Wednesday, August 29, 2012

သမီးကျောင်းတက်ချင်သေးတယ်

 ရွှေတောက ရွှေအမောများ


သမီးတို့နေတာက ရမည်းသင်းမြို့နယ် အရှေ့ဘက် တူးကုန်းအုပ်စု အထဲမှာ ပါတဲ့ မိုးထိမိုးမိတောင် က ရွှေတွေ တူးတဲ့နေရာပေါ့။ သမီးဖေဖေတို့ကိုတော့ အင်းလုပ်သားတွေလို့ ခေါ်ကြတယ်။ ရွှေတူးပေမယ့် သမီးတို့အိမ်မှာ ရွှေနဲ့ တူတာ တခုမှမရှိပါဘူး။ သမီးညီမလေးကတောင် ရွှေမြင်ဖူးချင်လို့ ဆိုပြီးမေမေ့ကို ပြောသေးတာပဲ။

ဒီနေရာက အရင်တုန်းက နိုင်ငံခြားသားတွေ ရွှေတူးတာလို့ ပြောတယ်။ ဖေဖေ့ကို မေးတော့ ကနေဒါနိုင်ငံက အိုင်ဗင်ဟိုးကုမ္ပဏီလို့ ပြောတာပဲ။ သမီးမှတ်မိသလောက်တော့ ဒီမှာပဲ သမီးတို့နေခဲ့တာလို့မှတ်မိနေတာပဲ။ ကျောင်းလဲ ဒီမှာ ရှိတဲ့ကျောင်းကိုပဲ တက်တာ။ ဖေဖေတိုဘ၀နဲ့ သမီးတို့ လူဖြစ်ခဲ့ရတာပဲလေ။
အဲဒီဖေဖေတို့ဘ၀ သမီးတို့ဘ၀ကို ပြောင်းလဲ ဖို့ ၂၀၁၁ခုနှစ်က အစပြုခဲ့တယ်လို့ အဲဒီတုန်းက မသိခဲ့ရိုးအမှန်ပါ။သမီးမှတ်မိသလောက် အစကနေ ပြန်ပြောပြရရင်တော့…

အမျိုးသားရေး ကြိုးစားပေး
၂၀၁၁ ခုနှစ် စက်တင်ဘာလအတွင်းမှာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီလီမီတက် ကနေ သမီးတို့ ရှိနေတဲ့ ဖေဖေတို့ အလုပ်လုပ်တဲ့ မိုးထိမိုးမိတောင်က ရွှေလုပ်ကွက်တွေကို တူးဖော်လုပ်ကိုင်ခွင့်လိုင်စင်ရခဲ့တယ်တဲ့။
အဲဒီဒေသမှာ ရွှေမိုးယံကုမ္ပဏီ၊ ကြောင်နက်မင်းကုမ္ပဏီ၊ မြန်မာစန်းသီအောင်ကုမ္ပဏီ ဆိုတဲ့ မြန်မာလူမျိုးပိုင် ကုမ္ပဏီတွေ လဲ တခြားတောင်ကြော တခြား လုပ်ကွက်တွေမှာ တပြိုင်တည်း လုပ်ကိုင်ခွင့်လိုင်စင်တွေ ရခဲ့ကြတယ်။ ဒါပေမယ့် သမီးတို့နေတဲ့ မိုးထိမိုးမိဒေသကရွှေလုပ်ကွက်ကသာ ရွှေအများဆုံးထွက်တဲ့ လုပ်ကွက်ဆိုတာ ဒီမှာ ရှိတဲ့ လူတိုင်း သိပါတယ်။

ဖေဖေတို့ ကတော့ အမျိုးသားကြိးပွားတိုးတက်ရေး ဆိုတဲ့ နာမည်ကြားတာနဲ့ လေးစားချစ်ခင် နေခဲ့ကြတာပဲနော်။ အဲဒီကုမ္ပဏီက သူတို့ လုပ်ပိုင်ခွင့်ရတာနဲ့ မိက်ဖက်ကုမ္ပဏီတွေ လက်ခံတော့ ဖေဖေတို့က လေးစားနေကြသေးတယ် မဟုတ်လား။ အဲဒီမိတ်ဖက်ကုမ္ပဏီတွေရဲ့ တာဝန်ခံမှုနဲ့ အင်းပိုင်တွေ စက်ပိုင်တွေကိုလဲ အကျိုးတူပူးပေါင်းလုပ်ကြဖို့ လက်ကမ်းခေါ်နေတယ်ဆိုတာကို ဖေဖေတို့ရဲ့ ညဦးရေနွေးကြမ်းစကားဝိုင်းတွေဘေးက ငေးမောရင်း သမီးတောင် ကြားမိပြီးပျော်နေသေးတယ်။ ဒီလိုပူးပေါင်းလုပ်တဲ့အခါ ခံစားခွင့်တွေ ပူးပေါင်းလုပ်မယ့် ကာလသက်တမ်းတွေကို နှုတ်ကတိနဲ့ပဲ ပြောဆိုခဲ့ကြတာ။ နောက် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ အဲဒီက လုပ်ငန်းကော်မတီလူကြီးတွေရဲ့ လက်မှတ်တွေနဲ့ ကုမ္ပဏီနာမည်ပါတဲ့ လိုင်စင်ကိုလဲ ဖေဖေတို့ ရခဲ့ကြတယ်လေ။
အစတုန်းက ဖေဖေတို့ကို လုပ်ကိုင်ခွင့် ၅ နှစ်အနည်းဆုံးလုပ်ခွင့်ရမယ်လို့ ပြောခဲ့တာကြောင့် အင်းပိုင်စက်ပိုင်တွေက ငွေရင်းငွေနှီးထပ်ထည့် စက်တွေ ထပ်ဆင်နဲ့ လုပ်ကွက်ထဲမှာ နေ့မအားညမအား အမျိးသား ကြီးပွားတိုးတက်ကြဖို့ပေါ့နော်။

ဒါပေမယ့်လဲ ဖေဖေရေ… အချိန် ၇ လလောက်မှာ လုပ်ကွက်တွေကနေ အောင်မြင်တဲ့ အင်းတွေ ပေါ်လာတော့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက အချိုးပြောင်းလာတယ်မဟုတ်လား။ လုပ်ငန်းတွေကို ချက်ချင်းရပ်၊ ပူးပေါင်းဆောင်ရွက်တာတွေ ချက်ချင်းရပ်လို့ အမိန့်ပေးခဲ့တော့တယ်။
ကန်ထရိုက်ရအမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ ကတိစကားမတည်တော့ဘူး။ ငွေကုန်ကြေးကျခံ ရင်းနှီးမြှုပ်နှံပြီး အကျိုးအမြတ်စတင်ရရှိချိန်ကျတော့မှ အသေးစားလုပ်ငန်းကနေ အကြီးစားလုပ်ငန်းကို ပြောင်းလဲမှာဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရပ်ဆိုင်းခိုင်းခဲ့လေပြီ။ ဖေဖေတို့ ငြိမ်သက်ဆွံ့အသွားခဲ့ရတာပေါ့။

(Win- Win )၀င်းဝင်း ဖြစ်ရမယ်တဲ့

ဒီအမိန်ကြောင့် ဇုံတွေအသီးသီးက အင်းလုပ်သားတွေ စုရုံးခဲ့ကြတယ်၊ ပင်မစခန်းကြီးမှာ လူတွေ သောင်းချီရောက်လာကြတယ်။ ညှိုနှိုင်းဖြေရှင်းပေးဖို့ ကြွေးကြော်ဆန္ဒပြကြတယ်။ ၇လ ပဲ လုပ်ရသေးတဲ့လုပ်ငန်းခွင်ကနေ ဒီတိုင်းရပ်တန့်ထွက်ခွာပေးဖို့ ဘယ်သူက လက်ခံပါ့မလဲ။ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဘက်က ဦးဆောင်ဖြေရှင်းပေးမယ့်လူက စီမံကိန်း ညွှန်ကြားရေးမှူးဒါရိုက်တာ တဲ့ ။ သူက စစ်တပ်အငြိမ်းစားတဦးလဲ ဖြစ်သေးတယ်တဲ့။ သူပြောတာက နိုင်ငံတော်ကနေ ဓါတ်သတ္တုအကြီးစာထုတ်လုပ်ခွင့်ဥပဒေအရ အသေးစားနဲ့ လက်လုပ်လက်စား ထုတ်ခွင့်မပြုတော့တာကြောင့် လိုင်စင်စာချုပ်အားလုံးပျက်ပြယ်ပြီတဲ့။
ဒါဟာ ဖြေရှင်းပေးတာလား သူနိုင်ကိုယ်နိုင် ၀င်းဝင်းပေါ်လစီလား သမီး မသိတော့ဘူး ဖေဖေ။ ဒါပေမယ့် ရွှေလုပ်သားတွေ အားလုံးမကျေနပ်ကြတော့ဘူး။ တကယ်လို့ ရပ်ရမယ်ဆိုရင် ဘယ်လိုနစ်နာကြေးတွေ ပေးမှာလဲ မေးရတော့မယ် မဟုတ်လား ဖေဖေ။ ဒါနဲ့ပဲ မိုးထိမိုးမိဒေသက အသေးစား ရွှေလုပ်ငန်းသမားတွေနဲ့ မှီခိုလုပ်သားတွေအနေနဲ့ သောင်းချီရှိနေတာမို့ ခုလိုရပ်တန့်လိုက်တာနဲ့ အားလုံး ပြီးသွားမလား ။ ဘယ်လိုစီစဉ်ကြမှာလဲ ။ ဒါတွေကို ဘာလို့ မတွေးတော ထားကြသလဲ လို့ ကုမ္ပဏီ လူကြီးတွေကို မေးခဲ့ကြတယ်။ နောက်ဆုံးမှာတော့ ရွှေလုပ်သားတွေက လိုအပ်တဲ့ တောင်းဆိုချက် ၆ချက်ကို တောင်းဆိုလိုက်ကြတော့တယ်။

အင်း၊ အယ်တာတွေကို အရင်အတိုင်း လုပ်ခွင့်၊ ဇုန်တွေမှာရှိတဲ့ ကျော်ကြိတ်စက်တွေကိုလဲ ကြိတ်ခွဲခွင့်ပြုဖို့။
ထုံကြီးတောင်ဒေသရှိ ရွှေလုပ်သားတွေကိုလဲ အရင်အတိုင်း အစုခွဲစားခွင့်ပြုဖို့။ အင်း၊ အယ်တာတွေအတွက် နစ်နာကြေးပေးဖို့။ လုပ်ငန်းများ ရပ်ဆိုင်းထားတဲ့ အတွင်း အသေးစားရွှေလုပ်ငန်းတွေနဲ့ မှီခိုလုပ်သားတွေကို နစ်နာကြေးပေးဖို့။ နောက်ဆုံးကတော့ အခုတောင်းဆိုချက်တွေကို နှစ်ဦးနှစ်ဖက်အပြန်အလှန်ညှိနှိုင်းပြီး သဘောတူလက်မှတ်ထိုး စာချုပ် ချုပ်ဖို့ဆိုတာတွေ ပါဝင်တဲ့ တောင်းဆိုချက်ပေါ့။ ဒါတွေကို ညှိုနှိုင်းတဲ့အခါမှာတော့ လေးပင်အင်းလို အသေးစားလုပ်ငန်းတွေကို လုံးဝ ခွင့်မပြု၊ ဗြုံးကျောက် ကြိတ်စက်တွေကို လုံးဝခွင့်မပြု၊ ဗြုံကျောက်ကြိတ်စက်တန်းဖိုးတွေကိုတော့ လျော်ကြေးပေးမယ်လို့ ပြောပါတယ်။ တကယ်က အက်တာဖောက်လည်း အင်းကိုတော့ တူးရမှာပဲ ဆိုတာနဲ့ အက်တာထဲမှာ ရွှေကြောတွေ့ရင် အဲဒီနေရာကို အင်းအဖြစ် မဖြစ်မနေဖောက်ရတယ်ဆိုတာ ရှင်းလင်းပြပေမယ့် လက်မခံပဲ အက်တာတွေ အင်းတွေကို လမ်းမလွတ်လို့ ဆိုပြီး ဘူဒိုဇာနဲ့ ထိုးချခဲ့တယ်မဟုတ်လား ဖေဖေ။

အားလုံးကို ဖြတ်မယ့် ဖြတ်လေးဖြတ်ပုံစံ
ဇွန်လ ၁၀ ရက်နေ့ထိ လျော်ကြေးပေးမယ်ဆိုတဲ့ ကိစ္စတွေလဲ အကောင်အထည်ဖေါ်မလာတဲ့ အပြင် တောင်ပေါ်တက်လာမယ့် ကား လူ နဲ့ ဈေးသည်တွေ အားလုံးကို ကန့်သတ်လိုက်ပါတယ်။ ဇွန် ၆ ရက်နေ့ကတည်းက သားငါး ဟင်းသီး ဟင်းရွက်ဈေးသည်တွေထဲမှာ သူတို့ ကုမ္ပဏီကို သွင်းမယ့်လူတွေကိုပဲ တက်ခွင့်ပြုပြီး ကျန်တဲ့ ရွှေလုပ်သားတွေအတွက် ရောင်းချဖို့ခွင့်မပြုတော့ဘူးလေ။

ဒီမိုင်းဟာ အရှေ့တောင် အာရှမှာ အကြီးဆုံးမိုင်းတွင်းတဲ့ ပြောကြတယ်။ တလကို ရွှေစင် ၇၃ ပိဿာ အစိုးရကို ပေးဆောင်ရမှာမို့ ခေတ်မှီစက်ကြီးတွေနဲ့ အကြီးစား ထုတ်လုပ်မှု လုပ်မယ်တဲ့။ တကယ်တော့ ဇုံ ၈ တခုတည်းက တနေ့ အနည်းဆုံး ရွှေသုံးပိဿာ ထွက်နေတာ မိုင်းက လူတိုင်း သိ။ ရွှေလုပ်သားတိုင်း သိပါတယ်။ ဒီမြေဒီရေမှာ လုပ်လိုက်လာခဲ့တဲ့ လူတွေဟာ ဒီမြေဒီရေကို ကျွမ်းကျင်ပိုင်နိုင်ပြီးသားပါ။ ဒီလို ကျွမ်းကျင်တဲ့ဒေသခံရွှေလုပ်သားတွေကို မောင်းထုတ်ပြီး၊ အောက်ခြေအင်းပိုင် အင်းခေါင်းတွေရဲ့ သိန်းဆယ်ချီတဲ့ ရင်းနှီးမှုတွေကို ဗြုန်းစားကြီး ရပ်တန့်ခိုင်းစေမှုဟာ အနိုင်ကျင့်တာပါပဲ။ ကိုယ့်နိုင်ငံသား အသေးစား လုပ်ငန်းရှင်တွေကို အခြေခိုင်အောင်မြေတောင်မြှောက်ပေးမယ်ဆိုတဲ့ စိတ်ဓါတ်မရှိပဲ ကြီးနိုင် ငယ်ညှင်းလုပ်ရပ်ကို လုပ်လိုက်တာပါပဲ။ ဖေဖေတို့ ဒါကို ဘယ်လိုရင်ဆိုင်ကြမှာလဲ ဘယ်လိုဆုံးဖြတ်ခဲ့ကြလဲ ။
သမီးတို့ ကျောင်းတက်ဖို့အတွက် မိဘတွေ အလုပ်ရှိဖို့ လိုပါတယ်။ အခုကျောင်းဖွင့်ချိန် ဇွန်လဆန်းမှာ ဒီကိစ္စဖြစ်တော့ ဘယ်ကလေးမှ ကျောင်းမအပ်နိုင်ကြတော့ဘူးလေ။ ဘ၀ရှေ့ရေးကြီးက ဒီလိုနဲ့ ရပ်သွားရမလား။ ထွက်သွားဆိုတာနဲ့ ထွက်၊ ရပ်ဆိုတာနဲ့ ရပ်လိုက်ရမလား။ အံကြိတ်နေတဲ့ ဖေဖေတို့ ရွှေလုပ်သားတွေကို သမီးမြင်ရတာ ငိုချင်တယ်ဖေဖေ။

ခြေလျှင်ချီတက်လျှောက်ကြမယ်


မှတ်မှတ်ရရပါပဲ။ ဇွန်လ ၁၁ ရက်နေ့မှာတော့ မိုးထိမိုးမိတောင်ပေါ်ကနေ မိုင်ပေါင်း ၁၀၅ မိုင်ဝေးတဲ့ နေပြည်တော်ထိ လူအင်အား သုံးထောင်လောက်က လမ်းလျှောက်လာခဲ့ကြတယ်။ သူတို့ စိတ်ထဲမှာ မတရားတဲ့ ဆက်ဆံမှုတွေအတွက် ပြေလည်အောင် မဖြေရှင်းသေးသရွေ့ နေပြည်တော်ထိ ချီတက်ကြဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ နေ့ဘက်မှာ ခြေလျှင်လျှောက်ချီတက်မယ်၊ ညဘက်မှာ နားကြမယ်ပေါ့။ ဒီလူတွေထဲမှာ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေ ကလေးသူငယ်တွေလဲ ပါကြတယ်။ တောင်းဆိုချက်တွေ မရမချင်းနေပြည်တော်ထိ ရောက်အောင်ချီတက်ကြမယ်ဆိုပြီး သစ္စာပြုကြတယ်။ နောက် တောင်ပေါ်မှာပဲ အားလုံးသရဏဂုံတင်ခဲ့ကြတယ်။ ဖေဖေနဲ့ တူတူ သမီးလဲ လိုက်ခဲ့မယ်ဆိုတော့ ခေါင်းညိတ်တဲ့ ဖေဖေ့မျက်လုံးမှာ မျက်ရည်တွေနဲ့။


လူအုပ်ကြီးဟာ တလှမ်းချင်း တရွေ့ရွေ့လျှောက်ခဲ့ကြတာ မိုင်သုံးဆယ်ခရီးကို ပေါက်ရောက်ခဲ့ပြီး ညဘက်ရောက်လာတဲ့အတွက် ရမည်းသင်းမြို့နဲ့ ငါးမိုင်အကွာမှာ ရှိတဲ့ ရွှေမြင်တင်တောင်ပေါ်မှာ တညနားခဲ့ရပါတယ်။ နောက်နေ့မနက်မှာပဲ လုံထိန်းတွေနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ ရဲတွေ ရောက်လာပြီး ဘယ်မှခရီးဆက်မရအောင် ၀င်ပေါက် ထွက်ပေါက် အားလုံးကို တားဆီး ပိတ်ဆို့ထားလိုက်တော့တယ်။ ဖေဖေကတော့ တောက်တခေါက်ခေါက်နဲ့၊ လက်နက်အပြည့်အစုံနဲ့ ရဲတွေက တနေ့ထက်တနေ့ ပိုတိုးချလာတယ်၊ သမီးတို့ သွားမရတော့ သမီးတို့ဆီလာတဲ့လူတွေကိုလဲ တားဆီးပိတ်ပင်နေပြန်တယ်။ 

သမီးတို့ကို ကူညီနေတဲ့ တဦးချင်းလူတွေ အဖွဲ့အစည်းလိုက်လူတွေ နောက်ရွှေည၀ါဆရာတော် ဦးဆောင်တဲ့အဖွဲ့တွေ …။ သူတို့ကို မြင်ရတော့ အားလုံးလဲ အားတက်ခဲ့ကြတယ်။ တားဆီးပိတ်ဆို့ထားတဲ့ လူတွေကို ဆွေးနွေးပြီး အစားအစာနဲ့ ရေမပြတ်လပ်အောင် ကြိုးပမ်းပေးကြတယ်၊ သမီးတို့ မိုးထိမိုးမိတောင်က ရွှေလုပ်သားတွေရဲ့ လိုအပ်ချက်တွေ တောင်းဆိုချက်တွေကို သူတို့က နားလည်အသိအမှတ်ပြုကြတယ်။ သမီးတို့နဲ့ တူတူရပ်တည်ပေးတဲ့လူတွေ ရှိတယ်ဆိုတော့ ၀မ်းသားလို့ မဆုံးတော့ပါဘူး။ သူတို့က ပြောပြကြတယ်၊ သမီးတို့ နိုင်ငံမှာ လယ်မြေတွေအသိမ်းခံကြရတဲ့ လယ်သမားတွေအကြောင်း၊ လုပ်အားခနိမ့်ပါးလွန်းလို့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေအကြောင်း။ မတရားအမိန့်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးလှုပ်ရှားမှုတွေ အကြောင်း၊ လျှပ်စစ်မီးတွေ မလာလွန်းလို့ ဖယောင်းတိုင်မီးထွန်း ဆန္ဒပြနေတဲ့ လှုပ်ရှားမှုအကြောင်း… သမီးသိလာခဲ့ရပြီ။ ကိုယ့်အခွင့်အရေးတွေ ကိုယ့်ရပိုင်ခွင့်တွေကို ကိုယ်တိုင်က မတောင်းဆိုပဲနဲ့တော့ ဘယ်တော့မှ ဘယ်သူကမှ လာပေးမယ် မဟုတ်ဘူးဆိုတာကိုပါ ဖေဖေ။

သဘောတူချက်တွေ … သို့သော်

အဲဒီတောင်ပေါ်မှာပဲ ဖေဖေတို့ ညှိုနှိုင်းဆွေးနွေးကြပြီး ဇွန်လ ၁၄ ရက်နေ့မှာတော့ အခြေခံ အကျဆုံး တောင်းဆိုချက် ၆ ချက်ကို ကုမ္ပဏီဘက်က ပေးမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ စာချုပ်ချုပ်ဆိုခဲ့ကြပြီနော်။ ချီတက်ဆန္ဒပြမှာကို ပိတ်ဆို့ထားခံရတဲ့ ရွှေမြင်တင်တောင် စေတီတော်ရှိရာမှာ လုံခြုံရေးေ စာင့်ကြည့်ေ န သူတွေ ရှေ့မှောက်မှာပဲ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ မဟုတ်လား။ ဖေဖေတို့တောင်းတဲ့ ရွှေတွင်းလုပ်သားတွေ အင်းနဲ့ အက်တာတွေကို နောက်ထပ်တနှစ် ဆက်လုပ်ခွင့်၊ အဲဒီတနှစ်အတွင်း လုပ်သား လုပ်အားကောင်းလာရင် အခြေအနေ တိုးတက်လာရင်နောက်နှစ်တွေ ဆက်လုပ်ခွင့်၊ နစ်နာကြေးတွေ ပေးဖို့ စတဲ့အချက်တွေကို သဘောတူခဲ့ တာနော်။
ဒါပေမယ့်လဲ အခု သြဂုတ်လထိ စာချုပ်ပါအချက်တွေကို မလုပ်ပေးတဲ့အပြင် ရွှေလုပ်သားတွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ လုပ်ပြီး အမိန့်အမျိုးမျိုးထုတ်ပြန်ပါလေတော့တယ်၊ အခုတော့ သမီးတို့ကို စီးပွားရေး ကုမ္ပဏီနဲ့ အာဏာပိုင်တွေပူးပေါင်းလိမ်လည်ခဲ့တာ ဖြစ်နေပြီ ဖေဖေ၊

သမီးသိတာက အစိုးရဆိုတာ ပြည်သူလူထုဘက်ကနေ ပြည်သူလူထုအတွက် အလုပ်လုပ်ပေးဖို့ ဆို။ အခု တော့ သမီးလက်တွေ့ မြင်ရ သိလိုက်ရတာကတော့ အာဏာပိုင်တွေကပါ သမီးတို့ဘက်မှာ မရှိဘူးဆိုတာပါပဲနော်၊ သူုတို့ ကိုယ်တိုင် ချုပ်ဆိုပေးတဲ့ စာချုပ်ကို ဖောက်ဖျက်နေတဲ့ ကုမ္ပဏီကို ဘာလို့ ကာကွယ်ပေးနေရလဲ။ ဒီလိုဖောက်ဖျက်မှုကို ဘာလို့ အရေးတယူဖြေရှင်းမပေးတာလဲ။ သမီးတော့ အံ့သြပြီးရင်း အံ့သြတာပဲ ဖေဖေ၊ ဒါ့ကြောင့် အခု တက်လာတဲ့ သမတကြီးဦးသိန်းစိန်အစိုးရကို ၀တ်စုံပဲ ပြောင်းတာ ။ ဘာမှမပြောင်းဘူးလို့ ပြောသံကြားခဲ့တာထင်တယ်နော်၊ ဖေဖေတို့ထဲက ကိုယ်စားလှယ်တွေ နေပြည်တော်က ၀န်ကြီးဆီထိ သွားညှိုနှိုင်းတာလဲ အဆင်မပြေဘူးဆို။ သမီးတို့ ဘယ်လိုဆက်နေရမှာလဲဖေဖေ။ သမီးတို့ ကျောင်းတွေ ဆက်တက်ချင်သေးတယ်၊ အတန်းတွေ အများကြီးရချင်တယ်၊ နောက် မနက်ထမင်း ညထမင်းကို ငပိရည် တို့စရာနဲ့ ပဲဖြစ်ဖြစ် ပုံမှန်စားနေခွင့်ရချင်သေးတယ်၊ နောက်သမီးတို့ အိမ်လို့ ခေါ်ရမယ့် အိပ်စရာ နေရာ ကျောတခင်းစာလေးဆီကို ကျောင်းကအပြန်ပျော်ပျော်ရွှင်ရွှင် ပြန်လာချင်တယ်ဖေဖေ၊
ဒီအတွက် သမီးတို့ ဘာလုပ်ပေးရမလဲ ။ ဘာတွေ ကြိုးစားရမလဲ၊ ဘယ်သူ့ကို ပြောရမလဲ။
ဖေဖေ.... သမီးကျောင်းတက်ချင်သေးတယ်။        ။

ချစ်ခင်စွာဖြင့်
(ခင်မင်းဇော်)
မိုးထိမိုးမိတောင်ပေါ်က ရွှေလုပ်သားတွေနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ကျေညာချက်များကို ဖတ်ရှုခံစားရေးဖွဲ့ ထားတာမို့ အမှားအယွင်း ရှိခဲ့ရင် ကျမကြောင့်သာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါသည်)
ခေတ်မောင်းလစဉ်ထုတ် ဂျာနယ် အတွဲ (၁) အမှတ် (၄) တွင် ဖေါ်ပြပါရှိပြီး။

4 comments:

Thandar Lwin said...

ဖတ်ရတာ ၀မ်းနည်း လိုက်တာ အမ ..ဇုန် ၈ တခုထဲ ကတောင် တနေ့ ၃ ပိဿာ ဆို အဲဒီ ဇုန်ကတင် တလ အစိုးရ ကို ပေး၇မှာ ထက်ပိုထွက်နေပြိ နော်....

Win Zin Min Raja said...
This comment has been removed by the author.
Win Zin Min Raja said...

မခင်မင်းဇော်ရေ။
ကျေးဇူးများစွာ တင်ပါတယ်။ ရမည်းသင်းက ကျွှန်တော့် မွေးရပ်ဇာတိပါ။ ရွှေထွက်နေခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း တထောင် မနူဟာမင်း (သူရီရ ကုမာရ= Suria Kumara) နှင့် အနော်ရထာ ခေါ် အနုရထာ Anurhddha မင်း တို့  လက်ထက်ထဲကပါ။ ရမည်းသင်းမြို့ နာမည်ကိုက မွန်နာ ရာမန်(Raman) ပါ။ မွန်ဘာသာ စကား နှင့် “ရမည်” လို့ ရေး တဲ့ အတွက် ဗမာတွေက “ရမည်း” လို့  ဖတ်ရာက ရမည်းသင်းဖြစ်လာတာပါ။ အဲ့ဒီရွှေထွက်ရာ အရပ်နေ ပေါင်းလောင်း-စစ်တောင်းမြစ်ထဲ ပါသွား ပြီး စစ်တောင်းမြစ်ဝ သထုံမြို့ နားမှာ နုံးတင်ပြီး သဲသောင်မှာ ရျွှေမှုံတွေကြဲထား သလို ဖြစ်နေခဲ့ လို့  သထုံ ကို သုဝဏ္ဏဘုမ္မိ ဆူဝဏ္ဏာဘူ မီ=Suvannabuhmi လို့ ခေါ်ခဲ့တာခြစ်ပါတယ်။ တကယ်တော့ ရမည်းသင်းဒေသကို သုဝဏ္ဏဘုမ္မိ ဆူဝဏ္ဏာဘူ မီ=Suvannabuhmiလို့ ခေါ်သင့်တာပါ။ ထားပါတော့ ရွှေဗမာပေါ့ဗျာ။ ခက်တာက ဗမာ့မြေ၊ ဗမာ့ရေ၊ ဗမာ့ရွှေကို ဗမာတွေ မပိုင်တော့ တာပါဘဲ။ အပြည့် အစုံကို ဝန်ဇင်းမင်းရာဇာ ဘလော့ဂ်မှာ ဖတ်ပါ။
http://wunzinminraja.blogspot.sg
Ing Weber

Win Zin Min Raja said...

http://wunzinminraja.blogspot.sg