Sunday, March 7, 2010

2010 ရွေးကောက်ပွဲနှင့် ပတ်သတ်၍

မြန်မာ့သတင်းသမဂ္ဂ ရဲ့ ညီလာခံကို သွားတက်ရင်း အဲဒီက ရွေးကောက်ပွဲ ၀င်သင့်မ၀င်သင့် စကားဝိုင်း ရဲ့ အငြင်းအခုံကို ၀င်ပြောဖြစ်ခဲ့သေးတယ်။
ဦးသုဝေရော ဒေါက်တာ ခင်ဇော်ဝင်းကပါ ရွေးကောက်ပွဲ ၀င်ပြီး ပါလီမန်ထဲကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကြမယ်တဲ့။

ရွေးကောက်ပွဲဝင်ဖို့လာပြောနေတဲ့ ၂ ယောက်မှာ ဦးသုဝေ ဆို သူပြင်ဆင်နေတဲ့ပါတီက ခုထိတောင် မှတ်ပုံမတင်ရသေးဘူး။ ဒေါက်တာခင်ဇော်ဝင်းဆို ဘယ်ပါတီဝင်မှ မဟုတ်တဲ့ အန်ဂျီအို ၀န်ထမ်း။ သူတို့ ကိုယ်တိုင်တောင် ခုထိ ဘယ်လိုရွေးကောက်ပွဲ ၀င်ရမယ်။ ဘယ်လိုစည်းရုံးရေးဆင်းမယ် ၊ ကိုယ့်ပါတီကို ဘယ်လိုတိုးချဲ့ဖွဲ့စည်းမယ် ဆိုတာတွေ အတည်တကျ မလုပ်ရသေးပဲ သူတို့ဝင်ပြီးနိုင်ရင် ပါလီမန်ထဲက ဖွဲ့စည်းပုံကို ပြင်မတဲ့။

ဖွဲ့စည်းပုံရဲ့ အပြစ်အနာအဆာတွေထဲကမှ စစ်တပ်ရဲ့ ပါဝင်မှု ၂၅ ရာနှုန်းတင်မကပဲ ကာကွယ်ရေး စစ်ဦးစီးချုပ်က နိုင်ငံတော် ချောက်ထဲကျမယ့်အခြေအနေ၊ အချုပ်အချာအာဏာ ထိပါးလာနိုင်မယ့် အခြေအနေမှာ အာဏာသိမ်းခွင့်ရှိတယ်လို့ အပြီးသတ်အာဏာကို ချုပ်ကိုင်ထားတဲ့ အချက်ကိုတောင် မမြင်နိုင်တာလား မမြင်ချင်ယောင်ဆောင်တာလားးး။။

ဒီရွေးကောက်ပွဲကို ဆန့်ကျင်နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ပါ ဆိုတာအပြင် အဲဒီအခြေခံဥပဒေထဲက စစ်အာဏာရှင်ထူထောင်မယ့် အချက်တွေကို အကြိမ်ကြိမ် ထောက်ပြ ဆွေးနွေးကြပေမယ့် သူတို့ကတော့ တခွန်းထဲပဲ ဖြေခဲ့ကြတယ်။ ကြက်တူရွေးစာအံသလို ပါလီမန်ထဲမှာ ပြုပြင်ကြမယ်တဲ့။

နိုင်ငံတခုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတခုကို အဲလောက်လွယ်လွယ်နဲ့ ပြုပြင်လို့ ရနိုင်ပါရဲ့လားးးး။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၆၂ ခုနှစ် ဗိုလ်နေ၀င်းရဲ့တော်လှန်ရေးကောင်စီက စစ်အာဏာသိမ်းမှုနဲ့ ဖျက်သိမ်းခဲ့ ပြီး၊ တော်လှန်ရေးကောင်စီတဖြစ်လဲ မဆလရဲ့၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုတော့ ၁၉၈၈ လူထုအရေးတော်ပုံက ဖျက်သိမ်းနိုင်ခဲ့တယ်။


နောက်… ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၇၄ အခြေခံဥပဒေ လိုဖျက်သိမ်းပစ်ချင်တယ်ဆိုရင်ရော ဘယ်လိုလှုပ်ရှားမှုနဲ့ ဖျက်သိမ်းပစ်ဖို့ ကြံစည်ထားပါသလဲ။

ဒေါက်တာခင်ဇော်ဝင်းကို ကျမ မေးဖြစ်ခဲ့တဲ့မေးခွန်းပါ။

သူက ပြန်ဖြေခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘယ်တော့မှပြင်ဆင်လို့ မရအောင် မခိုင်မာပါဘူးတဲ့။ သူကတော့ စက္ကူတရွက်လို ၊ ဒီမိုကရေစီလမ်းကို သွားတဲ့ Document တခု လို သဘောထားတာပါပဲတဲ့။

ကြည့်စမ်းပါဦး။ ဖြေဆိုပုံက လွယ်ကူလွန်းလှချည်လား။
ဖွဲ့စည်းပုံအခြေခံဥပဒေ တခုကို ကောင်းခြင်း ဆိုးခြင်း ပြည့်စုံခြင်း မပြည့်စုံခြင်းတွေကို အသာထား ။ တခုနဲ့ တခု ပြောင်းလဲ သွားဖို့ အချိန် ဘယ်လောက်ကြာခဲ့တယ်ဆိုတာ အထင်အရှားရှိခဲ့တာပဲ။

သူတို့ပြောတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော်မယ့် ၂၀၁၀ ရွေးကောက်ပွဲကိုသာ (ဆန့်ကျင်သပိတ်မှောက်လို့ မအောင်မြင်ခဲ့ရင် ) သူတို့ပြောသလို ရွေးကောက်ပွဲ ၀င်ခဲ့ကြလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တရားဝင် သုံးစွဲကြမယ်ဆိုရင် ..
ဘယ်လိုပြင်ဆင်ခွင့် ရကြမလဲ။

၂၅ ရာနှုန်းက စစ်တပ်က ယူထားပြီး ကျန်တဲ့ ၇၅ မှာလဲ မသမာ မှုတွေနဲ့ သူတို့ လိုလားသူ ကြံ့ဖွံ့တွေ စွမ်းအားရှင်တွေ စွမ်းဆောင်ရှင်တွေကို မရ ရအောင် ထည့်ထားဦးမယ်ဆိုတော့ ၇၅ ရာနှုန်းကျော် ထောက်ခံမှ ပြင်ဆင်ခွင့် ရှိရမယ် ဆိုတဲ့အချက်ကို ဘယ်လိုကျော်လွှားမလဲ။ ဒီထဲမှာ မကျေနပ်ရင် အချိန်မရွေးအာဏာသိမ်းနိုင်တယ် ဆိုတဲ့ အချက်မပါသေးဘူး။ သူတို့ ကျူးလွန်ခဲ့တဲ့ ကျူးလွန်နေတဲ့ ကျူးလွန်ဦးမယ့် ရာဇ၀တ်မှုတွေကိုလဲ တရားစွဲဆိုခွင့်မရှိဆိုတဲ့ အချက်တွေ မပါသေးဘူး။

ကျမ ယုံကြည်တာကတော့ တရားမ၀င်အာဏာသိမ်း စစ်အစိုးရကို တရားဝင် စစ်အာဏာရှင်ဖြစ်အောင် အဆင့်မြှင့်ပေးမယ့် ဒီ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ရမယ် ။ မဖြစ်မနေ မဲသွားပေးဖို့ ဖိအားပေးလာမယ် ဆိုရင် ပယ်မဲဖြစ်အောင် အမတ်လောင်းအားလုံးကို တံဆိပ်နှိပ်ပေးလိုက်တာမျိုး စသဖြင့် ပယ်မဲဖြစ်စေတဲ့အချက်တွေကို ကျင့်သုံးဖို့ အသိပေးရမယ်။

ဒါဟာ မြန်မာနိုင်ငံကြီးကို ဆင်းရဲသထက် ဆင်းရဲမွဲတေစေဖို့၊ စစ်အာဏာရှင်အဖြစ်နဲ့ တိုင်းပြည်ကို လက်တဆုပ်စာ စစ်သားတွေက အုပ်ချုပ်နိုင်ဖို့။ စဉ်ဆက်မပြတ် ကြိုးစားနေတဲ့ လူမသမာတွေလက်ထဲက ရုန်းထွက်နိုင်တဲ့ အဆင့်တခုပါပဲ။

ဒီအဆင့်ကို အားထုတ်လိုက်တာနဲ့ တိုင်းပြည်ရဲ့ အနာဂါတ်ထွန်းတောက်ဖို့ ၊ မြန်မာ့ရင်သွေးမျိုးဆက်တွေရဲ့ အနာဂါတ် အမှောင်မကျရောက်စေဖို့။ တိုင်းသူပြည်သားအချင်းချင်း သွေးခွဲ အုပ်ချုပ်တာတွေ ပပျောက်စေဖို့ ဆိုတဲ့ မျှော်လင့်ချက်တွေ ပိုမိုမြင်သာလာလိမ့်မယ်။

၂၁ နှစ်ကြာပြီဆိုပြီး လက်မြှောက်အရှုံးမပေးကြပါနဲ့။ သမိုင်းစာမျက်နှာ မှာ ၂၁ နှစ် ဆိုတာ စာကြောင်းတကြောင်းပဲ ရှိပါတယ်။ ကျမတို့ရှေ့မှာ သူရဲကောင်းတွေ ရှိပါတယ်။ သူတို့ကိုလေးစားသောအားဖြင့် စစ်အာဏာရှင်စနစ်ဆီဦးတည်ထားတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ အတည်မဖြစ်အောင် ကြိုးစားကြရလိမ့်မယ်။ ဒါမှမဟုတ်ရင် မျိုးဆက်သစ်တွေအတွက် အမှောင်ခေတ်ကို ဖြတ်သန်းဖို့ နှစ်ပေါင်း ၂၁၀ ဖြစ်သွားပါလိမ့်မယ်။

( အချိန်ကန့်သတ်ချက်ကြောင့် သူတို့ အဖြေပေါ် ထပ်ဆင့်ဆွေးနွေးမှု လုပ်ခွင့်မရပါဘူး။ ဒါ့ကြောင့် အဲဒီမှာ မပြောလိုက်ရတဲ့ စကားတွေကို ဘလော့မှာ မှတ်တမ်းတင်ထားတာပါ)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

7 comments:

Anonymous said...

သားစဉ်မြေးဆက်ဘာအလုပ်မှမလုပ်ပဲစစ်အစိုးရကိုပဲတိုက်ရမယ်ပေါ့

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

တူတူဘဲ ဒေါ်ခင်မင်းဇော်ရေ
ဒေါက်တာ ခင်ဇော်ဝင်း
ဖင်လန်လာသွားတုန်းကလည်း ဇာနည်နဲ့ ဖွဲ့ စည်းပုံထောက်ခံဘို့ နဲ့ ရွှေးကောက်ပွဲစည်းရုံးသွားခဲ့တယ် ဖင်လန်က နိုင်ငံရေး မသိနားမလည်တဲ့ ခပ်ညံ့ညံ့ကောင်တွေက ထောက်ခံသတဲ့  ဖွဲ့ စည်းပုံထည်း ဘာတွေ ပါမှန်းတောင်သိရက်လားမသိပါဘူး

ပြည်သူ said...

သူတို့က စက္ကူတရွက်လိုသဘောထားတဲ့ အဲဒီစစ်အာဏာ
ရှင်နဲ့နင်းပြားပြည်သူလူထုရဲ့ ကန်ထရိုက်စာချုပ်ကို လက်
ဖျားလေးနဲ့တို့တဲ့အခါကျရင် သူတို့အပေါ်ချိန်ရွယ်လာမယ့်
သေနတ်ပြောင်းဝကို စက္ကူတရွက်လိုပဲ သဘောထားခိုင်း
လိုက်ပါလေ။

Nge Naing said...

ရေးထားတာ သိပ်ကောင်းတယ်အစ်မ။ ကျွန်မနဲ့ စကားပြောဖူးတဲ့ ပြည်တွင်းပြည်ပက ပညာတတ် လူတန်းစားတွေထဲက လူတော်တော်များများက ဒီရွေးကောက်ပွဲကြီးပြီးရင်တော့ တမျိုးတဖုံ ပြောင်းလဲလိမ့်မယ်လို့ ထင်နေကြတယ်။ ဒီဖွဲ့စည်းပုံဟာ စစ်အုပ်ချုပ်ရေးကို တရားဝင်ခွင့်ပြုတဲ့ ဖွဲ့စည်းပုံဆိုတာ ဘယ်သူမှ သတိထားမိကြပုံမရဘူး။ အဲဒါကိုပြောတော့ ဘာပဲဖြစ်ဖြစ် အခုလိုကြီး ဖြစ်နေတာနဲ့ စာရင်တော့ အရပ်သား ၇၅% ပါခွင့်ရတော့ အခုထက်ပိုကောင်းမှာ သေချာတယ်လို့ ပြောကြတယ်။ ပြည်သူလူထုထဲမှာ တကယ်ကို ဦးနှောက်ဖေါက်စားခံထားရပြီ။ ပြည်သူလူထုရဲ့ နိုင်ငံရေး ရေချိန်က သိပ်ကိုနိမ့်နေရင် တိုင်းပြည်က စစ်တပ်လက်ထဲက တရားဝင်ရောက်သွားဖို့ပဲ ရှိတယ်။

ကိုခိုင် said...

၂၀၀၈-ဥပဒေ အရပြုလုပ်မဲ့
ရွေးကောက်ပွဲကိုပြတ်ပြတ်သားသားဆန့်ကျင်ရပါမယ်။
၂၀၀၈-ဥပဒေကိုတရားမျှတသောအချက်များပါရှိအောင်
ပြုပြင်ခြင်းမပြုလုပ်ဘဲ-ပြုလုပ်သောရွေးကောက်ပွဲကို ဝင်မည့်သူများသည်
အခွင့်အရေးသမားများသာဖြစ်ပါသည်။

နာဂစ်ဥပဒေအလိုမရှိ

ကိုခိုင်
http://kokhine.blogspot.com

ကိုလူထွေး said...

(ဆီပုံးမတွေ့လို့ ဒီမှာပဲ ရေးပါရစေ)

ကိုစိုးနိုင်အကြောင်း အဖြစ်မှန်ကို ပြောပြပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ် အမခင်မင်းဇော်...

မပျိုပျိုမေရဲ့ ဆောင်းပါးမှာ ကွဲလွဲမှု ရှိနေသေးပေမယ့် myanmarisp မှာတင်ထားတဲ့ စာတမ်းမှာတော့ ကိုစိုးနိုင်က အူမကြီးအူသိမ်တွေမှာ ဒဏ်ရာရပြီး ခွဲစိပ်ခံရာကနေ နောက်ဆက်တွဲ ဝမ်းဗိုက်အမှေးယောင်ခြင်း၊ သွေးဆိပ်တက်ခြင်းတွေကြောင့် ၅.၄.၈၈ မှာ သေဆုံးခဲ့ရကြောင်း ရေးထားပါတယ်။

မှတ်ချက်တွေကို စုပြီး ပိုစ့်တင်ဖြစ်ရင် ခွင့်ပြုဖို့ ကြိုတင်တောင်းဆိုပါရစေ...

းဝ)

Anonymous said...

အပေါ်ဆုံးကလူ

သားစဉ်မြေးဆက်မှ စစ်အစိုးရကို မတိုက်နိုင်ရင် သားစဉ်မြေးဆက် စစ်ကျွန်ဖစ်မယ် နားလည်လား