Monday, December 31, 2012

ချစ်သော နှစ်သုံညတစ်သုံး...

 ၂၀၁၂ ကတော့ အကောင်းအဆိုးတွေ ရောမွှေလို့ ကျမတို့ကို နှုတ်ဆက်နေပါပြီ။

သူ့ကိုလက်ပြန်ပြနေတဲ့ ကျမကရော သူနဲ့ တွေ့ဆုံနေစဉ်က ဘာတွေများ တိုးတက်ဖြစ်ထွန်းခဲ့ ပါသလဲ ပြန်လည်သုံးသပ်ကြည့်မိပါတယ်။

ဟုတ်ကဲ့။ ဒီနှစ်ကာလတွင်းမှာ ကျမတယောက်တည်း အတွက်တော့ မိတ်ဆွေကောင်းတွေ ရရှိလာသလို မိတ်ဆွေစစ်လို့ ထင်ခဲ့ဖူးတဲ့ လူတွေကိုလဲ စိတ်အေးသက်သာစွာ ချန်ထာဖို့ လက်ပြနှုတ်ဆက်နိုင်ခဲ့ပါတယ်။
ဘ၀ဆိုတာ ဒီလိုပါပဲ။ တွေ့ကြဆုံကြ ပြီးတော့ ခွဲခွာကြပေါ့။ ၀မ်းနည်းမှုတွေ ကြုံလာတိုင်း ပျော်ရွှင်စရာတွေလဲ စောင့်ကြိုနေသေးတယ်ဆိုတာ မမေ့တတ်ရင်တော့ ဖြစ်သမျှအားလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မှာပေါ့။

လူသားဘ၀ ရောက်ရှိလာပြီးတဲ့နောက် ကလေးဘ၀က စပြီး ရုန်းကန်လှုပ်ရှားခဲ့ရတာ သေဆုံးချိန်ထိ တရံမလပ် အားစိုက်ခဲ့ရတာ မဟုတ်လား။ ကျောင်းသားဘ၀မှာ လုပ်ငန်းခွင်မှာ အားလျှော့မိတာနဲ့ ကျော်တက်သွားမယ့်လူ။ နောက်ကျော ဓါးနဲ့ထိုးမယ့်လူ။ တံတောင်နဲ့ တွတ်မယ့်လူ နည်းတာမှမဟုတ်တာ။ ရှားရှားပါးပါး လက်ကမ်းကာဖေးမမယ့် လူလဲ ကြုံခဲ့ရဖူးပါရဲ့။ အဲဒီအတွက်လဲ ကမ်းလင့်ခဲ့ဖူးသူတွေ ဆွဲခေါ်ခဲ့ဖူးသူတွေကို ကျေးဇူးတင် လေးစားခဲ့ရတာပေါ့။ 

ဒါနဲ့ ပြီးမလား။ ဘယ်ဟုတ်ပါ့မလဲနော်။ ကိုယ့်အလှည့်မှာလဲ ကိုယ်မကြိုက်တဲ့ စရိုက်မျိုး မလုပ်မိအောင် ကြိုးစားအားထုတ်ခဲ့ရတာပဲမဟုတ်လား။ တတ်နိုင်သမျှ နောက်ကျောဓါးနဲ့ ထိုးတဲ့လူမျိုး။ ကမ်းတဲ့လက်ကို ပုတ်ထုတ်မယ့်လူမျိုး မဖြစ်အောင်။ အားနည်းကို ကူနိုင်အောင် အားငယ်သူကို တွဲနိုင်အောင် စိတ်ဓါတ်ခွန်အားကို အမြဲ အသင့်ပြင်ထားခဲ့ပါတယ်။

ကိုယ်ကျင့်တရား ဆိုတာကို မဖောက်ဖျက်မိအောင် ကြိုးစားတည်ဆောက်ခဲ့တာဟာ ကိုယ့်လိပ်ပြာ ကိုယ်လုံချင်သူမို့ပါ။ ဘ၀ရဲ့ အနိမ့်အမြင့်ထဲမှာ တုန်လှုပ်ခြင်း ကင်းကင်းနဲ့ ဖြတ်ကျော်နိုင်ဖို့ အလိုအပ်ဆုံး စိတ်ဓါတ်ခွန်အားကို ရယူပိုင်ဆိုင်ဖို့ လေ့ကျင့်ပေးခဲ့တဲ့ မိဘတွေ၊ သူငယ်ချင်းအသိုင်းအ၀ိုင်းတွေ၊ ရဲဘော်ရဲဘက်တွေ။ ချစ်မိတ်ဆွေတွေ အပြင် ကူဖော်လောင်ဘက် ခင်ပွန်းဖြစ်သူနဲ့ ရင်နှစ်သည်းချာ သားလှရတနာလဲ ပါတာပေါ့။ 

တကယ့်အခက်အခဲတွေကို အံကြိတ်ဖြေရှင်းတိုင်း ဒါဟာသန်းခေါင်ယံလို့ စိတ်ထဲ သွင်းထားရင်း သန်းခေါင်ထက် မနက်မယ့်ညကို တွန်းလှန်နိုင်ခဲ့ပါတယ်။ ချစ်ခြင်းတရားကို သုံးတတ်ရင်ဆေးဖြစ်အောင်၊ ခိုင်မာခြင်းကို သုံးတတ်ရင် သတ်တိဖြစ်အောင်၊ ယုံကြည်ချက်ကို သုံးတတ်ရင် ဇွဲဖြစ်အောင် ကိုယ်တိုင်သာ ကျင့်ကြံရရှိနိုင်ပါတယ်။ ဘ၀လမ်းတလျှောက် ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့ အဓိက ဘာလဲ သိနိုင်တဲ့ ဥာဏ်စွမ်းကို ကိုယ်တိုင်သာ ရှာဖွေနိုင်ပါတယ်။

လက်ရှိကတော့ အဓိကနဲ့ သာမညကို ခွဲခြားနိုင်တဲ့အတွက် အခုလို ရပ်တည်နိုင်သေးတယ်လို့ ကိုယ့်ကိုယ်ကို သုံးသပ်မိပါတယ်။ 

လာမယ့် ၂၀၁၃ မှာ စိတ်ထဲ ရှိတိုင်း ကူညီနိုင်သူဖြစ်ချင်တဲ့ ဆန္ဒပြည့်ဝချင် ပါတယ်။ ဖြစ်ခဲ့သမျှတွေအတွက် နောင်တမရသလို ဖြစ်လာမယ့်အရာတွေကိုလဲ နောင်တမရ ရလေအောင် ကြိုးစားပါ့မယ်။ ဘ၀မှာ ကြုံရဆုံရတဲ့ မိတ်ဆွေရဲဘော်ရဲဘက်သူငယ်ချင်းအပေါင်း ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒပြည့်ဝကြပါစေ။ 

၂၀၁၂ ကို အဆိုးအကောင်းကြားကပဲ ရှင်သန်ဖြတ်ကျော်နိုင်ခဲ့ပါပြီ။ ဂွတ်ဘိုင် ၂၀၁၂။

လာမယ့် ၂၀၁၃ ကိုလဲ အပြုံးနဲ့နွေးနွေးထွေးထွေး ဆီးကြိုခွင့်ပြုပါ ချစ်သော နှစ်သုံညတစ်သုံးရှင့်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

7 comments:

သီရိရတနာ said...

" ၂၀၁၂ ကို အဆိုးအကောင်းကြားကပဲ ရှင်သန်ဖြတ်ကျော်နိုင်ခဲ့ပါပြီ။ ဂွတ်ဘိုင် ၂၀၁၂။

လာမယ့် ၂၀၁၃ ကိုလဲ အပြုံးနဲ့နွေးနွေးထွေးထွေး ဆီးကြိုခွင့်ပြုပါ ချစ်သော နှစ်သုံညတစ်သုံးရှင့်။ "


မခင်မင်းဇော် ....

မင်္ဂလာရှိသော နှစ်သစ်ပါ မ' ရေ ...

Happy New Year 2013!

ခင်မင်းဇော် said...

ညီမရေ.. အမဘလော့ကို လာဖတ်ပြီး ခုလို နှစ်သစ်မှာ ပထမဆုံး လာမန့်သွားတော့ အံ့သြ၀မ်းသာသွားတယ်။ ကျေးဇူးလဲ တင်ပါတယ်။ ညီမဘလော့ကို အမအမြဲဖတ်နေတာ။ တခါမှတော့ မမန့်ဖြစ်ဘူး။ မင်္ဂလာရှိသော နှစ်သစ်ပါညီမရေ။

pandora said...

ပျော်ရွှင်အေးချမ်း ဘေးမသန်းသော နှစ်သစ် ၂၀၁၃ ဖြစ်ပါစေ



ပန်ဒိုရာ

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ နှစ်သစ်ကလေးကို ပိုင်ဆိုင်နိုင်ပါစေရှင်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

mstint said...

အကောင်းအဆိုး အကြောင်းအကျိုးတွေဟာ နေရာတိုင်းမှာ ဒွန်တွဲနေတယ် ကြည်ကြည်ရေ။ လူသားတို့ရဲ့ ဆန္ဒနဲ့ဘဝ ကိုက်ညီမှု မရှိတာလည်း လောကဓံပဲထင်ပါရဲ့။
နှစ်သစ်နဲ့အတူ စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခင်မင်းဇော် said...

ပန်ပန် ညီမလေး မြတ်ပန်းနွယ် နဲ့ တီတင့် မင်္ဂလာပါနော်။

မိုးလုံးပြည့်မုသာဝါဒ said...

ဒီနေ့ပြည်သူလူထုမလွတ်မြောက်သေးတဲ့လွတ်လပ်ရေးနေ့
လေ။
မခင်မင်းဇော်ပြည်သူလူထုမလွတ်မြောက်သေးလို့ဆက်ကူ
ညီပါအုံးtalk2dvbပြန်ထုတ်လွင်ပေးပါ။
အချိန်တိုင်းနေ့တိုင်းကူညီကြပါ