Sunday, March 21, 2010

ကျောခိုင်းလှည့်ထွက်သူများသို့

၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျမသဘောထားတွေ တင်ပြီးတဲ့နောက်မှာ ရွေးကောက်ပွဲ ဥပဒေတွေ ထွက်လာပါတယ်။ အဲဒီမှာ ပိုပြီး ကောက်ကျစ်ယုတ်မာမှုတွေ အထင်းသားတွေ့ရပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ ပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ၊ တစည နဲ့ တိုင်းရင်းသားပါတီ ၁၀ ဖွဲ့ လက်ရှိတရားဝင် တည်ရှိနေပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့တဲ့ စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြု၊ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ အကောင်အထည်ဖေါ်ဆောင်မှု ဘာမှမရှိပဲ သူတို့ဖာသာ ရေးတဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ အသစ်ထပ်လုပ်မှာမို့ ခုန ပါတီ ၁၀ဖွဲ့က ပြန်ပြီးမှတ်ပုံတင်ရမတဲ့။ ရက်ပေါင်း ၆၀အတွင်း မှတ်ပုံမတင်ရင် ပျက်ပြယ်မတဲ့။

အံမယ် သူတို့က တိုင်းပြည်အတွက် သိပ်ပြီး အစိုးရိမ်ကြီးသေးတယ်။ ပါတီက ရွေးကောက်ပွဲ ၀င်မယ့် ကိုယ်စားလှယ်လောင်းကိုတင် အရည်အချင်းကန့်သတ်တာ မဟုတ်ဘူး။ ကိုယ့်ဖာသာ ထောင်မယ့် ပါတီက ပါတီဝင်တွေကိုတောင် လိုက်ပြီး အရည်အချင်း သတ်မှတ်ပေးသေးတယ်။ သိပ်ပြီး စေတနာကြီးတာကိုး။ ထောင်ကျနေတဲ့ လူတွေပါတီထဲပါရင် ပါတီသိက္ခာကျမှာမို့ ပါဝင်ခွင့် မပြုဘူးတဲ့။ ထူးထွေတည့် အံ့ရာသော် ပါပဲလေ။

ခေတ်ကြီးက ရွေးချယ်ပေးလိုက်တဲ့ လမ်းကြောင်းတွေမှာ ဘယ်ဟာ လမ်းမှန် ဘယ်ဟာ လမ်းမှား ဆိုတာကို တချို့တွေကလဲ မသိရှာတော့ဘူး။ ကိုယ့်ပါတီက ပါတီဝင်ဖြစ်ပြီး တိုင်းပြည်အတွက် မတရားတဲ့ အမိန့်အာဏာကို ဖီဆန်ရင်း ( ရှင်းရှင်းပြောရရင် နအဖကို အာခံရင်း) ထောင်ထဲ ရောက်နေတဲ့ ကိုယ့်ရဲဘော်ရဲဘက်တွေကို မထောက်ထား။ အသက်ကကြီးရတဲ့ထဲ အမတ်က ဖြစ်ချင်သေးသတဲ့။ အသက်မကြီးတဲ့ လူတွေကလဲ ကိုယ့်ဖာသာ ၀င်တာ ဘာဖြစ်လဲ ဒါဒီမိုကရေစီတဲ့။

ခုလေးတင် လွတ်လပ်တဲ့ အာရှအသံ မှာ နားထောင်လိုက်တဲ့ ပါတီမှတ်ပုံတင်မယ့် ဘက်က တရားဝင်ဖြေတဲ့ ဦးခင်မောင်ဆွေက ခုန ကိုယ့်ဖာသာဝင်တာ ဘာဖြစ်လဲ ဆိုတဲ့  အဓိပ္ပါယ်ပါတဲ့ စကားလုံးတွေနဲ့ ဖြေခဲ့တာ။ သူ့ကိုယ်သူ ဘာမှတ်နေလဲ မသိ လေသံက မာမာနဲ့။ တကယ်က သူ အမတ်ဖြစ်လာတာ ပြည်သူတွေက စစ်အာဏာရှင်ကို သူတို့ကိုယ်စားတိုက်ထုတ်ပေးဖို့။ အာခံဆန့်ကျင်ပေးဖို့ ခေါင်းဆောင်အဖြစ် တင်ပေးလိုက်တာ၊ ပြည်သူတွေရဲ့ ဆန္ဒမဲနဲ့ နေရာတနေရာ ရလာတဲ့ လူတွေက ခုတော့ ကိုယ့်ဖာသာဝင်တာဘာဖြစ်လဲလို့ ပြောနေနိုင်တာ မရှက်တော့ဘူးလား။

ပါတီမှတ်ပုံမတင်ဖို့ ပြောနေသူတွေက ပါတီမရှိတဲ့ နိုင်ငံရေး လူထုနိုင်ငံရေးလုပ်။ သူတို့ကတော့ ပါတီနိုင်ငံရေး လုပ်မယ်တဲ့။ အများစုက ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ရင်တောင် အဲဒီလူတွေက ထွက်သွားပြီး သူတို့ကတော့ NLD ပါတီနာမည်ကို ဆက်သုံးပြီး ပါတီနိုင်ငံရေး ဆက်လုပ်မယ်ဆိုတဲ့ သဘောမျိုး ပြောထားတာကို နားထောင်လိုက်ရပါတယ်။ အများစုရဲ့ သဘောထားကို သူမလိုက်နာဘူးလား။ အများစုက NLD ပါတီမှတ်ပုံမတင်ဘူး ဆိုရင် သူတို့တင်ချင်တဲ့ လူနည်းစုက မတင်ပဲ လိုက်နာရမှာပေါ့။ ခု သူဖြေပုံက သိပ်ဆိုးတာတွေ့ရတယ်။ NLD ကို ဒီလိုလူနည်းစုက ဆက်ယူလို့ ရနိုင်မလား လက်ခံစရာ အကြောင်းမရှိဘူး ထင်ပါတယ်။ နအဖကတော့ ဒီအခြေအနေကို အကြိုက်တွေ့မှာပါ။

NLD မှတ်ပုံတင်လိုက်တာနဲ့ ၉၀ ရလာဒ်ကို စွန့်လွှတ်ပြီးသားဖြစ်သွားမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်ခံပြီးသားဖြစ်သွားမယ်။ ပါတီမှတ်ပုံတင်ပြီးတာနဲ့ ရွေးကောက်ပွဲ မ၀င်ပဲ နေခွင့်မရှိဘူး ။ ရွေးကောက်ပွဲ မ၀င်တာနဲ့ ဖျက်သိမ်းခံရမယ်။ ဒီအချက်တွေ သိရက်နဲ့ ဒီစကားပြောနေနိုင်တဲ့ ဦးခင်မောင်ဆွေကို ကျမကတော့ ဘယ်လိုမှ လေးစားလို့မရ။ ဘယ်လိုမှ အထင်ကြီးလို့မရ။

ပါတီမှတ်ပုံတင်တာ စစ်အစိုးရကို ခေါင်းငုံတာ မဟုတ်တဲ့။ ဟုတ်ကဲ့ ခေါင်းငုံ့တာမဟုတ်ပါ ဦးချနေတာပါ။ ဦးချနေတာမှ ဖင်ဗူးခေါင်းတောင် ထောင်လို့။ မြင်နေရတာပဲ မဟုတ်လား။
ရွေးကောက်ပွဲ ၀င်မှာ အခြေခံဥပဒေကို ပြုပြင်မလို့ ဆိုပဲ။ ၂၀၀၈ အခြေခံဥပဒေကို သေချာမဖတ်ရသေးဘူးထင်ပါတယ်။ စစ်တပ်က ၂၅ ရာနှုန်းယူထားတဲ့အပြင် နအဖ ကျောထောက်နောက်ခံတွေဖြစ်တဲ့ ကြံ့ဖွတ်၊ အမျိုးသမီးရေးရာ။ စွမ်းအားရှင်တွေကလဲ ကျန်တဲ့ ၇၅ ထဲပါဦးမယ်။ နောက် သူတို့လို ကိုယ့်လူသူဘက်သားလုပ်မယ့် အမတ်တွေ၊ နေရာ ရလာရင် ကိုယ့်ရဲ့ လာရာလမ်းကြောင်းမေ့တတ်တဲ့လူတွေ ပါဦးမယ်။ အနည်းဆုံး ၇၅ ရာနှုန်းထက်ကျော်တဲ့ လူတွေ ထောက်ခံမှ ပြောင်းလို့ရမတဲ့ ။ အဲဒီအချက်ကို သေချာ မဖတ်မိတာလား၊ ဖတ်ပေမယ့်လဲ နေရာ ယူချင်ဇောများလို့ မမြင်တာလား မသိတော့ပါဘူး။

နောက် တမျိုး က ရှိသေးတယ်။ ၉၀ ရွေးကောက်ပွဲတုန်းကလဲ ဒေါ်စုမပါဘူးတဲ့။ ခု ဒေါ်စုမပါလဲ ဖြစ်တယ်ဆိုတဲ့ အချိုးမျိုးနဲ့ ပြောနေကြတာ။ နိုင်ငံတခုကို ခေါင်းဆောင်လုပ်ချင်တဲ့လူက ဦးနှောက်နဲ့ အသိဥာဏ်နဲ့ ခုထွက်လာတဲ့ဥပဒေကို မဖတ်ကြဘူးလားလို့ပဲ မေးလိုက်ချင်တော့တယ်။

၉၀ ရွေးကောက်ပွဲဥပဒေတုန်းက ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရှိနေတယ်။ ပါတီက ကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းတဲ့အခါမှာ ခွင့်ပြုချက်မရတာ။

ခု ၂၀၁၀ရွေးကောက်ပွဲ ဥပဒေမှာက ခုနလို ပါတီကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းဖို့ နေနေသာသာ ပါတီဝင်ဖြစ်ခွင့်တောင် မရှိတာ ။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လက်ရှိ အကျဥ်းထောင်ထဲက လူတွေ မပါရဘူး ပါရင် ပါတီဖွဲ့ခွင့်မရှိ၊ ပါတီမှတ်ပုံတင်ခွင့်မရှိ၊ ကိုယ့်ပါတီအတွင်းရေးကိုတောင် ၀င်ရောက်စွက်ဖက်ထားတဲ့ ဥပဒေတွေ ထုတ်ထားတဲ့ ဒီကော်မရှင်မှာ ပါတီမှတ်ပုံတင်ဦးမတဲ့၊

ဦးခင်မောင်ဆွေ ရှင့်။
ဖင်ကုန်းအောင် ဦးချတဲ့အပြင် ရှင့်ကို မဲပေးထားတဲ့ ပြည်သူတွေရဲ့ လည်မျိုကိုပါ တက်နင်းခိုင်းနေပါလား။

ဒီနေ့ ဒီအချိန်မှာတော့ ခုလိုဖြစ်သွားတဲ့အတွက် နအဖကို ကျေးဇူးတင်နေမှာပါ။ ရှေ့ဆောင်ပါတီလို့ ယုံကြည်ထားတဲ့ ပါတီမှာ ဒီလိုလူမျိုးတွေ များနေတာကို နှစ် ၂၀ မှာ သိလိုက်ရတဲ့အတွက်ပေါ့။ တင်ချင်တဲ့လူတွေ တင်ကြပါ။ ၀င်ချင်တဲ့လူတွေ ၀င်ကြပါ။ ပြည်သူတွေရဲ့ စေတနာ စူးပါလိမ့်မယ်။

ကျမတို့ပဲ သိတဲ့ ပါတီဖျက်ဆီးခံနေရမှုတွေကို တဆစ်ချင်းဖေါ်ထုတ်ပြရဦးမှာပေါ့။
ဦးအောင်ရွှေဆိုတာ ၁၉၉၀ ရွေးကောက်ပွဲ ပြီးလို့ ကျမတို့ ထောင်ကျနေချိန် ၁၉၉၁ ခု နှစ်စမှာ ဦးတင်ဦး၊ နှစ်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ၊ ၁၉၉၂ နှစ်စမှာ ဦးဝင်းတင်တို့ကို ဦးအောင်ရွှေ ကိုယ်တိုင် ပါတီက ထုတ်ပစ်ခဲ့တာပဲ။ အဲဒီတုန်းက ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ တိုင်းစည်းတွေ မြို့နယ်စည်းတွေ အမတ်တွေ တော်တော်များများကိုလဲ သူ့ကို အာခံတဲ့အတွက် သူက ထုတ်ပစ်ခဲ့တယ်။ ဒါဟာ သမိုင်းပါ ။ ဘယ်တော့မှ ဖောက်ဖျက်လို့မရဘူး။

၁၉၉၂ မေလ မှာ ကျမတို့ ထောင်ကထွက်လာတဲ့အခါ ပါတီရုံးကို ပြန်သွားတော့ ထောင်ကျတွေကို ပါတီက ပြန်လက်မခံဘူး။ ပါတီမှာလဲ မျက်နှာစိမ်းတွေ ရောက်နေတယ်။ မျက်နှာစိမ်းတွေလို့ ပြောရတာက ပါတီစည်းရုံးရေးဆင်းချိန်တွေ၊ မဲဆွယ်ချိန်တွေတုန်းက တခါမှ မတွေ့ဖူးသူတွေ။ သူတို့တွေက နေရာတွေ ယူပြီး ကိုယ့်ရုံးကို ကိုယ်ပြန်သွားတာတောင် မသိသူတွေ လို ဆက်ဆံခံခဲ့ရတာ အဲဒီကာလ ထောင်ကထွက်သူတွေ ခံစားရဖူးမှာပါ။ အဲဒီမျက်နှာစိမ်းတွေဟာ ပါတီမှာ အပတ်စဉ် အစည်းအဝေးထိုင်တာကအစ အသေးစိတ် ထောက်လှမ်းရေးကို အစီရင်ခံကြပါတယ်။ ထောက်လှမ်းရေးက ကျမတို့ တုန်းကလို ရုံးရှေ့ကနေ လာစောင့်ကြည့်စရာ မလိုဘူး။ ဒီနေ့ ဒီရုံးကို ဘယ်သူလာတယ် ဘယ်သူနဲ့ စကားပြောတယ် ဘာအကြောင်းကို ဘယ်လောက်ကြာအောင် ပြောတယ်ဆိုတာကအစ ရီပို့ တင်ဖို့ အချောသတ်ထိ ရပါတယ်။ အဲဒီလို ဖြစ်သွားအောင် လုပ်တဲ့ တရားခံဟာ ဦးအောင်ရွှေနဲ့ အပေါင်းပါတွေပါ။

အဲဒီနောက် အမျိုးသားညီလာခံတက်တဲ့ ကိစ္စမှာ ထပ်ကွဲပြန်တယ်။ လုံးဝမတက်သင့်တဲ့ ကိစ္စကို ဦးအောင်ရွှေခေါင်းဆောင်ပြီးတက်ပါတယ်။ မတက်ဖို့ ကန့်ကွက်သူတွေကို တခါထုတ်ပစ်ပြန်ပါတယ်။

နောက် အန်တီပြန်လွတ်လာတဲ့ ၁၉၉၅ မှာ အားလုံး ပြန်လက်ခံပြန်ပါတယ်။ သူတို့တက်နေတဲ့ အမျိုးသားညီလာခံကလဲ ပြန်ဆုတ်ခွာလာပြန်တယ်။

နောက် ပါတီထဲမှာ အန်တီလွတ်လာတော့ အထုတ်ခံခဲ့ရပေမယ့် မနာနိုင်ကြပဲ အလုပ်လုပ်ပေးချင်တဲ့ လူတွေက မနေနိုင်ပဲ ပြန်သွားလုပ်ပေးကြတော့ ခုန၀င်နေတဲ့ လူတွေရဲ့ အရိပ်အခြေတွေ ခြေလှမ်းတွေကို ဟန့်တားဖို့ ကြိုးစားကြရပါတယ်။

အဲဒီအခါမှာ ပါတီစီစစ်ရေးဆိုပြီး အဖွဲ့ဖွဲ့ပြီး ပါတီထဲက နအဖကို အာခံမယ့်လူတွေကို အပြစ်ရှာ ထုတ်ပြန်ပါတယ်။ ကျမတို့ မြို့မှာဆို ပါတီမြို့နယ်ရုံးကို အမတ်တွေ၊ ရုံးအဖွဲ့ဝင်တွေက တလ ဘယ်လောက်ဆိုပြီး ငွေထည့်ဝင်ပြီး ဖွင့်တာပါ။ ဘယ်သူ့အထောက်အပံ့နဲ့ မှ လုပ်တာမဟုတ်ပါ။ လူမှုအထောက်အကူပြုအဖွဲ့လဲ အဲဒီတိုင်းပါပဲ။ ဒါပေမယ့် ထောင်ထဲက လူနေမကောင်းလို့ ဆေးဝယ်ပေးချင်လို့ ငွေလေး ၅၀၀ လောက်ထုတ်ဖို့အရေးကို အိအ ဂျိဂျ လုပ်နေတာနဲ့ ကိုယ့်ဖာသာ ကိုယ့်လူအချင်းချင်း စုစည်းပြီး စိုက်ထုတ်လုပ်တော့ လှုမှုအထောက်အကူပြု အဖွဲ့ကို အာခံတယ်လို့ စွပ်စွဲပြန်တယ်။ သူတို့ကို ဝေဖန်တဲ့ သူတွေကို အစည်းအဝေး အကြိမ်ကြိမ်ဖိတ်သော်လည်း မတက်ရောက်ပါ ဆိုပြီး ထုတ်ပြန်ပါရော။

တကယ်မဟုတ်တဲ့ လုပ်ဇာတ်တွေနဲ့ ပါတီကနေ ထုတ်ပစ်ခံရတဲ့ အမတ်တွေ ပါတီဝင်တွေ မြို့နယ်တိုင်းမှာ ရှိပါတယ်။ ဒါ လက်တွေ့ဖြစ်ခဲ့တာပါ။ ဒီလုပ်ရပ်တွေကိုလဲ ဦးအောင်ရွှေနဲ့ အပေါင်းပါတွေက လုပ်ခဲ့တာပါပဲ။

ပါတီအတွက် ဘာမှ မလုပ်ခဲ့ဘူးတဲ့ လူတွေက ပါတီစီစစ်ရေးဖွဲ့ပြီးမွှေလိုက်တာ ပါတီမှာ တကယ့်စိတ်ရင်းနဲ့ လုပ်နေတဲ့လူတွေ ကုန်သလောက်ရှိခဲ့ပါလေရော။
ပါတီဌာနချုပ်မှာ စည်းဝေးပွဲ လုပ်တော့ အဲဒီမဟုတ်တာလုပ်နေတဲ့ ပါတီစီစစ်ရေးအကြောင်း တိုင်ဖို့ ကျမတို့ ဧရာဝတီတိုင်း အမတ်တွေ တိုင်းစည်းတွေက( ၁၁ဦး လား ၁၅ ဦးလား ခု နာမည်ရေကြည့်တာ သေချာမမှတ်မိတော့ဘူး) တိုင်စာရေးပြီး ဗဟိုတင်မလို့ လုပ်လဲလုပ်ရော ဗဟိုကို တိုက်ရိုက်တင်ခွင့်မရှိတဲ့။ အဲဒီပါတီစီစစ်ရေးအဖွဲ့ကို အရင်တင်ရမတဲ့။ ကဲ ဒီတော့ ဘယ်သူက တင်တော့မလဲ အားလုံးစည်းဝေးပွဲ ဆက်မတက်ပဲ ပြန်လာလိုက်ကြတာပေါ့။ နောက်ဆက်တွဲကတော့ အကုန်လုံးကို ပါတီကထုတ်ပစ်လိုက်တာပါပဲ။ ဖြစ်ပုံများကတော့လေ ဦးအောင်ရွှေတို့ ဖျက်ဆီးခဲ့ပုံတွေထဲက တစိတ်တဒေသ။

ပါတီမှာ ကျင်းပနေကျ အာဇာနည်နေ့ကို သေချာသွားမေးတော့ မလုပ်ဖူးဆိုလို့ လုပ်မှဖြစ်မယ် လုပ်ကိုလုပ်မယ်ဆိုတဲ့ လူတွေက ကိုယ့်အချင်းချင်း ပိုက်ဆံစုပြီး အာဇာနည်နေ့ ကျင်းပဖို့ ဟင်းရည်အိုးတွေတည် ကိုယ့်လူချင်းချင်း ဖိတ်ကြား ဒီလိုလုပ်တော့ ခုန သွားမေးတုန်းက မလုပ်ဘူးပြောတဲ့ NLD မြို့နယ်စည်းတွေက ထောက်လှမ်းရေးကို လှမ်းအကြောင်းကြားပြီး ညဘက် ဟင်းရည်အိုးတည်နေချိန် အကုန်လာဖမ်းသွားပါရောလား။ မုန့်ဟင်းခါးက ဘယ်လောက်ဖိုးလဲ ဆိုပြီး အဲဒီ ၂၀၀၄ တုန်းက ကျပ်လေးသောင်းဖိုး ကို ထောက်လှမ်းရေးက ပြန်ပေးပြီး အာဇာနည်နေ့ ကျင်းပခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ ညဘက် ဖြစ်တာ မသိလိုက်တဲ့ ပါတီဝင်တချို့ မနက်ဘက် ဘုန်းကြီးကျောင်းလာတော့ ဆိုင်းဘုတ်မှာ ဌာနတခုက ၀ါဆိုသင်္ကန်းကပ်ပွဲ ဆိုတာကြီး ဖြစ်နေလို့လေ။ အရင်ရောက်နေတဲ့လူတွေက လက်တို့ ပြီး ပြန်ခိုင်းရသလို ဘုန်းကြီးကျောင်းလာရာလမ်းဆုံ ၂ဘက်ကနေ လူတွေစောင့်ပြီး ပြန်ခိုင်းခဲ့ရတယ်။ အံမယ် အဲဒီထောက်လှမ်းရေး သတင်းပေးတွေက ဘုန်းကြီး ၁ပါးလောက်ပဲ ရှိတဲ့ ချောင်ကျကျက ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပြီး အာဇာနည်နေ့ လုပ်တယ်၊ ပြီးတော့ သူတို့ လုပ်မယ့် အာဇာနည်နေ့ကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ အုပ်စုဆိုပြီး တိုင်လိုက်လို့ အဲဒီအဖြစ်အပျက်နဲ့ ၅ ယောက်တိတိ ပါတီက တနှစ် အထုတ်ခံရပါရောလေ။

အတိုင်ခံရသူတွေက အသနားခံစာတင်ဖို့ လုပ်နေလို့ ကျမက ဟဲ့ နင်တို့မှန်နေတာကို ဘာလို့အောက်ကျခံမလဲ NLD က လက်မခံလဲ အပြင်ကနေ လုပ်လို့ရတဲ့ အလုပ်တွေ အများကြီးလို့ ပြောပြီး အားပေးခဲ့ရသေးတယ်။

ကျမတို့ ဧရာဝတီတိုင်းမှာ တကယ်ဖြစ်ခဲ့တာ နောက်တခု ရှိပါသေးတယ်။ အမျိုးသမီး တိုင်းတာဝန်ခံပေးထားတဲ့ ခင်လှဌေးဆိုတဲ့တယောက်က ကျုံပျော်အမတ် ဦးတင်ရဲ့ အသက် ၉၀ ပြည့် မွေးနေ့ပွဲကို တက်တော့ သူ့မောင်လေးဆိုပြီး ထောက်လှမ်းရေးကို ခေါ်သွားတယ်။ အဲဒါထောက်လှမ်းရေးဆိုတာ သိတော့ အထက်က အဲဒီဦးအောင်ရွှေတို့ ဦးလှဖေတို့ကိုတိုင်ပါတယ်။ ဦးလှဖေဆိုတာက အဲဒီ ခင်လှဌေးတို့ရဲ့ ပဏ္ဍာစားတွေလေ။ အဲဒီအခါ ခင်လှဌေးက သူခေါ်တဲ့ လူမဟုတ်တဲ့တခြားတယောက်ကို ခေါ်သွားပြီး သူ့မောင်ကို သူခေါ်တာ မနာလိုသူတွေက သက်သက်မဲ့ နာမည်ဖျက်တယ်ပေါ့ (သူတို့ လုပ်ခဲ့တဲ့အချိုးမျိုး) ဖြေရှင်းတယ်။ အဲဒီအခါမှာတော့ တိုင်တဲ့ဘက်ကလဲ ဓါတ်ပုံတွေ ဗွီဒီယိုတွေ နဲ့ သက်သေ ထပ်တင်သပေါ့။ ဒီတော့ အမှုက လယ်ပြင်မှာ ဆင်သွားခဲ့လေပြီပေါ့။ အပြစ်ပေးလိုက်တယ် တနှစ် ပါတီက ထုတ်လိုက်တယ်ပေါ့။ တနှစ်ပြည့်သွားတော့ သူ့နေရာ သူပြန်ပေးထားသတဲ့။ ဒီလိုဖြစ်နေတဲ့ ပါတီမှာ တကယ်အလုပ်လုပ်သူတွေ ဘယ်နေနိုင်ပါ့မလဲ။
တခြားတိုင်းတွေတော့ မသိပါဘူး ကျမရဲ့ ဧရာဝတီတိုင်းမှာတော့ ဦးအောင်ရွှေရဲ့ လူတွေ စီးထားတာ ခံနေရာလက်တွေ့ပါ။
(ဒီမှာ အမတ်တွေ တိုင်းစည်းတွေ မြို့နယ်စည်းတွေရဲ့ နာမည်တွေ အကုန်ထည့် မရေးပေးပါဘူး။ တချိန် ပြန်ရှင်းကြတဲ့အခါမှာတော့ ဒါတွေကို တိတိကျကျ ဖော်ထုတ်ပေးမှာပါ)

ဒါတွေက နမူနာတင်ပြချက်တွေပါ။ NLD ကို သိပ်မမျှော်လင့်ကြဖို့နဲ့ ခုရှိနေတဲ့ လူတွေရဲ့ အဖြစ်သနစ်ကို မီးမောင်းတချက်ထိုးပြလိုက်တာပါ။ စစ်အာဏာရှင်ကို ဖီဆန်ရဲသူကိုသာ မြန်မာပြည်သမိုင်းက အလိုရှိတာပါ။ မြန်မာပြည်သူတွေက အလိုရှိတာပါ။

တကယ်လို့ ဦးအောင်ရွှေ ဦးခင်မောင်ဆွေတို့လို ပါတီမှတ်ပုံတင်မယ့် လူတွေအနေနဲ့လဲ ခုချိန်မှာဆုံးဖြတ်ချက်ကို ပြန်ပြင်နိုင်မယ် ၊ ပြည်သူတွေနဲ့ တသားတည်း ရှိကြောင်းပြနိုင်မယ် ဆိုရင်တော့ နောက်လာမည့် မြန်မာ့သမိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ပြည်သူတွေကို ဘယ်လိုဦးဆောင်လာခဲ့တယ်ဆိုတဲ့ စာသားမျိုးကို မျိုးဆက်သစ်တွေက ကျက်မှတ်ဖတ်နေရဦးမှာပါ။ တလျှောက်လုံး ကျူးလွန်ခဲ့တဲ့အမှားတွေဟာ စေတနာအမှားတွေ အဖြစ် ပြောင်းလဲ သွားနိုင်ပါသေးတယ်။ အချိန်က သိပ်တော့ မကျန်တော့ပါဘူး လာမယ့် ၂၉ ရက်ထိဆိုတဲ့ ကန့်သတ်ချက်နဲ့ပါ။ ပြည်သူဖက်ကို မျက်နှာမမူတော့ဘူးဆိုရင်တော့
ဒီလိုလူမျိုးတွေအတွက် နှမြောစရာမလိုသလို သူတို့ မရှိလဲ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲတွေက ဆက်ရှိနေဦးမှာပါ။

စစ်အာဏာရှင်စနစ်မုချ ကျဆုံးရမည်။

ခင်မင်းဇော်

13 comments:

စုသမီး said...

ဟုတ်ပ အမရေ.
သမိုင်းဆိုတာမျိုးက ဖျောက်လို့မရပါဘူး။
စေတနာမမှန်တဲ့ လုပ်ရပ်ကိုလဲ ဖုံးဖိလို့မရပါဘူး။
ရွေးကောက်ပွဲဝင်ပြီး ပါတီတည်မြဲရေး လုပ်ရင်တော့ စစ်ကျွန်ဖြစ်ဖို့ လက်ခံတာနဲ့ အတူတူပါပဲ။ ဒီပုံစံနဲ့ ရွေးကောက်ပွဲဝင်လို့ကတော့ ပြည်သူတွေက မဲမပေးရေးချ မပေးပါပဲ။ ပေးလို့ နိုင်တော့ရော အာဏာရှင်တွေက အာဏာလက်လွှတ်မယ် ထင်လို့လား။ ဦးနှောက်ကလေးနဲ့ စဉ်းစားကြဖို့ကောင်းပါတယ်။ ဒီရွေးကောက်ပွဲက အချိန်တန်ရင် မြောင်းထဲရောက်သွားမှာပါ။ အလေးထားစရာကို မလိုတာပါ။

ကိုပေါ said...

အစ်မရေ.... တကယ်တော့ ဦးခင်မောင်ဆွေ လွတ်လာပြီး လေလှိုင်းမှာ အင်တာဗျူးနေတာတွေကို နားထောင်ရကတည်းက ဒီလူတော့ အခြေအနေမဟန်ဘူးလို့ တွက်ခဲ့တာ ကြာပြီ။ ပြည်တွင်းမှာ လုပ်နေတဲ့လူတွေဆီကလည်း ဒီအသံပဲ ထွက်တယ်။ အဲဒါနဲ့ ကျနော့်ဘလော့ဂ်မှာ အစောကြီးကတည်းက ရေးဖို့ပဲ။ ဒါပေမယ့် ထုံးစံအတိုင်း ကိုယ့်တပ်ကိုယ်ဖြိုသလိုဖြစ်နေမှာစိုးလို့ မျိုချခဲ့ရတာကို အခု နောင်တရတယ်။

ဦးခင်မောင်ဆွေ အဖွဲ့ချုပ် သတင်းနဲ့ပြန်ကြားရေးမှာ ခေါင်းဆောင်ဖြစ်လာပြီ ကြားရတော့ နေရာယူပုံကို သတိပြုမိတယ်။ နောက် ပါတီညီလာခံခေါ်ဖို့ တောင်းဆိုတဲ့ ဒေါ်မြင့်မြင့်အေးကို ဘာမှ မေးမြန်းခြင်း၊ သတိပေးခြင်း၊ ထုချေပိုင်ခွင့်တွေ ဘာတခုမှ မပေးဘဲ လက်ရှိ ပါတီတာဝန်က ရပ်စဲတာကို သိရတော့ ဦးခင်မောင်ဆွေနဲ့ ဦးအောင်ရွှေရဲ့ ခြေလှမ်းကို မြင်ရသဗျ။ ဟုတ်တယ်.... ပါတီညီလာခံခေါ်ရင် သူတို့ နေရာက ဖယ်ပေးရမှာကို စိုးလို့ ဒေါ်မြင့်မြင့်အေးလို ပွင့်ပွင့်လင်းလင်း ထုတ်ပြောတတ်သူတွေကို လက်ဦးမှု ယူပြီး ဖယ်ရှားပေးလိုက်တာ။

အခု ရွေးကောက်ပွဲ ဥပဒေ ထွက်လာတော့ ဦးခင်မောင်ဆွေနဲ့ ဦးအောင်ရွှေတို့ သိက္ခာမရှိပုံက အတိအလင်းဖြစ်လာတယ်။ ကိုယ့်ပါတီခေါင်းဆောင်အပေါ်မှာရော ပြည်သူအပေါ်မှာပါ သစ္စာလုံးဝမရှိတဲ့လူတွေအဖြစ် ထင်ရှားလာတယ်။

ကိုပေါ said...
This comment has been removed by the author.
ကိုပေါ said...

အစ်မရေ..... အစ်မပြောတဲ့ လွတ်လပ်တဲ့ အာရှအသံက အသံလွှင့်ချက်ကို သွားနားထောင်တယ်။ ဦးခင်မောင်ဆွေ ပြောတာတွေ ကြားရတဲ့အခါ အန်ချင်လိုက်တာ။ အင်မတန် စက်ဆုပ်မိပါတယ်။

(၁) ဦးခင်မောင်ဆွေတို့ ပါတီမှတ်ပုံတင်ပြီး စောင့်ပါမှ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံရေးမှာ ခြေချခွင့်ရရှာမယ့် အပေါက်မျိုး ပြောသွားတယ်။ တကယ်တော့ သူလိုလူသာ အင်အယ်လ်ဒီမရှိရင် စုပ်စမြုတ်စ မြုတ်သွားမယ့်သူပါ။ ဒေါ်စုက ဘယ်တော့မှ မမြုတ်ဘူး။

(၂) ရွှေဂုံတိုင်ကြေညာစာတမ်းဟာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်မယ်မဝင်ဘူးအတွက် ရည်ရွယ်ထုတ်ခဲ့တာမှန်းသိသိကြီးနဲ့ ရေရှည်ကိုင်စွဲသွားရမယ့် ကြေညာစာတမ်းကြီးလိုလို ရောချသွားတာ တွေ့ရပါတယ်။

(၃) ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ လက်တွေ့အားဖြင့် ပျက်ပြယ်သွားပါပြီလို့ သူ့ပါးစပ်ကြီးက ပြောသွားတယ်။ တကယ်ကတော့ နအဖ ဘယ်လိုပဲ ဥပဒေထုတ်ထုတ်၊ သူလိုလူတွေ ဘယ်လိုပဲ နအဖ လမ်းပြမြေပုံအတိုင်း လိုက်လျှောက်လိုက်လျှောက် ပြည်သူက တခဲနက်မဲထည့်ခဲ့တာကို လွယ်လွယ်နဲ့ ဖျက်သိမ်းလို့မရပါဘူး။ ပျက်လည်း မပျက်ပါဘူး။

(၄) သူ့ဟာက လူတိုင်းမှာ လွတ်လပ်စွာ ကျွန်ခံပိုင်ခွင့်ရှိတယ် ဆိုတဲ့ အခွင့်အရေးကို ကြွေးကြော်နေသူလိုဖြစ်နေတယ်။ သူ့ပုဂ္ဂလိက ကျွန်ခံချင်တာကို ဘာမှ မပြောလိုပေမယ့် တတိုင်းပြည်လုံးကို ကျွန်ဝယ်ရာ အဆစ်ပါအောင် လုပ်နေတာကိုတော့ ပြောရလိမ့်မယ်။

(၅) လွှတ်တော်ဟာ အမြင့်ဆုံးအာဏာတဲ့။ လွှတ်တော်မှာ အတိုက်အခံအင်အား ဘယ်လောက်ကောင်းကောင်း ရ၅ % ထက် မကျော်နိုင်ဘူး။ စစ်ဦးစီးချုပ်က တိုက်ရိုက်ချုပ်ကိုင်တဲ့ စစ်သားအမတ် ၂၅ % ရှိတယ်။ အဲဒီ ၂၅ %ကို စစ်ဦးစီးချုပ်က အချိန်မရွေး အစားထိုးလို့ရတယ်။ ဘယ်တော့မှ စည်းရုံးလို့ ရမှာမဟုတ်။ တကယ်လို့ ရတယ်ဆိုဦးတော့.... အသစ်ပြင်လိုက်တဲ့ အခြေခံဥပဒေကို စစ်ဦးစီးချုပ်က မကြိုက်ရင် အချိန်မရွေး ဥပဒေအရ တရားဝင်အာဏာသိမ်းခွင့်ရှိတယ်။ အဲဒါတွေကို ထည့်မပြောဘဲ ဒီလူ ဥပဒေကို ပြင်မယ် လွယ်လွယ်ပြောနေတာ မရိုးသားဘူးလို့ ထင်တယ်။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့
ကိုပေါ
ခင်ဗျားမှာ .. ရှက်စိတ်ရှိလား? 90 ရွေးကောက်ပွဲရလဒ်က ခင်ဗျားတို့အလိုကျဖြစ်တော့… နှစ်၂၀ကျော်တဲ့အထိ စွဲကိုင်ဖို့ အော်နေဆဲ။ အခြေခံဥပဒေဆန္ဒခံယူပွဲမှာ NO ထည့်ဖို့မင်းတို့ပဲ အင်တိုက်အားတိုက်လုပ်ခဲ့တာပဲ။ ကိုယ့်ဘက်ကရှုံးတော့ အဲဒီရလဒ်ကိုအသိအမှတ်မပြုနိုင်ဘူးတဲ့။ ပြည်သူ့အများစုက ထောက်ခံထားတာပဲ . . . . ဘာလို့အသိအမှတ်မပြုနိုင်တာလဲ? နအဖက မတရားဘူးလို့ စွတ်အော်နေပြီး ကိုယ်တိုင်က နအဖထက်တောင်ပိုပြီး မတရားလုပ်နေတယ်။

လင်းလက်ကြယ်စင် said...

အန်တီရေ .. အခုအချိန်မှာ သမီးအမြင်ကတော့ ဘယ်လမ်းပဲရွေးရွေး bad choice တွေချည်းပါပဲ .. ဘယ်လမ်းပဲရွေးရွေး မြန်မာပြည်အတွက် bad choice တွေဖြစ်နေတော့ ပိုမဆိုးသွားမယ့်လမ်းကိုပဲ စဉ်းစားရွေးချယ်ရမှာပေါ့ .. ။ NLD က အခြေအနေ အကျပ်အတည်းကိုရောက်နေတာကြောင့် သနားမိပါတယ်။ သိပ်တော့အပြစ်မပြောကြပါနဲ့။ ဘာပဲလုပ်လုပ် အားလုံးဆန္ဒကို ဖြည့်ဆည်းပေးပြီး ရလဒ်ကောင်းလည်း ထွက်လာဖို့ဆိုတာ လူ့လောကကြီးမှာ အတော်ကိုခက်ခဲသောအရာပါ။

Best Wishes to our mother land !

"NLD can be expected to make a decision bearing in mind the best interests of the nation. The party should also reach a decision based on facts and a long term perspective."

http://irrawaddy.org/print_article.php?art_id=18084

မဆုမွန် said...

သေချာတာတော့ ဘာကြောင့် ဘယ်လိုလုပ်ရတယ်ဆိုတာ တိုင်းပြည်ကိုရော ပြည်သူလူထုကိုရော ပါတီဝင်တွေကိုရော သေသေချာချာ မရှင်းပြနိုင်တာကိုက အကြီးဆုံးအားနည်းချက်ပဲ ဘယ်တုန်းကမှ မရှင်းပြခဲ့တာ အခုလည်း မရှင်းပြသေးတာ ယောင်ဝါးဝါးလုပ်နေတာ တစ်ယောက်တစ်ပေါက် ထွက်နေတာကိုက NLD ရဲ့ရပ်တည်ချက် သွားမယ့်လမ်းကြောင်း တိုင်းပြည်ရဲ့အလှည့်အပြောင်းက သိပ်အန္တရယ်ကြီးတယ်

ဧရာ said...

ပါတီ တရားဝင် ရပ်တည်ရေးထက် လူထုကို စည်းရုံးပြီး ပြတ်သားတဲ့ ဦးဆောင်မှုပေးမယ့် လမ်းပေါ် ညီညီညွတ်ညွတ် ရောက်စေချင်ပါတယ်။

laminkhin said...

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (မန္တလေး) ဦးသိန်းဦးဧ။် သတင်းစာရှင်းလင်းပွဲ
တွင်တင်ပြချက် MPU နှင့် မဆိုင်

Anonymous said...

တယ်လည်းပွဲစည်နေပါ့လား ။ ဆွေးနွေးနေလိုက်ကြတာ အားရစရာပဲ ။ တစ်ခုပဲပြောစရာရှိတယ်....အားလုံးနိုင်ငံခြားကနေ အော်နေကြတယ် ။ ဘာမှဖြစ်မလာဘူး စိတ်ချ ။

ကိုပေါ said...

အစ်မရေ.... လူတွေ အခုလို မကြောက်မရွံ့ ကိုယ့်အမြင်ကိုယ် ဖော်ပြဆွေးနွေးနေတာကို နအဖ လူတွေ အတော် စိတ်မသက်မသာ ဖြစ်နေပုံရတယ်။း-)

ရွှန်းလဲ့ said...

ဘာမှဖြစ်မလာဘူးသာပြောတယ် မကျေမနပ်နဲ့ တော့ဝင်အော်သွားသေးတာပဲ အနောနီးမတ်စ်က... :)

ွှThar Gyi said...

လုပ်လိုက်ကြဟ
နိုင်ငံခြားကနေရေရေလည်လည်ကိုအော်နေပါလား......လေးစားပါတယ် ခင်မင်းဇော်.နဲ့ ကိုပေါ။
သူကထောင်ထဲမှာ ၁၅ နှစ်နေခဲ့တဲ့လူ. အခုလဲသူယုံ တာကိုပွင့်ပွင့် လင်းလင်း ချပြတာလေ..ဘယ့်နဲ့ဟာတွေလဲ
ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့အတိုင်းပါပဲလား
အခုထက်ထိ မရင့်ကျက်ကျသေးဘူး ။
ဦးခင်မောင်ဆွေက ရန်သူနအဖ နဲ့ပေါင်းလို့ လား။ ဒီမိုကရေစီ...လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်။

သိပ်သတ်တိတွေကောင်းပြမနေနဲ့ အိုကေ
ပြည်တွင်းပြန်ပါလား ခင်မင်းဇော်.........
မပြောခြင်လို့ကြည့်နေတာ နဲနဲလွန်လာလို့
တော်တော်အဆင့်အတန်းမရှိတဲ့ဟာတွေ။