Thursday, November 4, 2010

မဲရုံကို မသွားနဲ့၊ မဲမပေးကြပါနဲ့

မဲမထည့်ရင်ဘာဖြစ်မလဲ..

နိုင်ငံတကာ စံနှုန်းအရ မဲထည့်မယ့် လူတွေရဲ့ ရာနှုန်း၅၀ ထက်မကျော်ခဲ့ရင် ဒီရွေးကောက်ပွဲ မအောင်မြင်ဘူးဖြစ်မယ်။

ရွေးကောက်ပွဲမအောင်မြင်တော့ ဘာဖြစ်မလဲ။ စစ်တပ်ကပဲ ဆက်အုပ်ချုပ်သွားမှာပဲ မဟုတ်လား။

ရွေးကောက်ပွဲမအောင်မြင်ဘူးဆိုရင် ပြည်သူလူထုက ဒီရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ကျင်းပပေးမဲ့ အဖွဲ့အစည်း၊ ရွေးကောက်ပွဲဝင်တဲ့လူတွေကို မယုံကြည်ဘူးဆိုတာ ကမ္ဘာသိ ပြပြီး ဖြစ်တယ်။ အဲဒီကရလဒ်အရ ပြည်သူက ဒီအဖွဲ့အစည်း အာဏာရှင်ကို အယုံအကြည်မရှိကြောင်း လက်မခံကြောင်း ပြပြီးဖြစ်တယ်။ အဲဒီအင်အားနဲ့ ၉၀ ရွေးကောက်ပွဲအနိုင်ရအင်အားစုနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ရမယ်ဆိုတဲ့ တောင်းဆိုချက်ကို ဖိအားပေး တောင်းဆိုလို့ရမယ်။ သူမပေးလဲ ဒုတိယပင်လုံကို ခေါ်ပြီး တရားဝင်ပြသထားတဲ့ ပြည်သူလူထုမထောက်ခံတဲ့ စစ်အစိုးရ ကို ဖြုတ်ချနိုင်မယ်။

မဲထည့်ပြီး ဒီမိုကရက်အင်အားစုကိုမဲပေးတော့ရော မဖြစ်ဘူးလား။

နအဖက နိုင်ငံတကာအမြင်ကောင်းအောင် တချို့ နာမည်ရှိလူတွေနဲ့ တိုင်းရင်းသား တချို့ဒေသတွေမှာ အနိုင်ပေးမှာပဲ။ ဒါပေမဲ့စစ်တပ်က ၂၅ ရာနှုန်းကြိမ်းသေယူထားပြီး ကြံ့ဖွတ်ကို အများစုနိုင်အောင် လုပ်ထားမယ့် ဒီလွှတ်တော်ထဲမှာ မပြောပလောက်တဲ့ လူအရေအတွက်နဲ့ ဘာကို ပြင်လို့ ရနိုင်မလဲ။ ငွေမက်တဲ့လူဆိုရင် ငွေနဲ့ ၀ယ်သွားတာခံမဲ့ အမတ်ဖြစ်သွားလိမ့်မယ်။ ဒီတော့ မဲရုံကို မသွားပါနဲ့၊ ဒီမိုကရက်ဘက်က ဆိုပြီးလဲ မဲမထည့်ကြပါနဲ့၊ ပြည်သူ့သစ္စာဖောက်တွေ ၊ ပွဲလန့်တုန်းဖျာခင်းတွေ ၊ နအဖအောက်ဆွဲတွေက ပုံဖျက်နာမည်ယူထားတဲ့ ဒီမိုကရက်တွေ ဖြစ်လို့ပါပဲ။

တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားအမတ်တွေ ရမှာပဲ မဟုတ်လား။

အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေဟာ ကိုယ့်တိုင်းရင်းသားအရေးကို လုပ်နိုင်မယ်ထင်လို့ အပစ်ရပ်စဲခဲ့ကြတယ်။ ဒါပေမဲ့ ငွေနဲ့တွေ့တဲ့အခါ၊ အာဏာနဲ့ တွေ့တဲ့အခါ ပျော့ပြောင်းသွားကြတယ်။ ခေါင်းဆောင်ပိုင်းနဲ့ အောက်ခြေပိုင်းတွေကို ကွာဟသွားအောင် စနစ်တကျဖျက်ဆီးပေးလိုက်တဲ့အခါ သေနတ်ပါထိုးအပ်ရတဲ့ ၊ တိုက်နိုင်ခိုက်နိုင် ကိုယ့်ရဲဘော်တွေကိုပါ ထိုးအပ်ရတဲ့ နယ်ခြားစောင့်တပ် ဆိုတာမျိုး လက်ခံလိုက်ကြတယ်။ ဒါကို သင်ခန်းစာယူပြီး တိုင်းရင်းသား အမတ်ဖြစ်တဲ့အခါ ကိုယ့်နယ်ကို ဘယ်လောက်ထိတိုးတက်အောင် လုပ်မယ်လို့ ပြင်ဆင်ထားတဲ့ အမတ်စစ်စစ် ဘယ်နှစ်ယောက်တွေ့ထားပါသလဲ။

ရွေးကောက်ပွဲကို အောင်မြင်အောင်သပိတ်မှောက်နိုင်ရင် ဘယ်လိုထူးမလဲ။

ဒုတိယမေးခွန်းအတိုင်းဖြေမယ် ။ ထပ်ဖြည့်ရမယ်ဆိုရင် စစ်အစိုးရကို မထောက်ခံဘူး၊ သူ့ကိုမယုံကြည်ဘူး၊ ၁၉၆၂ ကစလို့ ၂၀၀၇ ရွှေဝါရောင်ထိ သူသတ်ခဲ့တဲ့လူတွေကိုယ်စား၊ နာဂစ် ၊ ဂီရိမှာလို ကိုယ့်နိုင်ငံသားတွေကို တာဝန်မယူလို့ သေဆုံးခဲ့ရတဲ့ ကိုယ့်နိုင်ငံသားတွေကိုယ်စား ဆန့်ကျင်ပြမဲ့ ဆန္ဒတွေကို လူအသေအပျောက်မရှိပဲ တကမ္ဘာလုံးက သိအောင်ပြနိုင်မဲ့ နောက်ထပ် လှုပ်ရှားမှုတခုလို့ ပြည်သူအားလုံးက မြင်ပြီး မဲရုံတွေ မသွားခဲ့ကြရင် မြန်မာပြည်သူတွေ နိုင်ပြီ လို့ ပြောချင်တယ်။


မဲထည့်ဖို့ နိုင်ငံပြည်ပကပြောနေသူတွေကို ဘာပြောချင်လဲ။

သူတို့ကိုယ်တိုင် စစ်အစိုးရရဲ့ ဖိနှိပ်မှုကို မခံစားခဲ့ရဖူးလို့၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ပြည်တွင်းပြန် နေရာဝင်ယူချင်ကြလို့။ နောက် ကိုယ့်ရဲဘော်ရဲဘက်နဲ့ တိုင်းပြည်အတွက် အသက်စွန့်ခဲ့တဲ့ ပြည်သူတွေနဲ့ အခုချိန်ထိ အကျဉ်းထောင်ထဲ အကျဉ်းကျနေဆဲ နိုင်ငံရေးလှုပ်ရှားခဲ့သူတွေကို သစ္စာဖောက်ချင်လို့ ဆိုတဲ့ လူမျိုးတွေပဲလို့ မြင်မိတယ်။

ချစ်ခင်စွာဖြင့်

ခင်မင်းဇော်

6 comments:

Khaing Minn Kyaw said...

အစ်မရဲ့  သဘောထားကို လုံးဝ ထောက်ခံတယ်။ အစ်မ ပြောသလို လုပ်နိုင်ရင် ဒီပွဲမှာ ကျနော်တို့  တကယ့် ဒီမိုတွေ အောင်ပွဲခံနိုင်မှာ သေချာတယ်။ အစ်မနှင့် သဘောထား ကွဲတာ တစ်ခု ကတော့ အစ်မတို့ က ရွေးကောက်ပွဲကို အပြီးသတ် အနိုင် အရှုံး ပွဲလို့  သတ်မှတ်ချင်ကြတယ်။ ကျနော်တို့ က ဒီအကွေ့ မှာ မနိုင်ရင်လဲ လက်မလျှော့ဘူး။ ဆက်လက်တိုက်ပွဲဝင်ဦးမယ် ဒီမို ကရေစီ ရတဲ့ အထိပေါ့။ ၈၈ မှာ ဖွဲ့ စည်းပုံ ရှိတယ် အစိုးရ ရှိတယ် ဒါပေမယ့် ပြည်သူတွေ တိုက်ပွဲဝင်နိုင်ခဲ့တာပဲ။ ဒီတော့ ရွေးကောက်ပွဲမှာ သူတို့  အဓမ္မ အနိုင်ယူသွားလဲ ကျနော်တို့  နည်းမျိုးစုံနှင့် တိုက်ပွဲဝင်ဦးမှာပဲ။ ငါးနှစ် မကြာပါဘူး အစ်မ။ ခုခေတ် အိုင်တီ ခေတ်လေ ။ သူတို့ သက်တမ်းဟာ မဆလ လောက်မရှည်နိုင်ပါဘူး။ ခုပွဲမှာ အနိုင်တိုက်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ never give up

TURN-ON-IDEAS said...

သိပ်ကို မှန်တဲ့ အချက်တွေပဲ အစ်မရေ...
ဖေ့ဘွတ်မှာ ကော်မန့်အဖြစ် ပြန်ရှဲခွင့်ပြုပါ...

Unknown said...

အမရေ အမနဲ့ယုံကြည်ချက်တွေအမြဲတူနေပါစေ၊ဒီပွဲကိုအနိုင်အရှုံးမသတ်မှတ်ချင်ပေမဲ့နိုင်ကိုနိုင်မယ်လို့ယုံကြည်တယ်။အပြီးသတ်တိုက်ပွဲမဟုတ်ခဲ့လဲကျွန်မတို့ပြည်သူတွေစိတ်မလျော့ဘူးဒူးမထောက်ဘူးလက်မမြောက်ဘူး၊ဆက်ပြီးတိုက်ပွဲဝင်နေမယ်စိတ်ချပါ၊

Anonymous said...

အစ်မရေ
မဲမထည့်လို့ ၅၀ ရာခိုင်နှုန်း မပြည့်လည်း ၅၀ ရာခိုင်နှုန်း ပြည့်တယ် ကြေငြာဦးမှာပဲ။ လူမထောက်ခံတဲ့ ဥပဒေတောင်မှ ၉၂ ရာခိုင်နှုန်း ရပါတယ် လုပ်သေးတာ။ ကျွန်တော်ကတော့ ဒီကောင်တွေ ဘာလုပ်လုပ် အယုံအကြည် မရှိဘူး။ ဆုပ်လည်းစူး စားလည်းရူးပဲ။

Anonymous said...

ဘယ်နှစ်ရာခိုင်နှုံး မဲထည့်မှ ရွေးကောက်ပွဲအထမြောက်အောင်မြင်တယ်လို့ ဘယ်ဥပဒေထဲမှာ ရေးထားသလဲ?ရာခိုင်နှုံး ၅၀ ကျော်မှ ရွေးကောက်ပွဲဖြစ်မြောက်တယ်လို့ ဥပဒေထဲမှာ သတ်မှတ်ထားသလား?သတ်မှတ်ထားတယ်ဆိုရင် အခြေခံဥပဒေ ဘယ်အခန်း ဘယ်ပုဒ်မ မှာရေးထားသလဲ ဖော်ပြပေးပါ...

ရွေးကောက်ပွဲပျက်အောင်လုပ်နိုင်သည်ရှိတောင်မှ(မဖြစ်နိုင်တာကို စိတ်ချမ်းသာအောင်ပြောပြပေးတာပါ) လက်ရှိစစ်တပ်က ဆက်အုပ်ချုပ်ပြီး နောက်ထပ် ဒီလိုမျိုးရွေးကောက်ပွဲကို တိုင်းပြည်ငြိမ်သက်တဲ့အချိန်မှ လုပ်ပေးမယ်ဆိုရင် နောက်ထပ် နှစ် ၂၀ စောင့်ပေးနိုင်မလား?တပ်မတော်ကို အလုံးစုံတိုက်ခိုက်နိုင်ဖို့များ ရည်မှန်းထားသလား?တပ်မတော်တစ်ခုလုံးကို မတိုက်နိုင်ပဲ ဘာလို့ ဒီအစိုးရပြုတ်ကျအောင်လုပ်မယ်လို့ ကြွေးကြော်နေရတာလဲ?

ဖြစ်သင့်တာကိုအရင်ဦးစားမပေးပဲ ကိုယ်လုပ်ချင်တာကို မစဉ်းစားမဆင်ခြင်ပဲလုပ်နေတာ တော်တော်ဦးနှောက်မဲ့တာပဲ...ဒါနဲ့များ နိုင်ငံရေးလုပ်စားနေတယ်...ရှက်လည်းမရှက်ဘူး..


ရွှေအညာသား

Anonymous said...

After 5 yr & next election , if the other party will win, Army will still take over the power . So We don't believe the army anymore.