Monday, August 31, 2009

တို့တူတူ လက်ချင်းတွဲလို့လေ....

ကျမတို့ စုံတွဲ မနက်စောစော မုန့်စားထွက်ဖြစ်ရင် အမြဲ လမ်းလျှောက်ဖြစ်တယ်။ အဲဒီအခါကျ စကားက အဆက်မပြတ်ပြောဖြစ်ကြတာ ပုံမှန်ပဲ။ နေ့စဉ် ညဘယ်လောက်နက်နက် မနက် သားကိုကျောင်းပို့ဖို့ စောစောထရမြဲ။ ကျမက စားဖို့သောက်ဖို့ ပြင်ဆင်ပေးတာကို သားက စားပြီး မနက် ၇ နာရီခွဲတာနဲ့ သူ့အဖေက ကျောင်းလိုက်ပို့ရတာကိုး။

ကျောင်းပို့ပြီး ပြန်လာရင် မုန့်ဟင်းခါးစားမယ်ဆို မုန့်ဟင်းခါးဆိုင်၊ နန်းကြီးသုတ်စားမယ်ဆို နန်းကြီးသုတ်ဆိုင်၊ တို့ဟူးနွေးဆို တို့ဟူးနွေး၊ လက်ဘက်ရည်ဆိုင် ကိုတော့ ထိုင်ဖြစ်တာ များတာပေါ့။ ကျမတို့ ၂ယောက်လုံးက မုန့်ဟင်းခါးကို လဘက်ရည် နဲ့ ပဲပြုတ်နံပြား၊ အီကြာကွေး လောက် မနှစ်သက်တာချင်းတူတာကိုး။ အဲဒီလို သွားတဲ့အခေါက်တိုင်း စကားတပြောပြောနဲ့ ဟိုလူက ဘယ်လို ဒီသတင်းဖတ်ပြီးပလား၊ ကြားပြီးပလား စသဖြင့် ရယ်စရာ မောစရာတွေရော သတင်းစကားတွေရော ပြောဖြစ်နေတာပဲ။ လမ်းလျှောက်ရင်း စကားမပြောပဲ ဒီတိုင်းသွားနေရတာလဲ အလုပ်မှမဟုတ်တာနော်။ အဲဒီအခါတိုင်း လမ်းတလျှောက်တွေ့တဲ့ လူတိုင်းက ဒီလင်မယား အိမ်မှာ စကားမပြောဖြစ်ကြလို့ လမ်းထွက်စကားပြောတာလားတဲ့။ ပြောစရာ မကုန်နိုင်ဘူးလားတဲ့။ အဲဒီလို ပြောတိုင်း ကျမတို့ ၂ယောက်က ရယ်မိကြတယ်။

တကယ်က ကျမတို့ အိမ်မှာဆိုရင် ကိုယ့်ကွန်ပျူတာရှေ့ ကိုယ်ထိုင်ပြီး ကိုယ့်အလုပ် ကိုယ်လုပ်နေတာများတာပါပဲ။ ကျမက အပြင်များများထွက်ရသလို ကျမ အိမ်မှာ ရှိနေပြန်တော့လဲ သူကလဲ သူ့အလုပ်နဲ့ အပြင်ထွက်ရတာတွေ ရှိနေပြန်ရော။ တအိမ်ထဲမှာ မနက်စာ ထမင်းတူတူ မစားဖြစ်ကြသလို ညစာကိုလဲ ကြုံရာစားတာများလာလို့ ညစာတော့ တူတူစားရအောင်လို့ မနည်းစုစည်းထားရတာလေ။

တရက်တော့ အိမ်ကိုလာတဲ့ မိတ်ဆွေတယောက်က ကျမရော သူရော ကွန်ပျူတာရှေ့ထိုင်နေကြတော့ သူ့နားတခါရပ် ကျမနားတခါရပ်ပြီး အော်ရယ်လိုက်တာ တဟားဟားပဲ။
ဘာလို့လဲ သိလား။

သူ ကျမပီအေနားသွားရပ်တုန်းက တုန်ကနဲ ဆိုပြီး တက်လာတဲ့ ချက်ဘောက်မှာ လဘက်ရည်သွားသောက်ဦးမလား လို့ မေးတဲ့စာတန်း ထွက်လာတာတွေ့လို့ ကြည့်လိုက်တော့ ကျမရဲ့ ခင်မင်းဇော် နာမည်နဲ့။
နောက် ကျမနောက်နား လာရပ်ပြီး ကြည့်တော့ ဗွီဒီယို အက်ဒစ် လုပ်နေတာကိုးလို့ တွေးမိတုန်း တုန်ကနဲ တက်လာတဲ့ ချက်ဘောက်က ကိုမင်းဇော်တဲ့။ နောက်နာရီဝက်လောက်ကျ သွားမယ်လေ ဆိုတဲ့ စာတန်းကို ဖတ်ပြီး သူမအောင့်နိုင်ပဲ တဟားဟား ရယ်တော့တာပဲ။ ဒီတော့မှ ကျမက သူ ကျမနောက်နားလာရပ်တာကို သိတော့တာ။
ဘာရယ်တာလဲ ပေါ့ မေးတော့မှ
ခင်ဗျားတို့ ၂ယောက်ကလဲ ပါးစပ်ကပြောတောင် ကြားနေတာကို စာရိုက်ပြောနေတာ ကျနော်ဖြင့် တကယ်ရယ်ချင်တာတဲ့။
ပါးစပ်က အသံထွက်ပြောရမှာ ပျင်းသွားလို့ ... စာပဲ ရိုက်လိုက်တော့တာ လို့ ကျမက ပြန်ဖြေတော့
ဒါ ခေတ်မှီ အိမ်ထောင်သည်တွေရဲ့ ဆက်ဆံရေး ဖြစ်သွားပြီထင်ပါတယ်တဲ့။
ကိုယ်စီကိုယ်ငှ ကိုယ့်ကွန်ပျူတာရှေ့မှာထိုင်ပြီး တကမ္ဘာလုံးက မိတ်ဆွေတွေနဲ့ စကားပြောနေရင်းက တအိမ်တည်းအတူနေသူချင်းက တဖြည်းဖြည်း ဝေးသွားဦးမယ်တဲ့။

သူက တွေးတွေးဆဆ ပြောပြတာမို့ ကျမတို့လဲ သေချာစဉ်းစားမိပြီး ဟုတ်တယ်။ အဲလိုဖြစ်နေပြီဆိုပြီး နေမှုပုံစံသစ်ပြောင်းဖို့ ပြင်ဆင်ကြတာပေါ့။
အဲဒါနဲ့ အစပိုင်းမှာ ရေးထားသလို ကျမတို့ အလုပ်မရှိတဲ့ နေ့တွေမှာ မနက်ပိုင်းတွေကို တူတူလမ်းလျှောက်အပြင်ထွက်ကြတယ်။ စကားတွေပြောကြတယ်။
ပတ်ဝန်းကျင်အကြောင်း ....
အိမ်နီးချင်းတွေအကြောင်း.....
သူ့ဆွေမျိုး ကိုယ့်ဆွေမျိုးအကြောင်း ......
သူ့မိတ်ဆွေ ကိုယ့်မိတ်ဆွေအကြောင်း ...
သားနဲ့ ပတ်သက်တဲ့အကြောင်း.....
အလုပ်ထဲက မပြေလည်မှုတွေ ပြေလည်မှုတွေအကြောင်း......
တခါတလေ အတိတ်အကြောင်း...
တခါတလေ အနာဂတ်အကြောင်း.....
ပြီးတော့ တယောက်လက်ကို တယောက်ဆွဲပြီး ရယ်စရာတွေကို တူတူရယ်မောခဲ့ကြတော့တယ်။
မိုးတွင်းကုန်ရင်တော့ ညနေပိုင်းတွေမှာပါ အချိန်ယူလမ်းလျှောက်ဦးမယ်လို့လဲ စိတ်ကူးထဲမှာ စီစဉ်ထားပါပြီ။
ကျမတို့နဲ့ တူတူလမ်းလျှောက်ကြမယ်လေ.... လိုက်မယ်မဟုတ်လားးး။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Wednesday, August 19, 2009

ဦးကြည်မောင် ကွယ်လွန်ခြင်း ၅နှစ်ပြည့်

ဒီနှစ်ဘဘဦးကြည်မောင် ကွယ်လွန်ခြင်း (၅) နှစ်ပြည့် (ကျမတို့အိမ်မှာ ကျင်းပနေကျ ) ဆွမ်းကျွေးမလုပ်ဖြစ်ပါဘူး။ အခြေအနေ အခက်အခဲတွေကြောင့် ဘလော်ဂါ လမင်းခင်နဲ့ အတူ ဒီအထိမ်းအမှတ်ပွဲကို မပြုလုပ်နိုင်မှုအပေါ် စိတ်မကောင်းလဲ ဖြစ်မိပါတယ်။ ဘဘဦးကြည်မောင်ဆိုတာ ကျမတို့ လေးစားအားကိုးတဲ့ ခေါင်းဆောင်ကောင်းတဦးပါ။ သူ့အကြောင်း ဆောင်းပါးလေး တပုဒ်ဖြစ်တဲ့ သူရဲကောင်းသို့ နှုတ်ဆက်ခြင်း ကို ကျမဘလော့မှာ တင်ပေးဖူးတာမို့ ဒီနှစ်လဲ အဲဒီဆောင်းပါးလေးကို ဖတ်ဖြစ်အောင် ပြန်ဖတ်ပေးစေချင်ပါတယ်။
Rest of your post

Sunday, August 16, 2009

ရင်ထဲမှာ…..


ရင်ထဲမှာ…..

ကိုယ်က တိတ်တဆိတ်လေးပဲ လွမ်းနေချင်တော့တဲ့သူပါ။
တကယ့်ကို အတွင်းစိတ်နဲ့အပြင်စိတ်ဆိုတာ ပါးပါးလျားလျားလေးပါလားးးးတဲ့။
သူတခါက ပြောခဲ့ဖူးတယ်….။
လွမ်းတယ်…

(တစ်)

နင်ငါ့သူငယ်ချင်းကို ပြန်မကြိုက်ဖူးလားးးးး
ခပ်မာထန်ထန်အပြောကို ခေါင်းခါရင်း ကြိုက်စရာလား။ ဒီလူနဲ့ဒီလူ ဆိုတော့ အံ့သြတဲ့ မျက်ဝန်းကို သရုပ်ဆောင်ပြခဲ့သေးတာပဲ။

(အချစ်မျက်လုံးများ မကြည့်နိုင်စွမ်းတော့
အနံ့အဆင်းမဲ့တဲ့ အလေ့ကျပန်းလို
မျက်လွှာချပြီး တစ်ဖက်ကို လှည့်မိတယ်
သြော် ပုန်းရှောင်ခြင်းနဲ့ ရင်ဆိုင်ခြင်းရဲ့အလယ်)

(နှစ်)
နင်တော့ သိပ်ရိုင်းတယ်ဟာ။ အရက်သောက်တယ် လူလည်ခေါင်မှာလဲ ငါ့ကို လာရမ်းသေးတယ်…. နင်က ဘာဖြစ်နေတာလဲ… အဲဒီနင့်သူငယ်ချင်းကို ငါကမကြိုက်တာနဲ့ နင်က အရက်သောက်ရသလား……
(ဘာကြောင့်များလဲ နားမလည်စိတ်နဲ့ သံသယ မဖြစ်ပါနဲ့ အချစ်နှင်းဆီဖြူ…. ကိုယ့်မှာ နှလုံးသား….. မရှိတော့လို့ပါ……)
ညဘက်တွေမှာ အိမ်ရှေ့မှာ လာဆိုတဲ့ သီချင်းက အဲဒီတပုဒ်ကလွဲပြီး ဘာမှမရှိတော့ဘူး ထင်ပါရဲ့….

(သုံး)
နင်တို့ အုပ်စု ကြွက်နီတို့နဲ့ မခေါ်ဘူးဆို….
စကားမပြောတာပါ….
ဘာဖြစ်လို့လဲ ..
ပြောစရာမရှိလို့….
ငါသွားတာ နှုတ်မဆက်ခဲ့လို့လား…
ဘာမှမဆိုင်ဘူး….
ငါပြန်လာတာပဲလေ.. ဒီနှစ်လဲ သီချင်းမဆိုဘူးဆို… သီချင်းတိုက်ပေးဖို့ အမှီပြန်လာတာ…
…..
….
(..ပျော်ပျော်နေတာ အကောင်းဆုံးပဲ …..လာတခါလောက် ကလိုက်စို့
ဝမ်းတူးသရီး ဟောဒီလိုရှိတ် ရော့အန်ရိုးးးးးးး)
….
ဒီညနင်ဆိုတာ အကောင်းဆုံးပဲဟ …..
အလေ့အကျင့်ပဲ သိလား သေချာပြင်ဆင်….သေချာကျင့်ရင် ဘာမှမခက်ဘူး…
ဒါပေမယ့် စင်ပေါ်မှာ ငါ့ကို ပြန်မကြည့်ပါနဲ့….
ဟမ်….
ငါတို့အကုန်မြောက်ပြီး တီးကြတာလေ
တင်မျိုးလွင်…..ရစ်သမ်သမား ဂစ်တာကြိုးပြတ်သွားတယ် သိလိုက်လားးးးး ဟားဟား

(နောက်ကျိတဲ့ရေဟာ ရေကြည်တွေလို မပြတ်သားနိုင်
ပြုံးနိုင်ရယ်နိုင်သော်လည်း မချစ်နိုင်တဲ့လူ
သြော် မဝေးရဲ မနီးရဲ..)

(လေး)
အားလုံးအခြေအနေက ပုံမှန်ပဲလား…
အဲဒါ ဘယ်သူက ဘယ်သူ့ကို မေးတာလဲ….
အော်.. ကိုအောင်နဲ့ မိုးသီတာ ယူလိုက်တော့ လူတွေက ငါတို့ အုပ်ကို တမျိုးထင်မလားလို့…
ဘာဆိုင်လဲ …
အလကားပါ… ပြောစရာရှိလို့… အားလုံးကိုပါ… ဒီနှစ်တော့ မိဘတွေဆီ လိုက်နေတော့မလို့
အင်းးးး ကောင်းပါတယ်…..
စုစု … နင်တို့အိမ်မှာ ထမင်းလာစားတုန်းကလေ နင့်အဖေက ငါ့ကို ဗေဒင်တွက်ပေးသေးတယ်..
ဟမ် ငါတောင်မသိပါလား..
ဟုတ်တယ် … သူက မင်းတနေ့ နာမည်ကျော်ကြားတဲ့ အနုပညာရှင်တယောက်ဖြစ်မယ်တဲ့…
နင်က ယုံလို့လား… ငါ့အဖေပြောတာ..
ဟားဟား… မပြောဘူး…ဒါပေမယ့် နင်ကြိုက်လား အဲလိုဆို......

(ငါး)
ရန်ကုန်တက္ကသိုလ်ကို တက်ချင်လို့မဟုတ်ဘူး နင်ငါ့နောက် လိုက်လာတာ မဟုတ်လား စု…
ဘာပြောတယ် ….
မျက်စောင်းမထိုးနဲ့ … ခုနင်ထိုင်နေတာ ဦးချစ်ဆိုင် တဲ့ မှတ်ထား… ခု ဒီစားပွဲမှာ နင်ရယ် ငါရယ် ၂ယောက်ထဲနော်… သမီးရည်းစားရန်ဖြစ်တယ် ထင်ဦးမယ်..
တော်တော်အူမြူးနေပါလား…..
မထင်ဘူး ဒီလိုဆုံရမယ်လို့ … ပျော်တယ်….
အဲဒီအသံကတော့ တီးတိုးညံ့သက်နေလေတယ်...

(ခြောက်)
နင်ကော်ဖီမသောက်တော့ဘူးလားးးး
ဟုတ်တယ် ရင်တွေတုန်လွန်းလို့ ဆရာဝန်နဲ့ ပြတော့ ကော်ဖီဖြတ်ခိုင်းတယ်။
ဒါဆို လဘက်ရည် ကျစိမ့် မှာလိုက်ပြီ….. ဒီနေရာက တောင်ငူကန်တင်းပေါ့။
နင်က သိပ္ပံသမား ဆိုတော့ ဒီဘက်မှာ လာထိုင်ဖြစ်မယ် မထင်ဘူး။
နင်နဲ့တွေ့တဲ့အချိန်တွေမှာတော့ ထိုင်မှာပေါ့… ဒီနေရာလေး ကောင်းသားပဲ…။
အေး… ခဏနေရင် ငါ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဦးမယ်။
အဲဒါ အောင်ဒူးတဲ့။
အဲဒါ ညီညီသွင်….။
အဲဒါ…. ပန်းချီဆရာ မောင်ဒီ…။
အော် … ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ်… ပြန်တော့မယ်…
နေဦး ငါလိုက်ပို့မယ်…. လှည်းတန်းထိပ်ထိ ပို့ဖို့ အချိန်ရပါတယ်ဟ…။
အင်းးး
အောင်ဒူးဆိုတာ အော်ဂင်တီးတာလား… အင်း
ညီညီသွင် ဆိုတာ သီချင်းရေးတဲ့ တယောက်လား… အေး
မောင်ဒီဆိုတဲ့ လူကြီးက ပန်းချီရေးတယ် ပေါ့… အေးလေ…
အော်… ငါ့အဖေပြောတဲ့ လူ ဖြစ်ဖို့ နီးစပ်လာနေသလိုပဲနော်…
ဟားဟား….
နင်အရက်သောက်ထားလား အခု။
မသောက်ပါဘူး ဘာဖြစ်လို့လဲ…။
လမ်းလျှောက်တာ ငါ့အနားအရမ်းကပ်လာလို့…
ငါသီချင်းဆိုဖို့ အသံသွင်းနေပြီလေ…. အဲဒါဖြန့်တောင်ဖြန့်တော့မယ် …
ဟုတ်လားးး ပျော်နေမှာပဲနော်…..
တနှစ်ကျော်ကျော်လေးမှာ တော်တော်ပြောင်းလဲသွားကြတယ်နော်… အခြေအနေကလေ..
နင်လဲ တိတ်ဆိတ်လှချည်လား စကားများက....

(ခုနှစ်)
ဟဲ့ အဆောင်က အမကြီးကပြောတယ်..
ဘာတဲ့လဲ…။
ဖျာပုံသွားတုန်းက ယူသွားတဲ့ ပိုစတာတွေလေ သူ့ကို တခုပေးခဲ့တယ်မဟုတ်လား…
အင်းး
အဲဒါသူက နင့်သူငယ်ချင်းသီချင်းခွေ ပေါက်တယ်တဲ့ သိလား။ ပြီးတော့ ညရောက်တော့ ကပ်ရပ်ခြံက အဲဒီသီချင်းခွေဖွင့်နေတာ ကြားတယ်
အင်းးးး အဲဒါ နင်ကြိုက်လားးးး အဲဒီအခြေအနေလေ..
ငါ့အဆောင်ကို မလာတော့နဲ့နော်…
ဘာဖြစ်လို့လဲ…
နင် အဆိုတော်ဖြစ်လာတော့ လူသိများလာရင် ရှက်စရာကြီးဟာ….။

(ဘာကြောင့်များလည်း နားမလည်စိတ်နဲ့
သံသယမဖြစ်ပါနဲ့ အချစ်နှင်းဆီဖြူ……
ကိုယ့်မှာ နှလုံးသားမရှိတော့ လို့ပါ
သြော် ဘယ်သူ့ကံလဲ စဉ်းစားမိတယ်)

(ရှစ်)
စကော့ဈေးထဲကို ပတ်သလားးးးးး
ဟမ်…. အေး ဈေးခဏလာတာ.. နင်ရော…
ငါနဲ့ ကြွက်နီနဲ့ နင်တို့ဈေးထဲဝင်လာတာတွေ့လို့ လိုက်လာတာ..
အော်… ကြွက်နီက ဘာလာလုပ်တာလဲ…နင်တို့ တော်တော်မျက်စေ့ကောင်းတယ်..
ငါနဲ့ ခဏလာနေတာလေ… နင်တယောက်လုံးတော့ မြင်ရမယ်လေ...
ဘာဝယ်မလို့လဲ…
ဘာမှမ၀ယ်ပါဘူး ဈေးပတ်တာ…
ဒါဆို လဘက်ရည်ဆိုင်ထိုင်မယ်လေ..
မထိုင်ချင်ပါဘူး…
ဘာလို့လဲ လာပါဟ…
ဟင့်အင်း ခုတောင်ဈေးထဲက လူတွေ ကြည့်နေပြီ သွားတော့လေ ..
နင်က တော်တော်စိမ်းသွားပါလားးး တရုပ်မရဲ့….

(ကြည့်ချင်ခဲ့လည်း မကြည့်နိုင်ရဲရဲ…..
အကွယ်အဖုံးရှိမှ စောင့်မျှော်ကြည့်နေသူ
ဘ၀အထုံအဆက်က နိမ့်ကျလွန်းခဲ့တယ်
သြော် … နှင်းဆီဖြူရဲ့ အဝေးက လူတစ်ယောက်ပါ)

(ကိုး)
သင်္ဘောလက်မှတ်လာဝယ်တာလားးးး
အမ်မလေးးး လန့်တောင်သွားတယ် .. ဟုတ်တယ် အိမ်ခဏပြန်မလို့ ..
နေဦး ဒါ ကျနော့်သူငယ်ချင်းမပေါ့ ဒါကတော့…
သိပါတယ် အဆိုတော် အောင်ရင် မဟုတ်လားးးး
ဘာလာလုပ်တာလဲ သင်္ဘောဆိပ်ကို..
ချောင်းသာသွားမလို့… အဲဒါသင်္ဘောစင်းလုံးလိုက်ငှားလို့ ရလား လာစုံစမ်းတာ…
နင့်ကို မြင်လို့ ဒီဂိုဒေါင်ထဲ ၀င်လိုက်လာတာ ဟဟ..
အင်းးးး ဘာသွားလုပ်မလို့လဲ… အာ မမေးတော့ပါဘူးးးး

(နောက်ကျိတဲ့ရေဟာ ရေကြည်တွေလို မပြတ်သားနိုင်
ပြုံးနိုင်ရယ်နိုင်သော်လည်း မချစ်နိုင်တဲ့လူ
သြော် မဝေးရဲ မနီးရဲ)

(တစ်ဆယ်)
နင် မြင့်မိုးရဲ့ ဂစ်တာသင်တန်းက ကောင်လေးတယောက်နဲ့ ဆို
ဘာဖြစ်လဲအဲဒါ..သတင်းကလဲ မြန်ပါ့...
ကိုယ့်ထက်ငယ်တဲ့လူနဲ့ မကြိုက်နဲ့…
ဘာဖြစ်လဲ ကြိုက်တော့..ဆရာလာမလုပ်နဲ့...
စိတ်ဆင်းရဲရမယ် … မျက်စောင်းမထိုးနဲ့ အကောင်းပြောတာ…

(အချစ်မျက်လုံးများ မကြည့်နိုင်စွမ်းတော့
အနံ့အဆင်းမဲ့တဲ့ အလေ့ကျပန်းလို
မျက်လွှာချပြီး တစ်ဖက်ကို လှည့်မိတယ်
သြော် ပုန်းရှောင်ခြင်းနဲ့ ရင်ဆိုင်ခြင်းရဲ့အလယ်)


(တဆယ့်တစ်)
နင့်ဆိုင်ကလဲ မိန်းကလေးဖို့ချည်းပါလားးး
အင်း နင့်ကောင်မလေးကို ခေါ်လာလေ.. ဟားဟား
ခေါ်ဖို့ ကောင်မလေးလား မလွယ်သေးဘူးလေ..
တကယ်က လူထင်ကြီးခံနေရတာ ဘယ်သူမှကြိုက်သူမရှိ…
နင်တောင်မကြိုက်ဘူး မဟုတ်လားး
ဟေ့ကောင် ရဲသွင်.. ဒီမှာ ကြည့်ထား ငါ့သူငယ်ချင်းက ထောင်ထွက်ကွ..
ဟဲ့ တိုးတိုးပြော .. နင့်မြင်တာနဲ့ ငါ့ဆိုင်ရှေ့မှာ လူတွေအုံလာပြီ..
ဒီမှာ လက်မှတ်ထိုးပေးပါဦးတဲ့ ကဲ … ကိုယ့်အလုပ် ကိုယ်လုပ်ဦးးး

(တဆယ့်နှစ်)
သူကောင်မလေးတယောက်ရဲ့ အကြိုအပို့ လုပ်နေရပြီ ..
အော်… တော်တော်ငယ်လားးး
အင်းးးးး

(တဆယ့်သုံး)
၃၃ လမ်းထဲ ဘာလာလုပ်တာလဲ..
စာအုပ်တအုပ်ထုတ်မလို့ လုပ်နေတာ ….
အော်… လာလေ လိမ္မော်ရေ သောက်ပါဦးးး
အာ… အရက်တွေ ရောထားတယ် မဟုတ်လားးးး
တွေ့လား တရုပ်မကို ညာလို့ မရဘူးးးးး ဒါတွေကို ကြောက်တာ….
ဘာာာာ….
ငါမိန်းမကို နင်မမြင်ဖူးသေးဘူး … အိမ်လိုက်လည်ပါလားးးး
ဟင့်အင်းးး မသိချင်ပါဘူးးးး ရှင်းရှင်းပြောရင် မခင်ချင်ဘူးးးး နားလည်မလားးး
အင်းးးး

(အချစ်မျက်လုံးများ မကြည့်နိုင်စွမ်းတော့
အနံ့အဆင်းမဲ့တဲ့ အလေ့ကျပန်းလို
မျက်လွှာချပြီး တစ်ဖက်ကို လှည့်မိတယ်
သြော် ပုန်းရှောင်ခြင်းနဲ့ ရင်ဆိုင်ခြင်းရဲ့အလယ်…)

(တဆယ့်လေး)
ကျွီ…. ဘယ်သွားမလို့လဲ….
အော်… ကလေးကျောင်းပို့ပြန်လာတာ…လာလေ အိမ်ထဲဝင် …
အင်းးး နင်တို့မင်္ဂလာဆောင် ဖိတ်စာရတယ်…
မလာခဲ့ဘူးလေ…
ဟုတ်တယ်… နင်မှတ်မိလားးး နင်၃၃ လမ်းမှာ ပြောခဲ့တာလေ… ငါ့မိန်းမကို မကြည့်ချင်ဘူး ဆိုတာလေ…
အင်းးးးး အဲဒီတုန်းကလေ လျှောက်ပြောတာပါ..
ထားပါ….
ပြီးတော့ နင် ငါ့သီချင်းတွေကို တခါမှ မဝေဖန်ဖူးဘူး.. နားရော ထောင်ရဲ့လားးး
အင်းးးးးး
နင်ခု အဆင်ပြေလားးး နင့်ယောက်ျားကိုတော့ ချီးကျူးပါတယ်ဟာ..
နင်လိုတာ ရှိလဲ ပြောလေ ငါ့ဖုန်းနံပါတ် အိမ်နံပါတ် နင့်ဆီမှာ အကုန်ရှိနေတာ တခါမှ ဖုန်းမဆက်ဖူးးးး
အင်းးး တခါဆက်ဖူးတယ်…
ဟုတ်လား ဘယ်တုန်းကလဲ ငါမသိပါလားး
နင့်မိန်းမနဲ့ ဆုံတယ် အပြင်သွားတယ်တဲ့.. ငါ့လဲ နာမည်မပြောခဲ့လိုက်ဖူး..
အင်းးး

(တဆယ့်ငါး)
ကလင် ကလင်….
ဟလို စုပါ….
စု … သူဆုံးပြီ…
ဟင်…
ဟိုတလောကပဲ ဖုန်းဆက်တယ် ဒီတခါ သီချင်းသွင်းတာ ပြီးရင် ပုသိမ်မှာ ကြာကြာလာနေမယ်တဲ့ သိလားး ပြောခဲ့တယ်….
သူ ပြောခဲ့တယ်….
….
…..
မပျော်ပါဘူး နှင်းဆီဖြူ
အချစ်မဲ့တဲ့ဘဝ
မပျော်ပါဘူး နှင်းဆီဖြူ
နှလုံးသားမဲ့ဘဝ

ပတ်သက်ခဲ့ဖူးတဲ့ အချိန်တွေ……..

(ပန်ဒိုရာ့ ကဗျာလေးတပုဒ်က ခေါင်းစဉ်နဲ့တင် ကျမကို ဖမ်းစားသွားခဲ့တယ်)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, August 8, 2009

၂၁နှစ် ပြည့်ခဲ့ပြီ.....

8888
နစ်နေမန်းထံမှ ရယူထားပါသည်၊

၈လေးလုံးလူထုအရေးတော်ပုံကြီး ၂၁ နှစ်ပြည့်ခဲ့လေပြီပေါ့။
၈လေးလုံးစိတ်ဓါတ် ကိုင်စွဲ တိုက်ပွဲဝင်ကြ ဆိုတဲ့ စကားလုံးလေးက ဆောင်ပုဒ်အဖြစ် တင်ကျန်ရစ်နေတာလဲ အားလုံးအသိ။

ဒီအချိန်မှာ သတ္တိရှိရှိနဲ့ လုပ်လိုက်လို့ရှိရင် နောင်ကျရင် ကျမတို့ဟာ မကြောက်ကြရတဲ့ ခေတ်ကို ရောက်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ကြောက်ပြီးတော့ လုပ်သင့်သလောက် မလုပ်ခဲ့လို့ရှိရင် နောင်မှာ ဆက်ပြီးတော့ ကြောက်နေရတဲ့ စနစ်ကို ရှင်သန်အောင် လုပ်ပေးသလို ဖြစ်သွားပါမယ်။ လူတယောက်အနေနဲ့လည်း အများကြီး ဂုဏ်သိက္ခာကျပါတယ်။ အဲဒီတော့ အားလုံးက မှန်တာလုပ်မယ်ဆိုလို့ရှိရင် ကြောက်နေလည်း လုပ်ရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်(၁၄၊၁၊၁၉၈၉)

လုပ်သင့်တဲ့အလုပ်ကို မကြောက်ပဲ လုပ်ဖို့ ပြောသလို ရင်းသင့်တဲ့အချိန်မှာ ရင်းပြီး လုပ်ရဲဖို့ တိုက်တွန်းထားတယ်လို့ ကျမက ယူပါတယ်။ ၁၉၆၂ မှသည် အာဏာရှင်ကို ရင်းရဲတဲ့လူတွေက ရင်းပြီးတော်လှန်စွန့်လွှတ်ပြခဲ့တယ်။

သူတို့တွေဟာ မိုက်မဲတဲ့လူတွေလား။
မပါးနပ်တဲ့လူတွေလား၊
ကိုယ်ကျိုးစွန့်တာမို့ အားလုံးအတုယူသင့်တဲ့လူတွေလား။
သူတို့ကိုယ်တိုင်က ဘာမှမပြောခဲ့ပေမယ့် သမိုင်းကတော့ သူတို့ကို မှတ်တမ်းတင်ထားခဲ့ပါပြီ။
အဲဒီလိုပဲ …
အာဏာရှင်စနစ်ထဲက တိုက်ပွဲတွေဖြစ်တဲ့ ၇၄၊ ၇၅၊ ၇၆တိုက်ပွဲတွင်းကလူတွေ……။
၈၈ တိုက်ပွဲတွင်းကလူတွေ…..
၉၀ တိုက်ပွဲတွင်းကလူတွေ….
၁၉၉၁ တိုက်ပွဲတွင်းက လူတွေ…
၁၉၉၆ တိုက်ပွဲတွင်းက လူတွေ…
၉လေးလုံး တိုက်ပွဲတွင်းက လူတွေ…
၂၀၀၇ တိုက်ပွဲတွင်းက လူတွေ….
ခုချိန်ထိ နှစ်ရှည်ထောင်ဒဏ်ကျခံနေတဲ့ လူတွေ။
……… လူတွေ။
………လူတွေ။
သူတို့မှာ မိဘတွေမရှိကြဘူးလား၊ သားသမီးတွေ မရှိကြဘူးလား၊ မိသားစုတွေကို မချစ်ကြဘူးလား၊ တွယ်တာစရာ တပ်မက်စရာတွေ မရှိကြဘူးလား။ သူများတွေက မပါးနပ်ကြဖူးလို့ လက်ညှိုးထိုးမှာကို မသိကြဘူးလား၊

ဒါတွေအားလုံးကို ထားခဲ့နိုင်ဖို့ ဘာတွေက သူတို့ကို တွန်းအားပေးခဲ့ကြပါသလဲ။
အားလုံးကို လူတိုင်းမသိနိုင်ပေမယ့် သူတို့ဝန်းကျင်က လူတွေကတော့ သူတို့ရဲ့ ပေးဆပ်မှုကို အသိအမှတ်ပြုလေးစားနေကြဆဲပါ။

အဲဒီမှာ ကြည့်လိုက်ရင် ဒီလူတွေအားလုံးဟာ ငါတို့ပေးဆပ်ခဲ့ကြတယ် ငါတို့ပေးဆပ်နေတယ်လို့ ဘယ်သူမှ မဆိုခဲ့ကြပါဘူး။ သူတို့ကိုယ်တိုင် ပြည်သူတွေအတွက် တိုင်းပြည်အတွက် ပေးဆပ်ခွင့်ကို ကျေကျေနပ်နပ်ရွေးချယ်ခဲ့ကြတာပါ။ ဒါပေမယ့် သမိုင်းကတော့ သူတို့ ပေးဆပ်ခဲ့တာကို အချိန်နဲ့အမျှ မှတ်တမ်းတင်သွားမှာပါပဲ။ ဒါ့ကြောင့်လဲ ဘယ်သူမှန်တယ် မှားတယ်ဆိုတာကို အချိန်က အဆုံးအဖြတ်ပေးလိမ့်မယ်ဆိုတဲ့ စကားရှိလာတာမဟုတ်ပါလား။

၁၉၆၂ ဆဲဗင်းဂျူလိုင် ကျောင်းသားတိုက်ပွဲကို ရှုံးခဲ့တယ်လို့ ယူဆပါသလား။
၁၉၇၄ ၊ ၇၅၊ ၇၆ ကျောင်းသား အလုပ်သမားတိုက်ပွဲတွေကို ရှုံးခဲ့တယ်လို့ ယူဆပါသလား။
၈လေးလုံးလူထု တိုက်ပွဲတွေ ရှုံးခဲ့တယ်လို့ ယူဆပါသလား….
ခုနောက်ဆုံး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ရှုံးနိမ့်သွားခဲ့တယ်လို့ ယူဆပါသလား။

ဒါတွေအားလုံးဟာ တဆင့်ချင်းတက်နေတဲ့ တော်လှန်ရေး လှေခါးထစ်တွေလို့ ကျမကတော့ ဆိုချင်ပါတယ်။ အဲဒီတိုက်ပွဲတွေ အားလုံးဟာလဲ နှစ်တွေဘယ်လိုခြားခြား တဆက်တည်း ဖြစ်နေတယ် လို့ ကျမက ယူဆပါတယ်။၆၂ မျိုးဆက်တွေရဲ့ ရှေ့ဆောင်လမ်းပြမှုတွေက ၇၄ ၊ ၇၅၊ ၇၆ ကျောင်းသားတွေအတွက် စံနမူနာ ဖြစ်ခဲ့သလို ၇၄၊ ရ၅၊ ရ၆ ကျောင်းသား၊ အလုပ်သမားတွေရဲ့ စွန့်စားပြမှုက ၈၈ ကျောင်းသားတွေရဲ့ ရှေ့ဆောင်လမ်းပြလဲ ဖြစ်ခဲ့ပါတယ်။ ၈၈ ကျောင်းသားပြည်သူတွေရဲ့ သတ္တိတွေကို ၉၆ ကျောင်းသားတွေက အမွေဆက်ခံသလို ၂၀၀၇ တုန်းက သံဃာတော်တွေ ကျောင်းသားတွေက ဒီတာဝန်ကို ဆက်လက်ထမ်းခဲ့တာပဲ မဟုတ်ပါလား။ မျိုးဆက်တွေ အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တဲ့ ၊ လက်ဆင့်ကမ်းယူခဲ့တဲ့ အာဏာရှင်ကို အမြစ်ဖြုတ်တိုက်ပွဲတွေပဲ ဖြစ်ပါတယ်။

ကျမတို့ကတော့ ကိုယ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ သမိုင်းပေးတာဝန်ကို ကျေကျေနပ်နပ် လက်ဆင့်ကမ်းထမ်းဆောင်ဖို့ ယူခဲ့တာပါ။ ဒါ့အပြင် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်ဖို့လဲ ကြိုတင်ပြင်ဆင်ထားပါတယ်။ ကျမတို့ မျိုးဆက်သစ်တွေ အတုယူနိုင်ဖို့ ကိုယ်တိုင် ဖြစ်စေချင်တဲ့ ဆန္ဒတွေ ကို ကိုယ်တိုင် ကျင့်ကြံပြခြင်းနဲ့ လက်ဆင့်ကမ်းဖို့ ပြင်ဆင်နေဆဲပါ။ ( ကိုယ်ဖြစ်ချင်တာကို ကိုယ်တိုင်လုပ်ပြရမယ် ဆိုတဲ့ ဆုံးမစကားလေးကို ငယ်ငယ်က သမီးကြီးကျမကို ပြောပြခဲ့တဲ့ ကျမရဲ့ မိဘတွေကို ကျေးဇူးအထူးတင်ပါတယ်၊) ဒါဟာ ကျမ ရယူထားတဲ့ ၈လေးလုံးစိတ်ဓါတ် စွဲကိုင်မှု တခုပဲ ဖြစ်ပါတယ်။ ကျမတို့ အောင်မြင်ရမှာပါ။


မျိုးဆက်လက်ဆင့်ကမ်းဖို့အတွက် ကျမတို့ရှေ့က လမ်းပြခဲ့တဲ့ တော်လှန်ရေး ကြယ်ပွင့်တွေကို လေးစားအတုယူရင်း......

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, August 6, 2009

အခုတလော ရဲ့အနှစ်နှစ်ဆယ်

အခုတလော
တွေးနေမိတာက
ကိုယ့်ပြည်ကို ဘယ်နေ့ပြန်နိုင်ပါ့မလဲ…..

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
သိပ်အမှန်ပြောတတ်တဲ့ အကျင့်ကို ထိန်းရဦးမယ်…...

ကျန်းမာရေး
မိုးရာသီ မျက်စိအလာဂျစ်(မိုးရေထိလို့မရဘူး မျက်လုံးယားတယ်။ ခု မျက်စဉ်းခပ်နေရတယ်။ အဲဒါကတော့ နှစ်စဉ်မိုးရာသီတိုင်း ခံစားနေကျ)...

ဖတ်ဖြစ်တဲ့စာအုပ်တွေက
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်တဲ့……….၈ စက္ကန့်
နေလင်းရေးတဲ့ ……………..လူရှင်သချိုင်္င်း
မောင်သာမညဘာသာပြန်တဲ့ …….…..သဘာဝသမားတော်

ရောက်နေဖြစ်တာက
အခမ်းအနား သာရေး နာရေး မသွားမဖြစ် ကိစ္စအ၀၀…..

ရေးဖြစ်နေတာက
သတင်းအတွက် စခရစ်(scrip)တွေ၊ အင်တာဗျုးအတွက် စခရစ်(scrip)တွေ
ဘလော့အတွက် ခု ဒီပို့စ်

နားထောင်ဖြစ်နေတာက
စိုင်းထီးဆိုင် သီချင်းတွေချည်းပဲ…..

ရွတ်နေမိတဲ့ကဗျာက
ခုတလော ကဗျာမရွတ်မိဘူးးးး ဒါပေမယ့် ကဗျာတွေ့ရင် မဖတ်ရပဲ မနေနိုင်။

ဖြစ်ချင်နေတာက
first lady

စားဖြစ်နေတတ်တာက
ဆိုင်ဟင်းနဲ့ နှစ်ပါးသွားနေတာ ……

သနားနေမိတာက
လုပ်ချင်တာမှန်သမျှ မလုပ်နိုင်သေးတဲ့ ကိုယ့်ကိုယ်ကို…..

လွမ်းနေမိတာက
ပုသိမ်ကောလိပ်နဲ့ ရန်ကုန်တက္ကသိုလ်က သူငယ်ချင်းတွေ….

မေ့လျော့ပစ်နေမိတာက
အသက်နဲ့ ကိုယ်အလေးချိန်

ခါးသက်နေမိတာက
တကယ်မလုပ်ပဲ အာပွားနေတဲ့ လူတွေ……

တမ်းတနေမိတာက
ကိုယ့်အိမ် ကိုယ့်ယာ ကိုယ်နိုင်ငံနဲ့ ကိုယ်ပိုင်ဘ၀တခု…

ကြိတ်ပြီးချီးကျူးနေမိတာက
ကြည့်စမ်း ဒီနှစ်အတွင်း ငါတော်တော်အလုပ်တွေ ပြီးခဲ့ပါလားးးးးး...

ကြိတ်ပြီးအထင်သေးနေမိတာက
ဒါ့ထက်ကောင်းအောင် လုပ်နိုင်ရက်နဲ့ မကြိုးစားမိတဲ့ ငါပါလားးးးးး...

ဆန္ဒမရှိတဲ့နေရာ
လူပေါ့သွမ်းတွေ ရှိရာအရပ်…..

ဆန္ဒရှိနေတဲ့ကိစ္စ
လူတိုင်းကြိုက်တဲ့ နေ့စဉ်သတင်းစာ တစောင် ထုတ်ချင်တယ်…….
ဒါမှမဟုတ်လဲ ..
စောင့်ကြည့်ရအောင် စိတ်ဝင်စားရမယ့် အပတ်စဉ် တီဗွီအစီအစဉ် တင်ဆက်သူ ဖြစ်ချင်တယ်။

မုန်းတီးနေမိတာက
နိုင်ငံကိုချောက်ထဲ တွန်းချနေသူ ဘဘကြီးတွေကို...

ချစ်နေတာက
ကိုယ့်မိသားစုဘ၀လေး...

စိတ်ပျက်နေမိတာက
ကိုယ်ကျိုးပဲ ကြည့်နေသူတွေကို……

စွဲလန်းနေမိတာက
ခြံကျယ်ကျယ်ထဲက တထပ်တိုက်လေး တလုံးးးး

လိုအပ်နေတာက
ကိုယ်လုပ်ချင်တာ လုပ်နိုင်မယ့် အာဏာ……..

တောင်းနေမိတဲ့ဆု
ဒင်းတို့ မြန်မြန်ကြွကြပါစေ…….

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ကိုယ်ကျိုးရှာ အာရိုက်နေသူတွေကို မုန်းတယ်……

ဝန်ခံချင်တာက

ကိုယ်မှန်တယ်ထင်ရင် ဘယ်တော့မှ နောက်မဆုတ်တတ်ဘူး။ ပေးပြီးသားဂတိကို အသက်နဲ့ ထပ်တူထိန်းချင်တယ်။ ပြီးတော့ သိပ်အညှိုးကြီးတတ်တယ်။

(ကိုဂျူလိုင် အတွက် အကြွေးဆပ်ပြီးသွားပါပြီ။ တန်ခူးကို တင်ထားတဲ့ ကြွေးတခု ရှိပါသေးတယ်၊ ဒီမှာပဲ ပူးရေးလိုက်ပါပြီ။ )
အနှစ် နှစ်ဆယ် တက်ထားတာလဲ ရှိပါသေးတယ်။ အဲဒီအတွက် ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်သေးဘူး။

နောက်အနှစ် နှစ်ဆယ်မှာ

ကိုယ့်နိုင်ငံမှာ ကိုယ့်မိသားစု ကိုယ်ပိုင်အိမ်လေးနဲ့ ကိုယ်လုပ်ချင်တဲ့ အလုပ်ကလေးကို လုပ်ပြီး အေးအေးချမ်းချမ်း ပြန်နေချင်ပါတယ်လို့ပဲ အနှစ်နှစ်ဆယ် ဆန္ဒလေးကို ဖော်ထုတ်ပြသလိုက်မိပါတယ်။ ကိုယ်ချင်းစာနိုင်ကြပြီး ၀ိုင်းအကောင်အထည်ဖော်ပေး ကြရင် သိပ်ကောင်းမှာ……။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်