၈လေးလုံး လူထုအရေးတော်ပုံကြီးကို ပြန်စဉ်းစားမိတိုင်း ကိုယ့်ပုခုံးပေါ်က တာဝန်တွေကို သတိရနေတုန်း။
ကျမတို့ပုသိမ်မှာ မတ် ၁၃ အကြောင်း၊ မတ် ၁၆ အကြောင်းကို ပုသိမ်ကောလိပ်ကျောင်းသားတွေနဲ့ အတူ ရှေ့နေတွေ ဆရာဝန်တွေ၊ ၇၄ ကျောင်းသားဟောင်းတွေ၊ စာအုပ်ဟောင်းရောင်းနေတဲ့ နိုင်ငံရေးသမားဟောင်း ကျောင်းသားဟောင်းကြီးတွေ၊ ကျူရှင်ဆရာတွေကို လိုက်ပြီး ပြောကြတယ်။ သူတို့ဆီက အကြံဥာဏ်တွေနဲ့ ဒီတခါကျောင်းပြန်ဖွင့်ရင် ဘယ်လိုတွေက စလုပ်သင့်တယ်ဆိုတာမျိုးတွေ တိုင်ပင်ကြတယ်။ အရင်တုန်းက ဒီလူတွေနဲ့ ခုလိုစကားအကြာကြီး မပြောဖူးဘူး။ သူတို့တွေက ၀မ်းသာအားရကြိုဆိုတယ်။ ကိုယ်သိပ်မသိတဲ့ ၆၂ ခုနှစ်က အဖြစ်အပျက်တွေ ၊ ၇၄ က အဖြစ်အပျက်တွေကို အသေးစိတ် ပြောပြကြတယ်။ နိုင်ငံရေးကို လုံးဝမသိခဲ့ပဲ ကိုယ့်ကျောင်းသားတွေကို ဖိနှိပ်အသေသတ်တဲ့ဖြစ်ရပ်ကြောင့် မခံချင်စိတ်နဲ့ ဒီလိုအစိုးရကို ဆန့်ကျင်ခဲ့တဲ့ ကျမအတွက်တော့ တာဝန်ဆိုတာကို ပိုနားလည်လာသထက် နားလည်လာပြီး ဘယ်သူကမှမပေးတဲ့ တာဝန်ကို ကိုယ့်ပုခုံးပေါ်ပစ်တင်ရင်း ဒီအစိုးရကို ပြုတ်ကျအောင် လုပ်ကိုလုပ်မယ်။ ငါတို့ခေတ်မှာ ငါတို့တာဝန်ကျေရမယ်ဆိုတာ အခိုင်အမာဆုံးဖြတ်ဖြစ်ခဲ့တဲ့ ကာလတွေပါပဲ။
(အပြည့်အစုံဖတ်ချင်ရင် ခေါင်းစဉ်ကို ကလစ်ပါ)
ပုသိမ်မြို့ရဲ့ ရှစ်လေးလံုး သမိုင်း
မြန်မာ့သမိုင်းမှာ သမိုင်းဝင်မိန့်ခွန်းတခုရှိခဲ့တယ်။ ။ စစ်တပ်ဆိုတာ သေနတ်ကို မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည့်ပဲ ပစ်တယ်တဲ့။ ကျောင်းသားတွေကို မုန်းတဲ့ ပညာတတ်တွေကို မုန်းတဲ့သူ့အမုန်းက တော်တော်ပြင်းထန်ခဲ့တာပဲ။ ရေဒီယိုထဲက ဦးနေ၀င်းရဲ့ အနားယူခါနီး ပါတီအရေးပေါ် အစည်းအဝေးကပြောတဲ့ မိန့်ခွန်းက စိန်ခေါ်ခြိမ်းခြောက်သံက လူထုကို ဒေါသပိုထွက်စေခဲ့တာပဲ ဖြစ်တယ်။
၈ ရက် ၈ လ မှာ မြန်မာတနိုင်ငံလုံး လူထုဆန္ဒပြပွဲ လုပ်ကြမယ်ဆိုတဲ့ အချိန်ကိုက်လှုပ်ရှားမှုဖြစ်ဖို့ ဘီဘီစီက သတင်းထောက်ခရစ်တိုဖာဂန်းနက်က အင်တာဗျူးတွေနဲ့ လှိုင်လှိုင်ကြီးလွှင့်ထုတ်ပေးခဲ့တာကြောင့် လူတိုင်း ၈ ရက်နေ့မှာ ဘယ်နေရာက ဘာဖြစ်မလဲ ဆိုတာမျိုးပဲ နားစွင့်နေခဲ့ကြတယ်။
ကျမတို့ ပုသိမ်မှာ ၈ရက်နေ့မှာဘာမှမဖြစ်ခဲ့ဘူး။ တမြို့လုံးလဲ စစ်တပ်တွေစောင့်နေပြီး တိတ်ဆိတ်နေခဲ့တယ်။ ရန်ကုန်က ဖုန်းသတင်းတွေနဲ့ နေ့လည်ဘက်မှာ လူတွေ ဆန္ဒပြနေပြီ ဆိုတာမျိုး စကြားနေရပြီး ညဘက်မှာတော့ မြို့တော်ခန်းမရှေ့မှာ ပစ်တာ အထက်တန်းကျောင်းသားလေးတွေ အများစု သေကြတယ် ဆိုတဲ့ သတင်းတွေ ကြားရတယ်။ ငါတို့မြို့က ဘယ်လိုလုပ်မလဲ ။ ဘယ်သူမှမထွက်ကြတော့ဘူးလား ။ ဘယ်သူ့ကိုစောင့်နေကြတာလဲ ဆိုပြီး ခိုးတွေ့ကြတဲ့ ဆွေးနွေးပွဲမှာ ပြောဖြစ်တယ်။ ဒါပေမယ့် ၉ ရက်နေ့မှာ ကြွေးကြော်သံတွေနဲ့ လူအုပ်ကြီး ချီတက်လာတယ် ဆိုတဲ့အသံကို စကြားတယ်။ ဒါနဲ့ ဘယ်နားမှာလဲ ဆိုပြီး လိုက်ကြတယ်။ တကယ်ရှေ့ကနေ ထွက်ခဲ့တဲ့လူတွေက ကျမတို့ ဆွေးနွေးတိုင်ပင်ထားကြတဲ့ ဆရာဝန်တွေ ရှေ့နေတွေ ပညာတတ်တွေ မဟုတ်ဘူး။ ကျမသိတဲ့ ပြည်တော်သာတိုက်ဘက်က အထက်တန်း ကျောင်းသားတွေ က ရှေ့ဆုံးမှာ ဗိုလ်ချုပ်ပုံကိုင်ပြီး တက်လာတာဖြစ်နေတယ်။ ကျမစိတ်ထဲ တော်တော် မကောင်းဖြစ်မိတယ်။ သူတို့နောက်က အမြန်ပြေးလိုက်ပြီး လူအုပ်ထဲမှာ သူတို့နဲ့ တူတူ ကြွေးကြော်သံတွေ အော်မိတော့တယ်။ အဲဒီနေ့က ကမ်းနားဘက်ကို သွားမယ်ဆိုတော့ ကျမက ဆက်မလိုက်တော့ပဲ ဒီဆန္ဒပြတာတွေ နောက်နေ့မှာ ဆက်ထိန်းထားနိုင်ဖို့ လိုတယ်ဆိုပြီး ခါတိုင်းတွေ့နေကျ သူငယ်ချင်းတွေဆီ ထွက်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ ဆန္ဒပြတဲ့လူတွေကို ပစ်ခတ်မှုဖြစ်ခဲ့တယ်။ ခုန ကျမ သိတဲ့ တယောက်ရဲ့ ဒူးခေါင်းကို ကျည်ဆန်ထိသွားတယ်။ နောက် တခြားလူတွေလဲ ကျည်သင့်ခဲ့ကြတယ်။ တရားမ၀င်စာရင်းအရ သေဆုံးသူ ၁၅ ယောက်ရှိတယ်။ အလောင်းတွေကို နောက်နေ့မှာ ပုသိမ်မြို့က သုသာန် ၃ ခုမှာ ခွဲပြီး သဂြိုလ်တယ်။ အင်မတန်အေးဆေးတဲ့ ကျမတို့မြို့မှာ ၉ ရက် ၈ လ ၁၉၈၈ မှာ အေးချမ်းစွာ ဆန္ဒပြပြီး ပြည်သူ့ဆန္ဒဖော်ထုတ်ခဲ့လို့ သာမန်ပြည်သူ ၁၅ ယောက်ထက်မနည်း အသက်ပေးခဲ့ရတယ်။
အဲဒီရက်တွေရဲ့ နောက်ပိုင်း တခြားပြည်နယ်တွေ တိုင်းတွေက မြို့တွေမှာ ဘယ်လိုဆန္ဒပြနေတယ် ဆိုတာမျိုးတေ၊ွ ဘယ်လို စစ်တပ်က ပစ်ခတ်တယ် ဆိုတာမျိုးတွေ ကြားနေရတယ်။ မာရှယ်လောကလဲ မရုပ်သိမ်းသေးဘူး။ ကျမတို့မြို့မှာ တနိုင်ငံလုံးက ပြည်သူတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒမရှိဘူးလား။ ဒီလိုအေးအေးချမ်းချမ်း ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တဲ့ အစိုးရကို မတော်လှန်ရဲတော့ဘူးလား ။ ကျမတို့ အုပ်စုတွေရဲ့ ရင်ထဲကို ဒီမေးခွန်းတွေက ၀င်လာနေတယ်။ ကျမတို့ ဒီတိုင်းမနေနိုင်တော့ဘူး။ တနိုင်ငံလုံးက ပြည်သူတွေနဲ့ အတူလက်တွဲပါဝင်ဖို့ ကြိုးစားကြမယ်လို့ တိုင်ပင်ကြတယ်။ ကျမတို့ တိုင်ပင်နေကျ သူငယ်ချင်းတွေနဲ့ သြဂုတ်လ ၂၄ ရက်နေ့မှာ ဆန္ဒပြမယ် ။ သေနတ်နဲ့ ပစ်ရင်လဲ ခံကြမယ်။ တခြားမြို့တွေရဲ့ ဆန္ဒပြမှုကို ထောက်ခံရမယ် ဆိုပြီး ဆုံးဖြတ်ကြတယ်။
ဖြစ်ချင်တော့၂၄ရက်နေ့မှာ မနက်ပိုင်း ဆုံကြမယ်လို့ ချိန်းထားတဲ့ အထက ၁ ကျောင်းဝင်းထဲမှာ တိုင်းမှုးက စည်းဝေးပွဲ လာလုပ်တော့ အစောင့်တွေ ချပစ်တယ်။ ဒါနဲ့ နောက်တနေရာကို အမြန်ပြောင်းဖို့ စဉ်းစားပြီး ဘုန်းကြီးကျောင်းကို ရွေးတယ်။ နိဂြောဓါလမ်းထဲက ခါတော်မီဘုန်းကြီးကျောင်း ကိုချိန်းလိုက်တယ်။ ပြောထားတဲ့ လူတွေအကုန် လိုက်မပြောနိုင်တော့ဘူး။ ဒါနဲ့ အဲဒီဘုန်းကြီးကျောင်းမှာ လူစုတော့ တံခါးချပ်ကြားက စောင့်ကြည့်နေရတယ် ။ ၀င်လာတဲ့လူတွေကို တိတ်တိတ်လေး အခန်းတခုထဲထည့်ထားပြီး စောင့်နေကြရတယ်။ ကျမအဲဒီကို သွားတော့ မိန်းကလေးတယောက်တည်း ဖြစ်နေတယ် ဆိုပြီး ပြန်လွှတ်တယ်။ မပြန်ဘူးနော် ပြန်ဆိုရင်တော့ ငါက တိုင်းကောင်စီကို သွားတိုင်ပစ်မှာလို့ အကျပ်ကိုင်လိုက်ရတယ်။ (အခု ကျမရဲ့ ပီအေက အဲဒီတုန်းက ပြန်မလွှတ်ပါနဲ့ သူလိုက်ချင်ရင် လိုက်ပါစေ လို့ ပြောတဲ့ဘက်က။ )
ကျမတို့ အားလုံး မထွက်ခင် စာရင်းကောက်တော့ စုစုပေါင်း ၃၄ ယောက်တိတိဖြစ်တယ်။ အများစုက တက္ကသိုလ်ကျောင်းသားတွေ၊ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ သွားဆေးတက္ကသိုလ်၊ ဂုဏ်ထူးတန်းကျောင်းသား ပုသိမ်ကောလိပ် ကကျောင်းသား စသဖြင့် ပါတဲ့အပြင် ကျောင်းဆရာတချို့လဲ ပါတယ်။ ၃၄ ယောက်လုံး တန်းစီပြီး အလံတိုင်မှာ နိုင်ငံတော်သီချင်းဆိုကြတယ်။ အခုဆန္ဒပြတဲ့လူတွေကို သေနတ်နဲ့ ပစ်ပြီး ဖြိုခွဲနိုင်တယ်၊ အဲဒီအခါ လူစုမခွဲပဲ အားလုံးရင်ဆိုင်ကြမယ်လို့ သစ္စာပြုကြတယ်။
ဘုန်းကြီးကျောင်းထဲက စထွက်တော့ ကြွေးကြော်သံတွေ အကျယ်ကြီးအော်ထွက်ကြတယ်။ အသံတွေ ကြားတာနဲ့ လူတွေ နောက်က လိုက်လာကြတယ်။ ကျမက မိန်းကလေးလဲ ဖြစ် တယော က်တည်းလဲ ဖြစ်တော့ အရှေ့ဆုံးကနေ သွားနေရင်း နဲ့ဘေးကရပ်ကြည့်တဲ့ လူတွေကို စကားပြောသွားတယ်။ တနိုင်ငံလုံးက ပြည်သူတွေ ရင်ဆိုင်နေကြရတဲ့ မတရားမှုတွေ ကို ကျမတို့ အတူတူရင်ဆိုင်ကြမယ်၊ ရပ်ကြည့်မနေပဲ ကျမတို့နဲ့ပုးပေါင်းကြပါလို့ ပြောတာပဲ။ ကြွေးကြော်သံတွေ တိုင်လိုက် ဘေးက ပြည်သူတွေကို ဖိတ်ခေါ်လိုက်နဲ့ ကျမတို့နောက်မှာ လူတွေ များလာတယ်။
ပုသိမ်မြို့မှာ အမြင့်ဆုံးနေရာဖြစ်တဲ့ စာတိုက်ကုန်းလို့ခေါ်တဲ့ လမ်းလေးခွဆုံနေရာကို ရောက်လာတယ်။ အဲဒီလေးခွဆုံရဲ့ တဘက်မှာ စာတိုက်၊ တဘက်မှာ ဗိုလ်တဲ၊ တဘက်မှာ သစ်တောရုံး၊ နောက်တဘက်ကလဲ ရုံးတခုပဲ။ လူတွေ အများကြီးစောင့်ကြည့်နေကြတယ်။ စာတိုက်ရဲ့ နောက်တဘက်မှာ ရုံးပေါင်းစုံရှိတယ် ၊ မြို့နယ်ကောင်စီ တိုင်းကောင်စီရုံးတွေ ရှိတယ်။ လမ်းခြားရင်ဆေးရုံ၊ ဆေးရုံက ဆရာဝန်တချို့နဲ့ တရားရုံးထဲက ရှေ့နေတချို့နဲ့လဲ ချိတ်ဆက်ဖို့ ပြောထားတော့ ဒီလမ်းဆုံကို ဘယ်ဘက်ချိုးမလဲ ဆိုတာ ရှိလာတယ်။ ဆက်သွားနေရင်း ကုန်းတည့်တည့်ကို ရောက်တော့ ဆေးရုံဘက်ကို ချိုးမယ့်လမ်းပေါ်မှာ စစ်သားတွေက ဒူးထောက်ပြီး ရှေ့ကို သေနတ်နဲ့ချိန်ထားတဲ့ အတန်း တတန်းနဲ့ နောက်က မတ်တပ်ရပ်ပြီး သေနတ်နဲ့ချိန်ထားတဲ့ အတန်းက တတန်း အဲဒီ တန်း ၂ တန်းနောက်မှာ ဂျစ်ကားတစီး၊ ဂျစ်ကားပေါ်မှာ မြို့နယ်ကောင်စီလူကြီး ဗိုလ်ကြီးထင်တာပဲ။ အမိန်ပေးဖို့ အော်လံကြီးနဲ့။ ဆန္ဒပြတဲ့လူတွေ လူစုခွဲဖို့၊ မခွဲပဲ ရှေ့ဆက်မယ်ဆိုရင် ပစ်မိန့်ပေးမယ် ဆိုပြီး ပြောတယ်။ ကျမတို့နောက်က လူတွေလဲ ရှဲသွားပြီး ကုန်းထိပ်တည့်တည့်မှာ အစပိုင်း ၃၄ ယောက်ပဲ တယောက်လက် တယောက်ချိတ်ပြီး မတ်မတ်ရပ်နေကြတယ်။
ချက်ချင်းအမြန်ဆုံးဖြတ်ရမယ် ဆိုတော့ သူတို့ရှိနေတဲ့ဘက်ကို မသွားတော့ပဲ အားလုံးလက်ချင်းချိတ်ရက်ကနေ သူတို့နဲ့ ဆန့်ကျင်ဘက်လမ်းကို ကွေ့ချပြီး ဆက်လျှောက်ကြတယ်။ ကမ်းနားဘက် ကုန်းဆင်းလမ်းကို ရွေးလိုက်တယ်။ နောက်က သေနတ်သံမကြားရဘူး။ ဒါနဲ့ ကျမတို့ကြွေးကြော်သံတွေကို ဆက်အော်ပြီး ကုန်းဆင်းကနေ ဆက်လျှောက်ကြတယ်။ သေနတ်နဲ့ အပစ်မခံရပဲ အဲဒီနေရာက ဖြတ်ကျော်ပြီး ပန်းခြံလမ်းကနေ ကွေ့ပြီး ဘဏ်ရှေ့ကို ချီတက်ကြတယ်။ ပန်းခြံလမ်းကိုကွေ့တဲ့အချိန်မှာ ကျမတို့ သူငယ်ချင်းတွေကို လမ်းဘေးတွေမှာ တွေ့နေရပြီ။ ပထမချိန်းထားတဲ့နေရာတွေမှာ လွဲကျန်ခဲ့သူတွေလဲ လာပေါင်းကြသလို လူထုတွေလဲ ပါဝင်လာပြီ။
နောက်ကိုလှည့်ကြည့်ရင် မဆုံးနိုင်တဲ့ လူထုကိုမြင်နေရတော့ အားတက်ခဲ့ရတယ်။ ဘဏ်ရှေ့ရောက်တော့ ကျမတို့ကို လာပူးပေါင်းတဲ့ ရှေ့နေတချို့နဲ့ ကျောင်းဆရာတချို့ကို ၀တ်စုံတွေနဲ့ တွေ့ရတယ်။ ပုသိမ်မှာတော့ ဘဏ်ရှေ့ လမ်းလေးခွဆုံဟာ မြို့တော်ခန်းမရှေ့လိုပဲ တမြို့လုံးရဲ့ အသည်းနှလုံးနေရာလဲ ဖြစ်နေတယ်။ အဲဒီနေရာမှာ ဘယ်ကရလာမှန်းမသိတဲ့ လျက်ဆားရောင်းရင်ပြောတဲ့ အော်လံအသေးတလုံး ကျမလက်ထဲရောက်လာတယ်။ စကားတွေ တရပ်စပ်ပြောရင်း ကမ္ဘာမကြေ ဗမာပြည် ဒါတို့ပြည် တို့မြေ တို့ပိုင်တဲ့မြေ ဆိုတဲ့ နိုင်ငံတော်သီချင်းကို ပုသိမ်မြို့သူမြို့သားတွေ သံပြိုင်သီဆိုခဲ့ကြတယ်။ နေ့လည်ဘက်မှာ (၂နာရီလောက် ထင်တာပဲ) တနိုင်ငံလုံး ထုတ်ထားတဲ့ မာရှယ်လော ရုပ်သိမ်းကြောင်း မြန်မာ့အသံက ကျေညာတယ်။ ဒီတော့ သပိတ်စခန်းတွေ ဖွင့်ဖို့ လူကြီးတွေက တိုင်ပင်ကြတယ်။ ကျမတို့ထက် စီနီယာကျတဲ့ ပညာရေးမှူးတွေ၊ အထူးကုဆရာဝန်ကြီးတွေ ၊ စက်ရုံမှူးတွေနဲ့ ၇၄ ကျောင်းသားဟောင်းတွေ ပါဝင်တဲ့ သပိတ်ကော်မတီဖွဲ့ပြီး ပုသိမ်မြို့ရဲ့ ၈လေးလုံးလူထုလှုပ်ရှားမှုကြီး အသက်ဝင်ခဲ့တော့တယ်။
ချစ်ခင်စွာဖြင့်
တာဝန်တွေ မကျေသေးတဲ့ ခင်မင်းဇော်

7 comments:
ကျနော်ရဲ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း အဖြေထုတ်လို့မ
ရလို့ အမကို မေးပါရစေ.မြန်မာနိုင်ငံ ဒီနေ့အချိုန်အထိ
ဒီမိုကရေစီ မရတာဘာကြောင့်လို့ထင်ပါသလဲ.ကျနော်
ထင်တဲ့ အချက်များစွာထဲက အချက်နှစ်ချက်ကိုတော့အ
မကို ပြောကြည့်မယ်နော်.8888လို ပြည်သူတစ်ရပ်လုံး
မပါတော့လို့လား?အသားထဲက လောက်ကောင်ကြီးတစ်
ချို့ကြောင့်လား(ဥပမာ)NCGUBက အသက်ကြီးလို့လူ
ကြီးဖြစ်နေရတဲ့ လူတစ်ချို့၊ကျနော်ရဲ့မဆင်မခြင်မေးမိတဲ့
မေးခွန်းတစ်ချို့ကြောင့် မခင်မင်းဇော် စိတ်အနှောက်အ
ယှက်များ ဖြစ်ခဲ့မယ်ဆိုရင် ကျနော်တောင်းပန်ပါတယ်
ကျနော်ကိုယ်တိုင် တိုင်းပြည်အတွက် ဘာတစ်ခုမှရေရေ
ရာရာ လုပ်မပေးနိုင်သေးတဲ့ လူညံ့တစ်ယောက်ပါ။
မင်း သို့
မြန်မာနိုင်ငံဒီမိုကရေစီ ဘာ့ကြောင့် မရသလဲ ဆိုတာကို တချက်တည်းဖြေရရင် စစ်တပ်ကြောင့်လို့ ဖြေချင်ပါတယ်။
ဘာ့ကြောင့်လဲ ဆို ၈လေးလုံးလူထုလှုပ်ရှားမှုကို ဖြိုခွဲ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ အဲဒီတုန်းက စစ်အာဏာရှင်ကို အပြီးတိုင်မောင်းထုတ်ပြီး လူထုဘက်ကသာ ရပ်တည်ခဲ့ရင် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိနေခဲ့ပါပြီ။ ဒါဟာ အရှင်းဆုံးနဲ့ အမှန်ကန်ဆုံး အဖြေပဲ ဖြစ်ပါတယ်။
၂၂ နှစ်တဲ့ .. ဟုတ်တယ် ကျနော်တို့ တာဝန်မကျေကြသေးဘူး .....
အမရယ်...ညီမတို့လည်း တာဝန်မကျေသေးသူပါ...။ မိသားစု စားဝတ်နေရေးတွေနဲ့ အကြောင်းကြောင်းတွေကြောင့် အဝေးမှာ အလုပ်လုပ်နေရပေမဲ့ သွေးနွေးနေတုန်းပါပဲ။ အတူတူ ပါဝင်ခဲ့ကြတဲ့ အကိုတွေ သူငယ်ချင်းတွေ ဆက်လျှောက်နေတဲ့ သတင်းကြားတိုင်း ကိုယ်ဟာ အတ္တကြီးနေသလို အပြစ်မကင်းသူလို ခံစားမိတယ်။
ဘယ် တာဝန်ကျေမလဲ ပြည်ပကနေ လေဖောနေတာ...
ဒါနဲ့ဘလော့ရေးတဲ့သူက ပြောထားတယ်...ဒီအချိန်မှာ ပြည်သူလူထုက ဘာလုပ်လုပ် တရားတယ်လို့ဆိုထားတယ်.. ပြည်သူတွေ မှားနေတယ်ဆိုရင်လည်း ဘယ်တုန်းကများ မှားနေတယ်လို့ ပြောဖူးလို့လဲ...ပြည်သူကို အုပ်ချုပ်ချင်တော့ ပြည်သူကို မျက်နှာချိုသွေးရမှာပေါ့...ပြည်သူကို မျက်နှာချိုသွေးပြီး ဖားယားပြီးလုပ်စားဖို့က နိုင်ငံရေးသမားတွေအလုပ်...တကယ်တော့ နိုင်ငံရေးသမားဆိုတာ ပြည်သူကို ဖားယားပြီး လုပ်စားနေကြတဲ့အဖွဲ့တွေပါပဲ...လူတိုင်းက ငဖားတွေကြည့်ပါပဲ...
အနောနီးမတ်ရယ် လူတိုင်း ငဖားချည်းပဲ လုပ်ပါ။ စာလုံးပေါင်း ဂရုစိုက်ပါရှင်၊ မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာစာကို ပြီးစလွယ်မလုပ်ကြပါနဲ့။
ပြည်သူတွေ မှားနေတာရှိရင်လဲ တခါတည်းထောက်ပြပေးခဲ့ပါ။ မှားရင်မှားတယ် ပြောရမှာပဲလေ။ ဘာလုပ်လုပ်တရားတယ် လို့ရေးထားတာက အဆင့်မြင့်သူမှ နားလည်မယ့်စကားလေ။ အသိနိမ့်သူတွေ နားမလည်နိုင်ဘူး။ ပြည်သူတွေ အုပ်ချုပ်ချင်ရင် မျက်နှာချိုသွေးရမယ်ဆိုတာ သိရင် နအဖကို ပြောပေးလိုက်ပါဗျာ သူတို့မသိဘူး။ သေနတ်နဲ့ပဲ ပစ်တတ်တယ်ရှင့်။
သေနတ်ချီးကုန်းဖို့ထားတာမဟုတ်ဘူး-ပြည်သူတွေကိုပစ်ဖို့-အမျိုးသမီးတွေကိုဖျက်စီးဖို့-အေး ဒါကြောင့်-
Post a Comment