Monday, August 31, 2009

တို့တူတူ လက်ချင်းတွဲလို့လေ....

ကျမတို့ စုံတွဲ မနက်စောစော မုန့်စားထွက်ဖြစ်ရင် အမြဲ လမ်းလျှောက်ဖြစ်တယ်။ အဲဒီအခါကျ စကားက အဆက်မပြတ်ပြောဖြစ်ကြတာ ပုံမှန်ပဲ။ နေ့စဉ် ညဘယ်လောက်နက်နက် မနက် သားကိုကျောင်းပို့ဖို့ စောစောထရမြဲ။ ကျမက စားဖို့သောက်ဖို့ ပြင်ဆင်ပေးတာကို သားက စားပြီး မနက် ၇ နာရီခွဲတာနဲ့ သူ့အဖေက ကျောင်းလိုက်ပို့ရတာကိုး။

ကျောင်းပို့ပြီး ပြန်လာရင် မုန့်ဟင်းခါးစားမယ်ဆို မုန့်ဟင်းခါးဆိုင်၊ နန်းကြီးသုတ်စားမယ်ဆို နန်းကြီးသုတ်ဆိုင်၊ တို့ဟူးနွေးဆို တို့ဟူးနွေး၊ လက်ဘက်ရည်ဆိုင် ကိုတော့ ထိုင်ဖြစ်တာ များတာပေါ့။ ကျမတို့ ၂ယောက်လုံးက မုန့်ဟင်းခါးကို လဘက်ရည် နဲ့ ပဲပြုတ်နံပြား၊ အီကြာကွေး လောက် မနှစ်သက်တာချင်းတူတာကိုး။ အဲဒီလို သွားတဲ့အခေါက်တိုင်း စကားတပြောပြောနဲ့ ဟိုလူက ဘယ်လို ဒီသတင်းဖတ်ပြီးပလား၊ ကြားပြီးပလား စသဖြင့် ရယ်စရာ မောစရာတွေရော သတင်းစကားတွေရော ပြောဖြစ်နေတာပဲ။ လမ်းလျှောက်ရင်း စကားမပြောပဲ ဒီတိုင်းသွားနေရတာလဲ အလုပ်မှမဟုတ်တာနော်။ အဲဒီအခါတိုင်း လမ်းတလျှောက်တွေ့တဲ့ လူတိုင်းက ဒီလင်မယား အိမ်မှာ စကားမပြောဖြစ်ကြလို့ လမ်းထွက်စကားပြောတာလားတဲ့။ ပြောစရာ မကုန်နိုင်ဘူးလားတဲ့။ အဲဒီလို ပြောတိုင်း ကျမတို့ ၂ယောက်က ရယ်မိကြတယ်။

တကယ်က ကျမတို့ အိမ်မှာဆိုရင် ကိုယ့်ကွန်ပျူတာရှေ့ ကိုယ်ထိုင်ပြီး ကိုယ့်အလုပ် ကိုယ်လုပ်နေတာများတာပါပဲ။ ကျမက အပြင်များများထွက်ရသလို ကျမ အိမ်မှာ ရှိနေပြန်တော့လဲ သူကလဲ သူ့အလုပ်နဲ့ အပြင်ထွက်ရတာတွေ ရှိနေပြန်ရော။ တအိမ်ထဲမှာ မနက်စာ ထမင်းတူတူ မစားဖြစ်ကြသလို ညစာကိုလဲ ကြုံရာစားတာများလာလို့ ညစာတော့ တူတူစားရအောင်လို့ မနည်းစုစည်းထားရတာလေ။

တရက်တော့ အိမ်ကိုလာတဲ့ မိတ်ဆွေတယောက်က ကျမရော သူရော ကွန်ပျူတာရှေ့ထိုင်နေကြတော့ သူ့နားတခါရပ် ကျမနားတခါရပ်ပြီး အော်ရယ်လိုက်တာ တဟားဟားပဲ။
ဘာလို့လဲ သိလား။

သူ ကျမပီအေနားသွားရပ်တုန်းက တုန်ကနဲ ဆိုပြီး တက်လာတဲ့ ချက်ဘောက်မှာ လဘက်ရည်သွားသောက်ဦးမလား လို့ မေးတဲ့စာတန်း ထွက်လာတာတွေ့လို့ ကြည့်လိုက်တော့ ကျမရဲ့ ခင်မင်းဇော် နာမည်နဲ့။
နောက် ကျမနောက်နား လာရပ်ပြီး ကြည့်တော့ ဗွီဒီယို အက်ဒစ် လုပ်နေတာကိုးလို့ တွေးမိတုန်း တုန်ကနဲ တက်လာတဲ့ ချက်ဘောက်က ကိုမင်းဇော်တဲ့။ နောက်နာရီဝက်လောက်ကျ သွားမယ်လေ ဆိုတဲ့ စာတန်းကို ဖတ်ပြီး သူမအောင့်နိုင်ပဲ တဟားဟား ရယ်တော့တာပဲ။ ဒီတော့မှ ကျမက သူ ကျမနောက်နားလာရပ်တာကို သိတော့တာ။
ဘာရယ်တာလဲ ပေါ့ မေးတော့မှ
ခင်ဗျားတို့ ၂ယောက်ကလဲ ပါးစပ်ကပြောတောင် ကြားနေတာကို စာရိုက်ပြောနေတာ ကျနော်ဖြင့် တကယ်ရယ်ချင်တာတဲ့။
ပါးစပ်က အသံထွက်ပြောရမှာ ပျင်းသွားလို့ ... စာပဲ ရိုက်လိုက်တော့တာ လို့ ကျမက ပြန်ဖြေတော့
ဒါ ခေတ်မှီ အိမ်ထောင်သည်တွေရဲ့ ဆက်ဆံရေး ဖြစ်သွားပြီထင်ပါတယ်တဲ့။
ကိုယ်စီကိုယ်ငှ ကိုယ့်ကွန်ပျူတာရှေ့မှာထိုင်ပြီး တကမ္ဘာလုံးက မိတ်ဆွေတွေနဲ့ စကားပြောနေရင်းက တအိမ်တည်းအတူနေသူချင်းက တဖြည်းဖြည်း ဝေးသွားဦးမယ်တဲ့။

သူက တွေးတွေးဆဆ ပြောပြတာမို့ ကျမတို့လဲ သေချာစဉ်းစားမိပြီး ဟုတ်တယ်။ အဲလိုဖြစ်နေပြီဆိုပြီး နေမှုပုံစံသစ်ပြောင်းဖို့ ပြင်ဆင်ကြတာပေါ့။
အဲဒါနဲ့ အစပိုင်းမှာ ရေးထားသလို ကျမတို့ အလုပ်မရှိတဲ့ နေ့တွေမှာ မနက်ပိုင်းတွေကို တူတူလမ်းလျှောက်အပြင်ထွက်ကြတယ်။ စကားတွေပြောကြတယ်။
ပတ်ဝန်းကျင်အကြောင်း ....
အိမ်နီးချင်းတွေအကြောင်း.....
သူ့ဆွေမျိုး ကိုယ့်ဆွေမျိုးအကြောင်း ......
သူ့မိတ်ဆွေ ကိုယ့်မိတ်ဆွေအကြောင်း ...
သားနဲ့ ပတ်သက်တဲ့အကြောင်း.....
အလုပ်ထဲက မပြေလည်မှုတွေ ပြေလည်မှုတွေအကြောင်း......
တခါတလေ အတိတ်အကြောင်း...
တခါတလေ အနာဂတ်အကြောင်း.....
ပြီးတော့ တယောက်လက်ကို တယောက်ဆွဲပြီး ရယ်စရာတွေကို တူတူရယ်မောခဲ့ကြတော့တယ်။
မိုးတွင်းကုန်ရင်တော့ ညနေပိုင်းတွေမှာပါ အချိန်ယူလမ်းလျှောက်ဦးမယ်လို့လဲ စိတ်ကူးထဲမှာ စီစဉ်ထားပါပြီ။
ကျမတို့နဲ့ တူတူလမ်းလျှောက်ကြမယ်လေ.... လိုက်မယ်မဟုတ်လားးး။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

18 comments:

မေငြိမ်း said...

ဟီဟိ.. တူပုံများ..
ငါနဲ့ ရာကျော်လည်း အဲလိုပဲ..။ ငါတို့ကတော့ ဘာဆိုင်မှ မထိုင်ဖြစ်ပေါင်ဟယ်... :(
လမ်းတော့ မကြာခဏ လျှောက်ဖြစ်ပါတယ်..။ အင်းး သေချာ အချိန်ပေးပြီးတော့ လျှောက်ဦးမှပါလေ..။

Nge Naing said...

မတွေ့တာချင်းတော့ တူတယ် အစ်မရေ။ ကျွန်မတော့ ယောက်ျားနဲ့ ချတ်ဖို့ တခါမှ မစဉ်းစားမိဘူး။

Anonymous said...

နောက်ကနေ ကပ်လျှောက်ပြီး နှောက်ယှက်ချင်လို့ပါ :D

နောက်တာပါ .. အမဟာဖတ်ရတာ စိတ်ထဲမှာ ၀မ်းသာကြည်နူးစရာ :)

(ညီမ)

kay said...

အဲဒါလေ..အမရဲ့..ခေတ်ကြီးက..ရွေ့နေတာများ-
ဟုတ်တယ်..အဲဒီလို ထွက်ပေးနိုင်မှ..တော်ကာကျမယ်။
ကျမ တို့ကတော့.. တယောက်တခန်း သုံးပေမဲ့.. အော်ပဲ ပြောပါတယ်။း))

သက်ဝေ said...

ကိုယ်စီကိုယ်ငှ ကိုယ့်ကွန်ပျူတာရှေ့မှာထိုင်ပြီး တကမ္ဘာလုံးက မိတ်ဆွေတွေနဲ့ စကားပြောနေရင်းက တအိမ်တည်းအတူနေသူချင်းက တဖြည်းဖြည်း
ဝေးသွားဦးမယ် တဲ့...

ဟုတ်တယ် အမရေ...
စိတ်အေး လက်အေး လမ်းလျှောက်ထွက်ဖို့ လိုနေပြီ...
သတိပေးတာ ကျေးဇူးပါ...

tg.nwai said...

ဟုတ်ပါ့ အစ်မရေ... ကိုယ့်ကွန်ပျုတာရှေ့ထိုင်ပြီး ဟေ့ ထမင်းစားတော့မလား... ကော်ဖီသောက်ဦးမလားလို့ အမျိုးသားကိုလှမ်းချက်... သူ အောက်မှာ ရှိနေရင်လည်း ကိုးရီးယားကားလာရင် လှမ်းပြောဦးနော်လို့ လှမ်းရိုက်... ကလေးတွေနဲ့ဆိုရင်လည်း are u still playing games! Stop and do your homework now! တို့...သူတို့ကလည်း ok mom! ပေါ့လေ...

တခါတလေ.. mom! pls send me banana tree or dog. (ဒါက ဂိမ်းကစားတဲ့အခါ သားအမိတွေ တည့်လို့ပေါ့)

အစ်မရယ်..လမ်းလျှောက်လည်း စကားမပြောဖြစ်ပါဘူး.. အစ်မနဲ့ အစ်ကိုနဲ့ကိုတော့ အားကျတယ်..ကိုယ်ကသာ ပြောချင်တာတွေ ပြောနေတာ..သူကတော့ သူ့ဘာသာစဉ်းစားချင်တာတွေ စဉ်းစားနေတာပါပဲ.. အင်း..အစ်မလို ကိုယ့်အမျိုးသား စိတ်ဝင်စားမယ့် အကြောင်းမျိုး မပြောမိလို့ ဖြစ်မယ်ထင်ပါရဲ့လေ..။

မဆုမွန် said...

သမီးတို့လဲ အတူတူပဲ အန်တီရေ ဘေးချင်းကပ် ထိုင်နေရပြီးတော့ ချက်နဲ့ချိန်းတယ် ကျပ်သူကျပ်ကိုတော့ ညနေတိုင်း အချိန်ပေးပြီး လမ်းလျောက်တယ် သူက တစ်နေကုန်ထိုင်နေရတာ ချိပြိး လမ်းမလျောက်တတ် တော့မှာစိုးလို့တဲ့ အမြဲတမ်းကစားတယ် သမီးကတော့ တစ်ခါတစ်လေ လယ်ရိတ်ရင်းတန်းလန်းဆို ဘယ်တော့မှ မလိုက်ချင်ဘူး..အခုတော့ လမ်းလျောက်ထွက်တာကို လွမ်းတယ်..

tututha said...

လမ်းလျှောက်အစ်မရေ ကျန်းမာရေးနဲ့ညီညွတ်တယ် .. တူးတော့ မြန်မာပြည်ပြင်ပ ရောက်ကတည်းက လမ်းမလျှောက်ဖြစ်တော့တာ (တူးရေးတဲ့ လမ်းလျှောက်ခြင်းအက်ဆေးထဲကလိုပေါ့ .. ရန်ကုန်မှာတော့ လမ်းနေ့တိုင်းလျှောက်နေရပေမယ့် တကူးတက လမ်းလျှောက်ဖြစ်သေးတယ် .. ခုတော့ အဲလိုဟုတ်ဘူး)

Rita said...

လမ်းတူတူ လိုက်လျှောက်မယ့်သူ မြန်မြန်လာပါ။
:)))))

JuneOne said...

တို့လည်းပဲ အိမ်မှာရှိနေတုန်းဆို ဘာအကြောင်းမှမပြောဖြစ်။အလုပ်သွားမှ ဖုံးနဲ့လှမ်းပြီးစကားစမြည်ပြောရတယ်။

JulyDream said...

မနာလိုဘူးလို့ အော်ပစ်လိုက်ချင်တယ်...
ကြွားနိုင်တဲ့သူများ ကြွားကြပါစေလေ...
အင်း... မုဒိတာလေး ပွါးပေးအုံးမှ...

မီယာ said...

အမပြောမှပဲ ဆင်ခြင်ရတော့မယ်... အလုပ်က ပြန်လာကတည်းက ကွန်ပြူတာရှေ့ထိုင်ပြီး စာပြန်စရာရှိတာပြန် သတင်းတွေဖတ် ဘလော့လည် ဂိမ်းဆော့နဲ့... ထမင်းစားဖို့ ခေါ်ရင် စားလိုက်ပြီး ဆက်ဆော့တာ... ပြီးတော့ မောပြီး ခေါင်းကိုက်တယ်ဆိုပြီး အိပ်ရော...

တန်ခူး said...

လိုက်မယ်လေ မ… အီကြာကွေးနဲ့ လဘက်ရည်လေးလဲ သောက်ရင်းပေါ့…
ကျွန်မကတော့ အလုပ်၂ခု တပြိုင်နက်လုပ်တယ်… ဘလော့ဖတ်ရင်း စကားပြောရင်းပေါ့… တခါတလေ သားနဲ့ ကျွန်မ စကားလုပြောနေလို့  သူ့ အဖေက ဘယ်သူ့ စကားနားထောင်ရမှန်းမသိဘူး… မ တို့ လိုတော့ မဖြစ်ဖူးဘူး… ဘာလို့ လဲဆိုတော့ သူက မချက်ဘူး မ ရဲ့… ဒီနေ့ တောင် ထိုင်စဉ်းစားနေတာ… ကွန်ပြူတာအချိန်နဲနဲလျော့ပြီး သားနဲ့ စကားပိုပြော ပိုကစားဦးမှလို့ … မ ရဲ့ ချက်ထဲက ဒီကစပြီးရှေ့ ကိုဆို ဆိုတာလေးတွေ့ ပြီး စိုင်းထီးဆိုင် သီချင်းတွေပြန်နားထောင်နေတာ… လက်မတွဲဖြစ်တာ ကြာပြီကော မ ရေ…

Moe Cho Thinn said...

ဆင်ခြင်တွေးတောစရာတွေ အများကြီးပေးတဲ့ ပို့စ်ပါပဲ အမရေ။
ချိုသင်းတို့ကတော့ မိုးလင်း မိုးချုပ် အလုပ်အတူတူ၊ အပြင်သွားလဲ အတူတူမို့ ကိုယ် ဘလော့ဖတ်ချိန် သူ သတင်းဖတ်ချိန် လောက် စကားမပြောမိတာ။ ဒါပေမဲ့ သွားသုတ်သုတ် လာသုတ်သုတ် မို့ အတူ အေးအေးချမ်းချမ်း စကားပြောချိန်လေး ထားရင် ကောင်းမှာပဲလို့ တွေးမိတယ်။
အမတို့နဲ့အတူ လက်ဖက်ရည်ဆိုင် လိုက်ထိုင်၊ လမ်းလိုက်လျှောက်မယ်လေ ဘယ့်နှယ်လဲ။

kiki said...

ဟားဟားဟား .. သဘောကျတယ် အမခင်မင်းဇော်ရေ ။
အီးခေတ်ကြီးထဲ က အီးလူသားတွေ အီးဘာသာနဲ့ ဆက်သွယ်တဲ့ စနစ်ကြီး ဖြစ်နေပြီဘဲနော် ။
ကွန်ပူတာကြီးရှေ့ မှာ ထိုင်တာကြာတော့လည်း အညောင်းမိ ၊ မျက်စိ မွဲ ဖြစ်ကုန်ကြတော့မယ် ။ အမှန်ပါဘဲ အမရေ ။အညောင်းပြေ လမ်းလျှောက်ထွက် လက်တွေ့ ဘဝက လူတွေနဲ့ စကားစမြည် ပြောကြဖို့  လိုအပ်နေပါပြီ ။
လက်တွဲပြီးလျှောက်ရမဲ့သူမရှိတဲ့  လူတွေ အတွက်ရော .. အကြံပေးပါအုံး ။ ဘာဆွဲပြီးလျှောက်ရ ကောင်းမလည်း လို့  ။ :)

ခင်မင်စွာဖြင့်
ကိကီ

Anonymous said...

ဟိဟိ... ပျော်စရာကြီး.. အဲ့လိုလုပ်လိုက်တာ သိပ်ကောင်းတယ်.. ခုမှ အန်တီတို့ romantic ဆန်နေကြပါလားကွယ်ရို့..း)

Unknown said...

အန်တီရေ ... သမီးနဲ့ ထားထားလည်း တစ်ခန်းထဲ နေပြီး အဲလို စကားပြောနေရတာ အတော်ကြာပြီ ... !!!

လင်းလက်ကြယ်စင် said...

တယောက်နဲ့တယောက် သီးသန့်လေး အချိန်မပေးရင် ဒီခေတ်ကြီးထဲမှာ နီးလျက်နဲ့ ဝေးသွားနိုင်ပါတယ်။ အန်တီတို့ စုံတွဲရဲ့ ချစ်ခင်သောပုံစံလေးကို မျက်လုံးထဲမှာ မြင်ယောင်မိပါတယ် :)