Friday, April 2, 2010

ခြေရာကောက် စစ်တမ်း

အခုလက်ရှိ နအဖရဲ့ အကျဉ်းထောင်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၁၈၅ ယောက် ရှိနေပါတယ်…
……………
တိတ်ဆိတ်နေတဲ့ ခန်းမထဲမှာ အကျဉ်းသား ၀တ်စုံတွေ ၀တ်ဆင်ထားပြီး ခြေထောက်မှာ သံဒေါက်တွေနဲ့ အကျဉ်းသား ၁၀ ယောက်က တန်းစီမတ်တပ်ရပ်နေတယ်။ အခမ်းအနားမှူးက ခုနစကားကို မိုက်ခရိုဖုန်းကနေ တဆင့်ပြောပြတယ်။ ရင်ထဲကို ဆောင့်တက်သွားပြီး မျက်လုံးမှာ မျက်ရည်ချက်ချင်းဝဲတက်လာတယ်။ ဒီလိုအခင်းအကျင်း ဒီလို ၀တ်စုံတွေနဲ့ …….. ဘယ်လိုမှမခံစားနိုင်ဘူး။ နောက်ကို မျက်လုံးဝေ့ကြည့်တော့ မျက်ရည်ဖြိုင်ဖြိုင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတဦးကို မြင်တွေ့လိုက်တယ်။ ဘယ်ကိုမှ ဆက်မကြည့်ရဲတော့ဘူး။ မျက်ခွံကို မှိတ်ထားပြီး ခပ်တောင့်တောင့်ရပ်နေမိတုန်းမှာ နားထဲမှာ ဆက်ကြားရတာက ပုံစံအော်သံ၊ နောက် ပုံစံကြီးအော်သံ….

အတွေးထဲမှာ ထောင်ဝင်စာ ထွက်တိုင်း ဆုံနေကျ ကိုယ့်ရဲဘော်တွေ…
ထောင်ဖောက်ပြေးဖို့ မြေပုံဆွဲပါတယ်ဆိုပြီး တိုက်ပိတ် သုံးလ ပြစ်ဒဏ်ကို မိလ္လာပါ မချရ အမိန့်နဲ့ တွဲပြီး ခံလိုက်ရတဲ့ သူငယ်ချင်း ၂ ယောက်ကို သတိရသွားတယ်။ တယောက်ကတော့ ထိုင်းမြန်မာနယ်စပ်မှာပဲ ကွယ်လွန်သွားခဲ့ပြီ။ နောက် ပုသိမ်ထောင်ကို ကျော်ပြီးထွက်ပြေးတဲ့ ထောင်သားကို ကူညီလို့ ဆိုပြီး နင့်သူငယ်ချင်းတော့ စိန်ခြေကျင်း မြခြေကျင်းအခတ်ခံလိုက်ရပြီလို့ ထောင်ညွှန်မှူးက လာပြောခဲ့ရတဲ့ ပါဖောမန့် ဆရာကြီး ပန်းချီဆရာ အေးကို။

နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ထွန်းနိုင်
တဲ့ ။ ဒီစာတမ်းကို ခုန သရုပ်ပြ ၁၀ ဦးက ကိုင်ဆောင်ပြီး ခန်းမရဲ့ ၀ရံတာမှာ ချိတ်ဆွဲပြလိုက်တယ်။

ဟုတ်တာပေါ့… တိုင်းပြည်အတွက် ဒီမိုကရေစီအတွက် အများထက် ပိုပြီး စိတ်ဝင်စားလို့၊ အများအကျိုး သယ်ပိုးချင်ကြလွန်းလို့ ၊ ကိုယ်ကျိုးကိုတောင် မငဲ့ကွက် ၊ အာဏာရနအဖကို ဆန့်ကျင်အာခံပြီး ဒီအကျဉ်းထောင်ထဲ ရောက်နေကြတဲ့ လူတွေကို ဒီနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုလမ်းကြောင်းပေါ်က ဖယ်ထုတ်လို့ ဘယ်ဖြစ်ပါ့မလဲ။ သာမန်ပြည်သူတွေတောင် ကိုယ့်နိုင်ငံအတွက် မဲပေးရမယ့်နေရာ အနည်းဆုံး သူစိတ်ဝင်စားရင် ပါတီတခုခုကို ၀င်ပြီး လုပ်ခွင့်ရှိတာပဲ မဟုတ်လား။ ခု အကျဉ်းထောင်တွင်းက ယုံကြည်ချက်နဲ့ အကျဉ်းကျသူတွေက ရာဇ၀တ်သားတွေ မဟုတ်ဘူး။ အာဏာရှင်ရဲ့ မတရားမှုတွေကို သူများထက်ပိုမြင်ပြီး ပိုပြီးဆန့်ကျင်နိုင်ကြလို့ ခုလိုနေရာမျိုးတွေကို အပို့ခံထားရတဲ့လူတွေ။ သူတို့တွေရဲ့ ပါဝင်မှုတွေ ကန့်သတ်ခံနေရချိန်၊ ဘေးဖယ်ထုတ်နေချိန်မျိုးမှာ ကိုယ့်ရဲဘော်တွေ လုပ်ဖော်ကိုင်ဖက်တွေလို့ သတ်မှတ်ထားရတဲ့ ကိုယ့်ဘက်က လူတွေကိုယ်တိုင်က ဘေးဖယ်ထုတ်မယ့် အလုပ်တွေ လုပ်မိမှာကို စိုးရိမ်မိတယ်။

မြန်မာနိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည်၊ခွန်ထွန်းဦး၊ မင်းကိုနိုင် ၊ ကိုကိုကြီး……. စသဖြင့် တကယ့်နိုင်ငံ့ကောင်းကျိုးကို ကိုယ့်ကျိုးစွန့် လုပ်မယ့်လူတွေ အများကြီး… ဒီလိုလူတွေကို ထောင်ထဲ ထည့်ထားသတဲ့။ သူတို့ရဲ့ အရည်အချင်းတွေ ကို အဟောသိကံ ဖြစ်အောင် ၊ နိုင်ငံပိုင် ပြည်သူပိုင်တွေကို ချယ်လှယ်ချင်သလို ချယ်လှယ်ခွင့်မရတော့မှာ စိုးတဲ့ စစ်အစိုးရက စနစ်တကျ ပြုလုပ်ထားခဲ့ပြီ။

ဟောဒီမှာ ကြည့်ပါဦး ။ ၁၉၉၀ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးခဲ့ကြတုန်းက လူ့ဘောင်သစ်ပါတီဝင်ဖြစ်ပေမယ့် ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဖွဲ့ဝင်ဖြစ်ပေမယ့် ကိုယ့်အဖွဲ့က လူမဟုတ်ပေမယ့် ခမောက်ကိုသာ မဲထည့်ပါလို့ စည်းရုံးပေးနေတဲ့ ကျောင်းသားလူငယ်တွေ၊ စိတ်ချပါ ဗိုလ်ချုပ်သမီးပါတီကိုသာမဲထည့်မှာပါလို့ ပြုံးပြုံးကြီး ဂတိပေးနေတဲ့ အဘိုးအို အမယ်အိုတွေ။

ပြည်သူတွေက တခဲနက်မဲပေးကြတာုနှစ် ၂၀ လုံး ပါတီပျက်မှာ စိုးလို့ နအဖအကြိုက် မလှုပ်မယှက်နေဖို့ မဟုတ်ပါဘူး။ ဂန္ဓီခန်းမ လမ်းဘေးဝဲယာမှာ အထပ်ထပ်တန်းစီလို့ လှည့်လည်ခြိမ်းခြောက်နေတဲ့ တင့်ကားတွေ အမြှောက်တွေကို ရင်ကော့ ပြီး ရင်ဆိုင်ပေးနေတာ နအဖ စိတ်ကြိုက် လိုက်လုပ်ပေးဖို့မဟုတ်ဘူး။

( ဒီနေရာက စာသုံးပိုဒ် ဖြုတ်ပစ်လိုက်ရတယ်)
…………………….
ခုတော့လဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သမိုင်းမှာ ရဲရဲရင့်ရင့်နဲ့ ခွပ်ဒေါင်းအလံကို ဆက်လက်လွှင့်ချီဖို့ မတရားတဲ့အာဏာရှင်တွေရဲ့ အမိန့်တွေ ဥပဒေတွေကို ၂၉ ရက်နေ့ နိုင်ငံလုံးဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီ။

တကယ်က ခုမှ အရေးတော်ပုံရဲ့အစ ဖြစ်ခဲ့တာပါ။ နှစ်ပေါင်း ၂၀ လုံးလုံး ရပ်တည်နေမှုကနေ ရှေ့တလှမ်းတိုးတော့မှာပါ.. အကျဉ်းထောင်တွေထဲက မြန်မာနိုင်ငံအတွက် ဘ၀တွေ မျှော်လင့်ချက်တွေ စွန့်လွှတ်ထားတဲ့၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ အားလုံးကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထဲက ဖယ်ထုတ်ဖို့ ကြိုးစားနေတဲ့ နအဖရဲ့ မတရားတဲ့လုပ်ရပ်တွေကို ဆက်ပြီးကျော်လွှားနိုင်ဖို့ ကြိုးစားကြရဦးမယ်။ ဒီမိုကရေစီအရေးတော်ပုံကြီး မပြီးသရွေ့တော့ ကျမတို့ တတ်နိုင်သလောက် ပံ့ပိုးကြရဦးမယ်။
ဘ၀မှာ ကိုယ့်အတွက်ချည်း လုပ်နေတာထက်စာရင် အာဏာရှင်ခေတ်မှာ အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေထဲက တထောင့်တနေရာက တခုခုလေး လုပ်ပေးနိုင်တယ် ဆိုရင်ဖြင့် …….

ကျမအတွက်ကတော့ ဘ၀မှာ ဘယ်တော့မှမမေ့မယ့် စစ်ကြောရေးအမှောင်တိုက်ထဲက စစ်ဆေးခံနေရသူဘ၀၊ နိုင်ငံရေးအကျဉ်းသူ ဘ၀၊ အပစ်ရပ်တိုင်းရင်းသားအဖွဲ့ထဲက ဗမာတယောက်ရဲ့ဘ၀ ၊….. ဒုက္ခထုပ်ကို ကိုယ့်အသိစိတ်နဲ့ ကိုယ်ဖြည်ကြည့်ခဲ့ဖူးသူ တယောက်အနေနဲ့ အဲလိုအခြေအနေတွေမှာ ဘ၀ကို ခိုင်ခိုင်မာမာ နဲ့ ရပ်တည်ချက်မပြောင်းပဲ ဖြတ်သန်းကျော်လွှားနိုင်ခဲ့တယ် ဆိုတာကတော့ ဘယ်အချိန်ပြန်တွေးတွေး ဂုဏ်ယူစရာပါပဲ။

(နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ ၁၀နှစ်ပြည့်အခမ်းအနားအပြီးမှာ ရေးထားတဲ့ စာကို မတ်လ၂၉ ရက်နေ့အလွန်မှာ ပြန်လည်ပြင်ဆင်တည်းဖြတ်ထားတာပါ။)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

2 comments:

Anonymous said...

မင်းသား အောင်ဇော် ကို http://www.irrawaddy.org/မှာသွားကြည့်နိုင်ပါသည်...သူကိုယ်တိုင် ဒါရိုက်တာ လုပ် သရုပ်ဆောင်ထားသည်..

htar* said...

နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သတ်လို့ကတော့ ဘယ်လိုစကားလုံးနဲ့ ဂုဏ်ပြုချီးကျူးရမယ် မသိနိုင်အောင်ပါပဲ အန်တီရယ်။ သူတို့ရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ စိတ်အင်အား၊ စွန့်လွှတ်ပေးဆပ်မှုတွေကို အံ့သြမယုံနိုင်အောင်ပါပဲ။ ပြီးတော့ ဒီလို နိင်ငံ့ကောင်းကျိုးကို ကိုယ်ကျိုးစွန့်ပြီး လုပ်ချင်တဲ့ စိတ်အင်အားအပြည့်နဲ့ လူတွေရဲ့ အဖိုးအတန်ဆုံး အချိန်တွေ၊ အခွင့်အရေးတွေကို ထောင်ထဲမှာ ကုန်ဆုံးစေတဲ့ အုပ်ချုပ်သူတွေနဲ့ အာဏာရှင်စနစ်ကိုလည်း ရွံရှာ မုန်းတီးမိပါတယ်။ဘယ်လိုပဲ စဉ်းစားစဉ်းစား ခွင့်လွှတ်နားလည်ကြည့်လို့ကို မရပါဘူး။ လူ့စွမ်းအား အရင်းအမြစ်တွေ ဆုံးရှုံးနေရတဲ့ မြန်မာနိုင်ငံကြီးအတွက်လည်း ရင်ထုမနာနဲိ့စိတ်မကောင်းဖြစ်မိတယ်။ တော်လှန်ရေးလှုပ်ရှားမှုတွေ ဆန္ဒပြမှုတွေမှာ လူတွေ နာကျင်သေကြေရတာကို တကယ် မမြင်ချင်တော့တာ အမှန်ပါ။ ကိုယ်တိုင် နှိပ်စက်ခံရမှာ နာကျင်ခံစားရမှာ ကြောက်သလို သူများတွေ နှိပ်စက်ခံရရင် နာကျင်ခံစားနေရရင်လည်း မျက်ရည်ကျပြီး ထမင်းစားမဝင်ဖြစ်တတ်တဲ့ သူမို့... နိုင်ငံရေး အကျဉ်းသားတွေအကုန် လွှတ်ပေး၊ တိုင်းရင်းသားအဖွဲ့အစည်း၊ အတိုက်အခံအဖွဲ့အစည်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်ချုပ်သူတွေ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာမှုကနေ
ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်ပေါ်လာလို့၊ နိုင်ငံ တိုးတက်ထူထောင်ရေးကို အတူကြိုးပမ်းကြတဲ့ ၊ နိုင်ငံတကာမှာ ငါ မြန်မာလို့ ခေါင်းမော့နိုင်တဲ့ တစ်နေ့...ရောက်လာရင် သိပ်ကောင်းမှာပဲလို့ (ရူးတယ်ပြောပြော၊ ကလေးဆန်ဆန်တယ်ပဲ ဆိုဆို) ဆုတောင်းမိပါတော့တယ်။