Monday, January 21, 2013

ဘ၀ဆိုတဲ့ ရှင်သန်ရာ


ကိုးလ သမီးမှာ အဖိုးအဖွားဆီအပို့ခံရပြီး အသက် ၃ နှစ်ကျော်မှ မိဘနဲ့ ပြန်နေရတဲ့ ကလေးဘ၀ကို ဖြတ်သန်းခဲ့ရသူ ကျမအတွက်တော့ မိဘဆိုတာ သူစိမ်းဆန်ဆန်ပါပဲ။ ပြန်ရောက်ပြီး သိပ်မကြာခင်ပဲ လိုက်ပို့တဲ့ အဒေါ်ပြန်တော့မှာမို့ မူကြိုကျောင်းကို ပို့ခံရတဲ့ ငယ်ဘ၀ အသက် ၃နှစ်ကျော်က အဖြစ်အပျက်ကို ကျမက ခုချိန်ထိ မှတ်မိနေသေးတာကလဲ မကောင်းဘူး ထင်ပါတယ်။
ကျောင်းကြီးကအကြီးကြီး ကိုယ့်အရွယ်ကလေးတွေ အိပ်သူအိပ် ဆော့သူဆော့နေတဲ့ အချိန်မှာ ကိုယ်က အဲဒီကျောင်းကို ရောက်သွားတော့ မနေခဲ့ချင်ဘူး။ လိုက်ပို့တဲ့အဒေါ်ရဲ့ လက်ကို အတင်းဆွဲပြီး အာပြဲနဲ့ အော်ငိုခဲ့တယ်။ အမေ့သူငယ်ချင်းဆိုတဲ့ ဆရာမက အတင်းပွေ့ချီခေါ်တဲ့အခါ အင်မတန်အကိုက်သန်တဲ့ ကိုယ်က မလွှတ်တမ်း ကိုက်ခဲခဲ့တာကိုလဲ ခုချိန်ထိ မှတ်မိနေသေးတယ်။ ကျမ နှာခေါင်းကို ပိတ်လိုက်ချိန် ပါးစပ်ဟအော်ဟစ်ငိုနေတဲ့ ကျမရဲ့ အဲဒီအချိန်လေးဟာ ဘ၀မှာ တယောက်တည်း ကျန်ခဲ့ရမှာ အားအငယ်ဆုံး အချိန်လဲ ဖြစ်သလို နောက်ပိုင်း ကြုံတွေ့ရတဲ့ ၀မ်းနည်းအားငယ်ခြင်းတွေကို ကြုံရတိုင်း ပြန်လည်သတိရ စိတ်တင်းရတဲ့ အဖြစ်အပျက်လဲ ဖြစ်ခဲ့ပါတယ်။

အဲဒီကတည်းက ကျောင်းကို ညာခေါ်ပြီးထားခဲ့ခံရတဲ့ အဖြစ်အပျက်ကြောင့် အားလုံးကိုမယုံကြည်ခဲ့တာ ကြီးလာတဲ့အထိများလားပဲ။ အကြီးဆုံး ကျမဟာ အိမ်မှာ အရာရာ ကန့်လန့်တိုက်တတ်တယ်။ ထုံပေပေ နိုင်တယ် ဆိုတဲ့ စကားကိုလဲ မကြာခဏ အပြောခံရသလို အင်မတန် စိတ်ကြီးတဲ့အမေဖြစ်သူရဲ့ ရိုက်နှက်ခြင်းကိုလဲတခြားမောင်နှမတွေထက် ပိုခံစားခဲ့ရပါတယ်။ တခါတလေ ထမင်းစားနေရင်း ငါမွေးစားသမီးများလားလို့ တွေးမိပြီး မျက်ရည်ကျခဲ့ရတဲ့ ငယ်ဘ၀လဲ ရှိခဲ့တယ်။ ဒီတော့ ကျမ စိတ်ထဲ အမေဆိုတာ ချစ်စရာမဟုတ်ဘူးလို့ အရိုးစွဲခဲ့လေသပေါ့။
အသက်တွေ ကြီး ကြီး လာခဲ့ပေမယ့်လဲ ကျမနဲ့ အမေက စကား ၃ ခွန်းပြောရင် ၂ ခွန်းလောက်မှာတင်ပဲ ငြင်းခုန်ရတယ်ဆိုတော့ အိမ်မှာ တဖြည်းဖြည်း စကားနည်းလာခဲ့တယ်လေ။ သူများတွေပြောတဲ့ မိခင်ရဲ့ အချစ်တို့ ဘာတို့ ကြားရဖတ်ရရင်လဲ ယုံကို မယုံတတ်တော့ဘူး။
ကိုယ်မကြိုက်တဲ့ အမေ့ဆီက အကျင့်တွေကို ငါကြီးလာရင်ဘယ်တော့မှ မလုပ်ဖူးလို့ ဆုံးဖြတ်ပြီး ကျင့်သုံးခဲ့တာလဲ အခုအရွယ်ထိပါပဲ။ အိမ်ထောင်ကျတော့လဲ ကျမရွေးချယ်မှုကို မနှစ်သက်တဲ့ အမေက ကျမ ၀တ်ထားသမျှလက်ဝတ်ရတနာတွေ လာချွတ်ယူတော့လဲ အံသြနာကျင်ရင်းနဲ့ အကုန်ချွတ်ပေးလိုက်ခဲ့တာပဲ။ ဒါပေမယ့် ကျမ ညီမ မင်္ဂလာဆောင်တော့ ထည့်ပေးတဲ့ လက်ဝတ်ရတနာတွေ မြင်တော့ သမီးချင်း တူတူ ဆိုတဲ့ ဆူးတချောင်းက ထပ်စိုက်လာခဲ့ပြန်ရော ။ရင်ထဲက ဆူးတွေက ဘယ်လိုမှ နှုတ်မရပဲ များသထက် များ များလာတာကတော့ ကျမ ကုသိုလ်ပဲ ထင်ပါရဲ့။
မိဘကို ကလန်ကဆန်လုပ်တဲ့ သမီး၊ မိဘကို အမြဲ ဆန့်ကျင်တဲ့ သမီး ဘယ်တော့မှ မကောင်းစားဘူး ဆိုတဲ့ စကားကို တရံမလပ်ကြားနေရရင်း ဘ၀ရေဆန်ကို ဆန်တက်နေခဲ့ရတာလဲ ခုချိန်ထိပါပဲ။
ဒီလိုနဲ့ ဘလော့ရေးဖြစ်ခဲ့ ... ဒါပေမယ့်လဲ ရင်ထဲက တကယ်ရေးချင်တာတွေတော့ မရေးဖြစ်ခဲ့ပါဘူး။ အစဉ်အလာတွေကို ကျမ မကျော်ဖြတ်နိုင်ခဲ့ဘူး။ အချစ်ခံသမီးတွေရဲ့ အမေတမ်းချင်းတွေ ဖတ်ရင်း တိတ်တဆိတ်ကြေကွဲခဲ့ရ။
တခြားဘလော့တွေလည်ရင်း ဘလော့ တချို့ကို မှတ်မှတ်ရရရှိခဲ့တယ်။ တယောက်ကတော့ ဘလော့ရေးထားတဲ့ အတိုင်းဆိုရင် သူက စကားမပြောတတ်သူ။ သူ့အဖေက ကွယ်လွန်ပြီးသူ။ ဘလော့နာမည်က အေးချမ်းသူ လားသိုးကလေးလား မမှတ်မိတော့ဘူး။ သူ့ဘလော့လေးကရှာလဲ မတွေ့တော့ဘူး။ ဘယ်သူမှန်းမသိပဲ တိတ်တိတ်လေး ဖတ်ပြီး ပျောက်သွားတော့လဲ တိတ်တိတ်ကလေး လွမ်းခဲ့ရသူပေါ့။
နောက်တယော က်က မယ်ကိုး ဆိုတဲ့ဘလော့လေး။ ကျမ စဖတ်မိတဲ့ပို့စ်က အဖေ့ဓါတ်ပုံလေး ကြည့်တဲ့အကြောင်း ပို့စ် တိုတိုလေးပါ။ ဒါပေမယ့် ဘာဖြစ်တယ်မသိဘူး။ စိတ်ထဲတော်တော်ထိခဲ့တယ်။
အဲဒီနောက်တော့ ငါးပုံပြင် နောက်ပိုင်းတွေမှာ သူ့ရဲ့ ကျမ ချစ်သော စီးရီး ပို့စ်တွေကို ကြိုက်ဖြစ်ခဲ့တယ်။
အခုစာအုပ်ထုတ်တဲ့ အသင်နားလည်ရန် မလိုအပ်သော မိန်းမ။ ချစ်ခြင်းငှာ မထိုက်တန်သော မိန်းမ စသဖြင့် ပို့စ်တွေ ဖတ်ရင်း စိတ်ထဲ ရင်းနှီးမိ။ အပြင်မှာတော့ ကျမက ကောမန့်တောင် ရေးဖြစ်ခဲ့တာ မဟုတ်သူ။
နောက်ပိုင်း ဖေ့ဘွတ်သုံးကြတော့လဲ ဖရန့်တွေ ဖြစ်ခဲ့ကြ။ သူ့ နုတ်စ်တွေကို တိုးတိုးတိတ်တိတ်သွားဖတ်ခဲ့။ ကျမကကောမန့်တော့ ရေးခဲပါတယ်လေ။ စိတ်ထဲကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ စာလေးတွေ ဖတ်နေကျမို့ မကြာခဏ အလည်ရောက် ဖတ်။ အမေနဲ့ ပတ်သက်တဲ့ ခံစားချက်ချင်း ဆင်တူတာတွေတွေ့ ဒါပေမယ့် ကျမက သူ့လို ချမရေးရဲခဲ့။
ဒီလိုနဲ့ မယ့်ကိုးလို့ သူက နာမည်ထပ်ပြောင်းပြီး အသင်နားမလည်နိုင်သော မိန်းမတယောက် ဆိုတဲ့ စာအုပ်လေးတအုပ် ထုတ်ဝေလို့။ အမေနဲ့ ပတ်သက်တဲ့ ခံစားချက်ချင်းဆင်တူ ရှိခဲ့တယ်လို့ ကျမရဲ့ မှတ်ချက်လေး တခုကြောင့် သူက စာအုပ်လှမ်းပို့ပေးခဲ့တယ်။

သူ့ စာအုပ်ထဲက ဇာတ်ကောင်ဟာ ကျမဖြစ်လာလိုက် မယ်ကိုးလို့ ထင်လိုက် ။စာအုပ်ကို လက်ကမချတမ်း ထိုင်ဖတ်နေရင်း သူ တပိုင်းစီရေးသွားဖူးတဲ့ ပို့စ်တွေကို ပြန်မြင်လိုက်။ အဲဒီထဲက ကောမန့်တွေကို ပြန်သတိရလိုက်။
ကျမကတော့ အဲဒီထဲက ကောင်မလေး နဲ့ မတူတာတွေလဲ ရှိသပေါ့။ ကွဲပြားခြားနားတဲ့ဘ၀တွေမှာလဲ ဆင်တူတဲ့ အဖြစ်အပျက်ခံစားချက်တွေ ရှိတတ်တာပဲ ဆိုတာ တွေ့လာရ။ ကောင်မလေးကို အားတင်းထားဖို့ ၀င်လဲပြောချင်မိရဲ့။ အဲဒီအချိန်မှာပဲ သူ့ကို သူငယ်ချင်းတွေရှေ့မှာ ဆဲဆိုလိုက်လို့ အင်မတန် အရှက်ရသွားတဲ့ သမီးတယောက်က အမေတွေဟာ ဒီလိုပဲလားလို့ ခဏခဏပြောတတ်တဲ့ ကျမသူငယ်ချင်းကိုလဲ သတိရမိသွားရဲ့။

 ကိုယ့်သမီးကို ချစ်ခင်ပြဖို့ မေ့လျော့နေတာလား လို့လဲ ဇာတ်ကောင် ကောင်မလေးရဲ့အမေကိုလဲ သွားမေးချင်မိသေးရဲ့။ နှစ်သိမ့်ဆွေးနွေးသူကို မသိရကောင်းလားလို့ ကျမက ရန်တွေ့ချင်လာရဲ့။ ကျမကတော့ မခံချင်စိတ်တွေ မွေးခဲ့ပြီး ဘ၀ကို ဆက်လက်ရှင်သန်ခဲ့သူမို့ စာအုပ်ထဲက ကောင်မလေးလို အသေသတ်မယ့် အစာအိမ်ကင်ဆာကိုလဲ မုန်းမိသေးရဲ့။ အစာအိမ် ကင်ဆာသာ မရှိရင် သူဒီလမ်းကို ရွေးမယ်မထင်ဘူးလို့လဲ ကိုယ့်ဘာသာ ပြန်လည် နှစ်သိမ့်မိ။
ဒီစာအုပ်ခပ်ပါးပါးလေးက ကျမကို ဆွဲယူမွှေ့ယမ်း။ ၀မ်းနည်းအားငယ်ခြင်း၊ နှစ်သိမ့်ပေးလိုခြင်း ၊ သတိရတမ်းတခြင်း ၊တိုးတိတ်ကြေကွဲခြင်းတွေနဲ့ ကျမတယောက်တည်း ဗျာများခဲ့ရ။
ငယ်ဘ၀က ဒဏ်ရာဆူးတွေဟာ အချိန်ကာလကုစားမှုနဲ့ ပျောက်ဆုံးမသွားခဲ့ပါလားလို့လဲ အထိတ်တလန့်ဖြစ်မိရဲ့။ လောကကြီးမှာ လိုချင်တာ ရဖို့ ပေးဆပ်ရတာ ဆိုပေမယ့် ပေးဆပ်နေရင်း လိုတာမရခဲ့တဲ့ ဘ၀တွေလဲ ရှိနေတဲ့အဖြစ်ကို ထပ်တူခံစား ကျမ နားလည်ခဲ့။
ဒါဟာ စာရေးခြင်းအတတ်ပညာလား။ ခံစားတတ်မှုလား။ ကိုယ်တိုင်ခံစားခဲ့ရမှုတွေကြောင့်လား။ ဘာဆိုဘာမှ မကွယ်ဝှက်ပဲ အဲလိုချရေးပစ်ချင်တာတွေလဲ တစိမ့်စိမ့်ပေါ်ပေါက်လို့။
ကျမကိုလဲ ခုချိန်ထိ နားမလည်နိုင်သော နားမလည်သေးသော အချစ်များစွာ ရှိနေပါသည်။
မည်သို့ပင်ဆိုစေ ... မယ့်ကိုးရဲ့ အသင်နားမလည်နိုင်သော မိန်းမတယောက်သည် ကိုယ်တိုင်သာ ဖြစ်နေပေတော့သည်။
....

ဒါပေမယ့်လဲ ကျမက ဆူးတွေနဲ့ ဘ၀ကို စွန့်မပစ်ရဲ ခင်တွယ်မိုက်မဲနေဆဲပါ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

11 comments:

မယ့်ကိုး said...

ဘဝမှာ ရှင်သန်ရပ်တည်ဖို့ နားလည်မှုဆိုတဲ့ စကားလုံး မယ့်အတွက် တကယ်လိုအပ်ပါတယ်။ ကျေးဇူးများစွာပါ မမ <3

ကိုကိုးအိမ်(မန္တလေး) said...

အမခင်မင်းဇော်ရေ.... ကျွန်တော့်အသက် တစ်နှစ်ခွဲမှာ မိဘတွေနဲ့အတူမနေဘဲ ဘိုးဘွားတွေဆီ ပို့ခံခဲ့ရတာ ၁၆ နှစ်သားထိပါပဲ..... အရွယ်မကွာတဲံ ဦးလေးအဒေါ်တွေရဲ့ အနိုင်ကျင့်မှူ့အမျိုးမျိုး ကြောင့်... ကျွန်တော့်စိတ်တွေ ကြောက်ဖို့ကောင်းလောက်အောင် အေးစက်တတ်ခဲ့တယ်... ကျွန်တော့်ကိုခန့်မှန်းလို့မရလောက်အောင် သွေးအေးခဲ့ရတယ်...... ခုချိန်ထိလည်း အဖေအမေနဲ့တူတူမနေရသေးပါဘူး..... ဒါပေမယ့် အဖေဆိုတာကို ကျွန်တော်ကြောက်တယ်...... ကျွန်တော့်ကိုမချစ်ဘူးလို့လဲခံစားရတယ်...... ကျန်တာတွေကတော့ မပြောတော့ပါဘူးလေ...

ခင်မင်စွာဖြင့်
ကိုကိုးအိမ်(မန္တလေး)

တမာတောမြေ said...

ရှစ်တန်းကျောင်းသားဘဝ စာမေးပွဲဖြေခါနီး အမေက ငါ့အိမ်မှာ မနေနဲ့ ဆိုလို့ အိမ်ကဆင်းလာတာ ယနေ့အထိပါပဲ... ဖြစ်သလိုနေ အဆင်ပြေသလို နေရင်း ဘဝကို ဆက်လက်ချီတက်လာခဲ့တာ အတော်ကြာပါပြီ.. အခုတော့ အမေက သူ့သားကို နားလည်ပါတယ်.. (အင်မတန် စိတ်ကြီးတဲ့ကောင်).. ဒါပေမယ့် အမေစိတ်ဆင်းရဲအောင် ကျွန်တော် ဘာမှ မလုပ်ပါဘူး.... အမေ့ရှေ့မှာ ဒီနေ့အထိ ဆေးလိပ်တောင်မသောက်ပါဘူး...တတ်နိုင်သမျှ ပြုစု လုပ်ကျွေးနေဆဲပါ..အမှန်ပြောရရင် ကျွန်တော်က အမေ့ကို သနားတာပါ..သည်လိုပါပဲလေ... အဆင်ပြေသလို ကြည့်လုပ်ရတာပေါ့...

tg.nwai said...

ဆူးစူးဖူးတဲ့ သူတွေပေါ့ အစ်မရယ်...သားသမီးချင်း အတူတူချစ်တယ်ဆိုတာကို ငယ်ငယ်ကတည်းက အယုံအကြည်မရှိခဲ့ဘူး...ငယ်ငယ်က မိဘတွေ အချစ်ခံရဖို့ စကား နားထောင်ရင်း လိမ္မာခဲ့ပါတယ်...ကြီးလာတော့ ငယ်ငယ်က သိမ်းထားခဲ့တဲ့ စကားတွေက အလိုလို ထွက်လာခဲ့တော့ ကြီးမိုက်လို့ အပြောခံရတယ်။ နောက်တော့လည်း ရေစက်ဆိုတာတွေကို ယုံလာတယ်....ဘယ်သူ့ ဘယ်သူမှ အပြစ်မတင်တော့ပါဘူး...နောက်တော့ ဒီ့ထက်ပိုပြီး ကျော်ကြည့်လာမိတယ်...သူတို့ကိုယ်တိုင်က ငယ်ငယ်ထဲက စိတ်ဒဏ်ရာတွေ ရခဲ့တာပဲဆိုတာ နားလည်လိုက်တော့ ကိုယ့်ဆူးတွေကို နောက်ထပ် ကိုယ့်သားသမီးတွေကို လက်ဆင့်မကမ်းချင်တော့ဘူး အစ်မရယ်..။

Anonymous said...

အဲဒီ ခံစားချက်တွေကို ညီမလည်း နားလည်ပါတယ် အစ်မ။

သက်ဝေ said...

မျှော်လင့်မထားတဲ့ အမရဲ့ ပိုစ့်ကို ဖတ်ပြီး အချိန်တော်တော်ကြာအောင် ငြိမ်သွားတယ်... ဘာပြောရမှန်းမသိလို့ တိတ်တိတ်ပဲ ပြန်လာခဲ့ပါတယ်... <3

ခင်မင်းဇော် said...

မယ်ကိုး။ ကိုကိုးအိမ်။ ကိုငါးကြော်။ သိဂီ င်္။ ဇာခြည်နဲ့ သက်ဝေ တို့ရေ။ ဘ၀ ဆိုတာ ဒီလိုပါပဲနော်။ အချိန်ပေးပြီး ဖတ်သွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
အခု လက်ရှိမှာတော့ အမ အဖေ ဆေးရုံတက်နေရတယ်။ အစာမြိုတဲ့ ပြွန်က သွေးကြောပေါက်လို့ တဲ့။ သွေးတိတ်ဆေးဖြုတ်တာနဲ့ သွေးပြန်အန်လို့ ဒီနေ့ပဲ ရန်ကုန်ကို တက်သွားတယ်လို့ သိရတယ်။ ဆုတောင်းပေးကြပါဦးနော်။
ချစ်တဲ့ အမ ခင်မင်းဇော်

ကြည်ဖြူပိုင် said...

မခင်မင်းဇော်ဖေဖေ သက်သာပါစေလို့ဆုတောင်းပါတယ်။ ဒီစာလေးကိုဖတ်ပြီးတော့လည်း တခုခုခံစားသွားရမိတယ်

ကြည်ဖြူပိုင် said...
This comment has been removed by the author.
Anonymous said...

မခင်မင်းဇော်
မွေးနေ့ချင်းသိပ်မကွာလို့ အသက်ချင်းလဲသိပ်ကွာမယ် မထင်ပါဘူး.
မခင်မင်းဇော်ပို့စ်တွေကျမဖတ်ဖူးပါတယ်.
သားလေးတယောက်ရှိတယ်လို့လဲ အကြမ်းဖျင်းသိထားပါ တယ်.
ဘ၀ဆိုတာတိုတိုလေးပါ မခင်မင်းဇော်
မိဘပြုသမျှကို ဆူးရယ်လို့ မမှတ်ပါနဲ့

Anonymous said...

ငါ့ကံတော်တော်ဆိုးတာပဲလို့လဲ မမှတ်ပါနဲ့..အဲလိုမှတ်ရင်
ငါ့သားကိုရော သူ့စိတ်ကြိုက်ဖြစ်အောင် ငါလုပ်ပေးနိုင်ပါ့ မလားလို့တွေးပြီး မတိုးတက်တဲ့ခေတ်မှာ လူဖြစ်လာရတဲ့ မိဘတွေကို နားလည်ပေးစေချင်ပါတယ်.
ကျေးဇူးပါနော်