Sunday, July 29, 2012
သတိတရ (ငယ်ငယ်တုန်းက My Ideal)
                                                      ဓါတ်ပုံကို ဒီက ယူပါတယ်။
လူတိုင်းမှာ ငယ်ငယ်တုန်းက အတုခိုးစရာ စံပြထားစရာ အားကျစရာ လူပုဂ္ဂိုလ်တယောက်တော့ ရှိခဲ့မှာပါပဲ။
တချို့တွေက ကိုယ့်အမိ အဖ အကို အမ ဦးလေး စသဖြင့်ပေါ့။
ကျမ ငယ်ငယ်တုန်းက ၆ တန်းနှစ်လောက်မှာတော့ စံပြထားစရာ အတုယူစရာ တယောက်ကို စိတ်ထဲမှာ မှတ်မှတ်ထင်ထင် ရှိခဲ့ဖူးတယ်။
အသက် ၁၁ နှစ် ၁၂ အရွယ်ကောင်မလေးတယောက်က အဲဒီအချိန်က အသက် ၁၆ နှစ်လောက် အမကြီးတယောက်ကို အတော်အားကျချစ်ခင်ခဲ့ဘူးတယ်။
သူ ဆယ်တန်းအောင်သွားတော့ ဂုဏ်ထူးတွေ တသီကြီးပဲ။ အဲဒီခေတ်က ဒေသကောလိပ်ခေတ်ဆိုတော့ သိပ္ပံသချာင်္တွဲ ယူတယ်လို့ အမ၀မ်းကွဲကပြောတယ်။ ကျမအိမ်နဲ့ တအိမ်ကျော်က အကိုကြီးနဲ့လဲ အခန်းတူတူပဲလို့ သိရတော့ သတင်းသွား သွားမေးမိတယ်။ သိပ်တော့ မတွေ့တော့ဘူးပေါ့။
အဲဒီ ဒေသကောလိပ်မှာလဲ ဆံပင်ရှည်ရှည်နဲ့ သူက နာမည်ကြီးပဲ။ ပြောရရင် နာမည်ကလဲ ရိုးရိုးလေးနဲ့ လှတယ်။ စာလဲတော် ချောလဲချော ဆိုတော့ အကိုကြီးတွေ ၀ိုင်းဝိုင်းလည်ဆိုပဲ။ ဒီကြားထဲ အကိုဝမ်းကွဲတွေကိုလဲ အဲဒီအမကြီးကို ကြိုက်ကြပါဆိုတာ လိုက်ပြောရတာလဲ အမော။ ဒုတိယနှစ်လောက်ကျတော့ သူ့လိုပဲ စာတော်တဲ့အကိုကြီးတယောက်နဲ့ တွဲနေပြီဆိုတာ ကြားတော့ မြင်ဖူးချင်လိုက်တာ။ သူလက်ခံလိုက်တဲ့ အကိုကြီးက ဘယ်လိုပုံများလဲပေါ့။ အဲဒီအကိုကြီးနာမည်ကလဲ အတော်လှတယ်။ ယောက်ျားလေး နာမည်ထဲမှာ လှပြီးခန့်တဲ့နာမည်ပဲ။ ခုထိလဲ အဲဒီနာမည် အတော်ကြိုက်မိတုန်း။ 
ဒီလိုနဲ့ အဲဒီအကိုကြီးရော အမကြီးရော စက်မှုတက္ကသိုလ်ဝင်သွားတာ ။ စက်မှုတက္ကသိုလ်မှာလဲ သူတို့ အတွဲ့ နာမည်ကြီးပဲလို့ ပြောသံကြားတာပဲ။ နောက်ကျောင်းပြီးတော့ လက်ထပ်တာ ။ အကိုကြီး နိုင်ငံခြားကို ထွက်တာ .. သတင်းတွေက စုံစမ်းနေတာပဲ။ ကိုယ်ကလဲ သူ့ကိုသာ အားကျတာ သူ့လို အင်ဂျင်နီယာလဲ မဖြစ်ခဲ့ရပါဘူး။ ဒီလိုနဲ့ ဝေး ဝေး သွားတယ် ပြောရမယ်။ ဒါပေမယ့် အသိစိတ်ထဲတော့ သူ့ကိုမှတ်မှတ်ရရရှိတုန်း။ သူနဲ့လဲ တခါမှ စကားမပြောဖြစ် ခင်လဲ မခင်ခဲ့ပါဘူး။
ဖြစ်ချင်တော့ ၁၉၈၇ ခုနှစ် ရန်ကုန်မှာ ကျောင်းဆက်တက်ဖြစ်တော့ အဆောင်မှာ ပုသိမ်သူချင်း အတူနေရတဲ့ အမက အဲဒီအမကြီးနဲ့ ယူလိုက်တဲ့အကိုကြီးရဲ့ ညီမတယောက်ဖြစ်နေတယ်။ အဲဒီအမနဲ့လဲ အတော့်ကို တွဲမိပြီး ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဆိုတော့ အဲဒီအကိုကြီးနဲ့ အမကြီးမှာ သားတယောက်ရတာက အစ သိခဲ့ရတာပဲ။ နောက် ၁၉၉၁ ခုနှစ် ကျော်ပိုင်းရောက်တော့ ကျောင်းလဲဆက်တက်မရတော့အခြေအနေမှာ အိမ်က ဆိုင်မှာပဲ ထိုင်ဖြစ်တော့တယ်။ အဲဒီမှာ အဲဒီအကိုကြီးရဲ့ ညီမ အငယ်ဆုံးနဲ့ တခါ ဆက်တွဲမိကြပြန်ရော။ အဲဒီလိုနဲ့ ဒီမိသားစုနဲ့ ခင်ပေမယ့်လဲ အမကြီးနဲ့ အကိုကြီးကို တခါမှ မဆုံဖြစ်ဘူး။
တလောက အဲဒီအကိုကြီးရဲ့ ညီအငယ်ဆုံးမိန်းမနဲ့ ဖေ့ဘွတ်မှာ ဆုံရတယ်။ ဓါတ်ပုံတွေ လိုက်ကြည့်ရင်းနဲ့ အကိုကြီးရဲ့ ဖေ့ဘွတ်စာမျက်နှာကို သွားတွေ့တယ်။ ငယ်ငယ်တုန်းက အားကျခဲ့ရတဲ့ အမကြီးကို အပြေးအလွှားလိုက်ရှာရတယ်။ ဓါတ်ပုံတပုံတွေ့လိုက်ရတော့ ပျောက်သွားတဲ့ အဆက်အသွယ်ပြတ်နေတဲ့ ဆွေမျိုးတယောက်ကို တွေ့ရသလိုပဲ ၀မ်းသာအားရကြည့်မိတယ်။ အသက်အရွယ်အရ ၅၀ကျော်တန်းဆိုတော့ နည်းနည်းဝနေတာကလွဲလို့ အရင်လိုပါပဲ။ ကြည့်လို့ ကောင်းတုန်း။ သူတင်ထားတဲ့ပုံက ချန်ဂီလေဆိပ်မှာ ထိုင်နေတဲ့ပုံလေး၊ ကြည့်လို့တောင် မ၀ဘူး။ ခဏခဏကြည့်မိတယ်။ အဲဒီအမကြီး သိပ်ကံကောင်းတယ်ပေါ့။ အကိုကြီးကိုလဲ သေချာခုမှ ပုံတွေထဲ ကြည့်ရတယ်။ အပြင်မှာ တခါမှသေချာမဆုံဖြစ်ဘူး။ သူတို့စုံတွဲကို ဖြတ်သွားဖြတ်လာ တခါတလေ မြင်ဖူးတာတော့ ရှိတာပေါ့။ အမကြီးနဲ့အတော်လိုက်ဖက်ညီတယ်။ ခုချိန်ထိ အကိုကြီးက သူ့သားနဲ့ ညီအကိုလိုပဲ။ 
ကိုယ်ငယ်ငယ်တုန်းက အားကျလေးစားခဲ့ရတဲ့ အမကြီးဘ၀က ခုထိ သာယာနေတာမြင်ရတာ ၀မ်းသာလိုက်တာ။ ကိုယ်နဲ့လုံးဝသိကျွမ်းခြင်းမရှိပဲ လူတယောက်ကို မှတ်မိသိရှိနေတာ။ အားကျလေးစားနေတာမျိုး ရှိတယ်ဆိုတာ ထူးတော့ ထူးဆန်းသလိုပဲ။ သူများပြောရင်တော့ သိပ်ယုံမိမယ်မထင်ဘူး။ ဒါပေမယ့် ကိုယ်တွေ့ဆိုတော့လဲ ပြောရတာ အားရ၀မ်းသာရှိလိုက်တာ။ အခု ဆက်သိချင်နေသေးတာက သူ့ရဲ့ညီမနဲ့ မောင်လေးရော ဘယ်လိုဘ၀အခြေအနေတွေလဲ သိချင်သေးတယ်။ သူတို့လဲ စာတော်တဲ့အထဲ ပါခဲ့တဲ့လူတွေပဲ။ သူ့မောင်လေးက ကျမ ကိုးတန်းတုန်းက သူငယ်ချင်း တပ်ရင်းမှုးသမီးကို ကြိုက်ခဲ့သေးတာတော့ မှတ်မိသား။ ဒါပေမယ့် ၈၈ ပြီးခါစ ကျမ ဒီမိုကရေစီရေး တစိုက်မတ်မတ်လုပ်နေတုန်းအချိန်က အဲဒ်ီတပ်ရင်းမှုးသမီးက ဗိုလ်ကြီးတယောက်နဲ့ အိမ်ထောင်ကျပြီး ပုသိမ်မှာ ပြန်တာဝန်ကျခဲ့တာ ဆိုတော့ အဲဒီအကိုကြီးလဲ ဘယ်သူနဲ့ ရတယ်မသိ။ 
ဘာရယ်တော့ မဟုတ်ပါဘူး။
ဖေ့ဘွတ်လိုက်ကြည့်ရင်း အမကြီးကိုမြင်လိုက်ရတော့ မှတ်တမ်းတင်ထားချင်တာနဲ့ ရေးထားလိုက်တာ။
သူကတော့ သူ့ကို အားကျငေးမောဖူးတဲ့ မိန်းမတယောက် ရှိခဲ့ဖူးတယ် ဆိုတာ။ သူ့ကို အားကျပြီး စာကျက်ဖြစ်တာ၊ သူ့ပုံစံမျိုး အတုခိုးနေထိုင်မိတာ ဘယ်သိနိုင်ပါ့မလဲ။ ခုလိုသတိတရ စာတစောင်ပေတဖွဲ့ရေးနေတယ်ဆိုတာလဲ ဘယ်သိမလဲနော်။
အမကြီးရေ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို ဆက်လက်လျှောက်လှမ်းနိုင်ပါစေ။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
6 comments:
Thandar Lwin said...
ဟုတ်တယ် အမ .ကျမ မှာလဲ အဲလို ရှိခဲ့ဖူးတယ် ။ အမ စိတ်အစွဲအလန်း ကြီးတယ်ထင်တယ် ။ ဘာဘဲဖြစ်ဖြစ် တောက်လျှောက်သာယာနေတဲ့ ဘ၀ တခု ကို ဖတ်ရတာ စိတ်ချမ်းသာစရာပါ ။
mstint said...
ဘဝမှာအမှတ်တရ မှတ်တမ်းလေးတစ်ပုဒ်ပေါ့ ညီမရေ။ ဖတ်ရတာစိတ်ကြည်နူးစရာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မြတ်ပန်းနွယ် (Myat Pan Nwe) said...
အစ်မရေ...
ကိုယ်နဲ့လုံးဝသိကျွမ်းခြင်းမရှိပဲ လူတယောက်ကို မှတ်မိသိရှိနေတာ။ အားကျလေးစားနေတာမျိုး ရှိတယ်ဆိုတာ ညီမ ယုံလည်းယုံတယ်။ ကြုံလည်းကြုံဖူးတယ်။ ညီမတုန်းကတော့ မနေနိုင်တဲ့အဆုံး မိတ်ဖွဲ့ပစ်လိုက်တယ်။ မိတ်ဆွေဖြစ်တာ အတော်လေးကြာမှာ အဲဒီအကြောင်းတွေကို ပြန်ဖွင့်ပြောဖြစ်လိုက်တယ်။ သုံးလေးနှစ်လောက် အောင့်ထားတာတောင် နေရ တော်တော်ခက်ပဲ။
အခု အစ်မက နှစ်တွေတောင် ဆယ်ချီနေပြီနော်။ ဖွင့်ပြောလိုက်ပါလား.. အသည်းယားလွန်းလို့ပါ။
ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်
Anonymous said...
အစ်မကြီးကြောင့် အစ်မခမဇ စာတစ်ပုဒ်ပြန်ရေးဖြစ်တာပေါ့
စင်စင်
rose of sharon said...
အဲဒီအမကြီးက မခင်မင်းဇော်လိုချောမှာသေချာတယ်...
ခင်မင်းဇော် said...
မယ်သန်.. မှတ်မှတ်ရရ ရှိလွန်းတာပါညီမရယ်။
တီတင့်...မေတ္တာခြုံ လုံတယ်နော်။
မြတ်ပန်းနွယ်.. ဝေးဝေးက သာလွမ်းပါမည် ညီမရေ။ ငယ်ငယ်တုန်းကတော့ မိတ်ဆက်ဖို့ စိတ်မပါခဲ့ဘူး။ အမ စိတ်ရင်းက နာမည်ကြီးတွေ ဘာတွေဆိုရင် မဆက်စပ်ချင် မသိချင်ဘူး ဝေးဝေးရှောင်တတ်ခဲ့တယ်။
စင်စင်... ဘလော့ကို ဘာကစရေးရမလဲ စဉ်းစားမရတာ ကြာပြီ။ အဲဒီနေ့က မနေနိုင်တာနဲ့ ရေးဖြစ်သွားရော ။ အခုတော့ သတိတရ တွေ ရေးချင်တာ များလာပြီ။
ဖောရေ.... အမကြီးက မခင်မင်းဇော်ထက် အများကြီး သာတယ်ညီမရဲ့။
ချစ်ခင်စွာဖြင့် ခင်မင်းဇော်