Wednesday, August 24, 2011

မြန်မာကျပ်ငွေတန်ဘိုးတက်တဲ့ ဂယက်

ဒီနေ့တော့ မြန်မာကျပ်ငွေတန်ဘိုးတက်တဲ့အတွက် မြန်မာပြည်ထဲက မိဘဆွေမျိုးတွေဆီကို လစဉ်ငွေပို့ရတဲ့ အလုပ်သမားတွေ ကြုံတွေ့နေရတာလေးတွေ သတင်းတင်ဖို့ ငွေလွှဲတဲ့နေရာတွေ သွားပြီး စပ်စုဖြစ်တယ်။ လတိုင်း တလငါးသောင်းအိမ်ကို ပို့နေတဲ့ ကောင်မလေးငယ်ငယ်လေးက သူရတဲ့လစာမှာ သူ့အတွက်နည်းနည်းပဲ ချန်ပြီး ပို့ခဲ့တာတဲ့။ နေဖို့ နဲ့ ထမင်းပေးတဲ့အတွက် တနေ့ ဟင်းဖိုးနဲ့ အသေးသုံးနည်းနည်းပါးပါးလောက်ပဲ ထားပြီး ရတဲ့လစာ ထဲက ပို့တာတောင် ခါတိုင်း တလ ငါးသောင်းပဲ ပို့နိုင်ပါတယ်တဲ့။ ဒါပေမဲ့ မနေ့က ၂၃ ရက်နေ့က ဈေးတွေ တအားဆောင့်တက်သွားတယ်ဆိုလို့ လာမေးတာပါတဲ့။ ဒီနေ့တော့ အဲဒီဆိုင်က ပြောလိုက်တယ် နည်းနည်းပြန်ကျပါတယ်၊ ကျပ်တသိန်းကို ဘတ် ၄၄၄၀ ပါတဲ့၊ ပို့ခ တသိန်းဘတ် ၇၀ ထည့်ပေါင်းရင် ၄၅၁၀ ကျမှာပေါ့တဲ့။ ကောင်မလေးလုပ်တဲ့စက်ရုံက အိမ်ရုံသေးသေးလေးပါတဲ့။ တလ ငါးသောင်းပို့နိုင်ဖို့ဆိုရင် ဒီငွေဈေးနဲ့ သူမပို့နိုင်တော့ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ မသိဘူးတဲ့။

သူ နဲ့ ငွေလွဲပေးတဲ့ ဆိုင်ရှင်နဲ့ ပြောတာတွေ နားထောင်ရင်း သက်ပြင်းသာ ကြိတ်ချမိတော့တယ်။ ငွေပိုရမလားလို့ မိသားစုနဲ့ ခွဲခွာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ တပြည်တရွာမှာ အလုပ်လာလုပ်တဲ့ ကောင်မလေး၊ အသက်တောင် ၁၈ နှစ်ပြည့်သေးရဲ့လား မသိ။ ကျောင်းတက်နေရဦးမယ့် အရွယ်လေးမှာ ငွေရေးကြေးရေး အိမ်ထောင်စုအရေး မိဘတွေအတွက် မောင်ငယ်ညီမငယ်လေးတွေအတွက် သူစိတ်ပူနေပုံကို မြင်တော့ ဘာမှလဲ မကူနိုင်တဲ့ အတွက် စိတ်တော်တော်မကောင်းဖြစ်ခဲ့ရတယ်။

ဒီလိုလူတွေ အများကြီး ရှိနေမှာပါပဲ။ နောက်တနေရာ ထပ်ရောက်သွားတော့ အလုပ်ပြုတ်နေတဲ့လူတွေနဲ့ ဆုံပြန်ရော။ ဒေါ်လာဈေးကျတော့ ထိုင်းက အထည်ချုပ်စက်ရုံ တချို့လဲ အလုပ်ပါးတယ်။ ဒီတော့ အလုပ်ချိန်လျှော့တာပေါ့။ တချို့ အိမ်ရုံတွေက ပိတ်လိုက်ရတယ်တဲ့။ ဒီတော့ အလုပ်ပြုတ်ပြီး အလုပ်သမားအရေး ကူညီနေတဲ့ အဖွဲ့တွေ ဆီ ရောက်လာကြတယ်။ အဲဒီမှာ ခဏတဖြုတ်ခိုလှုံ ၊ နောက်အလုပ်သစ်ရှာပေါ့။ တလ တလ ပို့နေကျ ငွေလဲ ဘယ်လိုပို့ရမယ် မသိဖြစ်ကုန်ကြတယ်တဲ့။ တချို့က ကလေးငယ်တွေ မိဘနဲ့ ထားခဲ့ပြီး လင်မယား ၂ယောက်လုံး အလုပ်လာလုပ်တာဆိုတော့ အလုပ်ပြုတ်ပြီး ဒီလ လစာမပို့နိုင်ရင် ဆိုတဲ့ အပူနဲ့ မျက်နှာတွေ မြင်နေရတာ ဘယ်လိုမှ မချမ်းမြေ့နိုင်ပါဘူး။

ညဘက်ရောက်တော့ သတင်းတွေ တက်ဖတ် ၊ တက်ကြည့်တော့ မြန်မာနိုင်ငံကြီးမှာလဲ ၂၀၁၁ -၂၀၁၂ အတွက် ၀င်ငွေ ထွက်ငွေစာရင်း တရားဝင် ထုတ်ပြန်တော့ လိုငွေတာ ကျပ်ဘီလျံ နှစ်ထောင်တဲ့။ ခုတော့ တရားဝင်ကျေညာ ၀န်ခံနေပြန်ပေါ့။ သဘာဝ ဓါတ်ငွေ့ရောင်းတဲ့ငွေတွေ၊ ရတနာ တုံးကြီးတွေ ရောင်းတဲ့ ငွေတွေကတော့ စာရင်းပျောက်နေတာပေါ့။ မလိုအပ်တဲ့ နေပြည်တော်ကြီးကို တည်ဆောက်၊ မလိုအပ်တဲ့ဥမင်လှိုဏ်ခေါင်းတွေ တူး၊ မလိုအပ်တဲ့ အနုမြူစမ်းသပ်မှုတွေ လုပ်နဲ့ ဖြုန်းတီးထားတဲ့ ငွေတွေအပြင် နာဂစ်တုန်းက သူများနိုင်ငံတွေက လှုတဲ့ဒေါ်လာတွေကို ၆ ကျပ်နဲ့ ဖြတ်တဲ့ အစိုးရအနေနဲ့ သူတို့ ဘယ်လောက် အသုံးမကျခဲ့သလဲ ဘယ်လောက် ဘုန်းခဲ့ပါသလဲ ဆိုတာတွေတော့ ခုမပြောခဲ့တောင် တချိန်ကျရင် သမိုင်းထဲက ပြန်ပေါ်လာဦးမှာပါ။

ရာသီဥတုကလဲ ကောင်း၊ ရတနာမြေလို့ ခေါ်ရနိုင်အောင် အကောင်းဆုံး ပတ္တမြား၊ ကျောက်စိမ်းတွေ ထွက်ရှိရာမြေတွေပိုင်ဆိုင်ထား၊ တနိုင်ငံလုံး ဘယ်တော့မှ မီးမပျက်ပဲ မီးထိန်ထိန်လင်းနေတဲ့ မြို့တော်တွေ ကျေးလက်တောရွာထိ လျှပ်စစ်ပေးနိုင်ပြီး စက်မှုလုပ်ငန်းတွေ တည်ထောင်နိုင်တဲ့ထိ ပေါကြွယ်ဝတဲ့ သဘာဝဓါတ်ငွေ့တွင်းကြီး ၄ တွင်း ရှိတဲ့ နိုင်ငံ၊ (တတွင်းကို တနိုင်ငံလုံးအသားကုန် သုံးတောင်မှ နှစ်ပေါင်း ၄၀ကျော် မကုန်နိုင်သေးဘူးတဲ့)၊ ဘာ့ကြောင့်များ ဒီလောက် ဆင်းရဲတွင်းနက်နေရလဲ၊ ဘာ့ကြောင့်များ နိုင်ငံတကာမှာ အောက်ကျနောက်ကျ ဖြစ်နေရလဲ .. ဘယ်လိုတွေးတွေး သိသာမြင်သာတဲ့ အချက်တွေနဲ့ ...


ဒါပေမဲ့ ဒီတိုင်းပြည်လေးကိုပဲ ချစ်ခင်နှစ်သက်စွာ တိုးတက်ဖြစ်ထွန်းစေချင်တယ်။
အဲလိုတိုးတက်ဖြစ်ထွန်းလာမဲ့ တိုင်းပြည်ကို မြင်နိုင်ဖို့... ကိုယ်အားဥာဏ်အားရှိသမျှတော့ တာဝန်ယူထမ်းဆောင်ချင်ပါသေးတယ်။ ဒါဟာလဲ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် ရွေးချယ်လျှောက်လှမ်းမယ့် ဘ၀လမ်းပါပဲလေ။


ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

5 comments:

စုချစ် said...

အစ်မရယ်... အခု ထိုင်းက အလုပ်သမားတွေ အကြောင်းဖတ်ရတော့ စိတ်မကောင်းဘူး... သူတို့ အပူတွေ အတွက် ကိုယ်ချင်းစာမိတယ်...

အင်ကြင်းသန့် said...

ကိုယ်ကိုယ်တိုင်လည်း မိသားစုအတွက်ရပ်တည်နေရတဲ့သူမို့လို့ ကိုယ်ချင်းစာမိပါတယ်မမ။ တွေးလေ တွေးလေ ခံပြင်းမိလေပဲ။း(

Anonymous said...

"""စက်မှုလုပ်ငန်းတွေ တည်ထောင်နိုင်တဲ့ထိ ပေါကြွယ်ဝတဲ့ သဘာဝဓါတ်ငွေ့တွင်းကြီး ၄ တွင်း ရှိတဲ့ နိုင်ငံ၊ (တတွင်းကို တနိုင်ငံလုံးအသားကုန် သုံးတောင်မှ နှစ်ပေါင်း ၄၀ကျော် မကုန်နိုင်သေးဘူးတဲ့)၊ ဘာ့ကြောင့်များ ဒီလောက် ဆင်းရဲတွင်းနက်နေရလဲ၊"""

ဘာကြောင့်လဲ..
ဘာကြောင့်လဲ။



ပေါက်

PhyoPhyo said...

အစ်မရေ ပေါက်ဆီကနေ(fb) တစ်ဆင့်လိုက်လာတာပါ။
အစ်မလင့်လေးပါ ယူသွားတယ်နော်။ သတင်းကြိုက်တဲ့သူမို့လို့ သတင်းနိုင်သလောက်တော့ဖတ်သွားပါတယ်။
လေးစားလျှက်

Anonymous said...

သူတို့ အသာစီး ရလိုတဲ့ အခါကျ ၆ ကျပ်နဲ့ ဖြတ် ..
သူများကို အခွန်ဆောင်ခိုင်းတဲ့ အခါကျ ပေါက်ဈေး နဲ့ ဆောင်စေ.. တဲ့..
( မတရားမှုတွေ ပြောနေရရင် တထောင့်တည ပုံပြင်ကတောင် ထိုင်ငို သွားရ မယ် အမ ရေ..)။
အတွင်းရော အပြင်ရော မရှုနိုင် မကယ်နိုင် ဖြစ်လေ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ .. ဆိုတာ ခုမှ ပီပြင်တယ် ... ပြီးတော့ အသံကောင်း ဟစ်ပြလိုက်သေး..ဟေးဟေး

ကွိ ကွိ ..