက် ဖြစ်နေရတာ ကြာတော့ ငြီးငွေ့တယ်။ နောက်မှ ထပ်ရေးမယ်။

Unknown said...

ဦးညွန့်လှ(ကနေဒါ) .. အကြမ်းဖက်တာ အကြမ်းမဖက်တာတို့ non-cooperation လုပ်တာတို့ confrontation တို့ ဆိုတာတွေက တကယ်တန်းကျတော့ နအဖစစ်အစိုးရကို အကြမ်းဖက်ခြင်း မဖက်ခြင်းဆိုတဲ့အပေါ်မှာ အခြေအနေတရပ်အပေါ်မှာ ဆုံးဖြတ်ရပါလိမ့်မယ်။ ဘယ်လိုမှ ဟုတ်လား. ဘာသာတရားမရှိ လူ့အသိစိတ်ဓါတ်မရှိ မတရားမှု မမှန်ကန်မှုတွေနဲ့နော် တိုင်းပြည်နဲ့ ပြည်သူလူထုဒုက္ခရောက်နေတဲ့အချိန်မှာတောင်မှ ဒီအသုဘအိမ်ကနေ အလှူခံရတဲ့ပစ္စည်းတောင် ခိုးစားတဲ့ဒီလို အစိုးရမျိုးကို ပြည်သူက ဘာလုပ်ရမလဲဆိုတာ သိနေပါတယ်။

BBC မှာ GWက ကိုမိုးသွေးတို့ပါတဲ့အင်တာဗျူး နောက်ဆုံးမှာကနေဒါက ဦးညွန့်လှ ပြောသွားတာလေးကို နားထောင်လိုက်ရတယ်။

တခါ အခုနောက်ဆုံး နအဖက ထပ်ဖမ်းတာ ခံလိုက်ရတဲ့ နာဂစ်ကယ်ဆယ်ရေးကိုယ်ဖိရင်ဖိလုပ်နေတဲ့ ကိုဇာဂနာရဲ့ အဖမ်းမခံရခင် နိုင်ငံခြားရုပ်သံတခုနဲ့ တွေ့တဲ့ နောက်ဆုံးအင်တာဗျူးမှာ- They are very angry to the military junta... Some kind of revenge they want to make. ပါတဲ့ဗျာ။ နာဂစ်ဒုက္ခသည် ပြည်သူတွေရဲ့ ခံစားချက်ကို ပြောပြသွားခဲ့တာပါ။

ပြည်သူကြားထဲမှာ နေတဲ့ ကိုမိုးသွေးတို့ ကိုလင်းထက်နိုင်တို့ လူငယ်မျိုးဆက်သစ်ခေါင်းဆောင် ပီသစွာနဲ့ ဗမာပြည်သူတွေရဲ့ လိုလားတောင့်တချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့သူတွေ ဖြစ်ကြပါစေဗျာ။ ကိုယ်ယုံကြည်တဲ့ တိုက်ပွဲလမ်းကြောင်းအတိုင်း မဆုတ်မနစ် ရဲရင့်ပြတ်သွားစွာ လျှောက်လှမ်းနိုင်ပါစေဗျာ။

မောင်ပေစိ ( pea ce)

ခင်မင်းဇော် said...

6 Jun 08, 22:36
ရန်နိုင်: ဒီနေ့ လူငယ်များအပေါ် စမ်းစစ်ချက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘီဘီစီက အင်တာဗျူးခဲ့တဲ့ ကိုမိုးသွေးရဲ့ အမြင်၇ယ် ကိုလင်းထက်နိုင်၇ဲ့ အမြင်ရယ်ကို ထိတွေ့ ခံစားမိပါတယ်။ ကျနော်ထင်ပါတယ်။ ရဲဘော်တို့ နှစ်ဦးလုံးဟာ မြန်မာပြည်ရဲ့ လူငယ်ထုကြားထဲက တစုံတရာ အခြေအနေတခုအထိ မြန်မာပြည်လူငယ်ထုရဲ့ ကိုယ်စားပြောဆိုခွင့်ရသူတွေပါ။ အဲဒီအပေါ်မှာတော့ စစ်အုပ်စုပြုတ်ကျနိုင်ရေးအတွက် တဦးချင်းစီရဲ့ စဉ်းစားချက်တွေနဲ့  လက်နက်ကိုင်တော်လှန်ရေးဟာ အကြမ်းဖက်ခြင်းတခုလား။ ရက်စက်ယုတ်မာလွန်းတဲ့ စစ်အုပ်စုအတွက် နူးညံ့ငြိမ်သက်စွာနဲ့  လူထုဆန္ဒကို တောင်းဆိုယုံနဲ့ တကယ်ရနိုင်ပါ့မလားဆိုတာ တကယ်အကြပ်အတည်းထဲက လူထုကြီးရဲ့ ရင်ခုန်သံနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ်သုံးသပ်စေချင်ပါတယ်။

ခင်မင်းဇော် said...

ရဲဘော်ကျောင်း: သေနင်္ဂဗျူဟာက စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းရေးပါ။ နည်းပရိယာယ်ကတော့ ဘက်ပေါင်းစုံရပါလိမ့်မယ်။ အခြေခံ တော်လှန်ရေး အင်အားစုက ပြည်သူလူထုပဲဖြစ်ပါတယ်။ တိုက်ပွဲနည်း ပရိယာယ်တွေကို (ပြည်တွင်း) အသေးစိတ်မေးနေတာ အကျိုးထက် အဆိုးကပိုများလိမ့်မယ်ထင်ပါတယ်။ ဖွသလိုလည်းဖြစ် ၊ အချွန်နဲ့ မနေတဲ့ မေးခွန်းတွေဖြစ်နေလို့ပါ။ မီဒီယာ ကျင့်ဝတ်ဆိုတာကလည်း ခက်သားလား ။ အတွင်းမှာ တကယ်လုပ်နေတဲ့သူတွေ အနေနဲ့ တွေ့ဆုံမေးမြန်းခန်းဆိုတဲ့ သတ်ကွင်းထဲ ယောင်တိယောင်န ၀င်မသွားဖို့လိုပါတယ်။ ခုဖြစ်နေတာက ညောင်သီးက နည်းနည်း ၊ လေးညို့တွေသာ ကျနော်တို့ ၀န်းကျင်မှာ တခွင်တပြင်လုံးပြည့်လို့။ လူထုထဲကိုသာ ရောက်အောင်သွားဖို့ အဓိကပါ။

a said...

နိုင်အောင် တို့  ညီညီအောင်တို့ နောက်မှာ တပည့်ခံရင်း အကြမ်းမဖက်တဲ့လမ်းစဉ်ကို စွတ်ယုံသွားရပြန်တာလား ငါ့ညီ....။
ဂန္ဓီ တို့  ရင်ဆိုင်ခဲ့ရတဲ့ အင်္ဂလိပ်အစိုးရဆိုတာ နယ်ချဲ့ဖြစ်တယ်။ တဖက်ကလဲ လူ့ ယဉ်ကျေးမှုကို နားလည်တဲ့ Government တစ်ခုဖြစ်တယ်။
အဲဒီလို ကောင်မျိုးတွေကို ပြန်ပြီး တိုက်ခိုက်ရရင်တော့ အကြမ်းမဖက်ဆိုတာဖြစ်နိုင်မယ်။ နအဖနဲ့အကြမ်းမဖက်ဆိုရင်တော့ ကိုရင်တို့ တဖွဲ့လုံး ဆီသာစွတ်ပြီး လေးဖက် ထောက်တောင်းဆိုပေတော့..။
ဒီမိုကရေစီအတွက်တော့ မဟုတ်ဘူး ဖင်ချခံဖို့ ..။

ခွန်မြလှိုင် said...

ဒါအပြင် လူတစ်ဦး တစ်ယောက် အပေါ်မှာ သစ္စာ ရှိမှု နဲ့ တိုင်းပြည်နဲ့ လူမျိုး၊ အမျိုး၊ ဘာသာ၊ သာသနာ အပေါ် သစ္စာ ရှိမှုတို့ အရည်အသွေးချင်း အနှစ်သာရချင်း အဆမတန် နှိုင်းယှဉ် မရအောင် ကွာခြား ပါတယ်။ အမေရိကန် နိုင်ငံရဲ့ လွတ်လပ်ရေးဟာ တကယ်တော့ လူမျိုးတူချင်းရဲ့ ဗိုလ်ကျ ဖိနှိပ် ခိုင်းစေမှု မှ လွတ်လပ်ချင်တဲ့ စိတ်ကို သစ္စာ ဆိုတဲ့ နှောင်ကြိုးနဲ့ ဖွဲ့နှောင်ခံ ထားရတဲ့ စိတ်ဓာတ်ချင်း တိုက်တဲ့ စစ်ပွဲမှာ လွတ်လပ်ရေးကို မြတ်နိုးစိတ်က အနိုင်ရလို့ အမေရိကန်ဟာ ဒီနေ့ လွတ်လပ်တဲ့ အင်အားကြီး နိုင်ငံ တစ်ရပ် ဖြစ်လာ တာပါ။ ဒီတော့ အပေါ်ယံ အချိုသတ် အာရုံလွှဲ ဖြားယောင်းမှု တွေကို ရှောင်နိုင်ပြီး အမှန်တရားကို မြင်မှုနဲ့ အမှား အမှန်ကို ဝေဖန် ပိုင်းခြား တတ်မှု ဆိုတဲ့ စိတ်ဓာတ်၊ အသိနဲ့ ပညာ တွေကို အမေရိကန် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းက သူ့လူမျိုးတွေ အတွက် မွေးထုတ် ပေးလိုက် ပါတယ်။ ဒီစိတ်ဓာတ်၊ အသိနဲ့ ပညာတွေကို အမေရိကန်တွေက နောက်မျိုးဆက်သစ် တွေကို လက်ဆင့် ကမ်းပေး ခဲ့ရာ ကနေ အမေရိကန် နိုင်ငံဟာ ကမ္ဘာ့ အင်အားကြီး နိုင်ငံ ဖြစ်လာ ခဲ့ပါတယ်။

အခုလို ရေးတဲ့ အတွက် အနောက်ဥရောပက စံတွေ၊ အတွေးတွေကို အရှေ့ကို သယ်လာ တယ်လို့ ပြော လို့ မရနိုင်တဲ့ အကြောင်း သက်သေ ပြချင်ပါတယ်။ အမေရိကန် တော်လှန်ရေး ထက် အဆပေါင်း များ စွာ စောခဲ့တဲ့ ခေတ်ဦး ကတည်းက အရှေ့တိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုး တူချင်း တော်လှန် တိုက်ခိုက်ရင်း နိုင်ငံတစ်ခု ပေါ်ထွက်လာတဲ့ သမိုင်းကြောင်း လေးပါ။ ဒါကတော့ မြန်မာလူမျိုးရဲ့ အစပါပဲ။ မြန်မာ့ သမိုင်း ပါပဲ။ စာကိုး အနေနဲ့ အသစ်မြင် မြန်မာ့သမိုင်း - ဒေါက်တာသန်းထွန်း စာအုပ်နဲ့ မြန်မာ နိုင်ငံတော် သမိုင်း - ဗိုလ်ဘရှင် စာအုပ်မှာ အတိအကျ လေ့လာနိုင်ပါတယ်။ တိဗက်၊ နန်ကျောက်နဲ့ တရုတ်တို့ စစ်မျက်နှာ ၃ဘက် ညှပ်တာ မခံချင်တဲ့ တရုတ်ပြည် အနောက် မြောက်ပိုင်း ကန်စုနယ်က ကနဦး မြန်မာ လူမျိုး တွေ ဗျူဟာ အရ အေဒီ ၂ရာစု တည်းက ရှောင်ထွက် လာရင်း အေဒီ ၇ ရာစု အရောက်မှာ မြန်မာနိုင်ငံ တည် နေရာကို ရောက်လာ တယ်လို့ သမိုင်းက အထောက် အထား ပြပါတယ်။ အေဒီ ၁၁ ရာစု အရောက်မှာ ပုဂံခေတ် ထူထောင် ကျယ်ပြန့် လာတယ်လို့ ဆိုပါတယ်။ လက်တွေ့မှာလဲ အခု လက်ရှိ အချိန်ထိ ဘူတန် နိုင်ငံက သင်ပုန်း ကြီး အသံထွက်ဟာ မြန်မာ သင်ပုန်းကြီး အသံထွက်နဲ့ လုံး ၀ နီးပါး တူညီ နေတာ သက်သေပါ။ ဒီ ကျမ်းကိုးတွေ အရ ကနဦး မြန်မာတွေဟာ စစ်တိုက် တော်ပေ မယ့် ဗိုလ်ကျ အာဏာ လုပြီး ကိုယ့်လူမျိုးကို လာရောက် အသုံးချ တာ မျိုးကို လူမျိုးတူ ချင်းတောင် ငုံ့မခံဘဲ အင်အား ချင်း မနိုင်ရင် ရှောင်ထွက်ပြီး အင်အားချင်း ညီလောက် ရင် ပြန် တော်လှန် တတ်တာ သမိုင်းဦး ကတည်း က ဆိုတာကို လက်တွေ့ သိနိုင်ပါတယ်။ အဓိက ပြောချင်တာက မြန်မာလူမျိုး တို့ရဲ့ လွတ်လပ်ရေးကို မြတ်နိုးတဲ့ စိတ်ဓာတ်ဟာ ဟိုးးး သမိုင်းဦး အစ တည်းက ဆိုတာကို သက်သေ ပြချင် တာပါ။

http://khunmyahlaing.blogspot.com/2008/04/blog-post_4710.html

ခင်မင်းဇော် said...

ဟုတ်လို့လား: လက်နှက်ကိုင်တော်လှန်ရေးနဲ့ဆိုရင် သွေးထွက်သံယိုဖြစ်မယ့်ကိစ္စတွေ ကျနော်တို့လုပ်လို့ မရနိုင်ပါဘူး ခင်ဗျ ဆိုတော့ စက်တင်ဘာတုန်းက တို့ဘုန်းဘုန်းတွေ လက်နှက်ကိုင်တော်လှန်ရေးလုပ်လို့ သွေးထွက်သံယို ဖြစ်ခဲ့တာလား။ သွေးထွက်သံယိုဖြစ်တာကတော့ လက်နှက်ကိုင်လုပ်လည်း ဖြစ်တာပဲ။ လမ်းပေါ်ထွက်ဆန္ဒပြလည်း ဖြစ်တာပဲလေ။ နအဖက ကိုယ်ဘယ်နည်းသုံးသုံး သွေးထွက်သံယိုဖြစ်အောင် လုပ်တာပဲ မဟုတ်လား။ သွေးထွက်သံယိုမဖြစ်ဘဲ လိုချင်တာကတော့ ဆန္ဒသက်သက်ပဲ။ စစ်အာဏာရူးတွေဆီက ပြည်သူတွေသွေးထွက်သံယိုမရင်းနှီးပဲနဲ့ ရခဲ့တာရှိရင် ပြောပြပါ။ ၈၈တုန်းက သွေးထွက်သံယိုပေးဆပ်ခဲ့လို့ မဆလမြောင်းထဲရောက်သွားတာ မမေ့နဲ့။ ဗကသက လင်းထက်နိုင်နဲ့ GWမျိုးဆက်သစ်လူငယ်များ အစည်းအရုံးက မိုးသွေးတို့နှစ်ယောက် သွေးထွက်သံယို မဖြစ်စေချင်တာမှာ အမြင်တူနေကြတယ်။ စက်တင်ဘာတော်လှန်ရေးတုန်းက ခင်ဗျားတို့ ပါခဲ့ကြရဲ့လား။ ဘုန်းကြီးတွေ ကျောင်းသားတွေ ပြည်သူတွေ ပစ်သတ် ရိုက်သတ်ခံနေရတုန်းက ဘယ်ရောက်နေကြလဲ။ ခင်ဗျားတို့အဖွဲ့မှာ ခင်ဗျားတို့က ခေါင်းဆောင်တွေ ဟုတ်လား။ ပြည်သူရှေ့ကနေပြီးတော့ သေရင်သေပစေ ကျနော်တို့ တိုက်သင့်ရင်တိုက်ရမှာပဲ ဆိုတော့ သွေးထွက်သံယိုမဖြစ်အောင် ဘယ်လိုတိုက်မလဲ နည်းလမ်းလေးရှိရင် ပေးပါအုံး။

တင်မောင်: တော်လှန်ရေးအတွက် တော်လှန်တဲ့အတွေးအခေါ်လိုပါတယ်။ ကိုယ်လူထုကို လုံးဝယုံကြည်နေရမယ်။ မဖြစ်နိုင်ဘူးဆိုတာတွေကို ဖြစ်အောင်လုပ်တာ တော်လှန်ရေးပါ။

မျိုးချစ်မြန်မာ said...

မမရေ

သား လာရေးဆိုလို့သာ လာရေးရတယ် ခတ်ကြောက်ကြောက်ပဲ အဆဲခံရမှာစိုးလို့ပါ ဟီး

အင်းပေါ့လေ ကိုယ်ကဘာကောင်မှမဟုတ်တော့ ဒါမျိုးကြီးကြီးတွေမပြောတတ်ဘူး ဒါပေမယ့် တခုတော့သိထားပါတယ်
ငြိမ်းချမ်းစွာပြခဲ့တဲ့ ပြည်သူ့သဘောထားကို အချိုးနှိမ်ခံ ရိုက်ဖျက်စီးခံခဲ့ရတာ ၃ ခါရှိပြီ
လက်နက်ကိုင်ပြီး စစ်ရေးနဲ့ ရင်ဘောင်တန်း တိုက်မယ်လို့ ကြိုးစားနေခဲ့ကြသူတွေလဲ နှစ် ၆၀ လောက်ရှိပြီ
တစ်ခုမှ မအောင်မြင်ခဲ့ဘူး ဒီတော့ ကျွန်တော်တို့ ပါးနပ်ရတော့မယ် အဲဒါကတော့ ငြိမ်းချမ်းစွာ ပုန်ကန် အာဏာသိမ်း တဲ့နည်းဘဲ
ဒါ သမိုင်းမှာလဲ ခေတ်အဆက်ဆက်က အောင်မြင်ခဲ့တဲ့နည်းပါ ဒီနည်းနဲ့ဘဲ နေဝင်း က အဖ ဗိုလ်ချုပ် နေရာကို နှစ် ၄၀ လုခဲ့တာဘဲလေ

အဲဒါကို English ဘာသာနဲ့ခေါ်တာကတော့

Assassination တဲ့ဗျ

ကျွန်တော်တို့ ပါးနပ်ဖို့တော့လိုတယ်နော်

မျိုးချစ်

ညီညီ(သံလွင်) said...

အကြမ်းမဖက်ရေးကို ကိုမိုးသွေးရော ကိုလင်းထက်နိုင်ပါ တင်ပြသွားခဲ့တယ်။ အထက်က စိတ်ပါလက်ပါ ဆွေးနွေးထားသူတွေကိုလည်း စိတ်ကူးစိတ်သန်းတွေ ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီအကြမ်းမဖက်ရေး တစ်ခုတည်းကို ဦးတည်ခြင်းဟာ ကျွန်တော်တို့ လွတ်လပ်ရေးအတွက် မှန်ကန်တဲ့ နည်းဗျူဟာ မဟုတ်သေးဘူးလို့ ကျွန်တော်ကတော့ မြင်ပါတယ်။ အကြမ်းမဖက်ဘဲ ဆန္ဒပြခဲ့တဲ့ အကြိမ်ကြိမ်မှာ ကျွန်တော်တို့ ပြည်သူတွေ၊ ကျောင်းသားတွေ၊ သံဃာတွေ အကြိမ်ကြိမ် အကြမ်းဖက် ချေမှုန်းခံခဲ့ရတယ်။ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရတဲ့ ဖြစ်ရပ်တွေကို ပြန်သုံးသပ်ကြည့်မယ် ဆိုရင် ကျွန်တော်တို့တွေ ဘက်ပေါင်းစုံကနေ စစ်မျက်နှာ မဖွင့်နိုင်ခဲ့တာကြောင့်ဆိုတာ တွေ့ရမှာပါ။ အရင်က အရှုံးတွေကို သင်ခန်းစာယူရင်း ဒီတခါ ကျွန်တော်တို့ အသေအချာ ပြင်ဆင်ဖို့ လိုပါမယ်။ အဓိက အင်အားစုတွေ၊ အရန် အင်အားစုတွေနဲ့ စည်းရုံးရမယ့် အင်အားစုတွေ ဆိုပြီး သတ်မှတ်သင့်တယ်။

အဓိက အင်အားစုကတော့ ကျောင်းသားနဲ့ သံဃာတွေပါ။ လူထုဆန္ဒပြပွဲတိုင်းမှာ အမြဲလိုလို ဦးဆောင်ခဲ့တာကြောင့် ကျောင်းသားနဲ့ သံဃာထုကို အဓိက အင်အားစု အနေနဲ့ သတ်မှတ်ခြင်းပါ။ အဓိက အင်အားစုက လုပ်မြဲအတိုင်း လမ်းမပေါ်ထွက်ပြီး ဆန္ဒပြပါမယ်။ တချိန်တည်းမှာ အခြားသော အင်အားစုတွေက အချိန်ကိုက် လှုပ်ရှားဖို့ လိုအပ်ပါမယ်။ နိုင်ငံအနှံ့ နေရာပေါင်းစုံကနေ ဆန္ဒပြပွဲတွေ ကျင်းပခြင်းအားဖြင့် ရန်သူကို ဗျာများစေပါမယ်။ အင်အားကို များသထက်များအောင် စည်းရုံးဟောပြောနိုင်မယ့် ခေါင်းဆောင်တွေ ရန်သူ့လက်ထဲ မကျအောင် အတတ်နိုင်ဆုံး ကာကွယ်ရမယ်။

အရန် အင်အားစုမှာ လက်နက်ကိုင် ပုန်ကန်မယ့် အင်အားစုနဲ့ အလုပ်သမား အင်အားစုပါဝင်ပါမယ်။ လက်နက်ကိုင် ပုန်ကန်မယ့် အင်အားစုမှာတော့ နအဖစစ်တပ်နဲ့ ယှဉ်ပြီး တည့်တည့်တိုးမယ့် အင်အားစုရယ် (ဥပမာ- တောတွင်းလက်နက်ကိုင်အဖွဲ့များ)၊ ယူဂျီတွေရယ် လိုပါမယ်။ နိုင်ငံတ၀ှမ်း အုံကြွမှုတွေ မစခင်နဲ့ အုံကြွမှုတွေ အရှိန်ရနေတုန်းမှာ ပြည်တွင်းရှိ ယူဂျီတွေကို သုံးပြီး အဓိက ရန်သူပစ်မှတ်တွေ (ဥပမာ - ရပ်ကွက်တွေ ရွာတွေမှာ အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ ရယကတွေ၊ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်အမည်ခံ လူရမ်းကားတွေ) ကို လိုရင် လိုသလို ချေမှုန်းခြင်းအားဖြင့် ရန်သူကို စိတ်ဓာတ်ပျက်ပြားစေမှာပါ။ အလုပ်သမား အင်အားစုကတော့ သက်ဆိုင်ရာ လုပ်ငန်းခွင်တွေ ရုံးတွေကို မသွားဘဲ နေကြဖို့ပဲ။ ၈၈တုန်းက ဖြစ်သလိုမျိုး အဲဒီလိုထပ်လုပ်မှာကို စိုးရိမ်တဲ့အတွက် နေပြည်တော်ကို အစိုးရယန္တရားရွေ့ခဲ့တာလို့ ယူဆပါတယ်။ ဒါပေမယ့် ရန်ကုန်ဟာ အဓိက စီးပွားရေးမြို့ပါ။ ရန်ကုန်ကို ကျွန်တော်တို့ ရပြီဆိုတာနဲ့ နေပြည်တော်ဟာ ကြပ်ပြေးမင်းအတွက် သုဿန်ဖြစ်ပါပြီ။

တချိန်တည်းဆိုသလို ပြည်ပရောက် အင်အားစုတွေကလည်း ကမ္ဘာ့သတင်းမီဒီယာတွေမှာ မြန်မာနိုင်ငံသတင်းတွေ မျက်ခြေမပြတ်သွားအောင် လှုံ့ဆော်အားပေးရမယ်။ ကုလတပ်တွေ (သို့) နေတိုး တပ်တွေ ၀င်လာဖို့ အကူအညီတွေ တောင်းကြမယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ တိုက်ပွဲအတွက် အဓိက မျှော်လင့်ချက် မဖြစ်ရဘူး။ နိုင်ငံတကာ အကူအညီ ရကောင်း ရမယ် .. မရရင်လည်း ကျွန်တော်တို့ ဆက်လုပ်ကြမယ် ဆိုတော့ စိတ်ကို တိုက်ပွဲ မစခင်ကတည်းက အားလုံး နှလုံးသွင်းထားဖို့ လိုမယ်။ ကိုဆိုဗို၊ ရ၀မ်ဒါ၊ အရှေ့တီမော .. စသဖြင့် နိုင်ငံတကာတပ်တွေ ၀င်ခဲ့သမျှမှာ လူသားချင်းစာနာထောက်ထားရေး ခေါင်းစဉ်တပ်ထားပေမယ့် ပထ၀ီနိုင်ငံရေး၊ သယံဇာတ ပေါကြွယ်မှု၊ တည်နေရာအချက်အခြာကျမှုနဲ့ ဒုက္ခသည်တွေ အစုအပြုံလိုက် နယ်နိမိတ်မကျူးကျော်လာစေရေး စတာတွေကြောင့် ဖြစ်တယ်ဆိုတာ မမေ့သင့်ဘူး။

နိုင်ငံတကာတပ်တွေ ၀င်လာသည်ဖြစ်စေ မ၀င်လာသည်ဖြစ်စေ လူထုအုံကြွမှုအရှိန်ရပြီဆိုတာနဲ့ ၁၉၉၀ ရွေးကောက်ပွဲရဲ့ ရွေးချယ်ခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကြားဖြတ်အစိုးရအဖွဲ့ကို ဖွဲ့ပြီး နိုင်ငံတကာရဲ့ ထောက်ခံမှုကို ရယူဖို့ လိုပါတယ်။ နိုင်ငံတကာတပ်တွေ ၀င်လာဖို့ ဆိုတာ ဖြစ်ဖို့ အလွန်ခဲယဉ်းပေမယ့် ကြားဖြတ်အစိုးရအဖွဲ့ကို အသိအမှတ်ပြုဖို့ဆိုတာကတော့ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံတဲ့ အင်အားစုတွေ အများကြီးပါ။ အာဆီယံဆိုတာလည်း အကျိုးအမြတ်အတွက် နအဖကို မချစ်သော်လည်း အောင့်ကာနမ်းနေရသူတွေပါ။ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ထွန်းကားခြင်းကြောင့် ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက် ရေရှည်မှာ ဆိုးကျိုးထက် ကောင်းကျိုးက ပိုများ လာနိုင်မယ် ဆိုတာမျိုးကို မီဒီယာ အကူအညီတွေနဲ့ တွန်းအားပေးဖို့ လိုပါမယ်။ ကြားဖြတ်အစိုးရ အတည်ဖြစ်တာနဲ့ နေပြည်တော်အစိုးရဟာ သူပုန်အစိုးရဖြစ်သွားပါပြီ။ ဒါဆိုရင် နအဖကို သစ္စာခံတဲ့ တပ်တွေက လွဲလို့ ကျန်တဲ့ မျိုးချစ်တပ်တွေ ကျွန်တော်တို့ အင်အားစုနဲ့ ပူးပေါင်းပါလိမ့်မယ်။ အဲလို ပူးပေါင်းအောင်လည်း လက်ကမ်းခေါ်ဖို့ လိုပါတယ်။ ဒါဟာ ကျွန်တော်တို့ စည်းရုံးရမယ့်အင်အားစုပါ။

ကျွန်တော်တို့ လွတ်လပ်ရေးအတွက် အကြံကြီးကြီး ထားမှ ရမယ်။ အားလုံး တစုတစည်းတည်း တပ်ပေါင်းစုဖွဲ့ဖို့ လိုမယ်။ အဲဒီတပ်ပေါင်းစုကို သံဃာ့ဥသျှောင်အဖွဲ့ကနေ ဦးစီးပေးနိုင်ရင်တော့ အတိုင်းထက်အလွန်ပါပဲ။ အဲဒီမှာ ကျွန်တော်တို့ နည်းဗျူဟာမြောက်တိုက်ပွဲတွေကို အသေးစိတ် စီစဉ်ညွှန်ကြားပေးနိုင်မယ့် အကြံပေးအဖွဲ့ ဖွဲ့စည်းဖို့ လိုအပ်မယ်။

ကျွန်တော်တို့တတွေ အားလုံး နအဖလက်အောက်က လွတ်ချင်ကြတယ်လို့ အမြဲပြောနေကြတယ်။ အဲဒီအတွက် လွတ်လပ်ရေး လမ်းစဉ်ကို ကျွန်တော်တို့ တညီတညွတ်တည်း လုပ်ကြဖို့ လိုမယ်။ အဲလို မလုပ်ဘဲတော့ နအဖအနေနဲ့ လူထုအင်အား (People Power) ဆိုတာကို ဘယ်တော့မှ သိလာလိမ့်မှာ မဟုတ်ပါ။ အခုလို အားလုံး Brain Storm လုပ်နေကြတာကို အားရပါတယ်။ ဆက်လုပ်ကြပါ။ နအဖကို အကြံဥာဏ်ကောင်းတွေကို ဒီလို Brain Storm မလုပ်ဘဲ ကျွန်တော်တို့တွေ ရမှာ မဟုတ်တာတော့ အသေအချာပါပဲ။

ပြည်တွင်းမှာ ၀င်ပြီး မလှုပ်ရှားဘဲ ပြည်ပကနေ ပါးစပ်လေး စိုက်ပြီး အားလုံးကို သေတွင်းထဲ ပို့နေတယ်လို့ နအဖဘက်သားများက ကျွန်တော့်ကို စွပ်စွဲကောင်း စွပ်စွဲပါလိမ့်မယ်။ သေချာတာကတော့ ကျွန်တော်ဟာ ပါးစပ်စိုက်ပြီး ဖရုဿဝါစာ ဆဲရုံသာ ဆဲတတ်သူ မဟုတ်ပါ။ ဖတ်မိသမျှ၊ လေ့လာထားသမျှကို ဦးနှောက်ထဲ တွေးမိသမျှနဲ့ ပေါင်းစပ်ပြီး အကြံပေးခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော် ပေးထားတဲ့ မဖြစ်ညစ်ကျယ် အကြံ အပေါ်မှာ ထပ်မံဖြည့်စွက်ပြီး ပြည့်စုံအောင် စဉ်းစားပေးနိုင်ကြမယ့်သူတွေ ရှိရင်တော့ အထူးပဲ ကျေးဇူးတင်မိမှာပါ။

Mahorgani said...

အကြမ်းမဖက်ရေး- အကြမ်းဖက်ရေး ဆို တာ ထက်-
တိုက်ယူခြင်း နဲ့- တောင်းယူ ခြင်း လို့ ပြော ကြည့်မယ်။
ကမ္ဘာကြီး မှာ တော့.. တရားဝင် အစိုးရ တခု မဟုတ်ဘဲ..လက်နက် ကိုင် ပြီး လုပ် ကိုင် တာ မှန်သမျှ ကို...အကြမ်းဖက် တယ်လို့ သတ်မှတ် ပြီး.. သဘော တရား အရ.. နိုး လို့ ပြော ကြ ပါတယ်။ ဒါပေမဲ့.. အတွင်း ကျကျ မှာ တော့..အဲလို ဟုတ်မ နေ ဘူး ဆို တာ..နိုင်ငံရေး အသိအမြင် ရှိ သူတိုင်း သိကြ မှာပါ။
အဲဒီတော့..စားပွဲ ၀ိုင်းပေါ်က... ကမ္ဘာကြီး မှာ ကို ချွင်းချက် တွေ ရှိ နေ ပါတယ်။

အဲဒါ ဘာဖြစ် လို့ လည်း ဆို ရင်..ငြိမ်းချမ်းရေး ဆိုတဲ့ စကားက သိပ် စွဲမက် စရာ ကောင်းနေ လို့ပါ။
တကယ် လည်း..လိုချင် နှစ်သက် ရ မဲ့ အရာ ပါ။ အဲတော့..ငြိမ်းချမ်းရေး ကို..ဘယ်လို လုပ် ရ ယူ နိုင်သလဲ။ တောင်းယူ လို့ ရတဲ့အခါ ရတယ်.. ညှိယူ ဖို့လိုတဲ့ အခါ လိုတယ်.. သေချာ တာတော့..တိုက်ယူ ရ တဲ့ ငြိမ်းချမ်းရေး ဆိုတာ လည်း ရှိပါတယ်။

အခု..ဂျော့ခ်ျစိုးရော့စ် လုပ်နေတဲ့.. ဒီမိုကရေစီ တည်ဆောက်ရေး..ပရောဂျက် တွေ မှာ လည်း..(ဘားမားဖန် အပါအ၀င်)..ငြိမ်းချမ်း ရေး ကို ပိုမို ညင်သာ တဲ့ နည်း နဲ့ ရယူ နိုင် ဖို့..သုတေသန ပြု နေ တာလို့ ပဲ ..ထင်မြင် မိပါတယ်။

လက်ရှိ..ဗမာ့အခြေ အနေ ကို ပြန် ပြော ရမယ် ဆို ရင်တော့.. ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီ ပြောင်းလဲရေး ဟာ..တောင်းယူ..အော် ပြော လို့ မ ရ နိုင် ဘူး ဆိုတာ.. ဒီမိုကရေစီ လို ချင်သူ မြန်မာ ပြည်သား တိုင်းလို လို ရဲ့ ရင်ထဲ မှာ.. သိ နေ ကြ ပါ ပြီ။

ခက် တာက..ဘယ်လို တိုက်ယူ ရ မလဲ.. ကိုမိုးသွေး တို့ပြော သလို. ဗမာပြည် သူ တွေ ဟာ..ဘလိုင်း ကြီး တော့..ထပ် အသေခံ လို့ မဖြစ် တော့ ပါဘူး။ နည်း ဗျူဟာ ကောင်း တွေ လိုပါတယ်။ ဒီ အတိုင်း ကြီး တော့..လမ်းပေါ် ထွက် ရင်ကော့ ပေး လို့ မလွယ် တော့ပါ။ လူကောင်းများ ပြုန်းတီး မူ ဟာ..သိပ် တန်ဖိုး ကြီးပါတယ်။

ဖောက်ထွက် တွေး ကြည့် ဖို့လိုအပ် နေပါပီ။ ပရော ဂျက်က..အကြမ်းမဖက်ရေး မိုလို့.. ဘာမှ လုပ်လို့ မရ ဘူး ဆို တာ လည်း မဖြစ် သင့်ပါ။ ဥပမာ..စဉ်းစား ကြည့်မိတာ.. အပြင်က..အရှိန် ရ နေတဲ့..သြဇာ ရှိတဲ့..လူတစု က.. စစ် အင်အား ကြီး တခု ခု ကို..ဗျူဟာ မြောက် အကူ အညီ တောင်း ဖို့လိုပါ လိမ့်မယ်။ တကယ် တော့.. ပြည်တွင်း စစ်တပ် အခြေ အနေ ဟာ..အောက်ခြေ မှာ..အလွန်အကျွံ ယိုင်နဲ့ နေ တာ ကြောင့်.. အသံ နဲ့တင်..တော်တော်..တုန်လှူပ်နေပါပီ။ ပြင်ပ က..တခုခု သာ ၀င် လာ လို့ ကတော့..ဘယ်လိုမှ ခုခံ နိုင် မှာ မဟုတ်ဘူး ..ဆိုတာ.. ၉၀ % သေ ချာ ပါတယ်။ တခါ တည်း ယိုင် လဲ ပြိုဆင်း သွား မှာ ပါ။

ပြောချင်တာက..ပြည်သူ တွေ တော့..ရင်ကို ..ကတုတ်လုပ် ပြီး.. လက် ဗလာ နဲ့ တိုက် ပွဲ မ၀င် သင့် တော့ ပါဘူး။ ဗျူ ဟာ မြောက်..အိမ် မက် တွေ တကယ်ဖြစ် လာ အောင်..ဖော် ဆောင် နိုင် မဲ့..ဗိုလ်ချုပ် အောင် ဆန်း တို့ လို..လူ တအုပ် လို နေ ပါတယ်။ နောက် ပြီး.. အခြေ အနေ အခါ အခွင့် ဆို တာ ရော ပေါ့။

ကိုပေါ said...

ကျနော့်အမြင်ပါ။ ကျန်တဲ့လူတွေ အမြင်နဲ့ တူချင်မှ တူပါလိမ့်မယ်ဆိုတာ ကြိုပြောလိုက်ပါတယ်။

ကျနော့်အမြင် ပြောရရင်တော့ လူတွေ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စနစ်ကို အလွန်အမင်း မတောင့်တ ကြသေးလို့ဘဲ ထင်ပါတယ်။

ဒီနေ့ ဗမာပြည်က လူတွေ အားလုံးကို စစ်တမ်းကောက်ကြည့်မယ်ဆိုရင် စစ်အာဏာရှင်စနစ်ကို၊ လက်ရှိအစိုးရကို မကြိုက်ဘူးလို့ ပြောမယ့်လူက ၉၉ ရာခိုင်နှုန်းလောက် ရှိပါလိမ့်မယ်။ ဒီမိုကရေစီစနစ်ကိုလည်း ကြိုက်တယ်လို့ဘဲ ပြောကြပါလိမ့်မယ်။

ဒါပေမယ့်လည်း အဲဒီလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို မရအရ ယူချင်သလားဆိုတော့ ပြည်သူအများစုဟာ အဲသည်လောက်အထိ အဆင်သင့်မဖြစ်သေးလို့ ကျနော်တို့ ဒီနေ့အထိ မလွတ်မြောက်သေးတာလို့ဆိုချင်ပါတယ်။ ဒီလိုပြောလို့ ကျနော်တို့ ပြည်သူတွေ လူ့အခွင့်အရေးနဲ့ မတန်ဘူး၊ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူးလို့ ဆိုလိုချင်တာမဟုတ်ဘူး။ လူသားတိုင်းအတွက် ဒီအခွင့်အရေးတွေကရှိပြီးသား။ ကိုယ့်အခွင့်အရေးကိုယ် ဘယ်လောက်အထိ ပြင်းပြင်းထန်ထန်ကာကွယ်ဘို့ အသင့်ရှိသလဲဆိုတာကို မေးခွန်းထုတ်လိုတာ။

တကယ်တော့ လူထုအုံကြွမှုနဲ့ ဒီစစ်အစိုးရကို ဖြုတ်ချနိုင်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတုန်းက ဖြုတ်မချနိုင်ခဲ့တာ လူထုပါဝင်မှု အားနည်းခဲ့လို့ပါဘဲ။ သံဃာတော်တွေနဲ့ ကျောင်းသားတွေဘဲ အမျာစု ထွက်ခဲ့ကြပြီး လူထုပါဝင်မှုကတော့ အရမ်းနည်းတာကို တွေ့ရပါတယ်။ တကယ်လို့ ၈၈ ခုနှစ်တုန်းကလို မြို့တိုင်းရွာတိုင်းမှာ လူတိုင်းထွက်ကြပြီး ဆန္ဒပြကြမယ်၊ အလုပ်သမားတွေ၊ ၀န်ထမ်းတွေကလည်း မလုပ်မဆင်းဘဲ သပိတ်မှောက်ကြမယ်ဆိုရင် ဒီအစိုးရ အုပ်ချုပ်မှု ယန္တရားဟာ လုံးဝ ရပ်ဆိုင်းသွားပြီး စစ်အစိုးရ မုချ ပြုတ်ကျသွားမှာ အမှန်ပါဘဲ။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက ကျနော်တို့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေဘက်က လူထုကို အဲဒီအခြေအနေအထိရောက်အောင် အသင့်ပြင်ပေးမထားနိုင်ခဲ့ဘူး။

ပြည်ပရောက် မြန်မာတွေကလည်း တပွဲတိုး၊ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာမှ အလန့်တကြား ငွေလှူတာတွေ၊ ထောက်ပံ့တာတွေ ထလုပ်ကြတာကိုး။ အမှန်က အချက်အချာကျတဲ့ မြို့ကြီးတိုင်းမှာ ဆဲလ်တွေ ကွန်ယက်တွေ ဖွဲ့တဲ့လုပ်ငန်းကို အစောကြီးကတည်းကကြိုတင်ပြီး အင်တိုက်အားတိုက် လုပ်ကြရမယ်။ ပြည်သူလူထုကို စည်းရုံးရမယ်။ လူထုအုံကြွမှုဖြစ်လာရင်ေ၀၀ါးမနေဘဲ တဆင့်ပြီး တဆင့် ဆက်လက်ဘယ်လို စခန်းသွားမယ်ဆိုတာတွေက ကြိုတင်စည်းဝါးရိုက်ပြီးဖြစ်နေရမယ်။

ဒါပေမယ့် (ကျနော်သိရသလောက်) ကျနော့်သုံးသပ်ချက်အရ အဲဒီနည်းလမ်းနဲ့ လုပ်နေကြတဲ့ အဖွဲ့တွေ ရှိပေမယ့် အရမ်းအားနည်းနေသေးတယ်။

လမ်းမပေါ်လူတွေထွက်ဆန္ဒပြရင် လူတွေ သွေးထွက်သံယိုဖြစ်မှာ၊ သေကြေကြမှာကို စိုးရိမ်ပြီး လူထုအုံကြွမှုကို ဆန့်ကျင်ကန့်ကွက်ပြောနေတဲ့ ဘလော့ဂါတွေ၊ နိုင်ငံရေးသမားတွေကိုလည်း တွေ့ရပါတယ်။ ကျနော် သူတို့ကို ထောက်ပြချင်တာက....အေအိုင်ဒီအက်စ်ဖြစ်လို့ သေတဲ့လူတွေ၊ လေမုန်တိုင်းတိုက်လို့သေကြေကြတဲ့လူတွေနဲ့စာရင် စက်တင်ဘာတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အရေအတွက်က မပြောပလောက်ပါဘူး။ ဒီလူတွေရဲ့ ပေးဆပ်မှုဟာ အချည်းနှီးလည်း မဟုတ်ပါဘူး။ အဲဒီလို ပေးဆပ်ရမှာ ကြောက်လို့ အချိန်ဆွဲရင်းဆွဲရင်းနဲ့ ဒီအာဏာရှင်စနစ်အောက်မှာဘဲ (အာဟာရချို့တဲ့မှု၊ ဆေးဝါးမပြည့်စုံမှု၊ သဘာဝကပ်ဘေးကနေ ကာကွယ်မပေးနိုင်လို့) မသေသင့်ဘဲ သေခဲ့ကြရတဲ့ လူအရေအတွက်က အဆမတန် များပြားတယ်ဆိုတာ စွဲစွဲမြဲမြဲ မှတ်ထားသင့်ပါတယ်။

ဘာကိုမှ မပေးဆပ်ချင်ဘဲနဲ့ တန်ဘိုးရှိတဲ့အရာကို အိမ်ထဲမှာ ထိုင်နေရုံနဲ့ မရနိုင်ဘူးဆိုတာ သဘောပေါက်သင့်ပါတယ်။ သမိုင်းမှာ စနစ်တခုကနေ တခုကို ကူးပြောင်းတဲ့အခါ၊ အထူးသဖြင့် အာဏာရှင်ကို တော်လှန်ရတဲ့အခါ အသက်ပေးရတာတွေ ရှိပါတယ်။ လူတွေက သေချင်လို့ လမ်းပေါ်ထွက်တာတော့ ဘယ်ဟုတ်ပါ့မလဲ။ သူ့တို့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း အာဏာရှင်က ချေမှုန်းလို့သာ ကျဆုံးရတာကိုး။

လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုအုံကြွမှုနည်းနဲ့ နှစ်မျိုးမှာ ကျနော့်အနေနဲ့ လူထုအုံကြွမှုနည်းကို ပိုမိုသဘောကျပါတယ်။

ဗိုလ်ချုပ်တို့ အင်္ဂလိပ်ကို တိုက်တုန်းက ဗိုလ်ချုပ်တို့နောက်မှာ ဂျပန်ပါတယ်။ ဂျပန်ကို ပြန်ချတော့ မဟာမိတ် အကူအညီကို ယူရတယ်။ ဒီနေ့ခေတ်မှာ အဲသည်လို စစ်ရေးအထောက်အကူမျိုးရဘို့ မလွယ်ဘူး။ ဒါက စစ်မျက်နှာကြီးတခုဖွင့်ပြီး တိုက်တဲ့ အနေအထားကို ပြောပြတာပါ။

ဥပမာ နယ်စပ်က မြို့တွေကို တက်သိမ်းပြန်ရင်လည်း မြို့တခုကို သိမ်းတာနဲ့ အဲဒီမြို့ စိစိညက်ညက်ကြေအောင် နအဖက လေကြောင်းကနေ ဗုံးကြဲမှာဘဲ။ နအဖ မလုပ်ဘူးလို့ မထင်နဲ့။ လုပ်ကိုလုပ်မှာ။

ပြောက်ကျားနည်းနဲ့ တိုက်ပွဲ။ ပြောက်ကျားနည်းနဲ့ တိုက်တာဟာ လူထု ထောက်ခံမှုအပြည့်အ၀ ရမှ အောင်မြင်မှာ။ လူထုဟာ အခု လက်နက်ကိုင်တော်လှန်ရေးသမားကိုဝေးလို့ အင်န်အယ်ဒီ နဲ့ ကျောင်းသားတွေကိုတောင် အကာအကွယ်ပေးဘို့ကို (ရှိတော့ရှိတယ်။ နည်းတယ်။) တွန့်ဆုတ်နေတာ။

ခေါင်းဆောင်ပိုင်းကို လုပ်ကြံတဲ့နည်း။ ။ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ သူတို့အချင်းချင်း နှိပ်တာက လွဲလို့ ဘယ်သူမှ သူတို့ကို မထိနိုင်တာကတော့ စဉ်းစားစရာဘဲ။

ကြံဖွံ့၊ စွမ်းအားရှင် တွေကို နှိပ်ကွပ်တဲ့နည်း။ ။ ဒီနည်းကိုတော့ အပြင်းအထန် ကန့်ကွက်ပါတယ်။ ခင်ဗျားတို့ ကြံဖွံ့တယောက်ကို သတ်လိုက်လို့ ကျန်တဲ့ ကြံဖွံ့တွေ ကြောက်သွားမှာမဟုတ်။ သူတို့ကလည်း တယောက်အသတ်ခံရရင် သူတို့ သံသယရှိတဲ့သူ ဆယ်ယောက်ကို ပြန်သတ်လိမ့်မယ်။ အဲဒီမှာမှ တကယ့် မဆိုင်တဲ့လူတွေပါထိပြီး တော်လှန်ရေးက လုံးဝ လမ်းလွဲပြီး လူထုကလည်း အယုံအကြည်နည်းသွားလိမ့်မယ်။

တကယ်တော့ လူထုအားကို ယုံကြည်ရင်၊ လူထုတိုက်ပွဲနည်းနဲ့ အပြုတ်ချလို့ ရမယ်လို့ ကျနော် ယုံကြည်တယ်။ ကျနော်တို့ ပြည်ပက လုပ်နိုင်တာက အခုထက်ပိုပြီး ရံပုံငွေ ရှာကြ။ ပြည်တွင်းမှာ နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေကို အခုထက်ပိုပြီး ပံ့ပိုးကြ။ တတ်နိုင်ရင် ပြည်တွင်းကို ပြန်ပြီး လှုပ်ရှားကြ။ တတ်နိုင်သမျှ အဖိတ်အစဉ် နည်းအောင် မြေအောက်လှုပ်ရှားမှုအသွင်နဲ့ ကွန်ယက်တွေဖွဲ့ကြ။ ပြည်သူကို စည်းရုံးကြ။ ပြင်ဆင်ကြ။ ဒါဟာ တပွဲတိုး မဟုတ်ဘူး။ နှစ်နဲ့ ချီပြီးလည်း ကြာကောင်းကြာမယ်။ ဒီလာမယ့် နှစ်တွေထဲမှာ လူထုအုံကြွမှုက ထပ်ထပ်ပြီး ဖြစ်နေဦးမှာဘဲ။ လူထုရဲ့ မကျေနပ်ချက်တွေက များသထက် များလာနေတာကိုး။

ဒီတခါ အုံကြွမှုဖြစ်ရင် မြို့တိုင်းမြို့တိုင်းမှာ အုပ်ချုပ်ရေးကို ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးအဖွဲ့အစည်း၊ ကျောင်းသား၊ မြို့ခံတွေနဲ့ လွှဲပြောင်းယူ။ စစ်တပ်ရှိတဲ့ မြို့တွေမှာ မဆွခင်ကတည်းက စစ်တပ်က တပ်ရင်းမှူးတွေကို စည်းရုံး။ အုံကြွမှုအတွင်းမှာ မြို့မိမြို့ဖတွေနဲ့အတူ သွားရောက်ညှိနှိုင်း။ ၀န်ထမ်းတွေကို ရေရှည် သပိတ်မှောက်ခိုင်း။ ဒီအတွင်းမှာ သပိတ်ကော်မတီတွေနဲ့ လူတွေရဲ့ စားရေးသောက်ရေး၊ ကျန်းမာရေး၊ မြို့လုံခြုံရေး ကို ကြီးကြပ်ပေး။

တကယ်တော့ မြန်မာပြည်မှာ ရှိတဲ့ ပြည်သူအများစုဟာ အကြောက်တရားကနေလွတ်မြောက်မယ်၊ လူ့အခွင့်အရေးကို သဘောပေါက်ပြီး မရမနေ ခုခံကာကွယ်ချင်စိတ်ရှိတယ်။ ဒီမိုကရေစီကို မရအရ ကြိုးစားရယူမယ်ဆိုတဲ့ စိတ်မျိုးဝင်လာတဲ့ တနေ့မှာ အာဏာရှင်စနစ် အလိုလို ပြုတ်ကျတယ်။ ခက်တာက အဲဒါက အချိန်အကြာကြီးယူရမယ်။ ကျနော်တို့က အဲသည်အချိန်အထိ မစောင့်နိုင်ဘူး။ တိုင်းပြည်နစ်နာတယ်။ အဲဒါကြောင့် လူထုကို တက်သုတ်ရိုက်ပြင်ဆင်ပေးပြီး လူထုအုံကြွမှု နည်းနဲ့ ဖြုတ်ချဘို့ဘဲ ကြိုးစားသင့်တယ်လိုပ ကျနော်ထင်မြင်ပါတယ်။

Hteink Min said...

ကျွန်တော့်အမြင်ကတော့ လိုရင်းတိုရှင်းပါပဲ။ နည်းမျိုးစုံနဲ့ တိုက်ကြပါ။ အဓိကက သန်းရွှေ က ဒေါ်အောင်ဆန်းစုကြည်ကို အာဏာဒူးထောက်ပြီး လွှဲပေးတဲ့နေ့ကို ကျွန်တော်တို့ လုပ်ကြရမှာဖြစ်ပါတယ်

ကိုပေါ said...

ကျနော် ကိုပေါ ပါ။

ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ကို နှိပ်ကွပ်သုတ်သင်မယ်ဆိုတဲ့ အယူအဆနဲ့ ပတ်သက်လို့ ကျနော် ဘာကြောင့်ဆန့်ကျင်ရသလဲကို နည်းနည်း ပြည့်စုံအောင် ထပ်ပြောချင်ပါသေးတယ်။

ကြံ့ဖွံ့၊ စွမ်းအားရှင်ဆိုတာမျိုးက တယောက်စ၊ နှစ်ယောက်စ သတ်ဖြတ်လို့ ဦးကျိုးသွားမှာမဟုတ်။ သူတို့ဘက်က တယောက်အသတ်ခံရရင် ကျနော်တို့ဘက်က ဆယ်ယောက်ကို လက်တုန့်ပြန် သတ်ဖြတ်လိမ့်မယ်။ လက်နက်ကိုင်အင်အားစုတွေဖြစ်တဲ့ စစ်တပ်နဲ့ ရဲက သူတို့ဘက်မှာ ရပ်လိမ့်မယ်။ သူတို့ကို သတ်ဖြတ်တဲ့လူ ပုန်းနေတယ်လို့ သံသယရှိတဲ့ အိမ်တွေ၊ လမ်းတွေကို အိမ်လုံးကျွတ်၊ လမ်းလုံးကျွတ် ဖောက်ခွဲမီးရှို့သတ်ပြလိမ့်မယ်။

အဲဒီအတွက် ကိုယ့်ဘက်က အကျအဆုံး၊ သွေးထွက်သံယို ပိုများတယ်။ လူထုကလည်း တော်လှန်ရေးအပေါ် တဖြည်းဖြည်း အယုံအကြည်မဲ့လာလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့က ကြားထဲက မြေဇာပင်ဖြစ်သွားနိုင်တာကိုး။

ကျနော်တို့က “ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး” ကို အော်နေပြီး ကျနော်တို့ လုပ်တဲ့လုပ်ရပ်က Law of the Jungle နဲ့ ဒီမိုကရေစီကို ချီတက်လို့မရဘူး။ လူတယောက်ရဲ့ အသက်ကို ဥပဒေကြောင်းအရ ခုခံကာကွယ်ခွင့်မပေးဘဲ ကိုယ့်ဘာသာ စီရင်ချက်ချပြီး သတ်ဖြတ်တာဟာ ဒီမိုကရေစီ ကျင့်စဉ်မဟုတ်။ မှန်ကန်သော တရားရေးစနစ်လည်းမဟုတ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်က တရားဥပဒေလည်း နားမလည်ဘဲ ကိုယ့်အထင်နဲ့ကိုယ် လူတယောက်အပေါ် စီရင်ချက်ချတာမျိုးဆိုတော့ လွဲချော်မှုရှိခဲ့ရင် လူတယောက်ရဲ့ အသက် အလဟဿ ဆုံရှုံးရမယ့်အဖြစ်ကို ဘယ်သူမှ နှစ်ခြိုက်နိုင်မယ်မထင်ဘူး။ တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး ဆိုတာကို ကျနော်တို့ကိုယ်တိုင်က လက်ခံနိုင်ရမယ်။

အေဘီအက်စ်ဒီအက်ဖ်လို လက်နက်ကိုင်တော်လှန်ပြီး စစ်မြေပြင်မှာ သူတင်ကိုယ်တင်၊ သူသေကိုယ်သေ ချတာကိုတော့ ဘာမှ ပြောစရာမရှိဘူး။ ဒါက စစ်တိုက်နေတာလေ။

ဒါပေမယ့် မြို့ပေါ်မှာ လက်နက်ကိုင်မဟုတ်တဲ့ လက်နက်မဲ့ အရပ်သားကို အဲဒီလို ချောင်းမြောင်းသုတ်သင်တာက မင်းမဲ့စရိုက်ဆန်ဆန် သူရဲဘောကြောင်တဲ့ လုပ်ရပ်သာဖြစ်တယ်။ လူတိုင်းလူတိုင်းမှာRights to life, freedom and pursuit of liberty ဆိုတာ ရှိတယ်။ လူအခွင့်အရေးအော်နေပြီး တဖက်သားရဲ့ အခွင့်အရေးကို မလေးမစားလုပ်တာ မဖြစ်စေချင်ဘူး။ လူသတ်မှုဟာ လူသတ်မှုဘဲ။ အဲဒီလို ယုတ်မာပက်စက်တဲ့အမှုမျိုးကို နအဖ ကသာ လုပ်ချင်လုပ်ပစေ။ ကိုယ်က သူ့အဆင့်အတန်းအထိ ဆင်းလုပ်စရာမလိုဘူး။

အဆိုးဆုံးက လူထုရဲ့ စိတ်ထဲကို Might is right (ခွန်အားကြီးသူသာ နိုင်စတမ်း) ဆိုတဲ့ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက် လွဲမှားတဲ့ အယူအဆတရပ် ကိန်းဝပ်သွားရင် ကျနော်တို့ နိုင်ငံဟာလည်း ပါလက်စတိုင်းတို့ ပါကစ္စတန်တို့ သီရီလင်္ကာတို့လို ဗုံးတွေ တလုံးပြီးတလုံးကွဲပြီး လက်စားချေတဲ့ သံသရာထဲကို ရောက်သွားနိုင်တယ်။

လူထုအင်အားကိုသာ ယုံကြည်ကြဘို့ တိုက်တွန်းလိုပါတယ်။ ဒီမိုကရေစီဆိုတာလည်း လူအများက ရွေးချယ်ခန့်အပ် အုပ်ချုပ်တဲ့စနစ်ဘဲ။ လူအများပါဝင်လာစေဘို့ ကြိုးစားကြမယ်။
လက်နက်ကိုင်တော်လှန်ရေးနဲ့ ဒီစစ်အစိုးရကို ဖြုတ်ချနို်င်မယ်ဆိုရင်လည်း ပါဝင်ဘို့ အဆင်သင့်ဘဲ။ ဒါပေမယ့် ကျနော်တဦးတည်းအမြင်နဲ့ ပြောရမယ်ဆိုရင် လူထုအုံကြွမှုက ပိုမိုဖြစ်နိုင်ချေ ရှိတယ်။

Niknayman said...

နအဖဘဲဖြစ်ဖြစ် ဘယ်အာဏာရှင်ဘဲဖြစ်ဖြစ် တော်ရုံတန်ရုံ အာဏာကို ရော့ အင့် ယူပါဆိုပြီး သဘောကောင်းကောင်းနဲ့  အသာတကြည်ပေးရိုးထုံးစံမရှိပါဘူး။ သူတို့ ရဲ့ နောက်ဆုံးထွက်ပေါက်အခြေအနေတစ်ခုရောက်လာမှသာ အာဏာကို အသေခံသွားပြီး ဆုတ်ကိုင်သွားမယ် (သို့ ) နောက်ဆုံး မတတ်သာလို့  အရှုံးပေးပြီး အညံ့ခံရင် အညံ့ခံမယ်။ သမိုင်းတောက်လျှောက်ပြန်ကြည့်ရင် အလွယ်တကူနဲ့ အာဏာကို လက်လွတ်ခံတဲ့ပမာဏနဲ့  နောက်ဆုံးအခြေအနေကျမှ အာဏာကို အသေခံဆိုကိုင်တဲ့ (သို့ ) အညံ့ခံတဲ့ ပမာဏ ဘယ်ဟာကနည်းလည်း များလည်းဆိုတာကြည့်ပါ။ ဒီတော့ သေချာတာတစ်ခုက အာဏာရှင်သည် ဘယ်တော့မှ လွယ်လွယ်ကူကူအရှုံးပေးတာ အညံ့ခံတာ မရှိပါ။ ဒီအတွက် အာဏာရှင်ကို အပြင်းအထန်တိုက်ပွဲဝင်မှ ရမှာပါ။ ဒီလိုတိုက်ပွဲဝင်ဖို့  နည်းလမ်းပေါင်းစုံကို သူ့ နေရာနဲ့ သူ သူ့ အချိန်အခါနဲ့ သူ သုံးရမှာပါ။ နည်းလမ်းတစ်ခုချင်းဆီ သီးသန့် သုံးရမှာရှိသလို တွဲဘက်ပြီးတော့လည်း သုံးရမှာပါ။ အကြမ်းမဖက်နည်းရော အကြမ်းဖက်နည်းရော လိုအပ်ရင်လိုအပ်သလို သုံးကိုသုံးရမှာပါ။ နည်းတစ်ခုနဲ့ တစ်ခုဟာလည်း ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပါ။ ဟိုနည်းကသာတယ် ဒီနည်းကဟာတယ်မဟုတ်ပါ။ ပြည်သူလူထုရဲ့  ငြိမ်းချမ်းစွာတိုက်ပွဲဝင်တဲ့နည်းကြောင့် အာဏာရှင်ကျဆုံးသွားတာတွေရှိသလို၊ ခွန်အားသုံးပြီး လက်ရုံးရည်နဲ့  လက်နက်နဲ့  တော်လှန်တိုက်ခိုက်လို့  အာဏာရှင်တွေ ဇီဝန်ပြုတ်ကုန်ပြီး အာဏာရှင်စနစ်ကျဆုံးသွားတာတွေလည်းရှိပါတယ်။ ဒီတော့ဗျာ နအဖအာဏာရှင်ပြုတ်ကျရေးအတွက် အကြမ်းမဖက် (လိုအပ်ရင် ထိပ်တိုက်ရင်ဆိုင်ရေး ပါပါတယ်) နဲ့  အကြမ်းဖက် (ခွန်အားသုံး လက်ရုံးသွေး လက်နက်ရည်သွေးနဲ့  တရားမှုကို ငြိမ်းချမ်းမှုကို ရယူဖို့ တိုက်တာ) နှစ်ခုလုံးနဲ့ တိုက်မယ်ဗျာ။ မြန်မာပြည်မှာ အာဏာရှင်ပြုတ်ကျရေးက အဓိကလား၊ ဒီနည်းကိုတော့သုံး ဟိုနည်းတော့မသုံးနဲ့ ဆိုတာက အဓိကလား။ မြန်မာပြည်မှာ အာဏာရှင်က လက်နက်နဲ့ ရော လက်နက်နဲ့ မဟုတ်တဲ့အခြားသောနည်းတွေနဲ့ ရော ပြည်သူတွေအပေါ် နည်းပေါင်းစုံနဲ့  ကျင့်သုံးပြီးနေလို့  အခုလို အာဏာတည်တံ့နေတာ မဟုတ်ဖူးလား။ ဒီတော့ ကျွန်တော်တို့ ကရော နည်းလမ်းပေါင်းစုံသုံးပြီး အာဏာရှင်ကို ဖြုတ်မချသင့်ဖူးလား။ ကဲ ဗျာ - အာဏာရှင်ပြုတ်ကျဖို့  ဘယ်နည်းဘဲဖြစ်ဖြစ် ကျင့်သုံးမယ်ဗျာ။ ဘယ်သူက ဘာမှားတယ် ပြောမလည်း။

ခင်မင်းဇော် said...

အိရွေစင်: အမ ရေ ကျမ သေသေချာချာ ဖက်လိုက်တဲ့အခါ ကျမတို့  နဲ့အတူကျမတို့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကျော်ဖြတ်နေတဲ့နည်းလမ်းကိုပဲ ၂၀၀၇ မျိုးဆက်သစ်တွေက လက်ခံထားကြတယ် ဒါပေမဲ့်ဒီတခုတည်းနဲ့လက်တွေမကျတော့ဘူး စစ်အုပ်စုဟာ ကမ္ဘာပေါ်မှာ အင်မတန်မှအရှက်မဲ့ဆုံးလို့ ပြောရမယ်လေ သွေးထွက်သံယိုက သူတို့ မထွက်ပဲပြည်သူ ထွက်နေရတာကိုး ဒါ့ကြောင့် ကျမတို့ တော်လှန်ရေးအဆုံးသတ်ဖို့ က နေရာတကာ အကြမ်းမဖက်အနုနည်းပြောနေကြရုံနဲ့တော့ မပြီးဘူး အမ ဘက်ပေါင်းစုံကနေ တိုက်နည်းပေါင်းစုံ နဲ့ စစ်အုပ်စုကိုတိုက်ရလိမ့်မယ။် မျိုးဆက်သစ် လူငယ်တွေတွေးခဲ့သလို ကျမ ၁၅ နှစ် နဲ့ထောင်ထဲဝင်ခဲ့စဉ် ၁၉၈၉ ကလည်းတွေးခဲ့တယ် အမ လက်တွေ့ မှာ ကျမ ၄၀ နီးသွားတယ် ( နည်းလမ်းပေါင်းစုံ)စဉ်းစားကြပြီး ဘက်ပေါင်းစုံကနေ ပုံစံအမျိုးမျိုးနဲ့ တိုက်မှ စစ်အုပ်စု အမြစ်ပြတ်လိမ့်မယ် အမရေ ပြည်သူ့ ဘ၀တွေက ငတ်ရင်းသေတာထက် တိုက်ရင်းသေတာ ပိုကောင်းပါတယ်။

ခင်မင်းဇော် said...

ကောမန့်ဝင်ရေးဖို့ အခက်အခဲရှိနေလို့ ဂျီတော့ကနေ ပို့လာတဲ့ ကောမန့်လေး ကို တင်ပေးလိုက်ပါတယ်။ ကဒေါင်းသစ်ရေ ကျေးဇူးပါ၊
နည်းလမ်း၊ အယူအဆမျိုးစုံနဲ့ တော်လှန်ရေး

တော်လှန်ပြီဆိုတာနဲ့ အတော်လှန်ခံရသူ (အစိုးရ (or) အာဏာယူထားသူနဲ့ တော်လှန်သူ (တစ်ယောက်ကအစ၊ လူအများစု၊ နိုင်ငံတကာတိုင်းပြည်အသီးသီး) နှစ်ဖက်ရှိလာပါတယ်။ အတော်လှန်ခံရသူဟာ တော်လှန်ချင်စိတ်ပေါက်လာအောင် တယောက်ခြင်းဆီကစလို့ တစ်ဖွဲ့ခြင်း၊ အများစု၊ တပြည်လုံး အတိုင်းအတာအထိ သေမထူးနေမထူး ကျဉ်းကျပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှု့တွေ အလွန်အကျွံဖြစ်လာတာနဲ့ တော်လှန်သူဆိုတာ နည်းမျိုးစုံနဲ့ တော်လှန်ကြတာပါဘဲ။ ကျေးပိုင်ကျွန်ပိုင်စနစ်ကစလို့ ဘယ်စနစ် (ဒီမိုကရေစီ စနစ်ဘဲဖြစ်ဖြစ်)၊ တော်လှန်ရေးဆိုတာ ရှိလာပါတယ်။
ပြည်တွင်းကတော်လှန်ရေးကတော့ ယေဘူယျပအားဖြင့် ပြည်တွင်းအစိုးရတရပ်ရပ်က ပြည်သူအများစုကို အဆိုးဆုံးချောင်ပိတ်တာ နဲနဲကနေ ခြေလှမ်းကျွံပြီး အမြင့်ဆုံးဖိနှိပ်မှု့ဖြစ်လာတဲ့အခါ တစ်ယောက်ကအစတစ်ရာ၊ တစ်ပြည်လုံးဆိုသလို အကြမ်းမဖက်တာရော အကြမ်းဖက်တာရော ပြည်ပအားရော ပြည်တွင်းအားပါ မကျန် သူတို့အတွင်းစည်းက လူတွေပေါင်းစုံတဲ့ အချိန် တချိန် မလွဲမသွေဖြစ်ပေါ်ပြီး တော်လှန်ရေးတစ်ရပ် အောင်မြင်ပါတယ်။ သမိုင်းတစ်ခုပြောင်းခြင်းပေါ့။ ပုံသေဘယ်လိုနည်းလမ်းနဲ့ အောင်မြင်မယ်ဆိုတာ ကျိန်းသေမရှိပါဘူး။ အတော်လှန်ခံအစိုးရ ဘယ်လောက်အစွမ်းကုန်ဖိနှိပ်သလဲဆိုတာက အဓိကဖြစ်နေပါတယ်။ အချိန်ကာလကလဲ နှိုင်းလို့ မရပါဘူး။ သီပေါလက်ထက်ကစပြီး ခေတ်အဆက်ဆက်တော်လှန်ရေးနည်းပေါင်းစုံဖြစ်ခဲ့တာ နှစ်ရာနဲ့ချီပြီးမှ ၁၉၄၈ဖြစ်ခဲ့တာပါ။
နောက်တစ်ခုက ပြည်ပအစိုးရ တစ်ခုခုက လက်နက်နဲ့ဝင်ရောက်ပြီး အစိုးရဖြုတ်ချပစ်ချခြင်းတွေမှာလဲ ပထမအ၀င်ခံရတဲ့ ဒေသရဲ့ ပထ၀ီအရင်းအမြစ်တရပ်ရပ်ကြောင့် (သို့) အစိုးရတရပ်ရပ်က အောက်ခြေလွတ်ပြီး ဘယ်သူ့မှ လူမထင် ပြုမူလာခြင်း (ပုဂ္ဂိုလ်ရေးဆန်ဆန်) ရိုင်းပြစော်ကားတဲ့အခါ လက်နက်သာတဲ့သူက ၀င်ချလာတာပါဘဲ ဥပမာ - ကိုဆိုဗို၊ အီရပ်၊ ဗင်နီဇွဲလား၊ ကိုလံဘီယာ နောက် အီရန်၊ မြောက်ကိုရီးယား၊ အာဖဂန် နမူနာလိုပါဘဲ။
ဆိုလိုချင်တာက အတော်လှန်ခံရမဲ့ အစိုးရရဲ့ အပြုအမူပေါ် မူတည်ပြီး တစ်ယောက်ခြင်း၊ တစ်စုခြင်း၊ ပြည်တွင်းအများစု၊ ပြည်ပအများစုက အတင်းတွန်းစရာမလိုဘဲနဲ့ကိုဖြစ်လာခြင်းပါ။
ဘယ်ပုံစံနဲ့ဘဲဖြစ်ဖြစ် တစ်ယောက်ခြင်းရင်ထဲမှာ အစိုးရမကောင်းဘူး ဆိုတဲ့စိတ် လက်တွေ့ဘ၀နဲ့ တူနေတဲ့ အခြေအနေဟာ တော်လှန်ရေးစဉ်ဆက်မပြတ်ဖြစ်နေမှာပါ။ အချိန်တခုဆုံမှတ်ရောက်တဲ့အချိန်မှာပွဲပြီးဆုံးမှာပါ။
ဒီဘက်ခေတ်သစ်မှာတော့ မီဒီယာဟာ တော်လှန်ရေးတရပ်အတွက် အလွန့်အလွန် အရေးပါတဲ့ တိုက်ပွဲဝင်လက်နက်ဆိုတာ ကြိမ်းသေပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အစိုးရမကောင်းကြောင်း အပြစ်ပြောဆိုခြင်းကအစ၊ ၀တ္တု၊ကဗျာ၊ဆောင်းပါး၊ လက်ကမ်းစာစောင် ပိုစတာ အလယ် ရေဒီယို၊ ရုပ်သံ အင်တာနက်အထိ အပါသလို တိုင်းပြည်ပတ်လည် လက်နက်ကိုင်တွေလဲ ပါဝင်မှာပေါ့ အခြေအနေအရ ဆန္ဒပြပွဲတွေလဲ နွဲကြမှာပေါ့။
အကြောင်းအကျိုး ဟီးရိုးနံမည်ထွက်တွေလဲ ရှိလာနိုင်သလို အညတြ အမည်မဲ့တွေလဲ အများကြီးရှိမှာပါဘဲ။ အားလုံးဟာ တော်လှန်ရေးသမားတွေချည်းပါဘဲ။ ဒီအပေါ်မှာ ဘယ်နည်းနဲ့မှဆိုတာ ပုံသေမထားသင့်ပါဘူး။
တိုင်းရင်းသားတွေ၊ ဆရာစံတို့တွေရဲ့ အကျိုးဆက်က ဗိုလ်ချုပ်တို့ကို မွေးထုတ်လိုက်သလိုပါဘဲ။
ထိုင်းမှာဆိုလျှင် အာဏာတခါသိမ်း တခါအခြေခံဥပဒေစာအုပ် တစ်အုပ်ထွက်သလိုဘဲ။ အခြေခံဥပဒေဟာ ဘယ်လောက်အရေးကြီးကြီး အုပ်ချုပ်တဲ့သူ အစိုးရအဖွဲ့ရဲ့ ပြုမူပုံက ပိုပြီးအရေးကြီးပါတယ်။
မျှော်လင့်ပါတယ်။ ဒီ န.အ.ဖ အစိုးရဟာ အစွမ်းကုန်ပြည်သူတရပ်လုံးကို ဘက်ပေါင်းစုံက ဖိနှိပ်ပါစေ၊ ဖျက်ဆီးပစ်ပါစေ၊ အောက်ခြေလွတ်ပြီး ပြည်ပနိုင်ငံတွေ အထူးသဖြင့် ဥရောပနဲ့ အမေရိကတို့လိုပါ နက်နက်ရှိုင်းရှိုင်း စော်ကားပါစေ။ လုံးဝ အမြစ်ပြတ်ချုပ်ငြိမ်းမဲ့ လမ်းကြောင်းဆီကို မြန်မြန်သွားနေလေဖြစ်မှာ မလွဲပါဘူး။ နောင်ဘယ်လိုအစိုးရတဖွဲ့ဖြစ်လာအုံးမလဲတော့ မဆိုနိုင်ပါဘူး။
ယခုအများစုရဲ့ ရင်ထဲကတော့ အင်္ဂလိပ်မရှိလျှင်ပြီးရော ဂျပန်လာလာ ဖြစ်ခဲ့သလိုပါဘဲ သူတို့အဖွဲ့မရှိရင်ပြီးရော ဘယ်သူလာလာ နောက်မှကြည့်လုပ်တာပေါ့ ဆိုတဲ့ ခံစားမှု့တွေ လွှမ်းမိုးလာပါပြီ။ အဲဒါကိုက တော်လှန်ရေးစိတ်ပါဘဲ။
အနှစ်ချုပ်ရရင် ဘယ်နည်းနဲ့ဖြစ်ဖြစ် တော်လှန်ရေးဆင်နွဲပါ။ ကောင်းတယ်။ နောက်ကွယ်ကနေ လေစစ်ပွဲဖြစ်ဖြစ်၊ ရှေ့ထွက်ပြီး ရဲရဲတောက်ဘဲဖြစ်ဖြစ် ကိုယ်သန်ရာနည်းနဲ့ပေါ့၊ နောက်ဆုံးကိုယ့်သားသမီး မိတ်ဆွေအမျိုးတွေကိုက အစ အစိုးရမကောင်းကြောင်း စကားလေး တစ်ခွန်းဖြစ်ဖြစ် ပြောဖြစ်ကြရာကအစ ........ ။
တို့ခေတ်ကိုတော့ ရောက်ကိုရောက်ကြမှာပါ။ ကျွန်တော်တို့ မှီချင်မှမှီမယ်၊ မမှီချင်လဲ မမှီပါဘူး။ ဒါကတော့ ကိုယ့်ကံသူ့ကံပေါ့။ တော်လှန်ရေးနည်းစနစ်တွေနဲ့ ပတ်သတ်လို့ အငြင်းမပွားသင့်ပါဘူးနော်။
မှတ်ချက်။ ။ တံခါးဖွင့်ရင် လေသန့်ရော၊ ညှော်နံပါ ၀င်မှာပါ့။ ညှော်ကတော့ ရှုဆေးနဲ့ကာပေါ့။ နည်းနည်းတော့ အရောအနှောရှိမှာလဲ လက်ခံထားရမယ်။

ကဒေါင်းသစ်

မေငြိမ်း said...

comment ၀င်ရေးဖို့ ပြင်နေတာ ကြာပြီ။ ခက်တာက ကိုယ်ပြောချင်တာတွေအားလုံးလိုလိုကို ရှေ့မှာ ထောင့်စုံ ပြောသွားကြပြီ။ ကျမကတော့ မျိုးဆက်သစ်လူငယ်လေးတွေပြောသွားတာဟာ တော်တော်မပြည့်စုံဘူးလို့ မြင်ပါတယ်၊ သူတို့လေးတွေပြောသွားတာဟာ နှစ်၂၀လုံး ဖြတ်သန်းလာတဲ့ ပုံစံပါပဲ။ ခုထိ ပေးဆပ်လိုက်ရတဲ့အရင်းအနှီးတွေသာ အဖတ်တင်တဲ့ နည်းဖြစ်နေတာပါ။ တကယ်တော့ မဟတ္တမဂန္ဓီကို ပြောရင် ဆူဘတ်ချန်ဒရာဘို့ရဲ့ တပ်တွေကို မေ့ထားလို့ မရပါဘူး။ ဒါကြောင့် ပြည်တွးပြည်ပ နည်းစုံသုံးပြီး အားသွန်ခွန်စိုက် တကယ် တိုက်ကြကဖို့ ပဲ လိုတယ်လို့သာ ပြောပါရစေတော့..။ အားလုံး.. တကယ်.. လုပ်ကြဖို့သာ လိုပါတယ်။

Unknown said...

ကျွန်တော်စဉ်းစားမိတဲ့ လက်နက်ကိုင်တော်လှန်ရေး နဲ့ ပတ်သက်တာလေးပါဗျာ…ပြီးခဲ့တဲ့ စက်တင်ဘာမှာ ကျွန်တော်တို့ ရွှေဝါရောင်တော်လှန်ရေး ဖြစ်တော့ ကျွန်တော့်သူငယ်ချင်းတ
မီးလ်တစ်ယောက်ကမေးတယ်ဗျာ…မင်းတို့ ဘာမှပြန်မလုပ်ကြဘူးလားလို့ …သူဆိုလိုတာက
လက်နက်ကိုင်ပြီး ပြန်မတိုက်ကြဘူးလားလို့ ပေါ့လေ…ကျွန်တော့်မှာ သူ့ ကိုဖြေစရာအဖြေမရှိခဲ့
ပါဘူး…သူကထပ်မေးတယ်…နိုင်ငံခြားရောက်နေတဲ့ကျွန်တော်တို့ နိုင်ငံသားဘယ်လောက်ရှိလဲ
လို့ ပေါ့လေ…ကျွန်တော်က ထိုင်းနယ်စပ်ကလူတွေ မပါဘူးဆိုရင်တစ်သန်းလောက်ပဲရှိလိမ့်
မယ်ထင်တယ် ဆိုတော့ သူက အဲဒီ့တစ်သန်းထဲက ဘယ်နှစ်ယောက် ဒီလိုဖြစ်နေတဲ့အချိန်မှာ
လက်နက်ကိုင်ဖို့ လုပ်လဲ ဆိုတော့လဲ ကျွန်တော်ဖြေစရာမရှိခဲ့ပြန်ဘူး…ဟုတ်တယ်ဗျာ..ဒါကျွန်
တော်ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေတာပါ…တခြားသူအပြစ်တင်နေတာမဟုတ်ပါဘူး..ကျွန်တော်ကိုယ်တိုင်လဲ ဒီတိုင်းပဲထိုင်နေမိခဲ့တာကိုး…ဒီတော့ဗျာ..ကျွန်တော်ဆိုလိုချင်တာက လက်
နက်ကိုင်ဖို့ ဘယ်လောက်ခဲယဉ်းသလဲဆိုတာပါ…လူတစ်သန်းထဲကလူဆယ်ယောက်တောင်မ
ထွက်နိုင်ခဲ့ဘူး…ကျွန်တော်တို့ နိုင်ငံခြားရောက်နေတဲ့သူတွေဘာလုပ်မလဲ…သံရုံးရှေ့ ဆန္ဒပြ
မယ်..ဘလော့ရေးမယ်…အလှုငွေကောက်မယ်..ဒါပါပဲ…ဒီ့ထက်တစ်ရွေးသားမှမပိုနိုင်ပါဘူး…
ကျွန်တော်တို့ အနေအစားကို တစ်စက်ကလေးမှကျွန်တော်တို့ အပျက်မခံနိုင်ပါဘူး….ဒီတော့
ကျွန်တော်စိတ်ကူးကြည့်တယ်…အဲဒီ့လူတစ်သန်းကို ပြည်တွင်းကို စိတ်ထဲက ပြန်ရွှေ့ ကြည့်
တယ်…ဒါဆိုရင် အဲဒီ့လူတစ်သန်းထဲက အနည်းအကျဉ်း စက်တင်ဘာမှာ ပူးပေါင်းပါဝင်ကြမယ်
ဒါလဲအနည်းအကျဉ်းပဲ…တစ်သန်းထဲက တစ်သိန်းထွက်မှာမဟုတ်ဘူး…ကျွန်တော်သိချင်တာ
ကသတ္တိရှိအောင် ဘယ်လိုလုပ်ရမလဲ ဒါကိုပါ…တော်တော့်ကိုမလွယ်တဲ့ကိစ္စပါ…ပြည်တွင်းမှာ
ကိုယ်တိုင်ထောင်ကျခံပြီးဖြတ်သန်းဖူးတဲ့ အစ်မကြီးခင်မင်းဇော်ဆိုပိုပြီးတော့ကိုလေးလေးနက်
နက်သိပါလိမ့်မယ်…တစ်ကယ့်ကိုပဲ ကိုယ်ထိလက်ရောက်ပါဝင်ဆင်နွှဲဖို့ ကျွန်တော်တို့ ကိုယ်ကျိုးစွန့် အနစ်နာခံရဲတဲ့ စိတ်ကို ဘယ်လိုတည်ဆောက်မလဲ…အဲဒါလေးအကြံဥာဏ်ပေး
နိုင်သူရှိရင်ပေးပါ လို့ ကျွန်တော်ဆွေးနွေးလိုပါတယ်…မြန်မာနိုင်ငံအရေးစိတ်ဝင်စားတာကောင်း
ပါတယ်…ဒီလို စိတ်ဝင်စားသူတွေကြောင့်ပဲ စင်ကာပူက လမ်းပြကြယ်စာကြည့်တိုက်တို့ ဘာတို့ ပေါ်လာတာပဲလေ…ဒါပေမဲ့ဒီ့ထက် အဆင့်ကို ဘယ်လို မြှင့်ရမလဲ…နည်းလမ်းလေးရှိရင် ညွှန်ပြပေးကြပါဦးဗျာ….ကိုယ့်ပေါင်ကိုယ်ပဲလှန်ထောင်းပါ့မယ်…ဘယ်သူ့ကိုမှမရည်ရွယ်ပါဘူးဗျာ…ကိုယ့်ကိုယ်ကိုယ်ပဲ ရည်ရွယ်ပါတယ်….အစ်မကြီးတို့ သတ္တိရှိရှိ နဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့
စိတ်ကို ဘယ်လိုမွေးမြူခဲ့ပါသလဲ….ပင်ကိုမူလကိုက အတ္တနည်းပါးသူမို့ လား…တခြားဘာတွေနဲ့ ဖြည့်ဆည်းခဲ့သလဲ….ပြောပြပေးပါခင်ဗျာ….လေးစားလျက်…မိုးဇော်

M.Y. said...

ဆွေးနွေးနေကြတာအားရစရာကြီးပဲ။ ဒါပေမယ့် အထက်က a ဆိုတဲ့လူရဲ့  ဆွေးနွေးချက်လိုမျိုးက ဘယ်သူကဘယ်က ဆိုတာဘယ်လိုမှခွဲလို့ မဖြစ်နိုင်တော့ဘူးလေ။ ဒီလို ဘာသာစကားနဲ့  ဒီလို brain storm မှာလာပြောနေတာ မသင့်တော်ဘူးဆိုတာ အလေးအနက်လာရောက်ဆွေးနွေးတဲ့လူတွေက ကျင့်ဝတ်အဖြစ်သိထားပေမယ့်၊ a ဆိုတဲ့လူမှတ်ချက်ပေးသလိုမျိုးပုံစံက ရည်ရွယ်ချက်ကို လမ်းလွဲအောင်၊ ဆွေးနွေးချက်တွေကြိ အဆင့်အတန်းနိမ့်ကျသွားအောင်တမင်ရည်ရွယ်ချက်နဲ့ နှောက်ယှက်တယ်လို့ ယူဆတယ်။

နောက်တစ်ခုက ကိုယ်တင်ပြတဲ့ strategies တွေ ကို ဒီမှာပွင့်ပွင့်လင်းလင်းတင်ပြနေကြတာက နည်းနည်းစဉ်းစားသုံးသပ်ဖို့ လို လာပြီ။ ဘာလို့ လဲဆိုတစ်ချို့ သုံးသပ်တင်ပြထားတာလေးတွေက တော်တော်တန်ဖိုးရှိနေတော့ စစ်မထွက်ခင်ရန်သူကို ကိုယ်လာမယ့်လမ်းကြောင်းနဲ့ အင်အားကြိုသတင်းပို့ ထားသလို မျိုးဖြစ်နေမယ်ထင်တယ်။

ဆွေးနွေးပါဆိုရင်တော့ ဒီ နည်းပရိယာယ်တွေဒီမှာ အသေးစိတ်ဆွေးနွေးမယ့်အစား….ကျွန်တော်ကတင်ပြခဲ့ဖူးတဲ့  ဗိုလ်ချုပ်အောင်ဆန်း ရဲ့ လုံးဝလွတ်လပ်ရေး ဆိုတဲ့ ၂၀၀၈ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပို့ စ်မှာ နယူးဒေလီ အင်တာဗျူးမှာ ဗိုလ်ချုပ်ပြောသွားတဲ့ စကားလေးတွေပဲအမှတ်ရမိတယ်။

“အမေး ခင်ဗျားရန်ကုန်က ထွက်မလာခင်မှာခင်ဗျားအချက်ပြခဲ့ဖူးတာက အကယ်၍ခင်ဗျား တို့ တောင်းဆိုချက်တွေကို ကျေနပ်လောက်အောင် မရရှိခဲ့ဖူးဆိုရင် ခင်ဗျားက လွတ်လပ်ရေးအတွက် အခြားတိုက်ပွဲတွေ ထပ်နွှဲ ရလိမ့်မယ်လို့ ဆိုတယ်နော်။ ခင်ဗျားက ဒါကို အကြမ်းနည်းနဲ့ လား ၊ အကြမ်းမဖက်တဲ့ နည်းနဲ့ တိုက်ယူမှာလား။ ဒါမှမဟုတ်နှစ်မျိုးစလုံးနဲ့ လား။

ဗိုလ်ချုပ် ကျွန်တော်တို့ ကတော့ ဘယ်လိုနည်းလမ်း မျိုး ကို မဆှို ကန့် သတ် ထားချက် ဆိုတာ မရှိဘူး..ဟက်..ဟက်.(ရယ်မောလျက်)”

အဲဒိစကားလေးပါပဲ..
၈၈တုန်းကလဲ မဆလ ဒေါက်တိုင်ကြီး ဗုံးဗုံးလဲသွားစေတဲ့ ကြွေးကြော်သံ ဗျူဟာ (strategies) တွေထဲ ကတစ်ခုဖြစ်တဲ့ ရရင်ရ ၊မရရင်ချ၊ တဲ့..နောက်တော့ ဒီမဆလအာဏာရှင်စနစ်ကိုမုန်းတီးလွန်းတာရော၊ တစ်တိုင်းပြည်လုံး အုံကြွကန့် ကွက်လာတဲ့လူထုအင်အားကြောင့်ရောကြောင့် ရရင်ရ ၊မရရင်ချ၊ တင်မကတော့ပဲ.. ရရင်ရ ၊မရရင်ချ၊ရရမ ရရ ချ ဆိုတဲ့အထိကိုအားကောင်းခဲ့တာကြောင့် ဦးနေ၀င်းကို မြန်မာ့အာဏာရှင်ဇာတ်ခုံပေါ်ကဆွဲချနိုင်ခဲ့တယ်။

ဒါပေမယ့် အဲဒိလို ရရမ ရရ ချ ဆိုပြီး ချလိုက်တာ မဆလတခန်းရပ်ပေမယ့်၊ လူတွေအများကြီး အသက်တွေစတေးခဲ့ရတဲ့နောက်ဆုံး ဒီ န၀တ၊ နအဖ အာဏာရှင်မိသားစု၊ဆွေမျိုးတစ်သိုက် ကောင်းစားဖို့  ပဲဖြစ်သွားတယ်။..ဆိုတော့.. ရည်မှန်းချက်ရဖို့ အတွက် ကန့်  သတ်လို့ တော့မဖြစ်တော့ဗိုလ်ချုပ်နည်းလမ်းကိုတော့သုံးရမယ်။

ဒါပေမယ့် ဗိုလ်ချုပ်တိုက်ခဲ့တဲ့ ရန်သူနယ်ချဲ့ ကမှ စားပွဲမှာထိုင်အပြောခံသေးတယ်။ ဒီ နအဖ ကတော့ ငြိမ်းချမ်းစွာပဲဖြစ်ဖြစ်၊ အကြမ်းဖက်ပဲဖြစ်ဖြစ် ဘာနည်းနဲ့ မဆိုသူ့ အာဏာထိပါးလာရင် သူ့ လက်ရုံးတပ်က ပြည်သူကို ပစ် သတ်မှာပဲ။ ကိုယ့်လူမျိုးရယ်၊ ကိုယ့်နိုင်ငံသားချင်း၊ကိုယ့်ပြည်သူရယ်ဆိုပီးစဉ်းစားမှာမဟုတ်ဘူး၊ အာဏာရယ်၊ စည်းစိမ်ရယ် ဆိုတာကလဲ လူကိုရူးတတ်စေတာကိုး။

ဒီတော့ ဗိုလ်ချုပ်ပြောတဲ့နည်းလမ်း အတိုင်း သွားပေမယ့်… အပေါ်က ကိုပေါတို့ မဟော်ဂနီတို့  ဆွေးနွေးသလို ပေါ့…လက်နက်ကိုင်တော်လှန်ရေးဆိုတာထက်..အထိအခိုက်အနည်းဆုံးနည်းလမ်း နဲ့  သွား ရင်ပိုသင့်တော်မယ်ထင်တယ်။ တစ်ကယ်တန်း နံပါတ်တစ်ကြီး ကို ဖြုတ်ချပြီးဆိုရင်လဲ ပွဲသိမ်းရုံတင်မက ၊ အဲဒိသွေးထွက်သံယိုဖြစ်တာနဲ့ တန်မယ့်အကျိုး ရလာဒ်ဖြစ်စေမယ့်ဗျူဟာတွေချမှတ်ပြီးပြီလားသုံးသပ်ဖို့ လိုပါတယ်။ ဆိုလိုတာက လက်ရှိနအဖ ပြုတ်ရုံနဲ့ မပြီးတော့ အဆုံးထိသွားမယ့်ရေရှည်ဗျူဟာတွေနဲ့ မှရလိမ့်မယ်…ဒီအဆင့်က ပြည်သူလူထုတစ်ရပ်လုံး တပ်မတော်သားတွေပါအပါ..အားလုံးပြုပြင်ပြောင်းလဲချင်စိတ်နဲ့  လုပ်မှရမယ်ထင်တယ်…မဟုတ်ရင် လူတွေအများကြီးထပ်စတေးခံရပြီး နောက်ဆုံးတော့ နောက်က အနာဂါတ် နအဖ ၂..နအဖ ၃..နအဖ ၄…မိသားစုတွေ၊ အမျိုးအနွယ်တွေ တက်စားသွားဖို့  ပဲဖြစ်သွားမှာပဲ…

အဆုံးသတ်ရရင်တော့….အာဏာရှုင်ဦးနေ၀င်းကြီး ရှိနေသမျှ မြန်မာပြည်မွဲပြာကျတော့မယ်ဆိုတဲ့အမြင်မျိုးရှိခဲ့တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့် ကို ပဲ သတိရမိတယ်…

Unknown said...

နအဖသားသမီး၊သမက် စစ်ခွေးတွေနဲ့ စစ်ခွေးအောက်ဆွဲ အလိုမရှိဗျို့..

စိုးထက်က ဗိုလ်ချုပ်သမက် စိုးမြနန္ဒာသက်လွင်က ထောက်လှမ်းရေးက ဒုတိယဗိုလ်ချုပ်ကြီးတယောက်ရဲ့သမီး
ဦးလေးအဒေါ်က သူမငယ်ငယ်ထဲက USA ကိုခေါ်ယူမွေးစား၊ အဖေရင်းအမေရင်းက မြန်မာပြည်မှာရှိ အဖေကထောက်လှမ်းရေးက ဒုတိယဗိုလ်ချုပ်ကြီးဖြစ်၊ ခိုင်မာသောသက်သေများပြနိုင်.. စိတ်ဝင်စားလျှင်ဆက် ကွန်မန့်ပွတ်၊ အချိန်ကုန်ခံလာအော်ပေးမည်ဖြစ်၊

ခိုင်လုံတဲ့အထောက်အထား၊ သက်သေတွေရှိပြီးပြောနေတာနော် အဲဒီ ၂ယောက်သတိထား။ တွေ့ရာင်္သချိုင်း ဓါးမဆိုင်းဘူးဟနော် Blog မှာတွေ့လဲဆော်မှာပဲ အပြင်မှာတွေ့လဲ သတ်လို့မရတောင် ရတာနဲ့ဆော်မှာပဲကွာ

Unknown said...

အဟား...အတော်လေး ဖတ်လိုက်ရတယ်ဗျာ...ကောင်းလိုက်တာ .၇ယ်ဖို့..ဟားဟားဟား။ လေမိုင်းခွဲရုံ သက်သက်ပဲလား...တခါလာလဲ ပြည်သူ ..တခါလာလဲ ပြည်သူနဲ့ လွှဲလွှဲ ချနေလိုက်ကြတာ ..သိပ်ရယ်ရတာပဲနော်...ဒါနဲ့ ပြည်သူဆိုတာ ပြည်မြို့က အမျိုးသမီးတွေကို ပြောတာလားဟင်....