၂၀၁၂ ကတော့ အကောင်းအဆိုးတွေ ရောမွှေလို့ ကျမတို့ကို နှုတ်ဆက်နေပါပြီ။
သူ့ကိုလက်ပြန်ပြနေတဲ့ ကျမကရော သူနဲ့ တွေ့ဆုံနေစဉ်က ဘာတွေများ တိုးတက်ဖြစ်ထွန်းခဲ့ ပါသလဲ ပြန်လည်သုံးသပ်ကြည့်မိပါတယ်။
ဟုတ်ကဲ့။ ဒီနှစ်ကာလတွင်းမှာ ကျမတယောက်တည်း အတွက်တော့ မိတ်ဆွေကောင်းတွေ ရရှိလာသလို မိတ်ဆွေစစ်လို့ ထင်ခဲ့ဖူးတဲ့ လူတွေကိုလဲ စိတ်အေးသက်သာစွာ ချန်ထာဖို့ လက်ပြနှုတ်ဆက်နိုင်ခဲ့ပါတယ်။
ဘ၀ဆိုတာ ဒီလိုပါပဲ။ တွေ့ကြဆုံကြ ပြီးတော့ ခွဲခွာကြပေါ့။ ၀မ်းနည်းမှုတွေ ကြုံလာတိုင်း ပျော်ရွှင်စရာတွေလဲ စောင့်ကြိုနေသေးတယ်ဆိုတာ မမေ့တတ်ရင်တော့ ဖြစ်သမျှအားလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မှာပေါ့။
လူသားဘ၀ ရောက်ရှိလာပြီးတဲ့နောက် ကလေးဘ၀က စပြီး ရုန်းကန်လှုပ်ရှားခဲ့ရတာ သေဆုံးချိန်ထိ တရံမလပ် အားစိုက်ခဲ့ရတာ မဟုတ်လား။ ကျောင်းသားဘ၀မှာ လုပ်ငန်းခွင်မှာ အားလျှော့မိတာနဲ့ ကျော်တက်သွားမယ့်လူ။ နောက်ကျော ဓါးနဲ့ထိုးမယ့်လူ။ တံတောင်နဲ့ တွတ်မယ့်လူ နည်းတာမှမဟုတ်တာ။ ရှားရှားပါးပါး လက်ကမ်းကာဖေးမမယ့် လူလဲ ကြုံခဲ့ရဖူးပါရဲ့။ အဲဒီအတွက်လဲ ကမ်းလင့်ခဲ့ဖူးသူတွေ ဆွဲခေါ်ခဲ့ဖူးသူတွေကို ကျေးဇူးတင် လေးစားခဲ့ရတာပေါ့။
ဒါနဲ့ ပြီးမလား။ ဘယ်ဟုတ်ပါ့မလဲနော်။ ကိုယ့်အလှည့်မှာလဲ ကိုယ်မကြိုက်တဲ့ စရိုက်မျိုး မလုပ်မိအောင် ကြိုးစားအားထုတ်ခဲ့ရတာပဲမဟုတ်လား။ တတ်နိုင်သမျှ နောက်ကျောဓါးနဲ့ ထိုးတဲ့လူမျိုး။ ကမ်းတဲ့လက်ကို ပုတ်ထုတ်မယ့်လူမျိုး မဖြစ်အောင်။ အားနည်းကို ကူနိုင်အောင် အားငယ်သူကို တွဲနိုင်အောင် စိတ်ဓါတ်ခွန်အားကို အမြဲ အသင့်ပြင်ထားခဲ့ပါတယ်။